ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
နိုဝင်ဘာ ၂-၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ထွက်မြောက်ရာ ၃၉–၄၀
“ညွှန်ကြားချက်တွေကို မောရှေ ဂရုတစိုက် လိုက်နာခဲ့”
(ထွက်မြောက်ရာ ၃၉:၃၂) ဒီလိုနဲ့ တွေ့ဆုံရာ တဲတော် ဖြစ်တဲ့ သန့်ရှင်းရာ တဲတော်နဲ့ဆိုင်တဲ့ အလုပ်အားလုံး ပြီးစီးသွားတယ်။ မောရှေကို ယေဟောဝါ မိန့်မှာတဲ့အတိုင်း အစ္စရေးတွေ လုပ်ဆောင်ကြတယ်။ မှာထားတဲ့အတိုင်း သူတို့ လုပ်ဆောင်ကြတယ်။
ယေဟောဝါ သင့်ကို သိကျွမ်းသလား
၁၃ ကောရနဲ့ မတူဘဲ မောရှေဟာ “မြေကြီးပေါ်မှာ ရှိနေသောသူ အပေါင်းတို့ထက် သာ၍ နူးညံ့သိမ်မွေ့သောသဘော” ရှိတယ်။ (တော. ၁၂:၃) မောရှေက ယေဟောဝါရဲ့ လမ်းညွှန်မှုအတိုင်း လိုက်မယ်လို့ စိတ်ပိုင်းဖြတ်ထားခြင်းအားဖြင့် နူးညံ့သိမ်မွေ့ခြင်းနဲ့ နှိမ့်ချမှုကို တင်ပြခဲ့တယ်။ (ထွ. ၇:၆; ၄၀:၁၆) မောရှေက ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ယေဟောဝါ လုပ်ဆောင်ပုံနည်းလမ်းကို မေးခွန်းထုတ်တယ်၊ ယေဟောဝါ ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေကြောင့် စိတ်ဆိုးတယ်ဆိုတဲ့ ဖော်ပြချက်တစ်ခုကိုမှ ကျွန်ုပ်တို့ မတွေ့ရဘူး။ ဥပမာ၊ ယေဟောဝါက တဲတော်နဲ့ပတ်သက်ပြီး သုံးရမယ့် ပိတ်စတွေရဲ့ အရောင်၊ ကွင်းအရေအတွက် စတာတွေကို အသေးစိတ် ညွှန်ကြားခဲ့တယ်။ (ထွ. ၂၆:၁-၆) ဘုရားသခင့် အဖွဲ့အစည်းက ခန့်အပ်ထားတဲ့ ကြီးကြပ်မှူးတစ်ဦးက သင့်ကို အလွန်အမင်း အသေးစိတ်ကျတဲ့ ညွှန်ကြားချက်တွေ ပေးတယ်ဆိုရင် သင် စိတ်ပျက်မိနိုင်တယ်။ ယေဟောဝါကတော့ အမှားမရှိ စုံလင်တဲ့ ကြီးကြပ်မှူး ဖြစ်ပြီး ယုံယုံကြည်ကြည်နဲ့ မိမိကျေးကျွန်တွေကို အလုပ်တာဝန်တွေ အပ်နှင်းတယ်။ အသေးစိတ် အချက်အလက်တွေကို ကိုယ်တော် ပေးတဲ့အခါ အကြောင်းကောင်း ရှိလို့ပဲ။ ဒီလောက် အသေးစိတ်ကျတဲ့ ညွှန်ကြားချက်တွေကို ယေဟောဝါ ပေးတဲ့အတွက် ဘုရားသခင်က သူ့ကို နှိမ်တယ်၊ လုပ်ပိုင်ခွင့် မပေးဘူးဆိုပြီး မောရှေ စိတ်မဆိုးခဲ့ဘူး။ အဲဒီအစား မောရှေဟာ အစ္စရေးအမျိုးသားတွေ ဘုရားသခင် ‘မှာထားတော်မူသည့်အတိုင်း ပြု’ ဖို့ အသေအချာ ကြီးကြပ်ခဲ့တယ်။ (ထွ. ၃၉:၃၂) တကယ် နှိမ့်ချတဲ့ လုပ်ရပ်ပါပဲ။ ဒါက ယေဟောဝါရဲ့ အလုပ် ဖြစ်ပြီး ဒီအလုပ် ပြီးမြောက်ဖို့ မိမိကို အသုံးပြုနေခြင်းသာ ဖြစ်တယ်ဆိုတာ မောရှေ သိထားတယ်။
(ထွက်မြောက်ရာ ၃၉:၄၃) မောရှေက စစ်ဆေးကြည့်တဲ့အခါ ယေဟောဝါ မိန့်မှာတဲ့အတိုင်း လုပ်ထားတာကို တွေ့တော့ သူတို့အတွက် ဆုမွန်ကောင်း တောင်းပေးတယ်။
(ထွက်မြောက်ရာ ၄၀:၁၊ ၂) ယေဟောဝါက မောရှေကို မိန့်မှာတယ်– “ပထမလ၊ ပထမနေ့မှာ တွေ့ဆုံရာ တဲတော် ဖြစ်တဲ့ သန့်ရှင်းရာ တဲတော်ကို ဆောက်လုပ်ရမယ်။
(ထွက်မြောက်ရာ ၄၀:၁၆) မောရှေလည်း ယေဟောဝါ မိန့်မှာတဲ့အတိုင်း လုပ်တယ်။ မှာထားတဲ့အတိုင်း လုပ်ဆောင်တယ်။
သင်သည် အရာရာ၌ သစ္စာရှိသလော
၃ ဟေဗြဲ ၃:၅ အရ မောရှေသည် “အစေခံကဲ့သို့ . . . သစ္စာစောင့်၏။” အဘယ်အရာက ပရောဖက် မောရှေကို သစ္စာရှိစေခဲ့သနည်း။ တဲတော် ဆောက်လုပ်၍ တပ်ဆင်ရာတွင် ‘ထာဝရ ဘုရားသခင် မိန့်တော်မူသမျှအတိုင်း မောရှေ ပြုလေ၏။’ (ထွက်မြောက်ရာ ၄၀:၁၆) ကျွန်ုပ်တို့သည် ယေဟောဝါအား ကိုးကွယ်သူများအနေနှင့် ကိုယ်တော်၏ အမှုတော်ကို နာခံမှုရှိရှိ ဆောင်ရွက်ခြင်းဖြင့် သစ္စာရှိကြောင်း ပြသကြသည်။ ယင်းတွင် ခက်ခဲသော စမ်းသပ်မှုများ သို့မဟုတ် ပြင်းထန်သော စမ်းသပ်မှုများ ရင်ဆိုင်ရစဉ် ယေဟောဝါအား သစ္စာရှိမြဲ ရှိနေခြင်း အမှန် ပါဝင်သည်။ သို့ရာတွင် အကြီးအကျယ် စမ်းသပ်ခံရသည့်အခါ အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မှ ကျွန်ုပ်တို့ သစ္စာရှိသူ ဟုတ်မဟုတ် ပိုင်းဖြတ်သည် မဟုတ်ချေ။ “အနည်းငယ်သောအမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်။ အနည်းငယ်သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာမရှိ” ဟု ယေရှု မိန့်ဆိုခဲ့၏။ (လုကာ ၁၆:၁၀) အသေးအဖွဲ ဖြစ်ပုံရသော ကိစ္စများ၌ပင် ကျွန်ုပ်တို့ သစ္စာရှိကြရမည်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ထွက်မြောက်ရာ ၃၉:၃၄) တဲတော်အမိုးအတွက် အနီရောင် ဆိုးထားတဲ့ သိုးထီးသားရေနဲ့ ဖျံသားရေ၊ ကန့်လန့်ကာ၊
it-2 ၈၈၄ ပိုဒ်. ၃
ဖျံသားရေ
အစ္စရေးတွေ ရရှိပုံ။ ကျမ်းစာမှာ ဖော်ပြထားတဲ့ တဟာရှ သားရေဟာ ဖျံသားရေ ဖြစ်မယ်ဆိုရင် အစ္စရေးတွေ ဖျံသားရေကို ဘယ်ကနေ ရသလဲဆိုတဲ့ မေးခွန်း ပေါ်လာတယ်။ ဖျံတွေဟာ များသောအားဖြင့် အာတိတ်နဲ့ အန္တာတိက ဒေသတွေမှာပဲ အနေများပေမဲ့ တချို့ဖျံတွေက ပူနွေးတဲ့ ရာသီဥတုကို ကြိုက်ကြတယ်။ ယနေ့အချိန်မှာ မြေထဲပင်လယ်နဲ့ တခြားပူနွေးတဲ့ ဒေသတွေမှာ ရှင်သန်ပေါက်ဖွားတဲ့ ဖျံတချို့ ရှိတယ်။ ရာစုနှစ်တွေတစ်လျှောက်မှာ လူတွေကြောင့် ဖျံကောင်ရေ အတော်များများ လျော့နည်းသွားပြီ။ ကျမ်းစာခေတ်တုန်းက မြေထဲပင်လယ်နဲ့ ပင်လယ်နီမှာ ဖျံတွေ အတော်များများ ရှင်သန်ပေါက်ဖွားခဲ့ပုံရတယ်။ “ပင်လယ်နီဒေသ ဆိုင်းနိုင်းကျွန်းဆွယ် ပတ်ပတ်လည်မှာရှိတဲ့ ကျွန်းငယ်များစွာမှာ ဖျံတွေ တွေ့ရတယ်” လို့ ၁၈၃၂ ခုနှစ်ထုတ် အဘိဓာန်မှာ ဖော်ပြထားတယ်။—Calmet’s Dictionary of the Holy Bible၊ စာမျက်နှာ ၁၃၉။
(ထွက်မြောက်ရာ ၄၀:၃၄) အဲဒီအခါ တွေ့ဆုံရာ တဲတော်ကို မိုးတိမ် ဖုံးလွှမ်းပြီး ယေဟောဝါရဲ့ ဘုန်းအသရေနဲ့ ပြည့်သွားတယ်။
သင့်ရဲ့ အလုပ်ကို သတိထားမိသူ ရှိဖို့ အရေးကြီးသလား
တဲတော် ဆောက်လုပ်ပြီးစီးသွားတဲ့အခါ “တွေ့ဆုံရာ တဲတော်ကို မိုးတိမ် ဖုံးလွှမ်းပြီး ယေဟောဝါရဲ့ ဘုန်းအသရေနဲ့ ပြည့်သွားတယ်။” (ထွ. ၄၀:၃၄) ယေဟောဝါ နှစ်သက်ကြောင်း ထင်ရှားတဲ့ သက်သေအထောက်အထားပါပဲ။ အဲဒီအချိန်မှာ ဗေဇလေလနဲ့ အဟောလျဘတို့ ဘယ်လို ခံစားရမလဲ။ သူတို့ လုပ်ခဲ့တဲ့ ပစ္စည်းတွေပေါ်မှာ သူတို့ရဲ့ နာမည် ရေးထွင်းခြင်း မရှိခဲ့ပေမဲ့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို ဘုရား ကောင်းချီးပေးတယ်ဆိုတဲ့ အသိနဲ့ စိတ်ကျေနပ်ခဲ့ကြပါလိမ့်မယ်။ (ပညာ. ၁၀:၂၂) နောက်နှစ်ပေါင်းများစွာအထိ သူတို့ လုပ်ခဲ့တဲ့ ပစ္စည်းတွေကို ယေဟောဝါရဲ့ ဝတ်ပြုရေးမှာ ဆက်အသုံးပြုနေတာကို တွေ့ရတာကြောင့်လည်း စိတ်ကြည်နူးခဲ့ကြမှာ သေချာတယ်။ ကမ္ဘာသစ်မှာ ဗေဇလေလနဲ့ အဟောလျဘတို့ ရှင်ပြန်ထမြောက်လာတဲ့အခါ တဲတော်ကို စစ်မှန်တဲ့ ဝတ်ပြုရေးအတွက် နှစ်ပေါင်း ၅၀၀ နီးပါး အသုံးပြုခဲ့ကြတယ်ဆိုတာ သိလိုက်ရရင် သိပ်ဝမ်းသာကြပါလိမ့်မယ်။
ကျမ်းစာဖတ်ရှုခြင်း
နိုဝင်ဘာ ၉-၁၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဝတ်ပြုရာ ၁–၃
“အလှူများရဲ့ ရည်ရွယ်ချက်”
(ဝတ်ပြုရာ ၁:၃) “‘လူတစ်ယောက်က နွားအုပ်ထဲကနေ မီးရှို့ရာအလှူကို ပေးလှူမယ်ဆိုရင် အနာအဆာ မရှိတဲ့ နွားထီး ဖြစ်ရမယ်။ တွေ့ဆုံရာ တဲတော်ဝင်ပေါက်မှာ ယေဟောဝါရှေ့ စိတ်လိုကိုယ်လျောက် ပေးလှူရမယ်။
(ဝတ်ပြုရာ ၂:၁) “‘လူတစ်ယောက်က ယေဟောဝါဆီ ကောက်နှံအလှူ ဆက်သမယ်ဆိုရင် ဂျုံနုကို ပေးလှူရမယ်။ ဂျုံနုပေါ် ဆီလောင်း၊ လောဗန် တင်ပြီး၊
(ဝတ်ပြုရာ ၂:၁၂) “‘တဆေးနဲ့ ပျားရည်ကို သီးဦးသီးဖျား အလှူအဖြစ် ယေဟောဝါဆီ ဆက်သနိုင်ပေမဲ့ မွှေးကြိုင်တဲ့ ရနံ့အဖြစ် ပူဇော်ရာပလ္လင်ပေါ်မှာ မီးမရှို့ရဘူး။
it-2 ၅၂၅
အလှူများ
မီးရှို့ရာအလှူ။ ဘုရားသခင်ဆီ အကုန်အစင် ပူဇော်ရတဲ့ အလှူ ဖြစ်တယ်။ ဆက်သသူက တိရစ္ဆာန်ရဲ့ အစိတ်အပိုင်း တစ်ခုမှ မယူရဘူး။ (သူ ၁၁:၃၀၊ ၃၁၊ ၃၉၊ ၄၀ နဲ့နှိုင်းယှဉ်ပါ။) ယေဟောဝါ လက်ခံပေးဖို့ ဒါမှမဟုတ် မီးရှို့ရာအလှူနဲ့ တွဲပူဇော်လေ့ရှိတဲ့ အပြစ်ဖြေရာ အလှူကို လက်ခံပေးဖို့ တောင်းဆိုခြင်း ဖြစ်တယ်။ ယေရှုခရစ်ဟာ “မီးရှို့ရာအလှူ” အနေနဲ့ မိမိကိုယ်ကိုယ် လုံးလုံးလျားလျား ပေးဆက်ခဲ့တယ်။
it-2 ၅၂၈ ပိုဒ်. ၄
အလှူများ
ကောက်နှံအလှူ။ ကောက်နှံအလှူကို မိတ်သဟာယအလှူ၊ မီးရှို့ရာအလှူ၊ အပြစ်ဖြေရာအလှူတွေနဲ့အတူ တွဲပြီး ပေးလှူကြတယ်။ သီးဦးသီးဖျားတွေအဖြစ်လည်း ပေးလှူတယ်။ တခြားအချိန်တွေမှာလည်း လွတ်လွတ်လပ်လပ် ပေးလှူနိုင်တယ်။ (ထွ ၂၉:၄၀-၄၂။ ဝ ၂၃:၁၀-၁၃၊ ၁၅-၁၈။ တလ ၁၅:၈၊ ၉၊ ၂၂-၂၄။ ၂၈:၉၊ ၁၀၊ ၂၀၊ ၂၆-၂၈။ အခန်းကြီး ၂၉) ဘုရားသခင် ကြွယ်ဝစွာ ကောင်းချီးပေးတာကို ကျေးဇူးတင်လေးမြတ်တဲ့အနေနဲ့ ပေးလှူတာ ဖြစ်တယ်။ များသောအားဖြင့် ဆီလောင်းပြီး လောဗန် တင်တယ်။ ကောက်နှံအလှူတွေကတော့ ဂျုံနု၊ ကောက်နှံလှော်၊ ဖုတ်ထားတဲ့ မုန့်လက်ကောက် ဒါမှမဟုတ် မုန့်ပြား၊ ဒယ်အိုးမှာ ကြော်တဲ့မုန့်၊ ဒယ်ပြားနဲ့ ဖုတ်တဲ့မုန့် ပုံစံမျိုး ဖြစ်နိုင်တယ်။ ကောက်နှံအလှူတချို့ကို ပူဇော်ရာပလ္လင်မှာ မီးရှို့ပူဇော်တယ်။ တချို့အလှူကို ပုရောဟိတ်တွေ စားကြတယ်။ မိတ်သဟာယအလှူအနေနဲ့ လှူတာဆိုရင် ဆက်သသူတွေပါ စားကြတယ်။ (ဝ ၆:၁၄-၂၃။ ၇:၁၁-၁၃။ တလ ၁၈:၈-၁၁) ကောက်နှံအလှူအဖြစ် ပူဇော်တဲ့ တဆေး ဒါမှမဟုတ် ကစော်ပေါက်နေတဲ့ ပျားရည် (သဖန်းသီးအဆီ၊ သစ်သီးအဆီကို ဆိုလို) ကို ပူဇော်ရာပလ္လင်ပေါ်မှာ မီးမရှို့ရဘူး။—ဝ ၂:၁-၁၆။
(ဝတ်ပြုရာ ၃:၁) “‘နွားထီး ဒါမှမဟုတ် နွားမကို မိတ်သဟာယ ပူဇော်သက္ကာအဖြစ် ပေးလှူမယ်ဆိုရင် အနာအဆာ မရှိတဲ့ အကောင်ကို ယေဟောဝါရှေ့ ယူလာရမယ်။
it-2 ၅၂၆ ပိုဒ်. ၁
အလှူများ
မိတ်သဟာယအလှူ (ဒါမှမဟုတ် ချစ်ကြည်ရေးအလှူ)။ ယေဟောဝါ နှစ်သက်လက်ခံတဲ့ မိတ်သဟာယအလှူတွေက ဘုရားနဲ့ သင့်မြတ်ကြောင်း ဖော်ပြတယ်။ ဆက်သသူနဲ့ အိမ်သူအိမ်သားတွေက (တဲတော်ဝင်းမှာ၊ ထုံးတမ်းစဉ်လာအဆိုအရ တဲတော်ဝင်း ကုလားကာအတွင်းမှာ ဆောက်ထားပေးတဲ့ တဲတွေမှာ၊ ဗိမာန်တော်ထဲမှာ ပြင်ဆင်ထားပေးတဲ့ ထမင်းစားခန်းတွေမှာ) စားသုံးကြတယ်။ တာဝန်ယူ လုပ်ဆောင်ပေးတဲ့ ပုရောဟိတ်က အသားဝေစုတစ်ခု ရတယ်။ တာဝန်ကျတဲ့ ပုရောဟိတ်တွေက နောက်ဝေစုတစ်ခု ရတယ်။ ယေဟောဝါအတွက် ဆီဥကို မွှေးကြိုင်တဲ့ ရနံ့အဖြစ် မီးရှို့ပူဇော်ရတယ်။ အသက်ကို ကိုယ်စားပြုတဲ့ အသွေးကို ဘုရားသခင်ကို ပြန်ပေးတယ်။ ဒါကြောင့် ပုရောဟိတ်တွေ၊ ဆက်သသူတွေနဲ့ ယေဟောဝါဟာ အတူတကွ စားသောက်တာနဲ့ တူတယ်။ ငြိမ်းချမ်းတဲ့ ဆက်ဆံရေး ရှိတယ်ဆိုတဲ့ အမှတ်အသား ဖြစ်တယ်။ မသန့်ရှင်းတဲ့ အခြေအနေ (ပညတ်ကျမ်းမှာ ဖော်ပြထားတဲ့ မသန့်ရှင်းတဲ့ အခြေအနေ တစ်ခုခု) မှာ ရောက်နေသူ ဒါမှမဟုတ် (ပူနွေးတဲ့ ရာသီဥတုမှာ အသားပုပ်သွားနိုင်တဲ့) သတ်မှတ်ထားချိန် ကျော်လွန်ပြီးနောက်မှ စားသုံးသူကို အမျိုးကနေ ပယ်ရှင်းရမယ်။ သူဟာ မသန့်ရှင်းသူ ဖြစ်နေခြင်း၊ ယေဟောဝါဘုရားရှေ့မှာ ရွံရှာဖွယ် ဖြစ်နေတဲ့ အသားကို စားခြင်းအားဖြင့် သန့်ရှင်းမြင့်မြတ်ရာကို မထီလေးစား လုပ်တဲ့အတွက် မိတ်သဟာယဇ်သားကို ညစ်ညူးစေရာရောက်လို့ပဲ။—ဝ ၇:၁၆-၂၁။ ၁၉:၅-၈။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဝတ်ပြုရာ ၂:၁၃) “‘ကောက်နှံအလှူအားလုံးကို ဆားခတ်ရမယ်။ ကောက်နှံအလှူမှာ ဘုရားသခင့် ပဋိညာဉ်ကို အမှတ်ရစေတဲ့ ဆား ခတ်ဖို့ မမေ့နဲ့။ အလှူအားလုံးကို ဆားခတ်ရမယ်။
(ယေဇကျေလ ၄၃:၂၄) အဲဒီအကောင်တွေကို ယေဟောဝါဆီ ပူဇော်ရမယ်။ ပုရောဟိတ်တွေက အဲဒီအကောင်တွေပေါ် ဆားဖြူးပြီး အကုန်အစင် မီးရှို့ရာအလှူအဖြစ် ယေဟောဝါဆီ ပူဇော်ရမယ်။
ဝတ်ပြုရာကျမ်းမှ ပေါ်လွင်ချက်များ
၂:၁၃—‘ပူဇော်ရာယဇ်ဟူသမျှ၌’ အဘယ်ကြောင့် ဆားခတ်ရသနည်း။ ယဇ်များ၏ အရသာ တိုးစေရန် ဤသို့ပြုရခြင်း မဟုတ်ချေ။ ကမ္ဘာတစ်ဝန်းတွင် ဆားကို တာရှည်ခံစေသည့် အရာအဖြစ် အသုံးပြုလေ့ရှိသည်။ ဆားသည် ယိုယွင်းခြင်းနှင့် ပုပ်ပျက်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်းကို ပုံဆောင်ရာ ပူဇော်ရာယဇ်များကို ဆားခတ်ရခြင်း ဖြစ်ဟန်တူသည်။
(ဝတ်ပြုရာ ၃:၁၇) “‘ဘာအဆီဖြစ်ဖြစ်၊ ဘာသွေးဖြစ်ဖြစ် လုံးဝ မစားရဘူး။ ဒါဟာ မင်းတို့နေထိုင်ရာ အရပ်တိုင်းမှာ လူမျိုးအစဉ်အဆက် လိုက်နာရမယ့် အမြဲ တည်တဲ့ ဥပဒေပဲ။’”
it-1 ၈၁၃
အဆီ
ပညတ်ရတဲ့ အကြောင်းရင်း။ ပညတ်ပဋိညာဉ်အရ သွေးနဲ့ အဆီကို ယေဟောဝါကိုပဲ ပေးဖို့ သတ်မှတ်ထားတယ်။ ယေဟောဝါ တစ်ပါးတည်းသာ ပေးနိုင်တဲ့ အသက်ဟာ သွေးမှာ တည်တယ်။ ဒါကြောင့် သွေးကို ယေဟောဝါ ပိုင်တယ်။ (ဝ ၁၇:၁၁၊ ၁၄) တိရစ္ဆာန်မှာ ရှိတဲ့ အဆီကို အကောင်းဆုံး အပိုင်းအဖြစ် သတ်မှတ်ကြတယ်။ တိရစ္ဆာန်ရဲ့ အဆီကို ပူဇော်ခြင်းက အကောင်းဆုံး အပိုင်းကို ယေဟောဝါ ပိုင်ဆိုင်ရာအဖြစ် အသိအမှတ်ပြုကြောင်း ဖော်ပြခြင်း ဖြစ်တယ်။ အလျှံပယ် ထောက်ပံ့ပေးတဲ့ ယေဟောဝါကို အကောင်းဆုံးအရာ ပေးလှူချင်ကြောင်း ဖော်ပြရာရောက်တယ်။ အဲဒါက အစ္စရေးတွေ ယေဟောဝါကို အတတ်နိုင်ဆုံး ဆည်းကပ်ကိုးကွယ်ခြင်းရဲ့ အမှတ်သင်္ကေတ ဖြစ်တဲ့အတွက် ယေဟောဝါအတွက် “အစားအစာ၊” “မွှေးကြိုင်တဲ့ ရနံ့” အဖြစ် ပူဇော်ရာ ပလ္လင်ပေါ်မှာ မီးရှို့ပူဇော်တယ်လို့ ပြောထားတယ်။ (ဝ ၃:၁၁၊ ၁၆) ဒါကြောင့် အဆီကို စားခြင်းဟာ ဘုရားသခင်အတွက် သီးသန့်ထားရာကို တရားမဝင် ခိုးယူခြင်း၊ ယေဟောဝါရဲ့ ပိုင်ဆိုင်ရာကို လုယူခြင်း ဖြစ်တယ်။ အဆီစားတဲ့သူကို သေဒဏ်ချမှတ်တယ်။ ဒါပေမဲ့ သွေးနဲ့ မတူတာက သေသွားတဲ့ တိရစ္ဆာန်၊ သားရဲကိုက်လို့ သေသွားတဲ့ တိရစ္ဆာန်ရဲ့ အဆီကိုတော့ တခြား ရည်ရွယ်ချက်အတွက် အသုံးပြုနိုင်တယ်။—ဝ ၇:၂၃-၂၅။
ဝတ်ပြုရာကျမ်းမှ ပေါ်လွင်ချက်များ
၃:၁၇။ ဆီဥသည် အကောင်းဆုံး သို့မဟုတ် အာဟာရ အရှိဆုံး အပိုင်းဟု ယူမှတ်ထားကြရာ ယင်းကို မစားရန် တားမြစ်ခြင်းက အကောင်းဆုံး အပိုင်းသည် ယေဟောဝါ ပိုင်ဆိုင်ရာ ဖြစ်ကြောင်း ဣသရေလလူမျိုးတို့ စွဲမှတ်သွားစေရန် ဖြစ်ပုံရသည်။ (ကမ္ဘာဦး ၄၅:၁၈) ကျွန်ုပ်တို့၏ အကောင်းဆုံးကို ယေဟောဝါအား ပေးဆက်သင့်ကြောင်း ယင်းက သတိပေး၏။—သု. ၃:၉၊ ၁၀; ကောလောသဲ ၃:၂၃၊ ၂၄။
ကျမ်းစာဖတ်ရှုခြင်း
နိုဝင်ဘာ ၁၆-၂၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဝတ်ပြုရာ ၄–၅
“ယေဟောဝါကို သင့်ရဲ့ အကောင်းဆုံးတွေ ပေးပါ”
(ဝတ်ပြုရာ ၅:၅၊ ၆) “‘အဲဒီအပြစ်တစ်ခုခု လုပ်မိရင် အပြစ်ဝန်ခံရမယ်။ အပြစ်ဖြေဖို့ ဒုစရိုက်ဖြေရာအလှူ ဖြစ်တဲ့ သိုးမလေး ဒါမှမဟုတ် ဆိတ်မလေး တစ်ကောင်ကို အပြစ်ဖြေရာ အလှူအဖြစ် ယေဟောဝါဆီ ယူလာရမယ်။ သူ့အပြစ်အတွက် ပုရောဟိတ်က အပြစ်ဖြေပေးရမယ်။
it-2 ၅၂၇ ပိုဒ်. ၉
အလှူများ
အပြစ်ဖြေရာအလှူ။ ကျူးလွန်မိတဲ့ ဘယ်လို အပြစ်မျိုးအတွက်မဆို ပူဇော်ရတဲ့ အပြစ်ဖြေရာအလှူ ဖြစ်တယ်။ အပြစ်ဖြေရာအလှူ ပူဇော်ဖို့ လိုတဲ့ အထူး အပြစ်တွေ ရှိတယ်။ ခွင့်လွှတ်မှု ခံရဖို့၊ အခွင့်အရေး ပြန်ရဖို့ ပူဇော်ရတာ ဖြစ်တဲ့အတွက် တခြားအပြစ်ဖြေရာ အလှူတွေနဲ့ အနည်းငယ် ကွာခြားတယ်။ ယေဟောဝါကို ပြစ်မှားမိတာ၊ ဘုရားရဲ့ သန့်ရှင်းတဲ့ လူမျိုးကို ပြစ်မှားမိတာ ဖြစ်နိုင်တယ်။ ပြစ်မှားမိတဲ့ အမှားကနေ ယေဟောဝါ စိတ်တော် ပြေစေဖို့ ဒါမှမဟုတ် နောင်တရတဲ့ အမှားပြုမိသူ အခွင့်အရေးတွေ ပြန်ရရှိစေဖို့၊ အပြစ်ဒဏ်ခံရခြင်းကနေ ကင်းလွတ်ခွင့် ရစေဖို့ အပြစ်ဖြေရာအလှူကို ပူဇော်ကြတယ်။—ရှာ ၅၃:၁၀ နဲ့နှိုင်းယှဉ်။
(ဝတ်ပြုရာ ၅:၇) “‘သိုးကို မတတ်နိုင်ရင် သူ့အပြစ်အတွက် ဒုစရိုက်ဖြေရာ အလှူအဖြစ် ချိုးနှစ်ကောင် ဒါမှမဟုတ် ခိုကလေးနှစ်ကောင်ကို ယေဟောဝါဆီ ယူလာရမယ်။ တစ်ကောင်က အပြစ်ဖြေရာအလှူအတွက်၊ နောက်တစ်ကောင်က မီးရှို့ရာအလှူအတွက် ဖြစ်တယ်။
ကိုယ်တော်သည် ကျွန်ုပ်တို့၏ ကန့်သတ်ချက်များကို စာနာနားလည်ပေး
‘သိုးသငယ်ကို မတတ်နိုင်လျှင် ပြစ်မှားမိသော အပြစ်အတွက် . . . ခိုနှစ်ကောင် သို့မဟုတ် ချိုးကလေးနှစ်ကောင်ကို ယေဟောဝါအထံတော် . . . သို့ ဆောင်ခဲ့ရမည်’ ဟု ပညတ်တရားတွင် ဖော်ပြထားရာ ယေဟောဝါ၏ စာနာနားလည်ပေးမှုမှာ ထင်ရှားပေါ်လွင်လှ၏။ (အခန်းငယ် ၇) “မတတ်နိုင်လျှင်” ဟူသော အသုံးအနှုန်းကို “လက်လှမ်းမမီနိုင်လျှင်” ဟုလည်း ပြန်ဆိုနိုင်သည်။ အစ္စရေးလူတစ်ဦးသည် သိုးတစ်ကောင် ပူဇော်ရန် မတတ်နိုင်သောကြောင့် သူတတ်နိုင်သော ခိုနှစ်ကောင် သို့မဟုတ် ချိုးကလေးနှစ်ကောင်ကို ပူဇော်လျှင် ယင်းကို ဘုရားသခင် လက်ခံတော်မူသည်။
(ဝတ်ပြုရာ ၅:၁၁) “‘ချိုးနှစ်ကောင် ဒါမှမဟုတ် ခိုကလေးနှစ်ကောင်ကို မတတ်နိုင်ရင် သူ့အပြစ်အတွက် အပြစ်ဖြေရာ အလှူအဖြစ် ဂျုံနုတစ်ဧဖာရဲ့ ဆယ်ပုံတစ်ပုံကို ယူလာရမယ်။ အပြစ်ဖြေရာအလှူ ဖြစ်လို့ အဲဒီပေါ်မှာ ဆီမလောင်းရဘူး၊ လောဗန် မတင်ရဘူး။
ကိုယ်တော်သည် ကျွန်ုပ်တို့၏ ကန့်သတ်ချက်များကို စာနာနားလည်ပေး
သို့သော် ပြစ်မှားသူသည် ထိုငှက်ကလေး နှစ်ကောင်ကိုပင် မတတ်နိုင်ပါက မည်သို့ ပြုရမည်နည်း။ “သူသည် အပြစ်ဖြေရာယဇ်အရာ၌ မုန့်ညက်တစ်သြမဲ [ရှစ်ခွက် သို့မဟုတ် ကိုးခွက်] ကို ဆောင်ခဲ့၍ ဆက်ရမည်” ဟု ပညတ်တရားတွင် ဖော်ပြထားသည်။ (အခန်းငယ် ၁၁) ယေဟောဝါသည် အလွန် ဆင်းရဲမွဲတေသူ တစ်ဦးအတွက် ခြွင်းချက်အနေဖြင့် အသွေး မပါသော အပြစ်ဖြေရာယဇ်ကို ပူဇော်ရန် ခွင့်ပြုတော်မူသည်။ သို့ဖြင့် အစ္စရေးနိုင်ငံတွင် ဆင်းရဲမွဲတေမှုကြောင့် အပြစ်ဖြေရာယဇ်မှ အကျိုးခံစားခွင့် သို့မဟုတ် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်နိုင်ခွင့် လက်လွတ်ဆုံးရှုံးခဲ့ရသည့် အဖြစ်မျိုး မရှိခဲ့ချေ။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဝတ်ပြုရာ ၅:၁) “‘လူတစ်ယောက်က သက်သေထွက်ဆိုပေးဖို့ လူသိရှင်ကြား တောင်းဆိုတဲ့ စကားကို ကြားတဲ့အပြင် တစ်ယောက်ယောက် အပြစ်လုပ်တာကို မြင်လျက်၊ သိလျက်၊ သက်သေ ဖြစ်လျက်နဲ့ သတင်း မပေးရင် အပြစ် ရှိတယ်။ သူ့အပြစ်အတွက် ပြစ်ဒဏ်ခံရမယ်။
ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တွေဆီကနေ သင်ယူပါ
၁၄ သင်လည်း ကြင်နာမှု ရှိခြင်းအားဖြင့် ယေဟောဝါကိုရော တစ်ချိန်တည်းမှာ တခြားသူတွေကိုပါ သစ္စာစောင့်သိနိုင်တယ်။ ဥပမာ၊ ယုံကြည်သူချင်းတစ်ယောက် အပြစ်ကြီးတစ်ခု ကျူးလွန်တာကို သင် သိထားတယ်ဆိုပါစို့။ အထူးသဖြင့် သူက သင့်မိသားစုဝင် ဒါမှမဟုတ် သူငယ်ချင်း ဖြစ်နေတယ်ဆိုရင် သူ့ကို သစ္စာစောင့်သိရမယ်လို့ သင် ခံစားရနိုင်တယ်။ ယေဟောဝါကို သစ္စာစောင့်သိဖို့က နံပါတ်တစ် ဖြစ်မှန်းလည်း သင် သိတယ်။ ဒါကြောင့် နာသန်လိုပဲ ကြင်နာမှု ရှိပြီး တစ်ချိန်တည်းမှာ ခိုင်မာပြတ်သားပါ။ အကြီးအကဲတွေဆီ အကူအညီ တောင်းဖို့၊ သူတို့ကို ဖွင့်ပြောပြဖို့ သူ့ကို အားပေးပါ။ အချိန်အတိုင်းအတာတစ်ခုအတွင်း သူ အဲဒီလို မလုပ်ဘူးဆိုရင် အကြီးအကဲတွေကို သင်ကိုယ်တိုင် သွားပြောပြပါ။ ဒီနည်းအားဖြင့် ယေဟောဝါကို သစ္စာစောင့်သိရာကျသလို သူ့ကိုလည်း ကြင်နာရာကျတယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းလာအောင် အကြီးအကဲတွေ သူ့ကို ကူညီပေးနိုင်လို့ပဲ။ အကြီးအကဲတွေက နူးညံ့သိမ်မွေ့တဲ့ သဘောနဲ့ တည့်မတ်ပေးပါလိမ့်မယ်။—ဝတ်ပြုရာ ၅:၁ နဲ့ ဂလာတိ ၆:၁ တို့ကိုဖတ်ပါ။
(ဝတ်ပြုရာ ၅:၁၅၊ ၁၆) “လူတစ်ယောက်က ယေဟောဝါရဲ့ သန့်ရှင်းမြင့်မြတ်ရာတွေနဲ့ဆိုင်တဲ့ ပညတ်ကို မတော်တဆ ချိုးဖောက်မိပြီး သစ္စာမဲ့ခဲ့ရင် အနာအဆာ မရှိတဲ့ သိုးထီးတစ်ကောင်ကို ဒုစရိုက်ဖြေရာ အလှူအဖြစ် ယေဟောဝါဆီ ယူလာရမယ်။ သိုးထီးရဲ့ ငွေရှယ်ကယ် တန်ဖိုးကို သန့်ရှင်းရာ ဌာနတော်ရဲ့ စံအလေးချိန်အတိုင်း သတ်မှတ်ရမယ်။ ၁၆ သန့်ရှင်းရာ ဌာနတော်ကို ပြစ်မှားမိတဲ့အတွက် သတ်မှတ်လျော်ကြေးအပြင် လျော်ကြေးရဲ့ ငါးပုံတစ်ပုံကိုပါ ပုရောဟိတ်ဆီ ပေးရမယ်။ ပုရောဟိတ်က ဒုစရိုက်ဖြေရာအလှူ ဖြစ်တဲ့ သိုးထီးကို ပူဇော်ပြီး အပြစ်ဖြေပေးရမယ်။ ဒါဆိုရင် သူ့အပြစ် ခွင့်လွှတ်ခံရမယ်။
it-1 ၁၁၃၀ ပိုဒ်. ၂
သန့်ရှင်းမြင့်မြတ်
တိရစ္ဆာန်များနဲ့ သီးနှံများ။ နွား၊ သိုး၊ ဆိတ်တွေရဲ့ သားဦးတွေကို မရွေးယူရဘူး။ အဲဒါတွေက ယေဟောဝါအတွက် သန့်ရှင်းမြင့်မြတ်ရာ ဖြစ်တယ်။ အဲဒီအကောင်တွေကို မီးရှို့ပူဇော်ရတယ်။ အသားတစ်ပိုင်းကို ပုရောဟိတ်တွေကို ပေးရတယ်။ (တလ ၁၈:၁၇-၁၉) သီးဦးသီးဖျားနဲ့ ဆယ်ဖို့တစ်ဖို့ဟာ သန့်ရှင်းရာ ဌာနအတွက် ပေးလှူထားတဲ့ ပူဇော်သက္ကာတွေ၊ အလှူတွေလိုပဲ သန့်ရှင်းတယ်။ (ထွ ၂၈:၃၈) အဲဒီအရာအားလုံးဟာ ယေဟောဝါအတွက် သန့်ရှင်းမြင့်မြတ်တယ်။ ပေါ့ပေါ့တန်တန် သဘောမထားရဘူး။ မရိုသေတဲ့နည်းနဲ့ သုံးချင်သလို သုံးလို့ မရဘူး။ ဆယ်ဖို့တစ်ဖို့နဲ့ပတ်သက်တဲ့ ပညတ်က နမူနာတစ်ခုပဲ။ လူတစ်ယောက်က ကောက်နှံတချို့ကို ဆယ်ဖို့တစ်ဖို့အဖြစ် ဖယ်ထားတယ်လို့ ပြောရင် ကိုယ်တိုင်ဖြစ်စေ၊ အိမ်သားတစ်ယောက်ယောက်ကဖြစ်စေ အဲဒါတွေကို ချက်ပြုတ်ဖို့ ယူသုံးလို့ မရဘူး။ သန့်ရှင်းမြင့်မြတ်ရာကို မလေးစားတဲ့ အပြစ်ပြုမိရာ ရောက်တယ်။ အဲဒီလူဟာ ပစ္စည်းရဲ့ တူညီတဲ့ ပမာဏအပြင် နောက်ထပ် ၂၀ ရာခိုင်နှုန်းကို လျော်ကြေးအဖြစ် ပေးဖို့ ပညတ်တရားမှာ တောင်းဆိုထားတယ်။ အဲဒီအပြင် အနာအဆာ မရှိတဲ့ သိုးထီးတစ်ကောင်ကို ဒုစရိုက်ဖြေရာ အလှူအဖြစ် ယေဟောဝါဆီ ယူလာရတယ်။ ဒါကြောင့် ယေဟောဝါ ပိုင်ဆိုင်တဲ့ သန့်ရှင်းမြင့်မြတ်ရာတွေကို အလွန် ရိုသေလေးစားရမယ်။—ဝ ၅:၁၄-၁၆။
ကျမ်းစာဖတ်ရှုခြင်း
နိုဝင်ဘာ ၂၃–၂၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဝတ်ပြုရာ ၆–၇
“ကျေးဇူးတင် ချီးမွမ်းတဲ့အနေနဲ့ ဆက်သ”
(ဝတ်ပြုရာ ၇:၁၁၊ ၁၂) “‘ယေဟောဝါဆီ ဆက်သမယ့် မိတ်သဟာယ ပူဇော်သက္ကာနဲ့ဆိုင်တဲ့ ပညတ်ကတော့– လူတစ်ယောက်က ကျေးဇူးတင်ချီးမွမ်းတဲ့အနေနဲ့ ဆက်သမယ်ဆိုရင် ဆီနယ်ပြီး လုပ်ထားတဲ့ တဆေးမဲ့ မုန့်လက်ကောက်တွေ၊ ဆီသုတ်ထားတဲ့ တဆေးမဲ့ မုန့်ပြားတွေ၊ ဂျုံနုကို ဆီရွှဲအောင် နယ်ပြီး လုပ်ထားတဲ့ မုန့်လက်ကောက်တွေကို ကျေးဇူးတင်ချီးမွမ်းရာ ပူဇော်သက္ကာနဲ့အတူ ဆက်သရမယ်။
ဝတ်ပြုရာကျမ်းကနေ ရနိုင်တဲ့ သင်ခန်းစာများ
၉ ဒုတိယ သင်ခန်းစာ– ယေဟောဝါကို ကျေးဇူးတင်လို့ ဝတ်ပြုကြတာ ဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး ရှေးအစ္စရေးတွေ ပူဇော်တဲ့ မိတ်သဟာယအလှူအကြောင်း သုံးသပ်ကြည့်ကြစို့။ အစ္စရေးတွေဟာ “ကျေးဇူးတင်ချီးမွမ်းတဲ့အနေနဲ့” မိတ်သဟာယအလှူတွေ ဆက်သနိုင်ကြောင်း ဝတ်ပြုရာကျမ်းကနေ သိရတယ်။ (ဝတ်. ၇:၁၁-၁၃၊ ၁၆-၁၈) မလုပ်မနေရ မဟုတ်ဘဲ ဆန္ဒရှိလို့၊ ယေဟောဝါဘုရားကို ချစ်လို့ စေတနာအလျောက် ဆက်သတာ ဖြစ်တယ်။ ပူဇော်တဲ့သူ၊ မိသားစုနဲ့ ပုရောဟိတ်တွေက ပူဇော်တဲ့ တိရစ္ဆာန်ရဲ့ အသားကို စားကြတယ်။ တချို့အပိုင်းတွေကိုတော့ ယေဟောဝါအတွက် သီးသန့် ဆက်သရတယ်။ ဘယ်အပိုင်းတွေလဲ။
(ဝတ်ပြုရာ ၇:၁၃-၁၅) တဆေးပါတဲ့ မုန့်လက်ကောက်တွေကိုလည်း မိတ်သဟာယ ပူဇော်သက္ကာ ဖြစ်တဲ့ ကျေးဇူးတင်ချီးမွမ်းရာ ပူဇော်သက္ကာနဲ့အတူ ဆက်သရမယ်။ ၁၄ မုန့်တွေကို တစ်မျိုးတစ်ခုစီ ယူပြီး ယေဟောဝါအတွက် မြင့်မြတ်တဲ့ ဝေစုအဖြစ် ဆက်သရမယ်။ အဲဒီဝေစုကို ယဇ်ကောင်ရဲ့ သွေး ဖျန်းပေးတဲ့ ပုရောဟိတ်က ယူရမယ်။ ၁၅ မိတ်သဟာယ ပူဇော်သက္ကာ ဖြစ်တဲ့ ကျေးဇူးတင်ချီးမွမ်းရာ ပူဇော်သက္ကာရဲ့ အသားကို ပူဇော်တဲ့ နေ့မှာပဲ စားရမယ်။ နောက်နေ့မနက်အထိ လုံးဝ မချန်ထားရဘူး။
ဘုရားသခင် နှစ်ခြိုက်သော ယဇ်များ
၁၅ စေတနာအလျောက်ပြုသော အခြားပူဇော်သကာတစ်ခုမှာ ဝတ်ပြုရာကျမ်း အခန်းကြီး ၃ ၌ ဖော်ပြထားသော မိတ်သဟာယယဇ် ဖြစ်သည်။ ၎င်းကို “ငြိမ်သက်ခြင်း ပူဇော်သကာများဆိုင်ရာ ယဇ်” ဟူ၍လည်း ပြန်ဆိုနိုင်သည်။ ဟေဗြဲဘာသာစကားတွင် “ငြိမ်သက်ခြင်း” ဟူသော စကားလုံးသည် စစ်၊ သို့မဟုတ် နှောင့်ယှက်မှုမှ လုံးလုံး လွတ်မြောက်ခြင်းထက်မက အဓိပ္ပာယ်ရှိသည်။ မောရှေ၏ ပညတ်ဥပဒေဆိုင်ရာထုံးနည်းများမှ လေ့လာစရာများ ဟူသော စာအုပ်က “သမ္မာကျမ်းစာ၌ ဤသို့ဖော်ပြသည့်အပြင် ဘုရားသခင်နှင့် ငြိမ်သက်မှု ရှိခြင်း၊ သာယာဝပြောခြင်းနှင့် ဝမ်းမြောက်ပျော်ရွှင်ခြင်း အခြေအနေ သို့မဟုတ် ဆက်ဆံရေးကိုလည်း ဖော်ပြသည်” ဟု ဆိုသည်။ ထို့ကြောင့် မိတ်သဟာယဇ်များကို ပူဇော်ကြခြင်းသည် ဘုရားသခင်အား နှစ်သိမ့်သည့်အလား ကိုယ်တော်နှင့် ငြိမ်သက်မှု ရဖို့အတွက် မဟုတ်ဘဲ ကိုယ်တော် နှစ်သက်သူများ ခံစားရသည့် ဘုရားသခင်နှင့် ငြိမ်သက်မှု ရှိခြင်း၏ အခွင့်သာသည့် အခြေအနေအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြဖို့၊ သို့မဟုတ် ချီးမွမ်းထောမနာပြုဖို့ ပူဇော်ကြခြင်း ဖြစ်သည်။ အသွေးနှင့် ဆီဥကို ယေဟောဝါထံ ပူဇော်ပြီးနောက် ယဇ်ပုရောဟိတ်များနှင့် ပူဇော်သူတို့သည် ယဇ်သားကို စားသုံးကြသည်။ (ဝတ်ပြုရာ ၃:၁၇; ၇:၁၆-၂၁; ၁၉:၅-၈) သူတို့စပ်ကြား၌ ရှိသော ငြိမ်သက်သည့် ဆက်ဆံရေးကို သရုပ်ဖော်ပြလျက် ယဇ်ပူဇော်သူ၊ ယဇ်ပုရောဟိတ်များနှင့် ယေဟောဝါ ဘုရားသခင်တို့သည် နှစ်လိုဖွယ် ပုံဆောင်နည်းအားဖြင့် အတူတကွ စားသုံးကြခြင်း ဖြစ်သည်။
(ဝတ်ပြုရာ ၇:၂၀) “‘ယေဟောဝါအတွက် ဆက်သထားတဲ့ မိတ်သဟာယ ပူဇော်သက္ကာရဲ့ အသားကို မသန့်ရှင်းတဲ့လူက စားရင် သူ့ကို ပယ်ရှင်းရမယ်။
ယေဟောဝါ နှစ်ခြိုက်သော ချီးမွမ်းခြင်းယဇ်များ
၈ ယဇ်ပူဇော်သူကော အသို့နည်း။ ပညတ်တရားက ယေဟောဝါရှေ့မှောက် ခစားသူ မည်သူမဆိုသည် စင်ကြယ်သန့်ရှင်းရမည်ဟု ဖော်ပြထားသည်။ အကြောင်းတစ်ခုခုကြောင့် ညစ်ညူးခဲ့သူတစ်ဦးသည် ယေဟောဝါရှေ့ သူ၏ စင်ကြယ်သော အနေအထားကို ပြန်ရရှိဖို့ အပြစ်ဖြေရာ သို့မဟုတ် ကျူးလွန်မှုဖြေရာ ယဇ်ကို ဦးဆုံး ပူဇော်ရသည်၊ သို့မှသာ သူ၏ မီးရှို့ရာယဇ် သို့မဟုတ် မိတ်သဟာယယဇ်ကို ကိုယ်တော် လက်ခံနိုင်မည် ဖြစ်သည်။ (ဝတ်ပြုရာ ၅:၁-၆၊ ၁၅၊ ၁၇) ထို့ကြောင့် ယေဟောဝါရှေ့ စင်ကြယ်သော အနေအထား အစဉ် ရှိခြင်း၏ အရေးပါမှုကို သဘောပေါက်ပါသလော။ ကျွန်ုပ်တို့၏ ဝတ်ပြုမှုကို ဘုရားသခင် နှစ်သက်စေလိုလျှင် ဘုရားသခင့် ပညတ်တော် ချိုးဖောက်မှုမှန်သမျှကို အလျင်အမြန် အမှားပြင်ရမည်။ ဘုရားသခင် ပေးထားရာဖြစ်သည့်—‘အသင်းတော်မှ အသက်ကြီးသူများ’ နှင့် ကျွန်ုပ်တို့၏ “အပြစ်ဖြေစရာအကြောင်း” ယေရှုခရစ်—တို့၏ထောက်မမှုကို ကျွန်ုပ်တို့ ရယူရာတွင် မြန်ဆန်သင့်သည်။—ယာကုပ် ၅:၁၄; ၁ ယောဟန် ၂:၁၊ ၂။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဝတ်ပြုရာ ၆:၁၃) ပူဇော်ရာပလ္လင်ပေါ်မှာ အမြဲ မီးတောက်လောင်နေရမယ်။ မီးမငြိမ်းစေရဘူး။
it-1 ၈၃၃ ပိုဒ်. ၁
မီး
တဲတော်၊ ဗိမာန်တော်နဲ့ သက်ဆိုင်တဲ့မီး။ ဝတ်ပြုရာတဲတော်နဲ့ နောက်ပိုင်း ဗိမာန်တော်မှာ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အသုံးပြုတဲ့ မီး ဖြစ်တယ်။ မနက်တိုင်းနဲ့ နေဝင်ချိန်မှာ ပုရောဟိတ်မင်းက နံ့သာပေါင်း မီးရှို့တဲ့ ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့တယ်။ (ထွ ၃၀:၇၊ ၈) ပူဇော်ရာပလ္လင်ပေါ်မှာ အမြဲ မီးတောက်လောင်နေရမယ်လို့ ဘုရား ပညတ်ထားတယ်။ (ဝ ၆:၁၂၊ ၁၃) ပူဇော်ရာပလ္လင်ပေါ်က မီးရဲ့ မူလအစက အံ့ဖွယ်နည်းနဲ့ ဘုရားသခင် ပေးခဲ့တာလို့ ဂျူးတွေ အစဉ်အလာအဆက်ဆက် လက်ခံခဲ့ကြပေမဲ့ အဲဒါကို ထောက်ခံတဲ့ ကျမ်းချက် မရှိပါဘူး။ မောရှေကို ယေဟောဝါ ပေးတဲ့ ဦးဆုံး ညွှန်ကြားချက်ထဲမှာ အာရုန်ရဲ့သား ပုရောဟိတ်တွေက “ပူဇော်ရာပလ္လင်မှာ မီးထည့်ရမယ်။ ထင်းတွေကိုလည်း စီပြီး ထည့်ရမယ်။” ပူဇော်မယ့်အရာကို ပူဇော်ရာပလ္လင်ပေါ်က ထင်းမီးပေါ် စီထားရမယ်လို့ မှာကြားထားတယ်။ (ဝ ၁:၇၊ ၈) အာရုန်အမျိုးကို ပုရောဟိတ်အဖြစ် မခန့်အပ်ခင်နဲ့ ခန့်အပ်ပြီးနောက်မှာ ပူဇော်သက္ကာတွေကို မီးရှို့ပူဇော်တယ်။ အဲဒါတွေလုပ်ပြီးနောက်မှ ယေဟောဝါဆီကနေ မီး (တဲတော်အပေါ်မှာ ရှိတဲ့ မိုးတိမ်တိုင်ထဲကနေ ဖြစ်နိုင်) ကျလာပြီး ပူဇော်ရာပလ္လင်ပေါ်က ပူဇော်သက္ကာတွေကို လောင်ကျွမ်းသွားတယ်။ ဒီအချက်အရ အံ့ဖွယ်မီးဟာ ပူဇော်ရာပလ္လင်ပေါ်က ထင်းတွေကို စပြီး လောင်ကျွမ်းတာ မဟုတ်ဘဲ “ပူဇော်ရာ ပလ္လင်ပေါ်က မီးရှို့ရာအလှူနဲ့ အဆီတွေ လောင်ကျွမ်း” စေခဲ့တာ ဖြစ်တယ်။ အဲဒီနောက်ပိုင်း ပူဇော်ရာပလ္လင်ပေါ်က မီးဟာ အမြဲတမ်း ဆက်လောင်ကျွမ်းနေတယ်။ အဲဒီမီးဟာ ပူဇော်ရာပလ္လင်မှာ ရှိနှင့်ပြီးသား မီးနဲ့ ဘုရားဆီက ကျလာတဲ့ မီး ရောနေပါတယ်။ (ဝ ၈:၁၄–၉:၂၄) အလားတူပါပဲ၊ ဗိမာန်တော် အပ်နှံပွဲမှာ ရှောလမုန် ဆုတောင်းပြီးတာနဲ့ ယေဟောဝါဆီကနေ အံ့ဖွယ်မီး ကျလာပြီး ပူဇော်သက္ကာတွေ လောင်ကျွမ်းသွားတယ်။—၂ရ ၇:၁။ ယေဟောဝါက မိမိကျေးကျွန်တွေရဲ့ ပူဇော်သက္ကာကို လက်ခံကြောင်း အံ့ဖွယ်မီး အသုံးပြုခဲ့တဲ့ တခြားဥပမာတွေအတွက် သူ ၆:၂၁။ ၁ဘု ၁၈:၂၁-၃၉။ ၁ရ ၂၁:၂၆ တို့ကိုလည်း ကြည့်ပါ။
(ဝတ်ပြုရာ ၆:၂၅) “အာရုန်နဲ့ သားတွေကို ပြောပါ။ ‘အပြစ်ဖြေရာ အလှူနဲ့ဆိုင်တဲ့ ပညတ်ကတော့- အပြစ်ဖြေရာအလှူ ဖြစ်တဲ့ တိရစ္ဆာန်ကို မီးရှို့ရာအလှူကို သတ်တဲ့ နေရာမှာ ယေဟောဝါရှေ့ သတ်ရမယ်။ ဒါဟာ အသန့်ရှင်းဆုံးအလှူပဲ။
si ၂၇ ပိုဒ်. ၁၅
ကျမ်းစာစောင် နံပါတ် ၃—ဝတ်ပြုရာ
၁၅ (၃) တားမြစ်ထားတာကို လုပ်ပြီး မတော်တဆ အပြစ်ကျူးလွန်မိရင် အပြစ်ဖြေရာအလှူ ပေးဖို့ လိုတယ်။ ပူဇော်ရမယ့် တိရစ္ဆာန်အမျိုးအစားက အပြစ်ဖြေဖို့ လိုတဲ့သူက ပုရောဟိတ်လား၊ အစ္စရေး တစ်မျိုးသားလုံးလား၊ ခေါင်းဆောင်လား၊ သာမာန်လူလားဆိုတဲ့ အချက်အပေါ် မူတည်တယ်။ မိတ်သဟာယအလှူက စေတနာအလျောက် ပူဇော်ရတာမျိုး ဖြစ်ပေမဲ့ အပြစ်ဖြေရာအလှူကတော့ မဖြစ်မနေ ပူဇော်ဖို့ လိုတယ်။—ဝ ၄:၁-၃၅။ ၆:၂၄-၃၀။
ကျမ်းစာဖတ်ရှုခြင်း
နိုဝင်ဘာ ၃၀-ဒီဇင်ဘာ ၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဝတ်ပြုရာ ၈–၉
“ယေဟောဝါရဲ့ ကောင်းချီး အထောက်အထား”
(ဝတ်ပြုရာ ၈:၆-၉) အာရုန်နဲ့ သူ့သားတွေကို ခေါ်လာတယ်။ ရေချိုးခိုင်းတယ်။ ၇ အာရုန်ကို ဝတ်လုံရှည် ဝတ်ပေးပြီး ခါးစည်း စည်းပေးတယ်။ လက်ပြတ်ဝတ်ရုံကို ဝတ်၊ သင်တိုင်းကို ထပ်ဝတ်ပေးပြီး ရက်ထားတဲ့ သင်တိုင်းခါးစည်းကို မြဲအောင် စည်းပေးလိုက်တယ်။ ၈ ရင်ဖုံးကို ဝတ်ဆင်ပေးတယ်။ ဥရိမ်နဲ့ သုမိမ်ကို ရင်ဖုံးထဲ ထည့်ပေးတယ်။ ၉ ခေါင်းပေါင်း ပေါင်းပေးပြီး သန့်ရှင်းမြင့်မြတ်တဲ့ ဆက်ကပ်အပ်နှံခြင်း အမှတ်အသား ရွှေစင်ပြားကို ခေါင်းပေါင်းအရှေ့ဘက်မှာ တပ်ပေးတယ်။ ယေဟောဝါ မိန့်မှာတဲ့အတိုင်း မောရှေ လုပ်တယ်။
(ဝတ်ပြုရာ ၈:၁၂) နောက်ဆုံး၊ အာရုန်ကို သန့်ရှင်းမြင့်မြတ်စေဖို့ သူ့ခေါင်းပေါ် ဘိသိက်ဆီ လောင်းပြီး ဘိသိက်ပေးတယ်။
it-1 ၁၂၀၇
ခန့်အပ်ခြင်း
မောရှေက အာရုန်နဲ့၊ အာရုန်ရဲ့ သားတွေ ဖြစ်တဲ့ နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဧသမာတို့ကို တဲတော်ဝင်းအတွင်းမှာ ရှိတဲ့ ကြေးနီအင်တုံထဲက ရေနဲ့ ဆေးကြောသန့်စင်ခိုင်းတယ်။ ပြီးတဲ့နောက် အာရုန်ကို ဂုဏ်အသရေရှိတဲ့ ပုရောဟိတ်မင်း ဝတ်လုံ ဝတ်ပေးတယ်။ (တလ ၃:၂၊ ၃) အခု တင့်တယ်တဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ အာရုန်ဟာ အဲဒီအဝတ်အစားတွေ ကိုယ်စားပြုတဲ့ အရည်အသွေးတွေ၊ တာဝန်တွေကို ထမ်းဆောင်ဖို့ တရားဝင် လုပ်ပိုင်ခွင့် ရရှိသွားပြီ။ ပြီးတဲ့နောက် မောရှေက တဲတော်နဲ့ တဲတော် အသုံးအဆောင်တွေ၊ ပူဇော်ရာပလ္လင်၊ အင်တုံနဲ့ အဲဒါတွေနဲ့ ဆက်စပ်တဲ့ အသုံးအဆောင်ပစ္စည်းအားလုံးကို ဘိသိက်ဆီ လောင်းပြီး ဆက်ကပ်လိုက်တယ်။ အဲဒီလိုလုပ်တာက အဲဒီပစ္စည်းတွေကို ဘုရားဝတ်ပြုရေးအတွက်ပဲ သီးသန့် အသုံးပြုဖို့ သတ်မှတ်ထားတဲ့ သန့်ရှင်းမြင့်မြတ်တဲ့ ပစ္စည်းတွေ ဖြစ်စေတယ်။ နောက်ဆုံး မောရှေက အာရုန်ရဲ့ ခေါင်းပေါ် ဘိသိက်ဆီ လောင်းပြီး ဘိသိက်ပေးတယ်။—ဝ ၈:၆-၁၂။ ထွ ၃၀:၂၂-၃၃။ ဆ ၁၃၃:၂။
(ဝတ်ပြုရာ ၉:၁-၅) ရှစ်ရက်မြောက်နေ့မှာ မောရှေက အာရုန်နဲ့ သူ့သားတွေ၊ အစ္စရေး အကြီးအကဲတွေကို ခေါ်တယ်။ ၂ အာရုန်ကို “အပြစ်ဖြေရာ အလှူအတွက် အနာအဆာ မရှိတဲ့ နွားပေါက်တစ်ကောင်၊ မီးရှို့ရာအလှူအတွက် အနာအဆာ မရှိတဲ့ သိုးထီးတစ်ကောင်ကို ယူပြီး ယေဟောဝါရှေ့မှာ ကိုယ့်အတွက် ပူဇော်ပါ။ ၃ အစ္စရေးတွေကိုလည်း ‘အပြစ်ဖြေရာအလှူအတွက် ဆိတ်ထီးတစ်ကောင်၊ မီးရှို့ရာအလှူအတွက် အနာအဆာ မရှိတဲ့ တစ်နှစ်သားအရွယ် နွားပေါက်တစ်ကောင်၊ သိုးထီးလေးတစ်ကောင်ကို ယူလာခဲ့ပါ။ ၄ ယေဟောဝါရှေ့မှာ ပူဇော်ဖို့ မိတ်သဟာယ ပူဇော်သက္ကာအတွက် နွားထီးတစ်ကောင်နဲ့ သိုးထီးတစ်ကောင်၊ ဆီလောင်းထားတဲ့ ကောက်နှံအလှူကိုလည်း ယူလာခဲ့ပါ။ ဒီနေ့ ယေဟောဝါဘုရားက ခင်ဗျားတို့ရှေ့မှာ ကြွလာလိမ့်မယ်’ လို့ ပြောလိုက်ပါ” ဆိုပြီး မှာတယ်။ ၅ သူတို့က မောရှေ မှာကြားတဲ့အတိုင်း အဲဒါတွေအားလုံးကို တွေ့ဆုံရာ တဲတော်ရှေ့ ယူလာကြတယ်။ အစ္စရေးတစ်မျိုးလုံးလည်း ရောက်လာပြီး ယေဟောဝါရှေ့ ရပ်နေကြတယ်။
it-1 ၁၂၀၈ ပိုဒ်. ၈
ခန့်အပ်ခြင်း
အဋ္ဌမနေ့ရောက်တော့ အမှုဆောင်ဖို့ အပြည့်အဝ ခန့်အပ်ခံရပြီး ဖြစ်တဲ့ ပုရောဟိတ်တွေဟာ (မောရှေရဲ့ အကူအညီ မပါဘဲ) ပထမဆုံးအကြိမ်အဖြစ် အစ္စရေးလူမျိုးကို အပြစ်ဖြေပေးတဲ့ တာ၀န်ကို ထမ်းဆောင်ကြတယ်။ မစုံလင်မှုကြောင့် ပြုမိတဲ့ အပြစ်တွေကြောင့်ပဲ မဟုတ်ဘူး။ မကြာသေးခင်က ရွှေနွားရုပ် လုပ်ပြီး ယေဟောဝါကို စိတ်ပျက်စေခဲ့တဲ့ နာခံမှုမဲ့တဲ့ လုပ်ရပ်ကြောင့် အပြစ်ဖြေဖို့လည်း ပါတယ်။ (ဝ ၉:၁-၇။ ထွ ၃၂:၁-၁၀) အသစ်ခန့်အပ်ထားတဲ့ ပုရောဟိတ်တွေ ဦးဆုံးနေ့ အမှုဆောင်ခြင်း ပြီးစီးသွားတဲ့အခါ ယေဟောဝါက သူတို့ရဲ့ လုပ်ဆောင်မှုတွေကို နှစ်သက်သဘောကျကြောင်း အံ့ဖွယ်မီး ကျစေခြင်းအားဖြင့် ဖော်ပြခဲ့တယ်။ အဲဒီမီးက တဲတော်အပေါ်မှာ တည်ရှိတဲ့ မိုးတိမ်ကနေ ထွက်လာတာ ဖြစ်နိုင်ပြီး ပူဇော်ရာပလ္လင်ပေါ်မှာ ကျန်ရှိနေသေးတဲ့ ပူဇော်သက္ကာအားလုံးကို လောင်ကျွမ်းစေခဲ့တယ်။—ဝ ၉:၂၃၊ ၂၄။
(ဝတ်ပြုရာ ၉:၂၃၊ ၂၄) နောက်ဆုံး၊ မောရှေနဲ့ အာရုန်က တွေ့ဆုံရာ တဲတော်ထဲ ဝင်သွားတယ်။ အဲဒီနောက် ပြန်ထွက်လာပြီး လူတွေကို ကောင်းချီးပေးတယ်။ အဲဒီအခါ ယေဟောဝါရဲ့ ဘုန်းကျက်သရေ ထွန်းတောက်တာကို လူအားလုံး ဖူးမြင်ရတယ်။ ၂၄ ယေဟောဝါဆီကနေ မီးကျလာပြီး ပူဇော်ရာပလ္လင်ပေါ်က မီးရှို့ရာအလှူနဲ့ အဆီတွေ လောင်ကျွမ်းသွားတာကို လူတွေ မြင်တဲ့အခါ ဝမ်းသာအားရ ကြွေးကြော်ပြီး မြေပေါ်မှာ ပျပ်ဝပ်ကြတယ်။
ဝတ်ပြုရာကျမ်းကနေ ရနိုင်တဲ့ သင်ခန်းစာများ
၁၃ စတုတ္ထ သင်ခန်းစာ– ယေဟောဝါက မိမိအဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းကို ကောင်းချီးပေးနေတယ်။ ဘီစီ ၁၅၁၂၊ သိနာတောင်ခြေမှာ တဲတော် ဆောက်လုပ်တုန်းက ဘာဖြစ်ခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ (ထွ. ၄၀:၁၇) အာရုန်နဲ့ သူ့သားတွေကို ပုရောဟိတ်တွေအဖြစ် ခန့်အပ်ချိန်မှာ မောရှေ ဦးဆောင်ပေးတယ်။ ပုရောဟိတ်တွေက ဦးဆုံး တိရစ္ဆာန်တွေကို ပူဇော်တဲ့အခါ အစ္စရေးအားလုံး စုရုံးလာကြတယ်။ (ဝတ်. ၉:၁-၅) အသစ် ခန့်အပ်လိုက်တဲ့ ပုရောဟိတ်တွေကို ယေဟောဝါ နှစ်သက်ကြောင်း ဘယ်လို ဖော်ပြသလဲ။ လူတွေကို အာရုန်နဲ့ မောရှေ ကောင်းချီးပေးချိန်မှာ ယေဟောဝါက ကောင်းကင်ကနေ မီးကျစေပြီး ပလ္လင်ပေါ် ကျန်နေတဲ့ ပူဇော်သက္ကာတွေကို လောင်ကျွမ်းစေတယ်။—ဝတ်ပြုရာ ၉:၂၃၊ ၂၄ ကိုဖတ်ပါ။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဝတ်ပြုရာ ၈:၆) အာရုန်နဲ့ သူ့သားတွေကို ခေါ်လာတယ်။ ရေချိုးခိုင်းတယ်။
ကျွန်တော်တို့ ဘာကြောင့် သန့်ရှင်းရမလဲ
၆ အစ္စရေး ယဇ်ပုရောဟိတ်တွေ ရုပ်ပိုင်းအရ သန့်ရှင်းနေရမယ်ဆိုတဲ့ အချက်က ကျွန်တော်တို့အတွက် ဘာအဓိပ္ပာယ်ရှိသလဲ။ ကျွန်တော်တို့ သန့်ရှင်းသပ်ရပ်ပြီး ဝတ်ပြုရာနေရာတွေကိုလည်း သန့်သန့်ရှင်းရှင်း ထားတယ်ဆိုတာ ကျမ်းစာလေ့လာသူတွေ သတိထားမိလေ့ရှိတယ်။ ဒါပေမဲ့ အဲဒီလောက်ပဲ မဟုတ်ပါဘူး။ ယေဟောဝါကို ဝတ်ပြုလိုသူတွေဟာ “ဖြူစင်သောနှလုံး” လည်း ရှိရမယ်။ (ဆာလံ ၂၄:၃၊ ၄ ကိုဖတ်ပါ; ဟေရှာ. ၂:၂၊ ၃) ဒါကြောင့် ယေဟောဝါကို သန့်ရှင်းတဲ့ ကိုယ်ခန္ဓာနဲ့သာမက သန့်ရှင်းတဲ့ စိတ်နှလုံးနဲ့ ဝတ်ပြုရမယ်။ ဒီကိစ္စမှာ ကိုယ့်ကိုယ်ကိုယ် မှန်မှန် ဆန်းစစ်နေဖို့ လိုတယ်။ သန့်ရှင်းနေဖို့အတွက် အပြောင်းအလဲကြီးတွေ လုပ်ဖို့ လိုတဲ့အခါတွေလည်း ရှိနိုင်တယ်။ (၂ ကော. ၁၃:၅) ဥပမာ၊ နှစ်ခြင်းခံပြီးသူ တစ်ယောက်ဟာ ညစ်ညမ်း ရုပ်ပုံစာပေတွေကို ကြည့်နေတယ်ဆိုရင် ‘ငါ သန့်ရှင်းနေရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။ အဲဒီလိုဆန်းစစ်ပြီးနောက် ဒီအကျင့်ဆိုးကို ဖြတ်ဖို့ အကူအညီ ရယူသင့်တယ်။—ယာ. ၅:၁၄။
(ဝတ်ပြုရာ ၈:၁၄-၁၇) အဲဒီနောက် အပြစ်ဖြေရာအလှူ ဖြစ်တဲ့ နွားထီးကို ယူလာပြီး အာရုန်နဲ့ သားတွေက နွားထီးရဲ့ ခေါင်းပေါ် လက်တင်ကြတယ်။ ၁၅ မောရှေက နွားထီးကို သတ်၊ လက်ညှိုးနဲ့ သွေးနည်းနည်းကို ယူ၊ ပူဇော်ရာပလ္လင်ရဲ့ ဦးချိုအတက်အားလုံးမှာ သုတ်ပြီး ပူဇော်ရာပလ္လင်ကို အပြစ်စင်ကြယ်စေတယ်။ ကျန်တဲ့သွေးကိုတော့ ပူဇော်ရာပလ္လင်ခြေရင်းမှာ သွန်ချလိုက်တယ်။ ပူဇော်ရာပလ္လင်ပေါ်မှာ အပြစ်ဖြေနိုင်ဖို့ ဒီနည်းနဲ့ ပူဇော်ရာပလ္လင်ကို ဆက်ကပ်လိုက်တယ်။ ၁၆ နွားထီးရဲ့ ဝမ်းတွင်းအဆီလွှာ၊ အသည်းပေါ်က အဆီလွှာ၊ ကျောက်ကပ်နှစ်ခုနဲ့ ကျောက်ကပ်ပေါ်က အဆီတွေကို ယူပြီး ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ပူဇော်တယ်။ ၁၇ ကျန်တဲ့အပိုင်းတွေ၊ အရေခွံ၊ အသား၊ မစင်တွေကိုတော့ စခန်းအပြင်ဘက်မှာ မီးရှို့တယ်။ မောရှေက ယေဟောဝါ မိန့်မှာတဲ့အတိုင်း လုပ်ဆောင်တယ်။
it-2 ၄၃၇ ပိုဒ်. ၃
မောရှေ
အစ္စရေးလူမျိုးနဲ့ ဘုရားသခင် ပညတ်ပဋိညာဉ် ပြုတဲ့အခါ မောရှေက ဖျန်ဖြေသူ ဖြစ်တယ်။ ပဋိညာဉ်သစ်ရဲ့ ဖျန်ဖြေသူ ဖြစ်တဲ့ ယေရှုခရစ်ကလွဲပြီး ဘယ်လူသားကမှ ဘုရားသခင်နဲ့ အဲဒီလို ရင်းနှီးမှုမျိုး မရှိခဲ့ဘူး။ မောရှေက အဖွဲ့နှစ်ဖွဲ့ ဖြစ်တဲ့ ယေဟောဝါကို ကိုယ်စားပြုတဲ့ ပဋိညာဉ်ကျမ်းနဲ့ လူအားလုံး (ကို ကိုယ်စားပြုတဲ့ အသက်ကြီးသူတွေ) အပေါ် တိရစ္ဆာန်ယဇ်ကောင်ရဲ့ အသွေးကို ဖျန်းခဲ့တယ်။ ပဋိညာဉ်ကျမ်းမှာပါတဲ့ အချက်တွေကို မောရှေ ဖတ်ပြတဲ့အခါ လူတွေက “ယေဟောဝါဘုရား မိန့်မှာသမျှ လိုက်နာပါ့မယ်” ဆိုပြီး ဖြေကြတယ်။ (ထွ ၂၄:၃-၈။ ဟီ ၉:၁၉) တဲတော်တည်ဆောက်ခြင်း၊ ဘုရား ပေးတဲ့ ပုံစံအတိုင်း တဲတော်အသုံးအဆောင်တွေ ပြုလုပ်ခြင်း၊ ပုရောဟိတ်တာဝန် ခန့်အပ်ခြင်း၊ တဲတော်ကို အပ်နှံခြင်း၊ အာရုန်ကို အထူးဖော်စပ်ထားတဲ့ ဘိသိက်ဆီ လောင်းပြီး ပုရောဟိတ်မင်းအရာ ခန့်အပ်ခြင်း စတဲ့ တာဝန်တွေကို ဖျန်ဖြေသူ ဖြစ်တဲ့ မောရှေ ဦးစီးလုပ်ဆောင်ခွင့် ရခဲ့တယ်။ ပြီးတဲ့နောက် အသစ် ခန့်အပ်ထားတဲ့ ပုရောဟိတ်အဖွဲ့ တရားဝင် လုပ်ရမယ့် တာဝန်ကို မောရှေက ဦးစီးပြီး ပထမဆုံး အကြိမ်အဖြစ် လုပ်ဆောင်ခဲ့တယ်။—ထွ အခန်းကြီး ၂၅-၂၉။ ဝ အခန်းကြီး ၈၊ ၉။
ကျမ်းစာဖတ်ရှုခြင်း