ဘုရားသခင်၏အနားယူရာသို့ သင်ဝင်ပြီလော
“ဘုရားသခင်သည် မိမိအမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝပ်စွာနေတော်မူသည်နည်းတူ၊ ထိုချမ်းသာ [“အနားယူရာ၊” ကဘ] ထဲသို့ဝင်ရသောသူသည်လည်း မိမိအမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝပ်စွာနေရ၏။”—ဟေဗြဲ ၄:၁၀။
၁။ အနားယူခြင်းသည် အဘယ်ကြောင့်အလွန်လိုချင်စဖွယ်ဖြစ်သနည်း။
အနားယူခြင်း။ နားဝင်ချိုပြီး နှစ်လိုဖွယ်စကားပါတကား! ပြေးရလွှားရနှင့်ဗျာများသော ယနေ့လောကတွင် အသက်ရှင်နေထိုင်ကြသည့် ကျွန်ုပ်တို့အများစုသည် အနည်းငယ်အနားယူခြင်းကိုလိုလားကြကြောင်း သဘောတူကြပါလိမ့်မည်။ လူကြီးလူငယ်၊ ပျိုပျိုအိုအို ကျွန်ုပ်တို့သည် နေ့စဉ်အသက်ရှင်ခြင်းမှ ပင်ပန်းနွမ်းနယ်နေကြပေမည်။ ကာယရေးအကန့်အသတ်ရှိသူ သို့မဟုတ် မသန်မစွမ်းဖြစ်သူတို့အတွက် နေ့ရက်တစ်ရက်စီသည် စိန်ခေါ်မှုဖြစ်၏။ ကျမ်းစာဆိုသကဲ့သို့ပင် “ဤလောကတစ်နိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကိုခံရသည်။” (ရောမ ၈:၂၂) လူတစ်ဦးအနားယူနေခြင်းသည် ပျင်းရိခြင်းမဟုတ်ပါ။ အနားယူခြင်းသည် လူတစ်ဦး၏လိုအပ်ချက်ဖြစ်သည်။
၂။ အဘယ်အချိန်ကတည်းက ယေဟောဝါအနားယူနေခဲ့သနည်း။
၂ ယေဟောဝါဘုရားသခင်ကိုယ်တော်တိုင် အနားယူနေခဲ့သည်။ ကမ္ဘာဦးကျမ်းတွင် ဤသို့ဖတ်ရသည်– “ထိုသို့ကောင်းကင်မြေကြီးနှင့်တကွ၊ ခပ်သိမ်းသောတန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။ သတ္တမနေ့ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသောအမှုအရာတို့သည် ပြီးစီးပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေ [“အနားယူ၊” ကဘ] တော်မူ၏။” ယေဟောဝါသည် “သတ္တမနေ့” ကိုအထူးအဓိပ္ပာယ်ရှိသည်ဟုသဘောထားကြောင်း မှုတ်သွင်းခံမှတ်တမ်းက ဤသို့ဆိုသည်– “ထိုသတ္တမနေ့ကို ဘုရားသခင်သည်ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။”—ကမ္ဘာဦး ၂:၁-၃။
ဘုရားသခင်သည် မိမိ၏အလုပ်မှအနားယူခဲ့
၃။ အဘယ်အချက်များသည် ဘုရားသခင်အနားယူရသည့် အကြောင်းရင်းများမဖြစ်နိုင်သနည်း။
၃ ဘုရားသခင်သည် “သတ္တမနေ့” တွင်အဘယ်ကြောင့်နားခဲ့သနည်း။ ကိုယ်တော်သည် မောတော်မူ၍ အနားယူခြင်းမဟုတ်သည်မှာ မှန်၏။ ယေဟောဝါသည် “ခွန်အားကြီး၍တန်ခိုးနှင့်ပြည့်စုံတော်မူ” ပြီး “မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိ။” (ဟေရှာယ ၄၀:၂၆၊ ၂၈) ကိုယ်တော်သည် ခေတ္တအနားယူရန် သို့မဟုတ် ပြောင်းလဲမှုလုပ်ရန်လို၍ အနားယူခြင်းမဟုတ်။ အကြောင်းမှာ ကျွန်ုပ်တို့ကို ယေရှုဤသို့ဆိုခဲ့၏– “ငါ့ခမည်းတော်သည် ယခုတိုင်အောင်အလုပ်လုပ်တော်မူသည်ဖြစ်၍၊ ငါသည်လည်းလုပ်၏။” (ယောဟန် ၅:၁၇) မည်သို့ပင်ဖြစ်စေ “ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်” ကာ ရုပ်ခန္ဓာရှိသတ္တဝါများ၏ ခန္ဓာဆိုင်ရာလည်ပတ်မှုနှင့် လိုအပ်ချက်များမရှိပေ။—ယောဟန် ၄:၂၄။
၄။ “သတ္တမနေ့” သည်ယင်းမတိုင်မီခြောက် ‘ရက်’ နှင့်အဘယ်နည်းဖြင့် ကွာခြားသနည်း။
၄ “သတ္တမနေ့” တွင်ဘုရားသခင်အနားယူရသည့်အကြောင်းကို ကျွန်ုပ်တို့မည်သို့ထိုးထွင်းသိမြင်နိုင်သနည်း။ ကိုယ်တော်သည် ရှည်လျားသောဖန်ဆင်းရာခြောက် ‘ရက်’ အတွင်း ဖန်ဆင်းခဲ့ရာများကို အလွန်အားရတော်မူသော်လည်း အထူးသဖြင့် “သတ္တမနေ့” ကိုကောင်းချီးပေးပြီး ယင်းကို “သန့်ရှင်းစေ” တော်မူခဲ့ကြောင်းကို သတိပြုခြင်းအားဖြင့်ဖြစ်သည်။ အောက်စဖို့အဘိဓာန်အကျဉ်းချုပ်က “သန့်ရှင်းစေသည်” ဟူသောစကားလုံးကို “(ဘုရားတစ်ပါးအတွက် သို့မဟုတ် ဘာသာရေးရည်ရွယ်ချက်တစ်ခုအတွက်) လုံးလုံးပေးဆက်ထားခြင်း သို့မဟုတ် ဖယ်ထားခြင်း” ဟူ၍ဖွင့်ဆိုထားသည်။ ထို့ကြောင့် ယေဟောဝါသည် “သတ္တမနေ့” ကိုကောင်းချီးပေးပြီး ယင်းကိုသန့်ရှင်းစေသည်ဟုဆိုရာတွင် ထိုနေ့နှင့်ကိုယ်တော့် “အနားယူခြင်း” တို့သည်ကိုယ်တော့်အတွက် လိုအပ်ချက်တစ်စုံတစ်ရာနှင့်မဟုတ်ဘဲ ကိုယ်တော်၏မြင့်မြတ်သောအလိုတော်၊ ရည်ရွယ်ချက်တို့နှင့် ဆက်စပ်မှုအချို့ရှိရမည်။ ထိုဆက်စပ်မှုကား အဘယ်နည်း။
၅။ ပထမဖန်ဆင်းရာခြောက် ‘ရက်’ အတွင်း ဘုရားသခင်အဘယ်အရာကို စတင်လှုပ်ရှားလည်ပတ်စေခဲ့သနည်း။
၅ ဖန်ဆင်းရာခြောက် ‘ရက်’ အတွင်း ဘုရားသခင်သည် ကမ္ဘာနှင့်ယင်းအပေါ်ရှိအရာအားလုံးတို့၏ လှုပ်ရှားလည်ပတ်မှုကိုထိန်းချုပ်သည့် သံသရာများနှင့်နိယာမတရားများကို ဖန်တီးကာစတင်လည်ပတ်စေသည်။ ဤအရာများသည် ဤမျှအံ့ဖွယ်ကောင်းလောက်အောင် မည်သို့ပုံစံပြုခံခဲ့ရကြောင်းကို သိပ္ပံပညာရှင်များက ယခုလေ့လာနေကြသည်။ “ဆဋ္ဌမနေ့ရက်” အကုန်ပိုင်းတွင် ဘုရားသခင်သည် ပထမလူမောင်နှံကိုဖန်ဆင်းကာ သူတို့ကို “အရှေ့မျက်နှာ၊ ဧဒင်အရပ်ရှိ ဥယျာဉ်၌” နေရာချပေးခဲ့၏။ နောက်ဆုံးတွင် ဘုရားသခင်သည် ဤပရောဖက်ပြုစကားများဖြင့် ကမ္ဘာမြေကြီးနှင့်လူ့မိသားစုတို့နှင့်ပတ်သက်သော မိမိ၏ရည်ရွယ်တော်မူချက်ကို ကြေညာတော်မူခဲ့၏– “အချင်းတို့များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း အသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့။”—ကမ္ဘာဦး ၁:၂၈၊ ၃၁; ၂:၈။
၆။ (က) “ဆဋ္ဌမနေ့ရက်” အကုန်တွင် မိမိဖန်ဆင်းခဲ့ရာအားလုံးနှင့်ပတ်သက်၍ ဘုရားသခင်မည်သို့ခံစားရသနည်း။ (ခ) အဘယ်သဘောမျိုးဖြင့် “သတ္တမနေ့” ကိုသန့်ရှင်းစေတော်မူခဲ့သနည်း။
၆ ဖန်ဆင်းရာ “ဆဋ္ဌမနေ့ရက်” ကုန်ဆုံးချိန်နှင့်ပတ်သက်၍ မှတ်တမ်းကကျွန်ုပ်တို့ကို ဤသို့ဆိုသည်– “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကိုမြင်တော်မူ . . . ၏။” (ကမ္ဘာဦး ၁:၃၁) ဘုရားသခင်သည် မိမိပြုလုပ်ခဲ့ရာမှန်သမျှနှင့်ပတ်သက်၍ ကျေနပ်တော်မူခဲ့၏။ ထို့ကြောင့် ကမ္ဘာမြေကဏ္ဍနှင့်ပတ်သက်၍ နောက်ထပ်ဖန်ဆင်းခြင်းမှ အနားယူ သို့မဟုတ် ရပ်နားခဲ့သည်။ ပရဒိသုဥယျာဉ်သည် စုံလင်လှပသော်လည်း ကျဉ်းကျဉ်းကလေးမျှသာဖြစ်ပြီး ကမ္ဘာပေါ်တွင် လူသားနှစ်ဦးသာရှိခဲ့သည်။ ကမ္ဘာမြေနှင့်လူ့မိသားစုသည် ဘုရားသခင်ရည်ရွယ်ထားသည့် အခြေအနေအထိရောက်ရန် အချိန်ယူရပါလိမ့်မည်။ ထိုကြောင့် “သတ္တမနေ့” ကို ယင်းမတိုင်မီ ခြောက် ‘ရက်’ အတွင်းဖန်ဆင်းခဲ့ရာများကို ကိုယ်တော်၏မြင့်မြတ်သောအလိုတော်နှင့်အညီ တိုးတက်ဖြစ်ပေါ်ရန်အချိန်အဖြစ်သတ်မှတ်ထား၏။ (ဧဖက် ၁:၁၁ နှိုင်းယှဉ်။) “သတ္တမနေ့” ကုန်ဆုံးလာသည်နှင့်အမျှ မြေကြီးတစ်ခွင်လုံးပရဒိသုဖြစ်လာကာ ထိုတွင်စုံလင်သောလူသားများ ထာဝရနေထိုင်ကြမည်။ (ဟေရှာယ ၄၅:၁၈) ကမ္ဘာနှင့်လူသားတို့နှင့်စပ်လျဉ်း၍ ဘုရားသခင့်အလိုတော်ကို အကောင်အထည်ဖော်ပြည့်စုံစေရန် “သတ္တမနေ့” ကိုသတ်မှတ် သို့မဟုတ် ဖယ်ထား၏။ ထိုသဘောဖြင့် ယင်းကို “သန့်ရှင်းစေ” တော်မူ၏။
၇။ (က) “သတ္တမနေ့” တွင်ဘုရားသခင်သည် အဘယ်ကဏ္ဍ၌ အနားယူခဲ့သနည်း။ (ခ) “သတ္တမနေ့” အဆုံးရောက်ရှိလာသောအခါ အရာရာတိုင်းသည် မည်သို့ပြန်ဖြစ်လာမည်နည်း။
၇ ထိုကြောင့် ဘုရားသခင်သည် “သတ္တမနေ့” တွင်မိမိ၏ဖန်ဆင်းခြင်းလုပ်ငန်းမှ အနားယူတော်မူခဲ့၏။ ယင်းက ကိုယ်တော်သည် အလုပ်နားကာ မိမိအစပြုလိုက်သောအရာများ ဆက်၍လှုပ်ရှားလည်ပတ်ရန် ခွင့်ပြုလိုက်သကဲ့သို့ဖြစ်သည်။ “သတ္တမနေ့” အကုန်တွင် အရာရာတိုင်းသည် ရည်ရွယ်ထားသည့်အတိုင်း အတိအကျဖြစ်လာမည်ကို ကိုယ်တော်အပြည့်အဝယုံကြည်စိတ်ချတော်မူခဲ့သည်။ အနှောင့်အယှက်များရှိလျှင်ပင် ယင်းတို့ကိုအောင်မြင်မည်။ ဘုရားသခင့်အလိုတော်လုံးလုံးလျားလျားပြည့်စုံလာသောအခါ နာခံသောလူသားအားလုံးအကျိုးရရှိကြမည်။ ဘုရားသခင်သည် “သတ္တမနေ့” ကို ကောင်းချီးပေး၍ “သန့်ရှင်းစေ” ခဲ့သောကြောင့် ယင်းကို မည်သည့်အရာကမျှ တားဆီးနိုင်မည်မဟုတ်။ နာခံသောလူသားတို့အတွက် ထူးမြတ်သောအလားအလာပင်တည်း!
ဣသရေလလူမျိုးသည် ဘုရားသခင့်အနားယူခြင်းသို့ မဝင်ခဲ့ကြ
၈။ ဣသရေလလူမျိုးများသည် အဘယ်အချိန်နှင့် အဘယ်သို့အားဖြင့် ဥပုသ်စောင့်လာကြသနည်း။
၈ ဣသရေလလူမျိုးသည် အလုပ်နှင့်အနားယူခြင်းအတွက် ယေဟောဝါ၏အစီအစဉ်မှ အကျိုးရရှိခဲ့ကြသည်။ သိနာတောင်တွင် ဣသရေလလူများကို ပညတ်မပေးမီကတည်းက မောရှေမှတစ်ဆင့် ဘုရားသခင်ဤသို့မိန့်မှာ၏– “ထာဝရဘုရားသည် ဥပုသ်နေ့ကို သင်တို့အားပေးတော်မူပြီ။ ထို့ကြောင့် ခြောက်ရက်မြောက်သောနေ့၌ နှစ်ရက်အတွက်မုန့်ကိုပေးတော်မူ၏။ လူတိုင်းမိမိနေရာ၌နေစေ၊ ခုနစ်ရက်မြောက်သောနေ့၌ မိမိနေရာမှ အဘယ်သူမျှမသွားစေနှင့်။” ရလဒ်မှာ “လူများတို့သည် ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေကြ၏။”—ထွက်မြောက်ရာ ၁၆:၂၂-၃၀။
၉။ ဣသရေလလူမျိုးများအတွက် ဥပုသ်နေ့ပညတ်သည် လိုလားဖွယ်ပြောင်းလဲမှုဖြစ်ကြောင်း အဘယ်ကြောင့်သံသယရှိစရာမလိုသနည်း။
၉ ဤအစီအစဉ်သည် အီဂျစ်ပြည်၌ ကျွန်ဘဝမှလွတ်မြောက်ခါစ ဣသရေလလူမျိုးများအတွက် အသစ်ဖြစ်၏။ အီဂျစ်လူမျိုးများနှင့် အခြားလူမျိုးများသည် ငါးရက်မှဆယ်ရက်အထိကြာသောအချိန်ပိုင်းဖြင့် အချိန်ကိုတိုင်းထွာသတ်မှတ်ထားကြသော်လည်း ကျွန်ခံနေရသောဣသရေလလူမျိုးများကို နားရက်တစ်ရက်မျှပေးခဲ့ပုံမပေါ်ပေ။ (ထွက်မြောက်ရာ ၅:၁-၉ နှိုင်းယှဉ်။) ထို့ကြောင့် ဣသရေလလူတို့သည် ဤပြောင်းလဲမှုကို လိုလိုလားလားလက်ခံခဲ့ကြသည်ဟု ကောက်ချက်ချစရာအကြောင်းရှိ၏။ ဥပုသ်တောင်းဆိုချက်ကို ဝန်ထုပ် သို့မဟုတ် အတားအဆီးတစ်ခုအဖြစ်မယူမှတ်ဘဲ ယင်းကိုဝမ်းသာစွာလိုက်လျှောက်သင့်သည်။ ဥပုသ်သည် အီဂျစ်ပြည်၌ သူတို့ကျွန်ခံကြောင်းနှင့် သူတို့ကိုကိုယ်တော်နုတ်ဆောင်ကြောင်း သတိပေးချက်တစ်ခုကဲ့သို့ဖြစ်ကြောင်း သူတို့ကို နောက်ပိုင်း၌ ဘုရားသခင်မိန့်တော်မူခဲ့သည်။—တရားဟောရာ ၅:၁၅။
၁၀၊ ၁၁။ (က) နာခံခြင်းအားဖြင့် ဣသရေလလူမျိုးများသည် ရွှင်လန်းဖွယ်ကောင်းသော အဘယ်အလားအလာကို မျှော်လင့်နိုင်သနည်း။ (ခ) ဣသရေလလူမျိုးများသည် ဘုရားသခင့်အနားယူခြင်းသို့ဝင်ရန် အဘယ်ကြောင့်ပျက်ကွက်ခဲ့ကြသနည်း။
၁၀ မောရှေနှင့်အတူ အီဂျစ်ပြည်မှထွက်လာကြသော ဣသရေလလူမျိုးများသာ နာခံခဲ့ကြမည်ဆိုလျှင် ကတိထားရာ “နို့နှင့်ပျားရည်စီးတတ်သောပြည်” သို့ဝင်ရောက်ခွင့်ရရှိခဲ့ကြမည်။ (ထွက်မြောက်ရာ ၃:၈) ထိုတွင် သူတို့သည် ဥပုသ်နေ့၌သာမဟုတ်၊ သူတို့၏အသက်တာတစ်လျှောက်လုံး စစ်မှန်သောငြိမ်ဝပ်မှုကို ခံစားကြရမည်။ (တရားဟောရာ ၁၂:၉၊ ၁၀) သို့ရာတွင် ထိုသို့မဖြစ်ခဲ့ကြပါ။ ၎င်းတို့နှင့်ပတ်သက်၍ တမန်တော်ပေါလုဤသို့ရေးခဲ့၏– “ကြားပြီးမှဆန့်ကျင်ဘက်ပြုသော သူတို့ကား၊ အဘယ်သူနည်း။ မောရှေနောက်သို့လိုက်၍ အဲဂုတ္တုပြည်မှထွက်လာသောသူအပေါင်းတို့သည် ထိုသို့ပြုကြသည်မဟုတ်လော။ အနှစ်လေးဆယ်ပတ်လုံး နှစ်သက်တော်မမူသောသူတို့ကား၊ အဘယ်သူနည်း။ [မကောင်းမှု] အပြစ်ကိုပြုသောကြောင့် တော၌လဲ၍သေသောသူပင်မဟုတ်ပေလော။ သင်တို့သည် ငါ၏ချမ်းသာထဲသို့မဝင်ရကြဟု ကျိန်ဆိုတော်မူသောသူတို့ကား၊ မယုံကြည်သောသူမှတစ်ပါး အဘယ်သူနည်း။ သို့ဖြစ်၍၊ သူတို့သည် မယုံကြည်သောကြောင့်သာ မဝင်နိုင်သည်ကို ငါတို့သိမြင်ကြ၏။”—ဟေဗြဲ ၃:၁၆-၁၉။
၁၁ ကျွန်ုပ်တို့အတွက် အလွန်ထိမိသောသင်ခန်းစာပါတကား! ယေဟောဝါ၌ သူတို့ယုံကြည်ခြင်းကင်းမဲ့ခဲ့ကြသောကြောင့် သူတို့ကိုကတိပေးခဲ့သော အနားယူခြင်းကို ထိုလူမျိုးဆက်မရရှိခဲ့ကြချေ။ သို့အစား တောကန္တာရတွင် သေကျေပျက်စီးခဲ့ကြရသည်။ သူတို့သည် အာဗြဟံ၏သားစဉ်မြေးဆက်များဖြစ်သည့်အားလျော်စွာ ကမ္ဘာ့လူမျိုးအားလုံးကိုကောင်းချီးပေးခြင်းဆိုင်ရာ ဘုရားသခင့်အလိုတော်နှင့် အနီးကပ်ပတ်သက်နေသည်ဟူသည့်အချက်ကို သဘောမပေါက်ခဲ့ကြချေ။ (ကမ္ဘာဦး ၁၇:၇၊ ၈; ၂၂:၁၈) ဘုရားသခင့်အလိုတော်နှင့်အညီလုပ်ဆောင်ကြမည့်အစား သူတို့၏လောကီမှုနှင့် တစ်ကိုယ်ကောင်းဆန္ဒများအားဖြင့် လုံးလုံးအာရုံပျံ့လွင့်ခဲ့ကြသည်။ ထိုအဖြစ်မျိုးသို့ ကျွန်ုပ်တို့ဘယ်တော့မျှမရောက်ပါစေနှင့်!—၁ ကောရိန္သု ၁၀:၆၊ ၁၀။
အနားယူခြင်းတစ်ခုကျန်ရှိသေး
၁၂။ ပထမရာစုခရစ်ယာန်များအတွက် အဘယ်အလားအလာသည် ရှိနေဆဲဖြစ်ခဲ့ပြီး ယင်းကိုသူတို့မည်သို့ရရှိနိုင်သနည်း။
၁၂ ယုံကြည်ခြင်းကင်းမဲ့ခြင်းကြောင့် ဘုရားသခင့်အနားယူခြင်းသို့ဝင်ရန် ဣသရေလလူတို့၏ပျက်ကွက်မှုကို ဖော်ပြပြီးနောက် ပေါလုသည် မိမိ၏ယုံကြည်သူချင်းများထံ အာရုံပြန်လှည့်ခဲ့သည်။ ဟေဗြဲ ၄:၁-၅ တွင်ဖော်ပြထားသကဲ့သို့ “ဘုရားသခင်၏ချမ်းသာ [“အနားယူရာ၊” ကဘ] ထဲသို့ ဝင်ရသောအခွင့်ကိုပေးသောကတိတော်သည် ငါတို့၌ရှိရစ်” သည်ဟု သူအခိုင်အမာဆိုခဲ့၏။ “ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍ ဘုရားသခင်၏ချမ်းသာထဲသို့ဝင်ရကြ” ရန် “ဝမ်းမြောက်စရာသတင်း” ကိုယုံကြည်ကြောင်းတင်ပြရန် သူတို့ကို ပေါလုတိုက်တွန်းခဲ့သည်။ ယေရှုခရစ်၏ရွေးနုတ်ဖိုးပူဇော်သကာအားဖြင့် ပညတ်တရားသည် ပယ်ရှားခံရပြီးဖြစ်၍ ဤတွင် ဥပုသ်နေ့အားဖြင့် ကာယရေးအနားယူခြင်းကို ပေါလုရည်ညွှန်းနေခြင်းမဟုတ်။ (ကောလောသဲ ၂:၁၃၊ ၁၄) ကမ္ဘာဦး ၂:၂ နှင့် ဆာလံ ၉၅:၁၁ တို့ကိုကိုးကားကာ ဟေဗြဲခရစ်ယာန်များကို ဘုရားသခင့်အနားယူရာထဲသို့ဝင်ကြဖို့ တိုက်တွန်းခဲ့သည်။
၁၃။ ဆာလံ ၉၅ ကိုကိုးကားရာတွင် ပေါလုက “ယနေ့” ဟူသောစကားလုံးကို အဘယ်ကြောင့်အာရုံစိုက်စေခဲ့သနည်း။
၁၃ ဘုရားသခင်၏အနားယူခြင်းထဲသို့ ဝင်နိုင်သည့်အလားအလာသည် ဟေဗြဲခရစ်ယာန်များအတွက် ‘သတင်းကောင်း’ ဖြစ်သင့်၏၊ သူတို့မတိုင်မီအချိန်က ဣသရေလလူမျိုးများအတွက် ဥပုသ်နေ့သည် ‘သတင်းကောင်း’ ဖြစ်ခဲ့သကဲ့သို့ဖြစ်သည်။ ထို့ကြောင့် တောကန္တာရတွင် ဣသရေလလူမျိုးတို့ ပြုခဲ့ကြသည့်အမှားကိုမပြုကြရန် မိမိ၏ယုံကြည်သူချင်းများကို ပေါလုတိုက်တွန်းခဲ့၏။ ယခု ဆာလံ ၉၅:၇၊ ၈ ကိုကိုးကားကာ ဘုရားသခင်သည် ကြာမြင့်စွာကတည်းက ဖန်ဆင်းခြင်းမှအနားယူခဲ့ပြီးဖြစ်သော်လည်း “ယနေ့” ဟူသောစကားကို ပေါလုအာရုံစိုက်စေခဲ့သည်။ (ဟေဗြဲ ၄:၆၊ ၇) ပေါလု၏အဓိကအချက်ကား အဘယ်နည်း။ ကမ္ဘာနှင့်လူသားတို့နှင့်ပတ်သက်သော ကိုယ်တော့်ရည်ရွယ်ချက်လုံးလုံးအထမြောက်စေရန် ဘုရားသခင်သတ်မှတ်ထားသော ထို “သတ္တမနေ့” သည်မကုန်ဆုံးသေးပါ။ ထို့ကြောင့် သူ၏ခရစ်ယာန်ချင်းတို့သည် ကိုယ်ကျိုးလိုက်နေမည့်အစား ထိုရည်ရွယ်ချက်နှင့်အညီလုပ်ဆောင်ရန် အရေးတကြီးလိုအပ်ခဲ့သည်။ သူထပ်၍ ဤသို့သတိပေး၏– “ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်။”
၁၄။ ဘုရားသခင်၏ “အနားယူခြင်း” သည်ရှိနေဆဲဖြစ်ကြောင်း ပေါလုမည်သို့ဖော်ပြခဲ့သနည်း။
၁၄ ထို့အပြင် ကတိထားတော်မူသည့် “အနားယူခြင်း” သည် ယောရှု၏ဦးဆောင်မှုအောက် ကတိထားရာပြည်တွင် အခြေချခြင်းမျှသာမဟုတ်ကြောင်း ပေါလုဖော်ပြခဲ့သည်။ (ယောရှု ၂၁:၄၄) “ထိုသူတို့အားငြိမ်ဝပ်ရာချမ်းသာ [“အနားယူရာ၊” ကဘ] ကိုယောရှုပေးခဲ့လျှင် အခြားသောနေ့ရက်ကာလအကြောင်း နောက်ထပ်မိန့်တော်မူမည်မဟုတ်” ဟုပေါလုထောက်ပြခဲ့သည်။ ယင်းအကြောင်းကြောင့် ပေါလုဤသို့ထပ်ဆိုခဲ့သည်– “ဘုရားသခင်၏လူတို့အဖို့အလို့ငှာ ငြိမ်ဝပ်ခြင်းချမ်းသာ [“ဥပုသ်အနားယူခြင်း၊” ကဘ] တစ်မျိုးသည် ကျန်ရစ်သေး၏။” (ဟေဗြဲ ၄:၈၊ ၉) ထို “ဥပုသ်အနားယူခြင်း” ကားအဘယ်နည်း။
ဘုရားသခင့်အနားယူခြင်းသို့ဝင်ခြင်း
၁၅၊ ၁၆။ (က) “ဥပုသ်အနားယူခြင်း” ဟူသောဝေါဟာရသည် အဘယ်သဘောကိုဆောင်သနည်း။ (ခ) ‘ကိုယ်ပိုင်အလုပ်မှအနားယူခြင်း’ သည်အဘယ်အဓိပ္ပာယ်ရှိသနည်း။
၁၅ “ဥပုသ်အနားယူခြင်း” ဟူသောအသုံးအနှုန်းသည် ဂရိစကားလုံး “ဥပုသ်စောင့်ခြင်း” မှဘာသာပြန်ထားခြင်းဖြစ်သည်။ (နိုင်ငံတော်ကြားညှပ်ဘာသာပြန်) ပညာရှင်ဝီလျံလဲန်က ဤသို့ဖော်ပြသည်– “ဝေါဟာရ၏သိုးကာသီကာလေးကွာခြားချက်မှာ ထွက်မြောက်ရာ ၂၀:၈-၁၀ တွင်အခြေခံသော ယုဒဘာသာတွင်ပေါ်ပေါက်လာသည့် ဥပုသ်သွန်သင်ချက်မှဖြစ်ပေါ်လာသည်၊ ထိုတွင် အနားယူခြင်းနှင့်ချီးမွမ်းခြင်းကို အတူတူဖြစ်သည်ဟုအလေးပေးဖော်ပြထားသည်။ . . . [ယင်းသည်] ပျော်ရွှင်ပွဲနှင့် ရွှင်လန်းမှု၏အထူးကဏ္ဍရပ်ကို အလေးပေးကာ ဘုရားသခင်အားအမွှမ်းတင်ချီးမွမ်းခြင်းတွင် တင်ပြသည်။” ထို့ကြောင့် ကတိထားရာအနားယူခြင်းသည် အလုပ်မှနားရုံမျှသာမဟုတ်။ ယင်းသည် မောပန်းနွမ်းနယ်သည့်၊ ရည်ရွယ်ချက်မဲ့သောကြိုးစားအားထုတ်မှုမှ ဘုရားသခင်ကိုဂုဏ်တင်သည့် ရွှင်လန်းဖွယ်လုပ်ငန်းတော်သို့ပြောင်းခြင်းဖြစ်သည်။
၁၆ ယင်းကို ပေါလု၏နောက်ထပ်စကားလုံးများ၌ဖော်ပြထားသည်– “ဘုရားသခင်သည် မိမိအမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝပ်စွာနေ [“အနားယူ၊” ကဘ] တော်မူသည်နည်းတူ၊ ထိုချမ်းသာ [“အနားယူခြင်း၊” ကဘ] ထဲသို့ဝင်ရသောသူသည်လည်း မိမိအမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝပ်စွာနေရ၏။” (ဟေဗြဲ ၄:၁၀) ဘုရားသခင်သည် မောတော်မူ၍ ဖန်ဆင်းရာသတ္တမမြောက်နေ့တွင် အနားယူခဲ့ခြင်းမဟုတ်။ ယင်းအစား ကိုယ်တော်၏ဖန်ဆင်းခြင်းလက်ရာများသည် တိုးတက်ဖြစ်ထွန်းလျက် ကျက်သရေအပေါင်းနှင့်ခညောင်းကာ ကိုယ်တော်ကိုချီးမွမ်းဂုဏ်တင်စရာဖြစ်လာရန် အချိန်ပေးသည့်အနေနှင့် မြေကြီးဆိုင်ရာဖန်ဆင်းသည့်အလုပ်ကို ရပ်နားလိုက်ခြင်းဖြစ်၏။ ဘုရားသခင့်ဖန်ဆင်းရာများတွင် အပါအဝင်ဖြစ်သော ကျွန်ုပ်တို့လည်း ထိုအစီအစဉ်တွင်ပါဝင်သင့်သည်။ ကျွန်ုပ်တို့သည် ‘ကျွန်ုပ်တို့၏ကိုယ်ပိုင်အလုပ်မှအနားယူ’ သင့်သည်၊ တစ်နည်းအားဖြင့် ကယ်တင်ခြင်းရရှိရန်ကြိုးပမ်းသည့်အနေနှင့် ဘုရားသခင်ရှေ့မှောက် မိမိကိုယ်ကိုဖြောင့်မတ်မှန်ကန်ကြောင်းပြရန်ကြိုးစားနေခြင်းကိုရပ်လိုက်သင့်၏။ ယင်းအစား ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ယေရှုခရစ်၏ရွေးနုတ်ဖိုးပူဇော်သကာပေါ်တွင်မူတည်ကြောင်း၊ ယင်းအားဖြင့် အရာခပ်သိမ်းသည် ဘုရားသခင့်ရည်ရွယ်တော်မူချက်နှင့်အညီ တစ်ဖန်ပြန်ဖြစ်လာမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်သင့်သည်။—ဧဖက် ၁:၈-၁၄; ကောလောသဲ ၁:၁၉၊ ၂၀။
တန်ခိုးနှင့်ပြုပြင်သောဘုရားသခင့်နှုတ်တော်ထွက်စကား
၁၇။ ဇာတိဣသရေလတို့လိုက်လျှောက်သည့် အဘယ်လမ်းစဉ်ကို ကျွန်ုပ်တို့ရှောင်ရမည်နည်း။
၁၇ ဣသရေလလူမျိုးများသည် သူတို့၏မနာခံမှုနှင့် ယုံကြည်ခြင်းကင်းမဲ့မှုတို့ကြောင့် ဘုရားသခင့်ကတိထားရာအနားယူခြင်းသို့ မဝင်ခဲ့ကြချေ။ ရလဒ်အနေဖြင့် ဟေဗြဲခရစ်ယာန်များကို ပေါလုဤသို့တိုက်တွန်းခဲ့၏– “ထိုကြောင့်၊ ဣသရေလလူတို့သည် မယုံကြည်သောစိတ်ရှိသဖြင့်လဲသကဲ့သို့ ငါတို့သည်မလဲ၊ ထိုချမ်းသာ [“အနားယူခြင်း၊” ကဘ] ထဲသို့ဝင်ရမည်အကြောင်း ကြိုးစားအားထုတ်ကြကုန်အံ့။” (ဟေဗြဲ ၄:၁၁) ပထမရာစုရှိ ဂျူးအများစုသည် ယေရှုကိုယုံကြည်ကြောင်း မတင်ပြခဲ့ကြ၍ စီ.အီး. ၇၀ ၌ဂျူးစနစ်အဆုံးရောက်ရှိလာသောအခါ ကြီးစွာသောဆင်းရဲခြင်းကြုံခဲ့ကြရသည်။ ယနေ့ ကတိတော်ဆိုင်ရာဘုရားသခင့်နှုတ်တော်ထွက်စကား၌ ကျွန်ုပ်တို့ယုံကြည်ရန် အရေးကြီးလှပါသည်တကား!
၁၈။ (က) ဘုရားသခင့်နှုတ်တော်ထွက်စကား၌ ယုံကြည်ခြင်းတင်ပြသင့်သည့် အဘယ်အကြောင်းရင်းများကို ပေါလုပေးခဲ့သနည်း။ (ခ) ဘုရားသခင်၏နှုတ်တော်ထွက်စကားသည် မည်သို့ “သန်လျက်တကာထက် ထက်” သနည်း။
၁၈ ယေဟောဝါ၏နှုတ်တော်ထွက်စကားကို ယုံကြည်ကြောင်းတင်ပြရန် ခိုင်မာသောအကြောင်းရင်းများ ကျွန်ုပ်တို့ရှိထားသည်။ ပေါလုဤသို့ရေးခဲ့၏– “ဘုရားသခင်၏ . . . တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကိုလည်းကောင်း၊ အရိုးဆစ်နှင့်ခြင်ဆီကိုလည်းကောင်းပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။” (ဟေဗြဲ ၄:၁၂) မှန်ပါသည်၊ ဘုရားသခင့်နှုတ်တော်ထွက်စကား သို့မဟုတ် သတင်းတရားသည် “သန်လျက်တကာတို့ထက် ထက်” ၏။ ဟေဗြဲခရစ်ယာန်များသည် ၎င်းတို့ဘိုးဘေးများဖြစ်ပျက်ရာကိုသတိရရန်လိုခဲ့သည်။ တောကန္တာရ၌ဖျက်ဆီးခံရမည်ဟူသည့် ယေဟောဝါ၏စီရင်ချက်ကိုလျစ်လျူရှုကာ ကတိထားရာပြည်သို့ ဝင်ရောက်ဖို့ကြိုးစားခဲ့ကြသည်။ သို့သော် သူတို့အား မောရှေဤသို့သတိပေးခဲ့သည်– “အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် သင်တို့မရောက်မီ ရောက်နှင့်သည်ဖြစ်၍၊ သင်တို့သည်ထားဖြင့်ဆုံးကြလိမ့်မည်။” ဣသရေလလူမျိုးများသည် ခေါင်းမာစွာ ရှေ့ဆက်တိုးသောအခါ “တောင်ပေါ်မှာရှိနှင့်သော အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည်ဆင်းလာလျက်၊ ဣသရေလအမျိုးသားတို့ကိုတိုက်သဖြင့်၊ ဟောမာမြို့တိုင်အောင်လိုက်ကြ၏။” (တောလည်ရာ ၁၄:၃၉-၄၅) ယေဟောဝါ၏နှုတ်တော်ထွက်စကားသည် သန်လျက်တကာထက်ထက်ပြီး ယင်းကိုတမင်တကာလျစ်လျူရှုသူမှန်သမျှသည် အကျိုးဆက်ကို အမှန်ရိတ်ရမည်ဖြစ်သည်။—ဂလာတိ ၆:၇-၉။
၁၉။ ဘုရားသခင့်နှုတ်တော်ထွက်စကားသည် တန်ခိုးရှိစွာ မည်သို့ ‘ထုတ်ချင်းခွင်း’ တတ်ပြီး ဘုရားသခင်ထံ ကျွန်ုပ်တို့စာရင်းရှင်းရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့အဘယ်ကြောင့်အသိအမှတ်ပြုသင့်သနည်း။
၁၉ ဘုရားသခင့်နှုတ်တော်ထွက်စကားသည် “အသက်နှင့်စိတ်ဝိညာဉ်ကိုလည်းကောင်း၊ အရိုးဆစ်နှင့်ခြင်ဆီကိုလည်းကောင်းပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်” သည့်တန်ခိုးရှိ၏! ယင်းသည် တစ်ဦးစီ၏အကြံအစည်များနှင့်ရည်ရွယ်ချက်များကို ထိုးဖောက်ကာ၊ ပုံဆောင်သဘောဖြင့် အရိုးများ၏အတွင်းဆုံးအပိုင်းရှိခြင်ဆီထိတိုင် ထုတ်ချင်းခွင်းတတ်၏! အီဂျစ်ကျွန်ဘဝမှလွတ်မြောက်ခဲ့ကြသော ဣသရေလလူမျိုးတို့သည် ဘုရားသခင်၏ပညတ်တော်ကို လိုက်နာရန် သဘောတူညီခဲ့ကြသော်လည်း ကိုယ်တော့်စီမံပေးရာများနှင့် တောင်းဆိုချက်များကို လှိုက်လှိုက်လှဲလှဲလေးမြတ်မှုမရှိခဲ့ကြကြောင်း ယေဟောဝါသိတော်မူခဲ့၏။ (ဆာလံ ၉၅:၇-၁၁) ကိုယ်တော့်အလိုတော်ဆောင်ခြင်းအစား သူတို့၏အသွေးအသားဆန္ဒဖြည့်စွမ်းရေးကို အာရုံစိုက်ခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် ဘုရားသခင့်ကတိတော်အနားယူခြင်းသို့ မဝင်ဘဲတောကန္တာရ၌ဖျက်ဆီးခံခဲ့ကြရသည်။ “ငါတို့ကိုစစ်ကြောစီရင်တော်မူသောသူရှေ့၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ၊ ခပ်သိမ်းသောအရာတို့သည် အကွယ်အကာမရှိဘဲ၊ မျက်မှောက်တော်၌လှန်ထားလျက်ရှိကြ” ကြောင်းကို ကျွန်ုပ်တို့နှလုံးသွင်းရန်လိုသည်။ (ဟေဗြဲ ၄:၁၃) ထို့ကြောင့် ကျွန်ုပ်တို့သည် ယေဟောဝါထံကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံခြင်းကို ပြည့်မီစေပြီး “ပျက်စီးခြင်းသို့ရောက်အံ့သောငှာ ရွေ့လျော့သောသူမဟုတ်” သူများဖြစ်ကြစို့။—ဟေဗြဲ ၁၀:၃၉။
၂၀။ အဘယ်ရှေ့ရေးရှိပြီး၊ ဘုရားသခင့်အနားယူခြင်းသို့ဝင်ရန် ယခုကျွန်ုပ်တို့ဘာလုပ်ရမည်နည်း။
၂၀ “သတ္တမနေ့”—ဘုရားသခင့်အနားယူရာနေ့—သည်ရှိနေဆဲဖြစ်သော်လည်း ကိုယ်တော်သည် ကမ္ဘာနှင့်လူသားတို့နှင့်ပတ်သက်၍ မိမိ၏ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် နိုးကြားတော်မူ၏။ များမကြာမီ မေရှိယနိုင်ငံတော်ဘုရင် ယေရှုခရစ်သည် စာတန်အပါအဝင် ဘုရားသခင့်အလိုတော်ကိုဆန့်ကျင်သူအားလုံးကို ကမ္ဘာမှပယ်ရှင်းတော့မည်။ ခရစ်တော်၏အနှစ်တစ်ထောင်အုပ်စိုးစဉ်အတွင်း ယေရှုနှင့်ကိုယ်တော်၏တွဲဖက်ဘုရင် ၁၄၄,၀၀၀ တို့သည် မြေကြီးနှင့်လူသားတို့အတွက် ဘုရားသခင်ရည်ရွယ်ထားသည့်အခြေအနေကို ဆောင်ကြဉ်းပေးကြပါလိမ့်မည်။ (ဗျာဒိတ် ၁၄:၁; ၂၀:၁-၆) ကျွန်ုပ်တို့၏အသက်တာသည် ယေဟောဝါဘုရားသခင်၏အလိုတော်ကို အဓိကထားကြောင်းသက်သေပြရန်အချိန်သည် ယခုအချိန်ဖြစ်၏။ ဘုရားသခင်ရှေ့မှောက် မိမိကိုယ်ကိုဖြောင့်မတ်မှန်ကန်ကြောင်းပြရန်နှင့် ကျွန်ုပ်တို့၏ကိုယ်ကျိုးကိုတိုးပွားအောင် ကြိုးစားနေမည့်အစား ‘ကျွန်ုပ်တို့၏ကိုယ်ပိုင်အလုပ်မှအနားယူ’ ကာ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားအတွက် စိတ်အားထက်သန်စွာလုပ်ဆောင်ရမည့်အချိန်ဖြစ်၏။ ကျွန်ုပ်တို့သည် ထိုသို့လုပ်ဆောင်နေခြင်းနှင့် ကောင်းကင်ခမည်းတော်အပေါ် သစ္စာရှိနေခြင်းအားဖြင့် ဘုရားသခင်၏အနားယူခြင်းအကျိုးကို ယခုနှင့်ထာဝရခံစားခွင့်ရရှိကြမည်တည်း။
သင်ရှင်းပြနိုင်သလော
◻ အဘယ်ရည် ရွယ်ချက်အတွက် “သတ္တမနေ့” တွင်ဘုရားသခင်အနားယူခဲ့သနည်း။
◻ ဣသရေလလူမျိုးများသည် အဘယ်အနားယူခြင်းကို ခံစားနိုင်ခဲ့ကြသနည်း၊ သို့သော် သူတို့သည် ယင်းထဲသို့ အဘယ်ကြောင့်ဝင်ရန်ပျက်ကွက်ခဲ့ကြသနည်း။
◻ ဘုရားသခင်၏အနားယူခြင်းထဲသို့ဝင်ရန် ကျွန်ုပ်တို့ဘာလုပ်ရမည်နည်း။
◻ ဘုရားသခင်၏နှုတ်တော်ထွက်စကားသည် မည်သို့အသက်ရှင်ပြီး၊ တန်ခိုးရှိကာ သန်လျက်တကာတို့ထက်ထက်သနည်း။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ဣသရေလလူမျိုးများသည် ဥပုသ်ကိုစောင့်ခဲ့ကြသည်၊ ဘုရားသခင့်၏ အနားယူခြင်းသို့ မဝင်ခဲ့ကြ။ အကြောင်းရင်းကို သင်သိသလော