အပြစ်မရှိတော့သည့်အခါ
“ကျွန်ုပ်တို့သည် အပြစ်တရားအောက် မွေးဖွားလာသလော။” အမေရိကန်ပြည်ထောင်စုမှ ဘွဲ့ရကျောင်းသားတစ်ဦးသည် သမ္မာကျမ်းစာကို စတင်လေ့လာ၍မကြာမီ အဆိုပါမေးခွန်းက သူ့ကိုစိတ်ရှုပ်ထွေးတွေဝေစေသည်။သူ၏ဟိန္ဒူဘာသာနောက်ခံကြောင့် အပြစ်ကိုအမွေခံရခြင်းနှင့်ပတ်သက်သော အယူအဆမှာ သူမသိရှိဖူးသောအရာဖြစ်သည်။ သို့သော် အပြစ်တရားကို အမွေခံရရိုးမှန်လျှင် ယင်း၏အဖြစ်မှန်ကို ငြင်းပယ်ခြင်း သို့မဟုတ် လျစ်လျူရှုခြင်းသည် အချည်းနှီးဖြစ်မည်ဟု သူဆင်ခြင်မိသည်။ ၎င်းမေးခွန်း၏အဖြေကို လူတစ်ဦး မည်သို့ရှာတွေ့နိုင်သနည်း။
အပြစ်တရားကို အမွေခံရသည်ဆိုလျှင် ယင်း၌ မူလစတင်ရာရှိရမည်။ ပထမလူသားသည် မိမိသားသမီးများကို မကောင်းသည့်စရိုက်များ လက်ဆင့်ကမ်းရန်ရည်ရွယ်ချက်ဖြင့် ဆိုးသွမ်းစွာဖန်ဆင်းခံရခြင်းလော။ သို့မဟုတ် အပြစ်အနာအဆာသည် နောက်ပိုင်းမှ ပေါ်ပေါက်လာခြင်းလော။ အတိအကျအားဖြင့် အပြစ်တရားသည် အဘယ်အချိန်၌ စတင်ခဲ့သနည်း။ တစ်ဖက်တွင်မူ အပြစ်တရားသည် ပြင်ပတွင် အမှန်တကယ်တည်ရှိနေသည့် ဆိုးသွမ်းသောအရာတစ်ခု သို့မဟုတ် အခြေခံသဘောတရားတစ်ခုဖြစ်ပါက ထိုအပြစ်တရားမှ ကျွန်ုပ်တို့လွတ်မြောတ်ရန် မျှော်လင့်နိုင်ပါဦးမည်လော။
ဟိန္ဒူဘာသာယုံကြည်ချက်အရ ဒုက္ခဆင်းရဲနှင့် ဆိုးသွမ်းမှုတို့သည် ဖန်ဆင်းခြင်းနှင့် တွဲဖက်လိုက်ပါလာသည့်အရာဖြစ်သည်။ ဟိန္ဒူပညာရှင်တစ်ဦးက “ဒုက္ခဆင်းရဲ [သို့မဟုတ် ဆိုးသွမ်းမှု] သည် လုံးလုံးအမြစ်ပြတ်သည့်အထိ မပျောက်ကင်းနိုင်ဘဲ တစ်နေရာမှ အခြားတစ်နေရာသို့ ပြောင်း၍ဖြစ်ပေါ်နေသော နာတာရှည်အဆစ်အမြစ် ကိုက်ခဲနာကျင်သည့်ရောဂါကဲ့သို့” ဖြစ်သည်ဟုဆိုသည်။ သမိုင်းမှတ်တမ်းတစ်လျှောက် ဆိုးသွမ်းမှုသည် လူသားလောက၏ အစိတ်အပိုင်းတစ်ရပ် အမှန်ဖြစ်လာခဲ့သည်။ အပြစ်တရားသည် သမိုင်းဝင်မှတ်တမ်းထက် စော၍ဖြစ်ပျက်ခဲ့ပါက ယင်း၏မူလအစနှင့်ပတ်သက်၍ ယုံကြည်စိတ်ချလောက်သောအဖြေများမှာ လူထက်သာ၍မြင့်မားသည့်ပင်ရင်းမှ လာဖို့လိုအပ်လှပေသည်။ အဖြေများသည် ဘုရားသခင်ထံမှဖြစ်ရမည်။—ဆာလံ ၃၆:၉။
လူသား—အပြစ်ကင်းမဲ့စွာဖန်ဆင်းခံရ
ဗေတာကျမ်းမှ လူကိုဖန်ဆင်းခြင်းနှင့်ပတ်သက်သော ဖော်ပြချက်များသည် တင်စားချက်များသာဖြစ်သည်ဟု ဟိန္ဒူအတွေးအခေါ်ပညာရှင် နီခီလန်းနတ်က ဝန်ခံခဲ့သည်။ အလားတူစွာ အရှေ့တိုင်းဘာသာတရားအများစုတို့သည် ဖန်ဆင်းခြင်းနှင့်ပတ်သက်၍ ဒဏ္ဍာရီနှင့်သက်ဆိုင်သော ရှင်းလင်းချက်များကိုသာ ပေးတတ်ကြသည်။ သို့တိုင် ပထမလူသားကို ဖန်ဆင်းခြင်းနှင့်ပတ်သက်သော သမ္မာကျမ်းစာမှတ်တမ်းကိုယုံကြည်ရန် ကျိုးကြောင်းဆီလျော်၍ သိပ္ပံနည်းကျသော အကြောင်းရင်းများရှိပါသည်။a သမ္မာကျမ်းစာ၏ ပထမဆုံးအခန်းကြီးတွင် ဤသို့ဖော်ပြထားသည်– “ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်း” တော်မူ၏။—ကမ္ဘာဦး ၁:၂၇။
“ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ” ဖန်ဆင်းခြင်းဆိုသည် အဘယ်အရာကို ဆိုလိုသနည်း။ ရိုးရှင်းစွာတင်ပြရလျှင်—တရားမျှတခြင်း၊ ဉာဏ်ပညာနှင့် ချစ်ခြင်းမေတ္တာအစရှိသည့်—ဘုရားရေးရာအရည်အချင်းများရှိအောင် လူကိုဘုရားသခင့်ပုံသဏ္ဌာန်တော်နှင့် ဖန်ဆင်းထားသည့်အတွက် တိရစ္ဆာန်များနှင့် ကွဲပြားခြားနားစေသည်။ (ကောလောသဲ ၃:၉၊ ၁၀ နှိုင်းယှဉ်။) ဤအရည်အချင်းများက သူ့အား အကောင်းနှင့်အဆိုး ရွေးချယ်နိုင်စွမ်းကိုပေး၍ လွတ်လပ်စွာရွေးချယ်ခွင့်ရှိသူတစ်ဦး ဖြစ်စေသည်။ ပထမလူသားဖန်ဆင်းခံရချိန်တွင် အပြစ်ဟူ၍စိုးစဉ်းမျှမရှိခဲ့၊ သူ့ဘဝ၌ ဆိုးသွမ်းမှု သို့မဟုတ် ဒုက္ခဆင်းရဲလည်းမရှိခဲ့ပေ။
ယေဟောဝါဘုရားသခင်က “ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတစ်ပါး၊ ထိုဥယျာဉ်၌ရှိသမျှသော အပင်တို့၏အသီးကို သင်သည်စားရသောအခွင့်ရှိ၏၊ ထိုအပင်၏အသီးကိုကား မစားရ၊ စားသောနေ့တွင် ဧကန်အမှန်သေရမည်” ဟုလူသားအာဒံကို ပညတ်ထားတော်မူ၏။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) အာဒံနှင့် သူ၏ဇနီးဧဝတို့သည် နာခံဖို့ရွေးချယ်ခြင်းဖြင့် မိမိတို့၏ဖန်ဆင်းရှင်ကို ချီးမွမ်းထောမနာပြု ဂုဏ်တင်စေနိုင်ပြီး အပြစ်ကင်းသည့်အခြေအနေ၌ ဆက်ရှိနေနိုင်ကြသည်။ အခြားတစ်ဖက်တွင်မူ နာခံမှုမရှိသောအပြုအမူတစ်ခုက ဘုရားသခင့်စုံလင်သောစံနှုန်းကို လိုက်မီဖို့သူတို့ပျက်ကွက်ကြောင်းဖော်ပြ၍ မစုံလင်သော—အပြစ်သားဘဝရောက်သွားစေမည်။
အာဒံနှင့် ဧဝတို့သည် ဘုရားဇာတိအဖြစ် ဖန်ဆင်းခံရခြင်းမဟုတ်ပါ။ သို့သော်လည်း သူတို့၌ ဘုရားသခင့်အရည်အချင်းများ အတော်အတန်ရှိပြီး သီလဆိုင်ရာဆုံးဖြတ်ချက်များချနိုင်သည့် စွမ်းရည်ရှိကြသည်။ ဘုရားသခင့်ဖန်ဆင်းရာများအနေနှင့် သူတို့သည် အပြစ်မရှိ စုံလင်ကြပေသည်။ (ကမ္ဘာဦး ၁:၃၁; တရားဟောရာ ၃၂:၄) သူတို့ဖန်ဆင်းခံရခြင်းက ထိုအချိန်အထိနှစ်ပေါင်းများစွာရှိလာခဲ့သော ဘုရားသခင်နှင့် စကြဝဠာစပ်ကြားရှိ သဟဇာတဖြစ်မှုကို မပျက်ပြားစေခဲ့ပါ။ သို့ဖြစ်လျှင် အပြစ်မည်သို့စတင်လာသနည်း။
အပြစ်၏မူလဘူတ
အပြစ်သည် နာမ်ဝိညာဉ်ဘုံတွင် ဦးဆုံးဖြစ်ပေါ်ခဲ့သည်။ ဘုရားသခင်သည် မြေကြီးနှင့် လူသားကိုမဖန်ဆင်းမီ အသိဉာဏ်ရှိသော နာမ်ဝိညာဉ်သတ္တဝါများ—ကောင်းကင်တမန်များကို ဖန်ဆင်းတော်မူသည်။ (ယောဘ ၁:၆; ၂:၁; ၃၈:၄-၇; ကောလောသဲ ၁:၁၅-၁၇) ဤကောင်းကင်တမန်များအထဲမှ ကောင်းကင်တမန်တစ်ပါးသည် မိမိ၏အလှကျက်သရေနှင့် ဉာဏ်ရည်ကိုအထင်ကြီးခဲ့သည်။ (ယေဇကျေလ ၂၈:၁၃-၁၅ နှိုင်းယှဉ်။) အာဒံနှင့်ဧဝကို သားသမီးများမွေးဖွားရန် ဘုရားသခင့်ညွှန်ကြားချက်မှ မကြာမီ တစ်ကမ္ဘာလုံး ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်သော ဖြောင့်မတ်သောသူများဖြင့် ပြည့်လာမည်ကို သူသိနိုင်သည်။ (ကမ္ဘာဦး ၁:၂၇၊ ၂၈) ဤနာမ်ဝိညာဉ်သတ္တဝါသည် သူတို့၏ဝတ်ပြုကိုးကွယ်မှုကို ခံယူလိုခဲ့သည်။ (မဿဲ ၄:၉၊ ၁၀) ဤတပ်မက်မှုကို ဆက်လက်တွေးတောစဉ်းစားခြင်းက မှားယွင်းသောလမ်းစဉ်ကို စ၍ခြေလှမ်းလှမ်းစေလေတော့သည်။—ယာကုပ် ၁:၁၄၊ ၁၅။
ပုန်ကန်သောကောင်းကင်တမန်က ဘုရားသခင်သည် ကောင်းမကောင်းသိကျွမ်းရာအပင်မှ အသီးကိုမစားဖို့တားမြစ်ခြင်းအားဖြင့် သူမ၌ရှိသင့်ရှိထိုက်သော အသိပညာကိုမပေးဘဲနေခဲ့သည်ဟု မြွေတစ်ကောင်မှတစ်ဆင့် ဧဝကိုပြောလေသည်။ (ကမ္ဘာဦး ၃:၁-၅) ယင်းသို့ပြောခြင်းသည် မုန်းစိတ်ဖြင့် ပြောလိုက်သောမုသား—အပြစ်ပြုလိုက်သည့်အပြုအမူတစ်ခု ဖြစ်သည်။ ကောင်းကင်တမန်သည် ၎င်းမုသားကိုစတင်ပြောဆိုခြင်းဖြင့် မိမိကိုယ်ကိုအပြစ်သားဖြစ်စေခဲ့သည်။ ရလဒ်အနေနှင့် သူသည် ရှုတ်ချဂုဏ်ဖျက်သူ မာရ်နတ်နှင့် ဘုရားသခင်အားဆန့်ကျင်သူ စာတန်ဟူသည့်အမည်ရလာသည်။—ဗျာဒိတ် ၁၂:၉။
စာတန်၏ယုံလောက်သော အချေအတင်စကားက ဧဝကိုဆိုးကျိုးသက်ရောက်စေခဲ့သည်။ သူမသည် သွေးဆောင်သူ၏ စကားကိုယုံစားကာ မိမိကိုယ်ကိုလှည့်ဖြားခံ၍ တားမြစ်ထားသည့်အသီးအချို့ကိုစားရန် ခွင့်ပြုခဲ့လေသည်။ သူမ၏ခင်ပွန်းအာဒံလည်း သူမနှင့်အတူအသီးကိုစားလိုက်ခြင်းအားဖြင့် သူတို့နှစ်ဦးစလုံး အပြစ်သားများဖြစ်လာကြလေသည်။ (ကမ္ဘာဦး ၃:၆; ၁ တိမောသေ ၂:၁၄) ရှင်းနေသည်မှာ ကျွန်ုပ်တို့၏ကနဦးမိဘများသည် ဘုရားသခင်အားမနာခံဖို့ရွေးချယ်လိုက်ခြင်းအားဖြင့် စုံလင်မှုအမှတ်ကို လွဲချော်ခဲ့ကြပြီး မိမိတို့ကိုယ်ကိုအပြစ်သားများ ဖြစ်စေခဲ့ကြသည်။
အာဒံနှင့်ဧဝတို့၏ သားစဉ်မြေးဆက်များကော မည်သို့နည်း။ သမ္မာကျမ်းစာက “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏” ဟုဆိုထားသည်။ (ရောမ ၅:၁၂) မျိုးရိုးဗီဇနိယာမ သက်ရောက်မှုဖြစ်ပေါ်လာခဲ့ပြီ။ အာဒံသည် သူမပိုင်ဆိုင်သည့်အရာကို သူ့သားသမီးများအား လက်ဆင့်ကမ်းမပေးနိုင်ပါ။ (ယောဘ ၁၄:၄) ပထမဆုံးလူသားမောင်နှံစုံသည် စုံလင်ခြင်းကိုလက်လွတ်ဆုံးရှုံးခဲ့သည့်အတွက် သူတို့သားသမီးများကို ကိုယ်ဝန်ဆောင်သည့်အခါ အပြစ်သားများဖြစ်နေကြသည်။ ရလဒ်အနေနှင့် ကျွန်ုပ်တို့အားလုံး—ခြွင်းချက်မရှိ—အပြစ်ကိုအမွေခံခဲ့ရကြလေသည်။ (ဆာလံ ၅၁:၅; ရောမ ၃:၂၃) သို့နှင့် အပြစ်တရားသည် ဆိုးသွမ်းမှုနှင့် ဒုက္ခဆင်းရဲမှလွဲ၍ အခြားမည်သည့်အရာမျှ မဖြစ်ပေါ်လာစေပါ။ ထို့ပြင် ယင်းကြောင့် ကျွန်ုပ်တို့အားလုံး အို၍သေရကြသည်၊ “အပြစ်တရား၏အခကား သေခြင်း” ဖြစ်သောကြောင့်တည်း။—ရောမ ၆:၂၃။
ကိုယ်ကိုကိုယ်သိသောစိတ် ‘အပြစ်တင်သည်’ သို့မဟုတ် ‘အပြစ်လွှတ်သည်’
ပထမလူသားမောင်နှံ၏လုပ်ရပ်အပေါ် အပြစ်၏အကျိုးသက်ရောက်မှုကိုလည်း စဉ်းစားကြည့်ပါလေ။ သူတို့သည် မိမိတို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကိုဖုံးအုပ်၍ ဘုရားသခင်ထံမှ ပုန်းကွယ်ရန်ကြိုးစားခဲ့ကြသည်။ (ကမ္ဘာဦး ၃:၇၊ ၈) ဤနည်းအားဖြင့် အပြစ်တရားက မိမိတို့၌အပြစ်ရှိသည်ဟုခံစားရစေကာ စိုးရိမ်ကြောင့်ကြမှုနှင့် ရှက်စိတ်ကိုဖြစ်ပေါ်စေခဲ့သည်။ ယင်းစိတ်ခံစားမှုများသည် ယနေ့လူသားများနှင့် အလွန်အကျွမ်းတဝင်ဖြစ်နေပေပြီ။
လိုအပ်နေသူအပေါ် ကြင်နာမှုချုပ်တည်းခြင်းကြောင့် စိတ်မကောင်းဖြစ်ခဲ့သူ၊ မည်သည့်အခါမျှ မပြောဆိုသင့်သောစကားကို ပြောဆိုမိ၍ နောင်တမရသူ မည်သူရှိပါသနည်း။ (ယာကုပ် ၄:၁၇) ယင်းသို့ စိတ်အနှောင့်အယှက်ဖြစ်စေသော ခံစားချက်များကို ကျွန်ုပ်တို့အဘယ့်ကြောင့်ခံစားရသနည်း။ တမန်တော်ပေါလုက ‘ကျွန်ုပ်တို့နှလုံးထဲတွင် တရားကိုရေးထားသည်’ ဟုရှင်းပြသည်။ ကိုယ်ကိုကိုယ်သိသောစိတ် မထုံထိုင်းသေးလျှင် တရားကိုချိုးဖောက်ခြင်းမှန်သမျှသည် အတွင်းစိတ်မငြိမ်သက်မှုကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ယင်းသည် ကျွန်ုပ်တို့ကို ‘အပြစ်တင်’ သို့မဟုတ် ‘အပြစ်လွှတ်’ သည့်ကိုယ်ကိုကိုယ်သိသောစိတ်ပင်တည်း။ (ရောမ ၂:၁၅; ၁ တိမောသေ ၄:၂; တိတု ၁:၁၅) ကျွန်ုပ်တို့သိသည်ဖြစ်စေ မသိသည်ဖြစ်စေ မှားသည်၊ အပြစ်ရှိသည်ဟု ခံစားတတ်သည့်အတွင်းစိတ် ကျွန်ုပ်တို့တွင်ရှိသည်!
ပေါလုသည် မိမိ၏အပြစ်ပြုလိုသည့်သဘောကို ကောင်းစွာသိထားသည်။ သူဤသို့ဝန်ခံခဲ့သည်– “ကောင်းသောအကျင့်ကို ငါကျင့်ချင်သောအခါ၊ မကောင်းသောအကျင့်ကို ကျင့်စေတတ်သောတရားကို ငါတွေ့၏။ ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ပညတ်တရားတော်ကို နှစ်သက်၏။ သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ရှိသော တရားတစ်ပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင်တိုက်လှန်သဖြင့်၊ ငါ့ကိုယ်အင်္ဂါများ၌ရှိသော အပြစ်တရားလက်သို့ ငါ့ကိုဖမ်းသွားအပ်နှံသည်ကို ငါမြင်၏။” ထို့ကြောင့် ပေါလုက “ဤအသေကောင်မှ ငါ့ကိုအဘယ်သူ ကယ်လွှတ်မည်နည်း” ဟုမေးမြန်းခဲ့သည်။—ရောမ ၇:၂၁-၂၄။
အပြစ်တရားမှလွတ်မြောက်ခြင်း—မည်သို့အားဖြင့်နည်း
ပညာရှင်တစ်ဦးက “ဟိန္ဒူထုံးတမ်းစဉ်လာတွင် လွတ်မြောက်ခြင်းဟူသည် အဖန်ဖန်ဝင်စားခြင်းနှင့် သေခြင်းတို့မှ ကျွတ်လွတ်ခြင်းဖြစ်သည်” ဟုဆိုသည်။ အလားတူစွာ . . . ကလည်း မည်သည့်အရာမျှမသိ၊ မည်သည့်အရာမျှမရှိသော အခြေအနေ . . . ကိုဖြေရှင်းချက်တစ်ခုအနေနှင့် ညွှန်ပြသည်။ ဟိန္ဒူဘာသာတရားသည် အမွေခံရသည့်အပြစ်သဘောတရားကို နားလည်နိုင်စွမ်းမရှိရကား သက်ရှိဘဝမှကျွတ်လွတ်ခြင်းကိုသာ မျှော်လင့်ချက်ပေးနိုင်သည်။ အခြားတစ်ဖက်တွင်မူ လွတ်မြောက်ခြင်းဆိုင်ရာ သမ္မာကျမ်းစာနည်းလမ်းများက အပြစ်နှင့်ပြည့်ဝသောအခြေအနေကို လုံးဝဖယ်ရှားပေးသည်။ အပြစ်တရားမှ မည်သို့လွတ်မြောက်နိုင်မည်အကြောင်း မေးပြီးနောက် တမန်တော်ပေါလုက “ငါတို့သခင်ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကြီးလှပေ၏!” ဟုဖြေဆိုခဲ့သည်။ (ရောမ ၇:၂၅) မှန်ပေသည်၊ ကယ်လွှတ်ခြင်းသည် ယေရှုခရစ်မှတစ်ဆင့် ယေဟောဝါထံတော်မှ လာခြင်းဖြစ်သည်။
မဿဲခရစ်ဝင်ကျမ်းအရ “လူသား” ယေရှုခရစ်သည် “မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာ” ကြွလာတော်မူ၏။ (မဿဲ ၂၀:၂၈) ၁ တိမောသေ ၂:၆ (ကဘ) ၌ဖော်ပြချက်အရ ယေရှုသည် “လူအပေါင်းတို့အဖို့ တန်ဖိုးတူရွေးနုတ်ဖိုးအဖြစ် ကိုယ်ကိုစွန့်တော်မူပြီ” ဟုပေါလုရေးသားခဲ့သည်။ “ရွေးနုတ်ဖိုး” ဟူသည့်စကားလုံးက စစ်သုံ့ပန်းများကိုရွေးယူရန်အတွက် ပေးဆပ်ရသောအဖိုးအခဟု အဓိပ္ပာယ်သက်ရောက်သည်။ အမှန်မှာ တန်ဖိုးတူရွေးနုတ်ဖိုးဆိုရာဝယ် တရားမျှတခြင်းချိန်ခွင်ကို ညီမျှစေသည့်တန်ဖိုးရှိကြောင်း အလေးပေးဖော်ပြသည်။ သို့သော် လူတစ်ဦး၏သေခြင်းကို “လူအပေါင်းတို့အဖို့ တန်ဖိုးတူရွေးနုတ်ဖိုးအဖြစ်” မည်သို့ယူမှတ်နိုင်မည်နည်း။
ကျွန်ုပ်တို့အပါအဝင် လူသားတစ်ရပ်လုံးကို အာဒံသည် အပြစ်နှင့်သေခြင်းတရားအောက် ရောင်းချလိုက်ပါသည်။ သူအရှုံးခံခဲ့သည့် တန်ဖိုး သို့မဟုတ် ပြစ်ဒဏ်မှာ သူ၏စုံလင်သောလူ့အသက်ဖြစ်သည်။ ယင်းကိုပြန်ရွေးနုတ်ရန်—တန်ဖိုးတူရွေးနုတ်ဖိုး—ဖြစ်သည့် အခြားစုံလင်သော လူ့အသက်ပေးဆပ်ရန် လိုခဲ့သည်။ (ထွက်မြောက်ရာ ၂၁:၂၃; တရားဟောရာ ၁၉:၂၁; ရောမ ၅:၁၈၊ ၁၉) မစုံလင်သည့်လူသားသည် ဤရွေးနုတ်ဖိုးကို ပေးဆပ်နိုင်စွမ်းမရှိသောကြောင့် ဘုရားသခင်သည် မိမိ၏ဉာဏ်ပညာတော်အားဖြင့် ဤအကြပ်အတည်းမှ လွတ်မြောက်ရာလမ်းကို ဖွင့်ပေးတော်မူသည်။ (ဆာလံ ၄၉:၆၊ ၇) ကိုယ်တော်သည် မိမိ၏တစ်ပါးတည်းသောသားတော်၏ စုံလင်သောအသက်ကို ကောင်းကင်မှ မြေကြီးပေါ်ရှိအပျိုကညာတစ်ဦး၏ ဝမ်းထဲသို့လွှဲပြောင်းပေးပြီး စုံလင်သောလူအဖြစ် မွေးဖွားလာနိုင်ရန် စီစဉ်တော်မူ၏။—လုကာ ၁:၃၀-၃၈; ယောဟန် ၃:၁၆-၁၈။
ယေရှုသည် လူသားတို့ကိုရွေးနုတ်ပေးနိုင်ရန် မြေကြီးပေါ်ရှိနေစဉ်တစ်လျှောက်လုံး အပြစ်ဆိုဖွယ်မရှိနေထိုင်ရမည်။ ယင်းသို့သူနေထိုင်ခဲ့သည်။ ထို့နောက် ယဇ်သကာအဖြစ် အသေခံတော်မူခဲ့သည်။ ဤနည်းအားဖြင့် လူသားများကိုကယ်တင်ရန် ပေးရမည့်ရွေးနုတ်ဖိုးအတွက်—မိမိကိုယ်တိုင်၏—စုံလင်သောလူ့အသက်တန်ဖိုးကို ရွေးဖိုးအဖြစ်ပေးဆပ်နိုင်ကြောင်း ယေရှုအာမခံခဲ့သည်။—၂ ကောရိန္သု ၅:၁၄; ၁ ပေတရု ၁:၁၈၊ ၁၉။
ယေရှု၏ရွေးနုတ်ဖိုးက ကျွန်ုပ်တို့အတွက်ပြုလုပ်ပေးနိုင်သည့်အရာ
ယေရှု၏ရွေးနုတ်ဖိုး ပူဇော်သကာသည် ယခုပင် ကျွန်ုပ်တို့ကိုအကျိုးပြုနိုင်သည်။ ၎င်းကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်မှောက်တွင် သန့်ရှင်းသောအနေအထားကို ရရှိစေနိုင်ပြီး ယေဟောဝါ၏မေတ္တာနှင့် ကြင်နာမှုပြည့်ဝသော စောင့်ရှောက်မှုအောက် ရှိနေနိုင်ကြသည်။ (တမန်တော် ၁၀:၄၃; ရောမ ၃:၂၁-၂၄) ကျွန်ုပ်တို့ကျူးလွန်မိနိုင်သည့်အပြစ်အတွက် တနုံ့နုံ့ခံစားနေမည့်အစား ရွေးနုတ်ဖိုးပေါ်အခြေပြု၍ ဘုရားသခင်ထံမှ ခွင့်လွှတ်မှုကို လွတ်လပ်စွာအသနားခံနိုင်ပေသည်။—ဟေရှာယ ၁:၁၈; ဧဖက် ၁:၇; ၁ ယောဟန် ၂:၁၊ ၂။
လာမည့်နေ့ရက်များ၌လည်း ရွေးနုတ်ဖိုးသည် အပြစ်ကြောင့်ဖြစ်ပေါ်နေသည့် လူသားများ၏ ဖျားနာနေသည့်အခြေအနေကို လုံးလုံးပျောက်ကင်းစေနိုင်ပါလိမ့်မည်။ သမ္မာကျမ်းစာ၏ နောက်ဆုံးစာစောင်တွင် ဘုရားသခင်၏ပလ္လင်တော်ထဲမှထွက်သော “အသက်ရေစီးရာမြစ်” တစ်ခုအကြောင်း ဖော်ပြထားသည်။ မြစ်ကမ်းပါးတစ်လျှောက်တွင် “လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်း” စေသည့် အရွက်များရှိသော အသီးလှိုင်လှိုင်သီးသည့် အပင်များရှိသည်။ (ဗျာဒိတ် ၂၂:၁၊ ၂) ဤတွင် သမ္မာကျမ်းစာက ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာကို အခြေပြု၍ လူသားတို့သည် အပြစ်နှင့်သေခြင်းလက်မှ ထာဝစဉ်လွတ်မြောက်ရန် ဖန်ဆင်းရှင်၏အံ့ချီးဖွယ်အစီအစဉ်အကြောင်း ပုံဆောင်သဘောအရ ပြောနေခြင်းဖြစ်သည်။
ဗျာဒိတ်ကျမ်းစာစောင်ပါ ပရောဖက်ပြုရူပါရုံသည် မကြာမီ အကောင်အထည်ပေါ်လာတော့မည်။ (ဗျာဒိတ် ၂၂:၆၊ ၇) ထိုအခါ စိတ်နှလုံးဖြောင့်မတ်သူများသည် စုံလင်လာကြပြီး “ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာ” ကိုခံစားရကြမည်။ (ရောမ ၈:၂၀၊ ၂၁) ယင်းက ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏သစ္စာစောင့်သိတော်မူသောသားတော်၊ ရွေးနုတ်ဖိုးဖြစ်လာသူ ယေရှုခရစ်တော်အကြောင်း ပို၍သင်ယူရန် လှုံ့ဆော်မခံရသင့်ပေလော။—ယောဟန် ၁၇:၃။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ နယူးယောက်မှထုတ်ဝေသော အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော[လိပ်] စာအုပ်ကိုကြည့်ပါ။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
အာဒံသည် လူသားထုကို အပြစ်နှင့်သေခြင်းသို့ရောက်စေ
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာက အပြစ်နှင့်သေခြင်းမှလွတ်မြောက်စေ