ယေဟောဝါ၏လက်တော်ရှိ အချိန်ကာလနှင့်ဥတုများ
“ခမည်းတော်၏ဘုန်းတန်ခိုးအားဖြင့် စီရင်တော်မူသောအချိန်ကာလ [“သို့မဟုတ် ဥတုများ၊” ကဘ] ကို သိရသောအခွင့်သည် သင်တို့၌မရှိ။”—တမန်တော် ၁:၇။
၁။ ယေရှုသည် တမန်တော်များ၏ အချိန်အခါနှင့်ပတ်သက်သောမေးခွန်းများကို မည်သို့ဖြေဆိုခဲ့သနည်း။
ခရစ်ယာန်ဘောင်နှင့် ကမ္ဘာမြေတစ်ခွင်တွင် “ပြုသမျှသောစက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့်၊ ညည်းတွားငိုကြွေး” နေသူတို့သည် အဘယ်အချိန်တွင် ဤစနစ်ဆိုး၏ဆုံးခန်းတိုင်ပြီး၊ ဘုရားသခင့်ဖြောင့်မတ်သောကမ္ဘာသစ်က အစားထိုးမည့်အချိန်ကို တွေးတောနေခြင်းထက် အဘယ်အရာသည်ပိုသဘာဝကျနိုင်မည်နည်း။ (ယေဇကျေလ ၉:၄; ၂ ပေတရု ၃:၁၃) ယေရှု၏တမန်တော်များသည် ကိုယ်တော်မသေမီလေးနှင့် ရှင်ပြန်ထမြောက်ပြီးနောက်တွင် အချိန်အခါနှင့်ပတ်သက်သောမေးခွန်းများကို ကိုယ်တော်အားမေးမြန်းခဲ့ကြသည်။ (မဿဲ ၂၄:၃; တမန်တော် ၁:၆) သို့သော် ယေရှုဖြေဆိုရာတွင် ရက်စွဲတွက်ချက်နည်းကို မပေးခဲ့ပါ။ တစ်ကြိမ်တွင် ကိုယ်တော်သည် စုပေါင်းနိမိတ်တစ်ခုကိုပေးခဲ့ပြီး နောက်တစ်ကြိမ်၌မူ ‘ခမည်းတော်၏ဘုန်းတန်ခိုးအားဖြင့် စီရင်တော်မူသောကာလအချိန်ဥတုများကို သူတို့သိရသောအခွင့်မရှိ’ ဟုဆိုခဲ့သည်။—တမန်တော် ၁:၇။
၂။ ယေရှုသည် ဆုံးခန်းချိန်အတွင်းဖြစ်မည့် ဖြစ်ရပ်များနှင့်ပတ်သက်၍ ခမည်းတော်၏အချိန်ဇယားကိုမသိရသည့်အချိန်အခါများရှိခဲ့သည်ဟု အဘယ်ကြောင့်ပြောနိုင်သနည်း။
၂ ယေရှုသည် ယေဟောဝါ၏တစ်ပါးတည်းသောသားတော်ဖြစ်သော်လည်း ခမည်းတော်၏အချိန်ဇယားကို မသိရသည့်အချိန်အခါများရှိခဲ့သည်။ နောက်ဆုံးကာလနှင့်ပတ်သက်သော ယေရှု၏ပရောဖက်ပြုချက်တွင် ကိုယ်တော်က ဤသို့နှိမ့်ချစွာဝန်ခံခဲ့သည်– “ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏။” (မဿဲ ၂၄:၃၆) ယေရှုသည် ဤစနစ်ဆိုးကိုအရေးယူဖျက်ဆီးမည့် အချိန်အတိအကျကို မိမိအားခမည်းတော်ဖော်ပြရန် စိတ်ရှည်စွာစောင့်ဆိုင်းရန်လိုလိုလားလားရှိခဲ့သည်။a
၃။ ဘုရားသခင့်ရည်ရွယ်ချက်နှင့်ပတ်သက်သောမေးခွန်းများကို ယေရှုဖြေကြားပုံမှ ကျွန်ုပ်တို့အဘယ်အရာသိရှိနိုင်သနည်း။
၃ ဘုရားသခင့်ရည်ရွယ်ချက်ပြည့်စုံသည့်အနေနှင့် အဖြစ်အပျက်များ အဘယ်အချိန်တွင်ဖြစ်ပျက်မည်နှင့်ပတ်သက်၍ မေးခွန်းများကို ယေရှုဖြေကြားပုံမှ အချက်နှစ်ချက်သိရှိနိုင်သည်။ ပထမမှာ ယေဟောဝါ၌အချိန်ဇယားရှိကြောင်း; နှင့်ဒုတိယမှာ ယင်းကို ကိုယ်တော်တစ်ပါးတည်းသာသတ်မှတ်ကြောင်းနှင့် ကိုယ်တော့်ကျေးကျွန်များသည် ကိုယ်တော်၏အချိန်ကာလ သို့မဟုတ် ဥတုများနှင့်ပတ်သက်သည့် အချက်အလက်များကို တိတိကျကျ ကြိုတင်သိရှိရန် မမျှော်လင့်နိုင်ကြောင်းတို့ဖြစ်သည်။
ယေဟောဝါ၏အချိန်ကာလနှင့် ဥတုများ
၄။ တမန်တော် ၁:၇ တွင် “အချိန်များ” နှင့် “ဥတုများ” ဟုပြန်ဆိုထားသော ဂရိစကားလုံးများ၏ အဓိပ္ပာယ်များကားအဘယ်နည်း။
၄ “အချိန်ကာလများ” နှင့် “ဥတုများ” ဟုဆိုခြင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ တမန်တော် ၁:၇ တွင်ဖော်ပြထားသောယေရှု၏စကား၌ အချိန်နှင့်ပတ်သက်၍အချက်နှစ်ချက်ပါရှိသည်။ “အချိန်များ” ဟူသောဂရိစကားလုံးသည် “အချိန်သက်တမ်း” (အတို သို့မဟုတ် အရှည်) ကိုဆိုလို၏။ “ဥတုများ” ဟူသည် အသွင်အပြင်အချို့ဖြင့်မှတ်သားထားသည့် သတ်မှတ်ထားသော သို့မဟုတ် ချိန်းချက်ထားသောအချိန်၊ ဥတု သို့မဟုတ် ကာလတစ်ခုခုကိုရည်ညွှန်းသည့် စကားလုံး၏ဘာသာပြန်ဆိုချက်ဖြစ်သည်။ ဤမူရင်းစကားလုံးနှစ်လုံးနှင့်စပ်လျဉ်း၍ ဒဗ္ဗလျူ. အီး. ဗိုင်း ကဤသို့ဖော်ပြသည်– “တမန်တော် ၁:၇ ၌ အချိန်များ (ခရိုနော့စ်) ၏အရှည်အလျားများနှင့် တစ်စုံတစ်ရာသောဖြစ်ရပ်များဖြင့် ထူးခြားစေသည့် ကာလအချိန်ဥတုများ (ကိုင်ရော့စ်) ကို ‘ခမည်းတော်သည် အခွင့်အာဏာဖြင့် သတ်မှတ်ထားသည်။’”
၅။ ယေဟောဝါသည် ဆိုးသွမ်းသောလောကကိုဖျက်ဆီးပစ်မည့် မိမိ၏ရည်ရွယ်ချက်ကို အဘယ်အချိန်တွင်နောဧအားအသိပေးခဲ့သနည်း။ အဘယ်တာဝန်နှစ်ခုကို နောဧထမ်းဆောင်ခဲ့သနည်း။
၅ ဘုရားသခင်သည် ရေလွှမ်းမိုးဘေးမတိုင်မီက လူသားများနှင့် ပုန်ကန်သောကောင်းကင်တမန်များကြောင့်ဖြစ်ပေါ်ခဲ့သည့် ယိုယွင်းသောလောကအတွက် အနှစ် ၁၂၀ အချိန်ကန့်သတ်ချမှတ်ခဲ့သည်။ (ကမ္ဘာဦး ၆:၁-၃) ဘုရားသခင်ကိုကြည်ညိုသောနောဧသည် ထိုအချိန်တွင် အသက် ၄၈၀ ရှိနေပေပြီ။ (ကမ္ဘာဦး ၇:၆) သူသည် သားသမီးမထွန်းကားဘဲ နောက်ထပ်အနှစ် ၂၀ ဆက်နေခဲ့သည်။ (ကမ္ဘာဦး ၅:၃၂) နောက်အတန်ကြာသောအခါ နောဧ၏သားများသည် အရွယ်ရောက်၍ ထိမ်းမြားခဲ့ကြပြီးနောက်မှသာ မြေကြီးပေါ်မှ ဆိုးသွမ်းမှုကိုဖယ်ရှားမည့် ဘုရားသခင့်ရည်ရွယ်ချက်အကြောင်း နောဧကို ကိုယ်တော်အသိပေးခဲ့သည်။ (ကမ္ဘာဦး ၆:၉-၁၃၊ ၁၈) သို့သော် နောဧသည် သင်္ဘောဆောက်လုပ်ခြင်းနှင့် သူ၏တစ်ခေတ်တည်းသားများအားဟောပြောခြင်း တာဝန်နှစ်ခုကိုအပ်နှင်းခံရသည့်တိုင် ယေဟောဝါ၏အချိန်ဇယားကိုမူကား သူမသိရှိခဲ့ချေ။—ကမ္ဘာဦး ၆:၁၄; ၂ ပေတရု ၂:၅။
၆။ (က) နောဧသည် အချိန်နှင့်ပတ်သက်သမျှကို ယေဟောဝါ၏လက်တော်၌ ပုံအပ်ထားကြောင်းမည်သို့တင်ပြခဲ့သနည်း။ (ခ) နောဧ၏ပုံနမူနာကို ကျွန်ုပ်တို့မည်သို့လိုက်လျှောက်နိုင်သနည်း။
၆ ဖြစ်နိုင်ဖွယ်ရှိသည်မှာ အနှစ်ငါးဆယ်ခန့်အထိ ‘ဘုရားသခင်မှာထားတော်မူသည်အတိုင်း နောဧပြုခဲ့လေ၏။’ နောဧသည် ရက်စွဲအတိအကျမသိဘဲ “ယုံကြည်ခြင်းအားဖြင့်” ထိုသို့ပြုခဲ့သည်။ (ကမ္ဘာဦး ၆:၂၂; ဟေဗြဲ ၁၁:၇) ယေဟောဝါသည် ရေလွှမ်းမိုးဘေးမတိုင်မီတစ်ပတ်အလိုအထိ အဖြစ်အပျက်များ၏အချိန်အတိအကျကိုအသိမပေးခဲ့ချေ။ (ကမ္ဘာဦး ၇:၁-၅) နောဧသည် ယေဟောဝါအား လုံးလုံးလျားလျားစိတ်ချယုံကြည်သောကြောင့် အချိန်နှင့်ပတ်သက်သမျှကို ဘုရားသခင့်လက်တော်၌ပုံအပ်နိုင်ခဲ့သည်။ နောဧသည် ရေလွှမ်းမိုးကာလအတွင်း ယေဟောဝါ၏ကာကွယ်မှုကိုရရှိခဲ့ပြီးနောက် သန့်စင်သောမြေကြီးပေါ်သို့ သင်္ဘောထဲမှထွက်လာခဲ့ရစဉ် မည်မျှကျေးဇူးတင်လိုက်မည်တကား! ကျွန်ုပ်တို့သည် အလားတူလွတ်မြောက်ရန်မျှော်လင့်ချက်ဖြင့် ဘုရားသခင်အား ထိုသို့ယုံကြည်ကြောင်းမတင်ပြသင့်ပေလော။
၇၊ ၈။ (က) တိုင်းနိုင်ငံများနှင့် ကမ္ဘာ့အာဏာစက်များသည် မည်သို့ဖြစ်ပေါ်လာခဲ့သနည်း။ (ခ) ယေဟောဝါသည် အဘယ်နည်းဖြင့် ‘ခွဲဝေစီမံထားသောအချိန်နှင့် လူတို့၏နေရာအပိုင်းအခြားကို’ မှတ်သားတော်မူခဲ့သနည်း။
၇ ရေလွှမ်းမိုးပြီးနောက် နောဧ၏သားစဉ်မြေးဆက်အများစုသည် ယေဟောဝါ၏စစ်မှန်သောဝတ်ပြုရေးကို စွန့်ခဲ့ကြသည်။ တစ်နေရာတည်းစုနေကြဖို့ရည်ရွယ်ချက်ဖြင့် မြို့တစ်မြို့နှင့် မှားယွင်းသောဝတ်ပြုရေးအတွက်မျှော်စင်တစ်ခုကို စတင်ဆောက်လုပ်ခဲ့ကြသည်။ ထိုအချိန်တွင် ဝင်စွက်ရန်အချိန်တန်ပြီဟု ယေဟောဝါဆုံးဖြတ်ခဲ့သည်။ သို့နှင့် ကိုယ်တော်သည် သူတို့၏ဘာသာစကားကို ရှုပ်ထွေးစေပြီး “[ဘေဘဲလ်မှ] မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူ” ခဲ့၏။ (ကမ္ဘာဦး ၁၁:၄၊ ၈၊ ၉) နောက်ပိုင်းတွင် ဘာသာစကားတူအုပ်စုများသည် တိုင်းနိုင်ငံများဖြစ်လာကြပြီး ယင်းတို့အနက်အချို့သည် အခြားတိုင်းနိုင်ငံများကိုသိမ်းပိုက်လေရာ ဒေသအာဏာစက်များနှင့် ကမ္ဘာ့အာဏာစက်များအထိပင်ဖြစ်လာခဲ့သည်။—ကမ္ဘာဦး ၁၀:၃၂။
၈ ကိုယ်တော့်ရည်ရွယ်ချက်ပြီးမြောက်ရေးနှင့်အညီ ဘုရားသခင်သည် အခါအားလျော်စွာ နယ်နိမိတ်များကိုသတ်မှတ်ပြီး နိုင်ငံတစ်ခုသည် ဒေသတစ်ခုကိုအုပ်စိုးမည့်အချိန် သို့မဟုတ် ကမ္ဘာ့အင်ပါယာဖြစ်လာမည့်အချိန်တို့ကိုသတ်မှတ်ပေးခဲ့သည်။ (ကမ္ဘာဦး ၁၅:၁၃၊ ၁၄၊ ၁၈-၂၁; ထွက်မြောက်ရာ ၂၃:၃၁; တရားဟောရာ ၂:၁၇-၂၂; ဒံယေလ ၈:၅-၇၊ ၂၀၊ ၂၁) တမန်တော်ပေါလုသည် အေသင်မြို့ရှိဂရိပညာရှင်များကို ဤသို့ပြောခဲ့ချိန်တွင် ယေဟောဝါ၏ကာလအချိန်ဥတုများနှင့်ပတ်သက်၍ ဤအချက်ကိုကိုးကားဖော်ပြခဲ့သည်– “လောကဓာတ်မှစ၍ လောကဓာတ်၌ရှိလေသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင်သည် . . . မြေတစ်ပြင်လုံး၌နေရသောလူအမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့်ဖန်ဆင်းတော်မူ၍၊ သူတို့အားခွဲဝေစီမံသောအချိန်ကာလကိုလည်းကောင်း၊ သူတို့၏နေရာအပိုင်းအခြားကိုလည်းကောင်း မှတ်သားတော်မူ၏။”—တမန်တော် ၁၇:၂၄၊ ၂၆။
၉။ ယေဟောဝါသည် ရှင်ဘုရင်များနှင့်ပတ်သက်၍ ‘ကာလအချိန်ဥတုများကို မည်သို့ပြောင်းလဲခဲ့’ သနည်း။
၉ ယင်းက တိုင်းနိုင်ငံများအတွင်းရှိ နိုင်ငံရေးအောင်ပွဲများနှင့် အပြောင်းအလဲများတို့သည် ယေဟောဝါကြောင့်ဖြစ်သည်ဟု ဆိုလိုနေခြင်းမဟုတ်ပါ။ သို့တိုင် ရည်ရွယ်တော်မူချက်ပြီးမြောက်စေရန် ကိုယ်တော်အလိုရှိလျှင် ကြားဝင်ဆောင်ရွက်နိုင်၏။ ထို့ကြောင့် ဘေဘီလိုးနီးယန်းကမ္ဘာ့အာဏာစက်ကွယ်ပျောက်မှုနှင့် ယင်းအစားမီဒို-ပါရှားတက်လာမည်ကိုမြင်ခဲ့သူ ပရောဖက်ဒံယေလက ယေဟောဝါနှင့်ပတ်သက်၍ ဤသို့ဆိုခဲ့သည်– “ကာလအချိန်ဥတုများကိုပြောင်းလဲစေတော်မူ၏။ ရှင်ဘုရင်တို့ကိုလည်းနှိမ့်ချချီးမြှောက်တော်မူ၏။ ပညာရှိတို့အားပညာကိုပေးတော်မူ၏။ ဉာဏ်ရှိသောသူတို့သည် ကျေးဇူးတော်အားဖြင့်သာ၊ ထိုးထွင်း၍နားလည်တတ်ကြ၏။”—ဒံယေလ ၂:၂၁; ဟေရှာယ ၄၄:၂၄–၄၅:၇။
‘အချိန် နီးကပ်လာ’
၁၀၊ ၁၁။ (က) ယေဟောဝါသည် အနှောင်အဖွဲ့မှ အာဗြဟံ၏သားစဉ်မြေးဆက်များအားကယ်နုတ်မည့်အချိန်ကို မည်မျှကြို၍သတ်မှတ်ခဲ့သနည်း။ (ခ) ဣသရေလလူမျိုးသည် သူတို့ကယ်နုတ်ခံရမည့်အချိန်ကို အတိအကျမသိခဲ့ကြကြောင်း အဘယ်အရာကဖော်ပြသနည်း။
၁၀ ယေဟောဝါသည် ရာစုလေးခုထက်မကကြို၍ အီဂျစ်ကမ္ဘာ့အာဏာစက်၏ဘုရင်ကိုနှိမ့်ချပြီး ကျွန်ဘဝမှ အာဗြဟံ၏သားစဉ်မြေးဆက်များအား လွတ်မြောက်စေမည့်အချိန်ကို တိတိကျကျသတ်မှတ်ခဲ့သည်။ အာဗြဟံအား မိမိ၏ရည်ရွယ်ချက်ကိုဖော်ပြကာ ဘုရားသခင်က ဤသို့ကတိပေးခဲ့သည်– “သင်၏အမျိုးအနွယ်သည်၊ သူတစ်ပါးပိုင်သောပြည်၌ ဧည့်သည်ဖြစ်ကြသဖြင့်၊ သူတစ်ပါးတို့၌ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံး ခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။ သူတို့ကိုစေခိုင်းသောလူမျိုးကိုလည်း ငါစီရင်မည်။ ထိုနောက်မှ၊ သူတို့သည်များစွာသောဥစ္စာနှင့် ထွက်ကြလိမ့်မည်။” (ကမ္ဘာဦး ၁၅:၁၃၊ ၁၄) ဆဲန်ဟီဒရင်ရှေ့မှောက် ဣသရေလလူမျိုး၏သမိုင်းကို သတေဖန်အကျဉ်းချုပ်ဖော်ပြရာ၌ ဤအနှစ် ၄၀၀ ကာလကိုကိုးကားပြီး ဤသို့ဆိုခဲ့သည်– “အာဗြဟံအား ဘုရားသခင်ဓိဋ္ဌာန်တော်မူသော ကတိတော်၏အချိန်ရောက်လုသောအခါ၊ ထိုလူမျိုးသည် အဲဂုတ္တုပြည်၌တိုးပွား၍၊ ယောသပ်ကိုမသိမကျွမ်းသော မင်းကြီးတစ်ပါးပေါ်လာသည်တိုင်အောင် များပြားကြလေ၏။”—တမန်တော် ၇:၆၊ ၁၇၊ ၁၈။
၁၁ ဤဖာရောမင်းအသစ်သည် ဣသရေလလူမျိုးကို ကျွန်အဖြစ်သို့ကျရောက်စေခဲ့သည်။ ကမ္ဘာဦးကျမ်းကို မောရှေမရေးခဲ့ရသေးသော်လည်း အာဗြဟံအားပေးသော ယေဟောဝါ၏ကတိများကို နှုတ်တိုက်ဖြင့်သော်လည်းကောင်း၊ ရေးသားချက်ပုံစံဖြင့်သော်လည်းကောင်း လက်ဆင့်ကမ်းခဲ့ပြီးဖြစ်နိုင်သည်။ သို့တိုင် ဣသရေလလူမျိုးရရှိထားသောအချက်အလက်များသည် ဖိနှိပ်မှုမှသူတို့လွတ်မြောက်မည့်ရက်စွဲအတိအကျကို တွက်ချက်၍ရနိုင်သည့်ပုံမပေါက်ခဲ့ချေ။ သူတို့ကိုအဘယ်အချိန်တွင် ဘုရားသခင်လွတ်မြောက်စေမည်ကို ကိုယ်တော်သိသော်လည်း ဆင်းရဲကြုံနေသောဣသရေလများမူကား သိခဲ့ပုံမရချေ။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ကာလအင်တန်ကြာပြီးမှ၊ အဲဂုတ္တုရှင်ဘုရင် အနိစ္စရောက်လေ၏။ ဣသရေလအမျိုးသားတို့လည်း အစေကျွန်ခံရသောကြောင့် ညည်းတွားငိုကြွေးကြ၏။ ထိုသို့အစေကျွန်ခံ၍ ငိုကြွေးသောအသံသည် ဘုရားသခင်ထံတော်သို့သက်ရောက်လေ၏။ သူတို့ညည်းတွားမြည်တမ်းခြင်းအသံကို ဘုရားသခင်ကြားတော်မူလျှင် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် ပြုခဲ့ဖူးသောပဋိညာဉ်ကို အောက်မေ့တော်မူ၏။ ဘုရားသခင်သည်လည်း ဣသရေလအမျိုးသားတို့ကိုကြည့်ရှု၍ သူတို့အမှုကိုဆင်ခြင်တော်မူ၏။”—ထွက်မြောက်ရာ ၂:၂၃-၂၅။
၁၂။ မောရှေသည် ယေဟောဝါ၏ကာလအချိန်မတိုင်မီ ကြို၍ပြုမူခဲ့ကြောင်း သတေဖန်မည်သို့ဖော်ပြခဲ့သနည်း။
၁၂ ဤသို့ ဣသရေလလူမျိုးလွတ်မြောက်မည့် အချိန်အတိအကျကိုမသိခြင်းကို သတေဖန်၏အကျဉ်းချုံးဖော်ပြချက်မှလည်း သိရှိနိုင်သည်။ မောရှေနှင့်ပတ်သက်၍ သူဤသို့ဆိုခဲ့သည်– “အသက်လေးဆယ်စေ့သောအခါ ဣသရေလအမျိုးသားဖြစ်သော မိမိညီအစ်ကိုတို့ကို အကြည့်အရှုသွားမည်ဟုအကြံရှိ၏။ အမျိုးသားချင်းတစ်ယောက်သည် ညှဉ်းဆဲခံရသည်ကိုမြင်လျှင် သူ့ဘက်ကနေ၍ အဲဂုတ္တုလူကိုကွပ်မျက်သဖြင့်၊ ထိုညှဉ်းဆဲခံရသောသူအားအနိုင်ပေးလေ၏။ ဘုရားသခင်သည် ဤသူလက်ဖြင့် ငါတို့ကိုကယ်နုတ်တော်မူမည်အရာကို ညီအစ်ကိုတို့သည် နားလည်လိမ့်မည်ဟုထင်မှတ်သော်လည်း၊ ထိုသူတို့သည်နားမလည်ဘဲနေကြ၏။” (တမန်တော် ၇:၂၃-၂၅) ဤတွင်မောရှေသည် ဘုရားသခင့်အချိန်မတိုင်မီ အနှစ် ၄၀ ကြို၍ကြိုးပမ်းခဲ့သည်။ ဘုရားသခင်သည် ‘သူ၏လက်ဖြင့် ဣသရေလလူမျိုးများကို မကယ်နုတ်’ မီမောရှေသည်အနှစ် ၄၀ စောင့်ဆိုင်းခဲ့ရကြောင်း သတေဖန်ဖော်ပြခဲ့သည်။—တမန်တော် ၇:၃၀-၃၆။
၁၃။ ကျွန်ုပ်တို့၏အခြေအနေသည် အီဂျစ်ပြည်မှဣသရေလလူမျိုးကယ်နုတ်မခံရမီအခြေအနေနှင့် မည်သို့ဆင်တူသနည်း။
၁၃ ‘ကတိတော်ပြည့်စုံမည့်အချိန် ရောက်လု’ နီး၍ထိုနှစ်အတိအကျကို ဘုရားသခင်သတ်မှတ်ထားသော်လည်း မောရှေနှင့်ဣသရေလလူမျိုးအားလုံးသည် ယုံကြည်ခြင်းတင်ပြခဲ့ကြရသည်။ သူတို့သည် ကြိုတင်မတွက်ချက်နိုင်ဘဲ ယေဟောဝါချိန်းချက်ထားချိန်ကို စောင့်နေကြရသည်။ လက်ရှိအစီအစဉ်စနစ်ဆိုးမှ ကျွန်ုပ်တို့လည်းလွတ်မြောက်လုနီးပြီဖြစ်ကြောင်းကို ကျွန်ုပ်တို့သိထားကြသည်။ ကျွန်ုပ်တို့သည် ‘နောက်ဆုံးကာလတွင်’ အသက်ရှင်နေကြကြောင်းသိသည်။ (၂ တိမောသေ ၃:၁-၅) ထို့ကြောင့် ယုံကြည်ခြင်းတင်ပြကာ ယေဟောဝါသတ်မှတ်ထားသည့် ကိုယ်တော်၏နေ့ကြီးကို စောင့်စားလိုစိတ် မရှိသင့်ပေလော။ (၂ ပေတရု ၃:၁၁-၁၃) ထိုအခါ မောရှေနှင့် ဣသရေလလူမျိုးများကဲ့သို့ ယေဟောဝါအားချီးမွမ်းရန် လွတ်မြောက်ခြင်းဂုဏ်ပြုသီချင်းကိုသီဆိုနိုင်ကြပေမည်။—ထွက်မြောက်ရာ ၁၅:၁-၁၉။
‘အချိန်စေ့သောအခါ’
၁၄၊ ၁၅။ ဘုရားသခင်သည် မိမိ၏သားတော်ကမ္ဘာပေါ်ကြွလာမည့်အချိန်ကိုသတ်မှတ်ခဲ့ကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း၊ ပရောဖက်များနှင့်ကောင်းကင်တမန်များပင် အဘယ်အရာကို စောင့်စားခဲ့သနည်း။
၁၄ ယေဟောဝါသည် မေရှိယအဖြစ် မိမိ၏တစ်ပါးတည်းသောသားတော် ကမ္ဘာပေါ်သို့ကြွလာမည့်အချိန်ကိုသတ်မှတ်ခဲ့သည်။ ပေါလုက ဤသို့ရေးသားခဲ့သည်– “အချိန်ကာလစေ့သောအခါ . . . မိန်းမဝမ်း၌ပဋိသန္ဓေယူ၍ ပညတ်တရားအောက်၌ဖွားမြင်ရသောသားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။” (ဂလာတိ ၄:၄၊ ၅) ယင်းသည် မျိုးနွယ်တော်—‘လူမျိုးတို့ဆည်းကပ်ကြမည့် ရှိလော’—ကိုစေလွှတ်ဖို့ ဘုရားသခင့်ကတိတော်ပြည့်စုံချက်ဖြစ်သည်။—ကမ္ဘာဦး ၃:၁၅; ၄၉:၁၀။
၁၅ ဘုရားသခင့်ပရောဖက်များ—ကောင်းကင်တမန်များပင်—ကမ္ဘာပေါ်တွင်မေရှိယပေါ်ထွန်းလာမည့်အချိန်နှင့် အပြစ်ရှိသောလူသားများ ကယ်တင်ခြင်းရမည့် “ဥတု” ကိုသတိနှင့်စောင့်ကြည့်နေခဲ့ကြသည်။ “ထိုကယ်တင်ခြင်းအကြောင်းအရာကို ပရောဖက်တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ခံရသောကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ။ ခရစ်တော်ခံတော်မူရသော ဆင်းရဲကိုလည်းကောင်း၊ ဆင်းရဲခံပြီးမှဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကိုလည်းကောင်း၊ သူတို့အထဲ၌ရှိသောခရစ်တော်၏ဝိညာဉ်တော်သည် သက်သေခံနှင့်သောအခါ အဘယ်မည်သောသူကိုလည်းကောင်း၊ အဘယ်သို့သောအချိန်ကာလကိုလည်းကောင်း ဆိုလိုတော်မူသည်ဟု မေးမြန်းရှာဖွေကြ၏။ . . . ထိုအရာတို့ကို ကောင်းကင်တမန်တို့သည် စေ့စေ့ကြည့်ရှုစဉ်းစားချင်သော စေတနာစိတ်ရှိကြ၏” ဟုတမန်တော်ပေတရုကဆိုခဲ့သည်။—၁ ပေတရု ၁:၁-၅၊ ၁၀-၁၂။
၁၆၊ ၁၇။ (က) ယေဟောဝါသည် အဘယ်ပရောဖက်ပြုချက်အားဖြင့် ပထမရာစုဂျူးများကို မေရှိယအားစောင့်မျှော်ရန် ကူညီပေးခဲ့သနည်း။ (ခ) ဒံယေလပရောဖက်ပြုချက်သည် မေရှိယအားဂျူးများစောင့်မျှော်ခဲ့ခြင်းကို မည်သို့အကျိုးသက်ရောက်ခဲ့သနည်း။
၁၆ ကိုယ်တော့်ပရောဖက်ဒံယေလ—ယုံကြည်ခြင်းမယိမ်းယိုင်သောသူ—အားဖြင့် “သီတင်းခုနစ်ဆယ်” ပါဝင်သော ပရောဖက်ပြုချက်တစ်ခုကို ယေဟောဝါပေးခဲ့သည်။ ထိုပရောဖက်ပြုချက်က ကတိထားရာမေရှိယပေါ်ထွန်းချိန်နီးလာနေကြောင်း ပထမရာစုရှိဂျူးများကို သိရှိစေမည်။ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဤသို့ပရောဖက်ပြုထားသည်– “ယေရုရှလင်မြို့ကို တစ်ဖန်တည်ထောင်ပြုစုစေခြင်းငှာ အမိန့်တော်ရှိသည်နေ့မှစ၍ ခရစ်တော်သခင်၏လက်ထက်တိုင်အောင်၊ ခုနစ်သီတင်းနှင့်ခြောက်ဆယ့်နှစ်သီတင်းကြာလိမ့်မည်။” (ဒံယေလ ၉:၂၄၊ ၂၅) ဂျူး၊ ကက်သလစ်နှင့် ပရိုတက်စတင့်ပညာရှင်များသည် ဤတွင်ဖော်ပြထားသော “သီတင်း” သည်သီတင်းနှစ်ကိုဆိုလိုကြောင်း အများအားဖြင့်သဘောတူကြသည်။ ဒံယေလ ၉:၂၅ ပါ ၆၉ “သီတင်း” (၄၈၃ နှစ်) သည် နေဟမိကို ပါရှားဘုရင်အာတဇေရဇ်မင်းကြီးက “ယေရုရှလင်မြို့ကို တစ်ဖန်တည်ဆောက်ပြုစုခြင်းငှာ အမိန့်တော်ရှိ” သော ဘီ.စီ.အီး. ၄၅၅ တွင်စတင်ခဲ့သည်။ (နေဟမိ ၂:၁-၈) ယင်းသည် ၄၈၃ နှစ်အကြာ စီ.အီး. ၂၉ တွင်ကုန်ဆုံးခဲ့သည်၊ ထိုအချိန်တွင် ယေရှုသည် နှစ်ခြင်းခံခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ဘိသိက်ပေးခံရကာ မေရှိယ သို့မဟုတ် ခရစ်တော်ဖြစ်လာခဲ့သည်။—မဿဲ ၃:၁၃-၁၇။
၁၇ ၄၈၃ နှစ်သည်မည်သည့်အချိန်တွင်အစပြုသည်ကို ပထမရာစုဂျူးများအတိအကျသိမသိကို မသိရှိကြချေ။ သို့သော် နှစ်ခြင်းဆရာယောဟန်သည် သူ၏ဓမ္မအမှုကိုစတင်ခဲ့သောအခါ “လူများတို့သည်မျှော်လင့်၍၊ ယောဟန်သည် ခရစ်တော်မှန်သည်မမှန်သည်ကို နှလုံးထဲမှာတွေးတောဆင်ခြင်” နေကြ၏။ (လုကာ ၃:၁၅) ကျမ်းစာပညာရှင်အချို့သည် ဤမျှော်လင့်ချက်ကို ဒံယေလ၏ပရောဖက်ပြုချက်နှင့်ဆက်စပ်ကြသည်။ ဤအခန်းငယ်ကိုဖော်ပြရာ၌ မက်သယူးဟင်ရီက ဤသို့ရေးသားသည်– “ဤတွင် . . . လူများအနေဖြင့် ယောဟန်၏ဓမ္မအမှုဆောင်နှစ်ခြင်းပေးချိန်မှစ၍ မေရှိယအကြောင်းတွေးတောကြကာ ကိုယ်တော်သည် တံခါးဝတွင်ရောက်နေပြီဟု သူတို့ယူမှတ်ခဲ့ကြကြောင်း ကျွန်ုပ်တို့အားသိစေသည်။ . . . ဒံယေလ၏သီတင်းခုနစ်ဆယ်သည် ယခုကုန်ဆုံးပြီဖြစ်၏။” ဗီဂူရူး၊ ဘက်ဝက်စ်နှင့် ဘရားစက်ခ်တို့ရေးသော ပြင်သစ် မေနဲလ် ဘီဘလိခ်ကဤသို့ဖော်ပြသည်– “ဒံယေလဖော်ပြခဲ့သော သီတင်းနှစ်ခုနစ်ဆယ်သည် ကုန်လုနီးပြီဖြစ်ကြောင်း လူတို့သိခဲ့ကြသည်; ဘုရားသခင့်နိုင်ငံတော်ရောက်လုနီးပြီဟူသော နှစ်ခြင်းဆရာယောဟန်၏ကြေညာချက်ကို အံ့သြသူမရှိခဲ့ကြချေ။” ဂျူးကျမ်းပညာရှင် အက်ဘာဟီးလ် ဆီးလ်ဗားက ထိုခေတ်၌ “အများလက်ခံထားသောသက္ကရာဇ်စဉ်” အရ “မေရှိယကို စီ.အီး. ၂၅ နှင့် ၅၀ ကြားတွင်မျှော်လင့်နေကြ၏” ဟုရေးသားခဲ့သည်။
ဖြစ်ရပ်မှန်များ—တွက်ချက်ထားသောအချိန်များမဟုတ်
၁၈။ ဒံယေလ၏ပရောဖက်ပြုချက်သည် မေရှိယပေါ်ထွန်းမည့်အချိန်ကို ဂျူးများခွဲခြားသိမြင်ရန်ထောက်ကူပေးခဲ့သော်လည်း အဘယ်အရာသည် ယေရှု၏မေရှိယအဖြစ်ကိုသက်သေထူသည့် အကောင်းဆုံးအထောက်အထားဖြစ်ခဲ့သနည်း။
၁၈ သက္ကရာဇ်စဉ်အားဖြင့် မေရှိယပေါ်ထွန်းမည့်အချိန်ကို ဂျူးတို့သည် ယေဘုယျသဘောအရသိကြဟန်ရှိသော်လည်း ယင်းက ယေရှု၏မေရှိယအဖြစ်ကို အများစုကလက်ခံယုံကြည်ရန် အကူအညီမဖြစ်စေခဲ့ကြောင်း နောက်ဆက်တွဲဖြစ်ရပ်များကဖော်ပြသည်။ ကိုယ်တော်မသေမီတစ်နှစ်ခန့်တွင် မိမိ၏တပည့်တော်များကို ယေရှုက ဤသို့မေးခဲ့သည်– “‘လူများတို့သည်ငါ့ကိုအဘယ်သူဖြစ်သည်ကို ဆိုကြသနည်း’ ဟုမေးမြန်းတော်မူလျှင်၊ ‘လူအချို့က ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန်ဖြစ်သည်ဟူ၍လည်းကောင်း၊ အချို့က ဧလိယဖြစ်သည်ဟူ၍လည်းကောင်း၊ အချို့က ရှေးပရောဖက်တစ်ပါးပါးထပြန်သည်ဟူ၍လည်းကောင်း ဆိုကြပါ၏’ ဟုလျှောက်ကြ” ၏။ (လုကာ ၉:၁၈၊ ၁၉) မိမိသည် မေရှိယဖြစ်ကြောင်းကို သက်သေထူရန် ပုံဆောင်သီတင်းဆိုင်ရာ ပရောဖက်ပြုချက်ကို ယေရှုကိုးကားခဲ့ဖူးသည့်မှတ်တမ်းမရှိချေ။ သို့သော် တစ်ကြိမ်တွင် ကိုယ်တော်ဤသို့ဆိုခဲ့သည်– “ယောဟန်၏သက်သေထက် သာ၍ကြီးသောသက်သေသည်ငါ၌ရှိ၏။ အကြင်အမှုတို့ကို ငါပြီးစီးစေခြင်းငှာ ခမည်းတော်သည် ငါ့လက်သို့အပ်ပေးတော်မူ၍၊ ငါပြုသောထိုအမှုတို့သည်လည်း ငါ့ဘက်၌နေ၍ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်အကြောင်းကို သက်သေခံကြ၏။” (ယောဟန် ၅:၃၆) မည်သည့်သက္ကရာဇ်စဉ်ဖော်ပြချက်ထက်မဆို ယေရှု၏ဟောပြောခြင်း၊ ကိုယ်တော်၏အံ့ဖွယ်အမှုများနှင့် ကိုယ်တော်သေဆုံးစဉ်ဖြစ်ခဲ့သောဖြစ်ရပ်များ (အံ့ဖွယ်အမှောင်ထုဖုံးလွှမ်းမှု၊ ဗိမာန်တော်ကန့်လန့်ကာစုတ်ကွဲမှုနှင့် မြေငလျင်တို့) ကကိုယ်တော်သည် ဘုရားသခင်စေလွှတ်သည့် မေရှိယဖြစ်ကြောင်းသက်သေထူသည်။—မဿဲ ၂၇:၄၅၊ ၅၁၊ ၅၄; ယောဟန် ၇:၃၁; တမန်တော် ၂:၂၂။
၁၉။ (က) ခရစ်ယာန်များသည် ယေရုရှလင်မြို့ပျက်စီးလုနီးပြီဖြစ်ကြောင်း မည်သို့သိကြရမည်နည်း။ (ခ) ယေရုရှလင်မြို့မှထွက်ပြေးခဲ့သော ကနဦးခရစ်ယာန်များသည် ယုံကြည်ခြင်းများစွာဆက်ရှိနေရန် အဘယ်ကြောင့်လိုခဲ့သနည်း။
၁၉ အလားတူစွာ ယေရှုသေဆုံးပြီးနောက် ဆိုက်ရောက်လုနီးသောဂျူးစနစ်ဆုံးခန်းကို မှန်းဆတွက်ချက်ဖို့နည်းလမ်းများကို ကနဦးခရစ်ယာန်များအားမပေးခဲ့ချေ။ မှန်ပါသည်၊ ပုံဆောင်သီတင်းဆိုင်ရာ ဒံယေလ၏ပရောဖက်ပြုချက်သည် ထိုစနစ်ပျက်စီးခြင်းကို ဖော်ပြ၏။ (ဒံယေလ ၉:၂၆ခ၊ ၂၇ခ) သို့သော် ယင်းသည် “သီတင်းခုနစ်ဆယ်” (ဘီ.စီ.အီး. ၄၅၅-စီ.အီး. ၃၆) ကုန်ဆုံးပြီးနောက်တွင်ဖြစ်မည်။ တစ်နည်းအားဖြင့် စီ.အီး. ၃၆ တွင်တစ်ပါးအမျိုးသားများသည် ယေရှု၏နောက်လိုက်များ ဦးဆုံးဖြစ်လာကြပြီးနောက် ဒံယေလအခန်းကြီး ၉ ပါသက္ကရာဇ်စဉ်မှတ်တိုင်များကို ခရစ်ယာန်များကျော်လွန်ခဲ့ပြီဖြစ်သည်။ ဂျူးစနစ်သည် မကြာမီအဆုံးတိုင်တော့မည်ဖြစ်ကြောင်းကို သက္ကရာဇ်စဉ်အားဖြင့်မဟုတ် ဖြစ်ရပ်မှန်များအားဖြင့် သူတို့ကိုပြသမည်။ ယေရှုဟောခဲ့သော ထိုဖြစ်ရပ်များသည် ယေရုရှလင်ကိုရောမတပ်များတိုက်ခိုက်ပြီး တပ်ပြန်ဆုတ်ခဲ့သော စီ.အီး. ၆၆ မှစ၍အထွတ်အထိပ်သို့စတင်ရောက်ခဲ့သည်။ ယင်းက ယေရုရှလင်မြို့နှင့်ယုဒနယ်ရှိ သတိမူသောသစ္စာရှိခရစ်ယာန်များအတွက် ‘တောင်ပေါ်သို့ထွက်ပြေး’ ရန်အခွင့်အရေးရစေခဲ့သည်။ (လုကာ ၂၁:၂၀-၂၂) သက္ကရာဇ်ဆိုင်ရာသတိပေးမှတ်တိုင်များမရှိခြင်းကြောင့် ထိုကနဦးခရစ်ယာန်များသည် အဘယ်အချိန်တွင် ယေရုရှလင်မြို့ပျက်စီးမည်ကို မသိခဲ့ကြချေ။ စီ.အီး. ၇၀ တွင်ရောမတပ်ပြန်ရောက်လာပြီး ဂျူးစနစ်ကိုလုံးဝမဖျက်ဆီးမီ လေးနှစ်တာအတွင်း သူတို့သည် အိမ်ယာအလုပ်အကိုင်များကိုစွန့်၍ ယေရုရှလင်မြို့ပြင်တွင်နေထိုင်ကြရန် တကယ့်ယုံကြည်ခြင်းရှိဖို့လိုခဲ့ပါသည်တကား!—လုကာ ၁၉:၄၁-၄၄။
၂၀။ (က) ကျွန်ုပ်တို့သည် နောဧ၊ မောရှေနှင့် ယုဒပြည်ရှိပထမရာစုခရစ်ယာန်များ၏ပုံနမူနာမှ မည်သို့အကျိုးရရှိနိုင်သနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အရာကိုဆွေးနွေးကြမည်နည်း။
၂၀ နောဧ၊ မောရှေနှင့် ယုဒနယ်ရှိပထမရာစုခရစ်ယာန်များနည်းတူ ယနေ့ကျွန်ုပ်တို့သည် ကာလအချိန်နှင့်ဥတုများကို ယေဟောဝါ၏လက်တော်၌ ယုံကြည်စိတ်ချစွာပုံအပ်ထားနိုင်ပါသည်။ ကျွန်ုပ်တို့သည် ဆုံးခန်းချိန်တွင်အသက်ရှင်နေကြ၍ လွတ်မြောက်လုနီးပြီဟူသော ကျွန်ုပ်တို့၏ခံယူချက်သည် သက္ကရာဇ်စဉ်တွက်ချက်မှုအပေါ်သာမူတည်သည်မဟုတ်ဘဲ ကျမ်းစာပရောဖက်ပြုချက်များပြည့်စုံခြင်းအပေါ်မူတည်၏။ ထို့အပြင် ကျွန်ုပ်တို့သည် ခရစ်တော်၏ရောက်ရှိချိန်အတွင်း အသက်ရှင်နေကြသည်မှန်သော်လည်း ယုံကြည်ခြင်းကျင့်သုံးခြင်းနှင့် သတိနှင့်ဆက်စောင့်နေရန်လိုအပ်မှုကိုလျော့ပေါ့လိုက်ဖို့မဟုတ်ပါ။ ကျမ်းစာတွင်ကြိုဟောထားသော ရင်ဖိုဖွယ်အဖြစ်အပျက်များကို ဆက်၍အလွန်တောင့်တမျှော်လင့်နေကြရမည်။ ယင်းအကြောင်းကို နောက်ဆောင်းပါးတွင်သုံးသပ်ကြမည်။
[အောက်ခြေမှတ်ချက်များ]
ပြန်လည်သုံးသပ်ခြင်းဖြင့်
◻ ယေဟောဝါ၏ကာလအချိန်ဥတုများနှင့်စပ်လျဉ်း၍ တမန်တော်များကို ယေရှုအဘယ်အရာပြောခဲ့သနည်း။
◻ နောဧသည် ရေလွှမ်းမိုးဘေးစတင်မည့်အချိန်ကို မည်မျှကြို၍သိခဲ့သနည်း။
◻ မောရှေနှင့်ဣသရေလလူမျိုးသည် အီဂျစ်ပြည်မှလွတ်မြောက်မည့်အချိန်ကို အတိအကျမသိခဲ့ကြကြောင်း အဘယ်အချက်ကဖော်ပြသနည်း။
◻ ယေဟောဝါ၏ကာလအချိန်ဥတုများနှင့်ပတ်သက်သော သမ္မာကျမ်းစာပုံနမူနာများမှ မည်သို့အကျိုးရယူနိုင်သနည်း။
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
နောဧ၏ယုံကြည်ခြင်းကြောင့် သူသည် အချိန်နှင့်ပတ်သက်သမျှကို ယေဟောဝါ၏လက်တော်၌ ပုံအပ်နိုင်ခဲ့