-
“ဘုရားသခင်၏ဣသရေလအမျိုး” နှင့် “လူအုပ်ကြီး”ကင်းမျှော်စင်—၁၉၉၅ | ဇူလိုင် ၁
-
-
“ယဇ်ပုရောဟိတ်နိုင်ငံ” စစ်စစ်
၇၊ ၈။ ပညတ်တရားပဋိညာဉ်အောက်တွင် ရှေးဣသရေလလူမျိုးသည် အဘယ်အတိုင်းအတာအထိ ယဇ်ပုရောဟိတ်နိုင်ငံ၊ သန့်ရှင်းသောလူမျိုးဖြစ်သနည်း။
၇ ယေဟောဝါသည် ဣသရေလလူမျိုးကို ကိုယ်တော်၏အထူးလူမျိုးအဖြစ် ရွေးချယ်တော်မူစဉ်က သူတို့နှင့် ပဋိညာဉ်ဖွဲ့တော်မူပြီး ဤသို့မိန့်တော်မူခဲ့သည်– “ယခုတွင် သင်တို့သည် ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကိုစောင့်ရှောက်လျှင် လူမျိုးတကာထက် သင်တို့သည် အထူးငါပိုင်ဆိုင်ရာလူမျိုးဖြစ်ရကြလိမ့်မည်။ မြေကြီးလုံးသည် ငါ့အပိုင်ဖြစ်၏။ သင်တို့သည်လည်း ငါ့အဖို့ယဇ်ပုရောဟိတ်နိုင်ငံ၊ သီးသန့်သောလူမျိုးဖြစ်ရကြလိမ့်မည်။” (ထွက်မြောက်ရာ ၁၉:၅၊ ၆၊ သမ္မာ) ဣသရေလလူမျိုးသည် ပညတ်တရားပဋိညာဉ်ကြောင့် ယေဟောဝါ၏ အထူးပိုင်ရာလူမျိုးဖြစ်သည်။ သို့သော် ယဇ်ပုရောဟိတ်နိုင်ငံ၊ သန့်ရှင်းသောလူမျိုးဆိုင်ရာ ကတိတော်သည် မည်သို့ပြည့်စုံလိမ့်မည်နည်း။
၈ ဣသရေလလူမျိုးသည် သစ္စာရှိစဉ်က ယေဟောဝါ၏ပိုင်သအုပ်စိုးခွင့်ကို အသိအမှတ်ပြုပြီး ကိုယ်တော်ကို သူတို့၏ရှင်ဘုရင်အဖြစ် လက်ခံထားကြသည်။ (ဟေရှာယ ၃၃:၂၂) သို့ဖြင့် သူတို့သည် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။ သို့သော် နောက်ပိုင်းထင်ရှားလာသည့်အတိုင်း “နိုင်ငံတော်” ဆိုင်ရာကတိတော်သည် ထိုထက်မက အဓိပ္ပာယ်ရှိရမည်ဖြစ်သည်။ ထို့ပြင် သူတို့သည် ယေဟောဝါ၏ပညတ်တရားကို လိုက်နာကျင့်သုံးကြသည့်အခါ သန့်ရှင်းကြပြီး သူတို့ဝန်းကျင်ရှိလူမျိုးတို့နှင့်မတူ သီးသန့်ဖြစ်ကြောင်း ထင်ရှားသည်။ သူတို့သည် သန့်ရှင်းသောလူမျိုးဖြစ်သည်။ (တရားဟောရာ ၇:၅၊ ၆) သူတို့သည် ယဇ်ပုရောဟိတ်နိုင်ငံဖြစ်ပါသလော။ အမှန်မှာ ဣသရေလနိုင်ငံတွင် ဗိမာန်တော်လုပ်ငန်းအတွက် လေဝိအမျိုးကို သီးသန့်ထားခဲ့သည်။ ထိုအမျိုးအနွယ်တွင်တစ်ဖန် လေဝိအနွယ်ဆက်ခံသူ ယဇ်ပုရောဟိတ်အမျိုးရှိပြန်သည်။ မောရှေပညတ္တိကျမ်းစာကို စစီရင်ထုံးဖွဲ့သောအခါ လေဝိသားယောက်ျားများကို လေဝိအမျိုးမဟုတ်သောမိသားစုတိုင်းမှ သားဦးများအတွက် အလဲအလှယ်အဖြစ် သိမ်းပိုက်ခဲ့သည်။a(ထွက်မြောက်ရာ ၂၂:၂၉; တောလည်ရာ ၃:၁၁-၁၆၊ ၄၀-၅၁) သို့ဖြင့် ဗိမာန်တော်လုပ်ငန်းတွင် ဣသရေလနိုင်ငံရှိ မိသားစုတိုင်းသည် ကိုယ်စားပြုခံရဘိသကဲ့သို့ဖြစ်ပါသည်။ ယင်းကား လူမျိုးတစ်မျိုးအနေနှင့် ယဇ်ပုရောဟိတ်အမျိုးဖြစ်ခြင်းတွင် အနီးကပ်ဆုံးနည်းပင်ဖြစ်သည်။ သို့ဖြစ်စေကာမူ သူတို့သည် လူမျိုးအပေါင်းတို့ရှေ့တွင် ယေဟောဝါကို ကိုယ်စားပြုကြပါသည်။ စစ်မှန်သောဘုရားသခင်ကို ကိုးကွယ်လိုသူ မည်သည့်တစ်ပါးအမျိုးသားမဆိုသည် ဣသရေလလူမျိုးနှင့်အတူ ပူးပေါင်းကိုးကွယ်ရမည်ဖြစ်သည်။—၂ ရာဇဝင်ချုပ် ၆:၃၂၊ ၃၃; ဟေရှာယ ၆၀:၁၀။
၉။ မြောက်ဘက်ဣသရေလနိုင်ငံကို ‘ကိုယ်တော်၏ယဇ်ပုရောဟိတ်အဖြစ်အမှုထမ်းခြင်းမှ ယေဟောဝါ အဘယ်ကြောင့်ပယ်ခဲ့ရသနည်း။
၉ ရှောလမုန်မင်းကြီး ကွယ်လွန်ပြီးနောက် ဘုရားသခင်၏လူမျိုးသည် ဘုရင်ယေရောဗောင်လက်အောက် မြောက်ဘက်ဣသရေလနိုင်ငံနှင့် ဘုရင်ရောဗောင်လက်အောက် တောင်ဘက်ယုဒနိုင်ငံသို့ နှစ်ခြမ်းကွဲသွားပါသည်။ စစ်မှန်သောဝတ်ပြုရေးတည်စိုက်ရာ ဗိမာန်တော်သည် ယုဒနယ်တွင်ရှိနေသည်ဖြစ်ရာ ယေရောဗောင်သည် မိမိနိုင်ငံ၏နယ်နိမိတ်အတွင်း နွားရုပ်များတည်ဆောက်ခြင်းအားဖြင့် တရားတော်နှင့်ဆန့်ကျင်သောကိုးကွယ်မှုကို စတင်လိုက်လေသည်။ ထို့ပြင် “မြင့်သောအရပ်ပေါ်မှာ အိမ်ကိုဆောက်၍ လေဝိသားမဟုတ်သော သာမညလူတို့ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ၏။” (၃ ဓမ္မရာဇဝင် ၁၂:၃၁) တစ်ပါးအမျိုးသားဖြစ်သူ ဇနီးယေဇဗေလအား အာဟပ်မင်းသည် နိုင်ငံအတွင်း ဗာလဝတ်ပြုမှုကို တည်ထောင်ခွင့်ပြုပြီးနောက် မြောက်ဘက်လူမျိုးသည် မှောက်မှားသောဝတ်ပြုရေးတွင် နစ်သည်ထက်နစ်မွန်းလေသည်။ နောက်ဆုံး ထိုတော်လှန်ပုန်ကန်သောနိုင်ငံကို ယေဟောဝါတရားစီရင်တော်မူချက်ကိုထုတ်ပြန်ခဲ့သည်။ ဟောရှေမှတစ်ဆင့် ကိုယ်တော်က ဤသို့မိန့်တော်မူ၏– “ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံးကြ၏။ သင်သည် ပညာကိုပယ်သောကြောင့် ငါ့ယဇ်ပုရောဟိတ်အဖြစ်သို့ မရောက်စေခြင်းငှာ သင့်ကိုငါပယ်မည်။” (ဟောရှေ ၄:၆) ထိုနောက်မကြာမီပင် အာရှုရိလူမျိုးသည် မြောက်ဘက်ဣသရေလနိုင်ငံကို ဖျက်ဆီးချေမှုန်းပစ်ခဲ့သည်။
၁၀။ တောင်ဘက်နိုင်ငံသည် သစ္စာရှိစဉ်က လူမျိုးအပေါင်းရှေ့တွင် ယေဟောဝါကို မည်သို့ကိုယ်စားပြုသနည်း။
၁၀ တောင်ဘက်ယုဒနိုင်ငံကော၊ မည်သို့ဖြစ်ပျက်သနည်း။ ဟေဇကိမင်းလက်ထက်တွင် ဟေရှာယမှတစ်ဆင့် သူတို့အား ယေဟောဝါ ဤသို့မိန့်တော်မူသည်– “သင်တို့သည် . . . ငါ၏သက်သေ၊ ငါရွေးကောက်သောကျွန်ဖြစ်ကြ၏။ . . . ကိုယ်အဖို့ ငါဖန်ဆင်းသောထိုလူမျိုးသည် ငါ၏ဂုဏ်ကျေးဇူးကို ပြရလိမ့်မည်။” (ဟေရှာယ ၄၃:၁၀၊ ၂၁; ၄၄:၂၁) တောင်ဘက်နိုင်ငံသည် သစ္စာရှိစဉ်က ယေဟောဝါ၏ဂုဏ်တော်ကို လူမျိုးအပေါင်းရှေ့ ချီးမွမ်းကာ စိတ်နှလုံးမှန်ကန်သူများအား ကိုယ်တော့်ဗိမာန်တော်တွင် ကိုယ်တော့်ကို ကိုးကွယ်ဝတ်ပြုရန်နှင့် တရားဝင်ဖြစ်သော လေဝိယဇ်ပုရောဟိတ်အစီအစဉ်အားဖြင့် အကျိုးကျေးဇူးများခံစားရစေရန် ဆွဲဆောင်နိုင်ခဲ့သည်။
-
-
“ဘုရားသခင်၏ဣသရေလအမျိုး” နှင့် “လူအုပ်ကြီး”ကင်းမျှော်စင်—၁၉၉၅ | ဇူလိုင် ၁
-
-
ဝိညာဏလူမျိုး
၁၅။ ဣသရေလတိုင်းရင်းသားများသည် မေရှိယကိုလက်ခံရန် ငြင်းပယ်ကြသောအခါ အဘယ်အကျိုးသက်ရောက်ခဲ့သနည်း။
၁၅ ဣသရေလလူမျိုးကို စင်ကြယ်စေရန်နှင့် လူအမျိုးမျိုးတို့နှင့် သီးသန့်ဖြစ်စေရန် ပညတ်တရားကိုပေးတော်မူခြင်းဖြစ်သည်။ သို့သော် အခြားရည်ရွယ်ချက်တစ်ခုလည်းရှိသေးသည်။ တမန်တော်ပေါလုက ဤသို့ရေးသည်– “ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှာ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကို ပို့ဆောင်၍ ငါတို့၏အထိန်းဖြစ်သတည်း။” (ဂလာတိ ၃:၂၄) ဝမ်းနည်းစရာကား၊ ဣသရေလအများစုသည် ခရစ်တော်ထံသို့ ပညတ်တရား၏ပို့ဆောင်မှုကို လက်မခံခဲ့ခြင်းဖြစ်သည်။ (မဿဲ ၂၃:၁၅; ယောဟန် ၁:၁၁) ထိုကြောင့် ၎င်းလူမျိုးကို ယေဟောဝါဘုရားသခင်ငြင်းပယ်တော်မူပြီး “ဘုရားသခင်၏ဣသရေလအမျိုး” ကိုဖွားမြင်စေတော်မူသည်။ ထို့ပြင် ဤဣသရေလအမျိုးသစ်၏ အရည်အချင်းပြည့် ပြည်တော်သားများဖြစ်ခွင့်ကို ဂျူးမဟုတ်သူများအား ကိုယ်တော်ကမ်းလှမ်းဖိတ်ကြားတော်မူခဲ့သည်။ (ဂလာတိ ၃:၂၈; ၆:၁၆) ဤလူမျိုးသစ်အပေါ် ထွက်မြောက်ရာ ၁၉:၅၊ ၆ ပါတော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့ဆိုင်ရာ ယေဟောဝါ၏ကတိတော်သည် အံ့ချီးဖွယ်နည်းဖြင့် နောက်ဆုံးပြည့်စုံလာလေသည်။ မည်သို့အားဖြင့်နည်း။
၁၆၊ ၁၇။ ကမ္ဘာပေါ်ရှိ ဘိသိက်ခံခရစ်ယာန်များသည် အဘယ်သဘောမျိုးဖြင့် “မင်းစည်းစိမ်ရှိသော” သူများ “ယဇ်ပုရောဟိတ်မျိုး” ဖြစ်သနည်း။
၁၆ သူ့ခေတ်ရှိ ဘိသိက်ခံခရစ်ယာန်များထံ ပေတရုစာရေးချိန်တွင် ထွက်မြောက်ရာ ၁၉:၆ ကိုကိုးကားခဲ့သည်– “သင်တို့မူကား၊ . . . ‘ရွေးချယ်တော်မူသောအမျိုးဖြစ်၏။ မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ဆိုင်တော်မူရာအထူး ဖြစ်ကြ၏။’” (၁ ပေတရု ၂:၉၊ ကဘ) ယင်းက ဘာကိုဆိုလိုသနည်း။ ကမ္ဘာပေါ်ရှိ ဘိသိက်ခံခရစ်ယာန်များသည် ရှင်ဘုရင်များ ဖြစ်ကြပါသလော။ မဟုတ်ပါ။ သူတို့၏မင်းရိုက်ရာသည် အနာဂတ်တွင် ရှိသေးသည်။ (၁ ကောရိန္သု ၄:၈) မည်သို့ဆိုစေကာမူ အနာဂတ်တွင် ဘုရင်ဆိုင်ရာအခွင့်အရေးများကို သူတို့အား အပ်နှင်းမည်ဖြစ်ရာ ဤသဘောမျိုးဖြင့် သူတို့သည် “မင်းစည်းစိမ်ရှိ” သူများဖြစ်ကြပါသည်။ ယခုပင်လျှင် သူတို့သည် မဟာပိုင်သအုပ်စိုးရှင် ယေဟောဝါဘုရားသခင် ခန့်အပ်ထားတော်မူသော ရှင်ဘုရင်ယေရှု အစိုးရသောလူမျိုးဖြစ်နေ၏။ ပေါလုက ဤသို့ရေးသားသည်– “[ယေဟောဝါသည်] မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနုတ်၍ ချစ်တော်မူသောသားတော်၏ နိုင်ငံထဲသို့ သွင်းတော်မူ၏။”—ကောလောသဲ ၁:၁၃။
၁၇ ကမ္ဘာပေါ်ရှိ ဘိသိက်ခံခရစ်ယာန်များသည် ယဇ်ပုရောဟိတ်များဖြစ်ပါသလော။ တစ်နည်းအားဖြင့် ဖြစ်ကြပါသည်။ သူတို့သည် ယဇ်ပုရောဟိတ်လုပ်ငန်းကို အစုအဝေးလိုက်ထမ်းဆောင်နေကြောင်း မငြင်းဆိုနိုင်ပါ။ ယင်းအကြောင်းကို ပေတရုက ဤသို့ရှင်းပြသည်– “[သင်တို့သည်] သန့်ရှင်းသောပုရောဟိတ်များဖြစ်သည့်ပြင် . . . တည်ထားသောဝိညာဉ်ဗိမာန်ဖြစ်ကြ၏။” (၁ ပေတရု ၂:၅၊ သမ; ၁ ကောရိန္သု ၃:၁၆) ယနေ့ အဖွဲ့လိုက်အနေနှင့် ဘိသိက်ခံခရစ်ယာန် အကြွင်းအကျန်များသည် “သစ္စာနှင့်သတိပညာရှိသောကျွန်၊” ဝိညာဏအစာဝေငှဖြန့်ဖြူးသည့် လမ်းကြောင်းဖြစ်သည်။ (မဿဲ ၂၄:၄၅-၄၇) ရှေးဣသရေလလူမျိုးတွင် ဖြစ်ပျက်ခဲ့သကဲ့သို့ ယေဟောဝါကို ဝတ်ပြုကိုးကွယ်လိုသူ မည်သူမဆိုသည် ဤဘိသိက်ခံခရစ်ယာန်များနှင့်အတူ ပေါင်းသင်း၍ ကိုးကွယ်ကြရမည်။
၁၈။ ယဇ်ပုရောဟိတ်အမျိုးအနေနှင့် ကမ္ဘာပေါ်ရှိ ဘိသိက်ခံခရစ်ယာန်အသင်းတော်၏ အဓိကတာဝန်ကား အဘယ်နည်း။
၁၈ ထို့ပြင် ဘိသိက်ခံခရစ်ယာန်များသည် ဣသရေလလူမျိုးထံမှ လူမျိုးအသီးသီးတို့အား ယေဟောဝါ၏ကြီးမြတ်တော်မူခြင်းအကြောင်းကို သက်သေခံခွင့် လွှဲပြောင်းယူလိုက်ပေပြီ။ ဘိသိက်ခံခရစ်ယာန်များအား တော်ဝင်ယဇ်ပုရောဟိတ်အမျိုးဟု ပေတရုခေါ်ဆိုခဲ့သောအခါ ဟောပြောခြင်းလုပ်ငန်းကို သူရည်စူးနေကြောင်း ရှေ့နောက်စကားများက ဖော်ပြနေပါသည်။ အမှန်မှာ၊ သူ၏ကိုးကားချက်တစ်ခုတည်းတွင် ထွက်မြောက်ရာ ၁၉:၆ ပါယေဟောဝါ၏ကတိတော်နှင့် ဟေရှာယ ၄၃:၂၁ ပါ ယေဟောဝါ၏မိန့်ဆိုချက်တို့ကို ပေါင်းစပ်၍ သူဤသို့ဆိုသည်– “သင်တို့မူကား၊ မှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ဂုဏ်ကျေးဇူးတော်များကို ဖော်ပြစေခြင်းငှာ . . . မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး . . ဖြစ်ကြ၏။” (၁ ပေတရု ၂:၉) ယင်းနှင့်အညီ ယေဟောဝါ၏ဂုဏ်ကျေးဇူးတော်များကို ကြေညာခြင်းသည် ဗိမာန်တော်၌ ယဇ်ပူဇော်သကာတင်ခြင်းဖြစ်သည်ဟု ပေါလုပြောဆိုခဲ့သည်။ သူက ဤသို့ရေးသားသည်– “နာမတော်ကို လူအများရှေ့ဝန်ခံရာနှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်ထံ အစဉ်မပြတ်ပူဇော်ဆက်ကပ်ကြကုန်အံ့။”—ဟေဗြဲ ၁၃:၁၅၊ ကဘ။
ကောင်းကင်ဆိုင်ရာပြည့်စုံချက်
၁၉။ ဣသရေလလူမျိုးသည် ယဇ်ပုရောဟိတ်နိုင်ငံတော်ဖြစ်မည်ဟူသော ကတိတော်၏ ကြီးမြတ်တော်မူသော နောက်ဆုံးပြည့်စုံချက်ကား အဘယ်နည်း။
၁၉ သို့ရာတွင် ထွက်မြောက်ရာ ၁၉:၅၊ ၆ သည် နောက်ဆုံးတွင် ထိုထက်ကြီးမြတ်ထွန်းတောက်စွာ ပြည့်စုံစရာရှိသေးသည်။ ဗျာဒိတ်ကျမ်းတွင် ရှင်ပြန်ထမြောက်သော ယေရှုကို ကောင်းကင်သားများ ဤသို့ချီးမွမ်းထောမနာပြုရာတွင် ဤကျမ်းချက်အားရည်ညွှန်းအသုံးပြုခဲ့သည်ကို တမန်တော်ယောဟန်ကြားနာခဲ့ရသည်– “ကိုယ်တော်သည် အသေသတ်ခြင်းကိုခံတော်မူသောအားဖြင့် အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍ အသွေးတော်နှင့် ဘုရားသခင်အဖို့ ရွေးနုတ်တော်မူ၏။ အကျွန်ုပ်တို့၏ ဘုရားသခင့်ရှေ့မှာ ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း၊ ခန့်ထား၍ မြေကြီးပေါ်မှာ စိုးစံရသောအခွင့်ကိုပေးတော်မူ၏။” (ဗျာဒိတ် ၅:၉၊ ၁၀) ထိုကြောင့် နောက်ဆုံးသဘောတရားအရ တော်ဝင်ယဇ်ပုရောဟိတ်အမျိုးသည် ကျွန်ုပ်တို့ဆုတောင်းရန် ယေရှုသွန်သင်ပေးတော်မူခဲ့သော အစိုးရအခွင့်အာဏာရှိ ဘုရားသခင့်ကောင်းကင်နိုင်ငံတော်ဖြစ်ပေသည်။ (လုကာ ၁၁:၂) အဆုံးတိုင်အောင်တည်ကြည်သော ၁၄၄,၀၀၀ ဘိသိက်ခံခရစ်ယာန်အားလုံးသည် ထိုဘုရားသခင်၏နိုင်ငံတော်အစီအစဉ်တွင် ပါဝင်ခွင့်ရကြလိမ့်မည်။ (ဗျာဒိတ် ၂၀:၄၊ ၆) မောရှေမှတစ်ဆင့် ဤမျှတိုင်ကြာမြင့်စွာအချိန်ကတည်းကပေးခဲ့သော ကတိတော်၏ အံ့သြဖွယ်ပြည့်စုံခြင်းပါတကား!
-