အခန်း ၁၀
နာမ်ဝိညာဉ်ဆိုးများ တန်ခိုးကြီး၏
၁။ လူတော်တော်များများက မိမိတို့သည် သေလွန်ခဲ့သူတို့နှင့် စကားပြောနိုင်သည်ဟု အဘယ်ကြောင့် ယုံကြည်ကြသနည်း။
မိမိတို့သည် သေလွန်သူတို့နှင့် စကားပြောခဲ့ဖူးသည်ဟု လူတို့ပြောလေ့ရှိကြသည်။ ကွယ်လွန်သူ၊ နာမည်ကျော်ကြားသော အီပစ်စကိုပေးလျန်းဂိုဏ်းအုပ်၊ ဂျိမ်းစ် အေ. ပိုက် က မိမိသည် မိမိ၏သေလွန်ခဲ့သောသား ဂျင်းမ်နှင့် စကားပြောခဲ့သည်ဟုဆိုသည်။ ပိုက်ပြောပြချက်အရ သူ၏သားက “သားအနားမှာ လူတွေ လူတွေ ဝိုင်းအုံနေကြတယ်။ လက်တွေနဲ့လည်း သားကိုပင့်မထားကြသလိုပဲ။ . . . ဖေဖေ့ကို အသိမပေးနိုင်မချင်း သား သိပ်စိတ်ညစ်တယ်” ဟု သူ့အားပြောသည် ဆို၏။
၂။ (က) သေလွန်သူများနှင့် အဘယ်ကြောင့် မည်သူမျှ စကားမပြောနိုင်သနည်း။ (ခ) သို့နှင့် အဘယ်မေးခွန်းများ ပေါ်လာသနည်း။
၂ ယင်းသို့သောတွေ့ကြုံမှုများသည် အဖြစ်များနေပြီဖြစ်၍ နာမ်ဝိညာဉ်လောကမှ တစ်ယောက်ယောက်နှင့် စကားပြောခဲ့သူ အမြောက်အမြားရှိကြသည်မှာ ထင်ရှားသည်။ သို့ရာတွင် သူတို့သည် သေသူနှင့် စကားမပြောခဲ့ဖူးပါ။ “သေသောသူမူကား အဘယ်အရာကိုမျှမသိ” ဟူ၍ ကျမ်းစာဆိုထားသည်မှာ အလွန်ရှင်းပေသည်။ (ဒေသနာ ၉:၅) ထို့ကြောင့် နာမ်ဝိညာဉ်လောကမှ စကားပြောသူသည် သေသူမဟုတ်လျှင် မည်သူများက ပြောနေသနည်း။ သေသူတို့၏ အယောင်ကိုဆောင်သောသူတို့မှာ မည်သူများနည်း။
၃။ (က) မည်သူများသည် သေလွန်သူများဖြစ်ယောင်ဆောင်ကြသနည်း။ အဘယ်ကြောင့်နည်း။ (ခ) မည်သူများအား နတ်ဆိုးတို့က သတင်းပေးလေ့ရှိသနည်း။
၃ နာမ်ဝိညာဉ်ဆိုးများ ဖြစ်၏။ ၎င်းနာမ်ဝိညာဉ်များ၊ သို့မဟုတ် နတ်ဆိုးများသည် စာတန်နှင့် ပူးပေါင်းကာ ဘုရားသခင်ကို ပုန်ကန်ခဲ့သော ကောင်းကင်တမန်များပင်တည်း။ သူတို့သည် အဘယ်ကြောင့် သေလွန်သူများ၏အယောင်ကို ဆောင်ကြသနည်း။ သေလွန်သူများ အသက်ရှင်နေဆဲပါဟူသောအယူကို ပြန့်ပွားစေရန်ဖြစ်သည်။ သေခြင်းသည် ဘဝပြောင်းခြင်းမျှသာဖြစ်သည်ဟူသော မုသာအယူကို ယုံကြည်လာအောင် နာမ်ဝိညာဉ်ဆိုးတို့က လူများစွာတို့ကို လှည့်ဖြားခဲ့ကြပြီ။ ဤမုသားကို ပြန့်ပွားစေရန် နာမ်ဝိညာဉ်ဆိုးတို့က နတ်ဝင်များ၊ ဗေဒင်ဆရာများနှင့် မှော်ဆရာများအား အထူးအသိဉာဏ် ပေးထားကြသည်။ ထိုအသိဉာဏ်သည်လည်း သေလွန်သူများထံမှ လာဟန်ရှိသော အသိဉာဏ်ထူးဖြစ်သည်။
သေလွန်သူ ရှမွေလ ဖြစ်ယောင်ဆောင်ခြင်း
၄။ (က) ရှောလုမင်းသည် အဘယ်ကြောင့် ခိုကိုးရာမဲ့ ဖြစ်ခဲ့ရသနည်း။ (ခ) နတ်ဝင်၊ အနာဂတ်ဟောသူများနှင့်ပတ်သက်သော ဘုရားသခင့်ပညတ်ကား မည်သို့နည်း။
၄ ဘုရားသခင်၏ သေလွန်ခဲ့သော ပရောဖက်ရှမွေလ ဖြစ်ယောင်ဆောင်သည့် နာမ်ဝိညာဉ်ဆိုးတစ်ပါးအကြောင်း ဥပမာ အနေနှင့် ကျမ်းစာထဲ၌ ပါရှိသည်။ ရှောလုနန်းစံ ၄၀ မြောက်နှစ်တွင်ဖြစ်သည်။ အင်အားကြီးမားသော ဖိလိတ္တိတပ်တစ်တပ် ရှောလု၏ ဣသရေလတပ်ကို တိုက်ခိုက်ရန် ချီလာသည်။ ရှောလုသည် အလွန်ကြောက်၏။ “ကိုယ်ကိုကိုယ် ညစ်ညူးစေခြင်းငှာ နတ်ဝင်သူကို မမှီဝဲရ။ စုန်းလုပ်သူကိုလည်း မရှာဖွေရ” ဟူသော ဘုရားသခင့်ပညတ်ကို ရှောလုသိ၏။ (ဝတ်ပြုရာ ၁၉:၃၁) သို့ရာတွင် ရှောလုသည် နောက်ပိုင်းတွင် ယေဟောဝါထံမှ လွဲသွား၏။ ယင်းကြောင့် ရှမွေလသည် အသက်ရှင်နေစဉ်ကတည်းက ရှောလုနှင့် အတွေ့မခံတော့။ (၁ ဓမ္မရာဇဝင် ၁၅:၃၅) ယခု ရှောလုမင်း ဒုက္ခကြုံရစဉ် ယေဟောဝါလည်း သူ၏ အသနားခံသံကို နားမထောင်သောကြောင့် သူသည် ကြံရာမရဖြစ်နေလေပြီ။
၅။ (က) အကူအညီရရှိရေးအတွက် ရှောလု မည်သူ့ထံသွားသနည်း။ (ခ) နတ်ဝင်သည်မိန်းမ ဘာကို လုပ်ဆောင်ပေးနိုင်ခဲ့သနည်း။
၅ ရှေ့ဘာဖြစ်မည်ကို ရှောလု သိချင်လွန်းသဖြင့် အင်ဒေါရမြို့ရှိ နတ်ဝင်တစ်ဦးထံသို့ သွားလေသည်။ နတ်ဝင်မိန်းမသည် မိမိမြင်နိုင်သော လူသဏ္ဌာန်တစ်ခုကို ပေါ်လာစေနိုင်ခဲ့သည်။ ထိုပုံသဏ္ဌာန်ကို နတ်ဝင်မိန်းမ ပြောပြ၍ ရှောလုက ထိုသူကို “ရှမွေလ” ဟု ယူမှတ်လေသည်။ ထိုအခါ ထိုနာမ်ဝိညာဉ်ပုဂ္ဂိုလ်က ရှမွေလဖြစ်ယောင်ဆောင်လျက် “သင်သည် ငါ့ကို နှောင့်ယှက်လျက် အဘယ်ကြောင့် ဖော်သနည်း” ဟုဆို၏။ ရှောလုက ‘အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းသို့ရောက်ပါပြီ။ ဖိလိတ္တိလူတို့သည် ကျွန်ုပ်ကို စစ်တိုက်ကြပါပြီ’ ဟုဖြေ၏။ ထိုနာမ်ဝိညာဉ်က “[ယေဟောဝါ] သည် သင့်ကိုစွန့်၍ သင့်ရန်ဘက်ဖြစ်တော်မူသည်မှန်လျှင် ငါ့ကို အဘယ်ကြောင့် မေးမြန်းသေးသနည်း” ဟုပြန်ပြော၏။ ၎င်းနောက် သေလွန်ခဲ့သော ရှမွေလ၏ အယောင်ကိုဆောင်သော ၎င်းနာမ်ဝိညာဉ်ဆိုးက ရှောလုသည် ဖိလိတ္တိလူတို့နှင့် စစ်တိုက်ရာ၌ အသတ်ခံရမည်ဟု ဆက်၍ ပြောပြလေသည်။—၁ ဓမ္မရာဇဝင် ၂၈:၃-၁၉။
၆။ ရှောလုနှင့် စကားပြောသူသည် အဘယ်ကြောင့် ရှမွေလမဖြစ်နိုင်သနည်း။
၆ နတ်ဝင်မိန်းမ ဆက်သွယ်ပေးသောသူသည် ရှမွေလအစစ်မဟုတ်သည်မှာ သိသာ၏။ ရှမွေလသည် သေပြီ။ လူတစ်ယောက်သေသောအခါ “မြေသို့ ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။” (ဆာလံ ၁၄၆:၄) နောက်ထပ် အနည်းငယ်စဉ်းစားလိုက်လျှင် ထိုအသံမှာ သေလွန်ခဲ့သော ရှမွေလ၏အသံ တကယ်မဟုတ်ကြောင်း သိသာသည်။ ရှမွေလသည် ဘုရားသခင့်ပရောဖက်ဖြစ်၏။ နတ်ဝင်များကို ဆန့်ကျင်၏။ ထို့ ပြင် ကျွန်ုပ်တို့တွေ့ခဲ့သည့်အတိုင်း သူအသက်ရှင်နေစဉ်ပင် နာမခံသော ရှောလုနှင့် စကားလုံးဝမပြောတော့ချေ။ သို့ဖြစ်၍ ရှမွေလ အသက်ရှင်နေလျှင်တောင်မှ ရှောလုနှင့် မိမိတွေ့ရန် နတ်ဝင်တစ်ဦးက စီစဉ်ပေးသည်ကို ခွင့်ပြုပါ့မလား။ နောက်ထပ်စဉ်းစားပါဦး– ယေဟောဝါသည် ရှောလုကို ဗျာဒိတ် (သတင်းတော်) မပေးတော့။ သေလွန်သော ရှမွေလမှတစ်ဆင့် ရှောလုအား သတင်းပေးရန် နတ်ဝင်တစ်ဦးက ယေဟောဝါကို အကျပ်ကိုင်နိုင်မည်လော။ အသက်ရှင်သူများသည် သေလွန်သွားသော ချစ်ရသူများနှင့် တကယ်ပင် စကားပြောနိုင်သည်မှန်လျှင် မေတ္တာရှင် ဘုရားသခင်အနေဖြင့် လူတို့ နတ်ဝင်ဆီသို့ သွားသည့်အတွက် “ညစ်ညူး” သည်ဟု ဘယ်နည်းနှင့်မျှ မိန့်ဆိုခဲ့မည်မဟုတ်။
၇။ နာမ်ဝိညာဉ်ဆိုးများရန်မှ မိမိလူမျိုးကို ကာကွယ်သည့်အနေနှင့် ဘုရားသခင် မည်သို့ သတိပေးတော်မူသနည်း။
၇ အမှန်မှာ ဤသို့ဖြစ်၏။ နာမ်ဝိညာဉ်ဆိုးတို့သည် လူသားတို့ကို ဒုက္ခပေးဖို့လောက်သာ ကြည့်နေကြသဖြင့် ယေဟောဝါက မိမိကျွန်များကို ကာကွယ်သည့်အနေနှင့် သတိပေးရ၏။ ဣသရေလလူမျိုးအား ပေးတော်မူခဲ့သော အောက်ပါသတိပေးချက်ကို ဖတ်ကြည့်ပါ။ လူတို့ကို လှည့်စားရာ၌ နတ်ဆိုးများ အဘယ်နည်းများကို သုံးကြောင်း သဘောပေါက်နိုင်သည်။ ကျမ်းစာက ဤသို့ဆို၏– “သင်တို့တွင် . . . ဖြစ်လတ္တံ့သောအမှုကို ကိုယ်ဉာဏ်နှင့်ဟောပြောသောသူ၊ ကာလဗေဒင်ကို ကြည့်သောသူ၊ မကောင်းသောအတတ်ကို ပြုစုသောသူ၊ ပြုစားတတ်သောသူ၊ နတ်ဆိုးနှင့်ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကို ပြုစုသောသူ၊ လူသေကို မေးမြန်းသောသူ တစ်စုံတစ်ယောက်မျှ မရှိရ။ ထိုသို့ပြုတတ်သောသူအပေါင်းတို့ကို [ယေဟောဝါ] စက်ဆုပ်ရွံရှာတော်မူ၏။” (တရားဟောရာ ၁၈:၁၀-၁၂) ယနေ့ လူတို့အား နာမ်ဝိညာဉ်ဆိုးများ မည်သို့ဒုက္ခပေးနေကြောင်း၊ သူတို့၏ ရန်မှ ကျွန်ုပ်တို့ကိုယ်ကို ကျွန်ုပ်တို့ မည်သို့ကာကွယ်နိုင်ကြောင်း သိလိုသောဆန္ဒ ရှိသင့်ပေသည်။ သို့ရာတွင် ဤအကြောင်းကို မလေ့လာမီ နာမ်ဝိညာဉ်ဆိုးများ မည်သည့်အချိန်၊ မည်သို့သောအားဖြင့် ပေါ်ပေါက်လာခဲ့ကြောင်း ဦးစွာသုံးသပ်ကြစို့။
နာမ်ဝိညာဉ်ဆိုးများ ဖြစ်လာကြသောကောင်းကင်တမန်များ
၈။ (က) ဘုရားသခင်အား ပုန်ကန်စေရန် မည်သူများကိုလည်း စာတန် ဖန်တီးနိုင်ခဲ့သနည်း။ (ခ) သူတို့သည် ကောင်းကင်မှ မိမိတို့အလုပ်ကိုပစ်ပြီး ဘယ်ကို သွားကြသနည်း။
၈ ကောင်းကင်တမန် သတ္တဝါတစ်ပါးသည် ဧဒင်ဥယျာဉ်၌ ဧဝကိုလိမ်ခြင်းဖြင့် မိမိကိုယ်ကို နာမ်ဝိညာဉ်ဆိုး စာတန်မာရ်နတ် ဖြစ်စေခဲ့သည်။ ၎င်းနောက် အခြားကောင်းကင်တမန်များပါ ဘုရားသခင်ကို ရန်ဘက်ပြုအောင် သူလှုံ့ဆော်စပြုလေသည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ သူအောင်မြင်လာခဲ့သည်။ အချို့ကောင်းကင်တမန်တို့သည် ကောင်းကင်တွင် လုပ်ဆောင်ရန် ဘုရားသခင် စေခန့်ထားသည့်အလုပ်ကို မလုပ်တော့ဘဲ ကမ္ဘာသို့လာပြီး လူသားများကဲ့သို့ အသွေးအသား ကိုယ်ခန္ဓာကို လုပ်ယူကြလေသည်။ ခရစ်ယာန်တပည့်တော်ယုဒက “မိမိတို့အခွင့်အရာကိုမစောင့်၊ မိမိတို့နေရာအရပ်ကို စွန့်ပစ်သော ကောင်းကင်တမန်တို့” အကြောင်း တင်ပြရာ၌ သူတို့အကြောင်း ရေးနေခြင်းဖြစ်၏။ (ယုဒ ၆) သူတို့ အဘယ်ကြောင့် ကမ္ဘာသို့ လာခဲ့ကြသနည်း။ ကောင်းကင်၌ရှိခဲ့သော မိမိတို့၏ မွန်မြတ်လှသည့်နေရာများကို စွန့်လွှတ်သည်အထိ သူတို့၏နှလုံးထဲသို့ အဘယ်မကောင်းသောတပ်မက်မှုကို စာတန်ထည့်သွင်းခဲ့သနည်း။
၉။ (က) ကောင်းကင်တမန်များ အဘယ်ကြောင့် ကမ္ဘာသို့ လာခဲ့ကြသနည်း။ (ခ) သူတို့၏လုပ်ရပ် မှားကြောင်း ကျမ်းစာ မည်သို့ပြဆိုသနည်း။
၉ ကျမ်းစာက ဤသို့အဖြေပေး၏။ “ဘုရားသခင်၏သားတို့သည် လူသမီးတို့လှကြောင်းကိုမြင်၍ ကိုယ်စိတ်ရှိသည်အတိုင်း စုံဖက်ကြ၏။” (ကမ္ဘာဦး ၆:၂) မှန်၏၊ ကောင်းကင်တမန်တို့သည် အသွေးအသားခန္ဓာကို ယူတင်ကြပြီး ကမ္ဘာဆီသို့လာကာ မိန်းမလှများနှင့် ဆက်ဆံကြလေသည်။ သို့သော် ဤသို့သောချစ်ရေးကြိုက်ရေးသည် ကောင်းကင်တမန်များ မပြုအပ်ရာဖြစ်၏။ အမိန့်မနာခံသည့်လုပ်ရပ်ဖြစ်သည်။ သူတို့၏လုပ်ရပ်သည် သောဒုံနှင့် ဂေါမောရမြို့သားများပြုသော လိင်တူမေထုန်နည်းတူ မှားယွင်းကြောင်း ကျမ်းစာပြဆိုထားသည်။ (ယုဒ ၆၊ ၇) သို့နှင့် မည်သို့ဖြစ်လာသနည်း။
၁၀၊ ၁၁။ (က) ကောင်းကင်တမန်များသည် မည်သို့သောကလေးများ ရလာကြသနည်း။ (ခ) ရေလွှမ်းမိုးလာသောအခါ ထိုလူထွားကြီးများ မည်သို့ဖြစ်သွားကြသနည်း။ (ဂ) ရေလွှမ်းမိုးချိန်တွင် ထိုကောင်းကင်တမန်များ မည်သို့ဖြစ်သွားကြသနည်း။
၁၀ ထိုကောင်းကင်တမန်များနှင့် သူတို့၏မယားတို့သည် ကလေးများ ရလာကြ၏။ သို့သော် ထိုကလေးများသည် အခြားကလေးများနှင့် ခြားနား၏။ လူထွားကြီး၊ ဆိုးသွမ်းသော လူထွားကြီးများ ဖြစ်လာသည်တိုင် ကြီးထွားလာသည်။ ကျမ်းစာက ၎င်းတို့ကို “အားကြီးသောသူ၊ ရှေးကာလမှစ၍ ကျော်စောသောသူ” များဟု ခေါ်ထားသည်။ ၎င်းလူထွားကြီးတို့သည် မိမိတို့နည်းတူ ဆိုးသွမ်းကြရန် လူတိုင်းကို အတင်းအကျပ်ပြု၏။ သို့နှင့် ကျမ်းစာက “မြေကြီးပေါ်မှာ လူအပြစ်ကြီး၍ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်းသက်သက်ရှိ” သည်ဟုဆို၏။ (ကမ္ဘာဦး ၆:၄၊ ၅) ထို့ကြောင့် ယေဟောဝါသည် ရေလွှမ်းမိုးစေတော်မူ၏။ လူထွားကြီးများ သို့မဟုတ် “နက်ဖလင်” တို့နှင့်တကွ လူဆိုးများ ရေနစ်ကုန်ကြ၏။ သို့သော် ကမ္ဘာသို့လာခဲ့သော ကောင်းကင်တမန်များ မည်သို့ဖြစ်သွားကြသနည်း။
၁၁ သူတို့ ရေမနစ်ကြ။ မိမိတို့၏ သွေးသားကိုယ်ကိုစွန့်၍ နာမ်ဝိညာဉ်ပုဂ္ဂိုလ်များအဖြစ် ကောင်းကင်သို့ ပြန်သွားကြ၏။ သို့ရာတွင် ဘုရားသခင့်သန့်ရှင်းသော ကောင်းကင်တမန်များအဖွဲ့အစည်းတွင် တစ်စိတ်တစ်ပိုင်းအနေနှင့် ပါဝင်ခွင့်မရကြတော့။ ၎င်းအစား ကျမ်းစာက “ဘုရားသခင်သည် ပြစ်မှားသော စေတမန်တော်များကိုပင်မညှာဘဲ စီရင်ဆုံးဖြတ်ချိန်မတိုင်မချင်း အပါယ် [တားတရပ်စ်၊ ကဘ] မှောင်မိုက်တွင်းများ၌ သွင်းထားတော်မူ” သည်ဟု ဆို၏။—၂ ပေတရု ၂:၄၊ သမ။
၁၂။ (က) ကောင်းကင်တမန်ဆိုးများ ကောင်းကင်သို့ ပြန်သွားသောအခါ မည်သို့ဖြစ်သွားကြသနည်း။ (ခ) သူတို့သည် လူ့ကိုယ်ခန္ဓာကို အဘယ်ကြောင့် နောက်တစ်ဖန် မယူတင်နိုင်တော့ပြီနည်း။ (ဂ) ထို့ကြောင့် သူတို့ ယခု ဘာလုပ်နေကြသနည်း။
၁၂ ထိုကောင်းကင်တမန်ဆိုးများသည် တားတရပ်စ်ခေါ် ပကတိနေရာတစ်ခုထဲသို့ ပစ်ချခံရကြသည်မဟုတ်။ အချို့ကျမ်းစာများ၌ “ငရဲ” ဟု ဘာသာပြန်မှားသော တားတရပ်စ်သည် ထိုကောင်းကင်တမန်များ၏ ယုတ်ညံ့သော၊ ပျက်ယွင်းသော အခြေအနေကို ရည်ညွှန်းခြင်းသာ ဖြစ်သည်။ သူတို့သည် ဘုရားသခင့်အဖွဲ့အစည်း၏ ဝိညာဏအလင်းမှ ပယ်ရှင်းခံရ၍ ထာဝရပျက်စီးခြင်းကိုသာ စောင့်မျှော်ရန် ရှိတော့သည်။ (ယာကုပ် ၂:၁၉; ယုဒ ၆) ရေလွှမ်းမိုးချိန်မှစ၍ ၎င်းနတ်ဆိုး ကောင်းကင်တမန်များအား အသွေးအသားခန္ဓာ ယူတင်ခွင့်ကို ဘုရားသခင် မပေးတော့သဖြင့် သူတို့သည် ဓမ္မတာနှင့်ဆန့်ကျင်သော မိမိတို့၏ ကာမစိတ်ကို တိုက်ရိုက်နည်းဖြင့် မဖြည့်ဆည်းနိုင်တော့ချေ။ သို့တစေ ယောက်ျားနှင့် မိန်းမများအပေါ် အန္တရာယ်ပြုနိုင်လောက်အောင် တန်ခိုးပြနိုင်သေးသည်။ စင်စစ်ဆိုရလျှင် ဤနတ်ဆိုးများ၏ အကူအညီကိုယူပြီး စာတန်သည် “ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား” နေသည်။ (ဗျာဒိတ် ၁၂:၉) ယနေ့ လိင်ဆိုင်ရာ ရာဇဝတ်မှု၊ ရမ်းကားသတ်ဖြတ်မှုနှင့် အခြားသောဒုစရိုက်မှုများ အကြီးအကျယ် တိုးပွားနေသည်ကိုထောက်၍ ကျွန်ုပ်တို့သည် သူတို့၏လှည့်ဖြားခြင်း မခံရအောင် သတိပြုရန်လိုသည်။
နာမ်ဝိညာဉ်ဆိုးများ လှည့်ဖြားကြပုံ
၁၃။ (က) နာမ်ဝိညာဉ်ဆိုးများသည် မည်သို့လှည့်ဖြားကြသနည်း။ (ခ) နတ်ဝိဇ္ဇာအတတ်ကား အဘယ်နည်း။ ၎င်းနှင့်စပ်လျဉ်း၍ ကျမ်းစာ မည်သို့ဆိုသနည်း။
၁၃ “ဤလောကကိုအစိုးရသော ဘုရား” အနေနှင့် စာတန်သည် လောကီအစိုးရများနှင့် မှောက်မှားသောဘာသာကို အသုံးပြုပြီး လူတို့အား ကျမ်းစာအမှန်တရား မသိမြင်အောင် ဖန်တီးနေကြောင်း ကျွန်ုပ်တို့ အစပိုင်းတွင် သိခဲ့ကြပြီ။ (၂ ကောရိန္သု ၄:၄) ယောက်ျားများ၊ မိန်းမများကို နာမ်ဝိညာဉ်ဆိုးများ လှည့်ဖြားရာ၌ အသုံးပြုသော အခြားအရေးပါသည့်နည်းမှာ နတ်ဝိဇ္ဇာအတတ်ဖြစ်၏။ နတ်ဝိဇ္ဇာအတတ်ဟူသည် အဘယ်နည်း။ တိုက်ရိုက်ဖြစ်စေ၊ နတ်ဝင်တစ်ဦးမှတစ်ဆင့်ဖြစ်စေ နာမ်ဝိညာဉ်ဆိုးများနှင့် အဆက်အသွယ်ပြုခြင်းပင်ဖြစ်သည်။ နတ်ဝိဇ္ဇာအတတ်သည် လူကို နတ်ဆိုးဩဇာအောက်သို့ ကျရောက်စေ၏။ နတ်ဝိဇ္ဇာအတတ်နှင့် ဆက်နွယ်သမျှသော အကျင့်ဓလေ့များကိုရှောင်ရန် ကျမ်းစာက ကျွန်ုပ်တို့အား သတိပေး၏။—ဂလာတိ ၅:၁၉-၂၁; ဗျာဒိတ် ၂၁:၈။
၁၄။ (က) ရှေ့ဖြစ်ဟောခြင်းကား အဘယ်နည်း။ (ခ) ၎င်းနှင့်ပတ်သက်၍ ကျမ်းစာ မည်သို့ဆိုသနည်း။
၁၄ ရှေ့ဖြစ်ဟောခြင်းသည် အလွန်ရိုးသည့် နတ်ဝိဇ္ဇာအတတ်တစ်မျိုးဖြစ်သည်။ လူ့မျက်စိဖြင့် မမြင်နိုင်သော နာမ်ဝိညာဉ်များအကူအညီဖြင့် အနာဂတ်ကို စူးစမ်းခြင်း၊ မသိသောအရာကို ရှာဖွေသိရှိရန် အားထုတ်ခြင်းအတတ်ဖြစ်သည်။ ခရစ်ယာန်တပည့်တော်လုကာ၏ အောက်ပါရေးသားချက်က ၎င်းကိုပြသည်– “နတ်ဝင်ဖြစ်၍ အနာဂတ်ကိုဟောသဖြင့် မိမိသခင်တို့အား စီးပွားများကိုပြုတတ်သော မိန်းမငယ်တစ်ယောက်သည် ငါတို့ကို ဆီးကြိုလေ၏။” ပေါလုသည် ထိုမိန်းမငယ်ကို နာမ်ဝိညာဉ်ဆိုး တန်ခိုးလက်အောက်မှ လွတ်မြောက်စေနိုင်ခဲ့သည်။ ၎င်းနောက် မိန်းမငယ်သည် အနာဂတ်ကို မဟောနိုင်တော့ချေ။—တမန်တော် ၁၆:၁၆-၁၉။
၁၅။ (က) နတ်ဝိဇ္ဇာအတတ်နှင့် ဆက်နွှယ်နေသောအရာအချို့ကား အဘယ်နည်း။ (ခ) ထိုအရာများတွင် ပါဝင်ခြင်းသည် အဘယ်ကြောင့် အန္တရာယ်များသနည်း။
၁၅ နတ်ဝိဇ္ဇာအတတ်သည် လျှို့ဝှက်ဆန်းကျယ်သောကြောင့် လူတော်တော်များများ စိတ်ဝင်စားကြ၏။ ၎င်းသည် သူတို့ကို ဆွဲဆောင်၏။ ထို့ကြောင့် သူတို့သည် စုန်းအတတ်၊ ဗူးဒူးအစ်ဇင်းခေါ် နီးဂရိုးတို့၏ စုန်းကဝေအတတ်၊ စိတ်ညှို့ပညာ၊ မှော်ပညာ၊ နက္ခတ်ဗေဒင်၊ ဝီးဂျားဘုတ် သို့မဟုတ် နတ်ဝိဇ္ဇာပညာဆိုင်ရာ အခြားအရာများနှင့်ပတ်သက် ရောနှောလာကြသည်။ သူတို့သည် ထိုအရာများနှင့်စပ်လျဉ်းသော စာများကိုဖတ်မည်။ ထိုအရာများနှင့်ပတ်သက်သော ရုပ်ရှင်၊ ရုပ်မြင်သံကြားအစီအစဉ်တို့ကို ကြည့်မည်။ သူတို့သည် နတ်ဝင်တစ်ဦး နာမ်လောကနှင့် ဆက်သွယ်သော စည်းဝေးသို့ပင် သွားချင်သွားမည်။ သို့သော် စစ်မှန်သောဘုရားသခင်ကို ဝတ်ပြုလိုသူတစ်ဦး ဤအရာတစ်ခုကိုမျှ မပြုအပ်။ ၎င်းတို့သည် အန္တရာယ်လည်းများ၏။ လောလောဆယ်ပင် ဒုက္ခလှလှ ရောက်နိုင်သည်။ ထို့ပြင် ဘုရားသခင်သည် နတ်ဝိဇ္ဇာအတတ် လိုက်စားသူအားလုံးကို ဒဏ်စီရင်၍ ပစ်ပယ်တော်မူမည်။—ဗျာဒိတ် ၂၂:၁၅။
၁၆။ ခရစ်ယာန်များသည် နာမ်ဝိညာဉ်ဆိုးများနှင့် တိုက်လှန်ရကြောင်း ကျမ်းစာ မည်သို့ တင်ပြသနည်း။
၁၆ နတ်ဝိဇ္ဇာအတတ်နှင့် ကင်းအောင် အတတ်နိုင်ဆုံး ကြိုးစားသည့်ကြားမှပင် နာမ်ဝိညာဉ်ဆိုးများ၏ တိုက်ခိုက်မှုကို ခံရတတ်သည်။ ဘုရားသခင့်ပညတ် ချိုးဖောက်ရန် သွေးဆောင်၍ဆိုသော မာရ်နတ်၏အသံကို ယေရှုခရစ် ကြားခဲ့ရကြောင်း ပြန်လည်သတိရပါ။ (မဿဲ ၄:၈၊ ၉) ဘုရားသခင့် အခြားကျေးကျွန်များလည်း ထိုသို့သော တိုက်ခိုက်မှုမျိုး ခံခဲ့ရသည်။ တမန်တော်ပေါလု ဤသို့ဆို၏– “ငါတို့သည် . . . မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့် . . . ဆိုင်ပြိုင်တိုက်လှန်ရကြ၏။” သို့ဖြစ်၍ ဘုရားသခင့်ကျေးကျွန်ယောက်တိုင်း ခုခံတွန်းလှန်နိုင်ရန် “ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ယူဆောင်” ကြရမည်။—ဧဖက် ၆:၁၁-၁၃။
နာမ်ဝိညာဉ်ဆိုးတို့၏ တိုက်ခိုက်မှုကို တွန်းလှန်ခြင်း
၁၇။ နာမ်ဝိညာဉ်လောကမှ “အသံ” တစ်ခု သင်နှင့်စကားပြောသည်ကို ကြားရလျှင် သင် မည်သို့ ပြုသင့်သနည်း။
၁၇ နာမ်ဝိညာဉ်လောကမှ “အသံ” တစ်ခုက သင်နှင့် စကားပြောလာလျှင် မည်သို့ပြုသင့်သနည်း။ ၎င်းအသံရှင်က မိမိကိုယ်ကို သေလွန်ခဲ့သော သင့်အမျိုးတစ်ယောက်၊ သို့မဟုတ် နတ်ကောင်းတစ်ပါး ဖြစ်ယောင်ဆောင်လျှင် မည်သို့ ပြုရမည်နည်း။ ‘နတ်ဆိုးမင်း’ က မိမိနှင့် စကားလာပြောသောအခါ ယေရှု မည်သို့ ပြုခဲ့သနည်း။ (မဿဲ ၉:၃၄) “အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့” ဟုမိန့်တော်မူသည်။ (မဿဲ ၄:၁၀) သင်လည်း ထို့အတူ ပြောနိုင်၏။ ယေဟောဝါထံတော်မှ မ စမှုကိုလည်း တောင်းလျှောက်နိုင်သည်။ အသံကျယ်ကျယ်နှင့် ဆုတောင်းပြီး နာမတော်ကို အသုံးပြုပါ။ ကိုယ်တော်သည် နာမ်ဝိညာဉ်ဆိုးများထက် တန်ခိုးကြီးကြောင်း သတိရပါ။ ဤပညာရှိလမ်းစဉ်ကို လိုက်ပါ။ နာမ်ဝိညာဉ်လောကမှ ထိုသို့သောစကားများကို နားမထောင်နှင့်။ (သု. ၁၈:၁၀; ယာကုပ် ၄:၇) သို့ဆိုသော်လည်း “စကားသံများ” ကြားရသူတိုင်း မိမိနှင့် နတ်ဆိုးများ စကားပြောနေသည်ဟု မဆိုလိုပါ။ တစ်ခါတစ်ရံ ကာယ သို့မဟုတ် စိတ္တ ဖျားနာမှုကြောင့်လည်း အသံများကို ကြားရတတ်သည်။
၁၈။ နတ်ဝိဇ္ဇာအတတ်ကိုစွန့်လိုလျှင် ရှေးဧဖက်မြို့ရှိ ခရစ်ယာန်များ၏ အဘယ်နမူနာကိုလိုက်ဖို့ ကောင်းသနည်း။
၁၈ သင်သည် တစ်ချိန်က နတ်ဝိဇ္ဇာအတတ်တစ်မျိုးမျိုး လိုက်စားခဲ့၍ ယခု ၎င်းမှ ကျွတ်လွတ်လိုသည်ဆိုပါစို့။ မည်သို့ ပြုနိုင်သနည်း။ ဧဖက်မြို့ရှိ ရှေးခရစ်ယာန်များ၏ ပုံသက်သေကို သုံးသပ်ကြည့်ပါ။ တမန်တော်ပေါလု ဟောပြောသော ‘ယေဟောဝါ၏ နှုတ်ကပါဌ်တော်‘ ကို သူတို့ လက်ခံပြီးနောက် “နတ်ဝိဇ္ဇာအတတ်ကို သုံးဆောင်သောသူအများတို့သည်လည်း မိမိတို့စာစောင်ကိုယူခဲ့၍ လူအပေါင်းတို့ရှေ့မှာ မီးရှို့ကြ၏” ဟုကျမ်းစာဆို၏။ ထိုစာအုပ်များမှာ ငွေအသပြာ ငါးသောင်းတန်၏! (တမန်တော် ၁၉:၁၉၊ ၂၀) နတ်ဝိဇ္ဇာနှင့် တိုက်ရိုက်ပတ်သက်သော ပစ္စည်းများ သင်၌ရှိလျှင် ပညာရှိလမ်းစဉ်မှာ ၎င်းပစ္စည်း မည်မျှပင် တန်ဖိုးကြီးမားပါစေ ဧဖက်မြို့မှ ခရစ်တော်၏ နောက်လိုက်ဖြစ်လာကြသူများကို တုပလျက် ၎င်းတို့ကို ဖျက်ဆီးပစ်ပါ။
၁၉။ (က) နတ်ဝိဇ္ဇာအတတ်လိုက်စားနေသူအများသည် အဘယ်အရာကို မသိကြသနည်း။ (ခ) ကမ္ဘာပေါ် ထာဝစဉ်ပျော်ရွှင်စွာ နေထိုင်လိုလျှင် ကျွန်ုပ်တို့ ဘာပြုရမည်နည်း။
၁၉ ဆန်းကျယ်လျှို့ဝှက်သောအရာများကို ယနေ့ လူတို့ များစွာ စိတ်ဝင်စားကြသဖြင့် နတ်ဝိဇ္ဇာပညာကို လိုက်စားသူများဦးရေ တိုးသည်ထက် တိုးလာသည်။ သို့ရာတွင် မိမိတို့သည် နာမ်ဝိညာဉ်ဆိုးများနှင့် တကယ်ပင် အရောတဝင်ပြုနေကြသည်ကို ထိုသူအများ မသိကြ။ ၎င်းသည် ဘေးကင်းသော ကစားစရာမဟုတ်။ နာမ်ဝိညာဉ်ဆိုးတို့သည် ထိခိုက်နစ်နာစေနိုင်သော တန်ခိုးရှိသည်။ သူတို့သည် ယုတ်မာ၏။ ခရစ်တော် သူတို့ကို ထာဝရပျက်စီးခြင်း၌ မချုပ်နှောင်မီ သူတို့သည် လူတို့ကို မိမိတို့၏ ဆိုးယုတ်သောတန်ခိုးအောက်သို့ သွတ်သွင်းရန် တအားကုန် ကြိုးပမ်းနေကြသည်။ (မဿဲ ၈:၂၈၊ ၂၉) ထို့ကြောင့် ဆိုးယုတ်မှုအားလုံး ဖယ်ရှားသည့်နောက်ပိုင်း ကမ္ဘာပေါ် ပျော်ရွှင်စွာ သင် ထာဝစဉ်အသက်ရှင်လိုလျှင် နတ်ဝိဇ္ဇာအတတ်မှန်သမျှကို ဝေးဝေးရှောင်ခြင်းဖြင့် နတ်ဆိုးတန်ခိုးနှင့် လွတ်ကျွတ်အောင်နေရန် လိုသည်။
[စာမျက်နှာ ၉၁ ပါ ရုပ်ပုံ]
အင်ဒေါရမြို့မှ နတ်ဝင်မိန်းမ မည်သူနှင့် ဆက်သွယ်သနည်း
[စာမျက်နှာ ၉၂၊ ၉၃ ပါ ရုပ်ပုံ]
ဘုရားသခင့် ကောင်းကင်တမန်သားများ လူ့သမီးများကို သတိပြုမိကြ၏
[စာမျက်နှာ ၉၄ ပါ ရုပ်ပုံ]
လူယောင်ဖန်တီးသော ကောင်းကင်တမန်များ ရေမနစ်ခဲ့။ မိမိတို့၏ သွေးသားခန္ဓာကိုစွန့်၍ ကောင်းကင်ကို ပြန်သွားကြ၏
[စာမျက်နှာ ၉၇ ပါ ရုပ်ပုံ]
‘နတ်ဝိဇ္ဇာအတတ်မှန်သမျှကို ရှောင်ပါ’ ဟု ကျမ်းစာက သတိပေးထား၏
[စာမျက်နှာ ၉၈ ပါ ရုပ်ပုံ]
ဧဖက်မြို့၌ ခရစ်ယာန်ဖြစ်လာကြသူများသည် မိမိတို့၏ နတ်ဝိဇ္ဇာဆိုင်ရာ စာအုပ်များကို မီးရှို့ခဲ့ကြ၏—ယနေ့ ကျွန်ုပ်တို့အတွက် နမူနာကောင်းတစ်ရပ်ပင်