ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
အောက်တိုဘာ ၅-၁၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ထွက်မြောက်ရာ ၃၁-၃၂
“ရုပ်တုကိုးကွယ်ခြင်းကို ရှောင်ပါ”
(ထွက်မြောက်ရာ ၃၂:၁) မောရှေက တောင်ပေါ် တက်သွားတာ ကြာလှပြီ။ မဆင်းလာသေးတော့ လူတွေဟာ အာရုန်ဆီ လာပြီး “ကျုပ်တို့ကို ဦးဆောင်ခေါ်သွားမယ့် ဘုရားတစ်ဆူ လုပ်ပေးစမ်းပါ။ အီဂျစ်ပြည်ကနေ ကျုပ်တို့ကို ခေါ်ထုတ်လာတဲ့ မောရှေတစ်ယောက် ဟိုမှာ ဘာဖြစ်နေမှန်း မသိဘူး” လို့ ဝိုင်းပြောကြတယ်။
ရင့်ကျက်သည့်အဖြစ်သို့ တက်လှမ်းပါ—‘ယေဟောဝါ၏ နေ့ကြီး နီးပြီ’
၁၁ အထူးသဖြင့် အခြေအနေများ ခက်ခဲချိန်တွင် သမ္မာကျမ်းစာမှ ကျွန်ုပ်တို့ သင်ယူသိရှိရာကို လက်တွေ့ကျင့်သုံးခြင်းသည် စိန်ခေါ်ချက်တစ်ခု ဖြစ်နိုင်သည်။ ဥပမာ၊ ဣသရေလလူမျိုးကို အီဂျစ်အချုပ်အနှောင်မှ ယေဟောဝါ ကယ်နုတ်ပြီးနောက် မကြာမီတွင် သူတို့သည် “မောရှေကို ရန်တွေ့ကြ” ခြင်းဖြင့် “ယေဟောဝါကို စုံစမ်း” ခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ သောက်ဖို့ရာ ရေမရှိသောကြောင့် ဖြစ်သည်။ (ထွ. ၁၇:၁-၄) ဘုရားသခင်နှင့် ပဋိညာဉ်ဖွဲ့ပြီး ‘ယေဟောဝါ မိန့်တော်မူသမျှ’ ကို လုပ်ဆောင်မည်ဟု ကတိပြုသည်မှာ နှစ်လပင် မပြည့်မီတွင် သူတို့သည် နွားသငယ်ရုပ်ကို ကိုးကွယ်ခြင်းဖြင့် ကိုယ့်တော်ပညတ်ကို ချိုးဖောက်ခဲ့ကြသည်။ (ထွ. ၂၄:၃၊ ၁၂-၁၈; ၃၂:၁၊ ၂၊ ၇-၉) မောရှေသည် ဟောရပ် တောင်ပေါ်တွင် သွန်သင်ချက် ခံယူနေ၍ ကြာရှည်စွာ ပျောက်နေသောကြောင့် သူတို့ ကြောက်ရွံ့၍ ထိုသို့ လုပ်ခဲ့ကြခြင်းလော။ အစောပိုင်းတွင် အာမလက်လူတို့ကို အောင်မြင်ခဲ့သည်မှာ မောရှေ၏ လက်ဆန့်ထားခြင်းကြောင့် ဖြစ်ပြီး မောရှေ မရှိချိန်တွင် အာမလက်လူတို့သည် တစ်ဖန် ပြန်တိုက်ခိုက်လာကြမည်၊ ဣသရေလလူမျိုးအဖို့ မျှော်လင့်ချက် မရှိဟု သူတို့ ထင်မှတ်ခဲ့ခြင်းကြောင့်လော။ (ထွ. ၁၇:၈-၁၆) ဖြစ်နိုင်သည်၊ သို့သော် မည်သည့်အကြောင်းကြောင့်ပင် ဖြစ်ပါစေ ဣသရေလလူတို့သည် ‘နားမထောင်ဘဲ ငြင်းပယ်’ ခဲ့ကြသည်။ (တ. ၇:၃၉-၄၁) ပေါလုက ခရစ်ယာန်များအား ဣသရေလလူမျိုး ကတိထားရာပြည်ထဲ ဝင်ရန် ကြောက်ရွံ့ချိန်တွင် တင်ပြခဲ့သည့် “နာခံမှု ကင်းမဲ့သူများနည်းတူ ဖြစ်သွား” ခြင်းကို ရှောင်ရန် “အစွမ်းကုန် ကြိုးစား” ဖို့ တိုက်တွန်းခဲ့သည်။—ဟေဗြဲ ၄:၃၊ ၁၁။
(ထွက်မြောက်ရာ ၃၂:၄-၆) အာရုန်လည်း ရွှေတွေကို ယူပြီး နွားရုပ်တစ်ခု လုပ်ပေးလိုက်တယ်။ လူတွေက “အစ္စရေးတို့၊ ခင်ဗျားတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတာ ဒီဘုရားသခင်ပဲ” ဆိုပြီး ပြောကြတယ်။ ၅ ဒါကို အာရုန် မြင်တော့ နွားရုပ်ရှေ့မှာ ယဇ်ပလ္လင် တည်ပြီး “မနက်ဖြန်ကျရင် ယေဟောဝါဘုရားအတွက် ပွဲတော် ရှိတယ်” လို့ ကြေညာလိုက်တယ်။ ၆ နောက်နေ့ မနက်စောစောမှာ လူတွေက မီးရှို့ရာ အလှူတွေ၊ မိတ်သဟာယ ပူဇော်သက္ကာတွေ ဆက်သကြတယ်။ အဲဒီနောက် စားသောက်ပြီး မြူးထူးပျော်ပါးကြတယ်။
ဘုရားသခင့်စကား နားထောင်ပြီး ကိုယ်တော့် ကျိန်ဆိုမှုကနေ အကျိုးခံစားပါ
၁၂ ယေဟောဝါဟာ အစ္စရေးလူမျိုးနဲ့ ဖွဲ့ခဲ့တဲ့ ပဋိညာဉ်မှာ ကတိပေးထားတဲ့အတိုင်း ချက်ချင်း စလုပ်ဆောင်ခဲ့တယ်။ ကိုယ်တော်က ဝတ်ပြုဖို့နေရာ ဖြစ်တဲ့ တဲတော်တစ်ခု စီစဉ်ပေးပြီး အဲဒီမှာ အမှုဆောင်မယ့် ယဇ်ပုရောဟိတ်တွေကို ရွေးချယ်ပေးခဲ့တယ်။ ယဇ်ပုရောဟိတ်အဖွဲ့က မစုံလင်တဲ့ လူသားတွေ ဘုရားသခင်နဲ့ ဆက်ဆံရေး ထူထောင်နိုင်ဖို့ ကူညီပေးမှာ ဖြစ်တယ်။ ဒါပေမဲ့ အစ္စရေးလူတွေဟာ ချက်ချင်းပဲ မိမိတိုရဲ့ အပ်နှံမှုကို မေ့လျော့သွားပြီး “အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်ကို ယူကျုံးမရ ဖြစ်စေ” ခဲ့ကြတယ်။ (ဆာ. ၇၈:၄၁၊ ကဘ) ဥပမာ၊ မောရှေ သိနာ တောင်ပေါ်ကို တက်ပြီး ထပ်ဆင့် ညွှန်ကြားချက်တွေ သွားယူနေတဲ့အခါမှာ အစ္စရေးလူတွေဟာ စိတ်မရှည်တော့ဘဲ ယုံကြည်ခြင်း ကင်းမဲ့လာတယ်။ မောရှေ သူတို့ကို ထားခဲ့ပြီလို့ ထင်ခဲ့ကြတယ်။ ဒါနဲ့ သူတို့ဟာ ရွှေနွားသငယ်ရုပ်တစ်ခု လုပ်ပြီး “အို အစ္စရေးလူတို့၊ ဒါက သင်တို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့ ဘုရားသခင်ပဲ” လို့ လူတွေကို ပြောခဲ့တယ်။ (ထွ. ၃၂:၁၊ ၄၊ ကဘ) အဲဒီနောက် ‘ယေဟောဝါအဖို့ ပွဲခံ’ တယ်လို့ ပြောပြီး သူတို့ လုပ်ထားတဲ့ အဲဒီအရုပ်ရှေ့မှာ ဦးချ၊ ယဇ်ပူဇော်ကြတယ်။ အဲဒါကို ကြည့်ပြီး ယေဟောဝါက “ငါမှာထားသော လမ်းမှ အလျင်အမြန် လွှဲသွား” ပြီလို့ မောရှေကို ပြောခဲ့တယ်။ (ထွ. ၃၂:၅၊ ၆၊ ၈) ဝမ်းနည်းစရာက အဲဒီအချိန်ကစပြီး အစ္စရေးလူတွေဟာ ဘုရားသခင်ရှေ့မှာ ကျိန်ဆိုမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ကျိန်ဆိုတဲ့အတိုင်း မလုပ်ခဲ့ကြဘူး။—တော. ၃၀:၂။
(ထွက်မြောက်ရာ ၃၂:၉၊ ၁၀) ယေဟောဝါက “ဒီလူတွေ တော်တော် ခေါင်းမာမှန်း ငါသိတယ်။ ၁၀ ငါအမျက်ထွက်လွန်းလို့ သူတို့ကို ဖျက်ဆီးမယ်။ ငါ့ကို မတားနဲ့။ မင်းကိုတော့ လူမျိုးကြီး ဖြစ်စေမယ်” လို့ ပြောတယ်။
‘ယေဟောဝါဘုရားဘက် ဘယ်သူ ရပ်တည်မလဲ’
၁၄ ရုပ်တုကိုးကွယ်ခြင်းဟာ ယေဟောဝါကို ပြစ်မှားရာ ရောက်ကြောင်း လူတွေ သိတယ်။ (ထွ. ၂၀:၃-၅) ဒါပေမဲ့ ရွှေနွားရုပ်ကို ကိုးကွယ်ခဲ့ကြတယ်။ ဒါတောင် ယေဟောဝါဘက် ရပ်တည်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် လှည့်စားခဲ့ကြတယ်။ အာရုန်က နွားရုပ်ကိုးကွယ်မှုကို “ယေဟောဝါဘုရားအတွက် ပွဲတော်” လို့ ခေါ်ခဲ့တယ်။ ယေဟောဝါ ဘယ်လို တုံ့ပြန်သလဲ။ သစ္စာဖောက်တယ်လို့ ခံစားရပြီး လူတွေ “ဖောက်ပြန်ကုန်ပြီ။ ငါမိန့်မှာထားတဲ့ လမ်းစဉ်ကနေ လွဲသွား” ပြီလို့ မောရှေကို ပြောတယ်။ “အမျက်ထွက်” ပြီး လူမျိုးတစ်မျိုးအဖြစ် ဖွဲ့စည်းခါစ အစ္စရေးတွေကို ဖျက်ဆီးဖို့တောင် စဉ်းစားခဲ့တယ်။—ထွ. ၃၂:၅-၁၀။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ထွက်မြောက်ရာ ၃၁:၁၇) ဥပုသ်နေ့ဟာ ငါနဲ့ အစ္စရေးတွေကြားမှာ အမြဲ တည်တဲ့ အထိမ်းအမှတ် ဖြစ်တယ်။ ယေဟောဝါက ကောင်းကင်နဲ့ မြေကြီးကို ခြောက်ရက်အတွင်း ဖန်ဆင်းပြီး ခုနစ်ရက်မြောက်နေ့မှာ အလုပ် မလုပ်တော့ဘဲ အနားယူနေတယ်။’”
အလုပ်လုပ်ရမယ့်အချိန်၊ အနားယူရမယ့်အချိန် ရှိတယ်
၄ အလုပ် ကြိုးစားတဲ့ ယေဟောဝါနဲ့ ယေရှုရဲ့ ပုံသက်သေက ကျွန်တော်တို့ အနားယူဖို့ မလိုဘူးလို့ ဆိုလိုတာလား။ မဆိုလိုပါဘူး။ ယေဟောဝါဟာ ဘယ်တော့မှ မမောပန်းတဲ့အတွက် အနားယူဖို့ မလိုဘူး။ ဒါပေမဲ့ ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းပြီးနောက် “အလုပ် မလုပ်တော့ဘဲ အနားယူနေတယ်” လို့ ကျမ်းစာ ပြောတယ်။ (ထွ. ၃၁:၁၇) အဲဒါက ဖန်ဆင်းခြင်းအလုပ်ကို ရပ်နားပြီး အဲဒီအလုပ်ကနေ ကျေနပ်မှု ခံစားတာကို ဆိုလိုတယ်။ ယေရှုလည်း မြေကြီးပေါ် ရှိစဉ် အလုပ်ကြိုးစားခဲ့ပေမဲ့ အနားယူဖို့၊ မိတ်ဆွေတွေနဲ့ စားသောက်ဖို့ အချိန်ပေးတယ်။—မ. ၁၄:၁၃။ လု. ၇:၃၄။
(ထွက်မြောက်ရာ ၃၂:၃၂၊ ၃၃) ဒါပေမဲ့ အလိုတော်ရှိရင် သူတို့အပြစ်ကို ခွင့်လွှတ်ပေးပါ။ ဒါမှမဟုတ် ကိုယ်တော့် စာစောင်ထဲကနေ ကျွန်တော့်နာမည်ကို ပယ်ဖျက်ပေးပါ” လို့ တောင်းပန်တယ်။ ယေဟောဝါက မောရှေကို “ငါ့ကို ပြစ်မှားသူရဲ့ နာမည်ကိုပဲ ငါ့စာစောင်ကနေ ပယ်ဖျက်မယ်။
က၈၈ ၉/၁၅ ၂၃
စာရှုသူများထံမှ မေးခွန်း
အောက်မေ့၍ မျက်နှာသာ ရသူ (“အသက်စာစောင်၌” အမည်စာရင်းဝင်ခြင်း) အဖြစ် မှတ်သားခံရသည့်အတွက် ထာဝရအသက် ကျိန်းသေပြီဟု မဆိုနိုင်။ ယင်းကို ကြိုတင်သတ်မှတ်ထားသည် သို့မဟုတ် ပြောင်းလဲမှု မရှိတော့ဟူ၍ မဟုတ်။ ဣသရေလလူမျိုးအကြောင်း ယေဟောဝါထံ မောရှေ ဤသို့ လျှောက်ကြားသည်။ “သူတို့အပြစ်ကို လွှတ်ခြင်းငှာ အလိုတော်ရှိလျှင် လွှတ်တော်မူပါ။ သို့မဟုတ် ကိုယ်တော် စီရင်တော်မူသော စာရင်း၌ အကျွန်ုပ်နာမကို ချေတော်မူပါ။ အကျွန်ုပ် တောင်းပန်ပါ၏။” ဘုရားသခင်က “အကြင်သူသည် ငါ့ကို ပြစ်မှား၏။ ထိုသူ၏ နာမကို ငါ့စာရင်း၌ ငါချေမည်။” (ထွက်မြောက်ရာ ၃၂:၃၂၊ ၃၃) မှန်သည်။ မျက်နှာသာ ရ၍ “စာစောင်” တွင် ဘုရားသခင် စာရင်းသွင်းပြီးနောက်တွင်ပင် ထိုသူသည် နာခံမှု မရှိသူ သို့မဟုတ် ယုံကြည်ခြင်း ဖောက်ပြန်သူ ဖြစ်ကောင်း ဖြစ်လာနိုင်သည်။ ထိုသို့ ဖြစ်ပျက်မည်ဆိုလျှင် ‘ထိုသူ၏ နာမကို အသက်စာစောင်မှ အလျင်း ချေပစ်’ ပေမည်။—ဗျာဒိတ် ၃:၅။
ကျမ်းစာဖတ်ရှုခြင်း
အောက်တိုဘာ ၁၂-၁၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ထွက်မြောက်ရာ ၃၃-၃၄
“ယေဟောဝါရဲ့ နှစ်သက်ဖွယ် အရည်အသွေးများ”
(ထွက်မြောက်ရာ ၃၄:၅) ယေဟောဝါက တိမ်တိုက်နဲ့ ဆင်းလာတယ်။ မောရှေအနား လာရပ်ပြီး ယေဟောဝါဆိုတဲ့ နာမည်အကြောင်း အသိပေးတယ်။
it-2 ၄၆၆-၄၆၇
နာမည်
အကောင်အထည် ရှိတဲ့ ဖန်ဆင်းထားရာတွေက ဘုရားသခင် တည်ရှိကြောင်း အထောက်အထားတွေ ဖြစ်ပေမဲ့ အဲဒါတွေက ဘုရားရဲ့ နာမည်ကိုတော့ မသိစေဘူး။ (ဆ ၁၉:၁။ ရ ၁:၂၀) ဘုရားနာမည်ကို သိသူတစ်ဦးဟာ နာမည်စကားလုံးကို သိရုံလောက်ပဲ မဟုတ်ဘူး။ (၂ရ ၆:၃၃) နာမည် ပိုင်ဆိုင်ထားတဲ့ အရှင်နဲ့ ရင်းနှီးကျွမ်းဝင်တာကို ဆိုလိုတယ်။ ကျမ်းစာမှာ ဖော်ပြထားတဲ့ ဘုရားရဲ့ ရည်ရွယ်ချက်တွေ၊ လုပ်ဆောင်မှုတွေ၊ အရည်အသွေးတွေကို သိတာ ဖြစ်တယ်။ (၁ဘု ၈:၄၁-၄၃။ ၉:၃၊ ၇။ နေ ၉:၁၀ တို့ကို နှိုင်းယှဉ်ပါ။) မောရှေရဲ့ အဖြစ်ကို ဥပမာပြနိုင်တယ်။ ယေဟောဝါက မောရှေကို “ကောင်းကောင်း သိတယ်၊” “နာမည်နဲ့ သိတယ်။” (ထွ ၃၃:၁၂၊ အောက်ခြေမှတ်ချက်) မောရှေဟာ ယေဟောဝါရဲ့ ဘုန်းတန်ခိုး ဖော်ပြချက်ကို တွေ့ခွင့် ရခဲ့တယ်။ “ယေဟောဝါဆိုတဲ့ နာမည်အကြောင်း အသိပေး” တာကိုလည်း ကြားခဲ့တယ်။ (ထွ ၃၄:၅) အသိပေးတယ်ဆိုတာ ယေဟောဝါနာမည်ကို ထပ်ပြောပြရုံလောက်ပဲ မဟုတ်ဘူး။ ဘုရားရဲ့ ဂုဏ်ရည်တော်တွေ၊ လုပ်ဆောင်မှုတွေအကြောင်း ပြောပြခဲ့တာ ဖြစ်တယ်။ “ယေဟောဝါဟာ ကရုဏာ ရှိပြီး သနားစာနာတတ်တဲ့ ဘုရား၊ ယေဟောဝါဟာ အမျက်ထွက်နှေးပြီး ခိုင်မြဲတဲ့ မေတ္တာနဲ့ သစ္စာတရား ကြီးမားတဲ့ ဘုရား၊ လူထောင်ပေါင်းများစွာကို ခိုင်မြဲတဲ့ မေတ္တာပြတဲ့ ဘုရား၊ အမှားတွေ၊ ကျူးလွန်မှုတွေ၊ အပြစ်တွေကို ခွင့်လွှတ်ပေမဲ့ ပြစ်မှားသူကို ဒဏ်မပေးဘဲ မနေတဲ့ ဘုရား၊ ဖခင်ရဲ့ အပြစ်အတွက် သားမြေးမြစ်တွေအထိ ဒဏ်ခတ်တဲ့ ဘုရားပဲ။” (ထွ ၃၄:၆၊ ၇) အလားတူ၊ “ယေဟောဝါရဲ့ နာမည်ကို ငါကြေညာမယ်” ဆိုတဲ့ မောရှေရဲ့ သီချင်းမှာလည်း အစ္စရေးတွေနဲ့ ဘုရား ဆက်ဆံပုံအကြောင်း၊ ကိုယ်တော့် ကိုယ်ရည်ကိုယ်သွေးတွေအကြောင်း ဖော်ပြထားတယ်။—တရ ၃၂:၃-၄၄။
(ထွက်မြောက်ရာ ၃၄:၆) ယေဟောဝါက မောရှေရှေ့မှာ ဖြတ်သွားပြီး “ယေဟောဝါဟာ ကရုဏာ ရှိပြီး သနားစာနာတတ်တဲ့ ဘုရား၊ ယေဟောဝါဟာ အမျက်ထွက်နှေးပြီး ခိုင်မြဲတဲ့ မေတ္တာနဲ့ သစ္စာတရား ကြီးမားတဲ့ ဘုရား၊
ယေဟောဝါသည် မိမိ၏ အရည်အသွေးများအကြောင်း ဖော်ပြခဲ့
ယေဟောဝါသည် မိမိနှင့်ပတ်သက်၍ ဦးဆုံး ဖော်ပြသည့်အရာမှာ မိမိသည် ‘ချစ်သနားခြင်းမေတ္တာ၊ ကရုဏာနှင့် ပြည့်စုံသော ဘုရားသခင်’ ဖြစ်သည် ဟူ၍ ဖြစ်၏။ (အခန်းငယ် ၆) ကျမ်းပညာရှင်တစ်ဦး၏ အဆိုအရ “ချစ်သနားခြင်းမေတ္တာ” ဟု ပြန်ဆိုသော ဟေဗြဲ စကားလုံးသည် “သားသမီးများအပေါ် ထားရှိသော ဖခင်၏ သနားကြင်နာမှု ကဲ့သို့သော ဘုရားသခင်၏ သနားကြင်နာမှု” ကို ရည်ညွှန်းသည်။ “ကရုဏာ” ဟု ပြန်ဆိုသော စကားလုံးသည် “လိုအပ်နေသူအား ကူညီလိုစိတ် ရှိသူကို ဖော်ပြသော” ကြိယာနှင့် ဆက်စပ်နေသည်။ ရှင်းနေသည်မှာ၊ သားသမီးများကို ချစ်မြတ်နိုးပြီး သူတို့၏ လိုအပ်ရာများကို ဖြည့်ဆည်းပေးသော မိဘသဖွယ် ယေဟောဝါသည် မိမိအား ဝတ်ပြုသူများကို ကြည့်ရှုစောင့်ရှောက်နေကြောင်း ကျွန်ုပ်တို့ကို သိရှိစေလိုသည်။—ဆာလံ ၁၀၃:၈၊ ၁၃။
တစ်ဖန်၊ ယေဟောဝါက မိမိသည် “စိတ်ရှည်” ကြောင်း ပြောဆိုသည်။ (အခန်းငယ် ၆) ကိုယ်တော်သည် မြေကြီးပေါ်ရှိ မိမိ၏ ကျေးကျွန်များကို အလွယ်တကူ အမျက်မထွက်ပါ။ ယင်းအစား၊ စိတ်ရှည်ပြီး သူတို့၏ အပြစ်လမ်းစဉ်ကို ပြောင်းလဲရန် အချိန်ပေးကာ သူတို့၏ မစုံလင်မှုများကို သည်းခံတော်မူသည်။—၂ ပေတရု ၃:၉။
ထို့နောက် ဘုရားသခင်က မိမိသည် “ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူ” ကြောင်း ဆက်မိန့်ဆို၏။ (အခန်းငယ် ၆) ကျေးဇူးပြုခြင်း သို့မဟုတ် တည်ကြည်သော မေတ္တာသည် အဖိုးထိုက် အရည်အသွေးတစ်ခု ဖြစ်၏။ ယေဟောဝါသည် ၎င်းအရည်အသွေးဖြင့် မိမိနှင့် မိမိလူမျိုးကြား တည်မြဲခိုင်ခံ့သော သံယောဇဉ်နှောင်ကြိုး ဖွဲ့၏။ (တရားဟောရာ ၇:၉) ယေဟောဝါသည် သစ္စာတရား၏ ရင်းမြစ်လည်း ဖြစ်၏။ ကိုယ်တော်သည် မည်သည့်အခါမျှ မလှည့်စားသကဲ့သို့ ကိုယ်တော်တိုင်လည်း အလှည့်စားမခံပါ။ ကိုယ်တော်သည် “သစ္စာစောင့်တော်မူသော ဘုရားသခင်” ဖြစ်သောကြောင့် အနာဂတ်နှင့်ပတ်သက်သော ကတိတော်များ အပါအဝင် ကိုယ်တော်၏ မိန့်ဆိုချက် မှန်သမျှကို ကျွန်ုပ်တို့ ကျိန်းသေ ယုံကြည်စိတ်ချနိုင်သည်။—ဆာလံ ၃၁:၅။
(ထွက်မြောက်ရာ ၃၄:၇) လူထောင်ပေါင်းများစွာကို ခိုင်မြဲတဲ့ မေတ္တာ ပြတဲ့ ဘုရား၊ အမှားတွေ၊ ကျူးလွန်မှုတွေ၊ အပြစ်တွေကို ခွင့်လွှတ်ပေမဲ့ ပြစ်မှားသူကို ဒဏ်မပေးဘဲ မနေတဲ့ ဘုရား၊ ဖခင်ရဲ့ အပြစ်အတွက် သားမြေးမြစ်တွေအထိ ဒဏ်ခတ်တဲ့ ဘုရားပဲ” လို့ ပြောတယ်။
ယေဟောဝါသည် မိမိ၏ အရည်အသွေးများအကြောင်း ဖော်ပြခဲ့
ယေဟောဝါသည် ‘မကောင်းမှု ပြုခြင်း၊ တရားတော်ကို လွန်ကျူးခြင်း၊ ပြစ်မှားခြင်း အပြစ်တို့ကို’ ဖြေလွှတ်သည် ဟူသော မိမိနှင့်ပတ်သက်သည့် နောက်ထပ် အရေးကြီး အမှန်တရားကိုလည်း ကျွန်ုပ်တို့အား သိရှိစေလိုသည်။ (အခန်းငယ် ၇) ကိုယ်တော်သည် နောင်တယူသော အပြစ်သားများကို “အပြစ်လွှတ်လိုသော သဘောနှင့် ပြည့်စုံ” သည်။ (ဆာလံ ၈၆:၅၊ သမ္မာ) တစ်ချိန်တည်းတွင် ယေဟောဝါသည် ဆိုးသွမ်းမှုများကို လက်ခံနိုင်ဖွယ်ရာအဖြစ် မည်သည့်အခါမျှ မရှုမြင်ပါ။ အပြစ်များကို “အချည်းနှီးသက်သက် ဖြေလွှတ်တော်မမူ” ဟူ၍ ကိုယ်တော် မိန့်ဆိုသည်။ (အခန်းငယ် ၇) သန့်ရှင်းမြင့်မြတ်၍ တရားမျှတသော ဘုရားသခင်သည် တမင်တကာ အပြစ်ကျူးလွန်သူများကို အပြစ်မပေးဘဲ နေမည် မဟုတ်ပါ။ သူတို့ ကျူးလွန်သော အပြစ်၏ အကျိုးဆက်များကို အနှေးနှင့် အမြန် ပြန်ခံစားရပေမည်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ထွက်မြောက်ရာ ၃၃:၁၁) ယေဟောဝါက လူလူချင်း စကားပြောသလို မောရှေနဲ့ မျက်နှာချင်းဆိုင် စကားပြောတယ်။ စခန်းကို မောရှေ ပြန်လာတဲ့အခါ လက်ထောက်လည်း ဖြစ်၊ နောက်လိုက်လည်း ဖြစ်တဲ့ နုန်ရဲ့ သား ယောရှုက တဲတော်မှာပဲ နေရစ်ခဲ့တယ်။
(ထွက်မြောက်ရာ ၃၃:၂၀) ဒါပေမဲ့ ငါ့ကို မြင်တဲ့သူဟာ အသက်မရှင်နိုင်တဲ့အတွက် မင်းကို ငါ့မျက်နှာ ဖူးမြင်ခွင့် မပေးဘူး” ဆိုပြီး ပြောတယ်။
ထွက်မြောက်ရာကျမ်းမှ ပေါ်လွင်ချက်များ
၃၃:၁၁၊ ၂၀—ဘုရားသခင်သည် မောရှေနှင့် မည်သို့ “မျက်နှာချင်းဆိုင်” စကားပြောခဲ့သနည်း။ ဤအသုံးအနှုန်းက ရင်းရင်းနှီးနှီး အပြန်အလှန် စကားပြောဆိုခြင်းကို ဖော်ပြသည်။ မောရှေသည် ဘုရားသခင်၏ ကိုယ်စားလှယ်တော်နှင့် စကားပြောခဲ့ရပြီး သူ၏ နှုတ်မှတစ်ဆင့် ယေဟောဝါထံမှ ညွှန်ကြားချက်များကို ရရှိခဲ့သည်။ သို့သော် ‘ဘုရားသခင်ကို မြင်လျှင် အသက်ရှင်နိုင်သောသူ တစ်စုံတစ်ယောက်မျှ မရှိ’ သောကြောင့် ယေဟောဝါကို မောရှေ မမြင်ခဲ့ပါ။ အမှန်မှာ ယေဟောဝါ ကိုယ်တော်တိုင် မောရှေနှင့် စကားမပြောခဲ့ပါ။ ပညတ်တော်ကို “ကောင်းကင်တမန်များမှတစ်ဆင့် စေ့စပ်သူတစ်ဦးလက်ဖြင့် ပေးပို့တော်မူသည်” ဟု ဂလာတိ ၃:၁၉ (ကဘ) က ဖော်ပြသည်။
(ထွက်မြောက်ရာ ၃၄:၂၃၊ ၂၄) “ယောက်ျားတိုင်း အစ္စရေးတို့ရဲ့ ဘုရား၊ စစ်မှန်တဲ့ သခင် ယေဟောဝါရှေ့ တစ်နှစ် သုံးကြိမ် လာရမယ်။ တခြားလူမျိုးတွေကို မင်းတို့ရှေ့ကနေ ငါနှင်ထုတ်ပြီး မင်းတို့ရဲ့ နယ်မြေကို ကျယ်ဝန်းစေမယ်။ ယေဟောဝါဘုရားရှေ့ကို တစ်နှစ် သုံးကြိမ် သွားနေချိန်မှာ မင်းတို့ရဲ့ ပြည်ကို ဘယ်သူမှ လာသိမ်းမှာ မဟုတ်ဘူး။
ဦးစားထားသင့်ရာများကို ဦးစားပေးဖို့ သေချာစေပါ!
ထိုပြည်ရှိ ဣသရေလနှင့် ဘာသာဝင် ယောက်ျားအပေါင်းတို့သည် ယေဟောဝါ ရှေ့မှောက်သို့ တစ်နှစ်လျှင် သုံးကြိမ် ရောက်လာရန် တောင်းဆိုခံခဲ့ရသည်။ ဤအခါသမယများမှ မိသားစုတစ်စုလုံးသည် ဝိညာဉ်ရေးအရ အကျိုးကျေးဇူး ရရှိမည်ကို သိရှိကြသည့်အတွက် အိမ်ထောင်ဦးစီးများက မိမိတို့နှင့်အတူ ဇနီးနှင့် သားသမီးများကိုပါ တစ်ပါတည်း ခေါ်ဆောင်သွားရန် စီစဉ်ခဲ့ကြသည်။ သို့သော် မိသားစုလိုက် ခရီးထွက်နေစဉ် သူတို့၏ အိမ်နှင့် လယ်ယာများကို ရန်သူတိုက်ခိုက်မှုမှ မည်သူ ကာကွယ်ပေးမည်နည်း။ ယေဟောဝါက ဤသို့ ကတိပေးခဲ့သည်– “သင်၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တစ်နှစ်တွင် သုံးကြိမ် မျက်နှာပြသွားသောအခါ၊ သင်၏ မြေကို အဘယ်သူမျှ မတပ်မက်ရ။” (ထွက်မြောက်ရာ ၃၄:၂၄) အကယ်၍ ဣသရေလတို့သည် ဝိညာဉ်ရေးအကျိုးစီးပွားများကို ဦးစားထားကြမည်ဆိုလျှင် ရုပ်ပစ္စည်းအရ ဆုံးရှုံးမည် မဟုတ်ဟု စိတ်ချရန် ယုံကြည်ခြင်း ရှိဖို့ လိုကြသည်။ ယေဟောဝါသည် ကတိတည်တော်မူခဲ့သလော။ အမှန်ပင် ကတိတည်ခဲ့၏!
ကျမ်းစာဖတ်ရှုခြင်း
အောက်တိုဘာ ၁၉-၂၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ထွက်မြောက်ရာ ၃၅-၃၆
“ယေဟောဝါရဲ့ အမှုတော် ဆောင်ရွက်ဖို့ အကူအညီ ရ”
(ထွက်မြောက်ရာ ၃၅:၂၅၊ ၂၆) ချည်ငင်တတ်တဲ့ မိန်းမတွေက ချည်ငင်ပြီး အပြာရောင်ချည်၊ ခရမ်းရောင် သိုးမွေး၊ ကြက်သွေးရောင်ချည်နဲ့ ချည်ချောတွေ ယူလာကြတယ်။ ထက်သန်တဲ့ စေတနာနဲ့ ဆိတ်မွေးချည်တွေ ငင်ကြတယ်။
တလိုတလား စိတ်ကို ယေဟောဝါ ကြွယ်ဝစွာ ကောင်းချီးပေး
ယေဟောဝါ အနှစ်သက်ဆုံးအရာက ရုပ်ဝတ္ထုအလှူတွေ မဟုတ်ဘဲ စင်ကြယ်တဲ့ ဝတ်ပြုရေးကို ထောက်မပေးနေကြသူတွေရဲ့ စေတနာစိတ် ဖြစ်တယ်။ သူတို့က မိမိတို့ရဲ့ အချိန်နဲ့ လုပ်အားကို လှူဒါန်းခဲ့ကြတယ်။ “ချည်ငင်တတ်တဲ့ မိန်းမတွေက ချည်ငင်ပြီး . . . ချည်ချောတွေ ယူလာကြတယ်။ ထက်သန်တဲ့ စေတနာနဲ့ ဆိတ်မွေးချည်တွေ ငင်ကြတယ်” လို့ မှတ်တမ်းမှာ ဖော်ပြထားတယ်။ အဲဒီအပြင် ယေဟောဝါက ဗေဇလေလကို “ဉာဏ်ပညာ၊ သိနားလည်မှု၊ လက်မှုအတတ် အမျိုးမျိုးနဲ့ ဆိုင်တဲ့ အသိပညာတွေ” ပေးခဲ့တယ်။ တကယ်တော့ ဘုရားသခင်ဟာ ပေးအပ်ထားတဲ့ အလုပ်အားလုံးကို လုပ်ဆောင်နိုင်အောင် ဗေဇလေလနဲ့ အဟောလျဘကို လိုအပ်တဲ့ စွမ်းရည်တွေ ပေးခဲ့တယ်။—ထွ ၃၅:၂၅၊ ၂၆၊ ၃၀-၃၅။
(ထွက်မြောက်ရာ ၃၅:၃၀-၃၅) အဲဒီနောက် မောရှေက အစ္စရေးတွေကို ပြောတယ်- “ယုဒအနွယ်ထဲက ဟုရရဲ့ မြေး၊ ဥရိရဲ့ သား ဗေဇလေလကို ယေဟောဝါဘုရား ရွေးချယ်လိုက်ပြီ။ ၃၁ သူ့ကို ဉာဏ်ပညာ၊ သိနားလည်မှု၊ လက်မှုအတတ် အမျိုးမျိုးနဲ့ ဆိုင်တဲ့ အသိပညာတွေ ပေးပြီး ဘုရားသခင့် စွမ်းအားတော်နဲ့ ပြည့်စေပြီ။ ၃၂ သူက လက်ရာမြောက်တဲ့ ပုံစံတွေ ဖန်တီးနိုင်လိမ့်မယ်။ ရွှေထည်၊ ငွေထည်၊ ကြေးထည်တွေ လုပ်တဲ့ ပညာ၊ ၃၃ ကျောက်မျက်တွေကို သွေးပြီး စီခြယ်တဲ့ ပညာ၊ ပန်းပုပညာမျိုးစုံ တတ်ကျွမ်းလိမ့်မယ်။ ၃၄ ဘုရားသခင်က ဗေဇလေလနဲ့ ဒန်အနွယ်ထဲက အဟိသမက်ရဲ့ သား အဟောလျဘကို တခြားသူတွေကို ပြန်လည်သင်ကြားနိုင်စွမ်းလည်း ပေးထားတယ်။ ၃၅ အဲဒီအပြင် အပြာရောင်ချည်၊ ခရမ်းရောင် သိုးမွေး၊ ကြက်သွေးရောင်ချည်၊ ချည်ချောတွေကို သုံးပြီး အထည်ရက်တဲ့ အတတ်၊ ရက်ကန်းအတတ်၊ လက်မှုအတတ်၊ ပန်းထိုးအတတ် စတာတွေကိုလည်း တတ်မြောက်စေတယ်။ သူတို့က လက်မှုပညာမျိုးစုံ တတ်ကျွမ်းပြီး ပုံစံမျိုးစုံ ဖန်တီးကြလိမ့်မယ်။
ရှေးခေတ် သစ္စာရှိသူများ ဘုရားသခင့် စွမ်းအားတော် လမ်းညွှန်မှုကို ခံယူခဲ့ကြ
၆ မောရှေနဲ့ တစ်ခေတ်တည်းသား ဖြစ်တဲ့ ဗေဇလေလလည်း ဘုရားသခင့် စွမ်းအားတော် အကူအညီ ရခဲ့သူတစ်ဦး ဖြစ်တယ်။ သူ့ရဲ့ အဖြစ်အပျက်က ကျွန်ုပ်တို့ကို ဘုရားသခင့် စွမ်းအားတော် လမ်းညွှန်ပေးတဲ့ နည်းတစ်နည်းကို ဖော်ပြတယ်။ (ထွက်မြောက်ရာ ၃၅:၃၀-၃၅ ကိုဖတ်ပါ။) ဝတ်ပြုရာ တဲတော်နဲ့ပတ်သက်တဲ့ အသုံးအဆောင်တွေကို ပြုလုပ်ရာမှာ ဦးဆောင်ဖို့ ဗေဇလေလကို ယေဟောဝါ တာဝန်ပေးခဲ့တယ်။ ဒီတာဝန်ကို မရခင်ကတည်းက လက်မှုအတတ်ပညာကို ဗေဇလေလ တတ်ကျွမ်းခဲ့သလား။ တတ်ကျွမ်းပြီးသား ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူ နောက်ဆုံး လုပ်ခဲ့ရတဲ့ အလုပ်က အီဂျစ်လူမျိုးတွေအတွက် အုတ်ဖုတ်တဲ့ အလုပ် ဖြစ်တယ်။ (ထွ. ၁:၁၃၊ ၁၄) ဒါကြောင့် ခက်ခဲတဲ့ ဒီတာဝန်ကို ဗေဇလေလ ဘယ်လို လုပ်ဆောင်နိုင်မလဲ။ ယေဟောဝါက သူ့ကို ‘အမျိုးမျိုးသော အလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း ဉာဏ်ပညာနှင့်တကွ လက်မှုပညာအတတ် အမျိုးမျိုးကို ပေး၍၊ ဘုရားသခင်၏ စွမ်းအားတော်နှင့် ပြည့်စုံစေတော်မူ’ ခဲ့တယ်။ ဘုရားသခင်က သန့်ရှင်းသော စွမ်းအားတော်ကို သုံးပြီး ဗေဇလေလနဲ့ အဟောလျဘတို့မှာ ရှိနေနိုင်တဲ့ ပင်ကိုစွမ်းရည်ကို မြှင့်တင်ပေးခဲ့တယ်။ သူတို့ဟာ စွမ်းအားတော်ရဲ့ လမ်းပြမှုကို ကောင်းကောင်း ခံယူခဲ့ကြလို့ ရထားတဲ့ တာဝန်ကို ပြီးအောင် လုပ်ဆောင်နိုင်ရုံသာမက တခြားသူတွေကိုပါ သင်ပေးနိုင်ခဲ့တယ်။
(ထွက်မြောက်ရာ ၃၆:၁၊ ၂) “ဗေဇလေလနဲ့ အဟောလျဘက သန့်ရှင်းရာ ဌာနတော်နဲ့ ဆိုင်တဲ့ လုပ်ငန်းတွေ လုပ်ဖို့ ယေဟောဝါဘုရားဆီက ဉာဏ်ပညာ၊ သိနားလည်မှုတွေ ရထားတဲ့ လက်မှုပညာသည်တွေနဲ့အတူ ယေဟောဝါ မိန့်မှာတဲ့အတိုင်း လုပ်ရမယ်။” ၂ မောရှေက ဗေဇလေလ၊ အဟောလျဘ၊ ယေဟောဝါ ဉာဏ်ပညာ ပေးထားတဲ့ လက်မှုပညာသည်တွေ စတဲ့ စေတနာနဲ့ လုပ်ဆောင်ချင်သူတွေကို ခေါ်လိုက်တယ်။
ရှေးခေတ် သစ္စာရှိသူများ ဘုရားသခင့် စွမ်းအားတော် လမ်းညွှန်မှုကို ခံယူခဲ့ကြ
၇ ဗေဇလေလနဲ့ အဟောလျဘတို့ ဘုရားသခင့် စွမ်းအားတော် လမ်းညွှန်မှု ခံခဲ့ရကြောင်း ထင်ရှားတဲ့ နောက်အထောက်အထားတစ်ခုက သူတို့ လုပ်တဲ့ ပစ္စည်းတွေရဲ့ လက်ရာပြောင်မြောက်မှုနဲ့ တာရှည်ခံမှုတို့ ဖြစ်တယ်။ နောက်ပိုင်း နှစ် ၅၀၀ နီးပါးအထိ အဲဒီပစ္စည်းတွေကို လူတွေ ဆက်အသုံးပြုနေတုန်းပဲ။ (၆ ရာ. ၁:၂-၆) ဗေဇလေလနဲ့ အဟောလျဘဟာ ယနေ့ခေတ် ကုန်ပစ္စည်း ထုတ်လုပ်သူတွေလို သူတို့ ထုတ်လုပ်တဲ့ ပစ္စည်းတွေပေါ်မှာ လက်မှတ်၊ တံဆိပ် ထွင်းခဲ့တာမျိုး မရှိဘူး။ သူတို့ရဲ့ လုပ်ဆောင်မှု မှန်သမျှဟာ ယေဟောဝါကို ဂုဏ်တင်ဖို့အတွက်ပဲ ဖြစ်တယ်။—ထွ. ၃၆:၁၊ ၂။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ထွက်မြောက်ရာ ၃၅:၁-၃) မောရှေက အစ္စရေးလူစုကြီးကို စုရုံးခိုင်းတယ်။ ပြီးတော့ “ခင်ဗျားတို့ကို ယေဟောဝါဘုရား မိန့်မှာတယ်– ၂ ခြောက်ရက်လုံး အလုပ်လုပ်နိုင်တယ်။ ခုနစ်ရက်မြောက်နေ့ကတော့ မြင့်မြတ်တဲ့နေ့၊ ယေဟောဝါအတွက် အပြည့်အဝ အနားယူရမယ့် ဥပုသ်နေ့ပဲ။ ဥပုသ်နေ့မှာ အလုပ်လုပ်သူတိုင်း သေဒဏ်ခံရမယ်။ ၃ ဥပုသ်နေ့ ရောက်ရင် အိမ်မှာ မီးမမွှေးရဘူး” လို့ ပြောတယ်။
ယေဟောဝါ၏ နည်းလမ်းတော်များကို သိရှိလာခြင်း
၁၄ ဝိညာဉ်ရေးရာများကို ဦးစားပေးပါ။ ဣသရေလလူမျိုးသည် ဝိညာဉ်ရေးရာ လုပ်ငန်းများကို အချိန် မပေးအားသည့်အထိ ကာယရေး လိုအပ်ရာများကို ဖြည့်စွက်နေဖို့ မဟုတ်ပါ။ ဣသရေလလူတို့၏ ဘဝသည် လောကရေးရာများနှင့်သာ အချိန်ကုန်နေဖို့ မဟုတ်။ သန့်ရှင်းမြင့်မြတ်သည်ဟု သတ်မှတ်ထားသော အချိန်ကို ယေဟောဝါသည် ပတ်စဉ် ဖယ်ထား၏၊ ထိုအချိန်ကို စစ်မှန်သော ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ခြင်း လုပ်ငန်းအတွက်သာ အသုံးပြုရမည် ဖြစ်သည်။ (ထွက်မြောက်ရာ ၃၅:၁-၃; တောလည်ရာ ၁၅:၃၂-၃၆) နှစ်စဉ်၊ အချိန် သတ်မှတ်ထားသော ဓမ္မစည်းဝေးပွဲများအတွက် ထပ်၍ အချိန်ပေးရမည် ဖြစ်သည်။ (ဝတ်ပြုရာ ၂၃:၄-၄၄) ထိုအချိန်များတွင် ယေဟောဝါ၏ တန်ခိုးကြီး လုပ်ရပ်များကို ပြန်ရေတွက်နိုင်မည်၊ ကိုယ်တော်၏ နည်းလမ်းတော်များကို ပြန်သတိရမည် ဖြစ်ပြီး ကိုယ်တော်ထံမှ ရသော ကောင်းမှုများအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြနိုင်ကြမည် ဖြစ်သည်။ ယေဟောဝါအား သူတို့ ချစ်မြတ်နိုးကြောင်း ဖော်ပြစဉ် ဘုရားသခင်ကို တိုး၍ ချစ်ကြောက်ရိုသေလာကြပြီး ကိုယ်တော့် လမ်းတော်သို့ လိုက်သွားကြပါလိမ့်မည်။ (တရားဟောရာ ၁၀:၁၂၊ ၁၃) ထိုညွှန်ကြားချက်များပါ ကောင်းကျိုးပြုသည့် မူများသည် မျက်မှောက်ခေတ် ယေဟောဝါ၏ ကျေးကျွန်များကို အကျိုးပြု၏။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
(ထွက်မြောက်ရာ ၃၅:၂၁) အဲဒီနောက် စေတနာစိတ် ထက်သန်သူတွေက တွေ့ဆုံရာ တဲတော်နဲ့ တဲတော်လုပ်ငန်းအတွက်၊ သန့်ရှင်းတဲ့ အဝတ်တွေအတွက် ယေဟောဝါဆီ အလှူပစ္စည်းတွေ ယူလာကြတယ်။
အလျှံပယ် ရက်ရောမှုက ပျော်ရွှင်စေ
ထိုအချိန်က ဣသရေလလူများ မည်သို့ ခံစားကြရမည်ကို မြင်ယောင်ကြည့်ပါ။ ထိုလူမျိုးဆက်သည် ခါးသီးသော ကျွန်သပေါက်ဘဝနှင့် ဆင်းရဲချို့ငဲ့မှုကို တစ်လျှောက်လုံး ခံခဲ့ကြရ၏။ ယခုမူ သူတို့သည် လွတ်လပ်ခဲ့ကြပြီး ပစ္စည်းဥစ္စာများ ကြွယ်ဝလာခဲ့ကြသည်။ ထိုပိုင်ဆိုင်ရာမှ အချို့ ပေးလိုက်ရခြင်းကို သူတို့ မည်သို့ ခံစားခဲ့ကြရမည်နည်း။ ယင်းတို့ကို သူတို့ ရထိုက်၍ ရခြင်း ဖြစ်ရာ သိုမှီးသိမ်းဆည်းထားခွင့် ရှိသည်ဟု သူတို့ ခံစားမိခဲ့ပေမည်။ သို့သော် စင်ကြယ်သော ဝတ်ပြုရေးကို ပံ့ပိုးဖို့ ငွေကြေး ထည့်ဝင်ရန် တောင်းဆိုသောအခါ—စိတ်မပါခြင်း သို့မဟုတ် တွန့်တိုခြင်း မရှိဘဲ ထည့်ဝင်ပေးလှူခဲ့ကြသည်တကား! ဤရုပ်ပစ္စည်းများကို သူတို့ ပိုင်ဆိုင်နိုင်ရန် ယေဟောဝါ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သူတို့ မမေ့ခဲ့ကြချေ။ သို့နှင့် သူတို့သည် သူတို့၏ ရွှေငွေနှင့် တိရစ္ဆာန်များကို အမြောက်အမြား ပေးလှူခဲ့ကြသည်။ သူတို့သည် “ကြည်ညိုသော စေတနာစိတ်” ရှိခဲ့ကြသည်။ သူတို့၏ ‘စိတ်နှလုံးက သူတို့ကို နှိုးဆော်ခဲ့သည်။’ ‘သူတို့၏ စိတ်ဝိညာဉ်က စေတနာစိတ်ကို နှိုးဆော်သည်။’ အမှန်ပင် “ထာဝရဘုရားအား ကြည်ညိုသောစိတ်နှင့် လှူကြ၏။”—ထွက်မြောက်ရာ ၂၅:၁-၉; ၃၅:၄-၉၊ ၂၀-၂၉; ၃၆:၃-၇။
ကျမ်းစာဖတ်ရှုခြင်း
အောက်တိုဘာ ၂၆–နိုဝင်ဘာ ၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ထွက်မြောက်ရာ ၃၇–၃၈
“တဲတော်ပလ္လင်တွေနဲ့ စစ်မှန်တဲ့ ဝတ်ပြုရေးမှာ အဲဒါတွေရဲ့ အခန်းကဏ္ဍ”
(ထွက်မြောက်ရာ ၃၇:၂၅) အလျား တစ်တောင်၊ အနံ တစ်တောင် ရှိတဲ့ စတုရန်းပုံ နံ့သာပေါင်း ပလ္လင်ကို ရှားသားနဲ့ လုပ်တယ်။ အမြင့် နှစ်တောင် ရှိတယ်။ ဦးချိုအတက်တွေကို ပလ္လင်နဲ့ တစ်ဆက်တည်း ဖြစ်အောင် လုပ်တယ်။
it-1 ၈၂ ပိုဒ်. ၃
ပလ္လင်
နံ့သာပေါင်း ပလ္လင်။ (“ရွှေပလ္လင်” လို့လည်း ခေါ်တဲ့ [ထွ ၃၉:၃၈]) နံ့သာပေါင်း ပလ္လင်ကို ရှားသားနဲ့ လုပ်တယ်။ ပလ္လင်အပေါ်နဲ့ ဘေးဘက်ကို ရွှေချထားတယ်။ အပေါ်နား ပတ်လည်မှာ ရွှေအနားကွပ်ထားတယ်။ ပလ္လင်က အလျား/အနံ တစ်တောင် (၁၇.၅ လက်မ) စတုရန်းပုံ ဖြစ်ပြီး အမြင့် နှစ်တောင် (၂.၉ ပေ) ရှိတယ်။ အပေါ်ထောင့် လေးခုမှာ “ဦးချိုအတက်တွေ” ရှိတယ်။ ပလ္လင်ရဲ့ ဘေးနှစ်ဖက် အနားကွပ်အောက်မှာ ထမ်းပိုး လျှိုစရာ ရွှေကွင်း နှစ်ကွင်းစီ တပ်ထားတယ်။ ထမ်းပိုးတွေကို ရှားသားနဲ့ လုပ်ပြီး ရွှေချထားတယ်။ (ထွ ၃၀:၁-၅။ ၃၇:၂၅-၂၈) ဒီပလ္လင်ပေါ်မှာ နံနက် တစ်ကြိမ်၊ ညနေ တစ်ကြိမ်၊ တစ်နေ့ နှစ်ကြိမ် အထူးနံ့သာပေါင်းကို မီးရှို့ပူဇော်တယ်။ (ထွ ၃၀:၇-၉၊ ၃၄-၃၈) နံ့သာပေါင်း မီးရှို့ရာမှာ နံ့သာခွက် ဒါမှမဟုတ် မီးခဲခွက် သုံးတဲ့အကြောင်း တခြားကျမ်းချက်တွေမှာ ဖော်ပြထားတယ်။ အဲဒါတွေက နံ့သာပေါင်း ပလ္လင်နဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေ ဖြစ်တာ ထင်ရှားတယ်။ (ဝ ၁၆:၁၂၊ ၁၃။ ဟီ ၉:၄။ ဗ ၈:၅။ ၂ရ ၂၆:၁၆၊ ၁၉ နဲ့နှိုင်းယှဉ်ပါ။) နံ့သာပေါင်း ပလ္လင်ကို တဲတော်အတွင်း “သက်သေခံချက် သေတ္တာရှေ့၊” အသန့်ရှင်းဆုံးအခန်းကို ကာထားတဲ့ ကန့်လန့်ကာရှေ့မှာ ထားတယ်။—ထွ ၃၀:၁၊ ၆။ ၄၀:၅၊ ၂၆၊ ၂၇။
(ထွက်မြောက်ရာ ၃၇:၂၉) အမွှေးနံ့သာတွေကို သမအောင် ရောစပ်ပြီး သန့်ရှင်းတဲ့ ဘိသိက်ဆီနဲ့ နံ့သာပေါင်း စစ်စစ်ကိုလည်း ဖော်စပ်တယ်။
it-1 ၁၁၉၅
နံ့သာပေါင်း
တောကန္တာရမှာ လှည့်လည်စဉ်အတွင်း တဲတော်မှာ အသုံးပြုခဲ့တဲ့ သန့်ရှင်းမြင့်မြတ်တဲ့ နံ့သာပေါင်းကို အစ္စရေးတွေ လှူဒါန်းတဲ့ တန်ဖိုးကြီး ပစ္စည်းတွေနဲ့ ပြုလုပ်ခဲ့တယ်။ (ထွ ၂၅:၁၊ ၂၊ ၆။ ၃၅:၄၊ ၅၊ ၈၊ ၂၇-၂၉) ပစ္စည်းလေးမျိုး ပါတဲ့ ဖော်စပ်နည်းအကြောင်း ယေဟောဝါက မောရှေကို ဒီလို ပြောခဲ့တယ်– “အမွှေးနံ့သာတွေ ဖြစ်တဲ့ သစ်စေးမွှေး၊ ခရုခွံမွှေး၊ ဂါဗနမ်သစ်စေးမွှေး၊ လောဗန် စစ်စစ်ကို အချိုးကျ ယူပါ။ အဲဒီအမွှေးနံ့သာတွေကို သမအောင် ရောစပ်၊ ဆားခတ်ပြီး သန့်ရှင်းတဲ့ နံ့သာပေါင်း စစ်စစ်ကို ဖော်စပ်ရမယ်။ အဲဒီအမွှေးနံ့သာတချို့ကို ညက်ညက်ထောင်းပြီး မင်းကို ငါတွေ့ဆုံမယ့် တွေ့ဆုံရာ တဲတော်ထဲက သက်သေခံချက် သေတ္တာရှေ့မှာ ထားရမယ်။ အဲဒီနံ့သာပေါင်းဟာ မင်းတို့အတွက် အသန့်ရှင်းဆုံး ဖြစ်ရမယ်။” အဲဒီနောက် နံ့သာပေါင်းရဲ့ သန့်ရှင်းမြင့်မြတ်မှုနဲ့ ဝတ်ပြုရေးအတွက်ပဲ သီးသန့် သုံးဖို့ အလေးပေး ဖော်ပြခဲ့တယ်– “ကိုယ်ရှူဖို့အတွက် အဲဒီနံ့သာပေါင်းနဲ့ တူအောင် ဖော်စပ်တဲ့သူဟာ ပယ်ရှင်းခံရမယ်။”—ထွ ၃၀:၃၄-၃၈။ ၃၇:၂၉။
(ထွက်မြောက်ရာ ၃၈:၁) ဗေဇလေလက အလျား ငါးတောင်၊ အနံ ငါးတောင် ရှိတဲ့ စတုရန်းပုံ မီးရှို့ပူဇော်ရာပလ္လင်ကို ရှားသားနဲ့ လုပ်တယ်။ အမြင့် သုံးတောင် ရှိတယ်။
it-1 ၈၂ ပိုဒ်. ၁
ပလ္လင်
တဲတော်ရှိ ပလ္လင်များ။ တဲတော် ပစ္စည်းတွေ ပြင်ဆင်တဲ့အခါ ဘုရား ညွှန်ကြားတဲ့အတိုင်း ပလ္လင်နှစ်ခု တည်ဆောက်ရတယ်။ (“ကြေးနီ ပူဇော်ရာပလ္လင်” လို့လည်း ခေါ်တဲ့ [ထွ ၃၉:၃၉]) မီးရှို့ပူဇော်ရာပလ္လင်ကို ရှားသားနဲ့ လုပ်တယ်။ အပေါ်အဖုံး၊ အောက်ခံမပါ ဟောင်းလောင်း ဖြစ်နေတဲ့ သေတ္တာပုံစံမျိုး ဖြစ်တယ်။ အလျား/အနံ ငါးတောင် (၇.၃ ပေ) စတုရန်းပုံ ဖြစ်ပြီး အမြင့် သုံးတောင် (၄.၄ ပေ) ရှိတယ်။ ပူဇော်ရာပလ္လင် ထောင့်လေးထောင့်မှာ “ဦးချိုအတက်တွေ” ရှိတယ်။ ပလ္လင်တစ်ခုလုံးကို ကြေးနီ အုပ်တယ်။ ကြေးနီ ဆန်ခါကိုလည်း လုပ်ပြီး ပူဇော်ရာပလ္လင် “အတွင်းဘက်၊” အနားကွပ်အောက် “ထက်ဝက်လောက် ရောက်အောင်” ထည့်လိုက်တယ်။ ထမ်းပိုး လျှိုစရာ ကွင်းလေးကွင်းကို သွန်းလုပ်ပြီး ကြေးနီ ဆန်ခါအနား၊ ထောင့်လေးထောင့်မှာ တပ်လိုက်တယ်။ ထမ်းပိုးတွေကို ရှားသားနဲ့ လုပ်၊ ကြေးနီနဲ့ အုပ်ပြီး ပူဇော်ရာပလ္လင်ရဲ့ ဘေးနှစ်ဖက်မှာ ရှိတဲ့ ကွင်းတွေထဲ လျှိုထားတယ်။ ဖြစ်နိုင်တာက ပလ္လင်မှာ ဆန်ခါသွင်းလို့ ရတဲ့ အပေါက်တစ်ပေါက် ရှိတယ်။ ပူဇော်ရာပလ္လင်ရဲ့ ဘေးနှစ်ဖက်မှာ ထမ်းပိုးတွေ လျှိုထားတဲ့ ကွင်းလေးကွင်း ရှိတယ်။ ပူဇော်ရာပလ္လင် ပုံစံနဲ့ပတ်သက်ပြီး ကျမ်းပညာရှင်တွေကြားမှာ ယူဆချက် အမျိုးမျိုး ဖြစ်နေတယ်။ ကျမ်းပညာရှင်များစွာက ကွင်းနှစ်စုံ ပါတယ်၊ ဒုတိယတစ်စုံက ပလ္လင်ရဲ့ ဘေးနှစ်ဖက်မှာ ရှိပြီး ထမ်းပိုးတွေ လျှိုထားတယ်လို့ ဆိုကြတယ်။ ပြာကို ဖယ်ရှားဖို့ ပုံးတွေ၊ ဂေါ်ပြားတွေ၊ တိရစ္ဆာန်ရဲ့ သွေးခံဖို့ ဇလုံတွေ၊ အသားတွေ ကိုင်တွယ်ဖို့ ခက်ရင်းခွတွေနဲ့ မီးခဲအိုးတွေကို ကြေးနီနဲ့ လုပ်တယ်။—ထွ ၂၇:၁-၈။ ၃၈:၁-၇၊ ၃၀။ တလ ၄:၁၄။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ထွက်မြောက်ရာ ၃၇:၁) ဗေဇလေလက အလျား နှစ်တောင်ခွဲ၊ အနံ တစ်တောင်ခွဲ၊ အမြင့် တစ်တောင်ခွဲ ရှိတဲ့ သေတ္တာကို ရှားသားနဲ့ လုပ်တယ်။
(ထွက်မြောက်ရာ ၃၇:၁၀) ပြီးတော့ အလျား နှစ်တောင်၊ အနံ တစ်တောင်၊ အမြင့် တစ်တောင်ခွဲ ရှိတဲ့ စားပွဲကို ရှားသားနဲ့ လုပ်တယ်။
(ထွက်မြောက်ရာ ၃၇:၂၅) အလျား တစ်တောင်၊ အနံ တစ်တောင် ရှိတဲ့ စတုရန်းပုံ နံ့သာပေါင်း ပလ္လင်ကို ရှားသားနဲ့ လုပ်တယ်။ အမြင့် နှစ်တောင် ရှိတယ်။ ဦးချိုအတက်တွေကို ပလ္လင်နဲ့ တစ်ဆက်တည်း ဖြစ်အောင် လုပ်တယ်။
it-1 ၃၆
ရှားသား
ရှားပင်တွေရဲ့ ဖြာထွက်နေတဲ့ အကိုင်းတွေမှာ ထိုးထိုးထောင်ထောင် ထွက်နေတဲ့ ဆူးချွန်တွေ ရှိတယ်။ တစ်ပင်နဲ့ တစ်ပင် အကိုင်းအခက်တွေ လိမ်ယှက်နေတဲ့အတွက် ရှားတောအုပ်ပုံစံ ဖြစ်နေတတ်တယ်။ ဒါကြောင့် ရှားပင်တွေကို ကျမ်းစာမှတ်တမ်းမှာ များသောအားဖြင့် အများကိန်းအနေနဲ့ အသုံးများတယ်။ ရှားပင်ဟာ ပေ ၂၀ ကနေ ၂၆ ပေအထိ မြင့်ပေမဲ့ ချုံပုတ်ပုံစံ များတယ်။ နူးညံ့ပြီး ငှက်မွေးသဏ္ဌာန် အရွက်တွေ ရှိတယ်။ အဝါရောင် အနံ့မွှေးတဲ့ ပန်းတွေ ပွင့်ပြီး လိမ်ကောက်နေတဲ့ သီးတောင့်ရှည်တွေ သီးတယ်။ အဖုအထစ်တွေနဲ့ အနက်ရောင် ရှိတဲ့ သစ်ခေါက်က အလွန် မာတဲ့အတွက် ရှားသားရဲ့ သစ်အကြောတွေဟာ လှတယ်။ အတွင်းပိုင်း အနှစ်သားကို ပိုးမဖောက်နိုင်ဘူး။ အဲဒီအသွင်အပြင်တွေကြောင့်၊ ကန္တာရမှာ အလွယ်တကူ ရနိုင်တဲ့ သစ်သား ဖြစ်တဲ့အတွက်ကြောင့် ရှားသားဟာ တဲတော် အသုံးအဆောင် ပရိဘောဂတွေ လုပ်ရာမှာ အထူး အသုံးဝင်ခဲ့တယ်။ ပဋိညာဉ်သေတ္တာ (ထွ ၂၅:၁၀။ ၃၇:၁)၊ ရှေ့တော်မုန့် တင်တဲ့ စားပွဲ (ထွ ၂၅:၂၃။ ၃၇:၁၀)၊ အဲဒီပစ္စည်းတွေ ထမ်းဖို့ တံပိုးတွေ (ထွ ၂၅:၁၃၊ ၂၈။ ၂၇:၆။ ၃၀:၅။ ၃၇:၄၊ ၁၅၊ ၂၈။ ၃၈:၆)၊ ကန့်လန့်ကာ ချိတ်ဆွဲဖို့ တိုင်တွေ (ထွ ၂၆:၃၂၊ ၃၇။ ၃၆:၃၆)၊ ကျည်းဘောင်တွေ (ထွ ၂၆:၁၅။ ၃၆:၂၀)၊ သစ်သားတန်းတွေ (ထွ ၂၆:၂၆။ ၃၆:၃၁) ကို ရှားသားနဲ့ လုပ်တယ်။
(ထွက်မြောက်ရာ ၃၈:၈) တွေ့ဆုံရာ တဲတော် ဝင်ပေါက်မှာ အမှုဆောင်ဖို့ တာဝန်ကျတဲ့ အမျိုးသမီးတွေရဲ့ ကြေးမုံတွေကို သုံးပြီး ကြေးနီ အင်တုံကြီးနဲ့ အင်တုံ တင်တဲ့ စင်ကို လုပ်တယ်။
သင် သိပါသလား
ဒီနေ့ခေတ် ကြည့်မှန်တွေနဲ့ မတူတဲ့ ကျမ်းစာခေတ် ကြည့်မှန်တွေကို ပြောင်လက်အောင် တိုက်ထားတဲ့ ကြေးညို သတ္တုနဲ့ ပြုလုပ်ထားတယ်။ ရွှေ၊ ငွေ၊ ကြေးနီ၊ မိုးကြိုးသတ္တုနဲ့လည်း ပြုလုပ်ကြတယ်။ ကျမ်းစာခေတ် ကြည့်မှန်တွေအကြောင်း ဦးဆုံး ဖော်ပြချက်က အစ္စရေးတွေရဲ့ အဓိက ဝတ်ပြုရာနေရာ ဖြစ်တဲ့ တဲတော် တည်ဆောက်ရေးနဲ့ ဆက်စပ်နေပါတယ်။ တဲတော်မှာ သုံးတဲ့ ကြေးနီ အင်တုံကြီးနဲ့ အင်တုံစင် ပြုလုပ်ဖို့ ကြည့်မှန်တွေကို အမျိုးသမီးတွေ လှူဒါန်းခဲ့ကြတယ်။ (ထွက်မြောက်ရာ ၃၈:၈) ကြည့်မှန်တွေကို အရည်ကျိုပြီး အဲဒီပစ္စည်းတွေ ပြုလုပ်တာ ဖြစ်နိုင်ပါတယ်။
ကျမ်းစာဖတ်ရှုခြင်း