ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၅/၁၃ စာ. ၄-၅
  • ဆယ်ကျော်သက် ကလေးကို ဆုံးမပဲ့ပြင်နိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆယ်ကျော်သက် ကလေးကို ဆုံးမပဲ့ပြင်နိုင်ပုံ
  • နိုးလော့!—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပြဿနာ
  • ဆယ်ကျော်သက်တွေအတွက် စည်းကမ်းသတ်မှတ်နိုင်ပုံ
    နိုးလော့!—၂၀၁၃
  • သင့်ရဲ့ဆယ်ကျော်သက်ကလေးနဲ့ အငြင်းမပွားဘဲ စကားပြောပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • သင့် ဆယ်ကျော်သက်ကလေးကို ယုံကြည်စိတ်ချလို့ မရတဲ့အခါ
    မိသားစုအတွက် အကူအညီ
  • သင့်ဆယ်ကျော်သက်ကလေးကို ရင့်သန်ဖွံ့ဖြိုးအောင် ကူညီပါ
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၃
န ၅/၁၃ စာ. ၄-၅

မိသားစုတွေအတွက်အကူအညီ | သားသမီးတွေကို ပြုစုပျိုးထောင်ခြင်း

ဆယ်ကျော်သက် ကလေးကို ဆုံးမပဲ့ပြင်နိုင်ပုံ

ပြဿနာ

မိသားစုသတ်မှတ်ထားတဲ့ စည်းကမ်းက ည ၉ နာရီဆိုရင် ဆဲလ်ဖုန်းပိတ်ရမှာဖြစ်ပေမဲ့ သင့်သမီးက သန်းခေါင်အချိန်လောက်မှာ ဖုန်းနဲ့စာပို့နေတာကို ဒီအပတ်ထဲမှာ နှစ်ကြိမ်မိတယ်။ သင့်ရဲ့သားဟာ ဒီတစ်ခါလည်း အိမ်ပြန်ရောက်ဖို့သတ်မှတ်ထားတဲ့ အချိန်ထက် တော်တော်လေးနောက်ကျပြီးမှ ပြန်ရောက်လာတယ်။

သင့်ရဲ့ဆယ်ကျော်သက်ကလေး အမှားလုပ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သင့်ကလေးက စည်းကမ်းကို ဘာကြောင့်တမင်တကာ ချိုးဖောက်သလဲဆိုတာ သင်အရင်ဆုံး သိဖို့လိုတယ်။ သင့်ကလေးဟာ စည်းကမ်းတွေကို တမင်သက်သက် ဖောက်ဖျက်နေပုံပေါက်ပေမဲ့ အဖတ်ဆယ်လို့ မရတော့ဘူးဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။

စည်းကမ်းချိုးဖောက်ရတဲ့အကြာင်းရင်း

မပြတ်သားတဲ့စည်းကမ်းများ။ ဆယ်ကျော်သက်တချို့ဟာ သူတို့မှာ ဘယ်လောက်အထိ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ စမ်းချင်တဲ့အတွက် စည်းကမ်းချိုးဖောက်တာဖြစ်တယ်။ ဥပမာ၊ ဒါလုပ်ရင် ဒီအကျိုးဆက်ခံရမယ်လို့ မိဘက ပြောထားရင်တောင် ပြောထားတဲ့အတိုင်းမိဘတွေလုပ်မလုပ်ဆိုတာ ဆယ်ကျော်သက်ကလေး စမ်းကြည့်နိုင်တယ်။ အဲဒီလိုမျိုးကလေးတွေဟာ ပြောမရဆိုမရ ဆုံးမလို့မရတဲ့ကလေးဖြစ်သွားပြီလို့ ပြောနိုင်မလား။ မပြောနိုင်သေးပါဘူး။ တကယ်တော့ မနာခံရင် အပြစ်ပေးမယ်လို့ ပြောထားတဲ့အတိုင်း မိဘက မလုပ်ဘူးဆိုရင် ဒါမှမဟုတ် စည်းကမ်းချက်တွေက သိပ်မရှင်းဘူးဆိုရင် ဆယ်ကျော်သက်တွေက စည်းကမ်းကို ပေါ့ပေါ့ပဲသဘောထားတတ်ကြတယ်။

တင်းကျပ်လွန်းခြင်း။ မိဘတချို့က စည်းကမ်းတသီတတန်းကြီးထုတ်ပြီး ဆယ်ကျော်သက်ကလေးကို ထိန်းချုပ်ဖို့ကြိုးစားကြတယ်။ ကလေးက စည်းကမ်းချိုးဖောက်မိတဲ့အခါ မိဘဖြစ်သူက စိတ်ဆိုးပြီး နောက်ထပ်စည်းကမ်းတွေ ထပ်ထုတ်တယ်။ အဲဒီလိုလုပ်တဲ့အခါ အခြေအနေပိုဆိုးလာတတ်တယ်။ “သင်က ထိန်းချုပ်ဖို့ကြိုးစားလေ သူက ရုန်းထွက်ဖို့ကြိုးစားလေပဲ” လို့ စာအုပ်တစ်အုပ်က ရှင်းပြတယ်။ (Parent/Teen Breakthrough) ပြဿနာပြေလည်သွားမယ့်အစား ပိုဆိုးလာနိုင်တယ်။

သင့်တော်တဲ့ ဆုံးမပဲ့ပြင်နည်းက ပြဿနာကို ပြေလည်စေနိုင်ပါတယ်။ “ဆုံးမပဲ့ပြင်” တယ်ဆိုတာက ထိခိုက်နာကျင်စေတဲ့ “ပြစ်ဒဏ်” ပေးတာနဲ့မတူဘဲ သွန်သင်ပေးတယ်ဆိုတဲ့ အခြေခံအဓိပ္ပာယ်ရှိတယ်။ စည်းကမ်းတွေကို နာခံတတ်လာအောင် သင့်ဆယ်ကျော်သက်ကလေးတွေကို ဘယ်လိုသင်ပေးနိုင်မလဲ။

သင်လုပ်ဆောင်နိုင်ရာ

ရှင်းရှင်းလင်းလင်းသိစေပါ။ သင်တောင်းဆိုတဲ့အချက်နဲ့ မနာခံရင် ခံရမယ့်အကျိုးဆက်ကို ဆယ်ကျော်သက်ကလေးတွေ တိတိကျကျသိထားဖို့လိုတယ်။—ကျမ်းစာမူ– ဂလာတိ ၆:၇။

အကြံပြုချက်– သင့်အိမ်စည်းကမ်းတွေကို ချရေးပါ။ ပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးကြည့်ပါ– ‘စည်းကမ်းထုတ်တာ သိပ်များလွန်းနေသလား။ နည်းလွန်းနေသလား။ တချို့စည်းကမ်းတွေက လိုကောလိုသေးလို့လား။ ကလေးရဲ့တာဝန်သိတတ်လာမှုနဲ့အညီ ပြုပြင်ရမယ့်အရာတွေ ရှိသလား။’

တစ်သမတ်တည်းရှိပါ။ အပြစ်တစ်ခုကို ပြီးခဲ့တဲ့အပတ်မှာ ကျူးလွန်တုန်းက အကျိုးဆက်ကိုမခံခဲ့ရပေမဲ့လည်း ဒီတစ်ပတ်လုပ်တော့ အကျိုးဆက်ခံရတယ်ဆိုရင် သင့်ဆယ်ကျော်သက်ကလေး ခေါင်းရှုပ်သွားပါလိမ့်မယ်။ —ကျမ်းစာမူ– မဿဲ ၅:၃၇။

အကြံပြုချက်– လုပ်တဲ့အမှားနဲ့ ဆက်စပ်မှုရှိတဲ့ အကျိုးဆက်ကိုပေးဖို့ ကြိုးစားပါ။ ဥပမာ၊ သင့်ဆယ်ကျော်သက်ကလေးက ဘယ်အချိန်အိမ်ပြန်ရောက်ရမယ်ဆိုတဲ့ စည်းကမ်းကို ဖောက်ခဲ့ရင် အိမ်ပြန်ရောက်ချိန်ကို ပိုစောစောသတ်မှတ်ခြင်းက ဆက်စပ်တဲ့ အကျိုးဆက်ဖြစ်တယ်။

အကျိုးသင့်အကြောင်းသင့်ရှိပါ။ သင့်တော်တဲ့အခါ လွတ်လပ်မှုပိုပေးခြင်းအားဖြင့် သင်ဟာ ပြောင်းသာလဲသာရှိတဲ့ မိဘဖြစ်တယ်ဆိုတာ ဖော်ပြပါ။—ကျမ်းစာမူ– ဖိလိပ္ပိ ၄:၅။

အကြံပြုချက်– စည်းကမ်းတွေကို သင့်ဆယ်ကျော်သက်ကလေးနဲ့ ဆွေးနွေးပါ။ ဒီစည်းကမ်းချိုးဖောက်ရင် ဘယ်လိုအကျိုးဆက်ပေးရမလဲဆိုတာ သူ့ကို မေးကြည့်နိုင်တယ်။ ဆယ်ကျော်သက်တွေဟာ သူတို့ကိုယ်တိုင်ထုတ်ထားတဲ့ စည်းကမ်းတွေကို ပိုလိုက်နာလိုစိတ်ရှိတတ်ကြတယ်။

ကိုယ်ကျင့်တရားကောင်း ပျိုးထောင်ပေးပါ။ သင့်ပန်းတိုင်က ဆယ်ကျော်သက်ကလေး သင်ပြောတဲ့စကား နားထောင်လာဖို့လောက်သာ မဟုတ်ဘဲ အမှားနဲ့အမှန်ကို ပိုင်းခြားသိနိုင်တဲ့ အတွင်းစိတ်ဖွံ့ ဖြိုးလာအောင် ပျိုးထောင်ပေးဖို့လည်းဖြစ်တယ်။ (“အကျင့်ကောင်းတွေရှိလာအောင် ပျိုးထောင်ပေးပါ” လေးထောင့်ကွက်ကို ကြည့်ပါ။)—ကျမ်းစာမူ– ၁ ပေတရု ၃:၁၆။

အကြံပြုချက်– သမ္မာကျမ်းစာကနေ အကူအညီရယူပါ။ ကျမ်းစာက “ထိုးထွင်းဉာဏ်” ရှိအောင် ဆုံးမပေးနိုင်ပြီး ကျမ်းစာကလာတဲ့ ဉာဏ်ပညာက “အတွေ့အကြုံမရှိသူကို အမြော်အမြင်ရှိစေတယ်။ လူငယ်တွေကို အသိပညာနဲ့ စဉ်းစားချင့်ချိန်နိုင်စွမ်းရှိစေတယ်။”—သုတ္တံ ၁:၁-၄။

အဓိကကျမ်းချက်များ

  • “လူသည် မျိုးစေ့ကြဲသည့်အတိုင်းပင် ရိတ်သိမ်းရလိမ့်မည်။”—ဂလာတိ ၆:၇။

  • “သင်တို့၏စကားမှာ အဟုတ်ကို အဟုတ်၊ မဟုတ်ကို မဟုတ်ဖြစ်စေကြလော့။”—မဿဲ ၅:၃၇။

  • “သင်တို့၏အကျိုးသင့်အကြောင်းသင့်သဘောကို . . . ထင်ရှားစေကြလော့။”—ဖိလိပ္ပိ ၄:၅။

  • “ကြည်လင်သောသြတ္တပ္ပစိတ်ကို ထိန်းသိမ်းထားလော့။”—၁ ပေတရု ၃:၁၆။

အကျင့်ကောင်းတွေရှိလာအောင် ပျိုးထောင်ပေးပါ

ဘယ်လိုအရည်အသွေးရှိတဲ့သူဖြစ်ချင်သလဲဆိုတာ စဉ်းစားလာအောင် သင့်ကလေးကို ကူညီပေးပါ။ ပြဿနာတစ်ခုနဲ့ ကြုံရတဲ့အခါ လူငယ်တွေဟာ သူတို့ကိုယ်သူတို့ ဒီမေးခွန်းတွေမေးမယ်ဆိုရင် ဆုံးဖြတ်ချက်ကောင်းချနိုင်ပါလိမ့်မယ်–

  • ဘယ်လိုလူစားမျိုး ငါ ဖြစ်ချင်သလဲ။—ကောလောသဲ ၃:၁၀။

  • ခရစ်တော်လိုအရည်အသွေးရှိတဲ့သူတစ်ယောက်က ဒီပြဿနာနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ။—သုတ္တံ ၁၀:၁။

သမ္မာကျမ်းစာမှာ ကိုယ့်ရဲ့လုပ်ရပ်ကြောင့် လူဆိုး ဒါမှမဟုတ် လူကောင်းဆိုပြီး သတ်မှတ်ခံရတဲ့ အမျိုးသား၊ အမျိုးသမီးတွေရဲ့ ဘဝဖြစ်ရပ်မှန်များစွာ ပါရှိတယ်။ (၁ ကောရိန္သု ၁၀:၁၁; ယာကုပ် ၅:၁၀၊ ၁၁) သင့်ကလေးမှာ အကျင့်ကောင်းတွေရှိလာအောင် အဲဒီပုံဥပမာတွေကိုသုံးပြီး ပျိုးထောင်ပေးပါ။

(၂၀၁၂၊ အောက်တိုဘာလထုတ် နိုးလော့! [အင်္ဂလိပ်] ကိုကြည့်ပါ။)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ