အမျိုးသမီးများ
အဓိပ္ပာယ်သတ်မှတ်ချက်– မိန်းမများကိုဆိုလိုသည်။ ဟေဗြဲဘာသာ၌ ’ish·shahʹ (အစ်ရှ် ရှား) ဖြစ်၍ စာသားအရ၊ “လူမိန်းမ” ဟုအနက်ရသည်။
သမ္မာကျမ်းစာက အမျိုးသမီးများကို အောက်တန်းစားထား၍ နှိမ်သလော
က. ၂:၁၈၊ သမ– “ထာဝရဘုရားသခင်ကလည်း လူသည်တစ်ယောက်တည်းမနေစကောင်း၊ သူ့အဖို့တော်သော [“သူ့အဖြည့်အစွက်အဖြစ်၊” ကဘ] အထောက်အမကို ငါဖန်ဆင်းဦးမည်ဟု မိန့်တော်မူ၏။” (ယောက်ျားသည် မိန်းမထက်သာ၍မြတ်သည်ဟု ဘုရားသခင်ဆိုနေသည်မဟုတ်။ မိန်းမ၌ရှိသော အရည်အသွေးများသည် ဘုရားသခင့်အစီအစဉ်၌ ယောက်ျား၏အရည်အသွေးများကို ဖြည့်စွက်ပေးနိုင်ကြောင်း အရိပ်အမြွက်ပြနေခြင်းဖြစ်၏။ အဖြည့်အစွက်ဆိုသည်မှာ အပြန်အလှန်ဖြည့်စွက်ပေးသောအရာနှစ်ခုအနက် တစ်ခုဖြစ်သည်။ ထို့ကြောင့် အုပ်စုတစ်ခုအနေနှင့် အမျိုးသမီးများသည် အချို့သောအရည်အသွေး၊ အစွမ်းအစတွင် ထူးချွန်၏။ ယောက်ျားလည်း သူ့နည်းသူ့ဟန် တစ်မူထူး၏။ ၁ ကောရိန္သု ၁၁:၁၁၊ ၁၂ နှင့်နှိုင်းယှဉ်။)
က. ၃:၁၆– “မိန်းမကိုလည်း [သင်သည်] . . . ကိုယ်ခင်ပွန်း၏အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်ဟု မိန့်တော်မူ၏။” (အာဒံဧဝတို့ပြစ်မှားပြီးနောက် ထိုသို့မိန့်တော်မူရာ၌ ယောက်ျားများ ထိုသို့ပြုသင့်သည်ဟုဆိုခြင်းမဟုတ်။ လူ့ဘဝထဲသို့ အတ္တစိတ်ဝင်လာပြီဖြစ်၍ ထိုသို့ပြုလိမ့်မည် ကိုကြိုမြင်သဖြင့် ဆိုခြင်းသာဖြစ်သည်။ ကျမ်းစာမှတ်တမ်းများစွာတို့က ယောက်ျားတို့၏အတ္တဆန်သော နိုင်ထက်စီးနင်းပြုမှုကြောင့် အလွန်စိတ်ဆင်းရဲရသည့်အခြေအနေများ ဖြစ်ခဲ့ရကြောင်း တင်ပြ၏။ သို့သော် ထိုသို့ပြုမူခြင်းကို ဘုရားသခင်နှစ်သက်သည်၊ တုပဖွယ်ဖြစ်သည်ဟု ကျမ်းစာမဆိုပါ။)
ယောက်ျားကို ဦးစီးသူအဖြစ်ခန့်တော်မူသည့်အတွက် အမျိုးသမီးများ ဂုဏ်နိမ့်ရသလော
ဦးစီးခံရခြင်းကိုယ်နှိုက်က လူကို ဂုဏ်မနိမ့်စေပါ။ ဦးစီးမှုရှိမှလည်း စည်းစနစ်ကျနမည်။ ယေဟောဝါလည်း “ရုန်းရင်းခတ်ခြင်းနှင့် ဆိုင်တော်မမူ။ ငြိမ်သက်ခြင်းနှင့်ဆိုင်သောဘုရား ဖြစ်တော်မူ၏။” (၁ ကော. ၁၄:၃၃၊ သမ္မာ) ယေရှုခရစ်သည် ယေဟောဝါ၏ဦးစီးမှုအောက်၌ရှိ၍ ထိုသို့သောဆက်ဆံရေးကို အလွန်အားရကျေနပ်တော်မူသည်။—ယော. ၅:၁၉၊ ၂၀; ၈:၂၉; ၁ ကော. ၁၅:၂၇၊ ၂၈။
ဦးစီးအာဏာအချို့ကိုလည်း ယောက်ျားအား ပေးတော်မူ၏။ အထူးသဖြင့် အိမ်ထောင်နှင့် ခရစ်ယာန်အသင်းတော်အထဲ၌ဖြစ်သည်။ အမျိုးသမီးများပေါ် အကြွင်းမဲ့ကြီးစိုးသောအာဏာကို ပေးတော်မမူ။ ယောက်ျားသည် မိမိ၏ဦးစီးမှုအာဏာသုံးစွဲပုံအတွက် မိမိ၏ခေါင်းဖြစ်သူ ခရစ်တော်နှင့် ဘုရားသခင့်ရှေ့၌ ထုချေရှင်းလင်းရလိမ့်မည်။ (၁ ကော. ၁၁:၃) ထို့ပြင်၊ လင်တို့သည် “မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကို ချစ်” ရန်၊ ‘လေးစား’ ရန် မိန့်ကြားခံရကြသည်။ (ဧ. ၅:၂၈; ၁ ပေ. ၃:၇) ဘုရားသခင်၏အိမ်ထောင်ရေးအစီအစဉ်၌ ယောက်ျားသည် ဇနီး၏မေထုန်လိုအင်ထက် မိမိ၏မေထုန်လိုအင်ကို ဦးစားပေးရန်မဟုတ်။ (၁ ကော. ၇:၃၊ ၄) ကျမ်းစာပါ လုပ်ရည်ကြံရည် ရှိအမျိုးသမီး၏ကဏ္ဍကိုကြည့်လျှင် သူမသည် မိမိအိမ်ထောင်နှင့် အသိုင်းအဝိုင်းကို မည်မျှအကျိုးပြုကြောင်း ထင်ရှားစွာတွေ့နိုင်၏။ မိမိလင်သား၏ဦးစီးမှုကို မိမိလေးမြတ်ကြောင်း တစ်ဖက်တွင်သက်သေထူလျက် တစ်ဖက်တွင် မိမိ၏ရှေ့ဆောင်ရှေ့ရွက်သတ္တိကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ပေသည်။ (သု. ၃၁:၁၀-၃၁) ကျမ်းစာက ကလေးတို့အား ဖခင်ကိုသာမက မိခင်ကိုပါရိုသေရန် အမိန့်ပေး၏။ (ဧ. ၆:၁-၃) မုဆိုးမစောင့်ရှောက်ရေးကိုလည်း အထူးပြု၍ရေးသားထား၏။ (ယာ. ၁:၂၇) ထို့ကြောင့် ခရစ်ယာန်စစ်တို့အလယ်၌ အမျိုးသမီးတို့သည် ကိုယ်စိတ်ချမ်းမြေ့လုံခြုံမှုရကြ၏။ ပုဂ္ဂိုလ်တစ်ဦးအနေနှင့် လေးမြတ်ခံရကြ၏။ မိမိတို့လုပ်ငန်း၌လည်း ကျေနပ်ရောင့်ရဲမှုခံစားရကြ၏။
ယေဟောဝါက မိမိ၏သစ္စာရှိဝိညာဉ်သတ္တဝါအဖွဲ့အစည်းကို မိမိ၏ဇနီး၊ အမျိုးသမီးတစ်ဦး၊ မိမိသားများ၏မိခင်အဖြစ် တင်စားထားသဖြင့် ဘုရားသခင့်အစီအစဉ်၌ အမျိုးသမီး၏ကဏ္ဍသည် မည်မျှတိုင်ဂုဏ်တင့်ကြောင်း ထပ်မံတွေ့ရှိနိုင်၏။ (ဗျာ. ၁၂:၁; ဂလ. ၄:၂၆) ထို့ပြင်၊ ယေရှုခရစ်၏ ဝိညာဉ်တော်ဘိသိက်ခံအသင်းတော်ကိုလည်း သူ၏သတို့သမီးအဖြစ် တင်စားထားသည်။ (ဗျာ. ၁၉:၇; ၂၁:၂၊ ၉) ခရစ်တော်နှင့်အတူ ကောင်းကင်နိုင်ငံ၌ ပါဝင်ရန် ခေါ်တော်မူခြင်းခံရသူတို့အလယ်တွင်လည်း ဝိညာဏရှုထောင့်အရ၊ ယောက်ျားမိန်းမမခွဲချေ။—ဂလ. ၃:၂၆-၂၈။
အမျိုးသမီးများသည် ဓမ္မအမှုဆောင်များဖြစ်သင့်သလော
အသင်းတော်အုပ်ထိန်းသူတို့သည် ယောက်ျားများဖြစ်ကြောင်း ကျမ်းစာကပြ၏။ ယေရှုခရစ်၏တမန်တော် ၁၂ ပါးအားလုံး အမျိုးသားများဖြစ်ကြသည်။ နောက်ပိုင်း၌ ခရစ်ယာန်အသင်းတော်တွင် ကြီးကြပ်မှူးနှင့်ဓမ္မအမှုထမ်းများအဖြစ် ခန့်အပ်ခံရသူတို့လည်း ယောက်ျားများဖြစ်ကြသည်။ (မ. ၁၀:၁-၄; ၁ တိ. ၃:၂၊ ၁၂) “အုပ်စိုးခြင်းကို အစဉ်ဝန်ခံ၍ တိတ်ဆိတ်စွာသင်စေ” ဟု မိန်းမများအား ဩဝါဒပေးထား၏။ အသင်းတော်ရှိ ယောက်ျားများကို မေးခွန်းထုတ်၍ စိန်မခေါ်ရန်ဖြစ်သည်။ ထိုစည်းဝေးများ၌ မိမိတို့ပြောသောစကားက မိမိတို့နာခံမှုမရှိကြောင်းကိုပြလျှင် ‘မပြောရန်’ ဖြစ်သည်။ (၁ တိ. ၂:၁၁၊ ၁၂; ၁ ကော. ၁၄:၃၃၊ ၃၄) သို့ဖြစ်၍ မိန်းမတို့သည် အသင်းတော်လုပ်ငန်းကို များစွာအထောက်အကူပြုသော်လည်း အရည်အချင်းရှိယောက်ျားများရှေ့ ၌ အသင်းတော်ကို သွန်သင်၍ဦးစီးခြင်းပြုရန် အခွင့်မရှိပါ။
သို့သော် အမျိုးသမီးများသည် အသင်းတော်စည်းဝေးအပြင်ဘက်၌ သတင်းကောင်းဟောပြောသူ၊ ကြွေးကြော်သူ၊ ဓမ္မအမှုဆောင်များဖြစ်နိုင်သလော။ စီ.အီး. ၃၃ ခု၊ ပင်တေကုတ္တေနေ့၌ ယောက်ျားမိန်းမမရွေး ဝိညာဉ်တော်သွန်းလောင်းခံရသည်။ တမန်တော်ပေတရုက ယောလ ၂:၂၈၊ ၂၉ ကိုကိုးကား၍ ဤသို့ရှင်းလင်းတင်ပြ၏။ “နောင်ကာလ၌ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏သားသမီး တို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ငယ်သောသူတို့သည် ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။ အသက်ကြီးသောသူတို့သည်လည်း နိမိတ်အိပ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။ ထိုကာလ၌လည်း ငါ၏အမှုကိုဆောင်ရွက်သော ယောက်ျားမိန်းမ တို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍ သူတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။” (တ. ၂:၁၇၊ ၁၈) ထိုနည်းတူ၊ ယနေ့လည်း အမျိုးသမီးများသည် တစ်အိမ်မှတစ်အိမ်ဟောပြောခြင်း၊ အိမ်တွင်းကျမ်းစာသင်အံမှုပြုလုပ်ခြင်းဖြင့် ခရစ်ယာန်ဓမ္မအမှုတွင်ပါဝင်ရန် သင့်လျော်ပေသည်။—ဆာလံ ၆၈:၁၁ နှင့် ဖိလိပ္ပိ ၄:၂၊ ၃ တို့ကိုလည်းရှု။
အချို့အခါများ၌ ခရစ်ယာန်အမျိုးသမီးများ အဘယ်ကြောင့် ခေါင်းဖုံးကြသနည်း
၁ ကော. ၁၁:၃-၁၀၊ သမ္မာ– “ယောက်ျား၏ခေါင်းကား ခရစ်တော်၊ . . . မိန်းမ၏ခေါင်းကား၊ ယောက်ျား၊ . . . ခရစ်တော်၏ခေါင်းကား၊ ဘုရားသခင်ဖြစ်တော်မူသည်။ . . . မိန်းမမည်သည်ကား၊ ခေါင်းကိုမဖုံးဘဲ ဆုတောင်းသော်လည်းကောင်း၊ ပရောဖက်ပြုသော်လည်းကောင်း၊ မိမိခေါင်းအသရေကိုရှုတ်ချ၏။ ယောက်ျားသည် ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့် ဘုန်းအသရေတော်ဖြစ်သောကြောင့် ခေါင်းကိုမဖုံးအပ်။ မိန်းမမူကား၊ ယောက်ျား၏ဘုန်းအသရေဖြစ်၏။ ယောက်ျားသည် မိန်းမမှဖြစ်သည်မဟုတ်။ မိန်းမသည် ယောက်ျားမှဖြစ်၏။ ယောက်ျားကို မိန်းမဖို့ ဖန်ဆင်းတော်မူသည်မဟုတ်။ မိန်းမကို ယောက်ျားဖို့ ဖန်ဆင်းတော်မူ၏။ ထို့ကြောင့် ကောင်းကင်တမန်တို့ကိုထောက်၍၊ မိန်းမသည် ခေါင်းပေါ်၌ အုပ်စိုးခြင်းခံရသောအထိမ်းအမှတ်ကို ရှိစေအပ်၏။” (ခရစ်ယာန်အမျိုးသမီးတစ်ဦး သင့်လျော်သောအချိန်၌ ခေါင်းကိုဖုံးလျှင် ဘုရားသခင်တီထွင်သော ဦးစီးမှုအစီအစဉ်ကို လေးစားကြောင်းပြ၏။ ခရစ်တော်သည် သီအိုကရက်တစ်ဦးစီးမှုကို လေးစား၏။ ယောက်ျားနှင့်မိန်းမတို့လည်း ထို့အတူ လေးစားရသည်။ ပထမလူ အာဒံသည် မိန်းမမှမွေးလာသည်မဟုတ်။ ဘုရားသခင်ဖန်ဆင်း၍ဖြစ်၏။ ဧဝကိုဖန်ဆင်းစဉ် အာဒံ၏နံရိုးတစ်ချောင်းကို အခြေပြု၏။ သူမသည် အာဒံ၏အထောက်အမဖြစ်လာရန်ဟုလည်း မိန့်တော်မူ၏။ ထို့ကြောင့် ဦးစွာဖန်ဆင်းခံရသူယောက်ျားသည် ဦးစီးအဖြစ်ခန့်အပ်ခံရ၏။ ယောက်ျားသည် ‘ဆုတောင်းစဉ်၊ ပရောဖက်ပြုစဉ်၊’ ခေါင်းမဖုံးပါ။ အကြောင်းမှာ ဦးစီးမှုနှင့်ပတ်သက်လျှင် ယောက်ျားသည် “ဘုရားသခင်၏ပုံသဏ္ဌာန်တော်” ဖြစ်၍ မိမိအိမ်ထောင်ဆိုင်ရာကိစ္စ၌ မြေကြီးပေါ်မှာ ဦးစီးသူမရှိချေ။ သို့သော် အမျိုးသမီးတစ်ဦးက ခေါင်းမဖုံးဘဲ ‘ဆုတောင်း၊ ပရောဖက်ပြု’ လျှင် ယောက်ျား၏ ဘုရားပေးရာထူးကို မလေးစားရာ၊ ယောက်ျား၏အသရေကို ရှုတ်ချရာရောက်မည်။ ယေဟောဝါ၏ ဇနီးကဲ့သို့သော ကောင်းကင်အဖွဲ့အစည်း၏ အဖွဲ့ဝင်ဖြစ်သူ ကောင်းကင်တမန်များပင် သစ္စာရှိခရစ်ယာန်အမျိုးသမီးများ ဝတ်ဆင်သော “အုပ်စိုးခြင်းခံရသောအထိမ်းအမှတ်” ကိုကြည့်ရှု၍ မိမိတို့ကိုယ်တိုင် ယေဟောဝါ၏အုပ်စိုးမှုကိုဝန်ခံရကြောင်း သတိရကြသည်။)
အမျိုးသမီးတစ်ဦး အဘယ်အခါ ခေါင်းဖုံးရန်လိုသနည်း
၁ ကောရိန္သု ၁၁:၅ ၌ဆိုသည့်အတိုင်း ‘ဆုတောင်းစဉ်၊ ပရောဖက်ပြုစဉ်’ ဖြစ်သည်။ တစ်ယောက်တည်းဆုတောင်းစဉ်၊ သို့မဟုတ်၊ ကျမ်းစာပရောဖက်ပြုချက်နှင့်ပတ်သက်၍ သူတစ်ပါးနှင့် ပြောဆိုစဉ် ခေါင်းဖုံးရမည်ကိုမဆိုလို။ သို့သော်၊ ခါတိုင်း မိမိခင်ပွန်း၊ သို့မဟုတ် အခြားယောက်ျားတစ်ဦး ဆောင်ရွက်သော ဝတ်ပြုရေးကိစ္စများ ကို မိမိဆောင်ရွက်သောအခါ ယောက်ျား၏ဦးစီးမှုကိုလေးစားသည့်လက္ခဏာအဖြစ် ခေါင်းဖုံးသင့်ပေသည်။ မိမိခင်ပွန်းသည် မိမိနှင့်ယုံကြည်ခြင်းမတူသည်တိုင်၊ သူ့ရှေ့မှောက်၌ မိမိနှင့်အခြားသူတို့ကိုယ်စား ဆုတောင်းလျှင်ဖြစ်စေ၊ စည်းစနစ်အတိုင်း ကျမ်းစာသင်အံမှုကျင်းပ၍ သွန်သင်ခြင်းအမှုကိုပြုသည်ဖြစ်စေ၊ ခေါင်းဖုံးသင့်သည်။ သို့သော် မိမိကလေးများကို သွန်သင်ရန် ဘုရားသခင်၏အာဏာအပ်နှင်းခြင်း ခံရသည်ဖြစ်၍ ခင်ပွန်းမရှိခိုက် မိမိ၏မအပ်နှံသေးသောကလေးများနှင့်အတူ ဆုတောင်းခြင်း၊ သင်အံခြင်းပြုစဉ် ခေါင်းဖုံးရန်မလိုချေ။ အပ်နှံပြီးသော အသင်းတော်သား ယောက်ျားတစ်ဦး ရှိ လျှင်ဖြစ်စေ၊ နယ်လှည့်ကြီးကြပ်မှူး လိုက်ပါလာလျှင်ဖြစ်စေ၊ ကြိုတင်စီစဉ်ထားသော ကျမ်းစာသင်အံမှုကို သူမ ဦးစီးကျင်းပသောအခါ ခေါင်းဖုံးရမည်ဖြစ်၏။ သို့သော် ဆုတောင်းခြင်းကို ညီအစ်ကိုကပြုသင့်၏။
အမျိုးသမီးများသည် အလှကုန်ပစ္စည်းနှင့် လက်ဝတ်လက်စားများကို သုံးသင့်သလော
၁ ပေ. ၃:၃၊ ၄– “သင်တို့ ၌ တန်ဆာဆင်ခြင်းမူကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ် [“အပေါ်ရုံ၊” ကဘ] ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာဆင်ခြင်းမဖြစ်စေဘဲ ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘော တည်းဟူသော မဖောက်ပြန် မပျက်စီးတတ်သောတန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏အတွင်းလူ ဖြစ်စေကြလော့။” (အမျိုးသမီးများ အလှမပြင်သင့်ဟုဆိုလိုသလော။ လုံးဝမဟုတ်။ အပေါ်ရုံမဝတ်ဆင်ရဟုမဆိုလိုသကဲ့သို့ပင်။ ဖြီးလိမ်းဝတ်စားမှု၌ မျှတ၍ ဝိညာဏဆင်ယင်မှုကိုပဓာနထားရန် တိုက်တွန်းနေခြင်းဖြစ်၏။)
၁ တိ. ၂:၉၊ ၁၀– “မိန်းမတို့သည် ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲ အဖိုးထိုက်သောအဝတ်နှင့် ကိုယ်ကိုမဆင်ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့် လျောက်ပတ်သောအဝတ်နှင့်လည်းကောင်း၊ ဘုရားသခင်အား ရိုသေလေးမြတ်ခြင်းကိုဝန်ခံပြုစုသောမိန်းမ ဆင်သင့်သည်အတိုင်း ကောင်းသောအကျင့်နှင့်လည်းကောင်း၊ ကိုယ်ကိုတန်ဆာဆင်စေခြင်းငှာ ငါအလိုရှိ၏။” (ဘုရားသခင် အလေးထားသောအရာမှာ အဘယ်နည်း။—အပြင်ပန်းလော။ နှလုံးထားလော။ အမျိုးသမီးတစ်ဦး အလှကုန်ပစ္စည်းနှင့် လက်ဝတ်လက်စားများကို မသုံးသော်လည်း သီလပျက်လျှင် ဘုရားသခင့်စိတ်တော်နှင့်တွေ့မည်လော။ သို့မဟုတ် အလှကုန်ပစ္စည်းနှင့် လက်ဝတ်တန်ဆာဆင်ယင်မှု၌ မလွန်မကျွံ၊ သင့်တင့်လျောက်ပတ်ပြီး ဘုရားရေးအရည်အသွေး၊ ခရစ်ယာန်အကျင့်ကိုအဓိကထား၍ အလှဆင်သောအမျိုးသမီးကို နှစ်သက်တော်မူမည်လော။ ယေဟောဝါက “ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကိုကြည့်ရှုတတ်သည်” ဟုမိန့်ဆို၏။—၁ ရာ. ၁၆:၇။)
သု. ၃၁:၃၀– “ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့်ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သောမိန်းမမူကား ချီးမွမ်းခြင်းကိုခံရလိမ့်မည်။”