စစ်မှန်တဲ့ လွတ်လပ်မှု ရနိုင်တဲ့နည်း
“သားတော်ကသာ လွှတ်ပေးရင် တကယ် လွတ်မြောက်ကြလိမ့်မယ်။” —ယော. ၈:၃၆။
၁၊ ၂။ (က) လူတွေ လွတ်လပ်မှုရဖို့ ကြိုးပမ်းနေကြောင်း ဘာက ဖော်ပြသလဲ။ (ခ) ဘာရလဒ် ရသလဲ။
ဒီနေ့ခေတ်မှာ တန်းတူညီမျှဖြစ်မှု၊ လွတ်မြောက်မှု၊ လွတ်လပ်မှုအကြောင်း လူပြောများတယ်။ ကမ္ဘာတစ်ဝန်းက လူများစွာဟာ ဖိနှိပ်ခြင်း၊ လူတန်းစားခွဲခြားခြင်း၊ ဆင်းရဲခြင်းကနေ လွတ်မြောက်ချင်ကြတယ်။ တချို့ကျတော့ လွတ်လပ်စွာ ပြောဆို၊ ရွေးချယ်၊ ဆုံးဖြတ်ခွင့် ရချင်ကြတယ်။ လူတိုင်းလိုလို ကိုယ့်စိတ်ကြိုက် လုပ်ချင်ကြ၊ နေထိုင်ချင်ကြတယ်။
၂ အဲဒီဆန္ဒတွေ ပြည့်ဖို့ဆိုတာ ပြောသလောက် မလွယ်ဘူး။ အဲဒါကို ရဖို့ လူမှုရေး၊ နိုင်ငံရေးမှာ ဆန္ဒပြ၊ ပုန်ကန်၊ တော်လှန်တဲ့အထိ ဖြစ်လာတယ်။ ဒါဟာ ဖြေရှင်းနည်းလား။ ရလဒ်က အဖြစ်ဆိုးတွေ၊ သေကြေဆုံးရှုံးမှုတွေပဲ ဖြစ်စေတယ်။ ဒါက “လူလူချင်း အုပ်ချုပ်တာဟာ ထိခိုက်နစ်နာစရာတွေပဲ ဖြစ်စေတယ်” ဆိုတဲ့ ဘုရင်ရှောလမုန်ရဲ့စကား မှန်ကန်ကြောင်း ဖော်ပြနေတယ်။—ဒေ. ၈:၉။
၃။ စစ်မှန်တဲ့ ကျေနပ်ပျော်ရွှင်မှု ရဖို့ ဘာလုပ်နိုင်သလဲ။
၃ စစ်မှန်တဲ့ ပျော်ရွှင်မှုနဲ့ ကျေနပ်ရောင့်ရဲမှု ရနိုင်တဲ့နည်းကို တပည့်တော် ယာကုပ် ပြောပြတယ်– “လွတ်လပ်ခြင်းနဲ့ဆိုင်တဲ့ ပြည့်ဝစုံလင်တဲ့ပညတ်ကို အသေအချာ ကြည့်ရှုတဲ့သူ . . . ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်။” (ယာ. ၁:၂၅) လူတွေ အပြည့်အဝ ပျော်ရွှင်ကျေနပ်နိုင်ဖို့ ဘာလိုအပ်မှန်း ပြည့်ဝစုံလင်တဲ့ ပညတ်ပေးရှင် ယေဟောဝါ အသိဆုံးပဲ။ ပထမဆုံး လူသားမောင်နှံကို စစ်မှန်တဲ့ လွတ်လပ်မှုအပါအဝင် ပျော်ရွှင်စေနိုင်တဲ့အရာ မှန်သမျှ ပေးခဲ့တယ်။
စစ်မှန်တဲ့ လွတ်လပ်မှု ခံစားခဲ့ရချိန်
၄။ အာဒံနဲ့ ဧဝတို့ ဘယ်လို လွတ်လပ်မှုမျိုး ခံစားခဲ့ရသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)
၄ ကမ္ဘာဦးအခန်းကြီး တစ်နဲ့ နှစ်ကို ဖတ်တဲ့အခါ ဒီနေ့ခေတ်လူတွေ တောင့်တနေတဲ့ လွတ်လပ်မှုမျိုးကို အာဒံနဲ့ ဧဝ ခံစားခဲ့ရကြောင်း သိနိုင်တယ်။ ချို့တဲ့တာ၊ ကြောက်တာ၊ ဖိနှိပ်ခံရတာ မရှိဘူး။ အစားအစာ၊ အလုပ်အကိုင်၊ အဖျားအနာ၊ သေခြင်းအတွက် ပူပန်နေစရာ မလိုဘူး။ (က. ၁:၂၇-၂၉။ ၂:၈၊ ၉၊ ၁၅) ဒါက အာဒံနဲ့ ဧဝတို့ အကြွင်းမဲ့ လွတ်လပ်တယ်လို့ ဆိုလိုသလား။ သုံးသပ်ကြည့်ရအောင်။
၅။ လူများစွာ ယူဆသလို မဟုတ်ဘဲ လွတ်လပ်မှုရဖို့ ဘာလိုအပ်သလဲ။
၅ ဘာအကျိုးဆက်ပဲ ရှိပါစေ လုပ်ချင်တာမှန်သမျှ လုပ်ခွင့်ရမှ တကယ့်လွတ်လပ်မှုလို့ ဒီနေ့ခေတ်လူတွေ ယူဆကြတယ်။ လွတ်လပ်မှုကို ကမ္ဘာ့စွယ်စုံကျမ်းတစ်အုပ်က “ရွေးချယ်လုပ်ဆောင်နိုင်စွမ်း” လို့ အဓိပ္ပာယ်ဖွင့်တယ်။ “ဥပဒေရှုထောင့်အရ လူ့အဖွဲ့အစည်းမှာ မမျှတတဲ့၊ မလိုအပ်တဲ့၊ အကျိုးသင့်အကြောင်းသင့် မရှိတဲ့ တားမြစ်ချက်တွေ မရှိရင် လွတ်လပ်မှု ရှိတယ်” လို့လည်း ဖော်ပြတယ်။ လွတ်လပ်မှုရဲ့ အကျိုးကျေးဇူးကို လူတိုင်း ခံစားနိုင်ဖို့ တချို့တားမြစ်ချက်တွေ လိုအပ်တယ်ဆိုတဲ့ သဘောပဲ။ ဒါဆိုရင် မျှတတဲ့၊ လိုအပ်တဲ့၊ အကျိုးသင့်အကြောင်းသင့်ရှိတဲ့ တားမြစ်ချက်တွေကို ဘယ်သူ သတ်မှတ်ပိုင်ခွင့် ရှိသလဲ။
၆။ (က) ယေဟောဝါ တစ်ပါးတည်းသာ ဘာကြောင့် အကြွင်းမဲ့ လွတ်လပ်မှု ပိုင်ဆိုင်သလဲ။ (ခ) လူတွေမှာ ဘယ်လို လွတ်လပ်မှုမျိုး ရှိသလဲ။ ဘာကြောင့်လဲ။
၆ ယေဟောဝါဘုရား တစ်ပါးတည်းသာ အကန့်အသတ်မရှိ၊ အကြွင်းမဲ့ လွတ်လပ်မှု ပိုင်ဆိုင်တယ်ဆိုတဲ့အချက်ကို စိတ်စွဲမှတ်ထားဖို့ လိုတယ်။ ဘာကြောင့်လဲ။ ဘုရားဟာ အရာခပ်သိမ်း ဖန်ဆင်းရှင်၊ စကြဝဠာ အချုပ်အခြာအာဏာပိုင်ရှင်၊ အနန္တတန်ခိုးရှင် ဖြစ်လို့ပဲ။ (၁ တိ. ၁:၁၇။ ဗျာ. ၄:၁၁) ယေဟောဝါရဲ့ ထူးခြားမြင့်မြတ်လှတဲ့ အနေအထားအကြောင်း ဘုရင်ဒါဝိဒ် လှလှပပ ဖော်ကျူးထားပုံကို အမှတ်ရပါ။ (၁ ရာဇဝင်ချုပ် ၂၉:၁၁၊ ၁၂ ကိုဖတ်ပါ။) ကောင်းကင်နဲ့ မြေကြီးပေါ်က သတ္တဝါအားလုံးရဲ့ လွတ်လပ်မှုဟာ အကန့်အသတ်ရှိတယ်။ ယေဟောဝါဘုရားသာ မျှတတဲ့၊ လိုအပ်တဲ့၊ အကျိုးသင့်အကြောင်းသင့်ရှိတဲ့ တားမြစ်ချက်တွေ သတ်မှတ်ပိုင်ခွင့် ရှိကြောင်း အသိအမှတ်ပြုရမယ်။ လူ့သမိုင်းအစကတည်းက ယေဟောဝါ အဲဒီလို လုပ်ဆောင်ခဲ့တယ်။
၇။ ပျော်ရွှင်မှုရှိစေတဲ့ ပင်ကိုကန့်သတ်ချက်တချို့ကို ဖော်ပြပါ။
၇ အစပိုင်းမှာ အာဒံနဲ့ ဧဝတို့ လွတ်လပ်မှု ရှိပေမဲ့ ကန့်သတ်မှုတွေလည်း ရှိတယ်။ တချို့က ပင်ကိုကန့်သတ်ချက်တွေ ဖြစ်တယ်။ ဥပမာ၊ ဆက်အသက်ရှင်ဖို့ အသက်ရှူရမယ်၊ စားရမယ်၊ အိပ်ရမယ်။ အဲဒါတွေကြောင့် လွတ်လပ်မှု မရှိဘူးလို့ သူတို့ ခံစားရသလား။ မခံစားရဘူး။ အဲဒီလုပ်ရိုးလုပ်စဉ်တွေဟာ ပျော်ရွှင်ကျေနပ်မှု ခံစားစေနိုင်ကြောင်း ယေဟောဝါ သိတယ်။ (ဆာ. ၁၀၄:၁၄၊ ၁၅။ ဒေ. ၃:၁၂၊ ၁၃) လေကောင်းလေသန့် ရှူရတာ၊ အကြိုက်ဆုံး အစားအစာကို စားရတာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ပြီး နိုးထရတာကို လူတိုင်း နှစ်သက်ကြတယ်။ အဲဒါတွေ လုပ်ရတာကို ဝန်ထုပ်ဝန်ပိုးလို့ ဘယ်သူမှ မခံစားရဘူး။ အာဒံနဲ့ ဧဝလည်း အဲဒီလို ခံစားခဲ့ရမှာပဲ။
၈။ အာဒံနဲ့ ဧဝကို ဘုရားသခင် ဘာမိန့်မှာခဲ့သလဲ။ ဘာရည်ရွယ်ချက်အတွက်လဲ။
၈ သားသမီးတွေ မွေးပြီး ကမ္ဘာမြေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အာဒံနဲ့ ဧဝကို ယေဟောဝါ မိန့်မှာတယ်။ (က. ၁:၂၈) ဒီမိန့်မှာချက်ကြောင့် သူတို့ရဲ့လွတ်လပ်မှု ဆုံးရှုံးခဲ့သလား။ မဆုံးရှုံးခဲ့ဘူး။ ကမ္ဘာမြေကို ပြည့်ဝစုံလင်တဲ့ လူသားတွေ ထာဝစဉ် နေထိုင်နိုင်အောင် သာယာလှပတဲ့ စံအိမ်ကြီး ဖြစ်စေဖို့ဆိုတဲ့ ဖန်ဆင်းရှင်ရဲ့ ရည်ရွယ်ချက်မှာ ပါဝင်ခွင့်ရစေတယ်။ (ဟေရှာ. ၄၅:၁၈) အခုခေတ်မှာ တစ်ကိုယ်ရေနေဖို့ ဒါမှမဟုတ် အိမ်ထောင်ပြုပေမဲ့ သားသမီးမယူဖို့ ရွေးချယ်တာဟာ ယေဟောဝါအလိုတော်နဲ့ မဆန့်ကျင်ဘူး။ ဒါပေမဲ့ အခက်အခဲတွေ ရှိတဲ့ကြားက အိမ်ထောင်ပြုပြီး သားသမီး ပြုစုပျိုးထောင်သူတွေလည်း ရှိပါတယ်။ (၁ ကော. ၇:၃၆-၃၈) ဘာကြောင့်လဲ။ သာမန်အားဖြင့် အိမ်ထောင်သားမွေးခြင်းဟာ ပျော်ရွှင်ကျေနပ်မှု ခံစားစေလို့ပဲ။ (ဆာ. ၁၂၇:၃) အာဒံနဲ့ ဧဝလည်း အိမ်ထောင်သားမွေးပြီး ထာဝစဉ် ပျော်ရွှင်နိုင်ပါတယ်။
စစ်မှန်တဲ့လွတ်လပ်မှု ပျောက်ဆုံးခဲ့ပုံ
၉။ ကမ္ဘာဦး ၂:၁၇ မှာပါတဲ့ မိန့်မှာချက်ဟာ မမျှတတဲ့၊ မလိုအပ်တဲ့၊ အကျိုးသင့်အကြောင်းသင့် မရှိတဲ့ မိန့်မှာချက် ဘာကြောင့် မဟုတ်သလဲ။
၉ အာဒံနဲ့ ဧဝကို ယေဟောဝါပေးတဲ့ နောက်ထပ် မိန့်မှာချက်မှာ မလိုက်နာရင် ခံရမယ့်ပြစ်ဒဏ်ကိုပါ ဖော်ပြထားတယ်– “အကောင်းအဆိုး သိကျွမ်းရာအပင်ရဲ့ အသီးကိုတော့ မစားနဲ့။ စားတဲ့နေ့မှာ မင်း သေကိုသေရမယ်။” (က. ၂:၁၇) ဒါဟာ မမျှတတဲ့၊ မလိုအပ်တဲ့၊ အကျိုးသင့်အကြောင်းသင့် မရှိတဲ့ မိန့်မှာချက်လား။ သူတို့ရဲ့ လွတ်လပ်မှုကို ဆုံးရှုံးစေသလား။ မဆုံးရှုံးစေပါဘူး။ ဘုရားရဲ့ မိန့်မှာချက်ဟာ လက်တွေ့ကျပြီး အကျိုးသင့်အကြောင်းသင့် ရှိတယ်လို့ ကျမ်းပညာရှင်တချို့ ပြောကြတယ်။ ဥပမာ၊ ကျမ်းပညာရှင်တစ်ယောက်က “[ကမ္ဘာဦး ၂:၁၆၊ ၁၇] မှာပါတဲ့ ဘုရားမိန့်မှာချက်က လူသားတွေအတွက် . . . ဘာက ကောင်းတယ်၊ မကောင်းဘူးဆိုတာ ဘုရား အသိဆုံးဆိုတဲ့သဘောပဲ။ ‘ကောင်းတာ’ ခံစားနိုင်ဖို့ ဘုရားကို ယုံကြည်ပြီး နာခံရမယ်။ မနာခံရင် . . . ကောင်းမကောင်း ကိုယ်တိုင် ရွေးချယ်ရလိမ့်မယ်” လို့ပြောတယ်။ လူသားတွေ မတတ်စွမ်းနိုင်တဲ့အရာပဲ။
အာဒံနဲ့ ဧဝရဲ့ ရွေးချယ်မှုက ဒုက္ခတွေ ကြုံစေ (အပိုဒ် ၉-၁၂ ကိုကြည့်ပါ)
၁၀။ လွတ်လပ်စွာ ရွေးချယ်ခွင့်နဲ့ အကောင်းအဆိုး ဆုံးဖြတ်ပိုင်ခွင့် ဘာကြောင့် မတူသလဲ။
၁၀ ယေဟောဝါရဲ့ မိန့်မှာချက်ကို ဖတ်ပြီးနောက် ဒီနေ့ခေတ် လူများစွာက အာဒံဟာ သူလုပ်ချင်တာ လုပ်ခွင့်မရအောင် ပိတ်ပင်ခံရတယ်လို့ ပြောကြမှာပဲ။ လွတ်လပ်စွာ ရွေးချယ်ခွင့်နဲ့ အကောင်းအဆိုး ဆုံးဖြတ်ပိုင်ခွင့် မတူမှန်း နားမလည်ကြလို့ဖြစ်တယ်။ အာဒံနဲ့ ဧဝဟာ ဘုရားသခင်ကို နာခံမယ်၊ မနာခံဘူးဆိုတာ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိတယ်။ ဒါပေမဲ့ ယေဟောဝါ တစ်ပါးတည်းသာ အကောင်းအဆိုး ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။ အဲဒါကို ဧဒင်ဥယျာဉ်ထဲက “အကောင်းအဆိုး သိကျွမ်းရာအပင်” နဲ့ တင်စားထားတယ်။ (က. ၂:၉) ကိုယ့်ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်ကို အမြဲ မသိနိုင်မှန်း၊ အမြဲ ကောင်းကျိုးရဖို့ မသေချာမှန်း ကျွန်တော်တို့ ဝန်ခံရမယ်။ ဒါကြောင့် လူတွေဟာ စိတ်ရင်းမှန်နဲ့ ရွေးချယ်ဆုံးဖြတ်လိုက်ပေမဲ့ ဘေးဆိုးတွေ၊ အဖြစ်ဆိုးတွေ၊ ဒုက္ခတွေ မကြာခဏ ကြုံရလေ့ရှိတယ်။ (ပညာ. ၁၄:၁၂) လူတွေမှာ အကန့်အသတ်ရှိတယ်။ ယေဟောဝါက လွတ်လပ်မှုကို ဘယ်လို အသုံးပြုရမယ်ဆိုတာ မိမိရဲ့ မိန့်မှာချက်အားဖြင့် အာဒံနဲ့ ဧဝကို မေတ္တာပါပါ သင်ပေးခဲ့တယ်။ သူတို့ ဘယ်လို တုံ့ပြန်သလဲ။
၁၁၊ ၁၂။ အာဒံနဲ့ ဧဝရဲ့ ရွေးချယ်မှုက ဘာကြောင့် ဒုက္ခရောက်စေသလဲ။ ဥပမာပေးပါ။
၁၁ ယေဟောဝါကို မနာခံဖို့ အာဒံနဲ့ ဧဝ ရွေးချယ်ခဲ့တယ်။ “မျက်စိပွင့် လာမယ်၊ အကောင်းအဆိုးကို သိလာပြီး ဘုရားလို ဖြစ်လာမယ်” ဆိုတဲ့ စာတန်ရဲ့ သွေးဆောင်ကတိကို ဧဝ မတွန်းလှန်နိုင်ခဲ့ဘူး။ (က. ၃:၅) အာဒံနဲ့ ဧဝရဲ့ ရွေးချယ်မှုက လွတ်လပ်မှု ပိုရှိစေသလား။ မရှိစေပါဘူး။ စာတန် ပြောသလို ဖြစ်မလာခဲ့ဘူး။ ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို ငြင်းပယ်ပြီး ကိုယ့်လမ်းကိုယ် လျှောက်တဲ့အတွက် အဖြစ်ဆိုးတွေ ကြုံရမှန်း သိလာကြတယ်။ (က. ၃:၁၆-၁၉) ဘာကြောင့်လဲ။ ယေဟောဝါဟာ လူသားတွေကို အကောင်းအဆိုး ဆုံးဖြတ်ပိုင်ခွင့် မပေးထားလို့ပဲ။—ပညာအလိမ္မာ ၂၀:၂၄။ ယေရမိ ၁၀:၂၃ ကိုဖတ်ပါ။
၁၂ အဲဒါကို လေယာဉ်မောင်းနေတဲ့ လေယာဉ်မှူးတစ်ဦးနဲ့ နှိုင်းယှဉ်နိုင်တယ်။ လိုရာခရီးကို ချောချောမောမော ရောက်ဖို့ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း မောင်းရမယ်။ အခုခေတ် လေယာဉ်တွေမှာ လမ်းကြောင်းပြ ကိရိယာတွေ သုံးနိုင်တယ်၊ လေကြောင်းထိန်းသိမ်းသူတွေနဲ့ ဆက်သွယ်နိုင်တယ်။ ဒါပေမဲ့ လမ်းညွှန်ချက်ကို အရေးမစိုက်ဘဲ ကိုယ့်စိတ်ကြိုက် မောင်းမယ်ဆိုရင် ဒုက္ခရောက်နိုင်တယ်။ အဲဒီလေယာဉ်မှူးလိုပဲ အာဒံနဲ့ ဧဝလည်း ဘုရားသခင်ရဲ့ လမ်းညွှန်ချက်ကို ငြင်းပယ်ပြီး ကိုယ့်စိတ်ကြိုက် လုပ်ခဲ့ကြတယ်။ ရလဒ်က သူတို့ရော မွေးလာမယ့် ကလေးတွေပါ အပြစ်နဲ့ သေခြင်း လက်အောက် ရောက်ခဲ့ရတယ်။ (ရော. ၅:၁၂) ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်လိုက်တဲ့အတွက် ရထားတဲ့ လွတ်လပ်မှုတောင် ဆုံးရှုံးသွားတယ်။
စစ်မှန်တဲ့လွတ်လပ်မှု ရနိုင်ပုံ
၁၃၊ ၁၄။ စစ်မှန်တဲ့ လွတ်လပ်မှု ဘယ်လို ရနိုင်မလဲ။
၁၃ လွတ်လပ်မှု ရလေ ပိုကောင်းလေလို့ ထင်နိုင်ပေမဲ့ တကယ်တော့ အထိန်းအကွပ်မရှိတဲ့ လွတ်လပ်မှုဟာ အသွားနှစ်ဖက်ရှိတဲ့ ဓားနဲ့ တူတယ်။ လွတ်လပ်မှုက ကောင်းကျိုးတွေ ရစေတာ မှန်ပေမဲ့ ကမ္ဘာကြီးသာ အထိန်းအကွပ်မရှိရင် ဘယ်လိုဖြစ်နေမလဲဆိုတာ မတွေးဝံ့စရာပဲ။ ဒါကြောင့် ကမ္ဘာ့စွယ်စုံကျမ်းတစ်အုပ်မှာ “စနစ်ကျတဲ့ လူ့အဖွဲ့အစည်းတိုင်းမှာ လွတ်လပ်မှုနဲ့ တားမြစ်မှုတွေကို ဟန်ချက်ညီစေဖို့အတွက် ရှုပ်ထွေးတဲ့ ဥပဒေတွေ ရှိတယ်” ဆိုပြီး ပြောထားတယ်။ “ရှုပ်ထွေး” တယ်ဆိုတာ တကယ်မှန်တယ်။ ဥပဒေစာအုပ် အတွဲပေါင်းများစွာ ထုတ်ထားတာ၊ အဲဒီဥပဒေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရှေ့နေနဲ့ တရားသူကြီးတွေ ဒုနဲ့ဒေး ရှိနေတာကို စဉ်းစားကြည့်လိုက်ပါ။
၁၄ စစ်မှန်တဲ့ လွတ်လပ်မှု ရဖို့ ရိုးရှင်းတဲ့နည်းကို ယေရှုခရစ် ဒီလိုပြောတယ်– “ခင်ဗျားတို့သာ ကျွန်တော့်စကားကို အမြဲလိုက်နာရင် ကျွန်တော့်တပည့်အစစ် ဖြစ်ရုံမက အမှန်တရားကိုပါ သိရလိမ့်မယ်။ အဲဒီအမှန်တရားက ခင်ဗျားတို့ကို လွတ်မြောက်စေလိမ့်မယ်။” (ယော. ၈:၃၁၊ ၃၂) အဲဒီမှာ တောင်းဆိုချက် နှစ်ခုပါတယ်။ ပထမ၊ ယေရှုသင်ပေးတဲ့ အမှန်တရားကို လက်ခံရမယ်။ ဒုတိယ၊ တပည့်ဖြစ်ရမယ်။ ဒါမှ စစ်မှန်တဲ့ လွတ်လပ်မှု ရနိုင်မယ်။ ဘယ်လို လွတ်လပ်မှုမျိုးလဲ။ “အပြစ်လုပ်တဲ့သူဟာ အပြစ်ရဲ့ကျွန်ပဲ။ . . . ဒါကြောင့် သားတော်ကသာ လွှတ်ပေးရင် တကယ်လွတ်မြောက်ကြလိမ့်မယ်” လို့ ယေရှုပြောတယ်။—ယော. ၈:၃၄၊ ၃၆။
၁၅။ ယေရှုကတိပေးတဲ့ လွတ်လပ်မှုက ဘာကြောင့် “တကယ်လွတ်မြောက်” စေနိုင်သလဲ။
၁၅ တပည့်တွေကို ယေရှု ကတိပေးခဲ့တဲ့ လွတ်လပ်မှုဟာ ဒီနေ့ခေတ်လူတွေ တောင့်တနေတဲ့ လူမှုရေးနဲ့ နိုင်ငံရေး လွတ်လပ်မှုထက် များစွာသာလွန်တယ်။ “သားတော်ကသာ လွှတ်ပေးရင် တကယ် လွတ်မြောက်ကြလိမ့်မယ်” လို့ ပြောတဲ့အခါ လူသားအားလုံးကို ချုပ်နှောင်ထားတဲ့ “အပြစ်ရဲ့ကျွန်” ဘဝကနေ လွတ်မြောက်ခြင်းကို ဆိုလိုတယ်။ အပြစ်က မကောင်းတာကို လုပ်စေရုံသာမက ကောင်းတာကို မလုပ်ဖို့ တားဆီးတယ်။ ဒီနည်းနဲ့ ကျွန်တော်တို့ဟာ အပြစ်ရဲ့ကျွန်တွေ ဖြစ်နေလို့ စိတ်ပျက်ခြင်း၊ နာကျင်ခြင်း၊ ဆင်းရဲဒုက္ခနဲ့ သေခြင်းကို ကြုံကြရတယ်။ (ရော. ၆:၂၃) အဲဒီလို နာကျင်မှုနဲ့ စိတ်ဒုက္ခတွေကို တမန်တော်ပေါလု ခံစားခဲ့ရတယ်။ (ရောမ ၇:၂၁-၂၅ ကိုဖတ်ပါ။) အပြစ်ရဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်မှသာ အာဒံနဲ့ ဧဝတို့ တစ်ချိန်က ခံစားခဲ့ရတဲ့ စစ်မှန်တဲ့ လွတ်လပ်မှုမျိုး ပြန်ရနိုင်မယ်။
၁၆။ ဘယ်လိုနည်းနဲ့ “တကယ်လွတ်မြောက်” နိုင်သလဲ။
၁၆ “ကျွန်တော့်စကားကို အမြဲလိုက်နာရင်” ဆိုတာ ယေရှုဆီကရမယ့် လွတ်လပ်မှုမှာ တောင်းဆိုချက်တွေ၊ ကန့်သတ်ချက်တွေရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဆက်ကပ်အပ်နှံထားတဲ့ ခရစ်ယာန်တွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ပြီး ခရစ်တော်ရဲ့ သွန်သင်ချက်နဲ့အညီ နေထိုင်ရမယ်။ (မ. ၁၆:၂၄) ယေရှု ကတိပေးခဲ့သလိုပဲ ရွေးဖိုးပူဇော်သက္ကာရဲ့ အကျိုးကျေးဇူးကို အပြည့်အဝ ခံစားရတဲ့အခါ စစ်မှန်တဲ့ လွတ်လပ်မှု ရှိပါလိမ့်မယ်။
၁၇။ (က) ကျေနပ်ပျော်ရွှင်တဲ့ဘဝကို ဘယ်လို ရနိုင်မလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၁၇ ယေရှုရဲ့ သွန်သင်ချက်ကို နာခံမယ်ဆိုရင် ကျေနပ်ပျော်ရွှင်တဲ့ဘဝကို ရရှိပါလိမ့်မယ်။ ဒါ့အပြင် အပြစ်နဲ့ သေခြင်းရဲ့ အချုပ်အနှောင်အောက်ကနေ အပြီးအပိုင် လွတ်မြောက်မယ့် အလားအလာ ရှိစေတယ်။ (ရောမ ၈:၁၊ ၂၊ ၂၀၊ ၂၁ ကိုဖတ်ပါ။) ရထားတဲ့ လွတ်လပ်မှုကို ပညာရှိရှိသုံးပြီး လွတ်လပ်မှုရဲ့ဘုရား ယေဟောဝါကို ဂုဏ်တင်နိုင်ပုံအကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။