အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်အတွက် ကိုးကားချက်များ
စက်တင်ဘာ ၅-၁၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဆာလံ ၁၁၉
‘ယေဟောဝါရဲ့ တရားတော်အတိုင်း လိုက်လျှောက်ပါ’
(ဆာလံ ၁၁၉:၁–၈) ထာဝရဘုရား၏ တရားလမ်း၌ မလွဲမတိမ်း လိုက်သွားသောသူတို့သည် မင်္ဂလာရှိကြ၏။ ၂ သက်သေခံတော်မူချက်တို့ကို စောင့်၍ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာသောသူတို့သည် မင်္ဂလာရှိကြ၏။ ၃ ထိုသူတို့သည် ဒုစရိုက်ကိုမပြု၊ လမ်းခရီးတော်၌ လိုက်သွားတတ်ကြ၏။ ၄ အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့်ဖို့ရာ ကိုယ်တော်သည် ဩဝါဒပေးတော်မူပြီ။ ၅ ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်နိုင်မည်အကြောင်း အကျွန်ုပ်သည် လမ်းဖြောင့်ပါစေသော။ ၆ အကျွန်ုပ်သည် ပညတ်တော် အလုံးစုံတို့ကို ထောက်ထားသောအခါ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ရပါ၏။ ၇ ဖြောင့်မတ်စွာ စီရင်တော်မူချက်များကို အကျွန်ုပ်လေ့ကျက်ပြီးမှ ဂုဏ်တော်ကို ဖြောင့်သောသဘောနှင့် ချီးမွမ်းပါမည်။ ၈ ကိုယ်တော်၏အထုံးအဖွဲ့များကို စောင့်ပါမည်။ အကျွန်ုပ်ကို ရှင်းရှင်း စွန့်ပစ်တော်မမူပါနှင့်။
ယေဟောဝါ၏စကားတော်ကို ယုံကြည်ကိုးစားလော့
ဘုရားသခင့် စကားတော်ကို နာခံ၍ ပျော်ရွှင်ပါ
၃ စစ်မှန်သောပျော်ရွှင်မှုရှိရန် ဘုရားသခင်၏ တရားတော်အတိုင်း လျှောက်လှမ်းဖို့ လိုသည်။ (ဆာလံ ၁၁၉:၁-၈) ထိုသို့ပြုမည်ဆိုလျှင် “ကျွန်ုပ်တို့၏နည်းလမ်းတွင် အပြစ်ကင်း” သည်ဟု ယေဟောဝါ ယူမှတ်ပေမည်။ (ဆာလံ ၁၁၉:၁၊ ကဘ) အပြစ်ကင်းခြင်းဟူသည် စုံလင်သည်ဟု မဆိုလိုဘဲ ယေဟောဝါဘုရားသခင်၏ အလိုတော်ကို ကြိုးစားလုပ်ဆောင်ခြင်း ဖြစ်၏။ နောဧသည် “ဘုရားသခင်နှင့်အတူသွားလာ” သည်ဖြစ်၍ “မိမိအမျိုး၌ စုံလင် [“အပြစ်မရှိ၊” ကဘ] သောသူဖြစ်၏။” တည်ကြည်သော ထိုဘိုးဘေးသည် ယေဟောဝါ ချမှတ်ထားသည့် အသက်လမ်းပေါ် လျှောက်လှမ်းခဲ့သဖြင့် ရေလွှမ်းမိုးဘေးကို သူ့မိသားစုနှင့်အတူ ကပ်ကျော်ခဲ့သည်။ (ကမ္ဘာဦး ၆:၉; ၁ ပေတရု ၃:၂၀) ထိုနည်းတူ၊ ဤကမ္ဘာကုန်ဆုံးချိန်တွင် ကျွန်ုပ်တို့ကပ်ကျော်ရန် ‘ဘုရားသခင်၏ နည်းဥပဒေသများကို ကြိုးစားကျင့်’ ၍ကိုယ်တော်၏ အလိုတော်ကို ဆောင်ဖို့လိုသည်။—ဆာလံ ၁၁၉:၄။
၄ ကျွန်ုပ်တို့သည် ‘ဖြောင့်သောသဘောနှင့် ကိုယ်တော့်ကို ချီးမွမ်း၍ ကိုယ်တော်၏ အထုံးအဖွဲ့များကိုစောင့်’ မည်ဆိုလျှင် ယေဟောဝါသည် ကျွန်ုပ်တို့ကို ဘယ်တော့မျှ စွန့်ပယ်မည် မဟုတ်ပါ။ (ဆာလံ ၁၁၉:၇၊ ၈) ‘ပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလို့ငှာ ကျမ်းစာကို နေ့ညမပြတ် ကြည့်ရှုဖတ်ရွတ်’ ရမည်ဟူသော လမ်းညွှန်ချက်ကို လိုက်နာခဲ့သော ဣသရေလခေါင်းဆောင် ယောရှုကို ဘုရားသခင် စွန့်ပယ်တော်မမူခဲ့ချေ။ ယင်းကြောင့် သူသည် အောင်မြင်ခဲ့ပြီး ပညာရှိစွာ လုပ်ဆောင်နိုင်ခဲ့သည်။ (ယောရှု ၁:၈) ယောရှု သေဆုံးခါနီးအထိ ဘုရားသခင်အား ချီးမွမ်းပြီး ဣသရေလလူတို့ကို ဤသို့သတိပေးနိုင်ခဲ့သည်– ‘သင်တို့၏ဘုရားသခင် ယေဟောဝါသည် သင်တို့အဖို့ မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင် ပြည့်စုံကြောင်းကို သင်တို့သည် စိတ်နှလုံးထဲမှာ သိကြ၏။’ (ယောရှု ၂၃:၁၄) ယောရှုနှင့် ဆာလံ ၁၁၉ ကို ရေးသားခဲ့သူတို့ကဲ့သို့ပင် ကျွန်ုပ်တို့သည် ယေဟောဝါအား ချီးမွမ်းပြီး ကိုယ်တော်၏ စကားတော်ကို ယုံကြည်ကိုးစားခြင်းအားဖြင့် ပျော်ရွှင်ပြီး အောင်မြင်နိုင်ကြမည်။
(ဆာလံ ၁၁၉:၃၃–၄၀) အိုထာဝရဘုရား အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အား သွန်သင်တော်မူပါ။ အဆုံးတိုင်အောင် လိုက်သွားပါမည်။ ၃၄ ဉာဏ်ကိုပေးတော်မူပါ။ တရားတော်ကို စောင့်ပါမည်။ စိတ်နှလုံးအကြွင်းမဲ့ စောင့်ပါမည်။ ၃၅ ပညတ်တော်လမ်း၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။ ထိုလမ်းကို နှစ်သက်ပါ၏။ ၃၆ အကျွန်ုပ်စိတ်နှလုံးကို လောဘဘက်သို့မဟုတ် သက်သေခံတော်မူချက်တို့ဘက်သို့ ဆွဲတော်မူပါ။ ၃၇ အနတ္တကို ပမာဏမပြုစေခြင်းငှာ အကျွန်ုပ်မျက်စိကို အခြားသို့ လွှဲတော်မူပါ။ လမ်းခရီးတော်၌ အကျွန်ုပ်အသက်ရှင်စေတော်မူပါ။ ၃၈ ကိုယ်တော်ကို ကြောက်ရွံ့သော ကိုယ်တော်၏ကျွန်၌ ဗျာဒိတ်တော်ကို တည်စေတော်မူပါ။ ၃၉ အကျွန်ုပ်ကြောက်သော ကဲ့ရဲ့ခြင်းကို ပယ်ပျောက်စေတော်မူပါ။ စီရင်တော်မူချက်တို့သည် ကောင်းမွန်ကြပါ၏။ ၄၀ ပေးတော်မူသော ဩဝါဒများကို တောင့်တပါ၏။ ဖြောင့်မတ်ခြင်းတရားတော်အားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။
ယေဟောဝါ၏စကားတော်ကို ယုံကြည်ကိုးစားလော့
ယေဟောဝါ၏ စကားတော်က ရဲစွမ်းသတ္တိရှိစေ
၁၂ ဘုရားသခင်၏ စကားတော် လမ်းညွှန်ချက်ကို လိုက်လျှောက်ခြင်းသည် ဘဝအခက်အခဲများကို ကျော်လွှားရန် လိုအပ်သော ရဲစွမ်းသတ္တိရှိစေ၏။ (ဆာလံ ၁၁၉:၃၃-၄၀) ယေဟောဝါ၏ တရားတော်ကို “စိတ်နှလုံးအကြွင်းမဲ့” စောင့်ထိန်းနိုင်ရန် ကိုယ်တော်၏ သွန်သင်ချက်ကို နှိမ့်ချစွာ ကြိုးစားရှာဖွေရမည်။ (ဆာလံ ၁၁၉:၃၃၊ ၃၄) ဆာလံဆရာနည်းတူ ဘုရားသခင်အား ဤသို့တောင်းလျှောက်ကြသည်– ‘အကျွန်ုပ်စိတ်နှလုံးကို မတရားစီးပွားရှာသည့် လောဘ,ဘက်သို့ မဟုတ်၊ သက်သေခံတော်မူချက်တို့ဘက်သို့ ဆွဲတော်မူပါ။’ (ဆာလံ ၁၁၉:၃၆) တမန်တော်ပေါလုကဲ့သို့ ကျွန်ုပ်တို့သည် “အရာရာတို့၌ ကောင်းမွန် [“ရိုးသား၊” ကဘ] စွာကျင့်နေ” ကြ၏။ (ဟေဗြဲ ၁၃:၁၈) အလုပ်ရှင်တစ်ဦးသည် ကျွန်ုပ်တို့ကို မရိုးမသား ပြုလုပ်စေလိုသည့်အခါ ဘုရားသခင်၏ လမ်းညွှန်ချက်အတိုင်း လိုက်လျှောက်နိုင်ရန် သတ္တိမွေးကြရမည်၊ ဤသို့ပြုခြင်းကို ယေဟောဝါ အစဉ်ကောင်းချီးပေးတော်မူ၏။ အမှန်အားဖြင့် ကိုယ်တော်သည် မကောင်းသော လိုအင်ဆန္ဒအားလုံးကို ချုပ်ထိန်းနိုင်ရန် ကျွန်ုပ်တို့ကို ကူညီပေး၏။ သို့ဖြစ်၍ “[အချည်းနှီး] ကို ပမာဏမပြုစေခြင်းငှာ အကျွန်ုပ်မျက်စိကို အခြားသို့လွှဲတော်မူပါ” ဟုဆုတောင်းကြစို့။ (ဆာလံ ၁၁၉:၃၇) ကျွန်ုပ်တို့သည် ဘုရားသခင်မုန်းသော အချည်းနှီးအရာများကို နှစ်သက်ဖွယ်ရာများအဖြစ် ဘယ်တော့မျှ ရှုမြင်လိုကြမည်မဟုတ်ပေ။ (ဆာလံ ၉၇:၁၀) ဤသို့အားဖြင့် အခြားသောအရာများအပြင် ညစ်ညမ်းသောစာအုပ်၊ ရုပ်ရှင်နှင့် နတ်ဝိဇ္ဇာအတတ်တို့ကိုလည်း ကျွန်ုပ်တို့ ရှောင်ရှားနိုင်မည်ဖြစ်သည်။—၁ ကောရိန္သု ၆:၉၊ ၁၀; ဗျာဒိတ် ၂၁:၈။
(ဆာလံ ၁၁၉:၄၁–၄၈) အိုထာဝရဘုရား ဗျာဒိတ်တော်အတိုင်း ကရုဏာတော်တည်းဟူသော ကယ်တင်တော်မူခြင်း ကျေးဇူးတော်သည် အကျွန်ုပ်၌ ရောက်ပါစေသော။ ၄၂ ထိုသို့ အကျွန်ုပ်သည် နှုတ်ကပါဌ်တော်ကို ကိုးစားသည်ဖြစ်၍ ကဲ့ရဲ့သောသူ၏စကားကို ချေစရာအကြောင်း ရှိရပါလိမ့်မည်။ ၄၃ စီရင်တော်မူချက်တို့ကို အကျွန်ုပ်မျှော်လင့်သည်ဖြစ်၍ အကျွန်ုပ်၏နှုတ်ထဲက သစ္စာစကားကို အလျှင်းရုပ်သိမ်းတော်မမူပါနှင့်။ ၄၄ ကိုယ်တော်၏တရားကို မခြားမလပ် အစဉ်အမြဲကျင့်စောင့်ပါမည်။ ၄၅ ပေးတော်မူသောသြဝါဒများကို အကျွန်ုပ်ရှာဖွေမေးမြန်းသည်ဖြစ်၍ အဆီးအတားမရှိဘဲ သွားလာရပါ၏။ ၄၆ သက်သေခံတော်မူချက်တို့ကို မင်းများထံမှာ ပြန်ပြော၍ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။ ၄၇ အကျွန်ုပ်သည် နှစ်သက်သော ပညတ်တော်တို့၌ မွေ့လျော်ပါမည်။ ၄၈ နှစ်သက်သော ပညတ်တော်တို့အား လက်တို့ကိုချီ၍ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။
ယေဟောဝါ၏ စကားတော်ကို ယုံကြည်ကိုးစားလော့
၁၃ ဘုရားသခင့် စကားတော်၏ တိကျမှန်ကန်သော အသိပညာသည် သတ္တိရှိရှိ သက်သေခံစေသည်။ (ဆာလံ ၁၁၉:၄၁-၄၈) “ကဲ့ရဲ့သောသူ၏ စကားကိုချေ” ပရန် ကျွန်ုပ်တို့ သတ္တိရှိဖို့လိုသည်။ (ဆာလံ ၁၁၉:၄၂) တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသော ယေရှု၏တပည့်များနည်းတူ ‘ထာဝရဘုရားသခင်၊ ကိုယ်တော်၏ကျွန်တို့သည် နှုတ်မြွက်စကားတော်ကို ရဲရင့်စွာ ဟောပြောပါမည်အကြောင်း ကယ်မသနားတော်မူပါ’ ဟုဆုတောင်းကြပေမည်။ ရလဒ်ကား အဘယ်နည်း။ ‘ထိုသူအပေါင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်သဖြင့် ဘုရားသခင်၏ နှုတ်မြွက်စကားတော်ကို ရဲရင့်စွာဟောပြောကြ၏။’ အစိုးရတော်မူသော ထိုအရှင်သည် ကိုယ်တော်၏ စကားတော်ကို ရဲရင့်စွာဟောပြောနိုင်ရန် ကျွန်ုပ်တို့အား သတ္တိပေးတော်မူ၏။—တမန်တော် ၄:၂၄-၃၁။
၁၄ ကျွန်ုပ်တို့သည် ‘ဟုတ်မှန်သောစကား’ ကိုစွဲလမ်းပြီး ‘ဘုရားသခင်၏ တရားကို အစဉ်အမြဲကျင့်စောင့်’ မည်ဆိုလျှင် မရှက်မကြောက် သက်သေခံရန် လိုအပ်သည့်သတ္တိကို ရရှိပါလိမ့်မည်။ (ဆာလံ ၁၁၉:၄၃၊ ၄၄) သမ္မာကျမ်းစာကို အပတ်တကုတ် လေ့လာခြင်းက ‘ဘုရားသခင်၏ သက်သေခံတော်မူချက်တို့ကို မင်းများထံမှာ ပြန်ပြော’ ရန်အသင့်ရှိစေသည်။ (ဆာလံ ၁၁၉:၄၆) ဆုတောင်းခြင်းနှင့် ယေဟောဝါ၏ ဝိညာဉ်တော်ကလည်း မှန်ကန်ရာကို နည်းမှန်လမ်းကျ ပြောဆိုစေ၏။ (မဿဲ ၁၀:၁၆-၂၀; ကောလောသဲ ၄:၆) ပေါလုသည် ဘုရားသခင်၏ သက်သေခံတော်မူချက်များကို ပထမရာစု အုပ်စိုးရှင်များအား ရဲရင့်စွာပြောဆိုခဲ့သည်။ ဥပမာ၊ သူသည် “ခရစ်တော်ကို ယုံကြည်ခြင်းနှင့်ယှဉ်သော စကားကို နားထောင်” ခဲ့သော ရောမဘုရင်ခံ ဖေလဇ်အား သက်သေခံခဲ့သည်။ (တမန်တော် ၂၄:၂၄၊ ၂၅) ထို့ပြင် ဘုရင်ခံဖေတ္တုနှင့် ရှင်ဘုရင်အဂြိပ္ပတို့ကိုလည်း သက်သေခံခဲ့၏။ (တမန်တော် ၂၅:၂၂–၂၆:၃၂) ကျွန်ုပ်တို့သည်လည်း ယေဟောဝါ၏ ကျောထောက်နောက်ခံဖြင့် ‘သတင်းကောင်းကို ရှက်ကြောက်ခြင်းမရှိ’ သတ္တိရှိရှိ သက်သေခံနိုင်ကြမည်။—ရောမ ၁:၁၆။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဆာလံ ၁၁၉:၇၁) အထုံးအဖွဲ့တော်တို့ကို သွန်သင်စေခြင်းငှာ အကျွန်ုပ်ဆင်းရဲခံရသော ကျေးဇူးသည် ကြီးပါ၏။
ဆာလံကျမ်းအပိုင်းငါးမှ ပေါ်လွင်ချက်များ
၁၁၉:၇၁—ဆင်းရဲခံရသောကျေးဇူးသည် မည်သို့အားဖြင့် အကျိုးကြီးနိုင်ပါသနည်း။ ဆင်းရဲခက်ခဲမှုက ယေဟောဝါအပေါ် ပို၍အပြည့်အဝကိုးစားရန်၊ ကိုယ်တော့်ထံ စိတ်အားထက်သန်စွာ ဆုတောင်းရန်၊ သမ္မာကျမ်းစာကို ပို၍လုံ့လဝီရိယရှိရှိ လေ့လာပြီး လက်တွေ့ကျင့်သုံးရန် သင်ယူစေနိုင်သည်။ ထို့ပြင် ဆင်းရဲခံရသောအခါ ကျွန်ုပ်တို့၏တုံ့ပြန်ပုံမှ ပြုပြင်ရန်လိုသည့် ချွတ်ယွင်းချက်များကို တွေ့မြင်စေနိုင်သည်။ ဆင်းရဲခက်ခဲမှုကို ကျွန်ုပ်တို့အား ပြုပြင်ပေးသည့်အရာအဖြစ် သဘောထားမည်ဆိုပါက ယင်းသည် အကျိုးယုတ်စေသည့်အရာ ဖြစ်မည်မဟုတ်ပါ။
(ဆာလံ ၁၁၉:၉၆) ခပ်သိမ်းသော စုံလင်ခြင်း၏အဆုံးကို အကျွန်ုပ်မြင်ပါပြီ။ ပညတ်တရားတော်မူကား အလွန်ကျယ်ဝန်းပါ၏။
ဆာလံကျမ်းအပိုင်းငါးမှ ပေါ်လွင်ချက်များ
၁၁၉:၉၆—“ခပ်သိမ်းသောစုံလင်ခြင်း၏အဆုံး” ဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ဆာလံဆရာက စုံလင်ခြင်းအကြောင်းကို လူ့ရှုထောင့်မှ ပြောနေခြင်းဖြစ်သည်။ စုံလင်ခြင်းနှင့်ပတ်သက်သော လူ့ရှုမြင်ချက်သည် အကန့်အသတ်သာဖြစ်ကြောင်း သူစိတ်စွဲခဲ့ပုံရသည်။ ယင်းနှင့်ဆန့်ကျင်ကာ ဘုရားသခင့်ပညတ်မှာမူ ထိုသို့အကန့်အသတ်မရှိပါ။ ကိုယ်တော့် လမ်းညွှန်ချက်များသည် ဘဝအသက်တာကဏ္ဍအားလုံးနှင့် သက်ဆိုင်သည်။ သို့ဖြစ်၍ “ခပ်သိမ်းသောစုံလင်ခြင်းတွင် အကန့်အသတ်ရှိမှုကို အကျွန်ုပ်မြင်ပါ၏။ ကိုယ်တော်၏ ပညတ်တော်များမူကား အကန့်အသတ်မဲ့ပါ၏” ဟု အပြည်ပြည်ဆိုင်ရာကျမ်းသစ် [လိပ်] တွင် ဖတ်ရသည်။
စက်တင်ဘာ ၁၂-၁၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဆာလံ ၁၂၀-၁၃၄
‘ယေဟောဝါဆီကနေ အကူအညီရ’
(ဆာလံ ၁၂၁:၁၊ ၂) ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရသော တောင်ရိုးသို့ ငါမျှော်ကြည့်၏။ ၂ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရားထံတော်မှ ငါ့ကို မစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။
ကျွန်ုပ်တို့၏ကူညီမစရှင် ယေဟောဝါ
အားကိုးလောက်သော အကူအညီရင်းမြစ်
၃ ယုံကြည်စိတ်ချရသည့် အကြောင်းရင်းတစ်ခုအနေနှင့် ယေဟောဝါ၏ ဖန်ဆင်းရှင်အဖြစ်တော်ကို ဆာလံဆရာက ဤသို့အစပြုဆိုခဲ့သည်– ‘ငါ့ကို မစခြင်းအကြောင်းသည် ပေါ်ထွက်ရသော တောင်ရိုးသို့ ငါမျှော်ကြည့်၏။ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ယေဟောဝါထံတော်မှ ငါ့ကို မစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။’ (ဆာလံ ၁၂၁:၁၊ ၂၊ ကဘ) ဆာလံဆရာသည် သာမန်တောင်တစ်ခုခုကို မျှော်ကြည့်နေခြင်း မဟုတ်ပါ။ ဤစကားများကို မှတ်တမ်းတင်ချိန်က ယေဟောဝါ၏ ဝတ်ပြုရာအိမ်တော်သည် ယေရုရှလင်မြို့တွင် တည်ရှိ၏။ ယုဒတောင်များပေါ်ရှိ မြင့်မားသောနေရာတွင် တည်ရှိသော ထိုမြို့တော်သည် ပုံဆောင်သဘောအရ ယေဟောဝါ၏ ကျိန်းဝပ်ရာ နေရာဖြစ်သည်။ (ဆာလံ ၁၃၅:၂၁) ဆာလံဆရာသည် ယေဟောဝါ၏ ဝတ်ပြုရာအိမ်တော် တည်ရှိသည့် ယေရုရှလင်တောင်များကို မျှော်ကြည့်၍ ယေဟောဝါ၏ ကူညီမစမှုကို ယုံကြည်စိတ်ချစွာ မျှော်ကိုးနေခဲ့သည်။ ဆာလံဆရာသည် မိမိကို ယေဟောဝါ ကူညီမစနိုင်သည်ဟု အဘယ်ကြောင့် ဤမျှစိတ်ချခဲ့သနည်း။ အကြောင်းမှာ၊ ကိုယ်တော်သည် “ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်း” ရှင်ဖြစ်၍တည်း။ အမှန်မှာ၊ ဆာလံဆရာက ‘ကျွန်ုပ်ကို ကူညီမစရန် တန်ခိုးအကြီးမားဆုံး ဖန်ဆင်းရှင်အား အဘယ်အရာကမျှ မတားဆီးနိုင်သည်မှာ သေချာ၏’ ဟုဆိုလိုက်ခြင်းပင် ဖြစ်သည်။—ဟေရှာယ ၄၀:၂၆။
(ဆာလံ ၁၂၁:၃၊ ၄) သင်၏ခြေကို ချော်စေခြင်းငှာ အခွင့်ပေးတော်မမူ။ သင့်ကို စောင့်သောသူသည် အိပ်တော်မမူ။ ၄ အကယ်စင်စစ် ဣသရေလအမျိုးကို စောင့်သောသူသည် ငိုက်မျဉ်းအိပ်ပျော်ခြင်း ရှိတော်မမူ။
ကျွန်ုပ်တို့၏ ကူညီမစရှင် ယေဟောဝါ
၄ ယေဟောဝါသည် မိမိကျေးကျွန်များ၏ လိုအပ်ရာများကို ကူညီမစရန် အမြဲနိုးကြားနေသည်ဟု ဆာလံဆရာက ဤသို့ထပ်ဆို၏– “သင်၏ခြေကို ချော်စေခြင်းငှာ အခွင့်ပေးတော်မမူ။ သင့်ကိုစောင့်သောသူသည် အိပ်တော်မမူ။ အကယ်စင်စစ် ဣသရေလအမျိုးကို စောင့်သောသူသည် ငိုက်မျဉ်းအိပ်ပျော်ခြင်း ရှိတော်မမူ။” (ဆာလံ ၁၂၁:၃၊ ၄) ဘုရားသခင်အား ကိုးစားသူများ ပြန်မတ်တတ် မထနိုင်သည်အထိ “ချော်စေ” ရန် သို့မဟုတ် ပြိုလဲသွားစေရန် ကိုယ်တော်ခွင့်ပြုမည် မဟုတ်ချေ။ (သုတ္တံ ၂၄:၁၆) အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယေဟောဝါသည် သိုးတို့ကို စောင့်ရှောက်ရန် အမြဲနိုးကြားနေသော သိုးထိန်းတစ်ဦးနှင့် တူတော်မူ၏။ ယင်းသည် စိတ်သက်သာမှု ရစေသည်မဟုတ်လော။ ကိုယ်တော်သည် မိမိလူမျိုးတော်၏ လိုအပ်ရာများမှ တစ်ခဏမျှပင် မျက်စိလွဲထားမည်မဟုတ်။ သူတို့ကို နေ့ညမပြတ် နိုးကြားစွာ ကိုယ်တော် စောင့်ကြည့်လျက်ရှိသည်။
(ဆာလံ ၁၂၁:၅–၈) ထာဝရဘုရားသည် သင့်ကို စောင့်တော်မူ၏။ ထာဝရဘုရားသည် သင်၏လက်ယာဘက်၌ရှိသော သင်ခိုလှုံရာအရိပ် ဖြစ်တော်မူ၏။ ၆ နေ့အချိန်၌ နေအားဖြင့်လည်းကောင်း၊ ညအချိန်၌ လအားဖြင့်လည်းကောင်း အထိအခိုက်မရှိရာ။ ၇ ထာဝရဘုရားသည် မကောင်းသော အမှုအရာအလုံးစုံတို့ကို ကွယ်ကာ၍ သင်၏အသက်ကို စောင့်တော်မူလိမ့်မည်။ ၈ ထာဝရဘုရားသည် သင်၏ထွက်ခြင်းနှင့် ဝင်ခြင်းတို့ကို ယခုမှစ၍ အစဉ်မပြတ် စောင့်တော်မူလိမ့်မည်။
ကျွန်ုပ်တို့၏ကူညီမစရှင် ယေဟောဝါ
၅ ယေဟောဝါသည် မိမိလူမျိုးတော်ကို တည်ကြည်စွာ ကာကွယ်ပေးရှင်ဖြစ်ကြောင်း ယုံကြည်စိတ်ချသော ဆာလံဆရာက ဤသို့ရေးသားခဲ့သည်– ‘ယေဟောဝါသည် သင့်ကို စောင့်တော်မူ၏။ ယေဟောဝါသည် သင်၏ လက်ယာဘက်၌ရှိသော သင်ခိုလှုံရာအရိပ် ဖြစ်တော်မူ၏။ နေ့အချိန်၌ နေအားဖြင့်လည်းကောင်း၊ ညအချိန်၌ လအားဖြင့်လည်းကောင်း အထိအခိုက်မရှိရာ။’ (ဆာလံ ၁၂၁:၅၊ ၆၊ ကဘ) အရှေ့အလယ်ပိုင်းဒေသမှ ခြေလျင်ခရီးသည်တစ်ဦးအတွက် ခိုလှုံရာအရိပ်သည် ချစ်ချစ်တောက် နေပူဒဏ်မှ ကာကွယ်ပေး၏။ ယေဟောဝါသည် မိမိ၏လူမျိုးတော်အတွက် မခံမရပ်နိုင်အောင် ပြင်းထန်သည့် ဘေးဆိုးဒဏ်မှ ကာကွယ်ပေးသော ခိုလှုံရာအရိပ်နှင့် တူတော်မူသည်။ ယေဟောဝါသည် “လက်ယာဘက်” ၌ရှိသည်ဟု ဆိုထားသည်ကို သတိပြုပါ။ ရှေးခေတ်တိုက်ပွဲ၌ စစ်သား၏ လက်ဝဲလက်တွင် ကိုင်ဆောင်ထားသော ဒိုင်းလွှားသည် သူ၏လက်ယာလက်ကို အတော်အတန် မကာကွယ်ပေးနိုင်ချေ။ တည်ကြည်သော မိတ်ဆွေတစ်ဦးက စစ်သား၏လက်ယာဘက်မှ ရပ်ကာ တိုက်ခိုက်ပေးခြင်းဖြင့် ကာကွယ်ပေး၏။ ဤမိတ်ဆွေကဲ့သို့ပင် ယေဟောဝါသည် မိမိအားဝတ်ပြုသူများဘက်မှ မားမားမတ်မတ်ရပ်တည်ကာ သူတို့ကို ကူညီမစရန် အမြဲအသင့်ရှိတော်မူသည်။
၆ ယေဟောဝါသည် မိမိလူမျိုးတော်ကို ကူညီမစမှု မပေးတော့ဘဲ နေမည်လော။ စိတ်ကူး၍ပင် မရနိုင်ပေ။ ဆာလံဆရာက ဤသို့ကောက်ချက်ချသည်- ‘ယေဟောဝါသည် မကောင်းသောအမှုအရာ အလုံးစုံတို့ကို ကွယ်ကာ၍ သင်၏အသက်ကို စောင့်တော်မူလိမ့်မည်။ ယေဟောဝါသည် သင်၏ထွက်ခြင်းနှင့် ဝင်ခြင်းတို့ကို ယခုမှစ၍ အစဉ်မပြတ် စောင့်တော်မူလိမ့်မည်။’ (ဆာလံ ၁၂၁:၇၊ ၈၊ ကဘ) ကျမ်းရေးသူသည် လက်ရှိကာလမှ အနာဂတ်ကာလသို့ အလေးပေး ပြောလာသည်ကို သတိပြုပါ။ အစောပိုင်းက အခန်းငယ် ၅ တွင် ‘ယေဟောဝါသည် သင့်ကို စောင့်တော်မူ၏’ ဟူ၍ ဆာလံဆရာ ဆိုသည်။ သို့သော် ဤအခန်းငယ်များတွင် ဆာလံဆရာက ‘ယေဟောဝါသည် သင့်ကို စောင့်တော်မူလိမ့်မည်’ ဟုရေးသား၏။ သို့ဖြစ်၍ စစ်မှန်သော ဝတ်ပြုသူများသည် ယေဟောဝါ၏ ကူညီမစမှုကို နောင်အနာဂတ်အထိ ရရှိသွားမည်ဟု ယုံကြည်စိတ်ချ၏။ သူတို့သည် အဘယ်နေရာသို့သွားပါစေ၊ အဘယ်ဘေးဆိုးကိုပင်ကြုံရပါစေ ကိုယ်တော်၏ ကူညီမစမှုကို မရနိုင်စရာအကြောင်းမရှိချေ။—သုတ္တံ ၁၂:၂၁။
၇ အတိုင်းအဆမဲ့ တန်ခိုးကြီး ဖန်ဆင်းရှင်သည် ဂရုစိုက်တတ်သော သိုးထိန်း၏ သနားကြင်နာမှုဖြင့်လည်းကောင်း၊ သတိရှိသောအစောင့်၏ နိုးကြားမှုဖြင့်လည်းကောင်း မိမိ၏ကျေးကျွန်များကို ကြည့်ရှုစောင့်ရှောက်တော်မူကြောင်း ဆာလံကျမ်းအခန်းကြီး ၁၂၁ ကိုရေးသားသူက ယုံကြည်စိတ်ချ၏။ ယေဟောဝါသည် ပြောင်းလဲခြင်းမရှိသောကြောင့် ဆာလံဆရာကဲ့သို့ ကျွန်ုပ်တို့လည်း ယုံကြည်စိတ်ချနိုင်စရာ ခိုင်လုံသောအကြောင်း ရှိသည်။ (မာလခိ ၃:၆) ယင်းက ကျွန်ုပ်တို့သည် ကာယရေးအရ ကာကွယ်မှု အမြဲရရှိလိမ့်မည်ဟု ဆိုလိုပါသလော။ မဆိုလိုပါ၊ သို့သော် ကျွန်ုပ်တို့၏ ကူညီမစရှင်အဖြစ် ကိုယ်တော့်ကို မျှော်ကိုးနေသရွေ့ ကိုယ်တော်သည် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးကို ဘေးသင့်စေနိုင်မည့် အရာမှန်သမျှမှ ကာကွယ်ပေးတော်မူမည်။ ‘ကျွန်ုပ်တို့ကို ယေဟောဝါ မည်သို့ကူညီမစမည်နည်း’ ဟုမေးတတ်ကြသည်မှာ သဘာဝပင်။ ကျွန်ုပ်တို့ကို ကိုယ်တော် ကူညီမစမည့် နည်းလေးနည်းကို ဆန်းစစ်ကြည့်ကြစို့။ ဤဆောင်းပါးတွင် ကျမ်းစာခေတ်က မိမိ၏ကျေးကျွန်များကို ကိုယ်တော် မည်သို့ကူညီမစခဲ့ကြောင်း ဆွေးနွေးကြမည်။ နောက်ဆောင်းပါးတွင် ယနေ့ မိမိ၏လူမျိုးတော်ကို ကိုယ်တော် မည်သို့ကူညီမစကြောင်း သုံးသပ်သွားမည်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဆာလံ ၁၂၃:၂) ကျွန်တို့သည် သခင်လက်ကိုလည်းကောင်း၊ ကျွန်မတို့သည် သခင်မလက်ကိုလည်းကောင်း မျှော်ကြည့်သည်နည်းတူ အကျွန်ုပ်တို့သည် ကယ်မသနားတော်မူခြင်း ကျေးဇူးကို မခံမီတိုင်အောင် အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားကို မျှော်ကြည့်လျက်နေကြပါ၏။
ဆာလံကျမ်းအပိုင်းငါးမှ ပေါ်လွင်ချက်များ
၁၂၃:၂—ကျွန်တို့ မျှော်ကြည့်သည်ဟူသည့် ပုံဥပမာက အဘယ်အရာကို ဖော်ပြသနည်း။ ကျွန်နှင့် ကျွန်မတို့သည် သခင် သို့မဟုတ် သခင်မ၏လက်ကို မျှော်ကြည့်ရသည့် အကြောင်းရင်းနှစ်ခုရှိရသည်– သူတို့အဘယ်ဆန္ဒရှိကြောင်းသိရန်နှင့် ကာကွယ်မှု၊ ဘဝလိုအပ်ရာများရရှိရန်တို့ကြောင့်ဖြစ်သည်။ အလားတူပင် ကျွန်ုပ်တို့သည် ယေဟောဝါ၏အလိုတော်ကို သိရှိရန်နှင့် ကိုယ်တော်၏မျက်နှာသာရရှိရန် ကိုယ်တော်ကို မျှော်ကိုးကြသည်။
(ဆာလံ ၁၃၃:၁–၃) ညီအစ်ကိုတို့သည် သဘောတူလျက် ပေါင်းဖော်ကြသည်အရာမှာ အလွန်ကောင်းပေ၏။ အလွန်တင့်တယ် လျောက်ပတ်ပေ၏။ ၂ အာရုံ၏ခေါင်းပေါ်မှာ လောင်းလျက် သူ၏ မုတ်ဆိတ်သို့စီး၍ လည်စွပ်တိုင်အောင်ကျသော နံ့သာဆီကဲ့သို့ ဖြစ်၏။ ၃ ဟေရမုန်တောင်နှင့် ဇိအုန်တောင်ရိုးပေါ်သို့ကျသော နှင်းကဲ့သို့ ဖြစ်၏။ ထိုသို့နေကြသောအရပ်၌ ထာဝရဘုရားသည် အစဉ်အမြဲအသက်ရှင်ခြင်း အခွင့်တည်းဟူသော ကောင်းချီးမင်္ဂလာကို စီရင်တော်မူ၏။
ဆာလံကျမ်းအပိုင်းငါးမှ ပေါ်လွင်ချက်များ
၁၃၃:၁–၃။ ယေဟောဝါလူမျိုး၏ စည်းလုံးမှုသည် ငြိမ်သက်အေးချမ်း၊ အကျိုးဖြစ်ထွန်း၊ လန်းဆန်းမှု ဖြစ်စေသည်။ ယင်းကို ကျွန်ုပ်တို့၏ အပြစ်ရှာခြင်း၊ ရန်တွေ့ခြင်း၊ ညည်းညူခြင်းတို့ဖြင့် မဖျက်ဆီးသင့်ပါ။
စက်တင်ဘာ ၁၉-၂၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဆာလံ ၁၃၅-၁၄၁
‘ထူးဆန်းသောလက္ခဏာနဲ့ ပြည့်စုံကြ’
(ဆာလံ ၁၃၉:၁၄) အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍ ကိုယ်တော်ကို ချီးမွမ်းပါမည်။ ပြုပြင်တော်မူသောအမှုတို့သည် အံ့သြဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏ စိတ်ဝိညာဉ်သည် အမှန်သိပါ၏။
ကျွန်ုပ်တို့သည် ‘ထူးဆန်းစွာဖန်ဆင်းခံရ’
သဘာဝလောကသည် အံ့ဖွယ်ဖန်ဆင်းခြင်း လက်ရာများဖြင့် ပြည့်နှက်နေသည်။ ယင်းတို့ မည်သို့ဖြစ်တည်လာသနည်း။ ဉာဏ်တော်ကြီးမားသော ဖန်ဆင်းရှင်တစ်ပါးမပါဘဲ ထိုမေးခွန်း၏အဖြေကို ရှာတွေ့နိုင်သည်ဟု အချို့ယူဆကြ၏။ အချို့ကမူ ဖန်ဆင်းရှင်အကြောင်း ထည့်မသုံးသပ်ပါက သဘာဝအကြောင်း အကန့်အသတ်ဖြင့်သာ နားလည်မည်ဟု ယူဆကြ၏။ ကမ္ဘာပေါ်ရှိ သက်ရှိများသည် ရှုပ်ထွေးများပြားလွန်းပြီး ဆန်းကြယ်လွန်းသဖြင့် မတော်တဆတိုက်ဆိုင်၍ ဖြစ်ပေါ်လာခြင်း မဖြစ်နိုင်ဟု သူတို့ယူဆကြသည်။ တန်ခိုးကြီး၍ မေတ္တာရှိသော ဉာဏ်ကြီးရှင်တစ်ပါးက စကြဝဠာကို ပြုလုပ်ခဲ့သည့် အထောက်အထားရှိကြောင်း သိပ္ပံပညာရှင်အချို့အပါအဝင် လူများစွာ လက်ခံကြသည်။
၂ အံ့ဖွယ်ဖန်ဆင်းခြင်းလက်ရာများအတွက် ဖန်ဆင်းရှင်ကို ဂုဏ်တင်ထိုက်သည်ဟု ယုံကြည်သူများတွင် ရှေးဣသရေလဘုရင်ဒါဝိဒ်လည်း ပါဝင်၏။ ယနေ့ သိပ္ပံခေတ်မတိုင်မီ နှစ်များစွာတွင် ဒါဝိဒ်အသက်ရှင်ခဲ့သော်လည်း သူ့ပတ်လည်ရှိ ဘုရားသခင့် အံ့ဖွယ်ဖန်ဆင်းခြင်းလက်ရာများကို သူသိမြင်ခဲ့သည်။ မိမိ၏ခန္ဓာကိုယ်အကြောင်း ဒါဝိဒ်စဉ်စားကြည့်ရုံဖြင့် ဘုရားသခင်၏ ဖန်ဆင်းနိုင်စွမ်းကို အလွန်အံ့သြမိန်းမောကာ စိုးရွံ့ခဲ့သည်။ “အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍ ကိုယ်တော်ကို ချီးမွမ်းပါမည်။ ပြုပြင်တော်မူသောအမှုတို့သည် အံ့သြဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏ စိတ်ဝိညာဉ်သည် အမှန်သိပါ၏” ဟုသူရေးသားခဲ့သည်။—ဆာလံ ၁၃၉:၁၄။
၃ ဒါဝိဒ်သည် လေးလေးနက်နက် တွေးတောခြင်းကြောင့် ထိုသို့အခိုင်အမာ ယုံကြည်နိုင်ခဲ့၏။ ယနေ့ ကျောင်းသင်ခန်းစာများနှင့် သတင်းမီဒီယာများတွင် လူ့မူလအစနှင့်ပတ်သက်သည့် ယုံကြည်ခြင်းကို ပျက်စီးစေသော သီအိုရီများ ပြည့်နှက်နေ၏။ ဒါဝိဒ်ကဲ့သို့ ယုံကြည်ခြင်းမျိုးရှိနိုင်ရန် ကျွန်ုပ်တို့လည်း လေးလေးနက်နက် တွေးတောရမည်။ အထူးသဖြင့် ဖန်ဆင်းရှင်တစ်ပါးရှိကြောင်း၊ ကိုယ်တော်၏ အခန်းကဏ္ဍအကြောင်းစသည့် အခြေခံအကြောင်းအရာများနှင့် ပတ်သက်လာလျှင် ကိုယ်တိုင် မတွေးတောမဆင်ခြင်ဘဲ သူတစ်ပါးယုံကြည်သည့်အတိုင်း ယုံကြည်လက်ခံခြင်းသည် အလွန်အန္တရာယ်ရှိ၏။
၄ ထို့ပြင် ယေဟောဝါ၏ လက်ရာတော်များအကြောင်း တွေးတောဆင်ခြင်ခြင်းက ကိုယ်တော့်ကို ပို၍ကျေးဇူးတင်မြတ်နိုးလာစေပြီး အနာဂတ်ကတိတော်များကို ပို၍ယုံကြည်စိတ်ချစေသည်။ ယင်းကတစ်ဖန် ယေဟောဝါအကြောင်း ပိုသိလိုစိတ်၊ ပိုအမှုဆောင်လိုစိတ် ဖြစ်စေနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ‘ထူးဆန်းစွာဖန်ဆင်းခံရ’ သည်ဟူသော ဒါဝိဒ်၏ ကောက်ချက်ကို ခေတ်သစ်သိပ္ပံပညာက မည်သို့ထောက်ခံကြောင်း သုံးသပ်ကြည့်ကြစို့။
(ဆာလံ ၁၃၉:၁၅၊ ၁၆) မထင်ရှားသောအရပ်၌ အကျွန်ုပ်ကို ဖန်ဆင်း၍ မြေကြီးအောက်အရပ်၌ စေ့စပ်စွာပြုပြင်တော်မူသောအခါ အကျွန်ုပ်၏ ကိုယ်ခန္ဓာသည် ရှေ့တော်၌ ထင်ရှားလျက် ရှိပါ၏။ ၁၆ မစုံလင်သေးသော အကျွန်ုပ်၏ အလုံးအထွေးကိုလည်း ကိုယ်တော်သည် ကြည့်ရှု၍ မြင်တော်မူပြီ။ ထိုအရာတို့ကို ပြုပြင်၍ တစ်စုံတစ်ခုမျှ မရှိမီကာလတွင် ကိုယ်တော်၏စာရင်း၌ အကုန်အစင် မှတ်သားလျက်ရှိကြပါ၏။
ကျွန်ုပ်တို့သည် ‘ထူးဆန်းစွာဖန်ဆင်းခံရ’
၇ “မထင်ရှားသောအရပ်၌ အကျွန်ုပ်ကို ဖန်ဆင်း၍ မြေကြီးအောက်အရပ်၌ စေ့စပ်စွာပြုပြင်တော်မူသောအခါ အကျွန်ုပ်၏ [“အရိုးတို့၊” ကဘ] သည် ရှေ့တော်၌ ထင်ရှားလျက်ရှိပါ၏။” (ဆာလံ ၁၃၉:၁၅) တစ်ခုတည်းသော မူရင်းဆဲလ်ကွဲပြီးနောက် ဆဲလ်အသစ်များ ဖြစ်လာသည်။ ယင်းတို့က တစ်ဖန် နဗ်ကြောဆဲလ်၊ ကြွက်သားဆဲလ်၊ အရေပြားဆဲလ် စသည်ဖြင့် အမျိုးအစားအလိုက် ကွဲလာကြသည်။ အမျိုးအစားတူသော ဆဲလ်အုပ်စုများ စုပေါင်း၍ တစ်ရှူးများ၊ ယင်းမှတစ်ဖန် အင်္ဂါအစိတ်အပိုင်းများ ဖြစ်လာသည်။ ဥပမာ၊ သန္ဓေတည်ပြီး သုံးပတ်အကြာတွင် အရိုးစုစနစ် စတင်ဖြစ်ပေါ်လာသည်။ လူကြီးတစ်ဦးအနေနှင့် သင့်တွင်ရှိသော အရိုး ၂၀၆ ချောင်းသည် သင် ခုနစ်ပတ်သားအရွယ်၊ တစ်လက်မအရှည်သာရှိသေးချိန်တွင် အရိုးမဖြစ်သေးသော်လည်း သူ့နေရာနှင့်သူရှိနေပြီဖြစ်သည်။
၈ ထိုအံ့ဖွယ်ဖြစ်စဉ်များသည် လူသားတို့ရှေ့ မထင်ရှားသောအရပ်၊ မြေကြီးအောက်အရပ်ကဲ့သို့သော မိခင်၏သားအိမ်အတွင်း ဖြစ်ပျက်နေသည်။ အမှန်မှာ၊ ကျွန်ုပ်တို့ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ လူတို့မသိသောအရာများစွာ ရှိသေးသည်။ ဥပမာ၊ ဆဲလ်များ၏ လုပ်ငန်းအသီးသီးကို ခွဲထုတ်ပေးရန် သင့်ဆဲလ်အတွင်းရှိ မျိုးရိုးဗီဇများကို မည်သည့်အရာက လှုံ့ဆော်ပေးသနည်း။ နောက်ဆုံးတွင် သိပ္ပံပညာက ထိုအဖြေကို တွေ့ကောင်းတွေ့ပေမည်။ သို့သော် ဒါဝိဒ်အသိအမှတ်ပြုသည့်အတိုင်း ယင်းတို့အားလုံးကို ဖန်ဆင်းရှင် ယေဟောဝါသာလျှင် အပြည့်အဝ နားလည်တော်မူသည်။
၉ “မစုံလင်သေးသော အကျွန်ုပ်၏ အလုံးအထွေးကိုလည်း ကိုယ်တော်သည် ကြည့်ရှု၍ မြင်တော်မူပြီ။ ထိုအရာတို့ကိုပြုပြင်၍ တစ်စုံတစ်ခုမျှ မရှိမီကာလတွင် ကိုယ်တော်၏ စာရင်း၌ အကုန်အစင် မှတ်သားလျက် ရှိကြပါ၏။” (ဆာလံ ၁၃၉:၁၆) ဦးဆုံးဖြစ်လာသော မူရင်းဆဲလ်တစ်ခုတွင် သင့်ခန္ဓာကိုယ်တစ်ခုလုံး၏ ပုံစံအပြည့်အစုံ ပါဝင်ပြီးဖြစ်သည်။ ထိုပုံစံသည် မမွေးဖွားမီ ကိုးလအတွင်း ကြီးထွားမှုကိုသာမက လူကြီးအဖြစ် ကြီးပြင်းစဉ် နှစ်ပေါင်းနှစ်ဆယ်ကျော်အထိ ညွှန်ကြားပေးသည်။ ထိုအတောအတွင်း သင့်ခန္ဓာကိုယ်သည် အဆင့်များစွာကို ဖြတ်ကျော်ခဲ့၏။ ထိုအဆင့်အားလုံးကို မူရင်းဆဲလ်အတွင်းရှိ ပုံစံရေးဆွဲထားသော အချက်အလက်များက ညွှန်ကြားသည်။
၁၀ ဆဲလ်နှင့် မျိုးရိုးဗီဇများအကြောင်း ဒါဝိဒ်မသိသည့်အပြင် အဏုကြည့်ကိရိယာလည်း သူ့တွင်မရှိပေ။ သို့သော် သူ့ခန္ဓာကိုယ်ကြီးထွားပုံကို ကြည့်ခြင်းဖြင့် ယင်းကို ကြိုတင်ပုံစံရေးဆွဲထားကြောင်း နားလည်ခဲ့၏။ သန္ဓေသားလောင်း ကြီးထွားလာပုံနှင့်ပတ်သက်၍ ဒါဝိဒ်အနည်းငယ် သိရှိပေမည်။ ထို့ကြောင့် ကြိုတင်ရေးဆွဲထားသောပုံစံနှင့် အချိန်ဇယားအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်လာကြောင်း သူဆင်ခြင်နိုင်ခဲ့သည်။ ထိုပုံစံသည် ဘုရားသခင်၏ “စာရင်း၌ အကုန်အစင် မှတ်သားလျက် ရှိကြပါ၏” ဟုကဗျာဆန်ဆန် သူရေးဖွဲ့ခဲ့သည်။
၁၁ သင့်မိဘနှင့် ဘိုးဘေးများထံမှ အမွေရခဲ့သော ကြန်အင်လက္ခဏာများဖြစ်သည့် အရပ်အမောင်း၊ မျက်နှာပေါက်၊ မျက်လုံးနှင့် ဆံပင်အရောင် စသည်တို့အပြင် အခြားစရိုက်များစွာကို သင့်မျိုးရိုးဗီဇက ဆုံးဖြတ်ပေးသည်။ သင့်ဆဲလ်တစ်ခုစီတွင် သောင်းနှင့်ချီသော မျိုးရိုးဗီဇများပါဝင်ပြီး ထိုမျိုးရိုးဗီဇတစ်ခုစီသည် ဒီအင်အေ (ဒီအောက်ဆီ ရိုင်ဗိုနယူကလီအစ် အက်ဆစ်) ဖြစ်စဉ်ကြီးတွင် ပါဝင်သည်။ သင့်ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် ပတ်သက်သော ညွှန်ကြားချက်များကို ဒီအင်အေ ဖွဲ့စည်းတည်ဆောက်ပုံတွင် “မှတ်သား” ပြီးဖြစ်၏။ ဆဲလ်အသစ်များ ဖြစ်ပေါ်စေရန် သို့မဟုတ် အိုမင်းသောဆဲလ်များကို အစားထိုးရန် ဆဲလ်များကွဲပွားသည့်အခါတိုင်း ဒီအင်အေသည် ထိုညွှန်ကြားချက်များကို လက်ဆင့်ကမ်းပေး၏။ သို့ဖြင့် သင့်ကို အသက်ဆက်စေသည့်အပြင် သင့်မူလရုပ်သွင်ကို ထိန်းသိမ်းပေးသည်။ ဖန်ဆင်းရှင်၏ တန်ခိုးနှင့် ဉာဏ်ပညာသည် အံ့သြမိန်းမောဖွယ်ပါတကား!
(ဆာလံ ၁၃၉:၁၇၊ ၁၈) အိုဘုရားသခင် အကျွန်ုပ်၌ ကိုယ်တော်၏ အကြံအစည်တို့သည် အလွန်ထူးဆန်းကြပါ၏။ အလွန်များပြားကြပါ၏။ ၁၈ ထိုအကြံအစည်တော်တို့ကို ရေတွက်လျှင် သဲလုံးနှင့်အမျှမက သာ၍များပြားကြပါ၏။ အကျွန်ုပ်သည် နိုးသောအခါ ကိုယ်တော်ထံ၌ အစဉ်ရှိပါ၏။
ကျွန်ုပ်တို့သည် ‘ထူးဆန်းစွာဖန်ဆင်းခံရ’
ထူးဆန်းသော ဦးနှောက်
၁၂ “အိုဘုရားသခင်၊ အကျွန်ုပ်၌ ကိုယ်တော်၏ အကြံအစည်တို့သည် အလွန်ထူးဆန်းကြပါ၏။ အလွန်များပြားကြပါ၏။ ထိုအကြံအစည်တော်တို့ကို ရေတွက်လျှင် သဲလုံးနှင့်အမျှမက သာ၍များပြားကြပါ၏။” (ဆာလံ ၁၃၉:၁၇၊ ၁၈) တိရစ္ဆာန်များလည်း ထူးဆန်းစွာ ဖန်ဆင်းခံရ၏။ တိရစ္ဆာန်အချို့တွင် လူ့ထက်သာလွန်သော အာရုံခံသတ္တိနှင့် စွမ်းရည်များရှိကြသည်။ သို့သော် ဘုရားသခင်သည် လူကို စဉ်စားတွေးခေါ်နိုင်စွမ်း ထည့်ပေးထားသဖြင့် မည်သည့်တိရစ္ဆာန်ထက်မဆို သာလွန်သည်။ “လူသားတို့သည် အခြားမျိုးစိတ်များနှင့် ကဏ္ဍများစွာတွင် ဆင်တူသော်လည်း ဘာသာစကားပြောနိုင်စွမ်းနှင့် စဉ်စားနိုင်စွမ်းတို့တွင်မူ ကမ္ဘာ့သက်ရှိများထက် ထူးခြားသည်။ ငါတို့ ကိုယ်ခန္ဓာကို ဘယ်လို ဖွဲ့စည်းတည်ဆောက်ထားသလဲ။ ငါတို့ကို ဘယ်လိုပုံစံပြုထားသလဲစသည်ဖြင့် မိမိတို့အကြောင်းနှင့် ပတ်သက်၍ အလွန်သိလိုစိတ်ရှိရာတွင်လည်း ထူးခြား၏” ဟု သိပ္ပံပြဋ္ဌာန်းစာအုပ်တစ်အုပ်က ဆိုသည်။ ထိုမေးခွန်းများကို ဒါဝိဒ်လည်း စဉ်စားခဲ့သည်။
၁၃ တိရစ္ဆာန်များနှင့် ကွာခြားသည့် အဓိကအချက်မှာ ကျွန်ုပ်တို့သည် ဘုရားသခင့်အတွေးအခေါ်ကို ဆင်ခြင်နိုင်စွမ်းရှိခြင်း ဖြစ်သည်။ ထိုအထူးလက်ဆောင်သည် “ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ” ဖန်ဆင်းခံရခြင်းတွင် ပါဝင်သောအရာတစ်ခုဖြစ်၏။ (ကမ္ဘာဦး ၁:၂၇) ထိုလက်ဆောင်ကို ဒါဝိဒ် ကောင်းစွာအသုံးပြုခဲ့သည်။ ဘုရားသခင်တည်ရှိကြောင်း အထောက်အထားနှင့် သူ့ပတ်လည်ရှိ မြေကမ္ဘာတွင် ထင်ရှားပေါ်လွင်နေသော ကိုယ်တော့် အရည်အသွေးကောင်းများကို သူတွေးတောဆင်ခြင်ခဲ့သည်။ ဘုရားသခင်နှင့် ကိုယ်တော့်လက်ရာတော်များအကြောင်း ဖော်ပြထားသော အစောပိုင်းကျမ်းစာစောင်များလည်း ဒါဝိဒ်တွင်ရှိသည်။ ထိုမှုတ်သွင်းခံစာစောင်များကြောင့် ဘုရားသခင့် အတွေးအခေါ်၊ ဥပဓိရုပ်နှင့် ရည်ရွယ်တော်မူချက်တို့ကို ဒါဝိဒ် သိနားလည်ခဲ့သည်။ ကျမ်းစာ၊ ဖန်ဆင်းခြင်း၊ မိမိနှင့်ဘုရားသခင်ဆက်ဆံပုံတို့ကို ဒါဝိဒ် တွေးတောဆင်ခြင်ခြင်းက ဖန်ဆင်းရှင်ကို ချီးမွမ်းဂုဏ်တင်ရန် သူ့ကိုလှုံ့ဆော်ပေး၏။
ဆာလံကျမ်းအပိုင်းငါးမှ ပေါ်လွင်ချက်များ
၁၃၉:၁၇၊ ၁၈။ ယေဟောဝါနှင့်ပတ်သက်သော အသိပညာရှိခြင်းက ကျွန်ုပ်တို့ကို ပျော်မွေ့စေပါသလော။ (သုတ္တံ ၂:၁၀) သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် မကုန်မဆုံးနိုင်သော ပျော်ရွှင်မှု၏ ရင်းမြစ်ကို ရှာတွေ့ပြီ ဖြစ်သည်။ ယေဟောဝါ၏ အကြံအစည်တော်တို့သည် “သဲလုံးနှင့်အမျှမက သာ၍များကြပါ၏။” ကိုယ်တော်အကြောင်း သင်ယူစရာ အစဉ်အမြဲရှိမည် ဖြစ်သည်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဆာလံ ၁၃၆:၁၅) ကရုဏာတော် အစဉ်အမြဲတည်သည်ဖြစ်၍ ဖာရောမင်းနှင့် ဗိုလ်ခြေများကို ဧဒုံပင်လယ်ထဲ၌ လှဲချတော်မူထသော။
it–1–E ၇၈၃ အပိုဒ် ၅
ထွက်မြောက်ရာ
ယေဟောဝါက အံ့မခန်းဖွယ် တန်ခိုးကိုသုံးပြီး နာမတော်ကို ချီးမြှောက်ခဲ့တယ်၊ အစ္စရေးတွေကို ကယ်တင်ခဲ့တယ်။ ပင်လယ်နီအရှေ့ဘက်ကမ်းခြေကို ချောချောမွေ့မွေ့ ရောက်တဲ့အခါ မောရှေက ဦးဆောင်ပြီး အစ္စရေးအမျိုးသားတွေနဲ့အတူ သီချင်းတစ်ပုဒ် သီဆိုခဲ့တယ်။ မောရှေရဲ့အစ်မ ပရောဖက်မ မိရိအံကလည်း အမျိုးသားတွေဆိုတဲ့သီချင်းကို ထပ်ကျော့သီဆိုရင်း ချူတပ်ဗုံတီးပြီး ကခုန်တော့ ကျန်တဲ့အမျိုးသမီးတွေလည်း သီဆိုကခုန်ကြတယ်။ (ထွ. ၁၅:၁၊ ၂၀၊ ၂၁) အစ္စရေးတွေဟာ ရန်သူတွေဆီကနေ သီးခြားခွဲထွက်လာပြီ။ အီဂျစ်ပြည်ကနေ သူတို့ထွက်လာတဲ့အခါ လူတွေ၊ သားရဲတိရစ္ဆာန်တွေရဲ့ အန္တရာယ်ပြုတာကို မခံခဲ့ရဘူး။ ခွေးတောင် သူတို့ကို မဟောင်ရဲခဲ့ဘူး။ (ထွ. ၁၁:၇) ထွက်မြောက်ရာကျမ်းမှတ်တမ်းမှာ ဖာရောမင်းကိုယ်တိုင် သူ့စစ်တပ်နဲ့အတူ ပင်လယ်ထဲ လိုက်ဝင်သွားပြီး ဖျက်ဆီးခံလိုက်ရတယ်လို့ မဖော်ပြထားပေမဲ့ ဆာလံ ၁၃၆:၅ မှာတော့ ယေဟောဝါက “ဖာရောမင်းနှင့် ဗိုလ်ခြေများကို ဧဒုံပင်လယ်ထဲ၌ လှဲချ” တယ်လို့ ဖော်ပြထားတယ်။
(ဆာလံ ၁၄၁:၅) ဖြောင့်မတ်သောသူသည် အကျွန်ုပ်ကို ဒဏ်ခတ်ပါစေသော။ ကျေးဇူးရှိပါလိမ့်မည်။ ဆုံးမပါစေသော။ အကျွန်ုပ်ဦးခေါင်းကို လိမ်းသော ဆီဖြစ်ပါလိမ့်မည်။ ထပ်၍ပြုသော်လည်း အကျွန်ုပ် မငြင်းပါ။ ယခုမူကား သူတစ်ပါးပြုသော အဓမ္မအမှုတစ်ဖက်၌ ဆုတောင်းရပါ၏။
နှင်ထုတ်ခြင်းက ဘာကြောင့် မေတ္တာပါအစီအစဉ်ဖြစ်
နှင်ထုတ်ခံရသူတစ်ယောက်ကို အသင်းတော်ထဲ ပြန်လာဖို့ ကူညီပေးရာမှာ မေတ္တာနဲ့ ပြတ်သားမှုရှိဖို့ လိုအပ်တယ်။ ဥပမာ၊ အေးခဲနေတဲ့နေ့တစ်နေ့မှာ လမ်းပျောက်နေတဲ့ တောင်တက်သမားနှစ်ယောက်ဟာ လာကယ်မယ့်သူကို မျှော်နေကြတယ်။ အေးလွန်းလို့ တစ်ယောက်က မောပန်းပြီး အိပ်ငိုက်လာတယ်။ ဒါပေမဲ့ နှင်းတောထဲအိပ်ပျော်သွားရင် သေသွားလိမ့်မယ်။ ဒါနဲ့ သူ မအိပ်ငိုက်စေဖို့ နောက်တစ်ယောက်က ပါးကို ခပ်ဆတ်ဆတ်လေး ရိုက်လိုက်တယ်။ ပါးရိုက်ခံရလို့ နာကျင်ပေမဲ့ ဒါက သူ့အသက်ကို ကယ်တင်နိုင်တယ်။ အဲဒီလိုသဘောမျိုး ဒါဝိဒ်လည်း ပြောခဲ့တယ်။ ‘ဖြောင့်မတ်သူက ကျွန်တော့်ကို ရိုက်ပါစေ။ ဒါက ခိုင်မြဲတဲ့မေတ္တာပြတာပဲ’ လို့သူပြောတယ်။ (ဆာ. ၁၄၁:၅၊ ကဘ) ဆုံးမခြင်းက နာကျင်စေပေမဲ့ အကူအညီဖြစ်စေနိုင်တယ်ဆိုတာ ဒါဝိဒ်သိတယ်။
စက်တင်ဘာ ၂၆-အောက်တိုဘာ ၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဆာလံ ၁၄၂-၁၅၀
“ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ် ဖြစ်တော်မူ၏”
(ဆာလံ ၁၄၅:၁–၉) အကျွန်ုပ်၏ ရှင်ဘုရင်၊ အကျွန်ုပ်၏ ဘုရားသခင် ကိုယ်တော်ကို ချီးမြှောက်ပါမည်။ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းချီးပေးပါမည်။ ၂ ကိုယ်တော်ကို နေ့တိုင်းအစဉ် ကောင်းချီးပေးပါမည်။ နာမတော်ကို ကမ္ဘာအဆက်ဆက်ချီးမွမ်းပါမည်။ ၃ ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ် ဖြစ်တော်မူ၏။ ကြီးမြတ်တော်မူခြင်းကို စစ်၍မကုန်နိုင်။ ၄ အမှုတော်တို့ကို လူမျိုးအဆက်ဆက်တို့သည် ချီးမွမ်း၍ တန်ခိုးတော်များကို ဟောပြောကြပါလိမ့်မည်။ ၅ အကျွန်ုပ်သည်လည်း ဘုန်းတန်ခိုး အာနုဘော်တော်ကိုလည်းကောင်း၊ အံ့ဖွယ်သော အမှုတော်တို့ကိုလည်းကောင်း မြွက်ဆိုပါမည်။ ၆ သူတို့သည် ကြောက်မက်ဖွယ်သော အမှုတော်တို့၌ပါသော တန်ခိုးကိုမြွက်ဆို၍ အကျွန်ုပ်သည်လည်း ကြီးမြတ်တော်မူခြင်း အကြောင်းကို ကြားပြောပါမည်။ ၇ သူတို့သည် အလွန်ကောင်းမြတ်တော်မူခြင်းကို အောက်မေ့ဖို့ရာ မြွက်ဆို၍ ဖြောင့်မတ်တော်မူခြင်းအရာကို ရွှင်လန်းစွာ သီချင်းဆိုကြပါလိမ့်မည်။ ၈ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘောနှင့် ပြည့်စုံ၍ ခန္တီတော်နှင့် ကရုဏာတော်သည် အလွန်ကြွယ်ဝပါ၏။ ၉ ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သောသဘောရှိ၍ ဖန်ဆင်းတော်မူသမျှတို့ကို သနားစုံမက်တော်မူ၏။
ယေဟောဝါ၏ ကြီးမြတ်မှုကို စစ်၍မကုန်နိုင်
‘အကျွန်ုပ်၏ရှင်ဘုရင် ဘုရားသခင်ကို ငါချီးမြှောက်မည်’
၃ ဒါဝိဒ်သည် ဘုရားသခင် ခန့်အပ်ထားသည့် ရှင်ဘုရင်ဖြစ်သော်လည်း ယေဟောဝါအား စစ်မှန်သော ဣသရေလရှင်ဘုရင်အဖြစ် သူရှုမြင်ခဲ့သည်။ ဒါဝိဒ်ဤသို့ဆိုခဲ့သည်– “အို [ယေဟောဝါ]၊ ကိုယ်တော်သည် အစိုးရတော်မူပါ၏။ ခပ်သိမ်းသောသူတို့အထွတ်၊ အမြင့်မြတ်ဆုံး ဖြစ်တော်မူပါ၏။” (၁ ရာဇဝင်ချုပ် ၂၉:၁၁၊ သမ္မာ) ထို့အပြင် ဒါဝိဒ်သည် ဘုရားသခင်၏ အုပ်စိုးရှင်အရာကို အမှန်တကယ် တန်ဖိုးထားလေးမြတ်ခဲ့သည်တကား! ‘အကျွန်ုပ်၏ရှင်ဘုရင် ဘုရားသခင်ကို ငါချီးမြှောက်မည်။ ကာလအစဉ်အဆက် နာမတော်ကို ကောင်းချီးပေးပါမည်။ ကိုယ်တော်ကို နေ့တိုင်းအစဉ် ကောင်းချီးပေးပါမည်။ နာမတော်ကို ကာလအစဉ်အဆက် ချီးမွမ်းပါမည်’ ဟု သူသီဆိုခဲ့၏။ (ဆာလံ ၁၄၅:၁၊ ၂) ဒါဝိဒ်သည် ယေဟောဝါဘုရားသခင်အား တစ်နေ့လုံး၊ ထာဝရကာလပတ်လုံး ချီးမွမ်းရန် အလိုဆန္ဒရှိခဲ့သည်။
၄ ဘုရားသခင်သည် မိမိဖန်ဆင်းထားရာ သတ္တဝါတို့ကို လွတ်လပ်ခွင့်မပေး၊ တစ်ကိုယ်ကောင်းဆန်သော အုပ်စိုးရှင်ဖြစ်၏ဟူသည့် စာတန့်အဆိုကို ဆာလံ ၁၄၅ က ထိရောက်စွာ ချေပထားသည်။ (ကမ္ဘာဦး ၃:၁-၅) ထို့ပြင် လူတို့သည် ဘုရားသခင်ကို ချစ်၍မဟုတ်ဘဲ အကျိုးရ၍သာ နာခံကြသည်ဟူသော စာတန့်လိမ်လည်မှုကို ဤဆာလံက ဖော်ထုတ်သည်။ (ယောဘ ၁:၉-၁၁; ၂:၄၊ ၅) ဒါဝိဒ်ကဲ့သို့ပင် ယနေ့ စစ်မှန်သောခရစ်ယာန်များသည် စာတန်၏ မတရားစွပ်စွဲချက်များကို ချေပနေကြ၏။ သူတို့သည် ယေဟောဝါအား ထာဝရကာလပတ်လုံး ချီးမွမ်းလိုကြရာ ဘုရားသခင့်နိုင်ငံတော်အောက် ထာဝစဉ်အသက်ရှင်ရမည့် မျှော်လင့်ချက်ကို တန်ဖိုးထားကြသည်။ ယခုပင် သန်းပေါင်းများစွာသောသူတို့သည် ယေရှု၏ ရွေးဖိုးပူဇော်ရာယဇ်ကို ယုံကြည်ကြောင်း တင်ပြခြင်းအားဖြင့်၊ ကိုယ်တော်၏ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံပြီးသော ဝတ်ပြုသူများအဖြစ် မေတ္တာအပြည့်အဝနှင့် နှိမ့်ချစွာ ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်ကြခြင်းအားဖြင့် ထိုသို့ပြုနေကြပြီ။—ရောမ ၅:၈; ၁ ယောဟန် ၅:၃။
ယေဟောဝါ၏ ကြီးမြတ်မှုကို စစ်၍မကုန်နိုင်
ဘုရားသခင့် ကြီးမြတ်မှုဆိုင်ရာ ပုံနမူနာများ
၇ ဆာလံ ၁၄၅:၃ က ယေဟောဝါအား ချီးမွမ်းရခြင်း၏ အဓိကအကြောင်းရင်းကို ဖော်ပြသည်။ ဒါဝိဒ်ဤသို့သီဆိုသည်– “[ယေဟောဝါ] သည် ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ် ဖြစ်တော်မူ၏။ ကြီးမြတ်တော်မူခြင်းကို စစ်၍မကုန်နိုင်။” ယေဟောဝါ၏ ကြီးမြတ်မှုသည် အတိုင်းအဆမဲ့ဖြစ်၏။ ယင်းကြောင့် လူတို့သည် ကိုယ်တော်၏ ကြီးမြတ်မှုကို စစ်၍မကုန်နိုင်၊ နားမလည်နိုင်၊ တိုင်းတာ၍ မရနိုင်ချေ။ သို့သော် ယေဟောဝါ၏ စစ်၍မကုန်နိုင်သော ကြီးမြတ်မှု ပုံနမူနာအချို့ကို ယခု သုံးသပ်ကြည့်ခြင်းမှ မုချအကျိုးရပေလိမ့်မည်။
၈ သင်သည် မြို့ပြ၏ ထိန်ထိန်ညီးသော အလင်းရောင်များမှ ဝေးကွာနေ၍ တိမ်ကင်းစင်သောညတစ်ညဝယ် ကောင်းကင်သို့ မော့ကြည့်ခဲ့ဖူးချိန်ကို ပြန်အမှတ်ရရန် ကြိုးစားကြည့်ပါ။ မှောင်မည်းနေသည့် အာကာသဟင်းလင်းပြင်တွင် မြောက်မြားလှသည့် ကြယ်ပြောက်များကို တွေ့မြင်၍ အံ့သြမိန်းမောခဲ့သည် မဟုတ်ပေလော။ အဆိုပါ ကောင်းကင်တန်ဆာရှိရှိသမျှကို ဖန်ဆင်းထားသည့် ကိုယ်တော်၏ ကြီးမြတ်မှုအတွက် ယေဟောဝါအား ချီးမွမ်းရန် တိုက်တွန်းလှုံ့ဆော် မခံရပေလော။ သို့ရာတွင် သင်တွေ့မြင်လိုက်ရသည်မှာ ကမ္ဘာမြေကြီးပါဝင်သော ဂလက်ဆီတစ်ခုအတွင်းရှိ ကြယ်တာရာတို့၏ အလွန်သေးငယ်သော အစိတ်အပိုင်းလေးတစ်ပိုင်းမျှသာ ရှိသေးသည်။ ဤဂလက်ဆီအပြင်၊ ဂလက်ဆီ ဘီလီယံပေါင်း ရာကျော်ရှိသည်ဟု ခန့်မှန်းရသည်၊ ယင်းတို့အနက် သုံးခုကိုသာ အဝေးကြည့်မှန်ပြောင်း အကူအညီမပါဘဲ တွေ့မြင်နိုင်ပေသည်။ ကျယ်ပြောသော စကြဝဠာတွင်ရှိ မရေမတွက်နိုင်သော ကြယ်တာရာပေါင်းများစွာနှင့် ဂလက်ဆီများသည် ယေဟောဝါ၏ ဖန်ဆင်းနိုင်စွမ်းနှင့် စစ်၍မကုန်နိုင်သော ကြီးမြတ်မှုတို့ကို သက်သေထူသည်။—ဟေရှာယ ၄၀:၂၆။
ယေဟောဝါ၏ ကြီးမြတ်မှုကို စစ်၍မကုန်နိုင်
ဘုရားသခင်၏ ကျင့်ဝတ်အရည်အသွေးများ ကြီးမြတ်လှစွတကား!
၂၀ ကျွန်ုပ်တို့သိရှိခဲ့ကြရသည့်အတိုင်း ဆာလံ ၁၄၅ ၏ ပထမအခန်းငယ်ခြောက်ခုသည် ကိုယ်တော်၏ စစ်၍မကုန်နိုင်သော ကြီးမြတ်မှုနှင့်စပ်လျဉ်း၍ ယေဟောဝါအားချီးမွမ်းစရာ အကြောင်းကောင်း ရှိစေသည်။ အခန်းငယ် ၇ မှ ၉ ၌ ကိုယ်တော်၏ ကျင့်ဝတ်အရည်အသွေးများကို ရည်ညွှန်းခြင်းအားဖြင့် ဘုရားသခင်၏ ကြီးမြတ်မှုကို တိုး၍ကြီးကျယ်စေသည်။ ဒါဝိဒ် ဤသို့သီဆိုလေသည်– “သူတို့သည် အလွန်ကောင်းမြတ်တော်မူခြင်းကို အောက်မေ့ဖို့ရာ မြွက်ဆို၍၊ ဖြောင့်မတ်တော်မူခြင်းအရာကို ရွှင်လန်းစွာ သီချင်းဆိုကြပါလိမ့်မည်။ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘောနှင့် ပြည့်စုံ၍၊ [အမျက်ထွက်နှေးခြင်း] နှင့် [ချစ်ခင်ကြင်နာမှု] သည် အလွန်ကြွယ်ဝပါ၏။ ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သောသဘောရှိ၍၊ ဖန်ဆင်းတော်မူသမျှတို့ကို သနားစုံမက်တော်မူ၏။”
၂၁ ဤတွင် ဒါဝိဒ်သည် စာတန်စောဒကတက်ခဲ့သည့် ယေဟောဝါ၏ ကောင်းမြတ်ခြင်းနှင့် ဖြောင့်မှန်ခြင်းတို့ကို ဦးစွာ မီးမောင်းထိုးပေးသည်။ အဆိုပါအရည်အသွေးများက ဘုရားသခင်အား ချစ်မြတ်နိုးပြီး ကိုယ်တော်၏ အုပ်ချုပ်မှုကို လက်အောက်ခံကြသူ အားလုံးအပေါ် အဘယ်အကျိုးသက်ရောက်သနည်း။ ယေဟောဝါ၏ ကောင်းမြတ်ခြင်းနှင့် ကိုယ်တော်၏ ဖြောင့်မှန်သော အုပ်ချုပ်နည်းတို့က ကိုယ်တော်အား ဝတ်ပြုသူတို့ကို အလွန်ပျော်ရွှင်မှုပေးသဖြင့် သူတို့သည် ကိုယ်တော်အား ချီးမွမ်းဝတ် မပြုဘဲမနေနိုင်ကြချေ။ ထို့ပြင်၊ ယေဟောဝါ၏ ကောင်းမြတ်ခြင်းသည် “အားလုံး” အတွက်ဖြစ်သည်။ ထို့ကြောင့် အချိန်မနှောင်းမီ လူများစွာတို့ နောင်တယူပြီး စစ်မှန်သော ဘုရားသခင်အား ဝတ်ပြုသူများဖြစ်လာနိုင်ကြမည်ဟု မျှော်လင့်ပါသည်။—တမန်တော် ၁၄:၁၅-၁၇။
ယေဟောဝါသည် တည်ကြည်သောမေတ္တာ အလွန်ကြွယ်ဝ
၂ ယေဟောဝါသည် မိမိ၏ စစ်မှန်သောဝတ်ပြုသူများအား မြတ်နိုးစွာဖြင့် မေတ္တာအမြဲပြတော်မူ၏။ ဤသို့သောမေတ္တာကို “ချစ်ခင်ကြင်နာမှု၊” သို့မဟုတ် “တည်ကြည်သောမေတ္တာ” ဟု ဘာသာပြန်ဆိုထားသည့် ဟေဗြဲစကားလုံးဖြင့် ဖော်ပြနိုင်သည်။ ရှေးဣသရေလနိုင်ငံ၏ဘုရင် ဒါဝိဒ်သည် ဘုရားသခင်၏ ချစ်ခင်ကြင်နာမှုကို အလွန်ပင် တန်ဖိုးထားခဲ့သည်။ သူသည် ကိုယ်တွေ့ကြောင့်လည်းကောင်း၊ အခြားသူများနှင့် ဘုရားသခင်ဆက်ဆံပုံကို ဆင်ခြင်တွေးတောခြင်းကြောင့်လည်းကောင်း ယုံကြည်စိတ်ချစွာ ဤသို့သီဆိုနိုင်လေသည်– “ယေဟောဝါသည် . . . ချစ်ခင်ကြင်နာမှု [သို့မဟုတ်၊ “တည်ကြည်သောမေတ္တာ”] နှင့် အလွန်ကြွယ်ဝတော်မူ၏။”—ဆာလံ ၁၄၅:၈၊ ကဘ။
(ဆာလံ ၁၄၅:၁၀–၁၃) အိုထာဝရဘုရား ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကိုပြ၍ ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ကောင်းချီးပေးကြပါ၏။ ၁၁ နိုင်ငံတော်၏ဘုန်းကိုလည်းကောင်း၊ တန်ခိုးတော်ကိုလည်းကောင်း ဟောပြောမြွက်ဆိုသဖြင့်၊ ၁၂ တန်ခိုးပါသောအမှုတော်များနှင့် နိုင်ငံတော်၏ ဘုန်းအသရေများကို လူသားတို့အား ဖော်ပြကြပါ၏။ ၁၃ ကိုယ်တော်၏နိုင်ငံတော်သည် နိစ္စထာဝရနိုင်ငံဖြစ်၍ အာဏာတော်သည် ကာလအစဉ်အဆက် တည်ရပါ၏။ ထာဝရဘုရားသည် လဲသောသူရှိသမျှတို့ကို ထောက်မတော်မူ၏။
ယေဟောဝါသည် တည်ကြည်သောမေတ္တာ အလွန်ကြွယ်ဝ
ဘုရားသခင်အား တည်ကြည်သူတို့ကို ခွဲခြားသိမြင်ခြင်း
၃ ယေဟောဝါဘုရားသခင်နှင့်စပ်လျဉ်း၍ ပရောဖက်ရှမွေလ၏မိခင် ဟန္နက “မိမိသန့်ရှင်းသူ [“တည်ကြည်သူ၊” ကဘ] တို့၏ခြေကို စောင့်မတော်မူလိမ့်မည်” ဟု ဆိုခဲ့သည်။ (၁ ဓမ္မရာဇဝင် ၂:၉) ဤ “တည်ကြည်သူများ” ကား အဘယ်သူများနည်း။ ထိုမေးခွန်းကို ဘုရင်ဒါဝိဒ် ဖြေဆိုသည်။ ယေဟောဝါ၏ အံ့ဖွယ်အရည်အသွေးများကို ချီးမွမ်းထောမနာပြုပြီးနောက် သူက “ကိုယ်တော်၏သန့်ရှင်းသူ [“တည်ကြည်သူ၊” ကဘ] တို့သည် ကောင်းချီးပေးကြပါ၏” ဟုဆိုသည်။ (ဆာလံ ၁၄၅:၁၀) လူတစ်ဦးအနေနှင့် ဘုရားသခင်ကို မည်သို့ကောင်းချီးပေးနိုင်မည်နည်းဟု သင်သိလိုပေမည်။ ကိုယ်တော်အား ချီးမွမ်းထောမနာပြုခြင်း၊ ကိုယ်တော်အားချီးကျူးခြင်းဖြင့် ဖြစ်သည်။
၄ ယေဟောဝါအကြောင်း အမြဲချီးကျူးပြောဆိုနေသူတို့သည် ယေဟောဝါ၏ တည်ကြည်သူများဖြစ်၏ဟု ခွဲခြားသိမြင်နိုင်သည်။ ဤသူတို့သည် လူမှုရေးပေါင်းသင်းမှုများနှင့် ခရစ်ယာန်အစည်းအဝေးများတွင် အဘယ်အကြောင်းအရာကို ပြောဆိုလေ့ရှိကြသနည်း။ ယေဟောဝါ၏ နိုင်ငံတော်အကြောင်းသာ ပြောဆိုလေ့ရှိသည်! ဘုရားသခင်အား တည်ကြည်သော ကျေးကျွန်တို့သည် ဤသို့သီဆိုခဲ့သူ ဒါဝိဒ်၏ သဘောထားမျိုး ထပ်တူရှိကြသည်– “[ယေဟောဝါ၏] နိုင်ငံတော်၏ ဘုန်းကိုလည်းကောင်း၊ တန်ခိုးတော်ကိုလည်းကောင်း မြွက်ဆိုကြားပြော [ကြပါလိမ့်မည်။]”—ဆာလံ ၁၄၅:၁၁၊ သမ္မာ။
၅ ယေဟောဝါအား တည်ကြည်သူတို့သည် ကိုယ်တော်ကို ချီးမွမ်းကြသောအခါ ကိုယ်တော်သတိပြုမိပါသလော။ သူတို့ပြောဆိုသမျှကို ကိုယ်တော် ဂရုစိုက်တော်မူ၏။ ကျွန်ုပ်တို့ခေတ်ရှိ စစ်မှန်သောဝတ်ပြုရေးနှင့်စပ်လျဉ်း၍ မာလခိက ဤသို့ပရောဖက်ပြု ရေးသားခဲ့သည်– “ထိုအခါ ထာဝရဘုရား [သခင်] ကိုကြောက်ရွံ့သောသူတို့သည် တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်၍ ပြောဆိုကြ၏။ ထာဝရဘုရား [သခင်] သည်လည်း နားထောင်၍ ကြားတော်မူ၏။ ထာဝရဘုရား [သခင်] ကိုကြောက်ရွံ့၍ နာမတော်ကို အောက်မေ့သောသူတို့အဖို့ ရှေ့တော်တွင် စာရင်း၌ မှတ်သားလျက်ရှိ၏။” (မာလခိ ၃:၁၆) ယေဟောဝါသည် မိမိအပေါ်တည်ကြည်သူတို့ မိမိအားချီးမွမ်းကြသည်ကို အလွန်နှစ်သက်တော်မူပြီး သူတို့ကိုလည်း ကိုယ်တော်သတိရတော်မူ၏။
၆ ယေဟောဝါ၏ တည်ကြည်သော ကျေးကျွန်များသည် စစ်မှန်သောဘုရားသခင်ကို ဝတ်မပြုသူတို့အား ရဲစွမ်းသတ္တိရှိရှိ၊ အခွင့်အရေးရှာယူ ဟောပြောကြသည့်အတွက် သူတို့ကို ခွဲခြားသိမြင်နိုင်ပေသည်။ ဘုရားသခင်အား တည်ကြည်သူတို့သည် “တန်ခိုးပါသောအမှုတော်များနှင့် [ဘုရားသခင့်] နိုင်ငံတော်၏ ဘုန်းအသရေများကို လူသားတို့အားဖော်ပြကြပါ၏။” (ဆာလံ ၁၄၅:၁၂) သင်သည် သူစိမ်းများကို ယေဟောဝါ၏ မင်းရိုက်ရာအကြောင်းပြောပြဖို့ အခွင့်အရေးများ ရှာယူပါသလော။ မကြာမီ ပျောက်လွင့်သွားကြတော့မည့် လူ့အုပ်စိုးရှင်များနှင့်မတူဘဲ ကိုယ်တော်၏ မင်းရိုက်ရာမှာ အမြဲထာဝရတည်၏။ (၁ တိမောသေ ၁:၁၇) လူတို့သည် ယေဟောဝါ၏ ထာဝရမင်းရိုက်ရာအကြောင်း သင်ယူပြီး ၎င်းကိုထောက်ခံသူများအဖြစ် ရပ်တည်ကြရန် အရေးကြီးလှပေသည်။ ဒါဝိဒ်က “ကိုယ်တော်၏ နိုင်ငံတော်သည် . . . ထာဝရနိုင်ငံဖြစ်၍ အာဏာတော်သည် ကာလအစဉ်အဆက် တည်ရပါ၏” ဟုသီဆိုခဲ့သည်။—ဆာလံ ၁၄၅:၁၃။
(ဆာလံ ၁၄၅:၁၄–၁၆) နှိမ့်ချသောသူအပေါင်းတို့ကို ကြွပင့်တော်မူ၏။ ၁၅ ခပ်သိမ်းသောသတ္တဝါတို့သည် ကိုယ်တော်ကို မျှော်ကြည့်ကြ၍ အချိန်တန်မှ သူတို့ကို ကျွေးမွေးတော်မူ၏။ ၁၆ လက်တော်ကိုဖွင့်၍ အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။
ယေဟောဝါသည် တည်ကြည်သောမေတ္တာ အလွန်ကြွယ်ဝ
၁၀ လူ့အုပ်စိုးရှင်တချို့သည် မိမိတို့လက်အောက်ငယ်သားများ၏ ကောင်းကျိုးကို စိတ်ရင်းမှန်ဖြင့် စိတ်ဝင်စားကြသည်မှန်၏။ သို့သော် ထိုသူတို့အထဲမှ သဘောထား အမြင့်မြတ်ဆုံးသူပင်လျှင် မိမိတို့၏ လက်အောက်ငယ်သားများနှင့် အကျွမ်းတဝင်မရှိကြချေ။ ယင်းကြောင့် ကျွန်ုပ်တို့မေးလိုမည်မှာ လက်အောက်ငယ်သား တစ်ဦးတစ်ယောက် အခက်အခဲကြုံသည့်အခါ ချက်ချင်းအကူအညီပေးလိုသည်အထိ မိမိ၏ လက်အောက်ငယ်သားအားလုံးကို ဂရုစိုက်သော အုပ်စိုးရှင်တစ်ပါးပါး ရှိပါသလောဟူ၍ ဖြစ်သည်။ ရှိပါသည်။ ဒါဝိဒ်က ဤသို့ရေးသားခဲ့၏– “[ယေဟောဝါ] သည် လဲကျသူရှိသမျှကို ထောက်မ၍ နှိမ့်ချခံရသူအပေါင်းတို့ကို ထူပင့်တော်မူ၏။”—ဆာလံ ၁၄၅:၁၄၊ သမ္မာ။
၁၁ ဘုရားသခင်အား တည်ကြည်သူတို့သည် မိမိတို့၏ မစုံလင်မှုနှင့် ‘စာတန်’ လက်တွင်ရှိ ဤလောက၌ အသက်ရှင်နေထိုင်ကြရသောကြောင့် စမ်းသပ်မှုအမျိုးမျိုးနှင့် ဘေးဆိုးများစွာ ကြုံတွေ့နေကြရ၏။ (၁ ယောဟန် ၅:၁၉; ဆာလံ ၃၄:၁၉) ခရစ်ယာန်များသည် နှိပ်စက်ညှဉ်ပန်းခံကြရ၏။ တချို့မှာ နာတာရှည်ဖျားနာမှု၊ ဝမ်းနည်းပူဆွေးမှုကြောင့် ဝေဒနာခံကြရသည်။ ရံဖန်ရံခါ ယေဟောဝါအား တည်ကြည်သူတို့၏ အမှားများကြောင့် စိတ်ပျက်အားလျော့ပြီး ‘ညှိုးငယ်’ သွားကြပေမည်။ သို့ရာတွင် အဘယ်စမ်းသပ်မှုမျိုးပင် ခံရပါလေစေ ယေဟောဝါသည် ကျွန်ုပ်တို့တစ်ဦးချင်းစီကို ဝိညာဉ်ခွန်အားပေး၍ နှစ်သိမ့်ပေးဖို့ အမြဲအသင့်ရှိတော်မူ၏။ ဘုရင်ယေရှုခရစ်သည်လည်း မိမိအားတည်ကြည်သော လက်အောက်ခံများကို ထပ်တူပင် စိတ်ဝင်စား၍ မေတ္တာပြတော်မူ၏။—ဆာလံ ၇၂:၁၂-၁၄။
ကျေနပ်ရောင့်ရဲမှုရှိစေသော အချိန်တန်အစာ
၁၂ ယေဟောဝါသည် ချစ်ခင်ကြင်နာမှု အလွန်ကြွယ်ဝတော်မူသောကြောင့် မိမိကျေးကျွန်များ၏ လိုအပ်ရာမှန်သမျှကို ဖြည့်စွက်ပေးတော်မူ၏။ ဤတွင် အာဟာရပြည့်ဝသောအစာ ကျွေးမွေးခြင်းပါဝင်သည်။ ဘုရင်ဒါဝိဒ် ဤသို့ရေးသားခဲ့၏– “ခပ်သိမ်းသောသတ္တဝါတို့သည် [ယေဟောဝါ] ကိုမျှော်ကြည့်ကြ၍ အချိန်တန်မှ သူတို့ကို ကျွေးမွေးတော်မူ၏။ လက်တော်ကိုဖွင့်၍ အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။” (ဆာလံ ၁၄၅:၁၅၊ ၁၆) ဘေးဆိုးကျရောက်ချိန်၌ပင် ကိုယ်တော်အား တည်ကြည်သောသူတို့သည် “အသက်မွေးလောက်သောအစာ” ရရှိရန် ယေဟောဝါ စီစဉ်ပေးနိုင်တော်မူ၏။—လုကာ ၁၁:၃; ၁၂:၂၉၊ ၃၀။
၁၃ “အသက်ရှင်သောသတ္တဝါအပေါင်း” တို့သည် ကျေနပ်ရောင့်ရဲရလိမ့်မည်ဟု ဒါဝိဒ်ဖော်ပြခဲ့၏။ ထိုတွင် တိရစ္ဆာန်များလည်း ပါဝင်ပေသည်။ ကမ္ဘာမြေကြီး၏ စားသုံးသီးနှံများနှင့် ပင်လယ်ရေအောက် အပင်များသာ ပေါများစွာ မပေါက်ရောက်နေလျှင် ပင်လယ်ရေသတ္တဝါများ၊ ငှက်များနှင့် ကုန်းသတ္တဝါများ အသက်ရှူစရာ အောက်စီဂျင်နှင့် စားစရာအစာ ရှိပေလိမ့်မည်မဟုတ်ချေ။ (ဆာလံ ၁၀၄:၁၄) သို့ရာတွင်၊ သတ္တဝါအပေါင်းသည် ရှိရှိသမျှလိုအပ်ရာများ ဖြည့်ဆည်းခံရစေရန် ယေဟောဝါစီမံပေးတော်မူ၏။
၁၄ တိရစ္ဆာန်များနှင့်မတူဘဲ၊ လူတို့သည် ဝိညာဉ်ရေးလိုအပ်ရာ ရှိ၏။ (မဿဲ ၅:၃) ယေဟောဝါသည် မိမိအပေါ် တည်ကြည်သူတို့၏ ဝိညာဉ်ရေးလိုအပ်ရာများကို အလွန်ကောင်းမွန်စွာ ဖြည့်ဆည်းပေးတော်မူသည်! ယေရှုမသေဆုံးမီ မိမိ၏နောက်လိုက်များကို “သစ္စာနှင့်သတိပညာရှိသောကျွန်” အားဖြင့် ဝိညာဉ်ရေးရာ ‘အချိန်တန်အစာ’ ကျွေးမွေးမည်ဟု ကတိပြုခဲ့၏။ (မဿဲ ၂၄:၄၅၊ သမ) ယနေ့ အဆိုပါကျွန်အတန်းအစားတွင် ဝိညာဉ်တော်ဖွား၁၄၄,၀၀၀ မှအကြွင်းအကျန်တို့ ပါဝင်သည်။ ယေဟောဝါသည် သူတို့မှတစ်ဆင့် ဝိညာဉ်အစာကို အလျှံပယ်ကျွေးမွေးနေတော်မူ၏။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဆာလံ ၁၄၃:၈) ကရုဏာတော်စကားသံကို အလျင်အမြန် ကြားစေတော်မူပါ။ ကိုယ်တော်၌ ကိုးစားပါ၏။ ကိုယ်သွားရမည်လမ်းကို သိစေတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တသပါ၏။
သင့်အသက်တာ၏ နေ့ရက်တိုင်းကို ဘုရားသခင့်ဘုန်းထင်ရှားစေဖို့ အသုံးပြုပါ
နံနက်တွင် “ကရုဏာတော်စကားသံကို အလျင်အမြန် ကြားစေတော်မူပါ။ ကိုယ်သွားရမည့်လမ်းကို သိစေတော်မူပါ” ဟု ယေဟောဝါထံ ဆာလံဆရာဒါဝိဒ် ဆုတောင်းခဲ့သည်။ (ဆာ. ၁၄၃:၈) ဒါဝိဒ်ကဲ့သို့ သင်လည်း အိပ်ရာမှနိုးထကာ ဘဝ၏နေ့သစ်တစ်နေ့အတွက် ယေဟောဝါအား ကျေးဇူးတင်ဆုတောင်းသောအခါ ဆုံးဖြတ်ချက်များချရာတွင်နှင့် အကောင်းဆုံးနည်းလမ်းဖြင့် လုပ်ဆောင်ရာတွင် သင့်ကို လမ်းညွှန်ပေးပါရန် အသနားခံ တောင်းလျှောက်ပါသလော။ သင် ထိုသို့ပြုလုပ်မည်မှာ သေချာပါသည်။
ယေဟောဝါအား အပ်နှံထားသော ကျေးကျွန်များအနေနှင့် ‘ကျွန်ုပ်တို့သည် စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ မည်သည့်အမှုကိုပြုသည်ဖြစ်စေ ဘုရားသခင်၏ ဘုန်းအတွက် အရာခပ်သိမ်းကို ပြု’ ရန် ကြိုးစားကြသည်။ (၁ ကော. ၁၀:၃၁) ကျွန်ုပ်တို့၏ နေ့စဉ်ဘဝအသက်တာတွင် ကျွန်ုပ်တို့၏ အသက်ရှင်နေထိုင်ပုံသည် ယေဟောဝါအား ဂုဏ်တင်နိုင် သို့မဟုတ် ရှုတ်ချနိုင်ကြောင်း သိထားကြသည်။ သမ္မာကျမ်းစာတွင် စာတန်သည် ခရစ်တော်၏ညီများ၊ အမှန်မှာ မြေကြီးပေါ်ရှိ ဘုရားသခင့် ကျေးကျွန်များအားလုံးကို “နေ့ညမပြတ်” စွပ်စွဲနေကြောင်း ဖော်ပြထားသည်ကိုလည်း ကျွန်ုပ်တို့သိထားကြသည်။ (ဗျာ. ၁၂:၁၀) ထို့ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ကောင်းကင်ခမည်းတော်၏ မြင့်မြတ်သောအမှုတော်တွင် “နေ့ညမပြတ်” ပါဝင်ခြင်းဖြင့် စာတန်၏ မှားယွင်းသောစွပ်စွဲချက်များကို ချေပကာ ယေဟောဝါ၏ စိတ်နှလုံးကို ရွှင်လန်းစေမည်ဟု စိတ်ပိုင်းဖြတ်ထားကြသည်။—ဗျာ. ၇:၁၅; သု. ၂၇:၁၁။
(ဆာလံ ၁၅၀:၆) အသက်ရှိသောသူအပေါင်းတို့သည် ထာဝရဘုရားကို ချီးမွမ်းကြစေ။ ဟာလေလုယ။
it–2–E ၄၄၈
နှုတ်
အစာစားတဲ့အခါ၊ လူတွေ စကားပြောတဲ့အခါ အသုံးပြုဖို့ ဘုရားပုံစံပြုထားတဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်တယ်။ နှုတ်ကထွက်တဲ့ စကားတွေဟာ ဘုရားကို ချီးမွမ်းတဲ့စကားတွေ ဖြစ်သင့်တယ်။ (ဆာ. ၃၄:၁; ၅၁:၁၅; ၇၁:၈; ၁၄၅:၂၁) ဆာလံဆရာက သက်ရှိအားလုံး ယေဟောဝါကို ချီးမွမ်းကြလို့ ကြွေးကြော်ခဲ့တယ်။ ဒါကြောင့် လူသားတွေဟာ အသက်ရှင်ချင်တယ်ဆိုရင် ကိုယ့်ရဲ့နှုတ်ကို ဘုရားကိုချီးမွမ်းဖို့ အသုံးပြုရမယ်။ ဘုရားသခင်နဲ့ သားတော်ကို စိတ်ထဲမှာ ယုံကြည်ရုံနဲ့ မလုံလောက်ဘူးလို့ တမန်တော်ပေါလု ရှင်းပြတယ်။ ယုံကြည်ကြောင်း လူသိရှင်ကြား ကြေညာမှသာ ကယ်တင်ခြင်းရနိုင်မယ်။—ဆာ. ၁၅၀:၆; ရော. ၁၀:၁၀။
ဖန်ဆင်းရှင်အနေနဲ့ ယေဟောဝါဟာ မိမိရည်ရွယ်ချက်၊ အခွင့်အာဏာ၊ တန်ခိုးကိုသုံးပြီး ကျေးကျွန်တွေရဲ့ နှုတ်ကနေ သင့်တော်တဲ့ စကားတွေ ထွက်လာအောင် လုပ်နိုင်တယ်။ ပရောဖက်တွေကိုလည်း အဲဒီလိုပြောဆိုနိုင်အောင် စွမ်းအားတော်နဲ့လမ်းညွှန်ပြီး အံ့ဖွယ်နည်းနဲ့ လုပ်ဆောင်ခဲ့တယ်။ (ထွ. ၄:၁၁၊ ၁၂၊ ၁၅; ယေ. ၁:၉) ဖြစ်ရပ်တစ်ခုမှာဆိုရင် မြည်းတစ်ကောင်ကိုတောင် စကားပြောနိုင်အောင် ကိုယ်တော်လုပ်ခဲ့တယ်။ (တော. ၂၂:၂၈၊ ၃၀; ၂ ပေ. ၂:၁၅၊ ၁၆) ဒီနေ့ခေတ် ဘုရားသခင့်ကျေးကျွန်တွေလည်း စွမ်းအားတော် လမ်းညွှန်မှုကြောင့် မဟုတ်ပေမဲ့ သမ္မာကျမ်းစာသုံးပြီး နှုတ်ကနေ တရားစကားတော် ပြောထွက်လာအောင် လုပ်နိုင်ပါတယ်။ သမ္မာကျမ်းစာဟာ ကောင်းတဲ့အမှုအမျိုးမျိုးကို လုပ်ဆာင်ဖို့ လုံးလုံးလျားလျား အသင့်ဖြစ်နေစေတယ်။ (၂တိ. ၃:၁၆၊ ၁၇) သူတို့အနေနဲ့ ခရစ်တော်ကိုယ်တိုင်လာပြီး သတင်းကောင်းပြောပြပေးမှာကို စောင့်ဆိုင်းနေစရာမလိုတဲ့အပြင် ဟောပြောမယ့်သတင်းကို တခြားတစ်နေရာမှာ သွားရောက်ရှာဖွေနေစရာလည်း မလိုပါဘူး။ “တရားစကားတော်သည် သင်၏နှုတ်၊ သင်၏နှလုံး၊ သင်၏အနီးတွင် ရှိသည်” လို့ ပြောထားတဲ့အတွက် သူတို့နှုတ်မှာ ပြောရမယ့်စကားတွေ အသင့်ရှိပြီးသား ဖြစ်တယ်။—ရော. ၁၀:၆-၉။ တရား. ၃၀:၁၁-၁၄။
ရှင်ခြင်း ဒါမှမဟုတ် သေခြင်းကို ဖြစ်စေနိုင်တယ်။ နှုတ်ကို တော်မှန်စွာ အသုံးပြုဖို့ သိပ်အရေးကြီးတယ်။ ယေဟောဝါကလည်း အဲဒီလိုပဲ မိန့်မှာတယ်။ “ဖြောင့်မတ်သောသူ၏နှုတ်သည် အသက်ရေတွင်းဖြစ်၏” လို့ ကျမ်းစာမှာ ပြောထားတယ်။ (သု. ၁၀:၁၁) ဒါကြောင့် နှုတ်ကို အသေအချာ စောင့်စည်းရမယ်။ (ဆာ. ၁၄၁:၃; သု. ၁၃:၃၊ ၂၁:၂၃) အကြောင်းက နှုတ်ကို တလွဲအသုံးပြုမယ်ဆိုရင် ပြောဆိုတဲ့သူကို ပျက်စီးစေနိုင်လို့ပါပဲ။ (သု. ၁၀:၁၄; ၁၈:၇) ဘုရားသခင်က လူတစ်ဦးစီကို နှုတ်ကနေထွက်သမျှ စကားတွေအတွက် တရားစီရင်မယ်။ (မ. ၁၂:၃၆၊ ၃၇) စကားကို အလျင်စလိုပြောတတ်သူဟာ လွယ်လွယ်နဲ့ သစ္စာကတိပြုတတ်တယ်။ (ဒေ. ၅:၄-၆) တခြားသူကို မြှောက်ပင့်ပြောဆိုတာက မိမိကိုယ်ကိုယ် ပျက်စီးစေနိုင်တယ်။ (သု. ၂၆:၂၈) အထူးသဖြင့် လူဆိုးတွေရှေ့မှာ နှုတ်ကို စောင့်စည်းဖို့ သိပ်အရေးကြီးတယ်။ အကြောင်းက ဘာပြောဆိုရမယ်ဆိုတာကို လမ်းညွှန်ပေးနေတဲ့ ဘုရားရဲ့ဉာဏ်ပညာကနေ မဆိုစလောက်လေး သွေဖည်သွားရင်တောင် ဘုရားသခင့်နာမည်ကို ရှုတ်ချမှုဖြစ်စေပြီး ပြောဆိုမိသူကို သေစေနိုင်လို့ပါပဲ။ (ဆာ. ၃၉:၁) ယေရှုဟာ ဘုရားသခင့် အလိုတော်ဆောင်တဲ့အခါ မကျေမချမ်းပြောတာမျိုး ဒါမှမဟုတ် ဆန့်ကျင်သူတွေကို ပြန်တုံ့ပြန်တာမျိုး မလုပ်ဘဲ လက်အောက်ခံခြင်းအားဖြင့် အကောင်းဆုံးပုံသက်သေကို ပြသခဲ့တယ်။—ဟေရှာ. ၅၃:၇; တ. ၈:၃၂; ၁ ပေ. ၂:၂၃။
မစုံလင်သူဖြစ်တဲ့အတွက် ခရစ်ယာန်တွေဟာ မပြတ်သတိထားပြီး ကိုယ့်စိတ်နှလုံးကို အမြဲစောင့်ကြည့်နေဖို့ လိုအပ်တယ်။ ယေရှုက ခံတွင်းထဲဝင်တဲ့အရာက လူကိုညစ်ညူးစေတာ မဟုတ်ဘဲ ခံတွင်းထဲက ထွက်တဲ့အရာကသာ ညစ်ညူးစေတာပါလို့ ပြောခဲ့တယ်။ အကြောင်းက “စိတ်နှလုံးအပြည့်ရှိသည့်အတိုင်း နှုတ်မြွက်တတ်” လို့ပါ။ (မ. ၁၂:၃၄၊ ၁၅:၁၁) ဒါကြောင့် မစဉ်းစားမဆင်ခြင်ဘဲ၊ အကျိုးဆက်တွေကို ထည့်မတွက်ဘဲ နှုတ်ကနေ ပြောထွက်မိတာမျိုး မဖြစ်ရအောင် ဂရုစိုက်ရမယ်။ အဲဒီလိုဂရုစိုက်နိုင်ဖို့ ကျမ်းစာကနေ သင်ယူရတဲ့ ကောင်းတဲ့အရာတွေကို စဉ်းစားဆင်ခြင်ပြီး လက်တွေ့ကျင့်သုံးရမယ်။—သု. ၁၃:၃၊ ၂၁:၂၃။