ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bhs အခန်း ၁၂ စာ. ၁၂၄-၁၃၄
  • ဘုရားသခင်ရဲ့မိတ်ဆွေ ဘယ်လိုဖြစ်နိုင်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်ရဲ့မိတ်ဆွေ ဘယ်လိုဖြစ်နိုင်သလဲ
  • သမ္မာကျမ်းစာ သွန်သင်ရာများ
  • ကျမ်းစာသွန်သင်ရာ ဖတ်ပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါက မိမိရဲ့မိတ်ဆွေတွေကို ကာကွယ်ပေး
  • စာတန်ရဲ့ စွပ်စွဲချက်
  • ယောဘကို စာတန် တိုက်ခိုက်
  • သင့်ကို စာတန် စွပ်စွဲနေပုံ
  • ယေဟောဝါရဲ့ ပညတ်တွေကို နာခံပါ
  • ဘုရားနှစ်သက်တဲ့အရာတွေကို နှစ်သက်လာအောင် သင်ယူပါ
  • အလွန်အရေးကြီးသော ပြဿနာတစ်ရပ်တွင် သင်ပတ်သက်နေ
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ယောဘသည် ယေဟောဝါ၏ နာမတော်ကို ဂုဏ်တင်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဘုရားသခင်ကို ပျော်ရွှင်စေနိုင်တဲ့အကြောင်း
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • “ယေဟောဝါကို မျှော်လင့်ပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ သွန်သင်ရာများ
bhs အခန်း ၁၂ စာ. ၁၂၄-၁၃၄

အခန်းဆယ့်နှစ်

ဘုရားသခင်ရဲ့မိတ်ဆွေ ဘယ်လိုဖြစ်နိုင်သလဲ

၁၊ ၂။ ယေဟောဝါရဲ့ မိတ်ဆွေတချို့ဟာ ဘယ်သူတွေလဲ။

သင် ဘယ်သူနဲ့ မိတ်ဆွေဖြစ်ချင်သလဲ။ ကိုယ်နဲ့အသွင်တူသူ၊ ကိုယ်နဲ့သင့်မြတ်သူ၊ ကြင်နာတတ်သူ၊ ကိုယ်အထင်ကြီးလေးစားတဲ့ အရည်အသွေးတွေ ပိုင်ဆိုင်သူနဲ့ မိတ်ဆွေဖြစ်ချင်မှာပဲ။

၂ ယေဟောဝါဘုရားက လူတချို့ကို မိတ်ဆွေအဖြစ် ရွေးချယ်တယ်။ ယေဟောဝါရဲ့ မိတ်ဆွေတစ်ယောက်ကတော့ အာဗြဟံပဲ။ (ဟေရှာယ ၄၁:၈။ ယာကုပ် ၂:၂၃) ယေဟောဝါက ဒါဝိဒ်ကိုလည်း ချစ်ခင်နှစ်သက်တယ်။ “ငါနဲ့ စိတ်သဘောထားချင်း ကိုက်ညီသူ” လို့ ဒါဝိဒ်ကို ခေါ်ခဲ့တယ်။ (တမန်တော် ၁၃:၂၂) ပရောဖက်ဒံယေလဟာ ယေဟောဝါအတွက် “သိပ်တန်ဖိုးထားရတဲ့သူ” ဖြစ်တယ်။​—ဒံယေလ ၉:၂၃။

၃။ အာဗြဟံ၊ ဒါဝိဒ်နဲ့ ဒံယေလတို့ဟာ ယေဟောဝါရဲ့မိတ်ဆွေ ဘယ်လိုဖြစ်လာသလဲ။

၃ အာဗြဟံ၊ ဒါဝိဒ်နဲ့ ဒံယေလတို့ဟာ ယေဟောဝါရဲ့မိတ်ဆွေ ဘယ်လိုဖြစ်လာသလဲ။ ‘ငါ့စကားကို မင်းနားထောင်တယ်’ ဆိုပြီး အာဗြဟံကို ယေဟောဝါပြောတယ်။ (ကမ္ဘာဦး ၂၂:၁၈) ယေဟောဝါဟာ မိမိကို နှိမ့်ချစိတ်နဲ့ နာခံသူတွေရဲ့ မိတ်ဆွေဖြစ်လာတယ်။ လူမျိုးတစ်မျိုးလုံးအနေနဲ့တောင် ဘုရားရဲ့မိတ်ဆွေ ဖြစ်လာနိုင်တယ်။ “ငါ့စကားကို နာခံပါ။ ဒါဆိုရင် ငါဟာ မင်းတို့ရဲ့ ဘုရားသခင် ဖြစ်လာပြီး မင်းတို့လည်း ငါ့လူတွေ ဖြစ်လာမယ်” လို့ အစ္စရေးလူမျိုးကို ယေဟောဝါပြောတယ်။ (ယေရမိ ၇:၂၃) သင်လည်း ယေဟောဝါရဲ့မိတ်ဆွေ ဖြစ်ချင်တယ်ဆိုရင် ကိုယ်တော့်စကားကို နာခံဖို့လိုတယ်။

ယေဟောဝါက မိမိရဲ့မိတ်ဆွေတွေကို ကာကွယ်ပေး

၄၊ ၅။ မိမိရဲ့မိတ်ဆွေတွေကို ယေဟောဝါ ဘယ်လို ကာကွယ်ပေးသလဲ။

၄ ယေဟောဝါဟာ “စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုသူတွေရဲ့ အကျိုးအတွက် အစွမ်းတန်ခိုးပြဖို့” နည်းလမ်းရှာနေတယ်လို့ ကျမ်းစာပြောတယ်။ (၂ ရာဇဝင်ချုပ် ၁၆:၉) ဆာလံ ၃၂:၈ မှာ ယေဟောဝါက “မင်းကို ငါထိုးထွင်းဉာဏ် ရှိစေမယ်၊ သွားသင့်တဲ့လမ်းကို ညွှန်ပြပေးမယ်။ မပြတ်ကြည့်ရှုပြီး အကြံဉာဏ်ပေးမယ်” လို့ မိတ်ဆွေတွေကို ကတိပေးတယ်။

၅ ကျွန်တော်တို့ ဘုရားရဲ့မိတ်ဆွေဖြစ်တာကို မလိုလားတဲ့ ခွန်အားကြီးရန်သူတစ်ပါး ရှိနေတယ်။ ဒါပေမဲ့ ယေဟောဝါက ကျွန်တော်တို့ကို ကာကွယ်ပေးချင်တယ်။ (ဆာလံ ၅၅:၂၂ ကိုဖတ်ပါ။) ယေဟောဝါရဲ့ မိတ်ဆွေတွေအနေနဲ့ ကျွန်တော်တို့က ကိုယ်တော့်ကို စိတ်စွမ်းရှိသမျှ ဝတ်ပြုကြတယ်။ အခက်အခဲတွေကြားမှာတောင် ဘုရားအပေါ် သစ္စာတည်ကြည်တယ်။ “ကျွန်တော့်ညာဘက်မှာ ဘုရားရှိနေလို့ ဘယ်တော့မှ တုန်လှုပ်မှာ မဟုတ်ဘူး” ဆိုပြီး ရေးခဲ့တဲ့ ဆာလံဆရာလိုမျိုး ကျွန်တော်တို့လည်း ယုံကြည်စိတ်ချမှု ရှိတယ်။ (ဆာလံ ၁၆:၈။ ၆၃:၈) ဘုရားသခင်နဲ့ မိတ်ပျက်သွားအောင် ကျွန်တော်တို့ကို စာတန် ဘယ်လို တားဆီးနေသလဲ။

စာတန်ရဲ့ စွပ်စွဲချက်

၆။ လူတွေနဲ့ပတ်သက်ပြီး စာတန် ဘာပြောသလဲ။

၆ ယေဟောဝါကို စာတန် စောဒကတက်ခဲ့တယ်၊ ဘုရားသခင်ဟာ လိမ်ညာသူဖြစ်တယ်၊ အာဒံနဲ့ ဧဝကို အမှားအမှန် ကိုယ်တိုင်ဆုံးဖြတ်ခွင့် မပေးဘဲထားတာဟာ မတရားဘူးလို့ စွပ်စွဲခဲ့တယ်ဆိုတဲ့အကြောင်း အခန်း ၁၁ မှာ သိခဲ့ရပြီ။ ဘုရားသခင့်မိတ်ဆွေဖြစ်ချင်တဲ့ လူတွေကိုလည်း စာတန် စွပ်စွဲတဲ့အကြောင်း ယောဘကျမ်းကနေ သိရတယ်။ ဘုရားကို ချစ်လို့ မဟုတ်ဘဲ အကျိုးရလို့ ဝတ်ပြုနေကြတာဆိုပြီး စာတန် စွပ်စွဲတယ်။ ဘုရားကို ကျောခိုင်းသွားအောင် ဘယ်သူ့ကိုမဆို သူ လုပ်နိုင်တယ်လို့တောင် ပြောသေးတယ်။ ယောဘဆီကနေ ဘာသင်ယူနိုင်သလဲ၊ သူ့ကို ယေဟောဝါ ဘယ်လို ကာကွယ်ခဲ့သလဲဆိုတာ ကြည့်ကြရအောင်။

၇၊ ၈။ (က) ယောဘဆိုတာ ဘယ်သူလဲ။ (ခ) ယောဘနဲ့ပတ်သက်ပြီး စာတန် ဘာပြောသလဲ။

၇ ယောဘဆိုတာ ဘယ်သူလဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃,၆၀၀ ခန့်က အသက်ရှင်ခဲ့တဲ့ လူကောင်းတစ်ယောက်ပါ။ အဲဒီတုန်းက ကမ္ဘာပေါ်မှာ ယောဘလိုလူ တစ်ယောက်မှမရှိဘူးလို့ ယေဟောဝါပြောတယ်။ ယောဘဟာ ဘုရားသခင်ကို အလွန်ရိုသေလေးစားသူ၊ မကောင်းမှုကို ရွံမုန်းသူဖြစ်တယ်။ (ယောဘ ၁:၈) သူဟာ ယေဟောဝါရဲ့ မိတ်ဆွေစစ်ပဲ။

၈ ယောဘ အကျိုးရလို့ ဘုရားသခင်ကို ဝတ်ပြုနေတာဆိုပြီး စာတန်စွပ်စွဲတယ်။ “ခင်ဗျားက သူ့ကိုရော သူ့အိမ်နဲ့ ပိုင်ဆိုင်သမျှကိုပါ ကာကွယ်ပေးထားတာကိုး။ သူလုပ်သမျှကို ကောင်းချီးပေးပြီး ခြံမွေးတိရစ္ဆာန်တွေကိုလည်း ပွားများစေတာကိုး။ ဒါပေမဲ့၊ အခု လက်ကိုဆန့်ပြီး သူပိုင်ဆိုင်သမျှကို ဖျက်ဆီးကြည့်ပါလား၊ ခင်ဗျားကို ရှေ့မှာတင် ကျိန်းသေကျိန်ဆဲလိမ့်မယ်” လို့ ယေဟောဝါကို စာတန်ပြောတယ်။—ယောဘ ၁:၁၀၊ ၁၁။

၉။ စာတန် ဘာလုပ်ဖို့ ယေဟောဝါ ခွင့်ပြုလိုက်သလဲ။

၉ ယောဘဟာ အကျိုးရဖို့အတွက်ပဲ ယေဟောဝါကို ဝတ်ပြုနေတာလို့ စာတန် စွပ်စွဲတယ်။ ယေဟောဝါကို ယောဘ ဝတ်မပြုတော့အောင် သူလုပ်နိုင်တယ်လို့လည်း ပြောသေးတယ်။ စာတန်ပြောတာကို ယေဟောဝါ သဘောမတူဘူး။ ဒါပေမဲ့ ဘုရားကိုချစ်လို့ ဘုရားရဲ့မိတ်ဆွေ ဖြစ်နေတာ ဟုတ်မဟုတ် ယောဘကို စမ်းသပ်ဖို့ ခွင့်ပြုလိုက်တယ်။

ယောဘကို စာတန် တိုက်ခိုက်

၁၀။ ယောဘကို စာတန် ဘယ်လိုတိုက်ခိုက်သလဲ။ ယောဘ ဘယ်လိုတုံ့ပြန်သလဲ။

၁၀ ဦးဆုံး၊ ယောဘရဲ့တိရစ္ဆာန်အားလုံး အခိုးခံရအောင်၊ အသတ်ခံရအောင် စာတန်လုပ်တယ်။ ပြီးတော့ ယောဘရဲ့ကျွန်အများစု သေသွားအောင် လုပ်တယ်။ ယောဘခမျာ အရာရာဆုံးရှုံးသွားတယ်။ နောက်ဆုံး၊ ယောဘရဲ့ သားသမီးဆယ်ယောက်ကို မုန်တိုင်းကြောင့် သေသွားအောင် လုပ်တယ်။ ဒါတောင် ယေဟောဝါအပေါ် ယောဘ သစ္စာတည်ကြည်နေတုန်းပဲ။ “ဒါတွေအားလုံး ကြုံရပေမဲ့ ယောဘက အပြစ်မလုပ်ဘူး။ ဘုရားသခင် မှားတယ်လို့လည်း မစွပ်စွဲဘူး။”—ယောဘ ၁:၁၂-၁၉၊ ၂၂။

ဇနီး၊ သားသမီးဆယ်ယောက်နဲ့ ပျော်ရွှင်နေတဲ့ ယောဘ

မိတ်ဆွေပီသမှုကြောင့် ယောဘကို ယေဟောဝါ ဆုချ

၁၁။ (က) ယောဘကို စာတန် ဘာလုပ်သေးသလဲ။ (ခ) ယောဘ ဘယ်လိုတုံ့ပြန်သလဲ။

၁၁ စာတန် လက်မလျှော့ခဲ့ဘူး။ “သူ့အရိုးနဲ့ အသားကို ထိခိုက်ကြည့်ပါလား။ ခင်ဗျားကို ရှေ့မှာတင် ကျိန်းသေ ကျိန်ဆဲလိမ့်မယ်” လို့ ဘုရားကို စိန်ခေါ်တယ်။ ပြီးတော့ ယောဘကို ဆိုးဝါးတဲ့အနာစိမ်းတွေ ပေါက်စေတယ်။ (ယောဘ ၂:၅၊ ၇) ဒီတစ်ခါလည်း ယောဘက ယေဟောဝါအပေါ် သစ္စာတည်ကြည်နေတုန်းပဲ။ “သေတဲ့အထိ ကျုပ်ရဲ့သမာဓိကို မစွန့်ဘူး” လို့ သူပြောတယ်။—ယောဘ ၂၇:၅။

၁၂။ စာတန်ဟာ မုသာကောင်ဖြစ်မှန်း ယောဘ ဘယ်လို သက်သေပြခဲ့သလဲ။

၁၂ ယောဘဟာ စာတန်ရဲ့ စွပ်စွဲချက်အကြောင်း၊ သူ ဘာလို့ ဒီလောက်ဒုက္ခရောက်ရတဲ့အကြောင်း ဘာဆိုဘာမှ မသိဘူး။ သူဒုက္ခရောက်အောင် ယေဟောဝါလုပ်နေတယ်လို့ ထင်နေတာ။ (ယောဘ ၆:၄။ ၁၆:၁၁-၁၄) ဒါတောင် ယေဟောဝါအပေါ် သစ္စာတည်ကြည်နေတုန်းပဲ။ အခုတော့ သံသယ ကင်းရှင်းသွားပြီ။ ယောဘဟာ တစ်ကိုယ်ကောင်းဆန်သူ မဟုတ်ဘူး။ ဘုရားကို ချစ်လို့ ဘုရားရဲ့မိတ်ဆွေ ဖြစ်နေတာ။ စာတန့်စွပ်စွဲချက်တွေ တက်တက်စင်အောင် မှားသွားပြီ။

၁၃။ ယောဘရဲ့ သစ္စာတည်ကြည်မှုကြောင့် ဘာအကျိုးရခဲ့သလဲ။

၁၃ ကောင်းကင်မှာ ဘာတွေဖြစ်နေမှန်း ယောဘ မသိဘူး။ ဒါတောင် ဘုရားအပေါ် သစ္စာတည်ကြည်ပြီး စာတန်ဟာ ဆိုးညစ်သူဖြစ်မှန်း သက်သေပြခဲ့တယ်။ မိတ်ဆွေပီသမှုကြောင့် ယောဘကို ယေဟောဝါ ဆုချခဲ့တယ်။—ယောဘ ၄၂:၁၂-၁၇။

သင့်ကို စာတန် စွပ်စွဲနေပုံ

၁၄၊ ၁၅။ လူအားလုံးကို စာတန် ဘယ်လိုစွပ်စွဲသလဲ။

၁၄ ယောဘရဲ့ဖြစ်ရပ်ကနေ အရေးကြီးသင်ခန်းစာတွေ သင်ယူနိုင်တယ်။ ဒီနေ့လည်း အကျိုးရလို့ ယေဟောဝါကို ကျွန်တော်တို့ ဝတ်ပြုနေတာဆိုပြီး စာတန် စွပ်စွဲတယ်။ ယောဘ ၂:၄ မှာ “လူတွေဟာ အသက်ဆက်ရှင်ဖို့ ကိုယ်ပိုင်ဆိုင်သမျှကို ပေးမှာပဲ” လို့ စာတန်ပြောတယ်။ ယောဘသာမက လူအားလုံး တစ်ကိုယ်ကောင်းဆန်တယ်လို့ စွပ်စွဲလိုက်တာပဲ။ ယောဘသေဆုံးပြီး နှစ်ပေါင်းများစွာကြာတဲ့အထိ စာတန်ဟာ ယေဟောဝါကို ကဲ့ရဲ့ပြောဆိုနေဆဲ၊ ဘုရားသခင့်ကျေးကျွန်တွေကို စွပ်စွဲနေဆဲပဲ။ ဥပမာ၊ ပညာအလိမ္မာကျမ်း ၂၇:၁၁ မှာ “ငါ့သား၊ ဉာဏ်ပညာရှိပါ။ ငါ့စိတ်ကို ရွှင်လန်းစေပါ။ ဒါမှ ငါ့ကို ကဲ့ရဲ့နေတဲ့သူကို ငါချေပနိုင်မယ်” လို့ဖတ်ရတယ်။

၁၅ ယေဟောဝါကို နာခံပြီး ကိုယ်တော့်မိတ်ဆွေဖြစ်ဖို့ သင် ရွေးချယ်နိုင်တယ်။ ဒီနည်းနဲ့ စာတန်ဟာ မုသာကောင်ဖြစ်ကြောင်း သက်သေထူနိုင်တယ်။ ဘုရားရဲ့မိတ်ဆွေဖြစ်လာဖို့ သင့်အသက်တာမှာ အပြောင်းအလဲကြီးတွေ လုပ်ရမယ်ဆိုရင်တောင် ဒါဟာ ချနိုင်သမျှ ဆုံးဖြတ်ချက်တွေထဲမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ပါပဲ။ ဒီဆုံးဖြတ်ချက်ဟာ အင်မတန် အရေးကြီးတယ်။ သင် ပြဿနာကြုံရတဲ့အခါ ဘုရားအပေါ် သစ္စာတည်ကြည်မှာ မဟုတ်ဘူးဆိုပြီး စာတန် စွပ်စွဲတယ်။ ဘုရားသခင်အပေါ် သစ္စာမတည်ကြည်အောင် ကျွန်တော်တို့ကို သူလှည့်စားနေတယ်။ ဘယ်လိုနည်းနဲ့လဲ။

၁၆။ (က) ယေဟောဝါကို ဝတ်မပြုတော့အောင် စာတန် တားဆီးတဲ့နည်းတွေဟာ ဘာလဲ။ (ခ) ယေဟောဝါကို ဝတ်မပြုတော့အောင် သင့်ကို စာတန် ဘယ်လိုတားဆီးနိုင်သလဲ။

၁၆ စာတန်ဟာ ဘုရားသခင်နဲ့ ကျွန်တော်တို့ မိတ်ပျက်သွားအောင် နည်းမျိုးစုံသုံးပြီး တားဆီးနေတယ်။ “ဟိန်းဟောက်နေတဲ့ ခြင်္သေ့လို” တိုက်ခိုက်ပြီး “တစ်ယောက်ယောက်ကို ဝါးမျိုဖို့ လှည့်လည်ရှာဖွေနေတယ်။” (၁ ပေတရု ၅:၈) မိတ်ဆွေတွေ၊ မိသားစုဝင်တွေ၊ တခြားသူတွေက သင် ကျမ်းစာလေ့လာတာ၊ မှန်ရာလုပ်နေတာကို တားဖို့ ကြိုးစားတဲ့အခါ မအံ့သြပါနဲ့။ သင် တိုက်ခိုက်ခံနေရတယ်လို့ ခံစားမိနိုင်တယ်။a (ယောဟန် ၁၅:၁၉၊ ၂၀) ဒါ့အပြင် စာတန်ဟာ “အလင်းရဲ့ ကောင်းကင်တမန်” ဖြစ်ယောင်ဆောင်တတ်တယ်။ ဒါကြောင့် ယေဟောဝါကို မနာခံဖို့ ကျွန်တော်တို့ကို သူ လှည့်စားနိုင်တယ်။ (၂ ကောရိန္သု ၁၁:၁၄) ယေဟောဝါကို ဝတ်မပြုတော့အောင် စာတန် တားဆီးတဲ့ နောက်တစ်နည်း ရှိသေးတယ်။ ကျွန်တော်တို့ အသုံးမကျဘူး၊ ဘုရားသခင်ကို ဝတ်ပြုဖို့ မထိုက်တန်ဘူးလို့ ခံစားရအောင်လုပ်ခြင်းပဲ။—ပညာအလိမ္မာ ၂၄:၁၀။

ယေဟောဝါရဲ့ ပညတ်တွေကို နာခံပါ

၁၇။ ယေဟောဝါကို ကျွန်တော်တို့ ဘာလို့ နာခံကြတာလဲ။

၁၇ ယေဟောဝါကို ကျွန်တော်တို့ နာခံတဲ့အခါ စာတန်ဟာ မုသာကောင်ဖြစ်ကြောင်း သက်သေပြရာရောက်တယ်။ နာခံမှုရှိဖို့ သင့်ကို ဘာက ကူညီပေးမလဲ။ “ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှ ချစ်ပါ” လို့ ကျမ်းစာပြောတယ်။ (တရားဟောရာ ၆:၅) ယေဟောဝါကို ကျွန်တော်တို့ ချစ်လို့ နာခံကြတာ။ ယေဟောဝါကို ပိုချစ်လာတာနဲ့အမျှ ကိုယ်တော် တောင်းဆိုတာမှန်သမျှကို လုပ်ချင်လာပါလိမ့်မယ်။ “ဘုရားသခင်ကို ချစ်တယ်ဆိုတာ ပညတ်ချက်တွေ လိုက်နာတာကို ဆိုလိုတယ်။ ပညတ်ချက်တွေဟာ လိုက်နာဖို့ ခက်ခဲလွန်းတဲ့အရာ မဟုတ်ပါဘူး” လို့ တမန်တော်ယောဟန် ရေးခဲ့တယ်။—၁ ယောဟန် ၅:၃။

၁၈၊ ၁၉။ (က) မှားတယ်လို့ ယေဟောဝါပြောတဲ့ အရာတချို့က ဘာတွေလဲ။ (ခ) ကျွန်တော်တို့ မတတ်နိုင်တာကို လုပ်ဖို့ ယေဟောဝါ မတောင်းဆိုမှန်း ဘယ်လိုသိရသလဲ။

၁၈ မှားတယ်လို့ ယေဟောဝါပြောတဲ့ အရာတချို့က ဘာတွေလဲ။ “ယေဟောဝါ ရွံမုန်းတဲ့အရာတွေကို ရှောင်ပါ” လေးထောင့်ကွက်မှာ ဖော်ပြထားတယ်။ ရုတ်တရက်ကြည့်လိုက်ရင် အဲဒါတွေဟာ မမှားဘူးလို့ ထင်ရမယ်။ ဒါပေမဲ့ ကျမ်းချက်တွေကို ဖတ်ပြီး အသေအချာစဉ်းစားမယ်ဆိုရင် ယေဟောဝါရဲ့ပညတ်တွေကို နာခံတာဟာ ပညာရှိရာရောက်မှန်း နားလည်လာပါလိမ့်မယ်။ သင့်အသက်တာမှာ ပြုပြင်ပြောင်းလဲမှုတချို့ လုပ်ဖို့လိုတယ်လို့ ခံစားမိနိုင်တယ်။ အဲဒီလိုလုပ်ဖို့ ခက်တဲ့အခါတွေလည်း ရှိနိုင်တယ်။ ဒါပေမဲ့ အဲဒီလို ပြုပြင်ပြောင်းလဲမယ်ဆိုရင် ဘုရားရဲ့ မိတ်ဆွေစစ်တွေမှာရှိတဲ့ စိတ်ငြိမ်သက်မှုနဲ့ ပျော်ရွှင်မှု ခံစားရပါလိမ့်မယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဖြစ်နိုင်မှန်း ဘယ်လိုသိရသလဲ။

၁၉ ကျွန်တော်တို့ မတတ်နိုင်တာကို လုပ်ဖို့ ယေဟောဝါ ဘယ်တော့မှ မတောင်းဆိုဘူး။ (တရားဟောရာ ၃၀:၁၁-၁၄) ဘုရားက မိတ်ဆွေရင်းတစ်ယောက်လိုပါပဲ၊ ကိုယ့်ကိုယ်ကိုယ် သိတာထက် ကျွန်တော်တို့ကို ကိုယ်တော် ပိုသိတယ်။ ကျွန်တော်တို့ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို သိတယ်။ (ဆာလံ ၁၀၃:၁၄) “ဘုရားသခင်ဟာ သစ္စာရှိတဲ့အတွက် ခင်ဗျားတို့ မခံနိုင်လောက်တဲ့ သွေးဆောင်ခြင်းကို ခွင့်ပြုမှာ မဟုတ်ဘူး။ ဒါ့အပြင် သွေးဆောင်ခံရတဲ့အခါ ခံရပ်နိုင်ဖို့ လွတ်မြောက်ရာလမ်းကို ပြင်ဆင်ပေးလိမ့်မယ်” လို့ တမန်တော်ပေါလု အားပေးတယ်။ (၁ ကောရိန္သု ၁၀:၁၃) မှန်ရာကိုလုပ်ဖို့ ယေဟောဝါ အမြဲ ခွန်အားပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ ခက်ခဲတဲ့အခြေအနေတွေကို ခံရပ်နိုင်အောင် “သာမန်ထက် ထူးကဲတဲ့ တန်ခိုး” ကို ပေးပါလိမ့်မယ်။ (၂ ကောရိန္သု ၄:၇) ခက်ခဲတဲ့အခြေအနေတွေမှာ ယေဟောဝါရဲ့အကူအညီကို ရခဲ့တဲ့ တမန်တော်ပေါလုက “ကျွန်တော့်ကို အစွမ်းခွန်အားပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်” တယ်လို့ ပြောခဲ့တယ်။—ဖိလိပ္ပိ ၄:၁၃။

ဘုရားနှစ်သက်တဲ့အရာတွေကို နှစ်သက်လာအောင် သင်ယူပါ

၂၀။ ဘယ်အရည်အသွေးတွေကို အတုယူရမလဲ။ ဘာကြောင့်လဲ။

၂၀ ယေဟောဝါရဲ့မိတ်ဆွေ ဖြစ်ချင်တယ်ဆိုရင် မှားတယ်လို့ ယေဟောဝါပြောတဲ့အရာတွေကို ရှောင်ရမယ်။ ဒါတင် မကသေးဘူး။ (ရောမ ၁၂:၉) ဘုရားရဲ့မိတ်ဆွေတွေဟာ ဘုရားနှစ်သက်တာကို နှစ်သက်ကြတယ်။ ဘုရားနှစ်သက်တဲ့အရာတွေကို ဆာလံ ၁၅:၁–၅ မှာ ဖော်ပြထားတယ်။ (ဖတ်ပါ။) ယေဟောဝါရဲ့မိတ်ဆွေတွေဟာ ကိုယ်တော့်အရည်အသွေးတွေကို အတုယူကြတယ်။ “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း” စတဲ့အရည်အသွေးတွေကို ပြကြတယ်။—ဂလာတိ ၅:၂၂၊ ၂၃။

၂၁။ ဘုရားနှစ်သက်တဲ့ အရည်အသွေးတွေကို ဘယ်လို ပြတတ်လာမလဲ။

၂၁ အဲဒီအရည်အသွေးတွေကို ဘယ်လိုပြတတ်လာမလဲ။ ကျမ်းစာကို မှန်မှန် ဖတ်ရှုလေ့လာပြီး ယေဟောဝါနှစ်သက်တဲ့အရာတွေဟာ ဘာတွေလဲဆိုတာ သင်ယူဖို့လိုတယ်။ (ဟေရှာယ ၃၀:၂၀၊ ၂၁) ဒါဆိုရင် ယေဟောဝါကိုချစ်တဲ့မေတ္တာ တိုးများလာပါလိမ့်မယ်။ အဲဒီမေတ္တာ တိုးများလာတာနဲ့အမျှ ဘုရားကို နာခံချင်စိတ် ရှိလာပါလိမ့်မယ်။

၂၂။ ယေဟောဝါကို နာခံမယ်ဆိုရင် ဘာအကျိုးကျေးဇူးရမလဲ။

၂၂ သင့်အသက်တာမှာ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တာကို အင်္ကျီအဟောင်းချွတ်ပြီး အသစ်လဲဝတ်တာနဲ့ နှိုင်းယှဉ်နိုင်တယ်။ ‘စရိုက်ဟောင်းကို ချွတ်ပယ်ပြီး စရိုက်သစ်ကို ဝတ်ဆင်’ ဖို့ လိုတယ်လို့ ကျမ်းစာပြောတယ်။ (ကောလောသဲ ၃:၉၊ ၁၀) ခက်ခဲမှာမှန်ပေမဲ့ အဲဒီလိုပြုပြင်ပြောင်းလဲပြီး ယေဟောဝါကို နာခံမယ်ဆိုရင် ကြီးမားလှတဲ့ ‘အကျိုးကျေးဇူး’ ရရှိမယ်လို့ ကိုယ်တော် ကတိပေးထားတယ်။ (ဆာလံ ၁၉:၁၁) ယေဟောဝါကို နာခံဖို့ ရွေးချယ်ပြီး စာတန်ဟာ မုသာကောင်ဖြစ်ကြောင်း သက်သေပြပါ။ နောင်ရမယ့်အကျိုးကို မျှော်ကိုးလို့မဟုတ်ဘဲ ကိုယ်ကျိုးမငဲ့တဲ့ မေတ္တာနဲ့ ယေဟောဝါကို ဝတ်ပြုပါ။ ဒါဆိုရင် သင်ဟာ ဘုရားရဲ့မိတ်ဆွေစစ် ဖြစ်လာပါလိမ့်မယ်။

a သင် ကျမ်းစာဆက်မလေ့လာဖို့ တားဆီးသူတွေကို စာတန် ထိန်းချုပ်ထားတယ်လို့ မဆိုလိုဘူး။ ဒါပေမဲ့ စာတန်ဟာ “ဒီလောကစနစ်ရဲ့ ဘုရား” ဖြစ်ပြီး ‘တစ်လောကလုံးက သူ့သြဇာအောက်မှာ ရှိနေတယ်။’ ဒါကြောင့် ယေဟောဝါကို ဝတ်မပြုတော့အောင် လူတချို့ တားဆီးဖို့ ကြိုးစားတဲ့အခါ မအံ့သြပါနဲ့။—၂ ကောရိန္သု ၄:၄။ ၁ ယောဟန် ၅:၁၉။

ယေဟောဝါ ရွံမုန်းတဲ့အရာတွေကို ရှောင်ပါ

  • လူသတ်ခြင်း

    ထွက်မြောက်ရာ ၂၀:၁၃။ ၂၁:၂၂၊ ၂၃

  • လိင်အကျင့်ယိုယွင်းခြင်း

    ဝတ်ပြုရာ ၂၀:၁၀၊ ၁၃၊ ၁၅၊ ၁၆။ ရောမ ၁:၂၄၊ ၂၆၊ ၂၇၊ ၃၂။ ၁ ကောရိန္သု ၆:၉၊ ၁၀

  • နတ်ဆိုးပညာလိုက်စားခြင်း

    တရားဟောရာ ၁၈:၉-၁၃။ ၁ ကောရိန္သု ၁၀:၂၁၊ ၂၂။ ဂလာတိ ၅:၂၀၊ ၂၁

  • ရုပ်တုကိုးကွယ်ခြင်း

    ၁ ကောရိန္သု ၁၀:၁၄

  • သောက်ကြူးခြင်း

    ၁ ကောရိန္သု ၅:၁၁

  • ခိုးခြင်း

    ဝတ်ပြုရာ ၆:၂၊ ၄။ ဧဖက် ၄:၂၈

  • လိမ်ညာခြင်း

    ပညာအလိမ္မာ ၆:၁၆၊ ၁၉။ ကောလောသဲ ၃:၉။ ဗျာဒိတ် ၂၂:၁၅

  • လောဘကြီးခြင်း

    ၁ ကောရိန္သု ၅:၁၁

  • အကြမ်းဖက်ခြင်း

    ဆာလံ ၁၁:၅။ ပညာအလိမ္မာ ၂၂:၂၄၊ ၂၅။ မာလခိ ၂:၁၆။ ဂလာတိ ၅:၂၀၊ ၂၁

  • ဆဲဆိုခြင်း၊ အတင်းအဖျင်းပြောခြင်း

    ဝတ်ပြုရာ ၁၉:၁၆။ ဧဖက် ၅:၄။ ကောလောသဲ ၃:၈

  • သွေးကို တလွဲသုံးခြင်း

    ကမ္ဘာဦး ၉:၄။ တမန်တော် ၁၅:၂၀၊ ၂၈၊ ၂၉

  • မိသားစုကို မထောက်ပံ့ခြင်း

    ၁ တိမောသေ ၅:၈

  • စစ်ပွဲတွေ၊ နိုင်ငံရေးတွေမှာ ပါဝင်ခြင်း

    ဟေရှာယ ၂:၄။ ယောဟန် ၆:၁၅။ ၁၇:၁၆

  • ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးသုံးခြင်း

    မာကု ၁၅:၂၃။ ၂ ကောရိန္သု ၇:၁

အကျဉ်းချုပ်

အမှန်တရား ၁။ ယေဟောဝါရဲ့မိတ်ဆွေတွေဟာ ကိုယ်တော့်ကို နာခံကြတယ်

“ငါ့စကားကို နာခံပါ။ ဒါဆိုရင် ငါဟာ မင်းတို့ရဲ့ ဘုရားသခင် ဖြစ်လာပြီး မင်းတို့လည်း ငါ့လူတွေ ဖြစ်လာမယ်။”—ယေရမိ ၇:၂၃

ဘုရားသခင်ရဲ့မိတ်ဆွေ ဖြစ်နိုင်သလား။

  • ကမ္ဘာဦး ၂၂:၁၈။ ယာကုပ် ၂:၂၃

    အာဗြဟံဟာ ယေဟောဝါရဲ့မိတ်ဆွေ ဖြစ်လာတယ်။ ဘုရားစကားကို သူ နားထောင်ပြီး ဘုရားကို ယုံကြည်လို့ပဲ။

  • ၂ ရာဇဝင်ချုပ် ၁၆:၉

    နာခံသူတွေကို ယေဟောဝါ ကူညီမယ်။

  • ဆာလံ ၂၅:၁၄။ ၃၂:၈

    ယေဟောဝါဟာ မိမိရဲ့မိတ်ဆွေတွေကို ထိုးထွင်းဉာဏ်ပေးတယ်။

  • ဆာလံ ၅၅:၂၂

    ယေဟောဝါဟာ မိမိရဲ့မိတ်ဆွေတွေကို ထောက်မကူညီမယ်။

အမှန်တရား ၂။ ယောဘဟာ ဘုရားသခင်ရဲ့မိတ်ဆွေ၊ သစ္စာတည်ကြည်သူ ဖြစ်တယ်

“ဒါတွေအားလုံး ကြုံရပေမဲ့ ယောဘက အပြစ်မလုပ်ဘူး။ ဘုရားသခင် မှားတယ်လို့လည်း မစွပ်စွဲဘူး။”—ယောဘ ၁:၂၂

ယောဘကို စာတန် ဘယ်လို တိုက်ခိုက်သလဲ။ ယောဘ ဘယ်လိုတုံ့ပြန်သလဲ။

  • ယောဘ ၁:၁၀၊ ၁၁

    ယောဘဟာ တစ်ကိုယ်ကောင်းဆန်ပြီး ဘုရားသခင်ကို မချစ်ဘူးလို့ စာတန် စွပ်စွဲတယ်။

  • ယောဘ ၁:၁၂–၁၉။ ၂:၇

    ယောဘပိုင်ဆိုင်သမျှ စာတန် လုယူတာကို ယေဟောဝါခွင့်ပြုတယ်။ စာတန်က ယောဘကို ဆိုးဝါးတဲ့အနာစိမ်း ပေါက်စေတယ်။

  • ယောဘ ၂၇:၅

    ယောဘဟာ ဘာလို့ ဒီလောက်ဒုက္ခရောက်ရမှန်း မသိပေမဲ့ ဆက်ပြီးသစ္စာတည်ကြည်တယ်။

အမှန်တရား ၃။ ယေဟောဝါကို ကျွန်တော်တို့ ကျောခိုင်းသွားအောင် စာတန်ကြိုးစားတယ်

“လူတွေဟာ အသက်ဆက်ရှင်ဖို့ ကိုယ်ပိုင်ဆိုင်သမျှကို ပေးမှာပဲ။”—ယောဘ ၂:၄

ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ဖျက်ဆီးဖို့ စာတန် ဘယ်လိုကြိုးစားနေသလဲ။

  • ၂ ကောရိန္သု ၁၁:၁၄

    ယေဟောဝါကို ကျွန်တော်တို့ မနာခံအောင် စာတန် လှည့်စားနေတယ်။

  • ပညာအလိမ္မာ ၂၄:၁၀

    ကျွန်တော်တို့ အသုံးမကျဘူး၊ ယေဟောဝါကို ဝတ်ပြုဖို့ မထိုက်တန်ဘူးလို့ ခံစားရအောင် စာတန်လုပ်တယ်။

  • ၁ ပေတရု ၅:၈

    ကျွန်တော်တို့ကို စာတန် နှိပ်စက်ညှဉ်းဆဲတယ်။

  • ပညာအလိမ္မာ ၂၇:၁၁

    ယေဟောဝါကို နာခံဖို့ ရွေးချယ်ပါ၊ ဘုရားရဲ့မိတ်ဆွေစစ် ဆက်ဖြစ်နေပါ။ ဒါဆိုရင် စာတန်ဟာ မုသာကောင်ဖြစ်ကြောင်း သက်သေပြရာရောက်မယ်။

အမှန်တရား ၄။ ယေဟောဝါကို ကျွန်တော်တို့ ချစ်လို့ နာခံကြတယ်

“ဘုရားသခင်ကို ချစ်တယ်ဆိုတာ ပညတ်ချက်တွေ လိုက်နာတာကို ဆိုလိုတယ်။”—၁ ယောဟန် ၅:၃

ယေဟောဝါရဲ့မိတ်ဆွေ ဘယ်လိုဖြစ်နိုင်သလဲ။

  • တရားဟောရာ ၆:၅

    ဘုရားသခင်ကို ချစ်ကြောင်း လက်တွေ့ပြပါ။ နာခံတတ်အောင် ကိုယ်တော် ကူညီပါလိမ့်မယ်။

  • ဟေရှာယ ၄၈:၁၇၊ ၁၈

    ယေဟောဝါကို နာခံပါ၊ ဒါဆိုရင် သင် အမြဲ အကျိုးခံစားရပါလိမ့်မယ်။

  • တရားဟောရာ ၃၀:၁၁–၁၄

    သင် မတတ်နိုင်တာကို လုပ်ဖို့ ယေဟောဝါ ဘယ်တော့မှ မတောင်းဆိုမှန်း စိတ်ချပါ။

  • ဖိလိပ္ပိ ၄:၁၃

    မှန်ရာကို လုပ်ပါ၊ လိုအပ်တဲ့ခွန်အားကို ယေဟောဝါ ပေးပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ