အခန်း ၈
ဒုက္ခဆင်းရဲကို ဘုရားသခင်အဘယ်ကြောင့် ခွင့်ပြုတော်မူသနည်း
၁၊ ၂။ ဒုက္ခဆင်းရဲကို လူတို့မကြာခဏ မည်သို့တုံ့ပြန်လေ့ရှိကြသနည်း။
သဘာဝကပ်ဘေးများ ကျရောက်၍ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးရသည့်အခါများ၌ လူအများက ဤကဲ့သို့သောကြောက်မက်ဖွယ်အရာများ အဘယ်ကြောင့်ဖြစ်ရသည်ကို နားမလည်နိုင်ဘဲရှိကြသည်။ အခြားသူတို့မူကား ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုတို့၏အတိုင်းအတာရက်စက်မှုနှင့် အကြောင်းမဲ့မှုတို့ကြောင့် စိတ်သောကရောက်ရကြသည်။ သင်လည်း ‘ဒုက္ခဆင်းရဲကို ဘုရားသခင်ဘာကြောင့်ခွင့်ပြုသလဲ’ ဟူ၍တွေးမိပေမည်။
၂ ဤမေးခွန်းအတွက် စိတ်ကျေနပ်ဖွယ်အဖြေမရသောကြောင့် လူအများက ဘုရားသခင်ကို အယုံအကြည်မဲ့လာကြသည်။ ကိုယ်တော်သည် လူသားများကို စိတ်ဝင်စားခြင်းမရှိဟု ယူဆကြသည်။ ဒုက္ခဆင်းရဲကို လောကဓံတရားအဖြစ် လက်ခံထားသူတို့လည်း နာကြည်းစိတ်ဖြစ်လာပြီး လူ့အဖွဲ့အစည်းရှိ မကောင်းမှုအားလုံးအတွက် ဘုရားသခင်ပေါ် အပြစ်ပုံချကြသည်။ အသင်၌ ဤသို့သော ခံစားချက်များရှိလျှင် ဤကိစ္စများနှင့်ပတ်သက်၍ ကျမ်းစာဖော်ပြချက်များကို သင်မုချစိတ်ဝင်စားပေမည်။
ဒုက္ခဆင်းရဲ—ဘုရားသခင်ကြောင့်မဟုတ်
၃၊ ၄။ မကောင်းမှုဒုစရိုက်နှင့် ဒုက္ခဆင်းရဲတို့သည် ယေဟောဝါ ဖြစ်ပေါ်စေခံမဟုတ်ကြောင်း ကျွန်ုပ်တို့အဘယ်စိတ်ချနိုင်သနည်း။
၃ ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် တွေ့ မြင်ရသည့်ဒုက္ခဆင်းရဲမှာ ယေဟောဝါကြောင့်မဟုတ်ကြောင်း ကျမ်းစာက စိတ်ချယုံကြည်စေသည်။ သာဓကအားဖြင့် တပည့်တော်ယာကုပ်က “စုံစမ်းခြင်းကိုခံရသောအခါ၊ ‘ဘုရားသခင်သည် ငါကိုစုံစမ်းတော်မူသည်’ ဟုအဘယ်သူမျှမပြောစေနှင့်။ မကောင်းသောအရာသည် ဘုရားသခင်ကိုမစုံစမ်းနိုင်။ ကိုယ်တော်တိုင်သည်လည်း အဘယ်သူကိုမျှ မကောင်းစုံစမ်းတော်မမူ” ဟူ၍ရေးသားခဲ့သည်။ (ယာကုပ် ၁:၁၃၊ သမ္မာ) သို့ ဖြစ်သောကြောင့် လူသားများအားမှောင့်ရောင့်နေသည့် ဆင်းရဲဒုက္ခအမျိုးမျိုးကို ဘုရားသခင်ဖြစ်ပွားစေခြင်း မဖြစ်နိုင်။ လူတို့ကို ကောင်းကင်အသက်တာနှင့် အံဝင်ခွင်ကျဖြစ်အောင် စုံစမ်းတော်မူခြင်းမဟုတ်သည့်နည်းတူ အတိတ်ဘဝကပြုလုပ်ခဲ့သည်ဆိုသော မကောင်းမှုများအတွက် ဆင်းရဲကိုခံစေတော်မူခြင်းလည်းမဟုတ်ပါ။—ရောမ ၆:၇။
၄ ၎င်းအပြင်၊ ဘုရားသခင်၏နာမ သို့မဟုတ် ခရစ်တော်၏နာမဖြင့် ကြောက်မက်ဖွယ်ရာများကို လူတို့ပြုလုပ်ခဲ့ကြလင့်ကစား ထိုသို့သောလုပ်ရပ်များကို ဘုရားသခင်ဖြစ်စေ၊ ခရစ်တော်ဖြစ်စေ နှစ်သက်ပါသည်ဟူသော မည်သည့်လက္ခဏာကိုမျှ ကျမ်းစာတွင်မတွေ့ရပါ။ ဘုရားသခင်နှင့် ခရစ်တော်တို့သည် မိမိတို့၏အမှုတော်ကို ဆောင်ရွက်ပါသည်ဟုဆိုသော်လည်း လိမ်လည်လှည့်ဖြားနေသူများ၊ သတ်ဖြတ်လုယက်နေသူများ၊ အတိဒုက္ခဖြစ်ပွားစေသည့် အခြားအရာများကိုပြုလုပ်နေသူများနှင့် မည်သို့မျှပတ်သက်ခြင်းရှိတော်မမူ။ စင်စစ်ဆိုလျှင် “မတရားသောသူလိုက်သောလမ်းကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။” ဘုရားသခင်သည် “မတရားသောသူတို့နှင့် ဝေးတော်မူ၏။”—သု. ၁၅:၉၊ ၂၉။
၅။ ယေဟောဝါ၏ဂုဏ်ရည်တော်အချို့ကား အဘယ်နည်း။ ဖန်ဆင်းရာသတ္တဝါများနှင့်ပတ်သက်၍ ကိုယ်တော်မည်သို့ခံစားချက်ရှိသနည်း။
၅ ယေဟောဝါသည် “အလွန်သနားခြင်းကရုဏာရှိတော်မူ” ကြောင်းကျမ်းစာကဖော်ပြထားသည်။ (ယာကုပ် ၅:၁၁၊ သမ္မာ) “ထာဝရဘုရားသခင်သည် တရားကိုနှစ်သက်တော်မူ၏” ဟူ၍လည်း ကြေညာထားသည်။ (ဆာလံ ၃၇:၂၈; ဟေရှာယ ၆၁:၈) ကိုယ်တော်သည် လက်စားချေတတ်သောဘုရားမဟုတ်ပါ။ ဖန်ဆင်းရာသတ္တဝါများကို ကရုဏာဖြင့်စောင့်ရှောက်၍ သူတို့၏ကောင်းကျိုးချမ်းသာအတွက် အကောင်းဆုံးအရာကိုပေးတော်မူ၏။ (တမန်တော် ၁၄:၁၆၊ ၁၇) ယေဟောဝါသည် ကမ္ဘာ့သက်ရှိများ စတင်ရှိကတည်းက ထိုအတိုင်းပြုတော်မူခဲ့၏။
စုံလင်သောအစ
၆။ လူ့သမိုင်းဦးအခြေအနေအကြောင်း ဒဏ္ဍာရီအချို့က မည်သို့ဖော်ပြကြသနည်း။
၆ ကျွန်ုပ်တို့ရှိသမျှသည် နာကျင်ခြင်းနှင့် ဒုက္ခဆင်းရဲတို့ကို မြင်တွေ့ခံစားနေကျဖြစ်သည်။ ယင်းကြောင့် ဒုက္ခဆင်းရဲကင်းသောခေတ်ကို တွေးရခက်ကြီးဖြစ်နေကြသော်လည်း လူ့သမိုင်းဦး၌ ထိုအတိုင်းပင်ဖြစ်ခဲ့ပေသည်။ လူမျိုးအချို့တို့၏ ဒဏ္ဍာရီများကပင် ထိုသို့ပျော်ရွှင်ချမ်းမြေ့သည့်အစကို အရိပ်အမြွက်ဖော်ပြကြသည်။ ဂရိဒဏ္ဍာရီပေါင်းချုပ်တွင် “လူတို့၏ [ကနဦး] ခေတ်ငါးခေတ်ကို” ကို “ရွှေရောင်လွှမ်းသောခေတ်” ဟုခေါ်သည်။ ထိုခေတ်တွင် လူသားတို့သည် ပင်ပန်းကြီးစွာလုပ်ဆောင်ခြင်း၊ နာကျင်ခြင်းနှင့် အိုခြင်း၏တို့နှင့်ကင်း၍ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ခဲ့ကြသည်။ တရုတ်လူမျိုးတို့က ဒဏ္ဍာရီလာ ရွှေဝါရောင်ဧကရာဇ် (ဟွမ်တီ) အုပ်စိုးစဉ် လူတို့သည် ငြိမ်သက်အေးချမ်းစွာနေထိုင်ရုံမျှမက သဘာဝအင်အားစုတို့နှင့် သားရိုင်းတိရစ္ဆာန်တို့နှင့်ပင် ညီညွတ်သင့်မြတ်ခဲ့သည်ဟုဆိုသည်။ ပါးရှား၊ အီဂျစ်၊ တိဗက်၊ ပီးရူးနှင့် မက္ကဆီကိုလူမျိုးတို့၌လည်း လူ့သမိုင်းဦးအစတွင် ပျော်ရွှင်ချမ်းမြေ့၍ ပြည့်ဝစုံလင်သည့် ခေတ်တစ်ခေတ်ရှိခဲ့သည်ဟူသော ဒဏ္ဍာရီများရှိကြသည်။
၇။ ကမ္ဘာမြေကြီးနှင့်လူသားတို့ကို ဘုရားသခင် အဘယ်ကြောင့်ဖန်ဆင်းတော်မူသနည်း။
၇ ဒဏ္ဍာရီများသည် ရှေးအကျဆုံးလူ့သမိုင်းမှတ်တမ်းဖြစ်သော သမ္မာကျမ်းစာဖော်ပြချက်ကို သံယောင်လိုက်ခြင်းမျှသာဖြစ်သည်။ ဘုရားသခင်သည် ကနဦးလူမောင်နှံ အာဒံနှင့်ဧဝတို့ကို ဧဒင်ဥယျာဉ်ခေါ် ပရဒိသုဘုံတွင်နေရာချ၍ “အချင်းတို့၊ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့” ဟုမိန့်မှာကြောင်း ကျမ်းစာကအသိပေးသည်။ (ကမ္ဘာဦး ၁:၂၈) ကျွန်ုပ်တို့၏ ကနဦးမိဘတို့သည် စုံလင်ပြည့်ဝစွာနေထိုင်ခဲ့ရသည့်ပြင် မြေကြီးတစ်ပြင်လုံးသည် စုံလင်သောလူ့မိသားစုတစ်စု ထာဝစဉ်ငြိမ်းချမ်း ပျော်ရွှင်စွာနေထိုင်မည့် ပရဒိသုဘုံဖြစ်လာမည်ကို တွေ့ မြင်နိုင်သည့် အလားအလာရှိခဲ့ကြသည်။ ဤကား ကမ္ဘာနှင့် လူသားတို့ကို ဘုရားသခင်ဖန်ဆင်းရခြင်း၏ ရည်ရွယ်ချက်ပင်တည်း။—ဟေရှာယ ၄၅:၁၈။
မလိုတမာစိန်ခေါ်ချက်
၈။ အာဒံနှင့်ဧဝတို့သည် အဘယ်အမိန့်တော်ကိုနာခံရန် တောင်းဆိုခံရသနည်း။ သို့သော် မည်သို့ဖြစ်ပျက်ခဲ့သနည်း။
၈ ဘုရားသခင့်မျက်နှာသာတော်ကို အာဒံနှင့်ဧဝဆက်လက်ခံစားလိုပါက “ကောင်းမကောင်းကို သိကျွမ်းရာအပင်” ၏အသီးကိုမစားဘဲ နေရမည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) ယေဟောဝါ၏ပညတ်ကို သူတို့နာခံခဲ့ကြမည်ဆိုလျှင် လူသားတို့၏ဘဝကိုဖျက်ဆီးသည့် ဒုက္ခဆင်းရဲလည်း ရှိမည်မဟုတ်။ ဘုရားသခင့်အမိန့်တော်ကို နာခံခြင်းအားဖြင့် ယေဟောဝါကိုချစ်ကြောင်း၊ ကျေးဇူးသစ္စာစောင့်သိကြောင်း ပြသရာရောက်မည်။ (၁ ယောဟန် ၅:၃) သို့သော် အခန်း ၆ မှသိရှိခဲ့ရသည့်အတိုင်း အခြေအနေမှာ ထိုအတိုင်းဖြစ်မလာခဲ့ချေ။ စာတန်၏တိုက်တွန်းမှုကြောင့် ဧဝသည် ထိုအပင်မှအသီးကို စားလိုက်သည်။ နောက်ပိုင်းတွင် အာဒံလည်း ထိုတားမြစ်ထားသောအသီးကို စားလေ၏။
၉။ ယေဟောဝါပါဝင်ပတ်သက်သော အဘယ်ပြဿနာများကို စာတန်ပေါ်ပေါက်စေခဲ့သနည်း။
၉ ဤအဖြစ်အပျက်၏ လေးနက်မှုကို သင်သဘောပေါက်သလော။ စာတန်သည် အမြင့်ဆုံးအရှင် ယေဟောဝါ၏ရာထူးကို တိုက်ခိုက်နေခြင်းဖြစ်သည်။ ဧဝအား “သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်” ဟုပြောခြင်းအားဖြင့် မာရ်နတ်က “ဧကန်အမှန်သေရမည်” ဟူသော ဘုရားသခင်၏နှုတ်ထွက်စကားကို ငြင်းဆိုလိုက်သည်။ စာတန်ထပ်ဆင့်ပြောလိုက်သည့်စကားများက ယေဟောဝါသည်အာဒံနှင့်ဧဝအား ဘုရားသခင်ကဲ့သို့ ဖြစ်နိုင်သည့် အလားအလာကို အသိမပေးဘဲထိန်ချန်ထားသဖြင့် အကောင်းအဆိုးကို ကိုယ်တော်ဆုံးဖြတ်ပေးစရာမလိုဟူသောသဘော သက်ရောက်သည်။ ထို့ကြောင့် စာတန်၏စိန်ခေါ်ချက်သည် စကြဝဠာအထွတ်အမြတ်အာဏာပိုင်ဖြစ်သော ယေဟောဝါ၏ရာထူး မှန်ကန်မှုနှင့် တရားဝင်မှုတို့ကို သံသယဝင်စေခဲ့သည်။—ကမ္ဘာဦး ၂:၁၇; ၃:၁-၆။
၁၀။ လူသားများနှင့်ပတ်သက်၍ စာတန်မည်သို့စောင်းချိတ်ပြောဆိုခဲ့သနည်း။
၁၀ စာတန်က လူတို့သည် ဘုရားသခင်ကိုနာခံခြင်းဖြင့် အကျိုးရရှိနေသရွေ့သာ ယေဟောဝါကိုနာခံကြမည်ဖြစ်သည်ဟူ၍လည်း စောင်းပါးရိပ်ခြည် ပြောလိုက်သေးသည်။ တစ်နည်းအားဖြင့် လူတို့၏သမာဓိသစ္စာကို သံသယဖြစ်ပေါ်စေသည်။ မည်သည့်လူသားမျှ ဘုရားသခင်အပေါ် စိတ်လိုကိုယ်လျောက် သစ္စာစောင့်သိကြမည်မဟုတ်ဟူ၍လည်း စွပ်စွဲထားသည်။ ဤသို့သောစာတန်၏ မလိုတမာစွပ်စွဲပြောဆိုချက်ကို ကျမ်းစာမှယောဘနှင့်ပတ်သက်သောမှတ်တမ်းတွင် ရှင်းလင်းစွာဖော်ပြထားသည်။ ယောဘဆိုသူမှာ ဘီ.စီ.အီး. ၁၆၀၀ ပြည့်နှစ်မတိုင်မီက အပြင်းအထန်စမ်းသပ်ခြင်း ခံခဲ့ရသည့် ယေဟောဝါ၏ သစ္စာရှိအမှုတော်ထမ်းတစ်ဦးဖြစ်သည်။ ယောဘဝတ္ထုမှ ပထမအခန်းကြီးနှစ်ခန်းကို ဖတ်ရှုသည့်အခါ လူသားတို့ခံစားရသောဒုက္ခဆင်းရဲ ဖြစ်ပေါ်ရသည့်အကြောင်းရင်းနှင့် ၎င်းကို ဘုရားသခင် ခွင့်ပြုရသည့်အကြောင်းရင်းတို့ကို ထိုးထွင်းသိမြင်ပေလိမ့်မည်။
၁၁။ ယောဘသည် မည်သို့သောပုဂ္ဂိုလ်ဖြစ်သနည်း။ သို့သော် စာတန်က မည်သို့စွပ်စွဲခဲ့သနည်း။
၁၁ “စုံလင်ဖြောင့်မတ်” သောယောဘသည် စာတန်၏တိုက်ခိုက်ခြင်းခံခဲ့ရသည်။ ရှေးဦးစွာ စာတန်က “ယောဘသည် အကျိုးမဲ့ဘုရားသခင်ကို ကြောက်ရွံ့ပါသလော” ဟူ၍မေးခွန်းထုတ်ခြင်းအားဖြင့် ယောဘ၌မကောင်းသောစိတ်ရင်းရှိကြောင်း ယိုးစွပ်လိုက်သည်။ ထိုနောက် မာရ်နတ်က ယေဟောဝါသည် ယောဘအား အကာအကွယ်နှင့် ကောင်းချီးများပေး၍ ယောဘ၏သစ္စာစောင့်သိမှုကို ဝယ်ယူသည်ဟုစွပ်စွဲခြင်းအားဖြင့် ယေဟောဝါနှင့်ယောဘ နှစ်ဦးစလုံးကို ပါးနပ်စွာအပုပ်ချလိုက်သည်။ စာတန်က “လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည်မျက်မှောက်တော်၌၊ ကိုယ်တော်ကို မုချကျိန်ဆဲပါလိမ့်မည်” ဟူ၍ ယေဟောဝါကိုစိန်ခေါ်ခဲ့သည်။—ယောဘ ၁:၈-၁၁၊ သမ္မာ။
၁၂။ (က) အဘယ်မေးခွန်းများသည် စာတန်အား ယောဘကို စမ်းသပ်ခွင့်ပြုပါမှ အဖြေရရှိနိုင်သနည်း။ (ခ) ယောဘ၏စမ်းသပ်မှုမှ အဘယ်အကျိုးရလဒ်ထွက်ပေါ်ခဲ့သနည်း။
၁၂ ယောဘသည် ယေဟောဝါထံမှ ကောင်းမြတ်သောအရာများကို ရရှိခြင်းသက်သက်ကြောင့် ဘုရားသခင်အား ဝတ်ပြုခြင်းဖြစ်သလော။ ယောဘ၏သမာဓိ စမ်းသပ်ခံရသည့်အခါ၌ ဆက်လက်တည်တံ့နိုင်ပါမည်လော။ ယေဟောဝါအနေနှင့် မိမိ၏အမှုတော်ထမ်းကို စမ်းသပ်ခွင့်ပြုရာ၌ လုံလောက်သောယုံကြည်စိတ်ချမှု ရှိပါသလော။ ယောဘကို စာတန်အပြင်းထန်ဆုံးစမ်းသပ်ရန် ယေဟောဝါခွင့်ပြုပါမှ ၎င်းမေးခွန်းများ၏အဖြေကို ရရှိနိုင်သည်။ ယောဘဝတ္ထု၌ ဖော်ပြထားသည့်အတိုင်း ဘုရားသခင့်ခွင့်ပြုချက်ဖြင့် အပြင်းအထန်စမ်းသပ်ခံရစဉ် ယောဘ၏သစ္စာရှိသောလမ်းစဉ်က ယေဟောဝါ၏ဖြောင့်မတ်ခြင်းနှင့် လူသားတို့၏သမာဓိနှင့်ပတ်သက်၍ လုံးလုံးလျားလျား သံသယရှင်းသွားစေသည်။—ယောဘ ၄၂:၁၊ ၂၊ ၁၂။
၁၃။ ဧဒင်ဥယျာဉ်အတွင်းနှင့် ယောဘအပေါ်ဖြစ်ပျက်ခဲ့ရာများတွင် ကျွန်ုပ်တို့မည်သို့ ပါဝင်ပတ်သက်နေသနည်း။
၁၃ သို့ရာတွင် ဧဒင်ဥယျာဉ်အတွင်းနှင့် ယောဘအပေါ်ဖြစ်ပျက်ခဲ့ရာများသည် သာ၍လေးနက်သောအဓိပ္ပာယ် သက်ဝင်နေသည်။ စာတန်ပေါ်ပေါက်စေသည့် ပြဿနာတွင် ယခုခေတ်ရှိကျွန်ုပ်တို့အပါအဝင် လူသားတစ်ရပ်လုံးပတ်သက်နေသည်။ ဘုရားသခင့်နာမတော်သည် အပုပ်ချခံနေရပြီး ကိုယ်တော့်အထွတ်အမြတ်အာဏာသည် စောဒကတက်ခံနေရသည်။ ဘုရားသခင်ဖန်ဆင်းရာသတ္တဝါဖြစ်သော လူ၏ဖြောင့်မတ်ခြင်းမှာလည်း အငြင်းပွားဖွယ်ဖြစ်နေသည်။ ဤပြဿနာများကို ဖြေရှင်းရန်ရှိနေပေသည်။
ပြဿနာများကို ဖြေရှင်းပုံ
၁၄။ မလိုတမာစိန်ခေါ်ခံရသည့်အခါ၌ စွပ်စွဲခံရသူတစ်ဦး မည်သို့ ပြုမိနိုင်ဖွယ်ရှိသနည်း။
၁၄ သာဓကဖြင့်ရှင်းပြရသော် သင်သည် သားသမီးများစွာရှိသော ပျော်ရွှင်သည့်မိသားစုတစ်စု၏ ဖခင်ဖြစ်သည်ဟု ဆိုကြပါစို့။ အိမ်နီးချင်းတစ်ယောက်က သင်သည်တစ်ကိုယ်ကောင်းဆန်၍ မာနကြီးသည်ဟူသောအဓိပ္ပာယ်မျိုးဖြင့် ကောလာဟလသတင်း လွှင့်နေသည်ဆိုကြပါစို့။ ထိုအိမ်နီးချင်းက သင့်သားသမီးများသည် သင့်ကိုမချစ်ကြောင်း၊ သူတို့ သင်နှင့်အတူနေထိုင်သည်မှာလည်း အသိအမြင်မကြွယ်၍သာဖြစ်ကြောင်း၊ တစ်ယောက်ယောက်ကသာ နည်းပေးလမ်းပြမည်ဆိုလျှင် သူတို့ထွက်သွားကြမည်ဖြစ်ကြောင်း ပြောလာပါက မည်သို့ ပြုမည်နည်း။ ‘ရယ်စရာကောင်းလိုက်တဲ့ မုသားစကားပါလား!’ ဟုသင်ဆိုကောင်းဆိုမည်။ ဟုတ်ပါသည်၊ သို့သော် သင်မည်သို့သက်သေပြမည်နည်း။ အချို့မိဘများဆိုလျှင် ဒေါသဖြင့်တုံ့ ပြန်ပေမည်။ ဤသို့အကြမ်းဖက်တုံ့ပြန်ပုံသည် ပြဿနာကိုပို၍ရှုပ်ထွေးစေရုံမက ထိုမုသားစကားမှန်ကန်ကြောင်း ထောက်ခံရာပင်ရောက်နိုင်သည်။ ဤပြဿနာမျိုးကို ကိုင်တွယ်ဖြေရှင်းရာ၌ ကျေနပ်ဖွယ်ကောင်းသောနည်းမှာ သင့်အားစွပ်စွဲသူကို သူ့အဆိုမှန်ကြောင်းသက်သေထူရန်၊ သင့်သားသမီးတို့ကို သင့်အားသူတို့အမှန်ချစ်ကြောင်းသက်သေခံရန် အခွင့်အလမ်းပေးခြင်း ဖြစ်နိုင်ပေသည်။
၁၅။ စာတန်၏စိန်ခေါ်ချက်ကို ကိုင်တွယ်ဖြေရှင်းရန် ယေဟောဝါ မည်သို့ဆုံးဖြတ်တော်မူသနည်း။
၁၅ ယေဟောဝါသည် မေတ္တာရှိသောထိုဖခင်နှင့်တူ၏။ အာဒံနှင့်ဧဝတို့ကို သားသမီးများနှင့် နှိုင်းယှဉ်နိုင်သည်။ စာတန်မူကား မဟုတ်မမှန်ပြောသောအိမ်နီးချင်းနှင့် အံကိုက်ဖြစ်သည်။ ဘုရားသခင်သည် အမြော်အမြင်ရှိစွာဖြင့် စာတန်နှင့်တကွ အာဒံနှင့်ဧဝတို့ကို ချက်ချင်းမဖျက်ဆီးဘဲ ၎င်းဒုစရိုက်သမားတို့ကို အချိန်အတန်ကြာကြာ ဆက်လက်အသက်ရှင်ခွင့်ပေးတော်မူ၏။ ဤသို့ဖြင့် ကျွန်ုပ်တို့၏ကနဦးမိဘတို့သည် လူ့မိသားစုကို စတင်ထူထောင်ချိန်ရရှိသည့်ပြင် ပြဿနာပြီးပြတ်ရန်အတွက် မာရ်နတ်လည်း သူ၏အဆိုမှန်မမှန်သက်သေထူရန် အခွင့်အလမ်းရရှိခဲ့သည်။ သို့သော် လူသားအချို့သည် မိမိအပေါ် ကျေးဇူးသစ္စာစောင့်သိမည်အကြောင်း၊ ဤသို့ ဖြင့် စာတန်ကို မုသာကောင်ဖြစ်ကြောင်း သက်သေထူမည်အကြောင်း ကနဦးကတည်းက ဘုရားသခင်သိတော်မူ၏။ ယေဟောဝါသည် မိမိကိုချစ်သောသူတို့အား ဆက်လက်ကောင်းချီးပေး၍ ကူညီမစနေခြင်းအတွက် မည်မျှကျေးဇူးတင်စရာကောင်းသည်တကား!—၂ ရာဇဝင်ချုပ် ၁၆:၉; သု. ၁၅:၃။
အဘယ်အရာ သက်သေထင်ရှားခဲ့ပြီနည်း
၁၆။ ဤလောကသည် စာတန်၏လက်ထဲသို့ မည်သို့ကျရောက်ခဲ့သနည်း။
၁၆ လူ့သမိုင်းတစ်လျှောက်လုံးနီးပါးအတွင်း စာတန်သည် လူသားများကိုစိုးမိုးခြယ်လှယ်သည့် အကြံအစည်ကို လွတ်လွတ်လပ်လပ် ဖော်ဆောင်ခွင့်ရရှိခဲ့သည်။ ၎င်းတို့အနက် သူသည်နိုင်ငံရေးအာဏာစက်များပေါ် ဩဇာညောင်း၍ ယေဟောဝါအားမဟုတ်ဘဲ သူ့အားမသိမသာကိုးကွယ်သောဘာသာများကို အားပေးအားမြှောက်ပြုခဲ့သည်။ သို့နှင့် မာရ်နတ်သည် “ဤလောကကို အစိုးရသောဘုရား” ဖြစ်လာပြီး “ဤလောကကို အစိုးရသောမင်း” ဟူ၍အမည်တွင်လာသည်။ (၂ ကောရိန္သု ၄:၄; ယောဟန် ၁၂:၃၁) မှန်ပါသည်၊ “တစ်လောကလုံးသည် မာရ်နတ်၏လက်တွင်း၌ ရှိနေ” ပါသည်။ (၁ ယောဟန် ၅:၁၉၊ သမ) ဤအချက်က လူသားအားလုံးကို ယေဟောဝါဘုရားသခင်ထံမှ သွေဖည်စေနိုင်သည်ဟူသောအဆို မှန်ကန်ကြောင်း စာတန်သက်သေထူလိုက်နိုင်ခြင်းဖြစ်သည်ဟု ဆိုလိုသလော။ လုံးဝမဟုတ်ပါ! စာတန်ကို ဆက်လက်တည်ရှိခွင့်ပေးထားသည့်အချိန်အတွင်း ယေဟောဝါသည် ကိုယ်တော်တိုင်၏ရည်ရွယ်ချက်ကို ဆက်လက်ဖော်ဆောင်တော်မူ၏။ သို့ဖြစ်လျှင် ဆိုးယုတ်မိုက်မဲမှုကို ဘုရားသခင်ခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ ကျမ်းစာက အဘယ်အကြောင်းအရာဖော်ပြသနည်း။
၁၇။ ဆိုးယုတ်မှုနှင့် ဒုက္ခဆင်းရဲ၏အကြောင်းတရားတို့နှင့်စပ်လျဉ်း၍ အဘယ်အကြောင်းကို သတိရသင့်သနည်း။
၁၇ ဆိုးယုတ်မိုက်မဲမှုနှင့် ဒုက္ခဆင်းရဲတို့ကို ယေဟောဝါဖြစ်ပွားစေသည်မဟုတ်။ စာတန်သည် ဤလောက၏မင်းနှင့် လောက၏ဘုရားဖြစ်သဖြင့် သူနှင့်သူ့ဘက်သားတို့သည် လူအဖွဲ့အစည်း၏ လက်ရှိအခြေအနေနှင့် လူသားများခံစားခဲ့ရသည့် စိတ်ဆင်းရဲမှုအားလုံးအတွက် တာဝန်ရှိသူများဖြစ်ကြသည်။ ဘုရားသခင်သည် ထိုသို့သောဆင်းရဲဒုက္ခကို ဖြစ်ပွားစေသောအရှင်ဖြစ်သည်ဟု မည်သူမျှတရားသဖြင့် မပြောနိုင်ပေ။—ရောမ ၉:၁၄။
၁၈။ ဆိုးယုတ်မိုက်မဲမှုနှင့် ဒုက္ခဆင်းရဲတို့ကို ယေဟောဝါခွင့်ပြုတော်မူခြင်းက ဘုရားသခင်ကိုအမှီအခိုမပြုဘဲနေခြင်း စိတ်ကူးစိတ်သန်းနှင့်ပတ်သက်၍ ဘာကိုသက်သေထူသနည်း။
၁၈ ဆိုးယုတ်မိုက်မဲမှုနှင့် ဒုက္ခဆင်းရဲတို့ကို ယေဟောဝါခွင့်ပြုလိုက်ရာမှ ဘုရားသခင်ကိုအမှီအခိုမပြုဘဲနေခြင်းဖြင့် သာ၍ကောင်းသောကမ္ဘာတစ်ခု မဖန်တီးနိုင်ကြောင်း သက်သေထင်ရှားလာသည်။ သမိုင်းတွင် ဘေးဒုက္ခတစ်မျိုးပြီးတစ်မျိုး စဉ်ဆက်မပြတ်ဖြစ်ပျက်ခဲ့သည်ကို မည်သူမျှမငြင်းနိုင်ပေ။ ဤသို့ဖြစ်ရခြင်းမှာ လူသားတို့သည်ဘုရားသခင်နှုတ်ကပါဌ်တော်နှင့် အလိုတော်ကိုအမှန်ဂရုပြုခြင်းမရှိဘဲ ကိုယ့်မြင်းကိုစိုင်း၊ ကိုယ့်လှေကိုယ်ထိုးသည့်လမ်းစဉ်ကို ရွေးခဲ့ကြသောကြောင့်ပင်ဖြစ်သည်။ ယေဟောဝါ၏ရှေးခေတ်မှ လူမျိုးတော်နှင့် ၎င်းတို့၏ခေါင်းဆောင်တို့သည် ဖောက်ပြန်၍ကိုယ်တော့်နှုတ်ကပါဌ်တော်ကိုပယ်ကာ ‘လူကြိုက်များသောလမ်း’ ကိုလိုက်ကြသည့်အခါ ဆိုးကျိုးသာရရှိခဲ့သည်။ “ပညာရှိတို့သည်အရှက်ကွဲကြ၏။ ထိတ်လန့်၍ကျော့ကွင်းထဲသို့ ဝင်ကြပြီ။ ထာဝရဘုရား၏နှုတ်ကပါဌ်တော်ကို ပယ်ကြပြီ။ သူတို့၌ပညာမည်မျှရှိသနည်း” ဟူ၍ဘုရားသခင်က ပရောဖက်ယေရမိအားဖြင့် သူတို့အားမိန့်တော်မူ၏။ (ယေရမိ ၈:၅၊ ၆၊ ၉) ယေဟောဝါ၏စံနှုန်းများအတိုင်းလိုက်လျှောက်ရန် ပျက်ကွက်ခြင်းကြောင့် လူသားများသည် တက်မမပါသည့်သင်္ဘောပမာ လှိုင်းလေထန်သောပင်လယ်ထဲတွင် ဦးတည်ရာမဲ့လူးလွင့်နေသည်။
၁၉။ လူသားအားလုံးကို ဘုရားသခင်ထံတော်မှ ကျောခိုင်းသွားအောင် စာတန်မတတ်နိုင်ကြောင်း အဘယ်သက်သေအထောက်အထားရှိသနည်း။
၁၉ ဆိုးယုတ်မိုက်မဲမှုနှင့် ဒုက္ခဆင်းရဲတို့ကို ဘုရားသခင်ခွင့်ပြုခဲ့ခြင်းအားဖြင့် စာတန်သည် လူသားအားလုံးတို့ကို ယေဟောဝါထံမှ ကျောခိုင်းသွားအောင် မတတ်နိုင်ကြောင်း ထင်ရှားလာသည်။ မည်သည့်သွေးဆောင်မှု ကြုံရကြုံရ၊ မည်သို့ပင်ဒုက္ခရောက်ရောက် ဘုရားသခင်အပေါ် သစ္စာစောင့်သိသူများ အစဉ်မပြတ်ရှိခဲ့ကြောင်း သမိုင်းကပြဆိုသည်။ရာစုနှစ်များတစ်လျှောက် အမှုတော်ထမ်းများ၏အကျိုးအတွက် ယေဟောဝါ၏တန်ခိုးသည် ထင်ရှားခဲ့ပြီး နာမတော်သည်လည်း မြေတစ်ပြင်လုံး ကျော်ကြားခဲ့သည်။ (ထွက်မြောက်ရာ ၉:၁၆; ၁ ဓမ္မရာဇဝင် ၁၂:၂၂) ဟေဗြဲသြဝါဒစာအခန်းကြီး ၁၁ တွင် အာဗေလမှစ၍ ဧနောက်၊ နောဧ၊ အာဗြဟံနှင့် မောရှေအပါအဝင် သစ္စာရှိသူများအကြောင်း တသီတတန်းဖော်ပြထားသည်။ ထိုသူတို့ကို ‘ကြီးမားသောသက်သေခံ အလုံးအရင်း’ ဟူ၍ဟေဗြဲ ၁၂:၁ ကခေါ်ထားသည်။ သူတို့သည် ယေဟောဝါအပေါ် မယိမ်းမယိုင်သောယုံကြည်ခြင်း တင်ပြသောစံပြများဖြစ်ကြသည်။ ယခုခေတ်၌လည်း ဘုရားသခင်အပေါ်ထားရှိသည့် မချိုးဖောက်နိုင်သောသမာဓိကြောင့် အသက်စွန့်သွားသူ ဒုနှင့်ဒေးရှိသည်။ ထိုသူတို့သည် ယုံကြည်ခြင်းနှင့် ချစ်ခြင်းအားဖြင့် လူသားအားလုံးကို ဘုရားသခင်ထံမှကျောခိုင်းသွားအောင် စာတန်မတတ်နိုင်ကြောင်း မငြင်းနိုင်အောင် သက်သေထူလိုက်ကြသည်။
၂၀။ ဆိုးယုတ်မိုက်မဲမှုနှင့် ဒုက္ခဆင်းရဲတို့ကို ယေဟောဝါ ဆက်လက်တည်ရှိခွင့်ပြုခြင်းဖြင့် ဘုရားသခင်နှင့် လူသားတို့နှင့်စပ်လျဉ်း၍ အဘယ်အချက်ထင်ရှားလာသနည်း။
၂၀ နောက်ဆုံးအနေနှင့် ဆိုးယုတ်မိုက်မဲမှုနှင့် ဒုက္ခဆင်းရဲတို့ကို ယေဟောဝါဆက်လက်ခွင့်ပြုခြင်းအားဖြင့် လူသားများ၏ထာဝရကောင်းကျိုးချမ်းသာနှင့် ပျော်ရွှင်ချမ်းမြေ့ရေးအတွက် ဖန်ဆင်းရှင်ယေဟောဝါတစ်ပါးတည်းသာ လူသားများကိုအုပ်ချုပ်နိုင်စွမ်းနှင့် အုပ်ချုပ်ပိုင်ခွင့်ရှိကြောင်း သက်သေထင်ရှားလာသည်။ ရာစုနှစ်များတစ်လျှောက်လူသားတို့သည် အစိုးရပုံစံအမျိုးမျိုး စမ်းသပ်ကြည့်ခဲ့ကြပြီ။ သို့သော် အဘယ်အကျိုးရလဒ် ထွက်ပေါ်လာသနည်း။ ယနေ့တိုင်းနိုင်ငံများရင်ဆိုင်နေကြသည့် ရှုပ်ထွေးသောပြဿနာများနှင့် အကျပ်အတည်းများက “မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက်အုပ်စိုး” ကြပြီဟူ၍ ကျမ်းစာဆိုသည့်အတိုင်း မှန်ကန်ကြောင်းထောက်ခံလျက်ရှိသည်။ (ဒေသနာ ၈:၉) ယေဟောဝါတစ်ပါးတည်းသာ ကျွန်ုပ်တို့ကိုကယ်တင်နိုင်၍ မူလရည်ရွယ်တော်မူချက်ကို ပြည့်စုံစေနိုင်သည်။ ကိုယ်တော်မည်သို့ပြုတော်မူမည်နည်း၊ အဘယ်အချိန်၌ ပြုတော်မူမည်နည်း။
၂၁။ စာတန်ကို မည်သို့လုပ်ပစ်မည်နည်း။ ယင်းသို့ ပြုရန် မည်သူ့ကိုအသုံးပြုမည်နည်း။
၂၁ စာတန်၏အကြံအစည်ထဲသို့ အာဒံနှင့်ဧဝကျဆင်းသွားလျှင်သွားချင်း ဘုရားသခင်က ကယ်တင်ခြင်းနည်းလမ်းနှင့်စပ်လျဉ်းသည့် မိမိရည်ရွယ်ချက်ကို ကြေညာတော်မူ၏။ စာတန်နှင့်ပတ်သက်၍ ယေဟောဝါ၏ကြေညာချက်မှာ ဤသို့ဖြစ်သည်– “သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည်သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည်သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်။” (ကမ္ဘာဦး ၃:၁၅) မာရ်နတ်အား မကောင်းမှုကို ထာဝစဉ်ပြုလုပ်ရန် ခွင့်ပြုမည်မဟုတ်ကြောင်း ထိုကြေညာချက်က အာမခံသည်။ မေရှိယနိုင်ငံတော်၏ ဘုရင်အနေနှင့် ကတိထားရာအမျိုးအနွယ်ဖြစ်သော ယေရှုခရစ်သည် ‘စာတန်၏ခေါင်းကို ကြိတ်တော်မူမည်။’ မှန်ပါသည်၊ ယေရှုသည် “မကြာမမြင့်မီ” သူပုန်စာတန်ကိုချေမှုန်းတော်မူလတ္တံ့!—ရောမ ၁၆:၂၀။
သင်ဘာပြုလုပ်မည်နည်း
၂၂။ (က) အဘယ်မေးခွန်းကို သင်ရင်ဆိုင်ရမည်နည်း။ (ခ) စာတန်သည် ဘုရားသခင်ပေါ် သစ္စာရှိသူများကို ဒေါသအမျက်ချောင်းချောင်း ထွက်သော်ငြားလည်း သူတို့ဘာကိုစိတ်ချနိုင်သနည်း။
၂၂ အကျုံးဝင်သောပြဿနာများကို သိရှိပြီးနောက် မည်သူ့ဘက် သင်ရပ်တည်မည်နည်း။ ယေဟောဝါကိုထောက်ခံသူဖြစ်ကြောင်း အပြုအမူအားဖြင့် သက်သေပြမည်လော။ စာတန်သည် သူ၏ကာလ တစ်ခဏသာရှိသည်ကို သိထားသဖြင့်၊ ဘုရားသခင်အပေါ် သမာဓိစောင့်သိလိုသူတို့ကို မီးကုန်ယမ်းကုန်ဒေါသထွက်ပေမည်။ (ဗျာဒိတ် ၁၂:၁၂) သို့သော် “ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းအထဲက ကယ်နုတ်ခြင်းငှာ . . . ထာဝရဘုရားသည် တတ်နိုင်တော်မူ” သောကြောင့် ဘုရားသခင်ထံမှ ကူညီမစမှုကို မျှော်ကိုးနိုင်ပေသည်။ (၂ ပေတရု ၂:၉၊ ၁၀) ကိုယ်တော်သည် သင်ခံနိုင်သည်ထက်လွန်၍ စုံစမ်းခြင်းခံစေမူမည်မဟုတ်ဘဲ စုံစမ်းနှောင့်ယှက်ခြင်းကိုခံနိုင်မည့်အကြောင်း ထွက်မြောက်သောလမ်းကို စီရင်ပြုပြင်တော်မူမည်။—၁ ကောရိန္သု ၁၀:၁၃။
၂၃။ အဘယ်အဖြစ်အပျက်ကို ကျွန်ုပ်တို့စိတ်ချယုံကြည်စွာ မျှော်လင့်စောင့်စားနိုင်သနည်း။
၂၃ စာတန်နှင့် သူ၏နောက်လိုက်အပေါင်းတို့ကို ဘုရင်ယေရှုခရစ် အရေးယူမည့်အချိန်ကို ယုံကြည်စိတ်ချစွာ မျှော်လင့်စောင့်စားကြပါစို့။ (ဗျာဒိတ် ၂၀:၁-၃) ထိုအခါ ယေရှုသည် လူသားများခံစားခဲ့ရသော အမင်္ဂလာများနှင့် စိတ်ဒုက္ခများအတွက် တာဝန်ရှိသူအားလုံးကို သုတ်သင်ပယ်ရှင်းတော်မူမည်။ ထိုအချိန်တိုင်အောင် အလူးအလဲခံရသောဒုက္ခဆင်းရဲတစ်ခုမှာ ချစ်ခင်မြတ်နိုးရသူများ သေလွန်ဆုံးပါးခြင်းပင်ဖြစ်သည်။ သူတို့ဘာဖြစ်သွားသည်ကိုသိရှိရန် နောက်အခန်းကိုဖတ်ပါလေ။
သင်၏အသိပညာကို စစ်ဆေးခြင်း
လူ့ဒုက္ခဆင်းရဲကို ယေဟောဝါ ဖြစ်ပွားစေတော်မူသည်မဟုတ်ကြောင်း ကျွန်ုပ်တို့မည်သို့သိရှိရသနည်း။
ဧဒင်ဥယျာဉ်၌ စာတန်ပေါ်ပေါက်စေ၍ ယောဘလက်ထက်၌ ရှင်းလင်းပီပြင်လာသော ပြဿနာများကားအဘယ်နည်း။
ဒုက္ခဆင်းရဲကို ဘုရားသခင်ခွင့်ပြုခြင်းဖြင့် အဘယ်အကြောင်းများ ထင်ရှားလာသနည်း။