“ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်တော်မူသည်”
“ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်တော်မူသည်မှန်လျှင် ငါတို့သည်လည်း အချင်းချင်းချစ်ရကြမည်။”—၁ ယောဟန် ၄:၁၁။
၁။ မတ်လ ၂၃ ရက်နေ့ နေဝင်ပြီးချိန်တွင် ကမ္ဘာတစ်ခွင်ရှိ ဘုရားသခင့်နိုင်ငံတော်ခန်းမများနှင့် စည်းဝေးကျင်းပရာ အခြားနေရာများ၌ သန်းနှင့်ချီသောသူများ အဘယ်ကြောင့်စုဝေးကြမည်နည်း။
၁၉၉၇ ခုနှစ်၊ မတ်လ ၂၃ ရက်၊ တနင်္ဂနွေနေ့ နေဝင်ပြီးချိန်တွင် ကမ္ဘာတစ်ခွင် ၁၃,၀၀၀,၀၀၀ ကျော်မည့်သူများသည် ယေဟောဝါသက်သေတို့အသုံးပြုသော ဘုရားသခင့်နိုင်ငံတော်ခန်းမများနှင့် အခြားစည်းဝေးရာနေရာများတွင် စုဝေးကြမည်မှာမလွဲဧကန်ပင်။ အဘယ်ကြောင့်နည်း။ လူသားများအပေါ် ဘုရားသခင်၏ အကြီးမားဆုံးမေတ္တာတင်ပြချက်က သူတို့၏နှလုံးကို ထိမိသွားသောကြောင့်ဖြစ်သည်။ ယေရှုခရစ်သည် ဘုရားသခင့်မေတ္တာတော်၏ ကြီးကျယ်ခမ်းနားလှသောသာဓကကို အာရုံစိုက်စေကာ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏” ဟုမိန့်တော်မူသည်။—ယောဟန် ၃:၁၆။
၂။ ဘုရားသခင့်မေတ္တာတော်ကို ကျွန်ုပ်တို့၏တုံ့ပြန်မှုနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့အားလုံး မိမိတို့ကိုယ်ကို အဘယ်မေးခွန်းများကို အကျိုးရှိရှိမေးမြန်းနိုင်သနည်း။
၂ ဘုရားသခင်ပြသခဲ့သည့် မေတ္တာကို သုံးသပ်ရင်း ‘ဘုရားသခင်ပြုတော်မူခဲ့သည့်အရာကို ကျွန်ုပ်အမှန်တကယ် လေးမြတ်တန်ဖိုးထားပါသလော။ ကျွန်ုပ်၏အသက်တာကို အသုံးပြုနေပုံသည် အဆိုပါလေးမြတ်တန်ဖိုးထားမှုကို အထင်အရှားပြပါသလော’ ဟုကိုယ့်ကိုယ်ကို မေးသင့်သည်။
“ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏”
၃။ (က) မေတ္တာပြခြင်းဟူသည် ဘုရားသခင်အတွက် အဘယ်ကြောင့်အဆန်းမဟုတ်သနည်း။ (ခ) ကိုယ်တော်၏ဖန်ဆင်းခြင်းလက်ရာတော်များတွင် တန်ခိုးတော်နှင့် ဉာဏ်ပညာတော် မည်သို့ပေါ်လွင်သနည်း။
၃ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ” သောကြောင့် မေတ္တာပြခြင်းဟူသည် ဘုရားသခင်အတွက် မဆန်းပါ။ (၁ ယောဟန် ၄:၈) မေတ္တာသည် ကိုယ်တော်၏ ပေါ်လွင်သောဂုဏ်ရည်တော်ဖြစ်သည်။ လူသားများမှီတင်းနေထိုင်ဖို့ ကမ္ဘာကို ပြင်ဆင်တော်မူသောအခါ တောင်များပေါ်လာအောင်၊ ရေအိုင်နှင့် သမုဒ္ဒရာတို့တွင် ရေများစုဝေးအောင် ကိုယ်တော့်လုပ်ဆောင်မှုတို့သည် အသက်ရှုမှားလောက်သည့် တန်ခိုးတော် ပြသမှုတစ်ခုဖြစ်သည်။ (ကမ္ဘာဦး ၁:၉၊ ၁၀) ဘုရားသခင်သည် ရေသံသရာနှင့် အောက်စီဂျင်သံသရာတို့ကို လည်ပတ်စေသောအခါ၊ လူသားတို့အသက်ဆက်ရန် ကမ္ဘာ့ဓာတုဒြပ်စင်များကို စားသုံးနိုင်သည့် အနေအထားသို့ရောက်အောင် ပြောင်းလဲပေးသည့် မရေမတွက်နိုင်သော အဏုဇီဝရုပ်များနှင့် အပင်အမျိုးမျိုးကို ဒီဇိုင်းဆွဲသောအခါ၊ ကမ္ဘာဂြိုဟ်ပေါ်တွင် ရက်လတို့နှင့်အံကိုက်ပြုလုပ်ထားသည့် ကျွန်ုပ်တို့၏ ဇီဝရုပ်နာရီများကို တပ်ဆင်ပေးသောအခါတို့တွင် မဟာဉာဏ်ပညာတော်ကို အထင်အရှားတွေ့ရသည်။ (ဆာလံ ၁၀၄:၂၄; ယေရမိ ၁၀:၁၂) သို့သော် ရူပဖန်ဆင်းရာများထဲတွင် ဘုရားသခင်၏ မေတ္တာသာဓကသည် ပို၍ပေါ်လွင်သည်။
၄။ ရုပ်ပိုင်းဆိုင်ရာဖန်ဆင်းခြင်းတွင် ဘုရားသခင့်မေတ္တာ၏အဘယ်သာဓကကို ကျွန်ုပ်တို့အားလုံး တွေ့မြင်ကာ တန်ဖိုးထားလေးမြတ်သင့်သနည်း။
၄ အရည်ရွှမ်းသော သစ်သီးမှည့်ကို ကိုက်လိုက်သောအခါ ယင်းတို့သည် ကျွန်ုပ်တို့အသက်ဆက်ဖို့အတွက်သာမကဘဲ ပျော်ရွှင်မှုရစေဖို့အတွက်ပါ ဖန်ဆင်းထားတော်မူကြောင်း ကျွန်ုပ်တို့၏အာခံတွင်းက ဘုရားသခင်၏မေတ္တာတော်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ကို အသိပေးသည်။ အံ့မခန်းဖွယ်ဖြစ်သည့် နေဝင်ဆည်းဆာ၊ ကြည်လင်သောညတွင် ကြယ်များနှင့်ပြည့်နေသည့် မိုးကောင်းကင်၊ အမျိုးစုံလှသော တောက်ပသည့် ရောင်စုံပန်းများ၊ တိရစ္ဆာန်ငယ်လေးများ၏ မြူးထူးသောအမူအရာ၊ မိတ်ဆွေများ၏နွေးထွေးလှိုက်လှဲသောအပြုံးတို့သည် မေတ္တာ၏ ရှင်းလင်းသည့်သာဓကဖြစ်ကြောင်း ကျွန်ုပ်တို့၏မျက်စိက သဘောပေါက်သည်။ ပန်းများ၏မွှေးကြိုင်သင်းပျံ့သည့်ရနံ့ကို ရှုရှိုက်လိုက်ရသောအခါ ကျွန်ုပ်တို့နှာခေါင်းက မေတ္တာကို သိရှိစေသည်။ ရေတံခွန်စီးကျသံ၊ ကျေးငှက်များ၏တေးသီကျူးသံနှင့် မြတ်နိုးရသူများ၏အသံသာတို့ကို နားထောင်လိုက်သည်နှင့် ကျွန်ုပ်တို့၏နားက မေတ္တာကို သဘောပေါက်စေသည်။ ချစ်မြတ်နိုးရသူတစ်ဦး ကျွန်ုပ်တို့ကို နွေးထွေးစွာပွေ့ဖက်လိုက်သောအခါ မေတ္တာခံစားရသည်။ အချို့တိရစ္ဆာန်များကို လူသားများမရနိုင်သည့်အမြင်၊ အကြား၊ အနံ့ခံနိုင်စွမ်းတို့ ထည့်သွင်းပေးထားသည်။ သို့သော် ဘုရားသခင့်ပုံသဏ္ဌာန်တော်ဖြင့် ဖန်ဆင်းခံထားရသည့်လူသားများမူ မည်သည့်တိရစ္ဆာန်တွင်မျှမရှိနိုင်သည့်နည်းဖြင့် ဘုရားသခင့်မေတ္တာတော်ကို နားလည်နိုင်သောအရည်အသွေးရှိသည်။—ကမ္ဘာဦး ၁:၂၇။
၅။ ယေဟောဝါရှင်သည် အာဒံနှင့်ဧဝတို့အပေါ် ရက်ရောသောမေတ္တာကို မည်သို့ပြသတော်မူခဲ့သနည်း။
၅ ကနဦးလူသား အာဒံနှင့်ဧဝတို့ကို ယေဟောဝါဘုရားသခင်ဖန်ဆင်းတော်မူသောအခါ မေတ္တာတော်၏သာဓကဖြင့် သူတို့ကို ခြံရံပေးတော်မူခဲ့သည်။ ပရဒိသုဥယျာဉ်တစ်ခု တည်တော်မူပြီး ယင်းတွင် အပင်အမျိုးမျိုးပေါက်ရောက်စေသည်။ မြစ်တစ်စင်း စီးဆင်းစေပြီး စိတ်ဝင်စားဖွယ်ကောင်းသော ကျေးငှက်တိရစ္ဆာန်များနှင့် အားဖြည့်ပေးတော်မူသည်။ ဤအရာရှိရှိသမျှကို ကိုယ်တော်က အာဒံနှင့်ဧဝတို့အား သူတို့၏ဂေဟာအဖြစ် ပေးသနားတော်မူခဲ့သည်။ (ကမ္ဘာဦး ၂:၈-၁၀၊ ၁၉) ယေဟောဝါသည် သူတို့ကို စကြဝဠာမိသားစုဝင် သားသမီးများအဖြစ် သဘောထားတော်မူသည်။ (လုကာ ၃:၃၈) ဧဒင်ကို ပုံစံပြကာ ဤကနဦးမောင်နှံ၏ကောင်းကင်ခမည်းတော်သည် သူတို့အား ကမ္ဘာတစ်ခုလုံး ပရဒိသုချဲ့ထွင်ရေးနှင့်ပတ်သက်သော စိတ်ကျေနပ်စရာကောင်းသည့် တာဝန်ပေးခဲ့သည်။ တစ်ကမ္ဘာလုံးကို သူတို့၏သားမြေးများနှင့် ပြည့်စေရမည်ဖြစ်သည်။—ကမ္ဘာဦး ၁:၂၈။
၆။ (က) အာဒံနှင့်ဧဝတို့လျှောက်လှမ်းခဲ့သည့် ပုန်ကန်မှုလမ်းစဉ်နှင့်ပတ်သက်ပြီး သင်မည်သို့ခံစားရသနည်း။ (ခ) ဧဒင်တွင်ဖြစ်ပျက်ခဲ့သည့်အရာမှ ကျွန်ုပ်တို့ သင်ခန်းစာရကြောင်းနှင့် ဤသိရှိမှုမှ ကျွန်ုပ်တို့အကျိုးရရှိကြောင်း မည်သည့်အရာက ဖော်ပြနိုင်သနည်း။
၆ သို့သော် မကြာလိုက်ပါ၊ အာဒံနှင့်ဧဝတို့သည် နာခံမှုစမ်းသပ်ချက်ဖြစ်သော သစ္စာတည်ကြည်မှုစမ်းသပ်ချက်ကို ရင်ဆိုင်ခဲ့ရသည်။ ပထမတစ်ယောက်၊ ထို့နောက် နောက်တစ်ယောက်သည် သူတို့အပေါ်တွင်ထားခဲ့သည့် မေတ္တာတရားကို လေးမြတ်တန်ဖိုးထားမှုမရှိခဲ့ကြချေ။ သူတို့ပြုခဲ့သည့်အမှုသည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာဖြစ်သည်။ ယင်းသည် ခွင့်မလွှတ်နိုင်စရာပါတကား! ရလဒ်အနေနှင့် ဘုရားသခင်နှင့် သူတို့ဆက်ဆံရေးပျက်ကာ ကိုယ်တော့်မိသားစုမှဖယ်ရှားခံရပြီး ဧဒင်မှ နှင်ထုတ်ခံခဲ့ရသည်။ သူတို့ပြုသည့်အပြစ်၏ အကျိုးသက်ရောက်မှုကို ယနေ့အချိန်အထိ ကျွန်ုပ်တို့ခံစားနေရဆဲဖြစ်သည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇; ၃:၁-၆၊ ၁၆-၁၉၊ ၂၄; ရောမ ၅:၁၂) သို့သော် ကျွန်ုပ်တို့သည် အဖြစ်သနစ်မှ သင်ခန်းစာရခဲ့ပြီလော။ ဘုရားသခင့်မေတ္တာတော်ကို ကျွန်ုပ်တို့မည်သို့ တုံ့ပြန်နေသနည်း။ ကျွန်ုပ်တို့နေ့စဉ်ချသည့် ဆုံးဖြတ်ချက်များက ကိုယ်တော်၏မေတ္တာတော်ကို လေးမြတ်တန်ဖိုးထားကြောင်း ပြသပါသလော။—၁ ယောဟန် ၅:၃။
၇။ အာဒံနှင့်ဧဝတို့ ဤသို့ပြုပါလျက်ကယ် ယေဟောဝါရှင်သည် သူတို့၏သားမြေးများကို မည်သို့မေတ္တာပြသတော်မူခဲ့သနည်း။
၇ ဘုရားသခင် သူတို့အတွက် ပြုပေးတော်မူခဲ့သည့်အရာအားလုံးအပေါ် ကျွန်ုပ်တို့၏ကနဦးလူ့မိဘတို့ လေးမြတ်တန်ဖိုးထားမှု အကြီးအကျယ်ပျက်ကွက်မှုကပင် ဘုရားသခင်၏မေတ္တာတော်ကို မပိတ်ပင်မတားဆီးလိုက်ပါ။ ယနေ့အချိန်တွင်အသက်ရှင်နေကြသည့် ကျွန်ုပ်တို့အပါအဝင် ထိုအချိန်က မမွေးသေးသောလူသားတို့အတွက် အကြင်နာတရားထားကာ ဘုရားသခင်သည် အာဒံနှင့်ဧဝတို့မသေမီ မိသားစုတစ်စု မွေးထုတ်ခွင့်ပြုခဲ့သည်။ (ကမ္ဘာဦး ၅:၁-၅; မဿဲ ၅:၄၄၊ ၄၅) ကိုယ်တော်သာ ဤသို့ခွင့်မပြုခဲ့လျှင် ကျွန်ုပ်တို့တစ်ယောက်မျှ မွေးလာမည်မဟုတ်ပေ။ ယေဟောဝါရှင်သည် မိမိ၏အလိုတော်ကို တဖြည်းဖြည်းဖွင့်ပြကာ ယုံကြည်ကြောင်းတင်ပြမည့် အာဒံ၏သားမြေးများအားလုံးအတွက် မျှော်လင့်ချက်အခြေအမြစ်တစ်ခုကိုလည်း စီစဉ်ပေးတော်မူခဲ့သည်။ (ကမ္ဘာဦး ၃:၁၅; ၂၂:၁၈; ဟေရှာယ ၉:၆၊ ၇) ကိုယ်တော်၏အစီအစဉ်တွင် အာဒံဆုံးရှုံးခဲ့သည့်အရာ၊ တစ်နည်းအားဖြင့် အသိအမှတ်ပြု ဘုရားသခင့်စကြဝဠာမိသားစုဝင်အဖြစ် စုံလင်သောအသက်ကို ယင်းအားဖြင့် လူမျိုးအပေါင်း ပြန်ရနိုင်သည့်နည်း ပါဝင်ပါသည်။ ရွေးနုတ်ဖိုးပေးကာ ယင်းကို ကိုယ်တော်ပြုတော်မူခဲ့သည်။
ရွေးနုတ်ဖိုးအဘယ်ကြောင့်ပေးရ
၈။ အာဒံနှင့်ဧဝတို့သည် သူတို့၏ပုန်ကန်မှုကြောင့် သေရမည်ဖြစ်သော်လည်း ဘုရားသခင်ကိုနာခံသည့် သူတို့၏သားမြေးတစ်ယောက်မျှမသေရဟူသည့် အမိန့်ကိုမျှ အဘယ်ကြောင့် မချပေးနိုင်ပါသနည်း။
၈ လူ့အသက်ဖြင့် ရွေးနုတ်ဖိုးပေးရန် အမှန်တကယ်လိုအပ်ပါသလော။ အာဒံနှင့်ဧဝတို့သည် သူတို့၏ပုန်ကန်မှုကြောင့် သေရမည်ဖြစ်သော်လည်း ဘုရားသခင်ကိုနာခံသည့် သူတို့၏သားမြေးအားလုံး ထာဝစဉ်အသက်ရှင်နိုင်သည့်အမိန့်ကိုမျှ မချပေးနိုင်သလော။ ကျဉ်းမြောင်းသော လူ့အမြင်မှကြည့်လျှင် ကျိုးကြောင်းခိုင်လုံဖွယ်ရှိသည်။ သို့သော် ယေဟောဝါရှင်သည် “ဖြောင့်မတ်စွာကျင့်ခြင်းနှင့် တရားသဖြင့်စီရင်ခြင်းကိုနှစ်သက်တော်မူ” သောအရှင် ဖြစ်တော်မူသည်။ (ဆာလံ ၃၃:၅) အာဒံနှင့်ဧဝတို့ အပြစ်သားများဖြစ်ပြီးနောက်မှသာ သားသမီးများ မွေးခဲ့ကြသည်; ထို့ကြောင့် မည်သည့်ကလေးမျှ စုံလင်လျက်မွေးဖွားမလာပါ။ (ဆာလံ ၅၁:၅) သူတို့အားလုံး အပြစ်တရားကို အမွေခံခဲ့ရသည်။ အပြစ်အတွက်ဒဏ်ကား သေခြင်းဖြစ်သည်။ ယေဟောဝါရှင်သာ ယင်းကိုလျစ်လျူရှုခဲ့မည်ဆိုလျှင် ကိုယ်တော်၏စကြဝဠာမိသားစုရှေ့တွင် မည်သို့သောပုံသက်သေမျိုးပြရာရောက်မည်နည်း။ ကိုယ်တော်သည် မိမိ၏ဖြောင့်မတ်သောစံနှုန်းများကို လျစ်လျူမရှုနိုင်ပါ။ တရားမျှတမှု၏တောင်းဆိုချက်များကို ကိုယ်တော် လေးမြတ်တန်ဖိုးထားတော်မူသည်။ ပတ်သက်သည့် ပြဿနာများကို ကိုယ်တော်ကိုင်တွယ်ပုံနှင့်ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်မျှ ကိုယ်တော်ကို နည်းမှန်လမ်းကျ အပြစ်မရှာနိုင်ပါ။—ရောမ ၃:၂၁၊ ၂၃။
၉။ ဘုရားသခင့်တရားမျှတမှုစံနှုန်းအရ မည်သို့သောရွေးနုတ်ဖိုးမျိုး လိုအပ်ပါသနည်း။
၉ သို့ဆိုလျှင် ယေဟောဝါ၏စကားကို မေတ္တာပါပါနာခံမှုတင်ပြမည့် အာဒံ့သားမြေးများ လွတ်မြောက်ရေးအတွက် သင့်တော်သောအခြေအမြစ်ကို မည်သို့စီစဉ်ပေးနိုင်သနည်း။ စုံလင်သောလူသားတစ်ဦးသည် ယဇ်သကာအနေနှင့်အသေခံမည်ဆိုလျှင် တရားမျှတမှုအရ ရွေးနုတ်ဖိုးကို ယုံကြည်လက်ခံမည့်သူအားလုံး၏အပြစ်များကို စုံလင်သောအသက်တန်ဖိုးက ကာမိနိုင်ပါသလော။ လူတစ်ဦးဖြစ်သောအာဒံ၏အပြစ်က လူ့မိသားစုတစ်ရပ်လုံးကို အပြစ်သားများဖြစ်သွားစေသောကြောင့် တန်ဖိုးတူ စုံလင်သောနောက်လူသားတစ်ဦး၏ သွန်းသောအသွေးသည် တရားမျှတမှုချိန်ခွင်လျှာကို ညီစေနိုင်ပါသည်။ (၁ တိမောသေ ၂:၅၊ ၆) သို့သော် ဤကဲ့သို့သောပုဂ္ဂိုလ်မျိုးကို အဘယ်မှာရှာတွေ့နိုင်ပါမည်နည်း။
တန်ဖိုးမည်မျှကြီးမားသနည်း
၁၀။ အာဒံ၏သားမြေးတို့သည် လိုအပ်သောရွေးနုတ်ဖိုးကို အဘယ်ကြောင့်မပေးနိုင်ပါသနည်း။
၁၀ အာဒံ့သားမြေးများထဲတွင် အာဒံဆုံးရှုံးသွားသည့် အသက်အလားအလာများ ပြန်ဝယ်နိုင်ရန်လိုအပ်သည့်အရာကို ပေးနိုင်သူ တစ်ယောက်မျှမရှိပါ။ “မိမိညီအစ်ကိုကို အဘယ်သူမျှအလျှင်းမရွေးနိုင်။ ရွေးရန်အဖိုးကိုဘုရားသခင်၌မပေးနိုင်။ (သူတို့အသက်ဝိညာဉ်၏ရွေးရန်အဖိုး ကြီးလှပေ၏။ သို့ဖြစ်၍ အစဉ်ရှုံးလျက်နေရမည်။) ရွေးလျှင် အစဉ်အမြဲအသက်ရှင်ရာ၏။ ပုပ်စပ်ခြင်းသို့မရောက်ရာ။” (ဆာလံ ၄၉:၇-၉) ယေဟောဝါရှင်သည် လမ်းပျောက်နေသည့် လူသားတို့ကို ပစ်ထားလိုက်မည့်အစား ကိုယ်တော်တိုင် ကရုဏာဖြင့် ပြင်ဆင်ပေးတော်မူသည်။
၁၁။ သင့်လျော်သောရွေးနုတ်ဖိုးတစ်ခုအတွက် လိုအပ်သည့်စုံလင်သော လူ့အသက်ကို မည်သည့်နည်းဖြင့် ယေဟောဝါရှင် စီစဉ်ပေးတော်မူခဲ့သနည်း။
၁၁ နာမ်ဝိညာဉ်တစ်ပါးအနေနှင့် အသက်ရှင်နေရင်း တစ်ဖက်တွင် လူဝင်စားခန္ဓာတစ်ခုကို စွန့်ထားခဲ့ခြင်းဖြင့် ဟန်ပြသေဖို့ မည်သည့်ကောင်းကင်တမန်ကိုမျှ ယေဟောဝါမစေလွှတ်ခဲ့ပါ။ ယင်းသို့ပြုခိုင်းမည့်အစား ဖန်ဆင်းရှင် ဘုရားသခင်တစ်ပါးတည်းသာစွမ်းဆောင်နိုင်သည့် အံ့ဖွယ်အမှုတစ်ခုကို ပြုသည့်အနေနှင့် ကောင်းကင်သားတော်၏ အသက်စွမ်းအားနှင့် ဥပဓိရုပ်ပုံစံကို ယုဒအနွယ်၊ ဧလိ၏သမီး မာရိအမည်ရှိ အမျိုးသမီးတစ်ဦး၏ဝမ်းတွင်းသို့ ပြောင်းရွှေ့တော်မူခဲ့သည်။ ဘုရားသခင်၏တက်ကြွလှုပ်ရှားသောစွမ်းအားဖြစ်သည့် သန့်ရှင်းသောဝိညာဉ်တော်သည် မိခင်ဝမ်းတွင်းရှိကလေး၏ ဖြစ်ပေါ်ကြီးထွားမှုကို ကာကွယ်စောင့်ကြပ်ပေးကာ စုံလင်သောလူသားတစ်ဦးကို မွေးဖွားလာစေသည်။ (လုကာ ၁:၃၅; ၁ ပေတရု ၂:၂၂) ထိုအချိန်တွင် ဘုရားသခင်၏တရားမျှတမှုအတွက် လိုအပ်ချက်များကို လုံးဝပြည့်မီစေမည့် ရွေးနုတ်ဖိုးတစ်ခု ပေးဖို့လိုအပ်သော တန်ဖိုးကို ပေးနိုင်ခွင့် သူ့တွင်ရှိခဲ့သည်။—ဟေဗြဲ ၁၀:၅။
၁၂။ (က) ယေရှုသည် အဘယ်သဘောဖြင့် ဘုရားသခင်၏ “တစ်ပါးတည်းသောသားတော်” ဖြစ်သနည်း။ (ခ) ရွေးနုတ်ဖိုးပေးဖို့ ဤပုဂ္ဂိုလ်ကို ဘုရားသခင်စေလွှတ်လိုက်ခြင်းသည် ကျွန်ုပ်တို့အပေါ်ထားသည့် ကိုယ်တော်၏မေတ္တာတော်ကို မည်သို့အလေးအနက်ဖော်ပြသနည်း။
၁၂ ယေဟောဝါရှင်သည် ကုဋေသင်္ချေချီ၍ရှိသော မိမိ၏ကောင်းကင်သားတော်များထဲမှ မည်သူ့ကို ဤတာဝန်ပေးခဲ့သနည်း။ ကျမ်းစာတွင် “တစ်ပါးတည်းသောသားတော်” ဟုဖော်ပြထားသူကို တာဝန်ပေးခဲ့သည်။ (၁ ယောဟန် ၄:၉) လူသားတစ်ယောက်အဖြစ်မွေးလာသောအဖြစ်ကိုမဟုတ်ဘဲ ယင်းမတိုင်မီကတည်းက ကောင်းကင်တွင်ရှိနှင့်ပြီးသားအဖြစ်ကို ဖော်ပြရန် ဤအသုံးအနှုန်းကို သုံးသည်။ အခြားသူမပါဘဲ ယေဟောဝါရှင်တိုက်ရိုက်ဖန်ဆင်းခဲ့သည့် တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်သည်။ ကိုယ်တော်၏ သတ္တဝါအားလုံးတွင် သားဦးဖြစ်သည်။ ကိုယ်တော်သည် အခြားသတ္တဝါအားလုံး ဖြစ်တည်လာစေရေးတွင် ဘုရားသခင်အသုံးပြုသည့်သူဖြစ်သည်။ အာဒံသည် ဘုရားသခင်၏သားဖြစ်သကဲ့သို့ ကောင်းကင်တမန်များသည်လည်း ဘုရားသခင်၏သားများဖြစ်သည်။ သို့သော် ယေရှုသည် “ခမည်းတော်၌တစ်ပါးတည်းသောသားတော်၏ဘုန်း” ရှိသူဖြစ်ကြောင်း ဖော်ပြခံရသည်။ ကိုယ်တော်သည် “ခမည်းတော်၏ရင်ခွင်၌ရှိ” ကြောင်း ဖော်ပြခံရသည်။ (ယောဟန် ၁:၁၄၊ ၁၈) ခမည်းတော်နှင့်ကိုယ်တော့်ဆက်ဆံရေးမှာ ရင်းနှီးမှု၊ ယုံကြည်စိတ်ချမှု၊ ကြင်နာမှုရှိသောဆက်ဆံရေးဖြစ်သည်။ ခမည်းတော်၏မေတ္တာကို လူသားများအား ကိုယ်တော်ဝေမျှပေးသည်။ နယပုံပြင် ၈:၃၀၊ ၃၁ [ကဘ] က ဤသားတော်နှင့်ပတ်သက်ပြီး ခမည်းတော်၏ခံစားချက်နှင့် လူသားများနှင့်ပတ်သက်ပြီး သားတော်၏ခံစားချက်များကို ဤသို့ဖော်ပြသည်– “တစ်နေ့ထက်တစ်နေ့ငါသည် ကိုယ်တော် [ယေဟောဝါ] အထူးသဖြင့်ချစ်ခင်သောသူဖြစ်လာ၏။ ရှေ့တော်၌ အစဉ်မပြတ်ရွှင်လန်းဝမ်းမြောက်လျက် . . . ငါ [ယေဟောဝါ၏လုပ်သားချုပ်၊ ဉာဏ်ပညာ၏ပြယုဂ်ဖြစ်သော ယေရှု] နှစ်ခြိုက်သောအကြောင်းအရာများသည် လူသားတို့နှင့်ပေါင်းဖော်၍ပျော်ပါးလျက်နေခြင်းဖြစ်သတည်း။” ရွေးနုတ်ဖိုးပေးဖို့ ကမ္ဘာသို့ဘုရားသခင် စေလွှတ်လိုက်သောသူမှာ ဤအဖိုးတန်ဆုံးသားတော်ဖြစ်သည်။ ထို့ကြောင့် “ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏” ဟူသော ယေရှု၏မိန့်မြွက်ချက်သည် အလွန်အဓိပ္ပာယ်ရှိလှသည်။—ယောဟန် ၃:၁၆။
၁၃၊ ၁၄။ ဣဇာက်ကိုပူဇော်ဖို့ အာဗြဟံ၏အားထုတ်မှုဆိုင်ရာ ကျမ်းစာမှတ်တမ်းက ယေဟောဝါပြုတော်မူခဲ့သည့်အရာနှင့်ပတ်သက်ပြီး သဘောပေါက်ရန် မည်သို့အထောက်အကူပြုသင့်သနည်း။ (၁ ယောဟန် ၄:၁၀)
၁၃ ယင်း၏ဆိုလိုချက်ကို အတော်အတန်နားလည်သဘောပေါက်ဖို့ ထောက်ကူရန် ယေရှု ကမ္ဘာသို့မကြွလာမီ ရှေးကာလဖြစ်သည့် လွန်ခဲ့သောနှစ်ပေါင်း ၃,၈၉၀ ခန့်က ဘုရားသခင်က အာဗြဟံကို “သင်သည်အလွန်ချစ်သော တစ်ယောက်တည်းသောသား ဣဇာက်ကိုယူ၍၊ မောရိပြည်သို့သွားလော့။ ငါပြလတ္တံ့သောတောင်ပေါ်မှာ၊ သူ့ကိုမီးရှို့ရာယဇ်ပြု၍ ပူဇော်လော့” ဟုမိန့်မှာခဲ့သည်။ (ကမ္ဘာဦး ၂၂:၁၊ ၂) အာဗြဟံသည် ယုံကြည်ခြင်းအားဖြင့် နာခံခဲ့သည်။ အာဗြဟံနေရာတွင် နေကြည့်လိုက်ပါ။ သင်အင်မတန်ချစ်လှပါသည်ဆိုသော တစ်ဦးတည်းသောသားဖြစ်နေလျှင် မည်သို့ဖြစ်မည်နည်း။ မီးရှို့ပူဇော်ဖို့အတွက် ထင်းခွဲပြီး မောရိပြည်သို့ ရက်များစွာခရီးနှင်ကာ ယဇ်ပလ္လင်ပေါ် သင့်သားကို တင်လိုက်ချိန်တွင် သင် မည်သို့ခံစားရမည်နည်း။
၁၄ အကြင်နာတရားကြီးမားလှသော မိဘတစ်ဦးတွင် ဤသို့သောခံစားချက်များ အဘယ်ကြောင့်ရှိရပါသနည်း။ ဘုရားသခင်သည် လူကို မိမိ၏ပုံသဏ္ဌာန်တော်ဖြင့်ဖန်ဆင်းတော်မူသည်ဟု ကမ္ဘာဦး ၁:၂၇ ကဆိုသည်။ မေတ္တာအကြင်နာနှင့်ပတ်သက်သော ကျွန်ုပ်တို့၏ခံစားချက်များသည် ယေဟောဝါကိုယ်တော်တိုင်၏ မေတ္တာအကြင်နာတရားကို အနည်းငယ်သာ ထင်ဟပ်သည်။ အာဗြဟံကိစ္စတွင် ဣဇာက်အမှန်တကယ် ယဇ်ပူဇော်မခံရအောင် ဘုရားသခင် ကြားဝင်လုပ်ဆောင်ပေးခဲ့သည်။ (ကမ္ဘာဦး ၂၂:၁၂၊ ၁၃; ဟေဗြဲ ၁၁:၁၇-၁၉) သို့သော် မိမိ၏ကိစ္စတွင်မူ ယေဟောဝါရှင်သည် မိမိကော သားတော်ပါ အကြီးအကျယ်အဆုံးအရှုံးခံရသည့် ရွေးနုတ်ဖိုးပေးခြင်းကို နောက်ဆုတ်ရှောင်ရှားလိုက်ခြင်းမပြုပါ။ ဘုရားသခင်ဘက်မှ တာဝန်ရှိ၍မဟုတ်ဘဲ မခံစားထိုက်သည့်အကြင်နာတရားကိုထူးထူးခြားခြားတင်ပြမှုအနေနှင့် ယင်းကို လုပ်ဆောင်တော်မူခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ယင်းကို အပြည့်အဝတန်ဖိုးထားပါသလော။—ဟေဗြဲ ၂:၉။
ယင်းကဖြစ်မြောက်စေသည့်အရာ
၁၅။ ရွေးနုတ်ဖိုးသည် လက်ရှိဤအစီအစဉ်စနစ်တွင်ပင် အသက်တာအပေါ် မည်သို့အကျိုးသက်ရောက်သနည်း။
၁၅ ဘုရားသခင်ပြုလုပ်ပေးတော်မူသည့် မေတ္တာပါသောထိုအစီအစဉ်သည် ယင်းကို ယုံကြည်လက်ခံသူတို့၏အသက်တာတွင် နက်ရှိုင်းစွာအကျိုးသက်ရောက်သည်။ သူတို့သည် အပြစ်၏အကျိုးဆက်ကြောင့် ယခင်က ဘုရားသခင်နှင့်စိမ်းနေခဲ့ကြသည်။ ကိုယ်တော့်နှုတ်ကပါဌ်တော်ကပြောသည့်အတိုင်း သူတို့သည် ‘အထက်က အဆိုးအသွမ်းပြုခြင်းကြောင့် ရန်သူများ’ ဖြစ်ခဲ့ကြသည်။ (ကောလောသဲ ၁:၂၁-၂၃၊ သမ) သို့သော် သူတို့သည် ‘ဘုရားသခင်၏သားတော်အသေခံတော်မူခြင်းအားဖြင့်၊ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းကျေးဇူးတော်ကို ခံရ’ ကြသည်။ (ရောမ ၅:၈-၁၀) မိမိတို့၏ဘဝလမ်းစဉ်ကို ပြောင်းလိုက်ကာ ခရစ်တော်၏ပူဇော်သကာကို ယုံကြည်ကြောင်းတင်ပြသူများအတွက် ဘုရားသခင်လုပ်ဆောင်ပေးနိုင်သည့် ခွင့်လွှတ်မှုကို ရလိုက်ခြင်းဖြင့် သူတို့သည် ကြည်လင်သောသြတ္တပ္ပစိတ်ကို ရရှိခံစားကြရသည်။—ဟေဗြဲ ၉:၁၄; ၁ ပေတရု ၃:၂၁။
၁၆။ သိုးစုငယ်သည် ရွေးနုတ်ဖိုးကို ယုံကြည်သောကြောင့် အဘယ်ကောင်းချီးများကို ရရှိသနည်း။
၁၆ ယေဟောဝါရှင်သည် မြေကြီးဆိုင်ရာ မိမိ၏မူလရည်ရွယ်ချက် အကောင်အထည်ဖော်ရေးအတွက် အရေအတွက်အတန်ငယ်နည်းသော သိုးစုငယ်ကို ကောင်းကင်နိုင်ငံတော်တွင် မိမိသားတော်နှင့်အတူ ပူးပေါင်းခြင်းတည်းဟူသော မခံစားထိုက်သော မျက်နှာသာတော်ကို ကမ်းလှမ်းတော်မူခဲ့သည်။ (လုကာ ၁၂:၃၂) သူတို့သည် “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ . . . အကျွန်ုပ်တို့၏ဘုရားသခင်ရှေ့မှာ ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း ခန့်ထား၍ မြေကြီးပေါ်မှာစိုးစံရသောအခွင့်ကိုပေး” ဖို့ ရွေးထုတ်ထားခြင်းခံရသည်။ (ဗျာဒိတ် ၅:၉၊ ၁၀) ဤသူများနှင့်ပတ်သက်၍ တမန်တော်ပေါလုက “အဗ္ဗအဘဟုခေါ်ရသောအခွင့်နှင့် သားဖြစ်ခြင်း၏သဘောကိုရကြပြီ။ ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူသက်သေခံတော်မူ၏။ သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူဘုန်းဝင်စားမည်” ဟုရေးသားခဲ့သည်။ (ရောမ ၈:၁၅-၁၇) ဘုရားသခင့်သားများအဖြစ်မွေးစားခံရခြင်းဖြင့် သူတို့သည် အာဒံဆုံးရှုံးခဲ့သော မြတ်နိုးဖွယ်ဆက်ဆံရေးကို ရရှိကြသည်; သို့သော် ဤသားများသည် အာဒံမရခဲ့ဖူးသည့် ကောင်းကင်ဆိုင်ရာလုပ်ငန်းတော်၏ ထပ်ဆင့်အခွင့်ထူးများကိုပါ ရရှိကြမည်ဖြစ်သည်။ “ဘုရားသခင်၏သားတော်ဟုခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့!” ဟုတမန်တော်ယောဟန်ပြောခြင်းသည် အံ့ဩစရာမဟုတ်ပါ။ (၁ ယောဟန် ၃:၁) ဘုရားသခင်သည် ဤသူများကို မူအရသွားသောမေတ္တာ (အဂါးပေး) သာမက မိတ်ဆွေစစ်များအကြားတည်ရှိနေသည့် နှောင်ကြိုးကို တင်ပြသည့် ချစ်ခင်တွယ်တာမှု (ဖီလီယာ) ကိုပါ ပြသတော်မူသည်။—ယောဟန် ၁၆:၂၇။
၁၇။ (က) ရွေးနုတ်ဖိုးကို ယုံကြည်ကြောင်းတင်ပြသူအားလုံးအတွက် အဘယ်အခွင့်အရေးပေးထားသနည်း။ (ခ) “ဘုရားသခင်သားတို့၏ ဘုန်းဖြစ်သော လွှတ်ခြင်းချမ်းသာ” သည် သူတို့အတွက် အဘယ်အဓိပ္ပာယ်ရှိမည်နည်း။
၁၇ ယေရှုခရစ်မှတစ်ဆင့် အသက်ရဖို့အတွက် ဘုရားသခင့်ရက်ရောသောပြင်ဆင်ပေးချက်ကို ယုံကြည်ကြောင်းတင်ပြသည့် အခြားသူအားလုံးကို အာဒံဆုံးရှုံးခဲ့သည့် အဖိုးတန်ဆက်ဆံရေးရရန် ယေဟောဝါရှင် အခွင့်အရေးလမ်းဖွင့်ပေးတော်မူသည်။ တမန်တော်ပေါလုက “ဖန်ဆင်းတော်မူသောအရာများ [အာဒံမှဆင်းသက်လာသည့် လူသတ္တဝါများ] သည် ဘုရားသခင့်သားတို့၏ပေါ်ထွန်းခြင်းကို အလွန်တောင့်တမျှော်လင့်လျက်စောင့်နေ [ဆိုလိုသည်မှာ သူတို့သည် ကောင်းကင်နိုင်ငံတော်တွင် ခရစ်တော်နှင့်အတူအမွေခံမည့် ဘုရားသခင့်သားများက လူသားတို့အကျိုးအတွက် အပြုသဘောရှိရှိ အရေးတယူလုပ်ဆောင်နေကြောင်း ထင်ရှားလာချိန်ကို သူတို့စောင့်မျှော်] ကြ၏။ အကြောင်းမူကား ထိုအရာများသည် အနိစ္စနိုင်ငံ [သူတို့သည် သေဖို့အလားအလာဖြင့် အပြစ်ပါလျက်မွေးဖွားလာကြပြီး မိမိတို့ကိုယ်ကို လွတ်မြောက်စေနိုင်သည့်နည်းလမ်းမရှိ] သို့အလိုလိုလိုက်ကြသည်မဟုတ်။ ဘုရားသခင်သားတို့၏ ဘုန်းဖြစ်သော လွှတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ လွှတ်ခြင်းချမ်းသာကိုဝင်စားမည်ဟု [ဘုရားပေး] မျှော်လင့်ရသောအခွင့်ကိုပေး၍ အနိစ္စနိုင်ငံသို့လိုက်စေတော်မူသောသူ၏အလိုတော်ကြောင့်သာ လိုက်ရကြ၏။” (ရောမ ၈:၁၉-၂၁၊ သမ္မာ) ဤလွတ်မြောက်ခြင်းကား မည်သည့်အရာကို ဆိုလိုသနည်း။ သူတို့ကို အပြစ်နှင့်သေခြင်း၏အချုပ်အနှောင်မှ လွတ်မြောက်ပေးခြင်းခံထားခြင်းဖြစ်သည်။ သူတို့သည် စိတ္တနှင့်ကာယ စုံလင်မှု၊ သူတို့၏ဂေဟာအဖြစ် ပရဒိသုနှင့် စုံလင်မှု၌မွေ့လျော်ပြီး တစ်ဆူတည်းသောဘုရားမှန် ယေဟောဝါကို သူတို့လေးမြတ်ကျေးဇူးတင်ကြောင်း ဖော်ပြမည့် ထာဝရအသက်ကို ရရှိခံစားကြမည်။ ယင်းတို့အားလုံး မည်သို့ဖြစ်နိုင်သနည်း။ ဘုရားသခင့်တစ်ပါးတည်းသော သားတော်၏ရွေးနုတ်ဖိုးပူဇော်သကာအားဖြင့်ဖြစ်သည်။
၁၈။ မတ်လ ၂၃ ရက်နေဝင်ပြီးနောက်တွင် ကျွန်ုပ်တို့မည်သည့်အရာ ပြုလုပ်နေမည်နည်း။ အဘယ်ကြောင့်နည်း။
၁၈ စီ.အီး. ၃၃ ခုနှစ် နိသန်လ ၁၄ ရက်နေ့တွင် ယေရုရှလင်မြို့ရှိ အထက်ခန်းတစ်ခန်း၌ ယေရှုသည် မိမိ၏သေခြင်းဆိုင်ရာအောက်မေ့ပွဲကို စတင်ကျင်းပခဲ့သည်။ ကိုယ်တော်၏သေခြင်း နှစ်ပတ်လည်အထိမ်းအမှတ်ပွဲသည် ခရစ်ယာန်စစ်အားလုံး၏အသက်တာတွင် အရေးကြီးသောဖြစ်ရပ်ဖြစ်လာခဲ့သည်။ ယေရှုကိုယ်တော်တိုင်က “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” ဟုမိန့်မှာခဲ့သည်။ (လုကာ ၂၂:၁၉) ၁၉၉၇ ခုနှစ်တွင် အောက်မေ့ရာပွဲကို (နိသန် ၁၄ ရက်အစပြုသည့်) မတ်လ ၂၃ ရက် နေဝင်ပြီးချိန်တွင် ကျင်းပပါမည်။ ထိုနေ့တွင် ဤအောက်မေ့ပွဲအခမ်းအနားကို တက်ရောက်ခြင်းထက် သာ၍အရေးကြီးသောအရာမရှိပါ။
သင်မည်သို့ဖြေမည်နည်း
◻ ဘုရားသခင်သည် လူသားများအတွက် မေတ္တာတော်ကို မည်သည့်နည်းများဖြင့် ရက်ရက်ရောရောပြသခဲ့သနည်း။
◻ အာဒံ၏သားမြေးများအတွက် ရွေးနုတ်ဖိုးပေးရန် စုံလင်သောလူ့အသက် အဘယ်ကြောင့်လိုအပ်ရသနည်း။
◻ ယေဟောဝါရှင်သည် ရွေးနုတ်ဖိုးကို ပြင်ဆင်ခဲ့သည့်အတွက် မည်မျှကြီးမားစွာ အဆုံးအရှုံးခံခဲ့ရပါသနည်း။
◻ ရွေးနုတ်ဖိုးက မည်သည့်အရာကို လုပ်ဆောင်ပေးနိုင်ပါသနည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို ပေးတော်မူခဲ့သည်