သင့်အနာဂတ်သည် မည်သို့ဖြစ်မည်နည်း
အနန္တတန်ခိုးရှင်းရှင်ဘုရားသခင်သည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်အားလုံးကိုသိမြင်သော ဘုရားသခင်ဖြစ်သည်ဆိုလျှင် ကိုယ်တော်ကြိုမြင်ထားသည့်အတိုင်း အရာခပ်သိမ်းဖြစ်လာရမည်မဟုတ်ပေလော။ လူသားအားလုံး၏လမ်းစဉ်နှင့် နောက်ဆုံးကံကြမ္မာကို ဘုရားသခင်ကြိုမြင်တော်မူ၍ စီရင်ချက်ချထားမည်ဆိုလျှင် ကျွန်ုပ်တို့၏ဘဝလမ်းစဉ်၊ ကျွန်ုပ်တို့၏အနာဂတ်ကို ကျွန်ုပ်တို့လွတ်လပ်စွာရွေးချယ်ခွင့်ရှိသည်ဟု အမှန်အကန်ပြောဆိုနိုင်ပါမည်လော။
ယင်းမေးခွန်းများကို ရာစုနှစ်ပေါင်းများစွာ အငြင်းပွားခဲ့ကြသည်။ ထိုအငြင်းပွားမှုက အဓိကဘာသာတရားကြီးများကို ကွဲပြားစေနေဆဲပင်ဖြစ်သည်။ ဘုရားသခင်၏အနာဂတ်ကြိုသိနိုင်စွမ်းကို လူသားတို့၏လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်နှင့် သဟဇာတဖြစ်စေနိုင်ပါမည်လော။ အဖြေကို မည်သည့်နေရာတွင် ရှာရမည်နည်း။
ဘုရားသခင်သည် မိမိ၏နှုတ်တော်ထွက်စကားများကို မိမိ၏ပြောရေးဆိုခွင့်ရှိသူ ပရောဖက်များမှတစ်ဆင့်ဟောကြားစေကာ လူသားများနှင့်ဆက်သွယ်ခဲ့ကြောင်း ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသောသူတို့က သဘောတူညီကြပါလိမ့်မည်။ သာဓကအနေနှင့် ကူရ်အန်ကျမ်းက တော်ရာ (တိုရာ၊ မောရှေ၏ပညတ် သို့မဟုတ် ကျမ်းငါးကျမ်း)၊ ဇာဘူရ် (ဆာလံကျမ်းများ) နှင့် အင်ဂျဲလ် (ခရစ်ဝင်ကျမ်း၊ ခရစ်ယာန်ဂရိကျမ်းစောင်များ သို့မဟုတ် “ဓမ္မသစ်ကျမ်း”) တို့အပြင် ဣသရေလပရောဖက်များအားဖော်ပြခဲ့သည့် ဘုရားသခင်ထံတော်မှလာသော ဖွင့်ပြချက်များဖြစ်သည်ဟု ညွှန်းဆိုထားသည်။
ခရစ်ယာန်ဂရိကျမ်းစောင်များတွင် ကျွန်ုပ်တို့ဤသို့ဖတ်ရှုရသည်– “ကျမ်းစာရှိသမျှသည် ဘုရားရှင်ဝိညာဉ်တော်မှုတ်သွင်းထား၍ သင်ကြားခြင်း၊ အပြစ်ဖော်ပြခြင်း၊ ပဲ့ပြင်ခြင်း၊ ဖြောင့်မတ်အောင်ဆုံးမခြင်းများ၌အကျိုးရှိ၏။” (၂ တိမောသေ ၃:၁၆၊ ကဘ) ရှင်းနေသည်မှာ ကျွန်ုပ်တို့ရရှိသော မည်သည့်လမ်းညွှန်မှု၊ ဉာဏ်အလင်းထွန်းလင်းမှုမဆိုသည် နောက်ဆုံးတွင် ဘုရားသခင်ကိုယ်တော်တိုင်မှ လာသင့်သည်ဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင့်အစောပိုင်းပရောဖက်များ၏ အရေးအသားများကို စစ်ဆေးကြည့်ရန် ကောင်းမည်မဟုတ်ပေလော။ ကျွန်ုပ်တို့၏အနာဂတ်နှင့်စပ်လျဉ်း၍ ယင်းက မည်သို့ဖော်ပြသနည်း။
တင်ကူးရေးသားထားသည့်အနာဂတ်
သမ္မာကျမ်းစာကို ဖတ်ဖူးသူတိုင်းက ယင်းတွင် ရာနှင့်ချီသော ပရောဖက်ပြုချက်မြောက်မြားစွာပါဝင်သည်ကို သိကြပါသည်။ ရှေးခေတ်ဗာဗုလုန်မြို့ကျရှုံးခြင်း၊ ယေရုရှလင်မြို့ပြန်လည်တည်ထောင်ခြင်း (ဘီ.စီ.အီး. ခြောက်ရာစုမှ ငါးရာစုအထိ)၊ ရှေးခေတ်မေဒိ-ပေရသိနှင့် ဂရိနိုင်ငံတို့၏ဘုရင်များ ပေါ်ထွန်းခြင်းနှင့်ကျရှုံးခြင်းစသည့် သမိုင်းဝင်ဖြစ်ရပ်များအားလုံးကို အသေးစိတ်တင်ကူးဟောကြားခဲ့သည်။ (ဟေရှာယ ၁၃:၁၇-၁၉; ၄၄:၂၄–၄၅:၁; ဒံယေလ ၈:၁-၇၊ ၂၀-၂၂) သမ္မာကျမ်းစာသည် အမှန်ပင်ဘုရားသခင့်နှုတ်မြွက်စကားတော်ဖြစ်ကြောင်း အခိုင်လုံဆုံးသက်သေတစ်ခုမှာ ပရောဖက်ပြုချက်များ ပြည့်စုံခြင်းဖြစ်သည်၊ အကြောင်းမှာ ဘုရားသခင်တစ်ပါးတည်း၌သာ အနာဂတ်တွင်ဖြစ်ပျက်မည့်အရာများကို ကြိုတင်သိမြင်၍ ဆုံးဖြတ်နိုင်စွမ်းရှိသောကြောင့်ဖြစ်သည်။ ဤနည်းအားဖြင့် သမ္မာကျမ်းစာသည် တင်ကူးရေးသားထားသည့်အနာဂတ်ကို မှတ်တမ်းတင်ထားပါသည်။
ဘုရားသခင်ကိုယ်တော်တိုင်က ဤသို့ကြေညာခဲ့သည်– “ငါသည် ဘုရားသခင်ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားမရှိ။ အဦးမှစ၍ အဆုံးတိုင်အောင်လည်းကောင်း၊ ရှေးကာလမှစ၍ မဖြစ်ဖူးသောအမှုအရာတို့ကိုလည်းကောင်း ဖော်ပြလျက်၊ “ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည်” ဟုဆိုလျက်၊ . . . ငါသည် နှုတ်ထွက်အတိုင်းပြုမည်။ ကြံသည်အတိုင်းစီရင်မည်။” (ဟေရှာယ ၄၆:၉-၁၁; ၅၅:၁၀၊ ၁၁) ဘုရားသခင်ကိုယ်တော်တိုင်သည် မိမိ၏ရှေးခေတ်ပရောဖက်များကို စာသားအရ “ကိုယ်တော်ဖြစ်လာစေတော်မူသည်” ဟုအဓိပ္ပာယ်ရှိသော ယေဟောဝါဟူသည့်နာမတော်ဖြင့် မိမိကိုယ်တော်တိုင်ကို ဖော်ပြတော်မူခဲ့၏။a (ကမ္ဘာဦး ၁၂:၇၊ ၈; ထွက်မြောက်ရာ ၃:၁၃-၁၅; ဆာလံ ၈၃:၁၈) ဘုရားသခင်သည် မိမိ၏နှုတ်တော်ထွက်အတိုင်းပြည့်စုံစေသူ၊ မိမိ၏ရည်ရွယ်တော်မူချက်များကို အစဉ်ဖြစ်မြောက်အောင်မြင်စေသူအဖြစ် မိမိကိုယ်တော်တိုင်ကိုဖော်ပြတော်မူသည်။
သို့ဖြင့် ဘုရားသခင်သည် မိမိ၏ရည်ရွယ်ချက်များကို ပြည့်စုံစေရာတွင် မိမိ၏ကြိုတင်သိမြင်နိုင်စွမ်းကို အသုံးပြုတော်မူသည်။ လူဆိုးများကို လာလတ္တံ့သောတရားစီရင်ခြင်းအကြောင်း သတိပေးရန်နှင့် မိမိ၏ကျေးကျွန်များအား ကယ်တင်ခြင်းမျှော်လင့်ချက်ပေးရန် ယင်းကို ကိုယ်တော်အသုံးပြုလေ့ရှိတော်မူခဲ့သည်။ သို့သော် ဘုရားသခင်သည် ထိုအစွမ်းတန်ခိုးကို အကန့်အသတ်မဲ့အသုံးပြုတော်မူသလော။ ဘုရားသခင်ကြိုတင်မသိလိုသောအရာများရှိကြောင်း ကျမ်းစာအထောက်အထား တစ်စုံတစ်ရာရှိပါသလော။
ဘုရားသခင်သည် အရာခပ်သိမ်းကို ကြိုတင်သိမြင်တော်မူသလော
တင်ကူးပြဋ္ဌာန်းခြင်းကိုထောက်ခံသော ဆင်ခြေအားလုံးသည် ဘုရားသခင်၌ အနာဂတ်ဖြစ်ရပ်များကို ကြိုတင်သိမြင်၍ ဆုံးဖြတ်နိုင်စွမ်းအမှန်ရှိသောကြောင့် လူယောက်စီယောက်တိုင်း၏ အနာဂတ်အပြုအမူများအပါအဝင် အရာခပ်သိမ်းကို ကိုယ်တော်ကြိုတင်သိမြင်ရမည်ဟူသည့် ယူဆချက်အပေါ်အခြေပြုပါသည်။ သို့သော် ဤယူဆချက်သည် ကျိုးကြောင်းညီညွတ်ပါသလော။ သမ္မာကျမ်းစာတွင် ဘုရားသခင်ဖော်ပြထားရာများက ဤသို့မဟုတ်ကြောင်းညွှန်ပြသည်။
ဥပမာ၊ သားဖြစ်သူဣဇာက်ကို မီးရှို့ရာပူဇော်သကာအဖြစ်ပူဇော်ရန် မိန့်တော်မူခြင်းဖြင့် ဘုရားသခင်သည် “အာဗြဟံကိုစုံစမ်း” တော်မူခဲ့သည်ဟုကျမ်းစာကဆိုသည်။ ဣဇာက်ကိုအာဗြဟံပူဇော်ခါနီးအချိန်တွင် ဘုရားသခင်သည် သူ့အားဆီးတား၍ “သင်သည်ဘုရားသခင်ကိုကြောက်ရွံ့သည်ဟု ယခုငါသိ၏။ အကြောင်းမူကား၊ သင်၏သား၊ သင်၏တစ်ယောက်တည်းသောသားကို ငါတောင်း၍၊ သင်သည်ငါ့ကိုမငြင်း” ဟုမိန့်တော်မူ၏။ (ကမ္ဘာဦး ၂၂:၁-၁၂) ဘုရားသခင်သည် ဤအမိန့်ကို အာဗြဟံနာခံလိမ့်မည်ဟု ကြိုတင်သိထားပြီးဖြစ်ပါက ထိုသို့မိန့်တော်မူပါမည်လော။ ယင်းသည် မှန်ကန်သောစမ်းသပ်မှုတစ်ခု ဖြစ်ပါလိမ့်မည်လော။
ထို့ပြင် ဘုရားသခင်သည် မိမိပြုလုပ်ခဲ့ရာ သို့မဟုတ် ပြုလုပ်ရန်ကြံစည်သောအရာတစ်စုံတစ်ခုအတွက် ‘နောင်တရ’ သည်ဟုကြိမ်ဖန်များစွာမိန့်တော်မူခဲ့ကြောင်း ရှေးခေတ်ပရောဖက်များကရေးသားခဲ့ကြသည်။ သာဓကအနေနှင့် “ရှောလုကိုရှင်ဘုရင်အရာ၌ခန့်ထားသည်အမှုကြောင့် နောင်တရ [ဟေဗြဲစကားလုံး နချဲမ်မှ] ၏” ဟုဘုရားသခင်မိန့်တော်မူသည်။ (၁ ဓမ္မရာဇဝင် ၁၅:၁၁၊ ၃၅; ယေရမိ ၁၈:၇-၁၀; ယောန ၃:၁၀ နှိုင်းယှဉ်။) ဘုရားသခင်သည် စုံလင်တော်မူသောကြောင့် ဣသရေလနိုင်ငံ၏ပထမဘုရင်အဖြစ် ရှောလုကိုရွေးချယ်ရာတွင် ဘုရားသခင်မှားသွားသည်ဟု ဤအခန်းငယ်ကဆိုလိုနေခြင်း မဖြစ်နိုင်ပါ။ ယင်းအစား ရှောလုသည် သစ္စာမဲ့၍ နာခံမှုကင်းမဲ့လာသည့်အတွက် ဘုရားသခင်ဝမ်းနည်းတော်မူသည်ဟု ဖော်ပြနေခြင်းဖြစ်မည်။ ရှောလု၏လုပ်ရပ်များကို ဘုရားသခင်ကြိုတင်သိထားပြီးဖြစ်ပါက ထိုသို့သောအသုံးအနှုန်းကို ကိုယ်တော်တိုင်နှင့်စပ်လျဉ်း၍အသုံးပြုခြင်းသည် အဓိပ္ပာယ်မရှိဖြစ်ပေမည်။
နောဧခေတ်ကိုရည်ညွှန်းရာ၌ အလားတူစကားအသုံးအနှုန်းမျိုးကို ရှေးအကျဆုံးကျမ်းစာစောင်များတွင် ဤသို့တွေ့ရှိရသည်– “မြေကြီးပေါ်မှာ လူကိုဖန်ဆင်းတော်မူသည်ကို နောင်တရ၍၊ နှလုံးတော်ပူပန်လျက်ရှိ [“နှလုံး၌နာကျင်၊” ကဘ] တော်မူ၏။ ထာဝရဘုရားကလည်း၊ ‘ငါဖန်ဆင်းသောလူကို . . . မြေကြီးမျက်နှာမှ ငါသုတ်သင်ပယ်ရှင်းမည်။ သူတို့ကိုဖန်ဆင်းသောကြောင့် ငါနောင်တရသည်’ ဟုမိန့်တော်မူ၏။” (ကမ္ဘာဦး ၆:၆၊ ၇) ဤတွင်တစ်ဖန် လူသားတို့၏လုပ်ရပ်များကို ဘုရားသခင်တင်ကူးပြဋ္ဌာန်းသည်မဟုတ်ကြောင်း ယင်းကဖော်ပြသည်။ ဘုရားသခင်နောင်တရ၍၊ ယူကျုံးမရဖြစ်ကာ နှလုံး၌နာကျင်ရသည့်အထိဖြစ်ခြင်းမှာ ကိုယ်တော်တိုင်၏လုပ်ရပ်များ မှားယွင်းသောကြောင့်မဟုတ်ဘဲ လူသားတို့၏ဆိုးညစ်မှု တိုးများလာသောကြောင့်ဖြစ်သည်။ နောဧနှင့်သူ၏မိသားစုမှလွဲ၍ လူသားအားလုံးကိုဖျက်ဆီးဖို့လိုအပ်လာသည့်အတွက် ဖန်ဆင်းရှင်သည် နောင်တရတော်မူခဲ့သည်။ ဘုရားသခင်က “ဆိုးသောသူသည်အသေခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်” ဟုကျွန်ုပ်တို့ကိုစိတ်ချစေပါသည်။—ယေဇကျေလ ၃၃:၁၁; တရားဟောရာ ၃၂:၄၊ ၅ နှိုင်းယှဉ်။
ထို့ကြောင့် အပြစ်တရားသို့အာဒံကျဆင်းခဲ့ခြင်းနှင့် လူ့မိသားစုအပေါ်ကျရောက်သော ဆိုးကျိုးများကိုပါ ဘုရားသခင်ကြိုတင်သိမြင်၍ စီရင်ချက်ပင်ချတော်မူခဲ့ပါသလော။ ကျွန်ုပ်တို့ဆင်ခြင်သုံးသပ်ခဲ့ရာများက ထိုသို့မဖြစ်နိုင်ကြောင်းဖော်ပြသည်။ ထို့ထက်ကား ယင်းတို့အားလုံးကို ဘုရားသခင်ကြိုတင်သိထားသည်ဆိုလျှင် ကိုယ်တော်သည် လူသားကိုဖန်ဆင်းသည့်အချိန်တွင် အပြစ်ကိုစတင်ပြုလုပ်သူဖြစ်လာပြီး လူသားတို့၏ဆိုးသွမ်းမှုနှင့် ဒုက္ခဆင်းရဲတို့အတွက် အလိုလိုတာဝန်ခံဖြစ်သွားပေမည်။ ရှင်းနေသည်မှာ ကျမ်းစာတွင် ကိုယ်တော်တိုင်အကြောင်း ဘုရားသခင်ဖော်ပြထားချက်နှင့် ယင်းကိုဆက်စပ်၍မရနိုင်ဟူ၍ဖြစ်သည်။ ကိုယ်တော်သည် ဆိုးသွမ်းမှုကိုမုန်း၍ မေတ္တာနှင့်တရားမျှတမှုရှိသော ဘုရားသခင်ဖြစ်တော်မူ၏။—ဆာလံ ၃၃:၅; သု. ၁၅:၉; ၁ ယောဟန် ၄:၈။
လူ့ကြမ္မာနှစ်ရပ်
ဘုရားသခင်သည် ကျွန်ုပ်တို့တစ်ဦးချင်းစီ၏အနာဂတ်ကို တစ်နည်းနည်းဖြင့်ကြိုတင်ဆုံးဖြတ်သည်၊ သို့မဟုတ် တင်ကူးပြဋ္ဌာန်းထားသည်ဟု သမ္မာကျမ်းစာကမဖော်ပြပေ။ ထိုသို့ဖော်ပြမည့်အစား လူသားအတွက်ဖြစ်နိုင်ဖွယ်ရှိသော ကြမ္မာနှစ်ရပ်ကိုသာ ဘုရားသခင်တင်ကူးမိန့်ဆိုတော်မူကြောင်း ဖော်ပြထားသည်။ ကိုယ်တော်သည် လူသားအားလုံးကို မိမိကြမ္မာမိမိလွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ပေးထားသည်။ ပရောဖက်မောရှေသည် ရှေးအချိန်က ဣသရေလလူမျိုးကို ဤသို့ကြေညာခဲ့သည်– “အသက်ရှင်ခြင်း၊ သေခြင်း၊ . . . တို့ကို သင့်ရှေ့၌ငါထား . . . ၏။ သို့ဖြစ်၍၊ သင်နှင့်သင့်အမျိုးအနွယ်သည် အသက်ရှင်မည်အကြောင်း . . . သင်၏ဘုရားသခင် ထာဝရဘုရားကိုချစ်၍ စကားတော်ကိုနားထောင်သဖြင့်၊ အသက်ရှင်ခြင်းအကျိုး၊ အသက်တာရှည်ခြင်းအကျိုးကိုပေးတော်မူသော ကိုယ်တော်ကို ဆည်းကပ်မှီဝဲမည်အကြောင်း . . . အသက်တရားကို ရွေးယူလော့။” (တရားဟောရာ ၃၀:၁၉၊ ၂၀) ဘုရားသခင့်ပရောဖက်ယေရှုက ဤသို့ကြိုတင်သတိပေးခဲ့သည်– “ကျဉ်းသောတံခါးကိုဝင်ကြလော့။ ပျက်စီးခြင်းသို့ရောက်သော လမ်းနှင့်တံခါးသည် ကျယ်ဝန်းသည်ဖြစ်၍ ဝင်သောသူတို့သည်များကြ၏။ အသက်ရှင်ခြင်းသို့ရောက်သော လမ်းနှင့်တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍၊ တွေ့ဝင်သောသူတို့သည် နည်းကြ၏။” (မဿဲ ၇:၁၃၊ ၁၄) လမ်းနှစ်သွယ်၊ ကြမ္မာနှစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့၏အနာဂတ်သည် ကျွန်ုပ်တို့၏လုပ်ရပ်အပေါ် မူတည်နေပါသည်။ ဘုရားသခင်အားနာခံခြင်းက အသက်ရှင်ခြင်းနှင့် မနာခံခြင်းက သေခြင်းကိုဆိုလိုသည်။—ရောမ ၆:၂၃။
ဘုရားသခင်သည် “နောင်တရကြလော့ဟု ခပ်သိမ်းသောအရပ်တို့၌ရှိသော လူအပေါင်းတို့အားပညတ်တော်မူ၏။ အကြောင်းမူကား၊ . . . ဖြောင့်မတ်ခြင်းတရားနှင့်ညီလျော်စွာ စစ်ကြောစီရင်မည့်နေ့ရက်ကို ချိန်းချက်တော်မူပြီ” ဟုမိန့်တော်မူ၏။ (တမန်တော် ၁၇:၃၀၊ ၃၁) နောဧခေတ်မှလူအများစုသည် ဘုရားသခင်အားမနာခံရန် ရွေးချယ်ခဲ့ကြ၍ လုံးဝဖျက်ဆီးခံခဲ့ကြရသကဲ့သို့ ယနေ့လည်း လူအများစုသည် ဘုရားသခင်၏ပညတ်တော်များကို မနာခံကြချေ။ သို့တိုင် မည်သူဖျက်ဆီးခံရ၍ မည်သူကယ်တင်ခြင်းခံရမည်ကို ဘုရားသခင်ကြိုတင်ဆုံးဖြတ်ထားတော်မမူပေ။ အမှန်ဆိုလျှင် ဘုရားသခင့်နှုတ်မြွက်စကားတော်က ကိုယ်တော်သည် “အဘယ်သူမျှမပျက်စီးဘဲ၊ ရှိသမျှတို့သည်နောင်တရစေခြင်းငှာအလိုတော်ရှိ” သည်ဟုဆိုထားသည်။ (၂ ပေတရု ၃:၉) အလွန်ဆိုးသွမ်းသူများပင် နောင်တရနိုင်ပြီး နာခံမှုရှိလာကြကာ ဘုရားသခင်၏မျက်နှာသာတော်ရရှိရန် လိုအပ်သောပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်နိုင်ကြပါသည်။—ဟေရှာယ ၁:၁၈-၂၀; ၅၅:၆၊ ၇; ယေဇကျေလ ၃၃:၁၄-၁၆; ရောမ ၂:၄-၈။
နာခံမှုရှိသောသူများကို ငတ်မွတ်ခြင်း၊ ဆင်းရဲဒုက္ခ၊ ဖျားနာခြင်းနှင့် သေခြင်းမရှိတော့သည့်ကမ္ဘာ၊ ဆိုးသွမ်းမှု၊ အကြမ်းဖက်မှုနှင့် စစ်မက်အားလုံးတို့ကို ရှင်းလင်းသုတ်သင်ထားသော အေးချမ်းသည့်မြေကြီးပရဒိသုတွင် ထာဝရအသက်ရရန် ဘုရားသခင်ကတိပြုတော်မူ၏။ (ဆာလံ ၃၇:၉-၁၁; ၄၆:၉; ဟေရှာယ ၂:၄; ၁၁:၆-၉; ၂၅:၆-၈; ၃၅:၅၊ ၆; ဗျာဒိတ် ၂၁:၄) သေလွန်သူများပင် ရှင်ပြန်ထမြောက်လာပြီး ဘုရားသခင်အားဝတ်ပြုခွင့်ရရှိကြလိမ့်မည်။—ဒံယေလ ၁၂:၂; ယောဟန် ၅:၂၈၊ ၂၉။
“စုံလင်ခြင်းတရားကိုစောင့်ရှောက်လော့။ ဖြောင့်မတ်ခြင်းတရားကို ကြည့်ရှုဆင်ခြင်လော့။ ထိုသို့ပြုသောသူသည် အဆုံး၌ငြိမ်သက်ခြင်းကိုခံစားရလိမ့်မည်။ ပြစ်မှားသောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ရောက်၍၊ မတရားသောသူတို့သည် အဆုံး၌ ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်” ဟုဆာလံဆရာကဆိုသည်။ (ဆာလံ ၃၇:၃၇၊ ၃၈) သင့်အနာဂတ်ကား အဘယ်သို့ဖြစ်မည်နည်း။ သင့်အပေါ်တွင် လုံးဝမူတည်နေပါသည်။ ဤမဂ္ဂဇင်းထုတ်ဝေသူများက သင်ကိုယ်တိုင်ပျော်ရွှင်၊ အေးချမ်းသောအနာဂတ်ကျိန်းသေရရှိစေရန် ထပ်ဆင့်သိသင့်သိအပ်သော အချက်အလက်များကို သင့်အားပေးလိုကြပါသည်။
[အောက်ခြေမှတ်ချက်များ]
a ယေဟောဝါဟူသောနာမတော်ကို သမ္မာကျမ်းစာတွင် အကြိမ်ပေါင်း ၇,၀၀၀ ကျော် တွေ့ရှိရသည်; နယူးယောက်၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ၁၉၉၅ ခုနှစ်တွင်ထုတ်ဝေသော အကြီးမြတ်ဆုံးနာမတော် (လိပ်) ဝေစာရှု။
[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]
ဘုရားသခင်သည် မိမိ၏ရည် ရွယ်ချက်များကို ပြည့်စုံစေရာတွင် မိမိ၏ကြိုတင်သိမြင်နိုင်စွမ်းကို အသုံးပြုတော်မူသည်
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
မိမိ၏သားကို အာဗြဟံပူဇော်မည်ဖြစ်ကြောင်း ဘုရားသခင်ကြိုတင်သိမြင်ပြီးဖြစ်ပါက ယင်းသည် ရိုးသားမှန်ကန်သော စမ်းသပ်မှုဖြစ်ပါမည်လော
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ဘုရားသခင်သည် “အဘယ်သူမျှမပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိ” ၏။ ၂ ပေတရု ၃:၉