ချစ်ခြင်းမေတ္တာအောင်လံ—အောက်တွင် စည်းစည်းလုံးလုံး
“အခြားသောအမှုအရာထက်မက အချင်းချင်းအားကြီးသောချစ်ခြင်းမေတ္တာ ရှိကြလော့။”—၁ ပေတရု ၄:၈။
၁။ ဘုရားသခင့်လူမျိုးတော်ဘောင်တွင် အဘယ်မေတ္တာမျိုးကို ယနေ့တွေ့မြင်ရပါသနည်း။ ဘိသိက်ခံခရစ်ယာန်များ ၁၉၂၂ ခုနှစ်မှစ၍ အဘယ်အကြောင်းကို ကြွေးကြော်ခဲ့ကြသနည်း။
ဘုရားသခင့်လူမျိုးတော်ဘောင်တွင် ထိုသို့သောမေတ္တာမျိုးကို ယနေ့တွေ့ရပါသလော။ မုချတွေ့ရပါသည်။ ၄င်းချစ်ခြင်းမေတ္တာသည် ယေဟောဝါ၏အချုပ်အခြာအာဏာတော်ကို အသိအမှတ်ပြုခြင်းနှင့် ထောက်ခံခြင်းတို့ကို ဗဟိုပြု၍ စုစည်းထားသောမေတ္တာဖြစ်သည်။ ထိုသို့ပင် ဒါဝိဒ်ထောက်ခံခဲ့သည်။ ၁၉၂၂ ခုနှစ်မှစ၍ “ဒါဝိဒ်၏သားတော်” ယေရှုခရစ်၏ ဘိသိက်ခံညီတော်များက ဘုရားသခင့်နိုင်ငံတော်တည်လုနီးကြောင်း စာတန်၏အနိုင်အထက်ဖိစီးသော အုပ်ချုပ်ရေး၏ သူရဲကောင်းတို့သည် ဘုရားသခင်ခန့်အပ်ရာ တရားသူကြီးမင်း ယေရှုခရစ်အားဖြင့် ကွပ်မျက်ခံရတော့မည်အကြောင်း မြေကြီးတစ်ပြင်လုံးအနှံ့ ထူးထူးခြားခြား ကြွေးကြော်လာခဲ့ကြသည်။—မဿဲ ၂၁:၁၅၊ ၄၂-၄၄။ ဗျာဒိတ် ၁၉:၁၁၊ ၁၉-၂၁။
၂။ ဒါဝိဒ်သည် ‘ယေဟောဝါ၏ စိတ်နှလုံးတော်နှင့် ညီညွတ်သောသူ’ ဟု အဘယ်ကြောင့် ခေါ်ဝေါ်ခြင်းခံရသနည်း။
၂ ဒါဝိဒ်သည် ‘ယေဟောဝါ၏စိတ်နှလုံးတော်နှင့် ညီညွတ်သောသူ’ ဖြစ်သည်။ ယေဟောဝါနှင့် ကိုယ်တော်.ဖြောင့်မတ်ခြင်းတရားကို သူချစ်မြတ်နိုးခြင်း၌ ယင်းအချက်ကို ထင်ရှားစွာတွေ့ရသည်။ ဒါဝိဒ်၌အဆိုပါ ထူးခြားသည့် လက္ခဏာများရှိကြောင်း သူရဲဘောကြောင်သော ရှောလုမင်းကပင် အသိအမှတ်ပြုခဲ့သည်။ ထို့ပြင် ကြောက်ရွံ့မှုကင်းခြင်း၊ ယေဟောဝါနှင့် ဦးစီးမှုကို စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်အပ်နှံ့ခြင်းနှင့် သီအိုကရက်တစ်အစီအစဉ်ကို နှိမ့်ချစွာ နာခံခြင်းတို့တွင်လည်း အဆိုပါအရည်အသွေးများကို သိသိသာသာတွေ့ရသည်။—၁ ဓမ္မရာဇဝင် ၁၃:၁၄; ၁၆:၇၊ ၁၁-၁၃; ၁၇:၃၃-၃၆; ၂၄:၉၊ ၁၀၊ ၁၇။
၃။ ဒါဝိဒ်အပေါ် ယောနသန်စိတ်ထား မည်သို့ရှိသနည်း။ အဘယ်ကြောင့်နည်း။
၃ ဂေါလျတ်ကို အောင်နိုင်ပြီးနောက် ဒါဝိဒ်သည် ရှောလုထံအစီရင်ခံခဲ့သည်။ ထိုအခါ ဖြောင့်မတ်ခြင်းတရားမြတ်နိုးသူ နောက်တစ်ဦး ရှေ့တန်းသို့ထွက်လာခဲ့သည်။ ထိုသူကား ရှောလုမင်း၏သားတော် ယောနသန်ဖြစ်သည်။ “ထိုသို့ [ဒါဝိဒ်] လျှောက်ပြီးနောက် ရှောလု၏သား ယောနသန်စိတ်နှလုံးသည် ဒါဝိဒ်စိတ်နှလုံးနှင့်စွဲကပ်လျက်ရှိ၍ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ်လေ၏။” (၁ ဓမ္မရာဇဝင် ၁၈:၁) ဒါဝိဒ်၏ရဲစွမ်းသတ္တိနှင့် လောက်လွဲကို ကျွမ်းကျင်စွာကိုင်တွယ်မှုကြောင့်မဟုတ်ဘဲ ဘုရားသခင်အပေါ်သက်ရောက်နေသော ကဲ့ရဲ့ရှုတ်ချမှုကို ဖယ်ရှားလိုသော သူ၏တောက်လောင်သော ဇွဲမာန်နှင့် ယေဟောဝါအပေါ် အကြွင်းမဲ့ကိုးစားခြင်းတို့ကြောင့် ယောနသန်၏ချီးမွမ်းလေးစားမှုခံရခြင်းဖြစ်သည်။—ဆာလံ ၈:၁၊ ၉; ၉:၁၊ ၂ တို့ကို နှိုင်းယှဉ်ပါ။
၄။ ဘုရင်အဖြစ် ဘိသိက်ပေးခံရသောပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုသောအားဖြင့် ယောနသန် ဘာလုပ်ခဲ့သနည်း။
၄ ယောနသန်သည် ဒါဝိဒ်ထက် အသက် ၃၀ ခန့်ကြီးသော်လည်း ဤငယ်ရွယ်သော စစ်သူရဲကောင်းနှင့် ထာဝရမိဿဟာယဖွဲ့၍ တစ်စည်းတစ်လုံးဖြစ်ခဲ့သည်။ “ယောနသန်သည်လည်း ဒါဝိဒ်ကို ကိုယ်နှင့်အမျှချစ်သောကြောင့် သူနှင့်အတူ မိဿဟာယဖွဲ့ပြီးလျှင် မိမိဝတ်သော ဝတ်လုံကိုချွတ်၍ မိမိအဝတ်တန်ဆာများနှင့် ထား၊ လေး၊ ခါးစည်းတို့ကိုပင် ဒါဝိဒ်အားပေးလေ၏။” (၁ ဓမ္မရာဇဝင် ၁၈:၃၊ ၄) ယောနသန်အနေဖြင့် ယခုကဲ့သို့ဒါဝိဒ်ကို အသိအမှတ်ပြုခြင်းသည် ထူးခြားထင်ရှားလှပေစွတကား။ တကယ်ဆိုလျှင် ယောနသန်သည် ရှောလု၏ နန်းမွေခံဖြစ်သည်။ သို့တစေ ဒါဝိဒ်အား ရှင်ဘုရင်အဖြစ် ဘိသိက်ပေးခံရသူအဖြစ်လည်းကောင်း၊ ယေဟောဝါ၏နာမတော်နှင့် အချုပ်အခြာအာဏာတော်ကို ထောက်ခံကာကွယ်ရာတွင် အထူးတလည် အာရုံစူးစိုက်သူအဖြစ်လည်းကောင်း သူ့အပေါ် နွေးထွေး၍ကျင့်စဉ်နှင့်ညီသော မေတ္တာတင်ပြခဲ့သည်။—၂ ဓမ္မရာဇဝင် ၇:၁၈-၂၄။ ၁ ရာဇဝင်ချုပ် ၂၉:၁၀-၁၃။
၅။ သီအိုကရက်တစ်စစ်ရေးနှင့်ပတ်သက်လာလျှင် ယောနသန် ဘာကိုအသိအမှတ်ပြုသနည်း။
၅ ယောနသန်ကိုယ်တိုင်လည်း ဖြောင့်မတ်ခြင်းတရားအတွက် ခုခံတိုက်ခိုက်သူတစ်ဦးဖြစ်သည်။ လူများသော်လည်းကောင်း၊ ယေဟောဝါကယ်တင်တော်မူခြင်းကို အဆီးအတားမရှိနိုင်’ ဟုသူကြေညာခဲ့ပြီးဖြစ်သည်။ အဘယ်ကြောင့်နည်း။ သီအိုကရက်တစ်စစ်ရေး၌ အောင်ပွဲခံရန် ဘုရားလမ်းညွှန်မှု အစဉ်လိုအပ်ကြောင်း ယောနသန်သိမှတ်ဝန်ခံခဲ့၍ဖြစ်သည်။ ယောနသန်သည် မရည်ရွယ်ဘဲနှင့် အမှတ်တမဲ့ပြစ်မှုတစ်ခုကျူးလွန်မိ၍ ယင်းအတွက် သူ့အားရှောလုသေဒဏ်စီရင်ချက်ချမှတ်ခဲ့စဉ်က ထိုစီရင်ချက်ကို သူနှိမ့်ချစွာခံယူခဲ့သည်။ ဝမ်းသာစရာကား သူ့အားလူထုက ကယ်နှုတ်ခဲ့ခြင်းဖြစ်သည်။—၁ ဓမ္မရာဇဝင် ၁၄:၆၊ ၉၊ ၁၀၊ ၂၄၊ ၂၇၊ ၄၃-၄၅။
သစ္စာနှံ့မေတ္တာ တင်ပြခြင်း
၆။ ယောနသန်၏ သစ္စာနှံ့မေတ္တာက ဒါဝိဒ်အားမည်သို့ကယ်နှုတ်ခဲ့သနည်း။
၆ စစ်သူရဲကောင်းအဖြစ် ဒါဝိဒ်ကျော်ကြားခြင်းကို ရှောလုမနာလိုဝန်တိုဖြစ်လာကာ သူ့အားကွပ်မျက်ရန် ရှာကြံခဲ့သော်လည်း ယောနသန်၏သစ္စာနှံ့မေတ္တာက သူ့အားကယ်နှုတ်ခဲ့သည်။ ကျမ်းစာမှတ်တမ်း၌ ဤသို့ဖတ်ရ၏။ “သားတော်ယောနသန်သည် ဒါဝိဒ်ကိုအလွန်ချစ်၍ ငါ့အဘ ရှောလုသည် သင့်ကို သတ်ခြင်းငှာရှာကြံ၏။ သို့ဖြစ်၍ နံနက်တိုင်အောင်ကိုယ်ကိုသတိပြုသဖြင့် ဆိတ်ကွယ်ရာအရပ်၌ ပုန်းရှောင်၍နေပါလော့။” ထိုအချိန်အခါ၌ ရှောလုစိတ်ပြေအောင် ယောနသန်ဖြောင်းဖျနိုင်ခဲ့၍သာ ဒါဝိဒ်အသက်ချမ်းသာရခဲ့သည်။ သို့သော်လည်း ဒါဝိဒ်သည် “ဖိလိတ္တိလူတို့ကိုတိုက်လျက် ကြီးစွာသောလုပ်ကြံခြင်းအားဖြင့်သတ်” ၍ထပ်ဆင့်အောင်မြင်ကျော်ကြားမှုရရှိသောကြောင့် ရှောလု၏ရန်ငြိုး တစ်ဖန်နှိုးဆွခြင်းခံရသည်။ သို့နှင့် ဒါဝိဒ်ကို ကွပ်မျက်ရန် နောက်တစ်ဖန်စိတ်ပိုင်းဖြတ်ခဲ့ရာ ဒါဝိဒ်ထွက်ပြေးတိမ်းရှောင်ခဲ့ရရှာသည်။—၁ ဓမ္မရာဇဝင် ၁၉:၂-၁၀။
၇။ ဝရမ်းပြေးဒါဝိဒ်နှင့် ယောနသန်တွေ့ဆုံသောအခါ ပဋိညာဉ်ဖွဲ့၍ တစ်ဦးကိုတစ်ဦး ဘာပြောခဲ့ကြသနည်း။
၇ တစ်ချိန်တွင် ဝရမ်းပြေးဒါဝိဒ်သည် ယောနသန်နှင့် တစ်ဖန်တွေ့ဆုံကြသည်။ ယောနသန်က “သင့်စိတ်နှလုံးအလိုရှိသည်အတိုင်း ကျွန်ုပ်ပြုပါမည်” ဟုဖွင့်ပြောခဲ့သည်။ နှစ်ဦးသား ယေဟောဝါရှေ့မှောက်တွင် ပဋိညာဉ်တစ်ရပ်ပြန်၍ဖွဲ့ကြရာ ဒါဝိဒ်က ယောနသန်၏အမျိုးအနွယ်၌ ကျေးဇူးပြုခြင်းကို ဘယ်တော့မျှ ပယ်ဖျက်မည်မဟုတ်ကြောင်း ကတိပေး၏။ ယင်းကတိအတိုင်း သစ္စာရှိစွာစောင့်ထိန်းခဲ့၏။ “ဒါဝိဒ်ကို အသက်တမျှချစ်သောကြောင့် ချစ်သည့်အတိုင်း တစ်ဖန်သစ္စာပေးလေ၏။”—၁ ဓမ္မရာဇဝင် ၂၀:၄-၁၇။ ၂ ဓမ္မရာဇဝင် ၂၁:၇။
၈။ ယောနသန်နှင့် ဒါဝိဒ်လယ်ကွင်းတစ်ခု၌ အဘယ်ကြောင့်လျှို့ဝှက်စွာ တွေ့ဆုံခဲ့ကြသနည်း။ ထိုအချိန်အခါ၌ ဘာဖြစ်ပျက်ခဲ့သနည်း။
၈ ဒါဝိဒ်ကို ကွပ်မျက်မည်ဟူသော ရှင်ဘုရင်ရှောလု၏ဆုံးဖြတ်ချက် ပို၍ ခိုင်မာလာသည်။ ဒါဝိဒ်ကိုယ်စား လျှောက်လှဲပေးသော သားတော်ရင်းယောနသန်ကိုပင် လှံဖြင့်ပစ်ပေါက်ခဲ့သည်။ ထို့ကြောင့် ယောနသန်သည် ဒါဝိဒ်အား လယ်ကွင်းတစ်ခု၌ လျှို့ဝှက်စွာတွေ့ဆုံခဲ့သည်။ “ဒါဝိဒ်သည် . . . မြေပေါ်မှာပြပ်ဝပ်လျက် သုံးကြိမ်တိုင်အောင် ဦးညွတ်ပြီးလျှင် တစ်ယောက်ကိုတစ်ယောက်နမ်းလျက် မျက်ရည်ကျလျက် ဒါဝိဒ်သည် သာ၍ပြုသည်တိုင်အောင်ပြုကြ၏။ ယောနသန်ကလည်း ‘[ယေဟောဝါ] သည် သင်နှင့်ကျွန်ုပ်စပ်ကြား၊ သင့်အမျိုးအနွယ်နှင့် ကျွန်ုပ်အမျိုးအနွယ်စပ်ကြားမှာ အစဉ်အမြဲရှိတော်မူစေသတည်း’ ဟု [ယေဟောဝါ] ၏နာမတော်ကိုတိုင်တည်သဖြင့် ငါတို့နှစ်ယောက်သည် ကျိန်ဆိုကြသည်ကိုထောက်၍ ငြိမ်ဝပ်စွာသွားတော့” ဟုဒါဝိဒ်အား ယောနသန်ဆိုလေ၏။ သို့နှင့် သူတို့နှစ်ဦးသား ခွဲခွာခဲ့ကြပြီးနောက် ဒါဝိဒ်သည် ဇိဖတောကန္တာရ၌ ဝရမ်းပြေးဖြစ်ခဲ့လေသည်။—၁ ဓမ္မရာဇဝင် ၂၀:၄၁၊ ၄၂။
၉၊ ၁၀။ (က) နောက်ဆုံးအကြိမ်ဖြစ်ဖွယ်ရှိသော တွေ့ဆုံမှုတွင် ယောနသန်သည် ဒါဝိဒ်အား ထပ်မံ၍ အဘယ်သို့အားပေးခဲ့သနည်း။ (ခ) ဖိလိတ္တိလူမျိုးလက်ချက်ဖြင့် ယောနသန်နှင့်ရှောလုကျဆုံးခဲ့စဉ်က အဘယ်ငိုချင်းကို ဒါဝိဒ်စပ်ဆိုခဲ့သနည်း။ မည်သို့အထွတ်အထိပ်တိုင်စေသနည်း။
၉ ယောနသန်သည် မေတ္တာရှေ့ထားလျက် ဒါဝိဒ်အားဆက်လက်၍ အားပေးခဲ့သည်။ ကျမ်းစာမှတ်တမ်းဆိုသည်အတိုင်း “ရှောလု၏သား ယောနသန်သည်ထ၍ ဒါဝိဒ်ရှိရာ ဟောရရှအရပ်သို့သွားပြီးလျှင် ဘုရားသခင်၌ ခိုလှုံအားကြီးစေခြင်းငှာထောက်မလျက် ‘ကြောက်ရွံ့ခြင်းမရှိနှင့်၊ သင်သည် ကျွန်ုပ်အဘရှောလု၏လက်မှလွတ်၍ ဣသရေလလူတို့အပေါ်တွင် ဘုရင်မင်းဖြစ်လိမ့်မည်။ ကျွန်ုပ်လည်း သင့်နောက်ဒုတိယမင်းဖြစ်လိမ့်မည်။ ထိုသို့ဖြစ်မည်ကို ကျွန်ုပ်အဘရှောလုသိသည်’ ဟုဆိုသဖြင့် ထိုသူနှစ်ဦးတို့သည် [ယေဟောဝါ] ရှေ့တော်၌ ပဋိညာဉ်ဖွဲ့ကြ” ၏။—၁ ဓမ္မရာဇဝင် ၂၃:၁၅-၁၈၊ သမ္မ။
၁၀ ဤတွေ့ဆုံခြင်းမှာ ဒါဝိဒ်နှင့်သူ၏သစ္စာရှိ အပေါင်းအဖေါ်ယောနသန်တို့ နောက်ဆုံးတွေ့ဆုံခြင်းဖြစ်သည်မှာထင်ရှားသည်။ နောက်ပိုင်းတွင် ယောနသန်နှင့်ရှောလုနှစ်ဦးစလုံး ဖိလိတ္တိလူတို့နှင့် စစ်တိုက်ရာတွင် ကျဆုံးသောအခါ၌ ဒါဝိဒ်သည် “လေးတော်” ငိုချင်းတစ်ပုဒ် စပ်ဆိုခဲ့လေသည်။ ၄င်းတွင် ရှောလုအား ယေဟောဝါ၏ဘိသိက်ခံအဖြစ် ရိုသေလေးစားကြောင်း ဖေါ်ကျူးထားသော်လည်း ၄င်းငိုချင်းကို အောက်ပါစကားများဖြင့် အထွတ်အထိပ်တိုင်စေခဲ့သည်။ “ယောနသန်လည်း သင့်စစ်မြေပြင်တွင် ဆုံးလေစွတကား။ “အိုအစ်ကိုယောနသန် သင့်အတွက် ငါစိတ်ငြိုးငယ်ရလေပြီ။ ငါအလွန်နှစ်သက်ဖွယ်ဖြစ်ပါ၏။ သင့်မေတ္တာလည်း မိန်းမတို့မေတ္တာထက် ငါ့အပေါ်တွင် လွန်ကဲ၍ အံ့သြဖွယ်ဖြစ်ပါ၏။ စွမ်းရည်ကောင်းသူတို့ကျ၍ စစ်လက်နက်များလည်း ဆုံးပါပြီတကား။” (၂ ဓမ္မရာဇဝင် ၁:၁၈၊ ၂၁၊ ၂၅-၂၇၊ သမ) ထိုနောက် ဒါဝိဒ်သည် ယုဒပြည်၏ရှင်ဘုရင်အဖြစ် ဒုတိယအကြိမ် ဘိသိက်ပေးခံရလေသည်။
ခေတ်သစ်ကာလ ဆင်တူချက်များ
၁၁၊ ၁၂။ (က) အဘယ်သို့သောမေတ္တာမျိုးကို ဒါဝိဒ်နှင့်ယောနသန် ထင်ရှားပြခဲ့ကြသနည်း။ (ခ) ဒါဝိဒ်နှင့်ယောနသန်နှစ်ဦးကြားထားရှိသည့် အားကြီးသောမေတ္တာသည် အဘယ်အရာကိုပုံဆောင်သနည်း။
၁၁ ‘ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ သင်ကြားခြင်း၌ အကျိုးရှိ’ သည်ဖြစ်ရာ ဒါဝိဒ်နှင့်ယောနသန်တို့၏ မှတ်တမ်းမှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာရရှိသနည်း။ (၂ တိမောသေ ၃:၁၆) ထိုတွင် “မိန်းမတို့မေတ္တာထက် . . . လွန်ကဲ၍အံ့ဖွယ်ဖြစ်” သောမေတ္တာအကြောင်းကို ကျွန်ုပ်တို့သတိထားမိသည်။ ထိမ်းမြားမင်္ဂလာဆိုင်ရာ ယေဟောဝါ၏တရားတော်များကို သိက္ခာရှိရှိလိုက်နာစောင့်ရှောက်သော် “မိန်းမတို့မေတ္တာ” သည် နှစ်သက်ဖွယ်ရာ၊ ကျေနပ်နှစ်သိမ့်ဖွယ်ရာ အမှန်ပင်ဖြစ်သည်။ (မဿဲ ၁၉:၆၊ ၉။ ဟေဗြဲ ၁၃:၄) သို့သော် ဒါဝိဒ်နှင့်ယောနသန်တို့သည် “အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင် ယေဟောဝါသည် တစ်ဆူတည်းသော ယေဟောဝါဖြစ်တော်မူ၏။ သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့” ဟူသောပညတ်တော်နှင့်အညီ မေတ္တာ၏သာ၍မွန်မြတ်သောကဏ္ဍတစ်ရပ်ကို ထင်ရှားစွာဖေါ်ကျူးခဲ့လေသည်။—တရားဟောရာ ၆:၄၊ ၅။
၁၂ ဒါဝိဒ်နှင့်ယောနသန်တို့အနေဖြင့် ယေဟောဝါ၏နာမတော်အပေါ် ရန်သူတော်များ သက်ရောက်စေသော ကဲ့ရဲ့ရှုတ်ချမှုမှန်သမျှကို ရှင်းလင်းပယ်ရှားရေးအတွက် တိုက်ပွဲဝင်ရာတွင် အဆိုပါမေတ္တာမျိုးကို တစ်စည်းတစ်လုံးတည်း ပြသခဲ့ကြသည်။ ဤသို့ပြုရာ၌ ’တစ်ဦးကိုတစ်ဦး အားကြီးသောမေတ္တာ’ ကိုပါပြုစုခဲ့ကြသည်။ (၁ ပေတရု ၄:၈) ဤကိစ္စ၌ နှစ်ဦးသားစပ်ကြားတည်ရှိသော မိဿဟာယသည် ဝတ်ပြုရာ ၁၉:၁၈ ပါ“ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်” ဟူသောပညတ်ထက်ပင် သာလွန်ခဲ့သည်။ စင်စစ်အားဖြင့် ယင်းသည် “သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည်သင်တို့ကိုချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့” ဟူ၍ယေရှုပေးတော်မူသော “ပညတ်သစ်” ကို ပုံဆောင်ခြင်းဖြစ်သည်။ ယေရှု၏ချစ်ခြင်းမေတ္တာမှာ ယေဟောဝါ၏အလိုတော်ကိုအကြွင်းမဲ့နာခံရာ၌ ကိုယ်ကျိုးစွန့်အနစ်နာခံသည်သာမကဘဲ “ကိုယ့်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကိုစွန့်’ ရာ၌လည်း ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံတော်မူ၏။—ယောဟန် ၁၃:၃၄; ၁၅:၁၃။
စည်းလုံးသော “သိုးတော်စု” တစ်စု
၁၃။ အထူးသဖြင့် ၁၉၃၅ ခုနှစ်မှစ၍ အဘယ်နိုင်ငံတော်ကြွေးကြော်သူများအုပ်စုသည် မြင်ကွင်းတွင်ပေါ်လာသနည်း။ သူတို့နှင့် ဘိသိက်ခံခရစ်ယာန်များစပ်ကြား အဘယ်သို့သောစည်းလုံးမှုတည်ရှိသနည်း။
၁၃ “သိုးစုငယ်” မှ ဘိသိက်ခံခရစ်ယာန်တို့သည် ခေတ်သစ်ကာလဂေါလျတ်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် အပြင်းအထန်ဆုံးခံရကြသည်။ သို့ရာတွင် ၁၉၃၅ ခုနှစ်မှစ၍ အခြားသာ၍ကြီးသော “သိုးခြံ” မှ နိုင်ငံတော်သတင်းကြွေးကြော်သူများ သူတို့နှင့်လက်တွဲပါဝင်လာခဲ့သည်။ ဤ “အခြားသိုးများ” သည် ကျန်ကြွင်းသောဘိသိက်ခံ “သိုးများ” နှင့်ပူးပေါင်းကာ “ဒါဝိဒ်၏သားတော်” “သိုးထိန်းတစ်ပါးတည်း” ၏လက်အောက်တွင် “သိုးတော်စုတစ်စုတည်း” ဖြစ်လာကြသည်။ သူတို့သည် ယောနသန်နှင့် ဒါဝိဒ်တို့စပ်ကြား တည်ရှိခဲ့သောမေတ္တာမှ ပေါက်ဖွားလာသော အမြတ်ဆုံးစည်းလုံးမှုနှောင်ကြိုးမျိုးဖြင့် စည်းလုံးနေကြသည်။—လုကာ ၁၂:၃၂။ ယောဟန်၁၀:၁၆။ ယေဇကျေလ ၃၇:၂၄။
၁၄။ ဒါဝိဒ်ကို ရှောလုကွပ်မျက်ရန်အားထုတ်မှုနှင့် ဒါဝိဒ်ဘက် ယောနသန်မေတ္တာရှေ့ထား၍ ရပ်တည်ခြင်းက အဘယ်အဖြစ်အပျက်နှင့်ဆင်တူသနည်း။
၁၄ ဤယောနသန်အုပ်စု လူအုပ်ကြီးအသွင်သို့ စတင်တိုးပွားလာစဉ်တွင် ဒုတိယကမ္ဘာစစ်ကြီးပေါက်ကွဲခဲ့သဖြင့် ဘိသိက်ခံများကော၊ သူတို့၏အပေါင်းအဖေါ်များပါ အပြင်းအထန်စမ်းသပ်ခြင်းခံရကြသည်။ ထိုနှစ်များသည် ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းရာကာလဖြစ်ခဲ့သည်။ များသောအားဖြင့် ဘာသာရေးခေါင်းဆောင်များ၏ဆွပေးမှုကြောင့်ဖြစ်သည်။ ဤအဖြစ်အပျက်သည် ရှောလုကဘိသိက်ခံဒါဝိဒ်အားကွပ်မျက်ရန် အားထုတ်ခြင်းနှင့်လည်းကောင်း၊ နောက်ပိုင်းတွင် ဒါဝိဒ်ဘက်၌ မေတ္တာရှေ့ထား၍ ယောနသန်ရပ်တည်သဖြင့် ယောနသန်ကိုပါ ကွပ်မျက်ရန်အားထုတ်ခြင်းနှင့်လည်းကောင်း ဆင်တူသည်။ ထိုကာလအတောအတွင်း ဒါဝိဒ်နှင့်ယောနသန်အတန်းအစားနှစ်ရပ်စလုံး တစ်ဦးပေါ်တစ်ဦးမည်မျှအားကြီးသောမေတ္တာ ထားခဲ့ကြသည်တကား။ မဿဲ ၂၅:၃၅-၄၀ ပါ ယေရှု၏ဥပမာသည် မကြာခဏ ပကတိစာသားအတိုင်း ပြည့်စုံချက်ရှိခဲ့လေသည်။a
၁၅။ (က) ခေတ်သစ်ရှောလုအတန်းစားလိုက်သောလမ်းစဉ်သည် သက်သေခံများလိုက်သော အဘယ်လမ်းစဉ်နှင့် ကွာခြားလှသနည်း။ (ခ) ကျွန်ုပ်တို့ခေတ်မှ အဘယ်အရာသည် ရှင်ဘုရင်ရှောလုအား ကြောက်စိတ်ဝင်စေသော ‘ယေဟောဝါထံတော်က ဆိုးသောဝိညာဉ်’ နှင့်ဆင်တူသနည်း။
၁၅ ယေဟောဝါသက်သေများ၏ သမာဓိစောင့်သိမှုသည် ခေတ်သစ်ရှောလုအတန်းစား၏ လမ်းစဉ်နှင့် မည်မျှခြားနားလေစွတကား။ “ဤလောကနှင့်မဆက်ဆံ” သော သက်သေခံများသည် “အချင်းချင်းချစ်ကြလော့” ဟူသော ယေရှု၏အမိန့်တော်ကို ကမ္ဘာချီအတိုင်းအတာဖြင့် နာခံခဲ့ကြသည်။ (ယောဟန် ၁၅:၁၇-၁၉) အခြားတစ်ဘက်၌မူကား ကမ္ဘာစစ်ကြီးနှစ်ခုအတွင်း စစ်ပြိုင်အုပ်စုနှစ်ဘက်စလုံးမှ ခရစ်ယာန်ဘောင်ဘာသာရေးခေါင်းဆောင်တို့သည် စစ်ပွဲအောင်မြင်ဖို့သူတို့၏ “ဘုရား” ထံ ဆုတောင်းခဲ့ကြသည်။ တစ်ချိန်တည်း၌ တစ်ဘက်နိုင်ငံများမှ သူတို့၏ဘာသာတူချင်းတို့၏ သတ်ဖြတ်ခြင်းကြောင့် စစ်သားသန်းပေါင်းများစွာ ကျဆုံးခဲ့ကြသည်။ ရှောလုအား ကြောက်စိတ်ဝင်စေသော ‘ယေဟောဝါထံတော်က ဆိုးသောဝိညာဉ်’ သည် ဗျာဒိတ်ကျမ်း အခန်းကြီး ၈ မှကပ်ဘေးများကို ကောင်းကင်တမန်များသွန်းလောင်းရာမှ ဖြစ်ပေါ်လာသောရလဒ်နှင့် ကိုက်ညီလှပေသည်။ ခရစ်ယာန်ဘောင်မှ ဘာသာရေးခေါင်းဆောင်များ၌ ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်မရှိသည်မှာ ထင်ရှားလှပေသည်။—၁ ဓမ္မရာဇဝင် ၁၆:၁၄; ၁၈:၁၀-၁၂; ၁၉:၁၀; ၂၀:၃၂-၃၄။
၁၆။ (က) ဘာသာရေးခေါင်းဆောင်များ ကမ္ဘာ့စစ်ကြီးနှစ်ခုကို ခုတုံးလုပ်၍ ယေဟောဝါလူမျိုးတော်ကို အဘယ်သို့ဖိနှိပ်ခဲ့သနည်း။ (ခ) မကြာမီနှစ်များ၌ ဘုရားသခင့်လူမျိုးတော်ကို ခေတ်သစ်ကာလရှောလုသည် သဲသဲမဲမဲလိုက်နေသည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
၁၆ ၁၉၁၈ ခုနှစ်တွင် ဘာသာရေးခေါင်းဆောင်များက စစ်အရေးအခင်းကို ခုတုံးလုပ်၍ အမေရိကန်ပြည်ထောင်စုရှိ နိုင်ငံရေးအာဏာပိုင်များအား ကင်းမျှော်စင်အသင်း၏ တာဝန်ခံအရာရှိများကိုအရေးယူရန် တိုက်တွန်းခဲ့ရာ နောက်ဆုံး၌သူတို့ကိုထောင်ချခဲ့သည်။ (အဆိုပါ ကျမ်းစာကျောင်းသားများသည် နောက်ပိုင်းတွင် တရားသေလွှတ်လာကြသည်။) ဒုတိယကမ္ဘာစစ်ကြီးအတောအတွင်း ယေဟောဝါသက်သေများသည် ဝင်ရိုးတန်းနိုင်ငံများ အုပ်ချုပ်ရာပိုင်နက်နှင့် ဗြိတိသျှဓနသဟာယနိုင်ငံအများအပြား၌ ပိတ်ပင်ခြင်းခံရကြသည်။ ဤသို့ဖြစ်ရသည်မှာ များသောအားဖြင့် ဘာသာရေးဖိအားပေးမှုကြောင့်ဖြစ်သည်။ သာဓကအနေနှင့် ဩစတြေးလျနိုင်ငံရှိ ယေဟောဝါသက်သေများကို ပိတ်ပင်ခါနီးအချိန်၌ ဆစ်ဒနီမြို့မှ ဂိုဏ်းချုပ် (နောင်တွင် ဂိုဏ်းချုပ်ကြီး) ဖြစ်သူ ရေးသားသောစာက အထက်ပါမိတ္တူကိုဂရုပြုပါ။ ဩစတြေးလျတရားရုံးချုပ်၌ ဤပိတ်ပင်ခြင်းအမှု တရားပြိုင်ရာတွင် အမှုစစ်တရားသူကြီး မစ္စတာဂျပ်စတစ် စတပ်ခ်က ယင်းအမှုကို “ပိုင်စိုးပိုင်နင်းနိုင်သော၊ စိတ်ရူးပေါက်သော၊ နိုင်ထက်စီးနင်းဆန်သော” အမှုအဖြစ် ဖေါ်ပြခဲ့သည်။ ပိတ်ပင်မှုကို ၁၉၄၃ ခုနှစ် ဇွန်လ ၁၄ ရက်တွင် ပြန်လည်ရုပ်သိမ်းလိုက်ပြီး အစိုးရက နစ်နာမှုအတွက် တန်ဖိုးဖြတ်ပေးခဲ့သည်။ မကြာမီနှစ်များအတွင်းကလည်း အာဖရိကနှင့်အာရှတိုက်ရှိ အစိုးရအတော်များများကို ဘာသာရေးဖိအားပေးမှုကြောင့် ယေဟောဝါသက်သေများ ရက်ရက်စက်စက် ဖိနှိပ်ချုပ်ချယ်ခြင်းခံရကြသည်။ သို့နှင့် ခေတ်သစ်ကာလရှောလုဖြစ်သော ခရစ်ယာန်ဘောင်မှ ဘာသာရေးခေါင်းဆောင်များသည် ဘုရားသခင့်လူမျိုးတော်ကို အမဲလိုက်သကဲ့သို့ဇွဲကောင်းကောင်းနှင့် သဲသဲမဲမဲ တစ်လျှောက်လုံးလိုက်လာခဲ့သည်။
၁၇။ (က) နိုင်ငံရေးနှင့် ဘာသာရေးပူးပေါင်း၍ စဉ်ဆက်မပြတ်သက်ရောက်စေသည့် ဖိနှိပ်မှုများကို ယေဟောဝါသက်သေများ အဘယ်သို့ရင်ဆိုင်ခဲ့ကြသနည်း။ (ခ) သက်သေခံတို့၏ ကမ္ဘာချီ စည်းလုံးမှုက ဘာကိုအထင်အရှားသက်သေပြသနည်း။
၁၇ ၁၉၈၀ ပြည့်နှစ်များအတွင်း ယေဟောဝါသက်သေများအနေဖြင့် နိုင်ငံရေးနှင့် ဘာသာရေးပူးပေါင်း၍ စဉ်ဆက်မပြတ်သက်ရောက်စေသည့် ဖိနှိပ်မှုများကို မည်သို့ရင်ဆိုင်ခဲ့ကြပြီနည်း။ ဒါဝိဒ် ဂေါလျတ်ကို သတ္တိရှိရှိ ရင်ဆိုင်သကဲ့သို့လည်းကောင်း၊ ဒါဝိဒ်နှင့်ယောနသန် ရှင်ဘုရင်ရှောလုကို ရင်ဆိုင်ခဲ့သကဲ့သို့လည်းကောင်း ရင်ဆိုင်ခဲ့ကြသည်။ အချုပ်အခြာပြဿနာနှင်စပ်လျဉ်း၍ သမာဓိစောင့်ထိန်းရန် သူတို့မကြောက်ရွံ့ဘဲ သန္နိဌာန်ချထားကြသည်။ ဘုရားသခင့်နိုင်ငံတော် မုချအောင်ပွဲခံမည်ကို သိမြင်ထား၍ဖြစ်သည်။ (ဒံယေလ ၂:၄၄) နှိပ်စက်ညှဉ်းပန်းမှု ရင်ဆိုင်ရာတွင် ညီညွတ်သောတပ်ဦးပမာ ကမ္ဘာ၌မတွေ့ဖူးမကြုံဖူးသော နိုင်ငံတကာမေတ္တာနှောင်ကြိုးဖြင့် တစ်ဦးကိုတစ်ဦး အားပေးကြသည်။ စစ်ပွဲကာလအတွင်း၌ ကြားနေများအနေနှင့် အခြားနိုင်ငံများမှ ဘာသာရေးယုံကြည်သူချင်းတို့၏ အသွေးကိုမသွန်းကြချေ။ (မိက္ခာ ၄:၃၊ ၅) ဤသို့အားဖြင့် “သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်” ဟု ယေရှုမိန့်တော်မူစဉ်က ရည်ညွှန်းခဲ့သောအုပ်စုဖြစ်ကြောင်း သူတို့တင်ပြကြသည်။ (ယောဟန် ၁၃:၃၅) ကမ္ဘာ့ညီအစ်ကိုရောင်းရင်းများအနေဖြင့် ယေဟောဝါသက်သေတို့သည် ‘စည်းလုံးခြင်းဆိုင်ရာ စုံလင်ခြင်းအဖွဲ့အနှောင်တည်းဟူသော မေတ္တာတရားကိုဝတ်ဆင်ကြ’ သည်။ ယင်းအနှောင်အဖွဲ့သည် လူမျိုးစုနှင့် အမျိုးသားတံတိုင်းအားလုံးကို ကျော်လွန်သွားသည်။—ကောလောသဲ ၃:၁၄။
“အားကြီးသောမေတ္တာ” ပြခြင်း
၁၈။ (က) ဒါဝိဒ်အပေါ် ယောနသန်မေတ္တာထားခြင်းကိစ္စနှင့် ယနေ့အဘယ်ဆင်တူချက်ရှိသနည်း။ မည်သို့ထင်ရှားသနည်း။ (ခ) ဒါဝိဒ်အတန်းအစား၏ အလျှော့မပေးသော ရပ်တည်ချက်မှ အဘယ်ကမ္ဘာချီရလဒ်ပေါ်ထွက်ခဲ့သနည်း။
၁၈ “ယောနသန်စိတ်နှလုံးသည် ဒါဝိဒ်၏စိတ်နှလုံးနှင့်စွဲကပ်လျက်ရှိ၍ ဒါဝိဒ်ကိုကိုယ်နှင့်အမျှချစ်” ကြောင်းကို ပြန်လည်သတိရပါ။ ဤ ‘နောက်ဆုံးသောနေ့ရက်’ ၌ ထူးခြားလှသော ဆင်တူချက်ရှိနေသည်တကား။ (၂ တိမောသေ ၃:၁၊ ၁၄) ဤအဓမ္မခေတ်ကာလကြီး၏ အဓိပ္ပာယ်မဲ့ဆူပူလှုပ်ရှားမှုတစ်လျှောက်လုံးတွင် ချစ်ခြင်းမေတ္တာအခြေခံသော ကမ္ဘာ့စည်းလုံးမှုကို ထိန်းသိမ်းစောင့်ရှောက်ကြသော အုပ်စုတစ်စုဖြစ်သော ယေဟောဝါသက်သေများရှိလာခဲ့သည်။ ခရစ်ယာန်ကြားနေများအနေနှင့် မိမိတို့၏ဖန်ဆင်းရှင်အား လူသားအပေါင်း၏အချုပ်အခြာအာဏာပိုင်အရှင်သခင်အဖြစ် ဂုဏ်ပြုကြသည်။ (ဆာလံ ၁၀၀:၃) သို့သော် “ဂေါလျတ်” ၏နိုင်ငံရေးဆွေမျိုးသားချင်းများဖြစ်သော ခေတ်သစ်ကာလရေဖိမ်အမျိုးသားများသည် ဝိညာဏဣသရေလလူမျိုးကို ဆက်လက်၍ ကဲ့ရဲ့ရှုတ်ချကြပေမည်။ (၂ ဓမ္မရာဇဝင် ၂၁:၂၁၊ ၂၂) ခရစ်ယာန်ဘောင်ဘာသာရေးခေါင်းဆောင်များဖြစ်သော ခေတ်သစ်ကာလရှောလုကလည်း ဒါဝိဒ်နှင့်ယောနသန်အတန်းအစားတို့ကို ဆက်လက်၍ ဒုက္ခပေးကောင်းပေးမည်။ (၁ ဓမ္မရာဇဝင် ၂၀:၃၂၊ ၃၃) သို့သော် ‘စစ်မှုကို ယေဟောဝါပိုင်တော်မူ၏။’ အချုပ်အခြာအာဏာပိုင်အရှင်သခင်အနေနှင့် ကိုယ်တော်သည် မိမိ၏သစ္စာစောင့်ကျေးကျွန်များအဖို့ နောက်ဆုံးအောင်ပွဲခံတော်မူမည်။ ဒါဝိဒ်အတန်းအစား၏ အလျော့မပေးသော ရပ်တည်မှုတွေ့မြင်သဖြင့် တိုင်းနိုင်ငံအသီးသီးမှ ယောနသန်အတန်းအစားသာမက တစ်ချိန်ကနှိပ်စက်ညှဉ်းပန်းသူများအပါအဝင် လူသန်းပေါင်းများစွာတို့သည် ခရစ်တော်၏ ‘ချစ်ခြင်းမေတ္တာအောင်လံ’ အောက်တွင် လက်တွဲပူးပေါင်းလာကြသည်။b—၁ ဓမ္မရာဇဝင် ၁၇:၄၇။ ရှောလမုန်သီချင်း ၂:၄။
၁၉၊ ၂၀။ (က) ၁၉၇၉-၈၉ ဆယ်စုနှစ်တာကာလအတွင်း သက်သေခံတို့၏ တိုးတက်နှုန်းကား အဘယ်နည်း။ (ခ) သက်သေခံများသည် ကမ္ဘာတစ်ဝှန်းတွင် အမှန်စည်းလုံးသောလူမျိုးဖြစ်ကြောင်း အဘယ်ကြောင့်ဆိုနိုင်သနည်း။ ထိုကြောင့် အဘယ်မေးခွန်းပေါ်ပေါက်လာသနည်း။
၁၉ ၁၉၇၉-၈၉ ဆယ်စုနှစ်တာကာလအတွင်း ဘုရားသခင့်တည်ထောင်ပြီးနိုင်ငံတော်သတင်းကောင်း ဟောပြောသူအရေအတွက်သည် ၂၁၈၆၀၇၅ မှ ၃၇၈၇၁၈၈ အထိတိုးပွားလာပြီး ၆၄.၃ တိုးတက်မှုဖြစ်သည်။ ကမ္ဘာတစ်လွှားတွင် ဤသူတို့သည် တူညီသောယုံကြည်ချက်၊ တူညီသောဘုရားဝတ်ပြုမှုနှင့် ကျမ်းစာစာရိတ္တမူကို တစ်သမတ်တည်း ဆည်းကပ်လိုက်နာရာတွင် အမှန်စည်းလုံးညီညွတ်သောလူမျိုးတစ်မျိုးဖြစ်သည်။ ယေရှု၏အောက်ပါစကားသည် လူမျိုးပေါင်းစုံဖြင့် ကျစ်လစ်ခိုင်မြဲစွာ စုစည်းပေါင်းဖွဲ့ထားသော ဤအုပ်စုနှင့် ယနေ့သက်ဆိုင်ပေသည်။ “ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏မေတ္တာ၌ တည်နေသကဲ့သို့ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင် ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်။”—ယောဟန် ၁၅:၁၀။ ၁ ကောရိန္သု ၁:၁၀ နှင့်နှိုင်းယှဉ်ပါ။
၂၀ ကွဲပြားသော ဘာသာစကား ၂၀၀ ကျော်ဖြင့် ဟောပြောနေကြသော်လည်း ဤယေဟောဝါသက်သေများသည် ‘ပုခုံးချင်းယှဉ်၍’ ဘုရားသခင့်အမှုတော်ဆောင်ရွက်ရင်းနှင့် သမ္မာတရားတည်းဟူသော “စင်ကြယ်သောဘာသာစကား” ကို ပြောဆိုကြသည်။ ဤကိစ္စတွင် ဒါဝိဒ်နှင့်ယောနသန်တို့၏ မွန်မြတ်သောပုံသက်သေကို သူတို့တုပကြသည်။ (ဇေဖနိ ၃:၉။ ၁ ဓမ္မရာဇဝင် ၂၀:၁၇။ သု၊ ၁၈:၂၄) အသင်အနေဖြင့် ဘုရားသခင့်လူမျိုးတော်နှင့် တစ်စည်းတစ်လုံးတည်းမဖြစ်သေးပါက ခေတ်သစ်ကာလ ယောနသန်အတန်းအစားဝင်တစ်ဦး မဖြစ်လိုပေလော။ ၄င်းကို သင့်ပန်းတိုင်အဖြစ်ထားနိုင်သည်။ ယေဟောဝါသက်သေများလည်း အသင် ထိုပန်းတိုင်ရောက်ရှိရေးအတွက် အားကြီးသောမေတ္တာဖြင့် ကူညီမစကြပေမည်။
[အောက်ခြေမှတ်ချက်များ]
a ကောင်းမြတ်သောပုံသက်သေတစ်ရပ်ကို 1972 Yearbook of Jehovah’s Witnesses စာအုပ်စာမျက်နှာ ၂၁၆၊ အပိုဒ် ၃ မှ စာမျက်နှာ ၂၁၇၊ အပိုဒ် ၃ ၌ ဖေါ်ပြထားသည်။
b 1988 Yearbook of Jehovah’s Witnesses စာအုပ် စာမျက်နှာ ၁၅၀-၄ တွင်ကြည့်ပါ။
ပြန်လည်စစ်ဆေးရန် မေးခွန်းများ
▫ ဒါဝိဒ်အပေါ် သစ္စာနှံ့မေတ္တာ ယောနသန်အဘယ်သို့ပြခဲ့သနည်း။
▫ ဒါဝိဒ်နှင့် ယောနသန်စပ်ကြား ထားရှိသောမေတ္တာက အဘယ်မေတ္တာမျိုးကို တင်ကူးညွှန်ပြသနည်း။
▫ ခရစ်ယာန်ဘောင် ဘာသာရေးခေါင်ဆောင်များသည် ရှင်ဘုရင်ရှောလု ဒါဝိဒ်အားသဲသဲမဲမဲ လိုက်ခဲ့စဉ်က ပြုမူသကဲ့သို့ မည်သို့ပြုမူကြသနည်း။
▫ ဒါဝိဒ်အပေါ်ထားရှိသော ယောနသန်၏မေတ္တာနှင့် ယနေ့အဘယ်အရာတူညီသနည်း။
▫ ကမ္ဘာတစ်လွှားရှိ သက်သေခံများ တစ်စည်းတစ်လုံးရှိခြင်းက အဘယ်အရာကို သက်သေထင်ရှားပြသနည်း။