ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lr အခန်း ၃ စာ. ၂၁-၂၅
  • အရာခပ်သိမ်းကို ဖန်ဆင်းတဲ့အရှင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အရာခပ်သိမ်းကို ဖန်ဆင်းတဲ့အရှင်
  • ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရာဝတ္ထုတွေကို ဘုရားသခင်စပြီး ဖန်ဆင်းတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ကောင်းကင်နဲ့ မြေကြီးကို ဘုရားသခင် ဖန်ဆင်း
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ယေရှု ကြီးမြတ်တဲ့ဆရာ ဖြစ်ရတဲ့အကြောင်းရင်း
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • လှလိုက်တဲ့ ဥယျာဉ်ကလေး
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ကြီးမြတ်သောဆရာထံမှ သင်ယူပါ
lr အခန်း ၃ စာ. ၂၁-၂၅

အခန်း ၃

အရာခပ်သိမ်းကို ဖန်ဆင်းတဲ့အရှင်

ငှက်ပေါက်လေးတွေကို လူငယ်လေး အစာကျွေးနေစဉ်

သက်ရှိအရာအားလုံးကို ဘယ်သူ ဖန်ဆင်းသလဲ

အံ့သြစရာတစ်ခု တို့သိထားတယ်။ ကလေးတို့ နားထောင်ကြမလား။— ကလေးတို့လက်ကို ကြည့်လိုက်ပါဦး။ လက်ချောင်းလေးတွေကို ကွေးကြည့်လိုက်။ တစ်ခုခုကို ကောက်ကိုင်လိုက်။ ကလေးတို့လက်က အမျိုးမျိုး လုပ်တတ်တယ်။ ကောင်းကောင်းလည်း လုပ်တတ်တယ်။ တို့ရဲ့လက်ကို ဘယ်သူ ဖန်တီးပေးခဲ့သလဲ၊ သိသလား။—

ဟုတ်တယ်၊ တို့ရဲ့ပါးစပ်၊ နှာခေါင်း၊ မျက်စိတို့ကို ဖန်ဆင်းပေးတဲ့အရှင်ပဲပေါ့။ ကြီးမြတ်တဲ့ဆရာရဲ့ ဖေဖေ၊ ဘုရားသခင်ပဲလေ။ ဘုရားသခင်က တို့တစ်တွေကို မျက်စိ ပေးထားတဲ့အတွက် ဝမ်းမသာကြဘူးလား။— မျက်စိနဲ့ မြင်နိုင်တာ အများကြီး ရှိတယ်။ ပန်းကလေးတွေကို မြင်နိုင်တယ်။ မြက်ခင်း စိမ်းစိမ်းနဲ့ ကောင်းကင် ပြာပြာကိုလည်း မြင်နိုင်တယ်။ ဒီပုံထဲကလို ဆာလောင်နေတဲ့ ငှက်ကလေးတွေကိုလည်း မြင်နိုင်မယ်။ ဒီအရာတွေကို မြင်နိုင်တာဟာ တကယ့်အံ့သြစရာပါပဲ၊ မဟုတ်ဘူးလား။—

ဒါပေမဲ့ ဒီအရာတွေကို ဘယ်သူ လုပ်သလဲ။ လူတစ်ယောက်ယောက်က လုပ်တာလား။ မဟုတ်ဘူး။ လူတွေက အိမ်ဆောက်နိုင်တယ်။ ဒါပေမဲ့ ရှင်သန်နေတဲ့ မြက်ပင်ကိုတော့ ဘယ်လူကမှ မလုပ်နိုင်ဘူး။ ငှက်ပေါက်လေး တစ်ကောင်၊ ပန်းလေးတစ်ပွင့်၊ ဒါမှမဟုတ် တခြားသက်ရှိ တစ်ခုခုကို လူတွေ မဖန်တီးနိုင်ကြဘူး။ ကလေးတို့ ဒါကို သိလား။—

ဘုရားသခင်ဟာ ဒီအရာခပ်သိမ်းကို ဖန်ဆင်းတဲ့အရှင်ပဲပေါ့။ ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းခဲ့တယ်။ လူတွေကိုလည်း ဖန်ဆင်းခဲ့တယ်။ ပထမ လူယောက်ျားနဲ့ မိန်းမကို ဘုရားသခင်ပဲ ဖန်ဆင်းခဲ့တာလေ။ ကြီးမြတ်တဲ့ဆရာ ယေရှုက ဒီအကြောင်း သင်ပေးခဲ့တယ်။—မဿဲ ၁၉:၄-၆။

ယောက်ျားနဲ့ မိန်းမကို ဘုရားသခင် ဖန်ဆင်းတာ ယေရှု ဘယ်လို သိသလဲ။ ဘုရားသခင် ဖန်ဆင်းတာကို ယေရှု မြင်ခဲ့လို့လား။— ဟုတ်တယ်၊ မြင်ခဲ့တယ်။ ယောက်ျားနဲ့ မိန်းမကို ဘုရားသခင် ဖန်ဆင်းတုန်းက ဘုရားသခင်အနားမှာ ယေရှု ရှိနေခဲ့တယ်။ ယေရှုဟာ ဘုရားသခင် ပထမဆုံး ဖန်ဆင်းတဲ့ပုဂ္ဂိုလ်ပေါ့။ ယေရှုဟာ ကောင်းကင်တမန်တစ်ပါး ဖြစ်ပြီး ကောင်းကင်ဘုံမှာ သူ့ဖခင်နဲ့ အတူနေခဲ့တယ်။

ဘုရားသခင်က “လူကို ဖန်ဆင်းကြစို့” ဆိုပြီး ပြောခဲ့တယ်လို့ ကျမ်းစာက ဆိုတယ်။ (ကမ္ဘာဦး ၁:၂၆) ဘုရားသခင် ဘယ်သူနဲ့ စကားပြောနေတာလဲ၊ သိသလား။— သူ့သားတော်နဲ့ပေါ့။ နောက်ပိုင်းမှာ ကမ္ဘာကို ကြွလာပြီး ယေရှု ဖြစ်လာတဲ့သူနဲ့ စကားပြောနေတာ။

ပျော်စရာ မကောင်းဘူးလား။ စဉ်းစားကြည့်။ ယေရှုရဲ့ စကားကို နားထောင်တဲ့အခါ တို့တစ်တွေဟာ မြေကြီးနဲ့ တခြားအရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းတုန်းက ဘုရားသခင်နဲ့အတူ ရှိခဲ့ဖူးသူရဲ့ သင်ကြားမှုကို ခံယူနေကြတာပဲ။ ယေရှုဟာ ကောင်းကင်ဘုံမှာ ဖခင်နဲ့အတူ အလုပ်လုပ်ခဲ့လို့ အများကြီး တတ်သိနားလည်ခဲ့တယ်။ ဒါကြောင့်မို့လို့ ယေရှု ကြီးမြတ်တဲ့ဆရာ ဖြစ်နေတာ အံ့သြစရာ မဟုတ်ဘူးပေါ့။

ဘုရားသခင်ဟာ သားတော်ကို မဖန်ဆင်းခင်က တစ်ပါးတည်း ရှိခဲ့လို့ မပျော်မရွှင် ဖြစ်ခဲ့မယ်လို့ ထင်သလား။— မပျော်ဘဲ မနေခဲ့ဘူး။ မပျော်မရွှင် မဖြစ်ခဲ့ဘူးဆိုရင် တခြားသက်ရှိတွေကို ဘာကြောင့် ဖန်ဆင်းရသလဲ။— မေတ္တာရှင် ဘုရားသခင် ဖြစ်လို့ ဖန်ဆင်းခဲ့တာပဲကွဲ့။ တခြားသူတွေလည်း အသက်ရှင်ပြီး ပျော်ပျော်နေဖို့ အလိုရှိတယ်လေ။ တို့တစ်တွေကို အသက်ပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်သင့်တယ်။

ဘုရားသခင် ဖန်ဆင်းလိုက်တဲ့အရာတိုင်းက ဘုရားသခင်ရဲ့ မေတ္တာတော်ကို ဖော်ပြနေတယ်။ ဘုရားသခင်က နေကို ဖန်ဆင်းခဲ့တယ်။ နေက တို့တစ်တွေကို အလင်းပေးတယ်၊ အနွေးဓာတ် ပေးတယ်။ နေသာ မရှိရင် အရာရာတိုင်း အေးစက်နေမယ်။ ကမ္ဘာပေါ်မှာ သက်ရှိတွေလည်း ရှိမှာ မဟုတ်ဘူး။ နေကို ဘုရားသခင် ဖန်ဆင်းပေးတဲ့အတွက် ဝမ်းမသာဘူးလား။—

မိုးရွာအောင်လည်း ဘုရားသခင် ဖန်ဆင်းပေးတယ်။ တစ်ခါတလေ မိုးရွာတာကို ကလေးတို့ ကြိုက်မှာ မဟုတ်ဘူး။ မိုးရွာရင် အပြင်ထွက် မကစားရလို့လေ။ ဒါပေမဲ့ မိုးရေက ပန်းကလေးတွေကို ဖူးပွင့်စေတယ်။ ဒီတော့ ပန်းလှလှလေးတွေ တွေ့ရင် ဘယ်သူ့ကို ကျေးဇူးတင်ရမလဲ။— ဘုရားသခင်ကိုပဲပေါ့။ အရသာရှိတဲ့ အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေ စားရတဲ့အခါကော ဘယ်သူ့ကို ကျေးဇူးတင်ရမလဲ။— ဘုရားသခင်ကိုပဲ ကျေးဇူးတင်ရမယ်နော်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင် ပေးတဲ့ နေနဲ့ မိုးရေက အပင်တွေကို ပေါက်စေလို့ပေါ့ကွယ်။

တစ်ယောက်ယောက်က ‘လူနဲ့ တိရစ္ဆာန်တွေကိုကော ဘုရားသခင် ဖန်ဆင်းသလား’ လို့ မေးလာတယ် ဆိုပါစို့။ ကလေးတို့ ဘယ်လို ဖြေမလဲ။— “ဟုတ်တယ်၊ လူနဲ့ တိရစ္ဆာန်တွေကို ဘုရားသခင် ဖန်ဆင်းတယ်” လို့ဖြေရင် မှန်တာပေါ့။ ဒါပေမဲ့ လူသားတွေကို ဘုရားသခင် တကယ် ဖန်ဆင်းတယ်ဆိုတာကို တစ်ယောက်ယောက်က မယုံဘူးဆိုရင်ကော။ လူဟာ တိရစ္ဆာန်ကနေ ဖြစ်လာတယ်လို့ ပြောရင်ကော။ ကျမ်းစာက အဲဒီလို မသင်ပေးဘူးကွဲ့။ သက်ရှိအားလုံးကို ဘုရားသခင် ဖန်ဆင်းတယ်လို့ ကျမ်းစာမှာ ဆိုထားတယ်။—ကမ္ဘာဦး ၁:၂၆-၃၁။

အပင်တွေ၊ ပန်းတွေ၊ တိရစ္ဆာန်တွေရှိတဲ့ ဥယျာဉ်ထဲက အိမ်အနီးမှာ မိန်းကလေးနှစ်ယောက် ဆော့ကစားနေကြစဉ်

အိမ်ကို တစ်ယောက်ယောက်က ဆောက်ရသလို ပန်းတွေ၊ သစ်ပင်တွေ၊ တိရစ္ဆာန်တွေကိုကော ဘယ်သူ ဖန်ဆင်းသလဲ

ဒါပေမဲ့ တစ်ယောက်ယောက်က ဘုရားသခင်ကို မယုံဘူးလို့ ပြောရင်ပြောမယ်။ ဒါဆိုရင် ဘယ်လို ပြန်ပြောမလဲ။— အိမ်တစ်လုံးကို လက်ညှိုးထိုးပြလိုက်။ ပြီးတော့၊ “ဒီအိမ်ကို ဘယ်သူ ဆောက်သလဲ” လို့ မေးလိုက်။ တစ်ယောက်ယောက် ဆောက်ထားမှန်း လူတိုင်း သိတယ်လေ။ အိမ်ဟာ အလိုလို ဖြစ်မလာတာတော့ သေချာတယ်။—ဟီဘရူး ၃:၄။

ပြီးတော့ ဥယျာဉ်တစ်ခုကို ခေါ်သွားပြီး ပန်းကလေးတစ်ပွင့်ကို ပြလိုက်။ “ဒါကို ဘယ်သူ လုပ်သလဲ” လို့ မေးကြည့်။ လူလုပ်တာတော့ မဟုတ်ဘူး။ အိမ်ဟာ အလိုလို ဖြစ်မလာနိုင်သလို ဒီပန်းဟာလည်း အလိုလို ဖြစ်မလာနိုင်ဘူးကွဲ့။ တစ်ယောက်ယောက် ဖန်ဆင်းတာပဲ ဖြစ်ရမယ်။ ဘုရားသခင်ပဲပေါ့။

သူ့ကို ငှက်လေးတစ်ကောင် တွန်ကျူးတဲ့အသံကို နားထောင်ခိုင်း။ ပြီးတော့ “ငှက်တွေကို ဘယ်သူ ဖန်ဆင်းပြီး တွန်ကျူးတတ်အောင် သင်ထားပေးသလဲ” လို့ မေးကြည့်။ ဘုရားသခင် ဖြစ်တယ်။ ဘုရားသခင်ဟာ ကောင်းကင် မြေကြီးနဲ့ သက်ရှိအားလုံးကို ဖန်တီးတဲ့အရှင် ဖြစ်တယ်။ အသက်ပေးတဲ့အရှင်ပေါ့။

ဒါတောင်မှ တစ်ယောက်ယောက်က မြင်ရတာကိုမှ ယုံကြည်တယ်လို့ ပြောရင်ပြောဦးမယ်။ ‘မမြင်နိုင်ဘူးဆိုရင် မယုံဘူး’ လို့ ပြောရင်ပြောမယ်။ ဒါကြောင့် လူတချို့က ဘုရားသခင်ကို မမြင်နိုင်တဲ့အတွက် မယုံဘူးလို့ ပြောကြတယ်။

ဘုရားသခင်ကို မမြင်နိုင်တာ ဟုတ်ပါတယ်။ ကျမ်းစာက ‘ဘုရားသခင်ကို ဘယ်သူမှ မမြင်နိုင်ဘူး’ လို့ ဆိုထားတယ်။ ကမ္ဘာပေါ်က ယောက်ျား၊ မိန်းမ၊ ကလေး ဘယ်သူမှ ဘုရားသခင်ကို မမြင်နိုင်ဘူး။ ဒါကြောင့် ဘုရားသခင်ရဲ့ ရုပ်ပုံ၊ ရုပ်တုတွေကို ဘယ်သူမှ မလုပ်သင့်ဘူးကွဲ့။ ဘုရားသခင်ကိုယ်တိုင်က သူ့ရဲ့ ရုပ်တုကို မလုပ်ပါနဲ့လို့တောင် ပြောထားတယ်။ ဒါကြောင့် တို့အိမ်ထဲမှာ ရုပ်တုဆင်းတုတွေ ထားမယ်ဆိုရင် ဘုရားသခင် ကြိုက်မှာ မဟုတ်ဘူး။—ထွက်မြောက်ရာ ၂၀:၄၊ ၅။ ၃၃:၂၀။ ယောဟန် ၁:၁၈။

ဒါပေမဲ့ ဘုရားသခင်ကို မမြင်နိုင်ဘူးဆိုရင် ဘုရားသခင် တကယ်ရှိမှန်း ဘယ်လို သိနိုင်မလဲ။ စဉ်းစားကြည့်၊ လေကို မြင်နိုင်သလား။— မမြင်နိုင်ဘူး။ လေကို ဘယ်သူမှ မမြင်နိုင်ဘူး။ ဒါပေမဲ့ လေရဲ့ လှုပ်ရှားမှုကိုတော့ တွေ့နိုင်တယ်ကွဲ့။ သစ်ပင်ရဲ့ အကိုင်းအခက်ကြားထဲ လေတိုက်တဲ့အခါ သစ်ရွက်တွေ လှုပ်ရှားကြတာကို တွေ့နိုင်တယ်။ ဒီတော့ လေရှိတယ်ဆိုတာ ယုံကြတယ်လေ။

လေတိုက်နေတုန်း ယောက်ျားလေးနဲ့ မိန်းကလေး လမ်းလျှောက်နေကြစဉ်

လေရှိမှန်း ဘယ်လို သိရသလဲ

ဘုရားသခင် လုပ်ထားတဲ့အရာတွေကို ကလေးတို့ တွေ့နိုင်တယ်။ ရှင်နေတဲ့ပန်းကလေး၊ ငှက်ကလေးကို တွေ့ရရင် အဲဒါတွေဟာ ဘုရားသခင် ဖန်ဆင်းထားတဲ့အရာတွေပဲပေါ့။ ဒါကြောင့် ဘုရားသခင် တကယ်ရှိတယ်ဆိုတာ ယုံကြည်ကြတာပေါ့။

“နေနဲ့ ကမ္ဘာကို ဘယ်သူ ဖန်ဆင်းသလဲ” ဆိုပြီး တစ်ယောက်ယောက်က မေးရင် မေးမယ်။ ကျမ်းစာက “ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတယ်” လို့ ဆိုထားတယ်။ (ကမ္ဘာဦး ၁:၁) ဟုတ်ပါတယ်၊ အံ့သြစရာကောင်းတဲ့ ဒီအရာအားလုံးကို ဘုရားသခင် ဖန်ဆင်းတာလေ။ ကလေးတို့ကော ဘယ်လို သဘောရသလဲ။—

အသက်ရှင်ရတာ ဘယ်လောက် ကောင်းသလဲနော်။ ငှက်တွေရဲ့ သာယာတဲ့ သီကျူးသံကို ကြားနိုင်တယ်။ ပန်းကလေးတွေနဲ့ ဘုရားသခင် ဖန်ဆင်းထားတဲ့ တခြားအရာတွေကို မြင်နိုင်တယ်။ ဘုရားသခင် ပေးထားတဲ့ အစားအစာတွေကိုလည်း စားနိုင်တယ်။

ဒါတွေအားလုံးအတွက် ဘုရားသခင်ကို ကျေးဇူးတင်ဖို့ ကောင်းတယ်။ အထူးသဖြင့် တို့တစ်တွေကို အသက်ပေးတဲ့အတွက် ကျေးဇူးတင်သင့်တယ်။ ဘုရားသခင်ကို တကယ်ကျေးဇူးတင်ရင် တစ်ခုခု လုပ်ပြရမှာပဲ။ ဘာဖြစ်မလဲ။— ဘုရားသခင့်စကားကို နားထောင်ပြီး ကျမ်းစာမှာ ပြောထားတဲ့အတိုင်း လုပ်ကြရမယ်။ အဲဒီနည်းနဲ့ အရာခပ်သိမ်း ဖန်ဆင်းတဲ့အရှင်ကို ချစ်ကြောင်း ပြနိုင်ကြမယ်။

တို့တစ်တွေအဖို့ ဘုရားသခင် လုပ်ပေးခဲ့တဲ့အရာတွေအတွက် ကျေးဇူးတင်ကြောင်း ပြသင့်တယ်။ ဘယ်လို ပြမလဲ။ ဆာလံ ၁၃၉:၁၄။ ယောဟန် ၄:၂၃၊ ၂၄။ ၁ ယောဟန် ၅:၂၁။ ဗျာဒိတ် ၄:၁၁ တို့မှာ ရေးထားတာတွေကို ဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ