ယုံကြည်ခြင်းအားဖြင့် လောကကိုသင်အပြစ်တင်သလော
“နောဧသည် . . . ယုံကြည်ခြင်းအားဖြင့် . . . မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှာ သင်္ဘောကိုတည်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် လောကီသားတို့ကို အပြစ်တင် . . . ၏။”—ဟေဗြဲ ၁၁:၇။
၁၊ ၂။ နောဧ၏ဘဝကို လေ့လာသုံးသပ်ခြင်းမှ အဘယ်သင်ခန်းစာရရှိနိုင်သနည်း။
ယေဟောဝါဘုရားသခင်သည် နောဧနှင့်သူ၏မိသားစု၊ စုစုပေါင်းရှစ်ယောက်အားသာ ရေလွှမ်းမိုးဘေးကြီးကို ကပ်ကျော်ခွင့်ပေးသနားတော်မူခဲ့သည်။ နောဧခေတ်မှကျန်အခြားသူတို့မှာ ရေဘေးဖြင့် ဘုရားသခင်လွှမ်းမိုးစေရာတွင် ပယ်ရှင်းခံလိုက်ရသည်။ သို့ဖြစ်၍ နောဧသည် ကျွန်ုပ်တို့အားလုံး၏ဘိုးဘေးကြီးဖြစ်သဖြင့် သူတင်ပြခဲ့သည့် ယုံကြည်ခြင်းအတွက် အလွန်ကျေးဇူးတင်သင့်ပေသည်။
၂ နောဧ၏ဘဝအကြောင်းကိုဆန်းစစ်ကြည့်ခြင်းမှ သင်ခန်းစာများစွာရရှိနိုင်ပေသည်။ နောဧခေတ်မှလူတို့ကိုဖျက်ဆီးစဉ်တွင် သူ့အားဘုရားသခင်အဘယ်ကြောင့်ကယ်တင်ခြင်းကျေးဇူးပြုတော်မူကြောင်း ကျမ်းစာကပြောပြ၏။ ဤကျမ်းစာကပင် ကျွန်ုပ်တို့ခေတ်သည်လည်း အလားတူတရားစီရင်ခြင်းရင်ဆိုင်နေရကြောင်း ရှင်းလင်းစွာဖေါ်ပြထားသည်။ ဤအကြောင်းနှင့်ပတ်သက်၍ ယေရှုဤသို့မိန့်တော်မူ၏။ “ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်းမဖြစ်လတံ့သော ကြီးစွာသောဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်။” (မဿဲ ၂၄:၂၁) နောဧ၏ယုံကြည်ခြင်းကို အတုယူခြင်းအားဖြင့် ဤလက်ရှိစနစ်ဆိုးပေါ်ကျရောက်အံ့ဆဲဆဲပျက်စီးခြင်းကို ကပ်ကျော်မည့် စိတ်ချရသောမျှော်လင့်ချက်ရှိနိုင်ပေသည်။—ရောမ ၁၅:၄။ ဟေဗြဲ ၁၃:၇ နှင့်နှိုင်းယှဉ်ပါ။
၃။ ရေလွှမ်းမိုးဘေးကြီးကို ယေဟောဝါ အဘယ်ကြောင့်ကျရောက်စေတော်မူသနည်း။
၃ အာဒံဖန်ဆင်းချိန်မှ ရေလွှမ်းမိုးဘေးကြီးကျရောက်ချိန်အထိ နှစ်ပေါင်း ၁၆၅၆ နှစ်အတွင်း ကောင်းရာမွန်ရာပြုလုပ်လိုစိတ်ရှိသူ အလွန်ရှားပါးသည်။ ကိုယ်ကျင့်တရားမှာလည်း အလွန်တရာနိမ့်ကျသောအဆင့်သို့ စိုက်ကျသွားသည်။ “မြေကြီးပေါ်မှာ လူအပြစ်ကြီး၍ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ်ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို [ယေဟောဝါ] သိမြင်တော်မူ” ၏။ (ကမ္ဘာဦး ၆:၅) အဓမ္မမှု၊ ကာမဂုဏ်လိုက်စားမှု၊ အမျိုးသမီးတို့နှင့် အိမ်ထောင်ပြု၍ ထွားကြိုင်းသောအမျိုးကိုမွေးဖွားစေသည့် လူပုံသဏ္ဌာန်ယူဆောင်ထားသော ကောင်းကင်တမန်တို့သည် ရှေးလူ့လောကကို ဘုရားသခင်တရားစီရင်ဆုံးဖြတ်ခဲ့ရသည့်အကြောင်းများတွင်ပါဝင်သည်။ “သတ္တဝါအပေါင်းတို့၏အဆုံးသည် ငါ့မျက်မှောက်တွင်ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မအမှုနှင့်ပြည့်စုံလေ၏” ဟု နောဧအား ယေဟောဝါမိန့်တော်မူ၏။ ‘မြေတစ်ပြင်လုံး၏တရားမင်း’ တည်းဟူသောဖန်ဆင်းရှင်၏ခန္တီတော် ကုန်ခမ်းခဲ့လေသည်။—ကမ္ဘာဦး ၆:၁၃။ ၁၈:၂၅။
ဘုရားသခင်နှင့်အတူ နောဧသွားလာခြင်း
၄။ (က) နောဧကို ယေဟောဝါ အဘယ်သို့ရှုမြင်တော်မူသနည်း။ အဘယ်ကြောင့်နည်း။ (ခ) ဘုရားသခင့်တရားမျှတမှုအရ ဆိုးယုတ်သောလောကကြီးကို ဖျက်ဆီးရမည်ဖြစ်သော်လည်း နောဧနှင့် သူ၏မိသားစုအတွက် ကိုယ်တော်.မေတ္တာတော် အဘယ်သို့ထင်ရှားခဲ့သနည်း။
၄ နောဧသည် သူ့ခေတ်လူများနှင့် တစ်မူထူးခြားလှပေသည်။ သူသည် ယေဟောဝါ၏ “စိတ်တော်နှင့်တွေ့သောသူဖြစ်သတည်း။ . . . နောဧသည် ဖြောင့်မတ်သောသူ၊ မိမိကာလ၌ရှိသောလူတို့တွင် စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့်အတူသွားလာ၏။” (ကမ္ဘာဦး ၆:၈၊ ၉) ဘုရားသခင်နှင့် အဘယ်သို့သွားလာသနည်း။ ဖြောင့်မတ်ခြင်းတရားကိုထောက်ခံသူအနေနှင့် ဟောပြောခြင်း၊ ယုံကြည်ခြင်း နှင့် နာခံမှုပြခြင်းဖြင့် သင်္ဘောတည်ဆောက်ခြင်း စသောမှန်ကန်သောအရာများကို ပြုလုပ်ခြင်းအားဖြင့်ဖြစ်သည်။ ယင်းကြောင့် ရစရာမရှိအောင် ယိုယွင်းဖောက်ပြန်သည့် ရှေးလောကကို ဘုရားသခင်ဖျက်ဆီးတော်မူခဲ့သော်ငြားလည်း “ဘုရားတရားမဲ့သူတို့အပေါ်တွင် ရေဘေးသင့်စေသည့်ကာလ . . . ဖြောင့်မတ်ခြင်းတရားဆင့်ဆိုသူ နောဧနှင့်အပေါင်းပါခုနစ်ယောက်ကို ထိန်းသိမ်းထားတော်မူ” ၏။ (၂ ပေတရု ၂:၅၊ သမ) မှန်ပါသည်။ တရားမျှတသော မေတ္တာရှင်ဘုရားသခင် ယေဟောဝါသည် ဆိုးယုတ်သူတို့နှင့်ရော၍ ဖြောင့်မတ်သူတို့ကိုဖျက်ဆီးတော်မမူပေ။ နောဧကိုယ်တိုင်နှင့် သူ၏အိမ်သူအိမ်သားမှစ၍ တိရစ္ဆာန်များစွာတို့၏ကယ်တင်ခြင်းအတွက် ဧရာမသင်္ဘောကြီးဆောက်လုပ်ရန် ညွှန်ကြားပေးတော်မူ၏။ ရေလွှမ်းမိုးဘေးကြီးပြီးနောက် မြေကြီးပေါ်တွင် လူသတ္တဝါများ ပြန်လည်တိုးပွားစေရန်အတွက်ဖြစ်သည်။ နောဧသည်လည်း “မှာထားတော်မူသည်အတိုင်း ပြုလေ၏။”—ကမ္ဘာဦး ၆:၂၂။
၅။ နောဧ၏ဖြောင့်မတ်ခြင်းနှင့် ယုံကြည်ခြင်းအကြောင်း ကျမ်းစာမည်သို့ဖေါ်ပြသနည်း။
၅ သင်္ဘောဆောက်လုပ်ပြီးစီးသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်က နောဧအား “ဤကာလအမျိုးတွင် သင်သည်ငါ့ရှေ့၌ ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည်ဖြစ်၍ သင်၏အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ၊ သင်္ဘောထဲသို့ဝင်ကြလော့” ဟုမိန့်တော်မူ၏။ ပေါလုက အောက်ပါအတိုင်း အတိုချုပ်ထားသည်။ “နောဧသည် မမြင်သေးသောအမှုအရာတို့ကိုဖေါ်ပြသော ဗျာဒိတ်တော်ကိုခံရပြီးမှ ယုံကြည်ခြင်းအားဖြင့် ကြောက်ရွံ့သောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှာ သင်္ဘောကိုတည်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် လောကီသားတို့ကိုအပြစ်တင်၍ ယုံကြည်ခြင်းနှင့်ယှဉ်သော ဖြောင့်မတ်ခြင်းကိုလည်းအမွေခံရ၏။”—ကမ္ဘာဦး ၇:၁။ ဟေဗြဲ ၁၁:၇။
၆။ နောဧသည် မိမိလက်ထက်ရှိလောကကို ယုံကြည်ခြင်းအားဖြင့် အဘယ်သို့အပြစ်တင်ခဲ့သနည်း။
၆ နောဧ၌ထူးခြားထင်ရှားသော ယုံကြည်ခြင်းရှိခဲ့သည်။ ထိုခေတ်ရှိလူမျိုးဆက်ကို ပယ်ရှားမည်ဟူသော ဘုရားသခင့်မိန့်တော်မူချက်ကို သူယုံကြည်သည်။ ယေဟောဝါစိတ်တော်ငြိုငြင်မည်ကိုစိုးရွံ့သောကြောင့် အမိန့်တော်အတိုင်းနာခံ၍ သင်္ဘောတည်ဆောက်သည်။ ထိုမျှမက ဖြောင့်မတ်ခြင်းတရားဟောပြောသူအနေနှင့် ကျရောက်အံ့ဆဲဆဲပျက်စီးခြင်းအကြောင်းကို သူတစ်ပါးအားပြောပြသည်။ သူ့စကားကို ထိုသူတို့နားမထောင်ခဲ့စေကာမူ ထိုဆိုးယုတ်သောလောက၏ ‘အတင်းအကျပ်ဖျစ်ညှစ်ပုံသွင်းခြင်း’ ကို သူခွင့်မပြုခဲ့ပေ။ (ရောမ ၁၂:၂၊ Phillips) ထိုသို့ခွင့်ပြုမည့်အစား ယုံကြည်ခြင်းအားဖြင့်လောကီသားတို့၏ ဆိုးယုတ်မှုအတွက် သူတို့ကိုအပြစ်တင်၍ ဖျက်ဆီးခြင်းခံထိုက်ကြောင်းပြသခဲ့သည်။ သူ၏နာခံမှုနှင့် ဖြောင့်မတ်သောလုပ်ရပ်များက သူနှင့်သူ့မိသားစုအပြင် အခြားသူတို့သည်လည်း သူတို့၏ဘဝပုံစံကို ပြောင်းလဲခဲ့ကြမည်ဆိုလျှင် ကပ်ကျော်နိုင်ကြောင်း သက်သေထင်ရှားပြသသည်။ အမှန်မှာ နောဧသည် သူ၏မစုံလင်သော အသွေးအသား၊ ဝိုင်းရံနေသောဆိုးယုတ်သည့် လောကနှင့် မာရ်နတ်တို့၏ဖိအားအမျိုးမျိုးရှိနေသည့်ကြားမှ ဘုရားသခင်နှစ်သက်တော်မူသည့်အသက်တာမျိုးဖြင့် အသက်ရှင်နိုင်ကြောင်း သက်သေပြသလိုက်သည်။
ဤစနစ်ကို ဘုရားသခင်ဖျက်ဆီးရခြင်းအကြောင်း
၇။ ကျွန်ုပ်တို့နောက်ဆုံးနေ့ရက်များအတွင်း အသက်ရှင်နေကြောင်း မည်သို့သိရသနည်း။
၇ ဤ ၂၀ ရာစု၏ဆယ်စုနှစ် ပြီးတိုင်းပြီးတိုင်း ဤလောကကြီးပို၍ပို၍ ဆိုးယုတ်လာသည်ကို တွေ့ခဲ့ရသည်။ အထူးသဖြင့် ပထမကမ္ဘာစစ်ကြီးစတင်ချိန်မှစ၍ ဤသို့ဖြစ်လာခဲ့သည်။ လူသားတို့သည် လိင်သီလပျက်ပြားမှု၊ ရာဇဝတ်မှု၊ အဓမ္မမှု၊ စစ်မှု၊ မုန်းတီးမှု၊ လောဘနှင့် အလွဲသုံးစားပြုမှု စသောအရာများ၌ ပို၍နက်နက်ရှိုင်းရှိုင်းပါဝင်လာကြသဖြင့် အမှန်ကိုချစ်မြတ်နိုးသူတို့က အခြေအနေပို၍ဆိုးလာမည်ကို စိုးရိမ်ကြသည်။ သို့သော်ငြားလည်း၊ သမ္မာကျမ်းစာက ကျွန်ုပ်တို့လူမျိုးဆက်တွင် ကမ်းကုန်အောင်ဆိုးယုတ်မှု တိုးပွားလာမည့်အကြောင်း တင်ကူးဟောပြောထားသဖြင့် ကျွန်ုပ်တို့ ‘နောက်ဆုံးသောနေ့ရက်များ’ အတွင်းရောက်ရှိနေကြောင်း ထပ်ဆင့်သက်သေပေးထားသည်။—၂ တိမောသေ ၃:၁-၅။ မဿဲ ၂၄:၃၄။
၈။ အပြစ်ဒုစရိုက်ကို သိတတ်ခြင်းအကြောင်းနှင့်ပတ်သက်၍ အချို့ပုဂ္ဂိုလ်များ ဘာပြောခဲ့ကြသနည်း။
၈ ယခုကာလတွင် အပြစ်ဒုစရိုက်နှင့်စပ်လျဉ်းသော စိတ်ကူးသည် လူအများစု၏စိတ်ထဲတွင် ပျက်ပြယ်သွားခဲ့လေပြီ။ လွန်ခဲ့သောအနှစ်လေးဆယ်ကျော်က ပုပ်ရဟန်းမင်း ၁၂ ဦးမြောက် ပိုင်းယပ်စ် ဤသို့သုံးသပ်ပြောကြားခဲ့သည်။ “ဤရာစုနှစ်၏အပြစ်သည် အပြစ်ဒုစရိုက်ကိုခံစားသိတတ်ခြင်းအားလုံး ကင်းမဲ့သွားခြင်းပင်ဖြစ်သည်။” ယခုလက်ရှိလူမျိုးဆက်သည် အပြစ်ဒုစရိုက်ကိုအသိအမှတ်ပြုရန် ငြင်းပယ်သည်။ ဒေါက်တာကားလ်မင်နင်ဂါက သူရေးသားသည့် Whatever Became of Sin? စာအုပ်တွင် ဤသို့ဖေါ်ပြထားသည်။ “အပြစ်ဟူသောစကားလုံးကိုယ်နှိုက်နှင့်တကွ သက်ဆိုင်ရာအသိအမြင်တို့သည် ပျောက်ကွယ်လုမတတ်ဖြစ်နေပြီ။ အဘယ်ကြောင့်နည်း။ မည်သူမျှ အပြစ်မပြုတော့၍လော။” အများသောသူတို့သည် အမှားအမှန်ခွဲခြားနိုင်စွမ်း ဆုံးရှုံးခဲ့ကြသည်။ သို့သော်လည်း၊ ဤအတွက် ကျွန်ုပ်တို့မအံ့သြပေ။ အဘယ်ကြောင့်ဆိုသော် ယေရှုက ‘ဆုံးခန်းချိန်ကာလ’ ၌ ‘မိမိရောက်ရှိခြင်းနိမိတ်’ အကြောင်း မိန့်ကြားစဉ်၌ ဤသို့သောဖြစ်ပေါ်တိုးတက်မှုများအကြောင်း တင်ကူးဟောပြောထား၍ဖြစ်သည်။—မဿဲ ၂၄:၃။ ဒံယေလ ၁၂:၄။
နောဧလက်ထက်၌ပြဌာန်းသော တရားစီရင်ခြင်း ထုံးနည်းပုံစံ
၉။ နောဧလက်ထက်နှင့် မိမိရောက်ရှိခြင်းအတောအတွင်း ဖြစ်ပျက်မည့်အရာများအကြောင်း ယေရှုမည်သို့နှိုင်းယှဉ်တော်မူသနည်း။
၉ ယေရှုက နောဧလက်ထက်မှအဖြစ်အပျက်များနှင့် ၁၉၁၄ ခုနှစ်တွင် မိမိစတင်ရောက်ရှိချိန်အတောအတွင်း၌ ဖြစ်ပျက်မည့်အရာများစပ်ကြား တူညီချက်တစ်ရပ်သုံးသပ်တင်ပြတော်မူခဲ့သည်။ ဤသို့မိန့်တော်မူ၏။ “လူသား [ယေရှု] သည် ကြွလာသောအခါ နောဧလက်ထက်၌ဖြစ်သကဲ့သို့ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်းမဖြစ်မီကာလ၌ နောဧသည် သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်နေ၍ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည်နည်းတူ လူသားကြွလာသောအခါ၌ဖြစ်လိမ့်မည်။”—မဿဲ ၂၄:၃၇-၃၉။
၁၀။ ခရစ်တော်ရောက်ရှိခြင်းနှင့် ဆက်နွယ်သောထူးခြားသည့်ဖြစ်ရပ်များကို လူတို့သည် ယေဘုယျအားဖြင့် မည်သို့ဂရုမပြုဘဲနေကြသနည်း။
၁၀ ဟုတ်ပါသည်။ နောဧလက်ထက်၌ကဲ့သို့ပင် ယနေ့လူတို့သည် အလေးဂရုမပြုကြချေ။ နေ့စဉ်လုပ်ငန်းဆောင်တာနှင့် အတ္တအကျိုးစီးပွားလိုက်စားခြင်းဖြင့် လက်မလည်အောင်လုံးလည်ချာလည်လိုက်နေကြသဖြင့် လက်ရှိအခြေအနေသည် အတိတ်ကာလကအခြေအနေနှင့် တစ်ထပ်တည်းတစ်သားတည်းကိုက်ညီနေသည်ကို အသိအမှတ်ပြုရန် ငြင်းပယ်နေကြသည်။ ယေဟောဝါသက်သေများသည် ယခုခေတ်သစ်လူမျိုးဆက်အား ကောင်းကင်ဘုံတွင်မေရှိယရှင်ဘုရင်အဖြစ် ယေရှုရောက်ရှိတော်မူခြင်းသည် ၁၉၁၄ ခုနှစ်တွင် အစပြုခဲ့ပြီး ‘အစီအစဉ်စနစ်ဆုံးခန်း’ နှင့် တစ်ချိန်တည်းကျကြောင်း ပြောပြလာခဲ့သည်။ (မဿဲ ၂၄:၃) နိုင်ငံတော်သတင်းတရားကို လူအများပြောင်လှောင်သရော်ကြသော်လည်း ဤသို့သရော်မည့်အကြောင်းကို အောက်ပါအတိုင်းတမန်တော်ပေတရုရေးသားရာတွင် တင်ကူးဟောပြောထားသည်။ “ရှေးဦးစွာသိမှတ်အပ်သောအရာဟူမူကား နောက်ဆုံးသောကာလ၌ ပြက်ယယ်ပြုတတ်သောသူတို့သည် မိမိတို့တပ်မက်ခြင်းအတိုင်းကျင့်နေ၍ သခင်ဘုရားကြွလာမည်ဟူသော ကတိတော်သည် အဘယ်မှာရှိသနည်း။ ဘိုးဘေးများအိပ်ပျော်သည်နောက်၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းစကဖြစ်သကဲ့သို့ ဖြစ်မြဲဖြစ်ကြ၏ ဟုဆိုလျက် ကဲ့ရဲ့ခြင်းနှင့်တကွပေါ်လာကြလိမ့်မည်။”—၂ ပေတရု ၃:၃၊ ၄။
၁၁။ ကြီးစွာသောဒုက္ခကျရောက်ချိန်တွင် ယခုကာလလူမျိုးဆက်သည် အဘယ်ကြောင့်ဆင်ခြေတက်စရာအကြောင်းမရှိသနည်း။
၁၁ သို့တစေ၊ ယနေ့လူမျိုးဆက်သည် ကြီးစွာသောဒုက္ခကျရောက်လာသောအခါ၌ ဆင်ခြေပေးရန်အကြောင်းရှိမည်မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ ကျွန်ုပ်တို့လက်ထက်၌ ဘုရားသခင်ပြုလုပ်တော်မူမည့်အရာများအတွက် ပုံနမူနာပြထားသည့် ရှေးကာလဘုရားသခင့်တရားစီရင်ခြင်းဆိုင်ရာ သမ္မာကျမ်းစာမှတ်တမ်းများရှိနေသောကြောင့်ဖြစ်သည်။ (ယုဒ ၅-၇) သူတို့မျက်မှောက်၌ပြည့်စုံလျက်ရှိသော သမ္မာကျမ်းစာပရောဖက်ပြုချက်က ခေတ်ကာလရေစီးကြောင်းတစ်လျှောက် ကျွန်ုပ်တို့မည်သည့်နေရာတွင်ရောက်နေကြောင်း သံသယရှင်းစွာပြသလျက်ရှိသည်။ ထို့ပြင် ယေဟောဝါသက်သေများ၏ဟောပြောခြင်းလုပ်ငန်းနှင့် သူတို့လည်း နောဧနည်းတူ သမာဓိစောင့်သိခြင်းမှတ်တမ်းများ အထင်အရှားရှိနေသည်။
၁၂။ နောဧလက်ထက်မှလောကကြီးပျက်စီးခြင်းနှင့် “ယခုရှိသောမိုးကောင်းကင်နှင့်မြေကြီး” အပေါ်ကျရောက်မည့် ပျက်စီးခြင်းတို့ကို ပေတရုသည် အနှစ်သာရနှင့် မည်သို့နှိုင်းယှဉ်ထားသနည်း။
၁၂ ဤအချက်တို့ကို ဂရုမမူသူများ မည်သို့ဖြစ်ပျက်မည်အကြောင်း ပေတရုရှင်းပြ၏။ တမန်တော်ပေတရုသည် ယေရှုနည်းတူ နောဧလက်ထက်၌ဖြစ်ပျက်ရာများကို ရည်ညွှန်း၍ ဤသို့ဆို၏။ “ရှေးကာလ၌ မိုးကောင်းကင်ကိုလည်းကောင်း၊ ရေထဲကထွက်၍ ရေဖြင့်တည်သောမြေကြီးကိုလည်းကောင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ဖြစ်စေတော်မူကြောင်းနှင့် ဖြစ်ဖူးသောလောကဓာတ်ကို ထိုသို့အားဖြင့်ရေနှင့်လွှမ်းမြှုပ်၍ ဖျက်ဆီးကြောင်းကို ထိုသူတို့သည်မှတ်မိချင်သောစိတ်မရှိကြ။ ယခုရှိသောမိုးကောင်းကင်နှင့် မြေကြီးမူကား တရားဆုံးဖြတ်၍ အဓမ္မလူတို့ကိုဖျက်ဆီးသောနေ့ရက်တိုင်အောင် ထိုနှုတ်ကပတ်တော်အားဖြင့် သိုထားလျက်ရှိ၍ မီးရှို့ခြင်းအဖို့အလိုငှာ နေရစ်သတည်း။”—၂ ပေတရု ၃:၅-၇။
၁၃။ ရှေ့တွင်ကြုံတွေ့ရမည့် အရေးကြီးသည့်ဖြစ်ရပ်များကိုထောက်ရှု၍ ပေတရု၏အဘယ်သြဝါဒစကားကို နာခံသင့်သနည်း။
၁၃ ဘုရားသခင်၏တရားစီရင်ခြင်းသည် မဖုံးကွယ်နိုင်လောက်အောင်သေချာလှသဖြင့် သရော်ပြောင်လှောင်သူတို့ကြောင့် တွေဝေခြင်း၊ ကြောက်ရွံ့ခြင်း မဖြစ်ပါစေနှင့်။ သူတို့၏ကြမ္မာမျိုးကို ကျွန်ုပ်တို့တွေ့ကြုံစရာမလိုပေ။ ပေတရု ဤသို့သြဝါဒပေး၏။ “သို့ဖြစ်၍ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့် မိုးကောင်းကင်သည် မီးနှင့်ပျက်၍ လောကဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းခံရသောနေ့တည်းဟူသော ဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟု သင်တို့သည်မျှော်လင့်တောင့်တလျက် သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းအားဖြင့် အဘယ်သို့သောသူဖြစ်အပ်ကြသနည်း။ ယခုရှိသမျှသောအရာတို့သည် ပျက်ရသော်လည်း ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။”—၂ ပေတရု ၃:၁၁-၁၃။
ကပ်ကျော်ရန် နောဧ၏ယုံကြည်ခြင်းကို အတုယူ
၁၄။ အဘယ်မေးခွန်းများက မိမိတို့ကိုယ်ကို ပိုင်းခြားစိတ်ဖြာရန် အထောက်အကူပြုသနည်း။
၁၄ နောဧနှင့်မိသားစုသည် ကပ်ကျော်သူများဖြစ်လာရန်နှင့် ထိုအနေအထား၌တည်မြဲနေရန်အတွက် စိန်ခေါ်မှုအမျိုးမျိုး ရင်ဆိုင်ခဲ့ရသကဲ့သို့ ယနေ့ ကျွန်ုပ်တို့လည်းအလားတူစိန်ခေါ်မှုမျိုးကို ရင်ဆိုင်ရကြသည်။ နောဧနည်းတူ ယေဟောဝါသက်သေများသည် ကောင်းမှုများ ဒွန်တွဲလျက်ရှိသော သူတို့၏ယုံကြည်ခြင်းအားဖြင့် လောကကိုအပြစ်တင်နေကြသည်။ သို့သော်လည်း၊ တစ်ဦးစီအနေဖြင့် မိမိကိုယ်ကို ဤသို့မေးကြည့်နိုင်သည်။ ‘ကျွန်တော်ကိုယ်တိုင် အဘယ်သို့ပြုလုပ်နေသနည်း။ ကြီးစွာသောဒုက္ခ မနက်ဖြန်ရောက်လာခဲ့သော် ကျွန်တော်.ကို ကပ်ကျော်ထိုက်သူအဖြစ် ဘုရားသခင်စီရင်တော်မူမည်လော။ “မိမိကာလ၌ရှိသော လူတို့တွင် စုံလင်သောသူ” ဖြစ်သောနောဧကဲ့သို့ လောကနှင့်မတူ တစ်မူထူးခြားရန် ကျွန်တော်သတ္တိရှိသလော။ သို့တည်းမဟုတ် ကျွန်တော်၏ ပြုမူပြောဆိုဝတ်စားပုံကြောင့် တစ်ခါတစ်ရံ လောကီသားတစ်ဦးနှင့် ခွဲမရလောက်အောင်ဖြစ်နေသလော။’ (ကမ္ဘာဦး ၆:၉) ယေရှုက တပည့်တော်တို့နှင့်ပတ်သက်၍ ဤသို့မိန့်တော်မူ၏။ “အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည်မဆက်ဆံ” ကြချေ။—ယောဟန် ၁၇:၁၆။ ၁ ယောဟန် ၄:၄-၆ နှင့်နှိုင်းယှဉ်ပါ။
၁၅။ (က) ၁ ပေတရု ၄:၃၊ ၄ အရ အတိတ်မှလောကီအတွေးအခေါ်နှင့် အကျင့်အကြံတို့ကို မည်သို့သဘောထားသင့်သနည်း။ (ခ) လောကီမိတ်ဆွေဟောင်းများ၏ ဝေဖန်ခြင်းခံရလျှင် ဘာလုပ်သင့်သနည်း။
၁၅ ပေတရု ဤသို့သြဝါဒပေး၏။ “သာသနာပလူတို့၏အလိုသို့လိုက်၍ ကိလေသာညစ်ညူးခြင်း၊ ကာမတပ်မက်ခြင်း၊ စပျစ်ရည်နှင့်ယစ်မူးခြင်း၊ ပွဲလုပ်ခြင်း၊ သောက်ကြူးခြင်း၊ အဓမ္မရုပ်တုကိုကိုးကွယ်ခြင်း၌ ကျင်လည်၍ ငါတို့လွန်စေပြီးသောအသက်ကာလသည် ငါတို့အားလောက်ပေ၏။ ယခုမှာ သင်တို့သည် သူတို့နှင့်အတူမဆက်ဆံ၊ ကာမဂုဏ်၌လွန်ကျူး ညစ်ညူးစွာမပြုသည်အရာကို သူတို့သည် အံ့ဩ၍ ကဲ့ရဲ့တတ်ကြ၏။” (၁ ပေတရု ၄:၃၊ ၄) သင်သည် ဘုရားသခင်နှင့်အတူ သွားလာ၍ ထိုသူတို့နှင့်အတူမဆက်ဆံကြသောကြောင့် သင်၏လောကီမိတ်ဆွေဟောင်းများက သင့်အားကဲ့ရဲ့ကောင်းကဲ့ရဲ့မည်။ သို့သော်လည်း နောဧနည်းတူ သင့်ယုံကြည်ခြင်း၊ ကျိုးနွံနှိမ့်ချစိတ်နှင့် လုပ်ဆောင်သောကောင်းမှုများအားဖြင့် သူတို့ကိုအပြစ်တင်နိုင်သည်။—မိက္ခာ ၆:၈။
၁၆။ နောဧကို ဘုရားသခင်မည်သို့ရှုမှတ်တော်မူသနည်း။ ကျွန်ုပ်တို့၏အတွေးအခေါ်နှင့် အကျင့်အကြံတို့ကိုဆန်းစစ်ရန် အဘယ်မေးခွန်းများက အထောက်အကူပြုကောင်းပြုမည်နည်း။
၁၆ နောဧကိုဖြောင့်မတ်သောသူအဖြစ် ဘုရားသခင်ယူမှတ်တော်မူ၏။ သစ္စာရှိသော ဤဘိုးဘေးသည် ‘ယေဟောဝါစိတ်တော်နှင့်တွေ့သောသူဖြစ်သတည်း။’ (ကမ္ဘာဦး ၆:၈) သင်၏အတွေးအခေါ်နှင့် အကျင့်အကြံများကို ဘုရားသခင့်စံချိန်များဖြင့် ချိန်ထိုးဆန်းစစ်လိုက်သောအခါ သင်လုပ်နေသောအရာများ၊ သွားသည့်နေရာများကို ကိုယ်တော်နှစ်သက်သဘောကျသည်ဟု သင်ခံစားရသလော။ ယခုအခါ အလွန်ရေပန်းစားနေသော အောက်တန်းကျသည့် ဖျော်ဖြေမှုများကို တစ်ခါတစ်ရံ လိုက်စားသလော။ ဘုရားသခင့်နှုတ်ကပတ်တော်က စင်ကြယ်သောအရာ၊ အကျိုးဖြစ်ထွန်းသောအရာနှင့် ဆောက်တည်သောအရာများကို တွေးတောအပ်ကြောင်း ဆုံးမထားသည်။ (ဖိလိပ္ပိ ၄:၈) ‘အမှားနှင့်အမှန်ကို ပိုင်းခြားသိမြင်ရန် သင်၏အသိအမြင်စွမ်းရည်သတ္တိကို လေ့ကျင့်’ ခြင်းအလိုငှာ ဘုရားသခင့်နှုတ်ကပတ်တရားတော်ကို အပတ်တကုတ် ကြိုးစားလေ့လာဆည်းပူးသလော။ (ဟေဗြဲ ၅:၁၄) မကောင်းသောအပေါင်းအဖေါ်တို့ကိုစွန့်ခွာ၍ ခရစ်ယာန်စည်းဝေးများနှင့် အခြားအချိန်အခါများ၌ ယေဟောဝါအား ကိုးကွယ်သူချင်းတို့နှင့် ပေါင်းသင်းခြင်းကို မြတ်နိုးပါသလော။—၁ ကောရိန္သု ၁၅:၃၃။ ဟေဗြဲ ၁၀:၂၄၊ ၂၅။ ယာကုပ် ၄:၄။
၁၇။ ယေဟောဝါသက်သေများအနေဖြင့် ကျွန်ုပ်တို့နောဧနှင့်အဘယ်သို့တူနိုင်ကြသနည်း။
၁၇ သင်္ဘောဆောက်လုပ်ပြီးစီးသည့်အကြောင်း တင်ပြပြီးနောက် ကျမ်းစာက “မှာထားတော်မူသည်အတိုင်းလည်း နောဧပြုလေ၏” ဟု ဆို၏။ (ကမ္ဘာဦး ၆:၂၂) ဘုရားဝတ်၌မွေ့လျော်သော ထိုပုဂ္ဂိုလ်သည် ယေဟောဝါသက်သေတစ်ဦးအနေနှင့် အားကြိုးမာန်တက် ဟောပြောခဲ့သည်။ နောဧနည်းတူ သင်လည်း ဖြောင့်မတ်ခြင်းတရား မှန်မှန်ဟောပြောသူတစ်ဦးအနေနှင့် မှန်ကန်ရာကို သစ္စာရှိရှိ ထောက်ခံပြောဆိုသူဖြစ်နိုင်ပေသည်။ နားထောင်သူနည်းပါးစေကာမူ ဤဆိုးယုတ်သောလောက၏အဆုံးအကြောင်း သတိပေးရာတွင် စွဲစွဲမြဲမြဲကြိုးစားအားထုတ်ပါ။ အဆုံးမတိုင်မီ တပည့်ဖြစ်စေခြင်းလုပ်ငန်းပြီးစီးရေးအတွက် ယုံကြည်သူချင်း တို့နှင့် ညီညွတ်စွာလုပ်ဆောင်ပါလေ။—မဿဲ ၂၈:၁၉၊ ၂၀။
၁၈။ ကြီးစွာသောဒုက္ခကို မည်သူကပ်ကျော်မကျော် အဘယ်အခြေခံအပေါ်မူတည်၍ ယေဟောဝါဆုံးဖြတ်စီရင်တော်မူသနည်း။
၁၈ နောဧလက်ထက်၌ ပြုသကဲ့သို့ ဘုရားသခင်သည် ထိုဖြောင့်မတ်၍တရားမျှတသောစံချိန်များကိုပင် ကျင့်သုံးပြီး ကြီးစွာသောဒုက္ခကာလအတွင်း မည်သူကပ်ကျော်၍ မည်သူပျက်စီးမည်ကို ယခုဆုံးဖြတ်နေတော်မူ၏။ ယခုလက်ရှိခွဲခြားခြင်းလုပ်ငန်းကို သိုးထိန်းကသိုးနှင့်ဆိတ်တို့ကို တစ်သီးတစ်ခြားစီခွဲထားခြင်းနှင့် ယေရှုနှိုင်းယှဉ်တော်မူ၏။ (မဿဲ ၂၅:၃၁-၄၆) မိမိတို့ဘဝကို အတ္တဆန္ဒများနှင့် ဝါသနာပါရာများ၌သာ မဏ္ဍိုင်ပြု၍ တည်ဆောက်ထားသူတို့အနေဖြင့် လောကဟောင်းကြီးကုန်ဆုံးသည်ကို မလိုလားကြသဖြင့် ကပ်ကျော်ကြမည်မဟုတ်ပေ။ သို့သော်လည်း၊ ဤလောက၏ဖောက်ပြန်သောအမူအကျင့်များကို ရှောင်ကြဉ်သောသူ၊ ဘုရားသခင်၌ခိုင်မြဲသောယုံကြည်ခြင်း စောင့်ထိန်းသောသူ၊ နိုင်ငံတော်သတင်းဟောပြော၍ လာလတံ့သောယေဟောဝါ၏တရားစီရင်ခြင်းကို သတိပေးသောသူတို့သည် ကပ်ကျော်သူများအနေနှင့်ဘုရားမျက်နှာသာတော် ခံစားရကြပေမည်။ ယေရှုဤသို့မိန့်တော်မူ၏။ “ထိုအခါ လယ်၌ရှိသောသူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကားနေရစ်ရလတံ့။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။”—မဿဲ ၂၄:၄၀၊ ၄၁။ ၂ သက်သာလောနိတ် ၁:၆-၉။ ဗျာဒိတ် ၂၂:၁၂-၁၅။
နောဧနှင့် ကောင်းချီးမင်္ဂလာဝင်စားခြင်း
၁၉။ နောက်ဆုံးနေ့ရက်များ၌ အဘယ်စုရုံးခြင်းအကြောင်းကို ဟေရှာယနှင့်မိက္ခာတို့ တင်ကူးဟောပြောခဲ့ကြသနည်း။
၁၉ နောက်ဆုံးသောနေ့ရက်များ၌ ဖြစ်ပျက်မည့်အရာများကို ဘုရားသခင့်ပရောဖက်ဟေရှာယ နှင့် မိက္ခာနှစ်ပါးစလုံးက တူညီသောပရောဖက်ပြုချက်များဖြင့် ဖေါ်ပြခဲ့ကြသည်။ ယနေ့ပြည့်စုံလျက်ရှိသောအရာများကို သူတို့ကြိုတင်မြင်ခဲ့ကြသည်။ ၄င်းမှာ စိတ်နှလုံးဖြောင့်မတ်သည့် လူတန်းကြီးတစ်စုသည် ဤလောကဟောင်းမှထွက်လာ၍ မှန်သောကိုးကွယ်ဝတ်ပြုမှု၏ အထိမ်းအမှတ်တောင်တော်သို့သွားနေကြခြင်းပင်ဖြစ်သည်။ ထိုသူတို့သည် အခြားသူတို့အား ဤသို့ဖိတ်ခေါ်၏။ “လာကြလော့။ [ယေဟောဝါ] ၏တောင်တော်၊ ယာကုပ်အမျိုး၏ဘုရားသခင့်အိမ်တော်သို့တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍ ငါတို့သည်ခြေတော်ရာသို့လိုက်သွားကြမည်။” (ဟေရှာယ ၂:၂၊ ၃။ မိက္ခာ ၄:၁၊ ၂) ပျော်ရွှင်ဝမ်းမြောက်သော ဤလူထုကြီးနှင့် သင်အတူသွားနေပါသလော။
၂၀။ ယုံကြည်ခြင်းအားဖြင့် လောကကိုအပြစ်တင်ကြသူများ အဘယ်ကောင်းချီးမင်္ဂလာခံစားရကြမည်နည်း။
၂၀ မိမိတို့၏ယုံကြည်ခြင်းအားဖြင့် လောကကို အပြစ်တင်သူများ ခံစားရမည့်ကောင်းချီးမင်္ဂလာများအကြောင်းကိုလည်း ဟေရှာယနှင့် မိက္ခာတို့က ဥပမာအဖြစ်ဖေါ်ပြထားသည်။ သူတို့ဘောင်တွင် စစ်မှန်သောငြိမ်းချမ်းရေးနှင့် တရားမျှတခြင်းလွှမ်းမိုးနေမည်။ စစ်အတတ်ကို နောက်တစ်ဖန်သင်ကြမည်မဟုတ်ပေ။ ယေဟောဝါထံတော်မှ အမွေတော်ခံရမည့် သေချာသောမျှော်လင့်ချက်ရှိသည့်အပြင် “ကိုယ်ပိုင်သောစပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။” သို့ရာတွင် တစ်ဦးစီအနေဖြင့် ခိုင်မာပြတ်သားသည့် ဆုံးဖြတ်ချက်ချရပေမည်။ မိက္ခာကအောက်ပါအတိုင်း လမ်းနှစ်သွယ်ရှိကြောင်း ရှင်းပြထားသောကြောင့်ဖြစ်သည်။ “လူမျိုးအပေါင်းတို့သည် ကိုယ်ဆိုင်သောဘုရား၏နာမကိုခိုလှုံလျက် ကျင့်နေတတ်ကြ၏။ ငါတို့မူကား ကိုယ်ဆိုင်သော ဘုရားသခင်ယေဟောဝါ၏နာမတော်ကို ကာလအစဉ်အမြဲ ခိုလှုံလျက်ကျင့်နေကြမည်။”—မိက္ခာ ၄:၃-၅။ ဟေရှာယ ၂:၄။
၂၁။ မြေကြီးပေါ်တွင် ထာဝရအသက်ရှင်ခြင်းကောင်းချီးကို သင်မည်သို့ခံစားနိုင်သနည်း။
၂၁ ကြီးစွာသောဒုက္ခကို ကပ်ကျော်ရန်အတွက် လိုအပ်သောအရာကို ကျမ်းစာကရှင်းလင်းစွာ ဖေါ်ပြထားသည်။ ခိုင်မြဲသောယုံကြည်ခြင်းဖြစ်သည်။ နောဧ၌ထိုသို့သောယုံကြည်ခြင်းရှိခဲ့သည်။ သင်၌ကောရှိသလော။ ရှိပါက သူကဲ့သို့ပင် “ယုံကြည်ခြင်းနှင့်ယှဉ်သော ဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ” လတံ့။ (ဟေဗြဲ ၁၁:၇) နောဧသည် ဘုရားသခင့်အမိန့်တော်အားဖြင့် သူ့မျိုးဆက်အပေါ်ကျရောက်ခဲ့သည့် ပျက်စီးခြင်းကို ကပ်ကျော်ခဲ့သည်။ ရေလွှမ်းမိုးပြီးနောက် နှစ်ပေါင်း ၃၅၀ ထပ်၍ အသက်ရှင်ခဲ့ရရုံမက ကမ္ဘာမြေကြီးပေါ်တွင် ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်ချက်ဖြင့် ရှင်ပြန်ထမြောက်လာမည်ဖြစ်သည်။ ကြီးမြတ်လှသည့် ကောင်းချီးပါတကား။ (ဟေဗြဲ ၁၁:၁၃-၁၆) နောဧမှစ၍ သူ့မိသားစုနှင့်တကွ ဖြောင့်မတ်ခြင်းတရားချစ်မြတ်နိုးသူ သန်းပေါင်းများစွာတို့နှင့်အတူ ထိုကောင်းချီးမင်္ဂလာကို အသင်ခံစားနိုင်သည်။ အဘယ်သို့အားဖြင့်နည်း။ အဆုံးတိုင်အောင်ခံနိုင်ရည်ရှိပြီး၊ သင့်ယုံကြည်ခြင်းဖြင့် လောကကိုအပြစ်တင်ခြင်းအားဖြင့်ဖြစ်သည်။
သင်မှတ်မိသလော
▫ နောဧ၏ဘဝအကြောင်းလေ့လာခြင်းသည် ခရစ်ယာန်များအဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။
▫ ယခုခေတ်လူမျိုးဆက်သည် ပျက်စီးခြင်းသို့ဦးတည်သည့် အဘယ်အရာကို ဂရုမပြုကြသနည်း။
▫ နောဧကဲ့သို့ ကျွန်ုပ်တို့လောကကို အဘယ်သို့အပြစ်တင်နိုင်ကြသနည်း။
▫ ဖြောင့်မတ်ခြင်းတရားဟောပြောသူ နောဧကဲ့သို့ ကျွန်ုပ်တို့မည်သို့ဖြစ်နိုင်သနည်း။