သမ္မာကျမ်းစာတွင် အမျိုးသမီးများ၏ကဏ္ဍ
“လူထဲကထုတ်သောကြောင့် သူ့ကိုလူမိန်းမဟုခေါ်ဝေါ်အပ်သည်။”—ကမ္ဘာဦး ၂: ၂၃။
၁၊ ၂။ (က) ကျမ်းစာသည် အမျိုးသမီးများကို မည်သို့ကြည့်မြင်သည်ဟု လူအချို့ယူဆသနည်း။ (ခ) မျှတမှုရှိစေရန် အဘယ်နှိုင်းယှဉ်ချက်ပြုသင့်သနည်း။ ကိုးကားတင်ပြသည့်စာအုပ်တစ်အုပ်က မည်သို့ဆိုသနည်း။
ကျမ်းစာသည် အမျိုးသမီးများကို မည်သို့ကြည့်မြင်သနည်း။ ယင်းကို အမျိုးမျိုးယူဆကြသည်။ မကြာမီကထုတ်ဝေထားသောစာစောင်တစ်စောင်က ယင်းအကြောင်းဤသို့ဆိုသည်။ “လက်ရှိကြိုတင်တွေးထားသည့်ယူဆချက်တစ်ခုကား ကျမ်းစာသည် အမျိုးသမီးများကို နှိမ်ထားသည်” ဟူ၍ဖြစ်သည်။ ဟေဗြဲနှင့်ဂရိအပိုင်းနှစ်ခုစလုံးတွင် သမ္မာကျမ်းစာသည် အမျိုးသမီးများအပေါ် ခက်ထန်ကြမ်းတမ်းသည်ဟုအချို့ကအဆိုပြုသည်။ ယင်းကားမှန်ကန်သလော။
၂ မျှတမှုရှိရန် ကျမ်းစာခေတ်က ယေဟောဝါကိုမကိုးကွယ်သူများသည် အမျိုးသမီးများအား မည်သို့ဆက်ဆံသည်ကို ဦးစွာသုံးသပ်ကြည့်ခြင်းသည် လျောက်ပတ်ပေသည်။ မယ်တော်ဘုရားမဝတ်ပြုရေးကိုလိုက်စားခဲ့သော ရှေးခေတ်ယဉ်ကျေးမှုအချို့တွင် အမျိုးသမီးများအား မျိုးပွားအထိမ်းအမှတ်များအဖြစ် ဂုဏ်တင်ချီးမွမ်းကြသည်။ ဗာဗုလုန်နှင့်အီဂျစ်တွင် သူတို့အားအလေးအမြတ်ပြုကြပုံရှိသည်။ သို့သော်အခြားဒေသတွင်မူ ထိုသို့ပြုမူပုံမရှိချေ။ ရှေးအာရှုရိနိုင်ငံတွင် အမျိုးသားတစ်ဦးသည် မိမိဇနီးကိုစွန့်ပစ်လိုလျှင်စွန့်ပစ်နိုင်၏။ မယားဖြစ်သူသည် သစ္စာပျက်မည်ဆိုလျှင် သတ်ပစ်ပိုင်ခွင့်ပင်ရှိသည်။ အိမ်ပြင်၌သူမသည် မျက်နှာဖုံးအုပ်ထားရ၏။ ဂရိနှင့်ရောမနိုင်ငံတို့တွင် အများအားဖြင့် အဆင့်မြင့်ပြည့်တန်ဆာများဖြစ်သော ငွေကုံထံအမျိုးသမီးများသာလျှင် ပညာဆည်းပူးခွင့်၊ လွတ်လပ်စွာနေထိုင်သွားလာခွင့် အနည်းအကျဉ်းရရှိထားသည်။ ထိုကြောင့် The New International Dictionary of New TestamentTheologyaတွင်ဤသို့ဖတ်ရှုရခြင်းကား စိတ်ချမ်းသာစရာဖြစ်သည်။ “ကျန်အခြားအရှေ့တိုင်း (ဘာသာရေး) လောကနှင့်မတူဘဲ [ဟေဗြဲကျမ်းစာရှိအမျိုးသမီးဖြစ်] သူမအား ပုဂ္ဂိုလ်တစ်ဦးအဖြစ်၊ လင်ယောက်ျား၏တွဲဖက်အဖြစ် အသိအမှတ်ပြုခံရသည်။” ယေဟောဝါ၏ပရောဖက်က ဇနီးသည်မိန်းမအား လင်သား၏ “တွဲဖက်” အဖြစ်ဖေါ်ပြကာ “အသက်ပျိုစဉ်အခါ လက်ထပ်သောမယားကိုသစ္စာဖျက်၍မပြစ်မှားကြနှင့်” ဟုဆိုထားသည့် ဟေဗြဲကျမ်း၏နောက်ဆုံးစာစောင်တွင် ယင်းကိုကောင်းစွာဖေါ်ပြထားသည်။—မာလခိ ၂:၁၄၊ ၁၅။
အမျိုးသားနှင့်ထပ်တူကျသူအဖြစ် ဖန်ဆင်းခံရ
၃ နှင့် အောက်ခြေမှတ်ချက်။ (က) အာဒံကိုဖန်ဆင်းပြီးနောက် အဘယ်တာဝန်များ သူ့အားယေဟောဝါပေးသနည်း။ (ခ) သူ့မှာဇနီးသည်မရှိသေးသော်လည်း ဧဝကိုမဖန်ဆင်းမီ အာဒံ၏အဖြစ်မှန်ကားအဘယ်နည်း။ “နောက်ဆုံးအာဒံ” ယေရှု၏အဖြစ်မှန်ကလည်း မည်သို့ဖြစ်သနည်း။
၃ သမ္မာကျမ်းစာအရ အာဒံကို “မြေမှုန့်မှ” ယေဟောဝါဖန်ဆင်း၍ ဧဒင်ဥယျာဉ်ကိုပြုစုစောင့်ရှောက်ရန် နေရာချထားတော်မူသည်။ ထိုနောက်မြေတိရစ္ဆာန်နှင့်မိုးကောင်းကင်ငှက်အပေါင်းတို့ကိုလေ့လာပြီး အမည်ပေးစေခြင်းငှာ လူရှိရာသို့ဆောင်နှင်းခဲ့သည်။ ယင်းသို့ပြုချိန်ကာလတွင် အာဒံသည် တစ်ဦးတည်းရှိ၏။ ယေဟောဝါထံတော်မှ သူရရှိထားသောတာဝန်များအတွက် သူသည်ပြည့်ဝစုံလင်၍ လိုလေသေးမရှိချေ။bသူနှင့် “တော်သောအထောက်အမမပေါ်မရှိသေး” ချေ။—ကမ္ဘာဦး ၂:၇၊ ၁၅၊ ၁၉၊ ၂၀။
၄၊ ၅။ (က) အာဒံတစ်ဦးတည်းဆက်နေရန် မသင့်တော်တော့သည့်အခါ ယေဟောဝါအဘယ်သို့ပြုတော်မူသနည်း။ (ခ) အာဒံနှင့်ဧဝအား အဘယ်တာရှည်တာဝန်ကို ယေဟောဝါအပ်နှင်းသနည်း။ ယင်းကြောင့်သူတို့နှစ်ဦးစလုံး ဘာလုပ်ရန်တာဝန်ရှိသနည်း။
၄ သို့ရာတွင် အချိန်အတန်ကြာကုန်လွန်သော် “ယောက်ျားသည် တစ်ယောက်တည်းမနေကောင်း” ဟုယေဟောဝါကြေညာပြီးနောက် ရှေ့လျှောက်အာဒံထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်များတွင်ပါဝင်ဆောင်ရွက်ရန် အဖေါ်အဖက်အဖြစ် အာဒံအတွက်တွဲဖက်တစ်ဦးပြုစုပေးတော်မူသည်။ ကိုယ်တော်သည် အာဒံကိုထုံစေပြီး နံရိုးတစ်ချောင်းထုတ်၍ မိန်းမကို ‘သူ၏အရိုးထဲကအရိုး၊ အသားထဲကအသား’ အဖြစ်ဖန်ဆင်းလေသည်။ ယခုအာဒံ၌ “ကူဖေါ်လောင်ဖက်” “အထောက်အမ” သို့မဟုတ် ထပ်တူကျသူတစ်ဦးရှိမည်ဖြစ်သည်။ ထိုနောက် “‘အချင်းတို့၊ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သောတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့’ ဟုမိန့်တော်မူ၍ သူတို့ကိုကောင်းချီးပေးတော်မူ၏။”—ကမ္ဘာဦး ၁:၂၅၊ ၂၈။ ၂:၁၈၊ ၂၁-၂၃။
၅ ဤတာဝန်ကို အမျိုးသားအမျိုးသမီး “အချင်းတို့” အားပေးခဲ့ကြောင်းသတိပြုပါ။ သူတို့ပူးပေါင်းဆောင်ရွက်မှုတွင် မြေကြီးကိုပြည့်စေရန်အတွက်သာမက မြေကြီးကိုနိုင်နင်းခြင်း၊ နိမ့်ကျသောသတ္တဝါများကို လျောက်ပတ်စွာအစိုးရခြင်းလည်းပါဝင်မည်ဖြစ်သည်။ ယင်းသို့ပြုခြင်းငှာ ဉာဏ်စွမ်းနှင့်ဝိညာဏစွမ်းရည်များလိုအပ်မည်ဖြစ်သည်။ လူယောက်ျား၊ လူမိန်းမနှစ်ဦးစလုံးတို့သည်လည်း ဘုရားသခင်၏အလိုတော်နှင့်အညီ ယင်းအရည်အချင်းများကိုပြုစုပျိုးထောင်ပေးရန် လိုအပ်သည့်စွမ်းရည်အပြည့်ရှိကြ၏။
အမျိုးသမီး၏ယုတ္တိတန်သောကဏ္ဍ
၆။ (က) ယောက်ျားနှင့်မိန်းမတို့၏ကာယခွန်အားအကြောင်း ကျမ်းစာကမည်သို့တင်ပြသနည်း။ (ခ) ယေဟောဝါ၏အစီအစဉ်အတိုင်း အချို့အမျိုးသမီးများလုပ်ကိုင်ရန်စဉ်းစားလျှင် မည်သည့်အကျိုးရှိမည်နည်း။
၆ မြေကြီးကိုနိုင်နင်းခြင်းငှာ ကာယခွန်အားဗလလည်းလိုအပ်မည်ကားအမှန်။ ကိုယ်တော်၏အတိုင်းမသိဉာဏ်ပညာဖြင့် ယေဟောဝါသည် အာဒံကိုဦးစွာဖန်ဆင်းပြီး နောက်မှဧဝကိုဖန်ဆင်းတော်မူ၏။ မိန်းမသည် “ယောက်ျားကြောင့်” “ယောက်ျားဖို့” ဖန်ဆင်းခံရပြီး ယောက်ျားကဲ့သို့ကာယခွန်အားဗလမရှိသည်ကားအမှန်။ (၁ တိမောသေ ၂:၁၃။ ၁ ကောရိန္သု ၁၁:၈၊ ၉။ ၁ ပေတရု ၃:၇ နှင့်နှိုင်းယှဉ်။) ယင်းဘဝအဖြစ်မှန်ကို အမျိုးသမီးဝါဒီအများနှင့် အခြားအခြားအမျိုးသမီးများပါ လက်ခံနာယူရန်အခက်အခဲတွေ့ပုံရှိသည်။ ဤအတိုင်း ယေဟောဝါရှင်အဘယ်ကြောင့်စီစဉ်ထားရသည်ကို သူတို့နားလည်ရန်ကြိုးစားကြမည်ဆိုလျှင် အမှန်ပင်စိတ်ချမ်းသာနိုင်မည်။ သို့ဖြင့် သူတို့သည်ဘုရားပေးလုပ်ငန်းကိုလက်ခံကြမည်ဖြစ်သည်။ ဤကဲ့သို့သောသူများအား ဘုရားသခင်ပေးထားသည့် ထူးခြားသောဆုအတွက်ကျေးဇူးတင်စွာ သစ်ကိုင်းအမြင့်သို့ပျံသန်းတေးဆိုမည့်အစား စင်ရော်တမျှမသန်စွမ်းသဖြင့် ငှက်သိုက်ထဲဝင် သုန်မှုန်နေသောမြေလူးငှက်နှင့်နှိုင်းပြနိုင်ပေမည်။
၇။ ဧဝနှင့်တကွ မွေးဖွားလာမည့် မည်သည့်သားသမီးကိုမဆိုဦးစီးပေးရန် အာဒံ၌အဘယ်အနေအထားကောင်းရှိသနည်း။ သို့သော် ယင်းကားဧဝအတွက် ဆုံးရှုံးနစ်နာမှုဖြစ်မည်လော။
၇ ဧဝဖန်ဆင်းမခံရမီ အာဒံ၌ ဘဝအတွေ့အကြုံအတော်အတန်ရှိထားနှင့်ပြီဖြစ်မည်။ ထိုအချိန်အတွင်း သူ့အားညွှန်ကြားချက်အချို့ကို ယေဟောဝါပေးထားတော်မူသည်။ ယင်းတို့ကို ဇနီးဖြစ်သူအား တစ်ဆင့်ပြောပြရန်ဖြစ်သဖြင့် အာဒံသည် ဘုရားသခင့်ပြောရေးဆိုခွင့်ရှိသူဖြစ်ပေသည်။ သူတို့၏တာဝန်ကိုဖြည့်စွက်ဆောင်ရွက်ရန် ဝတ်ပြုရေးနှင့်ဘုရားရေးရာလုပ်ငန်းအဝဝကို အာဒံဦးစီးဦးဆောင်သင့်သည်ကားအမှန်။ သားသမီးများမွေးဖွားလာသော် သူသာ အိမ်ထောင်ဦးစီးဖြစ်ပေမည်။ သို့သော် ယင်းကြောင့်ဇနီးဖြစ်သူနစ်နာမည်မဟုတ်ပါ။ ထိုသို့ဖြစ်မည့်အစား သားသမီးများအပေါ် သူမ၏ဘုရားပေးအခွင့်အာဏာကိုအသုံးပြုသည့်အခါ သူမအားထောက်ခံမည့်သူရှိသောကြောင့် သူမအတွက်အကျိုးရှိပေမည်။
၈။ ကျမ်းစာတွင် အဘယ်မြင့်မြတ်သောအစီအစဉ်ကိုဖေါ်ပြထားသနည်း။
၈ ဘုရားသခင့်အစီအစဉ်အရ အာဒံသည်ယေဟောဝါထံအဖြေပေးရ၏၊ ဧဝမူ အာဒံ၏ဦးစီးမှုအောက်ရှိသည်၊ မည်သည့်သားသမီးမဆို သူတို့မိဘနှစ်ပါး၏ ဦးစီးမှုအောက်ရှိကြပြီး တိရစ္ဆာန်များမူ လူ့လက်အောက်ခံဖြစ်ကြ၏။ လူယောက်ျား၊ လူမိန်းမတို့၌ အသီးအသီးတာဝန်များရှိပြီး တစ်ဦးချင်းစီ ပျော်ရွှင်သာယာမှုဖြစ်ထွန်းသောဘဝအသက်တာရှိနိုင်ကြ၏။ သို့ဖြစ်၍ “ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်းစီရင်နိုင်” မည်ဖြစ်သည်။—၁ ကောရိန္သု ၁၁:၃။ ၁၄:၃၃၊ ၄၀၊ အောက်ခြေမှတ်ချက်။
အပြစ်ကား အမျိုးသမီး၏ကဏ္ဍကို ပြောင်းလဲပျက်ပြားစေခဲ့
၉၊ ၁၀။ လူယောက်ျား၊ လူမိန်းမတို့ခံရသည့် အပြစ်တရား၏ရလဒ်များကားအဘယ်နည်း။ ယင်းကြောင့် အမျိုးသမီးများစွာ အဘယ်အဖြစ်မျိုးကြုံရသနည်း။
၉ အစပထမပရဒိသုအတွင်း အပြစ်နှင့်မစုံလင်မှုဝင်ရောက်လာသည့်အတွက် ဤအစီအစဉ်ပျက်ပြားခဲ့ပေသည်။ (ရောမ ၇:၁၄-၂၀) တော်လှန်ပုန်ကန်ခဲ့သောယောက်ျားနှင့် သူ၏နာခံမှုမရှိသောမိန်းမအပေါ် ယင်းကြောင့်အခက်အခဲများကျရောက်လာသည်။ (ကမ္ဘာဦး ၃:၁၆-၁၉) ထိုအချိန်ကတည်းက အတ္တဆန်သောအမျိုးသားအမြောက်အမြားသည် သူတို့၏ဦးစီးမှုအခွင့်အရေးကို တလွဲသုံးစွဲကြသဖြင့် ခေတ်ကာလတစ်လျှောက် အမျိုးသမီးများအပေါ် ဆင်းရဲဒုက္ခအမျိုးမျိုးကျရောက်စေခဲ့ပြီ။
၁၀ အပြစ်တရား၏ဤရလဒ်ကိုကြိုတင်တွေ့မြင်ကာ ဧဝအားယေဟောဝါဤသို့မိန့်တော်မူ၏။ “ကိုယ့်ယောက်ျားကိုစုံမက်ခင်မင်၍ သူ့အနွံအတာကိုလည်းခံရမည်။” (ကမ္ဘာဦး ၃:၁၆၊ သမာကျမ်း) ဤသို့အပေါ်စီးကြီးစိုးခြင်းသည် ဦးစီးမှုကိုလျောက်ပတ်စွာအသုံးပြုခြင်းမဟုတ်ပါ။ ယင်းကား လူယောက်ျား၏အပြစ်ရှိအခြေအနေနှင့် လူမိန်းမ၏မစုံလင်မှုကိုပါ ရောင်ပြန်ဟပ်ခဲ့ပြီ။ အကြောင်းမူကား လင်ယောက်ျား၏အခွင့်အရာကို လုယူရန်ကြိုးစားခြင်းကြောင့် အမျိုးသမီးများဒုက္ခရောက်ရှိခဲ့ပြီ။
၁၁။ အမျိုးသမီးများစွာတို့သည် မည်သည့်အဖြစ်ကိုကြုံရသနည်း။ အဖဦးစီးမှုခေတ်နေ အမျိုးသမီးများအကြောင်း စာရေးဆရာတစ်ဦး မည်သို့ဆိုသနည်း။
၁၁ သို့သော် ကျမ်းစာမူလိုက်နာစောင့်ရှောက်သမျှ အမျိုးသမီးများသည်ဆန္ဒပြည့်ဝမှုနှင့်ပျော်ရွှင်သာယာမှုရရှိခဲ့ပေပြီ။ အဖဦးစီးသည့်ခေတ်များတွင်ပင် ယင်းသို့ဖြစ်ပျက်ခဲ့သည်။ ထိုခေတ်အခါအကြောင်းကို စာရေးဆရာမလောရ် အိုင်နာ (Laure Aynard) သည်သူမ၏ La Bible au Fêminin (ဣတ္ထိလိင်အသွင် သမ္မာကျမ်းစာ) တွင်ဤသို့ဆိုသည်။ “ဤမှတ်တမ်းများ၌ အထူးပေါ်လွင်ထင်ရှားနေသည်ကား အမျိုးသမီးများဆောင်ရွက်သည့်ကဏ္ဍ၊ ဦးစီးသူအဖများရှေ့မှောက် သူတို့၏ဂုဏ်သိက္ခာ၊ သူတို့၏သတ္တိပြောင်မြောက်သောစွန့်စားမှုနှင့် အသက်ရှင်နေထိုင်ရသည့် လွတ်လပ်သောအခြေအနေဖြစ်သည်။”
မောရှေ၏ပညတ်တရားအောက်ရှိ အမျိုးသမီးများ
၁၂၊ ၁၃။ (က) မောရှေပညတ်အောက်တွင် အမျိုးသမီးများ၏အနေအထားကားအဘယ်နည်း။ (ခ) ပညတ်တရားအောက်တွင် အမျိုးသမီးများသည် အဘယ်ဝိညာဉ်ရေးအခွင့်များရရှိသနည်း။
၁၂ မောရှေအားပေးခဲ့သည့် ယေဟောဝါ၏ပညတ်များအရ ဇနီးသည်မိန်းမများကို “မြတ်နိုး” ရန်ဖြစ်သည်။ (တရားဟောရာ ၁၃:၆၊ NW ) သံဝါသပြုရေးတွင် ဇနီးသည်များ၏သိက္ခာကိုစောင့်ထိန်းရန်ဖြစ်၍ မည်သည့်အမျိုးသမီးကိုမျှ မတော်မလျော်မကျင့်ရန်ဖြစ်သည်။ (ဝတ်ပြုရာ ၁၈:၈-၁၉) အမျိုးသားအမျိုးသမီးတို့သည် မတရားမေထုန်သော်လည်းကောင်း၊ သွေးရင်းစပ်ယှက်မှု သို့မဟုတ် တိရစ္ဆာန်မေထုန်သော်လည်းကောင်း ပြုသည့်အပြစ်ရှိလျှင် ပညတ်တရားရှေ့တွင် တစ်တန်းတစ်စားတည်းဒဏ်စီရင်ခံရ၏။ (ဝတ်ပြုရာ ၁၈:၆၊ ၂၃။ ၂၀:၁၀-၁၂) ပဉ္စမပညတ်က မိဘကိုထပ်တူရိုသေစွာပြုရမည်ဟုဆိုသည်။—ထွက်မြောက်ရာ ၂၀:၁၂။
၁၃ ထိုထက်ကား ပညတ်တရားသည် အမျိုးသမီးတို့အား သူတို့၏ဝိညာဉ်ရေးကိုပြုစုပျိုးထောင်ပေးရန် အခွင့်အရေးအပြည့်အဝရရှိစေသည်။ ပညတ်တရားကိုဖတ်ရှုခြင်းမှ သူတို့အကျိုးခံစားရ၏။ (ယောရှု ၈:၃၅။ နေဟမိ ၈:၂၊ ၃) ဘာသာရေးပွဲနေ့များကိုလည်း သူတို့ကျင်းပကြရန်ဖြစ်သည်။ (တရားဟောရာ ၁၂:၁၂၊ ၁၈။ ၁၆:၁၁၊ ၁၄) သူတို့သည်ပတ်စဉ်ဥပုသ်စောင့်နိုင်ရုံမက နာဇရိသစ္စာပြုခွင့်လည်းရှိကြသည်။ (ထွက်မြောက်ရာ ၂၀:၈။ တောလည်ရာ ၆:၂) ယေဟောဝါနှင့်နှစ်ကိုယ်ကြားဆက်ဆံခွင့်ရှိကာ ကိုယ်တော်ထံ တစ်ဦးချင်းအနေနှင့်ဆုတောင်းနိုင်ကြပေသည်။—၁ ဓမ္မရာဇဝင် ၁:၁၀။
၁၄။ ဟေဗြဲအမျိုးသမီးများ၏အခြေအနေအကြောင်း ကက်သလစ်ကျမ်းတတ်တစ်ဦးက ဘာပြောသနည်း။ ပညတ်တရားအောက်တွင် အမျိုးသမီးများ၏ကဏ္ဍနှင့်ပတ်သက်၍ မည်သို့ဆိုစရာရှိသနည်း။
၁၄ ဟေဗြဲအမျိုးသမီးများ၏အခြေအနေအကြောင်း ကက်သလစ်ကျမ်းတတ် ဒီဗိုး (Roland de Vaux) ဤသို့ရေးသားခဲ့သည်။ “အိမ်တွင်းရေးလုပ်ငန်းအားလုံးကို သူမထမ်းဆောင်ရ၏။ သိုးနွားတိရစ္ဆာန်တို့ကိုကြည့်ရှုရ၏၊ လယ်ကွင်း၌လည်းအလုပ်လုပ်ရသည်၊ ချက်ပြုတ်ကျွေးမွေး၊ ဗိုင်းငင်ခြင်း အစရှိသည်တို့ကိုပြုရ၏။ သို့ရာတွင် ဤငြီးငွေ့ပင်ပန်းမှုကြောင့် သူမ၏အဆင့်နိမ့်ကျမည့်အစား ထောက်စာရိုသေမှုခံစားရ၏။ . . . အိမ်ထောင်ရေးဘဝ၏အတွင်းရေးကိုဖေါ်ပြသည့် ကျမ်းပိုဒ်အနည်းငယ်တို့က ဣသရေလဇနီးသည်များ ချစ်မြတ်နိုးခံရပြီး သူမ၏စကားကို လင်သားလက်သင့်ခံနားထောင်ကာ တန်းတူရည်တူအဖြစ်ဆက်ဆံခံရကြောင်းသိရှိစေသည်။ . . . ယင်းသည်ပုံမှန်ကိစ္စဖြစ်ကြောင်း ယုံမှားစရာမရှိချေ။ မိန်းမအား ယောက်ျား၏အထောက်အမအဖြစ် ဘုရားသခင်ဖန်ဆင်းထားသည်ဟုဆိုသော ကမ္ဘာဦးကျမ်းပါ မြင့်မြတ်သောသွန်သင်ချက်အတိုင်းသာဖြစ်သည်။ မိန်းမထံ၌ ယောက်ျားမှီဝဲရန် (က၊ ၂:၁၈၊ ၂၄) ဖြစ်ပြီး သုတ္တံကျမ်း၏နောက်ဆုံးအခန်းကြီးက သားသမီးများ၏ကောင်းချီး၊ လင်ယောက်ျားဂုဏ်တင်ခြင်းခံရသော အိမ်ထောင်ရှင်မကောင်းကို ချီးမွမ်းအမွှမ်းတင်ထားပါသည်။ (သု၊ ၃၁:၁၀-၃၁)” (Ancient Israel—Its Life and Institutions) ဣသရေလနိုင်ငံတွင် ပညတ်တရားအတိုင်းလိုက်ရှောက်နေထိုင်စဉ်က အမျိုးသမီးများနှင့်ဆက်ဆံပုံသည် မဆိုးရွားကြောင်းထင်ရှားနေသည်။
ထင်ရှားကျော်ကြားခဲ့သောအမျိုးသမီးများ
၁၅။ (က) လင်မယားစပ်ကြား သင့်တော်သောဆက်ဆံရေးအကြောင်း စာရာ၏အပြုအမူကား မည်သို့တင်ပြသနည်း။ (ခ) ရာခပ်၏အတ္ထုပ္ပတ္တိသည် အဘယ်ကြောင့်မှတ်သားထိုက်စရာဖြစ်သနည်း။
၁၅ ဟေဗြဲကျမ်းတွင် ယေဟောဝါဘုရားသခင်၏ ထင်ရှားကျော်ကြားသောကျေးကျွန်များဖြစ်သည့် အမျိုးသမီးအမြောက်အမြား၏ပုံသက်သေများပါရှိသည်။ ဘုရားရေးရာကိုတန်ဖိုးထားသည့်အမျိုးသမီးတစ်ဦးသည် လင်ယောက်ျား၏လက်အောက်ခံဖြစ်၍ တစ်ချိန်တည်းတွင်လည်း ဆုံးဖြတ်ချက်များချရာတွင် မည်သို့အကူအညီပေးနိုင်ကြောင်း စာရာသည်ပုံသက်သေကောင်းတစ်ခုဖြစ်သည်။ (ကမ္ဘာဦး ၂၁:၉-၁၃။ ၁ ပေတရု ၃:၅၊ ၆) ရာခပ်၏အတ္ထုပ္ပတ္တိသည် မှတ်သားထိုက်ပေသည်။ ယေဟောဝါသည် လူမျိုးတစ်မျိုးကိုမျက်နှာလိုက်သည်၊ အမျိုးသမီးတို့ကိုနှိမ်သည်ဟူသောစွပ်စွဲချက် မမှန်ကန်ကြောင်း သူမ၏အဖြစ်အပျက်ကထင်ရှားစေသည်။ ရာခပ်သည် ဣသရေလအမျိုးသမီးမဟုတ်သော ပြည့်တန်ဆာဖြစ်ခဲ့သည်။ သူမအား ဝတ်ပြုကိုးကွယ်သူတစ်ဦးအဖြစ် ယေဟောဝါဘုရားသခင်လက်ခံတော်မူသည်သာမက ဘဝပုံစံပြောင်းလဲခြင်းပါဝင်သည့်အကျင့်များအားဖြင့် သူမတင်ပြသော ကြီးမားသည့်ယုံကြည်ခြင်းကြောင့် သူမအားဖြောင့်မတ်ရာသို့ရောက်စေတော်မူခဲ့သည်။ ထို့ပြင် မေရှိယ၏ဖွားအေတစ်ဦးဖြစ်ရသည့် အခွင့်ထူးဖြင့်လည်း သူမအားကောင်းချီးပေးတော်မူခဲ့သည်။—မဿဲ ၁:၁၊ ၅။ ဟေဗြဲ ၁၁:၃၁။ ယာကုပ် ၂:၂၅။
၁၆။ အဘိဂဲလ၏ပုံသက်သေသည် အဘယ်အရာကိုတင်ပြသနည်း။ သူမလိုက်ရှောက်သောလမ်းစဉ်သည် အဘယ်ကြောင့်မှန်ကန်သနည်း။
၁၆ လင့်သြဇာကိုမျက်စိမှိတ်နာခံရန် ယေဟောဝါတောင်းဆိုတော်မူသည်မဟုတ်ကြောင်း အဘိဂဲလ၏အဖြစ်အပျက်က ထင်ရှားစွာသိရှိစေသည်။ သူမ၏လင်ယောက်ျားမှာ သိုးအုပ်ဆိတ်အုပ်များစွာရှိသော ကုံလုံသူတစ်ဦးဖြစ်သည်။ သို့သော် “ခက်ထန်သောသဘောရှိ၏။ ဆိုးသောအမှုကိုလည်းပြုတတ်၏။” ထိုကြောင့် လင်သား၏ဆိုးသောလမ်းစဉ်ကို အဘိဂဲလမလိုက်ခဲ့ပါ။ သူမသည်ဉာဏ်ရှိရှိ၊ ဦးနှောက်အသုံးပြုကာ ချက်ချင်းစီရင်ဆုံးဖြတ်ပြုမူခြင်းကြောင့် မိမိအိမ်သူအိမ်သားအပေါ် ဘေးဥပဒ်ကျသင့်ခြင်းကိုတားဆီးခဲ့သည်။ ယေဟောဝါ၏ကောင်းချီးကိုလည်း သူမကြွယ်ဝစွာခံစားခဲ့ရ၏။—၁ ဓမ္မရာဇဝင် ၂၅:၂-၄၂။
၁၇။ (က) ဣသရေလနိုင်ငံတွင် အမျိုးသမီးအချို့သည် အဘယ်ထူးခြားသောအခွင့်အရေးရရှိသနည်း။ (ခ) လုပ်ငန်းတော်အခွင့်အရေးအချို့ရရှိသည့် ခရစ်ယာန်အမျိုးသမီးများအတွက် မိရိအံ၏ပုံသက်သေမှ အဘယ်သင်ခန်းစာရယူနိုင်သနည်း။
၁၇ အမျိုးသမီးအချို့တို့သည် ပရောဖက်မများပင်ဖြစ်ခွင့်ရရှိခဲ့သည်။ တရားသူကြီးများခေတ်တွင် ပရောဖက်မတစ်ဦးမှာ ဒေဗောရဖြစ်သည်။ (တရားသူကြီး အခန်းကြီး ၄ နှင့် ၅) ယေရုရှလင်မြို့မပျက်စီးမီ ယုဒပြည်တွင် ဟုလဒအားပရောဖက်မအဖြစ်အသုံးပြုခဲ့သည်။ (၄ ဓမ္မရာဇဝင် ၂၂:၁၄-၂၀) မိရိအံ၏အဖြစ်အပျက်သည်လည်း သတိယူစရာကောင်းသည်။ သူမသည် ယေဟောဝါစေလွှတ်သောပရောဖက်မဟုအခေါ်ခံရသည်မှန်သော်လည်း ဤအခွင့်အရေးများကြောင့် တစ်ချိန်တစ်ခါတွင် သူမ၏အသွေးနားထင်ရောက်ခဲ့ပုံရှိသည်။ ဣသရေလလူမျိုးကိုဦးဆောင်ရန် မောင်ဖြစ်သူမောရှေအား ယေဟောဝါသည်အခွင့်အာဏာပေးထားကြောင်းကို သူမလက်မခံခဲ့သည့်အတွက် အပြစ်စီရင်ခြင်းခံခဲ့ရ၏။ သို့သော် နောင်တွင်သူမနောင်တရပြီးအခွင့်အရေးပြန်ပေးခံရပုံရှိသည်။—ထွက်မြောက်ရာ ၁၅:၂၀၊ ၂၁။ တောလည်ရာ ၁၂:၁-၁၅။ မိက္ခာ ၆:၄။
ယုဒဘာသာတရားအောက် အမျိုးသမီးများ
၁၈၊ ၁၉။ ယုဒဘာသာတရားတွင် အမျိုးသမီး၏အဆင့်ကားအဘယ်နည်း။ ယင်းသို့မည်ကဲ့သို့ ဖြစ်ပျက်လာသနည်း။
၁၈ ကျွန်ုပ်တို့တွေ့ရှိခဲ့သည်အတိုင်းပင် မောရှေ၏ပညတ်တရားသည် အမျိုးသမီးများအခွင့်အရေးကိုကာကွယ်ပေးထားသည်။ ယင်းအတိုင်းလိုက်နာကျင့်သုံးကြသောအခါ အမျိုးသမီးများသည် ကျေနပ်ဖွယ်ဘဝအသက်တာကိုရရှိသည်။ သို့သော်အတန်ကြာသော် အထူးသဖြင့် ဘီစီအီး ၆၀၇ တွင်ယေရုရှလင်ပျက်စီးပြီးနောက် ယေဟောဝါ၏မှတ်တမ်းတင်ပညတ်ထက် နှုတ်တိုက်မိရိုးဖလာအယူတို့ကိုအခြေခံသည့် ယုဒဘာသာတရားပေါ်လာသည်။ ဘီစီအီးလေးရာစုမှစ၍ ယုဒဘာသာတရားသည် ဂရိအတွေးအခေါ်ပညာများစွာကိုခံယူလေသည်။ ဂရိဒဿနိကပညာရှင်တို့သည် အမျိုးသမီးများအားအခွင့်အရေးမပေးလှသဖြင့် ယုဒဘာသာတရားတွင်လည်း အမျိုးသမီး၏အဆင့်သည် ထပ်တူပင်ကျဆင်းရှုံးနိမ့်ခဲ့ရရှာသည်။ ဘီစီအီး ၃ ရာစုမှစ၍ ဂျူးတရားဇရပ်များတွင် အမျိုးသားနှင့်အမျိုးသမီးတို့ကို စတင်ခွဲခြားလာပြီး တိုရာ (မောရှေ၏ပညတ္တိကျမ်း) ဖတ်ခွင့်ကိုအားမပေးတော့ချေ။ The Encyclopaedia Judaica ကဤသို့အသိအမှတ်ပြုထားသည်။ “ယင်းကြောင့် အမျိုးသမီးအနည်းငယ်သာ စာပေတတ်မြောက်ပါသည်။” ပညာရေးစနစ်သည် ယောက်ျားကလေးများအတွက်သာ အဓိကဖြစ်လာသည်။
၁၉ Jerusalem in the Time of Jesus ဟူသည့် ဂျရမိုင်ရပ်စ် (J. Jeremias) ၏စာအုပ်တွင် သူဤသို့ရေးသားထားသည်။ “အလုံးစုံကိုထည့်တွက်ကြည့်လျှင် ဤထပ်ခါတလဲရွတ်ဆိုသည့်ပုံသေစကား ‘အမျိုးသမီးများ၊ (တစ်ပါးအမျိုး) ကျေးကျွန်များနှင့်ကလေးများ’ ကဘာသာရေးအသိုင်းအဝိုင်းတွင် အမျိုးသမီး၏အဆင့်အတန်းကို ကောင်းစွာဖေါ်ပြပေးသည်။ . . . အမျိုးသမီးများအပေါ် မတူမတန်ရှုတ်ချပြောဆိုစကားများကိုလည်း ထပ်ဆင့်တင်ပြနိုင်သေးသည်။ . . . ထိုကြောင့် ယေရှုခေတ်က ယုဒဘာသာတရားသည် အမျိုးသမီးများကိုအထင်သေးအမြင်သေးပုံရှိကြောင်း ယူမှတ်ရ၏။”
မေရှိယကိုစောင့်မျှော်ခဲ့သော သစ္စာရှိအမျိုးသမီးများ
၂၀၊ ၂၁။ (က) အမျိုးသမီးများကို ဂျူးဘာသာရေးခေါင်းဆောင်များက အထင်သေးစွာဆက်ဆံသည့်ကြား မေရှိယကြွရောက်လာချိန်နီးလာသောအခါ သတိနှင့်ငံ့လင့်စောင့်မျှော်နေသူတို့တွင် မည်သူများပါဝင်သနည်း။ (ခ) ဧလိရှဗက်နှင့်မာရိတို့သည် ဘုရားရေးရာဆက်ကပ်အပ်နှံခြင်းစိတ်ထားရှိကြောင်း အဘယ်အရာကတင်ပြသနည်း။
၂၀ အမျိုးသမီးများကို ဤသို့အထင်သေးစွာဆက်ဆံခြင်းကား ‘သူတို့အဆက်ဆက်ခံသောနည်းဥပဒေသအားဖြင့် ဘုရားသခင်၏နှုတ်ကပါဌ်တော်ကိုပယ်’ သောအခြားနည်းတစ်နည်းဖြစ်သည်။ (မာကု ၇:၁၃) သို့သော် ဤသို့အထင်အမြင်သေးခံရသော်လည်း မေရှိယကြွရောက်လာချိန်နီးလာသောအခါ ဘုရားရေးရာမြတ်နိုးသူ အမျိုးသမီးအချို့သည် သတိနှင့်ငံ့လင့်စောင့်မျှော်နေကြသည်။ ဤသူတို့အနက် တစ်ဦးကား လေဝိယဇ်ပုရောဟိတ်ဇာခရိ၏ဇနီး ဧလိရှဗက်ဖြစ်သည်။ “သူတို့နှစ်ယောက်သည် ယေဟောဝါ၏ပညတ်တရားတော်အမျိုးမျိုးတို့ကိုကျင့်ဆောင်၍ အပြစ်တင်ခွင့်နှင့်လွတ်သဖြင့် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်ခြင်းပါရမီရှိကြ၏။” (လုကာ ၁:၅၊ ၆၊ NW ) ဧလိရှဗက်သည် မြုံ၍အသက်အရွယ်ကြီးရင့်သော်လည်း နှစ်ခြင်းဆရာယောဟန်၏မိခင်အဖြစ် ယေဟောဝါ၏မျက်နှာသာကိုခံစားရ၏။—လုကာ ၁:၇၊ ၁၃။
၂၁ သန့်ရှင်းသောဝိညာဉ်တော်တိုက်တွန်းမှုအရ သူမနှင့်တစ်ခေတ်တည်းသား ဆွေမျိုးတော်သူဘုရားရေးရာမြတ်နိုးသည့်မာရိအပေါ် နက်ရှိုင်းသောမေတ္တာရှိကြောင်း ဧလိရှဗက်ဖေါ်ပြပြောဆိုသည်။ ဘီစီအီး ၃ ရာစုအကုန်ပိုင်းတွင် ကောင်းကင်တမန်ဂါဗြေလက သား (ယေရှု) ကိုအံ့ဖွယ်နည်းဖြင့်ပဋိသန္ဓေတည်မည့်အကြောင်း မာရိအားသတင်းပေးချိန်တွင် သူမကို “ကျေးဇူးတော်ကိုခံရသောမိန်းမ” ဟုခေါ်ပြီးနောက် “ယေဟောဝါသည် သင်နှင့်အတူရှိတော်မူ၏” ဟုထပ်ဆင့်ပြောဆိုသည်။ ထိုနောက်မကြာမီပင် ဧလိရှဗက်ထံသို့ မာရိအလည်သွားစဉ် ဧလိရှဗက်သည် မာရိနှင့်သူမ၏သားကိုကောင်းချီးပေးပြီး သားမဖွားမီပင် ယေရှုအား “အကျွန်ုပ်သခင်” ဟုခေါ်ခဲ့သည်။ သို့နှင့် မာရိသည် ယေဟောဝါအားချီးမွမ်းထောမနာပြုခဲ့ရာ သူမ၏ဘုရားရေးရာဆက်ကပ်အပ်နှံခြင်းကို ကောင်းစွာသက်သေထူသည်။—လုကာ ၁:၂၈၊ ၃၁၊ ၃၆-၅၅။
၂၂။ ယေရှုမွေးဖွားပြီးနောက် ဘုရားသခင်ကိုကြောက်ရွံ့သည့် အဘယ်အမျိုးသမီးသည် မေရှိယကိုမျှော်တလင့်လင့်စောင့်ဆိုင်းခဲ့သူများအဝင်ဖြစ်ကြောင်း တင်ပြခဲ့သနည်း။
၂၂ ယေရှုမွေးဖွားပြီး ယေဟောဝါထံဆက်သခြင်းငှာ ယေရုရှလင်ဗိမာန်တော်သို့ မာရိချီဆောင်ခဲ့သောအခါ ဘုရားသခင်ကိုကြောက်ရွံ့သူ အခြားအမျိုးသမီးတစ်ဦး၊ သက်ကြီးရွယ်အိုပရောဖက်မ အန္နသည် မိမိ၏ရွှင်လန်းမှုကိုတင်ပြပြောဆိုခဲ့သည်။ ယေဟောဝါ၏ကျေးဇူးတော်ကိုချီးမွမ်းပြီးနောက် ကတိတော်တည်ရာမေရှိယကို မျှော်တလင့်လင့်စောင့်ဆိုင်းခဲ့သူအပေါင်းအား ယေရှုအကြောင်းပြောဆိုသည်။—လုကာ ၂:၃၆-၃၈။
၂၃။ ခရစ်ယာန်ခေတ်မတိုင်မီက သစ္စာရှိအမျိုးသမီးများအကြောင်း တမန်တော်ပေတရု မည်သို့ပြောဆိုသနည်း။ နောက်ဆက်တွဲဆောင်းပါးတွင် အဘယ်မေးခွန်းများကိုသုံးသပ်မည်နည်း။
၂၃ သို့ဖြစ်၍ ယေရှု၏မြေကြီးပေါ်ဓမ္မအမှုစတင်ဆောင်ရွက်ချိန်နီးလာစဉ် “ဘုရားသခင်ကိုကိုးစားသည့် သန့်ရှင်းသောမိန်းမများ” ရှိနေတုန်းပင်ဖြစ်သည်။ (၁ ပေတရု ၃:၅) ဤအမျိုးသမီးအချို့သည် ခရစ်တော်၏တပည့်များဖြစ်လာကြသည်။ သူတို့အား ယေရှုမည်သို့ဆက်ဆံတော်မူသနည်း။ သမ္မာကျမ်းစာတွင်ဖေါ်ပြထားသည့် မိမိတို့ကဏ္ဍကို ဝမ်းပန်းတသာလက်ခံသောအမျိုးသမီးများ ယနေ့ရှိပါသလော။ ဤမေးခွန်းများကို နောက်ဆက်တွဲဆောင်းပါးတွင် သုံးသပ်ကြမည်။
[အောက်ခြေမှတ်ချက်များ]
a အတွဲ ၃၊ စာမျက်နှာ ၁၀၅၅။
b “နောက်ဆုံးအာဒံ” ယေရှုခရစ်သည်လည်း လူဖြစ်သောဇနီးသည်မရှိသည်တိုင် စုံလင်ပြည့်ဝသောလူယောက်ျားဖြစ်သည်။—၁ ကောရိန္သု ၁၅:၄၅။
ပြန်လည်စစ်ဆေးရန်မေးခွန်းများ
▫ ဣသရေလနိုင်ငံတွင် အမျိုးသမီးများနှင့်ဆက်ဆံပုံသည် အခြားတိုင်းနိုင်ငံများနှင့်မည်သို့ကွာခြားသနည်း။
▫ အာဒံနှင့်ဧဝတို့၏အနေအထားကားမည်သို့နည်း။ အဘယ်ကြောင့်နည်း။
▫ ပညတ်တရားအောက်တွင် ဣသရေလအမျိုးသမီးများသည် အဘယ်အဆင့်အရာရရှိ၍ ဝိညာဉ်ရေးဘက်နစ်နာဆုံးရှုံးခံရကြသလော။
▫ ဟေဗြဲကျမ်းစောင်များ၌ ထင်ရှားကျော်ကြားသောအမျိုးသမီးများ၏ဘဝအသက်တာမှ အဘယ်သင်ရန်စာအချို့ရယူနိုင်သနည်း။
▫ ယုဒဘာသာ၏ကြည့်မြင်ချက်များကြား ယုံကြည်ခြင်းဆိုင်ရာအဘယ်ပုံသက်သေကောင်းများရှိသနည်း။
[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]
ယေဟောဝါကိုကြောက်ရွံ့သောအမျိုးသမီး
“၁၀ သီလနှင့်ပြည်စုံသောမိန်းမကို အဘယ်သူတွေ့ရသနည်း။ ထိုသို့သောမိန်းမသည် ပတ္တမြားထက်အဖိုးသာ၍ထိုက်ပေ၏။ ၁၁ သူ၏ခင်ပွန်းသည် သူ့ကိုယုံ၍ ဆင်းရဲခြင်းနှင့်ကင်းလွတ်လိမ့်မည်။ ၁၂ ထိုမယားသည် မိမိခင်ပွန်းအကျိုးကိုမဖျက်၊ တစ်သက်လုံးပြုစုတတ်၏။ ၁၃ သိုးမွေးနှင့်ဝါကိုရှာ၍ မိမိလက်နှင့်အလိုအလျောက်လုပ်တတ်၏။ ၁၄ ကုန်သည်သင်္ဘောကဲ့သို့ဖြစ်၍ စားစရာကိုဝေးသောအရပ်မှ ဆောင်ခဲ့တတ်၏။ ၁၅ မိုးမလင်းမီထလျက် အိမ်သူအိမ်သားတို့အား စားစရာကိုလည်းကောင်း၊ ကျွန်မတို့အား အငန်းအတာကိုလည်းကောင်း ပေးဝေတတ်၏။ ၁၆ ကောင်းမွန်စွာဆင်ခြင်၍ လယ်ကွက်ကိုဝယ်ယူတတ်၏။ ကိုယ်တိုင်လုပ်၍ရသောငွေနှင့် စပျစ်ဥယျာဉ်ကိုပြုစုတတ်၏။ ၁၇ မိမိခါးကိုခွန်အားနှင့်စည်း၍ မိမိလက်တို့ကိုသန်မြန်စေတတ်၏။ ၁၈ မိမိလုပ်သောဥစ္စာကောင်းသည်ကိုရိပ်မိ၍ သူ၏မီးခွက်သည် တစ်ညလုံးမသေတတ်။ ၁၉ ချည်ဖြစ်စေတတ်သောတန်ဆာတို့ကို ကိုယ်လက်နှင့်ကိုင်၍လုပ်ဆောင်တတ်၏။ ၂၀ ဆင်းရဲသောသူတို့အား လက်ကိုဖြန့်၍ ငတ်မွတ်သောသူတို့အား လက်ရုံးကိုဆန့်တတ်၏။ ၂၁ မိုးပွင့်ကျသော်လည်း မိမိအိမ်သူအိမ်သားတို့အတွက် မစိုးရိမ်။ အိမ်သူအိမ်သားအပေါင်းတို့သည် ကတ္တီပါနီကိုဝတ်ကြ၏။ ၂၂ ကိုယ်အဖို့စောင်တို့ကိုရက်၍ ပိတ်ချောနှင့်မောင်းသောအထည်ကိုဝတ်တတ်၏။ ၂၃ သူ၏ခင်ပွန်းသည်လည်း မြို့တံခါးတို့၌ ပြည်သားအသက်ကြီးသူတို့နှင့်ထိုင်၍ ထင်ရှားသောသူဖြစ်ရ၏။ ၂၄ ချောသောအထည်အလိပ်ကို ရက်၍ရောင်းတတ်၏။ ခါးစည်းတို့ကိုလည်း ကုန်သည်၌ချတတ်၏။ ၂၅ သူလုပ်သောအထည်အလိပ်သည် ခိုင်ခံ့၍ လှသောအဆင်းနှင့်ပြည့်စုံသဖြင့် သူသည်နောင်ကာလ၌ ဝမ်းမြောက်လိမ့်မည်။ ၂၆ ပညာစကားကိုပြောတတ်၍ မေတ္တာတရားအားဖြင့် နှုတ်မြွက်တတ်၏။ ၂၇ အိမ်သူအိမ်သားပြုမူသမျှတို့ကို ကြည့်ရှုတတ်၏။ ပျင်းရိခြင်းအစာကိုမစားတတ်။ ၂၈ သူ၏သားသမီးတို့သည် ထ၍ အမိကိုကောင်းချီးပေးတတ်ကြ၏။ ၂၉ သူ၏ခင်ပွန်းကလည်း လူမျိုးသမီးအများတို့သည် ကောင်းမွန်စွာပြုကြပြီ။ သို့ရာတွင် သင်သည် ထိုသူအပေါင်းတို့ကိုလွန်ကဲပြီဟု သူ့ကိုချီးမွမ်းတတ်၏။ ၃၀ ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့်ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်နှီးဖြစ်၏။ ယေဟောဝါကိုကြောက်ရွံ့သောမိန်းမမူကား ချီးမွမ်းခြင်းကိုခံရလိမ့်မည်။ ၃၁ ထိုသို့သောမိန်းမကျင့်ရာ အကျိုးကိုပေးလော့။ သူပြုသောအမှုသည် မြို့တံခါးတို့၌ သူ၏အသရေကိုထင်ရှားစေသတည်း။—သု၊ ၃၁:၁၀-၃၁။
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
မိသားစုတွင် အမျိုးသမီးများ၏ ကဏ္ဍသည်သိက္ခာရှိသည်