ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၆/၁၅ စာ. ၈-၁၅
  • သွေးဖြင့်အသက်ကယ်ခြင်း—အဘယ်သို့နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သွေးဖြင့်အသက်ကယ်ခြင်း—အဘယ်သို့နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သွေးနှင့်ပတ်သက်သော ကိုယ်တော့်ရပ်တည်ချက်
  • ဆေးဝါး၌ပါသောသွေး၊ ဆေးဝါးအဖြစ်သုံးသောသွေး
  • ဆေးပညာနှင့်အညီ အသက်ကယ်ခြင်းလော
  • သွေးအပြင်ရွေးချယ်စရာရှိသလော
  • အဖိုးအတန်ဆုံးသွေး
  • သွေး–အသက်ရှင်ရေးအတွက် အချက်အချာ
    သွေးသည် သင့်အသက်ကို မည်သို့ ကယ်နိုင်သနည်း
  • အသက်ကို အမှန်တကယ် ကယ်တင်သည့် သွေး
    သွေးသည် သင့်အသက်ကို မည်သို့ ကယ်နိုင်သနည်း
  • သွေးသွင်းခြင်း—မည်မျှ စိတ်ချရသနည်း
    သွေးသည် သင့်အသက်ကို မည်သို့ ကယ်နိုင်သနည်း
  • သွေး
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၆/၁၅ စာ. ၈-၁၅

သွေးဖြင့်အသက်ကယ်ခြင်း—အဘယ်သို့နည်း

“[ဘုရားသခင့်] စကားတော်ကို နားထောင်ခြင်းအားဖြင့်. . . အသက်ရှင်ခြင်းကို ရွေးယူလော့။ အကြောင်းမူကား၊ ကိုယ်တော်သည်အသက်ရှင်ခြင်း၊ အသက်တာရှည်ခြင်း အကြောင်းဖြစ်တော်မူ၏။”—တရားဟောရာ ၃၀:၁၉၊ ၂၀။ NW

၁။ အသက်ကိုရိုသေလေးစားသည့်နေရာတွင် ခရစ်ယာန်စစ်တို့သည် အဘယ်သို့ထူးခြားသနည်း။

လူအများ အသက်ကိုလေးစားသည်ဟု ဆိုကြသည်။ သက်သေအဖြစ် သေဒဏ်ပေးခြင်း၊ သန္ဓေဖျက်ချခြင်း၊ အမဲလိုက်ခြင်းတို့နှင့်ပတ်သက်သော သူတို့၏အမြင်သဘောထားကို တင်ပြကြသည်။ သို့ရာတွင်၊ အသက်ကိုလေးစားကြောင်း စစ်မှန်သောခရစ်ယာန်များ တင်ပြနိုင်သည့် အထူးနည်းလမ်းတစ်ရပ်ရှိသည်။ “ကိုယ်တော် [ဘုရားသခင်] ထံမှာအသက်စမ်းရေတွင်း ရှိပါ၏” ဟူ၍ဆာလံ ၃၆:၉ ကဆို၏။ အသက်သည်ဘုရားပေးဆုတစ်ပါး ဖြစ်သောကြောင့် ခရစ်ယာန်တို့သည် အသက်သွေးနှင့်ပတ်သက်သော ကိုယ်တော့်အမြင်သဘောထားကို ခံယူကြသည်။

၂၊ ၃။ သွေးနှင့်ပတ်သက်လျှင်ဘုရားသခင်ကို အဘယ်ကြောင့်ကျွန်ုပ်တို့ထည့်သွင်းစဉ်းစားအပ်သနည်း။ (တမန်တော် ၁၇:၂၅၊ ၂၈)

၂ ကျွန်ုပ်တို့၏အသက်သည် သွေးပေါ်မူတည်သည်။ သွေးသည်ကိုယ်ခန္ဓာအနှံ့ အောက်စီဂျင်ကို သယ်ဆောင်ပေးသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ရှားပေးသည်။ အပူချိန်ပြောင်းလဲမှုနှင့် အလိုက်သင့်ဖြစ်အောင် ပြုပြင်ပေးသည်။ ရောဂါတိုက်ဖျက်ရာတွင် ကူညီပေးသည်။ ကျွန်ုပ်တို့၏အသက်ကို စီမံပေးတော်မူသောအရှင်သည် သွေးဟုခေါ်သောအသက်ရှင်ခြင်းကို ထောက်ပံ့ပေးသည့် အံ့ဖွယ်အရည်တစ်ရှူးကိုလည်း စီမံဖန်တီးထားတော်မူ၏။ ဤအချက်က လူ့အသက်ဆက်လက်ရှင်သန်ရန် စောင့်ထိန်းရာတွင် ကိုယ်တော်အဆက်မပြတ် စိတ်ဝင်စားတော်မူကြောင်း ထင်ဟပ်ပေါ်လွင်စေသည်။—ကမ္ဘာဦး ၄၅:၅။ တရားဟောရာ ၂၈:၆၆။ ၃၀:၁၅၊ ၁၆။

၃ ခရစ်ယာန်များနှင့်လူသာမန်တို့အနေဖြင့် မိမိတို့ကိုယ်ကို ဤသို့မေးသင့်သည်။ ‘သွေးသည်သဘာဝ လုပ်ဆောင်ချက်အားဖြင့်သာ ကျွန်ုပ်၏အသက်ကို ကယ်နိုင်သလော။ သို့တည်းမဟုတ်သာ၍ နက်ရှိုင်းသောနည်းဖြင့် အသက်ကိုကယ်နိုင်သလော။’ သွေး၏သာမန်လုပ်ဆောင်ချက်များနှင့် အသက်ဆက်စပ်ပုံကို လူအများအသိအမှတ်ပြုကြသော်လည်း အမှန်ဆိုရလျှင် ထိုထက်မကများစွာ အကျုံးဝင်သည်။ ခရစ်ယာန်၊ မူစလင်နှင့် ဂျူးတို့၏လောကနီတိတို့သည် အသက်နှင့်သွေးတို့နှင့်ဆိုင်သော လိုရင်းအကြောင်းကို ရှင်းလင်းဖော်ပြသော အသက်သခင်တစ်ပါးကို မီးမောင်းထိုးပြကြသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် သွေးနှင့်ပတ်သက်၍ မိန့်ဆိုချက်များစွာရှိသည်။

သွေးနှင့်ပတ်သက်သော ကိုယ်တော့်ရပ်တည်ချက်

၄။ လူ့သမိုင်းဦး၌ သွေးနှင့်ပတ်သက်၍ဘုရားသခင်ဘာမိန့်တော်မူခဲ့သနည်း။

၄ ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာတွင် သွေးအကြောင်းအကြိမ်ပေါင်း ၄၀၀ ကျော်ဖော်ပြထားသည်။ အစောဆုံးဖော်ပြချက်တို့တွင် အောက်ပါယေဟောဝါ၏မိန့်တော်ပါဝင်သည်။ “အသက်ရှင်၍လှုပ်ရှားတတ်သမျှသည် သင်တို့စားစရာဖို့ ဖြစ်ရမည်။ . . . သို့ရာတွင်အသက်သွေးပါရှိသည့် အသားကိုမစားရကြ။” “သင်တို့၏အသက်သွေးအတွက် ငါဧကန်မုချ စာရင်းရှင်းမည်” ဟူ၍လည်း ထပ်ဆင့်မိန့်တော်မူ၏။ (ကမ္ဘာဦး ၉:၃-၅၊ New International Version) လူ့မိသားစု၏ ဘိုးဘေးဖြစ်သော နောဧအားအထက်ပါအတိုင်း ယေဟောဝါမိန့်တော်မူခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်သွေးကို အသက်ကိုယ်စားအဖြစ် ဖန်ဆင်းရှင်သဘောထားကြောင်း လူသားမျိုးနွယ်တစ်ရပ်လုံးအား အသိပေးခဲ့သည်။ သို့ဖြစ်၍ဘုရားသခင်အား အသက်သခင်အဖြစ် အသိအမှတ်ပြုသူတိုင်းအနေဖြင့် ကိုယ်တော်သည်အသက်သွေးကို အသုံးပြုခြင်းနှင့်ပတ်သက်၍ ခိုင်မာစွာရပ်တည်ကြောင်း အသိအမှတ်ပြုရပေမည်။

၅။ ဣသရေလအမျိုးသားများ သွေးမစားရသည့်အဓိကအကြောင်းရင်းမှာအဘယ်နည်း။

၅ ဘုရားသခင်သည် ဣသရေလလူမျိုးအား ပညတ်တရားပေးချိန်၌ သွေးအကြောင်းကို တစ်ဖန်ဖော်ပြတော်မူ၏။ ဝတ်ပြုရာ ၁၇:၁၀၊ ၁၁ ၌ဖတ်ရသည်။ “ဣသရေလ အမျိုးသားမှစ၍ သင်တို့တွင်တည်းနေသော တစ်ပါးအမျိုးသား တစ်စုံတစ်ယောက်သည် အသွေးတစ်မျိုးမျိုးကိုစားလျှင် ထိုသူကိုငါသည် မျက်နှာထား၍ သူ၏အမျိုးမှ ပယ်ရှင်းမည်။ အကြောင်းမူကား၊ ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏။” ထိုပညတ်တရားသည် ကျန်းမာရေးအတွက် အကျိုးပြုခဲ့မည်ဖြစ်သော်လည်း ထိုထက်မက များစွာအကျိုးပြုခဲ့ပေသည်။ သွေးကိုသာမန်ထက် ထူးခြားသောအရာအဖြစ် မှတ်ယူခြင်းအားဖြင့် ဣသရေလအမျိုးသားတို့သည် အသက်ရှင်ခြင်းအတွက် ဘုရားသခင်ကို အားထားမှီခိုရကြောင်း ပြသကြသည်။ (တရားဟောရာ ၃၀:၁၉၊ ၂၀) မှန်သည်၊ ဣသရေလအမျိုးသားများ သွေးကိုမစားဘဲ နေရသည့်အကြောင်းရင်းမှာ ကျန်းမာရေးထိခိုက်မည်စိုး၍မဟုတ်ဘဲ သွေးသည်ဘုရားသခင်အတွက် အထူးအဓိပ္ပာယ်ရှိသောကြောင့်သာဖြစ်သည်။

၆။ သွေးနှင့်ပတ်သက်သောဘုရားသခင့်ရပ်တည်ချက်ကို ယေရှုထောက်ခံခဲ့ကြောင်း ကျွန်ုပ်တို့အဘယ်ကြောင့်သေချာပြောနိုင်သနည်း။

၆ လူ့အသက်ကိုသွေးဖြင့်ကယ်သည့်ကိစ္စ၌ ခရစ်ယာန်ဘာသာသည် မည်သည့်နေရာတွင်ရပ်တည်သနည်း။ ယေရှုသည်သွေးကိုအသုံးပြုခြင်းနှင့်ပတ်သက်၍ ခမည်းတော်မိန့်တော်မူချက်ကို သိတော်မူ၏။ ယေရှုသည် “ဒုစရိုက်ကိုမပြု။ နှုတ်၌လည်းမုသာကို ရှာမတွေ့။” ဆိုလိုသည်မှာ ကိုယ်တော်သည် သွေးပညတ်အပါအဝင် ပညတ်တရားရှိသမျှကို အပြစ်ဆိုစရာမရှိ စောင့်ရှောက်တော်မူခဲ့သည်။ (၁ ပေတရု ၂:၂၂) ဤနည်းအားဖြင့် ကိုယ်တော်သည်နောက်လိုက်များအတွက် စံနမူနာ ထားတော်မူခဲ့သည်။ အသက်နှင့်သွေးကို လေးစားသည့်စံနမူနာလည်းပါဝင်သည်။

၇၊ ၈။ သွေးနှင့်ပတ်သက်သောဘုရားသခင့်ပညတ်တော်သည် ခရစ်ယာန်တို့နှင့်လည်းသက်ဆိုင်ကြောင်း မည်သို့ရှင်းလင်းသိသာသနည်း။

၇ ၄င်းနောက်ပိုင်း ဣသရေလပညတ်တရား ရှိသမျှတို့ကို ခရစ်ယာန်များစောင့်ဖို့ လိုမလိုကိစ္စနှင့်ပတ်သက်၍ ခရစ်ယာန်အုပ်ချုပ်ရေးအဖွဲ့ကောင်စီ အဆုံးအဖြတ်ပေးသည့်အခါ၌ ဖြစ်ပျက်ခဲ့ရာများကို သမိုင်းကပြဆိုထားသည်။ ဘုရားသခင့်လမ်းညွှန်မှုကိုခံယူ၍ သူတို့ကခရစ်ယာန်တို့သည် မောရှေ၏ပညတ်တရားများကို စောင့်ရန်တာဝန်မရှိသော်ငြားလည်း “ရုပ်တုရှေ့မှာပူဇော်သော ယဇ်ကောင်ကိုလည်းကောင်း၊ အသွေးကိုလည်းကောင်း၊ လည်ပင်းကိုညှစ်၍သတ်သောအရာ [သွေးမထုတ်သောအသား] ကိုလည်းကောင်း၊ မတရားသောမေထုန်ကိုလည်းကောင်း ကြဉ်ရှောင်” ရန်လိုအပ်ပေသည်။ (တမန်တော် ၁၅:၂၂-၂၉) ဤသို့ဖြင့်သူတို့က သွေးကိုကြဉ်ရှောင်ခြင်းသည် ရုပ်တုကိုးကွယ်ခြင်းနှင့် ကြီးလေးသောအကျင့်ပျက်မှုတို့ကို ရှောင်ခြင်းကဲ့သို့သော သီလရေးအရ အရေးကြီးကြောင်း ရှင်းလင်းပြတ်သားစွာ ပြဌာန်းခဲ့သည်။a

၈ ကနဦးခရစ်ယာန်တို့သည် ဘုရားသခင်ထံမှသက်ရောက်သော ထိုတားမြစ်ချက်ကို ထောက်ခံအားပေးခဲ့ကြသည်။ ထိုတားမြစ်ချက်အကြောင်း ဝေဖန်ရာတွင်ဗြိတိသျှပညာရှင် ဂျိုးဇက်ဘင်ဆင်က ဤသို့ဆိုသည်။ “နောဧနှင့်သူ၏သားစဉ်မြေးဆက်တို့ကိုပေးခဲ့ပြီး ဣသရေလလူမျိုးကို ထပ်မံပေးခဲ့သည့် သွေးစားခြင်းဆိုင်ရာတားမြစ်ချက်သည် . . . ပြန်လည်ရုပ်သိမ်းခြင်းမရှိခဲ့သည့်ပြင် ဓမ္မသစ်ကျမ်း၊ တမန်တော်ဝတ္တုအခန်းကြီး ၁၅ တွင်ထပ်မံအတည်ပြုခဲ့သဖြင့် အစဉ်အဆက်လိုက်နာရသည့် ဝတ္တရားဖြစ်စေခဲ့သည်။” သို့ရာတွင် သွေးနှင့်စပ်လျဉ်းသောသမ္မာကျမ်းစာ၏အဆိုက နောဧလက်ထက် သို့မဟုတ် တမန်တော်များခေတ်တွင်သုံးစွဲခြင်းမရှိခဲ့သောသွေးသွင်းခြင်းကဲ့သို့သော ခေတ်သစ်ဆေးပညာဆိုင်ရာသုံးစွဲပုံများကို လက်မခံဘဲပယ်ရှားထားသလော။

ဆေးဝါး၌ပါသောသွေး၊ ဆေးဝါးအဖြစ်သုံးသောသွေး

၉။ ရှေးခေတ်၌သွေးကို ဆေးဝါးအဖြစ်မည်သို့သုံးစွဲခဲ့ကြသနည်း။ ခရစ်ယာန်တို့၏အဘယ်ရပ်တည်ချက်နှင့်ဆန့်ကျင်သနည်း။

၉ သွေးကိုဆေးဝါးအဖြစ်အသုံးပြုခြင်းသည် ခေတ်သစ်နည်းနာမဟုတ်ပေ။ တန္နာဟီးလ် (Reay Tannahill) ရေးသားသော Flesh and Blood (အသွေးနှင့်အသား) စာအုပ်ကနှစ်ပေါင်း ၂,၀၀၀ ကျော်အတွင်း အီဂျစ်နှင့်အခြားဒေသများတွင် “သွေးကိုနူနာရောဂါအတွက် ဆေးစွမ်းကောင်းတစ်လက်အဖြစ်မှတ်ယူခဲ့ကြကြောင်း” ထောက်ပြထားသည်။ လူသွေးစားခြင်းဖြင့် ဝက်ရူးပြန်ရောဂါပျောက်ကင်းနိုင်သည်ဟု ရောမလူမျိုးများယုံကြည်ခဲ့ကြသည်။ သွေးကိုဆေးအဖြစ် အသုံးပြုခြင်းအကြောင်းကို တာတူလျံက ဤသို့ရေးသားခဲ့သည်။ “စီးချင်းယှဉ်ပြိုင်တိုက်ခိုက်ရာကွင်းအတွင်း တိုက်ခိုက်ပွဲအပြီးတွင် အာသာငန်းငန်းဖြစ်နေသော သူတို့သည် အသတ်ခံရသောရာဇဝတ်ကောင်တို့၏အသွေးအစိမ်းလတ်လတ်ကို သူတို့၏ဝက်ရူးပြန်ရောဂါသည်များကို ကုသဖို့အတွက်ယူဆောင်သွားကြသည်ကိုစဉ်းစားသာကြည့်ပါ။” ဤလုပ်ရပ်သည်ခရစ်ယာန်တို့၏ လုပ်ရပ်နှင့်ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သည်။ “ကျွန်ုပ်တို့၏အစားအစာတွင် တိရစ္ဆာန်အသွေးပင်မပါပေ။ . . . ခရစ်ယာန်တို့ကို စစ်ကြောစုံစမ်းသည့်အချိန်၌ သင်တို့သည်သူတို့အားသွေးအူချောင်းများကိုစားစေသည်။ ခရစ်ယာန်များအဖို့ ဤသို့ပြုခြင်းသည် တရားဥပဒေနှင့်မညီသောလုပ်ရပ်ဖြစ်ကြောင်း သင်တို့ကောင်းစွာသိမြင်ကြသည်။” သက်ရောက်သည့်အဓိပ္ပာယ်ကို စဉ်းစားကြည့်ပါ။ အသက်ကိုကိုယ်စားပြုသည့် သွေးကိုစားမည့်အစား ကနဦးခရစ်ယာန်တို့သည် အသက်ဘေးကိုရင်ဆိုင်ရန်အသင့်ရှိခဲ့ကြသည်။—၂ ဓမ္မရာဇဝင် ၂၃:၁၅-၁၇ နှင့်နှိုင်းယှဉ်။

၁၀၊ ၁၁။ သွေးနှင့်ပတ်သက်သောဘုရားသခင့်စံချိန်က သွေးသွင်းခြင်းကိုလက်မခံပယ်ထုတ်ထားကြောင်း အဘယ်ကြောင့်ယူမှတ်နိုင်သနည်း။

၁၀ ထိုအချိန်ကသွေးသွင်းခြင်းမရှိသည်မှာ ဆိုဖွယ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် သွေးသွင်းစမ်းသပ်မှုများကို ၁၆ ရာစုနှစ်ရောက်ခါနီးမှသာစတင်ခဲ့သည်။ သို့သော် ၁၇ ရာစုနှစ်အတွင်း ကိုပင်ဟေဂင်တက္ကသိုလ်မှခန္ဓာဗေဒပါမောက္ခတစ်ဦးက အောက်ပါအတိုင်းကန့်ကွက်ပြောဆိုခဲ့သည်။ “ရောဂါများအတွက် အတွင်းသောက်ဆေးအဖြစ်လူ့သွေးကိုမလိုအပ်ဘဲ အသုံးပြုသူတို့သည် သွေးကိုအလွဲသုံးစားပြုရာရောက်ပြီး ကြီးလေးသည့်အပြစ်ကျူးလွန်ရာရောက်သည်ဟုယူမှတ်ရသည်။ လူသားစားသူတို့ကို ကျွန်ုပ်တို့ပြစ်တင်ရှုတ်ချကြသည်။ မိမိတို့လည်ချောင်းကို လူ့သွေးဖြင့်ညစ်ညမ်းစေသူတို့ကို ကျွန်ုပ်တို့အဘယ်ကြောင့်မစက်ဆုပ်ကြသနည်း။ ပါးစပ်ဖြင့်ဖြစ်စေ၊ သွေးသွင်းသည့်ကိရိယာအားဖြင့်ဖြစ်စေ ပြတ်နေသောသွေးပြန်ကြောမှအခြားသူတစ်ဦး၏သွေးကို လက်ခံခြင်းသည်အတူတူပင်ဖြစ်သည်။ ဤသို့ဆောင်ရွက်ပေးသူတို့သည် ဘုရားသခင့်ပညတ်တရားအရ အလွန်ကြောက်မက်ဖွယ်ကောင်းသူများဖြစ်ကြသည်။”

၁၁ မှန်ပေသည်၊ လွန်ခဲ့သောရာစုနှစ်များအတွင်း၌ပင် လူတို့သည်သွေးပြန်ကြောအတွင်းသို့သွေးသွင်းခြင်းနှင့် ပါးစပ်ဖြင့်စားခြင်းနှစ်မျိုးစလုံးကို ဘုရားသခင့်ပညတ်တရားကလက်မခဲ့ဘဲပယ်ထားကြောင်းသိမြင်ခဲ့ကြသည်။ ဤအချက်ကိုသဘောပေါက်လျှင် ဘုရားသခင့်ရပ်တည်ချက်သဘောထားနှင့်အညီ ယေဟောဝါသက်သေများ အဘယ်ကြောင့်ရပ်တည်သည်ကိုနားလည်ရန် ယနေ့လူတို့ကိုကူညီပေးနိုင်ဖွယ်ရှိသည်။ စစ်မှန်သောခရစ်ယာန်တို့သည် အသက်ကိုများစွာတန်ဖိုးထားသည့်ပြင် ဆေးဝါးကုသမှုကို ကျေးဇူးတင်လေးစားသော်ငြားလည်း အသက်ကိုဖန်ဆင်းရှင်ထံတော်မှာလာသောဆုလာဘ်အဖြစ်လေးစားကြသည်။ ထို့ကြောင့်သူတို့သည် သွေးကိုကိုယ်တွင်းသို့ရောက်စေခြင်းအားဖြင့် အသက်ကိုထောက်ပံ့ရန်အားမထုတ်ကြပေ။—၁ ဓမ္မရာဇဝင် ၂၅:၂၉။

ဆေးပညာနှင့်အညီ အသက်ကယ်ခြင်းလော

၁၂။ ဆင်ခြင်တုံတရားရှိသူတို့သည် သွေးသွင်းခြင်းနှင့်ပတ်သက်၍မည်သည့်အကြောင်းကို ယထာဘူတကျကျစဉ်းစားသုံးသပ်ဖွယ်ရှိသနည်း။

၁၂ သွေးသည်အသက်ကို ကယ်နိုင်ကြောင်းကျွမ်းကျင်သူတို့ပြောလာကြသည်မှာ နှစ်ပေါင်းများစွာရှိပြီ။ ဆရာဝန်များကလည်း သွေးထွက်လွန်သောသူများအားသွေးသွင်းပေးခြင်းဖြင့် ကျန်းမာလာသည့်အကြောင်းကို ပြန်ပြောပြပေမည်။ ထို့ကြောင့် ‘ခရစ်ယာန်တို့၏ရပ်တည်ချက်သည် ဆေးပညာအရမည်မျှပညာရှိသနည်း။ သို့တည်းမဟုတ် မည်မျှပညာမဲ့သနည်း’ ဟူ၍လူတို့တွေးတောကြပေမည်။ အရေးကြီးသောဆေးပညာလုပ်ထုံးလုပ်နည်းကို ဆင်ခြင်သုံးသပ်ခြင်းမပြုမီ ဆင်ခြင်တုံတရားရှိသူရမည့် အကျိုးနှင့်ဖြစ်လာနိုင်သည့်ဘေး နှစ်မျိုးစလုံးကိုသိသာထင်ရှားအောင် ပြုလုပ်လိုပေလိမ့်မည်။ သွေးသွင်းခြင်းကိုမည်သို့ဆိုမည်နည်း။ အမှန်အတိုင်းဆိုလျှင် သွေးသွင်းခြင်းသည် ဘေးဥပဒ်များစွာနှင့်ပြည့်နှက်ရောပြွမ်းလျက်ရှိသည်။ အသက်ပင်သေဆုံးစေနိုင်သည်။

၁၃၊ ၁၄။ (က) သွေးသွင်းခြင်းသည် ဘေးအန္တရာယ်မကင်းကြောင်းထင်ရှားသည့်နည်းလမ်းအချို့ကားအဘယ်နည်း။ (ခ) ပုပ်ရဟန်းမင်း၏တွေ့ကြုံမှုမှသွေးကြောင့်ဖြစ်ပွားသည့် ကျန်းမာရေးအန္တရာယ်များကို မည်သို့ရှင်းလင်းစွာမြင်သာစေသနည်း။

၁၃ များမကြာမီက ဒေါက်တာဂွတ်နောနှင့်ရှပ်ခ်တို့ကအောက်ပါအတိုင်းဂရုပြုပြောကြားခဲ့သည်။ “သွေးဖြန့်ဖြူးမှုသည် တတ်နိုင်သမျှစိတ်ချအောင်ဆောင်ရွက်ထားသည်ကြားမှ သွေးသွင်းခြင်းနှင့်အတူ ဘေးအန္တရာယ်အမြဲတမ်းလိုက်ပါနေကြောင်း ဆေးလောကအသိုင်းအဝိုင်းကသိထားသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ သွေးသွင်းခြင်းနှင့်အများဆုံးဒွန်တွဲနေသည့်ရောဂါမှာ အေမဟုတ်ဘီမဟုတ်အသည်းရောင်ရောဂါ (non-A, non-B hepatitis [NANBH]) ဖြစ်သည်။ ဖြစ်နိုင်သည့်အလားအလာရှိသော အခြားရောဂါများတွင်ဘီအသည်းရောင်ရောဂါ၊ အယ်လွိုင်မြူနိုင်ဇေးရှင်း (alloimmunization) ၊ သွေးသွင်းခြင်းတန်ပြန်မှု၊ ကိုယ်ခံအားကျဆင်းခြင်းနှင့် သံဓာတ်ပိုလျှံခြင်းတို့ပါဝင်သည်။” ထိုစိုးရိမ်ဖွယ်အန္တရာယ်များအနက်တစ်ခုကို ‘လျှော့လျှော့ပေါ့ပေါ့’ ခန့်မှန်းတွက်ချက်ခြင်းနှင့်ပတ်သက်၍ ဤသို့ထပ်မံဖြည့်စွက်၍ဆိုထားသည်။ “[အမေရိကန်ပြည်ထောင်စုတစ်ခုတည်း၌] ပြည်သူ ၄၀,၀၀၀ နီးပါးခန့်သည် နှစ်စဉ်အေမဟုတ်ဘီမဟုတ်အသည်းရောင်ရောဂါစွဲကပ်လာမည့်ပြင် ထိုအရေအတွက်၏ ၁၀ ရာခိုင်နှုန်းသည်အသည်းရွတ်ရောဂါ (cirrhosis) သို့မဟုတ် အသည်းကင်ဆာ (hepatoma) စွဲကပ်လာလိမ့်မည်။”—The American Journal of Surgery၊ ၁၉၉၀၊ ဇွန်လ။

၁၄ သွေးသွင်းရာမှ ရောဂါကူးစက်သည့်အန္တရာယ်အကြောင်းကို လူသိများလာသည်နှင့်အမျှ လူတို့သည်သွေးသွင်းခြင်းဆိုင်ရာ သူတို့၏အမြင်သဘောထားကို ပြန်လည်သုံးသပ်လာကြသည်။ ဥပမာအားဖြင့်၊ ၁၉၈၁ ခုနှစ်တွင် ပုပ်ရဟန်းမင်းသေနတ်ပစ်ခံရပြီးနောက် ဆေးရုံတင်ကုသမှုခံယူပြီးပြန်ဆင်းလာခဲ့သည်။ နောက်ပိုင်း၌နှစ်လကြာဆေးရုံပြန်တက်ရသည်သာမက အခြေအနေမှာအလွန်ဆိုးရွားသဖြင့် ရောဂါသည်အဖြစ်နှင့် အငြိမ်းစားယူရမည့်ကိန်းပင်ဆိုက်ရောက်ခဲ့သည်။ အဘယ်ကြောင့်နည်း။ သူ့အားသွင်းပေးသည့် သွေးမှဆဲလ်ကြီးထွားစေသည့် ဗိုင်းရတ်ပိုးကူးစက်ခြင်း (cytomegalovirus infection) ခံရသောကြောင့်ဖြစ်သည်။ ‘ပုပ်ရဟန်းမင်းလိုလူစားကို သွင်းပေးသည့်သွေးပင်စိတ်မချရပါက ကျုပ်တို့လိုသာမညလူတန်းစားကို သွင်းပေးသည့်သွေးကို ဘယ်လိုပြောမလဲ’ ဟူ၍အချို့သူတို့စောကြောကြပေမည်။

၁၅၊ ၁၆။ သွေးမှရောဂါပိုးများစစ်ထုတ်ထားသည့်တိုင်အောင် သွေးသွင်းခြင်းသည်အဘယ်ကြောင့်စိတ်မချရသနည်း။

၁၅ ‘သို့သော်ရောဂါပိုးကို စစ်ထုတ်၍ရသည်မဟုတ်လော’ ဟူ၍မေးကြပေမည်။ ဘီအသည်းရောင်ရောဂါပိုးစစ်ထုတ်ခြင်းကိုသာဓကအဖြစ်သုံးသပ်ကြည့်ပါ။ Patient Care (၁၉၉၀။ ဖေဖေါ်ဝါရီ ၂၈ ရက်) စာစောင်ကဤသို့ညွှန်ပြထားသည်။ “သွေးထဲမှအသည်းရောင်ရောဂါပိုးစစ်ထုတ်ရန် တစ်ကမ္ဘာလုံးလက်ခံကျင့်သုံးသည့်နည်းအတိုင်း ဆောင်ရွက်ကြသဖြင့် သွေးသွင်းပြီးနောက်အသည်းရောင်ရောဂါဖြစ်ပွားမှုကျဆင်းလာသော်လည်း သွေးသွင်းပြီးနောက်အသည်းရောင်ရောဂါဖြစ်ပွားသည့် ဝေဒနာရှင် ၅-၁၀ ရာခိုင်နှုန်းမှာ ဘီအသည်းရောင်ရောဂါပိုးကြောင့်ဖြစ်ပွားခြင်းဖြစ်သည်။”

၁၆ ဤသို့စစ်ဆေးစမ်းသပ်ရာတွင် ဖြစ်တတ်သည့်ချွတ်ချော်လွှဲမှားမှုမျိုးကို သွေးကြောင့်ဖြစ်ပွားသည့် အခြားရောဂါတစ်မျိုး၌လည်းတွေ့ရသည်။ ၄င်းရောဂါမှာအေအိုင်ဒီအက်စ်ဖြစ်သည်။ ကမ္ဘာအနှံ့ဖြစ်ပွားသည့် အေအိုင်ဒီအက်စ်ကပ်ရောဂါသည် ရောဂါပိုးရှိသောသွေး၏အန္တရာယ်ကိုသိမြင်လာအောင် လူအပေါင်းတို့ကိုခပ်ကြမ်းကြမ်းလှုပ်နှိုးလိုက်သည်။ ယခုအခါသွေးထဲတွင် ဗိုင်းရတ်ရှိသည့်အထောက်အထားကို စစ်ဆေးသိရှိနိုင်သည့် စမ်းသပ်မှုရှိလာသည်မှာမှန်ပါသည်။ သို့ရာတွင်နေရာတိုင်း၌ သွေးကိုစစ်ဆေးခြင်းမပြုလုပ်ကြချေ။ ၄င်းပြင်လူတို့သည် မိမိတို့သွေး၌ အေအိုင်ဒီအက်စ်ဗိုင်းရတ်ပိုးရှိမှန်း လက်ရှိစစ်ဆေးနည်းများဖြင့်မတွေ့ရှိဘဲ နှစ်ပေါင်းများစွာရောဂါပိုးသယ်ဆောင်ထားသူများလည်းရှိနိုင်သည်။ ထို့ကြောင့်လူမမာတို့သည် စမ်းသပ်စစ်ဆေး၍သုံးခွင့်ပြုသောသွေးမှ အေအိုင်ဒီအက်စ်ရောဂါရလာနိုင်ကြသည်။ ရလည်းရနေကြသည်။

၁၇။ သွေးသွင်းခြင်းသည် ချက်ချင်းလက်ငင်းမသိသာသည့် အဘယ်ထိခိုက်နစ်နာမှုကိုဖြစ်စေနိုင်သနည်း။

၁၇ ဒေါက်တာဂွတ်နောနှင့်ရှပ်ခ်တို့က “ကိုယ်ခံအားကျဆင်းခြင်း” အကြောင်းကိုလည်းပြောကြားခဲ့သည်။ မှန်ပါသည်၊ ကျကျနနအပြန်ပြန်အလှန်လှန်ညှိထားသောသွေးပင် လူမမာ၏ကိုယ်ခံအားအဖွဲ့ကို ထိခိုက်ပျက်စီးစေနိုင်သည့်ပြင် ကင်ဆာရောဂါနှင့်သေခြင်းအတွက်လမ်းဖွင့်ပေးရာရောက်သွားနိုင်သည်။ ထို့ကြောင့်ကနေဒါနိုင်ငံ “ခေါင်းနှင့်လည်ပင်း၌ကင်ဆာဖြစ်နေသော လူမမာများ” လေ့လာကြည့်ရာ “အကျိတ်လုံးကိုခွဲထုတ်စဉ်တွင် သွေးသွင်းခဲ့သူတို့သည် နောက်ပိုင်း၌ကိုယ်ခံအားသိသိသာသာကျဆင်းခဲ့ကြောင်းတွေ့ရသည်။” (The Medical Post၊ ၁၉၉၀၊ ဇူလိုင် ၁၀ ရက်) ကယ်လီဖိုးနီးယားတောင်ပိုင်းတက္ကသိုလ်မှ ဆရာဝန်များကအောက်ပါအတိုင်းအစီရင်ခံတင်ပြခဲ့သည်။ “လည်မျိုရှိအသံအိုးကင်ဆာပြန်လည်ဖြစ်ပွားသည့်နှုန်းမှာ သွေးမသွင်းသူတို့၌ ၁၄ ရာခိုင်နှုန်းနှင့်သွေးသွင်းသူတို့၌ ၆၅ ရာခိုင်နှုန်းရှိသည်။ ခံတွင်း၊ လည်ချောင်း၊ နှာခေါင်းနှင့်နှာခေါင်းရိုးကင်ဆာရောဂါအတွက် ပြန်လည်ဖြစ်ပွားသည့်နှုန်းမှာသွေးမသွင်းသူများ ၃၁ ရာခိုင်နှိုင်းနှင့်သွေးသွင်းသူ ၇၁ ရာခိုင်နှုန်းရှိသည်။” (Annals of Otology, Rhinology & Laryngology၊ ၁၉၈၉၊ မတ်လ) ခွဲစိတ်ကုသစဉ်တွင်သွေးသွင်းသူတို့အနေဖြင့် ကူးစက်ရောဂါရရှိရန် အလားအလာပိုများသည်ဟူသောအချက်၏အရင်းခံအကြောင်းမှာလည်း ကိုယ်ခံအားကျဆင်းခြင်းဖြစ်ဖွယ်ရှိသည်။—စာမျက်နှာ ( ) မှသီးခြားဖော်ပြချက်ရှု။

သွေးအပြင်ရွေးချယ်စရာရှိသလော

၁၈။ (က) သွေးသွင်းခြင်းနှင့်ဒွန်တွဲနေသည့်အန္တရာယ်များကြောင့် ဆရာဝန်များအဘယ်နည်းလမ်းများရှာကြံလာကြသနည်း။ (ခ) အခြားရွေးချယ်စရာများနှင့်ပတ်သက်သည့် အဘယ်အကြောင်းများကို သင့်ဆရာဝန်အားဝေမျှနိုင်သနည်း။

၁၈ ‘သွေးသွင်းခြင်းသည် ဘေးအန္တရာယ်မကင်းသည်မှာမှန်သော်လည်း အခြားအဘယ်ရွေးချယ်စရာများရှိသေးသနည်း’ ဟူ၍အချို့သူများတွေးဆပေမည်။ ကျွန်ုပ်တို့သည် အရည်အသွေးမြင့်မား၍ထိရောက်မှုရှိသော ဆေးဝါးကုသမှုကိုအမှန်ပင်လိုလားကြပါသည်။ ထို့ကြောင့်အရေးကြီးသည့် ဆေးကုသမှုဆိုင်ရာပြဿနာများကို သွေးမသုံးဘဲဖြေရှင်းနိုင်သည့် ထိရောက်မှုရှိ၍ယထာဘူတကျသောနည်းလမ်းများရှိပါသလော။ ဝမ်းသာစရာကား ထိုသို့သောနည်းလမ်းများရှိပါသည်။ The New England Journal of Medicine (၁၉၉၀။ ဇွန်လ ၇ ရက်) ၌အောက်ပါအတိုင်းတင်ပြထားသည်။ “ဆရာဝန်တို့သည် အေအိုင်ဒီအက်စ်ရောဂါနှင့်သွေးသွင်းခြင်းဖြင့် ကူးစက်သည့်အခြားရောဂါများ၏အန္တရာယ်ကို ပို၍သိမြင်လာကြသဖြင့် သွေးသွင်းခြင်း၏ကောင်းကျိုးနှင့် ဆိုးပြစ်တို့ကိုပြန်လည်သုံးသပ်လာကြသည့်ပြင် အခြားနည်းလမ်းများကိုပါရှာကြံလာကြသည်။ သွေးလုံးဝမသွင်းသည့်နည်းလမ်းလည်းပါဝင်သည်။”b

၁၉။ သွေးမသွင်းဘဲဆေးကုသမှုကို အောင်မြင်စွာခံယူနိုင်ကြောင်း သင်အဘယ်ကြောင့်စိတ်ချယုံကြည်နိုင်သနည်း။

၁၉ ယေဟောဝါသက်သေများသည် သွေးသွင်းခြင်းကို ကြာမြင့်စွာကတည်းကလက်မခံဘဲနေခဲ့ကြသည်။ အဓိကအားဖြင့် ကျန်းမာရေးအန္တရာယ်ကြောင့်မဟုတ်ဘဲ သွေးနှင့်ပတ်သက်သော ဘုရားသခင့်ပညတ်ကိုနာခံခြင်းကြောင့်ဖြစ်သည်။ (တမန်တော် ၁၅:၂၈၊ ၂၉) သို့ရာတွင် ကျွမ်းကျင်သောဆရာဝန်တို့သည် သက်သေခံလူနာများအား သွေးမသုံးဘဲအောင်မြင်စွာကုသပေးနိုင်ခဲ့သည်။ ဆေးပညာစာစောင်များတွင်ပါရှိသည့် ဥပမာများစွာအနက်မှ တစ်ခုအနေနှင့် Archives of Surgery (၁၉၉၀၊ နိုဝင်ဘာ) စာစောင်၌သက်သေခံလူနာတစ်ယောက်နှလုံးအစားထိုးကုသခြင်းအကြောင်း တင်ပြထားသည်။ ထိုလူနာ၏သြတ္တပ္ပစိတ်က သွေးမသွင်းဘဲ ထိုသို့အစားထိုးကုသရန်ခွင့်ပြုသည်။ ထိုသတင်း၌ဤသို့ဆိုထားသည်။ “ယေဟောဝါသက်သေခံများကို ၂၅ နှစ်ကျော်နှလုံးခွဲစိတ်ကုသပေးခဲ့သည့် အတွေ့အကြုံအရ သွေးမသွင်းဘဲနှလုံးအစားထိုးကုသမှုကို အောင်မြင်စွာပြုလုပ်နိုင်ရန် အထောက်အကူပြုခဲ့သည်။ . . . ခွဲစိတ်ပြီးစသေဆုံးခြင်းမရှိ၊ ရှေးဦးလေ့လာမှုအရ ယင်းလူနာတို့၏ကိုယ်ခန္ဓာသည် အစားထိုးနှလုံးကို လက်မခံဘဲတွန်းကန်သည့်နှုန်းလည်းသိသိသာသာမြင့်မားခြင်းမရှိပေ။”

အဖိုးအတန်ဆုံးသွေး

၂၀၊ ၂၁။ “သွေးသည်ဘေးဖြစ်စေတတ်သောဆေးဖြစ်သည်” ဟူသောသဘောထားမျိုးမပေါ်ပေါက်စေရန် ခရစ်ယာန်များအဘယ်ကြောင့်သတိထားအပ်သနည်း။

၂၀ သို့ရာတွင်ကျွန်ုပ်တို့တစ်ဦးစီအနေဖြင့် မိမိတို့ကိုယ်ကိုမေးသင့်သော စေ့ငုထိုးထွင်းသည့် မေးခွန်းတစ်ခုရှိသည်။ ၄င်းမှာ ‘သွေးသွင်းခြင်းကိုလက်မခံရန် ကျွန်ုပ်ဆုံးဖြတ်ထားပါက အဘယ်ကြောင့်လက်မခံသနည်း။ ရိုးရိုးသားသားဖြေရလျှင် အဓိကကျသောအခြေခံအကြောင်းရင်းကားအဘယ်နည်း။’

၂၁ သွေးသွင်းခြင်းနှင့်ဆက်နွယ်သည့်ဘေးအန္တရာယ်အများနှင့် ကင်းဝေးစေသည့်အခြားထိရောက်မှုရှိသော ရွေးချယ်စရာများရှိကြောင်းပြဆိုခဲ့ပြီးဖြစ်သည်။ အသည်းရောင်ရောဂါ၊ အေအိုင်ဒီအက်စ်ရောဂါကဲ့သို့သော အန္တရာယ်များကြောင့်လူအများတို့သည် ဘာသာရေးအကြောင်းကြောင့်မဟုတ်ဘဲနှင့် သွေးကိုငြင်းပယ်လာကြသည်။ အချို့သူတို့သည် ဤအကြောင်းကိုအတော်အတန်ကျယ်ကျယ်လောင်လောင်ပြောလာကြသည်။ “သွေးသည်ဘေးဖြစ်စေတတ်သောဆေးဖြစ်သည်” ဟူသောနဖူးစီးစာတန်းကိုင်ဆောင်လျက် ချီတက်နေသည့်ပမာဖြစ်သည်။ ထိုချီတက်ပွဲအတွင်းသို့ ခရစ်ယာန်တစ်ဦးလည်း ဆွဲသွင်းခံရနိုင်ဖွယ်ရှိသည်။ သို့သော်ထိုချီတက်ပွဲသည် ပိတ်ဆို့သောလမ်းပေါ်တွင် ချီတက်နေခြင်းသာဖြစ်သည်။ အဘယ်ကြောင့်ထိုသို့ဖြစ်သနည်း။

၂၂။ ရှင်ခြင်း၊ သေခြင်းနှင့်ပတ်သက်သောအဘယ်အရှိတရားကို ကျွန်ုပ်တို့လက်ခံရမည်နည်း။ (ဒေသနာ ၇:၂)

၂၂ အကောင်းဆုံးဆေးရုံ၌ အကောင်းဆုံးဆေးကုသမှုခံယူစေကာမူ တစ်ချိန်ချိန်တွင် လူတို့သေဆုံးကြရကြောင်း ခရစ်ယာန်စစ်များသိမြင်နားလည်ကြသည်။ သွေးသွင်းသူ၊ သွေးမသွင်းသူသေရကြသည်။ ဤသို့ပြောခြင်းသည် ကံကြမ္မာကိုယုံကြည်၍မဟုတ်ပါ။ အရှိတရားကိုပြောနေခြင်းသာဖြစ်သည်။ သေခြင်းတရားသည် ယခုခေတ်လူ့ဘဝတွင် အမှန်တည်ရှိနေသောအရာဖြစ်သည်။ သွေးဆိုင်ရာဘုရားသခင့်ပညတ်တော်ကို မထီမဲ့မြင်ပြုသူတို့သည် သွေးကြောင့်အနှေးနှင့်အမြန် ဒုက္ခရောက်လေ့ရှိကြသည်။ သွင်းပေးသည့်သွေးကြောင့် သေဆုံးရသူအချို့ပင်ရှိသည်။ သို့သော်ကျွန်ုပ်တို့အားလုံးသိကြသည့်အတိုင်း သွေးသွင်းခြင်းဖြင့်အသက်ချမ်းသာရာရသူတို့သည် ထာဝရအသက်မရကြပေ။ သို့ဖြစ်သောကြောင့် သွေးသည်သူတို့အသက်ကိုထာဝစဉ်ကယ်မထားနိုင်ကြောင်းထင်ရှားသည်။ အခြားတစ်ဖက်တွင် ဘာသာရေး သို့မဟုတ် ဆေးပညာအကြောင်းပြချက်ကြောင့်သွေးလက်မခံသော်လည်း အခြားကုထုံးကိုလက်ခံကြသူတို့သည် ဆေးပညာနှင့်အညီအလွန်ကောင်းသောလမ်းကိုရွေးခဲ့ကြသည်။ ဤသို့ပြုသဖြင့် နှစ်ပေါင်းများစွာအသက်ပိုရှည်ကောင်းရှည်ကြမည်။ သို့သော်လည်းအဆုံးမရှိသောအသက်မရကြပေ။

၂၃။ သွေးနှင့်ပတ်သက်သည့်ဘုရားသခင့်ပညတ်များက ကျွန်ုပ်တို့သည်အပြစ်ရှိ၍ရွေးနှုတ်ခြင်းလိုအပ်နေကြောင်း မည်သို့ဆက်စပ်ဖော်ပြသနည်း။

၂၃ ယနေ့အသက်ရှင်နေသူ လူသားအပေါင်းတို့သည် မစုံလင်သူများဖြစ်ကြပြီး တဖြည်းဖြည်းနှင့်သေဆုံးနေကြသည့်အတွက် သွေးနှင့်ပတ်သက်၍သမ္မာကျမ်းစာပြောသည့်အချက်အချာကျသောအချက်ဆီသို့ ကျွန်ုပ်တို့အားရောက်သွားစေသည်။ သွေးမစားရန်လူသားအပေါင်းတို့ကို ဘုရားသခင်မိန့်မှာတော်မူခဲ့၏။ အဘယ်ကြောင့်နည်း။ သွေးသည်အသက်ကိုကိုယ်စားပြုသောကြောင့်ဖြစ်သည်။ (ကမ္ဘာဦး ၉:၃-၆) ပညတ်တရား၌ လူသားအပေါင်းတို့သည် အပြစ်ရှိသည်ဟူသောအမှန်တရားကို ဖော်ပြသည့်ပညတ်ချက်ကို ကိုယ်တော်ပြဌာန်းတော်မူခဲ့၏။ ဣသရေလအမျိုးသားများအနေဖြင့် တိရစ္ဆာန်ယဇ်ကိုပူဇော်ခြင်းအားဖြင့် မိမိတို့အပြစ်များ ဖုံးအုပ်ဖို့လိုအပ်ကြောင်းပြသနိုင်သည်ဟု သူတို့အားဘုရားသခင်မိန့်တော်မူ၏။ (ဝတ်ပြုရာ ၄:၄-၇၊ ၁၃-၁၈၊ ၂၂-၃၀) ယခုခေတ်၌ထိုသို့ပြုရန် ဘုရားသခင်မတောင်းဆိုသော်လည်း ၄င်းသည်အဓိပ္ပာယ်ရှိသည်။ ဘုရားသခင်သည် ယုံကြည်သူအပေါင်းတို့၏အပြစ်ကို အကြွင်းမဲ့ဖြေလွှတ်ပေးနိုင်မည့်ပူဇော်သက္ကာတစ်မျိုးဖြစ်သော ရွေးနှုတ်ဖိုးကိုစီမံပေးရန် ရည်ရွယ်တော်မူ၏။ (မဿဲ ၂၀:၂၈) ယင်းကြောင့်ကျွန်ုပ်တို့သည် သွေးနှင့်ပတ်သက်သောဘုရားသခင့်အမြင်သဘောထားမျိုးရှိရန်လိုအပ်သည်။

၂၄။ (က) ကျန်းမာရေးအန္တရာယ်ကို သွေးနှင့်ဆိုင်သည့်အချက်အချာအဖြစ်မှတ်ယူခြင်းသည် အဘယ်ကြောင့်မှားသနည်း။ (ခ) သွေးအသုံးပြုခြင်းနှင့်ပတ်သက်သောကျွန်ုပ်တို့၏အမြင်သဘောထား၏အခြေခံကား အဘယ်အရာဖြစ်သင့်သနည်း။

၂၄ သွေးကြောင့်ဖြစ်ပွားသည့်ကျန်းမာရေးအန္တရာယ်များကို အဓိကအာရုံစူးစိုက်လျှင်မှားပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်၊ ၄င်းသည်ဘုရားသခင်အာရုံစိုက်ရာအချက်မဟုတ်ပေ။ ဣသရေလအမျိုးသားတို့သည် ဝက်သား၊ အသေကောင်စားငှက်တိရစ္ဆာန်တို့ကို မစားခြင်းဖြင့်အကျိုးခံစားရသကဲ့သို့ သွေးမစားဘဲနေခြင်းအားဖြင့် ကျန်းမာရေးအကျိုးကျေးဇူးအတော်အတန်ခံစားရပေမည်။ (တရားဟောရာ ၁၂:၁၅၊ ၁၆။ ၁၄:၇၊ ၈၊ ၁၁၊ ၁၂) သို့သော်နောဧအား ဘုရားသခင်အသားစားခွင့်ပြုချိန်၌ ထိုသို့သောတိရစ္ဆာန်တို့၏အသားကိုမစားရန် မတားမြစ်ခဲ့ကြောင်းသတိရပါ။ သို့ရာတွင်သွေးကိုမစားရန်ကိုမူ အမိန့်ပေးတော်မူခဲ့သည်။ ဖြစ်ပေါ်လာနိုင်သောကျန်းမာရေးအန္တရာယ်များကို ဘုရားသခင်အဓိကအာရုံစိုက်တော်မမူပေ။ ယင်းသည်သွေးနှင့်ပတ်သက်သော ကိုယ်တော့်အမိန့်တော်တွင် အရေးကြီးသည့်အချက်မဟုတ်ပေ။ ကိုယ်တော်ကိုကိုးကွယ်သူတို့အနေဖြင့် သူတို့၏အသက်သွေးဖြင့်ထောက်ပံ့ရန်ငြင်းပယ်ကြသည်။ ထိုသို့ငြင်းပယ်ရခြင်းမှာ အဓိကကျန်းမာရေးနှင့်မညီညွတ်၍မဟုတ်ဘဲ မသန့်ရှင်းသောကြောင့်ဖြစ်သည်။ သူတို့သွေးကိုလက်မခံရခြင်းမှာ သွေးသည်ညစ်ညမ်းသောကြောင့်မဟုတ်ဘဲ တန်ဖိုးအနဂ္ဃထိုက်တန်သောကြောင့်သာဖြစ်သည်။ ယဇ်ပူဇော်သောသွေးအားဖြင့်သာ သူတို့အပြစ်ဖြေလွှတ်ခြင်းရနိုင်ကြသည်။

၂၅။ သွေးသည်အသက်ကိုတာရှည်စွာမည်သို့ကယ်တင်နိုင်သနည်း။

၂၅ ကျွန်ုပ်တို့နှင့်ပတ်သက်၍လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ ဧဖက် ၁:၇၊ ၈ တွင်တမန်တော်ပေါလုဤသို့ရှင်းပြသည်။ “ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊ ထိုသားတော် [ခရစ်တော်] ၏အသွေးအားဖြင့်အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကိုငါတို့သည်ခံရကြ၏။” တစ်စုံတစ်ယောက်၏အပြစ်ကို ဘုရားသခင်လွှတ်၍ ထိုသူအားဖြောင့်မတ်သူအဖြစ်မှတ်ယူတော်မူသည်ရှိသော် ထိုသူသည်အဆုံးမရှိသောအသက်ကိုရနိုင်သည့် မျှော်လင့်ချက်ရှိသည်။ ထို့ကြောင့်ယေရှု၏ရွေးနှုတ်နိုင်စွမ်းရှိသောအသွေးတော်သည် အသက်ကိုတာရှည်ကယ်တင်နိုင်စွမ်းရှိသည်။ အမှန်ဆိုလျှင်ထာဝစဉ်ကယ်တင်နိုင်စွမ်းရှိပေသည်။

[အောက်ခြေမှတ်ချက်များ]

a ထိုပြဌာန်းချက်ကို ဤသို့အဆုံးသတ်ထားသည်။ “ထိုအရာတို့ကို ကြည်ရှောင်လျှင် ချမ်းသာရကြလိမ့်မည်။ ကျန်းမာကြပါစေသော။” (တမန်တော် ၁၅:၂၉) “ကျန်းမာကြပါစေသော” ဆိုသည်မှာ ‘သွေး သို့မဟုတ် မတရားမေထုန်ကိုကြဉ်ရှောင်လျှင် ကျန်းမာရေးပို၍ကောင်းမည်’ ဟူသည့် သဘောကိုမဆောင်ပေ။ စာနိဂုံးချုပ်ပိုင်းတွင် ရေးရိုးရေးစဉ် နှုတ်ခွန်းဆက်မေတ္တာပို့သသည့် သဘောမျိုးသာဖြစ်သည်။

b သွေးသွင်းခြင်းအပြင်ရွေးချယ်စရာထိရောက်သောနည်းလမ်းများစွာအကြောင်းကို နယူးယောက်ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ၁၉၉၀ ခုနှစ်တွင်ထုတ်ဝေသည့် How Can Blood Save Your Life ဘရိုရှာ၌အကျယ်တဝင့်သုံးသပ်တင်ပြထားသည်။

သင်ရှင်းပြနိုင်သလော

▫ ယေဟောဝါသက်သေများ သွေးသွင်းခြင်းကိုလက်မခံရသည့် အဓိကအကြောင်းရင်းကားအဘယ်နည်း။

▫ သွေးနှင့်ပတ်သက်သော သမ္မာကျမ်းစာ၏ရပ်တည်ချက်သည် ဆေးပညာအရယထာဘူတမကျသောအရာမဟုတ်ကြောင်း အဘယ်သာဓကများကထောက်ခံအတည်ပြုသနည်း။

▫ ရွေးနှုတ်ခြင်းသည် သွေးဆိုင်ရာသမ္မာကျမ်းစာပညတ်ချက်နှင့်မည်သို့ဆက်နွယ်နေသနည်း။

▫ အသက်ကို သွေးထာဝစဉ်ကယ်တင်နိုင်သည့် တစ်ခုတည်းသောနည်းမှာအဘယ်နည်း။

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]

သွေးသွင်းခြင်းနှင့်ရောဂါကူးစက်ခြင်း

သွေးသွင်းခြင်းဖြင့်လူနာတစ်ဦးအား ရောဂါကူးစက်ရန် ပိုမိုလွယ်ကူစေနိုင်မနိုင် ကျယ်ကျယ်ပြန့်ပြန့်သုံးသပ်ပြီးနောက် ဒေါက်တာဘလမ်းဘာ့ဂ် (Neil Blumberg) ကအောက်ပါအတိုင်းကောက်ချက်ချခဲ့သည်။ “[ဤကိစ္စနှင့်ပတ်သက်၍] ဆေးဝါးကုသမှုနှင့်ဆိုင်သောလေ့လာမှု ၁၂ ခုအနက် ၁၀ ခုသည်သွေးသွင်းခြင်းဖြင့် ဘက်တီးရီးယားပိုးကူးစက်မှုအန္တရာယ်တိုးလာမှုနှင့်တသီးတခြားသိသိသာသာဆက်နွယ်နေကြောင်းတွေ့ရှိရသည်။ . . . ၄င်းပြင်၊ လေ့လာမှုအချို့၌တွေ့ရသည့်အတိုင်း သွေးသွင်းခြင်းကြောင့်ကိုယ်ခံအားအပေါ်သက်ရောက်မှုများသည် တာရှည်နေမည်ဆိုပါက ခွဲစိတ်ကုသမှုမတိုင်မီကြာမြင့်စွာက သွေးသွင်းခဲ့ခြင်းဖြင့် လူမမာ၏ရောဂါကူးစက်မှုခုခံအားကို တိုက်ခိုက်စေနိုင်ဖွယ်ရှိသည်။ . . . အကယ်၍ဤအချက်အလက်များကို တိုးချဲ့၍အတည်ပြုနိုင်ပါက ခွဲစိတ်ကုသမှုခံယူပြီးနောက် ဆိုးဆိုးရွားရွားရောဂါကူးစက်ခြင်းမှာ အမျိုးတူသွေးသွင်းခြင်းနှင့်အများဆုံး သိသိသာသာဆက်နွယ်နေသည့်တစ်မျိုးတည်းသော နောက်ဆက်တွဲဖြစ်ပေါ်သည့်ရောဂါဖြစ်ပေလိမ့်မည်။”—Transfusion Medicine Reviews၊ ၁၉၉၀၊ အောက်တိုဘာ။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ပုံကြီးချဲ့ထားသည့်သွေးနီဥ။ “သွေးတစ်မိုက်ကရိုလစ်တာ (၀.၀၀၀၀၃ အောင်စ) စီတွင်သွေးနီဥ ၄ သန်းမှ ၆ သန်းပါဝင်သည်။”—“The World Book Encyclopedia”

[Credit Line]

Kunkel-CNRI/PHOTOTAKE NYC

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ