ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၀/၁ စာ. ၈-၁၃
  • ‘ယေဟောဝါ၊ ကရုဏာနှင့် သနားကြင်နာတတ်သောဘုရားသခင်’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ယေဟောဝါ၊ ကရုဏာနှင့် သနားကြင်နာတတ်သောဘုရားသခင်’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပုန်ကန်သည့်သား အိမ်ကိုစွန့်ခွာ
  • ဝေးလံသောပြည်တွင် စိတ်ပျက်ခဲ့ရ
  • ဖြုန်းတီးသူ အသိတရားရလာ
  • လှိုက်လှိုက်လှဲလှဲကြိုဆိုခံရခြင်း
  • ယေဟောဝါ၏ကရုဏာတော်ကို တုပလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ပျောက်နေသော သားတစ်ယောက်ပုံပြင်
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • “ဖြုန်းတီးသောသား” တစ်ဦးကို သင်မည်သို့ကူညီပေးနိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ပျောက်သောသား ပြန်တွေ့သောအခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၀/၁ စာ. ၈-၁၃

‘ယေဟောဝါ၊ ကရုဏာနှင့် သနားကြင်နာတတ်သောဘုရားသခင်’

“ယေဟောဝါ၊ ယေဟောဝါ ကရုဏာရှိသောသဘော၊ သနားကြင်နာသောသဘော၊ အမျက်ထွက်နှေးသောသဘော၊ချစ်ခင် ကြင်နာခြင်းနှင့် သစ္စာကြွယ်ဝသောသဘောရှိတော်မူသော . . . ဘုရားသခင်။”—ထွက်မြောက်ရာ ၃၄:၆၊ ကဘ။

၁။ (က) ချစ်မြတ်နိုးရသူများ စင်ကြယ်သောဝတ်ပြုရေးမှသွေဖည်သွားသည်ကို တွေ့ရသူတို့အတွက် သမ္မာကျမ်းစာက အဘယ်နှစ်သိမ့်မှုပေးသနည်း။ (ခ) ယေဟောဝါသည် အပြစ်ပြုသူတို့ကို မည်သို့ရှုမြင်သနည်း။

“ခရစ်ယာန်အသင်းတော်သားတစ်ဦး မဖြစ်ချင်တော့ဘူးဆိုပြီး သမီးက ကျွန်တော့်ကိုပြောခဲ့တယ်။ ဒါကြောင့် နေ့တွေ၊ သီတင်းပတ်တွေ၊ လတွေနဲ့တောင်ချီပြီးတော့ ကျွန်တော့်ခန္ဓာကိုယ်ထဲမှာ တဆစ်ဆစ်နာကျင်ခဲ့ရတယ်။ သေတာထက်တောင်ပိုဆိုးတယ်” ဟုခရစ်ယာန်ဖခင်တစ်ဦးကဆိုသည်။ ချစ်မြတ်နိုးရသူတစ်ဦး စင်ကြယ်သောဝတ်ပြုရေးမှ သွေဖည်သွားသည့်အခါ အမှန်ခံရခက်သည်။ အသင်ကော ထိုသို့ခံစားဖူးပါသလော။ သို့ဆိုလျှင် ယေဟောဝါသည် သင့်အားစာနာကြောင်းသိရခြင်းသည် နှစ်သိမ့်မှုဖြစ်ပေလိမ့်မည်။ (ထွက်မြောက်ရာ ၃:၇; ဟေရှာယ ၆၃:၉) သို့သော် အပြစ်ပြုသော ဤသူတို့ကို ကိုယ်တော်မည်သို့ရှုမြင်သနည်း။ ကိုယ်တော့်မျက်နှာသာကိုပြန်ရယူရန် သူတို့အား ယေဟောဝါကရုဏာရှိစွာဖိတ်ခေါ်ကြောင်း သမ္မာကျမ်းစာကဖော်ပြသည်။ မာလခိခေတ်ရှိ ပုန်ကန်သောဂျူးများကို ကိုယ်တော်က ဤသို့အနူးအညွတ်တောင်းပန်ခဲ့သည်– “ငါ့ထံသို့ပြန်လာကြလော့။ ငါသည်လည်း သင်တို့ဆီသို့ပြန်လာမည်။”—မာလခိ ၃:၇။

၂။ ကရုဏာသည် ယေဟောဝါဥပဓိရုပ်၏ ပင်ကိုရှိရင်းစွဲအရည်အသွေးတစ်ခုဖြစ်ကြောင်း သမ္မာကျမ်းစာကမည်သို့ဖော်ပြသနည်း။

၂ သိနာတောင်ပေါ်တွင် မောရှေအား ဘုရားသခင့်ကရုဏာတော်ကို ပီပြင်စွာသဘောပေါက်စေခဲ့သည်။ ထိုတွင် ယေဟောဝါသည် “ကရုဏာရှိသောသဘော၊ သနားကြင်နာသောသဘော၊ အမျက်ထွက်နှေးသောသဘော၊ ချစ်ခင်ကြင်နာခြင်းနှင့် သစ္စာကြွယ်ဝတော်မူထသော ဘုရားသခင်” ဖြစ်တော်မူကြောင်း ဖော်ပြခဲ့သည်။ (ထွက်မြောက်ရာ ၃၄:၆၊ ကဘ) ယင်းက ကရုဏာသည် ယေဟောဝါဥပဓိရုပ်၏ ပင်ကိုရှိရင်းစွဲအရည်အသွေးတစ်ခုဖြစ်ကြောင်း အလေးအနက်ဖော်ပြသည်။ ကိုယ်တော်သည် ‘ရှိသမျှတို့ကို နောင်တရစေခြင်းငှာအလိုတော်ရှိ’ ၏ဟုခရစ်ယာန်တမန်တော်ပေတရုကရေးသားခဲ့သည်။ (၂ ပေတရု ၃:၉) သို့သော် ဘုရားသခင်၏ကရုဏာတော်သည် အကန့်အသတ်မဲ့တော့မဟုတ်ချေ။ ကိုယ်တော်သည် “အပြစ်ဒဏ်စီရင်ခြင်းကို အဘယ်နည်းနှင့်မျှလွတ်ကင်းစေတော်မမူ” ဟုမောရှေမိန့်မှာခံခဲ့ရသည်။ (ထွက်မြောက်ရာ ၃၄:၇၊ ကဘ; ၂ ပေတရု ၂:၉) သို့ရာတွင် “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်” ပြီးကရုဏာသည် ထိုအရည်အသွေး၏ကြီးမားသောအသွင်တစ်ခုဖြစ်၏။ (၁ ယောဟန် ၄:၈; ယာကုပ် ၃:၁၇) ယေဟောဝါသည် “အစဉ်အမျက်ထွက်တော်မမူ” ဘဲ ‘ချစ်ခင်ကြင်နာခြင်း၌မွေ့လျော်’ တော်မူ၏။—မိက္ခာ ၇:၁၈၊ ၁၉။

၃။ ကရုဏာနှင့်ပတ်သက်၍ ယေရှု၏အမြင်နှင့် ကျမ်းတတ်များ၊ ဖာရိရှဲများ၏အမြင်သည် မည်သို့ဆန့်ကျင်သနည်း။

၃ ယေရှုသည် ကောင်းကင်ခမည်းတော်၏သဏ္ဌာန်ကို ပြည့်ဝစုံလင်စွာရောင်ပြန်ဟပ်ခဲ့သူဖြစ်သည်။ (ယောဟန် ၅:၁၉) ကိုယ်တော်သည် အမှားပြုသူတို့ကို ကရုဏာနှင့်ဆက်ဆံခြင်းက သူတို့၏အပြစ်များကို ခွင့်ပြုခြင်းမဟုတ်ဘဲ ကာယရေးဖျားနာသူများအား ကိုယ်တော်တင်ပြခဲ့သည့် သနားတတ်သောစိတ်ထားကို ဖော်ပြနေခြင်းသာဖြစ်သည်။ (မာကု ၁:၄၀၊ ၄၁ နှိုင်းယှဉ်။) မှန်ပါသည်၊ ယေရှုသည် ဘုရားသခင့်ပညတ်၏ “လေးသောအရာ” တို့တွင် ကရုဏာကိုထည့်သွင်းထားခဲ့သည်။ (မဿဲ ၂၃:၂၃) ယင်းနှင့်ဆန့်ကျင်၍ တရားဥပဒေကို လှေနံဓားထစ်လိုက်ခြင်းဖြင့် ကရုဏာအတွက် နေရာမထားသော ကျမ်းပြုဆရာများနှင့် ဖာရိရှဲများကို သုံးသပ်ကြည့်ပါ။ အပြစ်သားများနှင့် ယေရှုဆက်ဆံသည်ကိုမြင်သောအခါ သူတို့က “‘ဤသူသည် ဆိုးသောသူတို့ကိုလက်ခံ၍ သူတို့နှင့်အတူစားပါသည်တကား’ ဟုကဲ့ရဲ့အပြစ်တင်ကြ၏။” (လုကာ ၁၅:၁၊ ၂) ယေရှုသည် ကိုယ်တော်အားအပြစ်တင်သူများကို ဥပမာသုံးခုဖြင့် ဖြေဆိုခဲ့ရာ ယင်းတို့တစ်ခုစီသည် ဘုရားသခင့်ကရုဏာတော်ကို အထူးပေါ်လွင်စေသည်။

၄။ အဘယ်ပုံဥပမာနှစ်ခုကို ယေရှုဖော်ပြခဲ့သနည်း၊ တစ်ခုစီ၏ဆိုလိုရင်းကားအဘယ်နည်း။

၄ ဦးဆုံး သိုးတစ်ကောင်ကိုရှာရန် သိုး ၉၉ ကောင်ကိုထားရစ်ခဲ့သော လူတစ်ဦးအကြောင်းယေရှုပြောခဲ့သည်။ သူ၏ဆိုလိုရင်းကားအဘယ်နည်း။ “ဖြောင့်မတ်၍နောင်တရစရာအကြောင်းမရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌ ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသောလူဆိုးတစ်ယောက်၌ သာ၍ဝမ်းမြောက်ခြင်းရှိကြသည်။” ထို့နောက် ပျောက်သွားသောငွေတစ်ပြားကို ရှာတွေ့၍ဝမ်းမြောက်သည့် အမျိုးသမီးတစ်ဦးအကြောင်းကို ယေရှုပြောခဲ့သည်။ သက်ဆိုင်ပုံကို သူမည်သို့ဖော်ပြသနည်း။ “ဘုရားသခင်၏ကောင်းကင်တမန်တို့သည် နောင်တရသောလူဆိုးတစ်ယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်။” တတိယသာဓကကို ပုံဥပမာသဘောဖြင့်ယေရှုဖော်ပြခဲ့သည်။a ယင်းကို ပြောခဲ့သမျှတွင် အကောင်းဆုံးပုံပြင်တိုတစ်ခုဟု လူအများယူဆခဲ့ကြပြီ။ ဤပုံဥပမာကိုသုံးသပ်ခြင်းက ဘုရားသခင့်ကရုဏာတော်ကိုလေးမြတ်ပြီးတုပရန် ထောက်ကူပါလိမ့်မည်။—လုကာ ၁၅:၃-၁၀။

ပုန်ကန်သည့်သား အိမ်ကိုစွန့်ခွာ

၅၊ ၆။ ယေရှု၏တတိယပုံဥပမာမှသားငယ်သည် လေးမြတ်မှုအလွန့်အလွန်ကင်းမဲ့ကြောင်း မည်သို့တင်ပြသနည်း။

၅ “တစ်စုံတစ်ယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။ သားအငယ်သည်အဘထံသို့သွား၍၊ ‘အဘ၊ အကျွန်ုပ်ရထိုက်သောအမွေဥစ္စာကို ဝေ၍ပေးပါ’ ဟုတောင်းပန်လျှင်၊ အဘသည် ဥစ္စာများကိုဝေ၍ သားတို့အားပေးလေ၏။ ထိုနောက်များမကြာ၊ သားအငယ်သည် မိမိဥစ္စာများကိုသိမ်းယူ၍ ဝေးစွာသောပြည်သို့သွားပြီးလျှင်၊ ထိုပြည်မှာ ကာမဂုဏ်၌လွန်ကျူးသောအားဖြင့် ဥစ္စာပြုန်းတီး” လေ၏။—လုကာ ၁၅:၁၁-၁၃။b

၆ ဤတွင် သားငယ်သည် လေးမြတ်မှုအလွန့်အလွန်ကင်းမဲ့ကြောင်း တင်ပြခဲ့သည်။ ဦးဆုံး သူ၏အမွေကို တောင်းဆိုပြီးနောက် “ကာမဂုဏ်၌လွန်ကျူးသောအားဖြင့်” ဖြုန်းတီးခဲ့သည်။ “ကာမဂုဏ်၌လွန်ကျူးခြင်း” ဟူသောစကားလုံးကို “စည်းလွတ်ဝါးလွတ်နေထိုင်ခြင်း” ဟုအဓိပ္ပာယ်ရှိသော ဂရိစကားလုံးမှပြန်ဆိုထားသည်။ ပညာရှင်တစ်ဦးက ထိုစကားလုံးသည် “အလွန့်အလွန်အကျင့်ပျက်မှုကိုဖော်ပြ” သည်ဟုဆို၏။ ယေရှု၏ပုံပမာရှိလူငယ်အား မဆင်မခြင်သုံးဖြုန်းသူဟုဖော်ပြသည့်ဖြုန်းတီးသူဟူသည့်စကားလုံးဖြင့် ရံဖန်ရံခါခေါ်ဆိုကြခြင်းသည် ဆီလျော်မှုရှိပေသည်။

၇။ ယနေ့ ဖြုန်းတီးသူနှင့် မည်သူတူသနည်း၊ ထိုသို့သောသူများစွာသည် “ဝေးစွာသောပြည်” တွင်အဘယ်ကြောင့်လွတ်လပ်မှုရှာကြသနည်း။

၇ ယနေ့ကော ထိုဖြုန်းတီးသူနှင့်တူသောသူများ ရှိပါသလော။ ရှိပါသည်။ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော် ယေဟောဝါ၏လုံခြုံသော “အိမ်တော်” ကိုစွန့်ခွာခဲ့သူအနည်းငယ်ရှိခြင်းမှာ ဝမ်းနည်းစရာပင်။ (၁ တိမောသေ ၃:၁၅) ဤသူအချို့က ဘုရားသခင့်အိမ်ထောင်စုအသိုင်းအဝိုင်းကို အလွန်တင်းကျပ်သည်၊ ယေဟောဝါ၏ဂရုစိုက်မှုသည် အကာအကွယ်ထက် အဟန့်အတားပိုဖြစ်သည်ဟု ယူဆကြသည်။ (ဆာလံ ၃၂:၈ နှိုင်းယှဉ်။) သမ္မာကျမ်းစာမူများနှင့်အညီ လေ့ကျင့်ပေးခံရ၍ ကြီးပြင်းလာခဲ့သော်လည်း နောက်ပိုင်း အရက်ယမကာနှင့် မူးယစ်ဆေးဝါးသုံးစွဲလာသူ ခရစ်ယာန်အမျိုးသမီးတစ်ဦးကို သုံးသပ်ကြည့်ပါ။ သူမ၏ဘဝမှောင်မိုက်အတိဖြစ်ခဲ့ချိန်အကြောင်းကို သူမက ဤသို့ပြန်ပြောပြသည်– “ကျွန်မအတွက် ပိုကောင်းတဲ့ဘဝကိုလုပ်နိုင်ပါတယ်လို့ ကျွန်မပြချင်ခဲ့တယ်။ ကျွန်မလုပ်ချင်တာကို လုပ်လိုခဲ့တယ်၊ ဘယ်သူမှလာပြီး တစ်မျိုးတစ်မည်လုပ်ဖို့ပြောလာတာကိုမကြိုက်ခဲ့ဘူး။” ဖြုန်းတီးသူကဲ့သို့ ဤမိန်းမငယ်သည် လွတ်လပ်မှုရလိုခဲ့သည်။ ဝမ်းနည်းစရာမှာ သူမ၏ကျမ်းစာနှင့်မညီသောအပြုအမူများကြောင့် ခရစ်ယာန်အသင်းတော်မှနှင်ထုတ်ခံခဲ့ရသည်။—၁ ကောရိန္သု ၅:၁၁-၁၃။

၈။ (က) ဘုရားသခင့်စံနှုန်းများနှင့်ဆန့်ကျင်၍ နေထိုင်လိုသူများအတွက် အဘယ်အထောက်အကူကို ကမ်းလှမ်းနိုင်သနည်း။ (ခ) ဝတ်ပြုရေးကိစ္စတွင် တစ်ဦးတစ်ယောက်၏ရွေးချယ်မှုကို အဘယ်ကြောင့် အလေးအနက်သုံးသပ်သင့်သနည်း။

၈ ယုံကြည်သူချင်းတစ်ဦးသည် ဘုရားသခင့်စံနှုန်းများနှင့်ဆန့်ကျင်၍ နေထိုင်လိုစိတ်ပြသောအခါ အမှန်ပင်နှလုံးကြေကွဲဖွယ်ဖြစ်၏။ (ဖိလိပ္ပိ ၃:၁၈) ဤသို့ဖြစ်ပျက်သောအခါ ဝိညာဉ်ရေးအရည်အချင်းပြည့်မီသော အကြီးအကဲများနှင့် အခြားသူများသည် အမှားပြုသူကိုပြန်လည်တည့်မတ်ပေးရန် ကြိုးစားကြသည်။ (ဂလာတိ ၆:၁) သို့သော်ငြားလည်း ခရစ်ယာန်တပည့်ဖြစ်ခြင်းဝန်ကို မည်သူ့ကိုမျှအတင်းအကျပ်မထမ်းခိုင်းပါ။ (မဿဲ ၁၁:၂၈-၃၀; ၁၆:၂၄) လူငယ်များပင် အရွယ်ရောက်လာသောအခါ ဝတ်ပြုရေးကိစ္စတွင် ကိုယ်တိုင်ရွေးချယ်ကြရမည်ဖြစ်သည်။ နောက်ဆုံးတွင် ကျွန်ုပ်တို့တစ်ဦးစီသည် ဘုရားသခင်ထံ၌စာရင်းရှင်းရန် လွတ်လပ်စွာရွေးချယ်ခွင့်ရှိသူဖြစ်ကြသည်။ (ရောမ ၁၄:၁၂) ကျွန်ုပ်တို့လည်း ယေရှု၏ပုံဥပမာရှိဖြုန်းတီးသူသည် မကြာမီတွင်သင်ယူခဲ့သည့် သင်ခန်းစာ– ‘ကိုယ်စိုက်သည်အတိုင်းရိတ်ရမည်’ တော့ဖြစ်သည်။—ဂလာတိ ၆:၇၊ ၈။

ဝေးလံသောပြည်တွင် စိတ်ပျက်ခဲ့ရ

၉၊ ၁၀။ (က) အဘယ်ပြောင်းလဲသောအခြေအနေကို ဖြုန်းတီးသူတွေ့ကြုံခဲ့သနည်း၊ သူမည်သို့တုံ့ပြန်ခဲ့သနည်း။ (ခ) ယနေ့ စစ်မှန်သောဝတ်ပြုရေးကိုစွန့်သူတို့၏အတွေ့အကြုံသည် ဖြုန်းတီးသူ၏အတွေ့အကြုံနှင့် မည်သို့ဆင်တူသည်ကို သာဓကပြပါ။

၉ “ရှိသမျှကုန်သောအခါ၊ ထိုပြည်၌ကြီးစွာသောအစာခေါင်းပါးခြင်းဖြစ်၍၊ သူသည်အလွန်ဆင်းရဲခြင်းသို့ရောက်၏။ ထိုအခါ ပြည်သားတစ်ယောက်ထံသို့ သွား၍အစေခံလျှင်၊ ဝက်တို့ကိုကျောင်းစေခြင်းငှာ သူ့သခင်သည် တောသို့စေလွှတ်သဖြင့်၊ သူသည်ဝက်စားတတ်သောပဲတောင့်ကိုပင် စားချင်မတတ်ငတ်မွတ်လျက်နေရ၏။ အဘယ်သူမျှအစာကိုမကျွေး။”—လုကာ ၁၅:၁၄-၁၆။

၁၀ ဖြုန်းတီးသောသားသည် မွဲနေသော်လည်း အိမ်ပြန်ရန်စိတ်မကူးသေးချေ။ ယင်းအစား ဝက်ထိန်းကျောင်းသည့်အလုပ်ကိုပေးခဲ့သူ ပြည်သားတစ်ဦးနှင့်တွေ့ဆုံခဲ့သည်။ ဝက်ကို မစင်ကြယ်သောတိရစ္ဆာန်ဟု မောရှေပညတ်ကပြဋ္ဌာန်းထားသောကြောင့် ထိုအလုပ်အကိုင်သည် ဂျူးတစ်ဦးအတွက် လက်သင့်မခံနိုင်ဖွယ်အလုပ်ဖြစ်ခဲ့ပေမည်။ (ဝတ်ပြုရာ ၁၁:၇၊ ၈) သို့သော် ဖြုန်းတီးသူ၏ ကိုယ်ကိုကိုယ်သိသောစိတ်သည် မသိုးမသန့်ဖြစ်ခဲ့လျှင် ယင်းကိုသူချိုးနှိမ်ခဲ့ရသည်။ အမှန်မှာ သူ၏အလုပ်ရှင် ထိုနိုင်ငံသားက ခိုကိုးရာမဲ့နိုင်ငံခြားသားတစ်ဦး၏ခံစားချက်များကို နားလည်ပေးလိမ့်မည်ဟု သူမမျှော်လင့်နိုင်ပေ။ ဖြုန်းတီးသူ၏အခြေအနေသည် ယနေ့စင်ကြယ်သောဝတ်ပြုရေးကိုစွန့်လွှတ်သည့် လူများစွာ၏အတွေ့အကြုံနှင့်ဆင်တူနေသည်။ များသောအားဖြင့် ထိုသူတို့သည် ယခင်က နိမ့်ကျသည်ဟု ယူမှတ်ခဲ့ကြသည့်အလုပ်များတွင် ပါဝင်လာတတ်ကြသည်။ ဥပမာ၊ ၁၇ နှစ်အရွယ်လူငယ်တစ်ဦးသည် သူ၏ခရစ်ယာန်မွေးမြူပဲ့ပြင်မှုကို ဆန့်ကျင်ခဲ့သည်။ “အကျင့်ပျက်ပြီး မူးယစ်ဆေးဝါးသုံးစွဲတဲ့အတွက် နှစ်နဲ့ချီသင်ယူခဲ့တဲ့ ကျမ်းစာအခြေပြုသွန်သင်ချက်တွေကို ဖျက်ပစ်လိုက်တယ်” ဟုသူဝန်ခံခဲ့သည်။ မကြာမီ ဤလူငယ်သည် ဓားပြတိုက်မှုနှင့်လူသတ်မှုအတွက် ထောင်ကျခဲ့ရသည်။ နောက်ပိုင်း၌ ဝိညာဉ်ရေးပြန်ကောင်းခဲ့သော်လည်း ‘အပြစ်ရှိသောခဏတာပျော်ပါးမှု’ အတွက်ပေးဆပ်ရသည့်အခကား ကြီးလေးလှသည်တကား!—ဟေဗြဲ ၁၁:၂၄-၂၆ [ကဘ] နှိုင်းယှဉ်။

၁၁။ ဖြုန်းတီးသူ၏အကျပ်ရိုက်မှုသည် မည်သို့ပိုဆိုးရွားလာခဲ့သနည်း၊ လောက၏ဆွဲဆောင်မှုများသည် “အချည်းနှီးသောပရိယာယ်” ဖြစ်ကြောင်း ယနေ့ လူအချို့မည်သို့တွေ့ရှိခဲ့သနည်း။

၁၁ ဖြုန်းတီးသူ၏အကျပ်ရိုက်မှုသည် “အဘယ်သူမျှအစာကိုမကျွေး” သည့်အဖြစ်ကြောင့် ပိုဆိုးရွားခဲ့သည်။ သူ၏မိတ်ဆွေအသစ်များ အဘယ်မှာနည်း။ ယခုသူသည် မွဲပြာကျနေခဲ့ရာ သူသည် သူတို့အတွက် ‘မုန်းခြင်းကိုခံရသူ’ တစ်ဦးအလားဖြစ်နေရပြီ။ (သု. ၁၄:၂၀) အလားတူ ယနေ့ ယုံကြည်ခြင်းမှသွေဖည်သွားသူများစွာသည် ဤလောက၏ဆွဲဆောင်မှုများနှင့်သဘောထားများမှာ “အချည်းနှီးသောပရိယာယ်” မျှသာဖြစ်ကြောင်းတွေ့ခဲ့ကြပြီ။ (ကောလောသဲ ၂:၈) “ယေဟောဝါရဲ့လမ်းပြမှုမရတော့တဲ့အတွက် နာကျင်မှုနဲ့နှလုံးကြေကွဲမှုအများကြီးခံခဲ့ရတယ်။ လောကသားပီသဖို့ကြိုးစာခဲ့ပေမဲ့ တခြားသူတွေနဲ့တစ်ပုံစံတည်းမဟုတ်တဲ့အတွက် သူတို့ကျွန်မကိုပစ်ပယ်ခဲ့ကြတယ်။ အဖေ့လမ်းပြမှုကိုလိုတဲ့ ပျောက်နေတဲ့ကလေးလို ကျွန်မဖြစ်နေတယ်။ အဲဒီအချိန်ကျမှ ယေဟောဝါရဲ့အကူအညီလိုတယ်ဆိုတာ ကျွန်မသဘောပေါက်တော့တယ်။ နောက်တစ်ခါ ကိုယ်တော့်ကိုမမှီခိုဘဲ ဘယ်တော့မှမနေချင်တော့ဘူး” ဟုဘုရားသခင့်အဖွဲ့အစည်းကို အတန်ကြာစွန့်ခဲ့သူ အမျိုးသမီးငယ်တစ်ဦးကဆိုသည်။ ယေရှု၏ဥပမာထဲရှိ ဖြုန်းတီးသူသည် အလားတူအသိတရားရလာခဲ့သည်။

ဖြုန်းတီးသူ အသိတရားရလာ

၁၂၊ ၁၃။ ယနေ့ အချို့ကို အသိတရားဝင်လာရန် အဘယ်အရာများက ထောက်ကူခဲ့သနည်း။ (လေးထောင့်ကွက်ရှု။)

၁၂ “ထိုအခါသတိရလျှင်၊ ‘ငါ့အဘ၏အိမ်၌အခစားသောသူများတို့သည် ဝစွာစားရကြ၏။ ငါမူကားဤပြည်၌ သေအောင်အငတ်ခံရ၏။ ငါထ၍အဘထံသို့သွားမည်။ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော်ကိုလည်းကောင်း ပြစ်မှားပါပြီ။ ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကိုမခံထိုက်ပါ။ သူငှားအရာ၌ အကျွန်ုပ်ကိုထားတော်မူပါ’ ဟုငါပြောမည်ဟူ၍ အကြံရှိသည်နှင့်၊ ထ၍အဘထံသို့သွားလေ၏။”—လုကာ ၁၅:၁၇-၂၀။

၁၃ ဖြုန်းတီးသူသည် “သတိရ” လာ၏။ သူသည် တစ်ခဏအပျော်ကျူးခဲ့ရာ အိပ်မက်ကမ္ဘာတစ်ခုတွင်အသက်ရှင်နေသည့်အလားဖြစ်ခဲ့သည်။ သို့သော် ယခု သူ၏စစ်မှန်သောဝိညာဉ်ရေးအခြေအနေကို ကောင်းစွာသတိပြုလာလေသည်။ မှန်ပါသည်၊ ဤလူငယ်သည် လဲနေသော်လည်း သူ့အတွက် မျှော်လင့်ချက်ရှိဆဲပင်။ သူ၌ ကောင်းမွန်ရာတစ်ခု တွေ့ရှိနိုင်သည်။ (သု. ၂၄:၁၆; ၂ ရာဇဝင်ချုပ် ၁၉:၂၊ ၃ နှိုင်းယှဉ်။) ယနေ့ ဘုရားသခင့်သိုးတော်စုကို စွန့်သူများကော။ သူတို့အားလုံးသည် မျှော်လင့်ခြင်းမရှိတော့၊ သူတို့ယောက်စီယောက်တိုင်း၏ပုန်ကန်သည့်လမ်းစဉ်က ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်ကိုပြစ်မှားခဲ့ကြပြီဟု ယူဆရန် သင့်တော်ပါမည်လော။ (မဿဲ ၁၂:၃၁၊ ၃၂) ထိုသို့ယူဆရန်မလိုပါ။ ထိုသူအချို့သည် သူတို့၏ထင်ရာစိုင်းခဲ့သည့်လမ်းစဉ်ကြောင့် စိတ်သောကရောက်နေကြပြီး အချိန်တန်သော် သူတို့အနက်များစွာသည် အသိတရားရလာကြသည်။ “ကျွန်မတစ်ရက်တောင်မှ ယေဟောဝါကို မမေ့ခဲ့ဘူး။ ကျွန်မကို တစ်နည်းနည်းနဲ့ တစ်နေ့နေ့ကျရင် အမှန်တရားထဲမှာပြန်လက်ခံပါစေလို့ အမြဲဆုတောင်းခဲ့တယ်” ဟုဘုရားသခင့်အဖွဲ့အစည်းအပြင်ရောက်နေခဲ့စဉ်အကြောင်း ညီအစ်မတစ်ဦးကဆိုသည်။—ဆာလံ ၁၁၉:၁၇၆။

၁၄။ ဖြုန်းတီးသူသည် အဘယ်ဆုံးဖြတ်ချက်ကိုချခဲ့ပြီး၊ ထိုသို့ပြုရာ၌ နှိမ့်ချမှုကို မည်သို့ပြခဲ့သနည်း။

၁၄ သို့သော် လမ်းလွဲသူများသည် သူတို့အခြေအနေနှင့်ပတ်သက်၍ ဘာလုပ်နိုင်သနည်း။ ယေရှု၏ပုံဥပမာတွင် ဖြုန်းတီးသူသည် အိမ်ပြန်ပြီးဖခင်၏ခွင့်လွှတ်မှုရရှိရန်တောင်းပန်ဖို့ ဆုံးဖြတ်ခဲ့သည်။ “သူငှားအရာ၌ အကျွန်ုပ်ကိုထားတော်မူပါ” ဟုတောင်းဆိုရန်စိတ်ပိုင်းဖြတ်ခဲ့သည်။ သူငှားတစ်ဦးသည် တစ်နေ့ချင်းတွင် အလုပ်အဖြုတ်ခံရနိုင်သည် နေ့စားအလုပ်သမားတစ်ဦးဖြစ်သည်။ ယင်းသည် မိသားစုဝင်တစ်ဦးအဖြစ်ယူမှတ်ခံရသော ကျွန်တစ်ဦးထက်ပင်နိမ့်ကျ၏။ ထို့ကြောင့် ဖြုန်းတီးသူသည် သားတစ်ဦးဖြစ်သည့် ယခင်အနေအထားကိုပြန်တောင်းဆိုရန် စိတ်မကူးခဲ့ချေ။ ဖခင်အပေါ်သူ၏ပြန်လည်ဆန်းသစ်သော သစ္စာရှိမှုကို နေ့စဉ်နှင့်အမျှပြသသွားရန် အနိမ့်ကျဆုံးအနေအထားကိုရရုံနှင့် သူကျေနပ်လိုခဲ့သည်။ သို့ရာတွင် ဖြုန်းတီးသူသည် အံ့အားသင့်ရမည်ဖြစ်သည်။

လှိုက်လှိုက်လှဲလှဲကြိုဆိုခံရခြင်း

၁၅-၁၇။ (က) ဖခင်ဖြစ်သူသည် သားကိုတွေ့မြင်သောအခါ မည်သို့တုံ့ပြန်ခဲ့သနည်း။ (ခ) သားအတွက် ဖခင်ဆင်မြန်းပေးသော ဝတ်လုံ၊ လက်စွပ်နှင့်ဖိနပ်များသည် အဘယ်အရာကိုဆိုလိုသနည်း။ (ဂ) စားသောက်ပွဲကြီးကို ဖခင်ဖြစ်သူစီစဉ်ပေးခြင်းက အဘယ်အရာကိုဖော်ပြသနည်း။

၁၅ “အဝေး၌ရှိသေးစဉ် အဘမြင်၍၊ ကရုဏာသက်သဖြင့် ပြေးကြိုလျက် လည်ကိုဖက်ပြီးလျှင် နမ်းရှုပ်လေ၏။ ထိုအခါ၊ သားက ‘အဘ၊ ကျွန်တော်သည် ကောင်းကင်ရှင်ကိုလည်းကောင်း၊ အဘကိုလည်းကောင်းပြစ်မှားမိပါပြီ။ သားဟု အခေါ်ခံထိုက်တော့သည်မဟုတ်ပါ’ ဟူ၍လျှောက်သော်၊ အဘက၊ ကျွန်တို့အား ‘အကောင်းဆုံးသောဝတ်လုံကို အမြန်ထုတ်ယူပေးကြလော့။ လက်တွင် လက်စွပ်နှင့်၊ ခြေတွင် ဖိနပ်ကိုဆင်ပေးကြလော့။ ဆူဖြိုးသောနွားငယ်ကိုဆွဲယူစီရင်ကြလော့။ စားသောက်ပွဲလုပ်၍ ပျော်မွေ့ ကြကုန်အံ့။ ငါ့သားသည် သေရာမှရှင်ပြန်ပြီ။ ပျောက်ရာမှ တွေ့ပြီ’ ဟုဆိုလျက် ပျော်မွေ့ကြ၏။”—လုကာ ၁၅:၂၀-၂၄၊ သမ။

၁၆ မည်သည့်မေတ္တာရှိသောမိဘမဆိုသည် မိမိ၏ကလေး ဝိညာဉ်ရေးပြန်ကောင်းလာသည်ကို တွေ့မြင်လိုပေမည်။ ထို့ကြောင့် ဖြုန်းတီးသူ၏ဖခင်သည် သားဖြစ်သူပြန်အလာကို မျှော်လင့်ကာ အိမ်ရှေ့ရှိလမ်းကို နေ့စဉ်ငေးမောနေမည်ကိုမြင်ယောင်နိုင်သည်။ ယခုမူ ထိုလမ်းအတိုင်းလျှောက်လာနေသောသားကို သူမြင်ပေပြီ! လုလင်၏အသွင်သည် အမှန်တကယ်ပင် ပြောင်းလဲနေမည်။ သို့တိုင် “အဝေး၌ရှိသေးစဉ် အဘမြင်၍” သူ့ကိုမှတ်မိသည်။ စုတ်ပြတ်သောအဝတ်အစားနှင့် အားငယ်သည့်စိတ်ကိုသူပမာမထားချေ။ သူ၏ သားကိုသူမြင်ကာ ပြေး၍ဆီးကြိုလေသည်တကား!

၁၇ ဖခင်သည် သားထံရောက်သောအခါ လည်ပင်းကိုပိုက်ဖက်၍ ချစ်ခင်ကြင်နာစွာနမ်းရှုပ်ခဲ့လေသည်။ ထို့နောက် သားဖြစ်သူကို ဝတ်လုံ၊ လက်စွပ်နှင့် ဖိနပ်များဆင်မြန်းပေးရန် ကျွန်တို့ကိုမိန့်မှာခဲ့သည်။ ဤဝတ်လုံသည် သာမန်အဝတ်အစားမျှမဟုတ်ဘဲ “အကောင်းဆုံး” ဖြစ်သည်။ ဂုဏ်အသရေရှိဧည့်သည်တစ်ဦးအားဆက်သလေ့ရှိသည့် သားနားစွာပန်းထိုးထားသောဝတ်လုံဖြစ်နိုင်သည်။ လက်စွပ်နှင့်ဖိနပ်များကို ကျွန်များဝတ်လေ့မရှိကြသောကြောင့် သားဖြစ်သူကို အပြည့်အဝမိသားစုဝင်တစ်ဦးအဖြစ် ဖခင်ကကြိုဆိုလိုက်ကြောင်း အထင်အရှားပြနေခြင်းဖြစ်သည်။ သို့သော် ဖခင်ဖြစ်သူသည် ထိုထက်မကပြုခဲ့သေးသည်။ သားပြန်လာသည့်အတွက် ပွဲခံရန်မိန့်မှာခဲ့သည်။ ဤသူသည် မိမိသားကိုခွင့်မလွှတ်ချင်လွှတ်ချင်ဖြင့် သို့မဟုတ် သားဖြစ်သူပြန်လာသောကြောင့် ဝတ်ကျေတမ်းကျေဖြင့် ခွင့်လွှတ်လိုက်ခြင်းမဟုတ်ချေ; သူသည် ခွင့်လွှတ်လိုခဲ့သည်။ ယင်းက သူ့ကိုရွှင်လန်းစေခဲ့သည်။

၁၈၊ ၁၉။ (က) ဖြုန်းတီးသောသားပုံဥပမာသည် ယေဟောဝါအကြောင်း သင့်ကိုအဘယ်အရာသွန်သင်ပေးသနည်း။ (ခ) ယုဒနှင့်ယေရုရှလင်တို့နှင့် ကိုယ်တော်ဆက်ဆံပုံအရ ယေဟောဝါသည် အပြစ်သားတစ်ဦး ပြန်လှည့်လာခြင်းကို မည်သို့ “မျှော်လင့်” လျက်နေသနည်း။

၁၈ ဤအထိဆိုလျှင် ဖြုန်းတီးသောသားပုံဥပမာက ကျွန်ုပ်တို့ကိုးကွယ်ခွင့်ရသောဘုရားသခင်အကြောင်း အဘယ်အရာသွန်သင်ပေးသနည်း။ ဦးဆုံး၊ ယေဟောဝါသည် “ကရုဏာရှိသောသဘော၊ သနားကြင်နာသောသဘော၊ အမျက်ထွက်နှေးသောသဘော၊ ချစ်ခင်ကြင်နာခြင်းနှင့် သစ္စာကြွယ်ဝသောသဘောရှိ” ကြောင်းဖြစ်သည်။ (ထွက်မြောက်ရာ ၃၄:၆၊ ကဘ) ကရုဏာသည် ဘုရားသခင်၏အဓိကကျသောအရည်အသွေးတစ်ခုဖြစ်သည်။ ယင်းသည် လိုအပ်နေသူများနှင့် ကိုယ်တော်ပုံမှန်တုံ့ပြန်နည်းဖြစ်သည်။ ထို့အပြင် ယေရှု၏ပုံဥပမာက ယေဟောဝါသည် “ခွင့်လွှတ်ရန်အသင့်ရှိ” ကြောင်းသွန်သင်ပေးသည်။ (ဆာလံ ၈၆:၅) ကိုယ်တော်သည် ကရုဏာပြနိုင်ရန် အခြေခံအကြောင်းရှိဖို့ အပြစ်ရှိသည့်လူသားများ၏နှလုံးတွင် တစ်စုံတစ်ရာပြောင်းလဲမှုရှိမရှိကို ဂရုတစိုက်ကြည့်ရှုတော်မူသည်။—၂ ရာဇဝင်ချုပ် ၁၂:၁၂; ၁၆:၉။

၁၉ ဥပမာ၊ ဣသရေလလူမျိုးနှင့်ဘုရားသခင့်ဆက်ဆံရေးကို သုံးသပ်ကြည့်ပါ။ ယေဟောဝါ၏မှုတ်သွင်းခြင်းအားဖြင့် ယုဒနှင့်ယေရုရှလင်သည် “ခြေဖဝါးမှသည်ဦးခေါင်းတိုင်အောင် ကျန်းမာခြင်းမရှိ” ဟုပရောဖက်ဟေရှာယဖော်ပြခဲ့သည်။ သို့တိုင် ဤသို့လည်းဆိုသေးသည်– “ထာဝရဘုရားသည် သင်တို့၌အကျိုးပြုလိုသောငှာ မျှော်လင့်တော်မူမည်။ ကရုဏာပြုလိုသောငှာ ချီးမြှောက်ခြင်းကိုခံတော်မူမည်။” (ဟေရှာယ ၁:၅၊ ၆; ၃၀:၁၈; ၅၅:၇; ယေဇကျေလ ၃၃:၁၁) ယေရှု၏ပုံဥပမာရှိဖခင်ကဲ့သို့ ယေဟောဝါသည် ‘လမ်းကိုစောင့်ကြည့်’ နေဘိသကဲ့သို့ဖြစ်၏။ ဘုရားသခင်သည် ကိုယ်တော်၏အိမ်မှထွက်ခွာခဲ့သူ မည်သူမဆိုပြန်လှည့်လာသည်ကို မျှော်လင့်တောင့်တနေတော်မူ၏။ မေတ္တာရှိသောဖခင်တစ်ဦးသည် ဤအတိုင်းပင်ပြုလုပ်လိမ့်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ကြမည်မဟုတ်ပေလော။—ဆာလံ ၁၀၃:၁၃။

၂၀၊ ၂၁။ (က) ယနေ့များစွာသောသူတို့သည် အဘယ်နည်းများဖြင့် ဘုရားသခင့်ကရုဏာတော်၏ဆွဲဆောင်မှုကိုခံရသနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အကြောင်းဆွေးနွေးမည်နည်း။

၂၀ ယေဟောဝါ၏ကရုဏာတော်သည် များစွာသောသူတို့ကို နှစ်စဉ် အသိတရားဝင်လာစေပြီး စစ်မှန်သောဝတ်ပြုရေးသို့ပြန်လှည့်လာရန် ဆွဲဆောင်လျက်ရှိသည်။ ယင်းသည် ချစ်မြတ်နိုးရသူများအတွက် ရွှင်လန်းစရာပင်! ဥပမာ အစတွင်ဖော်ပြခဲ့သော ခရစ်ယာန်ဖခင်ဖြစ်သူကို သုံးသပ်ကြည့်ပါ။ သူ၏သမီးဖြစ်သူသည် ဝိညာဉ်ရေးပြန်ကောင်းလာပြီး ယခု အချိန်ပြည့်အမှုဆောင်တစ်ယောက်အဖြစ် အမှုထမ်းနေသည်မှာ ဝမ်းသာစရာပင်။ “ကျွန်တော်ဟာ ဒီစနစ်ဟောင်းမှာတောင် ပျော်နိုင်ပါပြီ။ ကျွန်တော့်ဝမ်းနည်းမျက်ရည်တွေဟာ ဝမ်းသာလို့ကျတဲ့မျက်ရည်တွေအဖြစ်ပြောင်းခဲ့ပါပြီ” ဟုသူပြောပြသည်။ ယေဟောဝါလည်း ဝမ်းမြောက်လိုက်မည်ဖြစ်ခြင်း!—သု. ၂၇:၁၁။

၂၁ သို့သော် ဖြုန်းတီးသူပုံဥပမာသည် ထိုထက်မကအဓိပ္ပာယ်ရှိသေးသည်။ ယေရှုသည် ကျမ်းပြုဆရာများ၊ ဖာရိရှဲများ၏တရားစီရင်လိုသည့် တင်းကျပ်သောသဘောထားနှင့် ယေဟောဝါ၏ကရုဏာတော်ဆန့်ကျင်မှုကိုပြနိုင်ရန် သူ၏ပုံပြင်ကိုဆက်ပြောပြခဲ့သည်။ ကိုယ်တော်မည်သို့ပြုခဲ့ပြီး ယင်းသည် ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိကြောင်းကို နောက်ဆောင်းပါးတွင် ဆွေးနွေးသွားကြမည်။

[အောက်ခြေမှတ်ချက်များ]

a သမ္မာကျမ်းစာတွင်ဖော်ပြထားသော ပုံဆောင်ချက်များနှင့် အခြားဥပမာများသည် အမှန်တကယ်ဖြစ်ပျက်ခဲ့စရာမလိုပါ။ ထို့အပြင် ဤပုံပြင်များ၏ရည်ရွယ်ချက်သည် အကျင့်ဆိုင်ရာသင်ခန်းစာတစ်ခုအဖြစ်သွန်သင်ခြင်းဖြစ်ရာ အသေးစိတ်အချက်အလက်တိုင်း၏ ပုံဆောင်အဓိပ္ပာယ်ကိုရှာယူစရာမလိုပါ။

b ဤပုံဥပမာ၏ပရောဖက်ပြုထင်ရှားချက်ကို ၁၉၉၀၊ ဖေဖော်ဝါရီ ၁၅ ထုတ်ကင်းမျှော်စင်တွင်ဆွေးနွေးထားသည်။

ပြန်လည်သုံးသပ်ရာ၌

◻ ကရုဏာနှင့်ပတ်သက်၍ ယေရှု၏သဘောထားသည် ဖာရိရှဲများ၏သဘောထားနှင့် မည်သို့ဆန့်ကျင်သနည်း။

◻ ယနေ့မည်သူသည် ဖြုန်းတီးသူနှင့်တူသနည်း၊ မည်သို့အားဖြင့်နည်း။

◻ အဘယ်အခြေအနေများက ဖြုန်းတီးသူကိုအသိတရားဝင်လာစေခဲ့သနည်း။

◻ ဖခင်ဖြစ်သူသည် သူ၏နောင်တရသောသားကို မည်သို့ကရုဏာပြခဲ့သနည်း။

[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်]

သူတို့အသိတရားရလာကြ

ခရစ်ယာန်အသင်းတော်မှနှင်ထုတ်ခံခဲ့ရသူအချို့သည် အသိတရားရလာရန် အဘယ်အရာကထောက်ကူသနည်း။ အောက်ပါဖော်ပြချက်များက ထိုကိစ္စကိုရှင်းလင်းစေပါလိမ့်မည်။

“အမှန်တရားဘယ်နေရာမှာရှိတယ်ဆိုတာကို ကျွန်မနှလုံးသားထဲကသိနေဆဲပါပဲ။ နှစ်နဲ့ချီ ကျမ်းစာလေ့လာပြီး ခရစ်ယာန်အစည်းအဝေးများကိုတက်ခဲ့တာတွေဟာ ကျွန်မစိတ်ထဲမှာ အရာထင်နေပါတယ်။ ယေဟောဝါကို ကျွန်မဘယ်လိုဆက်ပြီးကျောခိုင်းနိုင်တော့မှာလဲ။ ဘုရားသခင်က ကျွန်မကိုစွန့်တာမဟုတ်ဘူး; ကျွန်မက သူ့ကိုစွန့်တာ။ နောက်ဆုံးတော့ ကျွန်မဘယ်လောက်မိုက်တယ်၊ ခေါင်းမာတယ်ဆိုတာရယ်၊ ‘သင်ကြဲသည့်အတိုင်းရိတ်ရမည်’ ဆိုတဲ့ ယေဟောဝါရဲ့နှုတ်မြွက်စကားတော်တကယ်မှန်တယ်ဆိုတာကိုရယ် ကျွန်မဝန်ခံလိုက်ရတယ်။”​—⁠စီ. ဒဗ္ဗလျူ။

“ကျွန်မသမီးလေး စကားစပြောတတ်လာတာနဲ့ ကျွန်မရဲ့နှလုံးကိုထိမိခဲ့တယ်၊ ယေဟောဝါဟာဘယ်သူဖြစ်တယ်၊ သူ့ဆီ ဘယ်လိုဆုတောင်းရမယ်ဆိုတာတွေကို ကျွန်မသင်ပေးချင်ခဲ့တယ်။ ကျွန်မအိပ်မပျော်နိုင်ခဲ့ဘူး။ တစ်ညကျတော့ မိုးချုပ်နေပေမဲ့ ပန်းခြံတစ်ခုကို ကားမောင်းသွားပြီး ငိုချခဲ့တယ်။ ယေဟောဝါကိုဆုမတောင်းခဲ့တာ အတော်ကြာနေပြီး ပထမဆုံးအကြိမ်ပြန်ဆုတောင်းခဲ့တယ်။ ကျွန်မသိလိုက်တာကတော့ ကျွန်မဘဝမှာ ယေဟောဝါကိုပြန်လိုအပ်နေပြီး ကျွန်မကို ကိုယ်တော်ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ခဲ့တယ်။”​—⁠ဂျီ. အိပ်ခ်ျ။

“ဘာသာရေးအကြောင်းတွေပြောဖို့ပေါ်လာတဲ့အခါတွေမှာ သမ္မာတရားကိုသွန်သင်တဲ့ဘာသာတရားကိုပဲ ရွေးချယ်ရမယ်ဆိုရင် ကျွန်မကတော့ ယေဟောဝါသက်သေတစ်ယောက်ဖြစ်ဖို့ပဲရွေးမယ်ဆိုပြီး လူတွေကိုပြောခဲ့တယ်။ နောက်ပြီး ကျွန်မဟာတစ်ချိန်က သက်သေခံတစ်ယောက်ဖြစ်ခဲ့ပေမဲ့ အပြောနဲ့အလုပ်မညီနိုင်လို့ ထွက်ခဲ့တဲ့အကြောင်း ပြောပြတယ်။ ဒါတွေကိုသိနေတဲ့အတွက် မကြာခဏ ကိုယ့်ကိုယ်ကိုအပြစ်တင်ပြီး စိတ်မကောင်းဖြစ်ခဲ့ရတယ်။ နောက်ဆုံးတော့ ‘ငါတကယ်စိတ်ဆင်းရဲနေပါလား၊ အကြီးအကျယ်မပြောင်းလဲရင် မဖြစ်ဘူး’ လို့ဝန်ခံခဲ့ရတယ်။”​—⁠စီ. အဲန်။

“လွန်ခဲ့တဲ့ သုံးဆယ့်ငါးနှစ်တုန်းက ကျွန်မခင်ပွန်းနဲ့ကျွန်မဟာနှင်ထုတ်ခံခဲ့ရတယ်။ အဲဒီနောက် ၁၉၉၁ မှာယေဟောဝါဆီပြန်လှည့်လာနိုင်တယ်ဆိုတာကို အကြောင်းကြားဖို့ အကြီးအကဲနှစ်ယောက်လာလည်ပတ်တဲ့အတွက် ကျွန်မတို့အံ့သြဝမ်းသာဖြစ်ခဲ့ရတယ်။ နောက်ခြောက်လအကြာမှာ ကျွန်မတို့ကိုပြန်လက်ခံခဲ့တဲ့အတွက် ဝမ်းသာအားရဖြစ်ခဲ့ကြတယ်။ ကျွန်မခင်ပွန်းနဲ့ ကျွန်မဟာ ၇၉ နဲ့ ၆၃ နှစ်ရှိနေကြပြီ။”​—⁠စီ. အေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ