ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၁/၁၅ စာ. ၁၃-၁၈
  • ယေဟောဝါအား အပြစ်မဆိုနိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါအား အပြစ်မဆိုနိုင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “မှားယွင်းမှုများ — မည်သူသိမြင်နိုင်သနည်း”
  • ဘုရားကိုအပြစ်တင်သည့် အမှား
  • ဘုရားသခင့်ကျေးကျွန်များအတွက်ပင် ဘေးအန္တရာယ်ရှိ
  • ယေဟောဝါအား ဘယ်သောအခါမျှ အမျက်မထွက်လေနှင့်
  • ယေဟောဝါကို ဘယ်တော့မှ ဒေါသမထွက်ပါနဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • လောတရဲ့ဇနီးကို သတိရပါ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ကျွန်ုပ်တို့ကို ဘုရားသခင် ချစ်နိုင်ပါ့မလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • လောတမိန်းမ နောက်သို့လှည့်ကြည့်မိတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၁/၁၅ စာ. ၁၃-၁၈

ယေဟောဝါအား အပြစ်မဆိုနိုင်

“အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။ အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓာကိုသိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။—ဆာလံ ၁၀၃:၁၃၊ ၁၄။

၁၊ ၂။ အာဗြဟံသည် မည်သူနည်း။ ဆိုးသွမ်းသော သောဒုံမြို့တွင် တူမောင်ဖြစ်သူလောတသည် မည်သို့နေထိုင်လျက်သားဖြစ်သွားသနည်း။

ကျွန်ုပ်တို့၏ ချွတ်ချော်မှားယွင်းမှုများကြောင့် ကြုံတွေ့ရလေသမျှ အခက်အခဲများသည် ယေဟောဝါကြောင့်မဟုတ်ပါ။ ယင်းနှင့်စပ်လျဉ်း၍ လွန်ခဲ့သောနှစ်ပေါင်း ၃,၉၀၀ ခန့်က အဘယ်အမှုဖြစ်ပျက်ခဲ့သည်ကို သုံးသပ်ကြည့်ပါ။ ဘုရားသခင့်မိတ်ဆွေအာဗြဟံ (အာဗြံ) နှင့်သူ၏တူ လောတတို့သည် အလွန်ချမ်းသာကြွယ်လာကြသည်။ (ယာကုပ် ၂:၂၃) သူတို့စည်းစိမ်ဥစ္စာနှင့် သိုးနွားတိရစ္ဆာန်တို့သည် များပြားလွန်းသဖြင့် ‘သူတို့အတူနေရန် မြေမဆံ့နိုင်’ သည်တိုင်ဖြစ်နေသည်။ ထို့ပြင် ထိုသူနှစ်ဦး၏နွားကျောင်းသားတို့သည် ခိုက်ရန်ပြုနေကြသည်။ (ကမ္ဘာဦး ၁၃:၅-၇) ယင်းကိစ္စကို မည်သို့ဖြေရှင်းပေးနိုင်မည်နည်း။

၂ ခိုက်ရန်ပြတ်စဲသွားစေခြင်းငှာ တခြားစီနေထိုင်ကြရန် အာဗြဟံ အကြံပြု၍ လောတအား ဦးစွာရွေးချယ်ခွင့်ပေးခဲ့သည်။ သူတို့နှစ်ဦးတွင် အာဗြဟံသည် အသက်ပိုကြီးသူဖြစ်ရာ တူမောင်ဖြစ်သူသည် ဦးလေးအား နေရာကောင်းပေးနေသင့်သော်လည်း လောတသည် ယော်ဒန်မြစ်၏အောက်ဘက် ရေများသောအရပ်တစ်ရပ်လုံးဖြစ်သည့် အကောင်းဆုံးနေရာကို ရွေးချယ်ခဲ့သည်။ အမြင်အားဖြင့်သာသော်လည်း အနီးတဝိုက်တွင် စာရိတ္တပျက်ပြားသော သောဒုံနှင့်ဂေါမောရမြို့များရှိသည်။ အဆုံး၌ လောတနှင့်သူ၏မိသားစုသည် သောဒုံမြို့သို့ ပြောင်းရွှေ့နေထိုင်လေသည်။ ယင်းကြောင့် သူတို့အတွက် ဝိညာဏရေးဘက် အန္တရာယ်ရှိနေသည်။ ထို့ပြင် ခေဒေါရလောမာမင်းကြီးနှင့် သူ၏အပေါင်းအပါတို့သည် သောဒုံဘုရင်ကိုစစ်နိုင်ခဲ့ချိန်တွင် သူတို့ပါဖမ်းချုပ်ခံခဲ့ရသည်။ အာဗြဟံနှင့်သူ၏လူတို့သည် လောတမိသားစုကို ကယ်နှုတ်ပြီးနောက်တွင်ပင် သူတို့သည်သောဒုံမြို့သို့ ပြန်သွားနေထိုင်ကြသည်။—ကမ္ဘာဦး ၁၃:၈-၁၃။ ၁၄:၄-၁၆။

၃၊ ၄။ သောဒုံနှင့်ဂေါမောရမြို့များကို ဘုရားသခင်ဖျက်ဆီးခဲ့သောအခါ လောတနှင့်သူ၏မိသားစု ဘာဖြစ်သွားသနည်း။

၃ သောဒုံနှင့်ဂေါမောရမြို့များ၏ လိင်ဖောက်ပြန်မှုနှင့် စာရိတ္တပျက်ပြားမှုတို့ကြောင့် ယင်းတို့ကိုဖျက်ဆီးပစ်ရန် ယေဟောဝါစိတ်ဆုံးဖြတ်ခဲ့သည်။ သို့သော် ကိုယ်တော်သည် ကရုဏာပြကာ လောတနှင့်သူ၏ဇနီး၊ သူတို့၏သမီးနှစ်ဦးအား သောဒုံမြို့မှခေါ်ဆောင်စေခြင်းငှာ ကောင်းကင်တမန်နှစ်ပါးကို စေလွှတ်တော်မူခဲ့သည်။ သူတို့သည် နောက်သို့ပြန်မကြည့်ကြရန် မှာကြားခံရလျက်နှင့် ကျစ်ရစ်ခဲ့သောစည်းစိမ်တို့ကို နှမြော၍ဖြစ်ကောင်းဖြစ်ခဲ့မည့် လောတ၏ဇနီးသည် လှည့်ကြည့်ခဲ့သည်။ ထိုအချိန်တွင်ပင် သူမသည် ဆားတိုင်ဖြစ်သွားခဲ့လေသည်။—ကမ္ဘာဦး ၁၉:၁-၂၆။

၄ လောတနှင့်သူ၏သမီးတို့သည် များစွာနစ်နာဆုံးရှုံးခဲ့ကြလေချင်း။ ထိုအမျိုးသမီးတို့သည် သူတို့နှင့်ထိမ်းမြားမည့် အမျိုးသားများကို စွန့်လွှတ်ခဲ့ကြရသည်။ ယခုလောတသည် မိန်းမမရှိ၊ စည်းစိမ်ချမ်းသာလည်း ဆုံးရှုံးရလေသည်။ နောက်ဆုံး၌ သမီးတို့နှင့်အတူ ဂူတစ်ခုတွင် နေထိုင်ရသည့်ဘဝအထိ ရောက်ရှိခဲ့ရသည်။ (ကမ္ဘာဦး ၁၉:၃၀-၃၈) အလားအလာအလွန်ကောင်းဟန်ရှိသောအရာသည် ယခုသူ့အတွက် တခြားစီဖြစ်နေပေပြီ။ အကြီးအကျယ်မှားခဲ့သော်လည်း နောင်တွင်သူသည် “ဖြောင့်မတ်သောသူလောတ” ဟူ၍အခေါ်ခံခဲ့ရသေးသည်။ (၂ ပေတရု ၂:၇၊ ၈) လောတ၏အမှားသည် ယေဟောဝါဘုရားသခင်ကြောင့်ဟူ၍ အပြစ်မဆိုနိုင်သည်ကား အမှန်ပင်။

“မှားယွင်းမှုများ — မည်သူသိမြင်နိုင်သနည်း”

၅။ မှားယွင်းမှုများနှင့် ရောင့်တက်ခြင်းကို ဒါဝိဒ် မည်သို့သဘောထားသနည်း။

၅ မစုံလင်သည့်အပြစ်သားများဖြစ်သောကြောင့် ကျွန်ုပ်တို့အားလုံး မှားယွင်းတတ်ကြသည်။ (ရောမ ၅:၁၂။ ယာကုပ် ၃:၂) လောတကဲ့သို့ပင် အပြင်ပန်းလက္ခဏာကြောင့် လှည့်ဖြားခံရပြီး မှားယွင်းစွာစီရင်ဆုံးဖြတ်မိမည်။ ယင်းကြောင့် ဆာလံဆရာဒါဝိဒ် ဤသို့အသနားခံခဲ့သည်။ “မှားယွင်းမှုများ—မည်သူသိမြင်နိုင်သနည်း။ မထင်ရှားသောဒုစရိုက်အပြစ်နှင့် အကျွန်ုပ်ကိုကင်းစင်စေ၍ ရောင့်တက်သောအမှုတို့မှလည်း ကိုယ်တော်၏ကျွန်အား ဆီးတားတော်မူပါ။ ဒုစရိုက်အပြစ်သည် အကျွန်ုပ်ကို အစိုးမရပါစေနှင့်။ ထိုသို့သောအားဖြင့် အကျွန်ုပ်သည်စုံလင်၍ များစွာလွန်ကျူးခြင်းမှ လွတ်ကင်းပါလိမ့်မည်။” (ဆာလံ ၁၉:၁၂၊ ၁၃၊ ကဘ) ဒုစရိုက်အပြစ်ဖြစ်သည်ကိုပင် မသိရှိဘဲ မိမိပြစ်မှားနိုင်ကြောင်း ဒါဝိဒ်အသိအမှတ်ပြုပါသည်။ ယင်းကြောင့် မိမိပင်မသိမမြင်လိုက်သော ကျူးလွန်မှုများကို ခွင့်လွှတ်တော်မူပါဟု သူအသနားခံခဲ့ခြင်းဖြစ်သည်။ မစုံလင်သောသွေးသားတောင်းဆိုမှုကြောင့် လမ်းမှားသွားရန်တိုက်တွန်းခံရပြီး ကြီးလေးသောဒုစရိုက်အပြစ်ကို သူပြုမူခဲ့ပြီးနောက် ယေဟောဝါ၏အထောက်အမကို သူအလွန်ခံယူလိုခဲ့သည်။ ရောင့်တက်သောအမှုများမှ သူ့အားဘုရားသခင်ဆီးတားပေးရန် တောင်းခံခဲ့သည်။ ရောင့်တက်သောသဘောသည် မိမိအားလွှမ်းမိုးမည်ကို ဒါဝိဒ်စိုးရိမ်ခဲ့ပါသည်။ ယေဟောဝါဘုရားသခင်အား စိတ်နှလုံးအပြည့် ကြည်ညိုမြတ်နိုးလိုခဲ့ပါသည်။

၆။ ဆာလံ ၁၀၃:၁၀-၁၄ မှအဘယ်စိတ်သက်သာမှု ရရှိနိုင်သနည်း။

၆ မျက်မှောက်ခေတ် ယေဟောဝါ၏ဆက်ကပ်အပ်နှံကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့လည်း မစုံလင်သဖြင့် မှားယွင်းတတ်ကြသည်။ ဥပမာ၊ လောတကဲ့သို့ပင် မိမိနေရပ်နှင့်ပတ်သက်၍ ရွေးချယ်မှု မှားယွင်းသွားပေမည်။ ဘုရားသခင်၏မြင့်မြတ်သောလုပ်ငန်း၌ တိုးချဲ့ပါဝင်ရန် အခွင့်အရေးကို လက်လွှတ်အဆုံးရှုံးခံခဲ့ရပေမည်။ ဤသို့သောအမှားများကို ယေဟောဝါတွေ့ မြင်သော်လည်း ဖြောင့်မတ်ခြင်းတရားကိုမြတ်နိုးသောနှလုံးထား ရှိသူများကို ကိုယ်တော်သိတော်မူသည်။ ထိုကြောင့် ကြီးလေးသောအပြစ်ကိုပြုမိသည့်တိုင် နောင်တရမည်ဆိုလျှင် ယေဟောဝါခွင့်လွှတ်တော်မူပြီး ထောက်မကူညီပေးကာ ဘုရားဝတ်၌မွေ့လျော်သူများအဖြစ် ကျွန်ုပ်တို့ကိုဆက်လက်ယူမှတ်တော်မူလိမ့်မည်။ “ငါတို့ပြစ်မှားခြင်းနှင့်အလျောက် ငါတို့၌ပြုတော်မမူတတ်။ ငါတို့၌ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကိုပေးတော်မမူတတ်” ဟုဒါဝိဒ် ထုတ်ဖေါ်ပြောဆိုခဲ့သည်။ “မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည်အတိုင်း ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့သောသူတို့၌ ကရုဏာတော်သည် အားကြီးပေ၏။ အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့်ဝေးသည်အတိုင်း ငါတို့အပြစ်များကို ငါတို့နှင့်ဝေးစေတော်မူ၏။ အဘသည် သားတို့ကိုသနားစုံမက်သည်နည်းတူ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။ အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓာကိုသိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။” (ဆာလံ ၁၀၃:၁၀-၁၄) ကရုဏာသက်ဝင်သော ကောင်းကင်ခမည်းတော်သည် ကျွန်ုပ်တို့အား အမှားပြင်ရန်နည်းလမ်းကိုလည်း ပြသတော်မူလိမ့်မည်။ သို့မဟုတ် ဘုန်းတော်ထင်ရှားရေးအတွက် မြင့်မြတ်သောလုပ်ငန်း၌ တိုးချဲ့ပါဝင်ခွင့်ကို နောက်တစ်ဖန်ပေးကောင်းပေးတော်မူမည်။

ဘုရားကိုအပြစ်တင်သည့် အမှား

၇။ ဆင်းရဲဒုက္ခများကို အဘယ်ကြောင့်ခံရသနည်း။

၇ မှားမှားယွင်းယွင်းဖြစ်သွားသည့်အခါ လူ့သဘောမှာ တစ်ဦးတစ်ယောက်၊ သို့မဟုတ် တစ်စုံတစ်ခုကြောင့်ဟူ၍ လွှဲချပြောဆိုတတ်သည်။ အချို့သူများသည် ဘုရားသခင်ကိုပင် အပြစ်တင်တတ်ကြသည်။ အမှန်သော်ကား၊ ဤကဲ့သို့သောအခက်အခဲများကို လူတို့အပေါ် ယေဟောဝါသက်ရောက်စေသည်မဟုတ်ပါ။ ဆိုးကျိုးမဟုတ်၊ ကောင်းကျိုးကိုသာ ဘုရားသခင်ပြုတတ်ပါသည်။ ကြည့်လိုက်ပါလေ။ “ကောင်းသောသူ၊ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကိုထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုးကိုရွာစေတော်မူ၏။” (မဿဲ ၅:၄၅) ဆင်းရဲဒုက္ခများခံရသည့်အကြောင်းရင်းမှာ အတ္တသဘောအတိုင်း လည်ပတ်လှုပ်ရှား၍ စာတန်မာရ်နတ်၏ဩဇာအောက်ရှိ လောကတွင် ကျွန်ုပ်တို့အသက်ရှင်နေကြသောကြောင့်ဖြစ်သည်။—၁ ယောဟန် ၅:၁၉။

၈။ အခြေအနေမလှသည့်အခါ အာဒံဘာလုပ်ခဲ့သနည်း။

၈ ကျွန်ုပ်တို့အမှားအယွင်းများကြောင့် ဒုက္ခရောက်ရသည့်အခါ ယေဟောဝါဘုရားသခင်ကို အပြစ်ဖို့ခြင်းသည် ပညာမရှိ၊ အန္တရာယ်ပင်ဖြစ်သည်။ ထိုသို့ပြုခြင်းကြောင့် ကျွန်ုပ်တို့အသက်ပင်ဆုံးရှုံးနိုင်သည်။ ကောင်းမွန်သောဆုကျေးဇူးများအတွက် ပထမလူအာဒံသည် ဘုရားသခင်ကိုကျေးဇူးတင်သင့်ပါသည်။ အသက်ရှင်ရခြင်းအတွက်ကိုပင် ယေဟောဝါအား အာဒံကျေးဇူးတင်သင့်သည်။ သာယာသောပန်းခြံ၊ ဧဒင်ဥယျာဉ်၌ သူခံစားခဲ့သောကောင်းချီးများအတွက် ကျေးဇူးတင်မဆုံးဖြစ်သင့်သည်။ (ကမ္ဘာဦး ၂:၇-၉) ယေဟောဝါကိုသူနာခံမှုမရှိဘဲ တားမြစ်ထားသောအသီးကိုစားသုံးခဲ့၍ အခြေအနေမလှသည့်အခါ အာဒံဘာလုပ်ခဲ့သနည်း။ ဘုရားသခင်အား ဤသို့ညည်းညူအပြစ်ဆိုခဲ့သည်။ “ကျွန်တော်၌အပ်ပေးတော်မူသောမိန်းမသည် ထိုအပင်၏အသီးကိုပေး၍ ကျွန်တော်စားမိပါသည်။” (ကမ္ဘာဦး ၂:၁၅-၁၇။ ၃:၁-၁၂) အာဒံကဲ့သို့ ကျွန်ုပ်တို့ ယေဟောဝါကိုအပြစ်မဖို့သင့်သည်မှာအမှန်။

၉။ (က) ကျွန်ုပ်တို့မိုက်မဲစွာပြုမူမိ၍ အခက်အခဲဒုက္ခများကြုံတွေ့ရလျှင် ဘာကစိတ်သက်သာမှုပေးမည်နည်း။ (ခ) သု၊ ၁၉:၃ အရ ကိုယ့်ကိုယ်ကိုဒုက္ခရောက်စေသည့်အခါ အချို့ဘာလုပ်တတ်ကြသနည်း။

၉ ကျွန်ုပ်တို့မိုက်မဲစွာပြုမူမိ၍ အခက်အခဲဒုက္ခများကြုံတွေ့ရလျှင် ကျွန်ုပ်တို့အားနည်းချက်များကို ကိုယ်ကိုယ်တိုင်သိနားလည်သည်ထက် ယေဟောဝါသဘောပေါက်တော်မူကြောင်းကို သိထားခြင်းမှ စိတ်သက်သာမှုရယူနိုင်ပါသည်။ ထို့ပြင်ကိုယ်တော်အား ခြွင်းချက်မရှိကြည်ညိုမြတ်နိုးမည်ဆိုလျှင် ကျွန်ုပ်တို့၏အဖြစ်ဆိုးမှ ကယ်နှုတ်တော်မူလိမ့်မည်။ ဘုရားသခင့်ကူညီမစမှုကိုလည်း တန်ဖိုးထားကျေးဇူးတင်စွာဖြင့် မိမိအမှားကြောင့် မိမိခံရသောအဆင်မပြေမှုများနှင့် ဒုက္ခတို့အတွက် ဘုရားသခင်ကို ဘယ်တော့မျှအပြစ်မဖို့သင့်ပါ။ ယင်းနှင့်ပတ်သက်၍ ပညာရှိစကားတစ်ခွန်းက ဤသို့ဆိုသည်။ “လူသည် မိုက်သောသဘောကြောင့် လမ်းလွဲ၍ စိတ်ထဲမှာ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကဲ့ရဲ့ပြစ်တင်တတ်၏။” (သု၊ ၁၉:၃) အခြားဘာသာပြန်တစ်ခုက ဤသို့ဆိုသည်။ “အချို့သူများသည် မိမိတို့၏မိုက်မဲသောအပြုအမူများကြောင့် ဘဝပျက်စီးသည့်အခါ သခင်အရှင်ကို အပြစ်ဖို့ကြသည်။” (Today’s English Version) နောက်ထပ်ဘာသာပြန်တစ်ခုက ဤသို့ဆို၏။ “လူ့မိုက်မဲမှုသည် သူ၏အရေးကိစ္စတို့ကို ဖရိုဖရဲဖြစ်စေ၍ ယေဟောဝါကိုအပြစ်တင်ပြောဆိုလေတော့သည်။”—Byington.

၁၀။ အာဒံ၏မိုက်မဲမှုသည် ‘သူ၏လမ်းကို မည်သို့လွဲမှားစေခဲ့’ သနည်း။

၁၀ ဤပညာရှိစကားပါ မူဝါဒနှင့်အညီ အာဒံသည် အတ္တဆန်ဆန်ပြုမူသဖြင့် သူ၏မိုက်မဲသောအတွေးအခေါ်သည် ‘သူ၏လမ်းကို လွဲမှားစေခဲ့သည်။’ ယေဟောဝါဘုရားသခင်ထံတော်မှ သူ၏နှလုံးသွေဖည်သွားကာ အတ္တဆန်သော ကိုယ်ပိုင်လမ်းစဉ်ကို လိုက်လေတော့သည်။ စဉ်းစားကြည့်ပါ။ မည်မျှကျေးဇူးကန်းသနည်းဟူမူ မိမိ၏ဖန်ဆင်းရှင်ကို အာဒံအပြစ်တင်ပြောဆိုခြင်းအားဖြင့် ကိုယ့်ကိုယ်ကို အမြင့်မြတ်ဆုံးအရှင်၏ရန်သူတစ်ပါးဖြစ်စေခဲ့သည်။ အာဒံ၏အပြစ်ကြောင့် သူကိုယ်တိုင်နှင့် သူ၏မိသားစု ဘဝပျက်ကြရလေသည်။ ယင်းမှ သတိယူစရာများလှပေသည်။ အခြေအနေမသာသည့်အတွက် ယေဟောဝါကိုအပြစ်ဖို့လိုသူများသည် ဤသို့ကိုယ့်ကိုယ်ကို မေးမြန်းသင့်ပါသည်။ မိမိခံစားနေရသောကောင်းသည့်အရာတို့သည် ဘုရားသခင့်ကျေးဇူးကြောင့်ဖြစ်သည်ဟု ဝန်ခံပါသလော။ ကိုယ်တော်၏ဖန်ဆင်းရာတစ်ဦးအနေနှင့် အသက်ရှင်ခွင့်ရသည့်အတွက် ကျေးဇူးတင်ပါသလော။ မိမိ၏ကိုယ်ပိုင်အမှားများကြောင့် အကျွန်ုပ်အခက်အခဲကြုံတွေ့နေရပါသလော။ ယေဟောဝါ၏မှုတ်သွင်းခံနှုတ်ကပါဌ်တော်၊ သမ္မာကျမ်းစာ၌ တင်ပြထားသည့် ကိုယ်တော်၏လမ်းပြညွှန်ကြားမှုကိုလိုက်လျှောက်ခြင်းကြောင့် ကိုယ်တော်၏မျက်နှာသာတော်၊ သို့မဟုတ် ကူညီမစမှုကို အကျွန်ုပ်ရထိုက်ပါသလော။

ဘုရားသခင့်ကျေးကျွန်များအတွက်ပင် ဘေးအန္တရာယ်ရှိ

၁၁။ ဘုရားသခင်နှင့်ပတ်သက်၍ ပထမရာစုဂျူးဘာသာရေးခေါင်းဆောင်များ၌ အဘယ်အပြစ်ရှိသနည်း။

၁၁ စီအီးပထမရာစုရှိ ဂျူးဘာသာရေးခေါင်းဆောင်များသည် ဘုရားအမှုတော်ထမ်းသည်ဟုဆိုကြသော်လည်း ကိုယ်တော်၏နှုတ်ကပါဌ်တော်သမ္မာတရားကို ဥပေက္ခာပြုပြီး ကိုယ့်ဉာဏ်ကိုအားကိုးကြသည်။ (မဿဲ ၁၅:၈၊ ၉) သူတို့၏မှားယွင်းသောအတွေးအခေါ်ကို ယေရှုခရစ်ဖော်ထုတ်ပြောဆိုခဲ့သောကြောင့် ကိုယ်တော်အား သတ်ပစ်ခဲ့သည်။ နောင်တွင် ကိုယ်တော်၏တပည့်နောက်လိုက်တို့ကို အမျက်ထွက်အငြိုးထားကြသည်။ (တမန်တော် ၇:၅၄-၆၀) ထိုသူတို့၏လမ်းစဉ်သည် လွဲမှားလွန်းသဖြင့် နောက်ဆုံး ယေဟောဝါကိုယ်တော်တိုင်ကိုပင် သူတို့ဒေါသအမျက်ထွက်ကြလေသည်။—တမန်တော် ၅:၃၄၊ ၃၈၊ ၃၉ နှိုင်းယှဉ်။

၁၂။ ခရစ်ယာန်အသင်းတော်နှင့်ပေါင်းသင်းနေသူအချို့ပင်လျှင် မိမိတို့ကြုံတွေ့နေရသည့်အခက်အခဲများသည် ဘုရားသခင်ကြောင့်ဖြစ်သည်ဟုအပြစ်ဆိုကြကြောင်း အဘယ်ဥပမာကတင်ပြသနည်း။

၁၂ ခရစ်ယာန်အသင်းတော်ရှိသူအချို့ပင်လျှင် မိမိတို့ကြုံတွေ့နေရသည့်အခက်အခဲများသည် ဘုရားသခင်ကြောင့်ဖြစ်သည်ဟုအပြစ်ဆိုကာ အန္တရာယ်ရှိသောအတွေးအခေါ်ကို ခံယူထားကြပြီ။ ဥပမာ၊ အသင်းတော်တစ်ခုရှိ ခန့်အပ်ခံအကြီးအကဲများသည် အိမ်ထောင်သည်အမျိုးသမီးငယ်တစ်ဦး လောကသားနှင့်ပေါင်းသင်းနေသည့်အတွက် ကျမ်းစာအရ သူ့အားအတိအလင်းဆုံးမပေးရန် အကြောင်းပေါ်လာခဲ့သည်။ ထိုလောကသားနှင့် ဆက်ပေါင်းသင်းခြင်းကြောင့် သွေးဆောင်မှုခံရသည့်အခါ ဘုရားသခင်သူမအား မကူညီခဲ့ကြောင်း သူမနှင့်စကားပြောဆိုခဲ့ချိန်တစ်ချိန်တွင် ထွက်ဆိုခဲ့သည်။ ဘုရားသခင်ကို သူမဒေါသထွက်သည်ဟူ၍ပင် ပြစ်တင်ပြောဆိုခဲ့သည်။ အကြိမ်ကြိမ်ပင် ကျမ်းစာအတိုင်းသူ့အားဖျောင်းဖျကူညီပေးခဲ့သော်လည်း မအောင်မြင်ခဲ့သည့်အတွက် နောက်ဆုံး စာရိတ္တပျက်ပြားသောလမ်းစဉ်တစ်ခုကြောင့် ခရစ်ယာန်အသင်းတော်မှ နှင်ထုတ်ခံရလေသည်။

၁၃။ ညည်းညူပြစ်တင်တတ်သောသဘောကို အဘယ်ကြောင့်ရှောင်သင့်သနည်း။

၁၃ ညည်းညူပြစ်တင်တတ်သောသဘောသည် နောက်ဆုံး ယေဟောဝါအားပြစ်တင်ပြောဆိုခြင်းသို့ ရောက်စေနိုင်သည်။ ပထမရာစုအသင်းတော်တွင်း ရောက်ရှိလာသူ “အဓမ္မလူအချို့” သည်ထိုသို့သောမကောင်းသည့်သဘောထားရှိကြသည်။ ယင်းနှင့်အတူ ဝိညာဉ်ရေးဘက်ဖောက်ပြန်သော အခြားအတွေးအခေါ်များပင် ဒွန်တွဲပါလာသည်။ တပည့်တော်ယုဒပြောသည်အတိုင်းပင် ဤသူတို့သည် “ငါတို့ဘုရားသခင်၏ကျေးဇူးတော်ကို ကိလေသာ၏ညစ်ညူးခြင်းအလိုငှာမှောက်လှန်လျက် တစ်ပါးတည်းအစိုးရတော်မူသောအရှင်၊ ငါတို့သခင်ယေရှုခရစ်ကိုငြင်းပယ်” နေကြသည်။ “ထိုသူတို့သည် မြည်တမ်း၍ အပြစ်တင်တတ်သောသူ၊ ကိုယ်တပ်မက်ခြင်းအတိုင်းကျင့်တတ်သောသူ၊ ထောင်လွှားသောစကားကိုပြောတတ်သောသူ၊ . . . ဖြစ်ကြ၏” ဟူ၍လည်း ယုဒပြောသေးသည်။ (ယုဒ ၃၊ ၄၊ ၁၆) ဘုရားသခင်ကို ယုံကြည်အားထားမှု ပျောက်ဆုံး၍ ကိုယ်တော်နှင့်ဆက်ဆံရေးကို ဘေးပြုသည်အထိ ဖြစ်စေတတ်သော ညည်းညူပြစ်တင်တတ်သောသဘော မိမိတို့တွင်မရှိဘဲ ကျေးဇူးတင်လေးမြတ်တတ်သောသဘောရှိရန် ယေဟောဝါ၏သစ္စာစောင့်သိသောကျေးကျွန်များသည် ပညာရှိစွာဆုပတ္ထနာပြုကြပါလိမ့်မည်။

၁၄။ ခရစ်ယာန်ချင်းတစ်ဦးကြောင့် စိတ်ထိခိုက်ခဲ့မည်ဆိုလျှင် မည်သို့တုံ့ပြန်ကောင်းတုံ့ပြန်မည်နည်း။ သို့သော် ယင်းကား အဘယ်ကြောင့်နည်းမှန်လမ်းကျမဖြစ်သနည်း။

၁၄ ယင်းအဖြစ်မျိုး သင်၌ဖြစ်ပျက်လိမ့်မည်မဟုတ်ဟု သင်ယူဆကောင်းယူဆပေမည်။ သို့သော်ကျွန်ုပ်တို့၏အမှားအယွင်း၊ သို့မဟုတ် အခြားသူတို့၏အမှားများကြောင့် ဒုက္ခရောက်ရလေသော် ဘုရားသခင်ကို နောက်ဆုံးအပြစ်တင်မိပေမည်။ ဥပမာ၊ ယုံကြည်သူချင်းတစ်ဦး၏စကား၊ သို့မဟုတ် အပြုအမူကြောင့်စိတ်ထိခိုက်နေပေမည်။ နှစ်ပေါင်းများစွာ ယေဟောဝါကိုသစ္စာစောင့်သိခဲ့သူဖြစ်ကောင်းဖြစ်မည့် စိတ်ထိခိုက်နေသူက ‘ထိုသူ အသင်းတော်ထဲရှိသည်ကာလ အကျွန်ုပ်စည်းဝေးများမတက်တော့ပါ’ ဟူ၍ပြောဆိုကောင်းပြောဆိုမည်။ စိတ်အနှောင့်အယှက်ဖြစ်လွန်းသဖြင့် ‘ဤကဲ့သို့သာဆက်ဖြစ်နေမည်ဆိုလျှင် အသင်းတော်အဝင် မဖြစ်လိုတော့’ ဟူ၍ပင် စိတ်ဆုံးဖြတ်ပေမည်။ သို့သော်ခရစ်ယာန်တစ်ဦးသည် ဤသဘောထားမျိုး ရှိသင့်ပါသလော။ မစုံလင်သောအခြားသူတစ်ဦးကြောင့် စိတ်ထိခိုက်လျှင် ဘုရားသခင့်မျက်နှာသာတော်ရ၍ ကိုယ်တော်အားသစ္စာစောင့်သိနေသူ အသင်းတော်တစ်ခုလုံးကို အဘယ်ကြောင့်စိတ်ဆိုးရမည်နည်း။ ယေဟောဝါအား ဆက်ကပ်အပ်နှံထားသူ မည်သူမဆိုသည် ဘုရားသခင့်အလိုတော်ကို မဆောင်ရွက်တော့ဘဲနေခြင်းအားဖြင့် ဘုရားသခင်ကို အဘယ်ကြောင့်ဒေါသအမျက်ထွက်နေရမည်နည်း။ လူတစ်ဦးတစ်ယောက်၊ သို့မဟုတ် အခြေအနေအချို့ကြောင့် ယေဟောဝါနှင့်ကောင်းသောဆက်ဆံရေးကို ပျက်စီးစေခြင်းသည် မည်မျှပညာရှိပါသနည်း။ အကြောင်းတစ်ခုခုကြောင့် ယေဟောဝါအား ဝတ်မပြုဘဲနေခြင်းသည် မိုက်မဲရာ၊ ပြစ်မှားရာရောက်သည်။—ယာကုပ် ၄:၁၇။

၁၅၊ ၁၆။ ဒယောတရပ်ပြစ်မှားမှုကား အဘယ်နည်း။ ဂါယုမူကား မည်သို့ပြုမူသနည်း။

၁၅ မေတ္တာရှိသောခရစ်ယာန်ဂါယုနှင့် သင်သည် အသင်းတော်တစ်ခုတည်းတွင်ရှိကြသည်ဆိုပါစို့။ သူသည် အလည်အပတ်ရောက်ရှိလာသော သူစိမ်းများပင်ဖြစ်သည့် ယုံကြည်သူချင်းတို့အား ဧည့်ဝတ်ပျူငှာမှုပြုခြင်းအားဖြင့် “ကောင်းသောအမှုကိုပြု” ခဲ့သည်။ သို့သော်ထိုအသင်းတော်တွင်ပင် မာနထောင်လွှားသူ ဒယောတရပ်ရှိသည်။ ယေရှုခရစ်၏တမန်တော်တစ်ပါးဖြစ်သော ယောဟန်ထံမှလာသည့် အဘယ်အရာကိုမဆို မခန့်ညားမလေးစားခဲ့ပါ။ ယောဟန်အား ပြစ်တင်ငြူစူ၍ပင် ဒယောတရပ်ကဲ့ရဲ့ပြောဆိုခဲ့သည်။ တမန်တော် ဤသို့ဆိုသည်။ “ကဲ့ရဲ့ခြင်းနှင့်စိတ်မပြေဘဲလျက် ညီအစ်ကိုတို့ကို [ဒယောတရပ်] ကိုယ်တိုင်လက်မခံ၊ လက်ခံချင်သောသူတို့ကိုလည်း မြစ်တား၍ အသင်းတော်ထဲကနှင်ထုတ်တတ်၏။”—၃ ယောဟန် ၁၊ ၅-၁၀။

၁၆ အသင်းတော်ထံသို့ ယောဟန်လာခဲ့မည်ဆိုလျှင် ဒယောတရပ်ပြုမူသည့်အမှုအကြောင်း သတိပေးလိုခဲ့သည်။ တစ်ချိန်တည်းတွင် ထိုအသင်းတော်ရှိ ဂါယုနှင့်အခြားဧည့်ဝတ်ပျူငှာသောခရစ်ယာန်များ မည်သို့တုံ့ပြန်ခဲ့သနည်း။ သူတို့တစ်ဦးတစ်ယောက်ကမျှ ‘ဒယောတရပ် အသင်းတော်ထဲရှိသည်ကာလ အသင်းတော်အဝင်မဖြစ်လိုပါ။ စည်းဝေးများ၌ သင်အကျွန်ုပ်အား တွေ့လိမ့်မည်မဟုတ်’ ဟုပြောဆိုခဲ့ကြောင်း ကျမ်းစာတင်ပြချက်တစ်ခုမျှမရှိချေ။ ဂါယုနှင့်တကွ သူ့ကဲ့သို့သောအခြားသူများသည် သစ္စာတည်ကြည်ခဲ့ပေမည်။ ဘုရားသခင့်အလိုတော်ကိုမဆောင်ရွက်ဘဲနေရန် အဘယ်အရာကိုမျှခွင့်မပြုခဲ့၍ ယေဟောဝါအပေါ် အဘယ်နည်းဖြင့်မျှ အမျက်မထွက်ခဲ့သည်ကားအမှန်။ သူတို့သာ ယေဟောဝါကိုသစ္စာဖျက်၍ ဘုရားသခင်ကိုအပြစ်တင်စကားပြောဆိုကြမည်ဆိုလျှင် ဝမ်းသာခဲ့မည့် စာတန်မာရ်နတ်၏ စဉ်းလဲသောပရိယာယ်များအောက် အညံ့မခံ၊ အရှုံးမပေးခဲ့ပါ။—ဧဖက် ၆:၁၀-၁၈။

ယေဟောဝါအား ဘယ်သောအခါမျှ အမျက်မထွက်လေနှင့်

၁၇။ တစ်ဦးတစ်ယောက်၊ သို့မဟုတ် အခြေအနေတစ်စုံတစ်ခုကြောင့် စိတ်ထိခိုက်နေမည်၊ သို့မဟုတ် အလိုမကျဖြစ်နေလျှင် မည်သို့ပြုမူသင့်သနည်း။

၁၇ အသင်းတော်ရှိသူတစ်ဦး၊ သို့မဟုတ် အခြေအနေတစ်ခုသည် ဘုရားသခင့်ကျေးကျွန်အား စိတ်ထိခိုက်စေမည်၊ သို့မဟုတ် အလိုမကျဖြစ်သည်တိုင် စိတ်ထိခိုက်သူသည် ယေဟောဝါလူမျိုးနှင့် မပေါင်းသင်းဘဲနေမည်ဆိုလျှင် အမှန်သော်ကား သူ၏လမ်းကိုသူ လွဲမှားစေနေရာရောက်သည်။ ဤကဲ့သို့သောသူသည် မိမိ၏ပိုင်းခြားသိမြင်တတ်သောစွမ်းရည်ကို ကောင်းစွာအသုံးမပြုသူဖြစ်ပါသည်။ (ဟေဗြဲ ၅:၁၄) ထိုကြောင့်သမာဓိစောင့်သိသူတစ်ဦးအနေနှင့် ဒုက္ခတိုင်းကို ရင်ဆိုင်ခံရပ်မည်ဟု စိတ်ဆုံးဖြတ်ပါ။ ယေဟောဝါဘုရားသခင်၊ ယေရှုခရစ်တော်နှင့် ခရစ်ယာန်အသင်းတော်ကို ဆက်သစ္စာစောင့်သိပါ။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ထာဝရအသက်သို့ပို့ဆောင်သောသမ္မာတရားကို အခြားအဘယ်နေရာ၌မျှ မတွေ့ရှိနိုင်ပါ။

၁၈။ ဘုရားသခင့်စီရင်ချက်များကို ကျွန်ုပ်တို့အမြဲနားမလည်နိုင်ကြသော်လည်း ယေဟောဝါဘုရားသခင်နှင့်ပတ်သက်၍ ဘာကိုစိတ်ချနိုင်သနည်း။

၁၈ ယေဟောဝါသည် မည်သူကိုမျှ အဆိုးနှင့်မစုံစမ်းကြောင်းကိုလည်း သတိရပါ။ (ယာကုပ် ၁:၁၃) ချစ်ခြင်းမေတ္တာပြယုဂ်ဖြစ်သောဘုရားသခင်သည် အထူးသဖြင့် ကိုယ်တော်အားချစ်မြတ်နိုးသူတို့ကို ကျေးဇူးပြုတော်မူသည်။ (၁ ယောဟန် ၄:၈) ဘုရားသခင့်စီရင်ချက်များကို ကျွန်ုပ်တို့အမြဲနားမလည်နိုင်ကြသော်လည်း ယေဟောဝါဘုရားသခင်သည် ကျေးကျွန်တော်များအတွက် ကောင်းရာကောင်းကျိုးကို ဘယ်သောအခါမျှ မပြုဘဲမနေကြောင်းစိတ်ချပါ။ ပေတရုပြောသည်အတိုင်းပင်ဖြစ်သည်။ “ထိုကြောင့် ကာလအချိန်တန်လျှင် ဘုရားသခင်သည် သင်တို့ကိုချီးမြှောက်တော်မူမည်အကြောင်း တန်ခိုးကြီးသောလက်တော်အောက်၌ ကိုယ့်ကိုယ်ကိုနှိမ့်ချကြလော့။ သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့် သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့။” (၁ ပေတရု ၅:၆၊ ၇) မှန်ပေသည်၊ ယေဟောဝါရှင်သည် မိမိလူများကို အမှန်တကယ်သတိပြုစောင့်မတော်မူ၏။—ဆာလံ ၉၄:၁၄။

၁၉၊ ၂၀။ ကျွန်ုပ်တို့ခံရသောစုံစမ်းခြင်းများကြောင့် တစ်ခါတစ်ရံစိတ်ဓာတ်ကျမည်ဖြစ်သော်လည်း မည်သို့ပြုမူသင့်သနည်း။

၁၉ ထိုကြောင့် မည်သည့်အရာ၊ မည်သူမျှ သင့်အားထိမိ၍မလဲစေပါနှင့်။ ဆာလံဆရာ ကောင်းစွာတင်ပြထားသည်အတိုင်းပင်ဖြစ်သည်။ ယေဟောဝါဘုရားသခင်၏ “တရားတော်ကိုနှစ်သက်သောသူတို့၌ ကြီးစွာသောငြိမ်ဝပ်ခြင်းရှိပါ၏။ သူတို့စိတ်ပျက်စရာအကြောင်း မရှိ။” (ဆာလံ ၁၁၉:၁၆၅) ကျွန်ုပ်တို့အားလုံး စုံစမ်းခံကြရသည်။ ယင်းတို့ကြောင့် တစ်ခါတစ်ရံစိတ်ဓာတ်ကျခြင်း၊ စိတ်အားငယ်ခြင်း ဖြစ်မည်အမှန်။ သို့သော်အထူးသဖြင့်ယေဟောဝါကို ဘယ်သောအခါမျှ ခါးသီးသောစိတ်မဖြစ်ပေါ်စေပါနှင့်။ (သု၊ ၄:၂၃) ကျမ်းစာကိုအခြေခံ၍ ကိုယ်တော်၏အကူအညီဖြင့် သင်ဖြေရှင်းနိုင်သောပြဿနာများကို ဖြေရှင်းပြီး တည်မြဲတည်နေသောအခက်အခဲများကိုကား သည်းခံနေပါ။—မဿဲ ၁၈:၁၅-၁၇။ ဧဖက် ၄:၂၆၊ ၂၇။

၂၀ သင့်စိတ်လှုပ်ရှားမှုတို့ကြောင့် ဘယ်သောအခါမျှ မိုက်မဲစွာမကျင့်ပါနှင့်။ ထိုသို့ပြုပါက သင်၏လမ်းကို လွဲမှားစေပါလိမ့်မည်။ ဘုရားသခင်၏နှလုံးကို ရွှင်လန်းအားရစေနိုင်မည့်နည်းဖြင့် ပြောဆိုပြုမူပါ။ (သု၊ ၂၇:၁၁) ယေဟောဝါ၏ကျေးကျွန်တစ်ဦးအနေနှင့် ကိုယ်တော်သည် သင့်အားအမှန်တကယ်သတိပြုကြည့်ရှုနေကြောင်းကိုလည်းကောင်း၊ ကိုယ်တော်၏လူများနှင့်အတူ အသက်လမ်းပေါ်တည်ရှိနေစေရန် လိုအပ်နေသောအသိဉာဏ်ပညာကို ပေးတော်မူမည်အကြောင်းကိုလည်းကောင်း စိတ်ချယုံကြည်စွာဖြင့် ယေဟောဝါထံ လှိုက်လှဲစွာဆုတောင်းပတ္ထနာပြုပါ။ (သု၊ ၃:၅၊ ၆) အားလုံးတို့ထက်ကား ဘုရားသခင်ကို အမျက်မထွက်ပါနှင့်။ မှားယွင်းလွဲချော်သွားလျှင် ယေဟောဝါအား အပြစ်မဆိုနိုင်ကြောင်း အမြဲသတိရထားပါ။

သင်မည်သို့ဖြေဆိုမည်နည်း

▫ လောတ မည်သို့မှားယွင်းသွားသနည်း။ သို့သော် သူအား ဘုရားသခင်မည်သို့ယူမှတ်သနည်း။

▫ မှားယွင်းမှုများနှင့် ရောင့်တက်ခြင်းကို ဒါဝိဒ် မည်သို့သဘောထားသနည်း။

▫ မှားမှားယွင်းယွင်းဖြစ်သွားလျှင် ဘုရားသခင်ကို အဘယ်ကြောင့်အပြစ်မတင်သင့်သနည်း။

▫ ယေဟောဝါအားဒေါသအမျက်ထွက်ခြင်းကို ရှောင်ကြဉ်ရန် အဘယ်အရာက အကူအညီပေးမည်နည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

အာဗြဟံနှင့်လမ်းခွဲခဲ့သောအခါ မိမိနေရပ်နှင့်ပတ်သက်၍ လောတ၏ရွေးချယ်မှု ညံ့သွားသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ