မျက်နှာဖုံးဆောင်းပါး | ဘုရားကို အကြည်ညိုပျက်စေသည့် လိမ်လည်မှုများ
လိမ်လည်မှု ၃– ဘုရားသခင်က ရက်စက်ကြမ်းကြုတ်တယ်
လူအများယုံကြည်ရာ–
“သေထိုက်တဲ့အပြစ်ကြောင့် သေသွားသူရဲ့ဝိညာဉ်က ငရဲကို ချက်ချင်း ရောက်သွားပြီး ‘ထာဝရမီး’ ငရဲမှာ ပြစ်ဒဏ်ခံစားရတယ်။” (Catechism of the Catholic Church) ငရဲမှာပြစ်ဒဏ်ခံနေရတဲ့သူတွေဟာ ဘုရားသခင်နဲ့ အပြီးအပိုင် ကင်းကွာသွားတယ်ဆိုပြီး ဘာသာရေးခေါင်းဆောင်တချို့ သွန်သင်ကြတယ်။
ကျမ်းစာအမှန်တရား–
“သေသောသူမူကား အဘယ်အရာကိုမျှ မသိ။” (ဒေသနာ ၉:၅) သေသွားတဲ့သူက ဘာမှမသိတော့ဘူးဆိုရင် ဘယ်လိုလုပ်ပြီး “ထာဝရမီး” ငရဲထဲမှာ ပြစ်ဒဏ်ခံစားနိုင်မှာလဲ။ ဘုရားသခင်နဲ့ ကင်းကွာတာကို ဘယ်လိုလုပ် သိနိုင်မှာလဲ။
သမ္မာကျမ်းစာမှာ “ငရဲ” လို့ပြန်ဆိုထားတဲ့ ဟီဘရူးနဲ့ ဂရိစကားလုံးက သာမန်သင်္ချိုင်းကို ဆိုလိုတယ်။ ဥပမာ၊ ဘုရားအပေါ် သစ္စာတည်ကြည်တဲ့ ယောဘဟာ ရောဂါဝေဒနာ အပြင်းအထန် ခံစားရချိန်မှာ “ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း [“ငရဲ၊” Douay-Rheims Version] ၌ ဝှက်ထားတော်ပါစေ” လို့ ဆုတောင်းခဲ့တယ်။ (ယောဘ ၁၄:၁၃) ယောဘဟာ ညှဉ်းဆဲခံရတဲ့နေရာ ဒါမှမဟုတ် ဘုရားသခင်နဲ့ ကင်းကွာတဲ့နေရာမှာ မဟုတ်ဘဲ သင်္ချိုင်းမှာ အနားယူချင်နေတာပါ။
ကျမ်းစာအမှန်တရားသိဖို့ အရေးကြီးရတဲ့အကြောင်းရင်း–
ဘုရားသခင်က ရက်စက်ကြမ်းကြုတ်တယ်ဆိုပြီး လူတွေ ယူမှတ်လာတဲ့အခါ ကိုယ်တော့်ကို ချစ်မယ့်အစား ရွံမုန်းလာကြတယ်။ မက္ကဆီကိုနိုင်ငံက ရိုစီအို ဒီလိုပြောပြတယ်– “ကျွန်မ ငယ်ငယ်ကတည်းက ငရဲအယူဝါဒအကြောင်း သင်ပေးခံခဲ့ရတယ်။ ဘုရားသခင်ကို ကြောက်လွန်းလို့ ကိုယ်တော့်မှာ ဘာအရည်အသွေးကောင်းမှ မရှိဘူးလို့ ထင်ခဲ့တယ်။ အမြဲတမ်း စိတ်ဆိုးဒေါသထွက်နေတဲ့ ပုဂ္ဂိုလ်တစ်ပါးပဲလို့ ကျွန်မ မြင်ယောင်ခဲ့တယ်။”
ဘုရားသခင်ရဲ့ တရားစီရင်ချက်တွေ၊ သေဆုံးသွားသူတွေရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာကို ရိုစီအို သိလာတဲ့အခါ ဘုရားသခင်အပေါ် သူ့ရဲ့ ရှုမြင်ပုံ ပြောင်းလဲသွားတယ်။ “ကျွန်မရဲ့စိတ်ထဲက ဘုရားသခင်နဲ့ပတ်သက်တဲ့ ဝန်ထုပ်ဝန်ပိုးကြီး ခုမှပဲ ကျသွားတော့တယ်။ လူတွေရဲ့ ကောင်းကျိုးကို ဘုရားသခင် လိုလားတယ်၊ လူတွေကို ချစ်တယ်၊ ကျွန်မတို့ကလည်း ဘုရားသခင်ကို ချစ်နိုင်တယ်ဆိုတာ တဖြည်းဖြည်းနဲ့ ယုံကြည်လာတယ်။ ဘုရားသခင်ဟာ ကိုယ့်ကလေးကို လက်တွဲခေါ်သွားပြီး ကလေးအတွက် အကောင်းဆုံးလုပ်ပေးချင်တဲ့ ဖခင်တစ်ယောက်နဲ့ တူပါတယ်။”—ဟေရှာယ ၄၁:၁၃။
လူများစွာက မီးငရဲကျမှာကို ကြောက်လို့ ဘုရားတရားလုပ်ကြတယ်။ ဒါပေမဲ့ ဘုရားသခင်က မိမိကိုကြောက်လို့ ကိုးကွယ်တာမျိုးကို မလိုချင်ဘူး။ ဒါကြောင့် ယေရှုက ‘သင်၏ဘုရားသခင် ယေဟောဝါကို ချစ်လော့’ ဆိုပြီး မိန့်မှာခဲ့တယ်။ (မာကု ၁၂:၂၉၊ ၃၀) ယနေ့အချိန်မှာ ဘုရားသခင်က မတရားမှုတွေကို မလုပ်ဘူးဆိုတာ ကျွန်ုပ်တို့ သိထားမယ်ဆိုရင် အနာဂတ်မှာလည်း ကိုယ်တော့်ရဲ့ စီရင်ချက်တွေဟာ တရားမျှတမယ်ဆိုတာကို ယုံကြည်စိတ်ချနိုင်မယ်။ “ဘုရားသခင်သည် ဒုစရိုက်ကို ပြုတော်မမူ။ အနန္တတန်ခိုးရှင်သည် မတရားသဖြင့်စီရင်တော်မမူ” လို့ ယောဘရဲ့မိတ်ဆွေ ဧလိဟုပြောခဲ့သလို ကျွန်ုပ်တို့လည်း သေချာပေါက် ပြောနိုင်ပါတယ်။—ယောဘ ၃၄:၁၂။