-
မိတ်ဆွေတုနိုးလော့!—၂၀၁၀ | မေ
-
-
မိတ်ဆွေတု
သင့်လူငယ်ဘ၀တွင် “မိတ်ဆွေ” တစ်ဦးနှင့်ဆုံတွေ့ခဲ့သည်။ ထိုမိတ်ဆွေသည် သင့်ကို ပိုမိုရင့်ကျက်လာစေပုံရပြီး သင့်ရွယ်တူချင်းများကြားတွင် ဝင်ဆံ့အောင်ကူညီပေးခဲ့ပုံရသည်။ သင်ဖိစီးမှုခံရချိန်တွင် အတော်အတန် “သက်သာရာ” ရဖို့ သူ့ထံအမြဲသွားနိုင်သည်။ အမှန်မှာ သင်သည် အခြေအနေများစွာတွင် သူ့အပေါ် မှီခိုအားထားလာရသည်။
အချိန်တန်သော် ထိုမိတ်ဆွေ၏ဉာဉ်ဆိုးများကို သင်သိရှိလာသည်။ သူ့ကိုကြိုဆိုခြင်းမရှိသည့်နေရာအချို့တွင်ပင် သင့်ကို အချိန်တိုင်း သူနှင့်အတူရှိဖို့တောင်းဆိုသည်။ ထို့ပြင် သူသည် သင့်ကို ပို၍ရင့်ကျက်လာသည်ဟု ခံစားစေသော်လည်း ယင်းသို့ဖြစ်ရန် သင့်ကျန်းမာရေးကို ထိခိုက်စေခဲ့သည်။ ထိုအရာများအပြင် သူသည် သင့်လစာတချို့ကို ခိုးယူခဲ့သည်။
မကြာသေးမီက သင်သည် သူနှင့်ဆက်ဆံရေးကိုအဆုံးသတ်ဖို့ကြိုးစားခဲ့သော်လည်း သူခွင့်မပြုပါ။ တစ်နည်းပြောရလျှင် သူသည် သင့်သခင်ဖြစ်လာသည်။ သူနှင့်တွေ့ဆုံခဲ့သည်ကိုပင် သင်နောင်တရသည်။
ယင်းသည် ဆေးလိပ်သောက်သူများစွာနှင့် စီးကရက်အကြားရှိဆက်ဆံရေးဖြစ်သည်။ အာလင်းအမည်ရှိအမျိုးသမီးတစ်ဦးသည် နှစ်ပေါင်း ၅၀ ကြာဆေးလိပ်သောက်ပြီးနောက် ဤသို့ပြန်ပြောပြသည်– “စီးကရက်ဟာ ကိုယ့်ဘေးနားမှာရှိတဲ့လူတစ်ယောက်ထက် ကျွန်မကိုအကူအညီပေးနိုင်တယ်။ မိတ်ဆွေဟောင်းတစ်ယောက်ထက်ပိုတယ်၊ တခါတလေ စီးကရက်က ကျွန်မရဲ့တစ်ဦးတည်းသောမိတ်ဆွေပဲ။” သို့သော် အာလင်းသဘောပေါက်လာခဲ့သည့်အတိုင်း စီးကရက်သည် မိတ်ဆွေတုဖြစ်ရုံမက ရက်စက်သူတစ်ဦးလည်းဖြစ်သည်။ အမှန်တွင်၊ အဖွင့်စကားများသည် အာလင်းအခြေအနေအကြောင်း ရေးသားထားခြင်းဖြစ်နိုင်သည်၊ သို့သော် ခြားနားချက်တစ်ခုရှိသည်။ ဆေးလိပ်သောက်ခြင်းသည် ဘုရားသခင်ပေးကိုယ်ခန္ဓာကို ညစ်ညူးစေသောကြောင့် ယင်းသည် ကိုယ်တော့်အမြင်တွင်ဆိုးဝါးကြောင်း သူသိရှိသောအခါ ယင်းအကျင့်ကို ဖြတ်လိုက်သည်။—၂ ကောရိန္သု ၇:၁။
ဖရန့်အမည်ရှိသောအမျိုးသားတစ်ဦးသည်လည်း ဘုရားသခင်ကိုရွှင်လန်းစေဖို့ ဆေးလိပ်ဖြတ်ရန်ဆုံးဖြတ်ခဲ့သည်။ သို့သော် သူနောက်ဆုံးဆေးလိပ်သောက်သည့်တစ်ရက်၌ ကြမ်းပြင်ကြားမှကျသွားသော သောက်ပြီးသားစီးကရက်တစ်ပိုင်းကို သူ့အိမ်အောက်တွင် တွားသွား၍ရှာဖွေခဲ့သည်။ “အဲဒီအချိန်မှာပဲ ကျွန်တော်ဆုံးဖြတ်ချက်ချခဲ့တယ်။ သောက်ပြီးသားစီးကရက်တစ်ပိုင်းအတွက် အညစ်အကြေးတွေကြားထဲ လေးဖက်ထောက်ပြီးရှာဖွေနေရတာကို ကျွန်တော်စိတ်ပျက်ခဲ့တယ်။ ကျွန်တော် ဘယ်တော့မှ ဆေးလိပ်မသောက်တော့ဘူး” ဟုဖရန့်ပြောခဲ့သည်။
ဆေးလိပ်ဖြတ်ရန် အဘယ်ကြောင့် ဤမျှလောက်ခက်ရသနည်း။ အကြောင်းရင်းများစွာကို သုတေသီများ ရှာဖွေတွေ့ရှိခဲ့သည်– (၁) ဆေးရွက်ကြီး၏ထုတ်ကုန်များသည် တရားမဝင်မူးယစ်ဆေးဝါးများနည်းတူ စွဲစေနိုင်သည်။ (၂) ရှူသွင်းလိုက်သည့် နီကိုတင်းသည် ဦးနှောက်တွင်းသို့ ခုနစ်စက္ကန့်အတွင်း ရောက်ရှိသွားနိုင်သည်။ (၃) ဆေးလိပ်သောက်ခြင်းသည် စားသောက်၊ စကားလက်ဆုံပြောခြင်း၊ ဖိစီးမှုမှသက်သာရာရခြင်း အစရှိသည့် ပုံမှန်လုပ်ဆောင်ရာများနှင့် ဆက်နွယ်နေသည့် လူတစ်ဦး၏ဘ၀၌ အရေးကြီးသည့်ကဏ္ဍတစ်ခုဖြစ်လေ့ရှိသည်။
သို့တိုင်၊ အာလင်းနှင့် ဖရန့်တို့ဖော်ပြခဲ့သည့်အတိုင်း ယင်းဘေးရောက်စေသည့်စွဲခြင်းမှဖြတ်ရန် ဖြစ်နိုင်ပါသည်။ သင်သည် ဆေးလိပ်သောက်နေပြီး ဖြတ်လိုပါက နောက်ဆောင်းပါးများကိုဖတ်ရှုခြင်းသည် ဘဝလမ်းစဉ်သစ်တစ်ခုကို ကောင်းစွာစတင်ခြင်းဖြစ်ပေမည်။
-
-
သင့်စိတ်လှုံ့ဆော်မှုကို ပြင်းပြစေပါနိုးလော့!—၂၀၁၀ | မေ
-
-
သင့်စိတ်လှုံ့ဆော်မှုကို ပြင်းပြစေပါ
“ဆေးလိပ်ကို အောင်မြင်စွာဖြတ်နိုင်သူများ၏ အရေးအကြီးဆုံး အမှတ်လက္ခဏာတစ်ခုမှာ ဆေးလိပ်ဖြတ်ချိန်တစ်လျှောက် ခိုင်မာသည့်သန္နိဋ္ဌာန်တစ်ခုရှိခြင်းဖြစ်သည်။”—“ယခုဆေးလိပ်ဖြတ်ပါ!”
ရိုးရိုးလေးပြောရလျှင် ဆေးလိပ်ဖြတ်လိုပါက အနည်းဆုံး ပြင်းပြသည့်စိတ်လှုံ့ဆော်မှုရှိသင့်သည်။ သင့်စိတ်လှုံ့ဆော်မှုကို မည်သို့ပြင်းပြစေနိုင်သနည်း။ တစ်နည်းမှာ ဆေးလိပ်ဖြတ်လိုက်ပါက သင်မည်မျှပို၍ကောင်းလာမည်ကို စဉ်းစားခြင်းဖြစ်သည်။
ငွေစုဆောင်းမိလိမ့်မည်။ တစ်နေ့တစ်ဘူးသောက်သည့်အကျင့်သည် တစ်နှစ်လျှင် ငွေများစွာကုန်ကျနိုင်သည်။ “ဆေးလိပ်အတွက် ငွေဘယ်လောက်ဖြုန်းခဲ့သလဲဆိုတာ ကျွန်မ,မသိခဲ့ဘူး။”—ရာနူး၊ နီပေါလ်။
ပို၍ပျော်ရွှင်လာလိမ့်မည်။ “ကျွန်မဆေးလိပ်ဖြတ်လိုက်တဲ့အခါ ဘ၀သစ်စတင်လိုက်သလိုဖြစ်ပြီး ကောင်းသည်ထက်ကောင်းလာတယ်။” (ရီဂျင်နာ၊ တောင်အာဖရိက) လူတို့သည် ဆေးလိပ်ဖြတ်လိုက်သောအခါ သူတို့၏ရသာရုံနှင့် နံ့သာရုံတို့ သိသိသာသာတိုးတက်လာပြီး ပို၍အားအင်ပြည့်၀လာကာ ရုပ်အသွင်အပြင် ပို၍ကောင်းလာလေ့ရှိသည်။
သင့်ကျန်းမာရေး တိုးတက်လာပေမည်။ “ဆေးလိပ်ဖြတ်လိုက်ခြင်းသည် အသက်အရွယ်မျိုးစုံရှိ အမျိုးသား၊ အမျိုးသမီးများအတွက် ချက်ချင်းဆိုသလို ကျန်းမာရေးပိုကောင်းလာစေသည်။”—အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန။
သင့်ကိုယ်သင် ယုံကြည်စိတ်ချမှု မြှင့်တက်လာမည်။ “ဆေးလိပ်ကို ကျွန်တော့်ရဲ့သခင် မဖြစ်စေလိုတဲ့အတွက် ဆေးလိပ်ဖြတ်လိုက်တယ်။ ကျွန်တော့်ကိုယ်ခန္ဓာရဲ့သခင်ဟာ ကျွန်တော်ပဲဖြစ်ချင်တယ်။”—ဟန်နင်၊ ဒိန်းမတ်။
သင့်မိသားစုနှင့် မိတ်ဆွေများအား အကျိုးဖြစ်စေမည်။ “ဆေးလိပ်သောက်ခြင်းသည် . . . သင့်ဝန်းကျင်ရှိသူတို့၏ကျန်းမာရေးကို ထိခိုက်စေသည်။ . . . ထောင်ပေါင်းများစွာသောသူတို့ အဆုတ်ကင်ဆာနှင့် နှလုံးရောဂါတို့ဖြင့် နှစ်စဉ်သေဆုံးစေရသည့်အကြောင်းရင်းမှာ ဆေးလိပ်ငွေ့များကိုရှူမိခြင်းကြောင့်ဖြစ်ကြောင်း လေ့လာမှုများကဖော်ပြသည်။”—အမေရိကန် ကင်ဆာအသင်း။
သင့်ဖန်ဆင်းရှင်ကို ရွှင်လန်းစေမည်။ ‘ချစ်ရသောသူတို့၊ ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေသောအရာရှိသမျှတို့နှင့် ကိုယ်ကိုကင်းစင်စေကြစို့။’ (၂ ကောရိန္သု ၇:၁) ‘သန့်ရှင်းသော၊ ဘုရားသခင် လက်ခံဖွယ်သော မိမိတို့၏ကိုယ်ခန္ဓာကို ဆက်သကြလော့။’—ရောမ ၁၂:၁။
“ကိုယ်ခန္ဓာကိုညစ်ညမ်းစေတဲ့အရာတွေကို ဘုရားသခင်မနှစ်သက်ကြောင်း ကျွန်မနားလည်လာတဲ့အခါ ဆေးလိပ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။”—စေးလ်ဗီယာ၊ စပိန်။
သို့သော် စိတ်လှုံ့ဆော်မှုတစ်ခုတည်းဖြင့် မလုံလောက်ပါ။ ကျွန်ုပ်တို့သည် မိသားစုနှင့် မိတ်ဆွေများအပါအဝင် အခြားသူများ၏အကူအညီကိုလည်း လိုအပ်ပေမည်။ သူတို့ ဘာလုပ်ပေးနိုင်သနည်း။
-
-
အကူအညီရှာပါနိုးလော့!—၂၀၁၀ | မေ
-
-
အကူအညီရှာပါ
“လူတစ်ယောက်သည် တစ်ယောက်ကိုနိုင်လျှင် ထိုလူကို နှစ်ယောက်ဆီးတားနိုင်၏။” —ဒေ. ၄:၁၂။
အခြားသူများ၏အားပေးထောက်မမှုကို ကျွန်ုပ်တို့ရရှိသောအခါ ရန်သူသည် မည်သူ သို့မဟုတ် မည်သည့်အရာပင်ဖြစ်ပါစေ ထိုရန်သူကိုဆန့်ကျင်ခုခံရာတွင် ပို၍အနိုင်ရနိုင်စရာအကြောင်းရှိသည်။ ထို့ကြောင့် သင်သည် ဆေးလိပ်သောက်သည့်အကျင့်ကို အနိုင်ယူလိုပါက သင့်မိသားစုနှင့် မိတ်ဆွေများ သို့မဟုတ် အမှန်တကယ်ထောက်မနိုင်ပြီး စိတ်ရှည်မည့်သူတစ်ဦးဦး၏အကူအညီကိုရှာယူခြင်းသည် ပညာရှိရာကျပေမည်။
မိမိတို့ဘာသာ ဆေးလိပ်ဖြတ်ခဲ့ကြသူတို့ကိုရှာရန်စဉ်းစားပါ၊ သူတို့သည် သင့်ကို ကိုယ်ချင်းစာပေးနိုင်ရုံသာမက အကူအညီလည်းပေးနိုင်သောကြောင့်ဖြစ်သည်။ ဒိန်းမတ်နိုင်ငံရှိခရစ်ယာန်တစ်ဦးဖြစ်သူ တော်ဘန်ကဤသို့ပြောသည်– “တခြားသူတွေရဲ့ထောက်မပေးမှုဟာ ကျွန်တော့်အတွက် တန်ဖိုးဖြတ်မရဘူး။” အိန္ဒိယတွင်နေထိုင်သူ အေဗရန်ဟမ်က ဤသို့ရေးသည်– “ကျွန်တော့်မိသားစုနဲ့ခရစ်ယာန်ချင်းတွေပြသတဲ့ စစ်မှန်တဲ့မေတ္တာက ဆေးလိပ်ဖြတ်ဖို့ အကူအညီဖြစ်စေခဲ့တယ်။” သို့သော် မိသားစုနှင့် မိတ်ဆွေများ၏ထောက်မမှုပင်လျှင် တစ်ခါတစ်ရံမလုံလောက်ပါ။
“ကျွန်တော်ဆေးလိပ်သောက်ခဲ့တာ ၂၇ နှစ်ရှိပြီ၊ ဒါပေမဲ့ မသန့်ရှင်းတဲ့အကျင့်တွေအကြောင်း ကျမ်းစာပြောရာတွေကို သင်ယူရတဲ့အတွက် ဆေးလိပ်ဖြတ်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။ ဆေးလိပ်သောက်တာလျှော့ဖို့ ကျွန်တော်ကြိုးစားခဲ့တယ်။ အရင်တုန်းကအပေါင်းအသင်းတွေနဲ့မပေါင်းတော့ဘူး။ ကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်မှုရယူတယ်။ ဒါပေမဲ့ ဘာတစ်ခုမှ အလုပ်မဖြစ်ခဲ့ဘူး။ နောက်ဆုံးတော့၊ တစ်ညမှာ ယေဟောဝါဘုရားသခင်ဆီ ရင်ဖွင့်ဆုတောင်းပြီး ဆေးလိပ်ဖြတ်နိုင်အောင်ကူညီပေးပါလို့ အသနားခံခဲ့တယ်။ အဲဒီနောက် ကျွန်တော် အောင်မြင်သွားခဲ့တယ်” ဟု ဘက်ဝန်ဒက်စ်အမည်ရှိ အမျိုးသားတစ်ဦးပြောသည်။
နောက်ထပ်ပြုလုပ်ရမည့်အရေးကြီးသည့်အရာမှာ သင်ရင်ဆိုင်ရဖွယ်ရှိသည့် အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်။ ယင်းတို့ကားအဘယ်နည်း။ နောက်ဆောင်းပါးက ရှင်းပြပါလိမ့်မည်။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]
ဆေးဝါးများကို အသုံးပြုသင့်သလော
နီကိုတင်းအစားထိုးဆေးဝါးများကဲ့သို့သော ဆေးလိပ်ဖြတ်သူများကို အကူအညီဖြစ်စေသည့်ဆေးဝါးများသည် ဒေါ်လာသန်းပေါင်းများစွာကုန်ကျသောလုပ်ငန်းစုကြီးတစ်ခုဖြစ်လာနေပြီ။ ဆေးဝါးသုံးစွဲရန် သင်မဆုံးဖြတ်မီ အောက်ပါမေးခွန်းများကို သုံးသပ်ပါ–
အကျိုးကျေးဇူးများကားအဘယ်နည်း။ ကုသနည်းများစွာသည် သုံးစွဲခြင်းကို ရပ်လိုက်သောအခါ ဖြစ်ပေါ်လာသောဖျားနာမှုများဖြစ်သည့်ဆေးပြတ်လက္ခဏာများကို လျော့နည်းစေခြင်းဖြင့် ဆေးလိပ်ဖြတ်နိုင်ရန်အကြောင်းပိုများစေသည်ဟုဆိုကြသည်။ သို့သော် ယင်းဆေးဝါးများ၏ ရေရှည်ထိရောက်မှုနှင့်ပတ်သက်၍ ငြင်းခုံမှုတချို့ရှိနေသည်။
အန္တရာယ်များကားအဘယ်နည်း။ အချို့ဆေးဝါးများသည် အော့အန်ခြင်း၊ စိတ်ကျခြင်းနှင့် ကိုယ့်ကိုယ်သတ်သေရန်ကြံစည်ခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ဖွယ်ရှိသည်။ နီကိုတင်းအစားထိုးကုသနည်းများသည် နောက်ဆေးဝါးပုံစံတစ်မျိုးပေးခြင်းသာဖြစ်ပြီး ယင်းကြောင့် ကျန်းမာရေးထိခိုက်စေကြောင်းကိုလည်း စိတ်စွဲမှတ်ထားပါ။ ထို့ကြောင့် အဖြစ်မှန်မှာ ယင်းဆေးဝါးများကိုသုံးစွဲသူသည် ဆေးစွဲသည့်အခြေအနေတွင်ရှိနေဆဲဖြစ်သည်။
အဘယ်ရွေးချယ်စရာများရှိသနည်း။ လေ့လာမှုတစ်ခုတွင် အောင်မြင်စွာဆေးလိပ်ဖြတ်နိုင်သူ ၈၈ ရာခိုင်နှုန်းသည် ဆေးဝါးအကူအညီမပါဘဲ ဆေးလိပ်ကို ချက်ချင်းဖြတ်ခဲ့ကြကြောင်းဆိုခဲ့ ကြသည်။
-
-
အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်ပါနိုးလော့!—၂၀၁၀ | မေ
-
-
အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်ပါ
“ကျွန်တော်တို့ရဲ့မွေးကင်းစကလေးကျန်းမာရေးအတွက် ဆေးလိပ် ဖြတ်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့အိမ်မှာ ‘ဆေးလိပ်မသောက်ရ’ ဆိုတဲ့စာတမ်းကို ကပ်ထားခဲ့တယ်။ တစ်နာရီလောက်ကြာတော့ နီကိုတင်းဓာတ်တောင့်တမှုဟာ ဆိုနာမီလိုပဲ တက်လာတော့တယ်၊ ပြီးတော့ စီးကရက်တစ်လိပ်ကို ကျွန်တော်မီးညှိလိုက်တော့တယ်။”—ရိုရှီမိစု၊ ဂျပန်။
ရိုရှီမိစု၏တွေ့ကြုံမှုက ဖော်ပြသည့်အတိုင်း ဆေးလိပ်ဖြတ်ချိန်တစ်လျှောက် အခက်အခဲများရှိနိုင်သည်။ ထို့ပြင် ဆေးလိပ်ပြန်သောက်မိခဲ့ကြသူ ၉၀ ရာခိုင်နှုန်းနီးပါးသည် ဆက်၍ဆေးလိပ်သောက်သွားကြကြောင်း လေ့လာမှုများက ဖော်ပြသည်။ ထို့ကြောင့် သင်သည် ဆေးလိပ်ဖြတ်ဖို့ကြိုးစားသည်ဆိုလျှင် အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်ထားပါက ပို၍အောင်မြင်စရာအကြောင်းရှိနိုင်သည်။ ပို၍ဖြစ်တတ်သောအခက်အခဲများမှာ အဘယ်နည်း။
နီကိုတင်း တောင့်တခြင်း- သင်နောက်ဆုံးဆေးလိပ်သောက်ပြီးနောက် သုံးရက်အတွင်း ယင်းသို့အများဆုံးဖြစ်လေ့ရှိပြီး နှစ်ပတ်ခန့်ကြာပြီးနောက် သက်သာသွားသည်။ ယင်းအချိန်အတောအတွင်း “နီကိုတင်းတောင့်တတဲ့စိတ်က ရေလှိုင်းလိုပဲ တက်လာလိုက် ကျသွားလိုက်ဖြစ်နေတယ်” ဟု ယခင်က ဆေးလိပ်သောက်ခဲ့သူတစ်ဦးပြောသည်။ သို့သော် နှစ်များစွာကြာပြီးနောက်၌ပင် ရုတ်တရက်ဆေးလိပ်သောက်ချင်စိတ်ပေါ်လာနိုင်သည်။ ထိုသို့ဖြစ်ပါက အလျင်စလိုဘာမှမလုပ်ပါနှင့်။ ငါးမိနစ်လောက်စောင့်ပါ၊ ယင်းနောက် သောက်ချင်စိတ်ပျောက်သွားလောက်သည်။
ဆေးပြတ်သည့်အခြားလက္ခဏာများ- အစပိုင်းတွင် နိုးနိုးကြားကြားရှိဖို့ သို့မဟုတ် အာရုံစိုက်ဖို့ခက်ခဲကြောင်းတွေ့ရှိရပြီး ကိုယ်အလေးချိန် ပို၍အလွယ်တကူတက်လာတတ်သည်။ ထို့ပြင် သူတို့သည် ကိုက်ခဲခြင်း၊ ယားယံခြင်း၊ ချွေးထွက်များခြင်း၊ ချောင်းဆိုးခြင်းတို့ကိုလည်းကြုံရနိုင်သည့်အပြင် စိတ်နေသဘောထားပြောင်းလဲခြင်းကို စိတ်မရှည်ခြင်း၊ စိတ်ဆိုးလွယ်ခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်းဖြင့်ပင် ဖော်ပြကြသည်။ သို့သော် လက္ခဏာအများစုသည် လေးပတ်မှ ခြောက်ပတ်အတွင်း လျော့နည်းသက်သာသွားသည်။
ခက်ခဲသောယင်းအချိန်အတွင်း အကူအညီဖြစ်စေမည့် သင်လုပ်ဆောင်နိုင်သော လက်တွေ့ကျအရာတချို့ရှိသည်။ ဥပမာ–
● အိပ်ချိန် ပိုပေးပါ။
● ရေ သို့မဟုတ် ဖျော်ရည် များများသောက်ပါ။ အာဟာရပြည့်၀သော အစားအစာများစားပါ။
● တော်သင့်သောလေ့ကျင့်ခန်းလုပ်ပါ။
● ခပ်ပြင်းပြင်းအသက်ရှူပါ၊ သင့်အဆုတ်တွင် လေကောင်းလေသန့်များပြည့်နေသည်ဟု မြင်ယောင်ပါ။
အစပျိုးပေးရာများ- ယင်းတို့သည် ဆေးလိပ်သောက်ချင်စိတ်ကို အစပျိုးပေးနိုင်သည့် လုပ်ဆောင်မှုများ သို့မဟုတ် ခံစားချက်များဖြစ်သည်။ ဥပမာ၊ သာမန်အားဖြင့် သင်သည် ဖျော်ရည်၊ ယမကာသောက်ချိန်တွင် စီးကရက်တစ်လိပ် ပါကောင်းပါနိုင်သည်။ ယင်းသို့ဖြစ်ပါက ဆေးလိပ်ဖြတ်ချိန်တွင် ဖျော်ရည်၊ ယမကာကို ဇိမ်ပြေနပြေမသောက်ပါနှင့်။ အချိန်တန်သော် ပို၍အေးအေးလူလူ သောက်သုံးနိုင်ပါလိမ့်မည်။
သင့်ကိုယ်ခန္ဓာတွင် နီကိုတင်းကင်းစင်ပြီးနောက်အတော်ကြာသည့်အထိ စိတ်ပိုင်းဆိုင်ရာဆက်နွှယ်မှုများ ရှိနေနိုင်သည်ဟု ဆိုကြသည်။ “ကျွန်တော်ဆေးလိပ်ဖြတ်ပြီး ဆယ့်ကိုးနှစ်ကြာပြီးနောက် ကော်ဖီသောက်နားချိန်အတွင်းမှာ ဆေးလိပ်သောက်ချင်နေတုန်းပဲ” ဟုအထက်တွင်ဖော်ပြခဲ့သည့် တော်ဘန်ကဝန်ခံသည်။ သို့သော် များသောအားဖြင့် သတ်သတ်မှတ်မှတ်လုပ်ဆောင်မှုများ လုပ်နေလျှင် ဆေးလိပ်သောက်လိုစိတ်သည် အချိန်ကြာလာသောအခါ လျော့နည်းသွားမည်ဖြစ်ပြီး ယင်းဆန္ဒ ပျောက်သွားပါလိမ့်မည်။
အရက်ယမကာနှင့်ဆိုလျှင် အခြေအနေမှာမတူပါ။ သင်သည် ဆေးလိပ်ဖြတ်ရန်ကြိုးစားနေချိန်အတွင်း အရက်နှင့် အရက်ရနိုင်သည့်နေရာများကို ရှောင်ကြဉ်ရန်လိုအပ်ပေမည်၊ အကြောင်းမှာ လူတို့သည် အရက်သောက်စဉ် ဆေးလိပ်သောက်လိုစိတ် အလွန်ဖြစ်ပေါ်လာသည့်အတွက်ဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။
● အရက်ပမာဏအနည်းငယ်ပင် နီကိုတင်းမှအရင်းခံသည့်ကြည်နူးသာယာမှုကို တိုးပွားစေသည်။
● လူမှုရေးပေါင်းသင်းချိန်၌ အရက်သောက်သုံးခြင်းသည် ဆေးလိပ်သောက်ခြင်းနှင့် အလွန်ဆက်စပ်လေ့ရှိသည်။
● အရက်သည် ပိုင်းခြားဝေဖန်နိုင်စွမ်းကိုထိခိုက်စေပြီး အရှက်အကြောက်နည်းစေသည်။ သမ္မာကျမ်းစာက ဤသို့အတိအလင်းဖော်ပြသည်– “စပျစ်ရည်သည် ဉာဏ်ကိုကင်းမဲ့စေ၏။”—ဟောရှေ ၄:၁၁၊ သမ္မာ။
အပေါင်းအသင်းများ-
● တစ်ဖွာလေးပဲ သောက်မယ်။
အဖြစ်မှန်- ဆေးလိပ်တစ်ဖွာလေးက သင့်ဦးနှောက်ထဲရှိ နီကိုတင်းအာရုံခံဆဲလ် ၅၀ ရာခိုင်နှုန်းလောက်ကို သုံးနာရီကြာသည်အထိဖြစ်ပေါ်စေနိုင်သည်။ ရလဒ်မှာ လုံးလုံးပြန်သောက်စေလေ့ရှိသည်။
● ဆေးလိပ်သောက်ခြင်းက စိတ်ဖိစီးမှုကိုဖြေရှင်းဖို့ ထောက်ကူပေးတယ်။
အဖြစ်မှန်- နီကိုတင်းသည် စိတ်ဖိစီးမှုဖြစ်စေသည့်ဟော်မုန်းဓာတ်များကို အမှန်တိုးများစေကြောင်း လေ့လာမှုများက ဖော်ပြသည်။ ဖိစီးမှုဒဏ်မှသက်သာရာရခြင်းသည် များသောအားဖြင့် ဆေးပြတ်သည့်လက္ခဏာများ ယာယီပျောက်ပျက်ခြင်းကြောင့်ဖြစ်သည်။
● ဆေးလိပ်သောက်တာကြာပြီမို့ ဖြတ်ဖို့မဖြစ်နိုင်တော့ဘူး။
အဖြစ်မှန်- အဆိုးမြင်ဝါဒသည် စိတ်ဆန္ဒကို ဖြိုဖျက်သည်။ “သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက်လျှင် အားနည်း၏။” (သု. ၂၄:၁၀) ထို့ကြောင့် အရှုံးပေးလိုစိတ်ကို ရှောင်ပါ။ ဤမဂ္ဂဇင်းတွင် ဖော်ပြသူတို့ကဲ့သို့သော အမှန်တကယ် ဆေးလိပ်ဖြတ်လိုသူများ၊ လက်တွေ့ကျမူများကို ကျင့်သုံးသူမည်သူမဆို အောင်မြင်နိုင်သည်။
● ဆေးပြတ်တဲ့လက္ခဏာတွေ ကျွန်တော်မခံနိုင်ဘူး။
အဖြစ်မှန်- ဆေးပြတ်သည့်လက္ခဏာများသည် ပြင်းထန်သည်မှာ မှန်ပါသည်၊ သို့သော် အပတ်အနည်းငယ်အတွင်း လျော့ကျသွားပါလိမ့်မည်။ ထို့ကြောင့် ကြံ့ကြံ့ခံလျက်နေပါ။ ဆေးလိပ်သောက်ချင်စိတ်သည် နောက်ပိုင်း လ၊ နှစ်များတွင် ပြန်ပေါ်လာသည်ဆိုလျှင် စီးကရက်ကို မီးမညှိပါက မိနစ်အနည်းငယ်တွင်ပင် ပပျောက်သွားဖွယ်ရှိသည်။
● ကျွန်တော့်မှာ စိတ်ရောဂါရှိတယ်။
အဖြစ်မှန်- စိတ်ကျဝေဒနာ သို့မဟုတ် စိတ်ကစဉ့်ကလျားရောဂါကဲ့သို့သော စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်မျိုးမျိုးခံစားရပါက ဆေးလိပ်ဖြတ်နိုင်ရန် အကူအညီအတွက် သင့်ဆရာဝန်ကို မေးမြန်းပါ။ သင့်ဆရာဝန်သည် သင်ဆေးလိပ်ဖြတ်ဖို့ကြိုးစားချိန်တွင် ကုသမှုနှင့်ဆေးဝါးများကို စောင့်ကြည့်ပေးခြင်း (သို့မဟုတ် စစ်ဆေးပေးခြင်း) ဖြင့် သင့်အား အစွမ်းကုန်ကူညီပေးနိုင်သည်။
● ငါပြန်သောက်မိရင် ကျရှုံးသူတစ်ဦးလို့ ခံစားရလိမ့်မယ်။
အဖြစ်မှန်- များစွာသောသူတို့ လက်လျှော့အရှုံးပေးသကဲ့သို့ သင်သည် အခက်အခဲတစ်ခုကြောင့် ခလုတ်တိုက်ချော်လဲသလိုဖြစ်သွား၍ ဆေးလိပ်ပြန်သောက်မိပါက သင့်အခြေအနေသည် မျှော်လင့်ချက်မဲ့သည်မဟုတ်ပါ။ ပြန်ကြိုးစားလိုက်ပါ။ လဲကျခြင်းသည် ကျရှုံးခြင်းမဟုတ်ပါ။ ချော်လဲရောထိုင်လိုက်ခြင်းသည် ကျရှုံးခြင်းဖြစ်သည်။ ထို့ကြောင့် ဆက်၍ကြိုးစားပါလေ။ နောက်ဆုံးတွင် သင်အောင်မြင်ပါလိမ့်မည်။
၂၆ နှစ်ကြာ ဆေးလိပ်သောက်ခဲ့ပြီး လွန်ခဲ့သောအနှစ် ၃၀ ကျော်တွင် ဆေးလိပ်ဖြတ်ပစ်ခဲ့သူ ရိုမိုလ်ဒို၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူဤသို့ရေးသည်– “ပြန်သောက်မိတဲ့အကြိမ်ပေါင်း မနည်းဘူး။ သောက်မိတိုင်း ငါဟာအရှုံးသမားကြီးပဲလို့ ခံစားမိတယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ကောင်းတဲ့ဆက်ဆံရေးရှိဖို့ ခိုင်မာစွာသန္နိဋ္ဌာန်ချပြီး အကူအညီအတွက် ကိုယ်တော့်ထံ အကြိမ်ကြိမ်ဆုတောင်းတဲ့အခါ နောက်ဆုံးမှာ ကျွန်တော် တကယ်ဆေးလိပ်ဖြတ်နိုင်ခဲ့တယ်။”
ဤအခန်းဆက်၏နောက်ဆုံးဆောင်းပါးတွင် သင်သည် ဆေးလိပ်ပြတ်သွား၍ ပျော်ရွှင်သူတစ်ဦးဖြစ်လာရန် အထောက်အကူပေးနိုင်သည့် လက်တွေ့ကျအကြံပြုချက်တချို့ကို ကျွန်ုပ်တို့သုံးသပ်ကြမည်။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
သေစေသော ယင်း၏ပုံစံအမျိုးမျိုး
ဆေးရွက်ကြီးကို နည်းအမျိုးမျိုးဖြင့် အသုံး ပြုသည်။ ဆေးရွက်ကြီးဖြင့်ပြုလုပ်သောပစ္စည်းအချို့ကို သဘာ၀အစားအစာနှင့် တိုင်းရင်းဆေးဆိုင်များတွင်ပင် ရောင်းကြသည်။ သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က “ဆေးရွက်ကြီးပုံစံအားလုံးသည် သေစေနိုင်သည်” ဟုဖော်ပြသည်။ လူတို့သည် ကင်ဆာနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါကဲ့သို့သော ဆေးရွက်ကြီးနှင့်ဆက်စပ်သည့်ရောဂါများစွာကြောင့် အသက်ဆုံးကြရသည်။ ဆေးလိပ်သောက်သောမိခင်များသည် မိမိတို့၏မမွေးသေးသောကလေးများကိုလည်း အန္တရာယ်ဖြစ်စေနိုင်သည်။ ဆေးရွက်ကြီးဖြင့်ပြုလုပ်သောပစ္စည်းများကို မည်သည့်ပုံစံများဖြင့် အသုံးပြုလေ့ရှိသနည်း။
ဘီဒစ် (Bidis)– လက်နှင့်လိပ်ထားသောဤသေးငယ်သည့်စီးကရက်များသည် အာရှ နိုင်ငံများတွင် အသုံးများသည်။ ဘီဒစ်သည် သာမန်စီးကရက်ထက် ပိုများသောဆေးချေး၊ နီကိုတင်းနှင့် ကာဗွန်မိုနောက်ဆိုက်တို့ကို များစွာထုတ်လွှတ်သည်။
ဆေးပြင်းလိပ်- ယင်းတို့သည် ဆေးရွက်ကြီး၏အရွက်များထဲတွင် သို့မဟုတ် ဆေးရွက်ကြီးများဖြင့်ပြုလုပ်ထားသောစက္ကူများထဲတွင် ဆေးရွက်ကြီးဖြည့်စာများကိုထည့်ကာ တင်းကျပ်စွာလိပ်ပတ်ထားရာများဖြစ်သည်။ အချဉ်ဓာတ်ပါသောဆေးရွက်ကြီးစီးကရက်များနှင့်နှိုင်းယှဉ်ပါက အယ်လ်ကာလီအနည်းငယ်ပါသောဆေးပြင်းလိပ်များသည် မီးမညှိထားလျှင်ပင် နီကိုတင်းများကို ပါးစပ်မှတစ်ဆင့် စိမ့်ဝင်သွားစေနိုင်သည်။
ကရီးတက်စ် သို့မဟုတ် လေးညှင်းပွင့် စီးကရက်– ယင်းတွင် များသောအားဖြင့် ဆေးရွက်ကြီး ၆၀ ရာခိုင်နှုန်းနှင့် လေးညှင်းပွင့် ၄၀ ရာခိုင်နှုန်းခန့်ပါသည်။ ယင်းတို့သည် သာမန်စီးကရက်များထက် ဆေးချေး၊ နီကိုတင်းနှင့် ကာဗွန်မိုနောက်ဆိုက်ကို ပို၍ ထုတ်လွှတ်သည်။
ဆေးတံ– စီးကရက်သောက်ခြင်းအစား ဆေးတံဖြင့်ဆေးလိပ်သောက်ခြင်းသည်လည်း ဘေးကင်းသည်မဟုတ်ပါ၊ နှစ်ခုစလုံးသည် ကင်ဆာနှင့် အခြားရောဂါများစွာကို ဖြစ်စေနိုင်သည်။
အခိုးအငွေ့မဲ့ဆေးရွက်ကြီး– ယင်းတွင် ဂွမ်ခါးအရသာထွက်စေသောကွမ်းရာ၊ ဆေးရွက်ကြီးဝါးခြင်းနှင့် နှာခေါင်းတွင်တေ့၍ရှူရှိုက်သော ဆေးရွက်ကြီးအမှုန့်တို့ပါဝင်သည်။ နီကိုတင်းသည် ပါးစပ်မှတစ်ဆင့် သွေးကြောထဲသို့ စိမ့်ဝင်သွားသည်။ အခိုးအငွေ့မဲ့ဆေးရွက်ကြီး အသုံးပြုခြင်းသည် အခြားဆေးရွက်ကြီးအသုံးပြုခြင်းကဲ့သို့ပင် အန္တရာယ်ရှိသည်။
ပိုက်ဖြင့် ဆေးလိပ်သောက်ခြင်း (ဟွတ်ခါ၊ နာဂလီ၊ ရှိရှာစ်)– ဤကိရိယာတွင် ဆေးရွက်ကြီး၏အငွေ့များသည် ရှူမသွင်းမီ ရေကိုဖြတ်သွားသည်။ သို့သော်ငြား ယင်းသည်လည်း အဆုတ်ထဲဝင်ရောက်သွားသည့် ကင်ဆာဖြစ်စေရာများအပါအဝင် အဆိပ်အတောက်ပမာဏကို မလျော့ချပေးနိုင်ပါ။
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
အခြားသူတစ်ဦးကိုဆေးလိပ်ဖြတ်ရန် ကူညီပေးခြင်း
● အကောင်းမြင်ပါ။ အပြစ်ရှာဝေဖန်ပြီး ပြစ်တင်ဆုံးမခြင်းထက် ချီးမွမ်းပြီး လုပ်ရကျိုးနပ်စေခြင်းက ပိုကောင်းသည်။ “မင်း မအောင်မြင်ပြန်ဘူး” စကားထက် “နောက်တစ်ကြိမ်ထပ်ကြိုးစားရင် အောင်မြင်မှာပါ” ဟုပြောခြင်းသည် ပို၍တာသွားသည်။
● ခွင့်လွှတ်ပါ။ ဆေးလိပ်ဖြတ်ရန်ကြိုးစားနေသူတစ်ဦးကြောင့် စိတ်ဆိုးခြင်း သို့မဟုတ် မချင့်မရဲဖြစ်ခြင်းတို့ကို အတတ်နိုင်ဆုံး လျစ်လျူရှုလိုက်ပါ။ “အရမ်းခက်တယ်ဆိုတာ ကျွန်တော်သိတယ်၊ ဒါပေမဲ့ ခင်ဗျား ဒီလိုလုပ်တဲ့အတွက် ကျွန်တော် အရမ်းဂုဏ်ယူတယ်” ကဲ့သို့သော ကြင်နာသည့်စကားများကိုသုံးပါ။ “မင်းဆေးလိပ်သောက်တာကိုတောင် ငါပိုကြိုက်တယ်” ဟု ဘယ်တော့မျှမပြောပါနှင့်။
● မိတ်ဆွေစစ်ဖြစ်ပါ– ကျမ်းစာဤသို့ဖော်ပြသည်– “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏။” (သု. ၁၇:၁၇) မှန်ပါသည်၊ နေ့တစ်နေ့၏ဘယ်အချိန်တွင်မဆို သို့မဟုတ် ဆေးလိပ် ဖြတ်ဖို့ ကြိုးစားသူ၏စိတ်သဘောထား မည်သို့ပင်ရှိပါစေ သူ့အပေါ်၌ စိတ်ရှည်ပြီး “အခါခပ်သိမ်း” ချစ်တတ်ဖို့ကြိုးစားပါ။
-
-
သင်အောင်မြင်နိုင်သည်!နိုးလော့!—၂၀၁၀ | မေ
-
-
သင်အောင်မြင်နိုင်သည်!
သင့်အတွက် “အားယူ၍တည်ဆောက်” ရန်အချိန် ရောက်လာသည်။ (၁ ရာဇဝင်ချုပ် ၂၈:၁၀) သင့်အောင်မြင်ရေးအခွင့်အလမ်းများစေဖို့ အဘယ်နောက်ဆုံးလုပ်ဆောင်မှုများကို ပြုလုပ်နိုင်သနည်း။
ရက်စွဲသတ်မှတ်ပါ။ သင်သည် ဆေးလိပ်ဖြတ်ဖို့ဆုံးဖြတ်သောအခါ ဆေးလိပ်လုံးဝမသောက်သည့်ဦးဆုံးနေ့သည် နှစ်ပတ်အတွင်း ဖြစ်သင့်သည်ဟု ယူ.အက်စ်. ကျန်းမာရေးနှင့် လူထုအကျိုးဆောင်ဌာနက ဖော်ပြသည်။ ယင်းက သင့်စိတ်လှုံ့ဆော်အားကို ပြင်းထန်နေစေပါလိမ့်မည်။ ယင်းရက်စွဲကို သင့်ပြက္ခဒိန်တွင် မှတ်သားပြီး မိတ်ဆွေများကို ပြောပြကာ သင့်အခြေအနေများပြောင်းသွားလျှင်ပင် ယင်းရက်စွဲကိုမပြောင်းပါနှင့်။
“ဆေးလိပ်ဖြတ်ကတ်” တစ်ခုပြုလုပ်ပါ။ ယင်းတွင် အောက်ပါအချက်အလက်များပါဝင်နိုင်ပြီး သင့်စိတ်လှုံ့ဆော်မှုကို ခိုင်ခံ့စေနိုင်သည့် မည်သည့်အရာကိုမဆို ထပ်ထည့်ပါ–
● ဆေးလိပ်ဖြတ်ရသည့်အကြောင်းရင်းများ
● အလျှော့ပေးမိတော့မည်ဟုခံစားလာသောအခါ သင်ဖုန်းဆက်ရမည့်သူတို့၏ဖုန်းနံပါတ်များ
● ဂလာတိ ၅:၂၂၊ ၂၃ ကဲ့သို့သော ကျမ်းချက်များအပါအဝင် သင့်ပန်းတိုင်သို့ရောက်ရန် အထောက်အကူပြုမည့်စဉ်းစားဆင်ခြင်မှုများ
ဆေးလိပ်ဖြတ်ကတ် ကိုအချိန်တိုင်းဆောင်ထားပြီး တစ်ရက်လျှင် အကြိမ်ကြိမ်ဖတ်ပါ။ သင်ဆေးလိပ်ဖြတ်ပြီးနောက်တွင်ပင် ဆေးလိပ်သောက်လိုစိတ်ရှိလာသည့်အခါတိုင်း ယင်းကတ်ကို ပြန်လည်ဆန်းစစ်ပါ။
ဆက်စပ်သည့်အကျင့်များကို ကြိုတင်လျှော့ချပါ။ သင်ဆေးလိပ်ဖြတ်သည့်နေ့ရက်မတိုင်မီ ဆေးလိပ်သောက်ခြင်းနှင့်ဆက်စပ်သည့် မည်သည့်အကျင့်ကိုမဆို အရင်ဖြတ်ပါ။ ဥပမာ၊ နံနက်တိုင်း အိပ်ရာထလျှင်ထခြင်း ဆေးလိပ်သောက်တတ်သည်ဆိုလျှင် တစ်နာရီလောက်အထိ မသောက်ဘဲရွေ့ဆိုင်းထားလိုက်ပါ။ အစာစားချိန်အတွင်း သို့မဟုတ် စားပြီးပြီးချင်း ဆေးလိပ်သောက်သည်ဆိုလျှင် ယင်းအကျင့်ကို ဖြတ်ပစ်ပါ။ ဆေးလိပ်သောက်သူတို့ရှိရာနေရာများကို ရှောင်ပါ။ ထို့ပြင် တစ်ယောက်တည်း ဤသို့ကျယ်ကျယ်ပြောပါ– “ကျေးဇူးပဲ၊ မသောက်တော့ဘူး၊ ကျွန်တော်ဆေးလိပ်ဖြတ်လိုက်ပြီ။” ယင်းသို့သောလုပ်ဆောင်မှုများသည် ဆေးလိပ်ဖြတ်သည့်နေ့အတွက် သင့်အား ပြင်ဆင်ပေးရုံထက်မက လုပ်ဆောင်ပေးပါလိမ့်မည်။ ယင်းတို့က သင်သည် မကြာမီ ဆေးလိပ်မသောက်တော့သူတစ်ဦး ဖြစ်လိမ့်မည်ကိုလည်း သတိပေးရာရောက်လိမ့်မည်။
ဆေးလိပ်ဖြတ်ရန် ပြင်ဆင်ပါ။ ဆေးလိပ်ဖြတ်မည့်နေ့ရက်နီးလာသည်နှင့်အမျှ အစားထိုးအစားအစာများကို စုဆောင်းထားပါ– မုန်လာဥနီ၊ ပီကေ၊ အခွံမာသီးများစသည်တို့ဖြစ်သည်။ ဆေးလိပ်ဖြတ်သည့်ရက်စွဲကို သင့်မိတ်ဆွေများနှင့် မိသားစုကို အသိပေးပြီး သင့်အား သူတို့ထောက်ကူပေးနိုင်ပုံကို အသိပေးထားပါ။ ယင်းနေ့မတိုင်မီလေးတွင် ပြာခွက်များ၊ မီးခြစ်များနှင့် အိမ်ဝန်းကျင်၊ ကား၊ အိတ်ကပ် သို့မဟုတ် အလုပ်လုပ်သည့်နေရာရှိ စီးကရက်များကဲ့သို့သော သင့်အတွက် သွေးဆောင်မှုဖြစ်စေနိုင်သည့် မည်သည့်အရာကိုမဆို ရှင်းထုတ်ပစ်ပါ။ မိတ်ဆွေတစ်ဦးအား စီးကရက်တစ်လိပ်တောင်းရန် သို့မဟုတ် တစ်ဘူးဝယ်ဖို့ထက် အံဆွဲထဲမှ စီးကရက်တစ်လိပ်လှမ်းယူဖို့က ပိုလွယ်သည်။ ထို့ပြင် ဘုရားသခင့်ထောက်မမှုရဖို့အတွက် မပြတ်ဆုတောင်းနေပါ၊ သင်နောက်ဆုံးဆေးလိပ်သောက်ပြီးသည့်နောက်တွင် ခါတိုင်းထက်ပို၍ ထက်သန်စွာ ထိုသို့ဆုတောင်းပါ။—လုကာ ၁၁:၁၃။
မြောက်မြားစွာသောသူတို့သည် တစ်ချိန်က သူတို့၏ရက်စက်သော မိတ်ဆွေတုဖြစ်သည့်စီးကရက်ကို “အဆက်ဖြတ်” ခဲ့ကြသည်။ သင်လည်း အဆက်ဖြတ်နိုင်သည်။ ကျန်းမာရေးပိုကောင်းခြင်းနှင့် လွတ်လပ်သည်ဟူသောခံစားချက်က သင့်အား စောင့်ကြိုလျက်ရှိသည်။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ဆေးလိပ်ဖြတ်ကတ်ကို အချိန်တိုင်းဆောင်ထားပြီး တစ်ရက်တွင် မကြာခဏဖတ်ပါ
-