သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
ဘုရားသခင်ဆီကနေ နှစ်သိမ့်မှုရရှိခဲ့
မိုးက ချုပ်လာတဲ့အတွက် မိုးတောလေတောထဲမှာ ပြေးနေတဲ့ ဧလိယဟာ သူ့ရဲ့ပြေးနှုန်းကို မြှင့်တင်လိုက်တယ်။ ယေဇရေလမြို့ကိုရောက်ဖို့ အဝေးကြီးလိုသေးတယ်။ ဒါ့အပြင် သူ့အသက်ကလည်း ငယ်တော့တာ မဟုတ်ဘူး။ ဒါပေမဲ့ မမောနိုင်မပန်းနိုင် သူပြေးနေတယ်။ ဘာဖြစ်လို့ အဲလိုပြေးနိုင်ရတာလဲ။ ‘ယေဟောဝါဘုရားသခင်၏ လက်တော်’ က သူ့အပေါ်မှာ ရှိနေလို့၊ တစ်နည်းအားဖြင့် ဘုရားသခင် သူ့ကို ခွန်အားပေးနေလို့ပါ။ ဘုရားသခင်ပေးတဲ့ခွန်အားကို အရင်ကထက် ပိုပြီးခံစားနေရတာပါ။ အဲဒါကြောင့် ဧလိယဟာ ဘုရင်အာဟပ်စီးနေတဲ့ မြင်းရထားထက်တောင် ပိုပြီးပြေးနိုင်ခဲ့တယ်။—၃ ရာ. ၁၈:၄၆။
အခုတော့ ဘုရင်အာဟပ်က ဧလိယရဲ့အနောက်မှာ အဝေးကြီး ပြတ်ကျန်ရစ်ခဲ့ပြီ။ ဧလိယကတော့ ဆက်ပြေးနေတုန်းပဲ။ မိုးသည်းထဲ ပြေးလွှားနေလို့ မျက်လုံးထဲ မိုးရေစက်ကလေးတွေ ဝင်လာတာကို မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ဘဝမှာ အမှတ်တရအဖြစ်ဆုံးနေ့ကို ပြန်စဉ်းစားနေတဲ့ ဧလိယကို မြင်ယောင်ကြည့်လိုက်ပါ။ ဘုရားသခင်နဲ့ မှန်တဲ့ဝတ်ပြုကိုးကွယ်မှုအတွက် အဲဒီနေ့က အကြီးအကျယ် အောင်ပွဲခံခဲ့တဲ့ နေ့တစ်နေ့ဆိုတာ သေချာတယ်။ ကရမေလတောင်က အဝေးကြီးမှာ ကျန်ရစ်ခဲ့ပြီ။ မိုးကလည်း မည်းမှောင်နေတော့ အဲဒီတောင်ကို ဧလိယ မမြင်ရတော့ပါဘူး။ အဲဒီတောင်မှာ ဘုရားသခင်ဟာ ဧလိယကို အသုံးပြုပြီး ဗာလဝတ်ပြုရေးကို အံ့ဖွယ်တန်ခိုးနဲ့ ဖော်ထုတ်ခဲ့တယ်။ ရာနဲ့ချီတဲ့ ဗာလပရောဖက်တွေကို အတုအယောင်တွေအဖြစ် ဖော်ထုတ်ပြီး တရားသဖြင့် ကွပ်မျက်လိုက်တယ်။ အဲဒီနောက် ဧလိယဟာ အစ္စရေးပြည်မှာ သုံးနှစ်ခွဲ မိုးခေါင်နေတာကို အဆုံးသတ်ပေးဖို့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ ဆုလည်း တောင်းပြီးရော မိုးလည်း ရွာပါလေရော။a—၃ ရာ. ၁၈:၁၈-၄၅။
ဧလိယဟာ ကရမေလတောင်ကနေ ၁၉ မိုင်ဝေးတဲ့ ယေဇရေလမြို့ကိုရောက်အောင် မိုးတောလေတောထဲမှာ တဗွမ်းဗွမ်း ပြေးနေရင်း ဒီလိုတွေးကောင်း တွေးနေနိုင်တယ်– ဗာလပရောဖက်တွေကို ကွပ်မျက်လိုက်ပြီဆိုတော့ တိုင်းပြည်အခြေအနေ ပြောင်းလဲသွားတော့မယ့်ပုံပဲ။ ဘုရင်အာဟပ်လည်း ပြောင်းကို ပြောင်းလဲသွားရမှာ။ သူ တွေ့မြင်ခဲ့ရာတွေကြောင့် ဗာလဝတ်ပြုရေးကို စွန့်လွှတ်ပြီး ဘုရားသခင်ကို ဝတ်ပြုနေတဲ့သူတွေကို မသတ်ဖို့ မိဖုရားယေဇဗေလကို ဟန့်တားဖို့ကလွဲရင် သူ့မှာ ရွေးချယ်စရာမရှိတော့ဘူး။
ကိစ္စရပ်တွေက ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာမယ်ဆိုရင် ကိုယ့်ရဲ့မျှော်လင့်ချက် ရောင်ခြည်သန်းလာတာ သဘာဝပါ။ ကိုယ့်ရဲ့ဘဝအခြေအနေတွေက ဆက်ပြီး တိုးတက်လာမယ်၊ အဆိုးဆုံးပြဿနာတွေတောင် နောက်ဆုံးမှာ ပြေလည်သွားကောင်း ပြေလည်သွားလိမ့်မယ်ဆိုပြီး တွေးမိမှာပါ။ ဧလိယလည်း အဲလိုတွေးခဲ့မယ်ဆိုရင် အံ့ဩစရာတော့ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် သူလည်းပဲ ကျွန်ုပ်တို့လို “ခံစားချက်ရှိသောသူ” ဖြစ်လို့ပါ။ (ယာကုပ် ၅:၁၇) တကယ်တမ်းကျတော့ သူ့ရဲ့ပြဿနာတွေက လုံးဝ မပြီးဆုံးသေးပါဘူး။ နာရီပိုင်းအတွင်းမှာပဲ သူဟာ သေချင်စိတ်ပေါက်တဲ့အထိ အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေပြီး စိတ်ဓာတ်လည်း ကျသွားတယ်။ ဘာတွေများ ဖြစ်ခဲ့လို့လဲ။ သူ့မှာ ယုံကြည်ခြင်းနဲ့ရဲစွမ်းသတ္တိ ပြန်ရှိလာအောင် ဘုရားသခင် ဘယ်လိုကူညီပေးခဲ့သလဲဆိုတာကို ကြည့်ကြရအောင်။
မမျှော်လင့်ဘဲ ပြောင်းလဲသွားတဲ့ ဖြစ်ရပ်များ
ယေဇရေလမြို့က နန်းတော်ကို ဘုရင်အာဟပ် ရောက်လာတဲ့အခါ ဘုရားသခင်ကို ပိုကြောက်ရွံ့ပြီး ကိုးကွယ်လာတဲ့သူအဖြစ် ပြောင်းလဲသွားသလား။ “ဧလိယပြုသောအမှုနှင့် ပရောဖက်အပေါင်းတို့ကို ဓားနှင့်ကွပ်မျက်သောအမှုကို အာဟပ်သည် ယေဇဗေလအား အကုန်အစင် ကြားပြော၏” လို့ကျမ်းစာက ဖော်ပြတယ်။ (၃ ရာ. ၁၉:၁) တစ်နေ့တာရဲ့ဖြစ်ရပ်တွေကို အာဟပ် ပြောပြတဲ့အခါ ဧလိယကိုးကွယ်တဲ့ ဘုရားသခင်အကြောင်း ချန်ထားခဲ့တာကို သတိပြုပါ။ အာဟပ်ဟာ “ဧလိယပြုသောအမှု” ဖြစ်တဲ့ အံ့ဖွယ်ဖြစ်ရပ်တွေကို လူ့ရှုထောင့်နဲ့ ကြည့်မြင်ခဲ့ပြီး ဘုရားသခင်ကို ကြောက်ရွံ့ရိုသေဖို့ မသင်ယူခဲ့ဘူးဆိုတာ ထင်ရှားတယ်။ အငြိုးအတေးကြီးတဲ့ ယေဇဗေလကော ဘယ်လိုတုံ့ပြန်ခဲ့သလဲ။
ယေဇဗေလ အကြီးအကျယ် ဒေါသပေါက်ကွဲသွားတယ်။ ‘နက်ဖြန်နေ့ ယခုအချိန်ရောက်မှ သင့်အသက်သည် ထိုပရောဖက်တို့၏ အသက်ကဲ့သို့ ငါမဖြစ်စေလျှင် ဘုရားသခင်တို့သည် ငါ၌ ထိုမျှမက ပြုပါစေသော’ ဆိုပြီး ဒေါသတကြီးနဲ့ ဧလိယဆီကို သတင်းပို့ခိုင်းလိုက်တယ်။ (၃ ရာ. ၁၉:၂) ဘယ်လောက် ထိတ်လန့်စရာကောင်းတဲ့ ခြိမ်းခြောက်မှုကြီးလဲ။ တကယ်ဆိုရင် ဗာလပရောဖက်တွေအတွက် လက်စားချေဖို့ ယေဇဗေလက နောက်တစ်ရက်မှာ ဧလိယကို မသတ်လိုက်ရဘူးဆိုရင် မိမိသေသင့်တယ်လို့ ကျိန်ဆိုနေတာဖြစ်တယ်။ လေပြင်းတိုက်နေတဲ့ညမှာ ယေဇရေလမြို့က နားခိုရာတစ်ခုမှာ အိပ်ပျော်ရာကနေ မိဖုရားစေလွှတ်လိုက်တဲ့ တမန်ရဲ့ ထိတ်လန့်စရာကောင်းတဲ့ စကားတွေကို ကြားမှပဲ လန့်နှိုးသွားတဲ့ ဧလိယကို မြင်ယောင်ကြည့်လိုက်ပါ။ သူ ဘယ်လိုခံစားခဲ့ရမလဲ။
စိတ်ပျက်အားလျော့ပြီး ကြောက်ရွံ့နေ
ဗာလဝတ်ပြုရေးကို ဆန့်ကျင်တာက ပြီးဆုံးတော့မယ်လို့ ဧလိယ ထင်ထားခဲ့တာ။ ဒါပေမဲ့ အခုတော့ သူ့ရဲ့မျှော်လင့်ချက်က တစ်စစီပြိုကွဲသွားပါပြီ။ မကြာသေးခင်က ဘာတွေပဲ ဖြစ်ပျက်ခဲ့ပါစေ ယေဇဗေလကတော့ မဖြုံပေါင်။ ဧလိယရဲ့ သစ္စာရှိတဲ့အပေါင်းအဖော် အတော်များများက မိဖုရားရဲ့အမိန့်နဲ့ ကွပ်မျက်ခံလိုက်ရပြီဖြစ်လို့ ဒီတစ်ခါတော့ ဧလိယအလှည့်ပဲ။ ‘ဧလိယသည် ကြောက်ရွံ့လာ၏’ လို့ကျမ်းစာက ဖော်ပြတယ်။ သူ့အတွက် ယေဇဗေလ ပြင်ဆင်ထားတဲ့ ကြောက်မက်ဖွယ် သေဘေးကို သူ့စိတ်ထဲ မြင်ယောင်နိုင်စရာအကြောင်းရှိတယ်။ အဲဒီလိုသာ မြင်ယောင်နေမယ်ဆိုရင် သူကြောက်ရွံ့နေတာက အံ့ဩစရာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဧလိယဟာ အသက်ဘေးကနေလွတ်အောင် ထွက်ပြေးခဲ့ရရှာတယ်။—၃ ရာ. ၁၈:၄; ၁၉:၃။
ယုံကြည်ခြင်းရှိသူတွေထဲမှာ ဧလိယတစ်ယောက်တည်းပဲ ကြောက်ရွံ့တဲ့စိတ်ပေါ်လာခဲ့တာ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာအကြာမှာ တမန်တော်ပေတရုလည်း အဲဒီလိုပဲ ကြောက်ရွံ့တဲ့စိတ် ပေါ်လာခဲ့ပါတယ်။ ဥပမာ၊ ပေတရုကို ယေရှု ရေပေါ်လမ်းလျှောက်ခိုင်းတုန်းက ပေတရုက “လေပြင်းတိုက်” တာကိုမြင်တော့ ကြောက်စိတ်ဝင်လာပြီး ရေထဲနစ်မလို ဖြစ်သွားခဲ့တယ်လေ။ (မဿဲ ၁၄:၃၀) ပေတရုနဲ့ဧလိယတို့ရဲ့ ပုံနမူနာတွေက ကျွန်ုပ်တို့အတွက် တကယ်ပဲ တန်ဖိုးရှိတဲ့ သင်ခန်းစာပေးပါတယ်။ ကျွန်ုပ်တို့ ဆက်ပြီး သတ္တိရှိချင်တယ်ဆိုရင် ထိတ်လန့်စရာ အန္တရာယ်တွေအကြောင်း ဆက်မတွေးဘဲ ဖျောက်ပစ်လိုက်ရပါမယ်။ ကျွန်ုပ်တို့ကို မျှော်လင့်ချက်နဲ့ ခွန်အားပေးတဲ့အရှင်အပေါ်ပဲ အာရုံစိုက်ထားဖို့ လိုအပ်ပါတယ်။
“ယခု တန်ပါ၏”
ဧလိယဟာ ကြောက်ရွံ့လာတဲ့အတွက် ယေဇရေလမြို့ရဲ့ အနောက်တောင်ဘက် ၉၅ မိုင်အကွာလောက်မှာရှိတဲ့ ယုဒပြည်တောင်ပိုင်း နယ်စပ်အနားက ဗေရရှေဘမြို့ကို ထွက်ပြေးသွားတယ်။ အဲဒီမြို့မှာ သူ့ရဲ့အစေခံကို ထားခဲ့ပြီး သူတစ်ယောက်တည်း တောထဲကို ထွက်သွားတယ်။ အဲဒီကိုရောက်ဖို့ “တစ်နေ့ခရီး” သွားရတယ်လို့ ကျမ်းစာက ဖော်ပြတယ်။ ဒါကြောင့် သူဟာ နေထွက်တာနဲ့တစ်ပြိုင်တည်း ဘာရိက္ခာမှ မပါဘဲ ခရီးစထွက်လာတာကို မြင်ယောင်ကြည့်နိုင်ပါတယ်။ ကြောက်စိတ်ကြောင့် စိတ်ဓာတ်ကျနေတဲ့ သူဟာ ချစ်ချစ်တောက်ပူနေတဲ့ လွင်တီးခေါင်ပြင်ကြီးမှာ ခရီးကြမ်းနှင်နေတယ်။ နေလုံးကြီးက အနောက်မိုးကုပ်စက်ဝိုင်းထဲကို တဖြည်းဖြည်း ဝင်သွားပြီး ညအမှောင်ထုက ကြီးစိုးလာတဲ့အခါ သူ့ခမျာ ရှေ့ဆက်မသွားနိုင်တော့ပါဘူး။ ခြေကုန်လက်ပန်း ကျနေပြီဖြစ်လို့ ရသမ်ပင်အောက်မှာ သူထိုင်ချလိုက်တယ်။ လွင်တီးခေါင်ပြင်မှာ နားခိုစရာဆိုလို့ အဲဒီချုံပင်ပဲ ရှိတာ။—၃ ရာ. ၁၉:၄။
ဧလိယဟာ ကြံရာမရတဲ့အဆုံး သေပါရစေလို့ ဆုတောင်းလိုက်တယ်။ “အကျွန်ုပ်သည် ဘိုးဘေးတို့ထက် သာ၍မကောင်းပါ” လို့လည်း ပြောခဲ့တယ်။ ဘိုးဘေးတွေဟာ မြေကြီးထဲမှာ အရိုးဆွေးနေပြီး တစ်ယောက်ယောက်အတွက် ဘာတစ်ခုမှ ကောင်းတာ မလုပ်ပေးနိုင်ဘူးဆိုတာကို သူသိထားတယ်။ (ဒေ. ၉:၁၀) အသုံးမကျဘူးလို့လည်း သူ့ကိုယ်သူ ခံစားနေရတယ်။ ဘာအတွက်နဲ့ ဆက်အသက်ရှင်နေရဦးမှာလဲ။ ဒါနဲ့ “ယခု တန်ပါ၏” လို့ အော်ဟစ်လိုက်တယ်။
ဘုရားသခင်ကို ကိုးကွယ်တဲ့သူတစ်ယောက်က အဲလောက်အထိ စိတ်ဓာတ်ကျတတ်တာကို သိရလို့ တုန်လှုပ်သင့်သလား။ မတုန်လှုပ်သင့်ပါဘူး။ သေချင်လောက်တဲ့အထိ အလွန်အမင်း ဝမ်းနည်းခဲ့တဲ့ တည်ကြည်သူ အမျိုးသားအမျိုးသမီး အတော်များများအကြောင်းကို သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ အဲဒီအထဲမှာ ရေဗက္က၊ ယာကုပ်၊ မောရှေနဲ့ ယောဘတို့လည်း ပါတယ်။—ကမ္ဘာဦး ၂၅:၂၂၊ သမ္မာ; ကမ္ဘာဦး ၃၇:၃၅; တောလည်ရာ ၁၁:၁၃-၁၅; ယောဘ ၁၄:၁၃။
ကနေ့ ကျွန်ုပ်တို့လည်း “ခက်ခဲကျပ်တည်းသောကာလ” မှာ အသက်ရှင်နေရတဲ့အတွက် လူအတော်များများ၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့သူတွေတောင် တစ်ခါတလေ စိတ်ဓာတ်ကျတတ်တာကို မအံ့သြသင့်ပါဘူး။ (၂ တိမောသေ ၃:၁) အဲလိုအခြေအနေဆိုးကို သင်လည်း ရင်ဆိုင်ရတယ်ဆိုရင် ဧလိယရဲ့ ပုံနမူနာအတိုင်း ဘုရားသခင်ထံ ရင်ဖွင့်ဆုတောင်းလိုက်ပါ။ တကယ်ဆိုရင် ယေဟောဝါဟာ “နှစ်သိမ့်ခြင်းရှိသမျှတို့၏ ဘုရားသခင်” ဖြစ်ပါတယ်။ (၂ ကောရိန္သု ၁:၃) ဧလိယကို ဘုရားသခင် နှစ်သိမ့်ပေးခဲ့ပါသလား။
ဧလိယကို ဘုရားသခင် ထောက်မခဲ့
တောထဲက ချုံပင်တစ်ပင်အောက်မှာ ထိုင်ချပြီး သေဖို့ တောင်းဆိုနေတဲ့ ဧလိယကို ကောင်းကင်ကနေ ဘုရားသခင် တွေ့မြင်တဲ့အခါ ကိုယ်တော် ဘယ်လိုခံစားရမယ်လို့ သင် ထင်သလဲ။ ခန့်မှန်းကြည့်နေစရာ မလိုပါဘူး။ ဧလိယ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားပြီးတဲ့နောက် သူ့ဆီကို ဘုရားသခင်က ကောင်းကင်တမန်တစ်ဦး စေလွှတ်လိုက်တယ်။ ကောင်းကင်တမန်က ဧလိယကို ညင်ညင်သာသာ တို့ထိလိုက်ပြီး “ထ၍ စားလော့” လို့ပြောလိုက်တယ်။ ဧလိယလည်း ထလိုက်တယ်။ ပြီးတော့ ကောင်းကင်တမန် ကြင်ကြင်နာနာနဲ့ ပြင်ဆင်ပေးထားတဲ့ ပေါင်မုန့်ပူပူနွေးနွေးကို စားပြီး ရေသောက်လိုက်တယ်။ ကောင်းကင်တမန်ကို ဧလိယ ကျေးဇူးတင်စကားတောင် ပြောခဲ့သလားဆိုတာကို ကျွန်ုပ်တို့ မသိရပါဘူး။ ဧလိယဟာ စားသောက်ပြီး ပြန်အိပ်ပျော်သွားတယ်လို့ပဲ ကျမ်းစာက ဖော်ပြတယ်။ သူဟာ စကားမပြောနိုင်လောက်အောင် စိတ်ပျက်အားလျော့နေတာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကောင်းကင်တမန်ဟာ သူ့ကို ဒုတိယအကြိမ် ပြန်နှိုးလိုက်တယ်။ အဲဒီအချိန်က အရုဏ်တက်ချိန် ဖြစ်နိုင်ပါတယ်။ “ထ၍ စားဦးလော့” ဆိုပြီး ဧလိယကို ကောင်းကင်တမန် တိုက်တွန်းတဲ့အခါ “သွားရမည့်ခရီးသည် အလွန်ဝေးသောကြောင့်” လို့ပြောသွားတာက မှတ်သားစရာပဲ။—၃ ရာ. ၁၉:၅-၇။
ဘုရားသခင်ပေးထားတဲ့ ထိုးထွင်းအမြင်ကြောင့် ဧလိယသွားရမယ့်ခရီးကို ကောင်းကင်တမန် သိထားပါတယ်။ ဒါ့အပြင် အဲဒီခရီးကို ဧလိယရဲ့ခွန်အားနဲ့ ဆက်သွားဖို့ မဖြစ်နိုင်ဘူးဆိုတာကိုလည်း သူသိထားတယ်။ ကျွန်ုပ်တို့လုပ်ဆောင်ချင်တဲ့အရာတွေနဲ့ ကန့်သတ်ချက်တွေကို ကျွန်ုပ်တို့ထက် ပိုသိတဲ့ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရတာ တကယ်ပဲ နှစ်သိမ့်မှုရရှိတယ် မဟုတ်ဘူးလား။ (ဆာလံ ၁၀၃:၁၃၊ ၁၄) ကောင်းကင်တမန် ပြင်ဆင်ပေးတဲ့အစာကို ဧလိယ စားပြီးတဲ့နောက် ဘာအကျိုးခံစားခဲ့ရသလဲ။
ဧလိယဟာ “ထ၍ စားသောက်ပြန်၏။ ထိုအစာအာဟာရကို အမှီပြုလျက် အရက်လေးဆယ် ခရီးသွား၍ ဘုရားသခင်နှင့်ဆိုင်သော ဟောရပ်တောင်” ကိုရောက်သွားတယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (၃ ရာ. ၁၉:၈) ဧလိယခေတ်မတိုင်ခင် ခြောက်ရာစုလောက်တုန်းက မောရှေ၊ ဧလိယခေတ်နောက်ပိုင်း ဆယ်ရာစုလောက်တုန်းက ယေရှုတို့လိုပဲ သူလည်း ရက်ပေါင်း ၄၀ အစာရှောင်ခဲ့ပါတယ်။ (ထွက်မြောက်ရာ ၃၄:၂၈; လုကာ ၄:၁၊ ၂) အစာတစ်နပ်လေးက သူ့ရဲ့ပြဿနာအားလုံးကို မဖယ်ရှားပေးခဲ့ပေမဲ့ အံ့ဩစရာကောင်းလောက်အောင် သူ့ကို ထောက်မပေးခဲ့ပါတယ်။ လူသွားလမ်းမရှိတဲ့ တောထဲမှာ တစ်ရက်ပြီးတစ်ရက်၊ တစ်ပတ်ပြီးတစ်ပတ်၊ တစ်လခွဲနီးပါးကြာအောင် ကြိုးစားပမ်းစား ဖြတ်လျှောက်နေတဲ့ သက်ကျားအိုတစ်ဦးကို မြင်ယောင်ကြည့်လိုက်ပါ။
ကနေ့ခေတ် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့သူတွေကိုလည်း ကိုယ်တော် ထောက်မပေးနေပါတယ်။ အံ့ဖွယ်နည်းနဲ့ ပကတိအစာကျွေးနေတာမဟုတ်ဘဲ ပုံဆောင်အစာနဲ့တူတဲ့ ကျမ်းစာလမ်းညွှန်ချက်တွေနဲ့ ထောက်မပေးနေတာပါ။ (မဿဲ ၄:၄) သမ္မာကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေအားဖြင့် ဘုရားသခင်အကြောင်း သင်ယူခြင်းက ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့အောင် ထောက်မပေးတယ်။ အဲဒီထောက်မမှုကို ခံယူလိုက်တာနဲ့ ကျွန်ုပ်တို့ရဲ့ ပြဿနာအားလုံး ပြေလည်သွားမှာမဟုတ်ပေမဲ့ မခံမရပ်နိုင်ပုံရတဲ့အရာတွေကို ခံရပ်စေနိုင်ပါတယ်။ အဲဒီအပြင် “ထာဝရအသက်” ကိုလည်း ရရှိစေနိုင်မှာဖြစ်ပါတယ်။—ယောဟန် ၁၇:၃။
ဧလိယဟာ မိုင် ၂၀၀ နီးပါး လျှောက်သွားပြီးတဲ့နောက်မှ ဟောရပ်တောင်ကို ရောက်ရှိသွားတယ်။ အဲဒီတောင်မှာ ဘုရားသခင်ဟာ ကောင်းကင်တမန်ကနေတစ်ဆင့် မောရှေကို မီးလောင်နေတဲ့ ချုံပုတ်ထဲမှာ ကိုယ်ထင်ရှားပြခဲ့တယ်။ နောက်ပိုင်း အဲဒီနေရာမှာပဲ အစ္စရေးလူတွေကို ဘုရားသခင် ပညတ်ပဋိညာဉ်ပေးခဲ့တယ်။ အဲဒီတောင်ရောက်မှ နားခိုစရာ ဂူတစ်ဂူကို ဧလိယ တွေ့သွားပါတယ်။
ဧလိယကို ဘုရားသခင် နှစ်သိမ့်ပြီး ခွန်အားပေးခဲ့ပုံ
ဟောရပ်တောင်မှာ ဘုရားသခင်ရဲ့ ‘နှုတ်မြွက်တော်’ ကိုပြောပြတဲ့ ကောင်းကင်တမန်တစ်ဦးက ဧလိယကို “သင်သည် ဤအရပ်၌ အဘယ်သို့ပြုလျက်နေသနည်း” လို့မေးလိုက်တယ်။ ညင်ညင်သာသာနဲ့ မေးလိုက်တာဖြစ်ပုံရပါတယ်။ ဒါကြောင့် ဧလိယအတွက် ရင်ဖွင့်ဖို့ လမ်းပွင့်သွားတယ်။ ဒါနဲ့ သူက ဒီလိုရင်ဖွင့်ခဲ့တယ်– ‘အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ယေဟောဝါဘက်၌ အလွန်စိတ်အားကြီးပါပြီ။ အကြောင်းမူကား ဣသရေလအမျိုးသားတို့သည် ကိုယ်တော်၏ ပဋိညာဉ်တရားကို စွန့်ပြီးလျှင် ကိုယ်တော်၏ ယဇ်ပူဇော်ရာနေရာများကို ဖြိုဖျက်၍ ကိုယ်တော်၏ ပရောဖက်များကို ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ယောက်တည်း ကျန်ရစ်၍ အကျွန်ုပ်အသက်ကိုပင် သတ်ခြင်းငှာ ရှာကြပါသည်။’ (၃ ရာ. ၁၉:၉၊ ၁၀) သူ့ရဲ့စကားတွေကနေ သူစိတ်ဓာတ်ကျရတဲ့ အကြောင်းရင်း အနည်းဆုံး သုံးခုကို သိရှိရပါတယ်။
ပထမ၊ ဧလိယဟာ သူ့ရဲ့လုပ်ဆောင်မှုတွေက ဘာမှအရာမထင်ဘူးလို့ ခံစားခဲ့ရတယ်။ ဘုရားသခင်ရဲ့အမှုတော်ကို လုပ်ဆောင်ရာမှာ၊ ဘုရားသခင်ရဲ့ မြင့်မြတ်တဲ့အမည်နဲ့ ဝတ်ပြုရေးကို အဓိကထားရာမှာ နှစ်ပေါင်းများစွာ “အလွန်စိတ်အားကြီး” ခဲ့ပေမဲ့ အခြေအနေတွေက ဆိုးသည်ထက် ဆိုးလာနေပုံပေါက်နေတာကို သူတွေ့မြင်ခဲ့ရတယ်။ မှားယွင်းတဲ့ဝတ်ပြုရေး ပျံ့နှံ့နေတဲ့အပြင် အစ္စရေးလူတွေကလည်း ယုံကြည်ခြင်းကင်းမဲ့ပြီး ပုန်ကန်နေကြတုန်းပဲ။ ဒုတိယ၊ ဧလိယဟာ အထီးကျန်တယ်လို့ ခံစားခဲ့ရတယ်။ ဘုရားသခင်ကို ဆက်ဝတ်ပြုနေတဲ့သူတွေထဲမှာ သူက နောက်ဆုံးလူ ဖြစ်တဲ့ပုံစံနဲ့ “အကျွန်ုပ်တစ်ယောက်တည်း ကျန်ရစ်” ပါပြီလို့ ပြောခဲ့တယ်။ တတိယ၊ ဧလိယဟာ ကြောက်ရွံ့ထိတ်လန့်နေတယ်။ သူ့ရဲ့ အပေါင်းအပါ ပရောဖက်အတော်များများ အသတ်ခံလိုက်ရပြီဖြစ်လို့ ဒီတစ်ခါတော့ သူ့အလှည့်ပဲလို့ ယုံကြည်နေတယ်။ အဲလိုရင်ဖွင့်ဖို့ဆိုတာ သူ့အတွက် လွယ်တော့မလွယ်ပါဘူး။ ဒါပေမဲ့ သူဟာ မာနကြောင့် ဒါမှမဟုတ် ရှက်စိတ်ကြောင့် ရင်မဖွင့်ဘဲ မနေခဲ့ဘူး။ ဘုရားသခင်ဆီ ရင်ဖွင့်ဆုတောင်းလိုက်ခြင်းအားဖြင့် ကိုယ်တော်ကို တည်ကြည်စွာ ဝတ်ပြုတဲ့သူတွေအတွက် သူ စံနမူနာပြခဲ့ပါတယ်။—ဆာလံ ၆၂:၈။
ဧလိယရဲ့ ကြောက်စိတ်နဲ့ စိုးရိမ်ပူပန်မှုတွေကို ဘုရားသခင် ဘယ်လို ကိုင်တွယ်ဖြေရှင်းပေးခဲ့သလဲ။ ကောင်းကင်တမန်ကို စေလွှတ်ပြီး ဧလိယကို ဂူဝမှာ ရပ်ခိုင်းလိုက်တယ်။ ဧလိယလည်း ဘုမသိဘမသိနဲ့ ခိုင်းတဲ့အတိုင်း ရပ်နေလိုက်တယ်။ ဒီအခါမှာ ရုတ်တရက်ကြီး လေပြင်းတိုက်လာပါလေရော။ တောင်တွေ လှုပ်ခါသွားအောင်၊ ကျောက်ဆောင်တွေ ကွဲအက်သွားအောင် ပြင်းပြင်းထန်ထန် တိုက်ခတ်နေတဲ့အတွက် အသံဗလံတွေက နားကွဲလုမတတ် ဆူညံနေတာပဲ။ လေပြင်းတိုက်နေချိန်မှာ လက်တစ်ဖက်က ကိုယ်ပေါ်မှာဝတ်ဆင်ထားတဲ့ အမွေးပွဝတ်ရုံကြမ်းကြီးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း ကျန်တဲ့တစ်ဖက်က မျက်လုံးတွေကိုကာဖို့ ကြိုးစားနေတဲ့ ဧလိယကို မြင်ယောင်ကြည့်လိုက်ပါ။ ငလျင်ကြောင့် မြေကြီးက တုန်ခါနေတော့ လဲကျမသွားအောင် ကြိုးစားရပ်နေရတယ်။ သူ့ခမျာ တည်တည်ငြိမ်ငြိမ် ဖြစ်ခါစပဲရှိသေးတယ်၊ မီးက ဝုန်းကနဲ ထလောင်ပြန်တော့ မီးဟပ်မခံရအောင် ဂူထဲ ပြန်ဝင်သွားရရှာတယ်။—၃ ရာ. ၁၉:၁၁၊ ၁၂။
ဖြစ်ရပ်တစ်ခုစီကိုကြည့်ရင် သဘာဝစွမ်းအားတွေရဲ့ ခမ်းနားထည်ဝါတဲ့ ပြကွက်တွေထဲမှာ ဘုရားသခင် ရှိမနေဘူးဆိုတာ သိရတယ်။ ဘုရားသခင်ဟာ ဒဏ္ဍာရီလာ သဘာဝနတ်ဘုရားဖြစ်တဲ့ ဗာလလို မဟုတ်ဘူးဆိုတာကို ဧလိယ သိထားတယ်။ လူတွေက ဗာလနတ်ဘုရားကို “မိုးတိမ်စီးသူ” ဒါမှမဟုတ် မိုးနတ်မင်းကြီးအဖြစ် သတ်မှတ်ပြီး ကိုးကွယ်ကြတယ်။ ဘုရားသခင်ဟာ သဘာဝတရားမှာတွေ့ရတဲ့ အံ့မခန်းဖွယ် စွမ်းအားရှိသမျှတို့ကို ဖြစ်ပေါ်စေတဲ့အရှင် ဖြစ်တဲ့အပြင် ကိုယ်တော်ဖန်ဆင်းထားရာတွေထက် အလွန့်အလွန် ကြီးမြတ်တဲ့အရှင်လည်း ဖြစ်ပါတယ်။ မျက်စိနဲ့မြင်နိုင်တဲ့ ကောင်းကင်တစ်ခုလုံးတောင်မှ ကိုယ်တော် စံမြန်းနိုင်လောက်အောင် ကျယ်ဝန်းမနေဘူးလေ။ (၃ ရာ. ၈:၂၇၊ ခမ) ဒီအမှန်တရားတွေက ဧလိယကို ဘယ်လိုထောက်ကူပေးခဲ့သလဲ။ သူ့ဘက်မှာ ဘုရားသခင် ရှိနေပြီး ကိုယ်တော့်မှာ အချိန်မရွေး အသုံးပြုနိုင်တဲ့ အနှိုင်းမဲ့တန်ခိုးရှိနေတာကြောင့် သူ့အနေနဲ့ အာဟပ်နဲ့ယေဇဗေလကို ကြောက်စရာအကြောင်း ဘာမှမရှိပါဘူး။—ဆာလံ ၁၁၈:၆။
မီးငြိမ်းသွားပြီးတဲ့နောက် ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်သွားတယ်။ အဲဒီအခါမှာ ‘တိုးညင်းသောအသံ’b တစ်ခုကို ဧလိယ ကြားလိုက်ရတယ်။ အဲဒီအသံကြောင့် သူပြန်ရင်ဖွင့်ဖို့ လမ်းပွင့်သွားတယ်။ သူ့ရဲ့စိုးရိမ်ပူပန်မှုတွေကို ဒုတိယအကြိမ် ရင်ဖွင့်လိုက်တယ်။ အဲလိုရင်ဖွင့်လိုက်တဲ့အတွက် သူ တော်တော်လေး စိတ်သက်သာရာရသွားမှာပဲ။ အဲဒီအပြင် ‘တိုးညင်းသောအသံ’ ပိုင်ရှင် ဆက်ပြောလိုက်တဲ့စကားကြောင့် နှစ်သိမ့်မှုပိုရခဲ့မှာ သေချာပါတယ်။ သူဟာ အသုံးမကျတဲ့သူ မဟုတ်ဘူးဆိုတာကို ဘုရားသခင် စိတ်ချစေခဲ့တယ်။ ဘယ်လိုအားဖြင့်လဲ။ အစ္စရေးပြည်မှာရှိနေတဲ့ ဗာလဝတ်ပြုရေးကို ဆန့်ကျင်ဖို့ ဘုရားသခင် ရည်ရွယ်ထားတဲ့အကြောင်း ဧလိယကို အများကြီးပြောပြတယ်။ ဘုရားသခင်ရဲ့ရည်ရွယ်ချက်က ရှေ့ဆက်သွားနေတဲ့အတွက် ဧလိယရဲ့လုပ်ဆောင်မှုတွေ အချည်းနှီးမဖြစ်ခဲ့ဘူးဆိုတာ ရှင်းပါတယ်။ ဒါ့အပြင် ဘုရားသခင်က ဧလိယကို တိကျတဲ့ လမ်းညွှန်ချက်တွေပေးပြီး အလုပ်ပြန်လုပ်ခိုင်းတဲ့အတွက် အဲဒီရည်ရွယ်ချက်ထဲမှာ ဧလိယ ပါဝင်ပတ်သက်နေတုန်းပါပဲ။—၃ ရာ. ၁၉:၁၂-၁၇။
ဧလိယရဲ့ အထီးကျန်တဲ့ ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့ကော။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘုရားသခင်က အချက်နှစ်ချက်နဲ့ အားပေးခဲ့ပါတယ်။ ပထမ၊ ဧလိရှဲကို ပရောဖက်အဖြစ် ခန့်အပ်ဖို့ ဧလိယကို မိန့်မှာတယ်။ ဧလိရှဲဟာ ဧလိယရဲ့နေရာကို ဆက်ခံမှာဖြစ်တယ်။ လူငယ်ဧလိရှဲဟာ နှစ်ပေါင်းအတော်ကြာတဲ့အထိ ဧလိယရဲ့အဖော်နဲ့ ထောက်မပေးသူ ဖြစ်လာမှာ။ တကယ့်ကို လက်တွေ့ကျတဲ့ နှစ်သိမ့်မှုပါပဲ။ ဒုတိယ၊ အားရစရာကောင်းတဲ့ ဒီသတင်းစကားကို ဘုရားသခင် ကြားပြောခဲ့တယ်– “ဗာလရှေ့၌ ဒူးထောက်ခြင်း၊ နမ်းခြင်းကိုမပြုသောသူ အပေါင်းတည်းဟူသော ဣသရေလအမျိုးသားခုနစ်ထောင်တို့ကို ငါ့အဖို့ ငါကျန်ကြွင်းစေပြီ။” (၃ ရာ. ၁၉:၁၈) တကယ်တော့ ဧလိယဟာ အထီးကျန်မနေပါဘူး။ ဗာလကို ဝတ်မပြုတဲ့ တည်ကြည်သူတွေ ထောင်နဲ့ချီရှိနေတယ်ဆိုတာကို ကြားလိုက်ရတော့ သူ့အနေနဲ့ အားတက်သွားမှာ သေချာတယ်။ သူတို့က ဧလိယကို သစ္စာရှိရှိ ဆက်အမှုဆောင်စေချင်တယ်၊ လူတိုင်းနီးပါး ပုန်ကန်နေချိန်မှာ ဘုရားသခင်အပေါ် ဆက်တည်ကြည်နေတယ်ဆိုတဲ့ ပုံနမူနာ ပြစေချင်တယ်။ ကောင်းကင်တမန်ကနေတစ်ဆင့် ဘုရားသခင်ရဲ့ ‘တိုးညင်းသောအသံ’ ကို ဧလိယကြားတဲ့အခါ တော်တော့်ကို စိတ်ထိမိသွားခဲ့မှာ သေချာတယ်။
ဧလိယလိုပဲ ကျွန်ုပ်တို့လည်း ဖန်ဆင်းရာတွေထဲက အံ့မခန်းဖွယ် သဘာဝစွမ်းအားတွေကြောင့် မှင်တက်မိနိုင်ပါတယ်။ အဲဒီလိုလည်း ဖြစ်သင့်ပါတယ်။ ဖန်ဆင်းရှင်ရဲ့တန်ခိုးတော်ကို ဖန်ဆင်းရာတွေထဲမှာ မျက်ဝါးထင်ထင် တွေ့မြင်နေရပါတယ်။ (ရောမ ၁:၂၀) ဘုရားသခင်ဟာ မိမိအပေါ် သစ္စာတည်ကြည်သူတွေကို ကူညီထောက်မဖို့ မိမိရဲ့ အနှိုင်းမဲ့တန်ခိုးတော်ကို အသုံးပြုချင်နေတုန်းပါ။ (၆ ရာ. ၁၆:၉) ဒါပေမဲ့ ကျွန်ုပ်တို့ကို သမ္မာကျမ်းစာကနေပဲ အသေးစိတ်မိန့်ကြားပါတယ်။ (ဟေရှာယ ၃၀:၂၁) သမ္မာကျမ်းစာဟာ ‘တိုးညင်းသောအသံ’ နဲ့တူပါတယ်။ ကနေ့ ကျွန်ုပ်တို့ကို ဘုရားသခင်က သမ္မာကျမ်းစာနဲ့ လမ်းညွှန်ပြီး တည့်မတ်ပေးနေတယ်၊ အားပေးနှစ်သိမ့်ပြီး ကိုယ်တော့်မေတ္တာကို ယုံကြည်စိတ်ချစေပါတယ်။
ဟောရပ်တောင်မှာ ဘုရားသခင်ပေးတဲ့ နှစ်သိမ့်မှုကို ဧလိယ လက်ခံခဲ့ပါသလား။ လက်ခံခဲ့မှာ ကျိန်းသေတယ်။ မကြာခင်မှာပဲ ဧလိယဟာ ပြန်သတ္တိရှိလာပြီး တည်ကြည်တဲ့ပရောဖက်အဖြစ် မှားယွင်းတဲ့ဝတ်ပြုရေးရဲ့ ဆိုးညစ်မှုတွေကို ပြန်ဆန့်ကျင်ခဲ့တယ်။ ကျွန်ုပ်တို့လည်း ဘုရားသခင်ရဲ့စကားတော်၊ သမ္မာကျမ်းစာမှာပါရှိတဲ့ “နှစ်သိမ့်ခြင်း” ကို နှလုံးသွင်းထားမယ်ဆိုရင် ဧလိယရဲ့ယုံကြည်ခြင်းကို တုပနိုင်ကြမှာဖြစ်တယ်။—ရောမ ၁၅:၄။
[အောက်ခြေမှတ်ချက်]
a ၂၀၀၈၊ ဇန်နဝါရီလ ၁ ရက်ထုတ်နဲ့ ဧပြီလ ၁ ရက်ထုတ် ကင်းမျှော်စင် ထဲမှာ “သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ” ဆိုတဲ့ခေါင်းစဉ်အောက်က “သူသည် စစ်မှန်သော ဝတ်ပြုရေးဘက် ရပ်တည်ခဲ့” နဲ့ “သူသည် စောင့်ကြည့်၍ စောင့်မျှော်ခဲ့” ဆိုတဲ့ ဆောင်းပါးတွေကို ဖတ်ကြည့်နိုင်ပါတယ်။
b ‘တိုးညင်းသောအသံ’ ပိုင်ရှင်က ၃ ရာ. ၁၉:၉ မှာဖော်ပြထားတဲ့ ‘ယေဟောဝါဘုရားသခင်၏ နှုတ်မြွက်တော်’ ကို ပြောပြဖို့ အသုံးတော်ခံခဲ့ရတဲ့ ကောင်းကင်တမန်တစ်ဦး ဖြစ်နိုင်တယ်။ အခန်းငယ် ၁၅ မှာ အဲဒီကောင်းကင်တမန်ကို ‘ယေဟောဝါဘုရားသခင်’ အနေနဲ့ ဖော်ပြထားတယ်။ အဲဒီကောင်းကင်တမန်ဟာ တောကန္တာရမှာ အစ္စရေးလူတွေကို လမ်းညွှန်ပေးဖို့ ဘုရားသခင်ရဲ့အသုံးတော်ခံခဲ့ရသူ၊ “ငါ့နာမသည် သူ၌တည်ရှိ၏” လို့ ပြောဆိုခံခဲ့ရတဲ့သူ ဖြစ်တယ်ဆိုတာ အမှတ်ရနိုင်ပါတယ်။ (ထွက်မြောက်ရာ ၂၃:၂၁) ဒါပေမဲ့ ဒီအချက်နဲ့ပတ်သက်ပြီး တရားသေ ယူမှတ်လို့မရပါဘူး။ လူသားဘဝမတိုင်ခင်က ယေရှုဟာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူတွေအတွက် အထူးပြောရေးဆိုခွင့်ရှိသူ၊ ‘နှုတ်မြွက်တော်’ အဖြစ် အမှုဆောင်ခဲ့တယ်ဆိုတာကို မှတ်သားထားရမယ်။—ယောဟန် ၁:၁။
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
အခြေအနေ ကောင်းချိန်မှာရော ဆိုးနေချိန်မှာပါ ဧလိယကို ဘုရားသခင် အများကြီး ကူညီပေးခဲ့
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ဧလိယ အကြီးအကျယ် စိတ်ဖိစီး နေချိန်မှာ ဘုရားသခင်ဆီ ရင်ဖွင့်ဆုတောင်းခဲ့
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ဧလိယကို အားပေးနှစ်သိမ့်ဖို့ အံ့မခန်းဖွယ် တန်ခိုးတော်ကို ဘုရားသခင် အသုံးပြုခဲ့