ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၁၀/၁ စာ. ၈-၁၃
  • သင့်သားသမီးများကို လေ့ကျင့်ရာတွင် ယေဟောဝါအားတုပလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်သားသမီးများကို လေ့ကျင့်ရာတွင် ယေဟောဝါအားတုပလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆုံးမပဲ့ပြင်ခြင်း—အဘယ်အရာကိုဆိုလိုသနည်း
  • မေတ္တာ—စေ့ဆော်ပေးသည့် အစွမ်းတန်ခိုး
  • ဆက်သွယ်ရေးလမ်းကြောင်း ပွင့်နေစေပါ
  • အကျိုးသင့်အကြောင်းသင့်ရှိပါ
  • မိသားစုဆွေးနွေးခန်းများကို ပျော်မွေ့ဖွယ်ဖြစ်စေပါ
  • မိဘတို့—သင်တို့၏သားသမီးကိုမေတ္တာဖြင့် လေ့ကျင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • မိဘတို့၊ သားသမီးတွေ ယေဟောဝါကို ချစ်လာဖို့ ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • သင့်ကလေးကို နို့စို့အရွယ်မှစ၍ လေ့ကျင့်ပါ
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ကျွန်ုပ်တို့၏သားသမီးများ—အဖိုးတန်အမွေဥစ္စာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၁၀/၁ စာ. ၈-၁၃

သင့်သားသမီးများကို လေ့ကျင့်ရာတွင် ယေဟောဝါအားတုပလော့

“မိဘတိုင်း မိမိတို့၏သားသမီးများကို ဆုံးမကြသည်မဟုတ်လော။”—ဟေဗြဲ ၁၂:၇၊ ခေတ်ပြိုင်အင်္ဂလိပ်ဘာသာပြန်ကျမ်း။

၁၊ ၂။ သားသမီးများမွေးမြူခြင်း၌ မိဘများသည် ယနေ့ အဘယ်ကြောင့်အခက်တွေ့ကြရသနည်း။

ဂျပန်နိုင်ငံ၌ လွန်ခဲ့သောနှစ်အနည်းငယ်က ကောက်ယူခဲ့သည့်စစ်တမ်းတွင် လူတွေ့မေးမြန်းခံခဲ့ရသော လူကြီးထက်ဝက်ခန့်သည် မိဘနှင့်သားသမီးတို့စပ်ကြား ဆက်သွယ်မှုနည်းလွန်းသည်ဟု ခံစားရကြောင်းနှင့် ထိုမိဘတို့သည် သားသမီးများကို အလွန်အလိုလိုက်ကြောင်း ဖော်ပြခဲ့၏။ ထိုနိုင်ငံ၌ပင် အခြားစစ်တမ်းတစ်ခုတွင် မေးမြန်းခံခဲ့ရသူလေးပုံတစ်ပုံက မိမိတို့ကလေးများနှင့် မည်သို့အပြန်အလှန်ဆက်ဆံရမည်ကိုမသိကြောင်း ဝန်ခံခဲ့ကြ၏။ ဤခေတ်ရေစီးကြောင်းမှာ အရှေ့တိုင်း၌သာ ထူးထူးခြားခြားဖြစ်နေသည်မဟုတ်ပါ။ “ကနေဒါနိုင်ငံသားမိဘများစွာက မိမိတို့သည် မိဘကောင်းများ မည်သို့ဖြစ်နိုင်ကြောင်း မသေချာပါဟုဝန်ခံခဲ့ကြ၏” ဟူ၍ တိုရန်တိုစတားက အစီရင်ခံသည်။ နေရာတိုင်း၌ မိဘများသည် သားသမီးများမွေးမြူရေးတွင် အခက်တွေ့လျက်ရှိကြ၏။

၂ သားသမီးများမွေးမြူခြင်း၌ မိဘများ အဘယ်ကြောင့်အခက်တွေ့နေကြသနည်း။ အဓိကအကြောင်းရင်းတစ်ခုမှာ ကျွန်ုပ်တို့သည် “ကိုင်တွယ်ရခဲယဉ်းသည့် ကျပ်တည်းသောကာလ” “နောက်ဆုံးသောနေ့ရက်များ” ၌ အသက်ရှင်နေကြသောကြောင့်တည်း။ (၂ တိမောသေ ၃:၁၊ ကဘ) ထို့အပြင် “လူတို့သည် ငယ်သောအရွယ်မှစ၍ စိတ်နှလုံးအကြံအစည်ဆိုးကြ၏” ဟုသမ္မာကျမ်းစာကဆိုသည်။ (ကမ္ဘာဦး ၈:၂၁) ထိုမျှမက အတွေ့အကြုံမရှိသူတို့ကို အမဲဖမ်းသည့် “ဟောက်သောခြင်္သေ့” ကဲ့သို့သော စာတန်၏တိုက်ခိုက်မှုကို လူငယ်များ အထူးသဖြင့်ခံနေကြရ၏။ (၁ ပေတရု ၅:၈) မိမိတို့၏သားသမီးများကို “သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြု” လိုကြသည့် ခရစ်ယာန်မိဘများအတွက် အတားအဆီး အမှန်ပင်များပြားလှသည်။ (ဧဖက် ၆:၄) မိမိတို့၏သားသမီးများသည် “ကောင်းကျိုးမကောင်းကျိုးကို” ခွဲခြားသိမြင်နိုင်သည့် ယေဟောဝါ၏ ရင့်ကျက်သောဝတ်ပြုကိုးကွယ်သူများဖြစ်လာစေရန် မိဘများ မည်သို့ကူညီပေးနိုင်သနည်း။—ဟေဗြဲ ၅:၁၄။

၃။ သားသမီးများကို အောင်မြင်စွာကြီးပြင်းလာစေရန် မိဘ၏လေ့ကျင့်ပေးမှုနှင့် လမ်းညွှန်မှုသည် အဘယ်ကြောင့်မရှိမဖြစ်သနည်း။

၃ “မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ၏” ဟု ဘုရင်ရှောလမုန်က ကောက်ချက်ချခဲ့သည်။ (သု. ၁၃:၁; ၂၂:၁၅) လူငယ်များသည် ထိုမိုက်သောသဘောကို သူတို့၏စိတ်နှလုံးထဲမှထုတ်ပစ်ရန် သူတို့မိဘများ၏ မေတ္တာပါဆုံးမပဲ့ပြင်မှုလိုသည်။ သို့သော် လူငယ်များသည် ထိုသို့သောဆုံးမပဲ့ပြင်မှုကို အမြဲပင် တလိုတလားလက်ခံလိုကြသည်မဟုတ်။ အမှန်မှာ ဆုံးမပဲ့ပြင်မှုကို မည်သူပင်ပေးပါလေစေ သူတို့သည် ဆုံးမ မခံလိုကြချေ။ ထို့ကြောင့် မိဘများသည် “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်” ရန် သင်ယူကြရမည်။ (သု. ၂၂:၆) ယင်းသို့သောဆုံးမသွန်သင်မှုကို သားသမီးများဆုပ်ကိုင်ထားကြသောအခါ ၎င်းက သူတို့အတွက် အသက်ရှင်ခြင်းအကြောင်းဖြစ်စေနိုင်၏။ (သု. ၄:၁၃) မိဘများသည် သူတို့၏လူမမယ်လေးများကို လေ့ကျင့်ပေးရာ၌ အဘယ်အရာပါဝင်ကြောင်း သိရှိထားခြင်းမှာ အရေးပါလှသည်တကား!

ဆုံးမပဲ့ပြင်ခြင်း—အဘယ်အရာကိုဆိုလိုသနည်း

၄။ သမ္မာကျမ်းစာ၌ အသုံးပြုထားသော “ဆုံးမခြင်း” ၏ အဓိကအဓိပ္ပာယ်ကားအဘယ်နည်း။

၄ မိဘအချို့သည် ကာယ၊ စကားဖြင့် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ—ကြမ်းကြုတ်မှုပြုသည်ဟု စွပ်စွဲခံရမည်ကို စိုးရိမ်သဖြင့် မိမိတို့၏သားသမီးများကို မဆုံးမဘဲနေသည်။ ထိုသို့ ကျွန်ုပ်တို့စိုးရိမ်စရာမလိုချေ။ သမ္မာကျမ်းစာ၌ အသုံးပြုထားသော “ဆုံးမခြင်း” ဟူသည့်အသုံးအနှုန်းတွင် ကြမ်းကြုတ်မှု သို့မဟုတ် ရက်စက်မှုလုံးဝမပါဝင်ချေ။ “ဆုံးမခြင်း” အတွက် ဂရိစကားလုံးသည် သွန်သင်ခြင်း၊ ပညာပေးခြင်း၊ ပဲ့ပြင်ခြင်းနှင့် ရံဖန်ရံခါ ခိုင်မာသော်လည်း မေတ္တာပါပါရိုက်နှက်ခြင်းနှင့် အဓိကနှီးနွှယ်လေ၏။

၅။ မိမိလူတို့နှင့် ယေဟောဝါဆက်ဆံပုံကို သုံးသပ်ခြင်းက အဘယ်ကြောင့်အကျိုးရှိသနည်း။

၅ ယင်းသို့သော ဆုံးမပဲ့ပြင်မှုပေးရာတွင် ယေဟောဝါဘုရားသခင်သည် စုံလင်သောပုံနမူနာတစ်ရပ်ကို ချမှတ်တော်မူသည်။ လူသားဖခင်တစ်ဦးနှင့် ယေဟောဝါကိုနှိုင်းယှဉ်ကာ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “မိဘတိုင်း မိမိတို့၏သားသမီးများကို ဆုံးမကြသည်မဟုတ်လော။ . . . ငါတို့၏လူသားဖခင်များသည် အကောင်းဆုံးဟု သူတို့ထင်မှတ်သည့်အတိုင်း ငါတို့ကို တစ်ခဏတာဆုံးမတတ်ကြ၏။ သို့သော် ဘုရားသခင်မူကား ငါတို့ကိုသန့်ရှင်းစေလိုသည့်အတွက် ငါတို့ကောင်းကျိုးအလို့ငှာ ငါတို့အား ဆုံးမတော်မူသည်။” (ဟေဗြဲ ၁၂:၇-၁၀၊ ခေတ်ပြိုင်အင်္ဂလိပ်ဘာသာပြန်ကျမ်း) မှန်ပါသည်၊ မိမိလူတို့သည် သန့်ရှင်းစင်ကြယ်စေမည်အကြောင်း ယေဟောဝါဆုံးမပဲ့ပြင်တော်မူ၏။ ယေဟောဝါသည် မိမိလူတို့ကို မည်သို့လေ့ကျင့်ပေးကြောင်း သုံးသပ်ခြင်းဖြင့် သားသမီးများဆုံးမပဲ့ပြင်ခြင်းအကြောင်း ကျွန်ုပ်တို့ များစွာသင်ယူနိုင်၏။—တရားဟောရာ ၃၂:၄; မဿဲ ၇:၁၁; ဧဖက် ၅:၁။

မေတ္တာ—စေ့ဆော်ပေးသည့် အစွမ်းတန်ခိုး

၆။ မိဘများသည် ယေဟောဝါ၏မေတ္တာတော်ကို တုပရန် အဘယ်ကြောင့်ခက်ခဲနိုင်သနည်း။

၆ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟု တမန်တော်ယောဟန်က ဆိုသည်။ သို့ဖြစ်၍ ယေဟောဝါပေးသောလေ့ကျင့်မှုသည် မေတ္တာဖြင့် အမြဲစေ့ဆော်ခံရ၏။ (၁ ယောဟန် ၄:၈; သု. ၃:၁၁၊ ၁၂) ထို့ကြောင့် မိမိသားသမီးကို ပကတိကြင်နာစုံမက်ခြင်းရှိသူတို့သည် ယင်းနှင့်ပတ်သက်၍ ယေဟောဝါကိုတုပရန် လွယ်ကူမည်ဟု ဆိုလိုသလော။ ထိုသို့မဆိုလိုပါ။ ဘုရားသခင့်မေတ္တာတော်သည် မူအပေါ်အခြေပြုသောမေတ္တာဖြစ်သည်။ ထိုသို့သောမေတ္တာသည် “ပင်ကိုစိတ်သဘောအတိုင်း အမြဲဖြစ်သည်မဟုတ်” ဟု ဂရိကျမ်းပညာရှင်တစ်ဦးက ပြညွှန်သည်။ ဘုရားသခင်သည် စိတ်စွဲလမ်းမှု၏သြဇာလွှမ်းမိုးမှုခံရသည်မဟုတ်။ ကိုယ်တော်သည် မိမိလူတို့အတွက် အကောင်းဆုံးအကျိုးကို အမြဲလိုလားတော်မူ၏။—ဟေရှာယ ၃၀:၂၀; ၄၈:၁၇။

၇၊ ၈။ (က) မိမိလူမျိုးနှင့်ဆက်ဆံရာတွင် ယေဟောဝါသည် မူအပေါ်အခြေခံသည့်မေတ္တာနှင့်ပတ်သက်၍ အဘယ်ပုံသက်သေချမှတ်တော်မူခဲ့သနည်း။ (ခ) မိဘများသည် သမ္မာကျမ်းစာမူများကို သားသမီးများလိုက်လျှောက်နိုင်ရန်စွမ်းရည် တိုးတက်စေဖို့ ကူညီပေးရာတွင် ယေဟောဝါအား မည်သို့တုပနိုင်သနည်း။

၇ ဣသရေလတို့နှင့် ဆက်ဆံရာ၌ ယေဟောဝါဖော်ပြသောမေတ္တာတော်ကို သုံးသပ်ကြည့်ပါ။ တည်ထောင်ခါစ ဣသရေလလူမျိုးကို ယေဟောဝါ၏ချစ်ခြင်းအကြောင်း မောရှေသရုပ်ဖော်ရန် ထိရောက်သောပုံဥပမာတစ်ရပ်ကို အသုံးပြုခဲ့သည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ရွှေလင်းတသည် အသိုက်ကိုမွှေလျက်၊ သားငယ်တို့အပေါ်မှာလှုပ်ရှားလျက်၊ အတောင်တို့ကိုဖြန့်လျက်၊ သားငယ်တို့ကိုယူ၍ မိမိအတောင်တို့ဖြင့်ဆောင်သကဲ့သို့၊ ထာဝရဘုရားတစ်ပါးတည်းသာလျှင် ယာကုပ်ကိုဆောင်သွားတော်မူ၏။” (တရားဟောရာ ၃၂:၉၊၁၁၊ ၁၂) သားငယ်တို့ကို ပျံတတ်ရန်သင်ပေးရာတွင် မိခင်လင်းယုန်ငှက်သည် သူ၏တောင်ပံများကို တဖျပ်ဖျပ်ခပ်၍ ‘သူ၏အသိုက်ကိုမွှေလျက်’ သားငယ်များကို ပျံသန်းရန်တိုက်တွန်းသည်။ မြင့်မားသောကျောက်ဆောင်၌ တည်လေ့ရှိသောအသိုက်ထဲမှ ငှက်ငယ်ကလေးသည် နောက်ဆုံးတွင် ဒိုင်ဗင်ထိုးချလိုက်သောအခါ မိခင်သည် အဆိုပါသားငယ် “အပေါ်မှာလှုပ်ရှား” နေလေ၏။ အပျံသင်စငှက်ငယ်သည် မြေပေါ်ကျမည့်ဟန်ရှိသည့်အခါ မိခင်သည် ၎င်း၏အောက်မှထိုးဆင်းပျံဝဲလျက် “မိမိအတောင်တို့ဖြင့်” ငှက်ငယ်ကလေးကိုချီဆောင်လေသည်။ အလားတူပင် ယေဟောဝါသည် မိမိ၏ဖွားခါစဣသရေလလူမျိုးကို မေတ္တာပါစွာဂရုစိုက်ခဲ့သည်။ မောရှေပညတ်ကို သူတို့အား ကိုယ်တော်ပေးခဲ့သည်။ (ဆာလံ ၇၈:၅-၇) ထို့နောက် ဘုရားသခင်သည် အဆိုပါလူမျိုးကို ဂရုတစိုက်မျက်လုံးဖြင့် ကြည့်ရှုစောင့်မတော်မူပြီး မိမိလူမျိုး အခက်အခဲကြုံသောအခါ ကယ်မရန် အသင့်ရှိတော်မူ၏။

၈ ခရစ်ယာန်မိဘများသည် ယေဟောဝါ၏မေတ္တာတော်ကို မည်သို့တုပနိုင်မည်နည်း။ ဦးဆုံး ဘုရားသခင့်စကားတော်တွင် တွေ့ရှိရသောမူများနှင့် စံနှုန်းများကို သားသမီးများအား သင်ကြားပေးရမည်။ (တရားဟောရာ ၆:၄-၉) ပန်းတိုင်မှာ သမ္မာကျမ်းစာမူများနှင့်အညီ ဆုံးဖြတ်ချက်များချတတ်ရန် ငယ်ရွယ်သူအား ထောက်ကူပေးဖို့ဖြစ်သည်။ ဤသို့ပြုခြင်းဖြင့် မေတ္တာရှိသောမိဘများသည် သူတို့၏သားသမီးများအပေါ် ရစ်ဝဲနေဘိသကဲ့သို့ရှိပြီး ကလေးငယ်များသင်ယူခဲ့သည့်မူများနှင့်အညီ လိုက်လျှောက်ကျင့်သုံးဖို့ ဂရုစိုက်လျက်နေသည်။ ကလေးများကြီးပြင်းလာ၍ လွတ်လပ်မှုတဖြည်းဖြည်းတိုးပေးရာတွင် သူတို့အန္တရာယ်ကြုံတွေ့ကြရသော မည်သည့်ချိန်၌မဆို ဂရုစိုက်တတ်သောမိဘများသည် “အောက်သို့ထိုးဆင်း” ၍ ‘သားငယ်တို့ကို မိမိအတောင်ဖြင့်’ ချီဆောင်ရန်အသင့်ရှိလေသည်။ အဘယ်အန္တရာယ်မျိုးနည်း။

၉။ မေတ္တာရှိသောမိဘများသည် အထူးသဖြင့် အဘယ်အန္တရာယ်ကို သတိထားကြရမည်နည်း။ သာဓကပေးပါ။

၉ ယေဟောဝါဘုရားသခင်သည်ဣသရေလလူမျိုးအား မကောင်းသောအပေါင်းအဖော်နှင့် ပေါင်းဖော်ခြင်းအကျိုးဆက်များကို သတိပေးခဲ့၏။ (တောလည်ရာ ၂၅:၁-၁၈; ဧဇရ ၁၀:၁၀-၁၄) မပေါင်းသင့်သူတို့နှင့်ပေါင်းဖော်ခြင်းသည် ယနေ့လည်း ဖြစ်နေကျအန္တရာယ်တစ်ခုဖြစ်ပေသည်။ (၁ ကောရိန္သု ၁၅:၃၃) ဤကိစ္စတွင် ခရစ်ယာန်မိဘများသည် ယေဟောဝါကိုတုပသင့်သည်။ အသက် ၁၅ နှစ်အရွယ် လီဆာအမည်ရှိ ကလေးမတစ်ဦးသည် သူ့မိသားစု၏ကောင်းသောကျင့်ဝတ်နှင့် ဝိညာဉ်ရေးရာများကို တန်ဖိုးမထားသော လူငယ်တစ်ဦးကို စိတ်ဝင်စားခဲ့၏။ “ကျွန်မမိဘတွေက ကျွန်မစိတ်သဘောပြောင်းလဲနေတာကို ချက်ချင်းရိပ်မိကြပြီး စိုးရိမ်ကြတယ်” ဟု လီဆာကပြောပြသည်။ “တစ်ခါတလေမှာ ကျွန်မကို သူတို့ကပဲ့ပြင်ပေးပြီး တစ်ခါတလေတော့ သူတို့ကကြင်ကြင်နာနာ အားပေးကြတယ်။” လီဆာနှင့်အတူ သူတို့ထိုင်ပြီး စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးကြရာ လီဆာ၏အရင်းခံပြဿနာမှာ သက်တူရွယ်တူများ၏ လက်ခံမှုကိုရလိုသောဆန္ဒဖြစ်ကြောင်း သူတို့သိမြင်လာပြီး ယင်းကိုကိုင်တွယ်ဖြေရှင်းတတ်ရန် သူ့ကိုကူညီပေးကြလေသည်။a

ဆက်သွယ်ရေးလမ်းကြောင်း ပွင့်နေစေပါ

၁၀။ ယေဟောဝါသည် ဣသရေလလူတို့နှင့် ဆက်သွယ်ရာ၌ အဘယ်နည်းများဖြင့် စံနမူနာကောင်း ချမှတ်ပေးတော်မူခဲ့သနည်း။

၁၀ မိဘတို့သည် သားသမီးများကိုလေ့ကျင့်ပေးရာ၌ အောင်မြင်မှုရရှိရန် သူတို့၏ကလေးများနှင့် ဆက်သွယ်ရေးလမ်းကြောင်း ပွင့်နေစေဖို့ ကြိုးစားရမည်။ ယေဟောဝါသည် ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင် အဘယ်အရာရှိကြောင်း အပြည့်အဝသိတော်မူသော်လည်း ကိုယ်တော်နှင့်ဆက်သွယ်မှုပြုရန် ကျွန်ုပ်တို့ကို တိုက်တွန်းထားသည်။ (၁ ရာဇဝင်ချုပ် ၂၈:၉) ယေဟောဝါသည် ဣသရေလလူများကို ပညတ်တော်ပေးပြီးနောက် သူတို့ကိုသွန်သင်ပေးရန် လေဝိသားများအား တာဝန်ပေးအပ်ခဲ့ပြီး သူတို့နှင့် ကျိုးကြောင်းဆင်ခြင်၍ ပဲ့ပြင်ဆုံးမပေးဖို့ ပရောဖက်များကိုစေလွှတ်ခဲ့သည်။ သူတို့၏ဆုတောင်းချက်များကို နားညောင်းရန် တလိုတလားရှိကြောင်းကိုလည်း ကိုယ်တော်ဖော်ပြခဲ့သည်။—၂ ရာဇဝင်ချုပ် ၁၇:၇-၉; ဆာလံ ၆၅:၂; ဟေရှာယ ၁:၁-၃၊ ၁၈-၂၀; ယေရမိ ၂၅:၄; ဂလာတိ ၃:၂၂-၂၄။

၁၁။ (က) မိဘများသည် သားသမီးများနှင့် ဆက်ဆံရေးကောင်းကို မည်သို့တိုးမြှင့်ပေးနိုင်သနည်း။ (ခ) မိဘများသည် သားသမီးများနှင့်ဆက်သွယ်ရာတွင် အဘယ်ကြောင့် ကောင်းစွာနားထောင်တတ်သူများ ဖြစ်သင့်သနည်း။

၁၁ မိဘများသည် သားသမီးများနှင့် ဆက်သွယ်သောအခါ ယေဟောဝါကို သူတို့မည်သို့တုပနိုင်ကြသနည်း။ ဦးဆုံးအနေနှင့် သူတို့အတွက် အချိန်ပေးရမည်ဖြစ်သည်။ “ဒါလေးများ၊ တော်တော်အရေးကြီးတဲ့ကိစ္စ ထင်လို့”; “ဒါက မဖြစ်စလောက်လေးပါ”; “မင်းက ဘာများမျှော်လင့်ထားလို့လဲ၊ မင်းဟာ ချာတိတ်ပဲရှိသေးတယ်” စသည့် သရော်လှောင်ပြောင်ရာရောက်သော မစဉ်းစားဘဲပြောဆိုသည့်စကားများကိုလည်း မိဘတို့ရှောင်ကြဉ်ကြရမည်။ (သု. ၁၂:၁၈) သားသမီးများကို ရင်ဖွင့်စေဖို့အားပေးရန် ပညာရှိသောမိဘများသည် ကောင်းစွာနားထောင်သူများဖြစ်ဖို့ ကြိုးစားကြသည်။ ကလေးများငယ်စဉ် သူတို့ကိုလျစ်လျူရှုကြသောမိဘများသည် သူတို့၏သားသမီးများ ကြီးပြင်းလာသောအခါ မိမိတို့ကိုယ်တိုင် ပြန်လျစ်လျူရှုခံရမည်ကို တွေ့ရှိရပေမည်။ ယေဟောဝါသည် မိမိလူတို့ကို နားထောင်ရန် အမြဲတလိုတလားရှိတော်မူခဲ့သည်။ ဆုတောင်းခြင်းဖြင့် ကိုယ်တော်ထံ နှိမ့်ချစွာလှည့်လာသူတို့ကို ကိုယ်တော်နားညောင်းတော်မူ၏။—ဆာလံ ၉၁:၁၅; ယေရမိ ၂၉:၁၂; လုကာ ၁၁:၉-၁၃။

၁၂။ မိဘများသည် အဘယ်အရည်အသွေးများကိုဖော်ပြလျှင် သူတို့ထံ သားသမီးများချဉ်းကပ်ရန် လွယ်ကူစေမည်နည်း။

၁၂ ဘုရားသခင့်ဂုဏ်ရည်တော်အချို့ကြောင့် မိမိ၏လူတို့သည် ကိုယ်တော့်ထံ လွတ်လွတ်လပ်လပ်ချဉ်းကပ်ဖို့ လွယ်ကူစေသည့်အကြောင်းကိုလည်း သုံးသပ်ကြည့်ပါ။ ဥပမာ၊ ရှေးဣသရေလရှင်ဘုရင်ဒါဝိဒ်သည် ဗေသရှေဘနှင့် သူ့သားအိမ်ရာပြစ်မှားခြင်းဖြင့် ကြီးလေးသောအပြစ်ကိုကျူးလွန်ခဲ့သည်။ မစုံလင်သူတစ်ဦးဖြစ်သဖြင့် ဒါဝိဒ်သည် သူ၏ဘဝတွင် အခြားကြီးလေးသောအပြစ်များကို ကျူးလွန်ခဲ့၏။ သို့တိုင် သူသည် ယေဟောဝါထံချဉ်းကပ်ရန်နှင့် ကိုယ်တော်၏ခွင့်လွှတ်မှုကိုတောင်းခံ၍ ဆုံးမမှုခံယူရန် ဘယ်တော့မျှမပျက်ကွက်ခဲ့ချေ။ ဘုရားသခင်၏မေတ္တာပါ သနားညှာတာခြင်းနှင့် ကြင်နာထောက်ထားခြင်းတို့က ဒါဝိဒ်အား ယေဟောဝါထံတော်သို့လှည့်လာရန် အမှန်ပင်လွယ်ကူစေခဲ့သည်။ (ဆာလံ ၁၀၃:၈) ထောက်ထားစာနာခြင်း၊ သနားကြင်နာခြင်းကဲ့သို့သော ဘုရားသခင့်အရည်အသွေးများကို တင်ပြခြင်းဖြင့် သားသမီးများသည် လမ်းလွဲခဲ့သည့်တိုင် ဆက်သွယ်ရေးလမ်းကြောင်း ပွင့်နေစေရန် မိဘများထောက်ကူနိုင်သည်။—ဆာလံ ၁၀၃:၁၃; မာလခိ ၃:၁၇။

အကျိုးသင့်အကြောင်းသင့်ရှိပါ

၁၃။ အကျိုးသင့်အကြောင်းသင့်ရှိခြင်းတွင် အဘယ်အရာပါဝင်သနည်း။

၁၃ သားသမီးများပြောဆိုသောစကားကို နားထောင်ပေးသောအခါ မိဘများသည် အကျိုးသင့်အကြောင်းသင့်ရှိပြီး “အထက်မှသက်ရောက်သောပညာ” ကို ရောင်ပြန်ဟပ်ကြရမည်။ (ယာကုပ် ၃:၁၇) တမန်တော်ပေါလုက “လူအပေါင်းတို့ရှေ့၌ သင်တို့၏ဖြည်းညင်းခြင်းသဘောကို ထင်ရှားစေကြလော့” ဟုရေးသားခဲ့သည်။ (ဖိလိပ္ပိ ၄:၅) အကျိုးသင့်အကြောင်းသင့်ရှိခြင်းအဓိပ္ပာယ်ကား အဘယ်နည်း။ “အကျိုးသင့်အကြောင်းသင့်ရှိခြင်း” ဟု ဘာသာပြန်ဆိုထားသောဂရိစကားလုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုမှာ “စာအုပ်ကြီးအတိုင်း တစ်သဝေမတိမ်းလိုက်ရမည်ဟု မရမကပြောခြင်းမဟုတ်” ဟူ၍ဖြစ်သည်။ မိဘများသည် ကျင့်ဝတ်နှင့် ဝိညာဉ်ရေးရာစံနှုန်းများကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထားစဉ် မည်သို့အကျိုးသင့်အကြောင်းသင့်ရှိနိုင်သနည်း။

၁၄။ ယေဟောဝါသည် လောတနှင့် ဆက်ဆံရာတွင် အကျိုးသင့်အကြောင်းသင့်ရှိသောသဘောကို မည်သို့ဖော်ပြတော်မူခဲ့သနည်း။

၁၄ ယေဟောဝါသည် အကျိုးသင့်အကြောင်းသင့်ရှိခြင်းနှင့်ပတ်သက်၍ ထူးခြားသောစံနမူနာကို ချမှတ်ပေးသည်။ (ဆာလံ ၁၀:၁၇) ဘုရားသခင်သည် လောတနှင့် သူ၏မိသားစုကို တရားစီရင်ခံရသည့် သောဒုံမြို့မှ ထွက်ခွာရန် တိုက်တွန်းခဲ့သောအခါ လောတသည် “ဖင့်နွှဲ” နေ၏။ နောက်ပိုင်းတွင် ယေဟောဝါ၏ကောင်းကင်တမန်က တောင်ပေါ်ဒေသသို့ ထွက်ပြေးရန် သူ့ကိုပြောသောအခါ လောတက “ဘေးလွတ်၍တောင်ပေါ်သို့မပြေးနိုင်ပါ။ . . . ကြည့်ပါ၊ ထို [ဇောရ] မြို့နီးပါ၏။ ပြေးသာပါ၏။ ငယ်သောမြို့လည်းဖြစ်ပါ၏။ ဘေးလွတ်၍ထိုအရပ်သို့ပြေးပါရစေ။ ထိုမြို့သည် ငယ်သောမြို့မဟုတ်လော” ဟုပြန်ပြောသည်။ ယင်းကို ယေဟောဝါ မည်သို့တုံ့ပြန်ခဲ့သနည်း။ ကိုယ်တော် ဤသို့မိန့်တော်မူသည်– “ဤအမှုအရာ၌လည်း သင်၏စကားကိုငါနားထောင်စေခြင်းငှာ၊ ထိုမြို့အတွက်တောင်းပန်သောကြောင့် ငါမဖျက်ဆီး။” (ကမ္ဘာဦး ၁၉:၁၆-၂၁၊ ၃၀) ယေဟောဝါသည် လောတ၏တောင်းဆိုချက်ကို လိုလိုလားလားခွင့်ပြုခဲ့သည်။ မှန်ပါသည်၊ ကိုယ်တော်၏စကားတော်၊ သမ္မာကျမ်းစာ၌ ယေဟောဝါဘုရားသခင်ချမှတ်ထားသော စံနှုန်းများကို မိဘများစွဲကိုင်ထားကြရန်လိုသည်။ သို့တိုင် သမ္မာကျမ်းစာမူများကို မထိခိုက်သောအခါ သူငယ်၏ဆန္ဒကို လိုက်လျောနိုင်ပေမည်။

၁၅၊ ၁၆။ ဟေရှာယ ၂၈:၂၄၊ ၂၅ ၌တွေ့ရသော ပုံဥပမာမှ မိဘများ အဘယ်သင်ခန်းစာသင်ယူနိုင်ကြသနည်း။

၁၅ အကျိုးသင့်အကြောင်းသင့်ရှိခြင်းတွင် ဆုံးမမှုကို ကလေးများလက်ခံရန်အသင့်ရှိရလေအောင် သူတို့၏စိတ်နှလုံးကို ပြင်ဆင်ပေးခြင်းပါဝင်သည်။ ဟေရှာယက ပုံဆောင်နည်းဖြင့် ယေဟောဝါအား လယ်သမားတစ်ဦးနှင့်နှိုင်းယှဉ်ပြီး ဤသို့ပြောခဲ့သည်– “လယ်လုပ်သောသူသည် မျိုးစေ့ကိုကြဲခြင်းငှာ မြေကိုဆွလျက်၊ မြေစိုင်ကိုချေလျက် အစဉ်လယ်ထွန်တတ်သလော။ လယ်မျက်နှာကိုညှိပြီးမှ စမုန်နက်မျိုးစေ့၊ ဇီရာမျိုးစေ့ကို ကြဲသည်မဟုတ်လော။ ဂျုံစပါးမျိုးစေ့ကို အတန်းတန်းစိုက်၍ မုယောစပါးနှင့် ကောက်စပါးမျိုးစေ့အသီးအသီးတို့ကို သူတို့အရပ်၌ ကြဲသည်မဟုတ်လော။”—ဟေရှာယ ၂၈:၂၄၊ ၂၅။

၁၆ ယေဟောဝါသည် “မျိုးစေ့ကိုကြဲခြင်းငှာ မြေကိုဆွလျက်၊ မြေစိုင်ကိုချေလျက် . . . လယ်ထွန်” လေသည်။ သို့နှင့် ကိုယ်တော်သည် မိမိလူတို့ကို ဆုံးမပဲ့ပြင်မပေးမီ သူတို့၏စိတ်နှလုံးကိုပြင်ဆင်ပေးသည်။ မိဘများသည် သားသမီးများကို ဆုံးမရာ၌ ကလေးတို့၏စိတ်နှလုံးကို မည်သို့ ‘ထွန်ယက်’ နိုင်သနည်း။ ဖခင်တစ်ဦးသည် မိမိ၏လေးနှစ်အရွယ်သားကို ဆုံးမပဲ့ပြင်သောအခါ ယေဟောဝါကိုတုပခဲ့သည်။ သူ၏သားက အိမ်နီးချင်းတစ်ဦး၏သားကို ထိုးနှက်သောအခါ ဖခင်သည် သားဖြစ်သူ၏ဆင်ခြေများကို ဦးဆုံးစိတ်ရှည်စွာ နားထောင်ပေးခဲ့သည်။ ထို့နောက် မိမိသား၏စိတ်နှလုံးကို ‘ထွန်ယက်’ သကဲ့သို့ ဖခင်ဖြစ်သူက အနိုင်ကျင့်သူတစ်ဦး၏လက်တွင် အလူးအလဲဒဏ်ခံခဲ့ရသော ကလေးငယ်တစ်ဦး၏ပုံပြင်ကို ပြောပြခဲ့သည်။ ပုံပြင်ကိုကြားလိုက်ရာတွင် အနိုင်ကျင့်သူကို အပြစ်ပေးရမည်ဟုပြောဆိုရန် သားဖြစ်သူလှုံ့ဆော်ခံခဲ့ရသည်။ ယင်းသို့ ‘ထွန်ယက်ခြင်း’ က သားငယ်၏စိတ်နှလုံးကို ပြင်ဆင်ပေးပြီး အိမ်နီးချင်းကလေးငယ်ကို ထိုးနှက်ခြင်းသည် အနိုင်ကျင့်ခြင်းလုပ်ရပ်ဖြစ်ပြီး မှားကြောင်းတွေ့မြင်စေရန် သူ့အား သာ၍လွယ်ကူစေခဲ့သည်။—၂ ဓမ္မရာဇဝင် ၁၂:၁-၁၄။

၁၇။ ဟေရှာယ ၂၈:၂၆-၂၉ တွင် မိဘ၏ပဲ့ပြင်ဆုံးမမှုနှင့်ပတ်သက်၍ အဘယ်သင်ခန်းစာဖော်ပြထားသနည်း။

၁၇ ယေဟောဝါ၏ဆုံးမမှုကို လယ်ယာလုပ်ငန်းစဉ် နောက်တစ်ခုဖြစ်သော ဂျုံစပါးနယ်ခြင်းနှင့် ဟေရှာယနှိုင်းယှဉ်ပြထားသည်။ လယ်သမားတစ်ဦးသည် စပါးခွံ၏မာကျောမှုပေါ်မူတည်၍ စပါးခြွေသည့်ကိရိယာအမျိုးမျိုးကို အသုံးပြုလေ့ရှိသည်။ နူးညံ့သောစမုန်နက်အတွက် တုတ်ကိုလည်းကောင်း၊ ဇီရာအတွက် တောင်ဝှေးကိုလည်းကောင်း အသုံးပြုသော်လည်း သာ၍မာကျောသောအခွံရှိသည့် ဂျုံစေ့များအတွက်မူ စွတ်ဖား သို့မဟုတ် လှည်းဘီးကိုအသုံးပြုလေ့ရှိကြ၏။ သို့တိုင် မာကျောသောဂျုံစေ့များ ကြေမွသွားသည့်အထိ သူနင်းချေပစ်မည်မဟုတ်ချေ။ အလားတူ ယေဟောဝါသည် သူ၏လူမျိုးမှ မနှစ်သက်ဖွယ်သော မည်သည့်အရာကိုမဆို ဖယ်ရှားလိုသောအခါ တည်ရှိနေသောလိုအပ်ရာများနှင့် အခြေအနေများနှင့်အညီ ကွဲပြားခြားနာစွာ ကိုယ်တော်စီရင်တော်မူ၏။ ကိုယ်တော်သည် ဘယ်သောအခါမျှ နိုင်လိုမင်းထက်ပြုခြင်း သို့မဟုတ် နှိပ်စက်ကလူပြုခြင်းမရှိချေ။ (ဟေရှာယ ၂၈:၂၆-၂၉) အချို့ကလေးများသည် မိဘ၏ အရိပ်အခြည်ကိုကြည့်ရုံဖြင့် တုံ့ပြန်တတ်ကြ၏၊ ထပ်ပြောဆိုစရာမလိုပေ။ အခြားသူတို့မှာမူ ထပ်ခါတလဲ သတိပေးရ၏၊ နားဝင်စေရန် ထိုထက်ပြင်းထန်စွာပြုမူဖို့လိုသော ကလေးများလည်းရှိပေမည်။ အကျိုးသင့်အကြောင်းသင့်ရှိသောမိဘများသည် ကလေးတစ်ဦးချင်းစီ၏ လိုအပ်ရာနှင့်အညီလိုက်ဖက်စွာ ဆုံးမပဲ့ပြင်ရပါလိမ့်မည်။

မိသားစုဆွေးနွေးခန်းများကို ပျော်မွေ့ဖွယ်ဖြစ်စေပါ

၁၈။ မိဘများသည် ပုံမှန်မိသားစုကျမ်းစာသင်အံမှုပြုလုပ်ဖို့အတွက် အချိန်မည်သို့ရနိုင်သနည်း။

၁၈ သင့်သားသမီးများကို သွန်သင်ပေးရန် အကောင်းဆုံးနည်းလမ်းထဲတွင် မိသားစုကျမ်းစာသင်အံမှုကို မှန်မှန်ပြုလုပ်ခြင်းနှင့် ကျမ်းစာဆွေးနွေးခန်းများကို နေ့စဉ်ပြုလုပ်ခြင်းပါဝင်သည်။ မိသားစုသင်အံမှုကို ပုံမှန်ကျင်းပသွားသောအခါ အထိရောက်ဆုံးဖြစ်သည်။ ကြုံသလို သို့မဟုတ် ကြိုတင်စီစဉ်ဆုံးဖြတ်ထားရာမဟုတ်လျှင် တစ်ခါတလေသာပြုလုပ်ဖို့ အကြောင်းများသည်။ သို့ဖြစ်၍ မိဘများသည် သင်အံလေ့လာမှုအတွက် “အချိန်ကိုဝယ်ယူ” ရမည်။ (ဧဖက် ၅:၁၅-၁၇၊ ကဘ) တစ်အိမ်သားလုံးအတွက် အဆင်ပြေသော အချိန်အတိအကျကို ရွေးချယ်သတ်မှတ်ခြင်းက စိန်ခေါ်ချက်တစ်ရပ်ဖြစ်နိုင်၏။ ကလေးများကြီးပြင်းလာကြသောအခါ သူတို့၏ခြားနားသောအချိန်ဇယားများက မိသားစုတစ်စုလုံး အတူတကွဆုံစည်းရန် ခဲယဉ်းစေကြောင်း အိမ်ထောင်ဦးစီးတစ်ဦး တွေ့ရှိခဲ့သည်။ သို့တိုင် အဆိုပါမိသားစုသည် အသင်းတော်စည်းဝေးများရှိသည့် ညများတွင် အမြဲပင်အတူတကွရှိခဲ့ကြသည်။ ထို့ကြောင့် ထိုဖခင်သည် ယင်းသို့သောညများမှတစ်ညတွင် မိသားစုသင်အံမှုပြုလုပ်ရန် စီစဉ်ခဲ့သည်။ ယင်းသည် အလွန်ထိရောက်ခဲ့သည်။ ယခု ထိုသားသမီးသုံးယောက်စလုံးသည် ယေဟောဝါ၏ နှစ်ခြင်းခံပြီးသောကျေးကျွန်များ ဖြစ်လာခဲ့ကြပြီ။

၁၉။ မိဘများသည် မိသားစုသင်အံမှု ပြုလုပ်သောအခါ ယေဟောဝါကို မည်သို့တုပနိုင်ကြသနည်း။

၁၉ သို့သော် လေ့လာနေချိန်အတွင်း ကျမ်းစာအကြောင်းတစ်ခုခုကို သုံးသပ်သွားရုံဖြင့် မလုံလောက်ချေ။ ယေဟောဝါသည် “လူများနားလည်စေခြင်းငှာ” ပညတ်ကို “သေချာစွာဖတ်ရွတ်၍ အနက်ကိုပြန်” သော ယဇ်ပုရောဟိတ်များမှတစ်ဆင့် ပြန်လည်တည်ထောင်ထားသော ဣသရေလလူမျိုးအား သွန်သင်ပေးခဲ့သည်။ (နေဟမိ ၈:၈) ယေဟောဝါအား အစဉ်အမြဲချစ်မြတ်နိုးရန် မိမိ၏သားသမီးခုနစ်ယောက်စလုံးကို အောင်မြင်စွာကူညီပေးနိုင်ခဲ့သော ဖခင်တစ်ဦးသည် မိသားစုသင်အံမှုမစမီ မိမိသားသမီးတစ်ဦးစီ၏ လိုအပ်ရာနှင့်အညီ ဆီလျော်စွာပြင်ဆင်ရန် မိမိအခန်းထဲဝင်၍ လေ့လာခဲ့သည်။ အဆိုပါသင်အံမှုကို သားသမီးများအတွက် ပျော်ရွှင်စရာဖြစ်စေခဲ့၏။ အရွယ်ရောက်ပြီးဖြစ်သော သားတစ်ဦးက “ကျွန်တော်တို့ရဲ့သင်အံမှုဟာ အမြဲပဲ ပျော်စရာကောင်းတယ်။ ကျွန်တော်တို့ ခြံဝင်းထဲမှာ ဘောလုံးကန်နေတဲ့အခါ မိသားစုသင်အံမှုစတော့မယ်လို့ လှမ်းခေါ်လိုက်ရင် ဘောလုံးကိုချက်ချင်းသိမ်းပြီး သင်အံမှုအတွက် အိမ်ထဲပြေးဝင်တတ်ကြတယ်။ အဲဒီအချိန်ဟာ တစ်ပတ်အတွင်း ပျော်စရာအကောင်းဆုံး ညနေခင်းတစ်ခုပါပဲ” ဟုပြောပြသည်။

၂၀။  သားသမီးများကို မွေးမြူရာတွင် ဖြစ်နိုင်ခြေရှိသည့် အဘယ်ပြဿနာကို ဆင်ခြင်စဉ်းစားစရာလိုသေးသနည်း။

၂၀ ဆာလံဆရာက ဤသို့ကြွေးကြော်ခဲ့သည်– “ဖွားမြင်သောသားသမီးတို့သည် ထာဝရဘုရားဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏။” (ဆာလံ ၁၂၇:၃) သားသမီးများကို လေ့ကျင့်သွန်သင်ပေးရန် အချိန်နှင့် ကြိုးပမ်းအားထုတ်မှုလိုအပ်သည်၊ သို့သော် ယင်းကို လျောက်ပတ်သေချာစွာပြုလုပ်ခြင်းက သားသမီးများ ထာဝရအသက်ရဖို့အကြောင်းဖြစ်စေနိုင်သည်။ ယင်းသည် ကောင်းမွန်သောဆုကျေးဇူးတစ်ရပ်ပါတကား! ထို့ကြောင့် သားသမီးများကို လေ့ကျင့်ပေးရာတွင် ယေဟောဝါအား စိတ်အားထက်သန်စွာတုပကြစို့လေ။ သို့သော် “[ကလေးများကို] သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြု” ရန်မိဘများအား တာဝန်အပ်နှင်းခဲ့သော်လည်း အောင်မြင်လိမ့်မည်ဟူသော အာမခံချက်မရှိချေ။ (ဧဖက် ၆:၄) အကောင်းဆုံးဂရုစိုက်လျက်ပင် ကလေးတစ်ဦးသည် ပုန်ကန်လာနိုင်ပြီး ယေဟောဝါအား ဝတ်ပြုခြင်းကို ရပ်တန့်လိုက်နိုင်သည်။ ထိုအခါ မည်သို့ပြုမည်နည်း။ ယင်းသည် နောက်ဆောင်းပါး၏ အကြောင်းအရာဖြစ်ပေလိမ့်မည်။

[အောက်ခြေမှတ်ချက်]

a ဤဆောင်းပါးနှင့် နောက်ဆောင်းပါး၌ ပါရှိသောတွေ့ကြုံမှုများသည် သင့်နိုင်ငံ၏ယဉ်ကျေးမှုနှင့် မတူသောနိုင်ငံများမှတွေ့ကြုံမှုများ ဖြစ်ပေမည်။ ပတ်သက်သောမူများကို ကြိုးစားပိုင်းခြား၍ သင့်ယဉ်ကျေးမှုနှင့်သက်ဆိုင်စေပါ။

သင့်အဖြေကားအဘယ်နည်း

• တရားဟောရာ ၃၂:၁၁၊ ၁၂ တွင်ဖော်ပြထားသော ယေဟောဝါ၏မေတ္တာကို မိဘများ မည်သို့တုပနိုင်ကြသနည်း။

• ဣသရေလလူများနှင့် ယေဟောဝါဆက်ဆံခဲ့ပုံမှ အဘယ်သင်ခန်းစာကို သင်ရရှိသနည်း။

• လောတ၏အသနားခံချက်ကို ယေဟောဝါလက်ခံနားထောင်ပေးခြင်းက ကျွန်ုပ်တို့အား အဘယ်အရာသွန်သင်ပေးသနည်း။

• သားသမီးများကို ပဲ့ပြင်ဆုံးမရာ၌ ဟေရှာယ ၂၈:၂၄-၂၉ မှ အဘယ်သင်ခန်းစာရသနည်း။

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]

မိမိလူမျိုးအား ယေဟောဝါ၏လေ့ကျင့်ပေးပုံကို လင်းယုန်ငှက်က မိမိ၏သားငယ်အပေါ် လေ့ကျင့်ပေးပုံနှင့် မောရှေ ခိုင်းနှိုင်းပြခဲ့

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

မိဘများသည် သူတို့သားသမီးများအတွက် အချိန်ပေးရန်လိုအပ်

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

“အဲ့ဒီအချိန်ဟာ တစ်ပတ်အတွင်း ပျော်စရာအကောင်းဆုံး ညနေခင်းတစ်ခုပါပဲ”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ