လူသားနားမထောင်ခဲ့စေကာမူ ပရဒိသုအလားအလာများမှာတရားဝင်ဆဲ
၁။ အချိန်အတန်ကြာကုန်လွန်ပြီးနောက် ပထမလူယောက်ျားနှင့်မိန်းမတို့သည် အဘယ်နေရာနှင့် အဘယ်အခြေအနေမျိုး၌ ရောက်ရှိနေကြသနည်း။
အ ချိန်အတန်ကြာညောင်းခဲ့ပြီ။ ပထမလူယောက်ျားနှင့် လူမိန်းမတို့သည် အပြစ်ကင်းစင်စွာနှင့် အဝတ်အချည်းစည်း မနေကြတော့ချေ။ တိရစ္ဆာန်သားရေဝတ်ရုံရှည် ဝတ်ဆင်ထားကြသည်။ သူတို့သည်ပြည့်ဝစုံလင်သော ဧဒင်ဥယျာဉ်ဝင်ပေါက်၏အပြင်ဘက်တွင် ရောက်နေကြသည်။ ဥယျာဉ်ကိုကျောခိုင်းလျက် ရှေ့တွင်ရှိသောမြင်ကွင်းကို ကြည့်လိုက်သောအခါ ထွန်ယက်စိုက်ပျိုးခြင်းမရှိသော မြေရိုင်းကိုသာတွေ့ရသည်။ ၄င်းပေါ်၌ဘုရားသခင့်ကောင်းချီး သက်ရောက်ခြင်းမရှိကြောင်းထင်ရှားသည်။ နေရာတိုင်းတွင်ဆူးချုံအပြည့်သာ တွေ့ရသည်။ ၄င်းမှာသူတို့နိုင်နင်းရန် တာဝန်ပေးအပ်ခံရသော မြေကြီးမဟုတ်ပေလော။ မှန်ပါသည်၊ သို့သော်ပထမလူယောက်ျားနှင့် လူမိန်းမတို့သည် ထိုအချိန်တွင်ထွန်ယက်ခြင်းမရှိသော ထိုမြေရိုင်းအထိ ဧဒင်ဥယျာဉ်ကိုတိုးချဲ့ရန် ရည်ရွယ်ချက်ဖြင့် ထိုနေရာသို့ ရောက်ရှိနေခြင်းမဟုတ်ပေ။
၂။ လူယောက်ျားနှင့်မိန်းမတို့သည် ပရဒိသုဥယျာဉ်သို့ပြန်ဝင်ရန်အဘယ်ကြောင့် မကြိုးစားကြသနည်း။
၂ ဤမျှကွာခြားလှသည့်မြင်ကွင်းကို တွေ့မြင်ရသောအခါ နောက်ကြောင်းပြန်လှည့်၍ ပရဒိသုဥယျာဉ်အဝင်ဝတွင် ဘာရှိသည်ကိုကြည့်လိုက်ပါအုံး။ သူတို့တစ်ခါမျှမမြင်ဘူးသော သတ္တဝါများဖြစ်သောခေရုဗိမ်တို့နှင့် အစဉ်မပြတ်လည်ပတ်နေသော မီးစက်လက်နက်ရှိသည်။ လူယောက်ျားနှင့်မိန်းမတို့အနေဖြင့် ယင်းတို့ကိုဖြတ်၍ အသက်မသေဘဲ ဥယျာဉ်အတွင်းဝင်ရောက်နိုင်ကြမည်မဟုတ်ပေ။—ကမ္ဘာဦး ၃:၂၄။
၃။ ပထမမောင်နှံတို့၏အခြေအနေ ဤမျှအကြီးအကျယ်ပြောင်းလဲသွားရအောင် အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။
၃ ဘာများဖြစ်ခဲ့ပြီနည်း။ ယင်းမှာနှစ်ထောင်ပေါင်းများစွာအတွင်း သိပ္ပံပညာအဖြေရှာမရလောက်အောင် ရှုပ်ထွေးနက်နဲသောအရာမဟုတ်ပေ။ ရိုးရိုးလေးဖြစ်သည်။ ပထမလူယောက်ျားနှင့်မိန်းမတို့သည် သူတို့မင်္ဂလာဆောင်သောနေ့တွင် ဘုရားပေးအပ်သောတာဝန်ကြောင့် သူတို့ရှေ့တွင်ထူးကဲသော မျှော်လင့်ချက်အလားအလာရှိကြောင်း သိမြင်ကြသည်။ သို့သော်စည်းကမ်းချက်မှာ ကောင်းကင်ခမည်းတော်ကို အသေးဆုံးကိစ္စ၌ပင် နာခံရမည်ဖြစ်သည်။ သူတို့၏အကြွင်းမဲ့နာခံမှုကို အစားအစာတားမြစ်ချက်ရိုးရိုးလေးဖြင့် စမ်းသပ်ခဲ့သည်။ “ကောင်းမကောင်းသိကျွမ်းရာအပင်၏” အသီးကို သူတို့မစားရပေ။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) ဘုရားအမိန့်တော်ကိုလွန်ဆန်၍ သူတို့စားခဲ့သည်ရှိသော် ဧကန်မုချသေရကြမည်။ ဤအကြောင်းကိုအာဒံသည် ဘုရားသခင်၏ပရောဖက်အနေနှင့် သူ့နောက်တွင်ဖန်ဆင်းခံရသော ဇနီးသည်အားပြောပြခဲ့သည်။ သို့သော်အံ့သြစရာကောင်းသည်မှာ နာချက်ရှ် (na·chash΄) တည်းဟူသောမြွေက တားမြစ်ထားသော “ကောင်းမကောင်းသိကျွမ်းရာအပင်” ၏အသီးကိုမစားရန် အာဒံအားဘုရားသတိပေးခဲ့သည့် အချက်၏မှန်ကန်မှုကို ငြင်းပယ်ခဲ့သည်။ ဘုရားသခင်၏ပညတ်ကိုချိုးဖောက်၍ တားမြစ်ထားသောအသီးကိုစားလျှင် ဘုရားသခင်ကဲ့သို့ဖြစ်မည်၊ အကောင်းအဆိုးကိုမိမိဖာသာ လွတ်လပ်စွာဆုံးဖြတ်နိုင်မည်ဟု မိန်းမအားမြွေက အယုံသွင်းခဲ့သည်။—ကမ္ဘာဦး ၃:၁-၅။
ဒဏ္ဍာရီပုံပြင်မဟုတ်ပါ
၄၊ ၅။ ပထမလူမိန်းမကို မြွေလှည့်ဖြားခြင်းမှတ်တမ်းသည် ဒဏ္ဍာရီမဟုတ်ကြောင်း တမန်တော်ပေါလု အဘယ်သို့တင်ပြခဲ့သနည်း။
၄ မယုံကြည်နိုင်စရာလော။ ယင်းသည်အဖြစ်မှန်ကိုအခြေမခံသော ဒဏ္ဍာရီပုံပြင်ဆန်သဖြင့် ယခုခေတ်အသိအမြင်ကြွယ်ဝသောဦးနှောက်ဖြင့် လက်မခံနိုင်သော အကြောင်းဖြစ်သလော။ မဟုတ်ပါ။ မိမိရေးသားသည့်အကြောင်းအရာ၏ မှန်ကန်မှုကိုကောင်းစွာသိသော အထူးရွေးချယ်ခံရသည့် တမန်တော်တစ်ပါးက ထိုသို့မယူဆချေ။ သူသည်ယုံကြည်စိတ်ချရသော ကျမ်းရေးသူဖြစ်ပြီး သူရေးသားရာများကိုလည်း ယနေ့ထက်တိုင်ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုနေကြသည်။ လောကီပညာဘက်တွင်ထူးချွန်သော ကောရိန္သုမြို့ရှိအရွယ်ရောက်ပြီးသော ခရစ်ယာန်အသင်းတော်ထံ ၄င်းတမန်တော်က အောက်ပါအတိုင်းရေးသားခဲ့သည်။ “မြွေသည်မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့ သင်တို့သည်စိတ်ဆွေးမြေ့ယိုယွင်း၍ ခရစ်တော်ကိုအကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟုစိုးရိမ်ခြင်းရှိ၏။”—၂ ကောရိန္သု ၁၁:၃။
၅ ပေါလုအနေဖြင့် မိမိပြောလိုသောအချက်ကို ထောက်ခံသည့်အနေနှင့် ဒဏ္ဍာရီယုံတမ်းစကား၊ စိတ်ကူးယဉ်ပုံပြင်ကိုအသုံးပြု၍ ကောရိန္သုမြို့သားတို့အား တင်ပြခဲ့မည်မဟုတ်ပေ။ ကောရိန္သုမြို့သားတို့သည် ဒိဌိဂရိဘာသာတရားနှင့်ဆိုင်သော ဒဏ္ဍာရီတို့ကို ကောင်းစွာသိကျွမ်းကြသည်။ တမန်တော်ပေါလုသည် “ဘုရားနှုတ်ကပတ်တော်” ဖြစ်သည်ဟုကြေညာခဲ့သည့် မှုတ်သွင်းခံဟေဗြဲကျမ်းစောင်များကိုကိုးကား၍ “မြွေသည်မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စား” ခဲ့ကြောင်းထောက်ခံထားသည်။ (၁ သက်သာလောနိတ် ၂:၁၃) ထိုမှတစ်ပါး “ကျန်းခံ့ရေးတရားပုံစံ” ကိုသွန်သင်ရန် တာဝန်ရထားသော ခရစ်ယာန်အကြီးအကဲတစ်ဦးထံ စာရေးသားစဉ်၌ တမန်တော်ပေါလုကဤသို့ဆို၏။ “အာဒံကိုရှေ့ဦးစွာဖန်ဆင်း၍နောက်မှ ဧဝကိုဖန်ဆင်းတော်မူ၏။ ထိုမှတစ်ပါး အာဒံသည်လှည့်ဖြားခြင်းကိုမခံ မိန်းမသည်လှည့်ဖြားခြင်းကိုခံ၍ လွန်ကျူး၏။”—၂ တိမောသေ ၁:၁၃။ ၁ တိမောသေ ၂:၁၃၊ ၁၄။
၆။ (က) အာဒံကျူးလွန်သောအပြစ်သည် ဧဝ၏အပြစ်နှင့်မည်သို့ခြားနားသနည်း။ (ခ) မိန်းမဖြစ်သူသည်မြွေနှင့်ပတ်သက်၍ လုပ်ဇာတ်ခင်းနေခြင်းမဟုတ်ကြောင်း ကျွန်ုပ်တို့အဘယ်ကြောင့် အသေအချာပြောနိုင်သနည်း။
၆ တားမြစ်သောအသီးကို အမိန့်ဖီဆန်၍ စားခဲ့ရာမှ ဖြစ်ပေါ်လာသော နောက်ဆက်တွဲအကျိုးများသည် သမိုင်းဖြစ်ရပ်မှန်များဖြစ်သကဲ့သို့ မြွေ၏လှည့်စားခြင်းကို မိန်းမခံရခြင်းမှာလည်း ဖြစ်ရပ်မှန်ဖြစ်သည်။ ဒဏ္ဍာရီမဟုတ်ပေ။ ဘုရားသခင်ကို ဤသို့ပြစ်မှားပြီးနောက် သူမသည် သူမနှင့်အတူစားရန် လင်သားဖြစ်သူအား သွေးဆောင်လေ၏။ သို့သော်အာဒံစားခြင်းမှာ လှည့်ဖြားခံရခြင်းကြောင့်မဟုတ်ပါ။ (ကမ္ဘာဦး ၃:၆) ၄င်းနောက်သူတို့ ဘုရားသခင်ထံ လျှောက်လဲပုံအကြောင်းမှတ်တမ်းက ဤသို့ဆိုသည်။ “လူကလည်း ‘ကျွန်တော်၌အပ်ပေးတော်မူသောမိန်းမသည် ထိုအပင်၏အသီးကိုပေး၍ ကျွန်တော်စားမိပါသည်’ ဟုလျှောက်လေ၏။ [ယေဟောဝါ]ဘုရားကလည်း ‘သင်သည်အဘယ်သို့ပြုပြီးသနည်း’ ဟုမိန်းမအားမေးတော်မူလျှင် ‘မိန်းမကမြွေသည် ကျွန်မကိုလှည့်စား၍ ကျွန်မစားမိပါပြီ’ ဟုလျှောက်လေ၏။” (ကမ္ဘာဦး ၃:၁၂၊ ၁၃) မိန်းမသည် နာချက်ရှ် (na·chash΄) တည်းဟူသော မြွေအကြောင်းလုပ်ဇာတ်ခင်းနေခြင်းမဟုတ်သကဲ့သို့ ဘုရားသခင်ကလည်း သူမ၏ထုချေရှင်းလင်းချက်ကို လုပ်ကြံဖန်တီးရာဒဏ္ဍာရီအဖြစ် ယူမှတ်တော်မမူပေ။ ထိုမြွေကို ဖန်ဆင်းရှင်ဘုရားသခင်အား ပြစ်မှားစေရန် မိန်းမအားလှည့်စားရာတွင် အသုံးတော်ခံအဖြစ် ကိုယ်တော်သဘောထားကာ စီရင်တော်မူ၏။ ဒဏ္ဍာရီမှမြွေတစ်ကောင်ကို ကိုယ်တော်စီရင်ခြင်းဖြစ်ပါက ဂုဏ်သိက္ခာတော်နှင့် ညီမည်မဟုတ်ပေ။
၇။ (က) မြွေအားဘုရားတရားစီရင်ခြင်းအကြောင်းကို သမ္မာကျမ်းစာမှတ်တမ်းက မည်သို့ဖော်ပြသနည်း။ (ခ) ပထမလူမိန်းမကိုလှည့်ဖြားခဲ့သောမြွေသည် ကျွန်ုပ်တို့ကိုပါအဘယ်သို့ လှည့်ဖြားနိုင်သနည်း။ (အောက်ခြေမှတ်ချက်ကို ထည့်သွင်းဖြေဆိုပါ။)
၇ ဧဒင်ဥယျာဉ်အတွင်းရှိ ထိုမြွေကို ဘုရားတရားစီရင်ခြင်းအကြောင်း ဖော်ပြရာတွင် မှတ်တမ်းက ဤသို့ဆို၏။ “[ယေဟောဝါ]ဘုရားသခင်သည် မြွေကိုခေါ်၍ ‘သင်သည်ဤအမှုကိုပြုသောကြောင့် သားယဉ်သားရဲအပေါင်းတို့ထက် ကျိန်ခြင်းကိုခံရ၏။ သင်သည် ဝမ်းဖြင့်သွား၍ မြေမှုန့်ကိုတစ်သက်လုံးစားရမည်။ သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည်သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်။’” (ကမ္ဘာဦး ၃:၁၄၊ ၁၅) သိက္ခာရှိသည့် မည်သည့်တရားရုံးမဆို ဖြစ်ရပ်မှန်များကိုသာစစ်ဆေး၍ သာဓကအမှန်တို့ကိုသာ ချင့်ချိန်သုံးသပ်သည်။ ယုံတမ်းစကားများကို စဉ်းစားခြင်းမပြုပေ။ ယေဟောဝါဘုရားသခင်သည် ဒဏ္ဍာရီထဲမှမြွေကို တရားစီရင်ခြင်းအားဖြင့် မိမိကိုယ်ကိုအဆင်ခြင်ကင်းမဲ့သောမိုက်မဲမှု ပြုလုပ်တော်မူမည်မဟုတ်ဘဲ အမှန်တည်ရှိသော တရားခံတစ်ဦးအား စီရင်ချက်ချမှတ်တော်မူ၏။ ထိုမြွေကသူ မတည်ရှိကြောင်း၊ ဒဏ္ဍာရီမျှသာဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိဒုစရိုက်တို့နှင့် ပတ်သက်ခြင်းမရှိကြောင်း ကျွန်ုပ်တို့ကို အယုံသွင်းနိုင်သည်ရှိသော် ၄င်းမှာရီစရာမဟုတ်ဘဲ သနားစရာဖြစ်ချေမည်။a
၈။ မိန်းမအပေါ်ဘုရားရှင်အဘယ်စီရင်ချက် ချတော်မူသနည်း။ သူမ၏သမီးများနှင့်မြေးမများအပေါ် အဘယ်အကျိုးသက်ရောက်သနည်း။
၈ မြွေနှင့်စပ်လျဉ်းသော မိန်းမ၏ထွက်ဆိုချက်ကို ဖြစ်ရပ်မှန်အဖြစ်ထားကာ မှတ်တမ်းက လူယောက်ျား၏ဇနီးအကြောင်း ဤသို့ဆို၏။ “မိန်းမကိုလည်း၊ ‘သင်၌ကိုယ်ဝန်ဆောင်ခြင်းဝေဒနာကို ငါအလွန်များပြားစေမည်။ ပင်ပန်းစွာဝေဒနာကိုခံ၍ သားဖွားရမည်။ ကိုယ်ခင်ပွန်း၏အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်းခံရမည်။’” (ကမ္ဘာဦး ၃:၁၆) သူမအာဒံနှင့်မင်္ဂလာဆောင်စဉ်က “များပြားစွာမွေးဖွား၍ မြေကြီးကိုပြည့်စေ” ကြလော့ဟု ဘုရားသခင်မိန့်တော်မူချိန်၌ ပေးခဲ့သောကောင်းချီးတွင် အထက်ပါအရာများ လုံးဝမပါဝင်ခဲ့ပေ။ (ကမ္ဘာဦး ၁:၂၈) စုံလင်သောလူသားမောင်နှံတို့အားပေးခဲ့သည့် ထိုမင်္ဂလာရှိသောတာဝန်ကြီးကိုကြည့်လျှင် မိန်းမသည်များစွာ ကိုယ်ဝန်ဆောင်ရမည်ဖြစ်သော်လည်း သားဖွားခြင်းဝေဒနာအပြင်းအထန်ခံစားခြင်း၊ လင်သားဖြစ်သူ၏အနိုင်အထက်ပြုခြင်း ခံရမည်မဟုတ်ကြောင်း ပြညွှန်နေသည်။ ပြစ်မှားသော ထိုမိန်းမအပေါ်ချမှတ်သော ဤစီရင်ချက်သည် သူမ၏သမီးများ၊ မြေးမများအပေါ် လူမျိုးတစ်ဆက်ပြီးတစ်ဆက် အကျိုးသက်ရောက်သွားပေမည်။
အာဒံခံရသောစီရင်ချက်အားဖြင့် ဘုရားသခင့်ပညတ်တရားထင်ရှားခြင်း
၉၊ ၁၀။ (က) အာဒံအားအဘယ်သတိပေးချက်ကို ဘုရားရှင်တိုက်ရိုက်ပေးတော်မူခဲ့သနည်း။ ထို့သို့သောအပြစ်ဒဏ်ကို ဘုရားရှင်စီရင်တော်မူသည်ရှိသော် အဘယ်အကျိုးဆက်ဖြစ်ပေါ်လာမည်နည်း။ (ခ) အာဒံအားအဘယ်စီရင်ချက် ဘုရားသခင်ချမှတ်တော်မူသနည်း။
၉ သို့ရာတွင်မိန်းမသည် သူမနှင့်အတူပြစ်မှားစေရန် သွေးဆောင်ခဲ့သည့်လူယောက်ျားနှင့်အတူ အဘယ်ပြောင်းလဲလာသောအခြေအနေတို့ကို ဝေမျှခံစားရသနည်း။ လူယောက်ျားအားဘုရားသခင် ဤသို့တိုက်ရိုက် မိန့်တော်မူခဲ့ပြီးဖြစ်သည်။ “ကောင်းမကောင်းသိကျွမ်းရာ အပင်၏အသီးကိုကားမစားရ။ စားသောနေ့တွင်ဧကန်အမှန်သေရမည်။” (ကမ္ဘာဦး ၂:၁၇)တရားမင်းဘုရားသခင်အနေဖြင့် အာဒံအားအသီးတစ်လုံးစားရုံဖြင့် ဤမျှကြီးလေးသော အပြစ်ဒဏ်စီရင်ချက် ချတော်မူမည်လော။ ဤကဲ့သို့သောအပြစ်ဒဏ် ချမှတ်ခြင်းသည် အဘယ်အဓိပ္ပာယ်သက်ရောက်ကြောင်း စဉ်းစားကြည့်ပါ။ အာဒံနှင့်ဧဝတို့မင်္ဂလာဆောင်သောနေ့၌ သူတို့ခံစားခဲ့ကြသော အားရဖွယ်ရှေ့အလားအလာကို ဖျက်ဆီးပစ်လိုက်ရာရောက်ပေမည်။ ထိုရှေ့အလားအလာမှာ ကမ္ဘာမြေတစ်ပြင်လုံးကို သူတို့၏သားမြေးတို့ဖြင့်ပြည့်စုံခြင်း စုံလင်သောလူသားမျိုးနွယ်တစ်ရပ် ပရဒိသုမြေကြီးပေါ်တွင် ငြိမ်းချမ်းစွာထာဝရနုပျိုလျက် နေထိုင်သွားခြင်း၊ ကောင်းကင်ခမည်းတော်ဘုရားသခင်နှင့် ငြိမ်သက်သောဆက်ဆံရေး ရှိခြင်းတို့ဖြစ်သည်။ ဘုရားသခင်သည်လူသားအပေါင်းတို့၏ ကနဦးမိဘနှစ်ပါးအပေါ်သေဒဏ်ကို ပြင်းပြင်းထန်ထန် ချမှတ်ခြင်းအားဖြင့် လူသားတို့နှင့် လူတို့၏မြေကြီးစံအိမ်အတွက်ထားရှိသော မိမိ၏အံချီးဖွယ်ရည်ရွယ်ချက်ကို ပျက်ပြားစေတော်မူမည် မဟုတ်ပေ။ သို့သော်သမ္မာကျမ်းစာမှတ်တမ်း၌ ရှင်းလင်းစွာမှတ်တမ်းတင်ထားသည့် ဘုရားသခင့်အမိန့်တော်ကို နားထောင်ကြည့်ပါ။
၁၀ “ယောက်ျားကိုလည်း ‘“ထိုအပင်၏အသီးကိုမစားရ” ဟုငါပညတ်သော်လည်း သင်သည်မယား၏စကားကိုနားထောင်၍ စားမိသောကြောင့် မြေသည်သင်၏အတွက် ကျိန်ခြင်းကိုခံလျက်ရှိ၏။ မြေ၏အသီးကို တစ်သက်ပတ်လုံး ပင်ပန်းစွာစားရမည်။ ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင်အဖို့မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင်စားရမည်။ သင်ထွက်ရာမြေသို့မပြန်မီတိုင်အောင် သင်၏မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည်မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်’ ဟုမိန့်တော်မူ၏။”—ကမ္ဘာဦး ၃:၁၇-၁၉။
၁၁။ နာခံခြင်းနှင့်ပတ်သက်၍အဘယ်အချက်တို့က အာဒံအပေါ်ဘုရားချမှတ်သည့် စီရင်ချက်သည်တရားကြောင်း ထင်ရှားသနည်း။
၁၁ ယင်းတရားစီရင်ချက်အရဘုရားသခင်သည် မိမိ၏ရည်ရွယ်ချက်အပေါ် မည်သည့်အကျိုးသက်ရောက်စေကာမူ လူယောက်ျားကိုသေဒဏ် စီရင်တော်မူမည်ဟူ၍ အဓိပ္ပာယ်သက်ရောက်သည်။ ဘုရားသခင်၏မူလရည်ရွယ်ချက်မှာ ပရဒိသုမြေကြီးပေါ်တွင် စုံလင်သောယောက်ျားမိန်းမများ ချစ်ခင်အေးချမ်းစွာ အတူတကွနေထိုင်၍ ကမ္ဘာချီပရဒိသုဥယျာဉ်ကို ထာဝစဉ်ထွန်ယက်စိုက်ပျိုးပြီး ပြုစုစောင့်ရှောက်သွားစေရန်ဖြစ်သည်။ လူယောက်ျားသည်တားမြစ်သော “ကောင်းမကောင်းသိကျွမ်းရာအပင်” ၏အသီးကိုမစားရန် ဘုရားသခင့်မိန့်မှာချက်ကို နားထောင်မည့်အစား မိန်းမ၏စကားကို နားထောင်ခဲ့သည်။ ဖန်ဆင်းရှင်ဘုရားသခင်၏စကားကို သူကိုယ်တိုင်နားမထောင်ခဲ့သော် သားသမီးတို့ကိုနားထောင်ရန် တစ်သမတ်တည်းသွန်သင်နိုင်ပါမည်လော။ သားသမီးတို့ကို ယေဟောဝါဘုရားသခင်အားနာခံရန် သွန်သင်ရာတွင် သူ၏စံနမူနာသည် ထောက်ကွက်ဖြစ်နေမည်လော။—၁ဓမ္မရာဇဝင် ၁၅:၂၂နှင့်နှိုင်းယှဉ်ပါ။
၁၂၊ ၁၃။ (က) အာဒံ၏အပြစ်ဒုစရိုက်သည် သူ၏သားသမီးတို့အား မည်သို့ထိခိုက်မည်နည်း။ (ခ) အာဒံသည်ပရဒိသု သို့မဟုတ် ကမ္ဘာပေါ်တွင်အဘယ်ကြောင့် ထာဝစဉ်အသက်မရှင်ထိုက်သနည်း။
၁၂ အာဒံစုံလင်စဉ်က ဘုရားသခင့်ပညတ်တရားကို ပြည့်ပြည့်ဝဝစောင့်ထိန်းနိုင်ခဲ့သည်နည်းတူ သူ့သားသမီးများစောင့်ထိန်းနိုင်ပါမည်လော။ မျိုးရိုးဇာတိတရားတို့၏ သက်ရောက်မှုကြောင့် သူသည်သားသမီးတို့အား မိမိ၏အားနည်းချက်များနှင့် ဘုရားသခင့်စကားနားမထောင်ဘဲ အခြားသူ၏စကားကိုနားထောင်လိုသည့် သဘောကိုဆင့်ပွားပေးကမ်း ခဲ့မည်မဟုတ်လော။ သမိုင်းဖြစ်ရပ်မှန်တို့က ဤမေးခွန်းများ၏အဖြေကို ပေးထားသည်။—ရောမ ၅:၁၂။
၁၃ ပုထုဇဉ်လူသားတစ်ဦးအတွက်နှင့် ဘုရားသခင်ကိုအကြွင်းမဲ့ချစ်ကြောင်း ပြသရာတွင်ဘုရားသခင်အား အပြည့်အဝနာမခံသည့် ထိုသို့သောသူသည်ပရဒိသု သို့မဟုတ် ကမ္ဘာပေါ်တွင်ထာဝစဉ် အသက်ရှင်ထိုက်ပါသလော။ သူ့အားကမ္ဘာပေါ်တွင် ထာဝစဉ်အသက်ရှင်ခွင့်ပြုလျှင် ဘုရားသခင်၏ပညတ်တရားကို ထင်ရှားစေရာရောက်မည်လော။ ကိုယ်တော်၏အကြွင်းမဲ့ တရားမျှတခြင်းကို ပြသရာရောက်မည်လော။ သို့မဟုတ်လူတို့အား ဘုရားသခင်၏ပညတ်တရားကို မလေးစားရန်အားပေးရာကျပြီး ဘုရားသခင်၏နှုတ်တော်ထွက်စကားသည် ယုံကြည်စိတ်ချစရာ အကြောင်းမရှိသည့်သဘော သက်ရောက်မည်လော။
ဧဒင်ဥယျာဉ်အတွင်းမှနှင်ထုတ်ခြင်း
၁၄။ အာဒံနှင့်သူ့မိန်းမတို့ကို ဘုရားအရေးယူပုံအကြောင်း သမ္မာကျမ်းစာမှတ်တမ်းက အဘယ်သို့ဖော်ပြသနည်း။
၁၄ ဤကိစ္စကိုဘုရားသခင် မည်သို့ဆုံးဖြတ်ခဲ့သည်ကို အောက်ပါအတိုင်း သမ္မာကျမ်းစာမှတ်တမ်းကဆိုသည်။ “[ယေဟောဝါ]ဘုရားသခင်သည်လည်း လူလင်မယားဖို့ သားရေဖြင့်ဝတ်လုံကိုလုပ်၍ ဝတ်ခြုံစေတော်မူ၏။ [ယေဟောဝါ]ဘုရားသခင်ကလည်း ‘လူသည်ငါတို့တွင်တစ်ပါးပါးကဲ့သို့ဖြစ်၍ ကောင်းမကောင်းကိုသိတတ်၏။ ယခုမှာသူသည် ထာဝရအသက်ကိုရခြင်းငှာ လက်ကိုဆန့်လျက် အသက်ပင်၏အသီးကို ယူ၍မစားသင့်’ ဟုမိန့်တော်မူ၍ လူသည်မိမိထွက်သောမြေ၌ လုပ်ရမည်အကြောင်း [ယေဟောဝါ]ဘုရားသခင်သည် ဧဒင်ဥယျာဉ်ထဲကလွှတ်လိုက်တော်မူ၏။ ထိုသို့လူကိုနှင်ထုတ်ပြီးလျှင် အသက်ပင်လမ်းကိုစောင့်ရှောက်စေခြင်းငှာ မီးစက်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။”—ကမ္ဘာဦး ၃:၂၁-၂၄။
၁၅။ (က)အာဒံနှင့်သူ့မိန်းမအဝတ်အချည်းစည်းရှိခြင်းအတွက် ရှက်တတ်ခြင်းကိုစာနာထောက်ထားကြောင်း ဘုရားအဘယ်သို့ပြတော်မူသနည်း။ (ခ) ပထမမောင်နှံသည် ဧဒင်ဥယျာဉ်မှအဘယ်သို့ နှင်ထုတ်ခံရသနည်း။ (ဂ) ဧဒင်ဥယျာဉ်အပြင်ဘက်တွင် အာဒံနှင့်သူ့ဇနီးတို့သည် အဘယ်လုံးဝခြားနားသောအခြေအနေကို ရင်ဆိုင်ရသနည်း။
၁၅ မြင့်မြတ်သောတရားသူကြီးမင်းသည် အပြစ်သားအာဒံနှင့်သူ့ဇနီးတို့ အဝတ်အချည်းစည်းရှိခြင်းအတွက် ယခုရှက်စိတ်ဝင်လာသည်ကို ထောက်ထားစာနာတော်မူ၏။ ကိုယ်တော်သည်ကျမ်းစာ၌ ဖော်ပြထားခြင်းမရှိသောနည်းဖြင့် သူတို့အတွက် သားရေဝတ်လုံ ပြုလုပ်ပေး၍ သူတို့ဖာသာသင်္ဘောသဖန်းရွက်ဖြင့် သီ၍ဝတ်ဆင်ထားသော ခါးစည်းအစား ဝတ်ဆင်စေတော်မူ၏။ (ကမ္ဘာဦး ၃:၇) သားရေဝတ်လုံသည်ပို၍ တာရှည်ခံပြီးဆူးချုံတို့နှင့် ဧဒင်ဥယျာဉ်အပြင်ဘက်တွင်ရှိသော အခြားဘေးအန္တရာယ်တို့မှ သူတို့ကိုကာကွယ်ပေးသည်။ အပြစ်ကျူးလွန်ပြီးနောက် ဩတ္တပ္ပစိတ်မသန့်တော့သဖြင့်သူတို့သည် ဘုရားသခင်မမြင်စေခြင်းငှာ ဧဒင်ဥယျာဉ်အပင်တို့တွင် ပုံးကွယ်ရန်ကြိုးစားကြ၏။ (ကမ္ဘာဦး ၃:၈) ယခုစီရင်ချက်ချပြီးနောက် ဘုရားသခင်ထံတော်မှ သက်ရောက်သော ဖိအားတစ်မျိုးမျိုးက သူတို့အား ဥယျာဉ်မှနှင်ထုတ်ခဲ့သည်။ သူတို့အရှေ့အရပ်သို့ထွက်သွားပြီး မကြာမီ ဥယျာဉ်အပြင်ဘက်သို့ ရောက်ရှိသွားကာ လုံးဝပြန်လမ်းမရှိတော့ပေ။ ထိုဥယျာဉ်ကိုတိုးချဲ့၍ ပရဒိသုအခြေအနေကို မြေကြီးစွန်းတိုင်အောင်ပျံ့နှံ့စေရန် သူတို့မလုပ်ဆောင်ရတော့ချေ။ ယခုမှစ၍သူတို့သည် လယ်ကွင်းမှထွက်သော ကောက်ပဲသီးနှံဖြင့်ပြုလုပ်သော အစာကိုစားရကြသော်လည်း ၄င်းအစာသည်သူတို့ကို ထာဝစဉ်အသက်ရှင်အောင် မထောက်ပံ့ပေးနိုင်ပေ။ သူတို့ကို “အသက်ပင်” နှင့်ဖြတ်တောက်ထားသည်။ အချိန်အတန်ကြာပြီးသော် သူတို့သေရကြ၏။ မည်မျှကြာသနည်း။
ယေဟောဝါ၏မူလရည်ရွယ်ချက် မအောင်မြင်မရှိ
၁၆။ ဘုရားသခင်ဘာလုပ်ရန် ရည်ရွယ်ခြင်းမရှိသနည်း။ အဘယ်ကြောင့်နည်း။
၁၆ မြေမှုန့်ဖြင့်ဖန်ဆင်းသောသတ္တဝါနှစ်ဦး ပြစ်မှားခြင်းအတွက်ကြောင့် ဘုရားသခင်သည်ကမ္ဘာမြေကြီးနှင့်တကွ နေလကြယ်နက္ခတ်တို့ကို စကြဝဠာမီးလောင်တိုက်သွင်း၍ ယခုဖျက်ဆီးတော်မူရန် ဆုံးဖြတ်တော်မူခဲ့သလော။ ထိုသို့သာပြုခဲ့သည်ရှိသော် နာချက်ရှ် တစ်ကောင်ဖြစ်ပေါ်စေသည့် ပြဿနာအတွက်နှင့်မိမိ၏ ဂုဏ်ကျက်သရေရှိသော ရည်ရွယ်ချက်ကိုအပျက်ခံရာ မရောက်ပေလော။ အာဒံနှင့်ဧဝတို့ မင်္ဂလာဆောင်သည့်နေ့၌ သူတို့အားကောင်းချီးပေး၍ သူတို့အတွက်အလိုတော်မည်သို့ရှိကြောင်း မိန့်တော်မူစဉ်တွင် မိမိရည်ရွယ်ချက်ကိုကိုယ်တော် ချမှတ်တော်မူခဲ့၏။ ၄င်းမှာကမ္ဘာမြေကြီးကိုစုံလင်သော လူသားမျိုးနွယ်ဖြင့်ပြည့်စေခြင်း၊ မြေကြီးတစ်ပြင်လုံးကို ဧဒင်ဥယျာဉ်ကဲ့သို့ ပြည့်ဝစုံလင်စေခြင်းနှင့် အဆင့်နိမ့်သောကုန်းသတ္တဝါနှင့် ရေသတ္တဝါတို့ကိုလူသားအပေါင်းတို့ ငြိမ်းချမ်းစွာအုပ်စိုးခြင်းပင်ဖြစ်သည်။ ဘုရားသခင်၏ရည်ရွယ်ချက်သည် ထွန်းတောက်လှပစွာ အကောင်အထည်ပေါ်လာလတံ့။ ယင်းအတွက်နှစ်ထောင်ပေါင်းများစွာ ကြာညောင်းသောဖန်ဆင်းရာ ခြောက်ရက်ကြာအောင်ကိုယ်တော် ပြင်ဆင်ခဲ့သည်။ ဤချီးမွမ်းဖွယ်ကောင်းသော ရည်ရွယ်ချက်သည် မြွေတစ်ကောင်နှင့်ပထမလူသားမောင်နှံတို့၏ ဖောက်ပြန်ခြင်းသက်သက်ကြောင့် ယခုအကောင်အထည်မပေါ်ဘဲ ဖြစ်ရမည်လော။ ဝေးလေစွ။—ဟေရှာယ ၄၆:၉-၁၁နှင့်နှိုင်းယှဉ်ပါ။
၁၇။ သတ္တမနေ့နှင့်ပတ်သက်၍ အဘယ်သို့နေရန် ဘုရားသခင်ပြဌာန်းထားသနည်း။ ထို့ကြောင့်ထိုနေ့ရက်၏အဆုံးသည် မည်သို့ဖြစ်မည်နည်း။
၁၇ ထိုအချိန်ကား ယေဟောဝါဘုရားသခင်ငြိမ်ဝပ်စွာနေသော သတ္တမနေ့ရက်၌ပင်ရှိသေးသည်။ ထိုနေ့ကိုကောင်းချီးပေး၍ သန့်ရှင်းစေရန် ကိုယ်တော်ဆုံးဖြတ်ထားသည်။ ကျိန်ခြင်းခံရသောနေ့ဖြစ်စေရန် မည်သည့်အရာကိုမျှ ခွင့်ပြုတော်မူမည်မဟုတ်ပေ။ မိမိ၏ငြိမ်ဝပ်စွာ နေတော်မူသောနေ့အပေါ် ကျိန်ခြင်းကျရောက်စေရန် မည်သည့်ကြံစည်ချက်ကိုမဆို ကောင်းချီးပေးခြင်းအားဖြင့် ကိုယ်တော်တန်ပြန်တော်မူမည်ဖြစ်ပြီး ထိုနေ့ကိုကောင်းချီးမင်္ဂလာဖြင့် အဆုံးသတ်စေတော်မူမည်။ မြေကြီးတစ်ပြင်လုံးကို သန့်ရှင်းသောနေရာဖြစ်စေ၍ ကောင်းကင်ဘုံ၌ အလိုတော်ပြည့်စုံသကဲ့သို့မြေကြီးပေါ်တွင် ပြည့်စုံစေတော်မူမည်။ စုံလင်သောလူသားမျိုးနွယ် တစ်နွယ်အားဖြင့် ထိုသို့ပြည့်စုံစေတော်မူမည်။—မဿဲ ၆:၁၀၊ နှင့်နှိုင်းယှဉ်ပါ။
၁၈၊ ၁၉။ (က) အပြစ်ကျူးလွန်သော ကနဦးလူသားမောင်နှံတို့၏ ဒုက္ခပင်လယ်ဝေနေသောနောင်လာနောက်သားတို့အနေဖြင့် အဘယ်ကြောင့်ရွှင်လန်းစရာအကြောင်းရှိသနည်း။ (ခ) လာမည့် ကင်းမျှော်စင် ကော်လံများ၌ အဘယ်အကြောင်းကိုဆွေးနွေးမည်နည်း။
၁၈ ဘုရားအကြံတော်မှာ ပျက်ပြားသည်ဟူ၍မရှိ။ ရည်ရွယ်တော်မူချက်ကိုလည်း စွန့်ပစ်တော်မမူ။ မိမိသည်ရည်ရွယ်ချက်ထား၍ ထားသည့်အတိုင်းအကြွင်းမဲ့ ဖြစ်မြောက်စေနိုင်စွမ်းရှိသော အပြည့်အဝယုံကြည်အားထားရသည့် အရှင်ဖြစ်ကြောင်း ဂုဏ်တော်ထင်ရှားစေရန် ကိုယ်တော်စိတ်ပြဌာန်းတော်မူ၏။ (ဟေရှာယ ၄၅:၁၈) အပြစ်ရှိသော ကနဦးလူသားမောင်နှံတို့မှ ဆင်းသက်သော ဒုက္ခပင်လယ်ဝေနေသည့် မစုံလင်သောနောင်လာနောက်သားတို့သည် မိမိတို့အတွက် ထာဝရကောင်းကျိုးနှင့်အတူ ဘုရားသခင်၏မူလရည်ရွယ်ချက်ကို ကိုယ်တော်သစ္စာရှိစွာ ဖော်ဆောင်မည်ကိုဝမ်းမြောက်စွာ မျှော်လင့်နိုင်ကြသည်။ ကိုယ်တော်ငြိမ်ဝပ်စွာနေသောနေ့သည် နှစ်ပေါင်းထောင်ချီ၍ ကုန်လွန်ခဲ့ပြီဖြစ်ရာ ထိုနေ့၏ကောင်းချီးအထူးခံရမည့် နောက်ဆုံးအပိုင်းမှာ အလွန်နီးနေပြီ။ ငြိမ်ဝပ်သောနေ့၏ “ညဦး” သည်ကုန်လွန်နေပြီဖြစ်သဖြင့် အရင်ခြောက်ရက်ကဲ့သို့ပင် “နံနက်” ရောက်လာရပေမည်။ ၄င်း၊ “နံနက်” စုံလင်ပြည့်ဝသော အဆင့်သို့ရောက်၍ ဘုရားရှင်၏မပြောင်းလဲသော ရည်ရွယ်ချက်ဂုဏ်ကြက်သရေတင့်တယ်စွာ အထမြောက်အောင်မြင်သည်ကို လူတကာထင်ထင်ရှားရှား တွေ့ရသောအခါ၌ ‘ညဦးနှင့်နံနက်သည် သတ္တမနေ့ရက်ဖြစ်လေ၏’ ဟူ၍မှတ်တမ်းတင်လာဖွယ်ရှိသည်။ အံ့ချီးဖွယ်မျှော်လင့်ချက် ပါတကား။
၁၉ ဤအကြောင်းတို့ကို တွေးမိသောအခါ အထူးပင်အားတက်မိသည်။ လာမည့် ကင်းမျှော်စင် ကော်လံများ၌ ဘုရားသခင်၏ပညတ်တရားကိုချစ်၍ နာခံမှုရှိသောလူသားတို့ရှေ့တွင်ရှိသော ဘဝင်ခိုက်စရာပရဒိသု မျှော်လင့်ချက်အလားအလာများအကြောင်း ထပ်ဆင့်ဆွေးနွေးတင်ပြသွားလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a ဗျာဒိတ် ၁၂:၉တွင်စာတန်မာရ်နတ်ကို “ရှေးမြွေဟောင်း” အဖြစ်ဖော်ပြထားသည်။ ယောဟန် ၈:၄၄၌လည်းယေရှုခရစ်ကသူ့အား “မုသာ၏အဘ” အဖြစ်မိန့်တော်မူ၏။
သင်မည်သို့ဖြေမည်နည်း
▫ ပထမလူသားမောင်နှံ သူတို့၏ပရဒိသုစံအိမ်ကိုအဘယ်ကြောင့် လက်လွတ်ဆုံးရှုံးခဲ့ရသနည်း။
▫ ဧဝသည်မြွေအားဖြင့် လှည့်ဖြားခံရသည်ဟူသော အကြောင်းမှာ ဒဏ္ဍာရီမဟုတ်ကြောင်း ကျွန်ုပ်တို့အသေအချာ မည်သို့သိရသနည်း။
▫ မိန်းမအပေါ် ဘုရားသခင်အဘယ်စီရင်ချက် ချမှတ်တော်မူသနည်း။
▫ အာဒံအပေါ် ဘုရားရှင်အဘယ်စီရင်ချက် ချမှတ်တော်မူသနည်း။ ဤစီရင်ချက်က ဘုရားရှင်၏ပညတ်တရားကိုအဘယ်ကြောင့် သိဒ္ဓိတင်ရာရောက်သနည်း။
▫ ပရဒိသုတွင် စုံလင်သောလူသားများဖြင့် ပြည့်နေသောကမ္ဘာဖြစ်လာရေး ရည်ရွယ်ချက်နှင့်ပတ်သက်၍ ဘုရားသခင့်အကြံတော်အဘယ်ကြောင့် မပျက်ပြားသနည်း။