ယေဟောဝါနှင့် ကိုယ်တော့် နှုတ်ကပါဌ်တော်ကို ယုံကြည်ကိုးစားလော့
“နာမတော်ကို သိသောသူတို့သည် ကိုယ်တော်ကို ကိုးစားကြပါလိမ့်မည်။”—ဆာလံ ၉:၁၀၊ သမ္မာ။
၁။ ကျွန်ုပ်တို့၏ခေတ်သစ်လောကတွင် ယေဟောဝါနှင့် ကိုယ်တော့်နှုတ်ကပါဌ်တော်၌ အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်ဆဲဖြစ်သနည်း။
ဤခေတ်သစ်လောကတွင် ဘုရားသခင်နှင့် ကိုယ်တော့်နှုတ်ကပါဌ်တော် ကျမ်းစာကို ယုံကြည်ကိုးစားရန် ဖိတ်ခေါ်ချက်သည် လက်တွေ့မကျဘဲ လေထဲတိုက်အိမ်ဆောက်သည့်နှယ် ဖြစ်ပုံရှိပေမည်။ သို့တိုင် ဘုရားသခင့်ဉာဏ်ပညာသည် ခေတ်ကာလတစ်လျှောက် မှန်ကန်၍လက်တွေ့ကျကြောင်း ထင်ရှားခဲ့ပြီ။ အမျိုးသား၊ အမျိုးသမီးတို့၏ဖန်ဆင်းရှင်သည် အိမ်ထောင်ရေးနှင့် မိသားစုတို့၏ စတင်ဖန်တီးရှင်ဖြစ်ပြီး ကိုယ်တော်သည် ကျွန်ုပ်တို့၏လိုအပ်ရာများကို အခြားမည်သူထက်မဆို သိတော်မူသည်။ အခြေခံလူ့လိုအပ်ရာများ မပြောင်းလဲသွားသကဲ့သို့ ဤလိုအပ်ရာများကို ပြည့်မီစေသည့် အခြေခံနည်းလမ်းများသည်လည်း ထပ်တူပင်မူလအနေအထားအတိုင်းသာရှိနေသည်။ ကျမ်းစာ၏ဉာဏ်ပညာရှိ ဩဝါဒကို လွန်ခဲ့သည့်ရာစုပေါင်းများစွာက ရေးသားပြုစုခဲ့ခြင်းဖြစ်သော်လည်း ယင်းသည် အသက်ရှင်နေထိုင်ရာတွင်နှင့် ပြဿနာများကို ဖြေရှင်းရာတွင် အောင်မြင်မှုရှိဖို့အတွက် အကောင်းဆုံးလမ်းညွှန်မှုကို ပေးဆဲဖြစ်သည်။ ယင်းကို လိုက်နာခြင်းသည် ခေတ်မီဆန်းပြား၍ သိပ္ပံပညာထွန်းကားသောကမ္ဘာ၌ ကျွန်ုပ်တို့အသက်ရှင်နေရသည့် အချိန်တွင်ပင် အကြီးအကျယ်ပျော်ရွှင်မှုကို ရရှိခံစားရသည်!
၂။ (က) ဘုရားသခင့်ပညတ်တော်များကို နာခံခြင်းက ယေဟောဝါလူမျိုးတော်၏အသက်တာများတွင် အဘယ်ရလဒ်ကောင်းများကို ထွက်ပေါ်စေခဲ့ပြီနည်း။ (ခ) ယေဟောဝါသည် ကိုယ်တော်နှင့် ကိုယ်တော့်နှုတ်ကပါဌ်တော်ကို နာခံသောသူများအတွက် ထပ်ဆင့်၍ အဘယ်အရာများကို ကတိပြုတော်မူသနည်း။
၂ ယေဟောဝါကို ယုံကြည်ကိုးစားပြီး ကျမ်းစာမူများကို လက်တွေ့ကျင့်သုံးခြင်းသည် နေ့စဉ်လက်တွေ့ကျသော အကျိုးကျေးဇူးများကို ရရှိစေသည်။ ကျမ်းစာသြဝါဒကို ယုံကြည်စိတ်ချကာ ရဲရဲလိုက်နာနေကြပြီဖြစ်သည့် ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသော ယေဟောဝါသက်သေများ၏အသက်တာတွင် မှန်ကန်ကြောင်း အထင်အရှားတွေ့ရသည်။ သူတို့အတွက် ဖန်ဆင်းရှင်နှင့် ကိုယ်တော့်နှုတ်ကပါဌ်တော်ကို ယုံကြည်ကိုးစားခြင်းသည် မှန်ကန်သည့်လုပ်ရပ်ဖြစ်ကြောင်း ထင်ရှားခဲ့ပြီ။ (ဆာလံ ၉:၉၊ ၁၀) ဘုရားသခင့်ပညတ်တော်များကို နာခံခြင်းသည် သူတို့အား သန့်ရှင်းမှု၊ ရိုးသားမှု၊ ဝီရိယစိုက်ထုတ်လုပ်ဆောင်မှု၊ အသက်နှင့် အခြားသူများ၏ပိုင်ဆိုင်ရာများကို တန်ဖိုးထားလေးစားမှုနှင့် ချင့်ချင့်ချိန်ချိန်စားသောက်မှုတို့ဘက်တွင် သာ၍ကောင်းသောလူများဖြစ်လာစေခဲ့ပြီ။ ယင်းက မိသားစုအသိုင်းအဝိုင်းအတွင်း—ဧည့်ဝတ်ကျေပွန်မှု၊ စိတ်ရှည်မှု၊ ကရုဏာပြမှု၊ ခွင့်လွှတ်တတ်မှု—သာမက အခြားကိစ္စများနှင့်ပတ်သက်၍လည်း သင့်လျော်သောမေတ္တာနှင့် လေ့ကျင့်မှုကို ရရှိစေခဲ့သည်။ သူတို့သည် ဒေါသ၊ မုန်းတီးမှု၊ လူသတ်မှု၊ မနာလိုဝန်တိုမှု၊ ကြောက်ရွံ့မှု၊ ပျင်းရိမှု၊ မာန်မာနကြီးမှု၊ လိမ်လည်မှု၊ အသရေရှုတ်ချမှု၊ ပေါက်လွှတ်ပဲစားနေထိုင်မှုနှင့် အကျင့်ယိုယွင်းမှုတို့၏ ဆိုးရွားသောရလဒ်ကို အကြီးအကျယ်ရှောင်ရှားနိုင်ခဲ့ပြီ။ (ဆာလံ ၃၂:၁၀) သို့ရာတွင် ဘုရားသခင်က ကိုယ်တော့်ပညတ်တော်များကို စောင့်ထိန်းသောသူများအတွက် အကျိုးရလဒ်ကောင်းများရရှိဖို့ထက်မက ပို၍ကတိပြုထားတော်မူသည်။ ယေရှုက ခရစ်ယာန်လမ်းစဉ်အတိုင်း လျှောက်လှမ်းသောသူများသည် “အဆတစ်ရာသောအကျိုးတည်းဟူသော ယခုကာလ၌ ညှဉ်းဆဲခြင်းနှင့်တကွ . . . လယ် . . . ၊ အမိ၊ သားသမီးတို့ကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း” ခံစားရလိမ့်မည်ဟု မိန့်တော်မူခဲ့သည်။—မာကု ၁၀:၂၉၊ ၃၀။
လောကီဉာဏ်ပညာ၌ ယုံကြည်ကိုးစားခြင်းကို ရှောင်
၃။ ယေဟောဝါနှင့် ကိုယ်တော့်နှုတ်ကပါဌ်တော်၌ ဆက်၍ယုံကြည်ကိုးစားရာတွင် ခရစ်ယာန်များသည် အဘယ်ပြဿနာများကို ရံဖန်ရံခါရင်ဆိုင်ကြရသနည်း။
၃ မစုံလင်သောလူသားများအတွက် ပြဿနာမှာ ဘုရားသခင့်တောင်းဆိုချက်ကို ပေါ့ပေါ့တန်တန်သဘောထားတတ်ခြင်း သို့မဟုတ် မေ့သွားတတ်ခြင်းဖြစ်သည်။ မိမိတို့သည် အသိဆုံးဖြစ်ကြောင်း သို့မဟုတ် ဤလောက၏ပညာတတ်များထံမှ ဉာဏ်ပညာသည် ဘုရားသခင့်ဉာဏ်ပညာထက်သာပြီး ခေတ်နှင့်ပိုညီညွတ်သည်ဟု အလွယ်တကူ စ၍အတွေးဝင်တတ်ကြသည်။ ဘုရားသခင့်ကျေးကျွန်များတွင်လည်း ဤသဘောထားများ ပေါ်ပေါက်လာနိုင်ပြီး ဤလောကထဲတွင် ထိုသူတို့ကဲ့သို့နေထိုင်လာနိုင်သည်။ ထို့ကြောင့် မိမိ၏သွန်သင်ချက်ကို နားထောင်ပါဟူသည့် မေတ္တာပါသောဖိတ်ခေါ်တော်မူချက်ကို ကမ်းလှမ်းရာတွင် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် ဤလျော်ကန်သောသတိပေးချက်များကိုလည်း ထည့်သွင်းထားသည်– “ငါ့သား၊ ငါပေးသောတရားကို မမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏နှလုံးစောင့်ရှောက်ပါစေ။ အကြောင်းမူကား၊ ပညတ်တရားသည် အသက်တာရှည်သော ကာလနှစ်ပေါင်းများကိုလည်းကောင်း၊ ငြိမ်ဝပ်ခြင်းကိုလည်းကောင်း တိုးပွားစေလိမ့်မည်။ ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ ငါသည်ပညာရှိ၏ဟု ကိုယ်ကိုမထင်နှင့်။ ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကို ရှောင်လော့။”—သု. ၃:၁၊ ၂၊ ၅-၇။
၄။ “လောကီပညာ” သည် မည်မျှပျံ့နှံ့နေပြီနည်း၊ ယင်းသည် အဘယ်ကြောင့် “ဘုရားသခင့်ရှေ့၌ မိုက်မဲ” ရသနည်း။
၄ ဤလောက၏ဉာဏ်ပညာကို အရင်းအမြစ်များစွာမှ အလျှံပယ်ရရှိနိုင်သည်။ ပညာရေးအခြေစိုက်ဌာနများစွာရှိပြီး “စာများကို စစ်၍မကုန်နိုင်။” (ဒေသနာ ၁၂:၁၂) ကွန်ပျူတာလောက၏ သတင်းအချက်အလက် အပြန်အလှန်ဖလှယ်ရေးစနစ်ဟုခေါ်တွင်သည့်အရာက အကြောင်းအရာတိုင်းနီးပါးနှင့်ပတ်သက်သည့် အကန့်အသတ်မဲ့အချက်အလက်များကို ဖော်ပြပေးမည်ဟု ကတိပြုထားသည်။ သို့ရာတွင် ဤအသိပညာရှိရှိသမျှကို ပေးစွမ်းနိုင်ခြင်းက ဤလောကကို ဉာဏ်ပညာသာ၍ရှိရန် သို့မဟုတ် ယင်း၏ပြဿနာများကို ဖြေရှင်းရန်မဖြစ်စေနိုင်ပါ။ ယင်းအစား လောက၏အခြေအနေသည် တစ်နေ့တခြား သာ၍ဆိုးရွားလာသည်။ ထို့ကြောင့် ကျမ်းစာက “လောကီပညာသည် ဘုရားသခင်ရှေ့၌ မိုက်မဲခြင်းဖြစ်၏” ဟု ကျွန်ုပ်တို့ကို ပြောခြင်းဖြစ်သည်။—၁ ကောရိန္သု ၃:၁၉၊ ၂၀။
၅။ ကျမ်းစာက “လောကီပညာ” နှင့်ပတ်သက်၍ အဘယ်သတိပေးချက်များကို တင်ပြထားသနည်း။
၅ ဤနောက်ဆုံးကာလ နိဂုံးပိုင်းအတွင်း လှည့်ဖြားသူချုပ် စာတန်မာရ်နတ်သည် ကျမ်းစာအမှန်တရားအပေါ် ယုံကြည်စိတ်ချမှုကို လှိုက်စားသွားစေရန် မုသားစကားတစ်ပြုံတစ်ခေါင်းဖြင့် ပုတ်ခတ်ပြောမည်ဖြစ်ကြောင်း မျှော်လင့်ဖို့သာရှိသည်။ အဆင့်မြင့်အပြစ်ရှာဝေဖန်ရေးသမားများက ကျမ်းစာ၏ ကျမ်းစစ်ကျမ်းမှန်ဖြစ်မှုနှင့် အားထားမှီခိုနိုင်မှုကို စောဒကတက်စိန်ခေါ်သည့် ထင်ကြေးပေးမှန်းဆချက် စာအုပ်တစ်ပြုံတစ်ခေါင်းကြီး ထုတ်လုပ်ထားသည်။ ပေါလုက မိမိ၏ခရစ်ယာန်ချင်းကို ဤသို့သတိပေးခဲ့သည်– “တိမောသေ၊ သင့်အားပေးအပ်ထားသည့်အရာကို စောင့်ထိန်းလော့။ သိမ်ဖျင်းသောစကားနှင့် အကျိုးမဲ့သောစကားကိုလည်းကောင်း၊ ‘အသိပညာ’ ဟူ၍ လူအချို့တို့ မှားယွင်းစွာခေါ်ဆိုသည့် အသိပညာအကြောင်းနှင့် ပတ်သက်၍ အငြင်းပွားမှုတို့ကိုလည်းကောင်း ရှောင်ရှားလော့။ လူအချို့တို့သည် အသိပညာရှင်အနေဖြင့်ပြုမူသဖြင့် ယုံကြည်ခြင်းတရားလမ်းမှ လွဲသွားကြပြီ။” (၁ တိမောသေ ၆:၂၀၊ ၂၁၊ သတင်းကောင်း) ကျမ်းစာက ဤသို့ထပ်၍သတိပေးသည်– “ခရစ်တော်၏တရားကိုမလိုက်၊ လူအဆက်ဆက်ခံသော နည်းဥပဒေသနှင့် လောကီတရားနုကိုလိုက်၍ လောကီပညာနှင့်အချည်းနှီးသော ပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူ မဖျက်ဆီးစေခြင်းငှာ သတိပြုကြလော့။”—ကောလောသဲ ၂:၈။
သံသယဝင်သည့်သဘောကို တိုက်ထုတ်
၆။ သံသယမျိုးစေ့များ နှလုံးထဲတွင် အမြစ်စွဲမသွားရလေအောင် အဘယ်ကြောင့် နိုးနိုးကြားကြားရှိရန်လိုအပ်သနည်း။
၆ မာရ်နတ်၏သေစေနိုင်သည့် နောက်ထပ်နည်းဗျူဟာမှာ စိတ်ထဲတွင် သံသယမျိုးစေ့ကြဲပေးခြင်းဖြစ်သည်။ သူသည် ယုံကြည်ခြင်းတွင် တစ်စုံတစ်ရာ အားနည်းမှုကို အလွတ်မပေးဘဲ အမြဲပင်ကြည့်ရှုကာ ယင်းကို အခွင့်ကောင်းယူသည်။ သံသယဝင်သူ မည်သူမဆို သံသယများ၏ ကုလားကာနောက်ကွယ်တွင် ဧဝကို ဤသို့ပြောခဲ့သူရှိကြောင်း သတိရပါ– “သင်တို့သည် ဥယျာဉ်၌ရှိသမျှသော အပင်တို့၏အသီးကို မစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော်မူသလော။” အစတွင် ဖြားယောင်းသွေးဆောင်သူသည် သူမစိတ်ထဲတွင် သံသယမျိုးစေ့ကို ကြဲပေးလိုက်ပြီး နောက်ခြေလှမ်းမှာ သူမ ယုံကြည်သွားသည့် မုသားကို ပြောလိုက်ခြင်းဖြစ်သည်။ (ကမ္ဘာဦး ၃:၁၊ ၄၊ ၅) ဧဝကဲ့သို့သော သံသယဝင်မှုကြောင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်း ပျက်ပြုန်းသွားခြင်းကို ရှောင်ရန် နိုးနိုးကြားကြားနေဖို့ လိုအပ်သည်။ သင်၏နှလုံးထဲတွင် ယေဟောဝါ၊ ကိုယ်တော့်နှုတ်ကပါဌ်တော် သို့မဟုတ် ကိုယ်တော့်အဖွဲ့အစည်းနှင့်ပတ်သက်ပြီး သံသယအနည်းငယ် စတင်ဝင်ရောက်နေရာယူလာပါက သင့်ယုံကြည်ခြင်းကို ပျက်ပြုန်းသွားစေနိုင်သည်အထိ အဆောက်အအုံမတည်မီ ထုတ်ပယ်ပစ်ရန် အလျင်အမြန် လုပ်ဆောင်ပါ။—၁ ကောရိန္သု ၁၀:၁၂၊ နှိုင်းယှဉ်။
၇။ သံသယများကို အမြစ်မကျန်ဖယ်ထုတ်ပစ်ရန် အဘယ်အရာလုပ်နိုင်သနည်း။
၇ မည်သည့်အရာကို ကျွန်ုပ်တို့လုပ်နိုင်သနည်း။ ဤတွင်လည်း ယေဟောဝါနှင့် ကိုယ်တော့်နှုတ်ကပါဌ်တော်ကို ယုံကြည်ကိုးစားရန်ပင်တည်း။ “သင်တို့အနက် တစ်ယောက်ယောက်၌ ဉာဏ်ပညာယုတ်လျော့လျှင်၊ အပြစ်မတင်ဘဲ သူခပ်သိမ်းတို့အား ကြွယ်ဝစွာသနားတော်မူသော ဘုရားသခင့်ထံတောင်းလျှောက်စေ။ သနားတော်မူလိမ့်မည်။ ယုံမှားသံသယအလျှင်းမရှိဘဲ၊ ယုံကြည်လျက်တောင်းလျှောက်စေ၊ ယုံမှားသံသယရှိသူသည် လေပြင်းတိုက်ခတ်သော ပင်လယ်လှိုင်းနှင့်တူသဖြင့် စိတ်ဒွိဟရှိလျက် အလေ့အလာဟူသမျှ၌ ယိမ်းယိုင်သူဖြစ်” ၏။ (ယာကုပ် ၁:၅၊ ၆၊ သမ; ၂ ပေတရု ၃:၁၇၊ ၁၈) ထို့ကြောင့် ယေဟောဝါထံ အားတက်သရောဆုတောင်းခြင်းသည် ပထမခြေလှမ်းဖြစ်သည်။ (ဆာလံ ၆၂:၈) ထို့နောက် အသင်းတော်ရှိ မေတ္တာရှိသော ကြီးကြပ်မှူးများထံ အကူအညီတောင်းခံဖို့ မဝံ့မရဲမဖြစ်ပါနှင့်။ (တမန်တော် ၂၀:၂၈; ယာကုပ် ၅:၁၄၊ ၁၅; ယုဒ ၂၂) မာန်မာနကြောင့်သော်လည်းကောင်း၊ မှားယွင်းသောတွေးတောမှုကြောင့်သော်လည်းကောင်း ဝင်လာနိုင်သည့် သင့်သံသယများ၏ အရင်းအမြစ်ကို ခြေရာကောက်ရန် သင့်ကို သူတို့ကူညီလိမ့်မည်။
၈။ အယူဖောက်ပြန်သောတွေးတောမှုသည် မည်သို့စတင်ဝင်ရောက်လာတတ်သနည်း၊ ကုထုံးကား အဘယ်နည်း။
၈ အယူဖောက်ပြန်သော အတွေးအခေါ် သို့မဟုတ် လောကီဒဿနတို့ကို ဖတ်ရှုခြင်း သို့မဟုတ် နားထောင်ခြင်းက အဆိပ်အတောက်ဖြစ်စေသော သံသယများ ဝင်စေခဲ့ပြီလော။ ကျမ်းစာက ဉာဏ်ပညာဖြင့် ဤသို့သြဝါဒပေးသည်– “သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှာ ကြိုးစားအားထုတ်လော့။ တရားမဲ့ဖြစ်သော အချည်းနှီးစကားကို ရှောင်လော့။ အကြောင်းမူကား၊ ထိုစကားသည် မတရားသောအမှုတို့ကို ပွားများစေလိမ့်မည်။ သူတို့၏စကားသည် ခူနာကဲ့သို့စားလိမ့်မည်။” (၂ တိမောသေ ၂:၁၅-၁၇) စိတ်ဝင်စားစရာကောင်းသည်မှာ အယူဖောက်ပြန်ခြင်း၏ သားကောင်ဖြစ်သွားသူ များစွာတို့သည် ပထမတွင် ယေဟောဝါ၏အဖွဲ့အစည်း၌ မိမိတို့ ဤပုံဤနည်းဆက်ဆံခံနေရပါကြောင်း မြည်တမ်းညည်းညူးခြင်းဖြင့် စတင်၍ခြေလှမ်းမှားကြခြင်းဖြစ်သည်။ (ယုဒ ၁၆) ထို့နောက် ယုံကြည်ချက်များကို အပြစ်ရှာတော့သည်။ ခွဲစိတ်ဆရာဝန်သည် ခူနာကို အလျင်အမြန်ခွဲထုတ်ဖြတ်ပစ်လိုက်သကဲ့သို့ အသင်းတော်အတွင်း လုပ်ပုံကိုင်ပုံများကို မကျေမနပ်ဖြစ်ကာ ညည်းညူတတ်သော မည်သည့်သဘောထားကိုမဆို စိတ်ထဲမှ အလျင်အမြန်ထုတ်ပယ်ပစ်ရမည်။ (ကောလောသဲ ၃:၁၃၊ ၁၄) ဤကဲ့သို့သော သံသယများကို အားပေးထောက်မသည့် မည်သည့်အရာကိုမဆို ထုတ်ပယ်ပစ်လိုက်ပါ။—မာကု ၉:၄၃။
၉။ ကောင်းမြတ်သော သီအိုကရက်တစ်အလေ့အထက ယုံကြည်ခြင်းတွင် ကျန်းကျန်းမာမာရှိစေရန် ကျွန်ုပ်တို့ကို မည်သို့ထောက်ကူမည်နည်း။
၉ ယေဟောဝါနှင့်လည်းကောင်း၊ ကိုယ်တော့်အဖွဲ့အစည်းနှင့်လည်းကောင်း နီးကပ်စွာတွယ်ကပ်နေပါ။ ဤသို့သန္နိဋ္ဌာန်ချတင်ပြသည့် ပေတရုကို သစ္စာရှိရှိတုပပါ– “သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရပါမည်နည်း။ ထာဝရအသက်နှင့်ယှဉ်သောစကားသည် ကိုယ်တော်၌တည်ပါ၏။” (ယောဟန် ၆:၅၂၊ ၆၀၊ ၆၆-၆၈) “မာရ်နတ်ပစ်ခတ်သော မီးစက်လက်နက်များကို ကာသတ်” နိုင်သည့် ကြီးမားသောဒိုင်းလွှားကဲ့သို့ သင့်ယုံကြည်ခြင်းကို ဆက်၍သန်မာစေရန်အလို့ငှာ ယေဟောဝါ၏နှုတ်ကပါဌ်တော်လေ့လာမှုအတွက် အစီအစဉ်ဇယားကောင်းတစ်ခု ဆွဲပါ။ (ဧဖက် ၆:၁၆) ခရစ်ယာန်ဓမ္မအမှုတွင် ဆက်၍တက်တက်ကြွကြွဖြစ်နေစေပြီး အခြားသူများအား နိုင်ငံတော်သတင်းတရားကို မေတ္တာပါပါ ဆက်၍ဝေမျှနေပါ။ ယေဟောဝါ သင့်အားကောင်းချီးပေးခဲ့ပုံများကို ကျေးဇူးတင်စိတ်ဖြင့် နေ့စဉ်နေ့တိုင်း စဉ်းစားတွေးတောပါ။ သမ္မာတရားအသိပညာကို သင်ရရှိပိုင်ဆိုင်ထားသည့်အတွက် ကျေးဇူးတင်စိတ်တင်ပြပါ။ ဤအရာအားလုံးကို ကောင်းသောခရစ်ယာန်အလေ့အထအဖြစ် လုပ်ဆောင်ခြင်းက ပျော်ရွှင်ရန်၊ ခံနိုင်ရည်ရှိရန်နှင့် သံသယစိတ်များ ကင်းရှင်းနေရန် သင့်ကို ထောက်ကူပါလိမ့်မည်။—ဆာလံ ၄၀:၄; ဖိလိပ္ပိ ၃:၁၅၊ ၁၆; ဟေဗြဲ ၆:၁၀-၁၂။
အိမ်ထောင်ရေးတွင် ယေဟောဝါ၏ညွှန်ကြားချက်အတိုင်း လိုက်လျှောက်ခြင်း
၁၀။ ခရစ်ယာန်အိမ်ထောင်ရေးနှင့်ပတ်သက်သည် လမ်းညွှန်မှုအတွက် ယေဟောဝါထံ မျှော်ကိုးခြင်းသည် အဘယ်ကြောင့် အထူးအရေးကြီးသနည်း။
၁၀ အမျိုးသားနှင့် အမျိုးသမီးကို အိမ်ထောင်သည်မောင်နှံအနေနှင့် ပေါင်းသင်းနေထိုင်ရန် စီစဉ်တော်မူရာတွင် ယေဟောဝါသည် ဤကမ္ဘာကို အဆင်ပြေပြေပြည့်သွားစေရန်သာမကဘဲ သူတို့ တိုး၍ပျော်ရွှင်မှုရရှိစေရန်ပါ ရည်ရွယ်တော်မူခဲ့သည်။ သို့ရာတွင် အပြစ်နှင့် မစုံလင်မှုက အိမ်ထောင်ဆက်ဆံရေးတွင် ကြီးလေးသည့်ပြဿနာများကို ပေါ်ပေါက်စေသည်။ ခရစ်ယာန်များသည်လည်း စုံလင်မှုမရှိခြင်း၊ ယနေ့ခေတ်အသက်ရှင်နေထိုင်မှု၏ ဖိစီးမှုများကို တွေ့ကြုံကြရခြင်းတို့ကြောင့် ယင်းတို့မှ လွတ်ငြိမ်းခွင့်မရရှိကြချေ။ သို့သော် ခရစ်ယာန်များသည် ယေဟောဝါနှင့် ကိုယ်တော့်နှုတ်ကပါဌ်တော်ကို ယုံကြည်ကိုးစားသည့်အတိုင်းအတာနှင့်အညီ အိမ်ထောင်ရေးနှင့် သားသမီးမွေးမြူရေးတွင် ရလဒ်ကောင်း ရရှိနိုင်ပါသည်။ ခရစ်ယာန်အိမ်ထောင်ရေးတွင် လောကီအကျင့်အကြံနှင့် အပြုအမူများအတွက် နေရာမရှိပါ။ ဘုရားသခင့်နှုတ်ပါဌ်တော်က ကျွန်ုပ်တို့ကို ဤသို့သြဝါဒပေးသည်– “ခပ်သိမ်းသောသူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသရေရှိစေလော့။ မတရားသောမေထုန်ကို ပြုသောသူနှင့် သူ့မယားကို ပြစ်မှားသောသူကို ဘုရားသခင်စစ်ကြောစီရင်တော်မူလိမ့်မည်။”—ဟေဗြဲ ၁၃:၄။
၁၁။ အိမ်ထောင်ရေးပြဿနာများကို ဖြေရှင်းရာတွင် အိမ်ထောင်ဖက်နှစ်ဦးစလုံး အဘယ်အရာကို အသိအမှတ်ပြုသင့်သနည်း။
၁၁ ကျမ်းစာမူအတိုင်းလိုက်လျှောက်သည့် အိမ်ထောင်ရေးတွင် မေတ္တာ၊ တာဝန်ယူလုပ်ဆောင်မှုနှင့် လုံခြုံသည့်ခံစားချက်များ ဖြစ်ပေါ်နေသည်။ လင်မယား နှစ်ဦးစလုံးသည် ဦးစီးမှုမူကို နားလည်ပြီး လေးစားတန်ဖိုးထားသည်။ အခက်အခဲများပေါ်ပေါက်လာခြင်းသည် ကျမ်းစာသြဝါဒလိုက်နာဖို့ ပျက်ကွက်သောကြောင့် ဖြစ်လေ့ရှိသည်။ ကြာမြင့်စွာတည်ရှိနေသော ပြဿနာတစ်ခုကို ဖြေရှင်းရာတွင် အိမ်ထောင်ဖက်နှစ်ဦးစလုံးသည် အရင်းခံပြဿနာကို ရိုးရိုးသားသားအာရုံစိုက်ပြီး ဖြစ်ပေါ်လာသည့် ဆိုးကျိုးကိုပြဿနာမလုပ်ဘဲ ပြဿနာဖြစ်ပေါ်စေသည့် အကြောင်းများကို ကိုင်တွယ်ဖြေရှင်းရန် အရေးကြီးသည်။ မကြာသေးမီက ဆွေးနွေးမှုများသည် အရာမထင် သို့မဟုတ် သဘောတူညီမှုမရရှိဘဲ ဖြစ်စေခဲ့ပါက ထိုမောင်နှံစုံသည် မေတ္တာပါသောကြီးကြပ်မှူးတစ်ဦးထံမှ မျှတမှုရှိသောအကူအညီကို တောင်းခံနိုင်သည်။
၁၂။ (က) အိမ်ထောင်၏ဖြစ်လေ့ရှိသည့် အဘယ်ပြဿနာများနှင့်ပတ်သက်၍ ကျမ်းစာက ဩဝါဒပေးသနည်း။ (ခ) အိမ်ထောင်ဖက်နှစ်ဦးစလုံး ယေဟောဝါ၏နည်းလမ်းတော်အတိုင်း ပြုမူလုပ်ဆောင်ရန် အဘယ်ကြောင့်လိုအပ်သနည်း။
၁၂ ပြဿနာမှာ ဆက်သွယ်ခြင်း၊ အချင်းချင်း၏ခံစားချက်ကို လေးစားခြင်း၊ ဦးစီးမှုကို တန်ဖိုးထားလေးစားခြင်း သို့မဟုတ် ဆုံးဖြတ်ချက်များချပုံတို့နှင့် ပတ်သက်နေသလော။ သားသမီးများ ထိန်းကျောင်းမွေးမြူရေး သို့မဟုတ် လိင်ဆိုင်ရာလိုအပ်ချက်များနှင့် စပ်လျဉ်း၍ မျှတမှုရှိရေးတို့နှင့် ပတ်သက်သလော။ သို့တည်းမဟုတ် ယင်းသည် မိသားစုဘတ်ဂျက်၊ အပန်းဖြေခြင်း၊ ပေါင်းသင်းဆက်ဆံခြင်း၊ ဇနီးသည်ဖြစ်သူ အလုပ်ထွက်လုပ်သင့်မသင့်၊ သို့မဟုတ် သင်တို့နေထိုင်ရမည့်နေရာတို့နှင့် ပတ်သက်သလော။ မည်သည့်ပြဿနာပင်ဖြစ်ပါစေ ကျမ်းစာက ပညတ်ချက်များအားဖြင့် တိုက်ရိုက်သော်လည်းကောင်း၊ မူများအားဖြင့် သွယ်ဝိုက်၍သော်လည်းကောင်း လက်တွေ့ကျအကြံဉာဏ်ကို ပေးသည်။ (မဿဲ ၁၉:၄၊ ၅၊ ၉; ၁ ကောရိန္သု ၇:၁-၄၀; ဧဖက် ၅:၂၁-၂၃၊ ၂၈-၃၃; ၆:၁-၄; ကောလောသဲ ၃:၁၈-၂၁; တိတု ၂:၄၊ ၅; ၁ ပေတရု ၃:၁-၇) မိမိတို့အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်နှစ်ဦးစလုံးသည် တစ်ကိုယ်ကောင်းဆန်သည့် တောင်းဆိုမှုများကို ရှောင်ရှားပြီး မေတ္တာကိုပြည့်ပြည့်ဝဝ ပေါ်လွင်ထင်ရှားစေသောအခါ သာ၍ကြီးမားသည့်ပျော်ရွှင်မှုကို ခံစားကြရသည်။ အိမ်ထောင်ဖက်နှစ်ဦးစလုံးဘက်မှ လိုအပ်သည့် အပြောင်းအလဲများကိုလုပ်ရန်၊ ယေဟောဝါ၏နည်းလမ်းအတိုင်းလုပ်ဆောင်ရန် ပြင်းပြသည့် ဆန္ဒရှိကိုရှိရမည်။ “နှုတ်ကပါဌ်တော်ကို ဆင်ခြင်လိုက်နာသောသူသည် ကောင်းစားရလိမ့်မည်။ ထာဝရဘုရား၌ ကိုးစားသောသူလည်း မင်္ဂလာရှိ၏။”—သု. ၁၆:၂၀၊ သမ္မာ။
လူငယ်မောင်မယ်တို့ —ဘုရားသခင့်နှုတ်ပါဌ်တော်ကို နားထောင်ကြလော့
၁၃။ ခရစ်ယာန်လူငယ်မောင်မယ်များအတွက် ယေဟောဝါနှင့် ကိုယ်တော့်နှုတ်ကပါဌ်တော်အပေါ် ခိုင်မာသောယုံကြည်ခြင်းဖြင့် ကြီးပြင်းလာဖို့ အဘယ်ကြောင့် မလွယ်ကူသနည်း။
၁၃ ဆိုးသွမ်းသည့်လောကက သူတို့အားဝန်ရံထားသည့်အချိန်တွင် ခရစ်ယာန်လူငယ်မောင်မယ်များအတွက် ခိုင်မာသောယုံကြည်ခြင်းဖြင့် ကြီးပြင်းလာဖို့ မလွယ်ကူပါ။ အကြောင်းတစ်ခုမှာ “တစ်လောကလုံးသည် မာရ်နတ်၏လက်တွင်း၌ရှိနေ” ခြင်းကြောင့်တည်း။ (၁ ယောဟန် ၅:၁၉၊ သမ) အဆိုးကို အကောင်းဟုရှုမြင်ရန် ဖန်တီးနိုင်သည့် ဤဆိုးညစ်သောရန်သူ၏တိုက်ခိုက်မှုကို လူငယ်မောင်မယ်များ ခံနေကြရသည်။ ငါသာပဓာန သဘောထားများ၊ အတ္တဆန်သောရည်မှန်းချက်များ၊ အကျင့်ပျက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့တွင် အာသာဆန္ဒပြင်းပြခြင်း၊ ဓမ္မတာနှင့်ဆန့်ကျင်သော အပျော်အပါးလိုက်စားခြင်း—ယင်းတို့အားလုံးကို ခြုံငုံတင်ပြရလျှင် “ငြင်းဆန်သောသူတို့၌ ယခုပြုပြင်သောဝိညာဉ်” အဖြစ် ကျမ်းစာတွင်ဖော်ပြထားသော လွှမ်းမိုးတတ်သည့်တွေးတောမှုပုံစံ တစ်ခုပင်ဖြစ်သည်။ (ဧဖက် ၂:၁-၃၊ သမ္မာ) စာတန်သည် ဤ “ဝိညာဉ်” ကို ကျောင်းသုံးစာအုပ်များတွင်၊ အလွယ်တကူရနိုင်သည့် တေးဂီတများစွာတို့တွင်၊ အားကစားနှင့် အခြားဖျော်ဖြေမှုပုံစံမျိုးစုံတွင် စဉ်းလဲစွာ ပေါ်ပေါက်လာစေသည်။ မိဘဖြစ်သူများသည် မိမိတို့၏သားသမီးများကို ယေဟောဝါနှင့် ကိုယ်တော့်နှုတ်ကပါဌ်တော်၌ ယုံကြည်ကိုးစားကာ ကြီးပြင်းလာစေဖို့ ကူညီပေးခြင်းအားဖြင့် ဤကဲ့သို့သောသြဇာလွှမ်းမိုးမှုများကို တန်ပြန်တွန်းလှန်ရန် နိုးကြားနေဖို့ လိုအပ်သည်။
၁၄။ ငယ်ရွယ်သူများသည် “လူပျိုတို့၏တပ်မက်ခြင်းစိတ်ကို” မည်သို့ ကြဉ်ရှောင်နိုင်သနည်း။
၁၄ ပေါလုက ငယ်ရွယ်သော မိမိ၏အဖော်အဖက် တိမောသေအတွက် ဖခင်သဖွယ် ဤသို့အကြံဉာဏ်ပေးခဲ့သည်– “လူပျိုတို့၏တပ်မက်ခြင်းစိတ်များကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ စင်ကြယ်သောစိတ်ဖြင့် အရှင်ဘုရားထံ ပတ္ထနာပြုသောသူတို့နှင့် အသင့်အတင့်နေခြင်းများကို မီအောင်လိုက်လော့။” (၂ တိမောသေ ၂:၂၂၊ သမ္မာ) ပင်ကိုအရ “လူပျိုတို့၏တပ်မက်ခြင်းစိတ်” အားလုံးဆိုးသည်ဟုမဆိုနိုင်သော်လည်း လူငယ်မောင်မယ်များသည် ယင်းအရာများကို အာရုံကပ်ညှိစွဲလမ်းနေခြင်း၊ ယင်းတို့ကြောင့် ဘုရားတရားလိုက်စားမှုများအတွက် အချိန်ပေးလျှင်ပင် မဆိုစလောက်သာပေးခြင်းတို့ကို “ကြဉ်ရှောင်” သင့်သည်။ ခန္ဓာကိုယ် ကြံ့ခိုင်ရေး၊ အားကစားများ၊ တေးဂီတ၊ အပန်းဖြေမှု၊ ဝါသနာပါရာများနှင့် ခရီးထွက်ခြင်းတို့သည် မမှားသော်လည်း ယင်းတို့သည် ဘဝတွင် အရေးကြီးသောအရာများ ဖြစ်လာပါက ထောင်ချောက်ဖြစ်သွားနိုင်သည်။ ရည်ရွယ်ချက်မဲ့ပြောဆိုခြင်း၊ အချိန်ဖြုန်းခြင်း၊ လိင်ကို ဓမ္မတာနှင့်ဆန့်ကျင်၍ စိတ်ဝင်စားခြင်း၊ လပ်လျားလပ်လျားနေပြီး ပျင်းရိညည်းငွေ့နေခြင်း၊ သင့်မိဘများ၏ နားလည်မှုမခံရကြောင်း ညည်းညူခြင်းတို့ကို လုံးလုံးလျားလျား ကြဉ်ရှောင်သင့်သည်။
၁၅။ ကိုယ့်အိမ်တွင် တစ်သီးပုဂ္ဂလနေခြင်းဖြင့် လူငယ်မောင်မယ်များကို နှစ်ဘဝစံဖြစ်သွားစေနိုင်သည့် အဘယ်အရာများ ဖြစ်ပျက်နိုင်သနည်း။
၁၅ ကိုယ့်အိမ်တွင် တစ်သီးပုဂ္ဂလနေသော လူငယ်မောင်မယ်များအတွက်ပင် အန္တရာယ်သည် မထင်မှတ်ဘဲရှိနိုင်ပေမည်။ အကျင့်ယိုယွင်းမှု သို့မဟုတ် အကြမ်းဖက်မှုပါသော တီဗွီပြကွက်များနှင့် ဗီဒီယိုများကို ကြည့်ပါက မကောင်းမှုများကို လုပ်လိုသည့်ဆန္ဒသည် အမြစ်စွဲသွားနိုင်သည်။ (ယာကုပ် ၁:၁၄၊ ၁၅) ကျမ်းစာက ဤသို့သြဝါဒပေးသည်– “ထာဝရဘုရားကို ချစ်သောသူတို့ မကောင်းသောအမှုကို ရွံရှာကြလော့။” (ဆာလံ ၉၇:၁၀; ၁၁၅:၁၁) တစ်စုံတစ်ယောက်သည် နှစ်ဘဝစံနေဖို့ ကြိုးစားနေလျှင် ယင်းကို ယေဟောဝါသိတော်မူသည်။ (သု. ၁၅:၃) ခရစ်ယာန်လူငယ်မောင်မယ်တို့ သင်တို့၏အခန်းပတ်ပတ်လည်ကို ကြည့်လိုက်ပါ။ အားကစား သို့မဟုတ် တေးဂီတလောကမှ စာရိတ္တယိုယွင်းသောအကျော်အမော်များ၏ ရုပ်ပုံများကို ချိတ်ကပ်ထားသလော သို့တည်းမဟုတ် သတိပေးချက်ကောင်းများဖြစ်သည့် အကျိုးရှိသောအရာများကို ချိတ်ကပ်ထားသလော။ (ဆာလံ ၁၀၁:၃) သင့်ဘီဒိုထဲတွင် ဣန္ဒြေရှိသောအဝတ်အစား ရှိသလော သို့တည်းမဟုတ် သင့်အဝတ်အစားတချို့သည် ဤလောက၏ အစွန်းရောက်အဝတ်အစားစတိုင်များကို ရောင်ပြန်ဟပ်နေပါသလော။ အကယ်၍သင်သည် မကောင်းသည့်အရာကို မြည်းစမ်းကြည့်ဖို့ သွေးဆောင်ခံလိုက်ပါက စာတန်သည် စဉ်းလဲသည့်နည်းများဖြင့် သင့်ကို ထောင်ဖမ်းနိုင်သည်။ ကျမ်းစာက ဉာဏ်ပညာရှိစွာ ဤသို့သြဝါဒပေးသည်– “သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။”—၁ ပေတရု ၅:၈။
၁၆။ လူငယ်တစ်ဦးနှင့်ပတ်သက်၍ လူတိုင်းကဂုဏ်ယူစရာဖြစ်စေရန် ကျမ်းစာသြဝါဒက သူ့ကိုမည်သို့ထောက်ကူသနည်း။
၁၆ ကျမ်းစာက သင့်ပေါင်းသင်းဆက်ဆံမှုကို ဂရုစိုက်ရန် ပြောသည်။ (၁ ကောရိန္သု ၁၅:၃၃) သင့်အပေါင်းအသင်းများသည် ယေဟောဝါကို ကြောက်ရွံ့သူများဖြစ်သင့်သည်။ ရွယ်တူတန်းသြဇာကို လက်အောက်မခံလိုက်လေနှင့်။ (ဆာလံ ၅၆:၁၁; သု. ၂၉:၂၅) ဘုရားကိုကြောက်ရွံ့သော သင့်မိဘများကို နာခံပါ။ (သု. ၆:၂၀-၂၂; ဧဖက် ၆:၁-၃) အကြီးအကဲများထံမှ လမ်းညွှန်မှုနှင့် အားပေးမှုကို မျှော်ကိုးပါ။ (ဟေရှာယ ၃၂:၁၊ ၂) သင့်စိတ်နှင့် မျက်လုံးများကို ဝိညာဉ်ရေးတန်ဖိုးရှိရာများနှင့် ပန်းတိုင်များတွင် ထားပါ။ ဝိညာဉ်ရေးတိုးတက်အောင်ပြုရန်နှင့် အသင်းတော်လှုပ်ရှားဆောင်ရွက်မှုများတွင် ပါဝင်ရန် အခွင့်အရေးရှာယူပါ။ ကိစ္စရပ်များကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်တတ်ရန် သင်ယူပါ။ ယုံကြည်ခြင်းကို ကျန်းမာကြံ့ခိုင်စေပါ၊ သို့အားဖြင့် သင်သည် အရာဝင်သူတစ်ဦး—ယေဟောဝါ၏ကမ္ဘာသစ်တွင် ထာဝရအသက်ခံစားထိုက်သူတစ်ဦးဖြစ်ကြောင်း ထင်ရှားလိမ့်မည်တည်း! ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် သင့်အတွက်ဂုဏ်ယူမည်၊ သင့်မြေကြီးမိဘများသည် သင့်ကို နှစ်ခြိုက်ကြမည်ဖြစ်ပြီး သင့်ခရစ်ယာန်ညီအစ်ကိုညီအစ်မများသည် သင့်ကြောင့် အားတက်လာမည်။ ယင်းသည် အလွန်အရေးပါလှသည်တကား!—သု. ၄:၁၊ ၂၊ ၇၊ ၈။
၁၇။ ယေဟောဝါနှင့် ကိုယ်တော်နှုတ်ကပါဌ်တော်ကို ယုံကြည်ကိုးစားသူများသည် အဘယ်အကျိုးကျေးဇူးရရှိသနည်း။
၁၇ ဆာလံဆရာ မှုတ်သွင်းခံရကာ ရေးသားသောလင်္ကာပိုဒ်က ဤသို့ဆိုသည်– “ဖြောင့်မှန်စွာကျင့်ကြံသောသူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ။ အိုဗိုလ်ခြေတို့အရှင် ထာဝရဘုရား၊ ကိုယ်တော်၌ကိုးစားသောသူသည် မင်္ဂလာရှိပါ၏။” (ဆာလံ ၈၄:၁၁၊ ၁၂၊ သမ္မာ) မှန်ပါသည်၊ ယေဟောဝါနှင့် ကိုယ်တော့်နှုတ်ကပါဌ်တော်ကျမ်းစာကို ယုံကြည်ကိုးစားသူအားလုံးအတွက် စိတ်ဓာတ်ကျခြင်း၊ ပျက်ကွက်ရှုံးနိမ့်ခြင်းမရှိသော ပျော်ရွှင်မှုနှင့် အောင်မြင်မှုတို့ ရရှိလာမည်။—၂ တိမောသေ ၃:၁၄၊ ၁၆၊ ၁၇။
သင်မည်သို့ဖြေဆိုမည်နည်း
◻ ခရစ်ယာန်များသည် “လောကီပညာ” အပေါ် အဘယ်ကြောင့် ယုံကြည်ကိုးစားမှု မပြုသင့်သနည်း။
◻ လူတစ်ဦးသည် သံသယများဝင်လာပါက အဘယ်အရာလုပ်သင့်သနည်း။
◻ ကိစ္စရပ်များကို ယေဟောဝါ၏နည်းလမ်းတော်အတိုင်း လုပ်ဆောင်ခြင်းသည် အိမ်ထောင်ရေးတွင် အောင်မြင်မှုနှင့် ပျော်ရွှင်မှုကို မည်သို့ရရှိစေသနည်း။
◻ “လူပျိုတို့၏တပ်မက်ခြင်းစိတ်များကို ကြဉ်ရှောင်” ရန် ကျမ်းစာက လူငယ်မောင်မယ်များကို မည်သို့ကူညီသနည်း။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ခရစ်ယာန်များသည် “လောကီပညာ” ကိုမိုက်မဲသည့်အရာအဖြစ် ငြင်းပယ်နေစဉ် ယေဟောဝါနှင့် ကိုယ်တော့်နှုတ်ကပါဌ်တော်ဘက်သို့ ခြေဦးလှည့်ကြသည်
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ယေဟောဝါနှင့် ကိုယ်တော်နှုတ်ကပါဌ်တော်ကို ယုံကြည်ကိုးစားသည့် မိသားစုများသည် ကောင်းသောအကျိုးရလဒ်နှင့် ပျော်ရွှင်မှု ရရှိကြ