“အဘယ်သို့ ဖြစ်မည်ကို ဆင်ခြင်” နိုင်သည့်ဉာဏ်ပညာ
“သူတို့သည် ပညာသတိမရှိ၊ ဉာဏ်ကင်းသောသောလူမျိုးဖြစ်ကြ၏။ ပညာရှိခဲ့လျှင်၊ ဤအမှုကိုနားလည်ကြလေပြီ။ နောက်ဆုံးကာလ၌ အဘယ်သို့ဖြစ်မည်ကို ဆင်ခြင်ကြလေပြီ။”—တရားဟောရာ ၃၂:၂၈၊ ၂၉၊ သမ္မာ။
ဤစကားများသည် ကတိထားရာပြည်၏ နယ်စပ်၌ ရပ်နေကြစဉ် ဣသရေလလူမျိုးကို မောရှေပြောခဲ့သည့် စကားများဖြစ်သည်။ ဤသူတို့သည် ယေဟောဝါအားစွန့်ကာ မိမိတို့လုပ်ရပ်များ၏ အကျိုးဆက်များကို မဆင်ခြင်တော့သည့် အချိန်ရောက်မည်အကြောင်း မောရှေကြိုပြောနေခြင်းဖြစ်သည်။ နောက်ပိုင်းရာစုနှစ်များအတွင်း ဣသရေလလူတို့—ဘုရင်အများအပါအဝင်—သည် ဘုရားသခင်၏သတိပေးချက်များကို လျစ်လျူရှုခဲ့ကြ၏။
ဥပမာ၊ ယေဟောဝါမှတစ်ပါး အခြားဘုရားများကို ဝတ်ပြုကိုးကွယ်သူတို့နှင့် မစုံဖက်ရဟူသော ဘုရားသခင့်အမိန့်တော်ကို ရှောလမုန်သိထားသည်။ (တရားဟောရာ ၇:၁-၄) သို့ရာတွင် သူသည် ‘တိုင်းတစ်ပါးမိန်းမအများ’ ကိုယူခဲ့သည်။ ရလဒ်ကော။ ကျမ်းစာမှတ်တမ်းက ဤသို့ဆိုသည်– “ရှောလမုန်သည် အသက်ကြီးသောအခါ၊ မိန်းမများတို့သည် စိတ်နှလုံးတော်ကို အခြားတစ်ပါးသောဘုရားနောက်သို့ လွဲစေသဖြင့်၊ စိတ်နှလုံးတော်သည် ခမည်းတော်ဒါဝိဒ်၏စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင်ထာဝရဘုရားရှေ့တော်၌ စုံလင်ခြင်းမရှိ။” (၃ ဓမ္မရာဇဝင် ၁၁:၁၊ ၄) ရှောလမုန်သည် ပညာရှိတစ်ဦးဖြစ်သော်လည်း ဘုရားသခင့်အမိန့်တော်ကိုမနာခံလျှင် ‘မည်သို့ဖြစ်မည်ကို ဆင်ခြင်’ နိုင်စွမ်းမရှိခဲ့ချေ။
ကျွန်ုပ်တို့ကော။ ဘဝဆုံးဖြတ်ချက်များချရာတွင် ကောင်းစွာကြိုတင်စဉ်းစားတတ်မည်ဆိုလျှင် နာကျင်မှုများစွာကို ကျွန်ုပ်တို့ရှောင်နိုင်ပေမည်။ ဥပမာ၊ ‘ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့် [မိမိတို့] ကိုယ်ကိုကင်းစင်စေ’ ရန်ခရစ်ယာန်များအား တိုက်တွန်းထားသည်။ (၂ ကောရိန္သု ၇:၁) ဤသို့ပြုခြင်းသည် ပညာရှိသော်လည်း လူအများသည် ပေါလု၏အကြံပေးချက်ကို မိမိတို့လျစ်လျူရှုပါက မည်သို့ဖြစ်လာမည်ကို ကြိုတင်ဆင်ခြင်နိုင်စွမ်းမရှိကြပါ။ ဥပမာ၊ လူငယ်အများက ဆေးလိပ်သောက်ခြင်းသည် ခေတ်မီ၍ လူကြီးပုံပေါက်စေသည်ဟုထင်ကြပြီး ယင်းကိုသုံးစွဲကြရာ သူတို့ကိုယ်ခန္ဓာကိုညစ်ညမ်းစေကြ၏။ ယင်းကြောင့် ဘဝနှောင်းပိုင်းတွင် နှလုံးရောဂါများ၊ အဆုတ်ကင်ဆာ သို့မဟုတ် အဆုတ်တွင်လေခိုအောင်းခြင်းတို့ကို ခံစားရကြသည့်အခါ အလွန်ဝမ်းနည်းကြေကွဲစရာပါတကား!
ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်များနှင့် လုပ်ရပ်များ၏ အကျိုးဆက်များကို အလေးအနက်ထားသုံးသပ်ရန် အရေးကြီးသည်။ ပေါလုက “လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။ မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်” ဟုခိုင်လုံသောအကြောင်းရှိ၍ ရေးသားခဲ့သည်။—ဂလာတိ ၆:၇၊ ၈။