ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ
မေ ၂–၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ ရှမွေလ ၂၇–၂၉
“ဒါဝိဒ်ရဲ့ စစ်ဗျူဟာ”
it-1 ၄၁
အာခိတ်
ရှောလုရန်ကနေ ဒါဝိဒ် ထွက်ပြေးနေတုန်း ဘုရင် အာခိတ်ဆီ နှစ်ကြိမ် ခိုလှုံခဲ့တယ်။ ပထမအကြိမ်တုန်းက ရန်သူလို့ အထင်ခံရတဲ့အခါ ရူးချင်ယောင်ဆောင်ခဲ့တဲ့အတွက် အာခိတ်က ရူးကြောင်ကြောင်လူဆိုပြီး ပြန်လွှတ်လိုက်တယ်။ (၁ရှ ၂၁:၁၀-၁၅။ ဆ ၃၄:ထိပ်စီးစာသား။ ၅၆:ထိပ်စီးစာသား) ဒါဝိဒ်နဲ့ သူ့လူ ၆၀၀၊ မိသားစုတွေ ဒုတိယအကြိမ် ရောက်လာတဲ့အခါ အာခိတ်က ဇိကလတ်မြို့မှာ နေခွင့်ပေးလိုက်တယ်။ ဇိကလတ်မြို့မှာ နေတဲ့ တစ်နှစ်နဲ့ လေးလအတွင်း ယုဒမြို့တွေကို ဒါဝိဒ် သိမ်းပိုက်နေတယ်လို့ အာခိတ် ထင်ပေမဲ့ တကယ်တော့ ဒါဝိဒ်က ဂေရှုရိ၊ ဂေရဇိ၊ အာမလက်လူတွေဆီ သွားပြီး တိုက်ခိုက်နေတာ။ (၁ရှ ၂၇:၁-၁၂) ဒါဝိဒ် ဟန်ဆောင်ကောင်းလို့ ဘုရင် ရှောလုကို ဖိလိတိမင်းတွေ သွားတိုက်မယ့်အချိန်မှာ အာခိတ်က ဒါဝိဒ်ကို ကိုယ်ရံတော်အဖြစ် ခေါ်သွားချင်ပေမဲ့ တခြား “ဖိလိတိမင်းတွေက” မခေါ်ဖို့ ထပ်တလဲလဲ ပြောနေလို့ ဒါဝိဒ်ကို ဇိကလတ်မြို့ ပြန်ပို့လိုက်တယ်။ (၁ရှ ၂၈:၂။ ၂၉:၁-၁၁) ဒါဝိဒ် ဘုရင် ဖြစ်တဲ့အခါ ဂါသမြို့ကို သွားတိုက်တဲ့အချိန်မှာ အာခိတ်မင်းကို အသက်ချမ်းသာပေးခဲ့တယ်။ အာခိတ်မင်းဟာ ရှောလမုန်လက်ထက်အထိ အသက်ရှင်ခဲ့တယ်။—၁ဘု ၂:၃၉-၄၁။
လူငယ်တို့၊ တခြားသူတွေရဲ့ ယုံကြည်စိတ်ချမှု ဘယ်လို ရနိုင်မလဲ
၈ ဒါဝိဒ် ကြုံရတဲ့ နောက်အခက်အခဲတစ်ခု ရှိသေးတယ်။ ဘုရင်အဖြစ် ဘိသိက်ပေးခံရပြီးနောက်မှာတောင် အစ္စရေး ဘုရင်အဖြစ် တရားဝင် နန်းထိုင်ဖို့ နှစ်ပေါင်းများစွာ စောင့်ခဲ့ရတယ်။ (၁ ရှ. ၁၆:၁၃။ ၂ ရှ. ၂:၃၊ ၄) အဲဒီအတောအတွင်း စိတ်ရှည်စွာ စောင့်ဆိုင်းဖို့ ဘာက ကူညီပေးသလဲ။ စိတ်ဓာတ်ကျမယ့်အစား လုပ်နိုင်တာကို အာရုံစိုက်တယ်။ ဥပမာ၊ ဖိလိတိပြည်မှာ ဝရမ်းပြေးအဖြစ် နေထိုင်တုန်းက အစ္စရေးလူမျိုးရဲ့ ရန်သူတွေကို တိုက်ခိုက်ခြင်းအားဖြင့် ရတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချပြီး အစ္စရေး ပိုင်နက်ကို ကာကွယ်ပေးတယ်။—၁ ရှ. ၂၇:၁-၁၂။
it-2 ၂၄၅ ပိုဒ်. ၆
လိမ်လည်ခြင်း
သူတစ်ပါးကို ဒုက္ခရောက်စေတဲ့ လိမ်လည်မှုကို သမ္မာကျမ်းစာ ရှုတ်ချထားတယ်။ ဒါပေမဲ့ သိဖို့ မလိုတဲ့သူတွေကို အချက်အလက် အမှန်တွေ ထုတ်ပြောရမယ်လို့ မဆိုလိုဘူး။ ယေရှုခရစ် ဒီလို ပြောခဲ့တယ်– “ခွေးကို မြင့်မြတ်တဲ့အရာတွေ မပေးပါနဲ့။ ဝက်ရှေ့မှာလည်း ပုလဲတွေ မချထားပါနဲ့။ အဲဒါတွေကို နင်းချေပြီး ခင်ဗျားတို့ကို ပြန်ကိုက်လိမ့်မယ်။” (မ ၇:၆) ဒါကြောင့် ယေရှုဟာ မေးခွန်းတချို့ကို အချက်အလက် အပြည့်အစုံနဲ့ မဖြေခဲ့လို့ အန္တရာယ်ကနေ လွတ်မြောက်ခဲ့တယ်။ (မ ၁၅:၁-၆။ ၂၁:၂၃-၂၇။ ယဟ ၇:၃-၁၀) အာဗြဟံ၊ အိဇက်၊ ရာခပ်၊ ဧလိရှဲတို့က ယေဟောဝါကို ဝတ်မပြုသူတွေကို လမ်းလွှဲတာ၊ အချက်အလက် အပြည့်အစုံ မပြောပြတာကလည်း အဲဒီသဘောတရား အတိုင်းပါပဲ။—က ၁၂:၁၀-၁၉။ အခန်းကြီး ၂၀။ ၂၆:၁-၁၀။ ယရ ၂:၁-၆။ ယာ ၂:၂၅။ ၂ဘု ၆:၁၁-၂၃။
ဘုရားရေးရာ ရတနာ
သေလွန်သူများသည် အသက်ရှင်သူများကို ကူညီပေးနိုင်သလော
စဉ်းစားကြည့်ပါ။ လူတစ်ဦးသည် သေဆုံးသောအခါ “မြေသို့ ပြန်သွားတတ်” ပြီး “သူ၏ အကြံအစည်တို့သည် ပျက်စီးကြ၏” ဟု သမ္မာကျမ်းစာက ဖော်ပြသည်။ (ဆာလံ ၁၄၆:၄) ဘုရားသခင်သည် နတ်ဝင်သည်များနှင့် ဆက်သွယ်ခြင်းကို ပြစ်တင်ရှုတ်ချကြောင်း ရှောလုနှင့် ရှမွေလ နှစ်ဦးစလုံး သိရှိကြသည်။ ထိုမတိုင်မီက ရှောလုကိုယ်တိုင် ဦးဆောင်၍ နတ်ဆိုးပညာ လိုက်စားသူများကို တိုင်းပြည်မှ မောင်းထုတ်ခဲ့ပြီ ဖြစ်သည်။—ဝတ်ပြုရာ ၁၉:၃၁။
ဤအချက်ကို သုံးသပ်ကြည့်ပါ။ အကယ်၍ သစ္စာရှိသူ ရှမွေလသည် ဝိညာဉ်အဖြစ် အသက်ရှင်သေးလျှင် သူသည် ရှောလုနှင့် တွေ့ဆုံရန် ဘုရားသခင်၏ ပညတ်ကို ချိုးဖောက်ပြီး နတ်ဝင်သည်နှင့် ပူးပေါင်းလုပ်ဆောင်မည်လော။ ယေဟောဝါ ဘုရားသခင်သည် ရှောလုနှင့် အဆက်အသွယ် မပြုလုပ်တော့ချေ။ သို့ဆိုလျှင် နတ်ဝင်သည် တစ်ဦးသည် အတိုင်းအဆမဲ့ တန်ခိုးရှင် ဘုရားသခင်အား သေလွန်သူ ရှမွေလမှတစ်ဆင့် ရှောလုနှင့် ဆက်သွယ်ရန် စေခိုင်းနိုင်မည်လော။ မစေခိုင်းနိုင်ပါ။ ထို့ကြောင့် “ရှမွေလ” အသွင်ဖြင့် ပေါ်လာသော ထိုအရိပ်သဏ္ဌာန်သည် အဘယ်နည်းနှင့်မျှ ဘုရားသခင်၏ သစ္စာရှိ ပရောဖက် မဟုတ်ကြောင်း ရှင်းနေပါသည်။ ၎င်းမှာ သေလွန်သူ ရှမွေလအဖြစ် ဟန်ဆောင်ထားသော နတ်ဆိုးတစ်ပါး ဖြစ်သည်။
မေ ၉–၁၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ ရှမွေလ ၃၀–၃၁
“ယေဟောဝါဘုရာ အကူအညီနဲ့ အားတင်းထားပါ”
ယေဟောဝါကို ကြောက်ရွံ့၍ ပျော်ရွှင်လော့!
၁၂ ယေဟောဝါကို ဒါဝိဒ် ကြောက်ရွံ့ခြင်းက မကောင်းမှု ရှောင်စေရုံထက်မက သူ့ကို အကျိုးပြုသည်။ ခက်ခဲသော အခြေအနေတွင် ပြတ်ပြတ်သားသား၊ ပညာရှိရှိ လုပ်ဆောင်စေခဲ့သည်။ ဒါဝိဒ်နှင့် သူ့လူတို့သည် ရှောလု၏ ရန်ကို ရှောင်ရန် ဖိလိတ္တိပြည်၊ ဇိကလတ် ကျေးလက်ပိုင်းတွင် တစ်နှစ်နှင့် လေးလတိုင် ပုန်းခိုနေရသည်။ (၁ ဓမ္မရာဇဝင် ၂၇:၅-၇) တစ်ခါက သူတို့ မရှိခိုက် အာမလက် လူတို့သည် မြို့ကို မီးရှို့၍ မယားနှင့် သားသမီးများ၊ သိုးနွားများကို သိမ်းယူသွား၏။ ဒါဝိဒ်နှင့် သူ၏ လူများ ပြန်ရောက်လာ၍ ထိုအဖြစ်အပျက်ကို မြင်သည့်အခါ ငိုကြွေးလေသည်။ ဒါဝိဒ်၏ လူတို့သည် ဝမ်းနည်းရာမှ စိတ်နာလာကြပြီး သူ့ကို ခဲနှင့် ပစ်မည်ဟု ဆိုလေ၏။ ထိုအခါ ဒါဝိဒ်သည် အလွန် ဝမ်းနည်းသော်လည်း စိတ်ပျက်အားလျော့ခြင်း မရှိချေ။ (သု. ၂၄:၁၀) ယေဟောဝါကို ကြောက်ရွံ့သောကြောင့် ကိုယ်တော်ကိုသာ ကိုးစား၍ ခွန်အားယူလေသည်။ ထို့နောက် သူတို့သည် ဘုရားသခင်၏ အကူအညီဖြင့် အာမလက် လူတို့ကို အမီလိုက် တိုက်ခိုက်ခဲ့ကြရာ အလုံးစုံတို့ကို ပြန်သိမ်းပိုက်နိုင်လေသည်။—၁ ဓမ္မရာဇဝင် ၃၀:၁-၂၀။
ကျွန်ုပ်တို့ ကယ်တင်ခြင်း ရဖို့ ယေဟောဝါ ကာကွယ်စောင့်ရှောက်ပေး
၁၄ ဒါဝိဒ်ရဲ့ ဘဝမှာ ဝမ်းနည်းစရာတွေနဲ့ ဖိစီးမှု ဖြစ်စေတဲ့ အခြေအနေ အတော်များများကို ကြုံတွေ့ခဲ့ရတယ်။ (၁ ရာ. ၃၀:၃-၆) ဒါဝိဒ်ရဲ့ ခံစားချက်တွေကို ယေဟောဝါ သိတယ်လို့ ကျမ်းစာက ဖော်ပြတယ်။ (ဆာလံ ၃၄:၁၈; ၅၆:၈ တို့ကိုဖတ်ပါ။) ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ ခံစားချက်တွေကိုလည်း သိတယ်။ ကျွန်ုပ်တို့ “ကျိုးပဲ့သောစိတ်” ရှိတဲ့အခါ၊ “နှလုံးကြေကွဲ” တဲ့အခါတွေမှာ ဒီအခြေအနေကို ဘုရားသခင် သိတယ်ဆိုတဲ့ အချက်ကို သတိရခြင်းက နှစ်သိမ့်မှု ပေးတယ်။ ဒီအချက်က ဒါဝိဒ်ကို နှစ်သိမ့်မှု ဖြစ်စေတဲ့အတွက် သူ ဒီလိုသီဆိုခဲ့တယ်– “ကျွန်တော့်ဒုက္ခကို ကိုယ်တော် မြင်တဲ့အတွက် ကိုယ်တော့် အကြင်နာ မေတ္တာကြောင့် ကျွန်တော် ဝမ်းမြောက်ရွှင်လန်းရလိမ့်မယ်။ ကျွန်တော့် ဆင်းရဲဒုက္ခတွေကို ကိုယ်တော် သိမြင်ပြီ။” (ဆာ. ၃၁:၇၊ ကဘ) ဒါပေမဲ့ ယေဟောဝါက ကျွန်ုပ်တို့ ကြုံတွေ့နေရတဲ့ ဒုက္ခအခက်အခဲတွေကို သိမှတ်ရုံထက်မက ပြုလုပ်ပေးတယ်။ နှစ်သိမ့်၊ အားပေးခြင်းအားဖြင့် ကျွန်ုပ်တို့ ခံနိုင်ရည် ရှိဖို့ ကူညီပေးတယ်။ ကိုယ်တော် ကျွန်ုပ်တို့ကို နှစ်သိမ့်အားပေးတဲ့ နည်းတစ်နည်းကတော့ ခရစ်ယာန် အစည်းအဝေးတွေအားဖြင့် ဖြစ်တယ်။
ဘုရားရေးရာ ရတနာ
ဓမ္မရာဇဝင် ပထမစောင်မှ ပေါ်လွင်ချက်များ
၃၀:၂၃၊ ၂၄။ တောလည်ရာ ၃၁:၂၇ အပေါ် အခြေပြုသည့် ဤဆုံးဖြတ်ချက်က အသင်းတော်တွင် အထောက်အကူပြု ကဏ္ဍများ၌ ပါဝင်အမှုဆောင်နေကြသူတို့ကို ယေဟောဝါ တန်ဖိုးထားကြောင်း ဖော်ပြသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အဘယ်အရာကိုပဲ လုပ်ဆောင်နေပါစေ ‘လူ၏ အမှုကိုသာ ဆောင်ရွက်သကဲ့သို့ မဟုတ်။ ယေဟောဝါ၏ အမှုတော်ကို ဆောင်ရွက်သကဲ့သို့၊ ပြုလေသမျှတို့၌ စိုးလ်အကြွင်းမဲ့နှင့် ပြုကြ’ ပါစို့။—ကောလောသဲ ၃:၂၃။
မေ ၁၆–၂၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ရှမွေလ ၁–၃
“‘လေးတော်သီချင်း’ ကနေ ဘာ သင်ယူနိုင်သလဲ”
သင်တို့ကို အုပ်စိုးသောသူတို့အား ရိုသေပါ
၉ ဒါဝိဒ်သည် မတရားခံနေရချိန်တွင် စိတ်ဓာတ်ကျခဲ့ပါသလော။ “ကြမ်းတမ်းသောသူတို့သည် အကျွန်ုပ်အသက်ကို ရှာကြပါ၏” ဟု ယေဟောဝါထံ ဒါဝိဒ် ဟစ်ကြွေးခဲ့သည်။ (ဆာလံ ၅၄:၃) ယေဟောဝါထံ ဤသို့ သူ ရင်ဖွင့်ခဲ့သည်– “အိုအကျွန်ုပ်၏ ဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ်ကို ကယ်နုတ်တော်မူပါ။ . . . အားကြီးသောသူတို့သည် အကျွန်ုပ်တစ်ဖက်၌ စည်းဝေးကြပါ၏။ အိုထာဝရဘုရား၊ အကျွန်ုပ် မှားယွင်းသောကြောင့် မဟုတ်ပါ။ အကျွန်ုပ် အပြစ်ကြောင့် မဟုတ်ပါ။ အကျွန်ုပ်၌ အပြစ်မရှိဘဲ သူတို့သည် ပြေးလာ၍ ပြင်ဆင်ကြပါ၏။ အကျွန်ုပ်ကို ကူမခြင်းငှာ နိုးတော်မူပါ။ ကြည့်ရှုတော်မူပါ။” (ဆာလံ ၅၉:၁-၄) သင်သည် အခွင့်အာဏာရှိသူအပေါ် အဘယ်အမှားမျှ မပြုလုပ်ခဲ့ဘဲနှင့် သူက သင့်ကို အပြစ်မြင်နေသည်ဟု အလားတူ ခံစားရဖူးသလော။ ဒါဝိဒ်သည် ရှောလုကို လေးစားမှု မပြဘဲ မနေခဲ့ပါ။ ရှောလု သေဆုံးချိန်တွင် ခုန်ပေါက်မြူးပျော်မည့်အစား ဤငိုချင်းတစ်ပုဒ်ကို ဒါဝိဒ် ရေးစပ်ခဲ့သည်– “ရှောလုနှင့် ယောနသန်သည် ချစ်တတ်သော သဘောရှိ၍ အသက်ရှင်စဉ်အခါ မိတ်ဆွေ ဖြစ် . . . ၏။ သူတို့သည် ရွှေလင်းတထက် မြန်၍ ခြင်္သေ့ထက် ခွန်အားကြီးကြ၏။ အိုဣသရေလ အမျိုးသမီးတို့၊ ရှောလုကို ငိုကြွေးကြလော့။” (၂ ဓမ္မရာဇဝင် ၁:၂၃၊ ၂၄) ဒါဝိဒ်သည် ရှောလု၏ မတရားသဖြင့် ပြုမှုကို ခံခဲ့ရလျက်ပင် ယေဟောဝါ၏ ဘိသိက်ခံကို အမှန်တကယ် ရိုသေလေးစားမှု ပြသည့် စံနမူနာကောင်း တစ်ရပ်ပေတည်း!
သစ္စာမဲ့ခြင်း—နောက်ဆုံးကာလရဲ့ နိမိတ်ဆိုးတစ်ခု
၈ သမ္မာကျမ်းစာထဲမှာ သစ္စာရှိသူတွေရဲ့ ပုံသက်သေတွေလည်း အများကြီး ရှိတယ်။ ဒီထဲက ပုံသက်သေ နှစ်ခုကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲဆိုတာ သုံးသပ်ကြည့်ကြစို့။ အရင်ဆုံး ဒါဝိဒ်အပေါ် သစ္စာရှိခဲ့တဲ့ လူတစ်ယောက်အကြောင်း သုံးသပ်ကြည့်ကြမယ်။ ယောနသန်ဟာ ဘုရင် ရှောလုရဲ့ သားကြီး ဖြစ်တဲ့အတွက် နောက်တက်မယ့် အစ္စရေးဘုရင် ဖြစ်နိုင်တဲ့ အလားအလာ ရှိတယ်။ ဒါပေမဲ့ ယေဟောဝါက ဒါဝိဒ်ကို ဘုရင်အဖြစ် ရွေးချယ်ခဲ့တယ်။ ယောနသန်ဟာ ဘုရားသခင့် ဆုံးဖြတ်ချက်ကို လေးစားခဲ့တယ်၊ ဒါဝိဒ်ကို မနာလို မဖြစ်ခဲ့ဘူး။ အဲဒီအစား ယောနသန်ရဲ့ ‘စိတ်နှလုံးဟာ ဒါဝိဒ်စိတ်နှလုံးနဲ့ စွဲကပ်’ ခဲ့ပြီး ဒါဝိဒ်အပေါ် သစ္စာရှိမယ်လို့ ကတိပေးခဲ့တယ်။ ယောနသန်က သူ့ရဲ့ ဝတ်ရုံ၊ ဓား၊ လေးနဲ့ ခါးစည်းတွေကို ဒါဝိဒ်ကို ပေးတဲ့အခါ ဒါဝိဒ်ကို ဘုရင်အဖြစ် လက်ခံကြောင်း ဖော်ပြခဲ့တယ်။ (၁ ရာ. ၁၈:၁-၄) ယောနသန်ဟာ ဒါဝိဒ်ကို ထောက်မကူညီဖို့ သူ လုပ်နိုင်သမျှ လုပ်ခဲ့တယ်။ အသက်နဲ့ ရင်းပြီး ဒါဝိဒ်ကို ရှောလုရဲ့ ရန်ကနေ ကာကွယ်ပေးခဲ့တယ်။ ဒါဝိဒ်ကို သစ္စာရှိရှိ ဒီလိုပြောခဲ့တယ်– “မင်းက အစ္စရေးလူမျိုးရဲ့ ဘုရင် ဖြစ်လာလိမ့်မယ်။ ငါကိုယ်တိုင် မင်းကို ထောက်ခံအားပေးမယ်။” (၁ ရာ. ၂၀:၃၀-၃၄; ၂၃:၁၆၊ ၁၇၊ ကဘ) ဒါကြောင့် ယောနသန် သေဆုံးသွားတဲ့အခါ ဒါဝိဒ်က သူ့ရဲ့ ဝမ်းနည်းမှုနဲ့ ချစ်ခြင်းမေတ္တာကို သီချင်းတစ်ပုဒ်အဖြစ် စပ်ဆိုခဲ့တာက အံ့ဩစရာ မဟုတ်ပါဘူး။—၂ ရာ. ၁:၁၇၊ ၂၆။
ဘုရားရေးရာ ရတနာ
it-1 ၃၆၉ ပိုဒ်. ၂
ညီအစ်ကို
ကိစ္စတစ်ခုအတွက် ပူးပေါင်းလုပ်ဆောင်သူတွေ၊ ရည်ရွယ်ချက် တူသူတွေဟာ အချင်းချင်း “ညီအစ်ကို” လို့ ခေါ်ကြတယ်။ တိုင်ရာဘုရင် ဟိရံက ရှောလမုန်ကို “အဆွေတော်” (မူရင်း၊ “ညီအစ်ကို”) လို့ ခေါ်တာက ရာထူး၊ အဆင့်အတန်းချင်း တူလို့သာ မဟုတ်ဘဲ ဗိမာန်တော်အတွက် သစ်နဲ့ တခြားပစ္စည်းတွေ ရရှိဖို့ ပူးပေါင်းလုပ်ဆောင်ကြလို့ပါ။ (၁ဘု ၉:၁၃။ ၅:၁-၁၂) “ညီအစ်ကိုတွေ စည်းစည်းလုံးလုံး အတူနေထိုင်ကြတာ ကောင်းလိုက်တာ။ ကြည်နူးစရာ ကောင်းလိုက်တာ” လို့ ဒါဝိဒ် ပြောတာက သွေးသားတော်စပ်တဲ့ လူတွေ ငြိမ်သက်စည်းလုံးတာကိုပဲ ပြောတာ မဟုတ်ဘူး။ (ဆ ၁၃၃:၁) ဒါဝိဒ်က ယောနသန်ကို အစ်ကိုလို့ ခေါ်တာက တစ်အူထုံ့ဆင်း ညီအစ်ကို တော်စပ်လို့ မဟုတ်ဘဲ ချစ်ခင်တွယ်တာလို့၊ အချင်းချင်းအကျိုးကို စိတ်ဝင်စားလို့ ဖြစ်တယ်။ (၂ရှ ၁:၂၆) မကောင်းတဲ့ သဘောထားရှိသူ အချင်းချင်းလည်း ညီအစ်ကိုလို့ ခေါ်ကြတယ်။—ပ ၁၈:၉။
မေ ၂၃–၂၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ရှမွေလ ၄–၆
“ယေဟောဝါရဲ့ စိတ်တော်နဲ့ မတွေ့မှာကို ကြောက်တဲ့ သဘောထား ဆက်ရှိနေစေပါ”
ဓမ္မရာဇဝင် ဒုတိယစောင်မှ ပေါ်လွင်ချက်များ
၆:၁-၇။ ဒါဝိဒ်သည် စိတ်ရင်းကောင်းသူ ဖြစ်သော်လည်း သေတ္တာတော်ကို လှည်းဖြင့် သယ်ဆောင်ရန် သူ၏ ကြိုးစားလုပ်ဆောင်မှုသည် ဘုရားသခင်၏ ပညတ်ကို ချိုးဖောက်ရာကျပြီး အချည်းနှီး ဖြစ်ခဲ့သည်။ (ထွက်မြောက်ရာ ၂၅:၁၃၊ ၁၄; တောလည်ရာ ၄:၁၅၊ ၁၉; ၇:၇-၉) စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်မှုက ဘုရားသခင်၏ တောင်းဆိုချက်ကို ပြောင်းလဲစေနိုင်မည် မဟုတ်ကြောင်း သေတ္တာတော်ကို ဩဇ လှမ်းကိုင်ခြင်းက ဖော်ပြသည်။
ယေဟောဝါသည် ဖြောင့်မတ်ရာကို အမြဲ လုပ်ဆောင်တော်မူ
၂၀ ဩဇသည် ပညတ်တော်ကို ကောင်းကောင်း သိထားသင့်ကြောင်း စိတ်ထဲ စွဲမှတ်ထားပါ။ ဤသေတ္တာတော်သည် ယေဟောဝါ ရောက်ရှိနေခြင်းကို ပုံတင်ပြသည်။ ခွင့်ပြုချက် မရသူတို့ ထိ၍ မရကြောင်း ပညတ်တော်က အထူး မိန့်မှာထားသည်၊ မလိုက်နာသူသည် သေဒဏ်ခံရမည်ဟု ရှင်းရှင်း သတိပေးထားသည်။ (တောလည်ရာ ၄:၁၈-၂၀; ၇:၈၉) ထို့ကြောင့် ပဋိညာဉ်သေတ္တာကို ပြောင်းရွှေ့ခြင်းသည် ပေါ့ပေါ့တန်တန် လုပ်ဆောင်ရမည့် တာဝန် မဟုတ်ချေ။ ဩဇသည် (ယဇ်ပုရောဟိတ် မဟုတ်သော်လည်း) လေဝိသားတစ်ဦး ဖြစ်ပြီး ပညတ်တော်နှင့် အကျွမ်းဝင်နေသင့်သည်။ ထို့ပြင် အစောပိုင်းနှစ်များက သေတ္တာတော် လုံခြုံရေးအတွက် သူ့ဖခင်အိမ်သို့ ပြောင်းရွှေ့ထားခဲ့သည်။ (၁ ဓမ္မရာဇဝင် ၆:၂၀–၇:၁) ဒါဝိဒ်က ယင်းကို ပြောင်းရွှေ့ဖို့ မဆုံးဖြတ်မီအထိ အနှစ် ၇၀ ကြာ ထိုတွင် ရှိနေခဲ့သည်။ ထို့ကြောင့် ဩဇသည် သေတ္တာတော်နှင့် စပ်လျဉ်းသည့် ပညတ်များကို ငယ်စဉ်ကတည်းက သိရှိထားပေမည်။
ယေဟောဝါသည် ဖြောင့်မတ်ရာကို အမြဲ လုပ်ဆောင်တော်မူ
၂၁ ရှေ့တွင် ဖော်ပြထားသည့်အတိုင်း ယေဟောဝါသည် နှလုံးတွင်းကို ထိုးဖောက်မြင်နိုင်သည်။ သမ္မာကျမ်းစာက ဩဇ၏ “အပြစ်” [“မလေးမခန့် အပြုအမူ၊” ကဘ] ဟု ပြောထားသောကြောင့် မှတ်တမ်းတွင် တိတိကျကျ ဖော်ပြမထားသော တစ်ကိုယ်ကောင်းဆန်သည့် စိတ်ထားကို ယေဟောဝါ မြင်တွေ့ခဲ့ပေမည်။ ဩဇသည် ထောင်လွှားကာ ကန့်သတ်ချက်ဘောင်ကို ကျော်နင်းလိုသူ ဖြစ်နိုင်သလော။ (သု. ၁၁:၂) သူ့မိသားစုက သီးသန့်စောင့်ရှောက်ထားခဲ့သည့် ပဋိညာဉ်သေတ္တာကို လူထုရှေ့တွင် ဦးဆောင်သယ်ယူရခြင်းကြောင့် စိတ်ကြီးဝင်သွားခြင်းလော။ (သု. ၈:၁၃) ကိုယ်တော် ရောက်ရှိနေခြင်း၏ အမှတ်အသား ဖြစ်သည့် ပဋိညာဉ်သေတ္တာကို မထိန်းပေးနိုင်လောက်အောင် ယေဟောဝါလက်တော် အလွန် တိုသည်ဟု ယူမှတ်ခြင်းဖြင့် ဩဇသည် ယုံကြည်ခြင်း အလွန် ကင်းမဲ့နေပါသလော။ မည်သို့ပင် ဖြစ်စေ၊ ယေဟောဝါသည် ဖြောင့်မတ်စွာ လုပ်ဆောင်တော်မူကြောင်း စိတ်ချနိုင်ပါသည်။ ကိုယ်တော်သည် ဩဇ၏ နှလုံးတွင် တွေ့မြင်လိုက်ရသည့် တစ်စုံတစ်ရာကြောင့် သူ့အား အလျင်အမြန် စီရင်ရခြင်း ဖြစ်ဖွယ်ရှိသည်။—သု. ၂၁:၂။
ဘုရားရေးရာ ရတနာ
သင့်ဝန်ထုပ်ဝန်ပိုးကို ယေဟောဝါထံတော်၌ အမြဲ ချထားလော့
ဘုရင်အနေနှင့် ဒါဝိဒ်သည် ဤကိစ္စတွင် တာဝန်မကင်းပါ။ သူ၏ တုံ့ပြန်ပြုမူမှုက ယေဟောဝါနှင့် ဆက်ဆံရေးကောင်း ရှိထားသူများပင် စမ်းသပ်မှု အခြေအနေများ အောက်တွင် ရံဖန်ရံခါ မိုက်မဲစွာ တုံ့ပြန်နိုင်ကြောင်း ပြသည်။ ပထမတွင် ဒါဝိဒ်သည် စိတ်ဆိုးခဲ့သည်။ နောက်ပိုင်း၌ သူ ကြောက်လန့်လာသည်။ (၂ ဓမ္မရာဇဝင် ၆:၈၊ ၉) ယေဟောဝါနှင့် အားကိုးအားထားသော သူ၏ ဆက်ဆံရေးသည် အပြင်းအထန် စမ်းသပ်ခံခဲ့ရသည်။ သူသည် မိမိ၏ ဝန်ထုပ်ဝန်ပိုးကို ယေဟောဝါ၌ ချထားဖို့ ပျက်ကွက်ပုံရသည့်အချိန်၊ ကိုယ်တော်၏ ပညတ်တော်များကို မလိုက်လျှောက်ခဲ့သောအချိန် တစ်ချိန် ဖြစ်သည်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့သည် ဤအခြေအနေမျိုးအောက် ရောက်နိုင်ဖွယ် ရှိသလော။ ကျွန်ုပ်တို့သည် ကိုယ်တော့် ညွှန်ကြားချက်များကို လျစ်လျူရှုသောကြောင့် ဖြစ်လာသည့် ပြဿနာများအတွက် ယေဟောဝါကို အပြစ်ဖို့ဖူးသလော။—သု. ၁၉:၃။
မေ ၃၀–ဇွန် ၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ရှမွေလ ၇–၈
“ယေဟောဝါ ဒါဝိဒ်နဲ့ ပဋိညာဉ်ဖွဲ့”
‘သင်၏ နိုင်ငံသည် အစဉ်အမြဲ တည်လိမ့်မည်’
ယေဟောဝါ ဘုရားသခင်သည် ဒါဝိဒ်၏ စိတ်ဆန္ဒကို အလွန် နှစ်သက်တော်မူသည်။ ထို့ကြောင့် ဒါဝိဒ်၏ စိတ်အားကြီးမှုကို တုံ့ပြန်ရန်နှင့် ပရောဖက်ပြုချက်ကို ပြည့်စုံစေရန် ဘုရားသခင်သည် ထာဝစဉ် အုပ်ချုပ်မည့်သူ တစ်ဦးကို ဒါဝိဒ်၏ မျိုးနွယ်မှ ပေါ်ထွန်းစေမည်ဟု ကတိပြုကာ ဒါဝိဒ်နှင့် ပဋိညာဉ် ဖွဲ့ခဲ့သည်။ နာသန်သည် ဘုရားသခင်၏ ထိုလေးနက်သော ကတိပြုချက်ကို ဒါဝိဒ်အား ဤသို့ ဆင့်ဆို၏– “သင်၏ အမျိုးအနွယ်နှင့် သင်၏ နိုင်ငံသည် ငါ့ရှေ့မှာ အစဉ်အမြဲ တည်လိမ့်မည်။ သင်၏ ရာဇပလ္လင်သည်လည်း အစဉ်အမြဲ တည်လိမ့်မည်။” (အခန်းငယ် ၁၆) အဆိုပါ ပဋိညာဉ်ကို ထာ၀ရ တည်တံ့စေမည့် အမွေခံ၊ ထာဝစဉ် အုပ်ချုပ်သွားမည့်သူကား မည်သူနည်း။—ဆာလံ ၈၉:၂၀၊ ၂၉၊ ၃၄-၃၆။
‘သင်၏ နိုင်ငံသည် အစဉ်အမြဲ တည်လိမ့်မည်’
နာဇရက်မြို့သား ယေရှုသည် ဒါဝိဒ်၏ မျိုးနွယ်မှ ဆင်းသက်လာသူ ဖြစ်သည်။ ကောင်းကင်တမန် တစ်ပါးသည် ယေရှုကို မွေးဖွားမည့်အကြောင်း ကြေညာစဉ်က ဤသို့ မိန့်ဆိုသည်– “သူ့အဖ ဒါဝိဒ်၏ ရာဇပလ္လင်ကို ယေဟောဝါ ဘုရားသခင်သည် သူ့အား ပေးတော်မူမည်။ သူသည် ယာကုပ် အမျိုးအနွယ်ကို အစဉ်မပြတ် အုပ်စိုးလိမ့်မည်။ သူ၏ နိုင်ငံသည်လည်း အဆုံး မရှိရ။” (လုကာ ၁:၃၂၊ ၃၃) ထို့ကြောင့် ဒါဝိဒ်နှင့် ဖွဲ့ခဲ့သော ပဋိညာဉ်သည် ယေရှုခရစ်တွင် ပြည့်စုံခဲ့သည်။ သို့ဖြစ်၍ လူ့ရွေးချယ်မှုအားဖြင့် မဟုတ်ဘဲ ထာဝစဉ် အုပ်ချုပ်ခွင့်ရမည်ဟု ဘုရားသခင်၏ လေးနက်သော ကတိတော်အားဖြင့် ယေရှု အုပ်ချုပ်သွားမည် ဖြစ်သည်။ ဘုရားသခင်၏ ကတိတော်များသည် အမှန်ပင် ပြည့်စုံလာမည်ကို မှတ်သားထားကြပါစို့။—ဟေရှာယ ၅၅:၁၀၊ ၁၁။
နိုင်ငံတော်ကို အခိုင်အမာ ယုံကြည်ပါ
၁၄ ယေဟောဝါက ရှေးအစ္စရေး ဘုရင် ဒါဝိဒ်ကို ကတိတစ်ခု ပေးတယ်။ အဲဒီကတိကို ဒါဝိဒ် ပဋိညာဉ် လို့ ခေါ်တယ်။ (၂ ဓမ္မရာဇဝင် ၇:၁၂၊ ၁၆ ကိုဖတ်ပါ။) မေရှိယဟာ ဒါဝိဒ်မျိုးရိုးကနေ ဆင်းသက်လာမယ်လို့ ယေဟောဝါ ကတိပေးတယ်။ (လု. ၁:၃၀-၃၃) ဒီလိုနဲ့ မေရှိယရဲ့ မျိုးရိုးနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်ကို ယေဟောဝါ ထပ်ဖော်ပြခဲ့တယ်။ ဒါဝိဒ်ကနေ ဆင်းသက်မယ့် ဒီမျိုးဆက်ဟာ မေရှိယနိုင်ငံမှာ ဘုရင်အဖြစ် ‘တရားဝင် အုပ်စိုးပိုင်ခွင့်’ ရှိမယ်လို့ ယေဟောဝါ ပြောတယ်။ (ယေဇ. ၂၁:၂၅-၂၇၊ ကဘ) ဒါဝိဒ်မင်းဆက် ထာဝစဉ် တည်မယ်။ အကြောင်းကတော့ ဒါဝိဒ်မျိုးဆက် ယေရှုဟာ ‘ထာဝစဉ် တည်ပြီး သူ့ရဲ့ ရာဇပလ္လင်ဟာလည်း နေမင်းကြီးလို တည်မြဲ’ မှာ ဖြစ်လို့ပဲ။ (ဆာ. ၈၉:၃၄-၃၇၊ ကဘ) မေရှိယရဲ့ အုပ်ချုပ်မှုဟာ ဘယ်တော့မှ ပျက်စီးမှာ မဟုတ်ဘူး၊ ဒီအုပ်ချုပ်မှုကနေ ရမယ့် အကျိုးကျေးဇူးတွေဟာလည်း ထာဝစဉ် တည်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချနိုင်ပါတယ်။
ဘုရားရေးရာ ရတနာ
it-2 ၂၀၆ ပိုဒ်. ၂
နောက်ဆုံးကာလ
ဗာလမ်ရဲ့ ပရောဖက်ပြုချက်။ အစ္စရေးတွေ ကတိထားရာပြည်ထဲ မဝင်ခင်လေးမှာ ပရောဖက် ဗာလမ်က မောဘဘုရင် ဗာလက်ကို ဒီလို ပြောတယ်– “နောင်တစ်ချိန် [“နောက်ဆုံးကာလ”] မှာ ဒီလူမျိုးက မင်းကြီးရဲ့ လူမျိုးကို ဘာလုပ်မယ်ဆိုတာ ကျွန်တော် ပြောပါရစေ။ . . . ယာကုပ်ရဲ့ အမျိုးကနေ ကြယ်တစ်လုံး ပေါ်ထွက်လာမယ်။ အစ္စရေးအမျိုးထဲကနေ ရာဇလှံတံ ပေါ်ထွန်းမယ်။ သူက မောဘရဲ့ နဖူးကို၊ ဆူပူအုံကြွသူတွေရဲ့ ခေါင်းကို ရိုက်ခွဲမယ်။” (တလ ၂၄:၁၄-၁၇) ဒီပရောဖက်ပြုချက်ရဲ့ ကနဦး ပြည့်စုံချက်မှာ “ကြယ်” က မောဘကို အနိုင်ရခဲ့တဲ့ ဘုရင် ဒါဝိဒ် ဖြစ်တယ်။ (၂ရှ ၈:၂) ဒါကြောင့် ပရောဖက်ပြုချက်ရဲ့ ဒီပြည့်စုံချက်မှာတော့ “နောင်တစ်ချိန်မှာ” ဆိုတာက ဒါဝိဒ် ဘုရင်အဖြစ် နန်းထိုင်ချိန်မှာ စတင်တယ်။ ဒါဝိဒ်က မေရှိယဘုရင် ယေရှုကို ပုံဆောင်တာ ဖြစ်လို့ ဒီပရောဖက်ပြုချက်ဟာ ရန်သူတွေကို ယေရှု အနိုင်ရချိန်နဲ့လည်း သက်ဆိုင်မယ်။—ရှာ ၉:၇။ ဆ ၂:၈၊ ၉။
ဇွန် ၆–၁၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ရှမွေလ ၉–၁၀
“ခိုင်မြဲတဲ့ မေတ္တာကို ဒါဝိဒ် ပြသ”
ပျော်ရွှင်မှုကို သင် အမှန်တကယ် တွေ့ရှိနိုင်
‘ဆင်းရဲသောသူကို အောက်မေ့သောသူသည် မင်္ဂလာရှိ [“ပျော်ရွှင်၊” ကဘ] ၏။ ခဲယဉ်းသော ကာလ၌ ထိုသူကို ထာဝရ ဘုရားသခင် ကယ်နုတ်တော်မူမည်။ ထာဝရ ဘုရားသခင်သည် စောင့်မ၍ အသက်ချမ်းသာ ပေးတော်မူသဖြင့် ထိုသူသည် ပြည်တော်၌ ကောင်းချီးမင်္ဂလာကို ခံရလိမ့်မည်’ ဟု ဒါဝိဒ် ရေးသားခဲ့သည်။ (ဆာလံ ၄၁:၁၊ ၂) သူ ချစ်မြတ်နိုးသော မိတ်ဆွေ ယောနသန်၏ ခြေဆွံ့သောသား မေဖိဗောရှက်အပေါ် ဒါဝိဒ် ပြသခဲ့သော မေတ္တာပါ စာနာမှုက ဆင်းရဲသားများအပေါ် ထားသင့်သော သဘောထားမှန်ဆိုင်ရာ နမူနာတစ်ခု ဖြစ်သည်။—၂ ဓမ္မရာဇဝင် ၉:၁-၁၃။
ဓမ္မရာဇဝင် ဒုတိယစောင်မှ ပေါ်လွင်ချက်များ
၉:၁၊ ၆၊ ၇။ ဒါဝိဒ်သည် ကတိတည်ခဲ့သည်။ ကျွန်ုပ်တို့လည်း ကတိတည်ရန် ကြိုးစားရမည်။
ကိုယ်၌ စူးသော ဆူးများကို သူတို့ ကိုင်တွယ်ဖြေရှင်းခဲ့ကြ
၁၀ နှစ်အနည်းငယ်ကြာသော် ဘုရင် ဒါဝိဒ်သည် ယောနသန်အပေါ် ထားသည့် ကြီးမားသော မေတ္တာကြောင့် မေဖိဗောရှက်ကို ချစ်ခင်ကြင်နာမှု တင်ပြခဲ့သည်။ ဒါဝိဒ်သည် ရှောလု ပိုင်ထိုက်သမျှကို သူ့အား လွှဲအပ်၍ ၎င်းနယ်မြေကို ကြည့်ရှုစောင့်ရှောက်ဖို့ ရှောလု၏ အစေအပါး ဇိဘအား တာဝန်ပေးခဲ့သည်။ ဒါဝိဒ်က “သင်သည် နေ့တိုင်းအစဉ် ငါ့စားပွဲ၌ စားရမည်” ဟူ၍လည်း မေဖိဗောရှက်အား မိန့်ဆိုခဲ့သည်။ (၂ ဓမ္မရာဇဝင် ၉:၆-၁၀) ဒါဝိဒ်၏ ချစ်ခင်ကြင်နာမှုသည် မေဖိဗောရှက်အတွက် နှစ်သိမ့်မှု ဖြစ်ခဲ့ပြီး သူ၏ မသန်စွမ်းမှု ဝေဒနာကို သက်သာစေခဲ့မည်မှာ သေချာသည်။ အမှန်တကယ် လက်တွေ့ကျသော သင်ခန်းစာပါတကား! ကျွန်ုပ်တို့လည်း ကိုယ်၌ စူးသော ဆူးဒဏ်ကို ခံနေရသူများအပေါ် ကြင်နာမှု တင်ပြသင့်သည်။
ဘုရားရေးရာ ရတနာ
it-1 ၂၆၆
မုတ်ဆိတ်
အစ္စရေးလူမျိုး အပါအဝင် ရှေးခေတ်က အရှေ့ပိုင်းသားတွေဟာ အမျိုးသားတွေရဲ့ ဂုဏ်သိက္ခာ တစ်ရပ် အနေနဲ့ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေး ထားကြတယ်။ နားသယ်မွေး၊ ပါးသိုင်းမွေး၊ မုတ်ဆိတ်မွေးကို မရိတ်ဖို့ ပညတ်တရားက တားမြစ်ထားတယ်။ (ဝ ၁၉:၂၇။ ၂၁:၅) အဲဒါတွေကို ရိတ်တာက အယူမှား ဘာသာတချို့ရဲ့ ထုံးစံတစ်ခု ဖြစ်ပုံရတယ်။
ဇွန် ၁၃–၁၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ရှမွေလ ၁၁–၁၂
“မသင့်လျော်တဲ့ ဆန္ဒတွေကို ထိန်းချုပ်ပါ”
စာတန်ရဲ့ ထောင်ချောက်တွေကနေ သင် လွတ်မြောက်နိုင်
၁၀ ဘုရင် ဒါဝိဒ်ဟာ ဘုရားပေး လက်ဆောင်တွေ “ပြောမကုန်နိုင်အောင် များလှတယ်” ဆိုတာ အသိအမှတ်ပြုတယ်။ (ဆာ. ၄၀:၅) ဒါပေမဲ့ လောဘတက်လာတဲ့အခါမှာတော့ ယေဟောဝါ ပေးထားတဲ့ ချမ်းသာကြွယ်ဝမှု၊ ထင်ပေါ်ကျော်ကြားမှု၊ ရန်သူတွေအပေါ် အောင်ပွဲခံနိုင်ခွင့် စတာတွေကို မေ့သွားတယ်။ မရောင့်ရဲတော့ဘူး။ ပိုလိုချင်လာတယ်။ ကိုယ့်မှာ မိန်းမ အများကြီး ရှိပေမဲ့ တခြားသူရဲ့ ဇနီးမယားကို တစ်ကိုယ်ကောင်းဆန်စွာ တပ်မက်လာတယ်။ ဟိတ္တိလူ ဥရိယရဲ့ ဇနီး ဗာသရှေဘနဲ့ အတူအိပ်တဲ့အတွက် ဗာသရှေဘမှာ ကိုယ်ဝန် ရှိလာတယ်။ ဒါဝိဒ်ဟာ သူများ မယားကို ပြစ်မှားရုံသာမက ယောက်ျားကိုပါ သတ်ဖို့ စီစဉ်တယ်။ (၂ ရှ. ၁၁:၂-၁၅) ဒါဝိဒ် ဘယ်လို စဉ်းစားခဲ့သလဲ။ ယေဟောဝါ မမြင်ပါဘူးလို့များ ထင်နေသလား။ ယေဟောဝါကို နှစ်ပေါင်းများစွာ သစ္စာရှိလာပြီးမှ လောဘကြောင့် ဒုက္ခ အများကြီး ကြုံခဲ့ရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အမှားကို ဝန်ခံပြီး နောင်တယူခဲ့လို့ ဝမ်းသာစရာပဲ။ ယေဟောဝါရဲ့ မျက်နှာသာ ပြန်ရလို့ သိပ်ကျေးဇူးတင်ခဲ့မှာပဲ။—၂ ရှ. ၁၂:၇-၁၃။
ယေဟောဝါကို လိုလိုလားလား လက်အောက်ခံကြပါ
၁၅ ယေဟောဝါဟာ ဒါဝိဒ်ကို မိသားစုရဲ့ ဦးစီးအဖြစ်သာမက အစ္စရေး တစ်နိုင်ငံလုံးရဲ့ ဘုရင်အဖြစ်ပါ ခန့်အပ်ခဲ့တယ်။ ဘုရင်အနေနဲ့ ဒါဝိဒ်မှာ အခွင့်အာဏာ အများကြီး ရှိတယ်။ အာဏာ အလွဲသုံးစားလုပ်ပြီး ကြီးလေးတဲ့ အမှား ကျူးလွန်ခဲ့တဲ့ အခါတွေလည်း ရှိတယ်။ (၂ ရှ. ၁၁:၁၄၊ ၁၅) ဒါပေမဲ့ ဒါဝိဒ်ဟာ ဆုံးမမှုကို လက်ခံခြင်းအားဖြင့် ယေဟောဝါကို လက်အောက်ခံတယ်။ ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းတယ်။ ယေဟောဝါရဲ့ ဆုံးမစကားကို နာခံဖို့ အတတ်နိုင်ဆုံး ကြိုးစားတယ်။ (ဆာ. ၅၁:၁-၄) အမျိုးသားတွေရဲ့ အကြံဉာဏ်ကိုသာမက အမျိုးသမီးတွေရဲ့ အကြံဉာဏ်ကိုလည်း လက်ခံတဲ့အထိ နှိမ့်ချတယ်။ (၁ ရှ. ၁၉:၁၁၊ ၁၂။ ၂၅:၃၂၊ ၃၃) အမှားတွေကနေ သင်ခန်းစာ ယူပြီး ဘဝမှာ ဝတ်ပြုရေးကို အဓိကထားခဲ့တယ်။
သင့်သိစိတ်ကို ဘုရားသခင့် ပညတ်နဲ့ မူတွေ လေ့ကျင့်ပေးပါစေ
၇ ဘုရားသခင့် ပညတ်တွေ ချိုးဖောက်ပြီး ဆိုးကျိုးခံရမှ သင်ခန်းစာ ယူဖို့ မလိုပါဘူး။ ကျမ်းစာမှာ ပါတဲ့ တခြားသူတွေရဲ့ အမှားကနေ သင်ယူနိုင်ပါတယ်။ “ဉာဏ်ပညာ ရှိသူဟာ နားထောင်တဲ့အတွက် ပိုပြီး တတ်သိနားလည်လာတယ်” လို့ ပညာအလိမ္မာ ၁:၅ မှာ ပြောတယ်။ ကျမ်းစာပါ ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို ဖတ်ရှု၊ ဆင်ခြင်ခြင်းကနေ ဘုရားသခင်ဆီက အကောင်းဆုံး သွန်သင်ချက်တွေ ရနိုင်ပါတယ်။ ဥပမာ၊ ယေဟောဝါရဲ့ ပညတ်ကို မနာခံဘဲ ဗာသရှေဘနဲ့ ဖောက်ပြန်ပြီးနောက် ဘုရင် ဒါဝိဒ် ခံစားခဲ့ရတဲ့ နာကျင်မှုကို စဉ်းစားကြည့်ပါ။ (၂ ရှ. ၁၂:၇-၁၄) အဲဒီမှတ်တမ်းကို ဖတ်ရှု၊ ဆင်ခြင်တဲ့အခါ ‘ဗာသရှေဘနဲ့ ဖောက်ပြန်ပြီး စိတ်ဒုက္ခ မရောက်ရအောင် ဒါဝိဒ် ဘယ်လို ရှောင်နိုင်သလဲ။ ငါသာ အဲဒီလို သွေးဆောင်ခံရရင် လှည့်ထွက်သွားနိုင်မလား။ ယောသပ်လို ထွက်ပြေးမလား၊ ဒါဝိဒ်လို အလျှော့ပေးမလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးနိုင်တယ်။ (က. ၃၉:၁၁-၁၅) အပြစ်ရဲ့ ဆိုးကျိုးတွေကို စဉ်းစားခြင်းအားဖြင့် “မကောင်းမှုကို မုန်း” လာပါလိမ့်မယ်။
ဘုရားရေးရာ ရတနာ
it-1 ၅၉၀ ပိုဒ်. ၁
ဒါဝိဒ်
ယေဟောဝါ မြင်တယ်။ မြင်တာတွေအားလုံးကို ဖော်ထုတ်ခဲ့တယ်။ ဒါဝိဒ်နဲ့ ဗာသရှေဘ အမှုကို မောရှေပညတ်ကို လိုက်နာတဲ့ လူ့တရားသူကြီးတွေသာ စီရင်မယ်ဆိုရင် ဒါဝိဒ်ရော၊ ဗာသရှေဘရော၊ ဖောက်ပြန်ပြီး ရတဲ့ သန္ဓေသားပါ မိခင်နဲ့အတူ အသတ်ခံရမှာ ဖြစ်တယ်။ (တရ ၅:၁၈။ ၂၂:၂၂) ဒါပေမဲ့ အဲဒီအမှုကို ယေဟောဝါ ကိုယ်တိုင် ကိုင်တွယ်တယ်။ နိုင်ငံတော် ပဋိညာဉ်ကြောင့် ကရုဏာ ပြခဲ့တယ်။ (၂ရှ ၇:၁၁-၁၆) ဒါဝိဒ်ကိုယ်တိုင် ကရုဏာ ပြခဲ့တာကြောင့် သေချာတယ်။ (၁ရှ ၂၄:၄-၇။ ယာ ၂:၁၃ နဲ့ နှိုင်းယှဉ်ပါ) အပြစ်ပြုသူတွေရဲ့ နောင်တကို ဘုရားသခင် သိမြင်လို့ ဖြစ်တယ်။ (ဆ ၅၁:၁-၄) ဒါပေမဲ့ ပြစ်ဒဏ်ပေးတာတော့ ခံရတယ်။ ပရောဖက် နာသန်ကတစ်ဆင့် ယေဟောဝါ ဒီလို ပြောခဲ့တယ်– “မင်းကို ဒုက္ခပေးမယ့်သူကို မင်းအိမ်သားတွေထဲကနေ ပေါ်လာစေမယ်။”—၂ရှ ၁၂:၁-၁၂။
ဇွန် ၂၀–၂၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ရှမွေလ ၁၃–၁၄
“အာမနုန်ရဲ့ အတ္တကြောင့် အဖြစ်ဆိုး ကြုံရ”
it-1 ၃၂
အဗရှလုံ
အာမနုန်ကို သတ်။ အဗရှလုံရဲ့ နှမ တာမာရဲ့ အလှကို အဖေတူ အမေကွဲ အစ်ကို အာမနုန် တမ်းတမ်းစွဲနေတယ်။ ဖျားဟန်ဆောင်ပြီး တာမာကို လူမမာစာ ချက်ပြုတ်ပေးဖို့ အခေါ်လွှတ်လိုက်တယ်။ ပြီးတဲ့နောက် စော်ကားလိုက်တယ်။ အာမနုန်ရဲ့ တဏှာအချစ်က ခါးသီးတဲ့ အမုန်းအဖြစ် ပြောင်းလဲသွားပြီး တာမာကို လမ်းပေါ် မောင်းထုတ်လိုက်တယ်။ အစင်းကြောင်း ပါတဲ့ ပိတ်စနဲ့ ချုပ်ထားတဲ့ အပျိုစင်တွေ ဝတ်တဲ့ ဝတ်ရုံကို ဆွဲဆုတ်၊ ခေါင်းပေါ် ပြာတင်ပြီး ထွက်လာတဲ့ တာမာကို အဗရှလုံ တွေ့သွားတယ်။ အဗရှလုံဟာ အခြေအနေကို ချက်ချင်း ရိပ်မိပြီး အာမနုန် ဖြစ်မယ်လို့ ထုတ်ပြောလိုက်တယ်။ ဒါက အဖေတူ အမေကွဲအစ်ကို အာမနုန်မှာ တဏှာရာဂစိတ် ရှိမှန်း ကြိုသိတယ်ဆိုတာ ဖော်ပြတယ်။ ဒီကိစ္စကို မပေါက်ကြားစေနဲ့လို့ ညီမကို ပြောပြီး အိမ်ခေါ်သွားလိုက်တယ်။—၂ရှ ၁၃:၁-၂၀။
ချုပ်တည်းခြင်းကို မွေးမြူပါ
၁၁ လိင်ကိစ္စမှာ ချုပ်တည်းမှု မရှိသူတွေရဲ့ သတိပေး ပုံနမူနာတွေလည်း ကျမ်းစာမှာ ပါတယ်။ မချုပ်တည်းလို့ ရနိုင်တဲ့ ဝမ်းနည်းဖွယ် ဆိုးကျိုးတွေကိုလည်း ဖော်ပြထားတယ်။ ကီမ်လို အခြေအနေမျိုး ကြုံရသူတွေဟာ ပညာအလိမ္မာ အခန်းကြီး ၇ မှာ ဖော်ပြထားတဲ့၊ အတွေ့အကြုံ မရှိတဲ့ လူငယ်အကြောင်း စဉ်းစားသုံးသပ်သင့်တယ်။ အာမနုန်ရဲ့ လုပ်ရပ်နဲ့ ဆိုးကျိုးတွေကိုလည်း စဉ်းစားကြည့်ပါ။ (၂ ရှ. ၁၃:၁၊ ၂၊ ၁၀-၁၅၊ ၂၈-၃၂) အထက်ပါ ကျမ်းချက်တွေကို သုံးပြီး မိသားစု ဝတ်ပြုမှုမှာ ရည်းစားထားခြင်းအကြောင်း ဆွေးနွေးခြင်းအားဖြင့် ချုပ်တည်းမှုနဲ့ ဉာဏ်ပညာ ရှိလာအောင် သားသမီးတွေကို မိဘတွေ ကူညီပေးနိုင်တယ်။
it-1 ၃၃ ပိုဒ်. ၁
အဗရှလုံ
နှစ်နှစ် ကြာသွားပြီ။ သိုးမွေးညှပ်ပွဲ ကျင်းပတဲ့ အချိန် ရောက်တဲ့အခါ အဗရှလုံဟာ ဂျေရုဆလင်မြို့ အရှေ့မြောက်ဘက် ၁၄ မိုင်အကွာမှာ ရှိတဲ့ ဗာလဟာဇော်အရပ်မှာ ပွဲကျင်းပပြီး ဒါဝိဒ်နဲ့ ဘုရင့်သားတော်တွေကို ဖိတ်ခေါ်တယ်။ ဖခင်က ပွဲမတက်ရောက်နိုင်ဘူးလို့ ပြောတဲ့အခါ ဖခင်အစား သားဦး အာမနုန်ကို တက်ရောက်ခိုင်းပါလို့ မရမက တောင်းဆိုတယ်။ (ပ ၁၀:၁၈) ပွဲမှာ အာမနုန် “ဝိုင်သောက်ပြီး ပျော်မြူးလာ” တဲ့အခါ သတ်ပစ်ဖို့ အဗရှလုံက သူ့လူတွေကို အမိန့်ပေးထားတယ်။ တခြားသားတော်တွေက ဂျေရုဆလင်မြို့ကို ထွက်ပြေးကြတဲ့အခါ အဗရှလုံက ဆီးရီးယားလူမျိုး အဘိုး နေတဲ့ ဂါလိလဲအိုင် အရှေ့ဘက်မှာ တည်ရှိတဲ့ ဂေရှုရိပြည်ကို ထွက်ပြေးသွားတယ်။ (၂ရှ ၁၃:၂၃-၃၈) ပရောဖက် နာသန် ကြိုဟောထားတဲ့ “ဓားဘေး” ကို ဒါဝိဒ်ရဲ့ “အိမ်သားတွေ” ကြုံရပြီး ဒါဝိဒ်ရဲ့ ကျန်တစ်ဘဝလုံး အဲဒီဘေးကို ခံစားခဲ့ရတယ်။—၂ရှ ၁၂:၁၀။
ဘုရားရေးရာ ရတနာ
န၀၄ ၁၂/၂၂ ၈-၉
တန်ဖိုးအရှိဆုံး အလှတရား
နှိုင်းယှဉ်တဲ့ အနေနဲ့ ဒါဝိဒ်ရဲ့ သားတော် အဗရှလုံကို ကြည့်ပါ။ အားကျစရာကောင်းအောင် ချောမောလှပပေမဲ့ ရွံမုန်းစရာကောင်းတဲ့သူ ဖြစ်သွားတယ်။ သူ့အကြောင်း ကျမ်းစာ ဒီလိုဆိုတယ်– “အစ္စရေးတစ်ပြည်လုံးမှာ အဗရှလုံလို လူတကာ ချီးမွမ်းလောက်အောင် ခံ့ညားတဲ့ ယောက်ျား တစ်ယောက်မှ မရှိဘူး။ ခြေဆုံးခေါင်းဆုံး အပြစ်ပြောစရာ တစ်ကွက်မှ မရှိဘူး။” (၂ ရှမွေလ ၁၄:၂၅) ဒါပေမဲ့ ရည်မှန်းချက်ကြီးတဲ့ အဗရှလုံဟာ ဖခင်ကို ပုန်ကန်ပြီး ထီးနန်းလုခဲ့တယ်။ ဖခင်ရဲ့ မောင်းမတွေနဲ့ အတူအိပ်တယ်။ ဒါကြောင့် အဗရှလုံဟာ ဘုရားရဲ့ အမျက်ဒေါသ သင့်ခဲ့ပြီး နာကျင်တဲ့ ဝေဒနာနဲ့ သေဆုံးခဲ့ရတယ်။—၂ ရှမွေလ ၁၅:၁၀-၁၄။ ၁၆:၁၃-၂၂။ ၁၇:၁၄။ ၁၈:၉၊ ၁၅။
အဗရှလုံကို သင် သဘောကျသလား။ သဘောကျမှာ မဟုတ်ဘူး။ အဗရှလုံဟာ တကယ်ကို ရွံမုန်းစရာ ကောင်းသူ ဖြစ်တယ်။ သူ့ရဲ့ အပြင်ပန်းအလှက သူ့ရဲ့ မာနနဲ့ သစ္စာမဲ့မှုကို မချေဖျက်ပေးနိုင်ဘူး။ မပျက်စီးအောင်လည်း မကာကွယ်ပေးနိုင်ဘူး။ ဒါပေမဲ့ ကျမ်းစာထဲမှာ ပုံနမူနာ ကောင်းတဲ့သူတွေအကြောင်း အများကြီး ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ရုပ်သွင်နဲ့ပတ်သက်ပြီး ဘာမှ မပြောထားဘူး။ အတွင်းစိတ်သဘောထား အလှက တန်ဖိုးအရှိဆုံးဆိုတဲ့ အထောက်အထားပါပဲ။
ဇွန် ၂၇–ဇူလိုင် ၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ရှမွေလ ၁၅–၁၇
“အဗရှလုံဟာ မာနကြီးပြီး ပုန်ကန်ခဲ့”
it-1 ၈၆၀
ရှေ့တော်ပြေး
ဘုရင့် မြင်းရထားရှေ့မှာ ရှေ့တော်ပြေးတွေ ထားပြီး ဘုရင် ကြွလာပြီဆိုတာကို အသိပေးတာက အရှေ့တိုင်းသားတွေရဲ့ ထုံးစံတစ်ခု ဖြစ်တယ်။ (၁ရှ ၈:၁၁) အဗရှလုံနဲ့ အဒေါနိယဟာ သူတို့ကိုယ်သူတို့ ချီးမြှောက်ဖို့၊ ဘုရင် ဖြစ်ထိုက်တယ်ဆိုတာ ပြသဖို့ သူတို့ရဲ့ မြင်းရထားရှေ့မှာ “ရှေ့တော်ပြေး အယောက် ၅၀” ကို ထပ်ခန့်ထားတယ်။—၂ရှ ၁၅:၁။ ၁ဘု ၁:၅။
လွတ်လပ်မှု ပေးတဲ့ ဘုရားသခင်ရဲ့ အမှုတော်ကို ဆောင်ပါ
၅ တခြားသူတွေအပေါ် အပျက်သြဇာ လွှမ်းမိုးခဲ့သူများစွာအကြောင်း သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီထဲက တစ်ယောက်က ဘုရင် ဒါဝိဒ်ရဲ့ သား အဗရှလုံ ဖြစ်တယ်။ အဗရှလုံက ခန့်ညားချောမောသူတစ်ဦး ဖြစ်တယ်။ စာတန်လိုပဲ သူဟာ မှားယွင်းတဲ့ အလိုဆန္ဒကို ကြီးထွားခွင့် ပြုခဲ့တယ်။ သူ့မှာ ဘုရင် ဖြစ်ဖို့ အခွင့်အရေး မရှိပေမဲ့ သူ့ဖခင်နေရာမှာ ဝင်ပြီး အုပ်ချုပ်ချင်ခဲ့တယ်။ သူ အလိုရှိတဲ့ ဘုရင့်အရိုက်အရာကို ရဖို့ ကောက်ကျစ်စဉ်းလဲစွာ ကြိုးစားရာမှာ အဗရှလုံက သူဟာ လူတွေကို အလွန် ကူညီပေးလိုကြောင်း၊ ဒါပေမဲ့ ဘုရင်ကတော့ အဲဒီလို မဟုတ်ကြောင်း လူတွေကို အယုံသွင်းခဲ့တယ်။ ဧဒင်ဥယျာဉ်ထဲက စာတန်လိုပဲ အဗရှလုံဟာ သူ့ကိုယ်သူ သူတော်ကောင်း ယောင်ဆောင်ပြီး တစ်ချိန်တည်းမှာ သူ့ဖခင်အကြောင်း သွားပုပ်လေလွင့် ပြောခဲ့တယ်။—၂ ရာ. ၁၅:၁-၅။
it-1 ၁၀၈၃-၁၀၈၄
ဟေဗြုန်
လေးနှစ် စေ့တဲ့အခါ အဗရှလုံက ဟေဗြုန်ကို ပြန်လာပြီး နန်းတက်ပွဲ ကျင်းပပေမဲ့ မအောင်မြင်ခဲ့ဘူး။ (၂ရှ ၁၅:၇-၁၀) ဟေဗြုန်မြို့ဟာ တစ်ချိန်က ယုဒတွေရဲ့ အရေးပါတဲ့ သမိုင်းဝင် မြို့တော် ဖြစ်ပြီး အဗရှလုံရဲ့ ဇာတိမြို့ ဖြစ်လို့ အဲဒီမြို့မှာ စပြီး နန်းတက်ဖို့ ရွေးချယ်ခဲ့တယ်။ နောက်ပိုင်းမှာ ဒါဝိဒ်ရဲ့ မြေး ရောဗောင်မင်းက ဟေဗြုန်မြို့ကို ပြန်တည်ဆောက်ခဲ့တယ်။ (၂ရ ၁၁:၅-၁၀) ဗာဗုလုန်တွေ ယုဒပြည်ကို ဖျက်ဆီးပြီး ပြည်နှင်ခံဂျူးတွေ ပြန်လာပြီးနောက်မှာ ပြည်တော်ပြန် ဂျူးတွေက ဟေဗြုန်မြို့ (ကိရယအာဘမြို့) မှာ အခြေချ နေထိုင်ခဲ့ကြတယ်။—နေ ၁၁:၂၅။
ဘုရားရေးရာ ရတနာ
မှန်ကန်တဲ့ အချက်အလက်တွေကို သင် သိရဲ့လား
၁၁ ကျွန်တော်တို့လည်း အမှန်တစ်ဝက်ပဲ ပါတဲ့၊ မပြည့်စုံတဲ့ သတင်းအချက်အလက်တွေကြောင့် မတရားခံရတာမျိုး ဖြစ်နိုင်တယ်။ ဘုရင် ဒါဝိဒ်နဲ့ မေဖိဗောရှက်တို့အကြောင်း သုံးသပ်ကြည့်ပါ။ ဒါဝိဒ်က မေဖိဗောရှက်ကို အဘိုး ရှောလုရဲ့ မြေယာအားလုံး ပြန်ပေးပြီး ရက်ရောမှုနဲ့ ကြင်နာမှု ပြခဲ့တယ်။ (၂ ရှ. ၉:၆၊ ၇) ဒါပေမဲ့ နောက်ပိုင်း မေဖိဗောရှက်အကြောင်း မကောင်းသတင်း ကြားခဲ့တယ်။ သတင်းမှန်မမှန် မစစ်ဆေးဘဲ မေဖိဗောရှက် ပိုင်ဆိုင်သမျှကို ဒါဝိဒ် ပြန်သိမ်းလိုက်တယ်။ (၂ ရှ. ၁၆:၁-၄) မေဖိဗောရှက်နဲ့ စကားပြန်ပြောတော့မှ မှားမှန်း သိပြီး သူ့ပိုင်ဆိုင်ရာ တချို့ကို ပြန်ပေးတယ်။ (၂ ရှ. ၁၉:၂၄-၂၉) မပြည့်စုံတဲ့ အချက်အလက်ကို အခြေခံပြီး အလျင်စလို ဆုံးဖြတ်မယ့်အစား အချက်အလက်အားလုံး ရဖို့ ဒါဝိဒ် အချိန်ယူခဲ့မယ်ဆိုရင် ဒီမတရားမှု မလုပ်မိအောင် ရှောင်နိုင်ခဲ့မှာပဲ။