ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၁/၁၅ စာ. ၁၅-၂၀
  • ယောဘ၏ ဆုကျေးဇူး —မျှော်လင့်ခြင်း၏ အရင်းအမြစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယောဘ၏ ဆုကျေးဇူး —မျှော်လင့်ခြင်း၏ အရင်းအမြစ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရဲရင့်စွာ ယောဘသက်သေခံ
  • ဧလိဟု ပြောဆိုလေ၏
  • ယောဘကို ယေဟောဝါဖြေဆိုတော်မူ၏
  • ဗေဟမုတ်နှင့် လဝိသန်
  • ကတိထားတော်မူသော ဆုကျေးဇူးများက ကျွန်ုပ်တို့အား မျှော်လင့်ချက်ရှိစေ
  • နာကျင်မှုကို ယေဟောဝါ ကုသပေးခဲ့
    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ
  • ယောဘသည် ယေဟောဝါ၏ နာမတော်ကို ဂုဏ်တင်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • တည့်မတ်ပေးခြင်းကိုခံယူသော စံထားအပ်သူတစ်ဦး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယောဘကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၁/၁၅ စာ. ၁၅-၂၀

ယောဘ၏ ဆုကျေးဇူး —မျှော်လင့်ခြင်း၏ အရင်းအမြစ်

“ထာဝရဘုရားသည် ယောဘ၏ ရှေ့ဖြစ်ဟန်ကို ကောင်းချီးပေးတော်မူသည်ထက် နောက်ဖြစ်ဟန်ကို သာ၍ ကောင်းချီးပေးတော်မူ . . . ၏။”—ယောဘ ၄၂:၁၂။

၁။ စုံစမ်းခြင်းများကြောင့် အလွန်အားနည်းနေသည့်တိုင် မိမိလူမျိုးတော်အတွက် ယေဟောဝါ ဘာလုပ်ပေးသနည်း။

ယေဟောဝါသည် “ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်။” (ဟေဗြဲ ၁၁:၆) ကိုယ်တော့်အား ဆက်ကပ်အပ်နှံထားသူများကို စုံစမ်းခြင်းများက လူသေများပမာ အားမရှိသည့်တိုင် ပြုလုပ်ငြား ရဲရင့်စွာသက်သေခံနိုင်ကြရန် သူတို့ကိုလည်း ကိုယ်တော်လှုံ့ဆော်ပေးတော်မူသည်။ (ယောဘ ၂၆:၅; ဗျာဒိတ် ၁၁:၃၊ ၇၊ ၁၁) ဒုက္ခဝေဒနာခံရသော ယောဘ၏အဖြစ်တွင် ထိုအတိုင်းဖြစ်ပျက်ခဲ့သည်။ နှစ်သိမ့်မှုပေးဟန်ဆောင်သူ သုံးဦးတို့က သူ့အား မဟုတ်မတရားလုပ်ကြံပြောဆိုခဲ့ကြသော်လည်း လူကိုကြောက်ခြင်းဖြင့် နှုတ်ပိတ်နေမည့်အစား ရဲရင့်စွာ သက်သေခံခဲ့ပါသည်။

၂။ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အခက်အခဲများကို ခံခဲ့ရသော်လည်း ယေဟောဝါသက်သေများသည် စုံစမ်းခြင်းများကို ကျော်လွှားပြီးနောက် မည်သို့ဖြစ်လာကြသနည်း။

၂ ယေဟောဝါ၏ မျက်မှောက်ခေတ် သက်သေခံ မြောက်မြားစွာတို့သည် ထပ်တူပင် အကြီးအကျယ် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အခက်အခဲများကို သေလုမြောပါး ခံခဲ့ကြရသည်။ (၂ ကောရိန္သု ၁၁:၂၃) သို့ရာတွင် ယောဘနည်းတူ သူတို့သည် ဘုရားသခင်အပေါ်ချစ်မြတ်နိုးခြင်းကိုတင်ပြကြကာ ဖြောင့်မတ်ခြင်းတရားကို ကျင့်သုံးခဲ့ကြသည်။ (ယေဇကျေလ ၁၄:၁၄၊ ၂၀) သူတို့လည်း စုံစမ်းခြင်းများကို ကျော်လွှားခဲ့ပြီး ရဲရင့်စွာ သက်သေခံရန် ခွန်အားပိုများလာလျက် စစ်မှန်သောမျှော်လင့်ချက် ပြည့်တင်းကာ ယေဟောဝါအလိုတော်ကို ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချကြသည်။

ရဲရင့်စွာ ယောဘသက်သေခံ

၃။ ယောဘ၏နောက်ဆုံးစကားတွင် မည်ကဲ့သို့သောသက်သေခံချက်ကို ပေးသနည်း။

၃ သူ၏နောက်ဆုံးစကားတွင် ယခင်ကထက် သာ၍ပင် ထူးကဲသောသက်သေခံချက်ကို ယောဘပေးခဲ့သည်။ မိမိအား နှစ်သိမ့်မှုပေးဟန်ဆောင်သူတို့ကို လုံးဝနှုတ်ပိတ်သွားစေခဲ့သည်။ ပစ်ပစ်ခါခါ ထေ့ငေါ့ပြီး သူဤသို့ပြောဆိုခဲ့သည်– “သင်သည် ခွန်အားမဲ့သူကို မည်မျှအထောက်အကူဖြစ်ခဲ့ပါသည်တကား!” (ယောဘ ၂၆:၂၊ ကဘ) ကျွန်ုပ်တို့၏ကမ္ဘာမြေကြီးကို တန်ခိုးတော်အားဖြင့် လွတ်လပ်လဟာ၌ ဆွဲထားတော်မူ၍ ရေသယ်ပိုးထားသည့် မိုးတိမ်တို့ကို မြေကြီးအထက်တွင် ဖြန့်ထားတော်မူသည့် ယေဟောဝါကို ယောဘ ချီးကျူးထောမနာပြု၏။ (ယောဘ ၂၆:၇-၉) သို့တိုင် ဤအံ့ဖွယ်ရာများသည် ‘ယေဟောဝါ၏နည်းလမ်းတော်၏ အကာမျှသာတည်း’ ဟုယောဘဆိုပါသည်။—ယောဘ ၂၆:၁၄။

၄။ သစ္စာသမာဓိအကြောင်း ယောဘ ဘာပြောသနည်း။ ထိုသို့ သူအဘယ်ကြောင့် ပြောဆိုနိုင်သနည်း။

၄ မိမိအပြစ်ကင်းခြင်းကို စိတ်ချစွာဖြင့် ယောဘ ဤသို့ကြွေးကြော်သည်– “ငါသည် မသေမီတိုင်အောင် ငါ၏သမာဓိကို ငါ့ထံမှ ဖယ်ရှားမည်မဟုတ်!” (ယောဘ ၂၇:၅၊ ကဘ) သူ့အား မဟုတ်မမှန် စွပ်စွဲထားသည့် စကားများအတိုင်း မဟုတ်ဘဲ သူခံနေရသည့်ဒုက္ခကို ခံထိုက်ရန် သူသည် အဘယ်အပြစ်ကိုမျှ မပြုခဲ့ပေ။ ဖောက်ပြန်သူများ၏ ဆုတောင်းချက်များကို ယေဟောဝါ နားညောင်းတော်မမူသော်လည်း သမာဓိစောင့်သိသူများကိုကား ဆုကျေးဇူးပေးတော်မူကြောင်း ယောဘသိပါသည်။ ယင်းက ကျွန်ုပ်တို့အား သတိရစေမည်မှာ များမကြာမီဖြစ်မည့် အာမဂေဒုန်မုန်တိုင်းတွင် လူဆိုးတို့ကို အခွင့်အာဏာရှိ သူတို့၏နေရာမှ ထုတ်နုတ်ပြီး ဘုရားသခင်၏ မညှာတာသောလက်တော်မှ သူတို့လွတ်လိမ့်မည်မဟုတ်ကြောင်း ဖြစ်သည်။ ထိုအချိန်တိုင်အောင် ယေဟောဝါ၏လူမျိုးသည် သူတို့၏ သစ္စာသမာဓိလမ်းစဉ်အတိုင်း လိုက်လျှောက်ကြပါလိမ့်မည်။—ယောဘ ၂၇:၁၁-၂၃။

၅။ စစ်မှန်သောအသိဉာဏ်ပညာကို ယောဘ မည်သို့ရှင်းပြသနည်း။

၅ လူသည် မိမိတို့၏ ကျွမ်းကျင်ရာများကို အသုံးပြုကာ မြေကြီးမှလည်းကောင်း၊ ပင်လယ်မှလည်းကောင်း ရွှေ၊ ငွေနှင့် အခြားဘဏ္ဍာတို့ကို ရှာဖွေတွေ့ရှိခဲ့ကြကြောင်း ယောဘပြောဆိုစဉ် လောကီရေးရာ၌ ပညာရှိသူသုံးဦးတို့သည် နားထောင်နေကြောင်းကို မြင်ယောင်ကြည့်ပါ။ သို့သော် “ဉာဏ်ပညာအိတ်အပြည့်သည် ပုလဲအပြည့်ရှိသောအိတ်ထက် သာ၍အဖိုးထိုက်၏” ဟုသူပြောသည်။ (ယောဘ ၂၈:၁၈၊ ကဘ) ယောဘအား နှစ်သိမ့်မှုပေးဟန်ဆောင်သူတို့သည် စစ်မှန်သော ဉာဏ်ပညာကို မဝယ်နိုင်ကြချေ။ ယင်း၏ အရင်းအမြစ်သည် လေ၊ မိုး၊ လျှပ်စီးနှင့် မိုးကြိုးကို ဖန်ဆင်းတော်မူသောအရှင် ဖြစ်သည်။ “ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့် ဒုစရိုက်ကို ရှောင်ခြင်းသည် ဉာဏ်ဖြစ်ကြောင်း” ကား အမှန်တကယ်ပင်ဖြစ်သည်။—ယောဘ ၂၈:၂၈။

၆။ အစောပိုင်းအသက်တာအကြောင်း ယောဘ အဘယ်ကြောင့်ပြောဆိုခဲ့ရသနည်း။

၆ ယောဘသည် ဒုက္ခဝေဒနာများကို ခံရသော်လည်း ယေဟောဝါအားဝတ်ပြုမှုကို မစွန့်လွှတ်ပါ။ အမြင့်မြတ်ဆုံးသောအရှင်သခင်၏ အထံတော်မှ သွေဖည်မည့်အစား ဤသမာဓိရှိသူသည် ယခင်က မိမိ၌ရှိခဲ့သော “ဘုရားသခင်နှင့်အကျွမ်းဝင်ခွင့်” ကိုသူတမ်းတမိသည်။ (ယောဘ ၂၉:၄၊ သမ) ယောဘက မိမိသည် ‘ခိုကိုးရာမဲ့သူကို ကယ်လွှတ်ကြောင်း၊ ဖြောင့်မတ်ခြင်းကို ဝတ်ဆင်ခြုံရုံကြောင်း၊ နွမ်းပါးသူတို့၏ အဘဖြစ်ကြောင်း’ ထုတ်ဖော်ပြောဆိုခြင်းသည် ကြွားဝါနေခြင်းမဟုတ်ပါ။ (ယောဘ ၂၉:၁၂-၁၆) ယင်းအစား ယေဟောဝါ၏ သစ္စာရှိကျေးကျွန်တစ်ဦးအနေနှင့် မိမိ၏ဘဝအသက်တာ အဖြစ်အပျက်မှန်များကို ဖော်ပြနေခြင်းသာဖြစ်သည်။ ဤမျှချီးမွမ်းဖွယ်ကောင်းသောမှတ်တမ်းကို အသင်ပြုစုပျိုးထောင်ခဲ့ပြီလော။ တစ်ကြိမ်တည်းတွင် ယောဘသည် ဘုရားတရားကြည်ညိုဟန်ဆောင်သူ သုံးဦးတို့၏ စွပ်စွဲချက်များသည် မဟုတ်မမှန်ကြောင်းကိုလည်း ဖော်ထုတ်နေခြင်းဖြစ်သည်။

၇။ ယောဘသည် အဘယ်ကဲ့သို့သောလူစား ဖြစ်ခဲ့သနည်း။

၇ ‘မိမိ၏သိုးစုကို စောင့်သောခွေးတို့တွင်မျှ သူနေရာပေးမည်မဟုတ်သော အဘတို့၏’ ပိုအသက်ငယ်သော သူငယ်တို့က ယောဘကို ပြက်ရယ်ပြုခဲ့ကြသည်။ သူသည် ရွံရှာခံရ၍ တံတွေးထွေး ခံရ၏။ အကြီးအကျယ် ဒုက္ခဝေဒနာခံနေရသော်လည်း ယောဘအား ကိုယ်ချင်းစာနာစိတ် မရှိကြပါ။ (ယောဘ ၃၀:၁၊ ၁၀၊ ၃၀) သို့သော်လည်း ယေဟောဝါထံ သူ့ကိုယ်သူ လုံးလုံးလျားလျား အပ်နှံ၍သစ္စာရှိသောကြောင့် သူ၏သြတ္တပ္ပစိတ်ကြည်လင်စွာဖြင့် ဤသို့ဆိုနိုင်သည်– “ကိုယ်တော်သည် တိကျသောချိန်ခွင်၌ ငါ့ကိုချိန်၍ ဘုရားသခင်သည် ငါ၏သမာဓိကို သိတော်မူလိမ့်မည်။” (ယောဘ ၃၁:၆၊ ကဘ) ယောဘသည် မတရားမေထုန်ပြုသူ၊ သို့မဟုတ် စဉ်းလဲသောသူမဟုတ်ပါ။ ဆင်းရဲသောသူကို မကူညီဘဲမနေခဲ့ချေ။ ချမ်းသာသော်လည်း စည်းစိမ်ကို ကိုးစားခဲ့သူမဟုတ်ပါ။ ထို့ပြင် လကဲ့သို့သော သက်မဲ့အရာများကို စိတ်စွဲလမ်းခြင်းအားဖြင့် ယောဘသည် ရုပ်ကိုးကွယ်ခြင်းကို မပြုခဲ့ပေ။ (ယောဘ ၃၁:၂၆-၂၈) ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းဖြင့် သစ္စာသမာဓိစောင့်သိသူတစ်ဦးအဖြစ် ပုံသက်သေကောင်း ချမှတ်ခဲ့သည်။ ဒုက္ခဝေဒနာအမျိုးမျိုး ခံရပြီး နှစ်သိမ့်မှုပေးဟန်ဆောင်သူများ ရောက်ရှိနေသော်လည်း ယောဘသည် ပိုင်နိုင်ကျွမ်းကျင်စွာ ခုခံပြောဆိုကာ အလွန်ကောင်းသော သက်သေခံချက်ကို ပေးခဲ့သည်။ ကုန်စင်အောင် သူပြောဆိုပြီးနောက် မိမိ၏တရားသူကြီးနှင့် ဆုကျေးဇူးပေးသနားရှင်အဖြစ် ဘုရားသခင်ကို သူမျှော်ကိုးခဲ့သည်။—ယောဘ ၃၁:၃၅-၄၀။

ဧလိဟု ပြောဆိုလေ၏

၈။ ဧလိဟုကား မည်သူနည်း။ ရိုသေလေးစားမှုနှင့် ရဲရင့်ခြင်းကိုပါ သူမည်သို့တင်ပြခဲ့သနည်း။

၈ အနီးအနားတွင် နာခေါ်၏သား ဗုဇအမျိုးအနွယ်ဖြစ်၍ ယေဟောဝါ၏မိတ်ဆွေ အာဗြဟံနှင့် အမျိုးဝေးသူ လူငယ်ဧလိဟုရှိနေသည်။ (ဟေရှာယ ၄၁:၈) စကားအချေအတင်ဖြစ်နေသည့် နှစ်ဖက်စလုံးကို ဂရုစိုက်နားထောင်ခြင်းအားဖြင့် ဧလိဟုသည် အသက်ကြီးသူများကို ရိုသေလေးစားကြောင်း ဖော်ပြသည်။ သို့တိုင် သူတို့၏မှားယွင်းနေသောကိစ္စနှင့်ပတ်သက်၍ ရဲရင့်စွာ သူဖော်ထုတ်ပြောဆိုဝံ့သည်။ ဥပမာ၊ ယောဘက “ဘုရားသခင်ထက် မိမိဖြောင့်မတ်ကြောင်းကို ပြသောကြောင့်” သူအမျက်ဒေါသထွက်ခဲ့သည်။ နှစ်သိမ့်ပေးဟန်ဆောင်သူတို့ကို ဧလိဟု အထူးအမျက်ထွက်ပါသည်။ သူတို့ပြောဆိုသောစကားများသည် ဘုရားသခင်ကို ဂုဏ်တင်သယောင်ယောင်နှင့် အမှန်မှာ အငြင်းပွားချက်တွင် စာတန်ဘက် ဘက်လိုက်ခြင်းအားဖြင့် ဘုရားသခင်ကို ရှုတ်ချပါသည်။ “ပြောစရာစကားနှင့် ပြည့်ဝ” ၍သန့်ရှင်းသော ဝိညာဉ်တော်၏ လှုံ့ဆော်မှုကို ခံရကာ ဧလိဟုသည် အဘယ်သူ၏မျက်နှာကိုမျှမထောက်သော ယေဟောဝါ၏သက်သေဖြစ်သည်။—ယောဘ ၃၂:၂၊ ၁၈၊ ၂၁။

၉။ ယောဘသည် ပြန်နာလန်ထူရန် အရိပ်အယောင်ရှိကြောင်းကို ဧလိဟု မည်သို့တင်ပြသနည်း။

၉ ယောဘသည် ဘုရားသခင်၏ သင်္ကာယနကင်းရှင်းရေးထက် မိမိကိုယ်တိုင် သင်္ကာယနကင်းရှင်းရေးကို ပိုအရေးပေးနေပါသည်။ အမှန်မှာ ဘုရားသခင်နှင့်ပင် သူအငြင်းပွားသေးသည်။ သို့သော် ယောဘသည် သေလုမြောပါးဖြစ်နေစဉ် ပြန်နာလန်ထူရန် အရိပ်အယောင်ရှိသည်။ မည်သို့အားဖြင့်နည်း။ ယောဘအား ယေဟောဝါသိစေလိုတော်မူသော ဤသတင်းကို ဧလိဟုပြောဆိုရန် တိုက်တွန်းခံခဲ့ရသည်– “သင်္ချိုင်းတွင်းထဲသို့ ထိုသူကို မဆင်းစေဘဲ ကယ်တင်လော့! ရွေးရာအကြောင်းကို ငါတွေ့ပြီ . . . ထိုသူသည် သူငယ်ထက် အသားအရေနုထွား၍ ပျိုသောအသက်နှင့်တစ်ဖန် ပြည့်စုံလိမ့်မည်။”—ယောဘ ၃၃:၂၄၊ ၂၅။

၁၀။ ယောဘသည် အဘယ်အထိ စုံစမ်းခံရဖို့ ဖြစ်သနည်း။ သို့သော် ၁ ကောရိန္သု ၁၀:၁၃ အရ ကျွန်ုပ်တို့သည် အဘယ်အရာကို စိတ်ချနိုင်သနည်း။

၁၀ လူသည် သမာဓိစောင့်သိခြင်းအားဖြင့် ဘုရားသခင်၌ မွေ့လျော်ခြင်းသည် အကျိုးမရှိဟု ယောဘပြောဆိုခဲ့သောအမှားကို ဧလိဟုပြုပြင်ပေးပါသည်။ ဧလိဟုက ဤသို့ဆိုသည်– “လူ့အပြုအမူကို ဆပ်ပေး . . . တော်မူသော အနန္တတန်ခိုးရှင် ဘုရားသခင်သည် မတရားမှု၊ ဒုစရိုက်မှုနှင့် ကင်းဝေးတော်မူပါစေသော!” မိမိ၏ဖြောင့်မတ်ခြင်းကို အထူးတလည်ဖော်ပြခြင်းအားဖြင့် ယောဘသည် စိတ်လိုက်မာန်ပါ ပြုခဲ့သော်လည်း အသိပညာနှင့် ထိုးထွင်းဉာဏ် နည်းသောကြောင့် ထိုသို့ပြုခဲ့ခြင်းဖြစ်သည်။ ဧလိဟုက ဤသို့ထပ်ဆင့်ပြောသည်– “ယောဘသည် နာကျင်စွာ ပြောဆိုသူတို့တွင် သူ၏ဖြေကြားချက်များအပေါ် အဆုံးစွန်စုံစမ်းခြင်းကို ခံရပါစေသော။” (ယောဘ ၃၄:၁၀၊ ၁၁၊ ၃၅၊ ၃၆၊ ကဘ) ထိုနည်းတူ ကျွန်ုပ်တို့သည် တစ်နည်းနည်းဖြင့် ‘အဆုံးစွန်စုံစမ်းခြင်းကိုခံရ’ မှသာလျှင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့် သမာဓိကို အပြည့်အဝထင်ရှားပြနိုင်ပါလိမ့်မည်။ မည်သို့ဆိုစေကာမူ ကျွန်ုပ်တို့၏မေတ္တာရှင် ကောင်းကင်ခမည်းတော်သည် ကျွန်ုပ်တို့မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို ခံရရန် ခွင့်ပြုတော်မူမည်မဟုတ်ပါ။—၁ ကောရိန္သု ၁၀:၁၃။

၁၁။ အကြီးအကျယ်စမ်းသပ်ခံရသည့်အခါ ဘာကိုသတိရသင့်သနည်း။

၁၁ ယောဘသည် မိမိ၏ဖြောင့်မတ်ခြင်းကို အလွန်အမင်းအရေးပေးနေကြောင်း ဧလိဟုကထပ်၍ပြောသည်။ ကျွန်ုပ်တို့၏ ကြီးမြတ်တော်မူသောပြုလုပ်သူကို အာရုံစူးစိုက်သင့်သည်။ (ယောဘ ၃၅:၂၊ ၆၊ ၁၀) ဘုရားသခင်သည် “မတရားသောသူတို့၏အသက်ကို စောင့်တော်မမူ။ ဆင်းရဲခံရသောသူတို့ဘက်၌ တရားစီရင်တော်မူ၏” ဟုဧလိဟုပြောပြသည်။ (ယောဘ ၃၆:၆) ဘုရားသခင်၏လမ်းစဉ်ကို စီရင်၍ ကိုယ်တော်သည် မတရားသောအမှုကိုပြုပြီဟု မည်သူမျှဆိုနိုင်မည်မဟုတ်။ ကျွန်ုပ်တို့သိနိုင်သည်ထက် ကိုယ်တော်သည် ပိုမို၍ကြီးမြတ်တော်မူသဖြင့် ကိုယ်တော်၏အသက်တော်နှစ်ပေါင်းကိုလည်း ရေတွက်၍ မကုန်နိုင်ပါ။ (ယောဘ ၃၆:၂၂-၂၆) အပြင်းအထန်စမ်းသပ်ခံရသည့်အခါ ကျွန်ုပ်တို့၏ထာဝရဘုရားသခင်သည် ဖြောင့်မတ်တော်မူ၍ ကိုယ်တော်၏ဘုန်းတော်ထင်ရှားစေသည့် ကျွန်ုပ်တို့၏သစ္စာရှိလုပ်ရပ်များကို ဆုကျေးဇူးပေးတော်မူမည်ဖြစ်ကြောင်း သတိရပါ။

၁၂။ လူဆိုးတို့ကို ဘုရားသခင် တရားစီရင်တော်မူမည့်အကြောင်းနှင့်ပတ်သက်၍ ဧလိဟု၏ နိဂုံးချုပ်စကားများက မည်သို့တင်ပြသနည်း။

၁၂ ဧလိဟု ပြောဆိုနေစဉ် မုန်တိုင်းစပျိုးနေသည်။ မုန်တိုင်းနီးလာလေ သူ၏နှလုံးသည် ခုန်လာကာတုန်လှုပ်လာသည်။ ယေဟောဝါပြုတော်မူသည့် ကြီးမားဆန်းကြယ်သောအမှုများအကြောင်း သူပြောပြီးနောက် ဤသို့ဆိုသည်– “အိုယောဘ၊ ဤစကားကို နားထောင်လော့။ ဘုရားသခင်၏ အံ့ဖွယ်သောအမှုတော်တို့ကို ငြိမ်သက်စွာနေ၍ ဆင်ခြင်လော့။” ယောဘနည်းတူ ကျွန်ုပ်တို့လည်း ဘုရားသခင်၏ အံ့ဖွယ်ရာကောင်းသော အမှုတော်တို့နှင့် စိုးရွံ့ထိတ်လန့်ဖွယ် ဂုဏ်ကျက်သရေတော်ကို ဆင်ခြင်သုံးသပ်သင့်သည်။ “အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ်၍ မကုန်နိုင်ကြ” ဟုဧလိဟုဆိုသည်။ “ကိုယ်တော်သည် တန်ခိုးကြီးလျက်၊ တရားသဖြင့်စီရင်ခြင်းနှင့် ကြွယ်ဝသောဖြောင့်မတ်ခြင်းကို အထင်သေးတော်မူမည်မဟုတ်။ သို့ဖြစ်၍ လူတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြစေ။” (ယောဘ ၃၇:၁၊ ၁၄၊ ၂၃၊ ၂၄၊ ကဘ) များမကြာမီ လူဆိုးတို့ကို ဘုရားသခင် တရားစီရင်တော်မူသည့်အခါ ကိုယ်တော်သည် တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းကို အထင်သေးတော်မူမည်မဟုတ်ဘဲ ကိုယ်တော်ကို မြတ်နိုးကြည်ညိုသောဝတ်ပြုသူများအဖြစ် ကိုယ်တော်အား ကြောက်ရွံ့သူများကို ကယ်ဆယ်တော်မူမည်ဖြစ်ကြောင်း ဧလိဟု၏ နိဂုံးစကားများက ကျွန်ုပ်တို့ကိုသတိပေးပါသည်။ ယေဟောဝါအား စကြဝဠာပိုင်သအုပ်စိုးသူအဖြစ် အသိအမှတ်ပြုသည့် ဤကဲ့သို့သော သစ္စာသမာဓိစောင့်သိသူများအဝင် ဖြစ်ရခြင်းသည် အခွင့်ထူးလှသည်တကား! ယောဘနည်းတူ ခံနိုင်ရည်ရှိပါ။ ဤပျော်ရွှင်သော လူစုလူဝေးတွင် ပါဝင်ရသည့်ကောင်းချီးကို သင့်ထံမှ ဘယ်သောအခါမျှ မာရ်နတ်မနုတ်ယူစေပါနှင့်။

ယောဘကို ယေဟောဝါဖြေဆိုတော်မူ၏

၁၃၊ ၁၄။ (က) အဘယ်အကြောင်းနှင့်ပတ်သက်၍ ယောဘအား ယေဟောဝါ စတင်မေးမြန်းတော်မူသနည်း။ (ခ) ယောဘအား ဘုရားသခင်မေးမြန်းတော်မူသည့် အခြားမေးခွန်းများမှ အဘယ်အချက်များကို သိရှိနိုင်သနည်း။

၁၃ မိုးသက်မုန်တိုင်းထဲမှ မိမိအား ယေဟောဝါ စကားမြွက်ဆိုတော်မူသည့်အခါ ယောဘသည် မည်မျှအံ့သြမိန်းမောခဲ့မည်တကား! ဤမုန်တိုင်းသည် ဘုရားသခင်၏ စီရင်တော်မူချက်ဖြစ်သည်။ ယင်းသည် အိမ်ပြိုစေ၍ ယောဘ၏ သားသမီးများကိုသေစေခဲ့သော စာတန်အသုံးပြုသည့် လေကြီးနှင့်မတူပါ။ ဘုရားသခင်က “မြေကြီးအမြစ်ကို ငါတည်သောအခါ သင်သည် အဘယ်မှာရှိသနည်း။ . . . မြေကြီးတိုက်မြစ်ကို အဘယ်အရပ်၌ စွဲစေသနည်း။ နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်းမြောက်သဖြင့် ကြွေးကြော်ကြစဉ်” အဘယ်မှာနည်းဟု မေးမြန်းတော်မူသောအခါ ယောဘသည် နှုတ်ပိတ်နေရသည်။ (ယောဘ ၃၈:၄၊ ၆၊ ၇) ယေဟောဝါသည် ယောဘအား သမုဒ္ဒရာပင်လယ်အကြောင်း၊ ယင်း၏အဝတ်တန်ဆာမိုးတိမ်၊ အရုဏ်ဦး၊ သေခြင်းတံခါး၊ အလင်း၊ အမှောင်၊ ကြယ်စုများအကြောင်းတို့နှင့်ပတ်သက်၍ မေးခွန်းများကို ဆက်တိုက်မေးမြန်းတော်မူခဲ့သည်။ “မိုးကောင်းကင်တရားတို့ကို နားလည်သလော” ဟုမေးမြန်းခံရသောအခါ ယောဘသည် တစ်ခွန်းမျှပြန်မပြောနိုင်ပါ။—ယောဘ ၃၈:၃၃။

၁၄ လူကိုဖန်ဆင်းပြီး ငါး၊ ငှက်၊ သားရဲတိရစ္ဆာန်များနှင့် တွားတတ်သောသတ္တဝါများကို အုပ်စိုးခွင့်မပေးမီကတည်းက လူသားအကူအညီ သို့မဟုတ် သူ၏အကြံဉာဏ်မပါဘဲ ဘုရားသခင်သည် ယင်းတို့ကို ပြုစုကျွေးမွေးတော်မူခဲ့ကြောင်း အခြားမေးခွန်းများက အရိပ်အမြွက်တင်ပြသည်။ ယေဟောဝါ ထပ်ဆင့်မေးမြန်းရာတွင် ကြံ့၊ ကုလားအုတ်ငှက်နှင့်မြင်း အစရှိသည့် သတ္တဝါများကို ကိုးကားဖော်ပြတော်မူသည်။ ယောဘအား ဤသို့မေးမြန်းခဲ့သည်– “သင်စီရင်သောကြောင့် ရွှေလင်းတသည် အထက်သို့တက်၍ မြင့်သောအရပ်၌ အသိုက်ကို လုပ်တတ်သလော။” (ယောဘ ၃၉:၂၇) လုံးဝမဟုတ်ပေ! ဘုရားသခင်က ယောဘအား ဤသို့မေးမြန်းတော်မူသောအခါ သူ၏တုံ့ပြန်ပုံကို စဉ်းစားကြည့်ပါလေ– “အပြစ်ရှာသူသည် အနန္တတန်ခိုးရှင်နှင့် ယှဉ်ဖက်သင့်သလော။” ယောဘက ဤသို့ပြောဆိုခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပေ– “အကျွန်ုပ်သည် အရေးမပါသူဖြစ်ရပါ၏။ ကိုယ်တော့်အား အဘယ်သို့ ပြန်ပြောရပါမည်နည်း။ ကျွန်ုပ်၏နှုတ်ကို လက်နှင့်ပိတ်ထားပါ၏။” (ယောဘ ၄၀:၂၊ ၄၊ ကဘ) ယေဟောဝါသည် အစဉ်အမြဲဟုတ်မှန်တော်မူသောကြောင့် ကိုယ်တော့်အပေါ် မကျေမနပ်ဖြစ်ရန် သွေးဆောင်ခံရပါက ‘ကျွန်ုပ်တို့နှုတ်ကို လက်နှင့်ပိတ်ထား’ သင့်သည်။ ဘုရားသခင်၏မေးခွန်းများသည် ဖန်ဆင်းခြင်း၌ ထင်ရှားသည့် ကိုယ်တော်၏ ဘုန်းတန်ခိုးအာနုဘော်တော်၊ ဂုဏ်အသရေတော်နှင့် ခွန်အားကိုလည်း ချီးကျူးတော်မူသည်။

ဗေဟမုတ်နှင့် လဝိသန်

၁၅။ ဗေဟမုတ်သည် အဘယ်သတ္တဝါဖြစ်သည်ဟု များသောအားဖြင့် ယူမှတ်ထားသနည်း။ ယင်း၏ ထူးခြားချက်အချို့ကား အဘယ်နည်း။

၁၅ ထို့နောက် ယေဟောဝါသည် ရေမြင်းဟု အများယူဆသော ဗေဟမုတ်အကြောင်း ဖော်ပြသည်။ (ယောဘ ၄၀:၁၅-၂၄) ယင်း၏ ကြီးမားသောအရွယ်အစား၊ အလေးချိန်နှင့် အရေထူခြင်းကြောင့် ထူးခြားသည့် ဤအပင်စားတိရစ္ဆာန်သည် ‘မြက်ကိုစား၏။’ ယင်း၏ ခွန်အားနှင့် အစွမ်းတန်ခိုးသည် ယင်း၏ ခါးနှင့်ဝမ်းကြောတွင်ရှိသည်။ ယင်း၏ ခြေရိုးတို့သည် “ကြေးဝါချောင်း” များတမျှ ခိုင်ခံ့သည်။ ရေစီးသန်ခြင်းကို ဗေဟမုတ်သည် အလန့်တကြားမဖြစ်ဘဲ အလွယ်တကူ ရေဆန်ကူးနိုင်သည်။

၁၆။ (က) လဝိသန်၏ပုံပန်းသည် အဘယ်သတ္တဝါနှင့် ကိုက်ညီသနည်း။ ယင်းနှင့်စပ်လျဉ်းသည့် အချက်အလက်အချို့ကား အဘယ်နည်း။ (ခ) ဗေဟမုတ်နှင့် လဝိသန်တို့၏ တန်ခိုးက ယေဟောဝါ၏လုပ်ငန်းတော်တွင် တာဝန်ပြီးစီးခြင်းနှင့်ပတ်သက်၍ အဘယ်အရာကို တင်ပြနေပုံရှိသနည်း။

၁၆ ယောဘအား ဘုရားသခင်သည် ဤသို့လည်း မေးမြန်းတော်မူသည်– “လဝိသန်ကို ငါးမျှားနှင့်ဆွဲယူ၍ သူ၏လျှာကို ကြိုးနှင့် နှိမ်နင်းမည်လော။” လဝိသန်ကို ဖော်ပြထားပုံက မိကျောင်းနှင့်တူသည်။ (ယောဘ ၄၁:၁-၃၄) ယင်းသည် မည်သူနှင့်မျှ ငြိမ်သက်ခြင်းပဋိညာဉ် ပြုလိမ့်မည်မဟုတ်။ ပညာရှိ မည်သူတစ်ယောက်မျှလည်း ဤတွားသွားသတ္တဝါကို နှိုးဆော်ဝံ့သည့်တိုင် အတင့်ရဲမည်မဟုတ်ပါ။ မြားပစ်၍ ယင်းကို မောင်းနှင်မရပါ။ “လှံနှင့်ရွယ်သောအခါ ရယ်တတ်၏။” အမျက်ကြီးသော လဝိသန်သည် ဖယောင်းချက် အိုးကင်းဆူသကဲ့သို့ ပင်လယ်ကို ဆူစေသည်။ လဝိသန်နှင့် ဗေဟမုတ်တို့သည် ယောဘထက် သာလွန်များပြားစွာ အစွမ်းတန်ခိုးကြီးမားခြင်းက ယောဘအား မာန်လျှော့ချစေသည်။ ကျွန်ုပ်တို့လည်း ရှေးမြွေဟောင်း စာတန်၏အစွယ်ကို ရှောင်တိမ်းနိုင်ရန်နှင့် ယေဟောဝါ၏လုပ်ငန်းတော်တွင် တာဝန်ကျေပွန်နိုင်ရန် ကိုယ်ကိုယ်နှိုက်၏အစွမ်းဖြင့်ဖြစ်နိုင်မည်မဟုတ်ဘဲ ဘုရားပေး ဉာဏ်ပညာနှင့် ခွန်အား လိုအပ်နေကြောင်းကို နှိမ့်ချစွာ အသိအမှတ်ပြုကြရမည်။—ဖိလိပ္ပိ ၄:၁၃; ဗျာဒိတ် ၁၂:၉။

၁၇။ (က) ယောဘသည် အဘယ်နည်းဖြင့် “ဘုရားသခင်ကို မြင်မည်” နည်း။ (ခ) ယောဘမဖြေဆိုနိုင်သည့် မေးခွန်းများက အဘယ်အရာကို ဖော်ပြသနည်း။ ယင်းသည် ကျွန်ုပ်တို့အား မည်သို့ ကူညီပေးနိုင်သနည်း။

၁၇ မာန်လုံးလုံးလျှော့ချခံရပြီဖြစ်၍ ယောဘသည် မိမိ၏ ရှုမြင်ပုံ မှားယွင်းနေကြောင်းကို အသိအမှတ်ပြုပြီး အသိပညာကင်းမဲ့စွာ ပြောဆိုမိကြောင်း ဝန်ခံပါသည်။ သို့သော်လည်း မိမိသည် “ဘုရားသခင်ကို မြင်မည်” ဟုယုံကြည်ကြောင်း ပြောဆိုခဲ့သည်။ (ယောဘ ၁၉:၂၅-၂၇) အဘယ်လူသား တစ်ဦးတစ်ယောက်မျှ ယေဟောဝါကို မြင်၍ အသက်မရှင်နိုင်သည်ဖြစ်ရာ ထိုသို့ အဘယ်နည်းဖြင့် ဖြစ်နိုင်မည်နည်း။ (ထွက်မြောက်ရာ ၃၃:၂၀) အမှန်မှာ၊ ယောဘသည် မြင့်မြတ်သောတန်ခိုးတော်၏ ထင်ရှားပေါ်လွင်ချက်များကို တွေ့မြင်ခဲ့၏၊ ဘုရားသခင့်နှုတ်ကပါဌ် စကားတော်ကို ကြားနာခဲ့သည်၊ ယေဟောဝါနှင့်စပ်လျဉ်း၍ အမှန်တရားကို သိမြင်နိုင်ရန် သူ၏ဉာဏ်မျက်စိ ပွင့်လင်းလာခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် ယောဘသည် ‘သူ၏စကားကို ကြဉ်ပယ်လျက်။ မြေမှုန့်နှင့် ပြာတွင်ထိုင်၍ နောင်တရပါပြီဟုလျှောက်လေ၏။’ (ယောဘ ၄၂:၁-၆၊ သမ) ယောဘမဖြေဆိုနိုင်ခဲ့သော မေးခွန်းမြောက်မြားစွာတို့သည် ဘုရားသခင်၏ မြင့်မားကြီးမြတ်မှုကို သက်သေထူသည်။ ယေဟောဝါကို ကြည်ညိုမြတ်နိုးသည့် ယောဘကဲ့သို့သော လူသားတစ်ယောက်ပင်လျှင် မည်မျှသေးသိမ်ကြောင်းကိုလည်း ဖော်ပြပါသည်။ ယင်းက ကျွန်ုပ်တို့အား သိနားလည်စေသည်မှာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အရေးကိစ္စများကို ယေဟောဝါ၏နာမတော် သန့်ရှင်းစင်ကြယ်ရေးနှင့် ကိုယ်တော်၏ ပိုင်သအုပ်စိုးမှုကို သင်္ကာယနကင်းရှင်းရေးထက် ဦးထိပ်မထားသင့်ကြောင်းဟူ၍ဖြစ်သည်။ (မဿဲ ၆:၉၊ ၁၀) ကျွန်ုပ်တို့အဓိကစိတ်ဝင်စားသင့်သည်ကား ယေဟောဝါအပေါ် သစ္စာသမာဓိရှိခြင်းနှင့် ကိုယ်တော်၏နာမတော်ကို ဂုဏ်တင်ချီးမွမ်းခြင်းဖြစ်သည်။

၁၈။ ယောဘအား နှစ်သိမ့်မှုပေးဟန်ဆောင်သူများသည် အဘယ်အရာကို ပြုဖို့လိုသနည်း။

၁၈ သို့သော် ကိုယ့်ကိုယ်ကို ဖြောင့်မတ်သည်ဟု ယူဆနေကြသော နှစ်သိမ့်မှုပေးဟန်ဆောင်သူများကော။ ယောဘနည်းတူ ယေဟောဝါအကြောင်းကို မှန်ကန်စွာ မပြောဆိုခဲ့ခြင်းကြောင့် ဧလိဖတ်၊ ဗိလဒဒ်နှင့် ဇောဖာတို့ကို ကိုယ်တော်သတ်နိုင်ခွင့်ရှိသည်။ “နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ်ကောင်တို့ကို ယူပြီးလျှင် ငါ့ကျွန်ယောဘထံသို့သွား၍ မိမိတို့အဖို့ မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန် ယောဘသည် သင်တို့အဖို့ ဆုတောင်းရမည်” ဟုဘုရားသခင်မိန့်မှာတော်မူသည်။ ထိုသို့ပြုကြရန် ဤလူသုံးဦးသည် ကိုယ်ကိုကိုယ် နှိမ့်ချကြရန်လိုသည်။ သစ္စာသမာဓိစောင့်သိသော ယောဘသည် သူတို့အတွက် ဆုတောင်းပေးရမည်ဖြစ်၍ သူ၏ဆုတောင်းချက်ကို ယေဟောဝါ နှစ်သက်တော်မူမည်။ (ယောဘ ၄၂:၇-၉) သို့သော် ယောဘအား ဘုရားသခင်ကို ကျိန်ဆဲပြီးသေဖို့ရန် တိုက်တွန်းခဲ့သော သူ၏ဇနီးကော။ ဘုရားသခင်၏ ကရုဏာတော်အားဖြင့် သူမသည် ယောဘနှင့် ပြန်ပြေလည်ခဲ့ပုံရှိသည်။

ကတိထားတော်မူသော ဆုကျေးဇူးများက ကျွန်ုပ်တို့အား မျှော်လင့်ချက်ရှိစေ

၁၉။ ယောဘ၏အဖြစ်အပျက်တွင် ယေဟောဝါသည် မာရ်နတ်ထက် တန်ခိုးကြီးမားကြောင်း မည်သို့တင်ပြတော်မူသနည်း။

၁၉ မကြာမီ ယောဘသည် မိမိ၏ ဒုက္ခဝေဒနာများကြောင့် ပူပင်သောက မရောက်တော့ဘဲ ဘုရားသခင်၏လုပ်ငန်းတော်တွင် အားပြန်ရှိလာသည်နှင့် သူ၏အခြေအနေကို ယေဟောဝါ ပြောင်းလဲပေးတော်မူခဲ့သည်။ ထိုလူသုံးဦးအတွက် ယောဘ ဆုတောင်းပေးပြီးနောက် ဘုရားသခင်သည် ‘သူခံရသော ဒုက္ခအကြောင်းကို ပယ်ရှင်း၍’ သူ့အား ‘အရင်ကထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။’ စာတန်၏ ရောဂါဖြစ်ပွားစေသောလက်ကို ရပ်တန့်စေပြီး ယောဘ၏ရောဂါကို အံ့ဖွယ်ကောင်းစွာ ပျောက်ကင်းစေခြင်းအားဖြင့် ယေဟောဝါသည် မာရ်နတ်ထက် တန်ခိုးတော်ကြီးမားကြောင်း တင်ပြတော်မူသည်။ ဘုရားသခင်သည် ကိုယ်တော်၏ကောင်းကင်တမန်များကို ယောဘပတ်လည်၌ တပ်ချစေ၍ သူ့ကို တစ်ဖန်ပြန်ကာရံထားခြင်းအားဖြင့် နတ်ဆိုးအပေါင်းတို့ကိုလည်း မောင်းထုတ်ကာ ရှေ့မတိုးသာအောင် ခုခံထားတော်မူသည်။—ယောဘ ၄၂:၁၀; ဆာလံ ၃၄:၇။

၂၀။ ယေဟောဝါသည် အဘယ်နည်းမျိုးဖြင့် ယောဘကို ဆုချ၍ ကောင်းချီးပေးတော်မူသနည်း။

၂၀ ယောဘ၏ ညီအစ်ကိုညီအစ်မများနှင့် မိတ်ဟောင်းဆွေဟောင်းများသည် သူ့ထံလာကြ၍ သူနှင့်အတူ စားသောက်ကြ၏၊ သူ့အား ကိုယ်ချင်းစာနာစိတ်ပြကြ၏၊ သူ့အပေါ် ယေဟောဝါကျရောက်ခွင့်ပြုတော်မူခဲ့သောကြောင့် ဒုက္ခခံရသည့်အတွက် သူ့အား နှစ်သိမ့်ပေးကြ၏။ သူတို့အသီးအသီးသည် ယောဘအား ငွေနှင့် ရွှေလက်စွပ်တစ်ကွင်းစီ ပေးကြ၏။ ယေဟောဝါသည် ယောဘ၏ ရှေ့ဖြစ်ဟန်ကို ကောင်းချီးပေးတော်မူသည်ထက် နောက်ဖြစ်ဟန်ကို သာ၍ ကောင်းချီးပေးတော်မူသဖြင့် သူသည် သိုး ၁၄,၀၀၀၊ ကုလားအုတ် ၆,၀၀၀၊ နွားယှဉ် ၁,၀၀၀ နှင့် မြည်းမ ၁,၀၀၀ ရလာလေသည်။ ယခင်က အရေအတွက်အတိုင်းပင် သားခုနစ်ယောက်နှင့် သမီးသုံးယောက်တို့ကိုလည်း သူပြန်ရသည်။ သူ၏သမီးများ—ယေမိမ၊ ကေဇိ၊ ကေရင်ဟပ္ပုတ်—သည် တစ်ပြည်လုံး၌ အလှဆုံးအမျိုးသမီးများဖြစ်၍ ယောဘသည် သူတို့၏မောင်များနှင့်အညီအမျှ သူတို့အား အမွေဥစ္စာကို ဝေပေးခဲ့သည်။ (ယောဘ ၄၂:၁၁-၁၅) ထို့ပြင် ယောဘသည် အနှစ် ၁၄၀ အသက်ဆက်ရှင်၍ သူ၏အမျိုးအနွယ် လေးဆက်အထိ မီခဲ့သည်။ မှတ်တမ်းက ဤသို့နိဂုံးချုပ်သည်– “အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ [ယောဘသည်] အနိစ္စရောက်လေ၏။” (ယောဘ ၄၂:၁၆၊ ၁၇) သူ၏အသက်ကို တိုးရှည်စေခြင်းကား ယေဟောဝါဘုရားသခင်၏ အံ့ဖွယ်ရာကောင်းသော လုပ်ဆောင်မှုပင်ဖြစ်သည်။

၂၁။ ယောဘနှင့်ပတ်သက်သော ကျမ်းစာမှတ်တမ်းအားဖြင့် ကျွန်ုပ်တို့ မည်သို့အကူအညီရရှိသနည်း။ အဘယ်အမှုကိုပြုလုပ်ကြရန် သန္နိဋ္ဌာန်ချသင့်သနည်း။

၂၁ ယောဘနှင့်ပတ်သက်သည့် ကျမ်းစာမှတ်တမ်းက စာတန်၏ နည်းပရိယာယ်များကို ကျွန်ုပ်တို့အား ပိုမိုသတိချပ်စေပြီး စကြဝဠာပိုင်သအုပ်စိုးခွင့်သည် လူသား၏သစ္စာသမာဓိနှင့် မည်သို့ဆက်နွှယ်နေကြောင်းကို သဘောပေါက်နားလည်စေပါသည်။ ယောဘနည်းတူ ဘုရားသခင်ကို ချစ်မြတ်နိုးသူအားလုံးသည် စမ်းသပ်ခံရလိမ့်မည်။ သို့သော် ယောဘနည်းတူပင် ကျွန်ုပ်တို့သည် ခံနိုင်ရည် ရှိနိုင်သည်။ သူသည် စုံစမ်းခြင်းများကို ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းတို့ဖြင့် ကျော်လွှားခဲ့ပြီး သူ၏ဆုကျေးဇူးများသည် မြောက်မြားလှပေသည်။ ယနေ့ ယေဟောဝါ၏ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့မှာ စစ်မှန်သောယုံကြည်ခြင်းနှင့် မျှော်လင့်ချက်ရှိသည်။ ဆုကျေးဇူးပေးသနားတော်မူသည့် ကြီးမြတ်တော်မူသောအရှင်သည် ကျွန်ုပ်တို့တစ်ဦးစီ၏ရှေ့တွင် ချထားတော်မူသည့် မျှော်လင့်ချက်မှာ ကြီးမားလှသည်တကား! ကောင်းကင်ဆုလာဘ်ကို စိတ်စွဲလမ်းနေကြခြင်းအားဖြင့် ဘိသိက်ခံများသည် ကမ္ဘာပေါ် အသက်ရှင်သည့်ကျန်ကြွင်းသောကာလအတွင်း ဘုရားသခင်ကိုသစ္စာတည်ကြည်ရန် အထောက်အကူရပါမည်။ မြေကြီးဆိုင်ရာ မျှော်လင့်ချက်များရှိသူ မြောက်မြားစွာတို့သည် ဘယ်တော့မျှသေရကြတော့မည်မဟုတ်ပါ။ သို့သော် သေဆုံးသူများသည် ယောဘနှင့်အတူ ကမ္ဘာ့ပရဒိသုတွင် ရှင်ပြန်ထမြောက်လာခြင်း ဆုကျေးဇူးကို ခံစားကြရလိမ့်မည်။ ဤမျှစစ်မှန်သော မျှော်လင့်ချက်ကို စိတ်စွဲလမ်းခြင်းဖြင့် ဘုရားသခင်ကို ချစ်မြတ်နိုးသူအားလုံးသည် ယေဟောဝါဘက် သစ္စာသမာဓိစောင့်သိသူများ၊ ကိုယ်တော်၏ စကြဝဠာ ပိုင်သအုပ်စိုးခြင်းကို ထောက်ခံသူ အမာခံများအဖြစ် မားမားမတ်မတ် ရပ်တည်ကာ စာတန်သည် မုသာကောင်ဖြစ်ကြောင်း သက်သေထူကြပါစေ။

သင်မည်သို့တုံ့ပြန်မည်နည်း

◻ နှစ်သိမ့်မှုပေးဟန်ဆောင်သူများအား ယောဘ၏ နောက်ဆုံးအဖြေတွင် သူသည် အဘယ်အချက်များကို ဖော်ပြခဲ့သနည်း။

◻ ဧလိဟုသည် အဘယ်သူ၏မျက်နှာကိုမျှမထောက်သော ယေဟောဝါ၏သက်သေဖြစ်ကြောင်း မည်သို့တင်ပြခဲ့သနည်း။

◻ ယောဘအား ဘုရားသခင် မေးတော်မူခဲ့သော မေးခွန်းအချို့ကား အဘယ်နည်း။ ယင်းတို့သည် အဘယ်အကျိုးသက်ရောက်စေခဲ့သနည်း။

◻ ယောဘနှင့်ပတ်သက်သည့် ကျမ်းစာမှတ်တမ်းမှ သင်မည်သို့အကျိုးခံစားရသနည်း။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဗေဟမုတ်နှင့် လဝိသန်တို့နှင့်ပတ်သက်သော ယေဟောဝါ၏မိန့်တော်မူချက်များသည် ယောဘအား မာန်လျှော့ချစေသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ