ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၁၂/၁၅ စာ. ၁၁-၁၆
  • သူတို့သည် ‘မှာထားတော်မူသည့်အတိုင်းပြုခဲ့ကြ’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူတို့သည် ‘မှာထားတော်မူသည့်အတိုင်းပြုခဲ့ကြ’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နောဧခေတ်တွင်
  • မောရှေ—အနူးညံ့ဆုံးလူသား
  • ယောရှု—ရဲစွမ်းသတ္တိရှိ၍ အလွန်ကြံ့ခိုင်သူ
  • သစ္စာစောင့်သိသောဘုရင်များနှင့် နာခံမှုမရှိသောဘုရင်များ
  • ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့်အညီ အသက်ရှင်ခြင်း
  • ယေဟောဝါ၏နည်းလမ်းတော်များကို သိရှိလာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ယောရှုအမှတ်ရခဲ့ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • မောရှေရဲ့ယုံကြည်ခြင်းကို တုပပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဖန်ဆင်းရှင်က ကျွန်ုပ်တို့အကျိုးအတွက် မိမိကိုယ်ကို ထင်ရှားသိသာစေခြင်း!
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၁၂/၁၅ စာ. ၁၁-၁၆

သူတို့သည် ‘မှာထားတော်မူသည့်အတိုင်းပြုခဲ့ကြ’

“ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။”—၁ ယောဟန် ၅:၃။

၁ ဘုရားသခင့်ချစ်ခြင်းမေတ္တာတော်၏ အကျယ်အဝန်းနှင့်ပတ်သက်၍ ဘာပြောနိုင်သနည်း။

“ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။” ဘုရားသခင်ကို သိရှိကာ ကိုယ်တော့်ပညတ်တော်များကို စောင့်ရှောက်နာခံလာကြသောသူအပေါင်းတို့သည် ထိုချစ်ခြင်းမေတ္တာ၏နက်ရှိုင်းမှုကို လေးလေးနက်နက်သဘောပေါက်လာကြသည်။ “ငါတို့သည် ဘုရားသခင်ကိုချစ်ကြသည်ဟုမဆို။ ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါတို့၏အပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းငှာ သားတော်ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။” ယေရှု၏တန်ဖိုးရှိသော ရွေးနုတ်ဖိုးပူဇော်သကာကို ယုံကြည်ကြောင်းတင်ပြပါက ကျွန်ုပ်တို့သည် ‘ဘုရားသခင်၏မေတ္တာတော်တွင် တည်နေ’ သည်။ (၁ ယောဟန် ၄:၈-၁၀၊ ၁၆) သို့နှင့် ကျွန်ုပ်တို့သည် ယခုအချိန်တွင် ဝိညာဏကောင်းချီးအလျှံပယ်ခံစားရနိုင်ပြီး လာမည့်အစီအစဉ်တွင် ထာဝရအသက်ကို ရရှိပေမည်။—ယောဟန် ၁၇:၃; ၁ ယောဟန် ၂:၁၅၊ ၁၇။

၂။ ဘုရားသခင့်ပညတ်တော်များကို စောင့်ခြင်းသည် ကိုယ်တော့်ကျေးကျွန်များကို မည်သို့အကျိုးပေးခဲ့ပြီနည်း။

၂ ကျမ်းစာမှတ်တမ်းတွင် ဘုရားသခင့်ပညတ်တော်များကို စောင့်ရှောက်ခဲ့သောကြောင့် ကြွယ်ဝစွာကောင်းချီးသွန်းချပေးခြင်းခံရသူများ၏ ပုံသက်သေများနှင့် ပြည့်လျက်ရှိသည်။ ဤသူတို့တွင် ခရစ်ယာန်ခေတ်မတိုင်မီ သက်သေခံများပါဝင်ပြီး သူတို့ထဲမှ တချို့နှင့် စပ်လျဉ်း၍ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “ယခုဆိုခဲ့ပြီးသောသူအပေါင်းတို့သည် ကတိတော်နှင့်စပ်ဆိုင်သောအကျိုးကျေးဇူးကို မခံရဘဲ၊ အဝေးကမြော်မြင်လျက်၊ စိတ်နှလုံးနှင့်ဖက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှာ တစ်ကျွန်းသူတစ်နိုင်ငံသား၊ ဧည့်သည်အာဂန္တုဖြစ်သည်ကို ထင်ရှားစွာဝန်ခံလျက်၊ ယုံကြည်ခြင်းစိတ်နှင့် သေလွန်ကြ၏။” (ဟေဗြဲ ၁၁:၁၃) နောက်ပိုင်းတွင် ဆက်ကပ်အပ်နှံထားသော ဘုရားသခင့်ခရစ်ယာန်ကျေးကျွန်များသည် ‘ယေရှုခရစ်အားဖြင့်ဖြစ်သော ကျေးဇူးတရားနှင့် သစ္စာတရား’ မှ အကျိုးခံစားခဲ့ကြရသည်။ (ယောဟန် ၁:၁၇) လူ့သမိုင်း၏ အနှစ် ၆,၀၀၀ ခန့်ကာလတစ်လျှောက် ယေဟောဝါသည် အမှန်ပင် “ဝန်မလေး” စေသည့် မိမိ၏ပညတ်တော်များကို နာခံလိုက်လျှောက်သော သစ္စာရှိသက်သေခံများကို ဆုချခဲ့ပြီ။—၁ ယောဟန် ၅:၂၊ ၃၊ သတင်းကောင်း။

နောဧခေတ်တွင်

၃။ မည်သည့်နည်းများဖြင့် နောဧသည် “မှာထားတော်မူသည့်အတိုင်း” ပြုခဲ့သနည်း။

၃ ကျမ်းစာမှတ်တမ်းက ဤသို့ဆိုသည်– “နောဧသည် မမြင်သေးသောအမှုအရာတို့ကို ဖော်ပြသောဗျာဒိတ်တော်ကို ခံရပြီးမှ ယုံကြည်ခြင်းအားဖြင့် ကြောက်ရွံ့သောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှာ သင်္ဘောကိုတည်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် လောကီသားတို့ကိုအပြစ်တင်၍ ယုံကြည်ခြင်းနှင့်ယှဉ်သော ဖြောင့်မတ်ခြင်းကိုလည်းအမွေခံရ၏။” “ဖြောင့်မတ်ခြင်းတရားကိုဟောသူ” အနေနှင့် နောဧသည် ဘုရားသခင်ကို အကြွင်းမဲ့နာခံခဲ့ပြီး ရေလွှမ်းမိုးဘေးမတိုင်မီက အဓမ္မလောကအပေါ်သက်ရောက်အံ့ဆဲဆဲ ဘုရားသခင့်တရားစီရင်ချက်အကြောင်း သတိပေးခဲ့သည်။ (ဟေဗြဲ ၁၁:၇; ၂ ပေတရု ၂:၅) သင်္ဘောဆောက်ရာတွင် ဘုရားသခင်ပေးသည့် ပုံစံအတိုင်း ဂရုတစိုက်လိုက်လျှောက်ခဲ့သည်။ ထို့နောက် သူသည် သတ်မှတ်ထားသည့်တိရစ္ဆာန်များနှင့် အစာရေစာများကို ယူဆောင်လာသည်။ “မှာထားတော်မူသည့်အတိုင်း နောဧပြုလေ၏။”—ကမ္ဘာဦး ၆:၂၂။

၄၊ ၅။ (က) မကောင်းသြဇာလွှမ်းမိုးမှုက ဤခေတ်ရှိလူသားများကို မည်သို့ထိခိုက်လာခဲ့သနည်း။ (ခ) ကျွန်ုပ်တို့သည် အဘယ်ကြောင့် ဘုရားသခင့်ညွှန်ကြားချက်များကို နာခံလိုက်လျှောက်ခြင်းအားဖြင့် “မှာထားတော်မူသည့်အတိုင်း” လုပ်ဆောင်သင့်သနည်း။

၄ နောဧနှင့် သူ၏မိသားစုသည် နာခံမှုမရှိသော ကောင်းကင်တမန်များ၏ မကောင်းသြဇာလွှမ်းမိုးမှုကို တိုက်လှန်ခဲ့ရသည်။ ဤဘုရားသခင့်သားများသည် ရုပ်အသွင်ယူဆောင်ပြီး လူ့မိန်းမများနှင့်ပေါင်းဖော်ကြရာ လူများကိုအနိုင်ကျင့်သော သာမန်လူထက်အစွမ်းခွန်အားကြီးမားသော ကပြားကလေးများကို ပေါ်ပေါက်စေကြသည်။ “ထိုအခါ မြေကြီးသည် ဘုရားသခင်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။” ယေဟောဝါသည် ထိုဆိုးသွမ်းသောလူမျိုးဆက်ကို သုတ်သင်ဖယ်ရှားရန် ရေလွှမ်းမိုးဘေးကြီးကို ပေါ်ပေါက်စေသည်။ (ကမ္ဘာဦး ၆:၄၊ ၁၁-၁၇; ၇:၁) နောဧခေတ်မှစ၍ ဆိုးသွမ်းသောကောင်းကင်တမန်များသည် ရုပ်ခန္ဓာအသွင်ယူဆောင်ခွင့် မရရှိကြတော့ပါ။ သို့ဖြစ်စေကာမူ ‘လောကီသားအပေါင်းသည် စာတန်မာရ်နတ်၏လက်၌ ဆက်ရှိနေဆဲဖြစ်သည်။’ (၁ ယောဟန် ၅:၁၉; ဗျာဒိတ် ၁၂:၉) ပရောဖက်ပြုချက်အနေဖြင့် ယေရှုက မိမိ၏ “ရောက်ရှိနေခြင်း” နိမိတ် စတင်ထင်ရှားလာသည့် ၁၉၁၄ ခုနှစ်ကတည်းကစတင်သည့် မိမိကိုငြင်းပယ်သော လူမျိုးဆက်ကို နောဧခေတ်ရှိပုန်ကန်သောလူမျိုးဆက်နှင့် နှိုင်းယှဉ်ခဲ့သည်။—မဿဲ ၂၄:၃၊ ၃၄၊ ၃၇-၃၉; လုကာ ၁၇:၂၆၊ ၂၇။

၅ ယနေ့တွင် နောဧခေတ်ကကဲ့သို့ပင် စာတန်သည် လူသားများနှင့် ကျွန်ုပ်တို့ဂြိုဟ်ကို ဖျက်လိုဖျက်ဆီးလုပ်ရန် ကြိုးစားနေသည်။ (ဗျာဒိတ် ၁၁:၁၅-၁၈) ထို့ကြောင့် ကျွန်ုပ်တို့သည် မှုတ်သွင်းခံဤအမိန့်ကို လိုက်နာရန် အရေးတကြီးဖြစ်နေသည်– “မာရ်နတ်၏ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။” (ဧဖက် ၆:၁၁) ယင်းကိုဝတ်ဆင်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လေ့လာကာ မိမိတို့၏အသက်တာတွင် ကျင့်သုံးခြင်းက အကာအကွယ်ရရှိစေသည်။ ထို့အပြင် ကျွန်ုပ်တို့သွားသင့်သည့်လမ်းကို စိတ်ရှည်လက်ရှည် ဦးဆောင်လမ်းပြပေးရန် “သစ္စာနှင့်သတိပညာရှိသောကျွန်”၊ မေတ္တာပြည့်ဝသောအကြီးအကဲများရှိသည့် ဂရုစိုက်စောင့်ရှောက်ပေးသော ယေဟောဝါ၏အဖွဲ့အစည်း ကျွန်ုပ်တို့တွင်ရှိထားသည်။ ကျွန်ုပ်တို့သည် ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ပြီးစီးအောင်လုပ်ဆောင်ကြရသည်။ (မဿဲ ၂၄:၁၄၊ ၄၅-၄၇၊ သမ) ဘုရားသခင့်ညွှန်ကြားချက်များကို ဂရုတစိုက်နာခံသော နောဧကဲ့သို့ ကျွန်ုပ်တို့လည်း “မှာထားတော်မူသည့်အတိုင်း” လုပ်နိုင်ကြပါစေ။

မောရှေ—အနူးညံ့ဆုံးလူသား

၆၊ ၇။ (က) အဘယ်ဆုကျေးဇူးခံစားရသော ရွေးချယ်မှုကို မောရှေပြုခဲ့သနည်း။ (ခ) ရဲစွမ်းသတ္တိရှိခြင်းဆိုင်ရာ အဘယ်နမူနာကို ကျွန်ုပ်တို့အတွက် မောရှေထားခဲ့သနည်း။

၆ ယုံကြည်မှုရှိသည့် နောက်အမျိုးသားဖြစ်သူ—မောရှေကို သုံးသပ်ကြည့်ကြစို့။ သူသည် အီဂျစ်ပြည်၏စည်းစိမ်များတွင် ကြိုက်သလိုလုပ်နိုင်သည့်အသက်တာမျိုးကို ခံစားပျော်မွေ့နိုင်ခဲ့သည်။ သို့သော် “အပြစ်ရှိသောကာမဂုဏ်ကို ခဏခံစားခြင်းထက် ဘုရားသခင်၏လူတို့နှင့်အတူ ညှဉ်းဆဲခံခြင်းကို” သူရွေးချယ်ခဲ့သည်။ ယေဟောဝါ၏တာဝန်ပေးခြင်းခံရသော ကျေးကျွန်တစ်ဦးအနေနှင့် သူသည် “နောင်ရလတ္တံ့သော အကျိုးကို ထောက်စာမျှော်လင့်လျက် . . . မျက်မြင်မရသောဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။”—ဟေဗြဲ ၁၁:၂၃-၂၈။

၇ တောလည်ရာ ၁၂:၃ တွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “မောရှေသည် မြေကြီးပေါ်မှာရှိနေသော သူအပေါင်းတို့ထက် သာ၍နူးညံ့သိမ်မွေ့သော သဘောရှိ၏။” ဆန့်ကျင်ဘက်အနေနှင့် အီဂျစ်ဘုရင်ဖာရောမူ လူအပေါင်းတို့တွင် မာန်မာနအတက်ဆုံးသူကဲ့သို့ ပြုမူခဲ့သည်။ ယေဟောဝါသည် မောရှေနှင့် အာရုန်ကို ဖာရောအတွက် ကိုယ်တော်၏တရားစီရင်ချက်ကြေညာဖို့ အမိန့်ပေးလိုက်သည့်အခါ သူတို့မည်သို့ တုံ့ပြန်ခဲ့ကြသနည်း။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “မောရှေနှင့် အာရုန်တို့သည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း ပြုကြ၏။” (ထွက်မြောက်ရာ ၇:၄-၇) ယနေ့ဘုရားသခင့်တရားစီရင်ချက်ကို ကြေညာကြရသည့်ကျွန်ုပ်တို့အတွက် ရဲစွမ်းသတ္တိရှိခြင်းဆိုင်ရာနမူနာတစ်ခုပါတကား!

၈။ ဣသရေလလူမျိုးတို့သည် “မှာထားတော်မူသည့်အတိုင်း” လုပ်ဆောင်ရန် မည်သို့တောင်းဆိုခံရကြပြီး ရရှိခဲ့သည့်ပျော်ရွှင်မြူးထူးမှုကို မဝေးတော့သောအနာဂတ်နှင့် မည်သို့နှိုင်းယှဉ်နိုင်သနည်း။

၈ ဣသရေလလူမျိုးတို့သည် မောရှေကို သစ္စာရှိရှိထောက်ပံ့ကူညီခဲ့ပါသလော။ ယေဟောဝါသည် အီဂျစ်ပြည်ကို ဒဏ်ခတ်သောကပ်ဘေးဆယ်ပါးအနက် ကိုးပါးပြီးနောက်တွင် ပသခါပွဲကျင်းပရန် ဣသရေလလူမျိုးကို အသေးစိတ်ညွှန်ကြားချက်များ ပေးခဲ့သည်။ “ထိုသူတို့သည် ဦးညွှတ်ချ၍ ကိုးကွယ်ကြ၏။ ထိုသို့ မောရှေနှင့် အာရုန်တို့ကို ထာဝရဘုရားမှာထားတော်မူသည့်အတိုင်း ဣသရေလအမျိုးသားတို့သည် ပြုကြ၏။” (ထွက်မြောက်ရာ ၁၂:၂၇၊ ၂၈) ထိုထူးခြားသောနေ့ဖြစ်သည့် ဘီ.စီ.အီး. ၁၅၁၃ ခုနှစ် နိသန်လ ၁၄ ရက်နေ့ ညသန်းကောင်အချိန်တွင် ဘုရားသခင်၏ကောင်းကင်တမန်သည် အီဂျစ်သားဦးရှိရှိသမျှ သတ်ပစ်ခြင်းကိုလုပ်ဆောင်ခဲ့သော်လည်း ဣသရေလအိမ်များကိုမူ ကျော်သွားသည်။ ဣသရေလသားဦးတို့သည် အဘယ်ကြောင့် အသက်ဘေးမှလွတ်ခဲ့ကြသနည်း။ အကြောင်းမှာ သူတို့သည် မိမိတို့၏တံခါးပေါက်များတွင် သုတ်ထားသည့် ပသခါသိုး၏အသွေးကြောင့် အကာအကွယ်ရရှိခြင်းဖြစ်သည်။ သူတို့သည် ယေဟောဝါက မောရှေနှင့် အာရုန်တို့အားမိန့်မှာတော်မူသည့်အတိုင်း လုပ်ခဲ့ကြသည်။ မှန်ပါသည်၊ “မိန့်မှာတော်မူသည့်အတိုင်း ဣသရေလအမျိုးသားအပေါင်းတို့ပြုကြ၏။” (ထွက်မြောက်ရာ ၁၂:၅၀၊ ၅၁၊ သမ) ပင်လယ်နီတွင် ယေဟောဝါသည် ဖာရောနှင့် သူ၏အင်အားကြီးမားသည့် စစ်အုပ်စုကြီးကို ဖျက်ဆီးကာ နာခံမှုရှိသော မိမိ၏လူမျိုးတော်ကို ကယ်တင်ခြင်းအားဖြင့် နောက်ထပ်အံ့ဖွယ်ရာတစ်ခုကို ပြုတော်မူခဲ့သည်။ ဣသရေလလူမျိုးများ မည်မျှရွှင်လန်းဝမ်းမြောက်လိုက်ကြမည်ဖြစ်ခြင်း! အလားတူစွာ ယနေ့လည်း ယေဟောဝါ၏ပညတ်တော်များကို နာခံလိုက်လျှောက်သူများစွာသည် အာမဂေဒုန်တွင် ကိုယ်တော်၌အပြစ်တင်ခွင့်ကင်းကြောင်း ထင်ရှားပြသမှုကို မျက်မြင်သက်သေများဖြစ်ကြရခြင်းအတွက် ပျော်ရွှင်မြူးထူးကြမည်။—ထွက်မြောက်ရာ ၁၅:၁၊ ၂; ဗျာဒိတ် ၁၅:၃၊ ၄။

၉။ တဲတော်ဆောက်လုပ်ရေးတွင် ဣသရေလလူမျိုးများ၏ “မှာထားတော်မူသည့်အတိုင်း” ပြုခြင်းက အဘယ်မျက်မှောက်ခေတ် အခွင့်ထူးများကို ကြို၍ပုံတင်ပြသနည်း။

၉ ယေဟောဝါသည် ဣသရေလလူမျိုးကို အလှူငွေကောက်စေပြီး တောကန္တာရတွင် တဲတော်ဆောက်ရန် မိန့်မှာတော်မူခဲ့ရာ လူများသည် ရက်ရက်ရောရောနှင့် အပြည့်အဝထောက်ပံ့ပေးခဲ့ကြသည်။ ထို့နောက် မောရှေနှင့် စိတ်ထက်သန်သော သူ၏လုပ်ဖော်ဆောင်ဖက်များသည် ယေဟောဝါထံတော်မှလာသော ဗိသုကာပုံစံများကို အသေးမွှားဆုံးအချက်အလက်လေးကအစ လိုက်နာခဲ့ကြသည်။ “ထိုသို့ မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည်ပြု၍ ပရိသတ်စည်းဝေးရာ တဲတော်အလုပ်ရှိသမျှကို ပြီးစီးကြ၏။” အလားတူ ယဇ်ပုရောဟိတ်အရာ ခန့်အပ်သည့်အခမ်းအနားတွင် “ထာဝရဘုရား မိန့်တော်မူသမျှအတိုင်း မောရှေပြုလေ၏။” (ထွက်မြောက်ရာ ၃၉:၃၂; ၄၀:၁၆) ယနေ့အချိန်တွင် ကျွန်ုပ်တို့သည် ဟောပြောခြင်းလုပ်ငန်းနှင့် ဘုရားသခင့်နိုင်ငံတော် တိုးပွားရေးအစီအစဉ်များကို စိတ်ရောကိုယ်ပါ အထောက်အပံ့ပေးရန် အခွင့်အရေးရရှိထားသည်။ “ထိုသို့မိန့်တော်မူသမျှအတိုင်း” စည်းစည်းလုံးလုံးလုပ်ဆောင်ရခြင်းသည် ကျွန်ုပ်တို့၏အခွင့်ထူးပင်တည်း။

ယောရှု—ရဲစွမ်းသတ္တိရှိ၍ အလွန်ကြံ့ခိုင်သူ

၁၀၊ ၁၁။ (က) အောင်မြင်မှုရှိဖို့အတွက် ယောရှုကို ဘာကပြင်ဆင်ပေးခဲ့သနည်း။ (ခ) မျက်မှောက်ခေတ်စုံစမ်းမှုများကို ကျော်နင်းအောင်မြင်ရန် ကျွန်ုပ်တို့သည် မည်သို့အစွမ်းခွန်အားပေးခြင်း ခံရနိုင်သနည်း။

၁၀ ဣသရေလလူမျိုးကို ကတိထားရာပြည်သို့ဦးဆောင်ခေါ်သွားရန် မောရှေက ယောရှုကို တာဝန်ပေးသောအချိန်တွင် ယေဟောဝါမှုတ်သွင်း၍ရေးသားထားသောနှုတ်ကပါဌ်တော်မှ မောရှေ၏ကျမ်းငါးစောင်၊ ဆာလံတစ်ပုဒ် သို့မဟုတ် နှစ်ပုဒ်နှင့် ယောဘဝတ္ထုတို့သာ ရရှိနိုင်ပုံပေါ်သည်။ ကတိထားရာပြည်တော်သို့ရောက်သောအခါတွင် လူများကို စုဝေးစေပြီး “ပညတ်တရားကို ထိုပရိသတ်အပေါင်းတို့ရှေ့မှာ ဖတ်ရွတ်ရမည်” ဟု မောရှေက ယောရှုကိုမှာကြားခဲ့သည်။ (တရားဟောရာ ၃၁:၁၀-၁၂) ထို့အပြင် ယေဟောဝါကိုယ်တော်တိုင် ယောရှုကို ဤသို့မိန့်မှာတော်မူခဲ့သည်– “ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့်မည်ဟုစောင့်ရှောက်ခြင်းအလို့ငှာ ကျမ်းစာကိုမဖတ်မရွတ်ဘဲမနေ၊ နေ့ညမပြတ်ကြည့်ရှုဖတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့်မည်။”—ယောရှု ၁:၈။

၁၁ ယေဟောဝါ၏နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်းက ဤခက်ခဲသည့် ‘နောက်ဆုံးကာလ’ ၏စုံစမ်းမှုများကို ကျော်နင်းအောင်မြင်ရန် ကိုယ်တော်၏ခေတ်သစ်သက်သေခံများကို စွမ်းအားပေးသကဲ့သို့ ယေဟောဝါ၏ “ကျမ်းစာ” ကိုနေ့စဉ်ဖတ်ရှုခြင်းက ရှေ့တွင်ရှိသည့် စုံစမ်းမှုများကို ကိုင်တွယ်ရန် ယောရှုအား ပြင်ဆင်ပေးခဲ့သည်။ (၂ တိမောသေ ၃:၁) သောင်းကျန်းရမ်းကားသောလောက၏ ဝန်းရံထားခြင်းခံရသော ကျွန်ုပ်တို့လည်း ယောရှုအားမိန့်မှာသည့် ဘုရားသခင့်ဤမိန့်မြွက်တော်မူချက်ကို နှလုံးသွင်းကြစို့– “အားယူ၍ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ဘုရားသခင်ထာဝရဘုရားရှိသည်။” (ယောရှု ၁:၉) ခါနာန်ပြည်ကို အောင်နိုင်ပြီးနောက် ဣသရေလအနွယ်များသည် သူတို့အမွေခံရသည့်နေရာတွင် အခြေချသောအခါ ကြွယ်ဝစွာဆုချခံခဲ့ရသည်။ “မောရှေအား ထာဝရဘုရားမှာထားတော်မူသည့်အတိုင်း ဣသရေလအမျိုးသားတို့သည် ပြု . . . ကြ၏။” (ယောရှု ၁၄:၅) ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုဖတ်ပြီး မိမိတို့၏ဘဝအသက်တာတွင် ကျင့်သုံးကာ “မှာထားတော်မူသည့်အတိုင်း” နာခံမှုရှိရှိလုပ်ဆောင်ကြသည့် ကျွန်ုပ်တို့အားလုံးအတွက် အလားတူဆုလာဘ်တစ်ခု အသင့်စောင့်နေသည်။

သစ္စာစောင့်သိသောဘုရင်များနှင့် နာခံမှုမရှိသောဘုရင်များ

၁၂။ (က) ဣသရေလနိုင်ငံရှိဘုရင်များကို အဘယ်ပညတ်ပေးထားသနည်း။ (ခ) ဘုရင်များနာခံဖို့ပျက်ကွက်ခြင်းက အဘယ်ရလဒ်ရရှိခဲ့သနည်း။

၁၂ ဣသရေလနိုင်ငံရှိဘုရင်များနှင့် ပတ်သက်၍ကော မည်သို့နည်း။ ယေဟောဝါသည် ဘုရင်ကို ဤသို့တောင်းဆိုထားသည်– “သူ၏ဘုရားသခင်ကို ကြောက်ရွံ့၍ ဤပညတ်တရားစကားတော်အလုံးစုံတို့ကို ကျင့်စောင့်အောင်သွန်သင်မည်အကြောင်း . . . နန်းတော်ပေါ်မှာထိုင်သောအခါ လေဝိသားယဇ်ပုရောဟိတ်၌ရှိသော ဤဓမ္မပညတ်တရားစာကို ရေးကူး၍ လက်ခံစာကို တစ်သက်လုံးစောင့်ရှောက်ကြည့်ရှုဖတ်ရွတ်ရမည်။” (တရားဟောရာ ၁၇:၁၈၊ ၁၉) ဣသရေလဘုရင်များသည် ထိုအမိန့်တော်ကို နာခံလိုက်လျှောက်ခဲ့ပါသလော။ များသောအားဖြင့် သူတို့ဆိုးဆိုးဝါးဝါးပျက်ကွက်ခဲ့ကြသည်။ သို့ဖြစ်ရကား သူတို့သည် တရားဟောရာ ၂၈:၁၅-၆၈ တွင် တင်ကြိုပြောထားသည့် ကျိန်ခြင်းအမင်္ဂလာများ ခံစားခဲ့ကြရသည်။ နောက်ဆုံးတွင် ဣသရေလလူမျိုးသည် “မြေကြီးစွန်းတစ်ဖက်မှသည် တစ်ဖက်တိုင်အောင်” ကွဲလွင့်ခဲ့ရသည်။

၁၃။ ယေဟောဝါ၏နှုတ်ကပါဌ်တော်ကို မြတ်နိုးကြောင်းပြခြင်းက ဒါဝိဒ်ကဲ့သို့ ကျွန်ုပ်တို့သည် မည်သို့အကျိုးခံစားရနိုင်သနည်း။

၁၃ သို့သော် ဒါဝိဒ်—ဣသရေလနိုင်ငံ၏ ပထမဆုံးသစ္စာစောင့်သိသော လူသားဘုရင်—သည် ယေဟောဝါထံ ထူးခြားသောဆက်ကပ်ဝတ်ပြုမှုကို တင်ပြခဲ့သည်။ သူသည် ‘ယုဒအမျိုးတွင် ခြင်္သေ့ပျို’ ဖြစ်ကြောင်း သက်သေထူကာ အောင်နိုင်သည့် “ယုဒအမျိုးခြင်္သေ့တည်းဟူသော ဒါဝိဒ်၏အမြစ်” ခရစ်တော်ယေရှုကို တင်ကြို၍ပုံတင်ပြသည်။ (ကမ္ဘာဦး ၄၉:၈၊ ၉; ဗျာဒိတ် ၅:၄) ဒါဝိဒ်၏စွမ်းအားသည် မည်သည့်အရာတွင် အခြေတည်သနည်း။ သူသည် ယေဟောဝါ၏ရေးသားထားသော နှုတ်ကပါဌ်တော်ကို နှစ်နှစ်ကာကာတန်ဖိုးထားပြီး ယင်းနှင့်အညီအသက်ရှင်ခဲ့သည်။ ‘ဒါဝိဒ်၏ဆာလံသီချင်းတစ်ပုဒ်’ ဖြစ်သောဆာလံ ၁၉ တွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ထာဝရဘုရား၏တရားတော်သည် စုံလင်သည်။” ယေဟောဝါ၏ သက်သေခံတော်မူချက်များ၊ နည်းဥပဒေသများ၊ ပညတ်တော်နှင့် စီရင်တော်မူချက်များကို ရည်ညွှန်းဖော်ပြပြီးနောက် ဒါဝိဒ်ဤသို့ဆက်ပြောသည်– “ရွှေထက်မက၊ များစွာသောရွှေစင်ထက်နှစ်သက်ဖွယ်ဖြစ်၍ ပျားရည်ထက်မက ပျားလပို့ထက်ချိုကြ၏။ တရားတော်အားဖြင့် ကိုယ်တော်၏ကျွန်သည် သတိရ၍ တရားစောင့်ခြင်းအကျိုးသည် ကြီးလှပါ၏။” (ဆာလံ ၁၉:၇-၁၁) လွန်ခဲ့သည့်နှစ်ပေါင်း ၃,၀၀၀ ကျော်က ယေဟောဝါ၏နှုတ်ကပါဌ်တော်ကို နေ့စဉ်ဖတ်ရှုကာ ယင်းကို တွေးတောဆင်ခြင်ခြင်းသည် အကျိုးကျေးဇူးများရရှိခဲ့သည်ဆိုလျှင် ယနေ့တွင် ယင်းသို့ပြုခြင်းသည် များစွာသာ၍အကျိုးကျေးဇူးဖြစ်ထွန်းစေမည်ပါတကား!—ဆာလံ ၁:၁-၃; ၁၃:၆; ၁၁၉:၇၂၊ ၉၇၊ ၁၁၁။

၁၄။ အသိပညာရှိရုံထက်မကလိုအပ်ကြောင်း ရှောလမုန်၏ဘဝလမ်းစဉ်က အဘယ်နည်းဖြင့် တင်ပြသနည်း။

၁၄ သို့သော် အသိပညာရရှိထားရုံနှင့် မလုံလောက်ပါ။ ဘုရားသခင့်ကျေးကျွန်များသည် ထိုအသိပညာအတိုင်း ကျင့်ကြံပြုမူရန်နှင့် ဘုရားသခင့်အလိုတော်အတိုင်း—မှန်ပါသည်၊ “မှာထားတော်မူသည့်အတိုင်း” လုပ်ရန် မဖြစ်မနေလိုအပ်သည်။ “ဣသရေလအမျိုးကိုအုပ်စိုးလျက်၊ ထာဝရဘုရား၏နိုင်ငံတော်ရာဇပလ္လင်ပေါ်မှာ ထိုင်စေခြင်းငှာ” ယေဟောဝါရွေးချယ်တော်မူခဲ့သည့် ဒါဝိဒ်၏သားတော် ရှောလမုန်ကိစ္စ၌ ယင်းကို သာဓကပြနိုင်သည်။ ရှောလမုန်သည် ဗိမာန်တော်တည်ဆောက်ရန် တာဝန်ရရှိခဲ့ပြီး “ဝိညာဉ်တော်အားဖြင့်” ဒါဝိဒ်ရရှိခဲ့သည့် ဗိသုကာပုံစံများကို အသုံးပြုခဲ့သည်။ (၁ ရာဇဝင်ချုပ် ၂၈:၅၊ ၁၁-၁၃) ရှောလမုန်သည် ဤဧရာမတာဝန်ကြီးကို မည်သို့ပြီးမြောက်နိုင်သနည်း။ ဆုတောင်းချက်တစ်ခုကို ဖြေကြားရာတွင် ယေဟောဝါသည် သူ့အား ဉာဏ်ပညာနှင့် အသိပညာပေးခဲ့သည်။ ယင်းတို့နှင့်အတူ ဘုရားပေးအစီအစဉ်များကို လိုက်နာခြင်းဖြင့် ရှောလမုန်သည် ယေဟောဝါ၏ဘုန်းတော်နှင့်ပြည့်လာသော ထိုခမ်းနားထည်ဝါသည့် အိမ်တော်ကို တည်ဆောက်နိုင်ခဲ့သည်။ (၂ ရာဇဝင်ချုပ် ၇:၂၊ ၃) သို့သော် နောက်ပိုင်းတွင် ရှောလမုန် ပျက်ကွက်ခဲ့သည်။ မည်သည့်ကိစ္စတွင်နည်း။ ဣသရေလနိုင်ငံရှိဘုရင်နှင့်စပ်လျဉ်း၍ ယေဟောဝါ၏ပညတ်တော်က ဤသို့ဖော်ပြသည်– “သူ၏စိတ်နှလုံးသည်ဖောက်ပြန်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း များစွာသောမယားတို့ကို မယူရ။” (တရားဟောရာ ၁၇:၁၇) သို့သော် ရှောလမုန်တွင် “မင်းသမီးဖြစ်သော ခင်ပွန်း ခုနစ်ရာ၊ မောင်းမမိဿံသုံးရာရှိ၍ . . . မိန်းမများတို့သည် စိတ်နှလုံးတော်ကို အခြားတစ်ပါးသောဘုရားနောက်သို့ လွဲစေ” ကြသည်။ သူ၏နောက်ပိုင်းအသက်တာတွင် ရှောလမုန်သည် “မှာထားတော်မူသည့်အတိုင်း” မလုပ်ဆောင်တော့ဘဲ သွေဖည်သွားခဲ့သည်။—၃ ဓမ္မရာဇဝင် ၁၁:၃၊ ၄; နေဟမိ ၁၃:၂၆။

၁၅။ ယောရှိသည် “မှာထားတော်မူသည့်အတိုင်း” မည်သို့ပြုခဲ့သနည်း။

၁၅ ယုဒနိုင်ငံတွင် နာခံမှုရှိသောဘုရင် အနည်းငယ်ရှိပြီး သူတို့ထဲမှ နောက်ဆုံးဘုရင်မှာ ယောရှိဖြစ်သည်။ ဘီ.စီ.အီး. ၆၄၈ ခုနှစ်တွင် နိုင်ငံတွင်းရှိရုပ်ပုံများကို စတင်ဖယ်ထုတ်သန့်စင်ခဲ့ပြီး ယေဟောဝါ၏ဗိမာန်တော်ကို ပြုပြင်မွမ်းမံခဲ့သည်။ ယဇ်ပုရောဟိတ်မင်းကြီးသည် “မောရှေရေးထားသော ထာဝရဘုရား၏ပညတ္တိကျမ်းစာစောင်” ကို ထိုနေရာတွင်တွေ့ရှိခဲ့သည်။ ဤစာနှင့်ပတ်သက်၍ ယောရှိဘာလုပ်ခဲ့သနည်း။ “ထိုအခါရှင်ဘုရင်သည် . . . ယုဒပြည်သူယေရုရှလင်မြို့သား၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ လူအကြီးအငယ်အပေါင်းတို့နှင့်တကွ ဗိမာန်တော်သို့တက်၍ ဗိမာန်တော်၌တွေ့သောပဋိညာဉ်ကျမ်းစာရှိသမျှကို သူတို့ရှေ့မှာ ဖတ်တော်မူ၏။ ရှင်ဘုရင်ကလည်း ထာဝရဘုရားကို ဆည်းကပ်ပါမည်။ စီရင်ထုံးဖွဲ့ချက်ပညတ်တရားကို စိတ်နှလုံးအကြွင်းမဲ့စောင့်ရှောက်ပါမည်။ ဤကျမ်းစာ၌ပါသော ပဋိညာဉ်စကားအတိုင်း ကျင့်ပါမည်ဟု မိမိနေရာ၌ရပ်၍ အဓိဋ္ဌာန်ပြု၏။” (၂ ရာဇဝင်ချုပ် ၃၄:၁၄၊ ၂၉-၃၁) မှန်သည်၊ ယောရှိသည် “မှာထားတော်မူသည့်အတိုင်းပြု” ခဲ့သည်။ သူ၏သစ္စာစောင့်သိသော လမ်းစဉ်ကြောင့် သစ္စာမဲ့ယုဒနိုင်ငံအပေါ် ယေဟောဝါ၏တရားစီရင်ချက်ချခြင်းကို ဝတ္တရားပျက်ကွက်သော သူ၏သားတော်များခေတ်အထိ ဆိုင်းငံ့ထားခဲ့သည်။

ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့်အညီ အသက်ရှင်ခြင်း

၁၆၊ ၁၇။ (က) အဘယ်ကိစ္စများတွင် ယေရှု၏ခြေရာတော်ကို ကျွန်ုပ်တို့လိုက်လျှောက်ရမည်နည်း။ (ခ) အခြားသစ္စာစောင့်သိသော ဘုရားသခင်၏အဘယ်ကျေးကျွန်များသည် ကျွန်ုပ်တို့အတွက် ပုံနမူနာများဖြစ်ကြသနည်း။

၁၆ အသက်ရှင်ခဲ့သမျှလူသားများထဲတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဆင်ခြင်တွေးတောပြီး ယင်းနှင့်အညီအသက်ရှင်သည့် အကောင်းဆုံးပုံနမူနာရှင်မှာ သခင်ယေရှုခရစ်ဖြစ်သည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်သည် ကိုယ်တော့်အတွက် အစားအစာတမျှဖြစ်သည်။ (ယောဟန် ၄:၃၄) မိမိ၏တရားနာသူများကို ကိုယ်တော် ဤသို့မိန့်မြွက်ခဲ့သည်– “ခမည်းတော်ပြုတော်မူသောအမှုကို သားတော်သည် မြင်၍သာပြု၏။ မိမိအလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင်။ ခမည်းတော်ပြုတော်မူသမျှအတိုင်း သားတော်လည်းပြု၏။” (ယောဟန် ၅:၁၉၊ ၃၀; ၇:၂၈; ၈:၂၈၊ ၄၂) ယေရှုသည် “မှာထားတော်မူသည့်အတိုင်းလုပ်” ခဲ့ကြောင်း ဤသို့ကြေညာသည်– “ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှာ ကောင်းကင်မှဆင်းသက်သည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူ၏အလိုတော်သို့လိုက်ခြင်းငှာ ဆင်းသက်၏။” (ယောဟန် ၆:၃၈) ဆက်ကပ်အပ်နှံထားသော ယေဟောဝါသက်သေများဖြစ်သည့် ကျွန်ုပ်တို့သည် ယေရှု၏ခြေရာတော်ကို လိုက်လျှောက်ခြင်းဖြင့် “မှာထားတော်မူသည့်အတိုင်း” လုပ်ဆောင်ရန် ဖိတ်ခေါ်ထားခြင်းခံရသည်။—လုကာ ၉:၂၃; ၁၄:၂၇; ၁ ပေတရု ၂:၂၁။

၁၇ ဘုရားသခင့်အလိုတော်ဆောင်ခြင်းသည် ယေရှု၏စိတ်ထဲတွင် အမြဲပင်အရေးအကြီးဆုံးဖြစ်သည်။ ကိုယ်တော်သည် ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် နှံ့နှံ့စပ်စပ်အကျွမ်းတဝင်ရှိခဲ့ရာ ယင်းကြောင့် ကျမ်းစာနှင့်ညီညွတ်သောအဖြေများကို ဖြေဆိုရန် ပြင်ဆင်ပေးခြင်းခံခဲ့ရသည်။ (မဿဲ ၄:၁-၁၁; ၁၂:၂၄-၃၁) ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မပြတ်အာရုံစိုက်နေခြင်းဖြင့် ကျွန်ုပ်တို့လည်း “ကောင်းမြတ်သည့်အမှုအမျိုးမျိုးတို့ကို ဆောင်ရွက်ရန် လိုအပ်သည့်ပြင်ဆင်မှုရှိပြီးလျှင် အရည်အချင်းများနှင့် ပြည့်ဝစုံလင်” လာနိုင်သည်။ (၂ တိမောသေ ၃:၁၆၊ ၁၇၊ သတင်းကောင်း) ရှေးခေတ်နှင့် နောက်ပိုင်းခေတ်ရှိ ယေဟောဝါ၏ သစ္စာစောင့်သိသောကျေးကျွန်များ၏ပုံသက်သေနှင့် အထူးသဖြင့် ဤသို့မိန့်တော်မူခဲ့သည့် ကျွန်ုပ်တို့အရှင်သခင်ဖြစ်တော်မူသော ယေရှုခရစ်တို့၏ ပုံသက်သေကို လိုက်လျှောက်ကြစို့– “ငါသည် ခမည်းတော်ကို ချစ်သည်ကိုလည်းကောင်း၊ ခမည်းတော်မှာတော်မူသည်အတိုင်း ငါပြုသည်ကိုလည်းကောင်း လောကီသားတို့သိမည်အကြောင်းတည်း။” (ယောဟန် ၁၄:၃၁) ကျွန်ုပ်တို့လည်း “မှာထားတော်မူသည့်အတိုင်း” ဆက်၍လုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်အားချစ်သည့် ကျွန်ုပ်တို့မေတ္တာကို တင်ပြနိုင်ကြပါစေ။—လုကာ ၁၂:၂၉-၃၁။

၁၈။ ‘နှုတ်ကပါဌ်တရားတော်ကို ကျင့်သောသူများဖြစ်လာ’ ရန် အဘယ်အရာက ကျွန်ုပ်တို့ကို လှုံ့ဆော်သင့်သနည်း၊ နောက်ထပ်အဘယ်အရာကို ဆွေးနွေးမည်နည်း။

၁၈ ကျွန်ုပ်တို့သည် ကျမ်းစာခေတ်က ဘုရားသခင့်ကျေးကျွန်များ၏ နာခံမှုရှိသောလမ်းစဉ်ကို စဉ်းစားဆင်ခြင်သောအခါ စာတန့်ဆိုးသွမ်းသောစနစ်၏ နိဂုံးရက်များအတွင်း သစ္စာရှိရှိအမှုဆောင်ရန် အားပေးမခံရပေလော။ (ရောမ ၁၅:၄-၆) နောက်ဆောင်းပါးက ဆွေးနွေးမည့်အတိုင်း ကျွန်ုပ်တို့သည် ‘နှုတ်ကပါဌ်တရားကို ကျင့်သောသူဖြစ်လာ’ ရန် အမှန်ပင်လှုံ့ဆော်ခံရသင့်သည်။—ယာကုပ် ၁:၂၂။

သင်သတိရသလော

◻ ‘ဘုရားသခင်ကိုချစ်ခြင်း’ မည်သည် ကျွန်ုပ်တို့အတွက် မည်သို့အဓိပ္ပာယ်ရှိသင့်သနည်း။

◻ နောဧ၊ မောရှေနှင့် ယောရှုတို့၏ပုံနမူနာများမှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာရသနည်း။

◻ ဣသရေလနိုင်ငံရှိဘုရင်များသည် ဘုရားသခင့် ‘နှုတ်ကပါဌ်တော်’ ကို မည်သည့်အတိုင်းအတာထိ နာခံခဲ့ရသနည်း။

◻ “မှာထားတော်မူသည့်အတိုင်း” လုပ်ဆောင်ရာတွင် ယေရှုသည် ကျွန်ုပ်တို့၏စံနမူနာရှင် မည်သို့ ဖြစ်သနည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

နောဧ၊ မောရှေနှင့် ယောရှုတို့သည် ‘မှာထားတော်မူသည့်အတိုင်းပြုခဲ့ကြ’

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ