အခန်းရှစ်
ဖန်ဆင်းရှင်က ကျွန်ုပ်တို့အကျိုးအတွက် မိမိကိုယ်ကို ထင်ရှားသိသာစေခြင်း!
မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်းကြားတွင် သုံးသန်းခန့်မျှရှိသောလူတို့သည် သိနာကျွန်းဆွယ်ရှိ အလွန်မြင့်သော တောင်တစ်တောင်ရှေ့တွင် ရပ်လျက်နေကြသည်။ မိုးတိမ်တိုက်များက သိနာတောင်ကို လွှမ်းခြုံ၍ မြေကြီးသည် တုန်လှုပ်၏။ ဤကဲ့သို့ အမှတ်ရလောက်သော အခြေအနေမျိုးတွင် မောရှေက ရှေးဣသရေလလူမျိုးအား ကောင်းကင်နှင့်မြေကြီးဖန်ဆင်းရှင်နှင့် တရားဝင်ဆက်ဆံရေး ထူထောင်ပေးခဲ့သည်။—ထွက်မြောက်ရာ၊ အခန်းကြီး ၁၉; ဟေရှာယ ၄၅:၁၈။
သို့သော်၊ စကြဝဠာဖန်ဆင်းရှင်အနေဖြင့် လူမျိုးတစ်မျိုး၊ အထူးသဖြင့် အရေးမပါလှသော လူမျိုးတစ်မျိုးအား ဤထူးခြားသောနည်းဖြင့် မိမိကိုယ်ကို အဘယ်ကြောင့် ထင်ရှားသိသာစေတော်မူသနည်း။ မောရှေက ဤသို့ထိုးထွင်းသိမြင်စေသည်– ‘ထာဝရဘုရားသခင်သည် သင်တို့ကို ချစ်တော်မူသောကြောင့်လည်းကောင်း၊ သင်တို့၏ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောအကျိန်ကို အတည်ပြုတော်မူသောကြောင့်လည်းကောင်း’ ဖြစ်သည်။—တရားဟောရာ ၇:၆-၈၊ သမ္မာ။
ဤကဲ့သို့သော ဖော်ပြချက်က သမ္မာကျမ်းစာ၌ စကြဝဠာနှင့် ကမ္ဘာ့သက်ရှိတို့၏ မူလအစနှင့်ပတ်သက်သည့် အချက်အလက်များသာမက အခြားအကြောင်းအချက် အမြောက်အမြားလည်းပါရှိကြောင်း နားလည်စေသည်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလတွင် လူသားများနှင့် ဖန်ဆင်းရှင် ဆက်ဆံပုံအကြောင်း ပြောဆိုစရာ များစွာရှိသည်။ သမ္မာကျမ်းစာမှာ ကမ္ဘာတွင် အများဆုံး ဖတ်ရှုလေ့လာသည့်စာအုပ်၊ အကျယ်ပြန့်ဆုံး ဖြန့်ချိသည့်စာအုပ်ဖြစ်သဖြင့် ပညာရေးကို တန်ဖိုးထားသူတိုင်း ၎င်းတွင်ပါဝင်သည့် အကြောင်းအချက်များကို သိရှိသင့်သည်။ ဓမ္မဟောင်းကျမ်းဟု အများအားဖြင့် ခေါ်ဝေါ်သည့်အပိုင်းကို ဦးစွာအာရုံစိုက်၍ သမ္မာကျမ်းစာတွင် တွေ့ရှိနိုင်သည့် အကြောင်းအရာအကျဉ်းကို စူးစမ်းကြည့်ကြပါစို့။ ဤသို့ပြုခြင်းဖြင့် စကြဝဠာဖန်ဆင်းရှင်နှင့် သမ္မာကျမ်းစာအာဘော်ရှင်၏ ကိုယ်ရည်ကိုယ်သွေးအကြောင်း တန်ဖိုးမဖြတ်နိုင်သော ထိုးထွင်းသိမြင်မှုကိုပါ ရရှိမည်ဖြစ်သည်။
အခန်း ၆၊ “ရှေးဖန်ဆင်းခြင်းမှတ်တမ်း—ယင်းကို သင်ယုံကြည်စိတ်ချနိုင်သလော” တွင် အခြားအဘယ်နေရာ၌မျှ မတွေ့ရှိနိုင်သော ကျွန်ုပ်တို့၏ အဦးဆုံးဘိုးဘေးဘီဘင်များ—ကျွန်ုပ်တို့၏မူလအစ—အကြောင်းများကို သမ္မာကျမ်းစာ၏ ဖန်ဆင်းခြင်းမှတ်တမ်း၌ ပါရှိကြောင်း တွေ့ရှိခဲ့ရသည်။ သမ္မာကျမ်းစာ၏ ဤပထမကျမ်းစောင်တွင် ထိုထက်မက များစွာပါရှိသည်။ အဘယ်အကြောင်းအရာများနည်း။
ဂရိနှင့် အခြားအခြားသော ဒဏ္ဍာရီပေါင်းချုပ်များ၌ နတ်ဘုရားများနှင့် နတ်တစ်ပိုင်းဖြစ်သူများက လူသားများနှင့်ဆက်ဆံခဲ့သည့် ခေတ်ကာလအကြောင်း ရေးသားဖော်ပြကြသည်။ ၎င်းပြင်၊ ကမ္ဘာတစ်ဝန်းတွင် လူသားအများစုကို ပယ်ရှင်းခဲ့သည့် ရှေးခေတ်ရေလွှမ်းမိုးခြင်းဆိုင်ရာ ဒဏ္ဍာရီများရှိကြောင်း မနုဿဗေဒပညာရှင်များက အစီရင်ခံတင်ပြကြသည်။ ထိုကဲ့သို့သော ဒဏ္ဍာရီများကို သင် စိတ်ထဲမှဖယ်ထုတ်ကောင်း ဖယ်ထုတ်ပေမည်။ သို့ရာတွင် ကမ္ဘာဦးကျမ်း တစ်ကျမ်းတည်းကသာ အရင်းခံသမိုင်းဖြစ်ရပ်မှန်များကို ဖော်ပြပြီး နောက်ပိုင်းကျမှ ထိုသို့သောဒဏ္ဍာရီပုံပြင်များက သံယောင်လိုက်ခဲ့ခြင်းဖြစ်ကြောင်း သင်သိပါသလော။—ကမ္ဘာဦး၊ အခန်းကြီး ၆၊ ၇။a
ကမ္ဘာဦးကျမ်းတွင် ဖန်ဆင်းရှင် တည်ရှိကြောင်းသိရှိပြီး မိမိတို့၏အသက်တာတွင် ကိုယ်တော်၏အလိုတော်ကို ထည့်သွင်းစဉ်းစားခဲ့ကြသည့်၊ ကျွန်ုပ်တို့နည်းတူ စဉ်းစားခံစားတတ်သော တကယ့်ယောက်ျားမိန်းမများ၏အကြောင်းကိုလည်း သင်ဖတ်ရှုရပေမည်။ “ဘိုးဘေးတို့” အဝင်အဖြစ် မောရှေ ဖော်ပြခဲ့သူများဖြစ်ကြသော အာဗြဟံ၊ ဣဇာက်၊ ယာကုပ် အစရှိသူများ၏အကြောင်းကို ကျွန်ုပ်တို့ သိထိုက်ပေသည်။ ဖန်ဆင်းရှင်သည် အာဗြဟံကိုသိကျွမ်း၍ သူ့အား “ငါ့အဆွေ” ဟုခေါ်တော်မူ၏။ (ဟေရှာယ ၄၁:၈; ကမ္ဘာဦး ၁၈:၁၈၊ ၁၉) အဘယ်ကြောင့်နည်း။ ယေဟောဝါသည် အာဗြဟံကို ဂရုစိုက်ကြည့်ခဲ့ရာ ယုံကြည်ခြင်းရှိသူဖြစ်ကြောင်း မြင်တော်မူ၍ဖြစ်သည်။ (ဟေဗြဲ ၁၁:၈-၁၀၊ ၁၇-၁၉; ယာကုပ် ၂:၂၃) အာဗြဟံ၏အတွေ့အကြုံက ဘုရားသခင်သည် ချဉ်းကပ်၍ရနိုင်သောအရှင်ဖြစ်ကြောင်း ပြသသည်။ ကိုယ်တော့်တန်ခိုးတော်နှင့် စွမ်းပကားတော်တို့သည် အံ့သြထိတ်လန့်ဖွယ်ဖြစ်သော်လည်း ကိုယ်တော်သည် ပုဂ္ဂိုလ်မဟုတ်သောစွမ်းအား၊ သို့မဟုတ် အကြောင်းတရားမျှသာ မဟုတ်ပါ။ ကိုယ်တော်သည် လူသားများပင် မိမိတို့၏ထာဝရအကျိုးအတွက် ရိုသေလေးစားစွာ ဆက်ဆံနိုင်သည့် တကယ့်ပုဂ္ဂိုလ်ဖြစ်ပေသည်။
“သင့်အမျိုးအနွယ်အားဖြင့် မြေကြီးပေါ်ရှိ လူမျိုးအပေါင်းတို့သည် မိမိတို့ကိုယ်ကို မုချ ကောင်းချီးပေးကြလိမ့်မည်” ဟူ၍ ယေဟောဝါက အာဗြဟံအား ကတိထားတော်မူ၏။ (ကမ္ဘာဦး ၂၂:၁၈၊ ကဘ) ဤကား အာဒံလက်ထက်၌ ပေးခဲ့သည့် လာလတ္တံ့သော “အမျိုးအနွယ်” နှင့်ဆိုင်သော ကတိတော်အပေါ် ထပ်ဆင့် တည်ဆောက်ခြင်း၊ သို့မဟုတ် တိုးချဲ့ခြင်း ဖြစ်သည်။ (ကမ္ဘာဦး ၃:၁၅) မှန်ပါသည်၊ အာဗြဟံအား ယေဟောဝါမိန့်တော်မူသည့်စကားက တစ်စုံတစ်ယောက်သောသူ—အမျိုးအနွယ်—သည် အချိန်တန်လျှင် ပေါ်ထွန်း၍ လူခပ်သိမ်းအတွက် ကောင်းချီးမင်္ဂလာ သက်ရောက်စေမည်ဟူသော မျှော်လင့်ချက်ကို အတည်ပြုပေးသည်။ ဤအချက်သည် သမ္မာကျမ်းစာတွင် အဓိကအချက်အဖြစ် တောက်လျှောက်ဖော်ပြထားသဖြင့် ဤစာအုပ်မှာ လူသားများရေးသားသည့် ထွေပြားခြားနားသော စာစုများကို စုစည်းထားခြင်းမဟုတ်ကြောင်း သင်တွေ့ရမည်ဖြစ်သည်။ သမ္မာကျမ်းစာ၏ အဓိကအချက်ကို သိရှိခြင်းဖြင့် လူမျိုး အပေါင်းတို့ကို ကောင်းချီးပေးမည့် ရည်ရွယ်ချက်ဖြင့် ရှေးလူမျိုးတစ်မျိုးကို ဘုရားသခင် အသုံးပြုခဲ့ပုံအကြောင်း သင်သဘောပေါက်လာပါလိမ့်မည်။—ဆာလံ ၁၄၇:၁၉၊ ၂၀။
ဤရည်ရွယ်ချက်ဖြင့် ဣသရေလလူမျိုးနှင့် ယေဟောဝါ ဆက်ဆံတော်မူသည့်အချက်က ‘ကိုယ်တော်သည် မျက်နှာကြီးငယ်မလိုက်’ ကြောင်းထင်ရှားသည်။ (တမန်တော် ၁၀:၃၄; ဂလာတိ ၃:၁၄) ထိုမျှမက၊ အာဗြဟံ၏သားမြေးများနှင့် အဓိကထား၍ ဘုရားသခင် ဆက်ဆံနေစဉ်၌ပင် အခြားလူမျိုးများကိုလည်း ယေဟောဝါထံလာ၍ ဝတ်ပြုကိုးကွယ်ရန် လက်ကမ်းကြိုဆိုခဲ့သည်။ (၃ ဓမ္မရာဇဝင် ၈:၄၁-၄၃) နောက်ပိုင်းတွင် ကျွန်ုပ်တို့ တွေ့မြင်ရမည့်အတိုင်း ဘုရားသခင်၏ မျက်နှာကြီးငယ်မလိုက်မှုကြောင့် ယနေ့ ကျွန်ုပ်တို့ရှိသမျှသည်—မည်သည့်လူမျိုး၊ မည်သည့်လူမျိုးစုနောက်ခံပင် ဖြစ်ပါစေ—ကိုယ်တော်အားသိကျွမ်း၍ စိတ်တော်နှင့်တွေ့ခွင့် ရရှိနိုင်ကြသည်။
ရာစုနှစ်ပေါင်းများစွာချီ၍ ဖန်ဆင်းရှင် ဆက်ဆံတော်မူခဲ့သည့် လူမျိုး၏သမိုင်းမှ ကျွန်ုပ်တို့ သင်ခန်းစာ များစွာရရှိနိုင်သည်။ ထိုသမိုင်းကို အပိုင်းသုံးပိုင်းခွဲ၍ လေ့လာကြပါစို့။ ထိုအပိုင်းများကိုသုံးသပ်ရာတွင် “ကိုယ်တော်ဖြစ်စေတော်မူသည်” ဟူသော နာမတော်၏အဓိပ္ပာယ်နှင့်အညီ ထိုက်တန်အောင် ယေဟောဝါသည် မည်သို့ရပ်တည်တော်မူကြောင်း၊ တကယ့်လူသားများနှင့်ဆက်ဆံရာ၌ ကိုယ်တော်၏ဥပဓိရုပ်တော် မည်သို့ပေါ်လွင်ထင်ရှားခဲ့ကြောင်း ဂရုပြုမှတ်သားပါ။
ပထမပိုင်း—ဖန်ဆင်းရှင်၏အုပ်ချုပ်ခံ လူမျိုးတစ်မျိုး
အာဗြဟံ၏ သားစဉ်မြေးဆက်များသည် အီဂျစ်ပြည်တွင် ကျွန်ပြုခံရ၏။ နောက်ဆုံး၌ ဘုရားသခင်သည် သူတို့ကို ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်တွင် လွတ်လပ်မှု ဆောင်ကြဉ်းပေးသည့် မောရှေကို ပေါ်ထွန်းစေတော်မူ၏။ ဣသရေလအမျိုးသားတို့သည် လူမျိုးတစ်မျိုး ဖြစ်လာသည့်အခါ ဘုရားသခင်သည် ၎င်းတို့၏ရှင်ဘုရင် ဖြစ်တော်မူ၏။ သို့သော် ဘီ.စီ.အီး. ၁၁၁၇ ခုနှစ်တွင် ထိုလူမျိုးသည် လူသားရှင်ဘုရင်ကို တောင်းဆိုခဲ့၏။
ဣသရေလလူမျိုးသည် မောရှေနှင့်အတူ သိနာတောင်သို့ မည်သို့မည်ပုံ ရောက်ရှိခဲ့ကြသနည်း။ ကမ္ဘာဦးကျမ်းက နောက်ခံသမိုင်းကြောင်းကို ဖော်ပြပေးသည်။ ခပ်စောစောပိုင်း၌၊ အီဂျစ်ပြည်၏ အရှေ့မြောက်အရပ်တွင် ယာကုပ် (ဣသရေလ ဟူ၍လည်းအမည်တွင်သည်) နေထိုင်စဉ် ထိုစဉ်က လူတို့သိရှိသော ကမ္ဘာတစ်ဝန်းတွင် အငတ်ဘေး ကျရောက်ခဲ့သည်။ မိသားစုအတွက် စိုးရိမ်သောကြောင့် ယာကုပ်သည် ဆန်ရေစပါး အလျှံပယ် သိုလှောင်ထားရာ အီဂျစ်ပြည်မှ ရိက္ခာရရှိရေးအတွက် ကြိုးပမ်းခဲ့သည်။ ရိက္ခာဝန်မှာ နှစ်အတန်ကြာက သေဆုံးသွားပြီဟု ယာကုပ် ထင်မှတ်ခဲ့သော သူ၏သား ယောသပ်ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။ ယာကုပ်နှင့် သူ၏မိသားစုသည် အီဂျစ်ပြည်သို့ ပြောင်းရွှေ့နေထိုင်ရန် ဖိတ်ခေါ်ခံရသည်။ (ကမ္ဘာဦး ၄၅:၂၅–၄၆:၅; ၄၇:၅-၁၂) သို့သော်လည်း၊ ယောသပ်ကွယ်လွန်ပြီးနောက် အသစ်တက်လာသည့် ဖာရောမင်းက ယာကုပ်၏သားမြေးတို့ကို ဥပဒေအရ အလုပ်ကြမ်းလုပ်ကိုင်စေပြီး “သရွတ်နှင့်အုတ်လုပ်သောအမှု . . . ၌ ခဲယဉ်းစွာစေခိုင်း၍ အလွန်ဆင်းရဲပင်ပန်းစေကြ၏။” (ထွက်မြောက်ရာ ၁:၈-၁၄) သမ္မာကျမ်းစာ၏ ဒုတိယကျမ်း၊ ထွက်မြောက်ရာကျမ်း တွင် ကွက်ကွက်ကွင်းကွင်း ဖော်ပြထားသည့် ဤမှတ်တမ်းနှင့် အခြားအခြားသော အကြောင်းအရာများကို သင်ဖတ်ရှုနိုင်ပေသည်။
ဣသရေလအမျိုးသားတို့သည် ဆယ်စုနှစ်ပေါင်းများစွာ ရက်စက်စွာပြုကျင့်ခြင်း ခံရသောကြောင့် သူတို့ “ငိုကြွေးသောအသံသည် ဘုရားသခင်ထံတော်သို့ တက်ရောက်လေ၏။” ယေဟောဝါအထံတော်သို့ လှည့်လာခြင်းသည် အမြော်အမြင်ရှိသည့်လမ်းစဉ်ဖြစ်၏။ ကိုယ်တော်သည် အာဗြဟံ၏သားမြေးများကို စိတ်ဝင်စားပြီး လူသားအပေါင်းတို့အား အနာဂတ်ကောင်းချီးပေးမည့် မိမိ၏ရည်ရွယ်ချက်ကို ဖော်ဆောင်ရန် သန္နိဋ္ဌာန် ချထားတော်မူ၏။ ယေဟောဝါသည် ‘ဣသရေလအမျိုးသားတို့၏ ညည်းတွားမြည်တမ်းသံကိုကြား၍ သူတို့ကို ကြည့်ရှုသိမှတ်တော်မူ၏’ ဟူသောအချက်က ဖန်ဆင်းရှင်သည် နင်းပြားဖြစ်သော ဒုက္ခရောက်သူများကို စာနာထောက်ထားတော်မူကြောင်း ပြသသည်။ (ထွက်မြောက်ရာ ၂:၂၃-၂၅) ဣသရေလလူမျိုးကို ကျွန်ဘဝမှလွတ်မြောက်စေရန် မောရှေအား ကိုယ်တော် ရွေးချယ်တော်မူ၏။ သို့ရာတွင် မောရှေနှင့် သူ၏အစ်ကို အာရုန်တို့က အီဂျစ်ပြည့်ရှင် ဖာရောအား ကျွန်ပြုခံရသောဤလူမျိုးကို တိုင်းပြည်မှထွက်ခွာခွင့်ပြုရန် တောင်းဆိုသည့်အခါ၌ ဖာရောမင်းက ‘ယေဟောဝါ၏စကားကို နားထောင်၍၊ ဣသရေလအမျိုးသားတို့ကို ငါလွှတ်စေခြင်းငှာ ထိုဘုရားသခင်ကား အဘယ်သူနည်း’ ဟူ၍ အာခံသည့်လေသံဖြင့် တုံ့ပြန်ခဲ့သည်။—ထွက်မြောက်ရာ ၅:၂။
စကြဝဠာဖန်ဆင်းရှင်အနေဖြင့် ဤသို့သောစိန်ခေါ်ချက်မျိုးကြောင့်—ထိုစဉ်က စစ်အင်အား အကြီးမားဆုံး ပိုင်ဆိုင်သည့်မင်းထံမှပင် ဖြစ်ပါစေ—တွန့်ဆုတ်မည်ထင်သလော။ ဘုရားသခင်သည် ဖာရောမင်းနှင့်တကွ အီဂျစ်ပြည်သူတို့ကို ကပ်ဘေးများ တသီတတန်းဖြင့် ဒဏ်ခတ်တော်မူ၏။ နောက်ဆုံးတွင်၊ ဒသမကပ်ဘေးပြီးနောက် ဖာရောမင်းသည် ဣသရေလလူမျိုးကို လွှတ်ပေးရန် သဘောတူလိုက်လေသည်။ (ထွက်မြောက်ရာ ၁၂:၂၉-၃၂) ဤသို့ဖြင့် ယေဟောဝါသည် အချိန်တန်သောအခါ လွတ်မြောက်မှုပေးသော ပုဂ္ဂိုလ်တစ်ပါး စင်စစ်ဖြစ်ကြောင်း အာဗြဟံ၏သားမြေးတို့ သိရှိလာကြသည်။ မှန်ပါ၏၊ နာမတော်၏အဓိပ္ပာယ်နှင့်အညီ ယေဟောဝါသည် မိမိ၏ကတိတော်များကို ထူးထူးခြားခြား ပြည့်စုံစေသည့်အရှင် ဖြစ်လာတော်မူ၏။ (ထွက်မြောက်ရာ ၆:၃) သို့သော်လည်း ဖာရောမင်းနှင့်တကွ ဣသရေလလူမျိုးတို့သည် ထိုနာမတော်နှင့်စပ်လျဉ်း၍ နောက်ထပ်များစွာ သိရှိကြရပေဦးမည်။
မကြာမီတွင် ဖာရောမင်းသည် စိတ်ပြောင်းလဲသွားသောကြောင့် ထိုအခွင့်အလမ်း ပေါ်လာလေသည်။ သူသည် ထွက်ခွာသွားကြသည့် ကျွန်များနောက်သို့ စစ်တပ်ကိုဦးစီးလျက် အပူတပြင်းလိုက်လေရာ ပင်လယ်နီအနီးတွင် မီလေသည်။ ဣသရေလလူမျိုးသည် ပင်လယ်နှင့် အီဂျစ်စစ်တပ်အကြားတွင် ပိတ်မိလေ၏။ ထိုအခါ ယေဟောဝါက ပင်လယ်နီကို ဖြတ်သန်းသည့်လမ်း ဖွင့်ပေးခြင်းအားဖြင့် ဝင်ရောက်စွက်ဖက်တော်မူ၏။ ဖာရောမင်းအနေဖြင့် ဤအခြင်းအရာသည် ဘုရားသခင်၏ မကျော်လွှားနိုင်သော တန်ခိုးတော် ထင်ရှားချက်တစ်ရပ်အဖြစ် အသိအမှတ်ပြုသင့်သည်။ သို့ပြုမည့်အစား သူ၏တပ်ဖွဲ့များကိုဦးဆောင်လျက် ဣသရေလလူမျိုးနောက်သို့ မဆင်မခြင် တစ်ရှူးထိုး လိုက်လေရာ ပင်လယ်ရေကို နဂိုအနေအထားအတိုင်း ဘုရားသခင် ပြန်ဖြစ်စေသည့်အခါ သူ၏စစ်တပ်နှင့်အတူ ရေနစ်သေဆုံးသွားလေသည်။ ဤထူးခြားမှုများကို ဘုရားသခင် မည်သို့ပြုလုပ်တော်မူကြောင်း ထွက်မြောက်ရာကျမ်းမှတ်တမ်းက အတိအကျ မဖော်ပြထားချေ။ ဤအမှုများနှင့် ယင်းတို့၏ဖြစ်ပွားချိန်သည် လူ့ထိန်းချုပ်မှုဘောင်ကို ကျော်လွန်နေသဖြင့် ယင်းတို့ကို အံ့ဖွယ်သရဲများဟု မှန်ကန်စွာခေါ်ဆိုနိုင်ပေသည်။ သို့သော် စကြဝဠာနှင့် စကြဝဠာနိယာမတရားများကို ဖန်ဆင်းသောအရှင်မူကား ထိုအမှုများကို ဧကန်ပြုလုပ်နိုင်သည်မှာ သေချာပါသည်။—ထွက်မြောက်ရာ ၁၄:၁-၃၁။
ယေဟောဝါသည် မိမိနာမတော်နှင့်အညီ ကယ်တင်သောအရှင် ဖြစ်တော်မူကြောင်း ဤဖြစ်ရပ်က ဣသရေလလူမျိုးအား ထင်ရှားစွာပြသလိုက်သကဲ့သို့ ကျွန်ုပ်တို့အဖို့လည်း ထို့အတူဖြစ်သင့်ပေသည်။ သို့သော်၊ ဤမှတ်တမ်းမှ ဘုရားသခင့် နည်းလမ်းတော်များအကြောင်း ကျွန်ုပ်တို့ ပိုမိုပိုင်းခြားသိမြင်သင့်သည်။ သာဓကအားဖြင့် ကိုယ်တော်သည် ဖိနှိပ်ချုပ်ချယ်သည့် လူမျိုးတစ်မျိုးကို တရားမျှတစွာ စီရင်တော်မူသော်လည်း အမျိုးအနွယ်ဆင်းသက်လာမည့် မိမိ၏ လူမျိုးတော်ကို မေတ္တာကျေးဇူးတော် ပြသတော်မူ၏။ ဣသရေလလူမျိုးနှင့်ပတ်သက်၍ ထွက်မြောက်ရာကျမ်းတွင် ကျွန်ုပ်တို့ ဖတ်ရှုရသမျှသည် ရှေးသမိုင်းသက်သက်မျှသာမကကြောင်း ထင်ရှား၏။ လူအပေါင်းတို့ကို ကောင်းချီးရစေမည်ဟူသော ဘုရားသခင့်ရည်ရွယ်ချက်နှင့် ဆက်နွှယ်လျက်ရှိပေသည်။
ကတိထားရာပြည်တော်သို့ ခရီးဆက်ခြင်း
အီဂျစ်ပြည်မှထွက်ခွာပြီးနောက် မောရှေနှင့်လူမျိုးတော်တို့သည် သဲကန္တာရကိုဖြတ်သန်းပြီး သိနာတောင်သို့ ချီတက်ခဲ့ကြသည်။ ထိုတွင် ဖြစ်ပျက်ခဲ့သည့် အမှုအရာများသည် လာလတ္တံ့သော ရာစုနှစ်ပေါင်းများစွာအတွင်း ထိုလူမျိုးနှင့် ဘုရားသခင့် ဆက်ဆံပုံများအပေါ် လွှမ်းမိုးခဲ့သည်။ ကိုယ်တော်က ပညတ်ဥပဒေများကို ပေးတော်မူ၏။ ဤသို့မပေးမီ အတိုင်းမသိ ရှည်ကြာသည့်ကာလကတည်းက ဖန်ဆင်းရှင်သည် စကြဝဠာအတွင်းရှိ ဒြပ်ဝတ္ထုများကိုထိန်းချုပ်သည့် အကျိုးသက်ရောက်နေဆဲ နိယာမတရားများကို ပြဋ္ဌာန်းပြီးဖြစ်သည်။ သို့ရာတွင် သိနာတောင်တွင် ကိုယ်တော်သည် မောရှေကိုအသုံးပြု၍ အမျိုးသားဆိုင်ရာ ပညတ်ဥပဒေများကို ပေးတော်မူ၏။ ဘုရားသခင် လုပ်ဆောင်ခဲ့ရာများနှင့် ကိုယ်တော်ပေးတော်မူသည့် ပညတ်ဥပဒေပေါင်းချုပ်တို့ကို ထွက်မြောက်ရာကျမ်းနှင့်တကွ နောက်ဆက်တွဲ ကျမ်းသုံးကျမ်းဖြစ်သည့် ဝတ်ပြုရာကျမ်း၊ တောလည်ရာကျမ်း နှင့် တရားဟောရာကျမ်း တို့တွင် သင်ဖတ်ရှုနိုင်ပါသည်။ မောရှေသည် ယောဘဝတ္ထု ကိုလည်း ရေးသားခဲ့သည်ဟု ပညာရှင်များက ယူမှတ်ကြသည်။ ယောဘဝတ္ထုမှ အရေးကြီးသော အကြောင်းအရာအချို့ကို အခန်း ၁၀ တွင် သုံးသပ်ပါမည်။
ယနေ့တိုင်အောင် ကမ္ဘာတစ်ဝန်းမှ သန်းပေါင်းများစွာသော ပြည်သူတို့သည် ဤပညတ်ဥပဒေပေါင်းချုပ်၏ အဓိကကျသော ကိုယ်ကျင့်တရားဆိုင်ရာ ညွှန်ကြားချက်ဖြစ်သည့် ပညတ်တော်ဆယ်ပါးကို သိကျွမ်း၍ ကြိုးစားလိုက်နာကြသည်။ သို့သော်လည်း၊ ၎င်းပညတ်ဥပဒေပေါင်းချုပ်တွင် ထူးချွန်ပြောင်မြောက်မှုအတွက် အမွှမ်းတင်ခံရသော အခြားညွှန်ကြားချက်များစွာလည်း ပါရှိသည်။ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ကျန်းမာသန့်ရှင်းမှု၊ ရောဂါအစရှိသည်တို့နှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းအများစုမှာ ထိုစဉ်က ဣသရေလလူမျိုးတို့၏ဘဝအပေါ် ဗဟိုပြုခဲ့ခြင်းကို နားလည်သဘောပေါက်နိုင်ပါသည်။ ရှေးခေတ် လူမျိုးတစ်မျိုးအတွက် ရည်စူး၍ပေးခဲ့ရာဖြစ်သော်လည်း ၎င်းပညတ်ဥပဒေများ၌ လွန်ခဲ့သည့်ရာစုနှစ်လောက်ကျမှ ကျွမ်းကျင်သူများ ရှာဖွေတွေ့ရှိသည့် သိပ္ပံဆိုင်ရာ ဖြစ်ရပ်မှန်များအကြောင်း ထင်ဟပ်လျက်ရှိသည်။ (ဝတ်ပြုရာ ၁၃:၄၆၊ ၅၂; ၁၅:၄-၁၃; တောလည်ရာ ၁၉:၁၁-၂၀; တရားဟောရာ ၂၃:၁၂၊ ၁၃) ရှေးဣသရေလလူမျိုးကို ပေးခဲ့သည့် ပညတ်ဥပဒေများတွင် ခေတ်ပြိုင်လူမျိုးများ သိရှိရာများထက် များစွာသာလွန်သော အသိပညာနှင့် ဉာဏ်ပညာ အဘယ်ကြောင့် ထင်ဟပ်နေရသနည်းဟူ၍ လျောက်ပတ်စွာ မေးနိုင်ပေသည်။ ကျိုးကြောင်းညီညွတ်သည့်အဖြေမှာ ထိုပညတ်ဥပဒေများသည် ဖန်ဆင်းရှင်ထံတော်မှ သက်ရောက်ရာဖြစ်သည် ဟူ၍ပင်။
ထိုပညတ်ဥပဒေများက အမျိုးအနွယ် ပေါ်ထွန်းသည်အထိ ဣသရေလလူမျိုးတို့အား ဆွေစဉ်မျိုးဆက်ကို စောင့်ထိန်းရန် အထောက်အကူပြုသည့်အပြင် လိုက်နာရန် ဘာသာရေးတာဝန်များကိုလည်း ပြဋ္ဌာန်းပေးသည်။ ဘုရားသခင် တောင်းဆိုရာအားလုံးကို လိုက်နာပါမည်ဟု သဘောတူလိုက်ခြင်းအားဖြင့် ထိုပညတ်ဥပဒေအတိုင်း အသက်ရှင်နေထိုင်ရန် တာဝန်ရှိလာကြသည်။ (တရားဟောရာ ၂၇:၂၆; ၃၀:၁၇-၂၀) သို့တစေ၊ သူတို့သည် ပညတ်တရားကို တစ်သဝေမတိမ်း မစောင့်နိုင်ကြချေ။ သို့သော် ဤအချက်ပင်လျှင် ရည်ရွယ်ချက်ကောင်းတစ်ခုကို အထမြောက်စေသည်။ တရားဥပဒေ ကျွမ်းကျင်သူတစ်ဦးက ပညတ်တရားသည် ‘ကတိတော်ကိုခံရသော အမျိုးအနွယ် မရောက်မချင်း လွန်ကျူးမှုများကို ထင်ရှားစေသည်’ ဟု နောက်ပိုင်းတွင် ရှင်းပြခဲ့သည်။ (ဂလာတိ ၃:၁၉၊ ၂၄) ထို့ကြောင့် ပညတ်တရားပေါင်းချုပ်သည် သူတို့အား သီးခြားလူမျိုးတစ်မျိုး ဖြစ်စေသည့်အပြင် အမျိုးအနွယ်၊ သို့မဟုတ် မေရှိယကို သူတို့လိုအပ်ကြောင်း သတိရစေပြီး မေရှိယကိုကြိုဆိုရန် အသင့်ပြင်ဆင်ပေးသည်။
သိနာတောင်တွင် စုဝေးကြသည့် ဣသရေလအမျိုးသားတို့က ဘုရားသခင့် ပညတ်တရားပေါင်းချုပ်ကို လိုက်နာစောင့်ထိန်းပါမည်ဟု သဘောတူခဲ့ကြသည်။ ဤသို့ဖြင့် သူတို့သည် သမ္မာကျမ်းစာခေါ်ဆိုသည့် ပဋိညာဉ်၊ သို့မဟုတ် သဘောတူညီချက်အောက်သို့ ရောက်ရှိခဲ့ကြသည်။ ၎င်းပဋိညာဉ်သည် ထိုလူမျိုးနှင့် ဘုရားသခင်စပ်ကြား တည်ရှိသည်။ သူတို့သည် ဤပဋိညာဉ်ကို စိတ်လိုကိုယ်လျောက် ဖွဲ့ခဲ့ကြသော်လည်း လည်ပင်းခိုင်မာသောလူမျိုးဖြစ်ကြောင်း ပြသခဲ့ကြသည်။ သာဓကအနေဖြင့်၊ သူတို့သည် ဘုရားသခင့်ကိုယ်စားအဖြစ် ရွှေနွားရုပ်ကို ပြုလုပ်ခဲ့ကြသည်။ ရုပ်တုကိုးကွယ်ခြင်းသည် ပညတ်တော်ဆယ်ပါးကို တိုက်ရိုက်ချိုးဖောက်ရာ ရောက်သောကြောင့် ထိုသို့ပြုလုပ်ခြင်းသည် အပြစ်ဖြစ်၏။ (ထွက်မြောက်ရာ ၂၀:၄-၆) ထိုမျှမက၊ သူတို့သည် စားနပ်ရိက္ခာအတွက် ညည်းညူကြသည့်ပြင် ဘုရားသခင် ခန့်အပ်သည့်ခေါင်းဆောင် (မောရှေ) အားပုန်ကန်၍ . . . တိုင်းတစ်ပါးအမျိုးသမီးများနှင့် ဖောက်ပြားရန် ပေါက်လွှတ်နေခဲ့ကြသည်။ သို့သော် မောရှေလက်ထက်မှ အချိန်ကာလအားဖြင့် အလွန်ဝေးလံလှသည့် ယခုခေတ်တွင် ကျွန်ုပ်တို့အသက်ရှင်နေကြရာ ဤအကြောင်းကို အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။
ဤအကြောင်းသည် ရှေးသမိုင်းမျှသာ မဟုတ်ကြောင်း သတိရပါ။ ဣသရေလလူမျိုးတို့၏ ကျေးဇူးတရားမသိတတ်သော လုပ်ဆောင်မှုများနှင့် ဘုရားသခင်၏ တုံ့ပြန်ပုံအကြောင်းဆိုင်ရာ သမ္မာကျမ်းစာမှတ်တမ်းက ဘုရားသခင်သည် အမှန်ပင် ဂရုစိုက်စောင့်ရှောက်တော်မူကြောင်း ပြသသည်။ ဣသရေလအမျိုးသားတို့သည် ယေဟောဝါအား “အဖန်ဖန်” စုံစမ်း၍ “စိတ်တော်နာဖွယ်၊” “စိတ်ဆင်းရဲဖွယ်” ဖြစ်အောင် ပြုခဲ့ကြကြောင်း သမ္မာကျမ်းစာကဆို၏။ (ဆာလံ ၇၈:၄၀၊ ၄၁) ထို့ကြောင့်၊ ဖန်ဆင်းရှင်၌ ခံစားမှုများရှိကြောင်း၊ လူသားများ၏ လုပ်ဆောင်မှုများကို အရေးစိုက်ကြောင်း ကျွန်ုပ်တို့ အသေအချာသိနိုင်ပေသည်။
ကျွန်ုပ်တို့၏ရှုထောင့်မှကြည့်လျှင် ဣသရေလလူမျိုးတို့၏ ပြစ်မှားမှုကြောင့် ဘုရားသခင်ဘက်မှ ပဋိညာဉ်ကိုဖျက်သိမ်း၍ မိမိ၏ကတိတော်ကို ပြည့်စုံစေရန် အခြားလူမျိုးတစ်မျိုးကို ရွေးချယ်မည်ဟု ထင်မှတ်စရာရှိသည်။ သို့သော် ထိုသို့ပြုတော်မမူဘဲ ဗြောင်ကျကျ ပြစ်မှားသူတို့ကို ဒဏ်ခတ်တော်မူပြီး ဇွတ်တရွတ်နိုင်သော မိမိလူမျိုးတော်ကိုမူ လူမျိုးတစ်ရပ်အနေနှင့် သက်ညှာမှုပြတော်မူ၏။ မှန်ပါသည်၊ ဘုရားသခင်သည် သစ္စာရှိသောမိတ်ဆွေ အာဗြဟံအား ပေးခဲ့သည့်ကတိတော်များကို ဆက်၍ သစ္စာစောင့်သိ တော်မူ၏။
များမကြာမီ၊ ဣသရေလလူမျိုးသည် ကတိထားရာပြည်တော်ဟု သမ္မာကျမ်းစာခေါ်သည့် ခါနာန်ပြည်အနီးသို့ ရောက်ရှိလာသည်။ ထိုပြည်တွင် ကိုယ်ကျင့်တရားဘက်၌ ကမ်းကုန်အောင် သိမ်ဖျင်းယုတ်ညံ့လှသည့် ခွန်အားကြီးမားသောလူမျိုးများ နေထိုင်လျက်ရှိသည်။ ဖန်ဆင်းရှင်သည် ထိုသူတို့ကို အနှောင့်အယှက်မပေးဘဲ နှစ်ပေါင်း ၄၀၀ ကုန်လွန်ခွင့်ပြုခဲ့သော်လည်း ယခုတွင် ထိုပြည်ကို ရှေးဣသရေလလူမျိုးအားပေးရန် ဆုံးဖြတ်တော်မူ၏။ (ကမ္ဘာဦး ၁၅:၁၆; စာမျက်နှာ ၁၃၂-၃ မှ “မရှုဆိတ်သောဘုရားသခင်—အဘယ်သဘောဖြင့်နည်း” လည်းရှု။) ပြင်ဆင်မှုအနေနှင့် မောရှေက သူလျှို ၁၂ ယောက်ကို ထိုပြည်သို့စေလွှတ်၏။ ဆယ်ယောက်က ယေဟောဝါ၏ ကယ်တင်ခြင်းတန်ခိုးကို မယုံကြည်ကြောင်း ပြသကြသည်။ သူတို့၏ပြောကြားချက်ကြောင့် လူတို့သည် ဘုရားသခင်ကို ညည်းညူမြည်တမ်းပြီး အီဂျစ်ပြည်သို့ပြန်ရန် ပူးပေါင်းကြံစည်ကြသည်။ အကျိုးဆက်အဖြစ် ထိုလူမျိုးကို တောကန္တာရအတွင်း နှစ်ပေါင်း ၄၀ လှည့်လည်နေထိုင်ရန် ဘုရားသခင် စီရင်ချက်ချတော်မူ၏။—တောလည်ရာ ၁၄:၁-၄၊ ၂၆-၃၄။
ထိုစီရင်ချက်က အဘယ်အရာကို ပြီးမြောက်စေခဲ့သနည်း။ မောရှေ အနိစ္စမရောက်မီ ဣသရေလ၏သားတို့အား သူတို့ကို ယေဟောဝါ နှိမ့်ချတော်မူခဲ့သည့် ထိုနှစ်များကိုအောက်မေ့ရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။ မောရှေက ‘အဘသည် သားကို ဆုံးမသကဲ့သို့၊ သင်၏ ဘုရားသခင်၊ ထာဝရဘုရားသခင်သည် သင့်အားဆုံးမတော်မူသည်ကို စိတ်ထဲမှာ အောက်မေ့ရမည်’ ဟု သူတို့ကိုမှာကြားခဲ့သည်။ (တရားဟောရာ ၈:၁-၅) ယေဟောဝါအား သူတို့ စော်ကားမော်ကား ပြုမူဆက်ဆံခဲ့ကြစေကာမူ ကိုယ်တော်သည် သူတို့ကို ဆက်၍ အားပေးထောက်မခြင်းအားဖြင့် သူတို့သည် ကိုယ်တော်အပေါ် အားထားမှီခိုနေရကြောင်း ပြသတော်မူ၏။ သာဓကအနေဖြင့်၊ ပျားရည်နှင့်လုပ်သော မုန့်ကြွပ်နှင့်အရသာတူသည့်စားစရာ မန္နမုန့်ကို ထိုလူမျိုးအား ပေးသနားခြင်းကြောင့် သူတို့ဆက်လက်၍ အသက်ရှင်ခဲ့ကြ၏။ တောကန္တာရအတွင်း တွေ့ကြုံခဲ့ရာများမှ သူတို့ သင်ခန်းစာ များစွာယူသင့်သည်မှာ ထင်ရှားသည်။ သက်ညှာမှုရှိသော သူတို့၏ဘုရားသခင်ကို နာခံခြင်းနှင့် ကိုယ်တော်အပေါ် အားထားမှီခိုခြင်းသည် မည်မျှအရေးကြီးကြောင်း ထင်ရှားသင့်သည်။—ထွက်မြောက်ရာ ၁၆:၁၃-၁၆၊ ၃၁; ၃၄:၆၊ ၇။
မောရှေ အနိစ္စရောက်ပြီးနောက် ဘုရားသခင်က ဣသရေလလူမျိုးကိုဦးဆောင်ရန် ယောရှုအား တာဝန်ပေးတော်မူ၏။ ရဲစွမ်းသတ္တိရှိပြီး သစ္စာစောင့်သိသော ဤအမျိုးသားက ဣသရေလလူမျိုးကို ခါနာန်ပြည်သို့ ဆောင်သွင်းပြီးနောက် ထိုပြည်ကိုသိမ်းပိုက်ရန် သတ္တိရှိရှိ စတင်ဆင်နွှဲခဲ့သည်။ တိုတောင်းသည့်ကာလအတွင်း ယောရှုသည် ရှင်ဘုရင် ၃၁ ပါးကိုအောင်နိုင်ပြီး ကတိထားရာပြည်တော်၏ နယ်မြေအများအပြားကို သိမ်းပိုက်ခဲ့သည်။ ယောရှုမှတ်စာ တွင် သည်းထိတ်ရင်ဖိုဖွယ် ဤသမိုင်းကို သင်တွေ့ရှိနိုင်ပါသည်။
လူသားဘုရင်မရှိသည့် အုပ်ချုပ်မှု
တောကန္တာရအတွင်း အာဂန္တုဧည့်သည်အဖြစ် နေထိုင်ခဲ့ရာကာလတစ်လျှောက်နှင့် ကတိထားရာပြည်တော်ရောက်ပြီးနောက် အစောပိုင်းနှစ်များအတွင်း ထိုလူမျိုးကို မောရှေနှင့် နောက်ပိုင်းတွင် ယောရှုတို့က ဦးဆောင်ခဲ့သည်။ ယေဟောဝါသည် သူတို့၏ဘုရင် ဖြစ်တော်မူသောကြောင့် ဣသရေလအမျိုးသားတို့အနေဖြင့် လူသားဘုရင် မလိုအပ်ခဲ့ချေ။ ကိုယ်တော်သည် ခန့်အပ်ခံ အသက်ကြီးသူများအား မြို့တံခါးဝတွင် တရားရေးအမှုများကို ကြားနာစစ်ဆေးရန် စီမံတော်မူ၏။ ဤသူတို့သည် စည်းကမ်းတကျရှိစေ၍ ဝိညာဉ်ရေးအရ လူတို့ကိုကူညီပေးကြသည်။ (တရားဟောရာ ၁၆:၁၈; ၂၁:၁၈-၂၀) ရုသဝတ္ထု တွင် တရားဟောရာ ၂၅:၇-၉ ၌တွေ့ရသည့် ဥပဒေပညတ်အပေါ် အခြေပြု၍ တရားရေးအမှုတစ်ခုကို အသက်ကြီးသူများ ကိုင်တွယ်ပုံအကြောင်း စိတ်ဝင်စားဖွယ် လျှပ်တစ်ပြက်မြင်ကွင်းတစ်ကွက် တင်ပြထားသည်။
နှစ်ကာလများတစ်လျှောက် ထိုလူမျိုးသည် ဘုရားသခင်ကို ကြိမ်ဖန်များစွာ မနာခံခြင်းအားဖြင့်လည်းကောင်း၊ ခါနာန်နတ်ဘုရားများကို ဆည်းကပ်ကိုးကွယ်ခြင်းအားဖြင့်လည်းကောင်း မကြာခဏ ကိုယ်တော်၏မျက်နှာသာတော် ဆုံးရှုံးခဲ့ရကြသည်။ သို့သော်လည်း အကျပ်အတည်း ဆိုးဆိုးဝါးဝါး တွေ့ကြုံရသဖြင့် ယေဟောဝါထံ ကူညီမစမှု တောင်းလျှောက်ကြသည့်အခါမျိုး၌ ကိုယ်တော်သည် သူတို့ကို သတိရတော်မူ၏။ ကိုယ်တော်သည် ဖိနှိပ်ချုပ်ချယ်သော အိမ်နီးချင်းလူမျိုးများ၏လက်မှ ဣသရေလလူမျိုး လွတ်မြောက်ရေးအတွက် ဦးစီးဦးဆောင်မည့် တရားသူကြီးများကို ပေါ်ထွန်းစေ၏။ တရားသူကြီးမှတ်စာ အမည်ရှိ ကျမ်းစောင်တွင် ရဲစွမ်းသတ္တိနှင့်ပြည့်စုံသည့် ထိုတရားသူကြီး ၁၂ ဦးအကြောင်းကို ကွင်းကွင်းကွက်ကွက် တင်ပြထားသည်။—တရားသူကြီး ၂:၁၁-၁၉; နေဟမိ ၉:၂၇။
“ထိုကာလ၌ ဣသရေလလူမျိုးတွင် ရှင်ဘုရင်မရှိ၊ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း” ဟုမှတ်တမ်းကဆို၏။ (တရားသူကြီး ၂၁:၂၅၊ သမ္မာ) ထိုလူမျိုး၌ ပညတ်တရားတွင် ပြဋ္ဌာန်းထားသည့်စံနှုန်းများ ရှိသောကြောင့် ပြည်သူတို့သည် အသက်ကြီးသူများ၏ အကူအညီနှင့် ယဇ်ပုရောဟိတ်တို့၏ ညွှန်ကြားချက်တို့ဖြင့် ‘မိမိစိတ်အလိုရှိသည်အတိုင်းပြု’ ကြသော်လည်း အေးချမ်းလုံခြုံစရာအကြောင်းရှိပေသည်။ ထို့အပြင်၊ ဥပဒေပညတ်ပေါင်းချုပ်က ပူဇော်သကာများ ပူဇော်ရာတဲတော်၊ သို့မဟုတ် ရွှေ့ပြောင်းသယ်ယူနိုင်သော ဗိမာန်တော်အတွက်လည်း အစီအမံ ပြုလုပ်ပေးထားသည်။ ထိုနေရာသည် မှန်သောကိုးကွယ်မှု၏ ဗဟိုအချက်အချာဖြစ်ပြီး ထိုကာလတွင် ဣသရေလလူမျိုး စည်းလုံးရေးအတွက် ထောက်ကူခဲ့သည်။
အပိုင်းနှစ်—ရှင်ဘုရင်များလက်ထက် ကြီးပွားချမ်းသာခြင်း
ရှမွေလသည် ဣသရေလလူမျိုးတွင် တရားသူကြီးအဖြစ်ထမ်းဆောင်စဉ် လူထုက လူသားဘုရင် တောင်းဆိုကြသည်။ ကနဦးဘုရင်သုံးပါး—ရှောလု၊ ဒါဝိဒ်နှင့် ရှောလမုန်—သည် ဘီ.စီ.အီး. ၁၁၁၇ မှ ၉၉၇ ခုနှစ်အထိ နှစ်ပေါင်း ၄၀ စီစိုးစံခဲ့ကြ၏။ ဣသရေလလူမျိုးသည် ဥစ္စာဓနကြွယ်ဝမှုနှင့် ထင်ပေါ်ကျော်ကြားမှုတွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ဖန်ဆင်းရှင်ကလည်း လာလတ္တံ့သော အမျိုးအနွယ်၏ ဘုရင့်အရိုက်အရာအတွက် ပြင်ဆင်ရာတွင် အရေးကြီးသော ဆောင်ရွက်မှုများ ပြုတော်မူ၏။
ရှမွေလသည် တရားသူကြီးနှင့် ပရောဖက်အဖြစ် ဣသရေလလူမျိုး၏ ဝိညာဉ်ရေးကောင်းကျိုးအတွက် ကောင်းစွာ သယ်ပိုးထမ်းရွက်ခဲ့သော်လည်း သူ၏သားတို့မူကား ဖခင်နှင့်မတူကြချေ။ နောက်ဆုံးတွင် လူထုက “လူမျိုးအပေါင်းတို့၏ ထုံးစံရှိသည်အတိုင်း အကျွန်ုပ်တို့ကို အုပ်စိုးရသောရှင်ဘုရင်ကို ချီးမြှောက်ပါလော့” ဟုတောင်းဆိုကြ၏။ သူတို့တောင်းဆိုချက်၏ အဓိပ္ပာယ်ကို ယေဟောဝါက ရှမွေလအား ဤသို့ရှင်းပြတော်မူ၏– “လူများတို့ ပြောဆိုသမျှသောစကားကို နားထောင်လော့။ သူတို့သည် သင့်ကိုသာ မပယ်၊ ငါသည် သူတို့ကို မအုပ်စိုးစေခြင်းငှာ ငါ့ကိုလည်း ပယ်ကြပြီ။” ဤအဖြစ်အပျက်၏ နောက်ဆက်တွဲဆိုးကျိုးများကို ယေဟောဝါ ကြို၍မြင်တော်မူ၏။ (၁ ဓမ္မရာဇဝင် ၈:၁-၉) သို့တစေ၊ သူတို့တောင်းဆိုသည်အတိုင်း ကိုယ်တော်သည် ရှောလုအမည်ရှိ ကျိုးနွံသူကို ဣသရေလလူမျိုး၏ဘုရင်အဖြစ် ခန့်အပ်တော်မူ၏။ ရှောလုသည် အစပိုင်းတွင် အလားအလာကောင်းသော်လည်း ဘုရင်ဖြစ်လာပြီးနောက် ထင်ရာစိုင်းသည့်သဘော ပေါ်လာပြီး ဘုရားသခင့် အမိန့်တော်များကို ဖောက်ဖျက်လာသည်။ ဘုရားသခင့်ပရောဖက်က ဘုရင့်အရိုက်အရာကို ယေဟောဝါ၏ စိတ်တော်နှင့်တွေ့သူအား ပေးမည်ဖြစ်ကြောင်း ကြေညာသည်။ ဤအဖြစ်အပျက်က ဖန်ဆင်းရှင်သည် နှလုံးသားမှလာသော နာခံမှုကို မည်မျှတန်ဖိုးထားကြောင်း ကျွန်ုပ်တို့အား အလေးအနက် သဘောပေါက်စေသင့်သည်။—၁ ဓမ္မရာဇဝင် ၁၅:၂၂၊ ၂၃။
ဣသရေလလူမျိုး၏ ဒုတိယဘုရင်ဖြစ်လာမည့် ဒါဝိဒ်မှာ ယုဒအနွယ်ဝင် မိသားစုတစ်စုမှ သားထွေးဖြစ်သည်။ အံ့သြဖို့ကောင်းသော ဤရွေးချယ်မှုနှင့်စပ်လျဉ်း၍ ဘုရားသခင်က ‘လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရားသခင်မူကား နှလုံးကို ကြည့်ရှုတတ်သည်’ ဟု ရှမွေလအား မိန့်တော်မူ၏။ (၁ ဓမ္မရာဇဝင် ၁၆:၇) ဖန်ဆင်းရှင်သည် အပြင်ပန်း အဆင်းသဏ္ဌာန်ကို မကြည့်ဘဲ အတွင်းသဘောကို ကြည့်တော်မူကြောင်း သိရသည်မှာ အားတက်ဖွယ် မကောင်းပေလော။ သို့သော် ရှောလု၌ အကြံအစည်များရှိသည်။ ဒါဝိဒ်ကို မင်းလောင်းအဖြစ် ယေဟောဝါ ရွေးချယ်လိုက်ချိန်မှစ၍ ရှောလုသည် ဒါဝိဒ်ကိုရှင်းပစ်မည့် အကြံအစည် အစွဲအလမ်းကြောင့် စိတ်ဖိစီးခံရလေသည်။ ယေဟောဝါသည် ထိုအကြံအစည်ကို အောင်မြင်ခွင့် ပြုတော်မမူ။ နောက်ဆုံးတွင် ရှောလုနှင့် သူ၏သားတို့သည် ဖိလိတ္တိဟုခေါ်သော စစ်တိုက်ဝါသနာထုံသည့်လူမျိုးနှင့် တိုက်ခိုက်ရာတွင် ကျဆုံးခဲ့ကြသည်။
ဒါဝိဒ်သည် ရှင်ဘုရင်အနေနှင့် ဟေဗြုန်မြို့မှ အုပ်ချုပ်၏။ ၎င်းနောက် ယေရုရှလင်မြို့ကိုသိမ်းပိုက်ကာ မိမိ၏မြို့တော်ကို ထိုနေရာသို့ ရွှေ့ပြောင်း၏။ သူသည် အာဗြဟံ၏သားမြေးများကိုပေးမည်ဟု ဘုရားသခင် ကတိထားရာပြည်တော်၏ အစွန်အဖျားအထိ ဣသရေလနိုင်ငံ၏နယ်နိမိတ်ကို တိုးချဲ့ခဲ့သည်။ ထိုအချိန်ကာလအကြောင်း (နှင့် နောက်ဆက်ခံဘုရင်များ၏ ရာဇဝင်) ကို သမ္မာကျမ်းစာမှ သမိုင်းကျမ်းခြောက်ကျမ်းတွင် ဖတ်ရှုနိုင်သည်။b ၎င်းကျမ်းများ၌ ဒါဝိဒ်၏ဘဝတွင် ပြဿနာမကင်းကြောင်း ဖော်ပြသည်။ သာဓကအနေနှင့်၊ သူသည် လူ့တပ်မက်မှုကို မလွန်ဆန်နိုင်သဖြင့် ချောမောလှပသည့် ဗာသရှေဘနှင့် ဖောက်ပြားမိပြီးနောက် သူ၏အပြစ်ကိုဖုံးကွယ်ရန်အတွက် အခြားအမှားများကို ဆက်တိုက်ကျူးလွန်ခဲ့သည်။ တရားမျှတသော ဘုရားသခင်အနေနှင့် ယေဟောဝါသည် ဒါဝိဒ်၏အပြစ်ကို လျစ်လျူရှုပစ်၍ မရနိုင်ပေ။ သို့ရာတွင် ဒါဝိဒ်၏ လှိုက်လှိုက်လှဲလှဲ နောင်တရမှုကြောင့် ပညတ်တရားအရ အပြစ်ဒဏ်ခံစေရန် ဘုရားသခင် တင်းကျပ်စွာ စီရင်တော်မမူခဲ့ချေ။ သို့တိုင်အောင် ဒါဝိဒ်သည် သူ၏အပြစ်များကြောင့် မိသားစုပြဿနာ အများအပြား ကြုံတွေ့ခဲ့ရသည်။
ဒါဝိဒ်သည် ဤအကျပ်အတည်းများကြားမှ ဘုရားသခင်ကို ခံစားချက်ရှိသော ပုဂ္ဂိုလ်တစ်ပါးအဖြစ် သိကျွမ်းလာသည်။ ‘ယေဟောဝါသည် ဆုတောင်းသောသူအပေါင်းတို့၏ အနီးအပါး၌ ရှိတော်မူ၏။ ထိုသူတို့၏ အော်ဟစ်ခြင်းကိုကြားတော်မူ၏’ ဟူ၍ သူရေးသားခဲ့၏။ (ဆာလံ ၁၄၅:၁၈-၂၀) ဒါဝိဒ်၏ စိတ်ရင်းမှန်မှုနှင့် ဘုရားသခင်အား ကြည်ညိုလေးမြတ်မှုတို့ကို သူစပ်ဆိုသည့် နှစ်လို့ဖွယ်သီချင်းများတွင် အထင်အရှား ဖော်ပြထားသည်။ ဆာလံကျမ်း ၏ထက်ဝက်ခန့်သည် ၎င်းသီချင်းများဖြင့် ဖွဲ့စည်းထားသည်။ လူသန်းပေါင်းများစွာတို့သည် ဤကဗျာလင်္ကာမှ နှစ်သိမ့်အားပေးမှု ရရှိခဲ့ကြပြီ။ ဆာလံ ၁၃၉:၁-၄ တွင် ထင်ဟပ်ပေါ်လွင်သည့် ဒါဝိဒ်နှင့် ဘုရားသခင်တို့၏ ရင်းနှီးမှုကို သုံးသပ်ကြည့်ပါ– ‘အိုထာဝရဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကိုစစ်ကြော၍ သိတော်မူ၏။ အကျွန်ုပ်ထိုင်ခြင်း၊ ထခြင်းအရာတို့ကို သိတော်မူ၏။ အကျွန်ုပ်အကြံအစည်တို့ကို အဝေးကပင် နားလည်တော်မူ၏။ . . . အကျွန်ုပ်သည် စကားတစ်ခွန်းကိုမျှ မမြွက်သော်လည်း အိုထာဝရဘုရားသခင်၊ ကိုယ်တော်သည် အကြွင်းမဲ့ သိတော်မူ၏။’
ဒါဝိဒ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းတန်ခိုးတော်ကို အထူးသဖြင့် သိရှိ၏။ (ဆာလံ ၂၀:၆; ၂၈:၉; ၃၄:၇၊ ၉; ၃၇:၃၉) ကယ်တင်ခံရသည့်အခါတိုင်း ယေဟောဝါအပေါ် ကိုးစားမှု တိုးပွားလာသည်။ ဆာလံ ၃၀:၅; ၆၂:၈; ၁၀၃:၉ တို့တွင် ၎င်းအထောက်အထားများကို တွေ့မြင်နိုင်သည်။ သို့တည်းမဟုတ် ဗာသရှေဘနှင့်မှားယွင်း၍ ဆုံးမခံရပြီးနောက် ဒါဝိဒ်စပ်ဆိုခဲ့သည့် ဆာလံ ၅၁ ကိုဖတ်ကြည့်နိုင်သည်။ ဖန်ဆင်းရှင်ထံ ရင်ထဲရှိသမျှ လွတ်လွတ်လပ်လပ် ဖွင့်ဟနိုင်ကြောင်း၊ ကိုယ်တော်သည် မာန်မာနထောင်လွှားတော်မမူဘဲ စိတ်နှိမ့်ချစွာ နားညောင်းပေးလိုစိတ် ရှိကြောင်း သိရှိရသည်မှာ အားတက်ဖွယ်ပါတကား! (ဆာလံ ၁၈:၃၅; ၆၉:၃၃; ၈၆:၁-၈) ဒါဝိဒ်သည် အတွေ့အကြုံအားဖြင့်သာ ထိုသို့သိရှိနားလည်လာခြင်း မဟုတ်ပေ။ “ကိုယ်တော်ရှင် ပြုတော်မူခဲ့သော အမှုအရာ ရှိသမျှတို့ကို ဆင်ခြင်ပါ၏။ ကိုယ်တော်ရှင်၏ လက်ရာတော်တို့ကို စဉ်းစားပါ၏” ဟူ၍ သူရေးသားခဲ့သည်။—ဆာလံ ၆၃:၆; ၁၄၃:၅၊ သက။
ယေဟောဝါသည် ဒါဝိဒ်နှင့် ထာဝရနိုင်ငံတော်တစ်ခုအတွက် ပဋိညာဉ်ဖွဲ့တော်မူ၏။ ထိုပဋိညာဉ်၏ အဓိပ္ပာယ်အပြည့်အစုံကို ဒါဝိဒ် နားလည်ခဲ့ပုံမရသော်လည်း နောက်ပိုင်း၌ သမ္မာကျမ်းစာတွင် မှတ်တမ်းတင်သည့် အသေးစိတ် အချက်အလက်များအရ ကတိထားရာ အမျိုးအနွယ်သည် ဒါဝိဒ်၏အမျိုးမှ ဆင်းသက်လာမည်ဟု ဘုရားသခင် ရည်ညွှန်းကြောင်း ကျွန်ုပ်တို့သိရှိနိုင်သည်။—၂ ဓမ္မရာဇဝင် ၇:၁၆။
ပညာရှိ ရှောလမုန်မင်းကြီးနှင့် ဘဝအဓိပ္ပာယ်
ဒါဝိဒ်၏သားတော် ရှောလမုန်သည် ဉာဏ်ပညာကြောင့် ကျော်ကြားသည်ဖြစ်ရာ အလွန်လက်တွေ့ကျသည့် နယပုံပြင်ကျမ်း နှင့် ဒေသနာကျမ်း တို့ကိုဖတ်ရှုခြင်းအားဖြင့် သူ၏ဉာဏ်ပညာမှ အကျိုးကျေးဇူး ရရှိနိုင်သည်။c (၃ ဓမ္မရာဇဝင် ၁၀:၂၃-၂၅) ဒေသနာကျမ်းသည် ပညာရှိ ရှောလမုန်မင်းကြီး ပြုခဲ့သကဲ့သို့ ဘဝအဓိပ္ပာယ် ဖွေရှာကြသူတို့အဖို့ အထူးသဖြင့် အကျိုးပြုသည်။ တော်ဝင်မိသားစုမှဖွားမြင်သည့် ပထမဦးဆုံးသော ဣသရေလဘုရင်အနေနှင့် ရှောလမုန်ရှေ့၌ အတိုင်းမသိသော အလားအလာရှိခဲ့၏။ သူသည် ကြီးကျယ်ခမ်းနားသော ဆောက်လုပ်ရေး စီမံကိန်းများကို တာဝန်ယူခဲ့သည်။ သူ၏စားပွဲ၌ စားသောက်ဖွယ်ရာအမည် များပြားစုံလင်လှသည့်အပြင် တေးဂီတနှင့် ထင်ရှားကျော်ကြားသည့် အပေါင်းအသင်းများ၏ ပေါင်းဖော်မှုတို့နှင့် ပျော်မွေ့ခဲ့သည်။ သို့နှင့်ပင်၊ သူက ‘ငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ်သမျှတို့ကို ငါကြည့်ရှု၍ အလုံးစုံတို့သည် အနတ္တမတည်မြဲခြင်းအမှု . . . ဖြစ်ကြ၏’ ဟူ၍ရေးသားခဲ့သည်။ (ဒေသနာ ၂:၃-၉၊ ၁၁) အဘယ်အရာကို ဆိုလိုသနည်း။
ရှောလမုန်က ဤသို့ရေး၏– “အချုပ်အခြာစကားဟူမူကား၊ ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။ အကြောင်းမူကား၊ ဘုရားသခင်သည် ခပ်သိမ်းသော ဝှက်ထားခြင်းမှစ၍ အလုံးစုံသောအမှု၊ ကောင်းမကောင်း ရှိသမျှတို့ကို စစ်ကြော၍၊ တရားသဖြင့် စီရင်တော်မူလတ္တံ့သတည်း။” (ဒေသနာ ၁၂:၁၃၊ ၁၄) ဤအချက်နှင့်အညီ ရှောလမုန်သည် ဘုရားသခင်အား ပြည်သူတို့ ကိုးကွယ်နိုင်သည့် ဂုဏ်ကျက်သရေ ပြည့်စုံသော ဗိမာန်တော်ဆောက်လုပ်ရေး ခုနစ်နှစ် စီမံကိန်းကို ဖော်ဆောင်ခဲ့သည်။—၃ ဓမ္မရာဇဝင်၊ အခန်းကြီး ၆။
ရှောလမုန်အုပ်ချုပ်သည့် နှစ်ပေါင်းများစွာသည် ငြိမ်းချမ်း၍ ပေါများကြွယ်ဝခဲ့၏။ (၃ ဓမ္မရာဇဝင် ၄:၂၀-၂၅) သို့ရာတွင် သူ၏နှလုံးသည် ဒါဝိဒ်၏နှလုံးကဲ့သို့ ယေဟောဝါဘက်တွင် စုံလင်ခြင်းမရှိခဲ့ချေ။ ရှောလမုန်သည် တိုင်းတစ်ပါးအမျိုးသမီး အမြောက်အမြားကိုသိမ်းပိုက်ပြီး မိမိ၏နှလုံးကို သူတို့၏နတ်ဘုရားများထံ တိမ်းညွတ်ခွင့်ပြုခဲ့သည်။ နောက်ဆုံး၌ ယေဟောဝါက “နိုင်ငံတော်ကို သင့်လက်မှ ငါမုချဆုတ်ဖြတ် . . . မည်။ ကျွန်တော်ရင်း ဒါဝိဒ်နှင့် ငါရွေးချယ်သော ယေရုရှလင်မြို့ကို ထောက်ထား၍ . . . သင့်သားလက်ဝယ် တစ်နွယ်ကို ထားဦးမည်” ဟုမိန့်တော်မူ၏။—၃ ဓမ္မရာဇဝင် ၁၁:၄၊ ၁၁-၁၃၊ သမ။
အပိုင်းသုံး—နိုင်ငံကွဲပြားခြင်း
ဘီ.စီ.အီး. ၉၉၇ ခုနှစ်တွင် ရှောလမုန် အနိစ္စရောက်ပြီးနောက် မြောက်ပိုင်းဆယ်နွယ် ခွဲထွက်သွားသည်။ ၎င်းတို့သည် ဣသရေလနိုင်ငံကို တည်ထောင်လိုက်ကြသည်။ ဘီ.စီ.အီး. ၇၄၀ ပြည့်နှစ်တွင် ၎င်းနိုင်ငံကို အာရှုရိလူမျိုးက အောင်နိုင်ခဲ့သည်။ ယေရုရှလင်မြို့ရှိ ရှင်ဘုရင်အဆက်ဆက်က ကျန်အနွယ်နှစ်နွယ်ကို အုပ်ချုပ်ခဲ့သည်။ ဤယုဒနိုင်ငံသည် ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ယေရုရှလင်မြို့ကို ဗာဗုလုန်လူမျိုး အောင်နိုင်ပြီး ပြည်သားများကို သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားသည့်အချိန်အထိ တည်တံ့ခဲ့သည်။ ယုဒပြည်သည် နှစ်ပေါင်း ၇၀ လူဆိတ်ငြိမ်ရာဖြစ်ခဲ့သည်။
ရှောလမုန် အနိစ္စရောက်သော် သားတော်ရောဗောင် နန်းတက်၍ ပြည်သူတို့၏ဘဝကို ခက်ခဲကျပ်တည်းအောင် ပြုလုပ်၏။ ယင်းကြောင့် ပုန်ကန်တော်လှန်မှုဖြစ်ပွားပြီး အနွယ်ဆယ်နွယ်ကခွဲထွက်၍ ဣသရေလနိုင်ငံထူထောင်လိုက်သည်။ (၃ ဓမ္မရာဇဝင် ၁၂:၁-၄၊ ၁၆-၂၀) ဤမြောက်ပိုင်းနိုင်ငံသည် မှန်သောဘုရားသခင်ကို နှစ်ပေါင်းများစွာတစ်လျှောက် ဆည်းကပ်ဝတ်ပြုခြင်း မပြုဘဲနေ၏။ ပြည်သူတို့သည် ရွှေနွားရုပ်သဏ္ဌာန်ရှိသည့် ရုပ်တုများကို ဦးချလေ့ရှိသည်။ သို့တည်းမဟုတ် အခြားပုံသဏ္ဌာန်များဖြင့်ရှိသည့် မှောက်မှားသောကိုးကွယ်မှုဘက်သို့ လမ်းလွဲသွားလေ့ရှိသည်။ ဘုရင်အချို့သည် လုပ်ကြံခံရကြပြီး သူတို့၏မင်းဆက်သည်လည်း မတရားသိမ်းပိုက်သူများကြောင့် မှောက်လှန်ခံခဲ့ရကြသည်။ ယေဟောဝါသည် အထူးပင် သည်းခံစိတ် ရှိပြီး ပရောဖက်တို့ကို အထပ်ထပ်စေလွှတ်၍ သူတို့၏ အယူဖောက်ပြန်သည့်လမ်းစဉ်အတိုင်း ဆက်သွားမည်ဆိုလျှင် ကြေကွဲဖွယ်ဖြစ်ရပ် ကြုံတွေ့ရမည်အကြောင်း ထိုလူမျိုးအား သတိပေးစေတော်မူ၏။ ဤမြောက်ပိုင်းနိုင်ငံအတွက် အဓိက သတင်းစကားကြေညာသော ပရောဖက်တို့က ဟောရှေ နှင့် အာမုတ် အနာဂတ္တိကျမ်းတို့ကို ရေးသားခဲ့သည်။ နောက်ဆုံး၌ ဘီ.စီ.အီး. ၇၄၀ ပြည့်နှစ်တွင် အာရှုရိလူမျိုးသည် ဘုရားသခင့်ပရောဖက်များ ကြိုတင်ဟောထားသည့် ကြေကွဲဖွယ်အဖြစ်ဆိုးကို ကျရောက်စေခဲ့သည်။
တောင်ပိုင်းတွင်၊ ဒါဝိဒ်မင်းဆက်မှ ရှင်ဘုရင် ၁၉ ပါးက ဘီ.စီ.အီး. ၆၀၇ ခုနှစ်အထိ ယုဒနိုင်ငံကို အုပ်ချုပ်ခဲ့သည်။ အာသ၊ ယောရှဖတ်၊ ဟေဇကိနှင့် ယောရှိမင်းတို့သည် ခမည်းတော်ဒါဝိဒ်နည်းတူ အုပ်ချုပ်ကြသဖြင့် ယေဟောဝါ၏ မျက်နှာသာတော်ကို ခံစားကြရ၏။ (၃ ဓမ္မရာဇဝင် ၁၅:၉-၁၁; ၄ ဓမ္မရာဇဝင် ၁၈:၁-၇; ၂၂:၁၊ ၂; ၂ ရာဇဝင်ချုပ် ၁၇:၁-၆) ထိုမင်းများ အုပ်စိုးစဉ်၌ လူမျိုးတော်ကို ယေဟောဝါ ကောင်းချီးပေးတော်မူ၏။ အင်္ဂလိပ်လူမျိုး ချင့်ချိန်ဝေဖန် ရှင်းလင်းဖွင့်ဆိုသော သမ္မာကျမ်းစာ စွယ်စုံကျမ်း ကဤသို့ဖော်ပြထားသည်– “ယုဒနိုင်ငံ၏ ထည်ဝါခံ့ညား တည်တံ့မြဲမြံသည့် ဝိသေသလက္ခဏာမှာ ဘုရားသခင်စီမံရာ ဗိမာန်တော်၊ ယဇ်ပုရောဟိတ်အဖွဲ့၊ ရေးသားထားသော ပညတ်တရားနှင့် တစ်ပါးဆူတည်း မှန်သောဘုရားသခင် ယေဟောဝါအား စစ်မှန်သော သီအိုကရက်တစ် ရှင်ဘုရင်အဖြစ် အသိအမှတ်ပြုခြင်းပင်ဖြစ်သည်။ . . . ပညတ်တရားကို ဤသို့စောင့်ထိန်းခြင်းကြောင့် . . . ဉာဏ်အမြော်အမြင်ရှိ၍ ကောင်းမြတ်သောဘုရင်များစွာပါဝင်သည့် မင်းအဆက်ဆက်ကို ပေါ်ထွန်းစေသည်။ . . . ယင်းကြောင့် ယုဒနိုင်ငံသည် လူဦးရေ ပို၍ထူပြောသော မြောက်ပိုင်းညီအစ်မထက် ပို၍ကြာမြင့်စွာ တည်တံ့ခဲ့ခြင်းဖြစ်သည်။” ဒါဝိဒ်၏လမ်းစဉ်အတိုင်း မလိုက်သည့်မင်းများ၏ဦးရေက ဤမင်းကောင်းများထက် ပိုများသည်။ သို့ပင်ငြားလည်း ယေဟောဝါသည် ‘ဘုရားသခင့်နာမတည်ရာဖို့ ကိုယ်တော်ရွေးကောက်သော ယေရုရှလင်မြို့တွင် ကိုယ်တော့်ရှေ့မှာ ကိုယ်တော့်ကျွန် ဒါဝိဒ်၏မီးခွက်သည် အစဉ်ထွန်းလင်းလျက် ရှိစေခြင်းငှာ’ အခြေအနေအရပ်ရပ်ကို စီမံထိန်းကျောင်းတော်မူခဲ့သည်။—၃ ဓမ္မရာဇဝင် ၁၁:၃၆။
ပျက်စီးခြင်းသို့ ဦးတည်ခြင်း
မနာရှေသည် မှန်သောကိုးကွယ်မှုမှ လမ်းလွဲသွားသည့် ယုဒဘုရင်တစ်ပါးဖြစ်သည်။ ‘မိမိသားကို မီးဖြင့်ပူဇော်၏။ ကာလဗေဒင်ကို ကြည့်တတ်၏။ ပြုစားသောအတတ်ကို သုံးဆောင်၍ စုန်းနှင့်နတ်ဝင်တို့ကိုလည်း အခွင့်ပေး၏။ ထာဝရဘုရားသခင်၏ အမျက်တော်ကို နှိုးဆော်ခြင်းငှာ ရှေ့တော်၌ များစွာသော ဒုစရိုက်မကောင်းမှုကိုပြု၏။’ (၄ ဓမ္မရာဇဝင် ၂၁:၆၊ ၁၆) ရှင်ဘုရင် မနာရှေသည် မိမိ၏ပြည်သူတို့အား ‘ထာဝရဘုရားသခင် ဖျက်ဆီးတော်မူသောလူမျိုးတို့ ပြုသည်ထက်၊ သာ၍ဆိုးသောအမှုကို ပြုစေ၏။’ မနာရှေနှင့် သူ၏ပြည်သူတို့ကို အထပ်ထပ် သတိပေးပြီးနောက် ဖန်ဆင်းရှင်က “ပန်းကန်ကိုသုတ်၍ မှောက်ထားတတ်သည့်နည်းတူ ယေရုရှလင်မြို့ကို ငါသုတ်သင်မည်” ဟုကြေညာတော်မူ၏။—၂ ရာဇဝင်ချုပ် ၃၃:၉၊ ၁၀; ၄ ဓမ္မရာဇဝင် ၂၁:၁၀-၁၃၊ သမ။
ရှေ့ပြေးနိမိတ်အနေနှင့် ယေဟောဝါက အာရှုရိလူမျိုးအား မနာရှေကိုဖမ်းဆီးစေပြီး ကြေးနီခြေချင်းခတ်၍ သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားစေ၏။ (၂ ရာဇဝင်ချုပ် ၃၃:၁၁) တိုင်းတစ်ပါးတွင် ရောက်နေစဉ် မနာရှေသည် သတိတရားရလာပြီး “ဘိုးဘေးတို့၏ ဘုရားသခင့်ရှေ့မှာ ကိုယ်ကို အလွန်နှိမ့်ချ” လေ၏။ ယေဟောဝါ မည်သို့တုံ့ပြန်တော်မူသနည်း။ ‘ဆုတောင်း . . . သောစကားကို ဘုရားသခင် နားထောင်နာယူ၍ မနာရှေအုပ်စိုးရင်းပြည်၊ ယေရုရှလင်မြို့သို့ တစ်ဖန်ပို့ဆောင်တော်မူ၏။ ထိုအခါ ထာဝရဘုရားသခင်သည် မှန်သောဘုရားသခင်ဖြစ်တော်မူကြောင်းကို မနာရှေ သိရ၏။’ မနာရှေမင်းနှင့် မြေးတော် ယောရှိမင်းတို့သည် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ကြ၏။ သို့သော်လည်း ထိုလူမျိုးသည် သိမ်းရုံးပြီး ကိုယ်ကျင့်တရားနှင့် ဘာသာရေး ယုတ်ညံ့သိမ်ဖျင်းမှုကို လုံးလုံးမစွန့်လွှတ်ခဲ့ချေ။—၂ ရာဇဝင်ချုပ် ၃၃:၁-၂၀; ၃၄:၁–၃၅:၂၅; ၄ ဓမ္မရာဇဝင်၊ အခန်းကြီး ၂၂။
ယေဟောဝါသည် ဖြစ်ပျက်နေသမျှအပေါ် မိမိ၏အမြင်ကိုဖော်ပြရန် စိတ်အားထက်သန်သော ပရောဖက်များကိုစေလွှတ်၍ ကြေညာစေခဲ့ခြင်းသည် အဓိပ္ပာယ်ရှိလှသည်။d “သင်တို့အဘများသည် အဲဂုတ္တုပြည်က ထွက်သွားသောနေ့မှစ၍ ယနေ့တိုင်အောင်၊ ငါသည် နေ့တိုင်း စောစောထ၍၊ ငါ၏ကျွန် ပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အထပ်ထပ် စေလွှတ်” သည်ဟူသော ယေဟောဝါ၏ နှုတ်ကပါဌ်ထွက်စကားတော်ကို ယေရမိက ပြန်၍ပြောပြခဲ့သည်။ သို့သော် ပြည်သူတို့သည် ဘုရားသခင့်စကားတော်ကို နားမထောင်ကြချေ။ ဘိုးဘေးများထက် သာ၍ပင် ဆိုးရွားစွာ ပြုမူကြသည်။ (ယေရမိ ၇:၂၅၊ ၂၆) ကိုယ်တော်သည် “မိမိလူမျိုးကို . . . သနား သောကြောင့်” သူတို့ကို အထပ်ထပ် သတိပေးတော်မူ၏။ သို့တိုင်အောင် သူတို့သည် တုံ့ပြန်ရန် ငြင်းပယ်ကြ၏။ သို့နှင့် ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ယေရုရှလင်မြို့ကိုဖျက်ဆီး၍ လူသူဆိတ်ငြိမ်ရာဖြစ်စေရန် ဗာဗုလုန်လူမျိုးအား ကိုယ်တော် ခွင့်ပြုတော်မူလိုက်သဖြင့် ယေရုရှလင်မြို့သည် နှစ်ပေါင်း ၇၀ ကြာ စွန့်ပစ်ထားခြင်းခံရလေသည်။—၂ ရာဇဝင်ချုပ် ၃၆:၁၅၊ ၁၆; ယေရမိ ၂၅:၄-၁၁။
ဘုရားသခင့် လုပ်ဆောင်မှုများကို ယခုကဲ့သို့ ပြန်လည်သုံးသပ်လိုက်ခြင်းဖြင့် ယေဟောဝါ၏ စိုးရိမ်ကြောင့်ကြမှုကိုလည်းကောင်း၊ လူမျိုးတော်နှင့် တရားမျှတစွာ ဆက်ဆံခဲ့ခြင်းတို့ကိုလည်းကောင်း အသိအမှတ်ပြုရန် ကျွန်ုပ်တို့အား အထောက်အကူဖြစ်စေသင့်သည်။ ကိုယ်တော်သည် စိတ်မဝင်စားဘိသကဲ့သို့ လူမျိုးတော် အဘယ်သို့ပြုလုပ်မည်ကို လက်ပိုက်၍ စောင့်ကြည့်ရုံ စောင့်ကြည့်နေတော်မမူ။ သူတို့ကို တက်ကြွစွာ ကူညီမစတော်မူ၏။ ‘အိုထာဝရဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့အဘ ဖြစ်တော်မူ၏။ . . . အကျွန်ုပ်တို့ရှိသမျှသည် လက်တော်နှင့်ဖန်ဆင်းသောအရာ ဖြစ်ပါ၏’ ဟူ၍ ဟေရှာယ အဘယ်ကြောင့်ပြောဆိုသည်ကို သင်သဘောပေါက်နိုင်ပေသည်။ (ဟေရှာယ ၆၄:၈) ဖန်ဆင်းရှင်သည် မေတ္တာရှိသော၊ စိတ်ဝင်စားမှုရှိသော လူသားဖခင်တစ်ဦးကဲ့သို့ တုံ့ပြန်တော်မူတတ်သောကြောင့် ယနေ့ လူများစွာတို့က ကိုယ်တော်အား “အဘ” ဟုရည်ညွှန်းခေါ်ဝေါ်ကြသည်။ သို့ရာတွင်၊ ကိုယ်တော်သည် ကျွန်ုပ်တို့၏လမ်းစဉ်နှင့် ယင်း၏အကျိုးဆက်အတွက် ကျွန်ုပ်တို့ကိုယ်တိုင် တာဝန်ယူရမည်ကိုလည်း အသိအမှတ်ပြုတော်မူ၏။
ဗာဗုလုန်ပြည်တွင် လူမျိုးတော် သုံ့ပန်းအဖြစ်နှစ်ပေါင်း ၇၀ နေထိုင်ပြီးနောက် ယေဟောဝါဘုရားသခင်သည် ယေရုရှလင်မြို့ကို ပြန်လည်တည်ထောင်စေမည်ဟူသော ပရောဖက်ပြုချက်ကို ပြည့်စုံစေတော်မူ၏။ လူမျိုးတော်သည် လွတ်မြောက်၍ ‘ယေရုရှလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်ကို ပြန်လည်တည်ဆောက်’ ရန် နေရင်းပြည်သို့ ပြန်သွားခွင့်ရကြ၏။ (ဧဇရ ၁:၁-၄; ဟေရှာယ ၄၄:၂၄–၄၅:၇) ကျမ်းစောင်e တော်တော်များများက ဤပြန်လည်တည်ထောင်ခြင်းအကြောင်း၊ ဗိမာန်တော် ပြန်လည်တည်ဆောက်ခြင်းအကြောင်း၊ သို့မဟုတ် နောက်ဆက်တွဲဖြစ်ရပ်များအကြောင်း ရေးသားဖော်ပြကြ၏။ ၎င်းတို့အနက် ဒံယေလကျမ်း သည် အထူးစိတ်ဝင်စားဖွယ်ကောင်း၏။ အကြောင်းမှာ အမျိုးအနွယ်၊ သို့မဟုတ် မေရှိယ ပေါ်ထွန်းမည့်အချိန်ကို တိတိကျကျ ပရောဖက်ပြုထားသည့်အပြင် ကျွန်ုပ်တို့ခေတ်၏ ကမ္ဘာ့ဖြစ်ပေါ်တိုးတက်မှုများအကြောင်းကိုပါ ကြိုတင်ဟောထား၍ဖြစ်သည်။
နောက်ဆုံး၌ ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ပြီးစီးခဲ့သော်လည်း ယေရုရှလင်မြို့၏ အခြေအနေမူကား ကြေကွဲဖွယ်ကောင်းလှသည်။ မြို့ရိုးနှင့် မြို့တံခါးတို့မှာ ပျက်စီးယိုယွင်းလျက်ရှိသည်။ သို့နှင့် ဘုရားသခင်သည် ဂျူးလူမျိုးကို အားပေးရန်နှင့် စည်းရုံးရန်အတွက် နေဟမိကဲ့သို့သော အမျိုးသားများကို ပေါ်ထွန်းစေတော်မူ၏။ နေဟမိအခန်းကြီး ၉ တွင် ကျွန်ုပ်တို့ဖတ်ရှုနိုင်သော ဆုတောင်းချက်က ဣသရေလအမျိုးသားတို့နှင့် ယေဟောဝါ ဆက်ဆံပုံအကြောင်းကို အကျဉ်းချုံးဖော်ပြထားသည်။ ၎င်းဆုတောင်းချက်၌ ယေဟောဝါသည် ‘အပြစ်ကို ဖြေတတ်သောဘုရားသခင်၊ ချစ်သနားခြင်း မေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသောဘုရားသခင်’ ဖြစ်တော်မူကြောင်း တင်ပြထားသည်။ ယေဟောဝါသည် မိမိ၏ တရားမျှတခြင်းစံနှုန်းနှင့်အညီ လုပ်ဆောင်တော်မူကြောင်းလည်း ထိုဆုတောင်းချက်က ဖော်ပြသည်။ စီရင်ချက်ချဖို့ တန်ခိုးတော်ကိုသုံးရန် အကြောင်းခိုင်လုံသည့်အခါ၌ပင် တရားအတိုင်း စီရင်ရာတွင် မေတ္တာရှေ့ထား၍ သက်ညှာရန် အသင့်ရှိတော်မူ၏။ အတိမ်းအစောင်းမရှိ အံ့သြချီးမွမ်းဖွယ်ကောင်းသောနည်းဖြင့် ဤသို့ပြုလုပ်နိုင်ရန် ဉာဏ်ပညာတော် လိုအပ်၏။ ဣသရေလလူမျိုးနှင့် ဖန်ဆင်းရှင် ဆက်ဆံပုံက ကျွန်ုပ်တို့အား ကိုယ်တော်ထံသို့ ဆွဲဆောင်၍ အလိုတော်ဆောင်ရန် စိတ်ဝင်စားဖို့ နှိုးဆော်ပေးသင့်ပေသည်။
သမ္မာကျမ်းစာ၏ ဤအပိုင်း (ဓမ္မဟောင်းကျမ်း) အဆုံးသတ်ချိန်တွင် ယုဒနိုင်ငံသည် ယေရုရှလင်မြို့ရှိ ဗိမာန်တော်နှင့်အတူ ပြန်လည်တည်ထောင်ပြီးဖြစ်သော်လည်း ဘာသာခြားတို့၏အုပ်ချုပ်မှုအောက် ရောက်ရှိနေသည်။ ထို့ကြောင့် “အစဉ်အမြဲ” အုပ်ချုပ်မည့် “အမျိုးအနွယ်” နှင့်ပတ်သက်၍ ဒါဝိဒ်နှင့်ဖွဲ့သည့် ဘုရားသခင့်ပဋိညာဉ် မည်သို့ပြည့်စုံလာမည်နည်း။ (ဆာလံ ၈၉:၃၊ ၄; ၁၃၂:၁၁၊ ၁၂) ဂျူးလူမျိုးသည် ဘုရားသခင့်လူမျိုးတော်ကို လွတ်မြောက်စေ၍ မြေကြီးပေါ်တွင် သီအိုကရက်တစ် (ဘုရားသခင်အုပ်ချုပ်သော) နိုင်ငံတော် တည်ထောင်မည့် “ခေါင်းဆောင်မေရှိယ” ပေါ်ထွန်းမည်ကို စောင့်မျှော်လျက်နေကြဆဲဖြစ်သည်။ (ဒံယေလ ၉:၂၄၊ ၂၅၊ ကဘ) သို့ရာတွင်၊ ထိုအတိုင်း ယေဟောဝါ ရည်ရွယ်တော်မူသလော။ မရည်ရွယ်ပါက ကတိထားရာ မေရှိယသည် ကယ်တင်ခြင်းကို မည်သို့ဆောင်ကြဉ်းပေးမည်နည်း။ ၎င်းသည် ယနေ့ ကျွန်ုပ်တို့နှင့် မည်သို့ပတ်သက်သနည်း။ နောက်အခန်းတွင် အရေးကြီးသော ဤအကြောင်းများကို သုံးသပ်ပါမည်။
[အောက်ခြေမှတ်ချက်များ]
a ပါဝင်သည့်အကြောင်းအရာများကို သိသာစေရန် အထောက်အကူအဖြစ် ကျမ်းအမည်များကို စာလုံးမည်းဖြင့် ဖော်ပြထားသည်။
b ၎င်းတို့မှာ ၁ ဓမ္မရာဇဝင်၊ ၂ ဓမ္မရာဇဝင်၊ ၃ ဓမ္မရာဇဝင်၊ ၄ ဓမ္မရာဇဝင်၊ ၁ ရာဇဝင်ချုပ် နှင့် ၂ ရာဇဝင်ချုပ် တို့ဖြစ်ကြသည်။
c နိမ့်ကျသော သိုးထိန်းတစ်ဦးအပေါ် မိန်းမပျိုတစ်ဦးထားရှိသည့် သစ္စာစောင့်သိမှုကို မီးမောင်းထိုးပြသော မေတ္တာဖွဲ့ကဗျာဖြစ်သည့် ရှောလမုန်သီချင်း ကိုလည်း သူရေးသားခဲ့သည်။
d ဤကဲ့သို့သော မှုတ်သွင်းခံ ပရောဖက်ပြု သတင်းစကားများပါရှိသည့်ကျမ်း အတော်များများရှိသည်။ ၎င်းတို့တွင် ဟေရှာယကျမ်း၊ ယေရမိကျမ်း၊ ယေရမိမြည်တမ်းစကား၊ ယေဇကျေလကျမ်း၊ ယောလကျမ်း၊ မိက္ခာကျမ်း၊ ဟဗက္ကုတ်ကျမ်း၊ ဇေဖနိကျမ်း တို့ပါဝင်ကြသည်။ ဩဗဒိကျမ်း၊ ယောနဝတ္ထု နှင့် နာဟုံကျမ်း တို့သည် ဘုရားသခင့်လူမျိုးတော်ကိုထိခိုက်သည့် ဆက်ဆံမှုများပြုကြသော ပတ်ဝန်းကျင်လူမျိုးများကို အဓိက ဦးတည်ရေးသားထားသည်။
e သမိုင်းနှင့် ပရောဖက်ပြုချက်ဆိုင်ရာ ၎င်းကျမ်းများတွင် ဧဇရမှတ်စာ၊ နေဟမိမှတ်စာ၊ ဧသတာဝတ္ထု၊ ဟဂ္ဂဲကျမ်း၊ ဇာခရိကျမ်း နှင့် မာလခိကျမ်း များပါဝင်သည်။
[စာမျက်နှာ ၁၂၆၊ ၁၂၇ ပါ လေးထောင့်ကွက်]
အံ့ဖွယ်အမှုများ—၎င်းတို့ကို ယုံကြည်နိုင်ပါသလော
“လျှပ်စစ်မီးနှင့် ရေဒီယိုကို အသုံးပြုလျက်၊ ခေတ်မီဆေးဝါးနှင့် ခွဲစိတ်မှုဆိုင်ရာ နည်းပညာများကို သုံးစွဲလျက်နှင့် တစ်ချိန်တည်းတွင် ဓမ္မသစ်ကျမ်းမှ နာမ်ဝိညာဉ်လောကနှင့် အံ့ဖွယ်အမှုများအကြောင်း ယုံကြည်၍မဖြစ်နိုင်ပေ။” ဂျာမန် ဓမ္မပညာရှင် ရုဒေါလ်ဖ် ဘုလ်မန်း၏ အထက်ပါစကားများက အံ့ဖွယ်အမှုကို ယနေ့ လူအများ မည်သို့ယူဆကြောင်း ထင်ဟပ်လျက်ရှိသည်။ ပင်လယ်နီကို ဘုရားသခင် နှစ်ခြမ်းခွဲခြင်းအစရှိသော သမ္မာကျမ်းစာမှတ်တမ်းတင် အံ့ဖွယ်အမှုများနှင့်ပတ်သက်၍ ထိုအတိုင်းပင် သင်ယူဆပါသလော။
အောက်စဖို့ဒ် အဘိဓာန်အကျဉ်းက “အံ့ဖွယ်အမှု” (“miracle”) ကို “ဓမ္မတာလွန် တန်ခိုးအရှိန် တစ်ခုခုကြောင့်ဖြစ်ပျက်သည့် ထူးခြားဆန်းပြားသောဖြစ်ရပ်” ဟူ၍ အနက်ဖွင့်သည်။ ဤကဲ့သို့သော ထူးခြားဆန်းပြားသည့် ဖြစ်ရပ်တစ်ခုသည် သဘာဝဖြစ်စဉ်တွင် ကြားဝင်ဖြတ်မှုတစ်ရပ် ပါဝင်ပတ်သက်နေသဖြင့် အံ့ဖွယ်အမှုများကို လူအများက ယုံကြည်လိုစိတ် မရှိကြခြင်းဖြစ်သည်။ သို့ရာတွင်၊ သဘာဝနိယာမတရားကို ဖောက်ဖျက်သည်ဟုထင်ရသည့် အခြင်းအရာတစ်ခုကို သက်ဆိုင်ရာ အခြားသဘာဝနိယာမတစ်ခုဖြင့် လွယ်ကူစွာ ဖြေရှင်းနိုင်ပေသည်။
သာဓကအနေဖြင့်၊ တိုကျိုတက္ကသိုလ်မှ ရူပဗေဒပညာရှင်နှစ်ဦးက ရေ တစ်စိတ်တစ်ပိုင်းထည့်ထားပြီး ပြင်ညီလှဲထားသည့်ဖန်ပြွန်ကို အလွန့်အလွန်အားကောင်းသော သံလိုက်စက်ကွင်း သက်ရောက်စေသည့်အကြောင်း နယူးဆိုင်းယင်းတစ် စာစောင်က ရေးသားဖော်ပြသည်။ ထိုအခါ ရေသည် ဖန်ပြွန်၏အစွန်းနှစ်ဖက်သို့ အရှိန်နှင့်ပြေးသွားကြရာ အလယ်ပိုင်းတွင် ခြောက်သွေ့လျက်ရှိ၏။ ၁၉၉၄ ခုနှစ်တွင် ရှာဖွေတွေ့ ရှိသည့် ဤသဘာဝသရုပ်သဏ္ဌာန် ဖြစ်ပေါ်ရခြင်းမှာ ရေသည် အားပျော့သော သံလိုက်တွန်းအား (diamagnetic) ဖြစ်သဖြင့် သံလိုက်၏တွန်းကန်ခြင်း ခံရသောကြောင့်ဖြစ်သည်။ ရေသည် သံလိုက်စက်ကွင်း အလွန်မြင့်မားသောနေရာမှ နိမ့်သောနေရာဘက်သို့ ရွေ့ ရှားခြင်းဆိုင်ရာ အတည်ပြုပြီးသော ဤသဘာဝသရုပ်သဏ္ဌာန်ကို မောရှေအကျိုး (The Moses Effect) ဟု အမည်ပညတ်ခဲ့သည်။ “လိုအပ်သည့် အရွယ်ပမာဏရှိသော သံလိုက်သာရှိမည်ဆိုလျှင် ရေကိုတွန်းထုတ်ပစ်ရန်မှာ လွယ်ကူပါသည်။ ထိုသို့သောသံလိုက် တကယ်ရှိမည်ဆိုလျှင် မည်သည့်အရာမဆို ဖြစ်နိုင်ပါသည်” ဟူ၍ နယူးဆိုင်းယင်းတစ် စာစောင်က ဖော်ပြသည်။
ဣသရေလလူမျိုးအတွက် ပင်လယ်နီကို ခွဲခဲ့စဉ်က မည်သည့်နည်းစဉ်ကို ဘုရားသခင် အသုံးပြုခဲ့ကြောင်း မည်သူမျှ တပ်အပ်မပြောနိုင်သည်မှာ ဆိုဖွယ်မရှိ။ သို့သော် ဖန်ဆင်းရှင်သည် သဘာဝနိယာမတရားများကို ဂဃနဏ ပြည့်ပြည့်စုံစုံ သိတော်မူ၏။ ကိုယ်တော်သည် မိမိဖြစ်ပေါ်စေသည့် နိယာမတရားများအနက် တစ်ခုခုကို အသုံးချ၍ အခြားနိယာမတရားတစ်ခု၏ အသွင်အပြင် တစ်စုံတစ်ရာကို လွယ်ကူစွာ ထိန်းချုပ်နိုင်ပေသည်။ လူသားများအဖို့ဆိုလျှင် ဖြစ်ပေါ်လာသည့်အကျိုးဆက်သည် အံ့ဖွယ်ဖြစ်ပေမည်။ အထူးသဖြင့် အကျုံးဝင်သက်ဆိုင်သည့် နိယာမတရားများကို အပြည့်အဝ နားမလည်သည့်အခါမျိုး၌ ဖြစ်ပေသည်။
သမ္မာကျမ်းစာပါ အံ့ဖွယ်အမှုများနှင့်စပ်လျဉ်း၍ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခ အာကီရာ ယာမာဒါက ဤသို့ဆို၏– “လူတစ်ဦးက သက်ဆိုင်ရာ သိပ္ပံရှုထောင့်မှ (သို့မဟုတ် လက်ရှိသိပ္ပံပညာ၏ ပင်ကိုအခြေအနေမှ) [အံ့ဖွယ်အမှုတစ်ခုကို] ယခု နားမလည်နိုင်ဟုပြောခြင်းမှာ မှန်သော်လည်း တိုးတက်နေသော ခေတ်သစ်ရူပဗေဒနှင့် တိုးတက်နေသောခေတ်သစ် ကျမ်းကိုးစာရင်းပညာတို့၏ ဩဇာအရှိန်တစ်ခုတည်းဖြင့် ထိုအံ့ဖွယ်အမှု မဖြစ်ခဲ့ဟုပြောခြင်းမှာ မှားပါသည်။ နောင်ဆယ်နှစ်ကျလျှင် ယနေ့ ခေတ်သစ်သိပ္ပံသည် ခေတ်နောက်ကျသွားမည်ဖြစ်သည်။ သိပ္ပံပညာတိုးတက်မှု မြန်ဆန်လေလေ ယနေ့ သိပ္ပံပညာရှင်များသည် အများဝိုင်းရယ်စရာဖြစ်လာရန် အလားအလာ ပို၍များလေလေဖြစ်သည်။ ‘လွန်ခဲ့သည့်ဆယ်နှစ်က သိပ္ပံပညာရှင်များသည် ဤမည်သောအကြောင်း၊ ဤမည်သောအရာကို အလေးအနက် ယုံကြည်ခဲ့ကြသည်’ ကဲ့သို့သောစကားမျိုးပြောကြပေမည်။”—သိပ္ပံခေတ်မှ ဘုရားများ။
သဘာဝနိယာမတရား ရှိရှိသမျှတို့ကို အလိုက်သင့် ညှိနှိုင်းနိုင်စွမ်းရှိသည့် ဖန်ဆင်းရှင်အနေနှင့် ယေဟောဝါသည် မိမိ၏တန်ခိုးတော်ကိုအသုံးပြု၍ အံ့ဖွယ်အမှုများကို ပြုလုပ်နိုင်တော်မူ၏။
[စာမျက်နှာ ၁၃၂၊ ၁၃၃ ပါ လေးထောင့်ကွက်]
မရှုဆိတ်သောဘုရားသခင်—အဘယ်သဘောဖြင့်နည်း
‘မရှုဆိတ် အမည်တော်ရှိသော ငါထာဝရဘုရားသခင် [“ယေဟောဝါ၊” ကဘ] သည် မရှုဆိတ်သော ဘုရားသခင်ဖြစ်တော်မူ’ ၏။ ထွက်မြောက်ရာ ၃၄:၁၄၊ (သမ) တွင် ထိုစကားကို ကျွန်ုပ်တို့ ဖတ်ရှုနိုင်ပါသည်။ သို့သော် အဘယ်အဓိပ္ပာယ် ရှိသနည်း။
“မရှုဆိတ်” ဟူ၍ ဘာသာပြန်ဆိုသည့် ဟေဗြဲစကားလုံးသည် “သီးသန့် ဝတ်ပြုမှုကို တင်းကျပ်စွာ တောင်းဆိုခြင်း၊ တုပြိုင်မှုကို သည်းမခံခြင်း” ဟူ၍ အဓိပ္ပာယ်ရနိုင်သည်။ အပြုသဘောအားဖြင့်ဆိုလျှင် ထိုစိတ်ထားသည် ကိုယ်တော်၏ ဖန်ဆင်းရာသတ္တဝါများအဖို့ အကျိုးဖြစ်ထွန်း၏။ ယေဟောဝါသည် မိမိ၏နာမတော်နှင့် ကိုးကွယ်မှုအတွက် မရှုဆိတ်သောဘုရားသခင်ဖြစ်၏။ (ယေဇကျေလ ၃၉:၂၅၊ သမ) မိမိ၏နာမတော် ကိုယ်စားပြုရာများကို ပြည့်စုံစေရန် ကိုယ်တော်စိတ်အားကြီးခြင်း ဆိုသည်မှာ လူသားများအတွက်ထားရှိသည့် မိမိ၏ရည်ရွယ်ချက်ကို အကောင်အထည်ဖော်မည်ဟူ၍ အဓိပ္ပာယ်ရသည်။
သာဓကအဖြစ် ခါနာန်ပြည်တွင် နေထိုင်သည့်လူမျိုးကို ကိုယ်တော် တရားစီရင်ခြင်းအကြောင်း သုံးသပ်ကြည့်ပါ။ ပညာရှင်တစ်ဦးက ဤထိတ်လန့်ဖွယ်ဖော်ပြချက်ကို တင်ပြသည်– “ဗာလ၊ အာရှတရက်နှင့် အခြားအခြားသော ခါနာန်နတ်ဘုရားများဆိုင်ရာ ကိုးကွယ်မှုတွင် တရားလွန် ပေါက်လွှတ်သောက်စား ပျော်ပါးမြူးထူးခြင်းများ ပါဝင်သည်။ သူတို့၏ ဘုရားကျောင်းကန်များသည် မကောင်းမှုဒုစရိုက်၏ အချက်အချာဖြစ်သည်။ . . . ခါနာန်လူမျိုးသည် မကောင်းမှုလိုက်စားခြင်း၊ . . . ၎င်းနောက် မိမိတို့၏သားဦးများကိုသတ်၍ ထိုနတ်ဘုရားများကို ယဇ်အဖြစ် ပူဇော်ခြင်းအားဖြင့် ကိုးကွယ်ဝတ်ပြုကြ၏။” ရှေးဟောင်းသုတေသီများသည် ပူဇော်ထားသောကလေးများ၏ ရုပ်ကြွင်းများထည့်ထားသည့်အိုးများကို ရှာဖွေတွေ့ ရှိကြသည်။ ခါနာန်လူမျိုး၏အပြစ်ကို အာဗြဟံလက်ထက်၌ပင် ဘုရားသခင် သတိပြုမိခဲ့သော်လည်း သူတို့ကို နှစ်ပေါင်း ၄၀၀ တိုင်တိုင် သည်းခံခြင်းအားဖြင့် ပြုပြင်ပြောင်းလဲရန်အချိန် အလျှံပယ်ပေးတော်မူ၏။—ကမ္ဘာဦး ၁၅:၁၆။
ခါနာန်လူမျိုးသည် သူတို့အပြစ် မည်မျှကြီးလေးသည်ကို သိရှိကြပါသလော။ သူတို့၌ လူသားဆိုင်ရာ ကိုယ်ကိုကိုယ်သိသောစိတ်စွမ်းရည်ရှိသည်။ ယင်းကို ကိုယ်ကျင့်တရားနှင့် တရားမျှတမှုအတွက် လူခပ်သိမ်းနှင့်ဆိုင်သော အခြေအမြစ်အဖြစ် ဥပဒေပညာရှင်များက အသိအမှတ်ပြုကြသည်။ (ရောမ ၂:၁၂-၁၅) သို့ဖြစ်လျက်နှင့် ခါနာန်လူမျိုးသည် စက်ဆုပ်ဖွယ်ကောင်းသော ကလေးပူဇော်ခြင်းအမှုနှင့် ယုတ်ညံ့သည့် လိင်ဆိုင်ရာအကျင့်များကို မလျှော့တမ်း ပြုကျင့်ကြသည်။
ထိုပြည်သည် သုတ်သင်ရှင်းလင်းခြင်း ခံရန်လိုအပ်ကြောင်း ယေဟောဝါက သမာသမတ်ကျကျ စီရင်ဆုံးဖြတ်တော်မူ၏။ ထိုသို့ပြုခြင်းသည် လူမျိုးတုံးအောင် သတ်ဖြတ်ခြင်းမဟုတ်ပါ။ ရာခပ်ကဲ့သို့ တစ်ဦးချင်းအနေနှင့်လည်းကောင်း၊ ဂိဗောင်လူမျိုးကဲ့သို့ အုပ်စုတစ်စုလုံးအနေနှင့်လည်းကောင်း ဘုရားသခင်၏ မြင့်မားသည့် ကိုယ်ကျင့်တရားစံနှုန်းများကို စိတ်လိုကိုယ်လျောက် လက်ခံကြသည့် ခါနာန်လူမျိုးများသည် အသက်ချမ်းသာရာ ရကြသည်။ (ယောရှု ၆:၂၅; ၉:၃-၁၅) ရာခပ်သည် မေရှိယ ပေါ်ထွန်းရာ တော်ဝင်မျိုးရိုးစဉ်ဆက်တွင် ကွင်းဆက်တစ်ရပ်ဖြစ်ခဲ့ပြီး ဂိဗောင်လူမျိုးမှ ဆင်းသက်သူများသည်လည်း ယေဟောဝါ၏ ဗိမာန်တော်တွင် အမှုတော်ထမ်းဆောင်ခွင့် ရရှိကြသည်။—ယောရှု ၉:၂၇; ဧဇရ ၈:၂၀; မဿဲ ၁:၁၊ ၅-၁၆။
ထို့ကြောင့်၊ အမှန်တရားပေါ် အခြေခံသည့် ပြည့်စုံ၍ ရှင်းလင်းတိကျသော ရုပ်ပုံလွှာကို ရှာဖွေသူတစ်ဦးအနေဖြင့် ယေဟောဝါသည် အလွန်လေးမြတ်ဖွယ်ကောင်းသော၊ တရားမျှတသော ဘုရားသခင်ဖြစ်ကြောင်း၊ မိမိ၏ သစ္စာရှိ သတ္တဝါများ၏အကျိုးအတွက် ကောင်းသောနည်းဖြင့် မရှုဆိတ်သော ဘုရားသခင်ဖြစ်ကြောင်း လွယ်လင့်တကူ တွေ့မြင်နိုင်ပေသည်။
[စာမျက်နှာ ၁၂၃ ပါ ရုပ်ပုံ]
ဖန်ဆင်းရှင်သည် ကျွန်ဖြစ်နေသည့် လူမျိုးတစ်မျိုးကို လွတ်မြောက်စေပြီး မိမိ၏ ရည်ရွယ်ချက်ကိုဖော်ဆောင်ရန် သူတို့ကို အသုံးပြုတော်မူ၏
[စာမျက်နှာ ၁၂၉ ပါ ရုပ်ပုံ]
သိနာတောင်တွင် ရှေးဣသရေလလူမျိုးသည် ဖန်ဆင်းရှင်နှင့် ပဋိညာဉ်ဆက်ဆံရေး ထူထောင်ခဲ့
[စာမျက်နှာ ၁၃၀ ပါ ရုပ်ပုံ]
ဖန်ဆင်းရှင်၏ ပြိုင်ဘက်ကင်းသော ပညတ်တရားများကို စောင့်ရှောက်ခြင်းအားဖြင့် လူမျိုးတော်အား ကတိထားရာပြည်တော်ကို မွေ့လျော်ပျော်ပိုက်နိုင်အောင် ထောက်ကူပေး
[စာမျက်နှာ ၁၃၆ ပါ ရုပ်ပုံ]
ဘုရင်ဒါဝိဒ် နန်းစိုက်ခဲ့ရာ ယေရုရှလင်မြို့ရိုး၏ တောင်ဘက်ပိုင်းဒေသကို သင်လည်ပတ်ကြည့်ရှုနိုင်သည်