ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏
ဧဇရမှတ်စာမှ ပေါ်လွင်ချက်များ
ရာဇဝင်ချုပ်ဒုတိယစာစောင်ပြီးသည်နှင့် ဧဇရမှတ်စာ စတင်သည်။ ကျမ်းရေးသူ ယဇ်ပုရောဟိတ်ဧဇရသည် ဤကျမ်းကို ဗာဗုလုန်တွင်နယ်နှင်ခံနေရသော ဂျူးအကြွင်းအကျန်များအား ပြည်တော်ပြန်ခွင့်ပေးသည့် ပါးရှားဘုရင်ကုရု၏ အမိန့်ထုတ်ပြန်ချက်ဖြင့် အစချီထား၏။ ပြည်သားရင်းများနှင့် ညစ်ညူးခဲ့သူတို့ကို သန့်စင်စေရန် ဧဇရလုပ်ဆောင်ခဲ့ရာများဖြင့် အဆုံးသတ်ထားသည်။ ဧဇရမှတ်စာသည် ဘီစီ ၅၃၇ မှ ၄၆၇ အထိ အနှစ် ၇၀ ကာလအတွင်း ဖြစ်ပျက်ခဲ့ရာများကို ခြုံငုံဖော်ပြသည်။
ဤကျမ်းကို ဧဇရရေးသားရသည့် ရည်ရွယ်ချက်မှာ ယေဟောဝါသည် မိမိလူမျိုးတော်ကို ဗာဗုလုန်နယ်နှင်ခံဘဝမှ လွတ်မြောက်စေကာ ယေရုရှလင်မြို့တွင် စစ်မှန်သောဝတ်ပြုရေး ပြန်လည်ထူထောင်စေမည်ဟူသောကတိတော်ကို မည်သို့ပြည့်စုံစေခဲ့ကြောင်း ဖော်ပြရန်ဖြစ်သည်။ ထို့ကြောင့် ဧဇရသည် ဤရည်ရွယ်ချက်နှင့်သက်ဆိုင်သည့် ဖြစ်ရပ်များကိုသာ အလေးပေးဖော်ပြသည်။ ဧဇရမှတ်စာသည် ဝတ်ပြုရာအိမ်တော်ကို မည်သို့ပြန်လည်တည်ဆောက်ခဲ့ကြောင်း၊ ဆန့်ကျင်မှုနှင့် ဘုရားသခင့်လူမျိုးတော်၏မစုံလင်မှုတို့ကြားမှ ယေဟောဝါ၏ဝတ်ပြုရေးကို မည်သို့ပြန်လည်ထူထောင်ခဲ့ကြောင်း ဖော်ပြသည့်ကျမ်းဖြစ်သည်။ ကျွန်ုပ်တို့လည်း ပြန်လည်ထူထောင်ရာကာလတွင် အသက်ရှင်နေထိုင်ကြရသည့်အတွက် ဤကျမ်းကို အထူးစိတ်ဝင်စားသင့်သည်။ လူများစွာသည် ‘ထာဝရဘုရားသခင်၏တောင်တော်ပေါ်သို့’ တသီတတန်းတက်သွားနေကြပြီး ကမ္ဘာမြေတစ်ပြင်လုံးလည်း ‘ထာဝရဘုရားသခင်၏ဘုန်းတော်ကို သိကျွမ်းခြင်းပညာနှင့်ပြည့်စုံ’ လာတော့မည်။—ဟေရှာယ ၂:၂၊ ၃; ဟဗက္ကုတ် ၂:၁၄။
ဝတ်ပြုရာအိမ်တော် ပြန်လည်တည်ဆောက်ခြင်း
နယ်နှင်ခံဂျူး ၅၀,၀၀၀ ခန့်သည် ကုရု၏လွတ်မြောက်ခွင့်အမိန့်ကို နာခံပြီး မြို့ဝန်ရှေရှဗာဇာ သို့မဟုတ် ဇေရုဗဗေလ၏ ဦးဆောင်မှုဖြင့် ယေရုရှလင်မြို့သို့ ပြန်လာကြသည်။ ပြည်တော်ပြန်များသည် ချက်ချင်းပင် ယဇ်ပလ္လင်တည်ကာ ယေဟောဝါထံ ယဇ်ပူဇော်ကြသည်။
နောက်တစ်နှစ်တွင် ဣသရေလလူတို့သည် ယေဟောဝါ၏အိမ်တော်ကို အုတ်မြစ်ချကြ၏။ ရန်သူများသည် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းကို အနှောင့်အယှက်ပေးကြရာ နောက်ဆုံးတွင် ဘုရင့်အမိန့်ဖြင့် လုပ်ငန်းကို ရပ်ဆိုင်းလိုက်ရသည်။ ပရောဖက်များဖြစ်ကြသော ဟဂ္ဂဲနှင့် ဇာခရိတို့၏အားပေးမှုကြောင့် ဣသရေလလူတို့သည် ပိတ်ပင်နေသည့်ကြားမှ ဝတ်ပြုရာအိမ်တော်ကို ပြန်လည်တည်ဆောက်ကြသည်။ ကုရုမင်း၏တစ်ချက်လွှတ်အမိန့်ဖြစ်သော ပါးရှားဥပဒေကို ဆန့်ကျင်ရာရောက်မည်စိုးသဖြင့် ရန်သူများအနေနှင့် အန္တရာယ်မပြုနိုင်ဘဲဖြစ်နေကြသည်။ ‘ယေရုရှလင်မြို့၏ ဘုရားသခင်အိမ်တော်’ နှင့်စပ်လျဉ်းသော ကုရုမင်း၏အမိန့်စာကို ရှာဖွေတွေ့ရှိခဲ့၏။ (ဧဇရ ၆:၅) တည်ဆောက်ရေးလုပ်ငန်းမှာ အဆင်ပြေချောမွေ့ ပြီး လက်စသတ်သွား၏။
ကျမ်းစာမေးခွန်းများ၏အဖြေ–
၁:၃-၆—ဇာတိမြေသို့ ဆန္ဒအလျောက်မပြန်ကြသည့် ဣသရေလလူတို့သည် ယုံကြည်ခြင်းအားနည်း၍လော။ ဣသရေလလူတချို့သည် ရုပ်ဝါဒဆန်ခြင်း သို့မဟုတ် စစ်မှန်သောဝတ်ပြုရေးကို တန်ဖိုးမထားခြင်းကြောင့် ယေရုရှလင်မြို့သို့ ပြန်မသွားကြခြင်းဖြစ်နိုင်သည်။ သို့သော် အခြေအနေတိုင်းတွင် ယင်းသို့မဟုတ်ချေ။ ဦးဆုံးအနေနှင့် ယေရုရှလင်မြို့သို့ မိုင် ၁,၀၀၀ ခရီးသည် လေးငါးလကြာ၏။ ထို့ပြင် အနှစ် ၇၀ ကြာ လူသူကင်းမဲ့နေသည့်တိုင်းပြည်တွင် ပြန်အခြေချကာ တည်ဆောက်ရေးလုပ်ငန်းများလုပ်ဆောင်ခြင်းက များစွာခွန်အားစိုက်ထုတ်ရပေမည်။ ကာယရေးမကျန်းမာမှု၊ အသက်အရွယ်ကြီးရင့်မှုနှင့် မိသားစုတာဝန်များအစရှိသည့် အခွင့်မသာမှုများကြောင့် လူတချို့ ပြန်မသွားကြခြင်းဖြစ်သည်။
၂:၄၃—နက်သနင်များကား မည်သူများနည်း။ ဝတ်ပြုရာအိမ်တော်တွင် ကျွန်များအဖြစ် အမှုဆောင်ကြသည့် ဣသရေလလူမျိုးမဟုတ်သူများဖြစ်သည်။ ၎င်းတို့အနက် တချို့မှာ ယောရှုအချိန်က ဂိဗောင်လူမျိုး၏ သားစဉ်မြေးဆက်များဖြစ်ကြပြီး အခြားသူတို့မူ “လေဝိသားတို့အမှုကို ဆောင်ရွက်စေခြင်းငှာ ဒါဝိဒ်နှင့်မှူးတော်မတ်တော်ခန့်ထားသော” သူများဖြစ်ကြသည်။—ဧဇရ ၈:၂၀။
၂:၅၅—ရှောလမုန်၏အစေခံကျွန်များကား အဘယ်သူများနည်း။ ယေဟောဝါ၏အမှုတော်ကိုထမ်းဆောင်ရန် အထူးအခွင့်အရေးရရှိထားသည့် ဣသရေလလူမျိုးမဟုတ်သူများ ဖြစ်ကြသည်။ သူတို့သည် ကျမ်းပြုဆရာများအဖြစ် ဝတ်ပြုရာအိမ်တော်တွင် အမှုဆောင်ကြပေမည် သို့မဟုတ် စီမံခန့်ခွဲရေးတာဝန်တချို့ကို ထမ်းဆောင်ကြပေမည်။
၂:၆၁-၆၃—ယေဟောဝါထံမှ အဖြေတောင်းခံရာတွင် အသုံးပြုခဲ့သော ဥရိမ်နှင့်သုမိမ်သည် ပြည်တော်ပြန်များတွင် ရှိသေးသလော။ မျိုးဆက်စာရင်းမပြနိုင်သော်လည်း ယဇ်ပုရောဟိတ်မျိုးရိုးမှဆင်းသက်လာသည်ဟု ပြောဆိုသူတို့သည် ဥရိမ်နှင့်သုမိမ်ကို အသုံးပြုခြင်းဖြင့် ၎င်းတို့၏အဆိုမှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့ကြသည်။ သို့သော် ဧဇရက ယင်းကို ဖြစ်နိုင်ခြေတစ်ခုအဖြစ်သာ ဖော်ပြ၏။ ထိုစဉ်က သို့မဟုတ် ၎င်းနောက်ပိုင်း ဥရိမ်နှင့်သုမိမ်ကို အသုံးပြုကြသည်ဟူသောမှတ်တမ်း ကျမ်းစာ၌ ဖော်ပြထားခြင်းမရှိပေ။ ဂျူးထုံးတမ်းအရ ဥရိမ်နှင့်သုမိမ်သည် ဘီစီ ၆၀၇ တွင် ဝတ်ပြုရာအိမ်တော်ပျက်စီးခြင်းနှင့်အတူ ကွယ်ပျောက်သွားခဲ့သည်ဟု ဆိုကြ၏။
၃:၁၂—ယေဟောဝါ၏ ‘အရင်ဝတ်ပြုရာအိမ်တော်ကိုမြင်ဖူးသော အသက်ကြီးသူတို့သည်’ အဘယ်ကြောင့် ငိုကြွေးခဲ့ကြသနည်း။ ရှောလမုန်တည်ဆောက်ခဲ့သည့် ဝတ်ပြုရာအိမ်တော်သည် မည်မျှကြီးကျယ်ခမ်းနားကြောင်း သူတို့သတိရကြပေမည်။ ဝတ်ပြုရာအိမ်တော်အသစ်၏အုတ်မြစ်ကို ယခင်အုတ်မြစ်နှင့် နှိုင်းယှဉ်ကြည့်လျှင် “[သူတို့] မျက်မှောက်၌ အဘယ်မျှမဟုတ်သကဲ့သို့” ဖြစ်နေ၏။ (ဟဂ္ဂဲ ၂:၂၊ ၃) ၎င်းတို့၏ကြိုးစားလုပ်ဆောင်မှုသည် ယခင်ဝတ်ပြုရာအိမ်တော်၏ ခမ်းနားထည်ဝါမှုကို မီပါဦးမည်လော။ သူတို့သည် စိတ်ပျက်အားငယ်ခဲ့ကြပေမည်။ သို့နှင့် သူတို့ငိုကြွေးခဲ့ကြသည်။
၃:၈-၁၀; ၄:၂၃၊ ၂၄; ၆:၁၅၊ ၁၆—ဝတ်ပြုရာအိမ်တော်ကို နှစ်ပေါင်းမည်မျှအချိန်ယူ၍ ပြန်လည်တည်ဆောက်ခဲ့ရသနည်း။ ဣသရေလအမျိုးသားများရောက်လာသည့် “ဒုတိယနှစ်” ဖြစ်သော ဘီစီ ၅၃၆ တွင် ဝတ်ပြုရာအိမ်တော်ကို အုတ်မြစ်ချခဲ့၏။ ဘုရင်အာတဇေရဇ်နန်းစံ ဘီစီ ၅၂၂ တွင် တည်ဆောက်ရေးလုပ်ငန်း ရပ်တန့်သွားပြီး ဒါရိမင်းနန်းစံ ဒုတိယနှစ်ဖြစ်သော ဘီစီ ၅၂၀ အထိ ယင်းလုပ်ငန်းကို ပိတ်ပင်ထား၏။ ဒါရိမင်း၏နန်းသက် ခြောက်နှစ်မြောက်တွင် သို့မဟုတ် ဘီစီ ၅၁၅ တွင် ဝတ်ပြုရာအိမ်တော်ဆောက်လုပ်ခြင်းကို လက်စသတ်လိုက်သည်။ (“ဘီစီ ၅၃၇ မှ ၄၆၇ အထိ အုပ်စိုးခဲ့ကြသည့် ပါးရှားဘုရင်များ” လေးထောင့်ကွက်ကိုရှု။) သို့နှင့် ဝတ်ပြုရာအိမ်တော်ဆောက်လုပ်ရေးသည် အနှစ် ၂၀ ခန့်ကြာ၏။
၄:၈–၆:၁၈—ဧဇရမှတ်စာ၏ ဤအပိုင်းကို အာရမိတ်ဘာသာစကားဖြင့် အဘယ်ကြောင့်ရေးသားထားသနည်း။ ဤအပိုင်းတွင် ဘုရင်များထံ အစိုးရအရာရှိတို့၏ ပေးစာများနှင့် ဘုရင်များ၏ပြန်စာများ ပါရှိသည်။ ဧဇရသည် ထိုခေတ်က ရုံးသုံးနှင့် စီးပွားရေးသုံး ဘာသာစကားဖြစ်သော အာရမိတ်ဘာသာဖြင့် ရေးသားထားသည့် ပြည်သူ့မှတ်တမ်းများမှ ကူးရေးခဲ့၏။ ရှေးကျသော ဤဆီးမိုက်ဘာသာစကားဖြင့် ရေးသားခဲ့သည့် အခြားသောကျမ်းပိုင်းများမှာ ဧဇရ ၇:၁၂-၂၆၊ ယေရမိ ၁၀:၁၁ နှင့် ဒံယေလ ၂:၄ခ-၇:၂၈ တို့ဖြစ်သည်။
ကျွန်ုပ်တို့အတွက်သင်ခန်းစာ–
၁:၂။ နှစ်ပေါင်း ၂၀၀ ခန့်က ဟေရှာယကြိုပြောခဲ့ရာသည် အမှန်ဖြစ်ပျက်လာခဲ့၏။ (ဟေရှာယ ၄၄:၂၈) ယေဟောဝါ၏နှုတ်မြွက်စကားတော်ပါ ပရောဖက်ပြုချက်များသည် မပြည့်စုံဘဲမနေရ။
၁:၃-၆။ ဗာဗုလုန်တွင်နေရစ်ခဲ့ကြသည့် ဣသရေလလူတချို့နည်းတူ ယေဟောဝါသက်သေများစွာသည် အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုတွင် မပါဝင်နိုင် သို့မဟုတ် သာ၍လိုအပ်သည့်ဒေသတွင် အမှုမဆောင်နိုင်ကြချေ။ သို့သော် ပါဝင်အမှုဆောင်နိုင်သူများကို အားပေးထောက်မပြီး ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်း တိုးတက်စေရန် အလှူငွေများ စေတနာအလျောက် လှူဒါန်းကြသည်။
၃:၁-၆။ ဘီစီ ၅၃၇၊ သတ္တမလ (တိရှရိလ၊ စက်တင်ဘာ/အောက်တိုဘာလနှင့်ထပ်တူကျ) တွင် သစ္စာရှိပြည်တော်ပြန်များသည် ပထမဦးဆုံးသောယဇ်ကောင်ကို ပူဇော်ခဲ့ကြသည်။ ဗာဗုလုန်လူမျိုးတို့သည် ဘီစီ ၆၀၇၊ ပဉ္စမလ (အာ့ဘ်လ၊ ဇူလိုင်/သြဂုတ်လနှင့်ထပ်တူကျ) တွင် ယေရုရှလင်မြို့ကိုဝင်စီးပြီး မီးရှို့ဖျက်ဆီးလိုက်သည်။ (၄ ဓမ္မရာဇဝင် ၂၅:၈-၁၇) ယေရုရှလင်မြို့၏ အနှစ် ၇၀ ကြာ လူသူကင်းမဲ့မှုသည် ကြိုပြောထားသည့်အတိုင်း အချိန်အတိအကျ အဆုံးသတ်သွား၏။ (ယေရမိ ၂၅:၁၁; ၂၉:၁၀) ယေဟောဝါ၏နှုတ်မြွက်စကားတော် ကြိုဟောထားရာမှန်သမျှ အမြဲဖြစ်ပျက်လာ၏။
၄:၁-၃။ သစ္စာရှိအကြွင်းအကျန်သည် မှားယွင်းသောဝတ်ပြုသူများနှင့် ဘာသာရေးရောနှောမှုပုံစံဖြစ်သွားမည့် ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ကြသည်။ (ထွက်မြောက်ရာ ၂၀:၅; ၃၄:၁၂) အလားတူ ယနေ့ ယေဟောဝါအားဝတ်ပြုသူများသည် ယုံကြည်ခြင်းရောနှောစေမည့် မည်သည့်လုပ်ရပ်များ၌မဆို မပါဝင်ကြချေ။
၅:၁-၇; ၆:၁-၁၂။ ယေဟောဝါသည် မိမိလူမျိုးတော်၏ အောင်မြင်မှုအတွက် ကိစ္စရပ်များကို စီစဉ်ပေးနိုင်တော်မူ၏။
၆:၁၄၊ ၂၂။ ယေဟောဝါ၏လုပ်ငန်းတော်တွင် စိတ်အားထက်သန်စွာ ပါဝင်လုပ်ဆောင်ခြင်းက ကိုယ်တော်၏မျက်နှာသာတော်နှင့်ကောင်းချီး ခံစားရရှိစေသည်။
၆:၂၁။ ယေဟောဝါ၏လုပ်ငန်းတော် တိုးတက်နေသည်ကို တွေ့ မြင်ရခြင်းက ဂျူးတိုင်းပြည်တွင် နေထိုင်ကြသည့် ရှမာရိလူမျိုးနှင့် အယူမှားသြဇာကို မလွန်ဆန်နိုင်ခဲ့ကြသည့် ပြည်တော်ပြန်များအား ၎င်းတို့၏ဘဝကို လိုအပ်သလို ပြုပြင်ပြောင်းလဲစေခဲ့သည်။ ကျွန်ုပ်တို့လည်း ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်ခြင်းလုပ်ငန်းအပါအဝင် ဘုရားသခင်ခန့်အပ်ထားသည့်လုပ်ငန်းတွင် စိတ်အားထက်သန်စွာ မပါဝင်သင့်ပေလော။
ယေရုရှလင်မြို့သို့ ဧဇရရောက်လာ
ပြန်လည်တည်ဆောက်ထားသော ယေဟောဝါ၏အိမ်တော်ကို ဆက်ကပ်အပ်နှံခဲ့သည်မှာ အနှစ်ငါးဆယ်ကုန်လွန်ခဲ့လေပြီ။ အချိန်ကား ဘီစီ ၄၆၈ ဖြစ်၏။ ဧဇရသည် လှူဒါန်းငွေများကိုဆောင်ယူကာ ဘုရားသခင့်လူမျိုးအကြွင်းအကျန်နှင့်အတူ ဗာဗုလုန်မှ ယေရုရှလင်မြို့သို့ ထွက်ခွာသွားသည်။ ထိုတွင် အဘယ်အရာကို သူတွေ့ရှိခဲ့သနည်း။
မင်းသားမှူးမတ်များက ဧဇရကို ဤသို့ဆိုကြ၏– “ယဇ်ပုရောဟိတ်၊ လေဝိသားအစရှိသော ဣသရေလအမျိုးသားတို့သည် ဤပြည်သားရင်းတို့နှင့်ပေါင်းဖော်သဖြင့် . . . ရွံရှာဖွယ်သောအကျင့်ကို ကျင့်ကြပါ၏။” ထို့ပြင် ‘အကြီးအကဲနှင့်မင်းအရာရှိတို့သည် ဤမကောင်းမှုကို အဦးပြုကြပြီ။’ (ဧဇရ ၉:၁၊ ၂) ဧဇရ တုန်လှုပ်ချောက်ချားသွားသည်။ သို့သော် “ရဲရင့်သောစိတ်ရှိ၍ ပြုတော်မူပါ” ဟု အားပေးခံရ၏။ (ဧဇရ ၁၀:၄) ဧဇရသည် ပြုပြင်ပြောင်းလဲမှုများပြုခဲ့ရာ လူတို့သည် တလိုတလားတုံ့ပြန်ကြသည်။
ကျမ်းစာမေးခွန်းများ၏အဖြေ–
၇:၁၊ ၇၊ ၁၁—ဤအခန်းငယ်အားလုံးက တည်ဆောက်ရေးလုပ်ငန်းကို ဟန့်တားခဲ့သည့် အာတဇေရဇ်ကို ရည်ညွှန်းသလော။ မရည်ညွှန်းပါ။ အာတဇေရဇ်ဟူသည် ပါးရှားဘုရင်နှစ်ပါး၏ ဘွဲ့နာမဖြစ်သည်။ ဘုရင်တစ်ပါးမှာ ဘီစီ ၅၂၂ တွင် ဝတ်ပြုရာအိမ်တော်တည်ဆောက်ရေးလုပ်ငန်းကို ရပ်ဆိုင်းစေခဲ့သည့် ဘားဒီးယား သို့မဟုတ် ဂေါ်မာတာ တစ်ဦးဦး ဖြစ်နိုင်သည်။ ယေရုရှလင်မြို့သို့ ဧဇရရောက်လာချိန်က အုပ်စိုးနေသည့်အာတဇေရဇ်မှာ အာတဇေရဇ် လောန်ဂင်မနပ်စ်ဖြစ်၏။
၇:၂၈–၈:၂၀—ဗာဗုလုန်ရှိ ဂျူးများစွာသည် အဘယ်ကြောင့် ဧဇရနှင့်အတူ ယေရုရှလင်သို့ မသွားလိုကြသနည်း။ ဂျူးလူမျိုးပထမတစ်သုတ်သည် မိမိတို့၏ဇာတိမြေသို့ ပြန်လာကြသည်မှာ အနှစ် ၆၀ ကျော် ကုန်လွန်ခဲ့ပြီဖြစ်သည့်တိုင် ယေရုရှလင်မြို့တွင် ဟိုတစ်စုသည်တစ်စုသာ နေထိုင်လျက်ရှိကြ၏။ ယေရုရှလင်မြို့သို့ပြန်လာခြင်းက ခက်ခဲပြီး အန္တရာယ်များသည့် အခြေအနေတွင် ဘဝသစ်ထူထောင်ကြရမည်ဖြစ်သည်။ ထိုစဉ်က ယေရုရှလင်မြို့၏အခြေအနေသည် ဗာဗုလုန်ပြည်တွင် ကောင်းစားခဲ့ဖွယ်ရှိသည့် ဂျူးများအတွက် အဘယ်ဆွဲဆောင်စရာမျှမရှိချေ။ လမ်းခရီးက အန္တရာယ်များကြောင်းကိုလည်း မမေ့အပ်ပေ။ ပြည်တော်ပြန်များသည် ယေရုရှလင်မြို့သို့ ပြောင်းရွှေ့ရန် ယေဟောဝါအား အခိုင်အမာယုံကြည်ကာ စစ်မှန်သောဝတ်ပြုရေးအတွက် ဇွဲရှိကြပြီး သတ္တိရှိဖို့လိုသည်။ ဧဇရသည်ပင် ယေဟောဝါ၏တန်ခိုးတော်ကြောင့် အားရှိခဲ့၏။ ဧဇရ၏အားပေးမှုကြောင့် အရေအတွက် ၆,၀၀၀ ရှိပုံရသော မိသားစု ၁,၅၀၀ က တုံ့ပြန်ခဲ့ကြသည်။ ဧဇရ ထပ်ဆင့်အစပြုလုပ်ဆောင်ခဲ့ခြင်းကြောင့် လေဝိသား ၃၈ ဦးနှင့် နက်သနင် ၂၂၀ တို့က တုံ့ပြန်ခဲ့ကြသည်။
၉:၁၊ ၂—ပြည်သားရင်းများနှင့် ထိမ်းမြားခြင်းက မည်မျှအန္တရာယ်ကြီးသနည်း။ ပြန်လည်ထူထောင်လာသည့်လူမျိုးသည် ယေဟောဝါ၏ဝတ်ပြုရေးကို မေရှိယရောက်လာသည်အထိ ထိန်းသိမ်းကာကွယ်ရန်ဖြစ်သည်။ အခြားသောတိုင်းတစ်ပါးသားများနှင့် လက်ထပ်ထိမ်းမြားခြင်းက စစ်မှန်သောဝတ်ပြုရေးအတွက် အမှန်တကယ်ခြိမ်းခြောက်မှုပင်။ အချို့သောသူတို့သည် ရုပ်ပုံကိုးကွယ်သူများနှင့် လက်ထပ်ထိမ်းမြားခဲ့ကြရာ ဣသရေလတစ်မျိုးလုံး အယူမှားလူမျိုးများနှင့် သွေးနှောနိုင်သည့် အခြေဆိုက်ရောက်သွားနိုင်သည်။ ထိုအခါ စင်ကြယ်သောဝတ်ပြုရေး လုံးဝကွယ်ပျောက်သွားနိုင်၏။ သို့ဆိုလျှင် မည်သူ့အတွက် မေရှိယရောက်လာရတော့မည်နည်း။ ထိုအဖြစ်အပျက်ကို မြင်တွေ့လိုက်ရသည့် ဧဇရ တုန်လှုပ်ချောက်ချားသွားခြင်းက အံ့အားသင့်စရာမဟုတ်ချေ။
၁၀:၃၊ ၄၄—သားသမီးများကို ဇနီးသည်များနှင့်အတူ အဘယ်ကြောင့် စွန့်ပယ်ရသနည်း။ သားသမီးများ နေရစ်ခဲ့မည်ဆိုလျှင် စွန့်ပစ်ခံရသည့်ဇနီးသည်များသည် ကလေးများကြောင့် ပြန်လာနိုင်စရာအကြောင်းပိုများပေမည်။ ထို့ပြင် ကလေးသူငယ်များသည် မိခင်၏ကြည့်ရှုစောင့်ရှောက်မှု လိုအပ်သည်။
ကျွန်ုပ်တို့အတွက်သင်ခန်းစာ–
၇:၁၀။ ကျမ်းစာကို ဝီရိယရှိရှိလေ့လာကာ ထိထိရောက်ရောက် သွန်သင်ပေးသူတစ်ဦးအနေနှင့် ဧဇရသည် ကျွန်ုပ်တို့အတွက် ပုံနမူနာဖြစ်သည်။ သူသည် ယေဟောဝါ၏တရားတော်ကိုစစ်ဆေးရန် ဆုတောင်း၍ နှလုံးကို အသင့်ပြင်ဆင်ခဲ့သည်။ စစ်ဆေးပြီးသောအခါ ဧဇရသည် ယေဟောဝါမိန့်ဆိုရာကို အစွမ်းကုန်အာရုံစိုက်ခဲ့၏။ ထို့နောက် မိမိသိရှိခဲ့ရာကို လက်တွေ့ကျင့်သုံးပြီး အခြားသူများကိုလည်း ကြိုးစား၍သွန်သင်ပေးလေသည်။
၇:၁၃။ ယေဟောဝါသည် တလိုတလားအမှုဆောင်သော ကျေးကျွန်များကို အလိုရှိတော်မူ၏။
၇:၂၇၊ ၂၈; ၈:၂၁-၂၃။ ဧဇရသည် ယေရုရှလင်မြို့သို့ ခရီးကြမ်းမနှင်မီ ယေဟောဝါအား စိတ်ရင်းမှန်ဖြင့် အသနားခံကာ ဂုဏ်တင်ချီးမွမ်းခဲ့သည်။ သူသည် ဘုရားသခင့်ဘုန်းတော်ထင်ရှားရေးအတွက် မိမိ၏အသက်ကိုပင် စွန့်လွှတ်လိုစိတ်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့အတွက် ကောင်းသောပုံနမူနာပင်။
၉:၂။ ကျွန်ုပ်တို့သည် “သခင်ဘုရား၌သာ” လက်ထပ်ထိမ်းမြားပါဟူသော တိုက်တွန်းချက်ကို အလေးအနက်ထားရမည်။—၁ ကောရိန္သု ၇:၃၉။
၉:၁၄၊ ၁၅။ မကောင်းသောသူတို့နှင့်ပေါင်းဖော်ခြင်းသည် ယေဟောဝါ၏မျက်နှာသာတော် ဆုံးရှုံးသွားစေနိုင်၏။
၁၀:၂-၁၂၊ ၄၄။ တိုင်းတစ်ပါးအမျိုးသမီးများနှင့် ထိမ်းမြားခဲ့သူတို့သည် နှိမ့်ချစွာ နောင်တယူကာ ၎င်းတို့၏မှားယွင်းသောလမ်းစဉ်ကို ပြုပြင်တည့်မတ်ခဲ့ကြသည်။ သူတို့၏စိတ်ထားနှင့်လုပ်ရပ်တို့ကို အတုယူထိုက်၏။
ယေဟောဝါသည် ကတိတည်တော်မူ၏
ဧဇရမှတ်စာသည် ကျွန်ုပ်တို့အတွက် အလွန်အဖိုးထိုက်ပေစွ။ ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို ဗာဗုလုန်နယ်နှင်ခံရခြင်းမှ ပြန်လွတ်မြောက်စေကာ ယေရုရှလင်မြို့တွင် စစ်မှန်သောဝတ်ပြုရေးကို ပြန်လည်ထူထောင်စေမည်ဟူသောကတိအတိုင်း အချိန်အတိအကျ ပြုလုပ်ပေးတော်မူခဲ့၏။ ယင်းက ယေဟောဝါနှင့် ကိုယ်တော့်ကတိတော်အပေါ် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်မြဲစေသည်မဟုတ်လော။
ဧဇရမှတ်စာတွင်ပါရှိသည့် ပုံနမူနာများကိုလည်း စဉ်းစားကြည့်ပါ။ ယေရုရှလင်မြို့တွင် စင်ကြယ်သောဝတ်ပြုရေးကို ပြန်လည်ထူထောင်ခဲ့ကြသည့် ဧဇရနှင့် အကြွင်းအကျန်သည် ဘုရားသခင်အားဆည်းကပ်ဝတ်ပြုရန် ပုံနမူနာကောင်းဖြစ်ခဲ့ကြသည်။ ထို့ပြင် ဤကျမ်းသည် ဘုရားသခင်အား ကြောက်ရွံ့သည့် တိုင်းတစ်ပါးသားများ၏ ယုံကြည်ခြင်းနှင့် မိမိအမှားကိုဝန်ခံ၍ နောင်တယူခဲ့ကြသူတို့၏ နှိမ့်ချသောစိတ်ထားကို ပေါ်လွင်စေသည်။ ‘ဘုရားသခင်၏နှုတ်မြွက်စကားသည် အသက်ရှင်၍ တန်ခိုးနှင့်ပြုပြင်တတ်’ ကြောင်း ဧဇရ၏မှုတ်သွင်းခံစကားများက အမှန်ပင် အထင်အရှား သက်သေထူသည်။—ဟေဗြဲ ၄:၁၂။
[စာမျက်နှာ ၁၈ ပါ ဇယား/ ရုပ်ပုံ]
ဘီစီ ၅၃၇ မှ ၄၆၇ အထိ အုပ်စိုးခဲ့ကြသည့် ပါးရှားဘုရင်များ
မဟာကုရု (ဧဇရ ၁:၁) ၅၃၀ တွင်ကွယ်လွန်
ကဲမ်ဘိုင်းဆစ္စ သို့မဟုတ် အာရွှေရု (ဧဇရ ၄:၆) ဘီစီ ၅၃၀-၂၂
အာတဇေရဇ်—ဘားဒီးယား (ဧဇရ ၄:၇) ဘီစီ ၅၂၂ (ခုနစ်လသာ သို့မဟုတ် ဂေါ်မာတာ အုပ်စိုးပြီးနောက် လုပ်ကြံသတ်ဖြတ်ခံရ)
ပထမမြောက် ဒါရိမင်း (ဧဇရ ၄:၂၄) ဘီစီ ၅၂၂-၄၈၆
ဇခ်စိဇ် သို့မဟုတ် ဘီစီ ၄၈၆-၇၅(ဘီစီ ၄၉၆-၈၆ အထိ ပထမမြောက် အာရွှေရုa ဒါရိမင်းနှင့်အတူပူးတွဲအုပ်ချုပ်ခဲ့)
အာတဇေရဇ် (ဧဇရ ၇:၁) ဘီစီ ၄၇၅-၂၄
လောန်ဂင်မနပ်စ်
[အောက်ခြေမှတ်ချက်]
a ဧဇရမှတ်စာတွင် ဇခ်စိဇ်အကြောင်း မဖော်ပြထားချေ။ သူ့ကို ဧသတာဝတ္ထုတွင် အာရွှေရုဟုဖော်ပြထား၏။
[ရုပ်ပုံ]
အာရွှေရု
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ကုရုမင်း
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
သုံ့ပန်းများအားပြည်တော်ပြန်စေသည့်အမိန့်စာပါရှိသော ကုရုဆလင်ဒါ
[Credit Line]
ဆလင်ဒါ– Photograph taken by courtesy of the British Museum
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
အဘယ်အရာက ဧဇရအားထိရောက်သောသွန်သင်သူတစ်ဦး ဖြစ်စေကြောင်း သင်သိပါသလော