“လူအမျိုးမျိုး ဆုတောင်းရာအိမ်”
“‘ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတ္တံ့’ ဟု ကျမ်းစာ၌လာသည်မဟုတ်လော။”—မာကု ၁၁:၁၇။
၁။ အာဒံနှင့် ဧဝတို့သည် မူလ၌ ဘုရားသခင်နှင့် မည်သို့သောဆက်ဆံရေးမျိုးရှိခဲ့ကြသနည်း။
အဒံနှင့် ဧဝတို့ ဖန်ဆင်းခံရချိန်က သူတို့၏ကောင်းကင်ခမည်းတော်နှင့် ရင်းနှီးသောဆက်ဆံရေးရှိခဲ့ကြသည်။ ယေဟောဝါဘုရားသခင်သည် သူတို့ကို အဆက်အသွယ်လုပ်ကာ လူသားမျိုးနွယ်အတွက် မိမိ၏အံ့မခန်းဖွယ် ရည်ရွယ်တော်မူချက်ကို မြွက်ကြားတော်မူခဲ့သည်။ သေချာသည်မှာ၊ သူတို့သည် ယေဟောဝါ၏ ကြီးကျယ်ပြောင်မြောက်သည့် ဖန်ဆင်းခြင်းလက်ရာတော်များအတွက် ပွင့်အံချီးမွမ်းဖို့ မကြာခဏ လှုံ့ဆော်ခံရကြသည်။ အာဒံနှင့် ဧဝတို့သည် လူ့မိသားစု၏ဖခင်၊ မိခင်လောင်းများအနေနှင့် မိမိတို့၏တာဝန်ကို အလေးအနက်တွေးတောမိရင်း လမ်းညွှန်ချက် လိုအပ်ပါမူ သူတို့၏ပရဒိသုစံအိမ်အတွင်း မည်သည့်နေရာတွင်မဆို ဘုရားသခင်ထံတော်ပါးသို့ ချဉ်းကပ်နိုင်ကြသည်။ ဗိမာန်တော်တွင် ယဇ်ပုရောဟိတ်၏လုပ်ငန်းများ သူတို့မလိုအပ်ပါ။—ကမ္ဘာဦး ၁:၂၈။
၂။ အာဒံနှင့် ဧဝတို့အပြစ်ပြုချိန်တွင် အဘယ်အပြောင်းအလဲဖြစ်ခဲ့သနည်း။
၂ ပုန်ကန်သောကောင်းကင်တမန်တစ်ပါးက ဧဝသည် ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ငြင်းပယ်လိုက်ပါမူ မိမိ၏ဘဝအခြေအနေ တက်လမ်းရှိမည်ဟူသည့် အတွေးဝင်လာရန် ဖြားယောင်းကာ သူမသည် “ဘုရားသခင်ကဲ့သို့ဖြစ်” မည်ဟုပြောလိုက်ချိန်တွင် အခြေအနေပြောင်းသွားသည်။ ဧဝသည် ပြောသည့်အတိုင်းပင် ဘုရားသခင်တားမြစ်ထားသည့် အပင်မှအသီးကို ယူ၍စားလိုက်သည်။ ထို့နောက် ခင်ပွန်းသည်ကို သွေးဆောင်ရန် ဧဝကို စာတန်အသုံးပြုလိုက်သည်။ ဝမ်းနည်းစရာမှာ အာဒံသည် အပြစ်သားဖြစ်သွားသော မိမိဇနီးသည်၏စကားကို နားထောင်လိုက်ရာ ဘုရားသခင်နှင့် မိမိ၏ဆက်ဆံရေးထက် ဇနီးဖြစ်သူနှင့် မိမိ၏ဆက်ဆံရေးကို ပို၍တန်ဖိုးထားကြောင်း ပြသလိုက်သည်။ (ကမ္ဘာဦး ၃:၄-၇) အမှန်အားဖြင့် အာဒံနှင့် ဧဝတို့သည် စာတန်ကို မိမိတို့၏ဘုရားအဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်သည်။—၂ ကောရိန္သု ၄:၄ နှိုင်းယှဉ်။
၃။ အာဒံနှင့် ဧဝတို့၏ပုန်ကန်မှုရလဒ်ဆိုးများကား အဘယ်နည်း။
၃ ဤသို့ရွေးချယ်လိုက်ခြင်းဖြင့် ကနဦးလူသားမောင်နှံသည် ဘုရားသခင်နှင့် အဖိုးတန်ဆက်ဆံရေးကိုသာမကဘဲ ကမ္ဘာ့ပရဒိသုတွင် ထာဝရအသက်ရှင်ခွင့်အလားအလာကိုပါ ဆုံးရှုံးခဲ့ကြရသည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) သူတို့၏အပြစ်သားခန္ဓာများသည် သေသည့်အထိ တစ်စတစ်စယိုယွင်းလာတော့သည်။ သူတို့၏မျိုးဆက်များသည် ဤအပြစ်သားဘဝကို အမွေဆက်ခံကြရသည်။ “သို့ဖြစ်၍ ရှိသမျှအပေါ်သို့ သေခြင်းတရား သင့်ရောက်သည်” ဟု ကျမ်းစာက ရှင်းပြသည်။—ရောမ ၅:၁၂၊ သမ။
၄။ ဘုရားသခင်သည် အပြစ်ရှိလူသားတို့အတွက် အဘယ်မျှော်လင့်ချက်ကို ပေးတော်မူသနည်း။
၄ လူသားတို့၏ သန့်ရှင်းမြင့်မြတ်သောဖန်ဆင်းရှင်နှင့် အပြစ်သားလူတို့ ပြန်လည်ပေါင်းစည်းရန် တစ်ခုလိုအပ်သည်။ အာဒံနှင့် ဧဝတို့ကို စီရင်ချက်ချချိန်တွင် ကတိထားတော်မူသော ‘မျိုးနွယ်’ အားဖြင့် စာတန့်ပုန်ကန်မှုကြောင့်ရလာသည့် ထိခိုက်မှုများမှ လူသားတို့ကို ကယ်တင်မည်ဖြစ်ကြောင်း သူတို့၏အနာဂတ်မျိုးဆက်ကို မျှော်လင့်ချက်ပေးတော်မူခဲ့သည်။ (ကမ္ဘာဦး ၃:၁၅) နောက်ပိုင်းတွင်၊ ကောင်းချီးပေးမည့်မျိုးနွယ်သည် အာဗြဟံမှဆင်းသက်လာမည်ဖြစ်ကြောင်း ဘုရားသခင် ဖွင့်ပြတော်မူခဲ့သည်။ (ကမ္ဘာဦး ၂၂:၁၈) မေတ္တာပါသော အဆိုပါရည်ရွယ်တော်မူချက်ကို သတိရလျက် ဘုရားသခင်သည် အာဗြဟံ၏သားစဉ်မြေးဆက်ဖြစ်သော ဣသရေလလူမျိုးကို မိမိ၏ရွေးချယ်ထားသောလူမျိုးအဖြစ် ရွေးကောက်တော်မူခဲ့သည်။
၅။ ဣသရေလလူမျိုးအတွက်ဖြစ်သော ဘုရားသခင့်ပညတ်ပဋိညာဉ်အသေးစိတ်ကို ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။
၅ ဘီ.စီ.အီး. ၁၅၁၃ တွင် ဣသရေလလူမျိုးသည် ဘုရားသခင်နှင့် ပဋိညာဉ်ပြုဆက်ဆံရေးတွင် ပါဝင်လာကာ ကိုယ်တော်၏ပညတ်တော်များကို နာခံဖို့ သဘောတူလိုက်သည်။ ထိုပညတ်ပဋိညာဉ်သည် ကတိထားတော်မူသော မျိုးနွယ်ကို ညွှန်ပြသောကြောင့် ယနေ့ဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုလိုသူအားလုံးသည် ယင်းကို အကြီးအကျယ်စိတ်ဝင်စားသင့်သည်။ ယင်းတွင် “နောင်ဖြစ်လတ္တံ့သော မင်္ဂလာအကျိုးတို့၏ . . . အရိပ်” ပါဝင်ကြောင်း ပေါလုပြောခဲ့သည်။ (ဟေဗြဲ ၁၀:၁) ဤစကားကို ပေါလုပြောသောအခါ ရွှေ့ပြောင်းနိုင်သော တဲတော် သို့မဟုတ် ဝတ်ပြုရာတဲတော်ရှိ ဣသရေလယဇ်ပုရောဟိတ်၏ လုပ်ငန်းကို သူဆွေးနွေးနေသည်။ ယင်းကို “ထာဝရဘုရား၏ဗိမာန်တော်” သို့တည်းမဟုတ် “ထာဝရဘုရား၏အိမ်တော်” ဟုခေါ်သည်။ (၁ ဓမ္မရာဇဝင် ၁:၉၊ ၂၄၊ သမ္မာ) ယေဟောဝါ၏မြေကြီးဆိုင်ရာအိမ်တော်တွင် ဆောင်ရွက်သည့် ဝတ်ပြုရေးလုပ်ငန်းကို သုံးသပ်စိစစ်ကြည့်ခြင်းအားဖြင့် အပြစ်သားလူတို့ကို ဘုရားသခင်နှင့် ပြန်လည်ပေါင်းစည်းလာစေနိုင်သည့် ကရုဏာအစီအစဉ်ကို ကျွန်ုပ်တို့ ပိုမိုပြည့်ဝစုံလင်စွာ နားလည်သဘောပေါက်လာနိုင်သည်။
အသန့်ရှင်းဆုံးအခန်း
၆။ အသန့်ရှင်းဆုံးအခန်းတွင် အဘယ်အရာတည်နေပြီး ဤတွင် ဘုရားသခင်ရှိနေတော်မူခြင်းကို မည်သို့အမှတ်လက္ခဏာပြသနည်း။
၆ “အမြင့်ဆုံးသောဘုရားသည် လူတို့လက်ဖြင့်လုပ်သောဗိမာန်၌ ကျိန်းဝပ်တော်မူသည်မဟုတ်” ဟု ကျမ်းစာက ဆိုသည်။ (တမန်တော် ၇:၅၀) သို့သော် ဘုရားသခင်သည် မိမိ၏မြေကြီးဆိုင်ရာအိမ်တော်တွင် ရှိနေတော်မူခြင်းကို အသန့်ရှင်းဆုံးအခန်းဟုခေါ်သည့် အတွင်းအကျဆုံးအခန်း၌ မိုးတိမ်ဖြင့် အမှတ်လက္ခဏာပြသည်။ (ဝတ်ပြုရာ ၁၆:၂) အဆိုပါမိုးတိမ်သည် အလွန်တောက်ပစွာထွန်းလင်းကာ အသန့်ရှင်းဆုံးအခန်းကို အလင်းပေးသည်။ ယင်းသည် “သက်သေခံချက်သေတ္တာ” ဟုခေါ်သည့် မြင့်မြတ်သောသေတ္တာတော်အထက်တွင် တည်နေသည်။ ထိုသေတ္တာတော်တွင် ဣသရေလလူမျိုးအား ဘုရားသခင်ပေးတော်မူသော ပညတ်အချို့ရေးထိုးထားသည့် ကျောက်ပြားများပါဝင်သည်။ သေတ္တာအဖုံးပေါ်တွင် ဘုရားသခင်၏ကောင်းကင်ဆိုင်ရာအဖွဲ့အစည်းတွင် နာမ်ဝိညာဉ်သတ္တဝါများ၏ မြင့်မားသောရာထူးအဆင့်ကို သရုပ်ဖော်သည့် အတောင်များဖြန့်ထားသော ရွှေခေရုဗိမ်နှစ်ပါးရှိသည်။ ထိုအံ့ဖွယ် အလင်းပေးမိုးတိမ်သည် အဖုံးပေါ်၊ ခေရုဗိမ်များကြားတွင် တည်နေသည်။ (ထွက်မြောက်ရာ ၂၅:၂၂) ယင်းက အနန္တတန်ခိုးရှင်ဘုရားသခင်သည် သက်ရှိခေရုဗိမ်များထောက်မထားသည့် ကောင်းကင်ရထားတော်ပေါ်တွင် နန်းထိုင်နေတော်မူကြောင်း သရုပ်ဖော်သည်။ (၁ ရာဇဝင်ချုပ် ၂၈:၁၈) “ခေရုဗိမ်ပေါ်မှာထိုင်တော်မူသော၊ ဣသရေလအမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား” ဟု ဘုရင်ဟေဇကိအဘယ့်ကြောင့် ဆုတောင်းရသည်ကို ယင်းက ရှင်းလင်းသွားစေသည်။—ဟေရှာယ ၃၇:၁၆။
သန့်ရှင်းသောအခန်း
၇။ သန့်ရှင်းသောအခန်းတွင် အဘယ်အဆင်အပြင်များ ရှိသနည်း။
၇ တဲတော်၏ဒုတိယအခန်းကို သန့်ရှင်းသောအခန်းဟုခေါ်သည်။ ဤအကန့်၏အတွင်းပိုင်းရှိ ဝင်ပေါက်ဘယ်ဘက်တွင် မီးတိုင်ခုနစ်ခုပါသော လှပသည့်မီးခုံတိုင်တစ်လုံးရှိပြီး ညာဘက်တွင် ရှေ့တော်မုန့်တင်သည့် စားပွဲတစ်လုံးရှိသည်။ ရှေ့တူရူတွင် ယဇ်ပလ္လင်တစ်ခုရှိပြီး ယင်းမှ မီးရှို့ထားသည့် အမွှေးနံ့သာ၏ရနံ့သည် အထက်သို့တက်နေသည်။ ယင်းသည် သန့်ရှင်းသောအခန်းနှင့် အသန့်ရှင်းဆုံးအခန်းတို့ကို ပိုင်းခြားထားသည့် ကုလားကာရှေ့တွင်ရှိသည်။
၈။ ယဇ်ပုရောဟိတ်များသည် သန့်ရှင်းသောအခန်းတွင် အဘယ်တာဝန်များကို ပုံမှန်ထမ်းဆောင်ကြသနည်း။
၈ နံနက်တိုင်းနှင့် ညနေတိုင်းတို့တွင် ယဇ်ပုရောဟိတ်တစ်ယောက်သည် တဲတော်တွင်းသို့ဝင်ကာ နံ့သာပေါင်းယဇ်ပလ္လင်ပေါ်တွင် နံ့သာပေါင်းကို မီးရှို့ရသည်။ (ထွက်မြောက်ရာ ၃၀:၇၊ ၈) နံနက်ပိုင်း၌ နံ့သာပေါင်းကို မီးရှို့ထားစဉ် ရွှေမီးခုံတိုင်ပေါ်တွင်ရှိနေသော မီးတိုင်ခုနစ်ခုကို ဆီထပ်ဖြည့်ထားရသည်။ ညနေပိုင်းတွင် သန့်ရှင်းသောအခန်းအတွက် အလင်းပေးရန် မီးတိုင်များကို မီးထွန်းထားသည်။ ဥပုသ်နေ့တိုင်း ယဇ်ပုရောဟိတ်တစ်ယောက်သည် လတ်ဆတ်သောမုန့် ၁၂ လုံးကို ရှေ့တော်မုန့်စားပွဲပေါ်တွင် တင်ထားရသည်။—ဝတ်ပြုရာ ၂၄:၄-၈။
တဲတော်ရင်ပြင်
၉။ ရေအင်တုံသည် အဘယ်ရည်ရွယ်ချက်အတွက်ဖြစ်သနည်း၊ ကျွန်ုပ်တို့သည် ယင်းအစီအစဉ်မှ အဘယ်သင်ခန်းစာရယူနိုင်သနည်း။
၉ တဲတော်တွင် ရင်ပြင်တစ်ခုလည်းရှိပြီး တဲတော်အဝတ်ဖြင့် စည်းရိုးကာထားသည်။ ဤတဲတော်ရင်ပြင်အတွင်းတွင် ယဇ်ပုရောဟိတ်များ သန့်ရှင်းရာအခန်းသို့မဝင်မီ ခြေလက်ဆေးကြောရန် အင်တုံကြီးတစ်လုံးရှိသည်။ သူတို့သည် တဲတော်ရင်ပြင်တွင် တည်ထားသည့်ယဇ်ပလ္လင်ပေါ်၌ ပူဇော်သကာများကို မပူဇော်မီတွင်လည်း ခြေလက်ဆေးကြောကြရသည်။ (ထွက်မြောက်ရာ ၃၀:၁၈-၂၁) သန့်ရှင်းမှုနှင့်ပတ်သက်သော အဆိုပါတောင်းဆိုချက်က မိမိတို့၏ဝတ်ပြုမှုကို ဘုရားသခင်အားလက်ခံစေလိုပါက ကာယရေး၊ စာရိတ္တရေး၊ စိတ္တရေးနှင့် ဝိညာဉ်ရေးတို့တွင် စင်ကြယ်ဖို့ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း ယနေ့ဘုရားသခင့်ကျေးကျွန်များအတွက် ထိရောက်သောနှိုးဆော်ချက်ဖြစ်သည်။ (၂ ကောရိန္သု ၇:၁) နောက်ပိုင်းတွင် ယဇ်ပလ္လင်အတွက်ထင်းများနှင့် အင်တုံအတွက် ရေများကို ဣသရေလလူမျိုးမဟုတ်သော ဗိမာန်တော်ကျေးကျွန်များက ဖြည့်ထည့်ပေးကြရသည်။—ယောရှု ၉:၂၇။
၁၀။ ယဇ်ပလ္လင်ပေါ်တွင် ပူဇော်သည့်ပူဇော်သကာများကား အဘယ်နည်း။
၁၀ နံနက်တိုင်းနှင့် ညနေတိုင်းတွင် ပူဇော်ရာသိုးသငယ်တစ်ကောင်ကို ဂျုံနှင့် သွန်းလောင်းရာပူဇော်သကာတို့နှင့်အတူ ယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရသည်။ (ထွက်မြောက်ရာ ၂၉:၃၈-၄၁) အခြားပူဇော်သကာများကို အထူးနေ့များတွင်ပူဇော်ကြသည်။ တစ်ခါတစ်ရံတွင် တစ်စုံတစ်ဦးသည် အပြစ်တစ်ခုခုပြုမိလျှင် ထိုအပြစ်အတွက် ယဇ်ပူဇော်ရသည်။ (ဝတ်ပြုရာ ၅:၅၊ ၆) အခြားအချိန်များတွင် ဣသရေလလူမျိုးတစ်ဦးသည် အသားများကို ယဇ်ပုရောဟိတ်ကော ပူဇော်သူပါစားသုံးနိုင်သည့် စေတနာအလျောက်ပူဇော်သော မိတ်သဟာယယဇ်ကို ပူဇော်နိုင်သည်။ ယင်းက အပြစ်သားဖြစ်သောလူသားများသည် စားသောက်ပွဲတစ်ခုကို ဘုရားသခင်နှင့်အတူ စားသောက်နိုင်သည့်အလား ကိုယ်တော်နှင့် ငြိမ်သက်အေးချမ်းမှုရရှိနိုင်သည်ဟူသည့် သဘောဆောင်သည်။ လာရောက်နေထိုင်သော တိုင်းတစ်ပါးသားများပင် ယေဟောဝါကို ဝတ်ပြုသူများဖြစ်လာနိုင်ကြပြီး ကိုယ်တော်၏အိမ်တော်တွင် စေတနာအလျောက်ပူဇော်သကာများကို ဆက်သနိုင်သည့်အခွင့်ထူးရှိကြသည်။ သို့ရာတွင် ယေဟောဝါကို ထိုက်တန်သောလေးစားမှုတင်ပြနိုင်ရန်အလို့ငှာ ယဇ်ပုရောဟိတ်တို့သည် အရည်အသွေးအကောင်းဆုံး ပူဇော်သကာများကိုသာ လက်ခံနိုင်သည်။ ကောက်ပဲသီးနှံမှုန့်ပူဇော်သကာများဖြစ်လျှင် အလွန်ညက်နေရမည်၊ တိရစ္ဆာန်ယဇ်ကောင်များဖြစ်လျှင် အနာအဆာကင်းရမည်။—ဝတ်ပြုရာ ၂:၁; ၂၂:၁၈-၂၀; မာလခိ ၁:၆-၈။
၁၁။ (က) တိရစ္ဆာန်ယဇ်ကောင်များ၏သွေးဖြင့် အဘယ်အရာကို လုပ်ဆောင်သနည်း၊ ယင်းက မည်သည့်အရာကို ညွှန်ပြသနည်း။ (ခ) လူ့သွေးနှင့် တိရစ္ဆာန်သွေးနှစ်မျိုးစလုံးအတွက် ဘုရားသခင့်ရှုမြင်ပုံကား အဘယ်နည်း။
၁၁ ထိုယဇ်ကောင်များ၏သွေးကို ယဇ်ပလ္လင်သို့ ယူလာသည်။ မိမိတို့၏အပြစ်များကို ထာဝစဉ်ဖြေပေးနိုင်ပြီး သေခြင်းမှလွတ်ကင်းစေနိုင်သည့် ရွေးနုတ်ရှင်တစ်ဦး၏အသွေးသွန်းမှုလိုအပ်သော အပြစ်သားများဖြစ်ကြောင်း ထိုလူမျိုးအတွက် ယင်းသည် နေ့စဉ်သတိပေးနှိုးဆော်ချက်အလား ဖြစ်သွားသည်။ (ရောမ ၇:၂၄၊ ၂၅; ဂလာတိ ၃:၂၄; ဟေဗြဲ ၁၀:၃ နှိုင်းယှဉ်။) သွေးကို ဤသို့မြင့်မြတ်သည့်နည်းဖြင့် အသုံးပြုခြင်းကလည်း သွေးသည် အသက်ကို ကိုယ်စားပြုကြောင်းနှင့် အသက်ကို ဘုရားသခင်ပိုင်တော်မူကြောင်း ဣသရေလလူမျိုးကို သတိပေးသည်။ လူသားတို့က သွေးကိုအခြားနည်းဖြင့် အသုံးပြုမှုမှန်သမျှကို ဘုရားသခင် အမြဲတမ်း တားမြစ်တော်မူသည်။—ကမ္ဘာဦး ၉:၄; ဝတ်ပြုရာ ၁၇:၁၀-၁၂; တမန်တော် ၁၅:၂၈၊ ၂၉။
အပြစ်ဖြေရာနေ့
၁၂၊ ၁၃။ (က) အပြစ်ဖြေရာနေ့ကား အဘယ်နည်း။ (ခ) ယဇ်ပုရောဟိတ်မင်းကြီးသည် အသန့်ရှင်းဆုံးအခန်းထဲသို့ အသွေးကိုယူမလာမီ သူသည် မည်သည့်အရာကိုလုပ်ရမည်နည်း။
၁၂ တစ်နှစ်လျှင်တစ်ကြိမ်ကျရောက်သော အပြစ်ဖြေရာနေ့တွင် ယေဟောဝါကို ဝတ်ပြုကိုးကွယ်သည့် လာရောက်နေထိုင်သော တိုင်းတစ်ပါးသားများအပါအဝင် ဣသရေလတစ်မျိုးလုံးသည် အစာရှောင်ကြရပြီး အလုပ်မှန်သမျှကို ရပ်ဆိုင်းကြရသည်။ (ဝတ်ပြုရာ ၁၆:၂၉၊ ၃၀) ဤအရေးကြီးသောနေ့တွင် ထိုလူမျိုးသည် နောက်တစ်နှစ်အတွက် ဘုရားသခင်နှင့် ငြိမ်သက်အေးချမ်းသောဆက်ဆံရေး ရရှိနိုင်ရန်အလို့ငှာ သဏ္ဌာန်လုပ်သရုပ်ဖော်နည်းဖြင့် အပြစ်မှသန့်စင်ခံကြရသည်။ ဤမြင်ကွင်းကို စိတ်ကူးကြည့်ကာ ပေါ်လွင်ချက်တချို့ကို သုံးသပ်ကြည့်ကြစို့။
၁၃ ယဇ်ပုရောဟိတ်မင်းကြီးသည် တဲတော်ရင်ပြင်တွင် ရောက်နေသည်။ ရေအင်တုံတွင် မိမိကိုယ်ကို ဆေးကြောသန့်စင်ကာ ယဇ်ပူဇော်ဖို့အတွက် နွားထီးတစ်ကောင်ကို သတ်လိုက်သည်။ နွားထီး၏သွေးကို ဇလုံတစ်ခုထဲသို့ လောင်းထည့်လိုက်သည်; ယဇ်ပုရောဟိတ်လေဝိအနွယ်၏အပြစ်များကို ပြေစေရန် ယင်းကို အထူးနည်းဖြင့် အသုံးပြုမည်။ (ဝတ်ပြုရာ ၁၆:၄၊ ၆၊ ၁၁) သို့သော် ယဇ်ပုရောဟိတ်မင်းကြီးသည် ယဇ်ကောင်ကိုယူကာ ထပ်မသွားမီ လုပ်ရမည့်အရာတစ်ခုရှိသည်။ သူသည် မွှေးကြိုင်သော နံ့သာ (ဇွန်းကြီးတစ်ခုထဲတွင်ထည့်လာဖွယ်ရှိ) နှင့် ယဇ်ပလ္လင်မှ နီရဲနေသောမီးခဲများကို မီးညှပ်ဖြင့်ယူလာသည်။ ယခုသူသည် သန့်ရှင်းသောအခန်းထဲသို့ဝင်ကာ အသန့်ရှင်းဆုံးအခန်း၏ကုလားကာဆီသို့ လျှောက်သွားသည်။ ကုလားကာတစ်လျှောက်ကို ဖြည်းဖြည်းချင်းဖြတ်ကျော်ကာ ပဋိညာဉ်သေတ္တာရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် အခြားမည်သူမျှမမြင်စေဘဲ မီးခဲများပေါ်သို့ နံ့သာပေါင်းကို လောင်းချလိုက်ရာ အသန့်ရှင်းဆုံးအခန်းသည် သင်းပျံ့သောရနံ့ဖြင့်ဖုံးလွှမ်းသွားတော့သည်။—ဝတ်ပြုရာ ၁၆:၁၂၊ ၁၃။
၁၄။ ယဇ်ပုရောဟိတ်မင်းကြီးသည် အမျိုးအစားမတူသောတိရစ္ဆာန်နှစ်ကောင်၏ သွေးများကိုယူကာ အသန့်ရှင်းဆုံးအခန်းထဲသို့ အဘယ်ကြောင့် ဝင်ရသနည်း။
၁၄ ဘုရားသခင်သည် ကရုဏာပြလိုတော်မူရာ သဏ္ဌာန်လုပ်သရုပ်ဖော်နည်းတွင် အပြစ်ပြေငြိမ်းလိုက်တော်မူသည်။ အဆိုပါအကြောင်းကြောင့် သေတ္တာတော်၏အဖုံးကို “ကရုဏာကိန်းဝပ်ရာ” သို့မဟုတ် “အပြစ်ပြေငြိမ်းရာအဖုံး” ဟုခေါ်သည်။ (ဟေဗြဲ ၉:၅၊ ကဘ။ အောက်ခြေမှတ်ချက်) ယဇ်ပုရောဟိတ်မင်းကြီးသည် အသန့်ရှင်းဆုံးသောအခန်းမှထွက်ကာ နွားထီး၏သွေးကို ယူပြီး အသန့်ရှင်းဆုံးအခန်းထဲ ပြန်ဝင်သွားသည်။ ပညတ်တော်တွင် မိန့်မှာထားသည့်အတိုင်း မိမိ၏လက်ချောင်းကို သွေးထဲတွင်နှစ်လိုက်ကာ သေတ္တာတော်အဖုံးရှေ့တွင် ခုနစ်ကြိမ်ဖြန်းသည်။ (ဝတ်ပြုရာ ၁၆:၁၄) ထို့နောက်တွင် တဲတော်ရင်ပြင်သို့ပြန်လာပြီး “လူများနှင့်ဆိုင်သော” အပြစ်ဖြေရာယဇ်ဖြစ်သည့် ဆိတ်တစ်ကောင်ကို သတ်လိုက်သည်။ သူသည် ဆိတ်သွေးတချို့ကို အသန့်ရှင်းဆုံးအခန်းထဲသို့ ယူသွားပြီး နွားထီးသွေးကို ပြုလုပ်သကဲ့သို့ လုပ်သည်။ (ဝတ်ပြုရာ ၁၆:၁၅) အခြားအရေးကြီးသောလုပ်ငန်းများကိုလည်း အပြစ်ဖြေရာနေ့တွင် လုပ်ဆောင်သည်။ ဥပမာ၊ ယဇ်ပုရောဟိတ်မင်းကြီးသည် ဒုတိယဆိတ်တစ်ကောင်၏ခေါင်းပေါ်တွင် မိမိ၏လက်များကို တင်ရပြီး “ဣသရေလလူမျိုး၏ ဒုစရိုက်မှု” များကို ဖော်ပြဝန်ချရသည်။ လူမျိုးတော်၏အပြစ်များကို ဥပစာသဘောဖြင့် အဝေးသို့ ဆောင်သွားရန် အဆိုပါအသက်ရှင်လျက်ရှိသော ဆိတ်ကို တောကန္တာရထဲသို့ လွှတ်လိုက်သည်။ ဤနည်းအားဖြင့် အပြစ်ဖြေခြင်းကို “ယဇ်ပုရောဟိတ်အဖို့နှင့် ပရိသတ်အပေါင်းတို့အဖို့” နှစ်စဉ်လုပ်သည်။—ဝတ်ပြုရာ ၁၆:၁၆၊ ၂၁၊ ၂၂၊ ၃၃။
၁၅။ (က) ရှောလမုန်၏ဗိမာန်တော်သည် တဲတော်နှင့် မည်သို့ဆင်တူသနည်း။ (ခ) တဲတော်တွင်ကော ဗိမာန်တော်တွင်ပါ ဆောင်ရွက်သည့် မြင့်မြတ်သောလုပ်ငန်းတော်နှင့်ပတ်သက်ပြီး ဟေဗြဲသြဝါဒက မည်သို့ဆိုသနည်း။
၁၅ ပဋိညာဉ်ပြုထားသော ဘုရားသခင်၏ လူမျိုးအနေနှင့် ဣသရေလရာဇဝင်၏ ပထမပိုင်း ၄၈၆ နှစ်အထိ ရွှေ့ပြောင်းနိုင်သော တဲတော်သည် သူတို့အတွက် ယေဟောဝါကို ဝတ်ပြုသည့်နေရာဖြစ်ခဲ့သည်။ ဣသရေလနိုင်ငံမှ ရှောလမုန်သည် အတည်တကျဖြစ်သော အဆောက်အအုံတစ်ခု ဆောက်လုပ်ရန်တာဝန်ကို ရရှိခဲ့သည်။ ဤဗိမာန်တော်သည် သာ၍ကြီးပြီး သာ၍အသေးစိတ်ရမည်ဖြစ်သော်လည်း ဘုရားပေးအစီအစဉ်သည် တဲတော်ဆောက်လုပ်သည့်အစီအစဉ်တွင်ကဲ့သို့ဖြစ်သည်။ တဲတော်ကဲ့သို့ပင် ယင်းသည် “လူမဆောက်ဘဲ” ယေဟောဝါ “ဆောက်တော်မူ” မည့်ဝတ်ပြုရေးအတွက် သာ၍ကြီးကျယ်သော သာ၍အကျိုးသက်ရောက်သော သဏ္ဌာန်လုပ်သရုပ်ဖော်မှု အစီအစဉ်ဖြစ်သည်။—ဟေဗြဲ ၈:၂၊ ၅; ၉:၉၊ ၁၁။
ပထမနှင့် ဒုတိယ ဗိမာန်တော်
၁၆။ (က) ဗိမာန်တော်ကို အပ်နှံသောအခါ အဘယ်နှစ်သက်ဖွယ်တောင်းဆိုချက်ကို ရှောလမုန်တောင်းခံခဲ့သနည်း။ (ခ) ရှောလမုန်၏ဆုတောင်းချက်ကို ယေဟောဝါလက်ခံတော်မူကြောင်း ကိုယ်တော်မည်သို့ပြသနည်း။
၁၆ ဘုန်းကျက်သရေထွန်းပြောင်သော ထိုဗိမာန်တော်ကို အပ်နှံသောအခါ ရှောလမုန်က ဤမှုတ်သွင်းခံတောင်းဆိုချက်ကို ထည့်တောင်းခဲ့သည်– “ကိုယ်တော်လူဣသရေလအမျိုးမဟုတ်၊ တစ်ပါးအမျိုးသားတို့သည် ကြီးမြတ်သောနာမတော်. . .ကိုထောက်သဖြင့် ဝေးသောပြည်မှရောက်လာ၍ ဤအိမ်တော်ကိုမှီခိုလျက်ဆုတောင်းလျှင် ကျိန်းဝပ်တော်မူရာကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ ကိုယ်တော်၏လူဣသရေလအမျိုးသားတို့သည် ကိုယ်တော်ကို ကြောက်ရွံ့သကဲ့သို့၊ မြေကြီးသားအပေါင်းတို့သည် ကြောက်ရွံ့လျက် နာမတော်ကို သိစေခြင်းငှာလည်းကောင်း၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့်သမုတ်ကြောင်းကို သိစေခြင်းငှာလည်းကောင်း၊ ထိုတစ်ပါးအမျိုးသားတို့သည် ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါ။” (၂ ရာဇဝင်ချုပ် ၆:၃၂၊ ၃၃) ရှောလမုန်၏အပ်နှံမှုဆုတောင်းချက်ကို ဘုရားသခင်လက်ခံတော်မူကြောင်း ထင်ရှားစွာသိမြင်နိုင်သောနည်းဖြင့် ပြသတော်မူခဲ့သည်။ ကောင်းကင်မှ မီးလျှံတစ်ခုကျလာပြီး ယဇ်ပလ္လင်ပေါ်ရှိ တိရစ္ဆာန်ယဇ်ကောင်များကို လောင်ကျွမ်းကာ ဗိမာန်တော်သည် ယေဟောဝါ၏ဘုန်းတော်နှင့် ပြည့်သွားသည်။—၂ ရာဇဝင်ချုပ် ၇:၁-၃။
၁၇။ ရှောလမုန်တည်ဆောက်ခဲ့သော ဗိမာန်တော်သည် နောက်ဆုံးတွင် ဘာဖြစ်သွားသနည်း၊ အဘယ်ကြောင့်နည်း။
၁၇ ဝမ်းနည်းစရာကား၊ ဣသရေလလူမျိုးတို့သည် အကျိုးဖြစ်ထွန်းသော ယေဟောဝါကို ကြောက်ရွံ့မှု ပျောက်သွားကြသည်။ သူတို့သည် သွေးသွန်းခြင်း၊ ရုပ်ပုံကိုးကွယ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြားခြင်း၊ သွေးနီးချင်းအိမ်ထောင်ပြုခြင်း၊ မိဘမဲ့ကလေးများ၊ မုဆိုးမများ၊ တိုင်းတစ်ပါးသားများကို မညှာမတာဆက်ဆံပြုမူခြင်းတို့အားဖြင့် ကိုယ်တော်၏မဟာနာမတော်ကို မရိုမသေလုပ်လာကြသည်။ (ယေဇကျေလ ၂၂:၂၊ ၃၊ ၇၊ ၁၁၊ ၁၂၊ ၂၆၊ ၂၉) ထို့ကြောင့် ဘီ.စီ.အီး. ၆၀၇ တွင် ဗိမာန်တော်ကို ဗာဗုလုန်စစ်တပ်များ ဖျက်ဆီးစေခြင်းဖြင့် ဒဏ်စီရင်ခဲ့သည်။ အသက်ရှင်ကျန်ရစ်သော ဣသရေလလူမျိုးတို့သည် ဗာဗုလုန်သို့ သုံ့ပန်းအဖြစ်ခေါ်ဆောင်သွားခြင်းခံရသည်။
၁၈။ ဒုတိယဗိမာန်တော်တွင် ယေဟောဝါ၏ဝတ်ပြုရေးကို စိတ်နှလုံးအပြည့်ဖြင့် ထောက်မပေးသော ဣသရေလလူမျိုးမဟုတ်သည့် အမျိုးသားတချို့အတွက် မည်သည့်အခွင့်အလမ်းများကို ဖွင့်ပေးထားသနည်း။
၁၈ အနှစ် ၇၀ ကြာပြီးနောက် နောင်တရသော ဂျူးအကြွင်းအကျန်များသည် ယေရုရှလင်သို့ ပြန်လာကာ ယေဟောဝါ၏ဗိမာန်တော် ပြန်ဆောက်ခွင့်ကို ရရှိခဲ့ကြသည်။ စိတ်ဝင်စားစရာမှာ၊ အဆိုပါဒုတိယဗိမာန်တော်တွင် အမှုထမ်းဖို့ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့နည်းပါးနေသည်။ ရလဒ်အနေနှင့် ဣသရေလလူမျိုးမဟုတ်သော ဗိမာန်တော်ကျေးကျွန်များ၏ အဆက်အနွယ်ဖြစ်သော နက်သနင်တို့သည် ဘုရားသခင့်အိမ်တော်အမှုဆောင်များအဖြစ် သာ၍ကြီးမားသောအခွင့်ထူးများကို ပေးအပ်ခြင်းခံခဲ့ရသည်။ သို့ရာတွင် သူတို့သည် မည်သည့်အခါမျှ ယဇ်ပုရောဟိတ်များ၊ လေဝိများနှင့် တန်းတူဖြစ်မသွားပါ။—ဧဇရ ၇:၂၄; ၈:၁၇၊ ၂၀။
၁၉။ ဒုတိယဗိမာန်တော်နှင့်ပတ်သက်၍ အဘယ်ကတိတော်ကို ဘုရားသခင်ပေးတော်မူခဲ့သနည်း၊ အဆိုပါကတိတော်များ မည်သို့ပြည့်စုံလာသနည်း။
၁၉ အစပိုင်းတွင် ဒုတိယဗိမာန်တော်သည် ယခင်ဗိမာန်တော်နှင့် လုံးဝယှဉ်သာမည်မဟုတ်ဟု ထင်ရသည်။ (ဟဂ္ဂဲ ၂:၃) သို့သော် ယေဟောဝါ ဤသို့ကတိပေးတော်မူသည်– “လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦးမည်။ လူမျိုးအပေါင်းတို့နှစ်သက်ဖွယ်သောအရာသည်ရောက်၍ ဤအိမ်ကို ဘုန်းနှင့်ငါပြည့်စုံစေမည် . . . နောက်တည်သော ဤအိမ်တော်သည် အရင်အိမ်တော်ထက် ဘုန်းသာ၍ကြီးလိမ့်မည်။” (ဟဂ္ဂဲ ၂:၇၊ ၉) ဤစကားများအတိုင်းပင် ဒုတိယဗိမာန်တော်သည် သာ၍ကြီးမားသော ဘုန်းကျက်သရေရှိခဲ့သည်။ ၁၆၄ နှစ် သက်တမ်းပိုရှည်ခဲ့ပြီး ဗိမာန်တော်ရင်ပြင်များအတွင်းသို့ သာ၍များသောနိုင်ငံများမှ သာ၍များသောဝတ်ပြုသူများသည် အစုလိုက်အအုပ်လိုက် လာရောက်ခဲ့ကြသည်။ (တမန်တော် ၂:၅-၁၁ နှိုင်းယှဉ်။) ဒုတိယဗိမာန်တော် ပြန်လည်ပြုပြင်ခြင်းကို ဘုရင်ဟေရုဒ်အချိန်တွင် စတင်ခဲ့ပြီး ယင်း၏ရင်ပြင်များကို ချဲ့ထွင်ခဲ့သည်။ ထုထည်ကြီးမားသော ကျောက်တုံးကြီးများစီထားသည့် ကျောက်ခုံပေါ်တွင်တည်ထားကာ လှပသည့်တိုင်စဉ်တန်းများဖြင့် ဝန်းရံထားသော ဤဗိမာန်တော်သည် ရှောလမုန်တည်ဆောက်ခဲ့သော ကြီးကျယ်ခမ်းနားသည့် မူလဗိမာန်တော်ကို ယှဉ်နိုင်ခဲ့သည်။ ယင်းတွင် လူမျိုးများထဲမှ ယေဟောဝါကို ဝတ်ပြုလိုသော လူများအတွက် ကျယ်ပြန့်သည့် အပြင်ဘက်ရင်ပြင်တစ်ခုပါဝင်သည်။ တစ်ပါးအမျိုးသားများအတွက် ရင်ပြင်နှင့် ဣသရေလလူမျိုးများအတွက်သာ သီးသန့်ထားသည့် အတွင်းပိုင်းရင်ပြင်တို့ကို ကျောက်နံရံတစ်ခုဖြင့် ပိုင်းခြားထားသည်။
၂၀။ (က) ပြန်လည်တည်ဆောက်ထားသော ဗိမာန်တော်သည် အဘယ်ထူးခြားသော ဂုဏ်တင်မှုကို ရရှိခဲ့သနည်း။ (ခ) ဂျူးများသည် ထိုဗိမာန်တော်ကို မှားယွင်းစွာရှုမြင်ကြကြောင်း အဘယ်အရာက တင်ပြသနည်း၊ ယင်းကို တုံ့ပြန်ရာတွင် ယေရှုသည် မည်သို့လုပ်ဆောင်တော်မူခဲ့သနည်း။
၂၀ ဘုရားသခင့်သားတော် ယေရှုခရစ်သည် ယင်း၏ရင်ပြင်အတွင်း သွန်သင်ပို့ချခြင်းဖြင့် ဤဒုတိယဗိမာန်တော်သည် အကြီးအကျယ် အမွှမ်းတင်ခြင်းခံခဲ့ရသည်။ သို့သော် ပထမဗိမာန်တော်မှာကဲ့သို့ပင် ဂျူးလူမျိုးအများစုသည် ဘုရားသခင့်အိမ်တော်ကို ထိန်းသိမ်းစောင့်ရှောက်ရသည့် အခွင့်ထူးနှင့်ပတ်သက်၍ လျော်ကန်သောသဘောထား မရှိခဲ့ကြပါ။ တစ်ပါးအမျိုးသားများရင်ပြင်တွင် ကုန်သည်များကို စီးပွားရေးလုပ်ခွင့်ပင် ပေးထားသည်။ ထို့အပြင် လူများသည် ယေရုရှလင်ဝန်းကျင်တွင် ပစ္စည်းပစ္စယများကို သယ်ဆောင်ကာ ဗိမာန်တော်ကို ဖြတ်လမ်းအဖြစ်အသုံးပြုခွင့်ရကြသည်။ မသေဆုံးမီ လေးရက်အလိုတွင် ယေရှုသည် အဆိုပါလောကီအကျင့်အကြံများရှိသည့် ဗိမာန်တော်ကို ရှင်းလင်းရေးလုပ်ကာ “‘ငါ့အိမ်ကို လူအမျိုးမျိုး ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတ္တံ့’ ဟု ကျမ်းစာ၌လာသည်မဟုတ်လော။ သို့သော်လည်း သင်တို့သည် ထိုအိမ်ကို ဓားပြတွင်းဖြစ်စေကြပြီတကား” ဟု ဆက်၍မိန့်မြွက်တော်မူခဲ့သည်။—မာကု ၁၁:၁၅-၁၇။
ဘုရားသခင်သည် မိမိ၏မြေကြီးဆိုင်ရာအိမ်တော်ကို ထာဝရစွန့်ပစ်
၂၁။ ယေရုရှလင်ဗိမာန်တော်နှင့်စပ်လျဉ်း၍ ယေရှုမည်သို့ဖော်ပြတော်မူခဲ့သနည်း။
၂၁ ဘုရားသခင်၏စင်ကြယ်သောဝတ်ပြုရေးကို ထောက်ခံရာတွင် ယေရှု၏ရဲတင်းသော အပြုအမူကြောင့် ဂျူးဘာသာရေးခေါင်းဆောင်များသည် ကိုယ်တော်ကို သတ်ရန် ဆုံးဖြတ်လိုက်ကြသည်။ (မာကု ၁၁:၁၈) မကြာမီ မိမိအသတ်ခံရတော့မည်ကိုသိလျက် ယေရှုက ဂျူးဘာသာရေးခေါင်းဆောင်များကို “သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက်ကျန်ရစ်ရ၏” ဟု မိန့်မြွက်တော်မူခဲ့သည်။ (မဿဲ ၂၃:၃၇၊ ၃၈) မကြာမီ နမူနာပြ ယေရုရှလင်ဗိမာန်တော်တွင် ကျင့်ကြံပြုမူနေသော ဝတ်ပြုမူပုံစံကို ဘုရားသခင် လက်ခံတော့မည်မဟုတ်ကြောင်း ဤနည်းဖြင့် ကိုယ်တော်ဖော်ပြတော်မူခဲ့သည်။ ယင်းသည် “လူအမျိုးမျိုးဆုတောင်းရာအိမ်” ဖြစ်မည်မဟုတ်တော့ပါ။ ကိုယ်တော်၏တပည့်တော်များက ခမ်းနားသောဗိမာန်တော်အဆောက်အအုံများကို ယေရှုအား ထိုးပြကြသောအခါ ကိုယ်တော်က “ဤအရာအလုံးစုံတို့ကို သင်တို့သည် မြင်ကြသည်မဟုတ်လော။ . . . မဖြိုမချဘဲ ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှမတည်မနေရ” ဟု မိန့်တော်မူခဲ့သည်။—မဿဲ ၂၄:၁၊ ၂။
၂၂။ (က) ဗိမာန်တော်နှင့်ပတ်သက်သည့် ယေရှု၏စကားများ မည်သို့ပြည့်စုံခဲ့သနည်း။ (ခ) အစောပိုင်းခရစ်ယာန်များသည် မိမိတို့၏မျှော်လင့်ချက်များကို မြေကြီးဆိုင်ရာမြို့တော်တွင် အခြေစိုက်မည့်အစား အဘယ်အရာကို မျှော်လင့်စောင့်စားကြသနည်း။
၂၂ နောက် ၃၇ နှစ်အကြာ ရောမစစ်တပ်များက ယေရုရှလင်နှင့် ယင်း၏ဗိမာန်တော်ကို ဖျက်ဆီးလိုက်သော စီ.အီး. ၇၀ တွင် ယေရှု၏ပရောဖက်ပြုချက်ပြည့်စုံခဲ့သည်။ ဘုရားသခင်သည် မိမိ၏နမူနာပြအိမ်တော်ကို အမှန်တကယ် စွန့်ပယ်လိုက်ကြောင်း ယင်းသည် ထင်ရှားသော သက်သေဖြစ်သည်။ ယေရုရှလင်တွင် ဗိမာန်တော်နောက်တစ်လုံး ပြန်ဆောက်မည့်အကြောင်း ယေရှုတစ်ခါမျှ တင်ကူးမိန့်မြွက်ခဲ့ခြင်းမရှိပါ။ ထိုမြေကြီးဆိုင်ရာမြို့တော်နှင့်စပ်လျဉ်း၍ တမန်တော်ပေါလုက “ငါတို့သည် ဤဘဝ၌အမြဲတည်သောမြို့မရှိ၊ နောက်ဖြစ်လတ္တံ့သောမြို့ကို ရှာကြ၏” ဟု ဟေဗြဲခရစ်ယာန်များထံရေးသားခဲ့သည်။ (ဟေဗြဲ ၁၃:၁၄) အစောပိုင်းခရစ်ယာန်များသည် “ကောင်းကင်ယေရုရှလင်”—မြို့ကဲ့သို့သောဘုရားသခင့်နိုင်ငံတော်၏ နိုင်ငံသားများဖြစ်ရန် မျှော်လင့်စောင့်စားခဲ့ကြသည်။ (ဟေဗြဲ ၁၂:၂၂) ထို့ကြောင့် ယေဟောဝါ၏စစ်မှန်သောဝတ်ပြုရေးသည် မြေကြီးပေါ်ရှိ ပကတိဗိမာန်တစ်ခုခုတွင် ဗဟိုပြုခြင်းမရှိတော့ပါ။ နောက်ဆောင်းပါးတွင် “နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း” ကိုယ်တော်ကို ဝတ်ပြုလိုသူအားလုံးအတွက် ဘုရားသခင်စီမံထားတော်မူသော သာလွန်ထူးမြတ်သည့် အစီအစဉ်ကို ကျွန်ုပ်တို့သုံးသပ်ကြမည်။—ယောဟန် ၄:၂၁၊ ၂၄။
ပြန်လည်ဆွေးနွေးရန်မေးခွန်းများ
◻ အာဒံနှင့် ဧဝတို့သည် ဘုရားသခင်နှင့်အဘယ်ဆက်ဆံရေး ဆုံးရှုံးခဲ့သနည်း။
◻ တဲတော်၏ပုံပန်းသဏ္ဌာန်ကို ကျွန်ုပ်အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။
◻ တဲတော်ရင်ပြင်အတွင်း လုပ်ဆောင်မှုများမှ အဘယ်အရာကို ကျွန်ုပ်တို့သင်ယူနိုင်သနည်း။
◻ ဘုရားသခင်သည် မိမိ၏ဗိမာန်တော်ပျက်စီးရန် အဘယ်ကြောင့်ခွင့်ပြုတော်မူသနည်း။
[စာမျက်နှာ ၁၀၊ ၁၁ ပါ ရုပ်ပုံ]
ဟေရုဒ်ပြန်လည်တည်ဆောက်သည့် ဗိမာန်တော်
၁။ အသန့်ရှင်းဆုံးအခန်း
၂။ သန့်ရှင်းသောအခန်း
၃။ မီးရှို့ရာယဇ်ပလ္လင်
၄။ ကြေးဝါရေကန်
၅။ ယဇ်ပုရောဟိတ်များရင်ပြင်
၆။ ဣသရေလလူမျိုးရင်ပြင်
၇။ အမျိုးသမီးများရင်ပြင်