ဆက်ကပ်အပ်နှံထား—မည်သူ့ထံနည်း
“ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ပြုပါမည်။ နားထောင်ပါမည်။”—ထွက်မြောက်ရာ ၂၄:၇။
၁၊ ၂။ (က) အချို့သူများသည် အဘယ်အရာကို ဆည်းကပ်ကိုးကွယ်သနည်း။ (ခ) ဆက်ကပ်အပ်နှံခြင်းသည် ဘာသာရေးအသင်းသားများအတွက်သာဖြစ်သလော။
၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံ ယာတာဘီလေကြောင်းတပ်မကြီး၏ ဇီရိုဖိုက်တာလေယာဉ်မှူးများသည် ခန်းမဆောင်တစ်ခု၌ စုဝေးနေကြသည်။ ကာမီကာဇီတိုက်ခိုက်ရေးတပ်ဖွဲ့အဝင်အဖြစ် စေတနာ့ဝန်ထမ်းလိုသူများ စာရွက်ပေါ် လက်မှတ်ရေးထိုးရန် တစ်ဦးစီအား ပုံစံစာရွက်များ ကမ်းလှမ်းခဲ့သည်။ ထိုစဉ်အခိုက် ရှိနေသော အရာရှိတစ်ဦးက “နိုင်ငံတွင်းအရေးအခင်းပေါ်ရင် မိမိအသက်စွန့်ဖို့အခေါ်ခံရတာပဲဆိုပြီး ကျွန်တော်ယူမှတ်ခဲ့တယ်” ဟုဆိုသည်။ “စိတ်အပြင်းအထန်လှုပ်ရှားတဲ့အတွက် အဲ့ဒီတာဝန်ကို ကျွန်တော်လက်ခံလိုက်တယ်။” အိုးကား (အသေခံဒုံးပျံလေယာဉ်) ကိုမောင်းနှင်ပြီး ရန်သူ၏စစ်သင်္ဘောထဲ လေယာဉ်အပျက်ခံဆင်းတတ်ရန် သူ့အားလေ့ကျင့်ပေးပါသည်။ သို့ရာတွင် ထိုသို့ပြုရန် အခွင့်အရေးမရမီ စစ်ပြီးသွားသဖြင့် သူသည် မိမိနိုင်ငံနှင့် မိမိဧကရာဇ်မင်းအတွက် အသေမခံလိုက်ရပါ။ ဂျပန်ပြည်သည် စစ်ရှုံးသွားသောအခါ ဧကရာဇ်မင်းအပေါ် သူ၏အားကိုးအားထားပြုသည့်စိတ်လည်း ပြိုကွဲပျက်စီးသွားသည်။
၂ တစ်ချိန်က ဂျပန်ပြည်သားအများသည် ဧကရာဇ်မင်းကို အသက်ရှင်သောဘုရားတစ်ဆူအဖြစ် ယုံကြည်ပြီး ဆည်းကပ်ကိုးကွယ်ကြသည်။ အခြားတိုင်းပြည်များတွင် အခြားအရာများကို ဆည်းကပ်ကိုးကွယ်ခဲ့ကြပြီး ယခုတိုင်လည်းထိုအတိုင်းပြုနေကြသည်။ သန်းပေါင်းများစွာသောသူတို့သည် မာရိ သို့မဟုတ် အခြားဘုရားများအား ဆည်းကပ်ကိုးကွယ်ကြသည်။ ယင်းတို့ကိုလည်း ရုပ်များဖြင့် ကိုယ်စားပြုလေ့ရှိကြသည်။ လက်ဖျားခါလောက်အောင် အပြောကောင်းသောသူတို့၏စကားကြောင့် အချို့သူတို့သည် မိမိချွေးနှဲစာကို တီဗွီဧဝံဂေလိဆရာများထံ ရက်ရောစွာလှူဒါန်းခြင်းက သူတို့အား ဆည်းကပ်ကိုးကွယ်သည်နှင့်မခြားပေ။ စစ်ပြီးနောက် စိတ်ပျက်နေကြသော ဂျပန်လူမျိုးတို့သည် မိမိတို့ဘဝကို အပ်နှံရန်အတွက် အသစ်သောအရာတစ်ခုကို ရှာဖွေကြသည်။ အချို့သူများအတွက် ထိုအရာသည် အလုပ်အကိုင်ဖြစ်လာသည်။ အရှေ့တိုင်း၊ အနောက်တိုင်းရှိ များစွာသောသူတို့သည် စည်းစိမ်ဥစ္စာစုဆောင်းရေးတွင် မိမိကိုယ်ကို နှစ်မြှုပ်ထားကြသည်။ လူငယ်များသည် ဂီတပညာရှင်များ၏ဘဝပုံစံကိုအတုယူပြီး သူတို့အား အဓိကနေရာတွင်ထားကြသည်။ ယနေ့ များစွာသောသူတို့သည် မိမိကိုယ်ကို ကိုးကွယ်သူများဖြစ်လာကြပြီး ကိုယ့်စိတ်ဆန္ဒများကို ဆည်းကပ်ကိုးကွယ်ရာအဖြစ် ထားလာကြသည်။ (ဖိလိပ္ပိ ၃:၁၉; ၂ တိမောသေ ၃:၂) သို့သော် ဤအရာများ သို့မဟုတ် ဤသူများသည် လူတစ်ဦး၏ စိုးလ်အကြွင်းမဲ့ ဆည်းကပ်ကိုးကွယ်မှုကို အမှန်တကယ်ရထိုက်သလော။
၃။ ဆည်းကပ်ကိုးကွယ်ကြသောအရာအချို့သည် အချည်းနှီးဖြစ်ကြောင်း မည်သို့ထင်ရှားခဲ့ပြီနည်း။
၃ အဖြစ်မှန်နှင့် ရင်ဆိုင်ရသောအခါ ရုပ်ပုံကိုးကွယ်သူများသည် အထင်နှင့်အမြင်လွဲမှားကြောင်း သိလာကြသည်။ ဝတ်ပြုကိုးကွယ်သူများက သူတို့၏ရုပ်ပုံများသည် “လူလက်ဖြင့်လုပ်သောအရာ” မျှသာဖြစ်ကြောင်းကို သိမြင်လာကြသည့်အခါ မချင့်မရဲဖြစ်လာကြသည်။ (ဆာလံ ၁၁၅:၄) ထင်ပေါ်သောဧဝံဂေလိဆရာများနှင့်ပတ်သက်သော အရှုပ်တော်ပုံများ ဘူးပေါ်သလိုပေါ်လာသည့်အခါ စိတ်ရင်းမှန်သူများ သူတို့ကိုစိတ်ပျက်သွားကြသည်။ “စိတ်ကူးယဉ်” ဆန်သောစီးပွားရေး ပျက်ပြားသွားသည့်အခါ အလုပ်သမားများသည် အလုပ်ဖြုတ်ပစ်သည့်စာရင်းတွင် ပါသွားကြသဖြင့် စိတ်သောကရောက်ရကြသည်။ မကြာသေးမီကဖြစ်ခဲ့သော စီးပွားရေးကပ်ငယ်များကြောင့် ငွေကိုဘုရားအဖြစ်ကိုးကွယ်သူများအား အကြီးအကျယ်ထိခိုက်သွားသည်။ ငွေမြိုးမြိုးမြက်မြက်ရမည်ဟူသော မျှော်လင့်ချက်နှင့် တင်ခဲ့သောအကြွေးသည် မဆပ်နိုင်သောဝန်ထုပ် ဖြစ်လာလေသည်။ (မဿဲ ၆:၂၄၊ ကဘ၊ အောက်ခြေမှတ်ချက်) အလွန်ကြည်ညိုခံရသော ရော့ခ်မင်းသားမင်းသမီးနှင့် အခြားဖျော်ဖြေသူများ ကွယ်လွန်သွားကြသည်၊ သို့မဟုတ် နာမည်ကျသွားသည့်အခါ သူတို့ကိုကြည်ညိုသူများသည် ကိုးကွယ်ရာမဲ့ဖြစ်သွားကြသည်။ မိမိတို့အလိုရမ္မက်အတိုင်း လိုက်ခဲ့ကြသူများလည်း ခါးသီးသောအကျိုးကိုခံစားကြရသည်။—ဂလာတိ ၆:၇။
၄။ အချည်းနှီးဖြစ်သောအရာများထံ မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံကြရန် လူအချို့အား အဘယ်အရာက လှုံ့ဆော်သနည်း။
၄ အချည်းနှီးဖြစ်သော ဤအရာများထံ မိမိကိုယ်ကို ဆက်ကပ်အပ်နှံကြရန် လူတို့အား အဘယ်အရာကတိုက်တွန်းသနည်း။ များသောအားဖြင့် စာတန်မာရ်နတ်လွှမ်းမိုးသော လောကစိတ်ဝိညာဉ်ဖြစ်သည်။ (ဧဖက် ၂:၂၊ ၃) ဤစိတ်ဝိညာဉ်၏လွှမ်းမိုးမှုကို နည်းအမျိုးမျိုးဖြင့် တွေ့မြင်နိုင်ပါသည်။ တစ်ဦးတစ်ယောက်သောသူသည် ဘိုးဘေးများထံမှ ဆင်းသက်လာသော မိရိုးဖလာထုံးတမ်းစဉ်လာ၏ လွှမ်းမိုးမှုကို ခံရပေမည်။ ပညာရေးနှင့် ပျိုးထောင်ခံရပုံတို့က အတွေးအခေါ်ကို အတော်အတန်လွှမ်းမိုးနိုင်သည်။ အလုပ်ခွင်၏ပတ်ဝန်းကျင်အခြေအနေက “စုပေါင်းလုပ်သားများ” အား အသက်အန္တရာယ်ရှိနိုင်သည့် အလုပ်စွဲခြင်းအဖြစ်သို့ တွန်းပို့ပေးပေမည်။ လောက၏ စည်းစိမ်ခံစားလိုသောစိတ်သဘောက တိုး၍တိုး၍ဆည်းပူးလိုစိတ်ကို ဖြစ်ပေါ်စေသည်။ များစွာသောသူတို့၏စိတ်ထားသည် ယိုယွင်းနေပြီး အတ္တသဘောကိုလိုက်ဖို့ တွန်းအားပေးသည်။ ယင်းသို့သောလိုက်စားမှုများကို ဤမျှအလေးထားထိုက်မထိုက် သူတို့မစစ်ဆေးကြပါ။
ဆက်ကပ်အပ်နှံထားသောလူမျိုး
၅။ လွန်လေပြီးသော နှစ်ပေါင်း ၃,၅၀၀ ကျော်က ယေဟောဝါထံ အဘယ်ဆက်ကပ်အပ်နှံမှုကို ပြုခဲ့ကြသနည်း။
၅ လွန်လေပြီးသော နှစ်ပေါင်း ၃,၅၀၀ ကျော်က လူမျိုးတစ်မျိုးသည် ထိုထက်ဆည်းကပ်ကိုးကွယ်ထိုက်သောအရာကို တွေ့ရှိခဲ့ကြသည်။ သူတို့သည် မိမိတို့ကိုယ်ကို ပိုင်သအုပ်စိုးသောဘုရားသခင် ယေဟောဝါထံ ဆက်ကပ်အပ်နှံထားကြသည်။ ဣသရေလလူမျိုးသည် အုပ်စုတစ်စုအနေနှင့် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံထားကြောင်း သိနာတောတွင် ကြေညာခဲ့သည်။
၆။ ဘုရားသခင်၏နာမတော်သည် ဣသရေလလူမျိုးအတွက် မည်သို့အရေးပါသနည်း။
၆ ဣသရေလလူမျိုးသည် ဤသို့ပြုကြရန် အဘယ်အရာက သူတို့အား လှုံ့ဆော်ပေးသနည်း။ အီဂျစ်ပြည်တွင် ကျွန်ခံနေရစဉ် သူတို့လွတ်မြောက်ရေးအတွက် မောရှေအား ယေဟောဝါ တာဝန်ပေးတော်မူ၏။ မိမိအားစေလွှတ်တော်မူသောဘုရားသခင်ကို မည်သို့ဖော်ပြရမည်နည်းဟု မောရှေမေးမြန်းခဲ့သည်။ ဘုရားသခင်က မိမိကိုယ်ကို “ငါဖြစ်သည်အတိုင်း ငါဖြစ်၏” ဟုဖော်ပြတော်မူသည်။ ဣသရေလအမျိုးသားတို့အား ဤသို့ပြောဆိုရန် မောရှေကိုမှာကြားသည်– “ငါဖြစ်သည်ဟုအမည်ရှိသောသူသည် ငါ့ကို သင်တို့ရှိရာသို့စေလွှတ်တော်မူပြီ။” (ထွက်မြောက်ရာ ၃:၁၃၊ ၁၄) ယေဟောဝါသည် မိမိရည်ရွယ်တော်မူသည်အတိုင်း ဖြစ်မြောက်စေရန် လိုအပ်သလိုကိုယ်တော်ဖြစ်လာမည်ကို ထိုစကားက ဖော်ပြသည်။ ဣသရေလလူမျိုး၏ ဘိုးဘေးများ မည်သည့်အခါကမျှမသိခဲ့သောနည်းအားဖြင့် ကတိတော်များကို ပြည့်စုံစေတော်မူသောအရှင်အဖြစ် မိမိကိုယ်ကိုဖော်ပြတော်မူမည်ဖြစ်သည်။—ထွက်မြောက်ရာ ၆:၂၊ ၃။
၇၊ ၈။ ယေဟောဝါသည် ဣသရေလလူမျိုး ဆည်းကပ်ကိုးကွယ်ထိုက်သောဘုရားဖြစ်ကြောင်း သူတို့ အဘယ်သက်သေရရှိထားသနည်း။
၇ အီဂျစ်ပြည်တွင် ကပ်ဘေးဆယ်ခုဆိုက်ရောက်ခဲ့ခြင်းကို ဣသရေလလူမျိုး တွေ့မြင်ခဲ့ကြသည်။ (ဆာလံ ၇၈:၄၄-၅၁) ထို့နောက် အမျိုးသမီးနှင့် ကလေးသူငယ်များပါအပါအဝင် လူသုံးသန်းကျော်ကောင်းကျော်မည့် လူအုပ်သည် တစ်ညတည်းတွင် ထုပ်ပိုး၍ထွက်ခွာသွားခဲ့ခြင်းကပင် အလွန်ထူးခြားပါသည်။ (ထွက်မြောက်ရာ ၁၂:၃၇၊ ၃၈) တစ်ဖန် ယေဟောဝါသည် ပင်လယ်နီကို နှစ်ခြမ်းခွဲပြီး ဣသရေလလူမျိုးအား ဖြတ်ကူးစေပြီးနောက် လိုက်လာသော အီဂျစ်လူမျိုးအပေါ် ရေလွှမ်းမိုးနစ်မြုပ်စေလျက် ဖာရောဘုရင်၏စစ်ဗိုလ်ခြေတို့၏ရန်မှ မိမိလူမျိုးကို ကယ်နုတ်တော်မူခြင်းအားဖြင့် “စစ်သူရဲ” ဖြစ်တော်မူကြောင်း ဖော်ပြသည်။ ယင်းကြောင့် “အဲဂုတ္တုလူတို့၌ ထာဝရဘုရားပြုတော်မူသောအမှုကြီးကို ဣသရေလလူတို့သည်မြင်၍ ထာဝရဘုရားကိုကြောက်ရွံ့ကြ၏။ ထာဝရဘုရားနှင့် ကိုယ်တော်၏ကျွန်မောရှေကို ယုံကြည်ကြ၏။”—ထွက်မြောက်ရာ ၁၄:၃၁; ၁၅:၃; ဆာလံ ၁၃၆:၁၀-၁၅။
၈ ဘုရားသခင့်နာမတော်သည် မည်သည့်အဓိပ္ပာယ်ရှိသည်နှင့်စပ်လျဉ်း၍ အထောက်အထားမရှိသေးသည့်အလား ဣသရေလလူမျိုးသည် အစာရေစာရှားပါးမှုကြောင့် ယေဟောဝါနှင့် ကိုယ်တော်၏ကိုယ်စားလှယ် မောရှေတို့အား မကျေမနပ်ညည်းညူကြလေသည်။ ထိုအခါ ယေဟောဝါသည် ငုံးငှက်များကိုလွှတ်လေသည်၊ မန္နမုန့်ရွာသွန်းစေသည်၊ မေရိဘအရပ်တွင် ကျောက်ထဲက ရေထွက်စေသည်။ (ထွက်မြောက်ရာ ၁၆:၂-၅၊ ၁၂-၁၅၊ ၃၁; ၁၇:၂-၇) အာမလက်လူမျိုး၏ရန်မှလည်း ဣသရေလလူမျိုးကို ယေဟောဝါကယ်နုတ်တော်မူခဲ့သည်။ (ထွက်မြောက်ရာ ၁၇:၈-၁၃) နောက်ပိုင်းတွင် မောရှေအား ယေဟောဝါ၏ ဤမိန့်ဆိုချက်ကို ဣသရေလလူမျိုးသည် အဘယ်နည်းဖြင့်မျှ မငြင်းဆိုနိုင်ချေ– “ထာဝရဘုရား၊ ထာဝရဘုရား၊ ချစ်သနားခြင်း မေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော၊ အထောင်အသောင်းများသောသူတို့အား သနားခြင်းကျေးဇူးတရားကို စောင့်တော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကိုလွန်ကျူးခြင်း၊ ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ် . . . တော်မူ၏။” (ထွက်မြောက်ရာ ၃၄:၆၊ ၇) ယေဟောဝါသည် အမှန်တကယ်ပင် သူတို့ဆည်းကပ်ကိုးကွယ်ထိုက်သောအရှင်ဖြစ်ကြောင်း သက်သေထူတော်မူသည်။
၉။ ဣသရေလလူမျိုးသည် ကိုယ်တော်ကိုဆက်ကပ်အပ်နှံဝတ်ပြုလိုကြောင်း ဖော်ပြရန် ယေဟောဝါ အဘယ်ကြောင့်အခွင့်ပေးတော်မူသနည်း။ သူတို့က မည်သို့တုံ့ပြန်သနည်း။
၉ အီဂျစ်ပြည်မှ ဣသရေလလူမျိုးကို ရွေးနုတ်တော်မူခဲ့ခြင်းကြောင့် သူတို့ကို ယေဟောဝါ ပိုင်ထိုက်တော်မူသည်မှာမှန်သော်လည်း ချစ်သနားခြင်းကရုဏာရှိသော ဘုရားသခင်ဖြစ်တော်မူသောကြောင့် သူတို့စိတ်လိုကိုယ်လျောက် ကိုယ်တော်ကိုဝတ်ပြုလိုကြောင်း ဖော်ပြကြရန် အခွင့်ပေးတော်မူသည်။ (တရားဟောရာ ၇:၇၊ ၈; ၃၀:၁၅-၂၀) မိမိနှင့် ဣသရေလလူမျိုးစပ်ကြား ဖွဲ့သောပဋိညာဉ်၏ စည်းကမ်းချက်များကိုလည်း သတ်မှတ်ပေးတော်မူသည်။ (ထွက်မြောက်ရာ ၁၉:၃-၈; ၂၀:၁–၂၃:၃၃) ဤသတ်မှတ်ချက်များကို မောရှေတင်ပြခဲ့သောအခါ ဣသရေလလူမျိုးက ဤသို့အလေးအနက်ပြောကြသည်– “ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ပြုပါမည်။ နားထောင်ပါမည်။” (ထွက်မြောက်ရာ ၂၄:၃-၇) သူတို့၏ ကိုယ်ပိုင်လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်အတိုင်း သူတို့သည် အုပ်စိုးပိုင်ထိုက်သောသခင် ယေဟောဝါ၏ ဆက်ကပ်အပ်နှံလူမျိုး ဖြစ်လာလေသည်။
တန်ဖိုးထားလေးမြတ်မှုက ဆက်ကပ်အပ်နှံခြင်းသို့ပို့ဆောင်
၁၀။ ယေဟောဝါထံ ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံခြင်းသည် အဘယ်အရာအပေါ် အခြေပြုသင့်သနည်း။
၁၀ ဖန်ဆင်းရှင် ယေဟောဝါသည် ကျွန်ုပ်တို့၏စိုးလ်အကြွင်းမဲ့ဆည်းကပ်ကိုးကွယ်မှုကို ဆက်လက်ခံထိုက်တော်မူသည်။ (မာလခိ ၃:၆; မဿဲ ၂၂:၃၇; ဗျာဒိတ် ၄:၁၁) သို့သော် ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံခြင်းသည် ယုံလွယ်ခြင်း၊ တဒင်္ဂစိတ်လှုပ်ရှားခြင်း၊ မိဘ သို့မဟုတ် အခြားသူများ၏ တိုက်တွန်းခြင်းတို့ဖြင့် အခြေမပြုသင့်ပေ။ ယေဟောဝါနှင့်စပ်လျဉ်းသည့် တိကျမှန်ကန်သောအသိပညာနှင့် ကျွန်ုပ်တို့အတွက် ယေဟောဝါပြုသမျှကို တန်ဖိုးထားလေးမြတ်ခြင်းအပေါ် အခြေပြုသင့်သည်။ (ရောမ ၁၀:၂; ကောလောသဲ ၁:၉၊ ၁၀; ၁ တိမောသေ ၂:၄) ယေဟောဝါသည် ဣသရေလလူမျိုးအား စိတ်လိုကိုယ်လျောက် ဆက်ကပ်အပ်နှံခြင်းကို တင်ပြခွင့်ပြုတော်မူသကဲ့သို့ ကျွန်ုပ်တို့အားလည်း စိတ်လိုကိုယ်လျောက် မိမိကိုယ်ကိုဆက်ကပ်အပ်နှံပြီး ယင်းကိုလူသိရှင်ကြားဖြစ်အောင် ပြုလုပ်ခွင့်ပေးသနားတော်မူ၏။—၁ ပေတရု ၃:၂၁။
၁၁။ သမ္မာကျမ်းစာကို လေ့လာခြင်းအားဖြင့် ယေဟောဝါအကြောင်း အဘယ်အရာထင်ရှားသနည်း။
၁၁ သမ္မာကျမ်းစာကို လေ့လာခြင်းဖြင့် ဘုရားသခင်အား ပုဂ္ဂိုလ်တစ်ဦးအဖြစ် သိကျွမ်းလာကြပြီ။ ဖန်ဆင်းရာများ၌ထင်ရှားသော ကိုယ်တော်၏အရည်အချင်းများကို တွေ့မြင်ရန် ကိုယ်တော်၏နှုတ်ကပါဌ်တော်က အကူအညီပေးသည်။ (ဆာလံ ၁၉:၁-၄) ကိုယ်တော်သည် နားမလည်နိုင်သည့် နက်နဲသောသုံးပါးတစ်ဆူမဟုတ်ကြောင်း ကိုယ်တော်၏နှုတ်ကပါဌ်တော်မှ သဘောပေါက်နိုင်ပါသည်။ ကိုယ်တော်သည် စစ်မရှုံးသောကြောင့် မိမိ၏ဘုရားအဖြစ်ကို မစွန့်လွှတ်ရပါ။ (ထွက်မြောက်ရာ ၁၅:၁၁; ၁ ကောရိန္သု ၈:၅၊ ၆; ဗျာဒိတ် ၁၁:၁၇၊ ၁၈) ကတိတော်များကို ပြည့်စုံစေတော်မူခဲ့ပြီဖြစ်သောကြောင့် ကိုယ်တော်၏တင့်တယ်သောနာမတော်၊ ယေဟောဝါဟူသည် အဘယ်အဓိပ္ပာယ်ရှိကြောင်းကို ကျွန်ုပ်တို့အားသတိရစေသည်။ ကိုယ်တော်သည် ကြီးမြတ်သောရည်ရွယ်တော်မူရှင်ဖြစ်သည်။ (ကမ္ဘာဦး ၂:၄၊ ကဘ၊ အောက်ခြေမှတ်ချက်; ဆာလံ ၈၃:၁၈; ဟေရှာယ ၄၆:၉-၁၁) သမ္မာကျမ်းစာကိုလေ့လာခြင်းအားဖြင့် ကိုယ်တော်သည် သစ္စာရှိတော်မူ၍ ယုံကြည်ကိုးစားထိုက်တော်မူကြောင်းကို ရှင်းလင်းပြတ်သားစွာ ကျွန်ုပ်တို့သဘောပေါက်လာကြပြီ။—တရားဟောရာ ၇:၉; ဆာလံ ၁၉:၇၊ ၉; ၁၁၁:၇။
၁၂။ (က) ကျွန်ုပ်တို့အား ယေဟောဝါထံသို့ အဘယ်အရာကဆွဲဆောင်သနည်း။ (ခ) သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသော ဘဝအဖြစ်မှန်တွေ့ကြုံမှုများက ယေဟောဝါအားဝတ်ပြုရန် မည်သို့လှုံ့ဆော်သနည်း။ (ဂ) ယေဟောဝါအမှုတော်ထမ်းခြင်းကို သင်မည်သို့သဘောထားသနည်း။
၁၂ ကျွန်ုပ်တို့အား ယေဟောဝါထံသို့ အထူးဆွဲဆောင်သည့်အရာကား ကိုယ်တော်၏နှစ်လို့ဖွယ် ပင်ကိုစရိုက်ဖြစ်သည်။ ကိုယ်တော်သည် လူသားတို့နှင့်ဆက်ဆံရာတွင် မည်မျှမေတ္တာရှိကြောင်း၊ မည်မျှခွင့်လွှတ်တော်မူကြောင်း၊ မည်မျှကရုဏာရှိကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ ကိုယ်တော်သည် သစ္စာသမာဓိစောင့်ထိန်းခဲ့သောယောဘအား မည်မျှကြီးပွားစေတော်မူခဲ့ကြောင်းကို စဉ်းစားကြည့်ပါ။ ‘ယေဟောဝါသည် အလွန်သနားစုံမက်တော်မူကြောင်း’ ယောဘ၏အတွေ့အကြုံက ပေါ်လွင်စေသည်။ (ယာကုပ် ၅:၁၁; ယောဘ ၄၂:၁၂-၁၇) ဒါဝိဒ်သည် မတရားမေထုန်နှင့် လူသတ်မှုကျူးလွန်သည့်အခါ သူ့အား ယေဟောဝါမည်သို့ဆက်ဆံခဲ့သည်ကို စဉ်းစားကြည့်ပါ။ မှန်ပါသည်။ အပြစ်သားတစ်ဦးသည် ကိုယ်တော်ထံ “ကျိုးပဲ့ကြေမွသောနှလုံး” နှင့်ချဉ်းကပ်သောအခါ ကြီးလေးသောအပြစ်များကိုပင် ယေဟောဝါခွင့်လွှတ်ရန် အသင့်ရှိတော်မူသည်။ (ဆာလံ ၅၁:၃-၁၁၊ ၁၇) အစပိုင်းတွင် ဘုရားသခင်၏လူတို့ကို ဇွဲရှိရှိနှင့်နှိပ်စက်ခဲ့သူ တာရှုမြို့သားရှောလုနှင့် ယေဟောဝါမည်သို့ဆက်ဆံတော်မူခဲ့ကြောင်းကို စဉ်းစားကြည့်ပါ။ ဤပုံဥပမာများက ဘုရားသခင်၏ကရုဏာတော်နှင့် နောင်တရသူများကို အသုံးပြုရန် စိတ်စေတနာရှိတော်မူကြောင်း ပေါ်လွင်ထင်ရှားစေသည်။ (၁ ကောရိန္သု ၁၅:၉; ၁ တိမောသေ ၁:၁၅၊ ၁၆) ပေါလုက ဤမေတ္တာရှင် ဘုရားသခင်အား ဝတ်ပြုရာ၌ မိမိ၏အသက်ကိုပုံအပ်ထားနိုင်သည်ဟု ယူမှတ်ခဲ့သည်။ (ရောမ ၁၄:၈) အသင်လည်း ထပ်တူထပ်မျှခံစားရသလော။
၁၃။ ယေဟောဝါ၏ အဘယ်ကြီးမားသောချစ်ခြင်းမေတ္တာက မိမိတို့ကိုယ်ကို ကိုယ်တော်ထံ ဆက်ကပ်အပ်နှံရန် စိတ်နှလုံးရိုးဖြောင့်သူများအား တိုက်တွန်းပေးသနည်း။
၁၃ ဣသရေလလူမျိုးကို အီဂျစ်ပြည်တွင် ကျွန်ခံရသည့်အဖြစ်မှ ယေဟောဝါကယ်နုတ်တော်မူသည်။ ကျွန်ုပ်တို့ကိုမူကား အပြစ်နှင့်သေခြင်းမှ ယေရှုခရစ်တော်၏ ရွေးနုတ်ဖိုးပူဇော်သကာအားဖြင့် ကယ်တင်ရန် စီစဉ်ထားတော်မူသည်။ (ယောဟန် ၃:၁၆) ပေါလုက ဤသို့ဆိုသည်။ “ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။” (ရောမ ၅:၈) ဤမေတ္တာရှိသောအစီအစဉ်က ယေရှုခရစ်တော်မှတစ်ဆင့် ယေဟောဝါထံ မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံရန် စိတ်နှလုံးရိုးဖြောင့်သူများအား တိုက်တွန်းပါသည်။ “အကြောင်းမူကား တစ်ယောက်သောသူသည် လူအပေါင်းတို့အတွက်ကြောင့် အသေခံသည်မှန်လျှင် လူအပေါင်းတို့သည် သေလျက်နေကြသည်ဟူ၍လည်းကောင်း၊ အသက်ရှင်သောသူတို့သည် တစ်ဖန် ကိုယ်အလိုသို့လိုက်၍မရှင်၊ သူတို့အတွက်ကြောင့် အသေခံပြီးမှ ထမြောက်တော်မူသောသူ၏အလိုသို့လိုက်၍ ရှင်စေမည်အကြောင်း လူအပေါင်းတို့အတွက်ကြောင့် အသေခံတော်မူသည်ဟူ၍လည်းကောင်း၊ ငါတို့သည်သဘောထားလျက် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက်သွေးဆောင်၏။”—၂ ကောရိန္သု ၅:၁၄၊ ၁၅; ရောမ ၈:၃၅-၃၉။
၁၄။ ယေဟောဝါ၏ဆက်ဆံပုံကို သိထားရုံမျှနှင့် မိမိတို့ကိုယ်ကို ကိုယ်တော့်ထံဆက်ကပ်အပ်နှံရန် တိုက်တွန်းခံရဖို့ လုံလောက်ပြီလော။ ရှင်းပြပါ။
၁၄ သို့တိုင် ယေဟောဝါ၏ ပင်ကိုစရိုက်ကိုသိထားခြင်း၊ ကိုယ်တော်သည် လူသားနှင့် မည်သို့ဆက်ဆံပုံကိုသိထားခြင်းတို့သည် မလုံလောက်ပါ။ ယေဟောဝါကို ကိုယ်တိုင်ကိုယ်ကျ တန်ဖိုးထားလေးမြတ်ခြင်းကို မွေးမြူပေးရမည်ဖြစ်သည်။ ယင်းကို မည်သို့ပြုလုပ်နိုင်မည်နည်း။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မိမိတို့အသက်တာတွင် အသုံးပြုပြီး ယင်း၌ပါသောမူဝါဒများသည် အမှန်တကယ်ထိရောက်ကြောင်းကို ကိုယ်တိုင်ခံစားရခြင်းအားဖြင့်ဖြစ်သည်။ (ဟေရှာယ ၄၈:၁၇) စာတန့်အုပ်ချုပ်မှုအောက်ရှိ ဤဆိုးသွမ်းသောကမ္ဘာ့ရွှံ့နွံထဲမှ ယေဟောဝါသည် ကျွန်ုပ်တို့အား ကယ်နုတ်တော်မူပြီဟု ခံစားကြရမည်။ (၁ ကောရိန္သု ၆:၁၁ နှိုင်းယှဉ်။) မှန်ကန်ရာကို ကျွန်ုပ်တို့ကြိုးစားပြုလုပ်ကြရာတွင် ယေဟောဝါကို အားထားတတ်လာကြပြီး ယေဟောဝါသည် အသက်ရှင်တော်မူ၍ “ပတ္ထနာစကားကို နားထောင်တော်မူသောဘုရား” ဖြစ်ကြောင်း မိမိကိုယ်တိုင်တွေ့ကြုံခံစားရသည်။ (ဆာလံ ၆၂:၈; ၆၅:၂) မကြာမီ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် တရင်းတနှီးရှိလာပြီး မိမိ၏အတွင်းရေးများကို ကိုယ်တော်အား ဖွင့်ပြောလာနိုင်သည်။ ယေဟောဝါကိုချစ်ခင်မြတ်နိုးသောသဘောလည်း တိုးပွားလာသည်။ ထိုအခါ စိတ်လိုကိုယ်လျောက် မိမိကိုယ်ကို ကိုယ်တော်ထံအပ်နှံပါလိမ့်မည်။
၁၅။ ယခင်က အလုပ်၌ မိမိကိုယ်ကိုမြှုပ်နှံခဲ့ဖူးသူတစ်ဦးအား ယေဟောဝါအမှုတော်ထမ်းရန် ဘာကလှုံ့ဆော်ပေးသနည်း။
၁၅ ဤမေတ္တာရှင် ယေဟောဝါဘုရားသခင်ကို သိကျွမ်းလာကြပြီး ကိုယ်တော်ကိုဝတ်ပြုရန် မိမိတို့ဘဝအသက်တာကို အပ်နှံခဲ့သူ များစွာရှိသည်။ ဥပမာအနေနှင့် စီးပွားရေးကောင်းသော လျှပ်စစ်ပြင်ဆရာတစ်ဦးကိုကြည့်စို့လေ။ သူသည် တစ်ခါတစ်ရံ နံနက်မှစ၍ တစ်နေ့လုံးသာမက တစ်ညလုံး အလုပ်လုပ်ကိုင်ပြီးနောက်မှ နံနက် ၅ နာရီတွင် အိမ်ပြန်သွားသည့်အခါများရှိသည်။ တစ်နာရီခန့် အနားယူပြီးနောက် အခြားလုပ်ငန်းတစ်ခုသို့ သူဆက်သွားလေ့ရှိသည်။ “ကျွန်တော့်အလုပ်မှာ ကျွန်တော့်ကိုယ်ကို မြှုပ်နှံထားတယ်” ဟုသူပြန်ပြောပြသည်။ ဇနီးဖြစ်သူ ကျမ်းစာစလေ့လာသည့်အခါ သူလည်း ပါဝင်လာသည်။ သူက ဤသို့ဆိုသည်– “အဲ့ဒီအချိန်အထိ ကျွန်တော်သိခဲ့သမျှဘုရားတွေဟာ ကျွန်တော်တို့ကို ဘာအကျိုးမှမပေးဘဲ ဝတ်ပြုခံရဖို့သာ စောင့်မျှော်နေကြတာချည်းပဲရှိတယ်။ ဒါပေမဲ့ ယေဟောဝါကျတော့ သူကိုယ်တိုင်ကစပြီး ကိုယ်ကျိုးစွန့်တယ်။ သူ့ရဲ့တစ်ပါးတည်းသောသားတော်ကို စေလွှတ်ပေးတယ်လေ။” (၁ ယောဟန် ၄:၁၀၊ ၁၉) ဆယ်လအတွင်း ဤသူသည် ယေဟောဝါထံ ဆက်ကပ်အပ်နှံလေသည်။ ထို့နောက် အသက်ရှင်တော်မူထသော ဘုရားသခင်၏အမှုတော်ကိုထမ်းဆောင်ရန် သူအာရုံစူးစိုက်တော့သည်။ အချိန်ပြည့်ဓမ္မအမှုကို သူဆောင်ရွက်ကာ အကူအညီသာ၍လိုအပ်သောနေရာတွင် အမှုတော်ထမ်းရန် ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ သူသည် တမန်တော်များနည်းတူ ‘ရှိသမျှကိုစွန့်ပစ်၍ ယေရှုနောက်သို့လိုက်လေသည်။’ (မဿဲ ၁၉:၂၇) နှစ်လအကြာတွင် သူနှင့်သူ၏ဇနီးသည် သူတို့နေထိုင်သောနိုင်ငံရှိ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်း ဌာနခွဲရှိ လျှပ်စစ်လုပ်ငန်း၌ ပါဝင်ကူညီပေးရန် ဖိတ်ခေါ်ခံရလေသည်။ ယခု နှစ်ပေါင်း ၂၀ ကျော် ဌာနခွဲတွင် သူနှစ်သက်သောလုပ်ငန်းကို သူ့အကျိုးစီးပွားအတွက်မဟုတ် ယေဟောဝါအတွက် လုပ်ဆောင်နေပါသည်။
သင့်ဆက်ကပ်အပ်နှံခြင်းကို လူသိရှင်ကြားဖြစ်စေပါ
၁၆။ မိမိကိုယ်ကို ယေဟောဝါထံဆက်ကပ်အပ်နှံရန် လှမ်းယူရမည့်ခြေလှမ်းအချို့ကားအဘယ်နည်း။
၁၆ သမ္မာကျမ်းစာကို အတော်အသင့်လေ့လာပြီးနောက် လူကြီးလူငယ်မရွေး ယေဟောဝါကိုလည်းကောင်း၊ မိမိတို့အဖို့ ဘုရားသခင်ပြုပေးသမျှကိုလည်းကောင်း တန်ဖိုးထားလေးမြတ်လာပါလိမ့်မည်။ ယင်းက သူတို့အား မိမိကိုယ်ကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံရန် လှုံ့ဆော်စေသင့်သည်။ အသင်လည်း ဤသူများအဝင်ဖြစ်ပေမည်။ သင့်ကိုယ်သင် ယေဟောဝါထံ မည်သို့ဆက်ကပ်အပ်နှံနိုင်မည်နည်း။ သမ္မာကျမ်းစာမှ တိကျမှန်ကန်သောအသိပညာကို ရရှိပြီးသည့်နောက် ထိုအသိပညာနှင့်အညီ ပြုမူကျင့်ကြံပြီး ယေဟောဝါနှင့် ယေရှုခရစ်ကို ယုံကြည်ကြောင်း တင်ပြသင့်သည်။ (ယောဟန် ၁၇:၃) နောင်တယူပြီး လွန်ခဲ့သောအပြစ်လမ်းစဉ်ကို စွန့်လွှတ်ပါ။ (တမန်တော် ၃:၁၉) ထို့နောက် ဆက်ကပ်အပ်နှံသည့်အဖြစ်သို့ရောက်လာသည်နှင့် ယင်းကို ယေဟောဝါထံ လေးနက်စွာဆုတောင်းပြီး အသိပေးပါမည်။ ဤတွင် ယေဟောဝါနှင့်သင့်ဆက်ဆံရေးအသစ်တစ်ခုကို စတင်လိုက်ခြင်းဖြစ်သဖြင့် ဤဆုတောင်းချက်သည် သင့်စိတ်တွင် အစဉ်စွဲမှတ်နေပေမည်။
၁၇။ (က) ဆက်ကပ်အပ်နှံခါစ လူသစ်များနှင့် အကြီးအကဲများသည် ပြင်ဆင်ပြီးသားမေးခွန်းများကို အဘယ်ကြောင့်ပြန်လေ့လာသနည်း။ (ခ) ဆက်ကပ်အပ်နှံပြီးသည်နှင့် အဘယ်အရေးကြီးသောအလုပ်ကို ပြုလုပ်သင့်သနည်း။ အဘယ်ရည်ရွယ်ချက်အတွက်နည်း။
၁၇ ယေဟောဝါနှင့် ပဋိညာဉ်ဖွဲ့ခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို ဣသရေလလူမျိုးအား မောရှေရှင်းပြခဲ့သကဲ့သို့ ယေဟောဝါသက်သေများ၏ အသင်းတော်များရှိ အကြီးအကဲများသည် ဆက်ကပ်အပ်နှံခါစသူများအား သူတို့သိသင့်သိအပ်သော အချက်အလက်များကို စစ်ဆေးသုံးသပ်ရန် ကူညီပေးပါသည်။ သမ္မာကျမ်းစာ၏ အခြေခံသွန်သင်ချက်များကို တစ်ဦးချင်းစီ အပြည့်အဝနားလည်စေရန်နှင့် ယေဟောဝါ၏သက်သေတစ်ဦးဖြစ်ခြင်းတွင် အဘယ်အရာများပါဝင်ကြောင်းကို သိမသိစိတ်ချနိုင်ရန် အသင့်ပြင်ဆင်ထားသောမေးခွန်းများကို သူတို့အသုံးပြုမေးမြန်းပါသည်။ ထိုနောက် ဆက်ကပ်အပ်နှံခြင်းကို လူသိရှင်ကြားဖြစ်စေရန် အခမ်းအနားဖြင့်တင်ပြခြင်းကား အလွန်သင့်တော်ပါသည်။ ဆက်ကပ်အပ်နှံခါစ လူသစ်တစ်ဦးသည် ယေဟောဝါနှင့် ဤအခွင့်အရေးထူးသော ဆက်ဆံရေးရရှိပြီဖြစ်ကြောင်းကို အခြားသူတို့အား သိစေလိုပေမည်။ (ယေရမိ ၉:၂၄ နှိုင်းယှဉ်။) ယင်းကို ဆက်ကပ်အပ်နှံခြင်းအထိမ်းအမှတ်ဖြစ်သည့် ရေတွင်နှစ်ခံခြင်းအားဖြင့် သင့်လျော်စွာဖော်ပြသည်။ ရေတွင်နှစ်ပြီး ရေပေါ်သို့ထွက်ပေါ်လာခြင်းကား ယခင်ကိုယ်ကျိုးရှာလမ်းစဉ်ကို စွန့်လွှတ်ပြီးနောက် ဘုရားသခင့်အလိုတော်ကိုဆောင်ရွက်သည့် ဘဝပုံစံအသစ်ကို ယူတင်လိုက်ပြီဖြစ်ကြောင်းကိုပုံဆောင်သည်။ ယင်းကား ဘာသာဝင်ခြင်းမဟုတ်၊ မီစိုဂျီခေါ် ရေဖြင့်သန့်ရှင်းစင်ကြယ်စေသည့် ရှင်တိုထုံးစံကဲ့သို့သော ထုံးတမ်းတစ်ခုမဟုတ်ပါ။aထိုသို့ဖြစ်မည့်အစား နှစ်ခြင်းမင်္ဂလာသည် ဆုတောင်းခြင်းအားဖြင့် ပြုနှင့်ပြီးသော ဆက်ကပ်အပ်နှံခြင်းကို လူသိရှင်ကြားဖြစ်စေခြင်းတည်း။
၁၈။ ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံခြင်းသည် အချည်းနှီးဖြစ်မည်မဟုတ်ကြောင်း အဘယ်ကြောင့်စိတ်ချနိုင်သနည်း။
၁၈ ဤအရေးပါသည့်အချိန်သည် မမေ့နိုင်သောအတွေ့အကြုံဖြစ်သည်။ ယခု မိမိသည် ယေဟောဝါနှင့် မြဲမြံသောဆက်ဆံရေးရှိနေပြီဖြစ်ကြောင်းကို ဘုရားသခင်၏ ဤကျေးကျွန်အသစ်အား သတိပေးသည်။ ကာမီကာဇီလေယာဉ်မှူးသည် မိမိ၏နိုင်ငံနှင့် မိမိ၏ဧကရာဇ်ထံပြုသော ဆက်ကပ်အပ်နှံခြင်းနှင့်မတူဘဲ ယေဟောဝါထံ ဤသို့ဆက်ကပ်အပ်နှံခြင်းသည် အချည်းနှီးသက်သက်ဖြစ်မည်မဟုတ်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် ထာဝရအနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်တော်မူ၍ အလိုတော်ရှိရှိသမျှကို ပြည့်စုံစေတော်မူသောကြောင့်ဖြစ်သည်။ ဤကိုယ်တော်တစ်ပါးတည်းသာလျှင် ကျွန်ုပ်တို့၏စိုးလ်အကြွင်းမဲ့ ဆည်းကပ်ကိုးကွယ်မှုကို ခံထိုက်တော်မူသည်။—ဟေရှာယ ၅၅:၉-၁၁။
၁၉။ နောက်ဆောင်းပါးတွင် အဘယ်အကြောင်းကို ဆွေးနွေးမည်နည်း။
၁၉ သို့ရာတွင် ဆက်ကပ်အပ်နှံခြင်း၌ ထိုထက်မက ပါဝင်သေးသည်။ ဥပမာ၊ ဆက်ကပ်အပ်နှံခြင်းသည် ကျွန်ုပ်တို့၏ နေ့စဉ်ရက်ဆက်အသက်တာအပေါ် မည်သို့အကျိုးသက်ရောက်သနည်း။ ဤအကြောင်းကို နောက်ဆက်တွဲဆောင်းပါးတွင် ဆွေးနွေးတင်ပြပါမည်။
[အောက်ခြေမှတ်ချက်များ]
a နယူးယောက်မြို့၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း ထုတ်ဝေသည့် ဘုရားသခင်ကို လူသားများ ရှာပုံတော်၊ [လိပ်] စာမျက်နှာ ၁၉၄-၅ ကိုရှု။
သင်မှတ်မိသလော
◻ ဤလောက၏ ဆက်ကပ်အပ်နှံမှုသည် အဘယ်ကြောင့်စိတ်ပျက်စရာဖြစ်ခဲ့ရသနည်း။
◻ ဣသရေလလူမျိုးအား ယေဟောဝါထံ ဆက်ကပ်အပ်နှံရန် အဘယ်အရာက တိုက်တွန်းသနည်း။
◻ ယနေ့ ယေဟောဝါထံ မိမိကိုယ်ကိုဆက်ကပ်အပ်နှံရန် အဘယ်အရာက တိုက်တွန်းသနည်း။
◻ ဘုရားသခင်ထံ မိမိကိုယ်ကို ကျွန်ုပ်တို့မည်သို့ဆက်ကပ်အပ်နှံသနည်း။
◻ ရေတွင်နှစ်ခြင်းခံခြင်း၏ ဆိုလိုရင်းအဓိပ္ပာယ်ကား အဘယ်နည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
သိနာတောရှိ ဣသရေလလူမျိုးသည် မိမိကိုယ်ကို ယေဟောဝါထံဆက်ကပ်အပ်နှံခဲ့