ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူး
“ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပေးတော်မူမည်မဟုတ်လော။”—လုကာ ၁၁:၁၃။
၁၊ ၂။ (က) သန့်ရှင်းသောဝိညာဉ်တော်အကြောင်း ယေရှုအဘယ်ကတိပေးခဲ့သနည်း။ ယင်းသည်အဘယ်ကြောင့် အမှန်အားရှိစေသနည်း။ (ခ) သန့်ရှင်းသောဝိညာဉ်တော်ကား အဘယ်နည်း။
စီအီး ၃၂ ဆောင်းဦးရာသီတွင် ယုဒပြည်နယ်တစ်လျှောက်သတင်းကောင်းဟောပြောနေစဉ် တပည့်တော်များအား ယေဟောဝါ၏ရက်ရောမှုအကြောင်း ယေရှုပြောပြသည်။ တန်ခိုးပါသောပုံဥပမာများအသုံးပြုကာ ဤအားယူစရာကတိတော်ကိုပြောကြားခဲ့သည်။ “သင်တို့သည်အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အားကောင်းသောအရာကိုပေးတတ်လျှင် ထိုမျှမကကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပေးတော်မူမည်မဟုတ်လော။”—လုကာ ၁၁:၁၃။
၂ တကယ်အားရစရာကောင်းသည့်စကားများပါတကား။ ဤလောက၏နောက်ဆုံးကာလဗရုတ်သုတ်ခကို ကျွန်ုပ်တို့ရင်ဆိုင်စဉ်၊ စာတန်နှင့် သူ၏နတ်ဆိုးများ၏မုန်းတီးမှုကိုခံနေရစဉ်၊ ကိုယ်ကိုယ်တိုင်၏အားနည်းချက်များကို တိုက်လှန်နေရစဉ် ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့ကိုခွန်အားပေးတော်မူမည်အကြောင်း သိရှိခြင်းကား အမှန်အားယူစရာဖြစ်ပေသည်။ ထိုသို့သောထောက်ပံ့မှုမရှိလျှင် သစ္စာရှိရှိခံရပ်ဖို့ရန်ဖြစ်နိုင်မည်မဟုတ်ပါ။ ဘုရားသခင်၏လှုပ်ရှားသောစွမ်းအားဖြစ်သည့် ဤဝိညာဉ်တော်တန်ခိုးကို သင်ခံစားဖူးပါသလော။ သင့်အားမည်မျှကူညီပေးနိုင်သည်ကို သဘောပေါက်နိုင်ပါသလော။ ယင်းကိုသင်အပြည့်အဝအသုံးပြုပါသလော။
သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုး
၃၊ ၄။ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးကို ပုံဖော်ပြပါ။
၃ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးကို ဦးဆုံးသုံးသပ်ကြည့်စို့။ ၁၉၅၄ ခုနှစ်သို့ပြန်ပြောင်းကြည့်ပါ။ ထိုအချိန်တွင် တောင်ပစိဖိတ်ရှိဘီကီနီသန္တာကျွန်းလေးပေါ် ဟိုက်ဒရိုဂျင်ဗုံးဖောက်ခွဲခဲ့သည်။ ဗုံးပေါက်ကွဲပြီးသည့်တစ်ခဏတွင်ပင် အလွန်လှပသောကျွန်းကလေးသည် ကြီးမားသောမီးလုံးကြီး၌လောင်ကျွမ်းသွားပြီး တီအင်တီတန်ပေါင်း ၁၅ သန်းအင်အားရှိဗုံးပေါက်ကွဲမှုကြောင့် အစိတ်စိတ်အမြွှာမြွှာဖြစ်သွားလေသည်။ ထိုဖျက်ဆီးမှုစွမ်းအား အဘယ်ကလာသနည်း။ ဗုံးအူတိုင်ရှိ ယူရေနီယမ်နှင့်ဟိုက်ဒရိုဂျင် တစ်စိတ်တစ်ပိုင်းကလေးကိုသာ စွမ်းအားအဖြစ်သို့ပြောင်းလဲပေးခြင်း၏ အာနိသင်ဖြစ်ပါသည်။ သို့သော် ဘီကီနီကျွန်း၏အဖြစ်ဆိုးနှင့် လားလားကြီးဆန့်ကျင်သောအဖြစ်မျိုးကို သိပ္ပံပညာရှင်များပြုလုပ်ပေးနိုင်မည်ဆိုလျှင်ကော။ ထိုစွမ်းအင်ပြင်းထန်မှုရှိသမျှကို ယူရေနီယမ်နှင့်ဟိုက်ဒရိုဂျင် သုံးလေးဆယ်သားသို့ ပြုပြင်ပေးနိုင်မည်ဆိုလျှင် မည်မျှအောင်မြင်ဖြစ်မြောက်မှုဖြစ်မည်တကား။ “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ” စဉ်က ထိုသို့ပင်ယေဟောဝါပြုမူတော်မူခဲ့သည်။ ကွာခြားသည်ကား ဧရာမကြီးမားခန့်ညားသည့်နည်းအရဖြစ်သည်။—ကမ္ဘာဦး ၁:၁။
၄ ယေဟောဝါ၌ပြင်းထန်သောစွမ်းအား များစွာသိုမှီးထားသည်။ (ဟေရှာယ ၄၀:၂၆) ဖန်ဆင်းတော်မူချိန်၌ စကြဝဠာကိုဖွဲ့စည်းသည့်ဒြပ်အလုံးစုံကိုပုံသွင်းတော်မူစဉ် ဤစွမ်းအားကိုအနည်းနှင့်အများအသုံးပြုတော်မူခဲ့မည်။ ဤဖန်ဆင်းရာကာလတွင် ကိုယ်တော်ဘာကိုအသုံးပြုခဲ့သနည်း။ ဖတ်ရသည်ကား ဤသို့။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏နှုတ်ကပါဌ်တော်အားဖြင့် မိုးကောင်းကင်ကိုလည်းကောင်း၊ နှုတ်တော်အသက်အားဖြင့် မိုးကောင်းကင်တန်ဆာများကိုလည်းကောင်း ဖန်ဆင်းတော်မူ၏။” (ဆာလံ ၃၃:၆) ကမ္ဘာဦးကျမ်းပါဖန်ဆင်းခြင်းမှတ်တမ်းတွင် ဤသို့ဖတ်ရသည်။ “ဘုရားသခင်၏ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားတော်မူ၏။” (ကမ္ဘာဦး ၁:၂) သန့်ရှင်းသောဝိညာဉ်တော်သည် အင်အားကြီးမားလှသည်တကား။
အံ့ချီးဖွယ်လုပ်ငန်းများ
၅။ သန့်ရှင်းသောဝိညာဉ်တော်သည် အဘယ်ကြီးမားသောနည်းမျိုးဖြင့် လှုပ်ရှားနေသနည်း။
၅ သန့်ရှင်းသောဝိညာဉ်တော်သည် ယနေ့ထိ ကြီးမားသောနည်းအမျိုးမျိုးဖြင့် လှုပ်ရှားနေတုန်းပင်။ ယင်းသည် ယေဟောဝါ၏ကောင်းကင်အဖွဲ့အစည်းကို လမ်းပြညွှန်ကြားတော်မူသည်။ (ယေဇကျေလ ၁:၂၀၊ ၂၁) ဟိုက်ဒရိုဂျင်ဗုံးပေါက်ကွဲချိန်၌ လွှတ်ခဲ့သောအင်အားမျိုးကို ယေဟောဝါ၏ရန်သူများအားဖျက်ဆီးရာတွင်အသုံးပြုနိုင်သကဲ့သို့ ကျွန်ုပ်တို့ကိုအားရဝမ်းသာစေနိုင်မည့် အခြားနည်းပေါင်းစုံဖြင့်လည်းအသုံးပြုနိုင်ပါသည်။—ဟေရှာယ ၁၁:၁၅။ ၃၀:၂၇၊ ၂၈။ ၄၀:၇၊ ၈။ ၂ သက်သာလောနိတ် ၂:၈။
၆။ မောရှေနှင့်ဣသရေလလူမျိုး အီဂျစ်ပြည်နှင့်ဆက်သွယ်ရာ၌ သန့်ရှင်းသောဝိညာဉ်တော်မည်သို့ထောက်ပံ့သနည်း။
၆ ဥပမာ၊ ဘီစီအီး ၁၅၁၃ ခန့်က ဣသလရေလလူမျိုးကိုလွတ်လပ်ရေးပေးရန် အီဂျစ်ပြည်ဖာရောမင်းထံ မောရှေကိုယေဟောဝါစေလွှတ်တော်မူသည်။ လွန်ခဲ့သောအနှစ် ၄၀ အတွင်းမောရှေသည် မိဒျန်ပြည်တွင် သိုးထိန်းဖြစ်ခဲ့ရာ ဖာရောသည်သိုးထိန်းတစ်ဦး၏စကားကို အဘယ်ကြောင့်နားထောင်ရမည်နည်း။ စစ်မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ယေဟောဝါအမည်နှင့် မောရှေလာသည့်အတွက် နားထောင်သင့်သည်။ ယင်းကိုသက်သေပြရန်၊ အံ့ဖွယ်အမှုများကိုပြုနိုင်ရန် ယေဟောဝါသူ့အားတန်ခိုးပေးခဲ့သည်။ ယင်းတို့သည်အလွန်ထူးခြားစွဲမှတ်ဖွယ်ဖြစ်လွန်းလှသဖြင့် အီဂျစ်ယဇ်ပုရောဟိတ်များပင် “ဤအမှုသည်ဘုရားသခင်၏တန်ခိုးကြောင့်ဖြစ်သည်” ဟုဝန်ခံခဲ့ရသည်။a (ထွက်မြောက်ရာ ၈:၁၉) အီဂျစ်အပေါ်ဘေးဒဏ်ဆယ်ခုကျရောက်စေခဲ့၍ နောက်ဆုံးဘေးဒဏ်ကြောင့် အီဂျစ်ပြည်မှ ဘုရားသခင့်လူမျိုးကို ဖာရောမလွှတ်မနေနိုင် လွှတ်ပေးလိုက်ရသည်။ နောင်တွင်ဖာရောသည် ဗိုလ်ခြေနှင့်နောက်သို့လိုက်၍ ပြန်ဖမ်းဆီးရန်ကြိုးစားသောအခါ ပင်လယ်နီကိုဖြတ်ကူးရန် အံ့ဖွယ်နည်းဖြင့်လွတ်မြောက်ရာလမ်း ဣသရေလလူမျိုးအတွက်ပေါ်လာသည်။ အီဂျစ်ဗိုလ်ပါတို့လည်း နောက်သို့လိုက်ဆင်းကြရာ ပင်လယ်ရေနစ်၍သေကျေပျက်စီးကုန်သည်။—ဟေရှာယ ၆၃:၁၁-၁၄။ ဟဂ္ဂဲ ၂:၄၊ ၅။
၇။ (က) သန့်ရှင်းသောဝိညာဉ်တော် အံ့ဖွယ်ရာများပြုခဲ့ရခြင်းအကြောင်းအချို့ကား အဘယ်နည်း။ (ခ) သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖြစ်ပျက်သည့် အံ့ဖွယ်ရာများယနေ့မရှိတော့သော်လည်း သမ္မာကျမ်းစာပါ ယင်းတို့၏မှတ်တမ်းများသည် အဘယ်ကြောင့်အားယူဖွယ်ဖြစ်သနည်း။
၇ မှန်ပေသည်။ ယေဟောဝါရှင်သည် ဝိညာဉ်တော်အားဖြင့် မောရှေခေတ်က ဣသရေလလူမျိုးအတွက် ကြီးမားသောတန်ခိုးများပြတော်မူခဲ့သည်။ အခြားအချိန်များ၌လည်း ထိုသို့ပြုတော်မူခဲ့သည်။ ထိုအံ့ဖွယ်ရာတန်ခိုးများကား အဘယ်အတွက်ဖြစ်သနည်း။ ယေဟောဝါ၏ရည်ရွယ်ချက်ပြည့်စုံစေသည်၊ နာမတော်နှင့်တန်ခိုးတော်ကိုလည်းထင်ရှားစေသည်၊ တစ်ခါတစ်ရံမောရှေ၏အဖြစ်ကဲ့သို့ လူတစ်ဦးတစ်ယောက်သည် ယေဟောဝါ၏ထောက်ပံ့ကူညီမှုရရှိကြောင်း သက်သေထူပါသည်။ (ထွက်မြောက်ရာ ၄:၁-၉။ ၉:၁၄-၁၆) သို့ရာတွင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖြစ်ပျက်သည့်အံ့ဖွယ်ရာများသည် သမိုင်းတစ်လျှောက်အလွန်ရှားပါးပါသည်။bသမ္မာကျမ်းစာခေတ်ကအသက်ရှင်ခဲ့သူအများသည် အံ့ဖွယ်ရာတစ်ခုမျှပင်မမြင်ဖူးဘဲဖြစ်ပေမည်။ ယနေ့ယင်းတို့ကို လုံးဝမတွေ့မမြင်ရတော့ချေ။ မည်သို့ဆိုစေ၊ မကျော်လွှားနိုင်သည့်ပြဿနာများနှင့် ယနေ့ကျွန်ုပ်တို့လုံးပမ်းနေကြစဉ် ယုံကြည်ခြင်းဖြင့်ယေဟောဝါထံဆုပတ္ထနာပြုပါက မောရှေအား ဖာရောရှေ့ထောက်ပံ့ကူညီပေး၍ ပင်လယ်နီကို ဣသရေလလူမျိုးကူးဖြတ်ရန်လမ်းဖွင့်ပေးခဲ့သည့် ထပ်တူဝိညာဉ်တော်ကို ကျွန်ုပ်တို့အားပေးတော်မူမည်။—မဿဲ ၁၇:၂၀။
မှုတ်သွင်းခံမှတ်တမ်းများ
၈။ ပညတ်တော်ဆယ်ပါးကိုပေးရာတွင် သန့်ရှင်းသောဝိညာဉ်တော်၏ကဏ္ဍကားအဘယ်နည်း။
၈ အီဂျစ်ပြည်မှသူတို့လွတ်မြောက်လာပြီးနောက် သိနာတောင်အရပ်သို့ ဣသရေလလူမျိုးကို မောရှေခေါ်ဆောင်သွားရာ ထိုအရပ်တွင် သူတို့နှင့်ယေဟောဝါပဋိညာဉ်ဖွဲ့တော်မူပြီး ပညတ္တိကျမ်းကိုလည်းပေးတော်မူခဲ့သည်။ ထိုပညတ္တိကျမ်း၏အဓိကအပိုင်းမှာ ပညတ်တော်ဆယ်ပါးဖြစ်သည်။ ယင်းတို့ကိုအစကနဦးက ကျောက်ပြားများပေါ်ထွင်းရေးခဲ့သည်။ မည်သို့အားဖြင့်နည်း။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖြစ်သည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်။ “ထိုသို့ [ယေဟောဝါ] ဘုရားသခင်သည် သိနာတောင်ပေါ်မှာ မောရှေနှင့်နှုတ်ဆက်တော်မူသည်အဆုံး၌ လက်ညှိုးတော်နှင့်အက္ခရာတင်သော သက်သေခံချက်ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။”—ထွက်မြောက်ရာ ၃၁:၁၈။ ၃၄:၁။
၉၊ ၁၀။ ဟေဗြဲကျမ်းစောင်များရေးသားရာတွင် သန့်ရှင်းသောဝိညာဉ်တော်သည် မည်သို့လှုပ်ရှားခဲ့သနည်း။ ယေရှု၏တပည့်တော်များအသုံးပြုခဲ့သည့်စကားများမှ ယင်းသည်မည်သို့ထင်ရှားသနည်း။
၉ ပညတ်တော်ဆယ်ပါးအပြင် သစ္စာရှိအမျိုးသားအမျိုးသမီးများကိုလမ်းညွှန်ပေးရန် ပညတ်ချက်နှင့်ဥပဒေရာပေါင်းများစွာကို ဣသရေလလူမျိုးအား ဝိညာဉ်တော်အားဖြင့် ယေဟောဝါဘုရားသခင်ပေးတော်မူသည်။ ပညတ်ဥပဒေတိုးများလာစရာအကြောင်းလည်းရှိသည်။ မောရှေခေတ်ပြီးနောက် ရာစုပေါင်းများစွာတွင် ယေဟောဝါထံလူအများရှေ့တွင် နေဟမိ ဤသို့ဆုတောင်းခဲ့သည်။ “နှစ်ပေါင်းများစွာ သူတို့ [ဣသရေလလူမျိုး] ကိုသည်းခံ၍ ကိုယ်တော်၏ပရောဖက်တို့၌ရှိသော ကိုယ်တော်၏ဝိညာဉ်အားဖြင့် ဆုံးမတော်မူ” ၏။ (နေဟမိ ၉:၅၊ ၃၀) ထိုပရောဖက်များဟောပြောခဲ့သော မှုတ်သွင်းခံပရောဖက်ပြုချက်များစွာတို့ကို မှတ်တမ်းတင်ခဲ့သည်။ ထို့ပြင် မြင့်မြတ်သောသမိုင်းများနှင့် လှိုက်လှိုက်လှဲလှဲသီဆိုသော ချီးမွမ်းခြင်းသီချင်းများကိုရေးမှတ်ကြရန် သစ္စာရှိသူများအားသန့်ရှင်းသောဝိညာဉ်တော်ကတိုက်တွန်းပေးခဲ့သည်။
၁၀ ပေါလုက “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်” သည်ဟုဆိုရာတွင် ဤမှတ်တမ်းတင်ချက်အားလုံးကိုဆိုလိုနေခြင်းဖြစ်သည်။ (၂ တိမောသေ ၃:၁၆။ ၂ ဓမ္မရာဇဝင် ၂၃:၂။ ၂ ပေတရု ၁:၂၀၊ ၂၁) ဤကျမ်းချက်များကိုကိုးကားသောအခါ ယေရှု၏ပထမရာစုရှိတပည့်တော်များသည် “သန့်ရှင်းသောဝိညာဉ်တော်သည် ဒါဝိဒ်မင်း၏နှုတ်ဖြင့်ဗျာဒိတ်ထားတော်မူ” ၏၊ “သန့်ရှင်းသောဝိညာဉ်တော်သည် ပရောဖက်ဟေရှာယအားဖြင့်မိန့်တော်မူ” ၏၊ “သန့်ရှင်းသောဝိညာဉ်တော် မိန့်တော်မူသည်” အစရှိသမျှဆိုခဲ့သည်။ (တမန်တော် ၁:၁၆။ ၄:၂၅။ ၂၈:၂၅၊ ၂၆။ ဟေဗြဲ ၃:၇) သမ္မာကျမ်းစာကိုမှတ်တမ်းတင်ရန် ဩဇာလွှမ်းမိုးခဲ့သော ထပ်တူသန့်ရှင်းသောဝိညာဉ်တော်ပင် ယနေ့ကျွန်ုပ်တို့အဖို့လမ်းပြ၍သက်သာမှုပေးသည့် ထိုကျမ်းစာစောင်များကိုသိုမှီးပေးထားခြင်းသည် ကြီးမြတ်လှသောကောင်းချီးပါတကား။—၁ ပေတရု ၁:၂၅။
သန့်ရှင်းသောဝိညာဉ်တော်ကိုအားထားခြင်း
၁၁။ တဲတော်ဆောက်ခြင်းနှင့်ပတ်သက်၍ ဝိညာဉ်တော်၏အဘယ်လုပ်ငန်းကိုတွေ့ရှိရသနည်း။
၁၁ သိနာတောင်ခြေရင်းတွင် ဣသရေလလူမျိုးတပ်ချနေစဉ် စစ်မှန်သောဝတ်ပြုရေးထမ်းဆောင်ရာတဲတော်ဆောက်ပေးရန် ယေဟောဝါအမိန့်ပေးတော်မူခဲ့သည်။ ထိုအမှုကို သူတို့မည်သို့ပြုလုပ်နိုင်မည်နည်း။ ဣသရေလလူမျိုးအား “တစ်ဖန်မောရှေက ‘နားထောင်ကြလော့။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဘုရားသခင်သည် ယုဒအမျိုးသားဟုရ၏သားဖြစ်သော ဥရိ၏သား ဗေဇလေလကိုအမည်ဖြင့်ခန့်ထားတော်မူပြီ။ သူသည် . . . ဉာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးကိုပေး၍ ဘုရားသခင်၏ဝိညာဉ်တော်နှင့်ပြည့်စုံစေတော်မူပြီ။’” (ထွက်မြောက်ရာ ၃၅:၃၀၊ ၃၁) သန့်ရှင်းသောဝိညာဉ်တော်သည် ဗေဇလေလ၌ရှိထားနှင့်သောစွမ်းရည်ကိုထပ်ဖြည့်ပေးသည်။ ဤနည်းဖြင့် ၄င်းထူးခြားသောအဆောက်အဦကို ဆောက်လုပ်ရာတွင် အောင်မြင်စွာကြီးကြပ်ကွပ်ကဲပေးနိုင်ပါမည်။
၁၂။ မောရှေခေတ်နောက်ပိုင်းတွင် လူအသီးသီးတို့ကို ဝိညာဉ်တော်သည် အဘယ်ထူးခြားသောနည်းများဖြင့် ခွန်အားပေးခဲ့သနည်း။
၁၂ နောင်တစ်ချိန်တွင် ရှံဆုန်အပေါ် ယေဟောဝါ၏ဝိညာဉ်တော်သွန်းလောင်း၍လှုပ်ရှားပေးသည့်အခါ ဖိလိတ္တိလူမျိုးလက်မှ ဣသရေလလူမျိုး လွတ်မြောက်လာနိုင်ရန် ထူးကဲသောခွန်အားရရှိစေသည်။ (တရားသူကြီး ၁၄:၅-၇၊ ၉။ ၁၅:၁၄-၁၆။ ၁၆:၂၈-၃၀) အခြားတစ်ချိန်၌လည်း ဘုရားသခင်ရွေးချယ်ခံလူမျိုး၏ဘုရင်အဖြစ် အထူးဉာဏ်ပညာကိုရှောလမုန်လက်ခံရရှိခဲ့သည်။ (၂ ရာဇဝင်ချုပ် ၁:၁၂၊ ၁၃) သူ၏လက်ထက်၌ ဣသရေလလူမျိုးသည် တစ်ခါနှင့်မျှမတူ တိုးတက်ကြီးပွားခဲ့သည်။ တိုင်းပြည်၏ဝမ်းသာဖွယ်အခြေအနေသည်လည်း သာ၍ကြီးမြတ်တော်မူသောရှောလမုန်၊ ယေရှုခရစ်၏အနှစ်တစ်ထောင်အုပ်ချုပ်ရာကာလ၌ ဘုရားသခင့်လူမျိုးခံစားရမည့်ကောင်းချီးများ၏ပုံစံဖြစ်လာပေသည်။—၃ ဓမ္မရာဇဝင် ၄:၂၀၊ ၂၅၊ ၂၉-၃၄။ ဟေရှာယ ၂:၃၊ ၄၊ ၁၁:၁၊ ၂။ မဿဲ ၁၂:၄၂။
၁၃။ ဗေဇလေလ၊ ရှံဆုန်နှင့်ရှောလမုန်ကို ဝိညာဉ်တော်ခွန်အားပေးသည့်မှတ်တမ်းသည် ယနေ့ကျွန်ုပ်တို့ကို မည်သို့အားရှိစေသနည်း။
၁၃ ထပ်တူဝိညာဉ်တော်ကို ကျွန်ုပ်တို့အားလည်းယေဟောဝါပေးသနားတော်မူသည့်အတွက် ကြီးမြတ်လှသောကောင်းချီးပါတကား။ တာဝန်တစ်ခုကိုထမ်းဆောင်ရန်၊ လယ်ကွင်းလုပ်ငန်း၌ပါဝင်ရန် အရည်အချင်းမလုံလောက်ဟုခံစားရလျှင် ဗေဇလေလအား ယေဟောဝါပေးတော်မူသည့် ထပ်တူဝိညာဉ်တော်ကို ကျွန်ုပ်တို့တောင်းဆိုနိုင်ပါသည်။ ဖျားနာသည့်အခါ၊ ညှဉ်းပန်းနှိပ်စက်ခံရသည့်အခါ ရှံဆုန်အားထူးကဲသောခွန်အားပေးခဲ့သည့် ထပ်တူဝိညာဉ်တော်သည် အံ့ဖွယ်နည်းဖြင့်မဟုတ်စေကာမူ ကျွန်ုပ်တို့ကိုလည်းထောက်ပံ့ပေးပါလိမ့်မည်။ ခဲယဉ်းသောပြဿနာများရင်ဆိုင်ရသည့်အခါ၊ အရေးကြီးသောဆုံးဖြတ်ချက်များပြုလုပ်ရမည့်အခါ ရှောလမုန်အား ထူးကဲသောဉာဏ်ပညာပေးတော်မူသည့်ယေဟောဝါရှင်ကို အကူအညီတောင်းဆိုနိုင်ပါသည်။ ထိုအခါ ပေါလုနည်းတူ ဤသို့ဆိုနိုင်ကြမည်။ “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။” (ဖိလိပ္ပိ ၄:၁၃) ယာကုပ်၏ကတိသည်လည်း ကျွန်ုပ်တို့နှင့်ဆိုင်လိမ့်မည်။ “သင်တို့တွင်တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ၊ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကိုတောင်းစေ။ တောင်းလျှင်ရလိမ့်မည်။”—ယာကုပ် ၁:၅။
၁၄။ ရှေးခေတ်နှင့်ယခုအချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်၏ထောက်ပံ့မှုကို မည်သူတို့ရရှိခဲ့သနည်း။
၁၄ တရားသူကြီးလုပ်ငန်းကို မောရှေထမ်းဆောင်ရာတွင် ယေဟောဝါ၏ဝိညာဉ်တော်သည် သူ့အပေါ်ရှိသည်။ မောရှေအားကူညီပေးရန် အခြားသူတို့ကိုခန့်အပ်လိုက်ချိန်၌ ယေဟောဝါဤသို့ဆိုသည်။ “သင့်အပေါ်မှာကျိန်းဝပ်သောဝိညာဉ်အချို့ကိုငါယူ၍ သူတို့အပေါ်မှာတင်မည်။ ဤလူတို့ကို သင်တစ်ယောက်တည်းသာဆောင်ရွက်ရမည်မဟုတ်။ ထိုအသက်ကြီးသူတို့သည် ဝိုင်းညီ၍ဆောင်ရွက်ကြရမည်။” (တောလည်ရာ ၁၁:၁၇) သို့ဖြင့်ထိုသူများသည် မိမိခွန်အား၊ မိမိစွမ်းရည်အရသာပြုကြရသည်မဟုတ်ပါ။ သူတို့ကိုသန့်ရှင်းသောဝိညာဉ်တော် ထောက်ပံ့ကူညီပေးပါသည်။ နောင်တွင် ယေဟောဝါ၏ဝိညာဉ်တော်သည် အခြားသူများအပေါ်လည်းသက်ရောက်ခဲ့ကြောင်း ဖတ်ရသည်။ (တရားသူကြီး ၃:၁၀၊ ၁၁။ ၁၁:၂၉) ဣသရေလပြည်၏မင်းလောင်းအဖြစ် ဒါဝိဒ်အားရှမွေလဘိသိက်ပေးခဲ့ချိန်အကြောင်း မှတ်တမ်းကဤသို့ဆိုသည်။ “ရှမွေလသည်လည်း ဆီဘူးကိုယူ၍ သူ၏အစ်ကိုစုထဲမှာ သူ့ကိုဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာသက်ရောက်လေ၏။” (၁ ဓမ္မရာဇင်ဝင် ၁၆:၁၃) အိမ်ထောင်ရေး၊ အသင်းတော်ရေးနှင့်အဖွဲ့အစည်း၌ ကြီးလေးသောတာဝန်များရှိသူတို့ စိတ်သက်သာရာရနိုင်သည်ကား မိမိတို့တာဝန်များကိုထမ်းဆောင်စဉ် ဘုရားသခင့်ဝိညာဉ်တော်သည် ကိုယ်တော်၏ကျေးကျွန်များကို ယနေ့ပင်ထောက်ပံ့ကူညီပေးနေခြင်းဖြစ်သည်။
၁၅။ (က) ဟဂ္ဂဲနှင့်ဇာခရိတို့ခေတ်အပြင် (ခ) ယခုခေတ်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် အဘယ်နည်းဖြင့် ယေဟောဝါအဖွဲ့အစည်းကို ခွန်အားရှိစေသနည်း။
၁၅ မောရှေခေတ်နောက်ပိုင်း နှစ်အတန်ကြာသော် ဗိမာန်တော်ကိုပြန်ဆောက်လုပ်ရန်တာဝန်နှင့် ဗာဗုလုန်ပြည်မှယေရုရှလင်မြို့သို့ ဣသရေလလူမျိုးမှသစ္စာရှိသူများ ပြန်ရောက်လာကြသည်။ (ဧဇရ ၁:၁-၄။ ယေရမိ ၂၅:၁၂။ ၂၉:၁၄) သို့ရာတွင်အနှောင့်အယှက်များပေါ်ပေါက်လာသဖြင့် နှစ်ပေါင်းများစွာစိတ်ဓာတ်ကျခဲ့ကြရသည်။ နောက်ဆုံးတော့ မိမိကိုယ်ကိုအားမကိုးရန်ဂျူးများကိုတိုက်တွန်းဖို့ ပရောဖက်ဟဂ္ဂဲနှင့်ဇာခရိတို့အားပေါ်ထွန်းစေသည်။ သို့သော်လုပ်ငန်းကိုမည်သို့ပြီးမြောက်မည်နည်း။ “‘ဤအမှုသည် ဗိုလ်ခြေအားဖြင့်မဟုတ်၊ အာဏာတန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့်ဖြစ်လိမ့်မည်’ ဟု . . . ဗိုလ်ခြေအရှင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူ၏။” (ဇာခရိ ၄:၆) ဘုရားသခင့်ဝိညာဉ်တော်ထောက်ပံ့မှုဖြင့်လည်း ဗိမာန်တော်ကိုဆောက်လုပ်ပြီးစီးခဲ့သည်။ ယနေ့ဘုရားသခင့်လူမျိုးလည်း ထပ်တူပင်များစွာကိုအောင်မြင်ပြီးမြောက်ခဲ့ပြီ။ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းသည် ကမ္ဘာတစ်ဝန်းပျံ့နှံ့ခဲ့ပြီ။ သမ္မာတရားနှင့်ဖြောင့်မတ်ခြင်းတရားတွင် သန်းပေါင်းများစွာသောသူတို့ သွန်သင်ပို့ချခံနေကြရသည်။ စည်းဝေးပွဲကြီးများကိုစီမံခဲ့ပြီ။ နိုင်ငံတော်ခန်းမနှင့် ဌာနခွဲရုံးများကို ဆောက်လုပ်နေကြပြီ။ ဆန့်ကျင်ကန့်ကွက်မှုများစွာကြုံရလျက်နှင့် ဤသို့နေရာများစွာတွင်ဖြစ်မြောက်ခဲ့သည်။ သို့သော်ယေဟောဝါသက်သေများစိတ်ဓာတ်မကျကြပါ။ သူတို့ဖြစ်မြောက်စေခဲ့သမျှတို့သည် “ဗိုလ်ခြေအားဖြင့်မဟုတ်၊ အာဏာတန်ခိုးအားဖြင့်မဟုတ်၊ ဘုရားသခင့်ဝိညာဉ်အားဖြင့်ဖြစ်ကြောင်း” အသိအမှတ်ပြုကြပါသည်။
ပထမရာစုတွင် ဘုရားသခင့်ဝိညာဉ်တော်
၁၆။ ဘုရားသခင့်ဝိညာဉ်တော်လှုပ်ရှားမှုနှင့်ပတ်သက်၍ ယေဟောဝါ၏ခရစ်ယာန်ခေတ်မတိုင်မီကျေးကျွန်များ အဘယ်တွေ့ကြုံမှုရှိသနည်း။
၁၆ ကျွန်ုပ်တို့တွေ့ရှိခဲ့သည်အတိုင်းပင် ခရစ်ယာန်ခေတ်မတိုင်မီက ဘုရားသခင့်ကျေးကျွန်များသည် ဘုရားသခင့်ဝိညာဉ်တော်တန်ခိုးကို ကောင်းစွာသိရှိခဲ့သည်။ ကြီးလေးသောတာဝန်များကိုထမ်းဆောင်နိုင်ရန်၊ ဘုရားသခင့်အလိုတော်ကိုဆောင်ရွက်နိုင်ရန် ဝိညာဉ်တော်ကိုသူတို့အားကိုးခဲ့ကြသည်။ ပညတ်တရားနှင့်အခြားမြင့်မြတ်သောကျမ်းစာစောင်များသည် မှုတ်သွင်းခံခြင်းအားဖြင့်ဖြစ်ပြီး ယေဟောဝါ၏ဝိညာဉ်တော်တိုက်တွန်းမှုအရဖြစ်လာသဖြင့် ‘ဘုရားသခင့်နှုတ်ကပါဌ်တော်’ ဖြစ်ကြောင်းကိုသူတို့သိရှိကြသည်။ (ဆာလံ ၁၁၉:၁၀၅) သို့သော်ခရစ်ယာန်ခေတ်သမယကော။
၁၇၊ ၁၈။ ခရစ်ယာန်ခေတ်၌ဝိညာဉ်တော် အံ့ဖွယ်နည်းဖြင့်ထင်ရှားပုံအချို့ကားအဘယ်နည်း။ အဘယ်ရည်ရွယ်ချက်ကို ဖြစ်မြောက်စေသနည်း။
၁၇ ကျွန်ုပ်တို့ခေတ်သမယ၏ပထမရာစုတွင် ဘုရားသခင့်ဝိညာဉ်တော်၏ အံ့ချီးဖွယ်လုပ်ရပ်များကိုတွေ့ရှိခဲ့ရသည်။ ဝိညာဉ်တော်မှုတ်သွင်းခံပရောဖက်ပြုခြင်းရှိခဲ့ပါသည်။ (၁ ကောရိန္သု ၁၄:၁၊ ၃) ယေရှု၏ကတိအတိုင်းပင် ကိုယ်တော့်စကားများကို တပည့်တော်များမှတ်မိနိုင်ရန်၊ သမ္မာတရားနှင့်ဆိုင်သော ထပ်ဆင့်အကြောင်းအရာများကို သွန်သင်ပေးရန် ဝိညာဉ်တော်အထောက်အကူပြုမည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်တိုက်တွန်းမှုအားဖြင့် ကျမ်းစောင်များစွာကိုရေးသားခဲ့ပါသည်။ (ယောဟန် ၁၄:၂၆။ ၁၅:၂၆၊ ၂၇။ ၁၆:၁၂၊ ၁၃) နောက်ဆက်တွဲအကြောင်းတွင်ကျွန်ုပ်တို့ပိုမိုသိရှိရမည့်အတိုင်း အံ့ချီးဖွယ်ရာများလည်းရှိပါသေးသည်။ အမှန်ပင်၊ အလွန်ထူးခြားသောအံ့ဖွယ်ရာဖြင့် ပထမရာစုစတင်ခဲ့သည်။ ဘီစီအီး ၂ ခုနှစ်ခန့်တွင် ထူးခြားသောကလေးငယ်တစ်ဦးမွေးဖွားလာရမည်ဖြစ်ပြီး နိမိတ်အနေနှင့် သူ၏မိခင်ငယ်သည် အပျိုကညာဖြစ်ရမည်။ မည်သို့ဖြစ်နိုင်မည်နည်း။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်သာတည်း။ မှတ်တမ်းဖော်ပြသည်ကား ဤသို့။ “ယေရှုခရစ်သည် ဖွားမြင်ခြင်းကိုခံတော်မူသောအကြောင်းအရာဟူမူကား မယ်တော်မာရိသည် ယောသပ်နှင့်ထိမ်းမြားဆောင်နှင်း၍မယှက်တင်မီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေ၏။”—မဿဲ ၁:၁၈။ လုကာ ၁:၃၅၊ ၃၆။
၁၈ ယေရှုကြီးပြင်းလာသောအခါ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးဖြင့် နတ်ဆိုးများကိုနှင်ထုတ်ခဲ့သည်၊ လူနာများကိုကုသပေးခဲ့သည်၊ လူသေကိုပင်ရှင်ပြန်ထမြောက်စေခဲ့သည်။ တပည့်တော်အချို့ပင်လျှင် အံ့ဖွယ်အမှုများနှင့်တန်ခိုးများစွာကိုပြသခဲ့သည်။ ဤထူးခြားသောအရည်အချင်းများသည် ဝိညာဉ်တော်ဆုကျေးဇူးများဖြစ်သည်။ ယင်းတို့၏ရည်ရွယ်ချက်ကားအဘယ်နည်း။ ယခင်ကအံ့ဖွယ်ရာများနည်းတူပင် ဘုရားသခင့်ရည်ရွယ်ချက်ကိုဖြစ်မြောက်စေပြီး တန်ခိုးတော်ကိုလည်းထင်ရှားစေသည်။ ၄င်းပြင်မိမိကိုဘုရားသခင်စေလွှတ်တော်မူကြောင်း ယေရှု၏အဆိုမှန်ကန်သည်ကို အံ့ဖွယ်ရာများကသက်သေထူသည်။ နောက်နောင်တွင် ပထမရာစုခရစ်ယာန်အသင်းတော်သည် ဘုရားသခင့်ရွေးချယ်ရာလူမျိုးဖြစ်ကြောင်း ယင်းတို့ကသက်သေထူသည်။—မဿဲ ၁၁:၂-၆။ ယောဟန် ၁၆:၈။ တမန်တော် ၂:၂၂။ ၁ ကောရိန္သု ၁၂:၄-၁၁။ ဟေဗြဲ ၂:၄။ ၁ ပေတရု ၂:၉။
၁၉။ ယေရှုနှင့်တမန်တော်များ၏အံ့ဖွယ်ရာအကြောင်း ကျမ်းစာပါမှတ်တမ်းက ကျွန်ုပ်တို့ယုံကြည်ခြင်းကို မည်သို့အားရှိစေသနည်း။
၁၉ သို့ရာတွင်တမန်တော်ပေါလုက ဝိညာဉ်တော်၏ဤအံ့ဖွယ်ရာများသည် အသင်းတော်တည်ထောင်ခါစအချိန်နှင့်ဆိုင်၍ ကွယ်ပျောက်သွားမည်ဖြစ်ရာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖြစ်သော ဤအံ့ဖွယ်အမှုများကို ယနေ့ကျွန်ုပ်တို့မတွေ့မြင်ရတော့ချေ။ (၁ ကောရိန္သု ၁၃:၈-၁၁) မည်သို့ဆိုစေ၊ ယေရှုနှင့်တမန်တော်များပြုလုပ်ခဲ့သောအံ့ဖွယ်အမှုများသည် သမိုင်းဝင်ဖြစ်သည့်အတွက် စိတ်ဝင်စားစရာဖြစ်သည်သာမဟုတ်ပါ။ ကမ္ဘာသစ်တွင်ယေရှုအစိုးရသည့်အခါ ဖျားနာခြင်းနှင့်သေခြင်းရှိတော့မည်မဟုတ်ဟူသော ဘုရားသခင့်ကတိတော်ကိုသာ၍ယုံကြည်အားထားစေသည်။—ဟေရှာယ ၂၅:၆-၈၊ ၃၃:၂၄၊ ၆၅:၂၀-၂၄။
ဘုရားသခင့်ဝိညာဉ်တော်မှအကျိုးခံစားလေ
၂၀၊ ၂၁။ သန့်ရှင်းသောဝိညာဉ်တော်အကူအညီကို ကျွန်ုပ်တို့မည်သို့ရယူနိုင်သနည်း။
၂၀ ဤဝိညာဉ်တော်သည် တန်ခိုးကြီးမားလှသည်တကား။ သို့သော်ယနေ့ခရစ်ယာန်များ ယင်းကိုမည်သို့လက်ခံရယူနိုင်သနည်း။ ဦးဆုံးအနေနှင့် ဝိညာဉ်တော်တောင်းဆိုပါဟုယေရှုပြောသကဲ့သို့ပြုပါလေ။ ခဲယဉ်းသောအချိန်ကာလ၌သာမဟုတ် အချိန်အခါမရွေး ဤအံ့ချီးဖွယ်ဆုကျေးဇူးကို ယေဟောဝါပေးသနားတော်မူပါရန် ဆုတောင်းပါ။ ထို့ပြင်သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အားမိန့်မှာညွှန်ကြားစေရန် သမ္မာကျမ်းစာကိုဖတ်ပါ။ (ဟေဗြဲ ၃:၇ နှင့်နှိုင်းယှဉ်။) သင်ဘဝတွင် သန့်ရှင်းသောဝိညာဉ်တော်သြဇာညောင်းစေရန် သင်ဖတ်ရှုရာအပေါ်ဆင်ခြင်သုံးသပ်၍ လက်တွေ့ကျင့်သုံးပါ။ (ဆာလံ ၁:၁-၃) ထို့ပြင် တစ်ဦးချင်း၊ အသင်းတော်တွင်း၊ စည်းဝေးပွဲကြီးများတွင် ဝိညာဉ်တော်ကိုအားကိုးသည့်အခြားသူများနှင့် ပေါင်းသင်းဆက်ဆံပါ။ “ပရိသတ်အစည်းအဝေး” တို့၌ဘုရားသခင်ကိုချီးမွမ်းထောမနာပြုသူများကို သန့်ရှင်းသောဝိညာဉ်တော်သည် ကြွယ်ဝစွာခိုင်ခံ့မြဲမြံစေသည်တကား။—ဆာလံ ၆၈:၂၆။
၂၁ ယေဟောဝါဘုရားသခင်သည် ရက်ရောသောဘုရားဖြစ်တော်မူသည်မဟုတ်လော။ သန့်ရှင်းသောဝိညာဉ်တော်ကိုတောင်းဆိုရုံနှင့် ယင်းကိုကျွန်ုပ်တို့အားပေးမည်ဟုမိန့်တော်မူထားသည်။ ကျွန်ုပ်တို့အသုံးပြုရန် ဤမျှတန်ခိုးပါသောအကူအညီရှိလျက်နှင့် မိမိဉာဏ်ပညာ၊ မိမိခွန်အားကိုမှီခိုအားထားနေရန် အဘယ်ကြောင့်ဤမျှဉာဏ်တိမ်ရပါသနည်း။ သို့ရာတွင်ဘုရားသခင့်ဝိညာဉ်တော်နှင့်စပ်လျဉ်း၍ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့ကိုထိခိုက်သည့်အခြားအရာများရှိပါသည်။ ယင်းတို့ကို နောက်ဆက်တွဲဆောင်းပါးတွင် ဆွေးနွေးတင်ပြမည်။
[အောက်ခြေမှတ်ချက်များ]
a “ဘုရားသခင်၏လက်ညှိုးတော်” ဟုဆိုရာတွင် အများအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကိုဆိုလိုပါသည်။—လုကာ ၁၁:၂၀ နှင့် မဿဲ ၁၂:၂၈ နှင့်နှိုင်းယှဉ်။
b သမ္မာကျမ်းစာတွင်မှတ်တမ်းတင်ထားသည့် အံ့ဖွယ်ရာအများသည် မောရှေနှင့်ယောရှု၊ ဧလိယနှင့်ဧလိရှဲ၊ ယေရှုနှင့်တမန်တော်များခေတ်တွင် ဖြစ်ပျက်ခဲ့သည်။
အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်သလော
▫ စကြဝဠာရှိဒြပ်အားလုံးကို ယေဟောဝါမည်သို့ဖန်ဆင်းသနည်း။
▫ ခရစ်ယာန်ခေတ်မတိုင်မီက သန့်ရှင်းသောဝိညာဉ်တော်လှုပ်ရှားနည်းအချို့ကားအဘယ်နည်း။
▫ ရှေးခေတ်ကသန့်ရှင်းသောဝိညာဉ်တော်ပြုခဲ့သမျှကိုသိခြင်းက ယနေ့ကျွန်ုပ်တို့ကိုမည်သို့အားယူစေနိုင်သနည်း။
▫ သန့်ရှင်းသောဝိညာဉ်တော်အကူအညီကို ကျွန်ုပ်တို့မည်သို့ရယူနိုင်သနည်း။