-
ယေဟောဝါသည် မိမိ၏အရည်အသွေးများ အကြောင်း ဖော်ပြခဲ့ကင်းမျှော်စင်—၂၀၀၉ | မေ ၁
-
-
သိနာတောင်ပေါ်တွင် မောရှေသည် “ကိုယ်တော်၏ဘုန်းကို အကျွန်ုပ်အား ပြတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏” ဟုယေဟောဝါထံ လျှောက်ဆိုခဲ့သည်။ (ထွက်မြောက်ရာ ၃၃:၁၈) နောက်တစ်နေ့တွင် သူသည် ဘုရားသခင်၏ထည်ဝါသောအသရေကို တစ်စွန်းတစ်စမြင်တွေ့ ခွင့်ရခဲ့သည်။a မောရှေသည် ထိုခမ်းနားလှသောအဆင်းအာရုံတွင် မြင်တွေ့ခဲ့ရာများကို အသေးစိတ်မဖော်ပြပါ။ ယင်းအစား ပို၍အရေးကြီးသောအရာဖြစ်သည့် ဘုရားသခင့်မိန့်ဆိုချက်ကို သူမှတ်တမ်းတင်ခဲ့သည်။ ထွက်မြောက်ရာ ၃၄:၆၊ ၇ တွင်တွေ့ရသည့်အတိုင်း ယေဟောဝါမိန့်ဆိုခဲ့ရာကို ဆန်းစစ်ကြည့်ကြစို့။
ယေဟောဝါသည် မိမိနှင့်ပတ်သက်၍ ဦးဆုံးဖော်ပြသည့်အရာမှာ မိမိသည် ‘ချစ်သနားခြင်းမေတ္တာ၊ ကရုဏာနှင့်ပြည့်စုံသောဘုရားသခင်’ ဖြစ်သည်ဟူ၍ဖြစ်၏။ (အခန်းငယ် ၆) ကျမ်းပညာရှင်တစ်ဦး၏အဆိုအရ “ချစ်သနားခြင်းမေတ္တာ” ဟုပြန်ဆိုသော ဟေဗြဲစကားလုံးသည် “သားသမီးများအပေါ်ထားရှိသော ဖခင်၏သနားကြင်နာမှုကဲ့သို့သော ဘုရားသခင်၏သနားကြင်နာမှု” ကိုရည်ညွှန်းသည်။ “ကရုဏာ” ဟုပြန်ဆိုသောစကားလုံးသည် “လိုအပ်နေသူအား ကူညီလိုစိတ်ရှိသူကို ဖော်ပြသော” ကြိယာနှင့်ဆက်စပ်နေသည်။ ရှင်းနေသည်မှာ၊ သားသမီးများကိုချစ်မြတ်နိုးပြီး သူတို့၏လိုအပ်ရာများကို ဖြည့်ဆည်းပေးသော မိဘသဖွယ် ယေဟောဝါသည် မိမိအားဝတ်ပြုသူများကို ကြည့်ရှုစောင့်ရှောက်နေကြောင်း ကျွန်ုပ်တို့ကိုသိရှိစေလိုသည်။—ဆာလံ ၁၀၃:၈၊ ၁၃။
တစ်ဖန်၊ ယေဟောဝါက မိမိသည် “စိတ်ရှည်” ကြောင်း ပြောဆိုသည်။ (အခန်းငယ် ၆) ကိုယ်တော်သည် မြေကြီးပေါ်ရှိ မိမိ၏ကျေးကျွန်များကို အလွယ်တကူအမျက်မထွက်ပါ။ ယင်းအစား၊ စိတ်ရှည်ပြီး သူတို့၏အပြစ်လမ်းစဉ်ကိုပြောင်းလဲရန် အချိန်ပေးကာ သူတို့၏မစုံလင်မှုများကို သည်းခံတော်မူသည်။—၂ ပေတရု ၃:၉။
ထို့နောက် ဘုရားသခင်က မိမိသည် “ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူ” ကြောင်း ဆက်မိန့်ဆို၏။ (အခန်းငယ် ၆) ကျေးဇူးပြုခြင်း သို့မဟုတ် တည်ကြည်သောမေတ္တာသည် အဖိုးထိုက်အရည်အသွေးတစ်ခုဖြစ်၏။ ယေဟောဝါသည် ၎င်းအရည်အသွေးဖြင့် မိမိနှင့်မိမိလူမျိုးကြား တည်မြဲခိုင်ခံ့သော သံယောဇဉ်နှောင်ကြိုးဖွဲ့၏။ (တရားဟောရာ ၇:၉) ယေဟောဝါသည် သစ္စာတရား၏ရင်းမြစ်လည်းဖြစ်၏။ ကိုယ်တော်သည် မည်သည့်အခါမျှ မလှည့်စားသကဲ့သို့ ကိုယ်တော်တိုင်လည်း အလှည့်စားမခံပါ။ ကိုယ်တော်သည် “သစ္စာစောင့်တော်မူသောဘုရားသခင်” ဖြစ်သောကြောင့် အနာဂတ်နှင့်ပတ်သက်သော ကတိတော်များအပါအဝင် ကိုယ်တော်၏မိန့်ဆိုချက်မှန်သမျှကို ကျွန်ုပ်တို့ ကျိန်းသေယုံကြည်စိတ်ချနိုင်သည်။—ဆာလံ ၃၁:၅။
-
-
ယေဟောဝါသည် မိမိ၏အရည်အသွေးများ အကြောင်း ဖော်ပြခဲ့ကင်းမျှော်စင်—၂၀၀၉ | မေ ၁
-
-
a မောရှေသည် ယေဟောဝါကို အမှန်တကယ်မတွေ့မြင်ခဲ့ပါ၊ အကြောင်းမှာ ဘုရားသခင်၏မျက်နှာကိုမြင်လျှင် အသက်ရှင်ရသောလူ တစ်စုံတစ်ယောက်မျှမရှိသောကြောင့်ဖြစ်၏။ (ထွက်မြောက်ရာ ၃၃:၂၀) ယေဟောဝါသည် မိမိ၏ထည်ဝါသောအသရေဆိုင်ရာ အဆင်းအာရုံကို မောရှေအား ဖော်ပြပြီး ကောင်းကင်တမန်မှတစ်ဆင့် စကားပြောခဲ့ခြင်းဖြစ်သည်။
-