ဘုရားသခင့်ပဋိညာဉ်များမှသင်အကျိုးကျေးဇူး ခံစားမည်လော
“သင့်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။’ . . . သို့ဖြစ်၍ ယုံကြည်ခြင်းရှိသော သူတို့သည် ယုံကြည်သော အာဗြဟံနှင့်အတူ ကောင်းချီးမင်္ဂလာကို ခံရကြ၏။”—ဂလာတိ ၃:၈၊ ၉။
၁။ အုပ်ချုပ်ရေးအများ၏ အကျိုးသက်ရောက်မှုအကြောင်းနှင့် စပ်လျဉ်း၍ သမိုင်းက ဘာဖေါ်ပြသနည်း။
“စေတနာကောင်းသော [သို့မဟုတ် ပညာအလင်းပေးသော] သက်ဦးဆံပိုင်များ” ဟူ၍ ၁၈ ရာစုနှစ်မှ ရှင်ဘုရင်အချို့ကို ခေါ်ဝေါ်ခဲ့ကြသည်။ သူတို့သည် ‘တိုင်းသူပြည်သားတို့အပေါ် ဖခင်ကဲ့သို့ သနားကြင်နာစွာ စိတ်ကောင်းစေတနာကောင်းထား၍ အုပ်ချုပ်ရန် ရည်ရွယ်ခဲ့သော်လည်း သူတို့၏ စီမံကိန်းလျာထားချက်များမှာ လွှဲမှားပြီး သူတို့၏ ပြုပြင်ပြောင်းလဲမှုများသည်လည်း ရစရာမရှိအောင် ပျက်ပြားခဲ့သည်။’a (The Encyclopedia Americana) ဤကား မကြာမီ ဥရောပတစ်ခွင်လုံး လွှမ်းခြုံသွားခဲ့သည့် တော်လှန်ရေးဖြစ်ပေါ်ရခြင်း၏ အဓိကအကြောင်းတရားတစ်ခုဖြစ်သည်။
၂၊ ၃။ ယေဟောဝါသည် လောကီရှင်ဘုရင်တို့နှင့် အဘယ်သို့ ခြားနားတော်မူသနည်း။
၂ ယေဟောဝါသည် အနာဂတ်ကို ကြို၍မမြင်နိုင်သော လောကီမင်းများနှင့် လွန်စွာခြားနားတော်မူ၏။ လူသားတို့သည် ခံစားနေရသော မတရားမှုနှင့် ဒုက္ခဆင်းရဲများကို ပျောက်ကင်းစေနိုင်သည့် နည်းလမ်းအစစ်အမှန်ကို ဖြစ်ပေါ်စေမည့် ပြောင်းလဲမှုကို အပူတပြင်း လိုအပ်နေသည်ကို ကျွန်ုပ်တို့လွယ်ကူစွာ တွေ့မြင်နိုင်သည်။ သို့သော် ဤသို့ဖြစ်ပေါ်လာရန် ဘုရားသခင်သည် လုပ်ဆောင်ရာတွင် အစဉ်ပြောင်းလဲနေသော စိတ်ကူးစိတ်သန်းအပေါ် မူတည်မှာကို ကျွန်ုပ်တို့စိုးရိမ်စရာမလိုပါ။ ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံး ဖြန့်ချီထားသော စာအုပ်တွင် ယုံကြည်သော လူသားများအဖို့ ထာဝရကောင်းချီးမင်္ဂလာပေးမည့် ကတိတော်ကို အခိုင်အမာ မှတ်တမ်းတင်ထားတော်မူ၏။ နိုင်ငံ၊ လူမျိုး၊ ပညာရေး သို့မဟုတ်လူမှုရေးအဆင့်အတန်းမခွဲ တန်းတူခံစားကြရမည်။ (ဂလာတိ ၃:၂၈) သို့သော် ယင်းကိုယုံကြည် စိတ်ချနိုင်သလော။
၃ တမန်တော်ပေါလုသည် အာဗြဟံအား ဘုရားသခင်ပေးခဲ့သည့် ကတိတော်မှ ‘ငါသည်သင့်အား မုချကောင်းချီးပေးမည်’ ဟူသော အပိုင်းကို ကိုးကားဖေါ်ပြခဲ့သည်။ ‘ဘုရားသခင်သည် မုသာမသုံးနိုင်’ သောကြောင့် ‘ရှေ့၌ထားသော မြော်လင့်ရာကို ဆွဲကိုင်ရန် ပြေးဝင်သော ငါတို့သည် ခိုင်ခံ့စွာ အားယူခွင့်ရရှိကြ၏’ ဟုထပ်၍ ဖေါ်ပြသည်။ (ဟေဗြဲ ၆:၁၃-၁၈) ယင်းကိုဖြစ်မြောက် အောင်မြင်စေရေးအတွက် အုတ်မြစ်ချရာတွင် ကျင့်သုံးသည့် စနစ်ကျနသော နည်းလမ်းအကြောင်းကို ဂရုပြုခြင်းအားဖြင့် ထိုကောင်းချီးမင်္ဂလာများအပေါ် ထားရှိသော ကျွန်ုပ်တို့၏ ယုံကြည်စိတ်ချမှု ပို၍ခိုင်မြဲစေနိုင်သည်။
၄။ ဘုရားသခင်သည် မိမိရည်ရွယ်ချက်အောင်မြင်စေရာတွင် ပဋိညာဉ်အမျိုးမျိုးကို အဘယ်သို့ အသုံးပြုတော်မူခဲ့သနည်း။
၄ ‘မြေပေါ်ရှိ လူမျိုးခပ်သိမ်းတို့’ ကိုကောင်းချီးပေးရာတွင် အသုံးတော်ခံ ဖြစ်လာမည့် အမျိုးအနွယ်တစ်ဦး အကြုံးဝင်ပတ်သက်သော ပဋိညာဉ်တစ်ရပ်ကို အာဗြဟံနှင့် ဘုရားသခင်ပြုတော်မူခဲ့ကြောင်း ကျွန်ုပ်တို့တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ (ကမ္ဘာဦး ၂၂:၁၇၊ ၁၈) ဣသရေလလူမျိုးသည် ဇာတိပကတိအမျိုးအနွယ် ဖြစ်လာသည်။ သို့သော်လည်း သာ၍အရေးကြီးသော ဝိညာဏသဘောအရ ယေရှုခရစ်သည် အာဗြဟံ၏အမျိုးအနွယ်မှ အဓိကအပိုင်းဖြစ်ကြောင်း ထင်ရှားခဲ့သည်။ ယေရှုသည် သာ၍ကြီးမြတ်သောအာဗြဟံ တည်းဟူသော ယေဟောဝါ၏သားတော် သို့မဟုတ် အမျိုးအနွယ်တော်လည်း ဖြစ်တော်မူ၏။ “ခရစ်တော်နှင့်စပ်ဆိုင်” သော ခရစ်ယာန်များသည် အာဗြဟံ၏ အမျိုးအနွယ်မှ ဒုတိယအပိုင်းအဖြစ် စုစည်းထားသည်။ (ဂလာတိ ၃:၁၆၊ ၂၉) အာဗြဟံပဋိညာဉ်ကို ဖွဲ့ပြီးနောက် ဣသရေလလူမျိုးအား ယာယီသဘောဖြင့် ပညတ်ပဋိညာဉ်ထပ်၍ ပေးတော်မူ၏။ ယင်းက ဣသရေလလူမျိုးသည် ထာဝရယဇ်ပုရောဟိတ်တစ်ပါးနှင့် စုံလင်သော ပူဇော်သက္ကာတစ်ခုလိုအပ်နေသော အပြစ်သားများဖြစ်ကြောင်း ထင်ရှားစေခဲ့သည်။ ယင်းသည် အမျိုးအနွယ်တော်၏ မျိုးရိုးကိုလည်း အကာအကွယ်ပေးပြီး ကိုယ်တော်အားခွဲခြားသိမြင်နိုင်ရန် အထောက်အကူပေးသည်။ ဘုရားသခင်သည် တစ်နည်းနည်းဖြင့် ရှင်ဘုရင်–ယဇ်ပုရောဟိတ်အမျိုးတစ်မျိုးကို ဖေါ်ထုတ်တော်မူမည်အကြောင်းကိုလည်း ပညတ်ပဋိညာဉ်က တင်ပြထားသည်။ ပညတ်တရား အတည်ဖြစ်နေစဉ်အချိန်တွင် ဘုရားသခင်သည် ဒါဝိဒ်အား ဣသရေလနိုင်ငံ၌ မင်းဆက်တစ်ဆက် ဖြစ်ပေါ်စေမည်ဟူ၍ ပဋိညာဉ်ပြုတော်မူ၏။ ဒါဝိဒ်နိုင်ငံတော်ပဋိညာဉ်ကလည်း မြေကြီးတစ်ပြင်လုံးကို ထာဝစဉ်အုပ်ချုပ်ခွင့်အာဏာပိုင်စိုးမည့် အရှင်ကိုပြညွှန်ခဲ့သည်။
၅။ အဘယ်မေးခွန်းများ သို့မဟုတ် ပြဿနာများ ဖြေရှင်းရန်လိုသေးသနည်း။
၅ သို့တစေ အဆိုပါပဋိညာဉ်များမှ ပြီးပြည့်စုံခြင်းမရှိဟု ထင်ရသော၊ ရှင်းလင်းဖေါ်ပြကြရန် လိုအပ်သည်ဟု ထင်ရသော အချက်အလက်များ သို့မဟုတ် ရည်မှန်းချက်များ ရှိနေခဲ့သည်။ ဥပမာအားဖြင့် ပေါ်ထွန်းလတံ့သော အမျိုးအနွယ်တော်သည် ဒါဝိဒ်မျိုးရိုးမှ ရှင်ဘုရင် ဖြစ်မည်ဆိုလျှင် ယခင်ကယဇ်ပုရောဟိတ်များထက် ပို၍စွမ်းဆောင်နိုင်သည့် ထာဝရယဇ်ပုရောဟိတ် အဘယ်သို့ဖြစ်နိုင်မည်နည်း။ (ဟေဗြဲ ၅:၁; ၇:၁၃၊ ၁၄) ဤရှင်ဘုရင်သည် အကန့်အသတ်ရှိသော မြေကြီးပိုင်နက်ထက်မက အုပ်စိုးနိုင်သလော။ အမျိုးအနွယ်မှ ဒုတိယအပိုင်းသည် သာ၍ကြီးမြတ်သော အာဗြဟံ၏ မိသားစုအဝင်ဖြစ်လာရန် မည်သို့အရည်အချင်းပြည့်မီကြသနည်း။ ပြည့်မီသည်ပင်ထား ယင်းမိသားစုဝင် အများစုမှာ ဒါဝိဒ်မှဆင်းသက်ကြသူများ မဟုတ်သောကြောင့် သူတို့ အဘယ်နယ်ပယ်ရရှိမည်နည်း။ ဤပြဿနာများကို ဖြေရှင်း၍ ကျွန်ုပ်တို့ထာဝရ ကောင်းချီးမင်္ဂလာရရှိရေးအတွက် လမ်းဖွင့်ပေးမည့် ထပ်ဆင့်ပဋိညာဉ်များကို ဖွဲ့ရာတွင် တရားဝင်ခြေလှမ်းများ မည်သို့တက်လှမ်းတော်မူကြောင်း ကျွန်ုပ်တို့ကြည့်ကြပါစို့။
ကောင်းကင်ယဇ်ပုရောဟိတ်တစ်ပါးဆိုင်ရာ ပဋိညာဉ်
၆၊ ၇။ (က) ဆာလံ ၁၁၀:၄ အရ အဘယ်ထပ်ဆင့် ပဋိညာဉ်ကို ဘုရားသခင်ဖွဲ့တော်မူသနည်း။ (ခ) ထပ်၍ပေးသော ဤပဋိညာဉ်ကို နားလည်စေရန် အဘယ်သမိုင်းနောက်ခံက အထောက်အကူပြုသနည်း။
၆ ကျွန်ုပ်တို့တွေ့မြင်ခဲ့ရသည်အတိုင်း ပညတ်ပဋိညာဉ်၏ ဘောင်အတွင်းမှနေ၍ ဘုရားသခင်သည် မြေကြီးပိုင်နက်နယ်ပယ်ကို ထာဝစဉ်အုပ်ချုပ်မည့် နောင်လာနောက်သား (အမျိုးအနွယ်တော်) တစ်ဦးနှင့်စပ်လျဉ်း၍ ဒါဝိဒ်နှင့် ပဋိညာဉ်ပြုတော်မူခဲ့၏။ သို့သော် ထာဝရယဇ်ပုရောဟိတ်တစ်ပါး ပေါ်ထွန်းမည့်အကြောင်းကိုလည်း ဒါဝိဒ်အား ဘုရားသခင့်ဖွင့်ပြတော်မူ၏။ “[ယေဟောဝါ] က သင်သည်မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍ နောက်တစ်ဖန်စိတ်ပြောင်းလဲခြင်း ရှိတော်မမူ” ဟုရေးသားခဲ့၏။ (ဆာလံ ၁၁၀:၄) ယေဟောဝါနှင့် လာလတံ့သော ယဇ်ပုရောဟိတ်တို့ နှစ်ကိုယ်ကြားပြုသည့် ပဋိညာဉ်သဘော သက်ရောက်သော အထက်ပါဘုရားသခင့် ကျိန်ဆိုချက်စကား နောက်ကွယ်တွင် ဘာရှိသနည်း။
၇ မေလခိဇေဒက်သည် ရှေးရှာလင်မြို့၏ မင်းဖြစ်သည်။ နောင်တွင် ယေရုရှလင်မြို့ (ရှာလင်မြို့ကို ပေါင်းစည်းထားသောအမည်) တည်ရာနေရာ၌ ထိုမြို့တည်ရှိခဲ့သည်။ သူ့အား အာဗြဟံဆက်ဆံခဲ့သည့် မှတ်တမ်းအရဆိုလျှင် သူသည် “အမြင့်ဆုံးသော ဘုရားသခင်” အား ကိုးကွယ်သော ရှင်ဘုရင်တစ်ပါးဖြစ်ကြောင်း သိသာသည်။ (ကမ္ဘာဦး ၁၄:၁၇-၂၀) သို့ရာတွင် ဆာလံ ၁၁၀:၄ မှဘုရားသခင့် မိန့်ဆိုချက်အရ မေလခိဇေဒက်သည် ယဇ်ပုရောဟိတ်တစ်ပါးလည်းဖြစ်ကြောင်း ပြဆိုထားရာ သူသည် ထူးခြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူသည် ရှင်ဘုရင်လည်းဖြစ်၊ ယဇ်ပုရောဟိတ်လည်းဖြစ်ပြီး နောင်တွင် ဒါဝိဒ်အမျိုးမှ ရှင်ဘုရင်များနှင့် လေဝိအနွယ်မှ ယဇ်ပုရောဟိတ်များ ထမ်းဆောင်ရသည့် ဘုရားပေးလုပ်ငန်းတာဝန်များကို တစ်ပေါင်းတည်း ထမ်းဆောင်ခဲ့သူဖြစ်သည်။
၈။ မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်တစ်ပါးနှင့်ဆိုင်သော ဤပဋိညာဉ်ကို မည်သူနှင့် ပြုသနည်း။ အဘယ်အကျိုးရလဒ်ရရှိသနည်း။
၈ မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်တစ်ပါးနှင့် စပ်လျဉ်းသော ပဋိညာဉ်အကြောင်း အသေးစိတ်အချက်အလက်များကို ပေါလုဖေါ်ပြထား၏။ ဥပမာအားဖြင့် “မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်မင်းဟု ဘုရားသခင်သမုတ်တော်မူခြင်းခံရ” သူမှာ ယေရှုခရစ်ဖြစ်ကြောင်း သူဆို၏။ (ဟေဗြဲ ၅:၄-၁၀; ၆:၂၀; ၇:၁၇၊ ၂၁၊ ၂၂) မေလခိဇေဒက်၌ လူသားမိဘရှိသော်လည်း သူ၏ဆွေစဉ်မျိုးဆက် စာရင်းမှတ်တမ်းမှတ်ရာ ဟူ၍မရှိချေ။ ထိုကြောင့် ယေရှုသည် မေလခိဇေဒက်မှဆင်းသက်သော မျိုးရိုးအရ ယဇ်ပုရောဟိတ်ရာထူးကို ဆက်ခံခဲ့ခြင်းမဟုတ်ဘဲ ဘုရားသခင်တိုက်ရိုက် ခန့်အပ်ရာဖြစ်သည်။ ယေရှုသည် ‘ယဇ်ပုရောဟိတ်အဖြစ် အစဉ်တည်’ သောကြောင့် ကိုယ်တော်၏ ယဇ်ပုရောဟိတ်ရာထူးသည် နောက်ဆက်ခံတစ်ဦးထံ လွှဲပြောင်းရောက်ရှိသွားမည် မဟုတ်ပေ။ ယဇ်ပုရောဟိတ်အဖြစ် ကိုယ်တော်အမှုတော်ဆောင်ပေးသည့်အကျိုးကျေးဇူးများသည် ထာဝစဉ်တည်တံ့မည် ဖြစ်သောကြောင့်တည်း။ ‘ကိုယ်တော်အားဖြင့် ဘုရားသခင့်ထံ ချဉ်းကပ်သော သူတို့ကို အကြွင်းမဲ့ကယ်တင်တော်မူနိုင်’ ပြီး သစ္စာရှိသူတို့အား အစဉ်ထာဝရသွန်သင်ဆုံးမ လမ်းညွှန်ပေးတော်မူနိုင်သည့် ယဇ်ပုရောဟိတ်တစ်ပါး ရရှိခြင်းအတွက် ကျွန်ုပ်တို့အမှန်ပင် ဝမ်းသာနိုင်ကြသည်။—ဟေဗြဲ ၇:၁-၃၊ ၁၅-၁၇၊ ၂၃-၂၅။
၉၊ ၁၀။ ဤပဉ္စမပဋိညာဉ်နှင့်ပတ်သက်သော ဗဟုသုတက ဘုရားသခင့်ရည်ရွယ်တော်မူချက် ပြည့်စုံလာပုံအကြောင်းကို အဘယ်သို့ပို၍ နားလည်စေသနည်း။
၉ အခြားထူးခြားချက်တစ်ခုကား ရှင်ဘုရင်–ယဇ်ပုရောဟိတ်အနေနှင့် ယေရှု၏အခန်းကဏ္ဍသည် မြေကြီးနယ်ပယ်ကိုပင် ကျော်လွန်ခြင်းဖြစ်သည်။ မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်ဆိုင်ရာ ပဋိညာဉ်အကြောင်း ဖေါ်ပြသည့် ကျမ်းချက်၏ အထက်ပိုင်းတွင် ဒါဝိဒ်ဤသို့ရေးသားခဲ့၏။ “[ယေဟောဝါ] က၊ ‘သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ၊ ငါမချထားမီတိုင်အောင်၊ ငါ့လက်ယာဘက်၌ ထိုင်နေလော့’ ဟု ငါ၏သခင်အား မိန့်တော်မူ၏။” သို့နှင့် ဒါဝိဒ်၏သခင် တည်းဟူသော ယေရှုသည် ယေဟောဝါနှင့်အတူ ကောင်းကင်ဘုံတွင် နေရာတစ်နေရာရရှိမည်ကို ကျွန်ုပ်တို့တွေ့နိုင်သည်။ ကောင်းကင်ဘုံသို့ တက်ကြွတော်မူချိန်၌ ထိုသို့ရရှိခဲ့သည်။ ကောင်းကင်ဘုံမှနေ၍ ခရစ်တော်သည် ရန်သူတို့ကို နှိမ်နင်းရန်နှင့် စီရင်သုတ်သင်ရန် ခမည်းတော်နှင့်အတူ အာဏာတော်စက်ကို ကျင့်သုံးနိုင်ပေသည်။—ဆာလံ ၁၁၀:၁၊ ၂။ တမန်တော် ၂:၃၃-၃၆။ ဟေဗြဲ ၁:၃; ၈:၁; ၁၂:၂။
၁၀ အကျိုးသဘောအနေနှင့် ဤပဉ္စမပဋိညာဉ်ကို သိကျွမ်းခြင်းအားဖြင့် ရည်ရွယ်တော်မူချက်ကို ယေဟောဝါအကောင်အထည်ဖေါ်ရာတွင် အသုံးပြုသည့် စည်းစနစ်ကျန၍ သေချာပြည့်စုံသောနည်းလမ်းကို ကျယ်ကျယ်ဝန်းဝန်းတွေ့မြင်လာရသည်။ ယင်းက အမျိုးအနွယ်မှ အဓိကအစိတ်အပိုင်းသည် ကောင်းကင်ဘုံတွင် ယဇ်ပုရောဟိတ်ဖြစ်မည်၊ ရှင်ဘုရင်–ယဇ်ပုရောဟိတ်အနေနှင့် ကိုယ်တော်.အာဏာတော်စက်သည် စကြဝဠာတစ်ခွင် နှံ့ပြားမည်ဖြစ်ကြောင်းကိုလည်း အခိုင်အမာသက်သေပြသည်။—၁ ပေတရု ၃:၂၂။
ပဋိညာဉ်သစ်နှင့် အမျိုးအနွယ်မှ ဒုတိယအပိုင်း
၁၁။ အမျိုးအနွယ်မှ ဒုတိယတန်းအပိုင်းနှင့်စပ်လျဉ်း၍ အဘယ်ရှုတ်ထွေးမှုများရှိသနည်း။
၁၁ အာဗြဟံပဋိညာဉ်ကို စောစောက ကျွန်ုပ်တို့သုံးသပ်ခဲ့စဉ်က ယေရှုသည် ဇာတိအခွင့်အရာအားဖြင့် အမျိုးအနွယ်မှ အဓိကအပိုင်းဖြစ်လာကြောင်း ကျွန်ုပ်တို့သတိပြုမိကြသည်။ ကိုယ်တော်သည် ဘိုးဘေးအာဗြဟံထံမှ တိုက်ရိုက်ဆင်းသက်ခဲ့ပြီး စုံလင်သောလူသားတစ်ဦးအနေနှင့် သာ၍ကြီးမြတ်သော အာဗြဟံ၏ နှစ်သက်လက်ခံဖွယ် သားတော်လည်းဖြစ်တော်မူသည်။ သို့သော် ‘ကတိတော်အတိုင်း အမွေခံများ’ ဖြစ်ကြသော အာဗြဟံ၏အမျိုးအနွယ်မှ ဒုတိယအပိုင်းဖြစ်ခွင့်ရသည့် လူသားများနှင့်ပတ်သက်၍ မည်သို့ဆိုမည်နည်း။ (ဂလာတိ ၃:၂၉) သူတို့သည် မစုံလင်သူများ၊ အပြစ်သားအာဒံ၏ မိသားစု အဝင်များဖြစ်ကြသဖြင့် သာ၍ကြီးမြတ်သော အာဗြဟံတည်းဟူသော ယေဟောဝါ၏မိသားစုတွင် ပါဝင်ရန် အရည်အချင်းမပြည့်မီကြပေ။ မစုံလင်ခြင်း၏ ဤအတားအဆီးကို အဘယ်သို့ ကျော်လွှားအောင်မြင်နိုင်မည်နည်း။ လူသားများအဖို့ မတတ်နိုင်သောအရာမဟုတ်ပေ။—မဿဲ ၁၉:၂၅၊ ၂၆။
၁၂၊ ၁၃။ (က) အခြားပဋိညာဉ်တစ်ခုအကြောင်း ဘုရားသခင် မည်သို့တင်ကူး ဟောပြောတော်မူသနည်း။ (ခ) ဤပဋိညာဉ်၏ အဘယ်ထူးခြားသော ကြန်အင်သည် ကျွန်ုပ်တို့၏ အာရုံစိုက်ခြင်း ခံထိုက်သနည်း။
၁၂ ပညတ်တရား အတည်ဖြစ်နေသေးစဉ် ဘုရားသခင်သည် မိမိပရောဖက်အားဖြင့် အောက်ပါအတိုင်း တင်ကူးဟောပြောတော်မူ၏။ “သူတို့၌ ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေး . . . မည်။ အရင် ငါပေးဖူးသော ပဋိညာဉ်တရားကို သူတို့သည် ဖျက် [၏။] . . . ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။ ထိုသူတို့က ‘[ယေဟောဝါ] ကိုသိလော့’ ဟု . . . ဆုံးမသြဝါဒပေးရကြမည်။ အကြောင်းမူကား . . . ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။ ထိုအခါ ငါသည် သူတို့အပြစ်များကို [ခွင့်လွှတ်] မည်။ သူတို့ပြုသော ဒုစရိုက်များကို မအောက်မေ့ဘဲနေမည်။”—ယေရမိ ၃၁:၃၁-၃၄။
၁၃ ဤပဋိညာဉ်တရားသစ်၏ ထူးခြားသော ကြန်အင်တစ်ရပ်မှာ အပြစ်များကို ခွင့်လွှတ်ခြင်းဖြစ်ပြီး ပညတ်တရားအောက်ရှိ တိရစ္ဆာန်ယဇ်ကောင်သုံးသည့် အစီအစဉ်နှင့် ‘ခြားနား’ သောနည်းဖြင့် အပြစ်များကို ခွင့်လွှတ်ခြင်းဖြစ်ကြောင်းကို ဂရုစိုက်မှတ်သားပါ။ အသေခံတော်မူရာနေ့၌ ဤအကြောင်းကို ယေရှုရှင်းလင်းတော်မူခဲ့သည်။ ပညတ်တရားပြဌာန်းချက်နှင့်အညီ တပည့်တော်တို့နှင့်အတူ ပသခါပွဲကျင်းပပြီးနောက် ခရစ်တော်သည် သခင့်ညစာစားပွဲတော်ကို တည်ထောင်တော်မူ၏။ နှစ်စဉ်ကျင်းပသော ဤပွဲတော်တွင် အတူဆက်ဆံရသောစပျစ်ရည်ခွက်တစ်ခွက် ပါဝင်သည်။ ယင်းနှင့်စပ်လျဉ်း၍ ယေရှုက “ဤခွက်ကား သင်တို့အဖို့အလိုငှာသွန်းသော ငါ၏အသွေး၌ တည်သောပဋိညာဉ်တရားသစ်ဖြစ်၏” ဟု မိန့်တော်မူ၏။—လုကာ ၂၂:၁၄-၂၀။
၁၄။ အမျိုးအနွယ်မှ ဒုတိယအပိုင်းကို ထုတ်ဖေါ်ရာတွင် ဤပဋိညာဉ်သစ်သည် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၄ ထိုကြောင့် ပဋိညာဉ်တရားသစ်သည် ယေရှု၏ အသွေးတော်အားဖြင့်သာ တရားဝင်လှုပ်ရှားလာမည်။ ထိုသို့စုံလင်သော ပူဇော်သက္ကာကို အခြေပြု၍ ဘုရားသခင်သည် အပြစ်နှင့်ဒုစရိုက်တို့ကို တစ်ခါတည်း အပြီးအပိုင်ခွင့်လွှတ်တော်မူနိုင်သည်။ အဘယ်အဓိပ္ပာယ်ရှိကြောင်း စဉ်းစားကြည့်ပါ။ အာဒံ၏မိသားစုမှ သစ္စာနှံ့လူသားများ၏ အပြစ်များကို လုံးလုံးလျားလျား ခွင့်လွှတ်နိုင်စွမ်းရှိသဖြင့် ဘုရားသခင်သည် သူတို့အား အပြစ်မရှိသူများအဖြစ် သဘောထားကာ သာ၍ကြီးမြတ်သော အာဗြဟံ၏သားတော်များအဖြစ် မွေးဖွားစေပြီး သူတို့ကို သန့်ရှင်းသောဝိညာဉ်တော်နှင့် ဘိသိက်ပေးတော်မူ၏။ (ရောမ ၈:၁၄-၁၇) သို့နှင့် ယေရှု၏ပူဇော်သက္ကာအားဖြင့် တရားဝင်အတည်ဖြစ်လာသည့် ပဋိညာဉ်တရားသစ်သည် ကိုယ်တော်၏တပည့်တော်များအား အာဗြဟံ၏ အမျိုးအနွယ်မှ ဒုတိယအပိုင်းဖြစ်လာစေသည်။ ပေါလုဤသို့ရေးခဲ့သည်။ “ခရစ်တော်သည် အသေခံတော်မူသောအားဖြင့် သေခြင်းတရားကို အစိုးရသောသူတည်းဟူသော မာရ်နတ်၏တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှာလည်းကောင်း၊ သေဘေးကို ကြောက်၍တစ်သက်လုံး ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်းငှာလည်းကောင်း ထိုသူငယ်တို့နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။ အကြောင်းမူကား ခရစ်တော်သည် ကောင်းကင်တမန်တို့ကို မစတော်မူသည်မဟုတ် အာဗြဟံအမျိုးကို မစတော်မူ၏။”—ဟေဗြဲ ၂:၁၄-၁၆၊ ၉:၁၄။
၁၅။ ပဋိညာဉ်တရားသစ်ဖွဲ့သော နှစ်ဘက်သူတို့ကား မည်သူတို့နည်း။
၁၅ ယေရှုသည် ပဋိညာဉ်တရားသစ်၏ ဖျန်ဖြေစေ့စပ်ရေးမှူးနှင့် တရားဝင်ပူဇော်သက္ကာဖြစ်သော်လည်း ယင်းပဋိညာဉ်ကိုဖွဲ့သော နှစ်ဘက်သူများကား မည်သူတို့နည်း။ ဤပဋိညာဉ်ကို “ဣသရေလအမျိုးသား” တို့နှင့် ဘုရားသခင်ပြုတော်မူမည်ဟု ယေရမိကြို၍ဟောပြောခဲ့သည်။ အဘယ်ဣသရေလလူမျိုးနည်း။ ပညတ်တရားအောက်ရှိ အရေဖျားလှီးခြင်းမင်္ဂလာခံသော ဇာတိဣသရေလလူမျိုး မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ပဋိညာဉ်တရားသစ်က အရင်ပေးသော ပဋိညာဉ်ကို ပျက်ပြယ်စေလိုက်ပြီ ဖြစ်၍တည်း။ (ဟေဗြဲ ၈:၇၊ ၁၃။ စာမျက်နှာ ၃၁ တွင်ကြည့်ပါ။) ယုံကြည်ခြင်းအားဖြင့် တင်စားချက်အရ ‘ဝိညာဉ်တော်တရားအားဖြင့် စိတ်နှလုံး၌ အရေဖျားလှီးခြင်းခံ’ သော ဂျူးနှင့် လူမျိုးခြားတို့နှင့် ဘုရားသခင်ယခုဆက်ဆံတော်မူနိုင်ပြီဖြစ်သည်။ ပဋိညာဉ်တရားသစ်၌ ပါဝင်သူတို့၏ ‘စိတ်နှင့်နှလုံးထဲမှာ ကိုယ်တော်.ပညတ်တို့ကို ရေးသားထားမည်’ ဟူသော ကိုယ်တော်.နှုတ်တော်ထွက်နှင့် ညီညွတ်ပေသည်။ (ရောမ ၂:၂၈၊ ၂၉။ ဟေဗြဲ ၈:၁၀) ထိုသို့သော ဝိညာဏဂျူးများကို “ဘုရားသခင်၏ ဣသရေလအမျိုး” ဟု ပေါလုခေါ်ဝေါ်သမုတ်၏။—ဂလာတိ ၆:၁၆။ ယာကုပ် ၁:၁။
၁၆။ ထွက်မြောက်ရာ ၁၉:၆ ပြညွှန်ခဲ့ရာကို ဖြစ်မြောက်စေရာတွင် ပဋိညာဉ်သစ်က အဘယ်သို့ ပံ့ပိုးပေးသနည်း။
၁၆ ယခုဝိညာဏဣသရေလအမျိုးနှင့် ဘုရားသခင်ဆက်ဆံနေတော်မူသဖြင့် အခွင့်အလမ်းတစ်ရပ်ပွင့်လာသည်။ ပညတ်တရားအတည်ပြု ပြဌာန်းစဉ်က ဣသရေလအမျိုးသားတို့သည် ‘ယဇ်ပုရောဟိတ်များနိုင်ငံနှင့် သန့်ရှင်းသောလူမျိုး’ ဖြစ်လာမည်အကြောင်း ဘုရားသခင်မိန့်တော်မူ၏။ (ထွက်မြောက်ရာ ၁၉:၆) စင်စစ်အားဖြင့် ဇာတိပကတိဣသရေလလူမျိုးအားလုံးသည် ရှင်ဘုရင်–ယဇ်ပုရောဟိတ်လူမျိုးတစ်မျိုး ဘယ်တော့မျှဖြစ်မလာနိုင်ပေ။ ဖြစ်လည်းမဖြစ်ခဲ့ပေ။ သို့သော် အာဗြဟံ၏ အမျိုးအနွယ်မှ ဒုတိယအပိုင်းအဖြစ် လက်ခံထားသော ဂျူးများနှင့် လူမျိုးခြားတို့မူကား ရှင်ဘုရင်–ယဇ်ပုရောဟိတ်များ ဖြစ်နိုင်ကြသည်။b တမန်တော်ပေါလုက ထိုသူတို့အား “သင်တို့မူကား မှောင်မိုက်ထဲမှ အံ့ဘွယ်သောအလင်းတော်သို့ ခေါ်သွင်းတော်မူသော သူ၏ဂုဏ်ကျေးဇူးများကို ဖေါ်ပြစေခြင်းငှာ ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏” ဟူ၍ ပြောခဲ့စဉ်က ဤအချက်ကို အတည်ပြုခဲ့သည်။ ‘ညှိုးနွမ်းခြင်းနှင့် ကင်းစင်သော အမွေတော်သည် သူတို့အဖို့ ကောင်းကင်ဘုံ၌ သိုထားလျက်ရှိ’ ကြောင်းရေးသားခဲ့သည်။—၁ ပေတရု ၁:၄။ ၂:၉၊ ၁၀။
၁၇။ ပဋိညာဉ်တရားသစ်သည် ပညတ်ပဋိညာဉ်ထက် အဘယ်ကြောင့် “သာ၍မြတ်” သနည်း။
၁၇ အကျိုးသဘောအားဖြင့် ပဋိညာဉ်တရားသစ်နှင့် ရှိနှင့်သော အာဗြဟံပဋိညာဉ်တို့ ပူးပေါင်းကာ အမျိုးအနွယ်မှ ဒုတိယအပိုင်းကို ဖြစ်ပေါ်စေသည်။ ယေဟောဝါနှင့် ဝိညာဉ်တော်ဖွား ခရစ်ယာန်များအကြားရှိ ဤပဋိညာဉ်တရားသစ်သည် သာ၍ကြီးမြတ်သော အာဗြဟံ၏ တော်ဝင်မိသားစုတွင် ကောင်းကင်ဆိုင်ရာ ရှင်ဘုရင်–ယဇ်ပုရောဟိတ်လူမျိုးတစ်မျိုး ဖွဲ့စည်းခြင်းကို ထည့်တွက်ထားသည်။ သို့နှင့် ယင်းသည် “သာ၍မြတ်သော ကတိတော်တို့၌တည်သော၊ သာ၍မြတ်သော ပဋိညာဉ်တရား” ဖြစ်သည်ဟု ပေါလုအဘယ်ကြောင့်ဆိုခဲ့သည်ကို ကျွန်ုပ်တို့သိမြင်နိုင်သည်။ (ဟေဗြဲ ၈:၆) ထိုကတိတော်တို့တွင် ပြုခဲ့သောအပြစ်များ အောက်မေ့ခြင်းမခံရသော သစ္စာနှံ့သူတို့၏ နှလုံးတွင် ဘုရားသခင့်ပညတ်ရေးသားခြင်းနှင့် ‘အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် ယေဟောဝါကို သိခြင်း’ ဟူသော ကောင်းချီးမင်္ဂလာပါဝင်သည်။—ဟေဗြဲ ၈:၁၁။
နိုင်ငံတော်နှင့်စပ်လျဉ်းသော ယေရှု၏ ပဋိညာဉ်
၁၈။ ယခုအထိသုံးသပ်ခဲ့သည့် ပဋိညာဉ်များသည် အဘယ်သဘောဖြင့် ဘုရားသခင်ရည်ရွယ်တော်မူချက်ကို လုံးလုံးလျားလျား ပြည့်စုံစေသနည်း။
၁၈ ဆွေးနွေးခဲ့သည့် ပဋိညာဉ်ခြောက်ခုကို ဆင်ခြင်စဉ်းစားလိုက်သော် ယေဟောဝါသည် မိမိရည်ရွယ်တော်မူချက်ကို ပြည့်စုံစေရာတွင် လိုအပ်သမျှကို တရားဝင်စီစဉ် ဆောင်ရွက်ခဲ့ကြောင်းကို တွေ့မြင်ရပေမည်။ သို့သော်လည်း သုံးသပ်ခဲ့သည့်အကြောင်းတို့နှင့် ဆက်နွယ်နေသော အခြားပဋိညာဉ်တစ်ခုကို ကျမ်းစာက သတိပြုစေသည်။ ယင်းမှာ အရေးကြီးသည့် ဤကိစ္စနှင့်ဆိုင်သော နောက်ထပ်အချက်အလက်များကို ပြည့်ပြည့်စုံစုံပေးထားသည့် ပဋိညာဉ်ဖြစ်သည်။ ဝိညာဉ်တော်ဖွား ခရစ်ယာန်များအနေဖြင့် ‘သခင်ဘုရားသည် မကောင်းမှုဟူသမျှမှ သူတို့ကို လွတ်မြောက်စေပြီးလျှင် ကိုယ်တော်၏ ကောင်းကင်နိုင်ငံတော်အဖို့ ကယ်တင်တော်မူ’ မည်ကို ထိုက်ထိုက်တန်တန်မျှော်လင့်ကြသည်။ (၂ တိမောသေ ၄:၁၈) ကောင်းကင်ဘုံ၌ သူတို့သည် ရှင်ဘုရင်–ယဇ်ပုရောဟိတ်အမျိုး ဖြစ်လာကြမည်။ သို့သော် သူတို့၏ ပိုင်နက်နယ်ပယ်ကား အဘယ်အရာ ဖြစ်မည်နည်း။ ကောင်းကင်ဘုံသို့ သူတို့ထမြောက်သည့် အချိန်တွင် ခရစ်တော်သည် ထိုနေရာတွင် စုံလင်သော ယဇ်ပုရောဟိတ်မင်းအနေနှင့် ရှိနှင့်နေတော်မူ၏။ စကြဝဠာအုပ်ချုပ်ရေးအတွက်လည်း မင်းအာဏာနှင့်တကွ ခုခံကာကွယ်နေတော်မူ၏။ (ဆာလံ ၂:၆-၉။ ဗျာဒိတ် ၁၁:၅) ရှင်ဘုရင်–ယဇ်ပုရောဟိတ်များ ထိုတွင်ဆောင်ရွက်စရာ ဘာရှိသနည်း။
၁၉။ သတ္တမမြောက်အရေးကြီးသော ပဋိညာဉ်ကို အဘယ်အချိန်နှင့် အဘယ်သို့ပြုခဲ့သနည်း။
၁၉ ခေတ်သက္ကရာဇ် ၃၃ ခုနှစ် နိသန်လ ၁၄ ရက်၊ သခင့်ညစာစားပွဲတော်ကို ယေရှုတည်ထောင်ပြီးနောက် ကိုယ်တော်၏ “အသွေး၌တည်သော ပဋိညာဉ်တရားသစ်” အကြောင်း မိန့်ဆိုခဲ့သော ညဦးပိုင်းတွင် အခြားသော ပဋိညာဉ်တစ်ခုအကြောင်းကိုလည်း မိန့်တော်မူ၏။ ဤကား ဆွေးနွေးစရာ သတ္တမမြောက်ဖြစ်သည်။ သစ္စာရှိတမန်တော်များအား ဤသို့မိန့်တော်မူ၏။ “သင်တို့သည် ငါစုံစမ်းခံစဉ် ငါနှင့်အတူ နေမြဲနေသူများဖြစ်သဖြင့် ငါ့အားနိုင်ငံတော်အတွက် ခမည်းတော်ပဋိညာဉ် ပြုတော်မူသည့်နည်းတူ သင်တို့သည် ငါ၏နိုင်ငံတော်တွင် ငါ့စားပွဲ၌ စားသောက်၍ ပလ္လင်များပေါ်မှာ ထိုင်လျက် ဣသရေလတစ်ဆယ့်နှစ်နွယ်ကို တရားစီရင်ရသော အခွင့်ရှိစေခြင်းငှာ သင်တို့အား ငါပဋိညာဉ်ပြု၏။” (လုကာ ၂၂:၂၀၊ ၂၈-၃၀၊ ကဘ) ခမည်းတော်သည် ယေရှုအား မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်ဖြစ်စေခြင်းငှာ ပဋိညာဉ်ပြုတော်မူသည့်နည်းတူ ယေရှုကလည်း ကိုယ်တော်၏ သစ္စာတော်စောင့် နောက်လိုက်များအား ကိုယ်ပိုင်ပဋိညာဉ် ပြုတော်မူ၏။
၂၀။ နိုင်ငံတော်အတွက် ပဋိညာဉ်ကို မည်သူတို့နှင့် ဖွဲ့သနည်း။ အဘယ်ကြောင့်နည်း။ (ဒံယေလ ၇:၁၈။ ၂ တိမောသေ ၂:၁၁-၁၃။
၂၀ တမန်တော် ၁၁ ပါးသည် ယေရှုစုံစမ်းခံစဉ်တွင် ကိုယ်တော်နှင့်အတူ နေမြဲနေခဲ့သူများဖြစ်ရာ သူတို့သည် ပလ္လင်များပေါ်မှာထိုင်ရမည်ဟု ယင်းပဋိညာဉ်က ဖေါ်ပြ၏။ ထို့ပြင် ဗျာဒိတ် ၃:၂၁ ကလည်း သစ္စာရှိသော ဝိညာဉ်တော်ဖွား ခရစ်ယာန်ရှိသမျှ ကောင်းကင်ပလ္လင်များပေါ်မှာ ထိုင်ရကြမည်ဟု ထင်ရှားစွာ ဖေါ်ပြထားသည်။ သို့ဖြစ်သောကြောင့် ဤပဋိညာဉ်သည် ယဇ်ပုရောဟိတ်အဖြစ်လည်းကောင်း ‘မြေကြီးပေါ် စိုးစံရန်ရှင်ဘုရင်’ အဖြစ်လည်းကောင်း ကောင်းကင်ဘုံသို့ ခေါ်ဆောင်ရန် ယေရှု၏အသွေးတော်ဖြင့် ဝယ်ယူသောသူ ၁၄၄၀၀၀ အားလုံးနှင့်ဖွဲ့သော ပဋိညာဉ်ဖြစ်သည်။ (ဗျာဒိတ် ၁:၄-၆။ ၅:၉၊ ၁၀။ ၂၀:၆) သူတို့အား ယေရှုပြုသော ပဋိညာဉ်က ကိုယ်တော်.ပိုင်နက်နယ်ပယ်ကို မျှဝေပိုင်ဆိုင်ခွင့် ရရှိစေသည်။ တစ်နည်းအားဖြင့် မှူးတော်မတ်တော် မိသားစုဝင် သတို့သမီးတစ်ဦးသည် စိုးစံလျက်နေသော ရှင်ဘုရင်တစ်ပါးနှင့် မင်္ဂလာဆောင်နှင်းခြင်းအားဖြင့် ပေါင်းသင်းသကဲ့သို့ဖြစ်သည်။ ဤသို့ဖြင့် သူမသည် နိုင်ငံတော်အုပ်ချုပ်ရေးတွင် ပါဝင်နိုင်သောရာထူးရလေသည်။—ယောဟန်၃:၂၉။ ၂ ကောရိန္သု၁၁:၂။ ဗျာဒိတ်၁၉:၇၊ ၈။
၂၁၊ ၂၂။ ဤပဋိညာဉ်များ ဖြစ်မြောက်စေရာများမှ အဘယ်ကောင်းချီးများ မျှော်လင့်နိုင်သနည်း။
၂၁ ယင်းက နာခံသော လူသားများအဖို့ အဘယ်အကျိုးကျေးဇူး ဖြစ်ထွန်းစေမည်နည်း။ ယေရှုသည် ‘ဖြေရှင်းချက်အစစ်အမှန်မပေးနိုင်သော’ စေတနာကောင်းသည့် သက်ဦးဆံပိုင်တို့နှင့်မတူချေ။ ၁၄၄၀၀၀တို့လည်း သူတို့နှင့် မတူချေ။ ယေရှုသည် ‘ငါတို့နည်းတူ အဘက်ဘက်တွင် စမ်းသပ်ခံတော်မူခဲ့သော်လည်း အပြစ်ကင်း’ သော ယဇ်ပုရောဟိတ်မင်းကြီးဖြစ်ကြောင်း ကျွန်ုပ်တို့အား စိတ်ချစေသည်။ ထိုကြောင့် ကိုယ်တော်သည် လူသားတို့၏ အားနည်းခြင်းများကို အဘယ်ကြောင့် သက်ဝင်ကြောင်း၊ ဘိသိက်ခံခရစ်ယာန်များ၌ မှန်ကန်သည့်နည်းတူ “အခြားသိုး” ကလည်း ခရစ်တော်အားဖြင့် ဘုရားသခင့်ပလ္လင်တော်သို့ ‘ရဲရင့်စွာ’ အဘယ်ကြောင့်ချဉ်းကပ်နိုင်ကြောင်းကို ကျွန်ုပ်တို့နားလည်နိုင်ပေသည်။ ဤသို့အားဖြင့် သူတို့သည်လည်း ‘ကရုဏာတော်ကိုခံလျက်၊ ထောက်မသင့်သောအချိန်၌ မခံစားထိုက်သော ကျေးဇူးတော်ကိုရ’ ကြပေမည်။—ဟေဗြဲ ၄:၁၄-၁၆။ ယောဟန် ၁၀:၁၆။
၂၂ ရှင်ဘုရင်–ယဇ်ပုရောဟိတ်များအဖြစ် ယေရှုနှင့်အတူ ဝင်စားခြင်းငှာ ပဋိညာဉ်ပြုခြင်းခံရသော လူသားများအား ကောင်းချီးမင်္ဂလာပေးရာတွင်လည်း ပါဝင်ကြသည်။ ရှေးလေဝိယဇ်ပုရောဟိတ်တို့သည် ဣသရေလအမျိုးတစ်မျိုးလုံးအတွက် အကျိုးပြုခဲ့သကဲ့သို့ ယေရှုနှင့်အတူ ကောင်းကင်ပလ္လင်များပေါ်မှနေ၍ အမှုတော်ထမ်းဆောင်သူတို့သည်လည်း မြေကြီးပေါ် အသက်ရှင်သူ အပေါင်းတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်အညီ တရားစီရင်ကြလိမ့်မည်။ (လုကာ ၂၂:၃၀) ထိုရှင်ဘုရင်–ယဇ်ပုရောဟိတ်တို့သည် တစ်ချိန်က လူသားများဖြစ်ခဲ့သောကြောင့် လူသားတို့၏ လိုအပ်ရာများကို စာနာသက်ဝင်ပေလိမ့်မည်။ အမျိုးအနွယ်မှ ဤဒုတိယအပိုင်းသည် ‘လူမျိုးအပေါင်း ကောင်းချီးမင်္ဂလာရ’ ရန် ယေရှုနှင့်ပူးပေါင်း ဆောင်ရွက်ကြလိမ့်မည်။—ဂလာတိ ၃:၈။
၂၃။ ဤပဋိညာဉ်များနှင့်အညီ တစ်ဦးစီအနေနှင့် မည်ကဲ့သို့ ပြုမူကျင့်ဆောင်သင့်သနည်း။
၂၃ လူသားများအပေါ် သက်ရောက်မည့် ထိုကောင်းချီးကို ခံစားလိုသောဆန္ဒရှိသူ၊ ဘုရားသခင့် ပဋိညာဉ်များမှ အကျိုးကျေးဇူးရယူလိုသူအပေါင်းကို ထိုသို့ခံစားနိုင်ရန် ယခုခေါ်ဖိတ်လျက်ရှိသည်။ (ဗျာဒိတ် ၂၂:၁၇) တက်လှမ်းသင့်သော ခြေလှမ်းတစ်လှမ်းမှာ ၁၉၉၀ ခုနှစ်၊ ဧပြီ ၁၀ ရက်၊ အင်္ဂါနေ့ နေဝင်ပြီးနောက် ကျင်းပမည့် သခင့်ညစာစားပွဲတော်သို့ တက်ရောက်ခြင်းဖြစ်သည်။ ယေဟောဝါသက်သေများ အသင်းတော်တစ်ခုခုသို့ တက်ရောက်ရန် ယခုပင် စီစဉ်ပါလေ။ ထိုနေရာ၌ မြင့်မြတ်သော ပဋိညာဉ်များအကြောင်း ပို၍သိရှိမည်ဖြစ်ပြီး ယင်းတို့မှ အကျိုးကျေးဇူး အဘယ်သို့ရရှိနိုင်ကြောင်းကိုလည်း ထပ်လောင်း၍ တွေ့ရပေလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a “အထူးစွန့်စားဆောင်ရွက်သည့် ပြုပြင်ပြောင်းလဲမှုများပင်လျှင် ဆင်းရဲနွမ်းပါးသော တောင်သူလယ်သမားအတန်းအစား၊ အခွင့်ထူးခံ၊ အခွန်လျှော့ပေါ့ခံရသော မှူးမတ်အတန်းအစား၊ အစိုးရအဖွဲ့နှင့် လူ့ဘောင်အဖွဲ့အစည်းအတွင်း မဝင်ဆန့်သော အလယ်အလတ်အတန်းစားတို့ ကျန်ရှိစမြဲဖြစ်သည်။ . . . ပညာအလင်းပေးသော သက်ဦးဆံပိုင်ဝါဒက ဥပေက္ခာမပြုနိုင်သော ပြဿနာများကို စတင်ရင်ဆိုင် ဖြေရှင်းချက်အစစ်အမှန်မတွေ့ခဲ့ရပေ။”—Western Civilization—Its Genesis and Destiny: The Modern Heritage.
b ယေရှုသည် ပဋိညာဉ်တရားသစ်ဖွဲ့သူမဟုတ်ဘဲ ယင်း၏ဖျန်ဖြေစေ့စပ်ရေးမှူးသာဖြစ်ပြီး ခွင့်လွှတ်ခြင်းလိုအပ်သော ဒုစရိုက်နှင့် ကင်းစင်တော်မူ၏။ ထိုမျှမက ကိုယ်တော်သည် ပဋိညာဉ်တရားသစ်အားဖြင့် ရှင်ဘုရင်–ယဇ်ပုရောဟိတ် ဖြစ်လာစရာလည်း မလိုပေ။ အကြောင်းမူကား ကိုယ်တော်သည် ဒါဝိဒ်ပဋိညာဉ်အရ ရှင်ဘုရင်ဖြစ်ပြီး မေလခိဇေဒက်နည်းတူ ယဇ်ပုရောဟိတ်လည်း ဖြစ်တော်မူသောကြောင့်တည်း။
သင်မှတ်မိသလော
▫ ဆာလံ ၁၁၀:၄ ၌ပါရှိသော ပဋိညာဉ်ကို အဘယ်ကြောင့် ပြုခဲ့သနည်း။ ယင်းက ဘာဖြစ်မြောက်စေခဲ့သနည်း။
▫ ပဋိညာဉ်တရားသစ်၌ မည်သူတို့ပါဝင်သနည်း။ ရှင်ဘုရင်–ယဇ်ပုရောဟိတ် အမျိုးတစ်မျိုး ဖြစ်ပေါ်စေရာတွင် ယင်းကမည်သို့ ပံ့ပိုးပေးခဲ့သနည်း။
▫ တပည့်တော်တို့နှင့် ကိုယ်ပိုင်ပဋိညာဉ်တစ်ခု ယေရှု အဘယ်ကြောင့်ပြုတော်မူသနည်း။
▫ ကျွန်ုပ်တို့သုံးသပ်ခဲ့သည့် ပဋိညာဉ်ခုနစ်ခုကား အဘယ်နည်း။
[စာမျက်နှာ ၁၉ ပါ ဇယား]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ဧဒင်တွင်ပြုသော ပဋိညာဉ် ကမ္ဘာဦး ၃:၁၅
အာဗြဟံနှင့်ပြုသော ပဋိညာဉ်
ဒါဝိဒ်နိုင်ငံတော် ပဋိညာဉ်
မေလခိဇေဒက်နည်းတူ ယဇ်ပုရောဟိတ်တစ်ဦးဖြစ်ရန် ပြုသောပဋိညာဉ်
အဓိကမျိုးစေ့
ဒုတိယမျိုးစေ့
ထာဝရကောင်းချီးများ
[စာမျက်နှာ ၂၁ ပါ ဇယား]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ဧဒင်တွင်ပြုသော ပဋိညာဉ် ကမ္ဘာဦး ၃:၁၅
အာဗြဟံနှင့်ပြုသော ပဋိညာဉ်
ပညတ်ပဋိညာဉ်
ပဋိညာဉ်သစ်
ဒါဝိဒ်နိုင်ငံတော် ပဋိညာဉ်
မေလခိဇေဒက်နည်းတူ ယဇ်ပုရောဟိတ်တစ်ဦးဖြစ်ရန် ပြုသောပဋိညာဉ်
အဓိကမျိုးစေ့
ကောင်းကင်နိုင်ငံတော်အတွက် ပဋိညာဉ်
ဒုတိယမျိုးစေ့
ထာဝရကောင်းချီးများ