ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၂/၁ စာ. ၈-၁၂
  • ယေဟောဝါသည် ပဋိညာဉ်များ၏ ဘုရားသခင်ဖြစ်တော်မူသည်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသည် ပဋိညာဉ်များ၏ ဘုရားသခင်ဖြစ်တော်မူသည်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာဗြဟံနှင့်ဖွဲ့သော ပဋိညာဉ်
  • “ပဋိညာဉ်တရားဟောင်း”
  • ပညတ်ပဋိညာဉ်အားဖြင့်ရသည့် ကောင်းချီးများ
  • ဣသရေလနိုင်ငံရှိ ဘာသာဝင်များ
  • ယေဟောဝါသည် အာဗြဟံ၏မျိုးနွယ်ကို ကောင်းချီးပေး
  • ပဋိညာဉ်သစ်လိုအပ်
  • ပဋိညာဉ်သစ်အားဖြင့် သာ၍ကြီးမားသော ကောင်းချီးများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ဘုရားသခင့် ထာဝရရည်ရွယ်တော်မူချက် အကြုံးဝင်သော ပဋိညာဉ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • မင်းတို့ဟာ ‘ယဇ်ပုရောဟိတ်နိုင်ငံ’ ဖြစ်လာလိမ့်မယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဘုရားသခင့်ပဋိညာဉ်များမှသင်အကျိုးကျေးဇူး ခံစားမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၂/၁ စာ. ၈-၁၂

ယေဟောဝါသည် ပဋိညာဉ်များ၏ ဘုရားသခင်ဖြစ်တော်မူသည်

‘ပဋိညာဉ်တရားသစ်ကို ဣသရေလအမျိုးသား၊ ယုဒအမျိုးသား၌ငါပေးမည်။’—ယေရမိ ၃၁:၃၂။

၁၊ ၂။ (က) စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်နေ့ညတွင် အဘယ်ပွဲကို ယေရှုအစပြုကျင်းပတော်မူခဲ့သနည်း။ (ခ) မိမိ၏သေခြင်းနှင့်ဆက်စပ်ပြီး အဘယ်ပဋိညာဉ်ကို ယေရှု ရည်ညွှန်းဖော်ပြတော်မူခဲ့သနည်း။

စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်နေ့ညတွင် ယေရှုသည် မိမိ၏တမန်တော် ၁၂ ပါးနှင့်အတူ ပသခါပွဲကို ကျင်းပတော်မူခဲ့သည်။ ယင်းသည် သူတို့နှင့်အတူ နောက်ဆုံးစားသောက်ခြင်းဖြစ်မည့်အကြောင်း၊ ရန်သူများလက်ချက်ဖြင့် မကြာမီသေရတော့မည့်အကြောင်း သိတော်မူသောကြောင့် ယေရှုသည် ဤအချိန်အခါကို အခွင့်ကောင်းယူကာ မိမိအရင်းနှီးဆုံးတပည့်တော်များအား အရေးတကြီးကိစ္စများစွာကို ရှင်းပြတော်မူခဲ့သည်။—ယောဟန် ၁၃:၁–၁၇:၂၆။

၂ ယေရှုသည် ယုဒရှကာရုတ်ကို ထွက်သွားစေပြီးနောက် ခရစ်ယာန်များစောင့်ထိန်းဖို့ မိန့်မှာထားသည့် တစ်ခုတည်းသော နှစ်စဉ်ဝတ်ပြုရေးပွဲဖြစ်သည့် ကိုယ်တော်၏သေခြင်းအောက်မေ့ရာပွဲကို ဤအချိန်တွင် စတင်ကျင်းပတော်မူခဲ့သည်။ မှတ်တမ်းက ဤသို့ဆိုသည်– “ထိုအခါ စားလျက်နေကြစဉ်တွင်၊ ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ‘ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့’ ဟုမိန့်တော်မူလျက်၊ တပည့်တော်တို့အား ပေးတော်မူ၏။ ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍၊ ‘သင်တို့ရှိသမျှသည် သောက်ကြလော့။ ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကိုလွှတ်စေခြင်းငှာသွန်းသော ငါ၏အသွေးဖြစ်၏။’” (မဿဲ ၂၆:၂၆-၂၈) ယေရှု၏နောက်တော်လိုက်တို့သည် ကိုယ်တော်၏သေခြင်းကို ရိုးရိုးရှင်းရှင်း၊ သိက္ခာရှိရှိနည်းဖြင့် အမှတ်ရကြရန်ဖြစ်သည်။ ထို့အပြင် ယေရှုသည် မိမိ၏သေခြင်းနှင့် ဆက်နွှယ်သည့်ပဋိညာဉ်တစ်ခုကို ရည်ညွှန်းဖော်ပြတော်မူခဲ့သည်။ ယင်းကို လုကာ၏မှတ်တမ်းတွင် “ပဋိညာဉ်တရားသစ်” ဟုခေါ်ထားသည်။—လုကာ ၂၂:၂၀။

၃။ ပဋိညာဉ်သစ်နှင့်ပတ်သက်ပြီး အဘယ်မေးခွန်းများကို မေးကြသနည်း။

၃ ထိုပဋိညာဉ်တရားသစ်ကား အဘယ်နည်း။ ယင်းသည် ပဋိညာဉ်တရားသစ် ဖြစ်လျှင် ပဋိညာဉ်တရားဟောင်း ရှိသည်ဟုဆိုလိုခြင်းလော။ ယင်းနှင့်ဆက်စပ်သည့် အခြားပဋိညာဉ်တစ်စုံတစ်ရာရှိပါသလော။ “လူများတို့၏အပြစ်ကိုလွှတ်စေခြင်းငှာ” ပဋိညာဉ်တရား၏အသွေးကို သွန်းလောင်းမည်ဖြစ်ကြောင်း ယေရှုမိန့်တော်မူသည့်အတွက် ယင်းတို့သည် အရေးကြီးသောမေးခွန်းများဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် အဆိုပါခွင့်လွှတ်မှုကို မဖြစ်မနေလိုအပ်သည်။—ရောမ ၃:၂၃။

အာဗြဟံနှင့်ဖွဲ့သော ပဋိညာဉ်

၄။ အဘယ်ရှေးကတိတော်သည် ပဋိညာဉ်သစ်ကို ကျွန်ုပ်တို့နားလည်စေရန် အထောက်အကူပြုသနည်း။

၄ ပဋိညာဉ်တရားသစ်ကို နားလည်ရန် ယေရှု မြေကြီးပေါ် [ခရစ်ယာန်] ဓမ္မအမှုဆောင်ချိန်မတိုင်မီ အနှစ် ၂,၀၀၀ နီးပါးက တေရနှင့် သူ့မိသားစု—အာဗြံ (နောက်ပိုင်း အာဗြဟံဟုခေါ်) နှင့် အာဗြံဇနီး စာရဲ (နောက်ပိုင်း စာရာဟုခေါ်) အပါအဝင်—တို့ ခါလဒဲလူမျိုးများနေထိုင်ရာ စည်ပင်ဖွံ့ဖြိုးသောဥရမြို့မှ မြောက်ပိုင်းမက်ဆိုပိုတေးမီးယားရှိ ခါရန်သို့ ခရီးပြင်းနှင်သည့်အချိန်ကို ကျွန်ုပ်တို့ပြန်သွားဖို့လိုသည်။ တေရသေသည်အထိ ဤအရပ်တွင် သူတို့နေခဲ့ကြသည်။ ထို့နောက် ယေဟောဝါ၏မိန့်မှာချက်အတိုင်း ၇၅ နှစ်ရှိပြီဖြစ်သောအာဗြဟံသည် ယူဖရေးတီးမြစ်ကိုဖြတ်ကူးပြီး အနောက်တောင်ဘက်ရှိ ခါနာန်ပြည်သို့ခရီးနှင်ကာ ခြေသလုံးအိမ်တိုင်ဘဝဖြင့် တဲထိုး၍နေလေသည်။ (ကမ္ဘာဦး ၁၁:၃၁–၁၂:၁၊ ၄၊ ၅; တမန်တော် ၇:၂-၅) အချိန်ကား ဘီ.စီ.အီး. ၁၉၄၃ ခုနှစ်တည်း။ အာဗြဟံသည် ခါရန်၌ရှိနေသေးစဉ် သူ့အား ယေဟောဝါ မိန့်တော်မူသည်ကား “ငါသည်သင့်ကိုလူမျိုးကြီးဖြစ်စေမည်။ ငါကောင်းချီးပေး၍ သင်၏နာမကိုကြီးမြတ်စေမည်။ သင်သည်ကောင်းချီးခံရသောသူဖြစ်လိမ့်မည်။ သင့်ကိုကောင်းချီးပေးသောသူကို ငါကောင်းချီးပေးမည်။ သင့်ကိုကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင့်အားဖြင့်လည်း လူမျိုးအပေါင်းတို့လည် ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်။” အာဗြဟံသည် ခါနာန်ပြည်ထဲသို့ ဖြတ်ကူးဝင်ရောက်ပြီးနောက်တွင် “ဤပြည်ကိုသင်၏အမျိုးအနွယ်အား ငါပေးမည်” ဟုယေဟောဝါ ထပ်၍မိန့်တော်မူခဲ့သည်။—ကမ္ဘာဦး ၁၂:၂၊ ၃၊ ၇။

၅။ အာဗြဟံကို ယေဟောဝါပြုခဲ့သည့်ကတိတော်သည် အဘယ် သမိုင်းဝင်ပရောဖက်ပြုချက်နှင့် ဆက်နွှယ်နေသနည်း။

၅ အာဗြဟံကိုပေးသည့် ကတိတော်သည် ယေဟောဝါ၏အခြားကတိတော်များနှင့် ဆက်စပ်နေပါသည်။ အမှန်မှာ ယင်းကြောင့်ပင် အာဗြဟံသည် လူ့သမိုင်းတွင် အဓိကရပုဂ္ဂိုလ်ကျော်ကြီး၊ မှတ်တမ်းတင်ခဲ့ဖူးသမျှတွင် ဦးဆုံးပရောဖက်ပြုချက်ပြည့်စုံမှု၏ ကွင်းဆက်တစ်ဦးဖြစ်ခဲ့ရသည်။ ဧဒင်ဥယျာဉ်တွင် အာဒံနှင့်ဧဝတို့အပြစ်ပြုပြီးနောက် ယေဟောဝါသည် သူတို့နှစ်ဦးကို စီရင်ချက်ချမှတ်တော်မူခဲ့ပြီး တစ်ချိန်တည်းတွင်ပင် ဧဝကိုလှည့်ဖြားခဲ့သည့် စာတန်ကို ကိုယ်တော်ဤသို့မိန့်ဆိုခဲ့သည်– “သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည်သင်၏ခေါင်းကိုကြိတ်လိမ့်မည်၊ သင်သည်သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။” (ကမ္ဘာဦး ၃:၁၅) အာဗြဟံနှင့်ဖွဲ့သော ယေဟောဝါ၏ပဋိညာဉ်က စာတန်၏လုပ်ဆောင်ချက်များကို ပယ်ဖျက်မည့်မျိုးနွယ်တော်သည် အဆိုပါဘိုးဘေး၏မျိုးရိုးမှ ပေါ်ထွန်းလာမည်ဖြစ်ကြောင်းပြသသည်။

၆။ (က) အာဗြဟံကို ယေဟောဝါပြုခဲ့သည့် ကတိတော်သည် မည်သူ့အားဖြင့် ပြည့်စုံမည်နည်း။ (ခ) အာဗြဟံပဋိညာဉ်ကား အဘယ်နည်း။

၆ ယေဟောဝါ၏ကတိတော်သည် မျိုးနွယ်တစ်ရပ်နှင့် ဆက်စပ်နေသောကြောင့် အာဗြဟံ၌ ထိုမျိုးနွယ်ဆင်းသက်လာနိုင်သည့် သားတစ်ယောက်ရှိဖို့လိုသည်။ သို့သော် သူနှင့်စာရာတို့မှာ အိုမင်းနေပြီး သားသမီးလည်းမရှိကြချေ။ သို့သော်နောက်ဆုံးတွင် ယေဟောဝါသည် သူတို့ကိုကောင်းချီးပေးပြီး သူတို့၏သားသမီးထွန်းကားနိုင်သည့်အစွမ်းကို အံ့ဖွယ်နည်းဖြင့်ပြန်ရလာစေရာ စာရာသည် အာဗြဟံအား သားဣဇာက်ကို မွေးဖွားပေးခဲ့သည်၊ သို့နှင့် မျိုးနွယ်ဆိုင်ရာကတိတော်ကို ဆက်လက်ရှင်သန်စေခဲ့သည်။ (ကမ္ဘာဦး ၁၇:၁၅-၁၇; ၂၁:၁-၇) နှစ်များကြာညောင်းပြီးနောက်—ချစ်လှစွာသော သားဣဇာက်ကို ယဇ်ကောင်အနေနှင့်ပူဇော်ဖို့ ဝန်မလေးသည့်စမ်းသပ်ချက်အထိ—အာဗြဟံ၏ယုံကြည်ခြင်းကို စမ်းသပ်ပြီးနောက် အာဗြဟံအား ယေဟောဝါက ဤသို့ကတိထပ်ပေးခဲ့သည်– “ငါသည်သင့်အား အစဉ်အမြဲကောင်းချီးပေးမည်။ သင်၏အမျိုးအနွယ်ကိုလည်း ကောင်းကင်ကြယ်ကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့လည်းကောင်း အစဉ်အမြဲပွားများစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးများကို အစိုးရလိမ့်မည်။ သင်၏အမျိုးအနွယ်အားဖြင့် လူအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ၏စကားကို သင်နားထောင်သောကြောင့် . . . ဟု . . . ဆင့်ဆိုလေ၏။” (ကမ္ဘာဦး ၂၂:၁၅-၁၈) ဤတိုးချဲ့ကတိတော်ကို အာဗြဟံပဋိညာဉ်ဟုခေါ်လေ့ရှိပြီး နောက်ပေးသည့် ပဋိညာဉ်သစ်သည် ယင်းနှင့်နီးကပ်စွာ ဆက်စပ်နေမည်ဖြစ်သည်။

၇။ အာဗြဟံ၏မျိုးနွယ်သည် အရေအတွက်မည်သို့တိုးပွားခဲ့သနည်း၊ မည်သည့်အခြေအနေများက အီဂျစ်ပြည်တွင် သူတို့သွားရောက်နေထိုင်ရသည့် အဖြစ်ဆိုက်စေခဲ့သနည်း။

၇ အချိန်တန်သော် ဣဇာက်တွင် ဧသောနှင့်ယာကုပ်အမည်ရှိ အမြွှာသားနှစ်ယောက် ရလာသည်။ ကတိထားရာမျိုးနွယ်၏ဘိုးဘေးအဖြစ် ယာကုပ်ကို ယေဟောဝါ ရွေးချယ်တော်မူခဲ့သည်။ (ကမ္ဘာဦး ၂၈:၁၀-၁၅; ရောမ ၉:၁၀-၁၃) ယာကုပ်တွင် သား ၁၂ ယောက်ထွန်းကားသည်။ ယခုအခါတွင် အာဗြဟံ၏မျိုးနွယ်သည် စတင်တိုးပွားတော့မည့်အချိန်ရောက်ပြီဖြစ်ကြောင်း ထင်ရှားသည်။ ယာကုပ်သားများ လူလားမြောက်လာသောအခါ သူတို့အများအပြား၏မိသားစုများနှင့်အတူ အငတ်ဘေးကြောင့် အားလုံးအီဂျစ်ပြည်သို့ မဖြစ်မနေပြောင်းနေရကြသည်၊ ဤတွင် ဘုရားသခင့်ပြင်ဆင်ပေးချက်ဖြင့် ယာကုပ်၏သားယောသပ်သည် လမ်းခင်းပေးထားလေသည်။ (ကမ္ဘာဦး ၄၅:၅-၁၃; ၄၆:၂၆၊ ၂၇) နှစ်အနည်းငယ်ကြာပြီးနောက် ခါနာန်အငတ်ဘေး ရပ်သွားလေသည်။ သို့သော် ယာကုပ်၏မိသားစုသည် အီဂျစ်ပြည်တွင် ဆက်နေကြသည်—အစတွင် ဧည့်သည်များအဖြစ် တည်းခဲ့သော်လည်း နောက်ပိုင်းတွင် ကျေးကျွန်များအဖြစ်နှင့် ဖြစ်သည်။ ယူဖရေးတီးမြစ်ကို အာဗြဟံဖြတ်ကူးပြီးနောက် အနှစ် ၄၃၀ အကြာဖြစ်သည့် ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်ရောက်မှသာ မောရှေသည် ယာကုပ်၏သားမြေးများကို အီဂျစ်ပြည်မှ လွတ်မြောက်ရာသို့ ဦးဆောင်ခေါ်ထုတ်ခဲ့လေသည်။ (ထွက်မြောက်ရာ ၁:၈-၁၄; ၁၂:၄၀၊ ၄၁; ဂလာတိ ၃:၁၆၊ ၁၇) ယခု ယေဟောဝါသည် အာဗြဟံနှင့်ဖွဲ့သော မိမိ၏ပဋိညာဉ်ကို အထူးအာရုံစိုက်တော်မူမည်။—ထွက်မြောက်ရာ ၂:၂၄; ၆:၂-၅။

“ပဋိညာဉ်တရားဟောင်း”

၈။ သိနာတောင်တွင် ယေဟောဝါသည် ယာကုပ်၏သားမြေးများကို အဘယ်အရာ ပေးတော်မူခဲ့သနည်း၊ ယင်းသည် အာဗြဟံပဋိညာဉ်နှင့် အဘယ်သို့ပတ်သက်နေသနည်း။

၈ ယာကုပ်နှင့်သူ၏သားတို့ အီဂျစ်ပြည်သို့ ပြောင်းသွားချိန်က သူတို့သည် တိုးချဲ့မိသားစုဖြစ်သော်လည်း သူတို့၏သားမြေးများ အီဂျစ်ပြည်မှ ထွက်ခွာလာကြချိန်တွင် အနွယ်များစွာပါဝင်သည့် လူစုကြီးတစ်စုဖြစ်နေပေပြီ။ (ထွက်မြောက်ရာ ၁:၅-၇; ၁၂:၃၇၊ ၃၈) ယေဟောဝါသည် ခါနာန်ပြည်သို့ သူတို့ကိုမခေါ်ဆောင်သွားမီ တောင်ဘက်အရပ် အာရေဗျရှိ ဟောရပ် (ခေါ် သိနာ) အမည်ရှိသော တောင်ခြေသို့ ခေါ်ဆောင်သွားတော်မူသည်။ ဤတွင် သူတို့နှင့် ပဋိညာဉ်တစ်ခုဖွဲ့တော်မူခဲ့သည်။ ယင်းသည် “ပဋိညာဉ်တရားသစ်” နှင့်ဆက်နွှယ်မှုရှိသည့် “ပဋိညာဉ်တရားဟောင်း” ဟုခေါ်တွင်လာလေသည်။ (၂ ကောရိန္သု ၃:၁၄၊ သမ္မာ) ယေဟောဝါသည် ပဋိညာဉ်တရားဟောင်းအားဖြင့် အာဗြဟံနှင့်ဖွဲ့ခဲ့သည့် မိမိပဋိညာဉ်အား ပုံဥပမာနည်းဖြင့်ပြည့်စုံမှုကို လုပ်ဆောင်ခဲ့သည်။

၉။ (က) ယေဟောဝါသည် အဘယ်အရာလေးခုကို အာဗြဟံပဋိညာဉ်အားဖြင့် ကတိပြုတော်မူခဲ့သနည်း။ (ခ) ဣသရေလူမျိုးနှင့်ဖွဲ့သည့် ယေဟောဝါ၏ပဋိညာဉ်က အဘယ်ထပ်ဆင့်အလားအလာများ ပွင့်သွားစေသနည်း၊ အဘယ်အရာပေါ် မူတည်သနည်း။

၉ ယေဟောဝါသည် ဣသရေလလူမျိုးအား ဤပဋိညာဉ်ပါ စည်းကမ်းချက်များကို ဤသို့ရှင်းပြတော်မူခဲ့သည်– “ယခုတွင် သင်တို့သည် ငါ့စကားကိုအမှန်နားထောင်၍ ငါ့ပဋိညာဉ်ကိုစောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှသည် ငါ၏ဥစ္စာဖြစ်၏။ သင်တို့သည်လည်း မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး [“ယဇ်ပုရောဟိတ်နိုင်ငံ၊” သမ္မာ]၊ သန့်ရှင်းသောလူမျိုး ဖြစ်ရကြလိမ့်မည်။” (ထွက်မြောက်ရာ ၁၉:၅၊ ၆) အာဗြဟံ၏မျိုးနွယ်သည် (၁) လူမျိုးကြီးဖြစ်လာမည်၊ (၂) ရန်သူများအပေါ် အောင်ပွဲဆင်မည်၊ (၃) ခါနာန်ပြည်ကို အမွေရမည်၊ (၄) လူမျိုးများကောင်းချီးရဖို့အတွက် လမ်းကြောင်းဖြစ်မည်ဟု ယေဟောဝါကတိပြုတော်မူခဲ့သည်။ သူတို့သည် ကိုယ်တော်၏မိန့်မှာချက်များကို နာခံကြမည်ဆိုလျှင် ကိုယ်တော်၏ အထူးလူမျိုးဖြစ်သော ဣသရေလလူမျိုးအနေနှင့် အဆိုပါကောင်းချီးများကို သူတို့ကိုယ်တိုင်အမွေရနိုင်ပြီး “ယဇ်ပုရောဟိတ်နိုင်ငံ၊ သန့်ရှင်းသောလူမျိုး” ဖြစ်လာမည့်အကြောင်း ယခု ကိုယ်တော်ထုတ်ပြောတော်မူခဲ့သည်။ ဣသရေလလူမျိုးသည် ဤပဋိညာဉ်ဖွဲ့ဖို့ သဘောတူခဲ့ကြပါသလော။ သူတို့သည် တစ်သွေးတစ်သံတည်းဖြင့် ဤသို့ဖြေဆိုခဲ့ကြသည်– “ထာဝရဘုရားမိန့်တော်မူသမျှကို အကျွန်ုပ်တို့ပြုပါမည်။”—ထွက်မြောက်ရာ ၁၉:၈။

၁၀။ ယေဟောဝါသည် ဣသရေလလူမျိုးများကို လူမျိုးတစ်မျိုးအဖြစ် မည်သို့ဖွဲ့စည်းခဲ့သနည်း၊ ကိုယ်တော်သည် သူတို့ထံမှ အဘယ်အရာကိုတောင်းဆိုသနည်း။

၁၀ ထိုအကြောင်းကြောင့် ယေဟောဝါသည် ဣသရေလလူမျိုးများကို လူမျိုးတစ်မျိုးအဖြစ် ဖွဲ့စည်းတော်မူခဲ့သည်။ ဝတ်ပြုရေးနှင့် ပြည်သူပြည်သားဘဝအတွက် သူတို့အားကြပ်မတ်ပေးသည့် ပညတ်တော်များကို ချမှတ်ပေးတော်မူခဲ့သည်။ ကိုယ်တော်သည် တဲတော် (နောက်ပိုင်းတွင် ယေရုရှလင်ဗိမာန်တော်) နှင့်ထိုတဲတော်တွင် မြင့်မြတ်သန့်ရှင်းသောလုပ်ငန်းကို ထမ်းဆောင်ဖို့ ယဇ်ပုရောဟိတ်အဖွဲ့တစ်ဖွဲ့ကိုလည်း စီမံပေးတော်မူခဲ့သည်။ ပဋိညာဉ်ကို စောင့်စည်းခြင်းမည်သည် ယေဟောဝါ၏ပညတ်တော်များကို နာခံခြင်းနှင့် အထူးသဖြင့် ကိုယ်တော်ကိုသာ ဝတ်ပြုခြင်းဖြစ်သည်။ ဤပညတ်တော်အားလုံး၏ ဗဟိုအချုပ်ဖြစ်သည့် ပညတ်တော်ဆယ်ပါးတွင် ဦးဆုံးပညတ်ကားဤသို့– “ငါသည် သင့်ကိုကျွန်ခံနေရာ အဲဂုတ္တုပြည်မှကယ်နုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။”—ထွက်မြောက်ရာ ၂၀:၂၊ ၃။

ပညတ်ပဋိညာဉ်အားဖြင့်ရသည့် ကောင်းချီးများ

၁၁၊ ၁၂။ ပဋိညာဉ်ဟောင်းပါ ကတိတော်များသည် အဘယ်နည်းများဖြင့် ဣသရေလလူမျိုး၌ ပြည့်စုံခဲ့သနည်း။

၁၁ ပညတ်ပဋိညာဉ်၌ပါသော ကတိတော်တို့သည် ဣသရေလလူမျိုးတွင် ပြည့်စုံခဲ့ပါသလော။ ဣသရေလလူမျိုးသည် “သန့်ရှင်းသောလူမျိုး” ဖြစ်လာသလော။ အာဒံ၏သားမြေးများပင်ဖြစ်သည့် ဣသရေလလူမျိုးတို့သည် အပြစ်သားများဖြစ်သည်။ (ရောမ ၅:၁၂) သို့တိုင် ပညတ်တရားအောက်တွင် သူတို့၏အပြစ်များကို ဖုံးအုပ်ပေးဖို့ ယဇ်ကောင်များကို ပူဇော်ကြရသည်။ နှစ်စဉ်အပြစ်ဖြေရာနေ့တွင် ယဇ်ကောင်များ ပူဇော်ခြင်းနှင့်စပ်လျဉ်း၍ ယေဟောဝါက “သင်တို့သည် ထာဝရဘုရားရှေ့တော်၌ အပြစ်ရှိသမျှနှင့်ကင်းစင်မည်အကြောင်း၊ ထိုနေ့ရက်၌ ယဇ်ပုရောဟိတ်သည် သင်တို့ကိုစင်ကြယ်စေခြင်းငှာ၊ အပြစ်ဖြေခြင်းကိုပြုရမည်” ဟုမိန့်မြွက်တော်မူခဲ့သည်။ (ဝတ်ပြုရာ ၁၆:၃၀) ထို့ကြောင့် ဣသရေလလူမျိုးသည် သစ္စာရှိနေလျှင် သန့်ရှင်းသောလူမျိုးဖြစ်ပြီး ယေဟောဝါ၏လုပ်ငန်းတော်အတွက် စင်ကြယ်နေမည်ဖြစ်သည်။ သို့သော် ဤစင်ကြယ်သောအခြေအနေသည် ပညတ်တရားကို သူတို့နာခံခြင်းနှင့် ယဇ်ကောင်များကို ဆက်၍ပူဇော်နေခြင်းအပေါ်တွင် မူတည်နေပါသည်။

၁၂ ဣသရေလလူမျိုးသည် “ယဇ်ပုရောဟိတ်နိုင်ငံ” ဖြစ်လာပါသလော။ ယင်းသည် အစကတည်းက ကောင်းကင်ဘုရင်အဖြစ် ယေဟောဝါအုပ်စိုးတော်မူသော နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။ (ဟေရှာယ ၃၃:၂၂) ထို့အပြင် ပညတ်ပဋိညာဉ်တွင် လူအုပ်စိုးမှုအတွက် ပြင်ဆင်ပေးချက်များ ပါဝင်သည်ဖြစ်ရာ ဤသို့ဖြင့် နောက်ပိုင်း၌ ယေရုရှလင်တွင် အုပ်စိုးသောဘုရင်များသည် ယေဟောဝါအား ကိုယ်စားပြုသည်။ (တရားဟောရာ ၁၇:၁၄-၁၈) သို့သော် ဣသရေလနိုင်ငံသည် ယဇ်ပုရောဟိတ်နိုင်ငံဖြစ်ခဲ့သလော။ အမှန်ဆိုလျှင် တဲတော်၌ သန့်ရှင်းမြင့်မြတ်သောလုပ်ငန်း ထမ်းရွက်သည့် ယဇ်ပုရောဟိတ်အဖွဲ့တစ်ဖွဲ့ရှိခဲ့သည်။ တဲတော် (နောက်ပိုင်း၌ ဗိမာန်တော်) သည် ဣသရေလလူမျိုးအတွက်ကော ဣသရေလလူမျိုးမဟုတ်သူများအတွက်ပါ စင်ကြယ်သောဝတ်ပြုရေး၏ဗဟိုဌာနဖြစ်သည်။ ထို့အပြင် ဤလူမျိုးသည် လူသားတို့အား အမှန်တရားဖွင့်ပြသည့် တစ်ခုတည်းသော ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည်။ (၂ ရာဇဝင်ချုပ် ၆:၃၂၊ ၃၃; ရောမ ၃:၁၊ ၂) လေဝိယဇ်ပုရောဟိတ်များသာမက သစ္စာရှိဣသရေလအားလုံးသည် ယေဟောဝါ၏ “သက်သေ” များဖြစ်ကြသည်။ ဣသရေလလူမျိုးသည် ‘ကိုယ်တော်၏ဂုဏ်ကျေးဇူးကို ပြဖို့’ ဖွဲ့စည်းထားသည့် ယေဟောဝါ၏ “ကျွန်” ဖြစ်သည်။ (ဟေရှာယ ၄၃:၁၀၊ ၂၁) နှိမ့်ချမှုရှိသော လူမျိုးခြားများစွာသည် လူမျိုးတော်အကျိုးအလို့ငှာပြခဲ့သည့် ယေဟောဝါ၏တန်ခိုးတော်ကို တွေ့ မြင်ခဲ့ကြပြီး စင်ကြယ်သောဝတ်ပြုရေးသို့ ဆွဲဆောင်ခံခဲ့ရကြသည်။ သူတို့သည် ဘာသာဝင်များဖြစ်လာကြလေသည်။ (ယောရှု ၂:၉-၁၃) သို့သော် တစ်နွယ်တည်းသာ ဘိသိက်ခံယဇ်ပုရောဟိတ်များအဖြစ် အမှန်တကယ်အမှုထမ်းခဲ့သည်။

ဣသရေလနိုင်ငံရှိ ဘာသာဝင်များ

၁၃၊ ၁၄။ (က) ဘာသာဝင်များသည် ပညတ်ပဋိညာဉ်တွင် ပါဝင်သူများမဟုတ်ကြပါဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။ (ခ) ဘာသာဝင်တို့သည် ပညတ်ပဋိညာဉ်အောက် မည်သို့ရောက်သွားသနည်း။

၁၃ ဤဘာသာဝင်များ၏ အခြေအနေကားအသို့နည်း။ ယေဟောဝါသည် မိမိ၏ပဋိညာဉ်ကိုဖွဲ့ချိန်က ဣသရေလလူမျိုးနှင့်သာဖွဲ့တော်မူခဲ့သည်; “အမျိုးမျိုးသောလူအများတို့သည်” လိုက်လာကြသော်လည်း ပါဝင်သူများအဖြစ် သတ်မှတ်ခြင်းမခံရကြပါ။ (ထွက်မြောက်ရာ ၁၂:၃၈; ၁၉:၃၊ ၇၊ ၈) ဣသရေလသားဦးများအတွက် ရွေးဖိုးငွေကို တွက်သောအခါ ၎င်းတို့၏သားဦးများကို ထည့်မတွက်ခဲ့ပါ။ (တောလည်ရာ ၃:၄၄-၅၁) ဆယ်စုနှစ်များစွာလွန်ပြီးနောက် ခါနာန်ပြည်ကို ဣသရေလအနွယ်များအားခွဲဝေပေးသောအခါ ဣသရေလလူမျိုးမဟုတ်သော ယုံကြည်သူများအတွက် မည်သည့်အရာကိုမျှ သီးသန့်ခွဲဝေပေးခြင်းမရှိပါ။ (ကမ္ဘာဦး ၁၂:၇; ယောရှု ၁၃:၁-၁၄) အဘယ်ကြောင့်နည်း။ ပညတ်ပဋိညာဉ်ကို ဘာသာဝင်များနှင့် မဖွဲ့ခဲ့သောကြောင့်ဖြစ်သည်။ သို့သော် ဘာသာဝင်အမျိုးသားများသည် ပညတ်တရားအတိုင်း အရေဖျားလှီးခံကြပါသည်။ သူတို့သည် ယင်း၏ပြဋ္ဌာန်းချက်များကို စောင့်ရကြပြီး ယင်း၏အစီအစဉ်များမှ အကျိုးခံစားခဲ့ရကြသည်။ ဘာသာဝင်များကော ဣသရေလလူမျိုးများပါ ပညတ်ပဋိညာဉ်အောက် ရောက်လာလေသည်။—ထွက်မြောက်ရာ ၁၂:၄၈၊ ၄၉; တောလည်ရာ ၁၅:၁၄-၁၆; ရောမ ၃:၁၉။

၁၄ ဥပမာ၊ ဘာသာဝင်တစ်ဦးသည် တစ်စုံတစ်ဦးကို အမှတ်တမဲ့သတ်မိလျှင် သူသည် ဣသရေလလူမျိုးတစ်ယောက်ကဲ့သို့ပင် ခိုလှုံရာမြို့တစ်မြို့သို့ ပြေးနိုင်သည်။ (တောလည်ရာ ၃၅:၁၅၊ ၂၂-၂၅; ယောရှု ၂၀:၉) အပြစ်ဖြေရာနေ့တွင် ယဇ်တစ်ခုကို “ဣသရေလပရိသတ်အပေါင်းတို့အဖို့” ပူဇော်သည်။ ပရိသတ်အဝင်ဖြစ်သူများအနေနှင့် ဘာသာဝင်များသည် ယင်း၏လုပ်ငန်းဆောင်တာများတွင် ပါဝင်လုပ်ကိုင်ပေးကြရပြီး ထိုယဇ်ဖြင့် ဖုံးအုပ်ခံရကြသည်။ (ဝတ်ပြုရာ ၁၆:၇-၁၀၊ ၁၅၊ ၁၇၊ ၂၉; တရားဟောရာ ၂၃:၇၊ ၈) ပညတ်တရားအောက်တွင် ဘာသာဝင်တို့နှင့် ဣသရေလလူမျိုးသည် အလွန်နီးစပ်ကြသောကြောင့် ‘နိုင်ငံတော်၏ ပထမသော့’ ကို ဂျူးလူမျိုးတို့အတွက် အသုံးပြုခဲ့သည့် စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ဘာသာဝင်များပါ အကျိုးခံစားခဲ့ရကြသည်။ ရလဒ်အနေနှင့် “ယုဒဘာသာဝင်သော အန္တိအုတ်မြို့သား နိကောလ” သည် ခရစ်ယာန်တစ်ယောက်ဖြစ်လာပြီး ယေရုရှလင်အသင်းတော်၏ လိုအပ်ရာများကို ကြည့်ရှုဂရုစိုက်ပေးဖို့ခန့်အပ်ခံရသူ “အသရေရှိသောလူခုနစ်ယောက်တို့” တွင် တစ်ယောက်အဝင်ဖြစ်ခဲ့သည်။—မဿဲ ၁၆:၁၉; တမန်တော် ၂:၅-၁၀; ၆:၃-၆; ၈:၂၆-၃၉။

ယေဟောဝါသည် အာဗြဟံ၏မျိုးနွယ်ကို ကောင်းချီးပေး

၁၅၊ ၁၆။ အာဗြဟံအားပြုခဲ့သည် ယေဟောဝါ၏ပဋိညာဉ်သည် ပညတ်ပဋိညာဉ်အောက်တွင် မည်သို့ပြည့်စုံခဲ့သနည်။

၁၅ အာဗြဟံ၏သားမြေးများကို ပညတ်တရားအောက်တွင် လူမျိုးတစ်မျိုးအဖြစ် ဖွဲ့စည်းထားသောကြောင့် ထိုဘိုးဘေးကို ပြုခဲ့သည့် မိမိကတိတော်အတိုင်း ယေဟောဝါသည် သူတို့အား ကောင်းချီးပေးတော်မူခဲ့သည်။ ဘီ.စီ.အီး. ၁၄၇၃ ခုနှစ်တွင် မောရှေကို ဆက်ခံသူ ယောရှုသည် ဣသရေလလူမျိုးကို ခါနာန်ပြည်သို့ ဦးဆောင်ခေါ်သွားသည်။ နောက်ပိုင်းတွင် ထိုပြည်ကို အနွယ်အသီးသီးအား ခွဲဝေပေးခြင်းက ဤပြည်ကို အာဗြဟံ၏အမျိုးအားပေးမည်ဟူသည့် ယေဟောဝါ၏ကတိတော်ကို ပြည့်စုံစေခဲ့သည်။ ဣသရေလလူမျိုးတို့ သစ္စာရှိနေသည့်အချိန်တွင် ယေဟောဝါသည် ကတိရှိတော်မူသည့်အတိုင်း သူတို့၏ရန်သူများအပေါ် အောင်ပွဲဆင်ခွင့်ပေးတော်မူခဲ့သည်။ အထူးသဖြင့် ဘုရင်ဒါဝိဒ်မင်းပြုချိန်တွင် ထိုသို့ဖြစ်ပျက်ခဲ့သည်။ ဒါဝိဒ်၏သားတော် ရှောလမုန်လက်ထက်တွင် အာဗြဟံပဋိညာဉ်၏တတိယကဏ္ဍ ပြည့်စုံလေသည်။ “ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှများပြား၍ စားသောက်ပျော်မွေ့လျက်နေကြ၏။”—၃ ဓမ္မရာဇဝင် ၄:၂၀။

၁၆ အာဗြဟံ၏အမျိုးဖြစ်သော ဣသရေလလူမျိုးအားဖြင့် လူမျိုးများကိုယ်တိုင် မည်သို့ ကောင်းချီးခံစားရမည်နည်း။ ဖော်ပြခဲ့သည့်အတိုင်း ဣသရေလလူမျိုးသည် ယေဟောဝါ၏အထူးလူမျိုးတစ်မျိုးဖြစ်ပြီး ကိုယ်တော်၏ကိုယ်စားလှယ်တော်ဖြစ်သည်။ ဣသရေလလူမျိုးတို့ ခါနာန်ပြည်ကို ချဉ်းနင်းဝင်ရောက်ချိန်မတိုင်မီလေးတွင် မောရှေက “တစ်ပါးအမျိုးသားတို့၊ သင်တို့သည် ဘုရားသခင်၏လူမျိုးနှင့်အတူ ဝမ်းမြောက်ခြင်းရှိကြလော့” ဟုပြောခဲ့သည်။ (တရားဟောရာ ၃၂:၄၃) လူမျိုးခြားများစွာ တုံ့ပြန်ခဲ့ကြသည်။ “အမျိုးမျိုးသောလူအများတို့သည်” ဣသရေလလူမျိုးတို့နောက် အီဂျစ်ပြည်မှ ထွက်လိုက်လာခဲ့ပြီဖြစ်ရာ တောကန္တာရတွင် ယေဟောဝါ၏တန်ခိုးတော်ကို တွေ့မြင်ခဲ့ကြရပြီး ဝမ်းမြောက်ကြပါဟူသည့် မောရှေ၏ဖိတ်ခေါ်ချက်ကို ကြားခဲ့ကြရသည်။ (ထွက်မြောက်ရာ ၁၂:၃၇၊ ၃၈) နောက်ပိုင်းတွင် မောဘအမျိုးသမီး ရုသသည် ဣသရေလအမျိုးသား ဗောဇနှင့်ထိမ်းမြားလိုက်ရာ မေရှိယ၏ဘေးမတစ်ဦးဖြစ်လာလေသည်။ (ရုသ ၄:၁၃-၂၂) ကေနိအမျိုးသား ယောနဒပ်နှင့် သူ၏သားမြေးများအပြင် အီသီယိုးပီးယားလူမျိုး ဧဗဒမေလက်တို့သည် ဇာတိဣသရေလလူမျိုးများစွာက သစ္စာမဲ့နေကြသည့်အချိန်တွင် ဖြောင့်မှန်သောမူများကို လိုက်နာခြင်းအားဖြင့် ထင်ပေါ်ခဲ့ကြသည်။ (၄ ဓမ္မရာဇဝင် ၁၀:၁၅-၁၇; ယေရမိ ၃၅:၁-၁၉; ၃၈:၇-၁၃) ပါရှားအင်ပါယာလက်အောက်တွင် လူမျိုးခြားများစွာသည် ဘာသာဝင်များဖြစ်လာကြပြီး ဣသရေလလူမျိုးနှင့်အတူ ၎င်း၏ရန်သူများကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။—ဧသတာ ၈:၁၇၊ ကဘ၊ အောက်ခြေမှတ်ချက်။

ပဋိညာဉ်သစ်လိုအပ်

၁၇။ (က) ယေဟောဝါသည် မြောက်ပိုင်းနှင့်တောင်ပိုင်းဣသရေလနိုင်ငံတို့ကို အဘယ်ကြောင့် ငြင်းပယ်တော်မူခဲ့သနည်း။ (ခ) အဘယ်အရာက အဆုံးတွင်ဂျူးများကို ငြင်းပယ်ရသည့်အဖြစ် ဆိုက်စေခဲ့သနည်း။

၁၇ သို့သော်ဘုရားသခင့်ကတိတော်၏ အပြည့်အဝပြည့်စုံမှုကိုရနိုင်ရန် ဘုရားသခင်၏အထူးလူမျိုးတော်သည် သစ္စာရှိရမည်ဖြစ်သည်။ သစ္စာမရှိခဲ့ကြပေ။ ယုံကြည်ခြင်းကို အထင်အရှားပြခဲ့ကြသည့် ဣသရေလလူမျိုးများရှိသည်မှာ မှန်ပါသည်။ (ဟေဗြဲ ၁၁:၃၂–၁၂:၁) သို့သော်လည်း ထိုလူမျိုးသည် အယူမှားသူများ၏ဘုရား[သခင်] များဘက်သို့ အကြိမ်ပေါင်းများစွာ လှည့်သွားကာ စည်းစိမ်ရှိဖို့ မျှော်ကိုးခဲ့ကြသည်။ (ယေရမိ ၃၄:၈-၁၆; ၄၄:၁၅-၁၈) လူတို့သည် ပညတ်တရားကို အလွဲသုံးစားလုပ်ကြ၊ လျစ်လျူရှုကြသည့်အထိပင်ဖြစ်သည်။ (နေဟမိ ၅:၁-၅; ဟေရှာယ ၅၉:၂-၈; မာလခိ ၁:၁၂-၁၄) ရှောလမုန်သေပြီးနောက် ဣသရေလနိုင်ငံသည် မြောက်ပိုင်းနှင့်တောင်ပိုင်းနိုင်ငံဟူ၍ နှစ်နိုင်ငံကွဲသွားခဲ့သည်။ မြောက်ပိုင်းနိုင်ငံသည် လုံးလုံးပုန်ကန်ကြသောအခါ ယေဟောဝါက “သင်သည် ပညာကိုပယ်သောကြောင့်၊ ငါ့ယဇ်ပုရောဟိတ်အဖြစ်သို့မရောက်စေခြင်းငှာ သင့်ကိုငါပယ်မည်” ဟုကြေညာတော်မူခဲ့သည်။ (ဟောရှေ ၄:၆) တောင်ပိုင်းနိုင်ငံသည်လည်း ပဋိညာဉ်ကိုပယ်သောကြောင့် ပြင်းထန်စွာ အပြစ်ဒဏ်စီရင်ခံခဲ့ရသည်။ (ယေရမိ ၅:၂၉-၃၁) ဂျူးများက ယေရှုအား မေရှိယအဖြစ် လက်မခံငြင်းပယ်ကြသောအခါ ယေဟောဝါသည် သူတို့ကို အလားတူ ငြင်းပယ်တော်မူခဲ့သည်။ (တမန်တော် ၃:၁၃-၁၅; ရောမ ၉:၃၁–၁၀:၄) နောက်ဆုံးတွင် ယေဟောဝါသည် အာဗြဟံပဋိညာဉ်ကို လုံးလုံးပြည့်စုံစေရန် အစီအစဉ်သစ်တစ်ခုကို စီမံပေးတော်မူခဲ့သည်။—ရောမ ၃:၂၀။

၁၈၊ ၁၉။ အာဗြဟံပဋိညာဉ်ကို အပြည့်အဝပြည့်စုံစေနိုင်ရန် အဘယ်အစီအစဉ်သစ်ကို ယေဟောဝါစီမံတော်မူခဲ့သနည်း။

၁၈ ထိုအစီအစဉ်သစ်မှာ ပဋိညာဉ်သစ်ဖြစ်သည်။ ယင်းနှင့်ပတ်သက်ပြီး ယေဟောဝါ ဤသို့ တင်ကူးမိန့်မြွက်ခဲ့သည်– “ထာဝရဘုရားမိန့်တော်မူသည်ကား . . . ‘ပဋိညာဉ်တရားသစ်ကို ဣသရေလအမျိုးသား၊ ယုဒအမျိုးသား၌ ငါပေးသောအချိန်ကာလ ရောက်လိမ့်မည်။ . . . နောင်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သောပဋိညာဉ်တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့သွင်းမည်။ သူတို့နှလုံးပေါ်မှာငါရေးထားမည်။ ငါသည် သူတို့၏ဘုရား [သခင်] ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။’”—ယေရမိ ၃၁:၃၁-၃၃။

၁၉ ထိုပဋိညာဉ်သစ်ကား စီ.အီး. ၃၃ နိသန် ၁၄ ရက်တွင် ယေရှုရည်ညွှန်းခဲ့သည့်အရာပင်တည်း။ ထိုအချိန်တွင် ယေရှုသည် အာမခံအဖြစ် မိမိ၏တပည့်တော်များနှင့် ယေဟောဝါစပ်ကြားတွင် ကတိထားတော်မူသော ပဋိညာဉ်ကို ဖွဲ့တော့မည်ဖြစ်ကြောင်း ဖွင့်ဟမိန့်တော်မူခဲ့သည်။ (၁ ကောရိန္သု ၁၁:၂၅; ၁ တိမောသေ ၂:၅; ဟေဗြဲ ၁၂:၂၄) ဤပဋိညာဉ်သစ်အားဖြင့် အာဗြဟံကိုပြုခဲ့သည့် ယေဟောဝါ၏ကတိတော်သည် ပို၍ခမ်းနားထည်ဝါစွာဖြင့် ထာဝရပြည့်စုံရဖို့ဖြစ်ကြောင်း နောက်ဆောင်းပါးတွင် ကျွန်ုပ်တို့သိမြင်ကြရမည်ဖြစ်သည်။

သင်ရှင်းပြနိုင်သလော

▫ ယေဟောဝါသည် အာဗြဟံပဋိညာဉ်တွင် အဘယ်ကတိပြုခဲ့သနည်း။

▫ ယေဟောဝါသည် ဇာတိဣသရေလလူမျိုးအပေါ် အာဗြဟံပဋိညာဉ်ပြည့်စုံစေရန် မည်သို့လုပ်ဆောင်ခဲ့သနည်း။

▫ ဘာသာဝင်များသည် ပဋိညာဉ်ဟောင်းမှ မည်သို့အကျိုးခံစားခဲ့ကြရသနည်း။

▫ ပဋိညာဉ်သစ်တစ်ခု အဘယ်ကြောင့်လိုအပ်သနည်း။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ပညတ်ပဋိညာဉ်အားဖြင့် ယေဟောဝါသည် အာဗြဟံပဋိညာဉ်၏ပုံဥပမာဖြင့်ပြည့်စုံချက်ကို လုပ်ဆောင်ခဲ့သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ