ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
စက်တင်ဘာ ၇-၁၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ထွက်မြောက်ရာ ၂၃-၂၄
“လူအများနောက် မလိုက်ပါနဲ့”
(ထွက်မြောက်ရာ ၂၃:၁) “မမှန်တဲ့သတင်း မဖြန့်နဲ့။ လူဆိုးနဲ့ ပေါင်းပြီး မဟုတ်မမှန် သက်သေ မထွက်ဆိုနဲ့။”
မှန်ကန်တဲ့ အချက်အလက်တွေကို သင် သိရဲ့လား
၇ သင်ဟာ အသိမိတ်ဆွေတွေဆီ အီးမေးလ်၊ မက်ဆေ့ချ် ပို့တာ ဝါသနာပါတဲ့သူလား။ ဒါဆို သတင်းမီဒီယာမှာ အသစ်တင်ထားတဲ့ သတင်းတစ်ပုဒ် တွေ့တဲ့အခါ၊ အကြောင်းအရာတစ်ခုခုကို ကြားတဲ့အခါ ဦးဦးဖျားဖျား သတင်းပေးချင်မှာပဲ။ ဒါပေမဲ့ တစ်ယောက်ယောက်ဆီ အီးမေးလ်၊ မက်ဆေ့ချ် မပို့ခင် ‘ငါ အခု ပို့မယ့် သတင်းက တကယ် မှန်ရဲ့လား၊ စိတ်ချရရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ မသေချာဘူးဆိုရင် ညီအစ်ကို/မတွေကြား မရည်ရွယ်ဘဲ သတင်းမှား ဖြန့်သလို ဖြစ်သွားနိုင်တယ်။ ဒါကြောင့် မသေချာဘူးဆိုရင် ပို့မယ့်အစား ဖျက်လိုက်ပါ။
၈ အီးမေးလ်တွေ၊ မက်ဆေ့ချ်တွေကို မြန်မြန်ဆန်ဆန် ပို့ခြင်းရဲ့ နောက်အန္တရာယ်တစ်ခု ရှိသေးတယ်။ နိုင်ငံတချို့မှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ကန့်သတ်၊ ပိတ်ပင်ထားတယ်။ အဲဒီနိုင်ငံမှာရှိတဲ့ ဆန့်ကျင်သူတွေက ကျွန်တော်တို့ ကြောက်စိတ်ဝင်အောင်၊ အချင်းချင်း မယုံသင်္ကာ ဖြစ်အောင် တမင် သတင်းဖြန့်နိုင်တယ်။ အရင် ဆိုဗီယက်ပြည်ထောင်စုမှာ ဘာဖြစ်ခဲ့တယ်ဆိုတာ သုံးသပ်ကြည့်ပါ။ ကေဂျီဘီလို့ ခေါ်တဲ့ လျှို့ဝှက်ရဲအဖွဲ့က အထင်ကရ ညီအစ်ကိုတချို့ သစ္စာဖောက်သွားပြီလို့ သတင်းလွှင့်တယ်။ သတင်းမှားကို ယုံသူတချို့ ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ လမ်းခွဲလိုက်ကြတယ်။ ဝမ်းနည်းစရာပါပဲ။ နောက်ပိုင်း အများစုက ပြန်လှည့်လာပေမဲ့ တချို့ကတော့ ယုံကြည်ခြင်းသင်္ဘောပျက်ပြီး ပြန်လှည့်မလာကြဘူး။ (၁ တိ. ၁:၁၉) အဲဒီလို အဖြစ်ဆိုးကို ဘယ်လို ရှောင်နိုင်မလဲ။ မှားယွင်းတဲ့၊ အထောက်အထား မခိုင်လုံတဲ့ သတင်းတွေ မဖြန့်ပါနဲ့။ အယုံမလွယ်ပါနဲ့။ မရိုးအပါနဲ့။ မှန်ကန်တဲ့ အချက်အလက်တွေ ဖြစ်ကြောင်း သေချာစေပါ။
(ထွက်မြောက်ရာ ၂၃:၂) လူအများနောက် လိုက်ပြီး မကောင်းတာ မလုပ်နဲ့။ လူအများအကြိုက် လိုက်ပြီး သက်သေထွက်ဆိုခြင်းအားဖြင့် အမှန်တရားကို ကပြောင်းကပြန် ဖြစ်အောင် မလုပ်နဲ့။
it-1 ၁၁ ပိုဒ်. ၃
အာရုန်
အာရုန် လမ်းလွဲသွားခဲ့တဲ့ အဖြစ်အပျက် သုံးခုစလုံးမှာ မှတ်သားစရာ ရှိတယ်။ အာရုန်ဟာ မှားယွင်းတဲ့ လုပ်ရပ်ကို အစပြုလုပ်ခဲ့သူတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဖြောင့်မှန်တဲ့ လမ်းစဉ်ကနေ လမ်းလွဲစေတဲ့ အခြေအနေတွေရဲ့ ဖိအား၊ တခြားသူတွေရဲ့ ဖိအားပေးမှုကို အလျှော့ပေး လိုက်လျောခဲ့တယ်။ ဦးဆုံး ကျူးလွန်ခဲ့တဲ့ အမှားတုန်းကဆိုရင် “လူအများနောက် လိုက်ပြီး မကောင်းတာ မလုပ်နဲ့” ဆိုတဲ့ အခြေခံမူကို သူ လိုက်နာနိုင်ခဲ့တယ်။ (ထွ ၂၃:၂) ဒါပေမဲ့ နောက်ပိုင်း ကျမ်းစာမှတ်တမ်းတွေမှာ အာရုန်ကို အကောင်းဘက်ကနေ ဖော်ပြထားတယ်။ ဘုရားသခင်ရဲ့ သားတော် မြေကြီးပေါ် အသက်ရှင်ချိန်မှာလည်း အာရုန်ကနေ ဆင်းသက်တဲ့ ပုရောဟိတ်တာဝန် အကျိုးသက်ရောက်မှု ရှိနေဆဲ ဖြစ်ကြောင်း အသိအမှတ်ပြုခဲ့တယ်။—ဆ ၁၁၅:၁၀၊ ၁၂။ ၁၁၈:၃။ ၁၃၃:၁၊ ၂။ ၁၃၅:၁၉။ မ ၅:၁၇-၁၉။ ၈:၄။
(ထွက်မြောက်ရာ ၂၃:၃) ဆင်းရဲသားရဲ့ အမှုကို ကိုင်တွယ်တဲ့အခါမှာလည်း ဆင်းရဲလို့ ဆိုပြီး မျက်နှာမလိုက်မိစေနဲ့။
it-1 ၃၄၃ ပိုဒ်. ၅
မျက်စိကွယ်ခြင်း
အကျင့်ပျက်ခြစားမှုကြောင့် တရားစီရင်မှုပိုင်းမှာ တရားမျှတမှု မရှိခြင်းကို မျက်စိကွယ်ခြင်းနဲ့ တင်စားဖော်ပြကြတယ်။ လာဘ်စားခြင်း၊ တံစိုးလက်ဆောင် လက်ခံခြင်းနဲ့ တစ်ဖက်သတ် အစွဲတွေက တရားသူကြီးတွေကို တရားစီရင်ရေး အပိုင်းမှာ မျက်စိကွယ်စေနိုင်ပြီး မျက်နှာမလိုက်တမ်း တရားစီရင်ရာမှာ အတားအဆီး ဖြစ်စေနိုင်တယ်လို့ ပညတ်ကျမ်းမှာ သတိပေးထားတယ်။ “တံစိုးလက်ဆောင်ဟာ အမှားအမှန် ခွဲခြားနိုင်သူတွေကိုတောင် အသိဉာဏ် ကွယ်စေတယ်။” (ထွ ၂၃:၈) “တံစိုးလက်ဆောင်ဟာ ပညာရှိသူကို အသိဉာဏ် ကွယ်စေတယ်။” (တရ ၁၆:၁၉) တရားသူကြီးတစ်ဦးဟာ ဖြောင့်မတ်ပြီး ပိုင်းခြားသိမြင်မှု ရှိရင်တောင် အမှုနဲ့ပတ်သက်နေသူတွေဆီက တံစိုးလက်ဆောင် ယူထားမယ်ဆိုရင် သတိထားမိသည်ဖြစ်စေ၊ သတိမထားမိသည်ဖြစ်စေ သူ့အပေါ် အကျိုးသက်ရောက်မှု ရှိနိုင်တယ်။ တံစိုးလက်ဆောင်ကြောင့်သာမက စိတ်ခံစားချက်ကြောင့်ပါ မျက်စိကွယ်နေခြင်းမျိုးကို ဘုရားသခင့်ပညတ်မှာ ဒီလို သုံးသပ်ဖော်ပြထားတယ်– “ဆင်းရဲသားမို့လို့ ဆိုပြီး မျက်နှာသာ မပေးမိစေနဲ့။ ချမ်းသာလို့ ဆိုပြီး မျက်နှာမလိုက်နဲ့။” (ဝ ၁၉:၁၅) ဒါကြောင့် တရားသူကြီးဟာ ကိုယ့်ရဲ့ စိတ်ခံစားချက်ကြောင့်ဖြစ်စေ၊ လူအုပ်ရဲ့ ဖိအားကြောင့်ဖြစ်စေ လူတစ်ဦး ချမ်းသာတာကို ထောက်ပြီး စီရင်ချက်ချတာမျိုး မလုပ်ရဘူး။—ထွ ၂၃:၂၊ ၃။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ထွက်မြောက်ရာ ၂၃:၉) “တိုင်းတစ်ပါးသားကို မညှဉ်းဆဲနဲ့။ မင်းတို့လည်း အီဂျစ်ပြည်မှာ တိုင်းတစ်ပါးသား ဖြစ်ခဲ့ဖူးလို့ အဲဒီဘဝဟာ ဘယ်လိုလဲဆိုတာ သိနေတာပဲ။
“သူစိမ်းတွေကို ကြင်နာမှုပြဖို့ မမေ့ပါနဲ့”
၄ နိုင်ငံခြားသားတွေကို လေးစားဖို့သာမက ကိုယ်ချင်းစာဖို့လည်း အစ္စရေးတွေကို ယေဟောဝါ မိန့်မှာခဲ့တယ်။ (ထွက်မြောက်ရာ ၂၃:၉ ကိုဖတ်ပါ။) နိုင်ငံခြားသား ဖြစ်ရတာ ဘယ်လိုလဲဆိုတာ သူတို့ သိတယ်။ အီဂျစ်ပြည်မှာ ကျွန်မဖြစ်ခင်ကတည်းက အီဂျစ်တွေရဲ့ လူမျိုးရေး၊ ဘာသာရေးအစွဲကြောင့် သူတို့ ရှောင်ကြဉ်ခံရကြတယ်။ (က. ၄၃:၃၂။ ၄၆:၃၄။ ထွ. ၁:၁၁-၁၄) တိုင်းတစ်ပါးသားတွေအဖြစ် ခါးသီးတဲ့ ဘဝကို ခံစားခဲ့ကြတယ်။ ဒါပေမဲ့ သူတို့အလယ်မှာရှိတဲ့ နိုင်ငံခြားသားတွေကို “ကိုယ်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်” လို့ ယေဟောဝါ တောင်းဆိုတယ်။—ဝတ်. ၁၉:၃၃၊ ၃၄။
(ထွက်မြောက်ရာ ၂၃:၂၀၊ ၂၁) “မင်းတို့ကို လမ်းခရီးမှာ စောင့်ရှောက်ဖို့၊ ငါပြင်ဆင်ထားတဲ့ နေရာဆီ ခေါ်သွားဖို့ ကောင်းကင်တမန်တစ်ပါးကို မင်းတို့ရှေ့မှာ ငါစေလွှတ်ထားတယ်။ သူ ပြောတာကို အာရုံစိုက်နားထောင်ပြီး သူ့စကားကို နာခံပါ။ မပုန်ကန်နဲ့။ ငါ့နာမည် ခံယူထားတဲ့သူ ဖြစ်လို့ မင်းတို့ အပြစ်ကျူးလွန်ရင် ခွင့်လွှတ်မှာ မဟုတ်ဘူး။”
it-2 ၃၉၃
မိက္ခေလ
၁။ သမ္မာကျမ်းစာမှာ ဂါဗြေလအပြင် နာမည်နဲ့ ဖော်ပြထားတဲ့ နောက်ကောင်းကင်တမန်တစ်ပါး ဖြစ်တယ်။ “ကောင်းကင်တမန်မင်း” လို့ ခေါ်တယ်။ (ယု ၉) ဒံယေလ အခန်းကြီး ၁၀ မှာ မိက္ခေလဆိုတဲ့ နာမည် ဦးဆုံး ပါရှိပြီး “ထိပ်သီးမင်းသား” လို့ ဖော်ပြထားတယ်။ “ပါးရှားပြည်စောင့်နတ်မင်း” ရဲ့ တားဆီးမှုကို ခံနေရတဲ့ ကောင်းကင်တမန်ကို အကူအညီပေးဖို့ မိက္ခေလ ရောက်လာခြင်း ဖြစ်တယ်။ “မင်းသား မိက္ခေလ၊” ဒံယေလရဲ့ လူမျိုးအတွက် “ရပ်တည်ပေးနေတဲ့ ကြီးမြတ်တဲ့ မင်းသား မိက္ခေလ” လို့လည်း ဖော်ပြထားတယ်။ (ဒံ ၁၀:၁၃၊ ၂၀၊ ၂၁။ ၁၂:၁) ဒီအချက်တွေအရ မိက္ခေလဟာ အစ္စရေးလူမျိုး တောကန္တာရမှာ လှည့်လည်စဉ်အတွင်း ဦးဆောင်ခဲ့တဲ့ ကောင်းကင်တမန် ဖြစ်တယ်ဆိုတာ ဖော်ပြတယ်။ (ထွ ၂၃:၂၀၊ ၂၁၊ ၂၃။ ၃၂:၃၄။ ၃၃:၂) အဲဒီကောက်ချက်ကို ဒီကျမ်းစာ ဖော်ပြချက်ကလည်း ထောက်ခံပါတယ်။ “ကောင်းကင်တမန်မင်း မိက္ခေလကတော့ မောရှေရဲ့ အလောင်းနဲ့ပတ်သက်ပြီး မာရ်နတ်နဲ့ ငြင်းခုံ” ခဲ့တယ်။—ယု ၉။
ကျမ်းစာဖတ်ရှုခြင်း
ဟောပြောချက်
စာရှုသူများထံမှ မေးခွန်းလွှာ
အစိုးရဝန်ထမ်းတွေကို လက်ဆောင်၊ လက်ဖက်ရည်ဖိုး ပေးသင့်မသင့် ဆုံးဖြတ်ရာမှာ ခရစ်ယာန်တစ်ယောက် ဘယ်အချက်တွေကို ထည့်သွင်းစဉ်းစားရမလဲ။
အချက်တချို့ကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်တယ်။ ခရစ်ယာန်တွေဟာ ရိုးသားရမယ်။ ယေဟောဝါရဲ့ ပညတ်နဲ့ မဆန့်ကျင်ဘူးဆိုရင် အစိုးရပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို လိုက်နာဖို့ တာဝန်ရှိတယ်။ (မ. ၂၂:၂၁။ ရော. ၁၃:၁၊ ၂။ ဟီ. ၁၃:၁၈) ဒေသခံ ဓလေ့ထုံးစံတွေကို လေးစားဖို့၊ လူတွေ လက်မခံနိုင်တဲ့အရာတွေ မလုပ်ဖို့၊ ‘လူလူချင်းကို ကိုယ်နဲ့ ထပ်တူ ချစ်’ ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ (မ. ၂၂:၃၉။ ရော. ၁၂:၁၇၊ ၁၈။ ၁ သက်. ၄:၁၁၊ ၁၂) ဒီကျမ်းစာမူတွေက လက်ဆောင် ဒါမှမဟုတ် လက်ဖက်ရည်ဖိုး ပေးသင့်မသင့် ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ခရစ်ယာန်တွေရဲ့ အမြင်အပေါ် အကျိုးသက်ရောက်မှု ရှိနိုင်တယ်။
နိုင်ငံအတော်များများမှာ ပြည်သူတစ်ယောက်ဟာ ရသင့်ရထိုက်တာကို ရယူဖို့ အစိုးရဝန်ထမ်းတွေကို ဘာမှ ပေးစရာ မလိုပါဘူး။ အကြောင်းကတော့ အစိုးရက အစိုးရဝန်ထမ်းတွေကို လုပ်ငန်းတာဝန်တွေ ဆောင်ရွက်ဖို့ လစာ ပေးထားလို့ပဲ။ အစိုးရဝန်ထမ်းတွေဟာ သူတို့ရဲ့ ပုံမှန် လစာကလွဲလို့ နောက်ထပ် အခကြေးငွေ ရဖို့ မမျှော်လင့်ကြဘူး။ အစိုးရဝန်ထမ်းတစ်ယောက်ဟာ တာဝန်တွေကို ဥပဒေနဲ့အညီ ထမ်းဆောင်တာဆိုရင်တောင် အခုလို အခကြေးငွေ တောင်းခံတာ၊ လက်ခံတာက ဥပဒေနဲ့ မညီတဲ့ လုပ်ရပ် ဖြစ်တယ်လို့ နိုင်ငံများစွာမှာ ယူမှတ်ထားကြတယ်။ အဲဒီအခကြေးငွေက သူ လုပ်ရမယ့် အလုပ်နဲ့ သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ အခကြေးငွေ လက်ခံခြင်းကိုယ်နှိုက်ကို လာဘ်စားခြင်းလို့ ယူဆကြတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ခရစ်ယာန်တစ်ယောက်က အစိုးရဝန်ထမ်းတွေကို လက်ဆောင် ဒါမှမဟုတ် လက်ဖက်ရည်ဖိုး မပေးသင့်ပါဘူး။
ဒါပေမဲ့ အဲဒီလိုဥပဒေတွေ မရှိတဲ့ ဒါမှမဟုတ် ဥပဒေ တင်းကျပ်မှု မရှိတဲ့ နိုင်ငံတွေမှာ အစိုးရဝန်ထမ်းတွေဟာ သူတို့ လုပ်ရမယ့် အလုပ်နဲ့ပတ်သက်လာရင် အထက်ပါသဘောထားမျိုး မရှိကြဘူး။ ဒေသတချို့မှာ အစိုးရ အရာရှိတွေဟာ ရာထူးကို အသုံးချပြီး သူတို့ လုပ်ပေးရမယ့် အလုပ်အတွက် လူတွေဆီကနေ ငွေကြေး တောင်းခံတာ၊ တစ်ခုခု တောင်းဆိုတာမျိုး လုပ်ကြတယ်။ လက်ဆောင် မရမချင်း လုပ်ပေးရမယ့် အလုပ်ကို ကြည်ကြည်ဖြူဖြူ မလုပ်ပေးကြဘူး။ ထိမ်းမြားမှု မှတ်ပုံတင် အရာရှိ၊ အကောက်ခွန် အရာရှိ၊ ဆောက်လုပ်ခွင့်ပြုမိန့် ထုတ်ပေးတဲ့ အရာရှိ စတဲ့ အရာရှိတွေကို လက်ဖက်ရည်ဖိုး မဖြစ်မနေ ပေးရတယ်။ အဲဒီလိုပေးဖို့ ကြန့်ကြာရင်၊ မပေးရင် ဥပဒေအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရအောင် တမင်တကာ လုပ်နိုင်တယ်။ နိုင်ငံတစ်နိုင်ငံမှာဆိုရင် အရေးပေါ် မီးသတ်ပေးဖို့ မီးသတ်သမားတွေကို အကြောင်းကြားတဲ့အခါ လက်ဖက်ရည်ဖိုး အရင် ပေးမှ လာနိုင်မယ်လို့ ပြန်ပြောကြောင်း သတင်းတစ်ပုဒ်က ဆိုတယ်။
အဲဒီလိုလုပ်ရပ်မျိုးကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားတဲ့ ဒေသမှာ လက်ဖက်ရည်ဖိုး မပေးလို့ မရဘူးလို့ တချို့က ယူဆကြတယ်။ ဒီလိုအခြေအနေမျိုးဆိုရင်တော့ ခရစ်ယာန်တစ်ယောက်ဟာ လက်ဖက်ရည်ဖိုး ပေးတာကို သူ ရသင့်ရထိုက်တဲ့ ဝန်ဆောင်မှု ရနိုင်ရေးအတွက် ထပ်ဆောင်း ပေးရတဲ့ ကုန်ကျစရိတ်အဖြစ် မှတ်ယူနိုင်ပါတယ်။ ဒါပေမဲ့ အကျင့်ပျက်ခြစားမှုကို သာမန်အဖြစ် ယူမှတ်တဲ့ ဝန်းကျင်မှာ နေထိုင်တဲ့ ခရစ်ယာန်တစ်ယောက်ဟာ အမြဲ သတိရှိနေဖို့ လိုတယ်။ ဒါမှသာ ကိစ္စရပ်တစ်ခုဟာ ဘုရားရဲ့ အမြင်မှာ ဘယ်အတိုင်းအတာအထိ လက်ခံနိုင်တယ်၊ လက်မခံနိုင်ဘူးဆိုတာ ပြတ်ပြတ်သားသား သိနေမှာ ဖြစ်တယ်။ ဥပဒေအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရနိုင်ဖို့ လက်ဖက်ရည်ဖိုး ပေးတာက ဥပဒေနဲ့ မညီတာတွေ လုပ်ဖို့ လက်ဖက်ရည်ဖိုး ပေးတာနဲ့ မတူဘူး။ အကျင့်ပျက်ခြစားမှု ကြီးစိုးတဲ့ နေရာတွေမှာ လူတချို့ဟာ သူတို့ ရပိုင်ခွင့် မရှိတဲ့ ဝန်ဆောင်မှုတွေ ရဖို့၊ ဒဏ်ကြေးများများ မဆောင်ရဖို့ အရာရှိတွေ၊ ရဲတွေ၊ စစ်ဆေးရေး အရာရှိတွေကို လက်ဖက်ရည်ဖိုး ပေးကြတယ်။ ဒီလိုမျိုး “တံစိုးလက်ဆောင်” ပေးပြီး တစ်ဦးတစ်ယောက်ကို အကျင့်ပျက်ခြစားတဲ့ လုပ်ရပ် ကျူးလွန်စေသူလည်း မှားတယ်။ “တံစိုးလက်ဆောင်” လက်ခံပြီး အကျင့်ပျက်ခြစားတဲ့ လုပ်ရပ် ကျူးလွန်သူလည်း မှားတယ်။ နှစ်ဦးနှစ်ဖက်စလုံးဟာ အမှန်တရားကို ကပြောင်းကပြန် လုပ်နေကြတာ ဖြစ်တယ်။—ထွ. ၂၃:၈။ တရား. ၁၆:၁၉။ ပညာ. ၁၇:၂၃။
ရင့်ကျက်တဲ့ ခရစ်ယာန် အများစုဟာ ကျမ်းစာမူနဲ့ လေ့ကျင့်ထားတဲ့ သိစိတ်ကြောင့် အရာရှိတွေ တောင်းဆိုတဲ့ လက်ဖက်ရည်ဖိုး ပေးဖို့ စိတ်မကြည်လင်ကြဘူး။ အဲဒီလိုပေးတာက အကျင့်ပျက်ခြစားမှုကို ဖုံးကွယ်တာ၊ အားပေးအားမြှောက် လုပ်တာလို့ ခံစားကြရတယ်။ ဒါကြောင့် ဘယ်လို လက်ဆောင်မျိုးကိုမဆို ပေးဖို့ ငြင်းဆန်ကြတယ်။ ဥပဒေနဲ့ မညီတဲ့ အရာတွေ လုပ်ဆောင်ဖို့ ပေးတဲ့ လက်ဆောင်ဟာ တံစိုးလက်ဆောင် ဖြစ်မှန်း ရင့်ကျက်တဲ့ ခရစ်ယာန်တွေ သိကြတယ်။ ဒါပေမဲ့ ဒေသခံ အခြေအနေနဲ့ လူတွေ လက်သင့်ခံနိုင်ရာပေါ် မူတည်ပြီး ဥပဒေနဲ့ ညီတဲ့ ဝန်ဆောင်မှုတွေ ရယူဖို့၊ အချိန်မကြာဖို့ လက်ဖက်ရည်ဖိုး အနည်းငယ်ကို ကျေးဇူးတင်ကြောင်း ပြတဲ့အနေနဲ့ ပေးတာမျိုး ဖြစ်နိုင်တယ်။ တချို့ ကိစ္စတွေမှာဆိုရင် ခရစ်ယာန်တချို့က ပြည်သူ့ဆေးရုံမှာ ကျန်းမာရေး စောင့်ရှောက်မှု အခမဲ့ ခံယူပြီးနောက် ဆရာဝန်နဲ့ သူနာပြုတွေကို ကျေးဇူးတင်ကြောင်း ပြတဲ့အနေနဲ့ လက်ဆောင် ပေးကြတယ်။ ကုသမှု ခံယူပြီးနောက်မှ ပေးတာ ဖြစ်တဲ့အတွက် အဲဒီလိုလက်ဆောင်မျိုးကို လာဘ်ပေး အကူအညီ တောင်းတာ ဆိုပြီး ယူမှတ်စရာ မလိုလို့ စိတ်သန့်သန့်နဲ့ ပေးနိုင်ကြတယ်။
ဒီဆောင်းပါးမှာ နိုင်ငံတိုင်းက အခြေအနေ အရပ်ရပ်ကို ငုံမိအောင် ဖော်ပြဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒေသခံ အခြေအနေတွေ ဘယ်လိုပဲ ရှိပါစေ ခရစ်ယာန်တစ်ယောက်ဟာ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ သူ့ရဲ့ မှားမှန်သိစိတ် ကြည်လင်နေသင့်တယ်။ (ရော. ၁၄:၁-၆) ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေကို မလုပ်ရဘူး။ (ရော. ၁၃:၁-၇) ယေဟောဝါဘုရားရဲ့ နာမကို ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်စေမယ့်၊ တခြားသူတွေကို တိုက်မိလဲစေမယ့် လုပ်ရပ်တွေ မလုပ်သင့်ဘူး။ (မ. ၆:၉။ ၁ ကော. ၁၀:၃၂) ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေဟာ လူလူချင်းကို ချစ်ကြောင်း ထင်ဟပ်နေသင့်တယ်။—မာ. ၁၂:၃၁။
စက်တင်ဘာ ၁၄-၂၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ထွက်မြောက်ရာ ၂၅–၂၆
“တဲတော်ထဲက အရေးကြီးဆုံးအရာ”
(ထွက်မြောက်ရာ ၂၅:၉) တဲတော်နဲ့ တဲတော် အသုံးအဆောင်တွေကို ငါပြမယ့် ပုံစံအတိုင်း အတိအကျ လုပ်ရမယ်။
it-1 ၁၆၅
ပဋိညာဉ်သေတ္တာ
ပုံစံ။ တဲတော် တည်ဆောက်ဖို့ ညွှန်ကြားချက် ပေးချိန်မှာ မောရှေကို ယေဟောဝါ ပထမဆုံး ပြောတာက ပဋိညာဉ်သေတ္တာ ပုံစံ ဖြစ်တယ်။ အကြောင်းကတော့ သေတ္တာတော်ဟာ တဲတော်နဲ့ အစ္စရေး တစ်မျိုးသားလုံးအတွက် အရေးအကြီးဆုံးအရာ ဖြစ်လို့ပါပဲ။ သေတ္တာကိုယ်ထည်က အလျား နှစ်တောင်ခွဲ၊ အနံ တစ်တောင်ခွဲ၊ အမြင့် တစ်တောင်ခွဲ ရှိတယ်။ ရှားသားနဲ့ ပြုလုပ်ထားပြီး သေတ္တာ အတွင်းအပြင်ကို ရွှေစင်နဲ့ ရွှေချထားတယ်။ လက်မှုပညာသည်က “သေတ္တာအပေါ်နား ပတ်လည်မှာ ရွှေအနားကွပ်” လုပ်တယ်။ သေတ္တာရဲ့ ဒုတိယအပိုင်း ဖြစ်တဲ့ သေတ္တာအဖုံးကို ရွှေစင်နဲ့ လုပ်တယ်။ သစ်သားနဲ့ လုပ်ပြီး ရွှေချတာမျိုး မဟုတ်ဘဲ အဖုံးတစ်ခုလုံးကို ရွှေစင်နဲ့ လုပ်ထားတယ်။ အဖုံးအပေါ်မှာ ခေရုဗိမ်ရုပ် နှစ်ခု ထုလုပ်တယ်။ ခေရုဗိမ်တွေကို အဖုံးရဲ့ အစွန် တစ်ဖက်တစ်ချက်မှာ မျက်နှာချင်းဆိုင် ထားတယ်။ ခေရုဗိမ်တွေဟာ အတောင်နှစ်ဖက်ကို အပေါ်ဘက် ဖြန့်၊ သေတ္တာအဖုံးကို မိုးထားပြီး ပျပ်ဝပ်နေတယ်။ (ထွ ၂၅:၁၀၊ ၁၁၊ ၁၇-၂၂။ ၃၇:၆-၉) အဖုံးကို “ဘုရားရဲ့ မျက်နှာသာ ရရှိစေတဲ့ အပြစ်ဖြေရာ အလှူ” လို့လည်း သိကြတယ်။—ထွ ၂၅:၁၇။ ဟီ ၉:၅၊ အောက်ခြေမှတ်ချက်။
(ထွက်မြောက်ရာ ၂၅:၂၁) ငါပေးမယ့် သက်သေခံချက် ကျောက်ပြားကို သေတ္တာထဲ ထည့်ပြီး အဖုံးနဲ့ ဖုံးထားရမယ်။
it-1 ၁၆၆ ပိုဒ်. ၂
ပဋိညာဉ်သေတ္တာ
ပဋိညာဉ်သေတ္တာဟာ ဘုရားဆီက လာတဲ့ သတိပေးချက်တွေ၊ သက်သေခံချက်တွေကို ထိန်းသိမ်းတဲ့ သန့်ရှင်းတဲ့ သေတ္တာ ဖြစ်တယ်။ အဓိကအနေနဲ့ သက်သေခံချက် ကျောက်ပြား ဒါမှမဟုတ် ပညတ်တော် ဆယ်ပါး ရေးထားတဲ့ ကျောက်ပြား နှစ်ချပ် ထည့်ထားတယ်။ (ထွ ၂၅:၁၆) “မန္နမုန့် ထည့်ထားတဲ့ ရွှေအိုး၊ အာရုန်ရဲ့ ပန်းပွင့်တဲ့ တောင်ဝှေး” ကိုလည်း ပဋိညာဉ်သေတ္တာထဲ ထည့်ခဲ့ကြပေမဲ့ ရှောလမုန် ဗိမာန်တော်ကို မတည်ဆောက်မီ တစ်ချိန်ချိန်မှာ ပြန်ထုတ်လိုက်ကြတယ်။ (ဟီ ၉:၄။ ထွ ၁၆:၃၂-၃၄။ တလ ၁၇:၁၀။ ၁ဘု ၈:၉။ ၂ရ ၅:၁၀) မောရှေက မသေဆုံးခင်လေးမှာ လေဝိအမျိုးသား ပုရောဟိတ်တွေကို “ပညတ်ကျမ်း” ပေးပြီး သိမ်းဖို့ ပြောခဲ့တယ်။ ပဋိညာဉ်သေတ္တာအထဲမှာ မဟုတ်ဘဲ “ယေဟောဝါဘုရားရဲ့ ပဋိညာဉ်သေတ္တာဘေးမှာ ထားပါ။ ဒီကျမ်းစောင်ဟာ ခင်ဗျားတို့ကို စစ်ကြောမယ့် သက်သေ ဖြစ်လိမ့်မယ်” လို့ ညွှန်ကြားခဲ့တယ်။—တရ ၃၁:၂၄-၂၆။
(ထွက်မြောက်ရာ ၂၅:၂၂) ငါက အဲဒီနေရာမှာ မင်းကို ထင်ရှားပြပြီး အဖုံးပေါ်ကနေ စကားပြောမယ်။ အစ္စရေးတွေအတွက် ငါမိန့်မှာမယ့် အရာမှန်သမျှကို သက်သေခံချက် သေတ္တာပေါ်က ခေရုဗိမ် နှစ်ပါးကြားကနေ မင်းကို အသိပေးမယ်။
it-1 ၁၆၆ ပိုဒ်. ၃
ပဋိညာဉ်သေတ္တာ
ဘုရားသခင် ရောက်ရှိနေကြောင်း မှတ်သားဖော်ပြ။ သမိုင်းတစ်လျှောက်မှာ ပဋိညာဉ်သေတ္တာဟာ ဘုရားသခင် ရောက်ရှိနေကြောင်း အမှတ်အသား ဖြစ်ခဲ့တယ်။ ယေဟောဝါ ဒီလို ကတိပေးတယ်– “ငါက အဲဒီနေရာမှာ မင်းကို ထင်ရှားပြပြီး အဖုံးပေါ်ကနေ စကားပြောမယ်။ အစ္စရေးတွေအတွက် ငါမိန့်မှာမယ့် အရာမှန်သမျှကို သက်သေခံချက် သေတ္တာပေါ်က ခေရုဗိမ် နှစ်ပါးကြားကနေ မင်းကို အသိပေးမယ်။” “သေတ္တာအဖုံးပေါ်က မိုးတိမ်မှာ ငါရှိနေတယ်။” (ထွ ၂၅:၂၂။ ဝ ၁၆:၂) ရှမွေလက ယေဟောဝါကို “ခေရုဗိမ်တွေပေါ် စံမြန်းတဲ့ ဗိုလ်ခြေတို့ရဲ့ အရှင်” လို့ ရေးခဲ့တယ်။ (၁ရှ ၄:၄) ဒါကြောင့် ခေရုဗိမ်တွေကို ယေဟောဝါရဲ့ “ရထားတော်နဲ့ တင်စား” ထားတယ်။ (၁ရ ၂၈:၁၈) ဒါကြောင့်မို့လို့လည်း “မောရှေက ဘုရားသခင်နဲ့ စကားပြောဖို့ တွေ့ဆုံရာ တဲတော်ထဲ ဝင်တဲ့အခါတိုင်း သက်သေခံချက် သေတ္တာအဖုံးပေါ်ကနေ စကားပြောသံကို ကြားရတယ်။ ဘုရားသခင်က ခေရုဗိမ် နှစ်ပါး ကြားကနေ သူ့ကို စကားပြောတယ်။” (တလ ၇:၈၉) နောက်ပိုင်း၊ ယောရှုနဲ့ ပုရောဟိတ်မင်း ဖိနဟတ်တို့လည်း သေတ္တာတော်ရှေ့မှာ ယေဟောဝါကို မေးမြန်းခဲ့ကြတယ်။ (ယရ ၇:၆-၁၀။ သူ ၂၀:၂၇၊ ၂၈) ဒါပေမဲ့ ပုရောဟိတ်မင်းတစ်ယောက်တည်းကပဲ တစ်နှစ်ကို တစ်ကြိမ် အသန့်ရှင်းဆုံး အခန်းထဲ ဝင်ပြီး သေတ္တာတော်ကို မြင်ခွင့်ရတယ်။ ယေဟောဝါနဲ့ စကားပြောဖို့ မဟုတ်ဘူး။ အပြစ်ဖြေရာနေ့နဲ့ သက်ဆိုင်တဲ့ လုပ်ဆောင်စရာတွေကို ဆောင်ရွက်ဖို့ ဖြစ်တယ်။—ဝ ၁၆:၂၊ ၃၊ ၁၃၊ ၁၅၊ ၁၇။ ဟီ ၉:၇။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ထွက်မြောက်ရာ ၂၅:၂၀) ခေရုဗိမ်တွေက အတောင်နှစ်ဖက်ကို အပေါ်ဘက် ဖြန့်၊ သေတ္တာအဖုံးကို မိုးထားပြီး မျက်နှာချင်းဆိုင် ပျပ်ဝပ်နေရမယ်။
it-1 ၄၃၂ ပိုဒ်. ၁
ခေရုဗိမ်
တောကန္တာရမှာ တည်ဆောက်ခဲ့တဲ့ တဲတော် အသုံးအဆောင် အဆင်တန်ဆာတွေထဲမှာ ခေရုဗိမ်ရုပ်တွေလည်း ပါတယ်။ သေတ္တာတော် အဖုံးရဲ့ အစွန် နှစ်ဖက်မှာ ရှိတဲ့ ခေရုဗိမ်ရုပ် နှစ်ခုကို ရွှေစင်နဲ့ ထုလုပ်တယ်။ ခေရုဗိမ်တွေဟာ မျက်နှာချင်းဆိုင် ရှိနေပြီး ဝတ်ပြုကိုးကွယ်နေတဲ့ ပုံနဲ့ ပျပ်ဝပ်နေတယ်။ အတောင်နှစ်ဖက်ကို အပေါ်ဘက် ဖြန့်၊ သေတ္တာအဖုံးကို စောင့်ကြပ်ကာကွယ်ထားသလိုမျိုး အုပ်မိုးထားတယ်။ (ထွ ၂၅:၁၀-၂၁။ ၃၇:၇-၉) တဲတော်ကို ကာထားတဲ့ ရွက်ထည်တွေရဲ့ အတွင်းပိုင်းနဲ့ သန့်ရှင်းရာအခန်းနဲ့ အသန့်ရှင်းဆုံး အခန်းကို ကာထားတဲ့ ကန့်လန့်ကာတွေမှာလည်း ခေရုဗိမ်ရုပ်တွေ ပေါ်အောင် ပန်းထိုးထားတယ်။—ထွ ၂၆:၁၊ ၃၁။ ၃၆:၈၊ ၃၅။
(ထွက်မြောက်ရာ ၂၅:၃၀) စားပွဲပေါ်မှာ ရှေ့တော်မုန့်ကို အမြဲ တင်ရမယ်။
it-2 ၉၃၆
ရှေ့တော်မုန့်
တဲတော် ဒါမှမဟုတ် ဗိမာန်တော် သန့်ရှင်းရာအခန်းမှာ ရှိတဲ့ စားပွဲပေါ်မှာ မုန့် ဆယ့်နှစ်လုံး တင်ထားတယ်။ ဥပုသ်နေ့ ရောက်တိုင်း မုန့်အသစ် လဲပေးရတယ်။ (ထွ ၃၅:၁၃။ ၃၉:၃၆။ ၁ဘု ၇:၄၈။ ၂ရ ၁၃:၁၁။ နေ ၁၀:၃၂၊ ၃၃) ဟီဘရူး စကားလုံး “ရှေ့တော်မုန့်” မှာပါတဲ့ ရှေ့တော်ဆိုတဲ့ စကားလုံးအရ ယေဟောဝါရဲ့ ရှေ့တော်မှာ အမြဲ ပူဇော်ထားတယ် ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တယ်။ (၂ဘု ၁၃:၂၃။ ထွ ၂၅:၃၀) ရှေ့တော်မုန့်ကို “အဆင့်ဆင့် တင်ထားတဲ့ မုန့်” လို့လည်း ခေါ်ဆိုတယ်။—၂ရ ၂:၄။
ကျမ်းစာဖတ်ရှုခြင်း
စက်တင်ဘာ ၂၁-၂၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ထွက်မြောက်ရာ ၂၇–၂၈
“ပုရောဟိတ်ရဲ့ ဝတ်စုံကနေ ဘာသင်ယူနိုင်သလဲ”
(ထွက်မြောက်ရာ ၂၈:၃၀) “အာရုန်က ယေဟောဝါရှေ့ကို ဝင်တဲ့အခါ ဥရိမ်နဲ့ သုမိမ်ကို တရားစီရင်ချက် ရင်ဖုံးထဲ ထည့်ထားရမယ်။ ယေဟောဝါရှေ့ အစ္စရေးလူမျိုးကို တရားစီရင်တဲ့အခါ ဥရိမ်နဲ့ သုမိမ် ပါတဲ့ ရင်ဖုံးကို အမြဲ ဝတ်ထားရမယ်။”
it-2 ၁၁၄၃
ဥရိမ်နဲ့ သုမိမ်
ကျမ်းပညာရှင် အတော်များများက ဥရိမ်နဲ့ သုမိမ်ဆိုတာ မဲတွေလို အသုံးပြုရတဲ့အရာ ဖြစ်တယ်လို့ ယုံကြည်ကြတယ်။ ဂျိမ်း မောဖက် ဘာသာပြန်ကျမ်းက ထွက်မြောက်ရာ ၂၈:၃၀ မှာ “သန့်ရှင်းမြင့်မြတ်တဲ့ မဲများ” လို့ သုံးနှုန်းထားတယ်။ တချို့က မဲပြား သုံးခု ဖြစ်နိုင်တယ်လို့ ယူဆကြပြီး တစ်ခုမှာ “ဟုတ်တယ်၊” နောက်တစ်ခုမှာ “မဟုတ်ဘူး” လို့ ရေးထားတယ်။ နောက်တစ်ခုက ဗလာလို့ ဆိုကြတယ်။ မေးခွန်း အဖြေ ရဖို့ မဲချကြတယ်။ ဗလာမဲပြား ကျတယ်ဆိုရင် အဖြေ မရဘူးလို့ ဆိုကြတယ်။ တချို့သူတွေကျပြန်တော့ ကျောက်ပြားနှစ်ခု ဖြစ်နိုင်တယ်လို့ ဆိုကြတယ်။ တစ်ဖက်မှာ အဖြူရောင် သုတ်ထားပြီး နောက်တစ်ဖက်မှာ အနက်ရောင် သုတ်ထားတယ်။ မဲချတဲ့အခါ အဖြူရောင်နှစ်ခု ကျရင် “ဟုတ်တယ်” ဆိုတဲ့ အဓိပ္ပာယ်ရှိပြီး အနက်ရောင်နှစ်ခု ကျရင် “မဟုတ်ဘူး” ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ အဖြူတစ်ခု၊ အမည်းတစ်ခု ကျရင် အဖြေ မရတဲ့ အဓိပ္ပာယ်ပဲလို့ ဆိုကြပြန်တယ်။ အဖြစ်အပျက်တစ်ခုမှာ ရှောလုက ဖိလိတိလူတွေကို တိုက်ခိုက်ရမလားလို့ ပုရောဟိတ်ကတစ်ဆင့် မေးတဲ့အခါ အဖြေ မရခဲ့ဘူး။ တစ်ယောက်ယောက်က အပြစ်လုပ်ထားတယ်လို့ ခံစားရတဲ့အတွက် “အစ္စရေးတို့ရဲ့ ဘုရားသခင်၊ သုမိမ်ကတစ်ဆင့် အဖြေပေးပါ” ဆိုပြီး အသနားခံခဲ့တယ်။ ရှောလုနဲ့ ယောနသန်ကတစ်ဖက် ကျန်တဲ့သူတွေကတစ်ဖက် ခွဲထုတ်ပြီး သူတို့နှစ်ဖက်ကြား မဲချတယ်။ မှတ်တမ်းမှာ “သုမိမ်ကတစ်ဆင့် အဖြေပေးပါ” လို့ ပြောထားတာကို ကြည့်ရင် နှစ်ဖက်ကြား မဲချဆုံးဖြတ်တဲ့အခါတွေမှာ အသုံးပြုပုံရပါတယ်။—၁ရှ ၁၄:၃၆-၄၂။
(ထွက်မြောက်ရာ ၂၈:၃၆) တောက်ပြောင်တဲ့ ရွှေစင်ပြားတစ်ခု လုပ်ရမယ်။ အဲဒီပေါ်မှာ ‘ယေဟောဝါဟာ သန့်ရှင်းမြင့်မြတ်တယ်’ ဆိုပြီး ရေးထွင်းရမယ်။
it-1 ၈၄၉ ပိုဒ်. ၃
နဖူး
အစ္စရေးတွေရဲ့ ပုရောဟိတ်မင်း။ အစ္စရေး ပုရောဟိတ်မင်းရဲ့ ခေါင်းပေါင်းရှေ့၊ ပုရောဟိတ်မင်းရဲ့ နဖူးပေါ်မှာ “ယေဟောဝါဟာ သန့်ရှင်းမြင့်မြတ်တယ်” လို့ ရေးထွင်းထားတဲ့ ရွှေစင်ပြားကို ချည်ထားတယ်။ အဲဒါက “သန့်ရှင်းမြင့်မြတ်တဲ့ ဆက်ကပ်အပ်နှံခြင်း အမှတ်အသား” ဖြစ်တယ်။ (ထွ ၂၈:၃၆-၃၈။ ၃၉:၃၀) အစ္စရေး ပုရောဟိတ်ဟာ ယေဟောဝါရဲ့ ဝတ်ပြုရေးကို ဦးဆောင်ပြီး လုပ်ပေးသူ ဖြစ်တဲ့အတွက် ပုရောဟိတ်မင်းရဲ့ နဖူးက စာတန်းဟာ သန့်ရှင်းမြင့်မြတ်တဲ့ လုပ်ငန်းတာဝန်နဲ့ သင့်လျော်ပါတယ်။ အဲဒီစာကို မြင်ပြီး အစ္စရေးတစ်မျိုးသားလုံးက ယေဟောဝါကို ဝတ်ပြုကိုးကွယ်ရာမှာ မပြတ် သန့်ရှင်းဖို့ လိုကြောင်း သတိပေးခံရတယ်။ အစ္စရေး ပုရောဟိတ်မင်းကြီးဟာ သာ၍ ကြီးမြတ်တဲ့ ပုရောဟိတ်မင်းကြီး ယေရှုခရစ်ကိုလည်း သင့်လျော်စွာ ပုံတင်ပြတယ်။ ဒီပုရောဟိတ်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်းအားဖြင့် ဘုရားသခင်ရဲ့ သန့်ရှင်းမြင့်မြတ်မှုကို ထောက်ခံတယ်။—ဟီ ၇:၂၆။
(ထွက်မြောက်ရာ ၂၈:၄၂၊ ၄၃) ရှက်စရာ အင်္ဂါတွေ မပေါ်အောင် ခါးကနေ ပေါင်အထိ ရှည်တဲ့ ပိတ်ဘောင်းဘီကို သူတို့အတွက် ချုပ်ပေးရမယ်။ ၄၃ အာရုန်နဲ့ သားတွေက တွေ့ဆုံရာ တဲတော်ကို ဝင်တဲ့အခါ၊ သန့်ရှင်းရာ ဌာနတော်မှာ အမှုဆောင်ဖို့ ပူဇော်ရာပလ္လင်အနားကို သွားတဲ့အခါ အပြစ်သင့်ပြီး မသေရအောင် အဲဒါတွေကို ဝတ်ထားရမယ်။ ဒါဟာ အာရုန်နဲ့ သားစဉ်မြေးဆက်တွေ လိုက်နာရမယ့် အမြဲ တည်တဲ့ ဥပဒေပဲ။
ဂုဏ်အသရေရှိရှိ ယေဟောဝါအား ဂုဏ်တင်ပါ
၁၇ ကျွန်ုပ်တို့သည် ယေဟောဝါအား ဝတ်ပြုကိုးကွယ်ချိန်တွင် အထူးသဖြင့် ဂုဏ်အသရေ ရှိသင့်သည်ဟု သမ္မာကျမ်းစာက ဖော်ပြသည်။ “ဘုရားသခင့် အိမ်တော်သို့ သွားသောအခါ သင့်ခြေတို့ကို စောင့်လော့” ဟု ဒေ. ၅:၁ က ဆို၏။ မောရှေနှင့် ယောရှု နှစ်ဦးစလုံးသည် မြင့်မြတ်သန့်ရှင်းသော နေရာသို့ ရောက်ရှိချိန်တွင် မိမိတို့၏ ခြေနင်းများကို ချွတ်ရန် မိန့်မှာခံခဲ့ရသည်။ (ထွ. ၃:၅; ယောရှု ၅:၁၅) ရိုသေလေးစားကြောင်း ပြသည့်အနေဖြင့် ယင်းသို့ ပြုခဲ့ကြသည်။ ဣသရေလ ယဇ်ပုရောဟိတ်များသည် “ရှက်စရာအကြောင်း မထင်မပေါ်စေခြင်းငှာ” ပိတ်ဘောင်းဘီကို မဖြစ်မနေ ဝတ်ဆင်ခဲ့ရသည်။ (ထွ. ၂၈:၄၂၊ ၄၃) ယင်းက ယဇ်ပလ္လင်တွင် အမှုဆောင်သည့်အခါ မပေါ်အပ်သော ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို မပေါ်စေပါ။ ယဇ်ပုရောဟိတ် မိသားစုဝင်တိုင်းသည် ဘုရားသခင်ဝတ်၌ မွေ့လျော်သည့် စံနှုန်းနှင့် ညီသော ဂုဏ်အသရေကို ထိန်းကြရ၏။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ထွက်မြောက်ရာ ၂၈:၁၅-၂၁) “သင်တိုင်းလိုပဲ တရားစီရင်ချက် ရင်ဖုံးကိုလည်း ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်၊ ချည်ချောတွေနဲ့ အလှဆင်ပြီး ရက်ရမယ်။ ၁၆ ရင်ဖုံးကို ခေါက်လိုက်တဲ့အခါ အလျား တစ်ထွာ၊ အနံ တစ်ထွာ ရှိတဲ့ စတုရန်းပုံ ဖြစ်ရမယ်။ ၁၇ ရင်ဖုံးပေါ်မှာ ကျောက်မျက်လေးတန်း စီခြယ်ရမယ်။ ပထမအတန်းမှာ ပတ္တမြား၊ ဥဿဖရား၊ မြ၊ ၁၈ ဒုတိယအတန်းမှာ စိမ်းပြာကျောက်၊ နီလာ၊ နဂါးသွဲ့၊ ၁၉ တတိယအတန်းမှာ လဲ့ရှမ်ကျောက်၊ သင်္ဘောမဟူရာ၊ ခရမ်းစွဲ၊ ၂၀ စတုတ္ထအတန်းမှာ ပြောင်ခေါင်းစိမ်း၊ မဟူရာကြောင်ဝင်၊ ကျောက်စိမ်း ရှိရမယ်။ အဲဒီကျောက်မျက်တွေကို ရွှေနဲ့ ကွပ်ရမယ်။ ၂၁ ကျောက်မျက်တွေက အစ္စရေးမျိုးနွယ် ၁၂ နွယ်ကို ကိုယ်စားပြုတယ်။ ကျောက်မျက်တစ်လုံးစီမှာ တစ်နွယ်စီရဲ့ နာမည်ကို ရေးထွင်းရမယ်။
သင်သိပါသလား
ရှေးခေတ် အစ္စရေးယဇ်ပုရောဟိတ်မင်းရဲ့ ရင်ဖုံးပေါ်က ကျောက်မျက်တွေကို ဘယ်ကနေ ရတာလဲ။
အီဂျစ်ပြည်ကနေ ထွက်လာပြီး တောကန္တာရထဲ ရောက်လာတဲ့ အစ္စရေးလူတွေကို ယဇ်ပုရောဟိတ်မင်း ဝတ်ဖို့ ရင်ဖုံး ချုပ်ရမယ်လို့ ဘုရားသခင် မိန့်မှာခဲ့တယ်။ (ထွက်မြောက်ရာ ၂၈:၁၅-၂၁) ရင်ဖုံးပေါ်မှာ ပတ္တမြား၊ ဥဿဖရား၊ မြ၊ စိမ်းပြာကျောက်၊ နီလာ၊ နဂါးသွဲ့၊ လဲ့ရှမ်ကျောက်၊ သင်္ဘောမဟူရာ၊ ခရမ်းဆွဲ၊ ခရုသုလိတ်၊ မဟူရာနဲ့ ကျောက်စိမ်းစတဲ့ ကျောက်မျက်တွေကို တပ်ဆင်ထားတယ်။ အစ္စရေးလူတွေက အဲဒီကျောက်မျက်တွေကို ဘယ်ကနေ ရတာလဲ။
ကျမ်းစာခေတ်က လူတွေဟာ ကျောက်မျက်တွေကို တန်ဖိုးထားပြီး ကူးသန်းရောင်းဝယ်ရေးမှာ အသုံးပြုကြတယ်။ ဥပမာ၊ ရှေးခေတ် အီဂျစ်လူတွေဟာ ကျောက်မျက်တွေကို မျက်မှောက်ခေတ် အီရန်၊ အာဖဂန်နစ္စတန်အပြင် အိန္ဒိယနိုင်ငံကနေတောင် ရရှိကြတယ်။ အီဂျစ် ကျောက်မျက်တွင်းတွေကနေ အဖိုးတန် ကျောက်မျက် အမျိုးမျိုး ထွက်ရှိတယ်။ အီဂျစ်ဖာရောမင်းတွေဟာ သူတို့လက်အောက်က ဒေသတွေကနေ ထွက်ရှိတဲ့ တွင်းထွက်ပစ္စည်းတွေကို မောင်ပိုင်စီးထားကြတယ်။ ဘိုးဘေး ယောဘကလည်း သူ့ရဲ့ တစ်ခေတ်တည်းသားတွေဟာ အဖိုးတန် ပစ္စည်းတွေကို ရှာဖွေဖို့ တွင်းတွေ တူးပြီး ဥမင်လိုဏ်ခေါင်းတွေ ဖောက်ခဲ့ကြတယ်လို့ ပြောပြခဲ့တယ်။ တူးဖော်ရရှိတဲ့ အဖိုးတန် ပစ္စည်းတွေထဲက နီလာနဲ့ ဥဿဖရားတွေကို ယောဘ သတ်သတ်မှတ်မှတ် ဖော်ပြခဲ့တယ်။—ယောဘ ၂၈:၁-၁၁၊ ၁၉။
အီဂျစ်ပြည်ကနေ အစ္စရေးလူတွေ ထွက်လာတဲ့အချိန်မှာ “အီဂျစ်အမျိုးသားတို့၏ ပစ္စည်းဥစ္စာများကို ယူဆောင်သွားကြ” တယ်လို့ ထွက်မြောက်ရာကျမ်းမှာ ဖော်ပြထားပါတယ်။ (ထွက်မြောက်ရာ ၁၂:၃၅၊ ၃၆၊ ခမ) ဒါကြောင့် ယဇ်ပုရောဟိတ်မင်းရဲ့ ရင်ဖုံးပေါ်က ကျောက်မျက်တွေကို အီဂျစ်ပြည်ကနေ ရရှိတာ ဖြစ်နိုင်ပါတယ်။
(ထွက်မြောက်ရာ ၂၈:၃၈) အဲဒီရွှေပြားက အာရုန်ရဲ့ နဖူးပေါ်မှာ ရှိရမယ်။ အစ္စရေးတွေ ဆက်ကပ်ထားတဲ့ သန့်ရှင်းမြင့်မြတ်ရာတွေနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက် အမှားအယွင်း လုပ်မိတဲ့အခါ အာရုန်က တာဝန်ယူရမယ်။ ယေဟောဝါရဲ့ နှစ်သက်လက်ခံမှုကို သူတို့ ရနိုင်ဖို့ အဲဒီရွှေပြားက အာရုန်ရဲ့ နဖူးပေါ်မှာ အမြဲ ရှိနေရမယ်။
it-1 ၁၁၃၀ ပိုဒ်. ၂
သန့်ရှင်းမြင့်မြတ်
တိရစ္ဆာန်များနဲ့ သီးနှံများ။ နွား၊ သိုး၊ ဆိတ်တွေရဲ့ သားဦးတွေကို မရွေးယူရဘူး။ သန့်ရှင်းမြင့်မြတ်ရာ ဖြစ်တယ်။ အဲဒီအကောင်တွေကို မီးရှို့ပူဇော်ရတယ်။ အသားတစ်ပိုင်းကို ပုရောဟိတ်တွေကို ပေးရတယ်။ (တလ ၁၈:၁၇-၁၉) သီးဦးသီးဖျားနဲ့ ဆယ်ဖို့တစ်ဖို့ဟာ သန့်ရှင်းရာဌာနအတွက် ပေးလှူထားတဲ့ ပူဇော်သက္ကာတွေ၊ အလှူတွေလိုပဲ သန့်ရှင်းတယ်။ (ထွ ၂၈:၃၈) အဲဒီအရာအားလုံးဟာ ယေဟောဝါအတွက် သန့်ရှင်းမြင့်မြတ်တယ်။ ပေါ့ပေါ့တန်တန် သဘောမထားရဘူး။ မရိုသေတဲ့ နည်းနဲ့ သုံးချင်သလို သုံးလို့ မရဘူး။ ဆယ်ဖို့တစ်ဖို့နဲ့ပတ်သက်တဲ့ ပညတ်က နမူနာတစ်ခုပဲ။ လူတစ်ယောက်က ကောက်နှံတချို့ကို ဆယ်ဖို့တစ်ဖို့အဖြစ် ဖယ်ထားတယ်လို့ ပြောရင် ကိုယ်တိုင်ဖြစ်စေ၊ အိမ်သားတစ်ယောက်ယောက်ကဖြစ်စေ အဲဒါတွေကို ချက်ပြုတ်ဖို့ ယူသုံးလို့ မရဘူး။ သန့်ရှင်းမြင့်မြတ်ရာကို မလေးစားတဲ့ အပြစ်ပြုမိရာ ရောက်တယ်။ အဲဒီလူဟာ ပစ္စည်းရဲ့ တူညီတဲ့ ပမာဏအပြင် နောက်ထပ် ၂၀ ရာခိုင်နှုန်းကို လျော်ကြေးအဖြစ် ပေးဖို့ ပညတ်တရားမှာ တောင်းဆိုထားတယ်။ အဲဒီအပြင် အနာအဆာ မရှိတဲ့ သိုးထီးတစ်ကောင်ကို ဒုစရိုက်ဖြေရာ အလှူအဖြစ် ယေဟောဝါဆီ ယူလာရတယ်။ ဒါကြောင့် ယေဟောဝါ ပိုင်ဆိုင်တဲ့ သန့်ရှင်းမြင့်မြတ်ရာတွေကို အလွန် ရိုသေလေးစားရမယ်။—ဝ ၅:၁၄-၁၆။
ကျမ်းစာဖတ်ရှုခြင်း
စက်တင်ဘာ ၂၈–အောက်တိုဘာ ၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ထွက်မြောက်ရာ ၂၉–၃၀
“ယေဟောဝါအတွက် အလှူ”
(ထွက်မြောက်ရာ ၃၀:၁၁၊ ၁၂) အဲဒီနောက် ယေဟောဝါက မောရှေကို မိန့်မှာတယ်- ၁၂ “အစ္စရေးတွေကို လူဦးရေစာရင်း ကောက်တဲ့အခါ ကပ်ဘေး မကျရောက်စေဖို့ တစ်ယောက်စီက ကိုယ့်အသက်အတွက် ရွေးဖိုးကို ယေဟောဝါဆီ ပေးရမယ်။
it-2 ၇၆၄-၇၆၅
စာရင်းကောက်ခြင်း
ဆိုင်းနိုင်းအရပ်မှာ။ အီဂျစ်ပြည်က ထွက်လာပြီး ဒုတိယနှစ်၊ ဒုတိယလမှာ၊ ဆိုင်းနိုင်းအရပ်မှာ စခန်းချနေတုန်း ပထမဆုံး အကြိမ်အဖြစ် လူဦးရေစာရင်း ကောက်ဖို့ ယေဟောဝါ ညွှန်ကြားခဲ့တယ်။ ဒီတာဝန်ထမ်းဆောင်ရာမှာ မောရှေကို ကူညီပေးဖို့ တစ်နွယ်စီမှာ ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်ပြီး မိမိမျိုးနွယ်အတွင်း လူဦးရေစာရင်း ကောက်တာကို ကြီးကြပ်စေတယ်။ စစ်မှုထမ်းနိုင်တဲ့ အရွယ်ဖြစ်တဲ့ အသက် ၂၀ နဲ့ ၂၀ ကျော် အမျိုးသားအားလုံးကို စာရင်းကောက်ရုံပဲ မဟုတ်ဘူး။ စာရင်းဝင်သူအားလုံးဟာ တဲတော်လုပ်ငန်းအတွက် တစ်ယောက်ကို ရှယ်ကယ် တစ်ဝက် (၁.၁၀ ဒေါ်လာ) ပေးလှူဖို့လည်း ပညတ်ထားတယ်။ (ထွ ၃၀:၁၁-၁၆။ တလ ၁:၁-၁၆၊ ၁၈၊ ၁၉) စာရင်းဝင်သူအားလုံး ၆၀၃,၅၅၀ ယောက် ရှိတယ်။ ပြည်တော် ရောက်တဲ့အခါ အမွေမြေ ရမှာ မဟုတ်တဲ့ လေဝိသားတွေကတော့ စာရင်းထဲမှာ မပါဘူး။ သူတို့တွေဟာ တဲတော်အခွန် ပေးဖို့ မလိုသလို စစ်မှုထမ်းဖို့လည်း မလိုဘူး။—တလ ၁:၄၄-၄၇။ ၂:၃၂၊ ၃၃။ ၁၈:၂၀၊ ၂၄။
(ထွက်မြောက်ရာ ၃၀:၁၃-၁၅) လူဦးရေစာရင်းဝင်သူတွေက သန့်ရှင်းရာ ဌာနတော်ရဲ့ စံအလေးချိန်အတိုင်း ရှယ်ကယ် တစ်ဝက်ကို ယေဟောဝါအတွက် အလှူအဖြစ် ပေးရမယ်။ တစ်ရှယ်ကယ်က ဂေရ ၂၀ နဲ့ ညီမျှတယ်။ ၁၄ အသက် ၂၀ နဲ့ ၂၀ အထက် လူဦးရေစာရင်းဝင်သူတိုင်း ယေဟောဝါအတွက် ပေးလှူရမယ်။ ၁၅ ကိုယ့်အသက်အတွက် အပြစ်ဖြေဖို့ ယေဟောဝါကို ပေးလှူတဲ့အခါ သူဌေးက ရှယ်ကယ် တစ်ဝက်ထက် ပိုမပေးရဘူး။ ဆင်းရဲသားလည်း ရှယ်ကယ် တစ်ဝက်အောက် လျော့မပေးရဘူး။
it-1 ၅၀၂
အလှူငွေ
တချို့ အလှူငွေတွေ ထည့်ဖို့ ပညတ်တရားက တောင်းဆိုတယ်။ အသက် ၂၀ နဲ့ အထက် အစ္စရေး အမျိုးသားတွေရဲ့ လူဦးရေစာရင်း မောရှေ ကောက်ချိန်မှာ ကိုယ့်အသက်အတွက် ရွေးဖိုးအနေနဲ့ “သန့်ရှင်းရာ ဌာနတော်ရဲ့ စံအလေးချိန်အတိုင်း ရှယ်ကယ် တစ်ဝက် [၁.၁၀ ဒေါ်လာ ခန့်]” ပေးရတယ်။ ကိုယ့်အသက်အတွက် အပြစ်ဖြေဖို့နဲ့ “တွေ့ဆုံရာ တဲတော် လုပ်ငန်းအတွက်“ “ယေဟောဝါကို ပေးလှူ” ခြင်း ဖြစ်တယ်။ (ထွ ၃၀:၁၁-၁၆) ဂျူးသမိုင်းဆရာ ဂျိုစီဖတ်ရဲ့ စာအုပ် (The Jewish War, VII, 218 [vi, 6]) အရ ဒီ “မြင့်မြတ်တဲ့ အလှူ” ကို အဲဒီနောက်ပိုင်း နှစ်တိုင်း ပေးခဲ့ရတယ်။—၂ရ ၂၄:၆-၁၀။ မ ၁၇:၂၄။
(ထွက်မြောက်ရာ ၃၀:၁၆) အပြစ်ဖြေရာငွေကို အစ္စရေးတွေဆီကနေ ယူပြီး တွေ့ဆုံရာ တဲတော်လုပ်ငန်းအတွက် ပေးရမယ်။ အဲဒါက အစ္စရေးတွေကို ယေဟောဝါ အမှတ်ရနေဖို့၊ မင်းတို့ရဲ့ အသက်အတွက် အပြစ်ဖြေပေးဖို့ ဖြစ်လိမ့်မယ်။”
သင် သိပါသလား
ဂျေရုဆလင်မြို့က ဝတ်ပြုရာအိမ်တော်ရဲ့ လုပ်ဆောင်မှုတွေကို ဘယ်လို ငွေကြေးထောက်ပံ့သလဲ။
ဝတ်ပြုရာ အိမ်တော်က လုပ်ဆောင်မှုအမျိုးမျိုးကို အခွန်ငွေ၊ အထူးသဖြင့် မဖြစ်မနေ ပေးရတဲ့ ဆယ်ဖို့တစ်ဖို့ အလှူငွေနဲ့ ထောက်ပံ့တယ်။ ဒါပေမဲ့ တခြားအခွန်ငွေတွေကိုလည်း အသုံးပြုပါသေးတယ်။ ဥပမာ၊ ဝတ်ပြုရာ တဲတော် တည်ဆောက်ချိန်က လူဦးရေစာရင်းဝင်သူတိုင်း ရှယ်ကယ်လ်လို့ ခေါ်တဲ့ ငွေဒင်္ဂါးတစ်ပြားရဲ့ တစ်ဝက်တန်ဖိုးကို ‘ထာဝရ ဘုရားသခင်အား’ ပေးလှူရမယ် ဆိုတဲ့ ဘုရားသခင့် ညွှန်ကြားချက်ကို မောရှေ ရရှိခဲ့တယ်။—ထွက်မြောက်ရာ ၃၀:၁၂-၁၆။
သတ်မှတ်ထားတဲ့ အဲဒီငွေပမာဏကို နှစ်စဉ် ဝတ်ပြုရာ အိမ်တော် အခွန်အဖြစ် ပေးလှူတာက ဂျူးထုံးစံ ဖြစ်လာတဲ့ပုံ ရတယ်။ ငါးတစ်ကောင်ရဲ့ ပါးစပ်ထဲက ရလာတဲ့ ငွေတစ်ပြားကို ယူပြီး အခွန်ဆောင်ဖို့ ပေတရုကို ယေရှု ညွှန်ကြားခဲ့တုန်းက အဲဒီအခွန်အတွက် ဖြစ်တယ်။—မဿဲ ၁၇:၂၄-၂၇။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ထွက်မြောက်ရာ ၂၉:၁၀) “အဲဒီနောက် နွားထီးကို တွေ့ဆုံရာ တဲတော်ရှေ့ ယူလာပါ။ အာရုန်နဲ့ သူ့သားတွေက နွားထီးရဲ့ ခေါင်းပေါ် လက်တင်ရမယ်။
it-1 ၁၀၂၉ ပိုဒ်. ၄
လက်
လက်တင်ခြင်း။ ဘာသဘောမှ မပါဘဲ ဒီအတိုင်း လက်တင်ခြင်းမျိုး မဟုတ်ဘဲ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လူတစ်ယောက်အပေါ် ဒါမှမဟုတ် ပစ္စည်းတစ်ခုခုအပေါ် လက်တင်ခြင်း ဖြစ်တယ်။ အဲဒီလုပ်ရပ်ရဲ့ ယေဘုယျ အဓိပ္ပာယ်ကတော့ လက်တင်ခံရတဲ့ ပုဂ္ဂိုလ်ကို ရာထူးခန့်အပ်တာ ဒါမှမဟုတ် လက်တင်ခံရတဲ့အရာကို တစ်နည်းတစ်လမ်းနဲ့ အသိအမှတ်ပြုတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ပုရောဟိတ်တာဝန် ခန့်အပ်တဲ့ အခမ်းအနားမှာတုန်းက အာရုန်နဲ့ သားတွေဟာ ပူဇော်မယ့် နွားထီးတစ်ကောင်နဲ့ သိုးထီးနှစ်ကောင်ရဲ့ ခေါင်းပေါ်မှာ လက်တင်ရတယ်။ အဲဒီတိရစ္ဆာန်တွေကို ပူဇော်ခြင်းအားဖြင့် သူတို့ကို ယေဟောဝါဘုရားရဲ့ ပုရောဟိတ်တွေအဖြစ် ခန့်အပ်ကြောင်း အသိအမှတ်ပြုခြင်း ဖြစ်တယ်။ (ထွ ၂၉:၁၀၊ ၁၅၊ ၁၉။ ဝ ၈:၁၄၊ ၁၈၊ ၂၂) ဘုရား မိန့်မှာတဲ့အတိုင်း မောရှေကို ဆက်ခံသူအဖြစ် ယောရှုကို ခန့်အပ်ချိန်မှာလည်း မောရှေက ယောရှုအပေါ် လက်တင်ခဲ့တယ်။ ဒါကြောင့် ယောရှုဟာ “ဉာဏ်ပညာ ပြည့်ဝ” လာပြီး အစ္စရေးတွေကို ကောင်းမွန်စွာ ဦးစီးနိုင်ခဲ့တယ်။ (တရ ၃၄:၉) တစ်စုံတစ်ဦးအပေါ် လက်တင်တဲ့အခါ လက်တင်ခံရသူဟာ ကောင်းချီးခံစားရမယ့်သူ ဖြစ်ကြောင်း ဖော်ပြတယ်။ (က ၄၈:၁၄။ မာ ၁၀:၁၆) ယေရှုခရစ်ဟာ လူတချို့ကို လှမ်းကိုင် ဒါမှမဟုတ် လက်တင်ပြီး ရောဂါကုသပေးခဲ့တယ်။ (မ ၈:၃။ မာ ၆:၅။ လု ၁၃:၁၃) အဖြစ်အပျက်တချို့မှာ တမန်တော်တွေ လက်တင်တဲ့အခါ လက်တင်ခံရသူတွေဟာ သန့်ရှင်းသော စွမ်းအားတော် ဆုကျေးဇူးကို ရရှိခဲ့ကြတယ်။—တ ၈:၁၄-၂၀။ ၁၉:၆။
(ထွက်မြောက်ရာ ၃၀:၃၁-၃၃) “‘မင်းတို့လူမျိုး အစဉ်အဆက်မှာ ဒီဆီကို သန့်ရှင်းတဲ့ ဘိသိက်ဆီအဖြစ် ငါ့အတွက် အမြဲ သုံးရမယ်။ ၃၂ ဒီဆီကို လူတွေ မလိမ်းရဘူး။ ဒီဆီနဲ့ တူအောင် မဖော်စပ်ရဘူး။ သန့်ရှင်းတဲ့ဆီ ဖြစ်တယ်။ မင်းတို့အတွက် သန့်ရှင်းတဲ့ဆီ အမြဲ ဖြစ်နေရမယ်။ ၃၃ ဒီဆီမွှေးနဲ့ တူအောင် ဖော်စပ်တဲ့သူ၊ အခွင့် မရှိသူကို ဒီဆီမွှေး လိမ်းပေးတဲ့သူဟာ ပယ်ရှင်းခံရမယ်’ လို့ အစ္စရေးတွေကို ပြောပါ။”
it-1 ၁၁၄ ပိုဒ်. ၁
ဘိသိက်ပေး၊ ဘိသိက်ပေးခြင်း
မောရှေကို ယေဟောဝါ ပေးတဲ့ ပညတ်မှာ ဘိသိက်ဆီ ဖော်စပ်တဲ့နည်း ပါတယ်။ အထူး ရွေးချယ်ထားတဲ့ အမျိုးအမည်တွေကတော့ မုရန်သစ်စေးခဲ၊ သစ်ကြံပိုးမွှေး၊ ကြိမ်မွှေး၊ ကရဝေး၊ သံလွင်ဆီတွေ ဖြစ်တယ်။ (ထွ ၃၀:၂၂-၂၅) အခွင့် မရှိဘဲ ဒီဆီမွှေးနဲ့ တူအောင် ဖော်စပ်တဲ့သူ၊ အခွင့် မရှိသူကို ဒီဆီမွှေး လိမ်းပေးသူ ဘယ်သူမဆို သေဒဏ်ခံရတယ်။ (ထွ ၃၀:၃၁-၃၃) ဘိသိက်ဆီနဲ့ ဘိသိက်ပေးပြီး တရားဝင် ခန့်အပ်ခံရခြင်းဟာ အရေးပါပြီး မြင့်မြတ်တယ်ဆိုတာကို ပုံဆောင်တယ်။
ကျမ်းစာဖတ်ရှုခြင်း