ပဋိညာဉ်သစ်အားဖြင့် သာ၍ကြီးမားသော ကောင်းချီးများ
“ယေရှုသည် . . . သာ၍မြတ်သောပဋိညာဉ်တရား၏ အာမခံဖြစ်သည်။”—ဟေဗြဲ ၈:၆။
၁။ ဧဒင်တွင် ကတိထားတော်မူသော ‘မိန်းမ၏မျိုးနွယ်’ သည် မည်သူဖြစ်ကြောင်း ထင်ရှားသနည်း၊ သူသည် မည်သို့အားဖြင့် ‘ဖနောင့်တွင်အကြိတ်’ ခံခဲ့ရသနည်း။
အာဒံနှင့် ဧဝအပြစ်ပြုပြီးနောက် ယေဟောဝါသည် ဧဝကိုလှည့်စားခဲ့သော စာတန်အပေါ် ဤသို့စီရင်ချက်ချတော်မူခဲ့သည်– “သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်။” (ကမ္ဘာဦး ၃:၁၅) ယေရှုသည် စီ.အီး. ၂၉ ခုနှစ်တွင် ယော်ဒန်မြစ်၌နှစ်ခြင်းယူချိန်တွင် ဧဒင်၌ ကတိထားတော်မူသောမျိုးနွယ်သည် နောက်ဆုံးတွင် အထင်အရှားပေါ်လာလေသည်။ ကိုယ်တော်သည် စီ.အီး. ၃၃ ခုနှစ်၌ ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် သေဆုံးသွားချိန်၌ ရှေးကပြုခဲ့သည့် ၎င်းပရောဖက်ပြုချက်၏အပိုင်းတစ်ပိုင်း ပြည့်စုံသွားပါသည်။ စာတန်သည် မျိုးနွယ်၏ “ဖနောင့်ကိုကြိတ်” လိုက်လေသည်။
၂။ ယေရှုကိုယ်တော်တိုင်၏စကားအရ ကိုယ်တော်၏သေခြင်းသည် လူသားများကို မည်သို့အကျိုးဖြစ်ထွန်းစေသနည်း။
၂ ဝမ်းသာစရာမှာ ဒဏ်ရာကြောင့် အပြင်းအထန်နာကျင်ခဲ့ရသော်လည်း တာရှည်မခံလိုက်ရပါ။ ယေရှုသည် သေရာမှ မသေနိုင်သော နာမ်ဝိညာဉ်သားတစ်ဦးအဖြစ်ထမြောက်ခြင်းခံခဲ့ရကာ ကောင်းကင်ရှိခမည်းတော်ထံသို့ တက်ကြွတော်မူခဲ့သည်၊ ထိုတွင် “လူများအတွက် ရွေးနုတ်ရာ” အဖြစ် မိမိသွန်းလိုက်သော အသွေး၏တန်ဖိုးကို ကိုယ်တော်ဆက်သတော်မူလေသည်။ ထို့ကြောင့် ကိုယ်တော်၏ဤစကားတို့ မှန်ကန်လာလေသည်– “လူသားသည်မြှောက်ထားခြင်းကိုခံရမည်။ အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် . . . ထာဝရအသက်ကိုရမည်အကြောင်းတည်း။ ဘုရားသခင်၏သားတော်ကိုယုံကြည်ကြောင်း တင်ပြသောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။” (မဿဲ ၂၀:၂၈၊ ကဘ; ယောဟန် ၃:၁၄-၁၆၊ ကဘ; ဟေဗြဲ ၉:၁၂-၁၄) ပဋိညာဉ်သစ်သည် ယေရှု၏ပရောဖက်ပြုချက်ပြည့်စုံရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။
ပဋိညာဉ်သစ်
၃။ ပဋိညာဉ်သစ်၏လုပ်ငန်းစတင်ခြင်းကို မည်သည့်အချိန်တွင် ဦးဆုံးတွေ့ မြင်ခဲ့ရသနည်း။
၃ ယေရှုမသေဆုံးမီလေးတွင် ကိုယ်တော်က မိမိသွန်းလိုက်သော အသွေးသည် “ပဋိညာဉ်တရားသစ် . . . ၏အသွေးဖြစ်” ၏ဟု နောက်တော်လိုက်များအား မိန့်တော်မူခဲ့သည်။ (မဿဲ ၂၆:၂၈; လုကာ ၂၂:၂၀) ကောင်းကင်သို့ ကိုယ်တော်တက်ကြွတော်မူပြီး ၁၀ ရက်အကြာတွင် သန့်ရှင်းသော ဝိညာဉ်တော်ကို ယေရုရှလင်အထက်ခန်းမ၌ စုဝေးနေကြသည့် တပည့်တော် ၁၂၀ အပေါ် သွန်းလောင်းသောအခါ ပဋိညာဉ်သစ်၏လုပ်ငန်း စတင်လေပြီဖြစ်ကြောင်း တွေ့ မြင်ခဲ့ကြပါသည်။ (တမန်တော် ၁:၁၅; ၂:၁-၄) ဤတပည့်တော် ၁၂၀ ကို ပဋိညာဉ်သစ်ထဲ ထည့်သွင်းလိုက်ခြင်းက “ပထမ” ပဋိညာဉ်တရားဖြစ်သော ပညတ်ပဋိညာဉ်သည် ယခုဟောင်း၍ ခေတ်ကုန်သွားကြောင်း တင်ပြပါသည်။—ဟေဗြဲ ၈:၁၃။
၄။ ပဋိညာဉ်တရားဟောင်းသည် ချို့ယွင်းနေသလော။ ရှင်းပြပါ။
၄ ပဋိညာဉ်တရားဟောင်းသည် ချို့ယွင်းနေ၍လော။ လုံးဝမဟုတ်ပါ။ ယင်းသည် အစားထိုးခံလိုက်ရခြင်းကြောင့် ဇာတိဣသရေလလူမျိုးသည် ဘုရားသခင်၏အထူးလူမျိုးမဟုတ်တော့သည်ကား မှန်ပေသည်။ (မဿဲ ၂၃:၃၈) သို့သော် ယင်းသို့ဖြစ်ရခြင်းသည် ဣသရေလလူမျိုး၏မနာခံမှုနှင့် ယေဟောဝါဘိသိက်ပေးထားတော်မူသောသူအား ငြင်းပယ်ကြသောကြောင့် ဖြစ်သည်။ (ထွက်မြောက်ရာ ၁၉:၅; တမန်တော် ၂:၂၂၊ ၂၃) သို့ရာတွင် ပညတ်တရားသည် အစားထိုးခြင်းမခံရမီ များစွာပြီးမြောက်အောင်မြင်ခဲ့ပါသည်။ ရာစုနှစ်နှင့်ချီပြီး ဘုရားသခင်ထံချဉ်းကပ်သည့်နည်းလမ်းကို တင်ပြပေးခဲ့ပြီး ဗာဗုလုန်ဘာသာတရားမှ အကာအကွယ်ပေးခဲ့သည်။ ၎င်းတွင် ပဋိညာဉ်သစ်၏ ရှေ့ပြေးအရိပ်အယောင်များပါဝင်ပြီး ယင်း၏အကြိမ်ကြိမ်ယဇ်ပူဇော်ရခြင်းက လူသားသည် အပြစ်နှင့်သေခြင်းမှ ရွေးနုတ်မှုမဖြစ်မနေ လိုအပ်နေကြောင်း ဖော်ပြပေးသည်။ ‘ပညတ်တရားသည်ခရစ်တော်ထံသို့ ပို့ဆောင်သောအထိန်းဖြစ်’ သည်ကား အမှန်ပင်တည်း။ (ဂလာတိ ၃:၁၉၊ ၂၄; ရောမ ၃:၂၀; ၄:၁၅; ၅:၁၂; ဟေဗြဲ ၁၀:၁၊ ၂) သို့ရာတွင် ပဋိညာဉ်သစ်အားဖြင့် အာဗြဟံအားကတိထားတော်မူသည့် ကောင်းချီးကို အပြည့်အဝခံစားရမည်ဖြစ်သည်။
အာဗြဟံ၏မျိုးနွယ်အားဖြင့် ကောင်းချီးခံစားရသော လူမျိုးများ
၅၊ ၆။ အခြေခံအားဖြင့် အာဗြဟံပဋိညာဉ်၏ ဝိညာဉ်ရေးဆိုင်ရာပြည့်စုံချက်တွင် မည်သူသည် အာဗြဟံ၏မျိုးနွယ်ဖြစ်ပြီး သူ့အားဖြင့် ကောင်းချီးကို မည်သည့်လူမျိုး ဦးဦးဖျားဖျားခံစားရသနည်း။
၅ ယေဟောဝါက အာဗြဟံအား “သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်” ဟုကတိပြုတော်မူခဲ့သည်။ (ကမ္ဘာဦး ၂၂:၁၈) ပဋိညာဉ်တရားဟောင်းလက်အောက်တွင် စိတ်နူးညံ့သော လူမျိုးခြားများစွာတို့သည် အာဗြဟံ၏မျိုးနွယ်ဖွား ဣသရေလလူမျိုးများနှင့် ပေါင်းသင်းခြင်းမှ ကောင်းချီးခံစားခဲ့ရကြသည်။ သို့သော် ယင်း၏အခြေခံဝိညာဉ်ရေးဆိုင်ရာပြည့်စုံချက်တွင် အာဗြဟံ၏မျိုးနွယ်သည် စုံလင်သောအမျိုးသားတစ်ဦးဖြစ်သည်။ ပေါလုက “ကတိတော်တို့ကို အာဗြဟံနှင့်သူ၏အမျိုးအနွယ်၌ထားတော်မူ၏။ ‘အမျိုးအနွယ်’ ဟုအများသောသူတို့ကိုရည်မှတ်၍ မိန့်တော်မူသည်မဟုတ်။ ‘သင်၏အမျိုးအနွယ်’ ဟုတစ်ယောက်သောသူကိုရည်မှတ်၍ မိန့်တော်မူ၏။ ထိုတစ်ယောက်သောသူကား ခရစ်တော်ဖြစ်သတည်း” ဟုပြောကာ ရှင်းပြခဲ့သည်။—ဂလာတိ ၃:၁၆။
၆ မှန်ပါသည်၊ ယေရှုသည် အာဗြဟံ၏မျိုးနွယ်ဖြစ်ပြီး လူမျိုးများသည် ကိုယ်တော်အားဖြင့် ဇာတိဣသရေလလူမျိုးရရှိနိုင်သည့် မည်သည့်အရာထက်မဆို များစွာသာလွန်သည့် ကောင်းချီးကို ရရှိကြသည်။ အမှန်မှာ အဆိုပါကောင်းချီးကို ဦးဦးဖျားဖျားရရှိသည့်လူမျိုးမှာ ဣသရေလလူမျိုးပင်ဖြစ်သည်။ စီ.အီး. ၃၃ ခုနှစ် ပင်တေကုတ္တေပွဲအပြီး မကြာမီတွင် တမန်တော်ပေတရုက ဂျူးအုပ်စုတစ်စုကို ဤသို့မြွက်ကြားခဲ့သည်– “သင်တို့သည် ပရောဖက်အမျိုးအနွယ်ဖြစ်ကြ၏။ ဘုရားသခင်သည် အာဗြဟံကို၊ ‘သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည်ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်’ ဟုဗျာဒိတ်ထားတော်မူ၍၊ ငါတို့ဘိုးဘေးများတို့အားပေးတော်မူသော ပဋိညာဉ်တရားတော်နှင့် သင်တို့သည်ဆိုင်ကြ၏။ သင်တို့တွင် မိမိဒုစရိုက် [မကောင်းသောအကျင့်] တို့ကို ကြဉ်ရှောင်ပယ်ရှားသောသူရှိသမျှတို့အား ကောင်းချီးမင်္ဂလာကိုပေးစေခြင်းငှာ ဘုရားသခင်သည် မိမိသားတော်ယေရှုကို ထမြောက်စေတော်မူပြီးလျှင်၊ သင်တို့ရှိရာသို့ ရှေးဦးစွာစေလွှတ်တော်မူသည်။”—တမန်တော် ၃:၂၅၊ ၂၆။
၇။ အာဗြဟံမျိုးနွယ် ယေရှုအားဖြင့် အဘယ်လူမျိုးများ ကောင်းချီးခံစားခဲ့ရကြသနည်း။
၇ မကြာမီ ထိုကောင်းချီးကို ရှမာရိလူမျိုး၊ ထို့နောက် တစ်ပါးအမျိုးသားတို့ထံသို့ တိုးချဲ့ကမ်းလှမ်းခဲ့သည်။ (တမန်တော် ၈:၁၄-၁၇; ၁၀:၃၄-၄၈) စီ.အီး. ၅၀ နှင့် ၅၂ ခုနှစ်ကြား တစ်ချိန်ချိန်တွင် အာရှမိုင်းနားရှိ ဂလာတိခရစ်ယာန်များထံ ပေါလုဤသို့စာရေးခဲ့သည်– “ဘုရားသခင်သည် ယုံကြည်ခြင်းကိုထောက်၍၊ လူမျိုးခြားတို့ကို ဖြောင့်မတ်ရာ၌တည်စေတော်မူမည်ဟု ကျမ်းစာသည် မြော်မြင်လျက်၊ အာဗြဟံအားအမိန့်ရှိ၍၊ ‘သင့်အားဖြင့်လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်’ ဟုဝမ်းမြောက်ဖွယ်သတင်းတရားကို ဟောနှင့်လေ၏။ သို့ဖြစ်၍ ယုံကြည်ခြင်းရှိသောသူတို့သည် ယုံကြည်သောအာဗြဟံနှင့်အတူ ကောင်းချီးမင်္ဂလာကိုခံရကြ၏။” (ဂလာတိ ၃:၈၊ ၉၊ သမ္မာ; ကမ္ဘာဦး ၁၂:၃) ဂလာတိခရစ်ယာန်များစွာသည် “လူမျိုးခြား” များဖြစ်ကြသော်လည်း သူတို့၏ယုံကြည်ခြင်းကြောင့် ယေရှုအားဖြင့် ကောင်းချီးခံစားခဲ့ကြရသည်။ အဘယ်နည်းဖြင့်နည်း။
၈။ ပေါလုအချိန်ရှိ ခရစ်ယာန်များအတွက် အာဗြဟံ၏မျိုးနွယ်အားဖြင့်ရသည့် ကောင်းချီးများတွင် အဘယ်အရာများပါဝင်သနည်း၊ နောက်ဆုံးတွင် အဆိုပါကောင်းချီးကို အရေအတွက်မည်မျှ ရရှိကြသနည်း။
၈ ဂလာတိခရစ်ယာန်များသည် မည်သည့်နောက်ခံကပင်လာစေကာမူ သူတို့အား ပေါလုက ဤသို့ဆိုသည်– “ခရစ်တော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏အမျိုးအနွယ်ပင်ဖြစ်၍၊ ကတိတော်အတိုင်း အမွေခံ၏အရာ၌တည်ကြ၏။” (ဂလာတိ ၃:၂၉) အဆိုပါဂလာတိမြို့သားများအတွက် အာဗြဟံ၏မျိုးနွယ်အားဖြင့်ရသည့် ကောင်းချီးများတွင် ပဋိညာဉ်သစ်၌ သူတို့ပါဝင်သူများဖြစ်ခွင့်ရခြင်းနှင့် ယေရှုနှင့်အတူ တွဲဖက်နန်းမွေခံများဖြစ်ခွင့်ရခြင်းအပြင် အာဗြဟံ၏မျိုးနွယ်တွင် ယေရှုနှင့်အပေါင်းပါများဖြစ်ခွင့်ရခြင်းတို့ပါဝင်သည်။ ရှေးဣသရေလနိုင်ငံ၏လူဦးရေ မည်မျှရှိသည်ကို ကျွန်ုပ်တို့မသိပါ။ “သမုဒ္ဒရာသဲလုံးနှင့်အမျှများပြား” လာမည်ဖြစ်ကြောင်းကိုသာ ကျွန်ုပ်တို့သိကြသည်။ (၃ ဓမ္မရာဇဝင် ၄:၂၀) သို့သော် ဝိညာဉ်ရေးဆိုင်ရာ ဣသရေလတွင် ယေရှုအပေါင်းပါများ၏နောက်ဆုံးဦးရေမှာ ၁၄၄,၀၀၀ ဖြစ်ကြောင်းကိုမူ ကျွန်ုပ်တို့သိရှိထားကြသည်။ (ဗျာဒိတ် ၇:၄; ၁၄:၁) အဆိုပါ ၁၄၄,၀၀၀ တို့သည် “အသီးသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ” ထွက်လာကြပြီး အာဗြဟံပဋိညာဉ်၏ကောင်းချီးများကို သူတို့အပြင် အခြားသူများပါရရှိစေရန် စီမံကွပ်ကဲရေးတွင် ပါဝင်နေကြပါသည်။—ဗျာဒိတ် ၅:၉၊ ၁၀။
ပရောဖက်ပြုချက်တစ်ခုပြည့်စုံခဲ့
၉။ ပဋိညာဉ်သစ်တွင် ပါဝင်သူတို့အတွင်း၌ ယေဟောဝါ၏ပညတ်တရား မည်သို့ရှိထားသနည်း။
၉ ပဋိညာဉ်သစ်အကြောင်း တင်ကူးဟောသောအခါ ယေရမိက “‘နောင်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား’၊ ငါထာဝရဘုရားသည် ‘ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့သွင်းမည်။ သူတို့နှလုံးပေါ်မှာငါရေးထားမည်’” ဟုရေးသားခဲ့သည်။ (ယေရမိ ၃၁:၃၃) ယေဟောဝါ၏အမှုတော်ကို မေတ္တာဖြင့် ဆောင်ရွက်ခြင်းမှာ ပဋိညာဉ်သစ်တွင်ပါဝင်သူများ၏ စရိုက်လက္ခဏာတစ်ရပ်ဖြစ်သည်။ (ယောဟန် ၁၃:၃၅; ဟေဗြဲ ၁:၉) ယေဟောဝါ၏ပညတ်တရားကို သူတို့နှလုံးထဲတွင် ရေးသွင်းထားရာ သူတို့သည် ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်လိုစိတ် ပြင်းပြနေကြပါသည်။ မှန်သည်၊ ရှေးဣသရေလနိုင်ငံတွင် သစ္စာရှိသူအချို့သည် ယေဟောဝါ၏ပညတ်တရားကို နှစ်နှစ်ကာကာမြတ်နိုးခဲ့ကြသည်။ (ဆာလံ ၁၁၉:၉၇) သို့ရာတွင် အများမှာမူ ထိုသို့မြတ်နိုးခြင်းမရှိခဲ့ပါ။ သို့သော်လည်း သူတို့သည် ထိုလူမျိုးတွင် ဆက်ပါဝင်နေသည်။ ဘုရားသခင့်ပညတ်တရားကို မိမိ၏နှလုံးထဲတွင် ရေးသွင်းမထားလျှင် မည်သူမျှ ပဋိညာဉ်သစ်တွင် ဆက်ပါဝင်နိုင်မည်မဟုတ်ပေ။
၁၀၊ ၁၁။ ပဋိညာဉ်သစ်တွင် ပါဝင်သူများနှင့်ပတ်သက်၍ ယေဟောဝါသည် အဘယ်နည်းဖြင့် “သူတို့၏ဘုရားသခင်ဖြစ်” လာသနည်း၊ သူတို့အားလုံး ကိုယ်တော်ကို မည်သို့သိကြသနည်း။
၁၀ ပဋိညာဉ်သစ်တွင်ပါဝင်သူများနှင့်စပ်လျဉ်း၍ ယေဟောဝါက “ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်” ဟုထပ်၍မိန့်တော်မူသည်။ (ယေရမိ ၃၁:၃၃) ရှေးဣသရေလနိုင်ငံတွင် လူအများသည် လူမျိုးများ၏ဘုရား[သခင်] များကို ကိုးကွယ်နေလျက်ပင် သူတို့သည် ဣသရေလလူမျိုးသာဆက်ဖြစ်နေခဲ့သည်။ ပဋိညာဉ်သစ်ကိုအခြေပြုပြီး ဇာတိဣသရေလလူမျိုးနေရာတွင် အစားထိုးရန် ယေဟောဝါသည် ဝိညာဉ်ရေးဆိုင်ရာ လူမျိုးတစ်မျိုးဖြစ်သော “ဘုရားသခင်၏ဣသရေလအမျိုး” ကိုဖန်ဆင်းတော်မူခဲ့သည်။ (ဂလာတိ ၆:၁၆; မဿဲ ၂၁:၄၃; ရောမ ၉:၆-၈) သို့သော် ယေဟောဝါတစ်ပါးတည်းကိုသာ ကိုးကွယ်ခြင်းအမှုကို ရပ်စဲလိုက်လျှင်မည်သူမျှ ဝိညာဉ်ရေးဆိုင်ရာလူမျိုးသစ်တွင် ဆက်ပါဝင်နိုင်တော့မဟုတ်ပါ။
၁၁ ယေဟောဝါက “အငယ်ဆုံးသောသူမှ အကြီးဆုံးသောသူတိုင်အောင်၊ ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်” ဟူ၍လည်းမိန့်တော်မူပါသည်။ (ယေရမိ ၃၁:၃၄) ဣသရေလနိုင်ငံတွင် လူအများက “ထာဝရဘုရားသည်ကျေးဇူးကိုလည်းမပြု၊ အပြစ်ကိုလည်းမပေး” ဟုပြောဆိုကြခြင်းဖြင့် ယေဟောဝါအား လုံးလုံးဥပေက္ခာပြုခဲ့ကြပါသည်။ (ဇေဖနိ ၁:၁၂) ယေဟောဝါအား ဥပေက္ခာပြုသူ သို့မဟုတ် စင်ကြယ်သောဝတ်ပြုမှုကို ညစ်ညမ်းစေသူ မည်သူမဆိုသည် ဘုရားသခင်၏ဣသရေလအမျိုးတွင် ဆက်ပါဝင်ခွင့်မရနိုင်တော့ပါ။ (မဿဲ ၆:၂၄; ကောလောသဲ ၃:၅) ဝိညာဉ်ရေးဆိုင်ရာ ဣသရေလလူမျိုးတို့သည် “မိမိတို့ဘုရားသခင်ကိုသိသောသူတို့” ဖြစ်ကြသည်။ (ဒံယေလ ၁၁:၃၂) သူတို့သည် ‘တစ်ဆူတည်းသော စစ်မှန်သည့်ဘုရားသခင်နှင့် ယေရှုခရစ်တို့အား သိကျွမ်းခြင်းပညာရယူ’ ခြင်းကို နှစ်ခြိုက်သူများဖြစ်ကြသည်။ (ယောဟန် ၁၇:၃၊ ကဘ) ယေရှုသည် သူမတူထူးခြားသည့်နည်းဖြင့် ‘[ဘုရားသခင်] အကြောင်း ရှင်းပြသူဖြစ်’ သောကြောင့် ယေရှုအားသိကျွမ်းခြင်းဖြင့် ဘုရားသခင်အားသိကျွမ်းခြင်းအသိပညာကို သာ၍နက်ရှိုင်းစေပါသည်။—ယောဟန် ၁:၁၈၊ ကဘ; ၁၄:၉-၁၁။
၁၂၊ ၁၃။ (က) ယေဟောဝါသည် ပဋိညာဉ်သစ်တွင်ပါဝင်သူတို့၏အပြစ်များကို အဘယ်အရာပေါ်အခြေပြုပြီး ခွင့်လွှတ်တော်မူသနည်း။ (ခ) အပြစ်များကို ခွင့်လွှတ်ခြင်းနှင့်ပတ်သက်ပြီး ပဋိညာဉ်သစ်သည် ပဋိညာဉ်ဟောင်းထက် မည်သို့သာလွန်သနည်း။
၁၂ နောက်ဆုံးတွင် ယေဟောဝါက “ငါသည် သူတို့အပြစ်များကိုသည်းခံမည်။ သူတို့ပြုသောဒုစရိုက် [မကောင်းသောအကျင့်] များကို မအောက်မေ့ဘဲနေမည်ဟု” ကတိပြုတော်မူသည်။ (ယေရမိ ၃၁:၃၄ခ) မောရှေပညတ်တွင် ဣသရေလလူမျိုးများလိုက်နာဖို့ တောင်းဆိုထားသည့် အက္ခရာတင်ထားသော မိန့်မှာပြဋ္ဌာန်းချက်များရာနှင့်ချီ၍ပါဝင်သည်။ (တရားဟောရာ ၂၈:၁၊ ၂၊ ၁၅) ပညတ်တရားကို ချိုးဖောက်သူအားလုံးသည် သူတို့၏အပြစ်များကို ဖုံးအုပ်စေဖို့ ယဇ်ပူဇော်ကြရသည်။ (ဝတ်ပြုရာ ၄:၁-၇; ၁၆:၁-၃၁) ဂျူးများစွာက မိမိတို့သည် ပညတ်တရား၏အကျင့်များအားဖြင့် ဖြောင့်မတ်လာနိုင်သည်ဟု ယူဆလာကြသည်။ သို့သော် ခရစ်ယာန်များကမူ မိမိတို့သည် ကိုယ့်အကျင့်များဖြင့် ဖြောင့်မတ်မှုကို ဘယ်တော့မျှ ရနိုင်မည်မဟုတ်ကြောင်းသိကြပါသည်။ သူတို့သည် အပြစ်မပြုမိအောင် ရှောင်၍မရပါ။ (ရောမ ၅:၁၂) ပဋိညာဉ်သစ်အောက်တွင် ဘုရားသခင်ရှေ့ ဖြောင့်မတ်သောရပ်တည်မှုကို ယေရှု၏ယဇ်သကာပေါ်အခြေပြု၍သာ ရရှိနိုင်ပါသည်။ သို့သော် အဆိုပါရပ်တည်မှုသည် ဆုကျေးဇူးတစ်ခု၊ ဘုရားသခင်ထံတော်မှ မခံစားထိုက်သော ကြင်နာမှုဖြစ်သည်။ (ရောမ ၃:၂၀၊ ၂၃၊ ၂၄) ယေဟောဝါသည် မိမိ၏ကျေးကျွန်များထံ နာခံမှုကို တောင်းဆိုနေဆဲပင်ဖြစ်သည်။ ပဋိညာဉ်သစ်အောက်တွင်ရှိသူများသည် “ခရစ်တော်၏တရားအောက်၌ရှိသောသူ” များဖြစ်သည်ဟု ပေါလုဆိုသည်။—၁ ကောရိန္သု ၉:၂၁၊ သမ္မာ။
၁၃ ထို့ကြောင့် ခရစ်ယာန်များအတွက်လည်း အပြစ်ဖြေရာယဇ်တစ်ခုရှိသည်၊ သို့သော် ယင်းသည် ပညတ်ပဋိညာဉ်အောက်ရှိ ယဇ်များထက် များစွာတန်ဖိုးကြီးမားသည့်ယဇ်သကာဖြစ်သည်။ ပေါလုဤသို့ရေးထားသည်– “[ပညတ်ပဋိညာဉ်အောက်ရှိ] ယဇ်ပုရောဟိတ်မည်သည်ကား၊ နေ့တိုင်းဝတ်ပြုလျက်၊ အပြစ်ကိုမဖြေနိုင်သောယဇ်ကို အထပ်ထပ်အဖန်ဖန်ပူဇော်လျက်ရပ်နေရ၏။ ထိုသခင် [ယေရှု] မူကား၊ အပြစ်ကိုဖြေစေခြင်းငှာ ယဇ်တစ်ခုတည်းကိုပူဇော်ပြီးမှစ၍၊ ဘုရားသခင်၏လက်ယာတော်ဘက်၌ အစဉ်အမြဲထိုင်” တော်မူ၏။ (ဟေဗြဲ ၁၀:၁၁၊ ၁၂) ပဋိညာဉ်သစ်တွင်ပါဝင်သော ခရစ်ယာန်များသည် ယေရှု၏ယဇ်သကာကို ယုံကြည်ကြောင်းတင်ပြကြသောကြောင့် သူတို့သည် အပြစ်ကင်းသော ဖြောင့်မတ်သူများဖြစ်ကြောင်း ယေဟောဝါ ကြေညာတော်မူလိုက်ရာ သူတို့သည် ကိုယ်တော်၏ဝိညာဉ်ရေးဆိုင်ရာသားများအဖြစ် ဘိသိက်ပေးခံရမည့်အနေအထားတွင် ရှိနေကြသည်။ (ရောမ ၅:၁; ၈:၃၃၊ ၃၄; ဟေဗြဲ ၁၀:၁၄-၁၈) သူတို့သည် လူ့မစုံလင်မှုကြောင့် အပြစ်ပြုမိသည့်အခါ ယေဟောဝါ၏ခွင့်လွှတ်မှုကိုတောင်းခံနိုင်ကြကာ ယေရှု၏ယဇ်သကာပေါ်အခြေပြုပြီး ယေဟောဝါသည် သူတို့ကို ခွင့်လွှတ်တော်မူသည်။ (၁ ယောဟန် ၂:၁၊ ၂) သို့သော် သူတို့သည် တမင်အပြစ်ပြုသည့်လမ်းကို ရွေးချယ်လျှင် သူတို့၏ဖြောင့်မတ်သောရပ်တည်မှုနှင့် ပဋိညာဉ်သစ်တွင်ပါဝင်သူများဖြစ်ခွင့်တို့ကို ဆုံးရှုံးသွားမည်ဖြစ်သည်။—ဟေဗြဲ ၂:၂၊ ၃; ၆:၄-၈; ၁၀:၂၆-၃၁။
ပဋိညာဉ်အဟောင်းနှင့်အသစ်
၁၄။ ပညတ်ပဋိညာဉ်အောက်တွင်၊ ပဋိညာဉ်သစ်အောက်တွင် အဘယ်အရေဖျားလှီးခြင်း လိုအပ်သနည်း။
၁၄ ပဋိညာဉ်ဟောင်း၌ ပညတ်တရားအောက်တွင်ရှိသည့် အမှတ်အသားတစ်ခုအနေဖြင့် ယောက်ျားလေးများကို အရေဖျားလှီးခဲ့သည်။ (ဝတ်ပြုရာ ၁၂:၂၊ ၃; ဂလာတိ ၅:၃) ခရစ်ယာန်အသင်းတော် စတင်တည်ထောင်ပြီးနောက် အချို့တို့က ဂျူးမဟုတ်သောခရစ်ယာန်များကိုလည်း အရေဖျားလှီးသင့်သည်ဟု ယူဆကြသည်။ သို့သော် ယေရုရှလင်ရှိ တမန်တော်များနှင့် အကြီးအကဲများသည် ဘုရားသခင့်စကားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏လမ်းညွှန်မှုတို့ဖြင့် ထိုသို့ပြုဖို့မလိုအပ်ကြောင်း သိမြင်ခဲ့ကြသည်။ (တမန်တော် ၁၅:၁၊ ၂၊ ၂၈၊ ၂၉) နှစ်အနည်းငယ်ကြာပြီးနောက် ပေါလုက “အပြင်အားဖြင့်သာ ယုဒလူဖြစ်သောသူသည် ယုဒလူမှန်မဟုတ်။ အပြင်အားဖြင့်သာ ကိုယ်အသား၌အရေဖျားလှီးခြင်းသည် အရေဖျားလှီးခြင်းအမှန်မဟုတ်။ အတွင်းအားဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေဖျားလှီးခြင်းလည်း ကျမ်းဟောင်းတရားအားဖြင့်မဟုတ်ဘဲ၊ ဝိညာဉ်တော်တရားအားဖြင့် စိတ်နှလုံးနှင့်စပ်ဆိုင်၏” ဟုပြောခဲ့သည်။ (ရောမ ၂:၂၈၊ ၂၉) ပကတိအရေဖျားလှီးခြင်းသည် ဇာတိဂျူးများအတွက်ပင် ယေဟောဝါမျက်မှောက်တော်၌ ဝိညာဉ်ရေးဆိုင်ရာတန်ဖိုး အလျှင်းမရှိတော့ပါ။ ပဋိညာဉ်သစ်တွင်ပါဝင်သူများအတွက် အသားကိုမဟုတ်ဘဲ နှလုံးကို အရေဖျားလှီးရမည်ဖြစ်သည်။ ယေဟောဝါ၏မျက်မှောက်တော်တွင် မနှစ်မြို့ဖွယ်ရာ သို့မဟုတ် မသန့်ရှင်းရာများဖြစ်သော သူတို့၏အတွေးအခေါ်၊ လိုအင်ဆန္ဒများနှင့် စိတ်လှုံ့ဆော်မှုမှန်သမျှတို့ကို ဖြတ်ထုတ်ပစ်ရမည်ဖြစ်သည်။a ယနေ့များစွာသောသူများသည် ဤနည်းဖြင့် တွေးတောပုံများကိုပြောင်းလဲပေးနိုင်သည့် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုး၏ အသက်ရှင်သောသက်သေများဖြစ်သည်။—၁ ကောရိန္သု ၆:၉-၁၁; ဂလာတိ ၅:၂၂-၂၄; ဧဖက် ၄:၂၂-၂၄။
၁၅။ ဘုရင်အုပ်စိုးမှုနှင့်ပတ်သက်ပြီး ဇာတိဣသရေလလူမျိုးနှင့် ဘုရားသခင်၏ဣသရေလလူမျိုးတို့ကို မည်သို့နှိုင်းယှဉ်မည်နည်း။
၁၅ ပညတ်ပဋိညာဉ်အစီအစဉ်တွင် ယေဟောဝါသည် ဣသရေလရှင်ဘုရင်ဖြစ်တော်မူပြီး နောက်ပိုင်းတွင် ကိုယ်တော်သည် မိမိ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ယေရုရှလင်ရှိ လူသားဘုရင်များမှတစ်ဆင့် အသုံးပြုတော်မူခဲ့သည်။ (ဟေရှာယ ၃၃:၂၂) ယေဟောဝါသည် ဘုရားသခင်၏ဣသရေလလူမျိုးဖြစ်သော ဝိညာဉ်ရေးဆိုင်ရာ ဣသရေလလူမျိုး၏ဘုရင်လည်းဖြစ်တော်မူပြီး စီ.အီး. ၃၃ ခုနှစ်ကတည်းက “ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကို” လက်ခံရရှိထားသည့် ယေရှုခရစ်မှတစ်ဆင့် ကိုယ်တော်အုပ်စိုးတော်မူခဲ့သည်။ (မဿဲ ၂၈:၁၈; ဧဖက် ၁:၁၉-၂၃; ကောလောသဲ ၁:၁၃၊ ၁၄) ယနေ့အချိန်တွင် ဘုရားသခင်၏ဣသရေလလူမျိုးသည် ယေရှုအား ၁၉၁၄ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ဘုရားသခင့်ကောင်းကင်နိုင်ငံတော်ဘုရင်အဖြစ် အသိအမှတ်ပြုကြသည်။ ယေရှုသည် ရှေးဣသရေလနိုင်ငံမှ ဟေဇကိ၊ ယောရှိနှင့် အခြားသစ္စာရှိဘုရင်များထက်ပင် သာလွန်သော ဘုရင်တစ်ပါးဖြစ်သည်။—ဟေဗြဲ ၁:၈၊ ၉; ဗျာဒိတ် ၁၁:၁၅။
၁၆။ ဘုရားသခင်၏ဣသရေလလူမျိုးသည် အဘယ်ယဇ်ပုရောဟိတ်အဖွဲ့မျိုးဖြစ်သနည်း။
၁၆ ဣသရေလနိုင်ငံသည် နိုင်ငံတစ်ခုဖြစ်ရုံမကဘဲ ဘိသိက်ခံယဇ်ပုရောဟိတ်အဖွဲ့တစ်ဖွဲ့လည်းရှိပါသည်။ စီ.အီး. ၃၃ ခုနှစ်တွင် ဘုရားသခင်၏ဣသရေလလူမျိုးသည် ဇာတိဣသရေလနေရာတွင် အစားဝင်လိုက်ရာ ယေဟောဝါ၏ “ကျွန်”၊ ကိုယ်တော်၏ “သက်သေ” ဖြစ်လာလေသည်။ (ဟေရှာယ ၄၃:၁၀) ဟေရှာယ ၄၃:၂၁ နှင့် ထွက်မြောက်ရာ ၁၉:၅၊ ၆ တွင်မှတ်တမ်းတင်ထားသော ဣသရေလလူမျိုးကို ယေဟောဝါမိန့်တော်မူသောစကားများသည် ယခုအချိန်မှစ၍ ဘုရားသခင်၏ဝိညာဉ်ရေးဆိုင်ရာ ဣသရေလလူမျိုးနှင့် သက်ဆိုင်လာလေသည်။ ဘုရားသခင်၏ဝိညာဉ်ရေးဆိုင်ရာ လူမျိုးသစ်သည် ယခုအခါ ‘အရွေးချယ်တော်ခံလူစု၊ တော်ဝင်ယဇ်ပုရောဟိတ်အမျိုးအနွယ်၊ သန့်ရှင်းမြင့်မြတ်သောလူမျိုး၊ အထူးပိုင်ဆိုင်တော်မူသောလူစု’ ဖြစ်လာရာ ‘ယေဟောဝါပြုတော်မူသော အံ့ဖွယ်ကောင်းသည့်အမှုအရာများကို ဖော်ပြကြေညာ’ ရန်တာဝန်ရှိလာလေသည်။ (၁ ပေတရု ၂:၉၊ သတင်းကောင်း) ဘုရားသခင်၏ဣသရေလလူမျိုးတွင်ပါဝင်သော ယောက်ျားမိန်းမအားလုံးသည် စုပေါင်းယဇ်ပုရောဟိတ်အဖွဲ့ဖြစ်လာလေသည်။ (ဂလာတိ ၃:၂၈၊ ၂၉) အာဗြဟံမျိုးနွယ်၏ဒုတိယတန်းစားအနေနှင့် သူတို့သည် ယခု “တစ်ပါးအမျိုးသားတို့၊ သင်တို့သည် ဘုရားသခင်၏လူမျိုးနှင့်အတူ ဝမ်းမြောက်ခြင်းရှိကြလော့” ဟုပြောဆိုကြသည်။ (တရားဟောရာ ၃၂:၄၃) ကမ္ဘာပေါ်တွင် ကျန်ကြွင်းနေသေးသည့် ဝိညာဉ်ရေးဆိုင်ရာ ဣသရေလလူမျိုးမှသူတို့သည် “သစ္စာနှင့်သတိပညာရှိသောကျွန်” ဖြစ်နေပါသည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) သူတို့နှင့်ပူးပေါင်းမှသာ ဘုရားသခင်အားပေးဆက်သည့် လက်ခံတော်မူဖွယ် မြင့်မြတ်သည့်လုပ်ငန်းတော်တွင် ပါဝင်နိုင်မည်ဖြစ်သည်။
ဘုရားသခင့်နိုင်ငံတော်—အပြီးသတ်ပြည့်စုံချက်
၁၇။ ပဋိညာဉ်သစ်တွင်ပါဝင်သူတို့သည် အဘယ်မွေးဖွားမှုကို ခံကြရသနည်း။
၁၇ ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်နောက်ပိုင်းတွင် မွေးဖွားခဲ့သည့်ဣသရေလလူမျိုးများသည် မွေးဖွားသည်နှင့် ပညတ်ပဋိညာဉ်ထဲရောက်ခဲ့ကြသည်။ ပဋိညာဉ်သစ်ထဲသို့ ယေဟောဝါသိမ်းသွင်းတော်မူသောသူများသည်လည်း မွေးဖွားမှုတစ်ခု—သူတို့ကိစ္စတွင်မူ ဝိညာဉ်ရေးဆိုင်ရာ မွေးဖွားမှု—ကိုခံခဲ့ရသည်။ ယေရှုသည် ဖာရိရှဲဖြစ်သူ နိကောဒင်အား ထိုအကြောင်းကို ဤသို့မိန့်တော်မူခဲ့သည်– “ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကိုမဝင်ရဟု ငါအမှန်အကန်ဆိုသည်။” (ယောဟန် ၃:၃) စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် တပည့်တော် ၁၂၀ တို့သည် အဆိုပါမွေးဖွားမှုအသစ်ကိုခံခဲ့ရသည့် ဦးဆုံးသောမစုံလင်သည့်လူသားများဖြစ်သည်။ ပဋိညာဉ်သစ်အောက်တွင် ဖြောင့်မတ်ကြောင်းကြေညာခံရကာ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို တော်ဝင်အမွေ၏ “စရန်” အဖြစ်ရရှိခဲ့ကြသည်။ (ဧဖက် ၁:၁၄) သူတို့သည် ဘုရားသခင့် မွေးစားသားများဖြစ်လာရန် “ဝိညာဉ်တော်အားဖြင့် မွေးဖွား” ခံရခြင်းဖြင့် ယေရှု၏ညီတော်၊ “ခရစ်တော်နှင့်အမွေစားဖက်များ” ဖြစ်လာလေသည်။ (ယောဟန် ၃:၆၊ သတင်းကောင်း; ရောမ ၈:၁၆၊ ၁၇၊ သတင်းကောင်း) သူတို့သည် “ဒုတိယမွေးခြင်း” ခံရသဖြင့် ထူးကဲသောအလားအလာများအတွက် လမ်းပွင့်သွားသည်။
၁၈။ ပဋိညာဉ်သစ်တွင် ပါဝင်သူတို့အတွက် ဒုတိယမွေးဖွားခံရခြင်းသည် အဘယ်ထူးကဲသောအလားအလာများ လမ်းပွင့်သွားသနည်း။
၁၈ ပဋိညာဉ်သစ်ကို အာမခံစေ့စပ်ပေးစဉ် ယေရှုသည် မိမိ၏နောက်တော်လိုက်များနှင့် နောက်ထပ်ပဋိညာဉ်တစ်ခုကို ဖွဲ့တော်မူ၍ ဤသို့ဆိုသည်– “ငါ့ခမည်းတော်သည် နိုင်ငံတစ်ခုအတွက် ငါနှင့်ပဋိညာဉ်ဖွဲ့ထားသည့်နည်းတူ ငါသည် သင်တို့နှင့်ပဋိညာဉ်ဖွဲ့သည်။” (လုကာ ၂၂:၂၉၊ ကဘ) ဤနိုင်ငံတော်ပဋိညာဉ်သည် ဒံယေလ ၇:၁၃၊ ၁၄၊ ၂၂၊ ၂၇ တွင် မှတ်တမ်းတင်ထားသော အလွန်ထူးခြားသည့် ရူပါရုံတစ်ခုပြည့်စုံဖို့အတွက် လမ်းခင်းပေးသည်။ ဒံယေလသည် “အသက်ကြီးသောသူ” ယေဟောဝါဘုရားသခင်က ဘုရင့်အာဏာတော်ကို “လူသားနှင့်တူသောသူတစ်ဦး” အားပေးသည်ကိုတွေ့ မြင်ခဲ့သည်။ ထို့နောက် ‘သန့်ရှင်းသူတို့ . . . သည် နိုင်ငံတော်ကို သိမ်းယူဝင်စား’ ကြောင်း ဒံယေလတွေ့ မြင်ခဲ့သည်။ ထို “လူသားနှင့်တူသောသူတစ်ဦး” မှာ ၁၉၁၄ ခုနှစ်တွင် ယေဟောဝါထံတော်မှ ကောင်းကင်နိုင်ငံတော်ကို ရရှိခဲ့သည့် ယေရှုဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော်တွင် ကိုယ်တော်နှင့်အတူပါဝင်ကြမည့် “သန့်ရှင်းသူတို့” ကား ကိုယ်တော်၏ဝိညာဉ်တော်ဘိသိက်ခံ တပည့်တော်များဖြစ်ကြသည်။ (၁ သက်သာလောနိတ် ၂:၁၂) မည်သို့အားဖြင့်နည်း။
၁၉၊ ၂၀။ (က) ပဋိညာဉ်သစ်တွင်ပါဝင်သူတို့အတွက်မူ အာဗြဟံအား ယေဟောဝါပေးတော်မူသည့် ကတိတော်တွင် ဘုန်းကျက်သရေရှိသော အဘယ်အဆုံးသတ်ပြည့်စုံချက် ရှိမည်နည်း။ (ခ) နောက်ထပ်အဘယ်မေးခွန်းကို သုံးသပ်ဖို့လိုသနည်း။
၁၉ အဆိုပါဘိသိက်ခံများသည် သေဆုံးပြီးနောက် ကောင်းကင်တွင် ဘုရင်များနှင့်ယဇ်ပုရောဟိတ်များအဖြစ် ကိုယ်တော်နှင့်အတူ အမှုတော်ထမ်းရန် မသေနိုင်သောနာမ်ဝိညာဉ်သတ္တဝါများအဖြစ် သေခြင်းမှထမြောက်သည့်ယေရှုနှင့်တူကြမည်ဖြစ်သည်။ (၁ ကောရိန္သု ၁၅:၅၀-၅၃; ဗျာဒိတ် ၂၀:၄၊ ၆) ဘုန်းကျက်သရေအလွန်ရှိသော မျှော်လင့်ချက်ပင်တည်း! “သူတို့သည်” ခါနာန်ပြည်လောက်သာမကဘဲ “မြေကြီးပေါ်မှာ စိုးစံကြရလိမ့်မည်။” (ဗျာဒိတ် ၅:၁၀၊ သမ္မာ) သူတို့သည် “ရန်သူတို့၏မြို့တံခါးများကို အစိုးရလိမ့်မည်” လော။ (ကမ္ဘာဦး ၂၂:၁၇) ရန်လိုစိတ်ရှိသော ဘာသာရေးပြည့်တန်ဆာ မဟာဗာဗုလုန်၏ပျက်စီးခြင်းကို သူတို့တွေ့ မြင်ရကြပြီး ယေရှုခရစ်နှင့်အတူ ဤရှင်ပြန်ထမြောက်ပြီးသော ဘိသိက်ခံများသည် လူမျိုးများကို “သံလှံတံနှင့်” အုပ်စိုး၍ စာတန့်ခေါင်းကိုကြိတ်သည့်အခါ သူတို့သည် ပြတ်ပြတ်သားသား အစိုးရကြမည်ဖြစ်သည်။ သို့နှင့် သူတို့သည် ကမ္ဘာဦး ၃:၁၅ ပါပရောဖက်ပြုချက်၏ အဆုံးသတ်အသေးစိတ်ပြည့်စုံရေးတွင် တစ်စိတ်တစ်ပိုင်းအနေနှင့်ပါဝင်ကြပါလိမ့်မည်။—ဗျာဒိတ် ၂:၂၆၊ ၂၇; ၁၇:၁၄; ၁၈:၂၀၊ ၂၁; ရောမ ၁၆:၂၀။
၂၀ သို့သော် အာဗြဟံပဋိညာဉ်နှင့် ပဋိညာဉ်သစ်တို့သည် အဆိုပါ သစ္စာရှိသူ ၁၄၄,၀၀၀ နှင့်သာ သက်ဆိုင်သလောဟု ကျွန်ုပ်တို့မေးပေမည်။ မဟုတ်ပါလေ၊ နောက်ဆောင်းပါးတွင် တွေ့ရမည်ဖြစ်သည့်အတိုင်း ဤပဋိညာဉ်တို့တွင် တိုက်ရိုက်မပါဝင်သောသူများသည် ယင်းတို့မှတစ်ဆင့် ကောင်းချီးခံစားကြရမည်။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ နယူးယောက်မှထုတ်ဝေသော ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း [လိပ်] အတွဲ ၁၊ စာမျက်နှာ ၄၇၀ ရှု။
သင်သတိရသလော
▫ ပဋိညာဉ်သစ်၏လုပ်ငန်းစတင်ခြင်းကို မည်သည့်အချိန်တွင် ဦးဆုံးတွေ့ မြင်ခဲ့ရသနည်း။
▫ ပဋိညာဉ်ဟောင်းအားဖြင့် အဘယ်အရာပြီးမြောက်အောင်မြင်ခဲ့သနည်း။
▫ မည်သူသည် အာဗြဟံမျိုးနွယ်၏အဓိကရပုဂ္ဂိုလ်ကြီးဖြစ်သနည်း၊ အဘယ်အစဉ်အတိုင်း ထိုမျိုးနွယ်အားဖြင့် လူမျိုးများ ကောင်းချီးခံစားခဲ့ကြရသနည်း။
▫ ၁၄၄,၀၀၀ အတွက် အာဗြဟံပဋိညာဉ်နှင့် ပဋိညာဉ်သစ်တို့၏အဆုံးသတ်ပြည့်စုံချက်ကား အဘယ်နည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
အပြစ်များကို ခွင့်လွှတ်ခြင်းသည် ပဋိညာဉ်ဟောင်းအောက်ရှိသူများအတွက်ထက် ပဋိညာဉ်သစ်အောက်ရှိသူများအတွက် ပို၍ အဓိပ္ပာယ်လေးနက်မှု ရှိသည်