ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၁၁/၁၅ စာ. ၁၃-၁၅
  • အံ့ဖွယ်ဖန်ဆင်းရာများက ယေဟောဝါ၏ကြီးမြတ်မှုကိုဖော်ပြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အံ့ဖွယ်ဖန်ဆင်းရာများက ယေဟောဝါ၏ကြီးမြတ်မှုကိုဖော်ပြ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မြေကြီးတိုက်မြစ်ကို မည်သူတည်ခဲ့ပြီး ပင်လယ်ကို မည်သူထိန်းချုပ်သနည်း
  • မိုးသောက်အလင်းကို မည်သူ ဖြစ်ပေါ်စေသနည်း
  • ဆီးနှင်းဘဏ္ဍာတိုက်နှင့် မိုးသီးဘဏ္ဍာတိုက်တို့ကို မည်သူသိုထားသနည်း
  • မိုး၊ ဆီးနှင်းပေါက်၊ ဆီးနှင်းခဲနှင့် ရေခဲတို့သည် မည်သူ၏လက်ရာများနည်း
  • မိုးကောင်းကင်တရားတို့ကို မည်သူသတ်မှတ်သနည်း
  • မိုးတိမ်ထဲသို့ ဉာဏ်ပညာကို အဘယ်သူသွင်းသနည်း
  • အံ့ဖွယ်ဖန်ဆင်းရာများ ဘုရားသခင်အား ဂုဏ်တင်ချီးမွမ်း
  • ဘုရားသခင့်အံ့ဖွယ်အမှုတော်များကို အာရုံစိုက်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • မိုးရေအတွက် ကျေးဇူးတင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဖန်ဆင်းခြင်းက “သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ” ဟုဆို
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • အံ့ဖွယ်အမှုများပြုသူကို ရှုစားလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၁၁/၁၅ စာ. ၁၃-၁၅

အံ့ဖွယ်ဖန်ဆင်းရာများက ယေဟောဝါ၏ကြီးမြတ်မှုကိုဖော်ပြ

ယေဟောဝါ ဘုရားသခင်သည် မစုံလင်သည့် လူသားများ စဉ်းစားတွေးတောနိုင်သည်ထက် ပို၍ကြီးမြတ်တော်မူ၏။ ကမ္ဘာမြေကြီးပေါ်နှင့် ကောင်းကင်ရှိ ကိုယ်တော်၏ဖန်ဆင်းရာများသည် ကိုယ်တော်အား ချီးမွမ်းကာ ကျွန်ုပ်တို့အား အံ့သြမိန်းမောစေသည်။—ဆာလံ ၁၉:၁-၄။

ဖန်ဆင်းရှင်၊ စကြဝဠာပိုင်သအုပ်စိုးရှင်အနေနှင့် ယေဟောဝါစကားပြောဆိုသည့်အခါ အမှန်နားထောင်သင့်ပေသည်။ သို့သော် ဤမြေကြီးပေါ်မှ လူသားမျှသာဖြစ်သော ကျွန်ုပ်တို့နှင့် ကိုယ်တော်စကားပြောမည်ဆိုလျှင် မည်မျှအံ့သြလိုက်မည်ဖြစ်ခြင်း။ ကိုယ်တော်သည် ကောင်းကင်တမန်တစ်ပါးမှတစ်ဆင့် သင့်အား စကားပြောဆိုသည် ဆိုကြပါစို့။ သင်ဂရုတစိုက် နားထောင်မည်မှာ သေချာပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃,၅၀၀ ခန့်က ဖြောင့်မတ်သော ယောဘကို ဘုရားသခင်စကားပြောဆိုသည့်အခါ သူဂရုတစိုက် နားထောင်ခဲ့မည်ဖြစ်သည်။ မိုးကောင်းကင်၊ မြေကြီးတို့နှင့်စပ်လျဉ်း၍ ယောဘအား ဘုရားသခင်မိန့်ဆိုခဲ့ရာများမှ ကျွန်ုပ်တို့အဘယ်အရာ သင်ယူနိုင်သနည်း။

မြေကြီးတိုက်မြစ်ကို မည်သူတည်ခဲ့ပြီး ပင်လယ်ကို မည်သူထိန်းချုပ်သနည်း

ဘုရားသခင်သည် ယောဘအား မြေကြီးနှင့် ပင်လယ်အကြောင်း မိုးသက်မုန်တိုင်းထဲက မေးတော်မူသည်။ (ယောဘ ၃၈:၁-၁၁) မည်သည့် လူသားဗိသုကာပညာရှင်ကမျှ ကမ္ဘာသည် မည်မျှကြီးသင့်ကြောင်း မဆုံးဖြတ်ပေးနိုင်၊ ကမ္ဘာဖြစ်ပေါ်လာရန် မပြုလုပ်နိုင်ကြချေ။ မြေကြီးကို အဆောက်အအုံတစ်ခုနှင့် နှိုင်းယှဉ်၍ ယောဘအား ဘုရားသခင်က “တိုက်ထောင့်အထွတ်ကျောက်ကို အဘယ်သူတင်ထားသနည်း” ဟု မေးတော်မူ၏။ မည်သည့်လူသားကမျှ မဟုတ်ချေ။ ဤကမ္ဘာဂြိုဟ်ကို ယေဟောဝါဖန်ဆင်းခဲ့ချိန်က ဘုရားသခင့်ကောင်းကင်သားတို့သည် ကြည့်ရှုနေခဲ့ကြပြီး ဝမ်းမြောက်ခဲ့ကြသည်။

ပင်လယ်ကို ပုံဆောင်ဝတ်ရုံဖြင့် ဆင်မြန်းပေးတော်မူသည့် ဘုရားသခင်နှင့်နှိုင်းယှဉ်လိုက်လျှင် ၎င်းပင်လယ်သည် မွေးကင်းစကဲ့သို့ဖြစ်သည်။ ပင်လယ်သည် “အမိဝမ်းထဲကဖွား၍ ထွက်လာ” လေ၏။ ကန့်လန့်ကျင်များ၊ တံခါးပိတ်များနှင့် ပိတ်ထားသည့်အလား ဘုရားသခင်သည် ပင်လယ်ကို ကန့်သတ်ထားပြီး နေနှင့်လတို့၏ ဆွဲငင်မှုကြောင့် ဒီရေအတက်အကျ ဖြစ်နေ၏။

ကမ္ဘာ့စာအုပ် စွယ်စုံကျမ်းက ဤသို့ဆိုသည်– “လှိုင်းဂယက်ငယ်များမှစ၍ ပေ ၁၀၀ (မီတာ ၃၀) ကျော်မြင့်သည့် ဟာရီကိန်း လှိုင်းတံပိုးကြီးများအထိရှိသော သမုဒ္ဒရာလှိုင်းအများစုသည် လေကြောင့်ဖြစ်ရသည်။ . . . လေတိုက်ရပ်သွားပြီးနောက် လှိုင်းများသည် သမုဒ္ဒရာရေပြင်ပေါ် ဆက်၍ရွေ့လျားသွားနေကာ ၎င်းတို့စဖြစ်သည့်နေရာမှ အလွန်ဝေးလံသည့်နေရာအထိ ခရီးဆန့်နိုင်ကြ၏။ လှိုင်းတံပိုးများသည် ပို၍ညင်သာလာပြီး ပို၍ရှည်လျားလာကြ၏။ နောက်ဆုံး ကမ်းစပ်သို့ ရောက်ရှိလာကာ လှိုင်းအိကလေးများအဖြစ် အဆုံးသတ်သွားသည်။” “သင်သည် ဤအရပ်တိုင်အောင်လာရ၏။ တိုး၍မလွန်ရ၊ ဤအရပ်၌ သင်၏ထောင်လွှားသော လှိုင်းတံပိုးဆုံးရ၏” ဟူသော ဘုရားသခင့်မိန့်မှာချက်ကို ပင်လယ် နာခံလေသည်။

မိုးသောက်အလင်းကို မည်သူ ဖြစ်ပေါ်စေသနည်း

ဘုရားသခင်သည် ယောဘအား အလင်းရောင်၏ အကျိုးသက်ရောက်မှုများနှင့် အခြားသောဖန်ဆင်းရာများအကြောင်း မေးမြန်းပြန်၏။ (ယောဘ ၃၈:၁၂-၁၈) မည်သည့်လူသားကမျှ နေ့နှင့်ည ဆက်တိုက်ဖြစ်လာမှုကို မထိန်းချုပ်နိုင်ပေ။ ပုံဆောင်သဘောအရ မိုးသောက်အလင်းသည် မြေကြီးစွန်းကိုကိုင်လျက် လူဆိုးတို့ကို ခါ၍ပစ်လိုက်၏။ အပြစ်ပြုသူများသည် မတရားမှုများကို “ညအချိန်” တွင် ပြုကြပေမည်။ (ယောဘ ၂၄:၁၅၊ ၁၆) သို့သော် မိုးသောက်ချိန်တွင် ဆိုးညစ်သူအများသည် ပျောက်ကွယ်သွားကြသည်။

ဘုရားသခင့်လက်တော်တွင် မိုးသောက်အလင်းသည် မြေကြီးကို လှလှပပ ပုံပေါ်စေသည့် တံဆိပ်တုံးအလားဖြစ်သည်။ နေရောင်ကြောင့် အရောင်အသွေးမျိုးစုံ မြင်တွေ့နိုင်ရာ ကမ္ဘာလုံးသည် တဖိတ်ဖိတ်တောက်ပနေသည့် အဝတ်တန်ဆာကို ဆင်မြန်းထားသည့်အလား ဖြစ်နေတော့၏။ ယောဘသည် ဤကိစ္စတွင် ဘာမျှမလုပ်ဆောင်နိုင်ခဲ့ပါ။ ရေအောက်ဘဏ္ဍာများကို စာရင်းယူရန် သမုဒ္ဒရာ၏ နက်နဲသောအောက်ဆုံးအရပ်တွင် မလှည့်လည်ခဲ့ဖူးပါ။ ယခုအချိန်ထိ သုတေသီများသည် အဏ္ဏဝါလောကအကြောင်းကို အနည်းအကျဉ်းသာ သိရှိထားကြသည်။

ဆီးနှင်းဘဏ္ဍာတိုက်နှင့် မိုးသီးဘဏ္ဍာတိုက်တို့ကို မည်သူသိုထားသနည်း

အလင်း သို့မဟုတ် အမှောင်ကို ၎င်း၏နေအိမ်သို့ လိုက်ပါပို့ဆောင်ပေးသူ မည်သူမျှမရှိချေ။ “စစ်ပြိုင်၍တိုက်ရာ အချိန်ကာလအဖို့” ဘုရားသခင်သိုထားသည့် ဆီးနှင်းဘဏ္ဍာတိုက်နှင့် မိုးသီးဘဏ္ဍာတိုက်ထဲသို့ ဝင်ရောက်ဖူးသူလည်း မရှိချေ။ (ယောဘ ၃၈:၁၉-၂၃) ယေဟောဝါသည် ဂိဗောင်မြို့တွင် ရန်သူများကို မိုးသီးဖြင့် တိုက်ခိုက်ခဲ့ချိန်က “သူတို့သည် ဣသရေလလူတို့၏ဓားကြောင့် သေသည်ထက် မိုးသီးကြောင့် သာ၍သေကြ၏။” (ယောရှု ၁၀:၁၁) ကိုယ်တော်သည် ဂေါဂ သို့မဟုတ် စာတန်ခေါင်းဆောင်သော ဆိုးညစ်သူများကို ဖျက်ဆီးရန် အရွယ်အစားမဖော်ပြထားသည့် မိုးသီးများကို အသုံးပြုတော်မူမည်။—ယေဇကျေလ ၃၈:၁၈၊ ၂၂။

၂၀၀၂၊ ဇူလိုင်လတွင် တရုတ်ပြည်၊ ဟေးနန်ပြည်နယ်အလယ်ပိုင်း၌ ကြက်ဥအရွယ်အစားရှိ မိုးသီးများ ရွာကျခဲ့ရာ လူ ၂၅ ဦးသေဆုံးပြီး ၂၀၀ ဒဏ်ရာရရှိခဲ့ကြသည်။ ၁၅၄၅ ခုနှစ်က တိုက်ခတ်ခဲ့သည့် မိုးသီးမုန်တိုင်းနှင့်စပ်လျဉ်း၍ အီတလီလူမျိုး ပန်းပုဆရာ ဘန်ဗီနူတို စီလနီက ဤသို့ရေးသားခဲ့သည်– “မိုးကောင်းကင်တွင် မိုးခြိမ်းသံများ ကျယ်လောင်စွာ မြည်ဟည်းစဉ်က . . . ကျွန်ုပ်တို့သည် လီယွန်မြို့မှ တစ်ရက်ခရီးအကွာတွင် ရှိနေကြသည်။ . . . မိုးခြိမ်းသံများမှာ ဆူညံလွန်းပြီး ကြောက်မက်ဖွယ်ကောင်းရာ ကမ္ဘာကုန်ဆုံးပြီဟု ထင်လိုက်မိသည်။ သို့နှင့် မြင်းစီးခေတ္တရပ်နေလိုက်၏။ ထိုစဉ် ရေတစ်စက်မျှ မပါဘဲ မိုးသီးများ ရွာကျလာသည်။ . . . တဖြည်းဖြည်းနှင့် ရှောက်သီးအရွယ်ရှိ မိုးသီးများ ကျလာ၏။ . . . မုန်တိုင်း တစ်ခဏမျှ ထန်ခဲ့သော်လည်း နောက်ဆုံး စဲသွားခဲ့သည်။ . . . ကျွန်ုပ်တို့၏ ဒဏ်ရာဒဏ်ချက်များကို အချင်းချင်းပြသခဲ့ကြ၏။ သို့သော် တစ်မိုင်ခန့် ဆက်သွားလိုက်သောအခါ ကျွန်ုပ်တို့ခံခဲ့ရသည်ထက် ပိုဆိုးသည့်၊ ပြောမပြနိုင်လောက်သည့် အပျက်အစီးမြင်ကွင်းကို တွေ့လိုက်ရသည်။ သစ်ပင်အားလုံး သစ်ရွက်များ မကျန်ရစ်တော့ဘဲ ဖရိုဖရဲဖြစ်နေကြ၏။ စားကျက်ကွင်းတွင် တိရစ္ဆာန်များ လဲကျသေဆုံးနေကြ၏။ နွားကျောင်းသားများလည်း သေဆုံးနေကြ၏။ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ပင်မရသည့် မိုးသီးများစွာကို တွေ့ရှိလိုက်ရသည်။”—ကိုယ်ရေးအတ္ထုပ္ပတ္တိ (စာအုပ် ၂၊ ၅၀)၊ ဟားဗတ် ကလက်ဆစ်ခ်၊ အတွဲ ၃၁၊ စာမျက်နှာ ၃၅၂-၃။

ယေဟောဝါသည် မိမိ၏ရန်သူများကို တိုက်ခိုက်ရန် ဆီးနှင်းနှင့် မိုးသီးဘဏ္ဍာတိုက်တို့ကို ဖွင့်သောအခါ အဘယ်အရာ ဖြစ်ပျက်လိမ့်မည်နည်း။ ကိုယ်တော်၏အလိုတော်ကို ဆောင်ရွက်ရန် ဆီးနှင်း သို့မဟုတ် မိုးသီးကို အသုံးပြုသောအခါ ရန်သူများ အသက်ရှင်နိုင်ကြမည်မဟုတ်ချေ။

မိုး၊ ဆီးနှင်းပေါက်၊ ဆီးနှင်းခဲနှင့် ရေခဲတို့သည် မည်သူ၏လက်ရာများနည်း

ယေဟောဝါသည် ယောဘအား မိုး၊ ဆီးနှင်းပေါက်၊ ဆီးနှင်းခဲနှင့် ရေခဲတို့အကြောင်း မေးပြန်၏။ (ယောဘ ၃၈:၂၄-၃၀) ဘုရားသခင်သည် မိုးကိုဖြစ်ပေါ်စေသည့် အရှင်ဖြစ်ကာ “လူမနေသော တော” ပင်လျှင် မိုးကြောင့် အကျိုးခံစားရ၏။ မိုး၊ ရေခဲနှင့် ဆီးနှင်းခဲတို့သည် လူသားဖခင် သို့မဟုတ် လူသားဖန်တီးရှင်ကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပါ။

နေချား သတင်းလွှာက ဤသို့ဖော်ပြသည်– “[ရေခဲ၏] အထူးဆန်းဆုံးနှင့် အထူးခြားဆုံးဂုဏ်သတ္တိမှာ ရေသည် အေးခဲသွားသောအခါ ပြန့်ကားသွားခြင်းဖြစ်သည်။ . . . ဆောင်းရာသီတွင် ရေကန်ငယ်တစ်ခုပေါ်၌ ပေါလောပေါ်နေသည့် ရေခဲပြင်လွှာကြောင့် ရေနေအပင်များနှင့် (ငါးများစသည်) သတ္တဝါတို့အား ရေအောက်တွင် အသက်ဆက်ရှင်သန်နေစေသည်။ အကယ်၍ . . . ရေသည် အစိုင်အခဲဖြစ်သွားသည်နှင့်အမျှ ကျုံ့သွားပြီး သိပ်သည်းလာပါက ရေထက် ပိုလေးလာပြီး ရေကြမ်းပြင်သို့ နစ်မြုပ်သွားမည်ဖြစ်သည်။ ရေခဲများကလည်း ရေကန် အေးခဲသွားသည်အထိ ရေလွှာပြင်ပေါ် တိုး၍တိုး၍ ဖွဲ့စည်းလာမည်။ . . . ကမ္ဘာ့အအေးပိုင်းဒေသများရှိ မြစ်များ၊ ရေကန်များ၊ ရေအိုင်များ၊ သမုဒ္ဒရာများပင်လျှင် အမြဲ အေးခဲနေပေလိမ့်မည်။”

ရေထုများ အစိုင်အခဲအဖြစ် အေးခဲမသွားကြသည့်အတွက် ကျေးဇူးတင်စရာပင်။ ယေဟောဝါ၏ လက်ရာဖြစ်သော မိုးနှင့် ဆီးနှင်းပေါက်တို့သည် မြေကမ္ဘာ၏ သစ်ပင်မြက်ပင်တို့ကို သန်စွမ်းစေသည့်အခါ ကျွန်ုပ်တို့ အမှန်ပင် ကျေးဇူးတင်ကြသည်။

မိုးကောင်းကင်တရားတို့ကို မည်သူသတ်မှတ်သနည်း

ဘုရားသခင်သည် ယောဘအား မိုးကောင်းကင်အကြောင်း မေးပြန်၏။ (ယောဘ ၃၈:၃၁-၃၃) ဖျောက်ဆိပ်ကြယ်ပြွတ်ဟု သတ်မှတ်လေ့ရှိသည့် ခိမကြယ်စုသည် နေမှ အလင်းနှစ် ၃၈၀ ခန့် ကွာဝေးပြီး ကြယ်ကြီး ခုနစ်လုံးနှင့် သေးငယ်သော ကြယ်တာရာ အတော်များများပါဝင်သည့် အစုတစ်စုဖြစ်သည်။ လူသားတို့သည် “ခိမကြယ်စု” ကို တစ်စုတဝေးတည်းဖြစ်အောင် ‘သာယာစွာပြုပြင် ချည်နှောင်’ နိုင်ခြင်းမရှိချေ။ လိပ်တာရာဟု သတ်မှတ်ထားသည့် “ကသိလကြယ်၏ ချည်နှောင်ခြင်းကို ဖြေနိုင်” သည့်လူသား မရှိချေ။ အဘယ်ကြယ်တာရာစုက မာဇရုတ်ဖြစ်သည်၊ အာရှဖြစ်သည်ကို ကျွန်ုပ်တို့မသိရသော်လည်း လူသားတို့သည် ယင်းတို့ကို မထိန်းချုပ်နိုင်၊ မညွှန်ကြားနိုင်ကြပါ။ လူသားတို့သည် စကြဝဠာကို ထိန်းချုပ်ထားသည့် နိယာမများဖြစ်သော “မိုးကောင်းကင်တရားတို့ကို” မပြောင်းလဲနိုင်ကြပေ။

ဘုရားသခင်သည် ဤကမ္ဘာဂြိုဟ်၏ ရာသီဥတု၊ ဒီရေ၊ လေထုနှင့် သက်ရှိသတ္တဝါတို့အပေါ် ဩဇာညောင်းသည့် ကောင်းကင်တန်ဆာများကို ညွှန်ကြားသော နိယာမများကို ဖွဲ့စည်းခဲ့၏။ နေကို သုံးသပ်ကြည့်ပါ။ ယင်းနှင့်စပ်လျဉ်း၍ အမေရိကားနားစွယ်စုံကျမ်း (၁၉၉၆ ထုတ်) က ဤသို့ဖော်ပြထားသည်– “နေရောင်ခြည်သည် မြေကမ္ဘာကို အပူနှင့်အလင်းတို့ဖြင့် ထောက်ပံ့ပေးသည်။ အပင်လောက ရှင်သန်ကြီးထွားရေးကို တိုးမြှင့်ပေးသည်။ သမုဒ္ဒရာရေနှင့် အခြားသောရေထုများမှ ရေကို အငွေ့ ပြန်စေသည်။ လေကိုဖြစ်ပွားစေရာတွင် အဓိကကျပြီး မြေကမ္ဘာပေါ် သက်ရှိတည်ရှိရေးအတွက် အရေးပါသည့် အခြားသော လုပ်ငန်းဆောင်တာများစွာ ဆောင်ရွက်ပေးသည်။” ထိုစာအုပ်ကပင် ဤသို့ဆိုသည်– “လေ၊ ရေကာတာများနှင့် မြစ်များတွင်ရှိသည့် စွမ်းအင်ရှိရှိသမျှ၊ ထင်း၊ ကျောက်မီးသွေး၊ ရေနံအစရှိသည့် သဘာဝလောင်စာများတွင် ရှိသည့် စွမ်းအင်ရှိရှိသမျှသည် နေမှ မိုင်ပေါင်း ၉၃ သန်းအကွာတွင်ရှိသည့် သေးငယ်သော ဤကမ္ဘာဂြိုဟ်ပေါ် သက်ရောက်သည့် နေရောင်ခြည်စွမ်းအင်လောက်ပင် မရှိကြောင်း စဉ်းစားသုံးသပ်ရုံနှင့် နေရောင်ခြည်တွင်ရှိသည့် စွမ်းအင်၏ ကြီးမားမှုကို နားလည်သဘောပေါက်နိုင်ပါသည်။”

မိုးတိမ်ထဲသို့ ဉာဏ်ပညာကို အဘယ်သူသွင်းသနည်း

ယေဟောဝါသည် ယောဘအား မိုးတိမ်များကို ဆင်ခြင်သုံးသပ်ရန် မိန့်ဆိုတော်မူ၏။ (ယောဘ ၃၈:၃၄-၃၈) လူသားတို့သည် မိုးတိမ်တစ်ခုဖြစ်ပေါ်လာရန်၊ ၎င်းမှမိုးရွာလာစေရန် အမိန့်မပေးနိုင်ပါ။ သို့အစား လူသားများသည် ဖန်ဆင်းရှင် ဖွဲ့စည်းပေးထားသည့် ရေသံသရာအပေါ် အားထားမှီခိုနေကြရသည်။

ရေသံသရာဟူသည် အဘယ်နည်း။ အကိုးအကားစာအုပ်တစ်အုပ်က ဤသို့ဆိုသည်– “ရေသံသရာတွင် သိုလှောင်ခြင်း၊ အငွေ့ပျံခြင်း၊ ရွာသွန်းခြင်းနှင့် စီးဆင်းခြင်းဟူ၍ သိသာထင်ရှားသည့် အဆင့်လေးဆင့်ပါဝင်၏။ ရေကို မြေကြီးထဲတွင်၊ သမုဒ္ဒရာများ၊ ရေအိုင်များ၊ မြစ်များ၊ ရေခဲပြင်များနှင့် ရေခဲမြစ်များတွင် ခေတ္တယာယီ သိုလှောင်ထားပေမည်။ ထို့နောက် မြေမျက်နှာပြင်မှ အငွေ့ပျံ၍ မိုးတိမ်များတွင် ငွေ့ရည်ဖွဲ့ကာ မြေကြီးပေါ်သို့ (မိုး သို့မဟုတ် ဆီးနှင်း) အဖြစ် ရွာသွန်းပြီး နောက်ဆုံး ပင်လယ်ထဲသို့ စီးဝင်သွားသည် သို့မဟုတ် လေထုထဲသို့ ပြန်အငွေ့ပျံသွားသည်။ မြေကြီးပေါ်ရှိ ရေအားလုံးနီးပါးသည် ရေသံသရာလည်ခဲ့သည်မှာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင်ရှိခဲ့ပြီဖြစ်သည်။—၂၀၀၅ ခုနှစ်၊ မိုက်ခရိုဆော့ဖ် အင်ကာတာရည်ညွှန်းစာကြည့်တိုက်။

မိုးရေနှင့်ပြည့်နေသည့် မိုးတိမ်များသည် ကောင်းကင်မှ ရေဘူးများနှင့်တူ၏။ ယေဟောဝါသည် ယင်းတို့ကို စောင်း၍ မိုးရေများအဖြစ် သွန်ချလိုက်သောအခါ မြေမှုန့်များသည် ရွှံ့ဖြစ်လာပြီး မြေစိုင်ခဲများက စေးကပ်လာကြသည်။ ဘုရားသခင်သည် မိုးကိုရွာစေနိုင် သို့မဟုတ် မရွာအောင်ထိန်းထားနိုင်သည်။—ယာကုပ် ၅: ၁၇၊ ၁၈။

မိုးရွာသည့်အခါ လျှပ်စီးလက်လေ့ရှိ၏။ သို့သော် လူသားတို့သည် ဆန္ဒရှိလျှင်ပင် ယင်းကို မဖြစ်ပေါ်စေနိုင်ကြပေ။ လျှပ်စီးများက “ကျွန်တော်တို့ရှိပါ၏” ဟု ဘုရားသခင်အား လျှောက်ဆိုနေသည့်အလား တင်စားဖော်ပြထားသည်။ ကန်ပ်တန်စွယ်စုံကျမ်းက ဤသို့ဆိုသည်– “လျှပ်စီးလက်ခြင်းသည် လေထုထဲတွင် အရေးပါသည့် ဓာတုအပြောင်းအလဲများကို ဖြစ်ပွားစေ၏။ လေထဲတွင် လျှပ်စီးတစ်ချက်လက်လိုက်သည်နှင့် ဧရာမအပူထွက်ပေါ်လာပြီး နိုက်ထရိုဂျင်နှင့် အောက်စီဂျင်တို့ ပေါင်းစပ်သွားကာ နိုက်ထရိတ်နှင့် အခြားဒြပ်ပေါင်းများကို ဖြစ်ပေါ်စေသည်။ ထိုဒြပ်ပေါင်းများသည် မိုးရေနှင့်အတူ ကမ္ဘာမြေပေါ်သို့ ကျရောက်လာ၏။ ဤနည်းအားဖြင့် အပင်များပေါက်ရောက်ရန် မြေဆီတွင် လိုအပ်သည့် မြေသြဇာဓာတ်များကို လေထုက အဆက်မပြတ် ဖြည့်ဆည်းထောက်ပံ့ပေးနိုင်လေသည်။” လျှပ်စီးလက်ခြင်းအကြောင်း အပြည့်အဝသိရှိရန်မှာ လူသားတို့အတွက် လျှို့ဝှက်နက်နဲရာ ဖြစ်နေသေးသော်လည်း ဘုရားသခင်အတွက်ကား ထိုသို့မဟုတ်ပေ။

အံ့ဖွယ်ဖန်ဆင်းရာများ ဘုရားသခင်အား ဂုဏ်တင်ချီးမွမ်း

အံ့ဖွယ်ဖန်ဆင်းရာများသည် အရာခပ်သိမ်းဖန်ဆင်းရှင်၏ ကြီးမြတ်မှုကို အမှန်ပင် ဖော်ပြပါသည်။ (ဗျာ. ၄:၁၁) ကမ္ဘာမြေကြီး၊ အာကာသရှိ ကောင်းကင်တန်ဆာများနှင့်စပ်လျဉ်း၍ ယေဟောဝါမိန့်ဆိုရာများကို ယောဘ အလွန်ပင် စွဲမှတ်သွားခဲ့ပေမည်။

ယခု ကျွန်ုပ်တို့ဆင်ခြင်သုံးသပ်ခဲ့ကြသော အံ့ဖွယ်ဖန်ဆင်းရာများသည် ယောဘအား မေးခဲ့သည့် မေးခွန်းများနှင့် ဖော်ပြချက်များမျှသာ မဟုတ်ချေ။ သို့တိုင်၊ ကျွန်ုပ်တို့သုံးသပ်ခဲ့ကြသည့် ထိုအရာတို့သည်ပင် “ဘုရားသခင်သည် ကြီးမြတ်တော်မူ၏။ ငါတို့သည် ဘုရားသခင်ကိုမသိနိုင်” ဟု ကျွန်ုပ်တို့အား ဟစ်ကြွေးစေပါသည်။—ယောဘ ၃၆:၂၆။

[Picture Credit Line on page 14]

ဆီးနှင်းပွင့်– snowcrystals.net

[Picture Credit Lines on page 15]

ဖျောက်ဆိပ်ကြယ်– NASA, ESA and AURA/Caltech; ငါး– U.S. Fish & Wildlife Service, Washington, D.C./William W. Hartley

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ