ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၃/၁၅ စာ. ၁၈-၂၃
  • ယေဟောဝါပေးခဲ့သော ထိုးထွင်းသိမြင်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါပေးခဲ့သော ထိုးထွင်းသိမြင်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသည် သုံးပါးတစ်ဆူလော
  • ဘုရားနာမတော်၏ နေရာမှန်
  • လူ့ဝိညာဉ် [စိုးလ်] သည် မသေနိုင်သလော
  • သောင်းကျန်းသောလောကတွင် ခရစ်ယာန်အပြုအမူ
  • သမ္မာကျမ်းပရောဖက်ပြုချက်များ၏ ပြည့်စုံခြင်း
  • ထိုးထွင်းသိမြင်ခြင်းအတွက် ယေဟောဝါထံ ကြည့်မျှော်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • နာမတော်ကို ယေဟောဝါ ဂုဏ်တင်ချီးမြှောက်
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
  • ကောင်းကင်မှာ နိုင်ငံတော်ဖွားမြင်ပြီ
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
  • ယေဟောဝါသက်သေများ သတိနှင့်စောင့်နေကြရသည့်အကြောင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၃/၁၅ စာ. ၁၈-၂၃

ယေဟောဝါပေးခဲ့သော ထိုးထွင်းသိမြင်ခြင်း

“လူစုထဲမှာ ထိုးထွင်းသိမြင်ခြင်းရှိသူတို့သည် အများသောသူတို့ကို သွန်သင်ကြလိမ့်မည်။”—ဒံယေလ ၁၁:၃၃၊ NW

၁၊ ၂။ (က) ဣသရေလလူများသည် ဘုရား၏မေတ္တာကရုဏာကို ခံစားခဲ့ရသော်လည်း အဘယ်ကြောင့် သူတို့ပုန်ကန်ခဲ့ကြသနည်း။ (ခ) ကျွန်ုပ်တို့ မည်သို့လုပ်လျှင် အကျိုးရှိမည်နည်း။ (ယေရမိ ၅၁:၁၀)

ရှေးဣသရေလများသည် ယေဟောဝါသာ တစ်ဆူတည်းသော ဘုရားမှန်ဖြစ်ကြောင်း သိရှိခဲ့ကြသည်။ သူတို့၏ ဘိုးဘေးများနှင့် ကိုယ်တော်ဆက်ဆံခဲ့ပုံကို သူတို့အား ပြောပြခဲ့ပြီး သူတို့ကိုယ်နှိုက်လည်း ကိုယ်တော်၏ မေတ္တာကရုဏာကို ခံစားခဲ့ရသည်။ သို့သော် တစ်ကြိမ်ထက်မက သူတို့သည် ထိုးထွင်းသိမြင်ခြင်း အလွန်ကင်းမဲ့စွာဖြင့် ပြုမူခဲ့ကြသည်။ ယေဟောဝါနှင့် ကိုယ်တော်၏ကျေးကျွန်များကို သူတို့ “ပုန်ကန်” ကြ၏။ အကြောင်းမှာ သူတို့အတွက် ကိုယ်တော်ပြုမူခဲ့သည်ကို “သူတို့သတိမရကြ” သောကြောင့်ဖြစ်သည်။ (ဆာလံ ၁၀၆:၇၊ ၁၃) ဤအရာများကို သူတို့မသိ၍တော့မဟုတ်။ ယင်းတို့ကို သူတို့စိတ်စွဲလမ်း လေးမြတ်ခြင်းမရှိသောကြောင့် ဖြစ်သည်။ သို့ဖြင့် “သူတို့သည် မကောင်းသောအရာကို တပ်မက်” သူများဖြစ်ကြောင်း ပြခဲ့ကြသည်။—၁ ကောရိန္သု ၁၀:၆။

၂ ကျွန်ုပ်တို့အချိန်တွင် ယေဟောဝါသည် မိမိ၏သက်သေခံများကို သီးခြားလူမျိုးတစ်မျိုးအဖြစ်ထားရာတွင် မိမိ၏မျက်မြင်ရ အဖွဲ့အစည်းမှတစ်ဆင့်ပေးသော ထိုးထွင်းသိမြင်ခြင်းအားဖြင့် ဖြစ်သည်။ ထိုသို့သော ထိုးထွင်းသိမြင်ခြင်းဥပမာတချို့ကို သုံးသပ်ခြင်းဖြင့် ယေဟောဝါသည် မိမိ၏လူမျိုးအား ဦးဆောင်ပုံနည်းလမ်းအပေါ် ကျွန်ုပ်တို့ကိုယ်နှိုက်၏ လေးမြတ်မှုကို ပိုမိုခိုင်ခန့်စေနိုင်သည်။ ယင်းတို့အနက် တစ်ခုမှာ ကျွန်ုပ်တို့ယုံကြည်ချက်၏ အနှစ်သာရဖြစ်သော ဘုရားကိုယ်တော်တိုင်နှင့် စပ်လျဉ်း၍ဖြစ်သည်။

ဘုရားသည် သုံးပါးတစ်ဆူလော

၃။ ယေဟောဝါကျေးကျွန်များသည် လွန်ခဲ့သော နှစ်တစ်ရာခန့်က ဘုရားနှင့်ပတ်သက်၍ အမှန်တရားကိုသိရှိရန် ဘာကအကူအညီ ဖြစ်စေခဲ့သနည်း။ (၁ ကောရိန္သု ၈:၅၊ ၆)

၃ ခရစ်ယာန်ဘောင်က သုံးပါးတစ်ဆူကို မုချမယုံကြည်သူအား မိစ္ဆာဟုအခိုင်အမာခံယူထားသည်။ သို့သော် လူတို့ကြောင့် ချောက်ချားမည့်အစား ယေဟောဝါ၏ကျေးကျွန်များသည် မှုတ်သွင်းခြင်းမခံရသော လူများ၏ထုံးတမ်းနှင့် အယူဝါဒကိုမဟုတ်ဘဲ သမ္မာတရားကိုသိရှိရန် စံကို သန့်ရှင်းသောကျမ်းစာစောင်များကသာ ပေးနိုင်ကြောင်း အသိအမှတ်ပြုခဲ့ကြသည်။ ဤအုတ်မြစ်ပေါ်အခြေခံ၍ လွန်ခဲ့သည့် ၁၈၈၂ ခုနှစ်က သစ္စာနှံကျမ်းစာကျောင်းသားများသည် ကင်းမျှော်စင်တွင် ဤသို့ရှင်းလင်းစွာ ဖေါ်ပြထားသည်။ “အကျွန်ုပ်တို့၏ စာရှုသူများ သိရှိသည့်အတိုင်း ကျွန်ုပ်တို့သည် ယေဟောဝါဘုရား၊ ယေရှုနှင့် သန့်ရှင်းသောဝိညာဉ်တော်ကို ယုံကြည်သော်လည်း ဤဘုရားသုံးပါးသည် တစ်ဆူတည်းဖြစ်သည် သို့မဟုတ် အချို့က သုံးပါးတစ်ဆူဘုရားဟုခေါ်သော သွန်သင်ချက်သည် ကျမ်းစာနှင့်လုံးဝမညီညွတ်သောကြောင့် ကျွန်ုပ်တို့လက်မခံချေ။”—ယောဟန် ၅:၁၉။ ၁၄:၂၈။ ၂၀:၁၇။

၄။ (က) အတွင်းကျကျစူးစမ်းသောအခါ သုံးပါးတစ်ဆူအယူ၏ အရင်းခံနှင့် ထိုသို့သောသွန်သင်ချက်၏ ထိခိုက်ပုံနှင့်ပတ်သက်၍ ယေဟောဝါလူများ ဘာသိမြင်ရသနည်း။ (ခ) ယေဟောဝါသည် မိမိ၏ကျေးကျွန်များအား ထိုသို့သောထိုးထွင်းသိမြင်ခြင်း အဘယ်ကြောင့် ပေးသနည်း။

၄ သမ္မာတရားကို ချစ်မြတ်နိုးသူများသည် အတွင်းကျကျ စူးစမ်းသောအခါ သုံးပါးတစ်ဆူ ယုံကြည်ချက်၏ အရင်းအမြစ်ကို ခရစ်ယာန်မဟုတ်သူများ၏ ဘာသာများတွင် တွေ့ခဲ့ရသည်။ ကျမ်းစာများကို စေ့စေ့စပ်စပ်လေ့လာခြင်းဖြင့် အချို့ကျမ်းပိုဒ်များသည် သုံးပါးတစ်ဆူအယူကို ထောက်ခံသယောင်ရှိသော်လည်း ယင်းသည် ရှေးအကျဆုံးမူရင်းစာမူတွင် ပါခြင်းကြောင့်မဟုတ်ဘဲ ဘာသာပြန်သူ၏ စိတ်သန်ရာအမြင်ကြောင့် ဖြစ်သည်ကို သူတို့သိမြင်လာကြသည်။ ဤသွန်သင်ချက်သည် ယေရှုကိုဂုဏ်ပြုထင်ပေါ်စေသော်လည်း ကိုယ်တော်၏သွန်သင်ချက်နှင့် အမှန်ပင် ဆန့်ကျင်ပြီး ယေဟောဝါကိုဂုဏ်မတင်ရာရောက်ကြောင်း သူတို့သိမြင်ခဲ့သည်။ ထိုကြောင့် အထက်ဖေါ်ပြပါ ကင်းမျှော်စင်က ဤသို့ဆက်ပြောခဲ့သည်။ “သမ္မာတရားရှာသူများအနေနှင့် ကျွန်ုပ်တို့ကိုယ်နှိုက်နှင့် ကျွန်ုပ်တို့အား ပညာအမှန်ရှိစေသည့် ခမည်းတော်၏နှုတ်ကပတ်အပေါ် ရိုးသားထိုက်သည်။ ထိုကြောင့် မှုတ်သွင်းမခံရသောသူများ၏ ထုံးတမ်းအယူများနှင့် ယိုယွင်းသောစနစ်များကို လျစ်လျူရှုပြီး ကျွန်ုပ်တို့၏သခင်နှင့် တမန်တော်များထံမှရသည့် မွန်မြတ်သောသြဝါဒများကို ကျွန်ုပ်တို့ခိုင်မြဲစွာ စွဲကိုင်ထားကြပါစို့။” သူတို့သည် သမ္မာတရားကို တကယ်ချစ်သောကြောင့် နှစ်သက်ရာကျမ်းပိုဒ်တချို့ကိုသာမဟုတ်ဘဲ ဘုရားနှုတ်ကပတ်တော်တစ်အုပ်လုံးကို အာရုံစိုက်ကြသည်။ ယေဟောဝါသည် သူတို့အား ခရစ်ယာန်ဘောင်နှင့် လုံးဝသီးခြားဖြစ်စေသော ထိုးထွင်းသိမြင်ခြင်းကို ပေးခဲ့လေသည်။—၂ တိမောသေ ၃:၁၆၊ ၁၇။ New World Translation Reference Bible, page1580, section 6B ကိုကြည့်ပါ။

ဘုရားနာမတော်၏ နေရာမှန်

၅။ သမ္မာကျမ်းဘာသာပြန်ကျမ်းများမှ ဘုရား၏ကိုယ်ပိုင်နာမထုတ်ပယ်လိုက်ခြင်း နောက်ကွယ်တွင် ဘာရှိသနည်း။ (ဗျာဒိတ် ၂၂:၁၈၊ ၁၉)

၅ ဒုတိယဥပမာကိုကြည့်ပါ။ တိုးများလာနေသော ကျမ်းစာဘာသာပြန်များက ဘုရား၏ ကိုယ်ပိုင်နာမကို မထင်ပေါ်ရန်ပြုခြင်း သို့မဟုတ် လုံးဝထုတ်ပယ်လိုက်သော်လည်း ကင်းမျှော်စင်အသင်းသည် ထိုနာမတော်အရေးကြီးပုံကို အထူးဖိအားပေးခဲ့သည်။ ခရစ်ယာန်ဘောင်က ယေဟောဝါနာမကို ထုတ်ပယ်လိုက်ခြင်းဖြင့် သတင်းကောင်းကို ကမ္ဘာတစ်ဝှမ်းတွင် ပို၍လက်သင့်ခံစေသည်ဟု ချေပကြသည်။ သို့သော် ယေဟောဝါ၏ဘိသိက်ခံကျေးကျွန်များသည် ရှိသမျှအားလုံးတွင် အရေးကြီးဆုံးနာမကို မြင့်မြတ်သော ကျမ်းစောင်များမှ ထုတ်ပယ်ရန် ယင်းအကြံနောက်၌ မည်သူရှိသည်ကို သိခဲ့ကြသည်။ (ယေရမိ ၂၃:၂၇ နှင့်နှိုင်းယှဉ်ပါ။) ယင်းသည် စစ်မှန်သောဘုရား၏နာမကို လူတို့၏မှတ်ဉာဏ်မှ ဖျောက်ဖျက်ပစ်ရန် မာရ်နတ်၏တိုက်တွန်းမှုဖြစ်ကြောင်း ဘုရားလူမျိုးတို့ သိမြင်ကြသည်။

၆။ ခရစ်ယာန်ဘောင်လမ်းစဉ်နှင့် ဆန့်ကျင်လျက် ဘုရား၏ကျေးကျွန်စစ်များသည် ကိုယ်တော်၏နာမထင်ရှားရန် ဘာပြုလုပ်ကြသနည်း။ (တမန်တော် ၁၅:၁၄)

၆ ခရစ်ယာန်ဘောင်နှင့် ဆန့်ကျင်လျက် ယင်း၏ပထမဆုံးထုတ်နှစ် (၁၈၇၉) ကတည်းက ကင်းမျှော်စင်သည် ဘုရားနာမတော်မြတ် ယေဟောဝါကိုပေါ်လွင်စေခဲ့သည်။ ၁၉၂၆ ခုနှစ်တွင် ဤမဂ္ဂဇင်းသည် “ယေဟောဝါကို မည်သူဂုဏ်တင်မည်နည်း” အကြောင်းဖေါ်ပြခဲ့သည်။ (ဆာလံ ၁၃၅:၂၁) ၁၉၃၁ ခုနှစ်တွင် ကင်းမျှော်စင်အသင်းနှင့် ပူးပေါင်းသော ကျမ်းစာကျောင်းသားများသည် ယေဟောဝါသက်သေများအမည်ကိုခံယူခဲ့သည်။ (ဟေရှာယ ၄၃:၁၀-၁၂) ယေဟောဝါ၏နာမကိုပိုမိုအပြည့်အဝလေးမြတ်ရန် အရေးကြီးပုံကိုလည်း သူတို့သိမြင်ခဲ့ကြသည်။ (ဟေရှာယ ၁၂:၄၊ ၅) ၁၉၄၄ ခုနှစ်တွင် ယေဟောဝါနာမအကြိမ်ပေါင်း ၆၈၀၀ ကျော်ပါဝင်သည့် American Standard Version ကျမ်းစာကို စထုတ်ဝေခဲ့သည်။ သို့သော် သမ္မာကျမ်းစာထုတ်ဝေခြင်းနှင့်စပ်လျဉ်း၍ အပေါ်လွင်ဆုံးမှာ ၁၉၅၀ မှစထုတ်ဝေခဲ့သော New World Translation ဖြစ်သည်။ ထိုတွင် ဘုရားနာမကို ဟေဗြဲနှင့် ခရစ်ယာန်ဂရိကျမ်းစောင်များထဲတွင် ယင်း၏ရှိအပ်သောနေရာ၌ ထည့်သွင်းထားသည်။

၇။ ဘုရားနာမနှင့် ယင်းနှင့်ဆက်နွယ်နေသောအရာ အားလုံးအပေါ် ဖိအားပေးခြင်းဖြင့် လူအများကို မည်သို့အကျိုးရှိစေခဲ့သနည်း။

၇ ဘုရား၏ကိုယ်ပိုင်နာမပေါ် ဖိအားပေးခြင်းသည် ကမ္ဘာတစ်ဝှမ်းရှိ ဖြောင့်မတ်ခြင်းကို ချစ်မြတ်နိုးသူသန်းပေါင်းများစွာအတွက်ရွှင်လန်းမှုဖြစ်စေခဲ့သည်။ မှန်သောဘုရားကို ပုဂ္ဂိုလ်တစ်ပါးအဖြစ် လေးမြတ်ရန် သူတို့အားကူညီပေးခဲ့သည်။ ကိုယ်တော်၏လမ်းတော်များကို သူတို့သိလာသည်နှင့်အညီ သူတို့သည် သမာသတိ သို့မဟုတ် ထိုးထွင်းသိမြင်ခြင်းဖြင့် ပြုမူနိုင်ခဲ့လေသည်။—မိက္ခာ ၄:၂၊ ၅။

လူ့ဝိညာဉ် [စိုးလ်] သည် မသေနိုင်သလော

၈။ ယေဟောဝါသက်သေများသည် သူတို့၏မျက်မှောက်ခေတ်စောစောပိုင်းသမိုင်း၌ ဝိညာဉ် [စိုးလ်] နှင့်လူသေများအခြေအနေအကြောင်း ဘာသိရှိခဲ့ကြသနည်း။

၈ ယခုတတိယဥပမာ။ ယေဟောဝါကျေးကျွန်များ၏ မျက်မှောက်ခေတ် ရာဇဝင်စောစောပိုင်းတွင် ဘုရားနှုတ်ကပတ်တော်ကို ချစ်မြတ်နိုးခြင်းက အခြားအရေးကြီးသော သမ္မာတရားများအပေါ် သူတို့၏ မျက်စိကို ဖွင့်ပေးခဲ့သည်။ လွန်ခဲ့သည်နှစ်တစ်ရာခန့်က “သစ္စာရှိကျေးကျွန်” သည် ဝိညာဉ် [စိုးလ်] မှာ အသိဉာဏ်နှင့် လူ့ကိုယ်ခန္ဓာတွင်းနေသော သီးခြားဝိညာဉ်မဟုတ်ဘဲ ယင်းသည် လူကိုယ်နှိုက်သာဖြစ်ကြောင်း မှန်ကန်စွာ နားလည်ခဲ့သည်။ (မဿဲ ၂၄:၄၅-၄၇) ၁၈၈၀ ခုနှစ်တွင် ကင်းမျှော်စင်သည် ကျမ်းစာတွင် ဘာသာပြန်ထားသော မူရင်းစကားလုံး ရှီးအိုးလ် နှင့် ဟေးဒီးစ်၏ အရင်းအမြစ်ကို စူးစမ်းရာ ယင်းတို့သည် သင်္ချိုင်းသာဖြစ်ကြောင်း သိခဲ့ရသည်။ ဂေဟင်္နာသို့ရောက်သူလည်း ညှဉ်းပန်းမခံရဘဲ ဖျက်ဆီးခံရကြောင်း ဖေါ်ပြခဲ့သည်။—New World Translation Reference Bible စာမျက်နှာ ၁၅၇၃-၅ ကိုလည်းကြည့်ပါ။

၉။ ၁၈၉၄ ခုနှစ်တွင် ကင်းမျှော်စင်က လူ၌မသေနိုင်သောဝိညာဉ် [စိုးလ်] ရှိသည်ဟူသည့် ပင်ရင်းသွန်သင်ချက်နှင့်စပ်လျဉ်း၍ ဘာပြောသနည်း။

၉ ၁၈၉၄ ခုနှစ်တွင် ကင်းမျှော်စင်က ဤမေးခွန်းထုတ်ခဲ့သည်။ “သို့ဖြစ်လျှင် လူတွင်အမျိုးလိုက်အမွေရသော မသေနိုင်သည့် ဝိညာဉ်ရှိသည်အယူ ဘယ်ကပေါ်လာသနည်း။” ထိုးထွင်းဉာဏ်ဖြင့် ယင်းက အဖြေပေးခဲ့သည်။ “ရာဇဝင်ကို လှန်လှောစစ်ဆေးကြည့်လျှင် မသေနိုင်သောဝိညာဉ်အယူကို ဘုရား၏မှုတ်သွင်းခံသက်သေများက မသင်ကြားပေးခဲ့သော်လည်း ဒိဌိဘာသာ၏ တကယ့်အနှစ်သာရသာဖြစ်ကြောင်း ကျွန်ုပ်တို့တွေ့ရှိရသည်။ . . . ထိုကြောင့် ဆိုကရေးတီး နှင့် ပလေတိုတို့သည် ယင်းအယူကို ဦးဆုံးသွန်သင်ခဲ့သည်ဆိုခြင်းမှာ မမှန်ချေ။ သူတို့မတိုင်မီကပင် ပိုထက်မြက်သော သွန်သင်ပေးသူရှိခဲ့ပြီးဖြစ်သည်။ သို့သော် သူတို့က ယင်းအယူကို မွန်းမံပြီး . . . အတွေးအခေါ်စိတ်ပညာ လုပ်လိုက်သည်။ သို့ဖြင့် ပိုဆွဲဆောင်မှုဖြစ်စေကာ ယင်းအချိန်ရှိ ယဉ်ကျေးမှုအသိုင်းအဝိုင်းအတွက် လက်ခံဖွယ်ဖြစ်သွားပြီး ယနေ့ထိတိုင်ပင်ဖြစ်သည်။ ဤမှောက်မှားသော သွန်သင်ချက်၏ ပထမဆုံးမှတ်တမ်းကို ရှေးအကျဆုံး လူ့သမိုင်း၊ သမ္မာကျမ်းစာတွင် တွေ့ရသည်။ မှောက်မှားစွာ သွန်သင်သူမှာ စာတန်ပင်။”a

၁၀။ ဝိညာဉ် [စိုးလ်] နှင့်လူသေများအခြေအနေအကြောင်း ဘာသာရေးမုသာများမှ မည်သည့် ဆိုးကျိုးများ သက်ရောက်ခဲ့သနည်း။ ကျိုးကြောင်းဆင်ခြင်တတ်သူများကို ကူညီပေးရန် ဘာလုပ်ခဲ့သနည်း။

၁၀ လူတိုင်းသည် မသေနိုင်သော ဝိညာဉ်ရှိ၍ လူဆိုးသည် ငရဲမီးတွင် ထာဝစဉ်ညှဉ်းပန်းခံရမည်ဟူသော မုသာကို ဖြန့်ခြင်းဖြင့် စာတန်သည် ဘုရားကိုအထင်လွဲစေပြီး နာမတော်ကို ရှုတ်ချခဲ့သည်။ ကင်းမျှော်စင်၏ ဦးဆုံးအယ်ဒီတာ စီတီရပ်စယ်လ်က ယင်းကို သိမြင်ခဲ့သည်။ ပညာရှိများသည် ထာဝရညှဉ်းဆဲရာကို ငြင်းပယ်ကြသော်လည်း ဝမ်းနည်းဖွယ်ကား သမ္မာကျမ်းစာကိုလည်း ယင်းကျိုးကြောင်းမညီသောအယူ၏ပင်ရင်းဟု ယူဆကာ ကျမ်းစာကိုပါငြင်းပယ်ကြကြောင်း သူတွေ့ခဲ့သည်။ ဆင်ခြင်စဉ်းစားတတ်သူများ၏ စိတ်ထဲမှ အမှောင်ခေတ်၏မှိုင်းကို ရှင်းလင်းရန် ညီအစ်ကိုရပ်စယ်လ်က “ငရဲသို့သွားပြီးပြန်လာခြင်း၊ ထိုတွင်မည်သူများရှိသနည်း” ဟူသော ပြောင်မြောက်သည့် လူထုတရားဟောပွဲကို ဟောခဲ့သည်။

၁၁။ (က) နတ်ဝိဇ္ဇာအတတ်များကို ဦးစားပေးချိန်တွင် ‘သစ္စာရှိကျေးကျွန်’ အတန်းအစား မည်သို့သတိပေးခဲ့သနည်း။ (ခ) ဤသတိပေးချက်မှ မည်သူများ အကျိုးခံစားရပြီး မည်သို့နည်း။

၁၁ ထိုအချိန်သည် နတ်ဝိဇ္ဇာပညာများကို ဦးစားပေးလာသော သမယဖြစ်သည်။ သို့သော် ယေဟောဝါဘုရားသည် မိမိ၏နှုတ်ကပတ်တော်အားဖြင့်ပေးသော ထိုးထွင်းသိမြင်ခြင်းဖြင့် လူများဆက်သွယ်နေသော လူသေများ၏ဝိညာဉ်ဟု ယူဆကြသောအရာသည် နတ်ဆိုးများသာဖြစ်ကြောင်း ‘သစ္စာရှိကျေးကျွန်’ အတန်းစားသိမြင်ခဲ့သည်။ တန်ခိုးပါသော ကျမ်းဆိုင်ရာ ချေပချက်များကို လူထုတရားဟောပွဲတွင် တင်ပြခြင်းနှင့် စာပေများအားဖြင့် နတ်ဝိဇ္ဇာအတတ်ပညာများနှင့်ပတ်သက်ခြင်း၏ အန္တရာယ်ကိုမြင်လာရန် နှလုံးဖြောင့်သူများ၏ မျက်စိကို ဖွင့်ပေးခဲ့သည်။ (တရားဟောရာ ၁၈:၁၀-၁၂။ ဟေရှာယ ၈:၁၉) ယေဟောဝါသည် မိမိ၏ကျေးကျွန်များအားပေးသော ဤထိုးထွင်းသိမြင်ခြင်းကြောင့် ကမ္ဘာတစ်ဝှမ်းရှိ လူများသည် လူသေကိုကြောက်ရွံ့ခြင်း၊ နတ်ဝိဇ္ဇာအတတ်၊ နတ်ဆိုးအတတ်နှင့်ဆက်နွယ်နေသော ယုတ်ညံ့သည့် ထုံးတမ်းများမှ လွတ်မြောက်ခဲ့လေသည်။

သောင်းကျန်းသောလောကတွင် ခရစ်ယာန်အပြုအမူ

၁၂၊ ၁၃။ (က) ဒံယေလ ၁၁:၃၂၊ ၃၃ ကိုရှင်းပြပါ။ (ခ) “ထိုးထွင်းသိမြင်ခြင်းရှိသူများ” ဖွင့်ပြသည်ကို နားလည်စေသော သမ္မာတရားအခြေခံအချို့ကား အဘယ်နည်း။

၁၂ ပရောဖက်ဒံယေလက ဘုရားကျေးကျွန်များသည် စတုတ္ထအရာဖြစ်သော အရေးကြီးသော ကိစ္စရပ်ဖြစ်သည့် ကြားနေခြင်းအပေါ် ထိုးထွင်းသိမြင်ခြင်းရှိရမည်ဟု ဖေါ်ပြခဲ့သည်။ လောက၏ကွဲပြားသော စိုးမိုးမှုနှစ်ခုကြား ရုန်းကန်မှုနှစ်ခုကို အသေးစိတ်ဖေါ်ပြပြီးနောက် ဒံယေလ ၁၁:၃၂၊ ၃၃ တွင် ဤသို့ဆက်ပြောသည်။ “ပဋိညာဉ်တရားကို ပြစ်မှားသောသူတို့သည် ချော့မော့ရာသို့လိုက်၍ ယိုယွင်းကြလိမ့်မည်။” ယင်းက အာဏာရှင်မြောက်ဘုရင်သည် လောကကိုချစ်ပြီး ယင်း၏မျက်နှာသာရလိုသော ခရစ်ယာန်အခေါ်ခံများကို မိစ္ဆာဖြစ်စေခြင်းဖြစ်သည်။ သို့ဖြင့် မြေကြီးတစ်ဝှမ်းလုံးကို ယေရှုအုပ်ချုပ်မည့် နိုင်ငံတော်အတွက် ယေဟောဝါ၏ပဋိညာဉ်ကို သူတို့စက်ဆုပ်ကြခြင်းဖြစ်သည်။ သို့သော် “မိမိဘုရားသခင်ကိုသိသော သူတို့မူကား ကြီးစွာသောအားနှင့်ပြုကြလိမ့်မည်။ လူစုထဲမှာ ပညာရှိသောသူတို့သည် အများသောသူတို့ကို သွန်သင်ကြလိမ့်မည်” ဟုဒံယေလဆက်ပြောသည်။

၁၃ ဖြစ်လေ့ရှိသော သောင်းကျန်းမှုများကို ရင်ဆိုင်ရာ၌ လိုအပ်သောထိုးထွင်းသိမြင်ခြင်းသည် အခြေခံသမ္မာတရားအား လေးမြတ်ခြင်းအပေါ်တည်ဆောက်ထားသည်။ ယေဟောဝါလမ်းညွှန်မှုဖြင့် ‘သစ္စာရှိကျေးကျွန်’ အတန်းအစားသည် ဤသမ္မာတရားများကိုသိရှိခဲ့ကြသည်။ ယင်းတို့မှ တစ်ခုမှာ ယေရှုဖေါ်ပြခဲ့သည့်အတိုင်း လောက၏မျက်မြင်မရ အုပ်စိုးရှင်သည် စာတန်မာရ်နတ်ဖြစ်သည့်အကြောင်း ပါဝင်သည်။ (လုကာ ၄:၅-၈။ ယောဟန် ၁၂:၃၁) ဤသမ္မာတရားနှင့်အညီ ၁ ယောဟန် ၅:၁၉ က တစ်စိတ်တစ်ဒေသမဟုတ်ဘဲ ခရစ်ယာန်အသင်းတော်အပြင်ရှိ “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ရှိကြသည်” ဟုထပ်ဆင့်ထားသည်။ (ဗျာဒိတ် ၁၂:၉) မိမိ၏နောက်လိုက်များသည် “လောကနှင့်မဆက်ဆံ” ဟုယေရှုဆိုခဲ့သောကြောင့် သူတို့ဘက်မှ ခရစ်ယာန်ကြားနေမှုလိုအပ်လေသည်။—ယောဟန် ၁၇:၁၆။

၁၄။ (က) ၁၉၃၉ ခုနှစ်နှင့် ၁၉၄၁ ခုနှစ်တွင် ယေဟောဝါကျေးကျွန်များအား မည်သည့်အချိန်မီအကြောင်းကို ညွှန်ပြခဲ့သနည်း။ (ခ) ယင်းထိုးထွင်းသိမြင်ခြင်းက ယေဟောဝါသက်သေများအား ပညာရှိစွာကျင့်ကြံရန် မည်သို့ကူညီပေးခဲ့သနည်း။

၁၄ ထိုကြောင့်အချိန်မီပင် ဥရောပတွင် ဒုတိယကမ္ဘာစစ်ကြောင့်မဲမှောင်စဉ် ၁၉၃၉ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်ထုတ်ကင်းမျှော်စင်တွင် ခရစ်ယာန်ကြားနေခြင်းအကြောင်း အထင်အရှားဖေါ်ပြခဲ့သည်။ ယင်းနှင့်ဆက်နွယ်နေသော အခြားအခြေခံသမ္မာတရားမှာ စကြဝဠာအချုပ်အခြာပိုင်သမှုကိစ္စရပ်၏ အရေးကြီးပုံနှင့် ဤကိစ္စရပ်ကိုဖြေရှင်းရာ၌ မေရှိယနိုင်ငံတော်၏ကဏ္ဍဖြစ်သည်။ လျောက်ပတ်စွာပင် ၁၉၄၁ ခုနှစ်တွင် ဤကိစ္စရပ်ကို ယူအက်စ်အေ စိန့်လုဝစ္စ၊ မစ်ဆိုရီမြို့တွင် ယေဟောဝါသက်သေများ၏ စည်းဝေးကြီး၌ဖေါ်ပြခဲ့ပြီး နောက်တစ်နှစ်တွင် The New World စာအုပ်၌ တင်ပြခဲ့သည်။ ထိုသို့သော ဘုရားရေးရာထိုးထွင်းသိမြင်ခြင်းက ဤကွဲပြား၊ တိုက်ခိုက်နေသော လောကရှိ ယေဟောဝါကျေးကျွန်များအတွက် မည်မျှကာကွယ်မှုပါတကား။ ခရစ်ယာန်ဘောင်သည် ကမ္ဘာချီပြိုင်ဆိုင်ခြင်းနှင့် အစိုးရကိုဖြုတ်ချရန် သူပုန်ထခြင်းများဖြင့် ကွဲပြားတိုက်ခိုက်နေကြသော်လည်း တိုင်းနိုင်ငံအားလုံးရှိ ယေဟောဝါသက်သေများသည် စည်းလုံးစွာဖြင့် ဘုရားနိုင်ငံတော်သာ လူသားတို့၏ တစ်ခုတည်းသောမျှော်လင့်ရာအဖြစ် မိမိတို့ကိုယ်ကို အကြွင်းမဲ့အပ်နှံကြေညာလျက်ရှိသည်။ သူတို့သည် ယေရှုခရစ်ကြိုတင်ဟောခဲ့သော အသက်ကယ်လုပ်ငန်း၌ အလုပ်များလျက်ရှိသည်။ “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော သတင်းကောင်းကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတံ့။”—မဿဲ ၂၄:၁၄။

သမ္မာကျမ်းပရောဖက်ပြုချက်များ၏ ပြည့်စုံခြင်း

၁၅။ ယေဟောဝါကျေးကျွန်များ အဘယ်ကြောင့် ထိုးထွင်းသိမြင်ခြင်း ရရှိထားသနည်း။

၁၅ ယေဟောဝါ၏ကျေးကျွန်များသည် ထိုသို့သော ထိုးထွင်းသိမြင်ခြင်းကို မည်သို့ရရှိသနည်း။ သူတို့သည် ဘုရားရေးသားထားသော နှုတ်ကပတ်တော်တွင် အပြည့်အဝယုံကြည်နာခံပြီး ယေဟောဝါ၏ဝိညာဉ်တော် သူတို့အပေါ်တည်ရှိသောကြောင့်ဖြစ်သည်။ ယင်းက သူတို့အား ကျမ်းပရောဖက်ပြုချက်များကို နားလည်စေပြီး ယင်းသည်ယခုကျွန်ုပ်တို့ဆွေးနွေးသွားမည့် ပဉ္စမအချက်ဖြစ်သည်။

၁၆၊ ၁၇။ (က) ယေဟောဝါသက်သေများ အသုံးပြုသော သက္ကရာဇ်သည် တစ်ခါတစ်ရံ အဘယ်ကြောင့် လောကသမိုင်းဆရာများသတ်မှတ်သည်နှင့် ကွာခြားသနည်း။ (ခ) အာတဇေရဇ်၏ အနှစ် ၂၀ မြောက်နှင့် ယေရုရှလင်ကို ဗာဗုလုန်များဖျက်ဆီးချိန် တွက်ချက်ပုံနှင့်စပ်လျဉ်း၍ ယေဟောဝါသက်သေများသည် သမ္မာကျမ်းတွင် စိတ်ချမှုရှိသောကြောင့် သူတို့မည်သို့အကျိုးရရှိခဲ့သနည်း။

၁၆ လောကသမိုင်းပညာရှင်များသည် ဘူမိဗေဒပညာရှင်များတူးဖေါ်ရရှိသော အပိုင်းအစပြားများကိုခန့်မှန်းခြင်းဖြင့် အာတဇေရဇ်၊ လောန်ဂင်မနပ်စ်၏ ပထမဆုံးနန်းစံနှစ်သည် ၄၆၄ ဘီစီအီးဖြစ်ပြီး ဒုတိယမြောက်နေဗုခဒ်နေဇာ၏ ပထမဆုံးနန်းစံနှစ်သည် ၆၀၄ ဘီစီအီးဖြစ်ကြောင်း သတ်မှတ်ကြသည်။ ယင်းတို့သည် မှန်ခဲ့လျှင် အာတဇေရဇ်၏ ၂၀ နှစ်မြောက်သည် ၄၄၅ ဘီစီအီးတွင် အစပြုမည်ဖြစ်ပြီး ယေရုရှလင်ကို ဗာဗုလုန်ဖျက်ဆီးသောနှစ်သည် (နေဗုခဒ်နေဇာ၏ နန်းစံ ၁၈ နှစ်မြောက်) ၅၈၇ ဘီစီအီးတွင်ဖြစ်မည်။ သို့သော် ကျမ်းစာကျောင်းသားများသည် ပရောဖက်ပြုစကားပြည့်စုံခြင်းကို တွက်ချက်ယူရာ၌ ထိုနှစ်များကိုသုံးလျှင် ရှုပ်ထွေးသွားနိုင်သည်။

၁၇ ယေဟောဝါသက်သေများသည် ကျမ်းစာနှင့်ဆက်နွယ်နေသော ဘူမိဗေဒတွေ့ရှိချက်များကို စိတ်ဝင်စားကြသည်။ သို့သော် ဤတွေ့ရှိရာများ၏ အနက်ဖွင့်ချက်သည် သမ္မာကျမ်းစာ၏ ရှင်းလင်းသောဖေါ်ပြချက်နှင့် ဆန့်ကျင်နေလျှင် ခုနှစ်များ၌ဖြစ်စေ၊ အခြားအကြောင်းများ၌ဖြစ်စေ သန့်ရှင်းသောကျမ်းစောင်များပြောသည်ကို စိတ်ချစွာဖြင့် လက်ခံကြသည်။ ထိုကြောင့်ယေဟောဝါကျေးကျွန်များသည် အတန်ကြာကပင် အာတဇေရဇ်၏ ၂၀ နှစ်မြောက်တွင် အစပြုသော ပရောဖက်ပြုချက်သည် ၄၅၅ ဘီစီအီးမှ စရေတွက်ရမည်ဖြစ်ပြီး ဒံယေလ ၉:၂၄-၂၇ သည် ယေရှုအားမေရှိယအဖြစ် ဘိသိက်ပေးသောအချိန် ၂၉ စီအီး၊ ဆောင်းကူးဥတုကို မှန်ကန်စွာညွှန်ပြကြောင်း ယုံကြည်ကြသည်။bအလားတူပင် ဒံယေလအခန်းကြီး ၄ တွင် “ခုနစ်ကာလ” အကြောင်း ပရောဖက်ပြုချက်သည် ၆၀၇-၆၀၆ ဘီစီအီးမှစရေတွက်ပြီး ၁၉၁၄ စီအီး၊ ဆောင်းကူးဥတုနှစ်သည် အုပ်ချုပ်နေသော ဘုရင်အဖြစ် ခရစ်တော်ကိုနန်းတင်နှစ်ဖြစ်ပြီး ဤလောက၏ဆုံးခန်းချိန်စသည့်နှစ်ဟု သူတို့သိမြင်ခဲ့သည်။cသန့်ရှင်းသောကျမ်းစောင်များကို သူတို့စိတ်ချမှုမရေရာခဲ့လျှင် ဤပရောဖက်ပြုချက်၏ရင်ဖိုဖွယ် ပြည့်စုံချက်များကို သူတို့သိမြင်ခဲ့ကြမည်မဟုတ်။ ထိုကြောင့် သူတို့တင်ပြခဲ့သော ထိုးထွင်းသိမြင်ခြင်းသည် ဘုရားနှုတ်ကပတ်တော်ကို သူတို့ကိုးစားမှုအပေါ် တိုက်ရိုက်ဆက်နွယ်လျက်ရှိသည်။

၁၈။ ဟေရှာယ ၆၅:၁၃၊ ၁၄ က ယေဟောဝါ၏သစ္စာရှိကျေးကျွန်များ၏ ဝိညာဉ်ရေးအခြေအနေကို မည်သို့ကတိပြုသနည်း။

၁၈ လက်ရှိရေပန်းစားသော မည်သည့်အရာကိုမဆို ဦးစားပေးကာ ကျမ်းစောင်များကို လွယ်လွယ်နှင့် ဘေးချိတ်သောအုပ်စုများနှင့် ကိုယ်တော်.သစ္စာရှိကျေးကျွန်များ၏ ခြားနားမှုကို ယေဟောဝါဤသို့မိန့်မြွက်သည်။ “ငါ၏ကျွန်တို့သည် စားကြလိမ့်မည်။ သင်တို့မူကား မွတ်သိပ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် သောက်ကြလိမ့်မည်။ သင်တို့မူကား ရေငတ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုကြလိမ့်မည်။ သင်တို့မူကား ဝမ်းနည်းသောစိတ်နှင့် ငိုကြွေးကြလိမ့်မည်။ ကြေကွဲသောနှလုံးနှင့် ညည်းတွားမြည်တမ်းကြလိမ့်မည်။”—ဟေရှာယ ၆၅:၁၃၊ ၁၄။

၁၉။ (က) “သစ္စာရှိကျေးကျွန်” သည် ကျမ်းစောင်များကို ရှင်းပြရာ၌ အဓိက မည်သည့်အရာကို အသုံးပြုသနည်း။ (ခ) မည်သို့သော လေ့လာရေးအစီအစဉ်က ကျွန်ုပ်တို့အား ဝိညာဏအစာမှ အကျိုးအပြည့်အဝရရှိစေမည်နည်း။

၁၉ ယေဟောဝါ၏ “သစ္စာရှိကျေးကျွန်” သည် ကျွန်ုပ်တို့အား အရေးပါသော ကျမ်းဆိုင်ရာ သမ္မာတရားရှင်းပြချက်များကို ကင်းမျှော်စင်အားဖြင့် ဖွင့်ပြကြောင်း ဤရာဇဝင်ဆိုင်ရာ သုံးသပ်ချက်အတိုချုပ်က ပြသခဲ့လေသည်။ “ကျေးကျွန်” အတန်းအစား ဝိညာဉ်အစာကို ပေးကမ်းရာ၌ ကင်းမျှော်စင်သည် အဓိကလက်နက်ဖြစ်သည်။ ယင်းမှ သင်သည် အကျိုးအပြည့်အဝရယူနေပါသလော။ အစောင်တိုင်းကို သင်ဖတ်သလော။ သင်၏လေ့လာမှုအစီအစဉ်တွင် အကြောင်းအရာမဖေါ်ပြထားသော ကျမ်းပိုဒ်များကို ရှာဖွေခြင်းပါဝင်သလော။ သင်လေ့လာခဲ့သောအရာအပေါ် သင်ဆင်ခြင်တွေးတောသည့်အကျင့်လုပ်ကာ ယင်းအပေါ်လေးမြတ်မှုတည်ဆောက်ပါသလော။ သင်၏သဘောထား၊ သင်၏ဆန္ဒ၊ သင်၏နေ့စဉ်လုပ်ငန်းများ၊ သင်၏ဘဝတွင် ပန်းတိုင်များကို မည်သို့ထိခိုက်ကြောင်း သင်စဉ်းစားပါသလော။ ယေဟောဝါသာပေးသော စစ်မှန်သည့်ထိုးထွင်းသိမြင်ခြင်းအပေါ် အခြေပြုသော ဆုံးဖြတ်ချက်များချရာ၌ ထိုသို့ပြုခြင်းသည် အထူးအရေးကြီးလှပေသည်။

[အောက်ခြေမှတ်ချက်များ]

a ဇာတိအရ ဘယ်တော့မျှမသေဟု ဧဝအား စာတန်လှည့်ဖြားခဲ့သည်။ (ကမ္ဘာဦး ၃:၁-၅) ထိုကြောင့် နောက်ပိုင်းတွင် စာတန်က လူသေလျှင် မသေနိုင်သောဝိညာဉ် ဆက်ရှင်နေသည်ဟူသော အယူမှားကို တီထွင်ခဲ့သည်။—၁၉၅၇ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်ထုတ်အင်္ဂလိပ်ကင်းမျှော်စင်ကို ကြည့်ပါ။

b Insight on the Scriptures, Volume 2, pages 614-16, 899-901.

c “Let Your Kingdom Come,” pages 186-9.

သင်ဘာမှတ်မိသနည်း

▫ ဘုရားသခင်သည် သုံးပါးပေါင်းတစ်ဆူလော။ ထိုသို့ သင်အဘယ်ကြောင့်ဖြေဆိုသနည်း။

▫ ဘုရားသခင့်နာမတော်သည် အဘယ်နေရာတွင် ရှိထိုက်သနည်း။

▫ လူ့ဝိညာဉ် [စိုးလ်] သည် မသေနိုင်ဟုဆိုခြင်းကား မှန်၏လော။

▫ သောင်းကျန်းသောလောကတွင် ခရစ်ယာန်အကျင့်အကြံနှင့်ပတ်သက်၍ အဘယ်ထိုးထွင်းသိမြင်ဉာဏ်ကို ယေဟောဝါပေးထားတော်မူသနည်း။

▫ ကျမ်းစာပရောဖက်ပြုချက်များ၏ ပြည့်စုံချက်နှင့်စပ်လျဉ်း၍ ယေဟောဝါသက်သေများ အဘယ်ထိုးထွင်းသိမြင်ခြင်းကို ရရှိထားသနည်း။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ကင်းမျှော်စင်အားဖြင့် “သစ္စာသတိပညာရှိကျေးကျွန်” သည် ကျမ်းချက်များ၏အနက်နှင့် ကျွန်ုပ်တို့ခေတ်နှင့်သက်ဆိုင်ပုံကို ထိုးထွင်းသိမြင်ရန် ကူညီပေး

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ