အားနည်းသော အသွေးအသားအပေါ် အပြစ်၏ချုပ်ကိုင်မှုကို တိုက်လှန်ခြင်း
“ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်းဖြစ်၏။ ဝိညာဉ်ပကတိစိတ်သဘောသည် အသက်ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်း ဖြစ်၏။”—ရောမ ၈:၆။
၁ မည်သည့် ရည်ရွယ်ချက်အတွက် လူသားများကိုဖန်ဆင်းထားသနည်း။
“ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်း” တော်မူ၏။ (ကမ္ဘာဦး ၁:၂၇) ပုံသဏ္ဌာန်မည်သည်ကား အရာဝတ္တုတစ်ခု သို့မဟုတ် မူလအမြစ်တစ်ခု၏ ထင်ဟပ်ချက်ဖြစ်သည်။ ယင်းကြောင့် ဘုရားသခင်၏ ဂုဏ်ရည်တော်ကိုထင်ဟပ်ရန် လူကို ဖန်ဆင်းထားပါသည်။ ပြုမူလုပ်ဆောင်ချက်အားလုံးတွင် ဘုရားရေးရာအရည်အချင်းများ—ချစ်ခြင်း၊ ကောင်းမြတ်ခြင်း၊ တရားမျှတခြင်းနှင့် ဝိညာဉ်ရေးစိတ်ဓာတ်ရှိခြင်း အစရှိသည်တို့—ကို တင်ပြခြင်းအားဖြင့် ဖန်ဆင်းရှင်ကို ချီးမွမ်းထောမနာပြု ဂုဏ်တင်စေနိုင်ရုံမက ကိုယ်ကိုယ်တိုင်လည်း ပျော်ရွှင်မှုနှင့် ကျေနပ်ရောင့်ရဲမှု ရရှိစေနိုင်ပါသည်။—၁ ကောရိန္သု ၁၁:၇; ၁ ပေတရု ၂:၁၂။
၂။ ပထမလူမောင်နှံစုံသည် ပစ်မှတ်ကို မည်သို့လွဲသွားခဲ့သနည်း။
၂ စုံလင်စွာ ဖန်ဆင်းခံရသော ပထမလူမောင်နှံစုံသည် ယင်းကို ကောင်းစွာဆောင်ရွက်နိုင်စွမ်းရှိသည်။ ပြောင်လက်သည့်အထိ ပွတ်တိုက်ထားသော ကြည့်မှန်များကဲ့သို့ သူတို့နှစ်ဦးသည် ဘုရားသခင့်ဂုဏ်ရည်တော်ကို တောက်ပတိကျစွာဖြင့် ရောင်ပြန်ဟပ်နိုင်စွမ်းရှိသည်။ သို့ရာတွင် သူတို့၏ဖန်ဆင်းရှင် ဘုရားသခင်၏စကားကို နားမထောင်ရန် တမင်ရွေးချယ်ကြသောအခါ ထိုပြောင်လက်နေမှုကို စွန်းကွက်စေသည်။ (ကမ္ဘာဦး ၃:၆) ထို့နောက် သူတို့သည် ဘုရားသခင့်ဂုဏ်ရည်တော်ကို ပြည့်ဝစုံလင်စွာ ရောင်ပြန်မဟပ်နိုင်တော့ချေ။ ကိုယ်တော်၏ပုံသဏ္ဌာတော်ဖြင့် ဖန်ဆင်းခံရခြင်းရည်ရွယ်ချက်အတိုင်း မဖြစ်တော့သည်နှင့် ဘုရားသခင်၏ဂုဏ်ရည်တော်ကိုမမီ အသရေပျက်ကြလေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် သူတို့ပြစ်မှားကြသည်။a
၃။ အပြစ်တရား၏ သဘောထားအစစ်အမှန်ကား အဘယ်နည်း။
၃ ဤတွင် ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်ဂုဏ်ရည်တော်ကို လူသားအနေနှင့် ရောင်ပြန်ဟပ်နိုင်စွမ်းကို ပျက်စီးယိုယွင်းစေသည့် အပြစ်တရား၏သဘော အစစ်အမှန်ကိုနားလည်ရန် ယင်းက အထောက်အကူပြုသည်။ အပြစ်တရားသည် လူသားကို မသန့်မရှင်းဖြစ်စေသည်။ သူတို့၏ ဝိညာဏနှင့် စာရိတ္တရေးကို ညစ်ညမ်းစေ၍ စွန်းကွက်စေသည်။ လူသားအပေါင်းသည် အာဒံနှင့်ဧဝမှ ဆင်းသက်လာကြသောကြောင့် ထိုစွန်းကွက်ပြီး၊ မသန့်ရှင်းသောအခြေအနေမျိုးတွင် မွေးဖွားလာကြရာ ကိုယ်တော်မျှော်မှန်းထားသည့်အတိုင်း ဘုရားသခင်၏သားသမီးများအဖြစ်ကို မပြည့်မီနိုင်ကြချေ။ ရလဒ်ကကော။ ကျမ်းစာက ဤသို့ရှင်းပြသည်– “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။”—ရောမ ၅:၁၂; ဟေရှာယ ၆၄:၆ နှိုင်းယှဉ်။
အားနည်းသော အသွေးအသားအပေါ် အပြစ်၏ချုပ်ကိုင်မှု
၄-၆။ (က) ယနေ့ လူအများသည် အပြစ်ကို မည်သို့သဘောထားသနည်း။ (ခ) အပြစ်နှင့်စပ်လျဉ်း၍ မျက်မှောက်ခေတ်သဘောထားများ၏ ရလဒ်ကား အဘယ်နည်း။
၄ ယနေ့ လူအများစုက မိမိတို့ကိုယ်ကို မသန့်ရှင်း၊ စွန်းကွက်သည် သို့မဟုတ် အပြစ်ရှိသည်ဟု မယူမှတ်ကြချေ။ အမှန်သော်ကား အပြစ်ဟူသောစကားလုံးကို လူအများ အသုံးမပြုကြတော့သည့်တိုင် ဖြစ်ချေပြီ။ အမှားအယွင်းများ၊ အမြော်အမြင်ကင်းမဲ့မှုများနှင့် ခန့်မှန်းချက် လွဲမှားမှုများအကြောင်း ပြောဆိုကောင်း ပြောဆိုကြမည်ဖြစ်သည်။ သို့သော် အပြစ်ကိုကော။ ပြောလေ့ပြောထမရှိ! ဘုရားသခင်ကို အယုံအကြည်ရှိသည်ဟု ဆိုကြသူများအတွက်ပင်လျှင် “ကိုယ်တော်၏ သွန်သင်ချက်များသည် စာရိတ္တစည်းမျဉ်းများ ဖြစ်မည့်အစား စာရိတ္တဆိုင်ရာ ယုံကြည်ချက်များ၊ တစ်နည်းအားဖြင့် ပညတ်တော် ၁၀ ပါးဟုဆိုမည့်အစား ‘အကြံပေးချက် ၁၀ ခု’ ဟူ၍သဘောထား” ကြကြောင်း လူမှုရေးပညာရပ် ပါမောက္ခ အေလန် ဝတ်ဖ်လ်က ထုတ်ဖော်ပြောဆိုပါသည်။
၅ ဤအတွေးအခေါ်လမ်းစဉ်၏ ရလဒ်ကား အဘယ်နည်း။ အပြစ်ရှိသည်ကို ငြင်းဆိုရန် သို့မဟုတ် အနည်းဆုံး လျစ်လျူရှုရန် ဖြစ်စေသည်။ ယင်းကြောင့် အမှားအမှန်ကို တလွဲတချော်သဘောထားသည့် လူမျိုးဆက်ဖြစ်ပေါ်လာစေပြီး ၎င်းတို့သည် အပြုအမူစံချိန်များကို ကိုယ်တိုင်ချမှတ်၍ မည်သူကိုမျှ ဂရုမစိုက် ထင်ရာစိုင်းတတ်ကြသည်။ လမ်းစဉ်တစ်ခုသည် သင့်တော်မတော် ဆုံးဖြတ်စီရင်ရာတွင် ကိုယ်ကကောင်းသည်ဟုယူမှတ်လျှင်ပြီးရောဟု ဤသူတို့ ယူမှတ်တတ်ကြသည်။—သု.၃၀:၁၂၊ ၁၃; တရားဟောရာ ၃၂:၅၊ ၂၀ နှိုင်းယှဉ်။
၆ ဥပမာ၊ ရုပ်မြင်သံကြား နှီးနှောပွဲတစ်ခုတွင် သေစေတတ်သော အပြစ်ခုနစ်ခုဟုခေါ်ဆိုကြသောအရာကို မည်သို့သဘောထားကြောင်း လူငယ်အချို့အား ဖွင့်ဆိုခွင့်ပြုခဲ့သည်။bပါဝင်သူတစ်ဦးက “မာနကြီးတာဟာ အပြစ်မဟုတ်ပါဘူး။” “ကိုယ့်ကိုယ်ကို ကျေနပ်နေသင့်တယ်လေ” ဟုဆိုသည်။ ပျင်းရိခြင်းနှင့်ပတ်သက်၍ အခြားတစ်ဦးက ဤသို့ဆိုသည်– “တစ်ခါတလေ အဲ့ဒီလိုအပျင်းထူတာအကျိုးရှိတယ်။ . . . တစ်ခါတလေ အေးအေးဆေးဆေးနဲ့ အပျင်းထူတာ ဇိမ်ရှိတယ်။” ဇာတ်လမ်းပြောဆိုသူကပင် ဤသို့လိုရင်းတိုရှင်း တင်ပြခဲ့သည်– ‘သေစေသောအပြစ်ခုနစ်ခုဟာ အကျင့်ဆိုးများမဟုတ်ပါဘူး။ အနှောင့်အယှက်ဖြစ်စေနိုင်ပြီး သိပ်ကိုနှစ်ထောင်းအားရစရာဖြစ်စေတဲ့ လူ့စိတ်ထဲ အလိုလိုပေါ်လာတဲ့စိတ်ထားများဖြစ်တယ်။’ မှန်ပါသည်။ အပြစ်ဒုစရိုက်နှင့်အတူ အပြစ်ရှိသည် ဟူသောစိတ်ထားပါ မကျန်ရစ်တော့ပါ၊ အကြောင်းမှာ အပြစ်ဟူသည် ကိုယ့်ကိုယ်ကိုကျေနပ်နေခြင်းနှင့် လုံးဝဆန့်ကျင်သောကြောင့်ဖြစ်သည်။—ဧဖက် ၄:၁၇-၁၉။
၇။ သမ္မာကျမ်းစာအရ အပြစ်ကြောင့် လူတို့သည် မည်သို့ထိခိုက်ခံရသနည်း။
၇ ယင်းတို့အားလုံးနှင့်သိသိသာသာခြားနားစွာ သမ္မာကျမ်းစာက ဤသို့ရှင်းရှင်းလင်းလင်းဆိုသည်– “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။” (ရောမ ၃:၂၃) တမန်တော်ပေါလုပင် ဤသို့အသိအမှတ်ပြုသည်– “ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်းသောအရာ တစ်စုံတစ်ခုမျှ မတည်သည်ကို ငါသိ၏။ အကြောင်းမူကား၊ ငါသည် ကျင့်ချင်သောစိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ်သောအခွင့်ကိုရှာ၍ မတွေ့နိုင်။ ငါသည် ကျင့်ချင်သောအကျင့်ကောင်းကိုမကျင့်၊ မကျင့်ချင်သောအကျင့်ဆိုးကို ကျင့်၏။” (ရောမ ၇:၁၈၊ ၁၉) ဤတွင် ပေါလုသည် ကိုယ့်ကိုယ်ကိုသနားနေခြင်းမဟုတ်ဘဲ ဘုရားသခင်၏ဘုန်းကို အဘယ်အထိ မမီနိုင်ကြောင်းကို သူကောင်းစွာသိနားလည်ထားသောကြောင့် အားနည်းသော အသွေးအသားအပေါ် အပြစ်၏ချုပ်ကိုင်မှုကို သူပိုမိုခံစားနေရခြင်းဖြစ်သည်။ “ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား။ ဤအသေကောင်မှ ငါ့ကို အဘယ်သူ ကယ်လွှတ်မည်နည်း” ဟု သူအတိအလင်းဆိုခဲ့သည်။—ရောမ ၇:၂၄။
၈။ မိမိကိုယ်ကို အဘယ်မေးခွန်းများ မေးမြန်းသင့်သနည်း။ အဘယ်ကြောင့်နည်း။
၈ ဤကိစ္စကို သင်မည်သို့ကြည့်မြင်သနည်း။ အာဒံမှ ဆင်းသက်လာသူတစ်ဦးအနေနှင့် အသင်လည်း အခြားသူအားလုံးနည်းတူပင် မစုံလင်သူဖြစ်ကြောင်း အသိအမှတ်ပြုပေမည်။ သို့သော် ဤသို့သိရှိထားခြင်းက သင့်အတွေးအခေါ်နှင့် သင့်ဘဝပုံစံကို မည်သို့ထိခိုက်ပါသနည်း။ ယင်းကို ဘဝဖြစ်ရပ်မှန်တစ်ခုအနေနှင့်သာ အသိအမှတ်ပြုလျက် မွေးရာပါဗီဇရှိသည့်အတိုင်းသာ ဆက်လက်လုပ်ကိုင်နေပါသလော။ သို့မဟုတ် အားနည်းသော အသွေးအသားအပေါ် အပြစ်၏ချုပ်ကိုင်မှုကို အမြဲတိုက်လှန်ပြီး သင်ပြုလေသမျှအမှုတွင် ဘုရားသခင်၏ဘုန်းကို အတတ်နိုင်ဆုံးထွန်းလင်းစေရန် ရောင်ပြန်ဟပ်ဖို့ ကြိုးစားနေပါသလော။ ပေါလုပြောဆိုထားသည့်စကားအရ ယင်းသို့ပြုခြင်းကို ကျွန်ုပ်တို့အားလုံး အလေးအနက်သဘောထားသင့်သည်– “ဇာတိပကတိရှိသောသူတို့သည် ဇာတိပကတိနှင့်စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသောစိတ်သဘောရှိကြ၏။ ဝိညာဉ်ပကတိရှိသောသူတို့မူကား ဝိညာဉ်ပကတိနှင့်စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသောစိတ်သဘောရှိကြ၏။ ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်းဖြစ်၏။ ဝိညာဉ်ပကတိစိတ်သဘောသည် အသက်ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်းဖြစ်၏။”—ရောမ ၈:၅၊ ၆။
ဇာတိပကတိ စိတ်သဘော
၉။ “ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်းဖြစ်” ရသည်ကား အဘယ်ကြောင့်နည်း။
၉ “ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်းဖြစ်၏” ဟုပေါလုဆိုသောအခါ သူအဘယ်အရာကိုဆိုလိုသနည်း။ “ဇာတိပကတိ” ဟူသောစကားလုံးသည် သူပုန်အာဒံမှ ဆင်းသက်လာသူ ‘ပဋိသန္ဓေယူစဉ်ပင် အပြစ်ရှိ’ သော မစုံလင်သည့်အခြေအနေတွင်ရှိလူသားကို သမ္မာကျမ်းစာက များသောအားဖြင့် ရည်ညွှန်းသည်။ (ဆာလံ ၅၁:၅; ယောဘ ၁၄:၄) ဤနည်းဖြင့် မစုံလင်၊ အားနည်းသော အသွေးအသားဆိုင်ရာ အပြစ်ရှိသဘောထားများ၊ တွန်းအားများနှင့်စိတ်ဆန္ဒများကို မစွဲလမ်းရန် ခရစ်ယာန်များအား ပေါလုဆုံးမနေခြင်းဖြစ်သည်။ ထိုသို့ အဘယ်ကြောင့်မပြုသင့်သနည်း။ အသွေးအသားဆိုင်ရာအကျင့်များသည် အဘယ်အကျင့်များဖြစ်ကြောင်း အခြားတစ်နေရာတွင် ပေါလုထပ်ဆင့်ဖော်ပြထားပြီး ဤသို့သတိပေးပါသည်– “ထိုသို့သောအကျင့်ကိုကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။”—ဂလာတိ ၅:၁၉-၂၁။
၁၀။ “စိတ်သဘောရှိခြင်း” အဓိပ္ပာယ်ကား အဘယ်နည်း။
၁၀ သို့သော် စိတ်သဘောရှိခြင်းနှင့် ယင်းကိုကျင့်ကြံခြင်းသည် အလွန်ကွာခြားသည်မဟုတ်ပေလော။ မှန်ပါသည်။ အကြောင်းအရာတစ်ကို စဉ်းစားရုံဖြင့် ယင်းကိုမပြုလုပ်တတ်ပါ။ သို့ရာတွင် စိတ်သဘောရှိခြင်းသည် တစ်ခဏစဉ်းစားရုံထက်မကပါ။ ပေါလုအသုံးပြုသည့်ဂရိစကားလုံးမှာ ဖရိုနီမာဖြစ်၍ ယင်းသည် “စဉ်းစားပုံ၊ စိတ် (စွဲလမ်းမှု)၊ . . . ချိန်ရွယ်ချက်၊ ရည်မှန်းချက်၊ ကြိုးစားခြင်း” သဘောပါသည်။ ထိုကြောင့် “ဇာတိပကတိစိတ်သဘော” ဟူသည် အားနည်းသောအသွေးအသားဆန္ဒများ၏ ချုပ်ကိုင်မှု၊ တိုက်တွန်းလွှမ်းမိုးမှု၊ တွန်းအားတို့ကိုခံခြင်းဖြစ်သည်။—၁ ယောဟန် ၂:၁၆။
၁၁။ ကာဣနသည် ဇာတိပကတိစိတ်သဘောရှိကြောင်း မည်သို့တင်ပြသနည်း။ ရလဒ်ကား အဘယ်နည်း။
၁၁ လိုရင်းချက်ကို ကာဣနလိုက်လျှောက်ခဲ့သောလမ်းစဉ်က ကောင်းစွာထင်ရှားစေသည်။ ကာဣန၏နှလုံးတွင် မနာလိုခြင်း၊ အမျက်ထွက်ခြင်းသဘော ပေါ်ပေါက်လာသောအခါ သူ့ကို ယေဟောဝါက ဤသို့သတိပေးသည်– “သင်သည် အဘယ်ကြောင့်စိတ်ဆိုးသနည်း။ အဘယ်ကြောင့် မျက်နှာပျက်သနည်း။ သင်သည် ကောင်းမွန်စွာပြုလျှင် အခွင့်မရလော။ ကောင်းမွန်စွာ မပြုလျှင် အပြစ်ဖြေသောယဇ်ကောင်သည် တံခါးနားမှာ ဝပ်လျက်ရှိ၏။ သူသည် သင်၏အလိုသို့လိုက်၍ သင်သည် သူ့ကို အုပ်စိုးရ၏။” (ကမ္ဘာဦး ၄:၆၊ ၇) ကာဣနရှေ့တွင် ရွေးချယ်စရာတစ်ခုရှိသည်။ သူသည် ကောင်းသောအရာတစ်ခုကို စိတ်စွဲလမ်း၊ ချိန်ရွယ်၊ ရည်မှန်းထားပြီး “ကောင်းမွန်စွာပြု” မည်လော။ သို့မဟုတ် အသွေးအသားကိုသာ ဆက်လက်၍ စိတ်စွဲလမ်းပြီး သူ၏နှလုံးထဲရှိ ဉာဉ်ဆိုးများကိုသာ အာရုံပြုနေမည်လော။ ယေဟောဝါရှင်းပြတော်မူသည့်အတိုင်း ကာဣနသာခွင့်ပြုမည်ဆိုလျှင် “တံခါးနားမှာ ဝပ်လျက်ရှိ” သောအပြစ်သည် သူ့ကိုခုန်အုပ်ပြီး ဝါးမျိုရန် အသင့်ရှိနေသည်။ ကာဣနသည် မိမိ၏အသွေးအသားဆန္ဒကို ‘အုပ်စိုးရန်’ ကြိုးစားမည့်အစား ယင်း၏အုပ်စိုးခြင်းကို—ပျက်စီးဆုံးရှုံးသည်အထိခံခဲ့သည်။
၁၂။ “ကာဣန၏လမ်းစဉ်” မလိုက်ရန် ကျွန်ုပ်တို့ဘာလုပ်သင့်သနည်း။
၁၂ ယနေ့ ကျွန်ုပ်တို့ကော။ ပထမရာစုခရစ်ယာန်များအလယ်ရှိ အချို့သူများနှင့်ပတ်သက်၍ ယုဒမြည်တမ်းသကဲ့သို့ ကျွန်ုပ်တို့သည် “ကာဣန၏လမ်းစဉ်” ကိုအမှန်တကယ်မလိုက်လိုကြပါ။ (ယုဒ ၁၁၊ သတင်းကောင်း) ကိုယ့်အလိုကိုယ် အနည်းအကျဉ်းလိုက်ခြင်း၊ သို့မဟုတ် တစ်ခါတစ်ရံစည်းကမ်းဖျက်ခြင်းသည် ဘေးမရှိဟု ဘယ်သောအခါမျှ မယူဆသင့်ပါ။ ယင်းအစား ကျွန်ုပ်တို့၏စိတ်နှလုံးထဲဝင်လာကောင်းဝင်လာမည့် ဘုရားတရားမဲ့၍ ယိုယွင်းပျက်စီးသော မည်သည့်သြဇာလွှမ်းမိုးမှုမျိုးကိုမဆို ခွဲခြားသိမြင်ရန်နိုးကြားနေသင့်ပြီး အမြစ်မတွယ်မီ အလျင်အမြန်ထုတ်ပစ်ပါလေ။ အားနည်းသောအသွေးအသားအပေါ် အပြစ်၏ချုပ်ကိုင်မှုကိုတိုက်လှန်ခြင်းသည် နှလုံးထဲတွင်စတင်ရမည်။—မာကု ၇:၂၁။
၁၃။ “မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်း” ကို လူတစ်ဦးမည်သို့ခံရနိုင်သနည်း။
၁၃ ဥပမာ၊ မနှစ်မြို့ဖွယ် သို့မဟုတ် ထိတ်လန့်စက်ဆုတ်ဖွယ် မြင်ကွင်းတစ်ခုကိုလည်းကောင်း၊ မတော်တရော်ဖြစ်သည့် သို့မဟုတ် စိတ်နှိုးဆွသည့် ရုပ်ပုံတစ်ခုကိုလည်းကောင်း ရိပ်ကနဲတွေ့မြင်လိုက်မည်။ စာအုပ် သို့မဟုတ် မဂ္ဂဇင်းတစ်စောင်ပါ ရုပ်ပုံသော်လည်းကောင်း၊ ရုပ်ရှင် သို့မဟုတ် ရုပ်မြင်သံကြားမှ ဇာတ်ကွက်တစ်ခုသော်လည်းကောင်း၊ ကြော်ငြာသင်ပုန်းမှ ကြော်ငြာတစ်ခု၊ သို့မဟုတ် တကယ့်အဖြစ်အပျက်တစ်ခုခုသော်လည်းကောင်း ဖြစ်ကောင်းဖြစ်မည်။ ယင်းသို့ဖြစ်သည့်အတွက် တထိတ်တလန့်ဖြစ်စရာမလိုပါ။ အကြောင်းမှာ ဤသို့ဖြစ်နိုင်—ဖြစ်လည်းဖြစ်နေ—ပါသည်။ သို့ရာတွင် ဤရုပ်ပုံ သို့မဟုတ် မြင်ကွင်းကို စက္ကန့်အနည်းငယ်ခန့်သာ မြင်လိုက်မိဦးတော့ စိတ်ထဲစွဲထင်ကျန်၍ မကြာခဏပြန်ပေါ်လာတတ်သည်။ ထိုသို့ဖြစ်ပျက်သောအခါ သင်ဘာလုပ်သနည်း။ ထိုအတွေးမျိုးကို ချက်ချင်းတိုက်လှန်ပြီး စိတ်ထဲကထုတ်ပစ်ရန် ကြိုးစားပါသလော။ သို့မဟုတ် ထိုအတွေးအခေါ်ကို စိတ်ထဲကိန်းအောင်းခွင့်ပြုသလော။ အတွေးပေါ်လာတိုင်း ယင်းကိုပြန်အသက်သွင်းပေးသလော။ သို့ပြုလုပ်လျှင် ယာကုပ်ဖော်ပြသည့်ကွင်းဆက်ဖြစ်ရပ်များကို ဖြစ်စေရန်မီးစညှိပေးရာကျပါမည်– “မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကိုခံသောသူမည်သည်ကား အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏။ တပ်မက်သောစိတ်သည် ပဋိသန္ဓေယူ၍ ဒုစရိုက်ကို ဖွားတတ်၏။ ဒုစရိုက်သည်လည်း ပြည့်စုံလျှင် သေခြင်းကို ဖွားတတ်၏။” ယင်းကြောင့်သာ ပေါလုက– “ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်းဖြစ်၏” ဟုဆိုသည်။—ယာကုပ် ၁:၁၄၊ ၁၅; ရောမ ၈:၆။
၁၄။ နေ့စဉ်နှင့်အမျှ အဘယ်အရာများကို ကျွန်ုပ်တို့တစ်ချိန်လုံးရင်ဆိုင်နေရသနည်း။ မည်သို့တုံ့ပြန်သင့်သနည်း။
၁၄ လိင်စာရိတ္တယိုယွင်းမှု၊ အကြမ်းဖက်မှုနှင့် ရုပ်ဝါဒကို ပွင့်လင်းလွတ်လပ်စွာဖြင့် စာအုပ်များ၊ မဂ္ဂဇင်းများ၊ ရုပ်ရှင်နှင့်ရုပ်မြင်သံကြားအစီအစဉ်များအပြင် ရေပန်းစားသောတေးဂီတတို့တွင် အမွှမ်းတင်ဖော်ပြထားရာ ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ မကောင်းသောတွေးတောကြံစည်မှုများနှင့် တစ်ချိန်လုံးပကတိတိုက်ခိုက်ခံနေရသည်။ သင်၏ တုံ့ပြန်မှုကားအဘယ်နည်း။ ယင်းတို့သည် အပျော်အပြက်မျှဖြစ်သည်ဟု သင်ယူမှတ်သလော။ သို့မဟုတ် ဖြောင့်မတ်သူလောတနည်းတူ “မတရားသောသူတို့၏ ညစ်ညူးသောအကျင့်အားဖြင့် နှောင့်ယှက်ခြင်းကိုခံရသော . . . သူတို့၏မတရားသောအမှုများကို . . .နားကြားလျက်ရှိသဖြင့်၊ မိမိဖြောင့်မတ်သောစိတ်နှလုံးကို ပြင်းစွာညှဉ်းဆဲ” ခံရသောလောတနည်းတူ ခံစားရပါသလော။ (၂ ပေတရု ၂:၇၊ ၈) အားနည်းသောအသွေးအသားအပေါ် အပြစ်၏ချုပ်ကိုင်မှုကို အောင်မြင်စွာ တိုက်လှန်နိုင်ရန် ဆာလံဆရာနည်းတူပြုလုပ်မည်ဟု စိတ်ဆုံးဖြတ်ဖို့လိုသည်– “အဓမ္မအမှုအရာကို မျက်မှောက်မပြုပါ။ လမ်းလွှဲသောသူ၏အမှုကို ရွံရှာသည်ဖြစ်၍ ငါ၌ မမှီမကပ်ရ။”—ဆာလံ ၁၀၁:၃။
ဝိညာဉ်ပကတိစိတ်သဘော
၁၅။ ကျွန်ုပ်တို့အပေါ်အပြစ်၏ချုပ်ကိုင်မှုကို တိုက်လှန်ရန် အဘယ်အကူအညီရထားသနည်း။
၁၅ အားနည်းသော အသွေးအသားအပေါ် အပြစ်၏ချုပ်ကိုင်မှုကို တိုက်လှန်ရန် အကူအညီပေးမှုတစ်ခုကို ပေါလု ဆက်လက်တင်ပြသည်– “ဝိညာဉ်ပကတိစိတ်သဘောသည် အသက်ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်း ဖြစ်၏။” (ရောမ ၈:၆) ထို့ကြောင့် ဇာတိပကတိ၏လွှမ်းမိုးမှုကို ခံမည့်အစား ကျွန်ုပ်တို့၏စိတ်သဘောကို ဝိညာဉ်တော်၏ဩဇာအောက် ရောက်စေပြီး ဝိညာဉ်တော်နှင့်ဆိုင်သောအရာတို့နှင့် ရှင်သန်နေစေရမည်။ ယင်းတို့ကား အဘယ်နည်း။ ဖိလိပ္ပိ ၄:၈ (ကဘ) တွင်ပေါလု ယင်းတို့ကို ဤသို့စာရင်းတင်ပြထားသည်– “နိဂုံးချုပ်အနေနှင့် ညီအစ်ကိုတို့ မှန်ကန်သောအရာများရှိသမျှ၊ အလေးအနက်ထားရသောအရာများရှိသမျှ၊ ဖြောင့်မတ်သောအရာများရှိသမျှ၊ စင်ကြယ်သောအရာများရှိသမျှ၊ ချစ်ဖွယ်သောအရာများရှိသမျှ၊ အသရေရှိသောအရာများရှိသမျှ၊ မွန်မြတ်သောအရာများရှိသမျှ၊ ချီးမွမ်းဖွယ်သောအရာ ရှိသမျှတို့ကို ဆက်လက်ဆင်ခြင်သုံးသပ်ကြလော့။” အသေအချာစစ်ဆေးကြည့်ရှုကာ ဆက်လက်ဆင်ခြင်သုံးသပ်သင့်သော အရာတို့ကို ပိုမိုသိရှိနားလည်ကြပါစို့။
၁၆။ အဘယ်အရည်အသွေးကို “ဆက်လက်ဆင်ခြင်သုံးသပ်ကြ” ရန် ပေါလုအားပေးထားပြီး၊ တစ်ခုစီ၌ အဘယ်အရာပါဝင်သနည်း။
၁၆ ဦးဆုံးအနေနှင့် စာရိတ္တဆိုင်ရာ အရည်အချင်းရှစ်ခုကို ပေါလုစာရင်းတင်ပြကာ ထိုတစ်ခုစီ၏နောက်တွင် “ရှိသမျှ” စကားလုံးပါဝင်သည်။ ဤအသုံးအနှုန်းက ခရစ်ယာန်များသည် ကျမ်းစာဆိုင်ရာ သို့မဟုတ် အယူဝါဒဆိုင်ရာကိစ္စများကိုသာ တစ်ချိန်လုံးတွေးတောနေရမည်ဟု မကန့်သတ်ထားကြောင်း တင်ပြသည်။ ကျွန်ုပ်တို့စိတ်စွဲလမ်းစရာ ဘာသာရပ်များ သို့မဟုတ် အကြောင်းအရာ မြောက်မြားစွာရှိသည်။ သို့သော် ပေါလုအတိအလင်းဖော်ပြသည့် စာရိတ္တဆိုင်ရာအရည်အချင်းများကို စံမီရန် အရေးကြီးသည်။ ပေါလုကိုးကားခဲ့သော “အရာများ” တစ်ခုစီကို ကျွန်ုပ်တို့ဂရုစိုက်ဖို့လိုသည်။ ယင်းတို့ကို သုံးသပ်ကြည့်ကြစို့။
▫“မှန်ကန်သောအရာ” တွင် မှားသည်၊ မှန်သည်ထက်မက ပါဝင်သည်။ မှန်ကန်စွာပြောဆိုပြုမူခြင်း၊ ရိုးဖြောင့်၍ ယုံကြည်စိတ်ချခြင်း အဓိပ္ပာယ်ရှိ၍ ယင်းသို့ဖြစ်ဟန်ရှိခြင်းမျှမဟုတ်ဘဲ အမှန်တကယ်ဖြစ်ခြင်းတည်း။—၁ တိမောသေ ၆:၂၀။
▫“အလေးအနက်ထားရသောအရာ” မူကား ဂုဏ်သိက္ခာရှိ၍ လေးစားကြည်ညိုထိုက်သောအရာများကို ဆိုလိုသည်။ အောက်တန်းကျ၍ ရုန့်ရင်းသိမ်ဖျင်းမည့်အစား ကောင်းမွန်မြင့်မြတ်သဖြင့် ဂုဏ်တင်ထိုက်ပြီး ရိုသေလေးမြတ်စိတ် ဖြစ်ပေါ်စေသည့်အရာဖြစ်သည်။
▫“ဖြောင့်မတ်သောအရာ” မည်သည်ကား လူ့စံချိန်မဟုတ် ဘုရားသခင့်စံချိန်ကို မီခြင်းဖြစ်သည်။ လောကီသားများသည် ဉာဏ်နီဉာဏ်နက်အမျိုးမျိုးထုတ်တတ်ကြသော်လည်း ကျွန်ုပ်တို့မူကား ဘုရားသခင့်ရှေ့မှောက်တော်တွင် ဖြောင့်မတ်သောအရာများကို တွေးတော၍ ယင်းတို့တွင်ပျော်မွေ့ နေကြရမည်ဖြစ်သည်။—ဆာလံ ၂၆:၄ နှိုင်းယှဉ်; အာမုတ် ၈:၄-၆။
▫“စင်ကြယ်သောအရာ” မူကား အကျင့်စာရိတ္တ (လိင်ဆိုင်ရာနှင့် အခြားသောကိစ္စ) ၌သာမက အတွေးအခေါ်နှင့်ရည်ရွယ်ချက်တွင်လည်း သန့်ရှင်းစင်ကြယ်ခြင်းကိုဆိုလိုသည်။ “အထက်မှသက်ရောက်သောအသိပညာမူကား ရှေ့ဦးစွာ စင်ကြယ်၏” ဟုယာကုပ်ဆိုသည်။ “သန့်ရှင်းတော်မူ” သောယေရှုသည် ကျွန်ုပ်တို့ဆင်ခြင်စဉ်းစားရမည့် စုံလင်သောပုံသက်သေဖြစ်သည်။—ယာကုပ် ၃:၁၇; ၁ ယောဟန် ၃:၃။
▫“ချစ်ဖွယ်သောအရာ” မှာမူ သူတစ်ပါးချစ်မြတ်နိုးရာဖြစ်သည်။ မုန်းတီးစိတ်၊ ခါးသီးခက်ထန်မှု၊ အငြင်းပွားမှု ဖြစ်ပွားစေသောအရာများကို စွဲလမ်းမည့်အစား “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှာလည်းကောင်း တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြ” ဖို့ဖြစ်သည်။—ဟေဗြဲ ၁၀:၂၄။
▫“အသရေရှိသောအရာ” သည် “ချီးကျူးဂုဏ်ပြုဖွယ်ကောင်းခြင်း” သို့မဟုတ် “သတင်းမွှေးခြင်း” ထက်မက အပြုသဘောပါပါ အားပေးတည်ဆောက်ပြီး ချီးမွမ်းပြောဆိုခြင်းလည်းဖြစ်သည်။ သိက္ခာကျ၍ ရုန့်ရင်းကြမ်းတမ်းသောအရာများအစား အကျိုးပြုပြီး တည်ဆောက်မှုပေးသောအရာများကို ကျွန်ုပ်တို့စိတ်စွဲလမ်းကြရမည်။—ဧဖက် ၄:၂၉။
▫“မွန်မြတ်သောအရာ” သည် အဓိကအားဖြင့် “ကောင်းမြတ်ခြင်း” သို့မဟုတ် “သာလွန်သောစာရိတ္တ” ကိုဆိုလိုသော်လည်း မည်သည့်အရာ၌မဆို ထူးကဲသာလွန်ခြင်းဖြစ်နိုင်ပါသည်။ သို့ဖြစ်သောကြောင့် အခြားသူများ၏ ဘုရားသခင့်စံချိန်နှင့်ကိုက်ညီသော တန်ဖိုးရှိ အရည်အသွေးများ၊ ဂုဏ်ထူးများနှင့် တတ်စွမ်းမှုများကို အလေးထားချီးကျူးနိုင်ကြပါသည်။
▫ဘုရားသခင် သို့မဟုတ် ကိုယ်တော်အသိအမှတ်ပြုသည့် အာဏာရှိသူတစ်ဦး ချီးမွမ်းပြောဆိုသောအရာဖြစ်မည်ဆိုလျှင် အမှန်တကယ်ပင် “ချီးမွမ်းဖွယ်သောအရာ” များဖြစ်သည်။—၁ ကောရိန္သု ၄:၅; ၁ ပေတရု ၂:၁၄။
အသက်နှင့် ငြိမ်သက်ခြင်း ကတိတော်
၁၇။ “ဝိညာဉ်ပကတိစိတ်သဘော” မှ အဘယ်ကောင်းကြီးများ ခံစားရသနည်း။
၁၇ ပေါလု၏သြဝါဒကိုလိုက်နာ၍ “ဆက်လက်ဆင်ခြင်သုံးသပ်ကြ” မည်ဆိုလျှင် “ဝိညာဉ်ပကတိစိတ်သဘော” ရှိရေးတွင် အောင်မြင်မည်ဖြစ်သည်။ ရလဒ်ကား အသက်ရှင်ခြင်းကောင်းချီးတည်းဟူသော ကတိတော်တည်ရာ ကမ္ဘာသစ်တွင် ထာဝရအသက်ရခြင်းသာမက ငြိမ်သက်ခြင်းလည်းရှိမည်ဖြစ်သည်။ (ရောမ ၈:၆) အဘယ်ကြောင့်နည်း။ အကြောင်းမူကား ဇာတိပကတိနှင့်ဆိုင်သောအရာများ၏ ဆိုးရွားသောသြဇာမှ ကျွန်ုပ်တို့၏စိတ်နှလုံးသည် ကာကွယ်မှုရထား၍ ပေါလုဖော်ပြခဲ့သော ဇာတိပကတိစိတ်သဘောနှင့် ဝိညာဉ်ပကတိစိတ်သဘောကြား ဆိုင်ပြိုင်တိုက်လှန်ခြင်းကို အပြင်းအထန်မခံကြရသောကြောင့် ဖြစ်သည်။ ဇာတိပကတိစိတ်သဘော၏ ဩဇာလွှမ်းမိုးမှုကို ငြင်းဆန်ခြင်းအားဖြင့် ဘုရား၏စိတ်တော်နှင့်လည်း တွေ့နိုင်ပါသည် “အကြောင်းမူကား ဇာတိပကတိစိတ်သဘောသည် ဘုရားသခင်နှင့် ရန်ဘက်ဖြစ်သည်။”—ရောမ ၇:၂၁-၂၄; ၈:၇၊ ကဘ။
၁၈။ အဘယ်စစ်ပွဲကို စာတန်တိုက်နေသနည်း။ ကျွန်ုပ်တို့မည်သို့ အောင်ပွဲခံနိုင်မည်နည်း။
၁၈ ဘုရားသခင်၏ဘုန်းတော်ကို ကျွန်ုပ်တို့ရောင်ပြန်ဟပ်ရာတွင် အပြစ်အနာရှိစေရန် စာတန်နှင့် သူ၏ကိုယ်စားလှယ်များသည် အတတ်နိုင်ဆုံးကြိုးစားနေသည်။ ဇာတိပကတိစိတ်သဘောများ တရစပ်ပေါ်ပေါက်စေခြင်းအားဖြင့် ကျွန်ုပ်တို့စိတ်နှလုံးကို ချုပ်ကိုင်နိုင်ရန် ကြိုးစားအားထုတ်နေကြသည်။ ယင်းသို့ပြုနိုင်လျှင် ဘုရားသခင်နှင့်ရန်ဘက်ဖြစ်ပြီး နောက်ဆုံးသေခြင်းသို့ရောက်လိမ့်မည်ဟု သူတို့ကောင်းစွာသိထားကြသည်။ သို့သော် ဤဆိုင်ပြိုင်တိုက်လှန်မှုတွင် ကျွန်ုပ်တို့အောင်ပွဲခံနိုင်ပါလိမ့်မည်။ ပေါလုနည်းတူ အကျွန်ုပ်တို့ပါ ဤသို့ကြွေးကြော်နိုင်ကြမည်– အားနည်းသော အသွေးအသားအပေါ် အပြစ်၏ချုပ်ကိုင်မှုကို တိုက်လှန်နိုင်သောနည်းကို ပေးထားတော်မူသည့်အတွက် “ငါတို့သခင် ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူသော ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပေ၏။”—ရောမ ၇:၂၅။
[အောက်ခြေမှတ်ချက်များ]
a “အပြစ်” လက္ခဏာကိုတင်ပြရန် သမ္မာကျမ်းစာသည် အများအားဖြင့် ဟေဗြဲကြိယာချာတာနှင့် ဂရိကြိယာ ဟာမာတာနို ကိုအသုံးပြုသည်။ ဤစကားလုံးနှစ်လုံးစလုံးက ပန်းတိုင်၊ ရည်မှန်းချက် သို့မဟုတ် ပစ်မှတ်တစ်ခုကို လွဲချော်ခြင်း သို့မဟုတ် မမီနိုင်ခြင်းသဘောမျိုးဖြင့် “လွဲသွား” သည် အဓိပ္ပာယ်ရှိသည်။
b ရိုးရာထုံးတမ်းအရ သေစေတတ်သောအပြစ်ခုနစ်ခုသည် မာနကြီးခြင်း၊ တပ်မက်ခြင်း၊ တဏှာရမ္မက်၊ မရှုဆိတ်၊ စားကြူးခြင်း၊ အမျက်ထွက်ခြင်း နှင့် ပျင်းရိခြင်းတို့ဖြစ်သည်။
သင်ရှင်းပြနိုင်သလော
◻ အပြစ်တရားကား အဘယ်နည်း။ ယင်းသည် အားနည်းသောအသွေးအသားအပေါ် ချုပ်ကိုင်မှုကို မည်သို့တိုးပွားစေနိုင်သနည်း။
◻ “ဇာတိပကတိစိတ်သဘော” ကို ကျွန်ုပ်တို့မည်သို့တိုက်လှန်နိုင်သနည်း။
◻ “ဝိညာဉ်ပကတိစိတ်သဘော” ကို တိုးပွားစေရန်ကျွန်ုပ်တို့မည်သို့ပြုလုပ်နိုင်သနည်း။
◻ “ဝိညာဉ်ပကတိစိတ်သဘော” သည် အသက်ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်းကို မည်သို့ဖြစ်စေသနည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ပျက်စီးဆုံးရှုံးခံသည့်အထိ ကာဣနသည် သူ၏အသွေးအသားဆန္ဒများ၏ အုပ်စိုးခြင်းကိုခံခဲ့သည်
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ဝိညာဉ်ပကတိစိတ်သဘောသည် အသက်ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်းဖြစ်သည်