ကျွန်ုပ်တို့၏ဘိုးဘေးများအတွက် ဘဝသစ်တစ်ခု
ဘုရားသခင့်နှုတ်ကပါဌ်တော် ကျမ်းစာက လူတိုင်းသည် သေသောအခါ နာမ်ဝိညာဉ်ဘောင်တွင် အသက်ဆက်ရှင်ရန် ချောချောမောမောဘဝကူးသွားသည်ဟု သွန်သင်ပါသလော။ ယင်းသို့မသွန်သင်ပါ။ ကျမ်းစာက တမလွန်ဘဝ၏အံ့ချီးဖွယ်မျှော်လင့်ချက်ကို တင်ပြထားသော်လည်း လူများစွာတွေးထင်ကြသည့်အတိုင်း မဟုတ်ပါ။
ကျွန်ုပ်တို့၏ဦးဆုံးဘိုးဘေး အာဒံအကြောင်း ကျမ်းစာမည်သို့ပြောထားသည်ကို သုံးသပ်ကြည့်ပါ။ ယေဟောဝါသည် “မြေမှုန့်ဖြင့်” သူ့အားပြုလုပ်ခဲ့သည်။ (ကမ္ဘာဦး ၂:၇) အာဒံ၌ ကမ္ဘာပေါ်တွင် ပျော်ပျော်ရွှင်ရွှင်ဖြင့်ထာဝစဉ်အသက်ရှင်ရန် အခွင့်အရေးရှိသည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) သို့ရာတွင် မေတ္တာပြည့်ဝသောဖန်ဆင်းရှင်ကို ဆန့်ကျင်ပုန်ကန်ခဲ့ရာ သေခြင်းတရား အဖတ်တင်ခဲ့သည်။
သေသောအခါ အာဒံအဘယ်သို့သွားသနည်း။ ဘုရားသခင်သူ့အား ဤသို့မိန့်တော်မူသည်– “သင်ထွက်ရာမြေသို့ . . . ပြန် . . . ရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်။”—ကမ္ဘာဦး ၃:၁၉။
ယေဟောဝါသည် အာဒံကိုမြေမှုန့်မှ မဖန်ဆင်းမီ သူအဘယ်နေရာတွင် ရှိခဲ့သနည်း။ အဘယ်နေရာ၌မျှမရှိပါ။ သူမတည်ရှိခဲ့ပါ။ ထို့ကြောင့် ယေဟောဝါက အာဒံသည် “မြေမှုန့်သို့ပြန်ရမည်” ဖြစ်ကြောင်း မိန့်တော်မူသောအခါ အာဒံသည် မြေမှုန့်ကဲ့သို့ သက်မဲ့ပြန်ဖြစ်သွားခြင်းကိုသာ ကိုယ်တော်ဆိုလိုနိုင်ခဲ့သည်။ အာဒံသည် ဘိုးဘေးနာမ်ဝိညာဉ်လောက၏အစပြုသူအဖြစ် ‘ဘဝကူး’ ခြင်းမရှိခဲ့ပါ။ ကောင်းကင်တွင် သုခချမ်းသာအသက်တာသို့သော်လည်းကောင်း၊ ညှဉ်းဆဲရာအရပ်တွင် ထာဝရဒုက္ခဝေဒနာခံရန်အတွက်သော်လည်းကောင်း ဘဝမကူးခဲ့ပါ။ သူပြောင်းလဲခံရသည့် အရာတစ်ခုတည်းမှာ သက်ရှိမှ သက်မဲ့သို့၊ တည်ရှိသည့်အခြေအနေမှ မတည်ရှိသည့်အခြေအနေသို့ ဖြစ်သည်။
ကျန်ရှိနေသည့် လူသားများနှင့်ပတ်သက်၍ကော အသို့နည်း။ အာဒံ၏သားစဉ်မြေးဆက်များသည်လည်း သေသောအခါ တည်ရှိမှုအဆုံးတိုင်သွားသလော။ ကျမ်းစာက ဤသို့ဖြေဆိုသည်– “အလုံးစုံ [လူသားများနှင့် တိရစ္ဆာန်တို့နှစ်ခုစလုံး] တို့သည် တစ်ခုတည်းသော အရပ်သို့ရောက်တတ်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲကဖြစ်သည်နှင့်အညီ မြေမှုန့်ထဲသို့ပြန်သွားတတ်ကြ၏။”—ဒေသနာ ၃:၁၉၊ ၂၀။
သေသူ၏အခြေအနေ
မှန်ပါသည်၊ သေသူသည် သက်မဲ့ဖြစ်ပြီး အကြား၊ အမြင်၊ စကားပြော သို့မဟုတ် စဉ်းစားတွေးတောနိုင်စွမ်းမရှိပါ။ ဥပမာ၊ ကျမ်းစာကဤသို့ဆိုသည်– “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ . . . သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်းပျောက်ပျက်၏။” ကျမ်းစာကဤသို့လည်းဆိုသည်– “သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ [သင်္ချိုင်း] ၌ လုပ်ဆောင်ခြင်းမရှိ၊ ကြံစည်ခြင်းမရှိ၊ သိပ္ပံအတတ်မရှိ၊ ပညာမရှိပါတကား။”—ဒေသနာ ၉:၅၊ ၆၊ ၁၀။
ထို့ကြောင့် ဘုရားသခင့်နှုတ်ကပါဌ်တော်အရ လူများသည် အသက်ရှင်နေစဉ် သေရမည်ကို သိကြသည်။ သို့သော် သေသောအခါတွင်မူကား သူတို့သည် အဘယ်အရာကိုမျှမသိတော့ပါ။ သူတို့သည် မိမိတို့၏ရုပ်ကလာပ်နံဘေးတွင်ရပ်ပြီး ဖြစ်ပျက်လုပ်ဆောင်နေရာများကို ကြည့်ရှုမနေကြပါ။ မတည်ရှိမှုဟူသည် ပျော်မွေ့ခြင်း၊ နာကျင်ခြင်း၊ ရွှင်လန်းခြင်း၊ ဝမ်းနည်းခြင်းတို့မရှိခြင်းဖြစ်သည်။ လူသေများသည် ကုန်လွန်သွားသည့်အချိန်ကို မသိရှိပါ။ သူတို့၏အခြေအနေသည် မည်သည့်အိပ်မောကျခြင်းထက်မဆို ပို၍အသိတရားမဲ့ခြင်းဖြစ်သည်။
ရှေးအချိန်က ဘုရားသခင့်ကျေးကျွန်တစ်ဦးဖြစ်သူ ယောဘသည် လူများ သေပြီးနောက် အသက်ဆက်ရှင်ခြင်းမရှိကြောင်း သိနားလည်ခဲ့သည်။ ဘုရားသခင်ကြားဝင်ခြင်းမရှိဘဲ အသက်ပြန်ရှင်လာရန် မျှော်လင့်ချက်ရှိမည်မဟုတ်ကြောင်းကိုလည်း သဘောပေါက်ထားသည်။ ယောဘဤသို့ဆိုခဲ့သည်– “လူသည် အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိသနည်း။ လူသည်အိပ်ပြီးမှ နောက်တစ်ဖန်မထရ။ မိုးကောင်းကင်မကုန်မဆုံးမီတိုင်အောင် မနိုးရ။ အအိပ်အပျော်မပျက်ရ။” (ယောဘ ၁၄:၁၀၊ ၁၂) ယောဘသည် မိမိကွယ်လွန်သောအခါ နာမ်ဝိညာဉ်လောကတစ်ခုတွင်ရှိ မိမိ၏ဘိုးဘေးများနှင့် သွား၍ပူးပေါင်းမည်ဟု လုံးဝမမျှော်မှန်းခဲ့ပါ။
ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်
သေသောအခါ တည်ရှိမှုဆုံးခန်းတိုင်သွားသောကြောင့် အရေးကြီးသောမေးခွန်းမှာ ယောဘဤသို့ဆက်မေးသောအခါ သူထုတ်လိုက်သည့် မေးခွန်းဖြစ်သည်– “လူသည် သေလျှင်အသက်ရှင်ပြန်ပါလိမ့်မည်လော။” ဤအဖြေကို ယောဘကိုယ်တိုင် ဤသို့ပေးသည်– “အကျွန်ုပ်ပြောင်းလဲချိန်မရောက်မီ ပင်ပန်းစွာအမှုထမ်းရသော နေ့ရက်ကာလပတ်လုံး သည်းခံလျက်နေပါမည်။ အကျွန်ပ်ကိုခေါ်တော်မူပါ။ အကျွန်ုပ်ပြန်လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်းတော်မူသော အရာကိုသနားခြင်းစိတ် ရှိတော်မူပါ။”—ယောဘ ၁၄:၁၄၊ ၁၅။
တစ်နည်းပြောရလျှင် ယောဘသည် မတည်ရှိမှုသို့ပြောင်းလဲသွားမည်ဖြစ်သော်လည်း ဘုရားသခင်သည် သူ့အားဘယ်တော့မျှမေ့လျော့မည်မဟုတ်ပါ။ ယေဟောဝါဘုရားသခင်သည် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် အသက်ပြန်ရှင်ရန် “ခေါ်” မည့်အချိန် ရောက်လာမည်ဖြစ်ကြောင်း ယောဘ ယုံကြည်ထားသည်။
ဘုရားသခင့်သားတော်ယေရှုက ယောဘ၏မျှော်လင့်ချက်ဖြစ်သည့် ရှင်ပြန်ထမြောက်ခြင်းသည် အစစ်အမှန်ဖြစ်ကြောင်း ပြသခဲ့သည်။ ယေရှုသည် လူသေပြန်ရှင်နိုင်ကြောင်း သက်သေပြခဲ့သည်။ မည်သို့အားဖြင့်နည်း။ ယင်းကို မိမိလုပ်ဆောင်ပေးခြင်းအားဖြင့်ဖြစ်သည်! ကိုယ်တော်သည် ယောဘကို ထမြောက်ပေးရန် ထိုတွင်ရှိမနေခဲ့သော်လည်း ယေရှုမြေကြီးပေါ်တွင်ရှိစဉ် နာဣနမြို့မှ မုဆိုးမတစ်ယောက်၏သားကို ထမြောက်ပေးခဲ့သည်။ ယေရှုသည် ယာဣရုအမည်ရှိသူတစ်ဦး၏ ၁၂ အရွယ်သမီးလေးကိုလည်း ထမြောက်ပေးခဲ့သည်။ ထို့အပြင်ကိုယ်တော်သည် လေးရက်သေလွန်သွားသူ မိမိ၏မိတ်ဆွေလာဇရုကို ရှင်ပြန်ထမြောက်ပေးခဲ့သည်။—လုကာ ၇:၁၁-၁၅; ၈:၄၁၊ ၄၂၊ ၄၉-၅၆; ယောဟန် ၁၁:၃၈-၄၄။
ယင်းအံ့ဖွယ်အမှုများကို ထည့်သွင်းပြသခြင်းအားဖြင့် ယေရှုသည် ကြီးမားသောအနာဂတ်ရှင်ပြန်ထမြောက်ခြင်းအကြောင်း ပြောဆိုခဲ့သည်။ ကိုယ်တော်ဤသို့မိန့်မြွက်ခဲ့သည်– “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကို ကြား၍ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့။” (ယောဟန် ၅:၂၈၊ ၂၉) နောက်ပိုင်းတွင် လူငယ်တစ်ဦးကို ရှင်ပြန်ထမြောက်စေရန် ယေဟောဝါအသုံးပြုခဲ့သူ တမန်တော်ပေါလုကလည်း အနာဂတ်ထမြောက်ခြင်းကို ယုံကြည်ကြောင်း ဖော်ပြခဲ့သည်။ သူဤသို့ဆိုခဲ့သည်– “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်ဟူ၍ . . . အကျွန်ုပ် [သည်] . . . ဘုရားသခင်ကိုအမှီပြု၍ မျှော်လင့်ပါ၏။”—တမန်တော် ၂၀:၇-၁၂; ၂၄:၁၅။
ဤကျမ်းဆိုင်ရာ ရည်ညွှန်းချက်များဖြစ်သော အနာဂတ်ထမြောက်ခြင်းသည် နာမ်ဝိညာဉ်ဘောင်တွင် ဆက်အသက်ရှင်ခြင်းနှင့် ဆက်စပ်မှုမရှိပါ။ ယင်းတို့က သန်းနှင့်ချီသောလူသေများ ဤကမ္ဘာပေါ်တွင် အသွေးအသားကိုယ်ခန္ဓာများဖြင့် အသက်ပြန်ရှင်မည့် အချိန်ကို ညွှန်ပြသည်။ ဤထမြောက်လာသူများသည် ကမ္ဘာပေါ် မိမိတို့၏ဘဝဟောင်းကို မမှတ်မိမသိရှိသူများဖြစ်မည်မဟုတ်! မွေးကင်းစကလေးများအဖြစ် တစ်ဖန်မွေးဖွားခံရကြမည်မဟုတ်။ ယင်းအစား သူတို့သည် သေသွားစဉ်ကရှိခဲ့သည့် ထပ်တူပုဂ္ဂိုလ်ဖြစ်မည်၊ ထပ်တူမှတ်ဉာဏ်များနှင့် ထပ်တူဥပဓိရုပ်တို့ကို ပိုင်ဆိုင်ကြမည်ဖြစ်သည်။ သူတို့သည် မိမိတို့ကိုယ်တိုင်ကိုနှင့် အခြားသူများကိုပါ မှတ်မိကြမည်။ ဤသူများသည် သူတို့၏မိတ်ဆွေများ၊ မိသားစုများနှင့် ပြန်လည်ပေါင်းစည်းမိကြသည်နှင့်အမျှ မည်မျှရွှင်လန်းစရာဖြစ်မည်တကား! ကျွန်ုပ်တို့၏ဘိုးဘေးများကို တွေ့ဆုံရန်မှာ မည်မျှစိတ်လှုပ်ရှားဖွယ်ဖြစ်မည်တကား!
ကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်ခြင်း
ယေရှုက တချို့သူများ ကောင်းကင်သို့သွားမည်ဟု မိန့်ဆိုခဲ့သည်မဟုတ်လော။ မှန်ပါသည်၊ ကိုယ်တော်မိန့်တော်မူခဲ့သည်။ အသေမခံမီညတွင် ကိုယ်တော် ဤသို့မိန့်မြွက်ခဲ့သည်– “ငါ့အဖ၏အိမ်တော်၌ နေစရာအခန်းအများရှိ၏။ . . . သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တစ်ဖန်လာပြန်၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့သိမ်းဆည်းမည်။” (ယောဟန် ၁၄:၂၊ ၃) ယေရှုသည် သစ္စာရှိ မိမိ၏တမန်တော်များကို ပြောနေခြင်းဖြစ်သော်လည်း ကိုယ်တော်၏စကားများသည် လူကောင်းအားလုံး ကောင်းကင်သွားသည်ဟု မဆိုလိုပါ။
ကောင်းကင်သို့ ရှင်ပြန်ထမြောက်သူများသည် အကျင့်သီလကောင်းဖြင့်နေထိုင်ရုံထက်မက အခြားတောင်းဆိုချက်များကိုပါ ပြည့်မီရမည်ဖြစ်ကြောင်း ယေရှုပြသခဲ့သည်။ တောင်းဆိုချက်တစ်ခုမှာ ယေဟောဝါ၊ ကိုယ်တော့်ရည်ရွယ်တော်မူချက်တို့နှင့်ပတ်သက်သော တိကျမှန်ကန်သည့် အသိပညာရှိထားရမည်ဖြစ်သည်။ (ယောဟန် ၁၇:၃) အခြားတောင်းဆိုချက်များမှာ ယေရှုခရစ်၏ရွေးနုတ်ဖိုးပူဇော်သကာကို ယုံကြည်မှုတင်ပြပြီး ဘုရားသခင်ကို နာခံရန်ဖြစ်သည်။ (ယောဟန် ၃:၁၆; ၁ ယောဟန် ၅:၃) ကျန်ရှိနေသေးသည့် အခြားတောင်းဆိုချက်မှာ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်မွေးဖွားခံရသည့် နှစ်ခြင်းခံထားသော ခရစ်ယာန်တစ်ဦးအဖြစ် “ဒုတိယမွေးဖွားခြင်း” ခံရန်ဖြစ်သည်။ (ယောဟန် ၁:၁၂၊ ၁၃; ၃:၃-၆) ကောင်းကင်အသက်တာအတွက် ထပ်မံတောင်းဆိုချက်တစ်ခုမှာ ယေရှုကဲ့သို့ ခံနိုင်ရည်ရှိရန်ဖြစ်ပြီး သေသည်အထိပင် ဘုရားသခင်ကို သစ္စာရှိကြောင်း သက်သေထူရန်ဖြစ်သည်။—လုကာ ၂၂:၂၉; ဗျာဒိတ် ၂:၁၀။
ဤကဲ့သို့သော မြင့်မားသည့်တောင်းဆိုချက်များအတွက် အကြောင်းရင်းရှိသည်။ ဤကောင်းကင်သို့ ရှင်ပြန်ထမြောက်သူများသည် အရေးကြီးသောလုပ်ငန်းကို လုပ်ဆောင်ရမည်ဖြစ်သည်။ လူ့အုပ်ချုပ်ရေးများသည် မြေကြီးပေါ်ရှိအရေးကိစ္စများကို ဘယ်သောအခါမျှ အောင်မြင်စွာစီမံခန့်ခွဲ၍ မရနိုင်ကြောင်းကို ယေဟောဝါ သိထားသည်။ သို့ဖြစ်သောကြောင့် ကိုယ်တော်သည် လူသားများကို အုပ်စိုးမည့် ကောင်းကင်အစိုးရ သို့မဟုတ် ဘုရားသခင့်နိုင်ငံတော်တစ်ခုကို စီစဉ်ခဲ့သည်။ (မဿဲ ၆:၉၊ ၁၀) ယေရှုသည် ဤဘုရားသခင့်နိုင်ငံတော်၏ဘုရင်ဖြစ်မည်။ (ဒံယေလ ၇:၁၃၊ ၁၄) ကမ္ဘာပေါ်မှ ရွေးချယ်ထားပြီး ကောင်းကင်သို့ရှင်ပြန်ထမြောက်သူတချို့သည် ကိုယ်တော်နှင့်အတူ အုပ်စိုးကြမည်ဖြစ်သည်။ ဤရှင်ပြန်ထမြောက်သူများသည် “ဘုရားသခင့်ရှေ့မှာ ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း ခန့်ထား၍မြေကြီးပေါ်မှာ စိုးစံရသောအခွင့်” ကိုရရှိသူများဖြစ်လာမည်ဖြစ်သည်။—ဗျာဒိတ် ၅:၁၀။
လူအများထုသည် ကောင်းကင်ဆိုင်ရာ ရှင်ပြန်ထမြောက်ခြင်းအတွက် တောင်းဆိုချက်များကို ပြည့်မီပါမည်လော။ ပြည့်မီမည်မဟုတ်။ သူတို့ကိုယ်တိုင်၏အပြစ်ကြောင့်မဟုတ်ဘဲ သေခြင်းတွင်အိပ်ပျော်သူအများစုသည် အရည်အချင်းမပြည့်မီကြ၍ဖြစ်သည်။ များစွာသောသူတို့သည် ယေဟောဝါ၊ ကိုယ်တော့်ရည်ရွယ်တော်မူချက်များနှင့်ပတ်သက်သော သမ္မာတရားကို သင်ယူရန်အခွင့်အရေး မဆိုစလောက်သာရှိခဲ့ သို့မဟုတ် လုံးလုံးမရှိခဲ့ပေ။ သူတို့သည် ယေရှုခရစ်နှင့်ပတ်သက်၍ (ဝါ) ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်၍ လုံးဝမသိရှိဘဲ အသက်ရှင်ခဲ့ပြီး သေဆုံးခဲ့ကြသည်။
ယေရှုက ကောင်းကင်သို့သွားမည့်သူများကို “သိုးစုငယ်” ဟုခေါ်ခဲ့သည်။ (လုကာ ၁၂:၃၂) ခရစ်တော်နှင့်အတူ ကောင်းကင်တွင်အုပ်စိုးရန် “မြေကြီးမှရွေးနုတ်သောသူ” အရေအတွက်မှာ ၁၄၄,၀၀၀ ဖြစ်မည်ကို နောက်ပိုင်းတွင် ဖွင့်ပြခဲ့သည်။ (ဗျာဒိတ် ၁၄:၁-၃; ၂၀:၆) ၁၄၄,၀၀၀ သည် ယေရှုညွှန်းဆိုသည့် “နေစရာအခန်းအများ” ကိုနေရာယူလောက်ရန် ကြီးမားသောအရေအတွက်ဖြစ်သော်လည်း အာဒံမှဆင်းသက်လာသော သန်းထောင်နှင့်ချီသည့်သူများနှင့် နှိုင်းယှဉ်သောအခါ ယင်းသည် အနည်းငယ်သာဖြစ်သည်။—ယောဟန် ၁၄:၂။
မြေကြီးဆိုင်ရာရှင်ပြန်ထမြောက်ခြင်းမတိုင်မီ အဖြစ်အပျက်များ
ယခုအထိကျွန်ုပ်တို့ဆွေးနွေးခဲ့ရာများကို ပြန်နွေးကြည့်ကြစို့။ ကျမ်းစာအရ လူသေများသည် ယေဟောဝါဘုရားသခင်က ထမြောက်ပေးသည့်အထိ သေခြင်းတွင် သက်မဲ့ဖြစ်နေကြသည်။ တချို့သူများသည် ကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်ခံရကြမည်ဖြစ်ပြီး သူတို့သည် ဘုရားသခင့်နိုင်ငံတော်အစိုးရတွင် ယေရှုခရစ်နှင့်အတူ အုပ်စိုးကြမည်ဖြစ်သည်။ လူအများစုသည် ဘုရားသခင့်နိုင်ငံတော်လက်အောက်ခံများဖြစ်လာကြရန် မြေကြီးပေါ်တွင် ထမြောက်ခြင်းခံရကြမည်။
တစ်စိတ်တစ်ပိုင်းအနေနှင့် မြေကြီးဆိုင်ရာ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ယေဟောဝါရှင်သည် ကမ္ဘာမြေအတွက်မိမိ၏ရည်ရွယ်တော်မူချက်ကို ပြည့်စုံစေမည်။ ယေဟောဝါရှင်သည် ယင်းကို “သတ္တဝါနေစရာဖို့” ဖန်ဆင်းခဲ့သည်။ (ဟေရှာယ ၄၅:၁၈) ယင်းသည် လူသားများ၏ အမြဲတည်ရှိသွားမည့်စံအိမ်ဖြစ်သည်။ ထို့ကြောင့် ဆာလံဆရာဤသို့ သီကျူးခဲ့သည်– “ကောင်းကင်ကား ထာဝရဘုရား၏ကောင်းကင်ဖြစ်၏။ မြေကြီးကိုကား လူသားတို့အားပေးတော်မူသည်။”—ဆာလံ ၁၁၅:၁၆။
မြေကြီးအသက်တာသို့ ရှင်ပြန်ထမြောက်ခြင်းမစတင်မီ ကြီးမားသောအပြောင်းအလဲများ ဖြစ်ပျက်ရမည်။ ဤကမ္ဘာမြေကို စစ်မှု၊ ဝန်းကျင်ညစ်ညမ်းမှု၊ ရာဇဝတ်မှုနှင့် အဓမ္မမှုတို့ဖြင့် ပြည့်နှက်လာရန် ဘုရားသခင်ရည်ရွယ်တော်မမူကြောင်း သင်သဘောတူကောင်းတူမည်။ ဤပြဿနာများသည် ဘုရားသခင်နှင့် ကိုယ်တော့်ဖြောင့်မတ်သော ပညတ်တော်များကို လေးမြတ်တန်ဖိုးထားမှုမရှိသောလူများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ သို့အတွက် ဤကမ္ဘာပေါ်ဘုရားသခင့်အလိုတော်ကို ဖြစ်မြောက်စေသည့် အရေးကြီးခြေလှမ်းတစ်လှမ်းအနေနှင့် ကိုယ်တော်၏နိုင်ငံတော်သည် “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူ” မည်။ (ဗျာဒိတ် ၁၁:၁၈) ဤဘုရားသခင့်နိုင်ငံတော်က ဆိုးသွမ်းသူရှိရှိသမျှကို သုတ်သင်ပစ်မည်ဖြစ်ပြီး ဖြောင့်မတ်သူများကို ဤမြေကမ္ဘာပေါ်တွင် ထာဝစဉ်အသက်ရှင်ရန် ချန်ထားမည်ဖြစ်သည်။—ဆာလံ ၃၇:၉၊ ၂၉။
ကမ္ဘာပေါ်ပရဒိသု
သန့်စင်ထားသောကမ္ဘာပေါ်တွင် ရှင်ပြန်ထမြောက်လာသူများသည် နူးညံ့သူများ၊ မှန်ရာကိုလုပ်သော ဂရုစိုက်သည့် လူများဖြစ်မည်။ (မဿဲ ၅:၅ နှိုင်းယှဉ်။) ဘုရားသခင့်နိုင်ငံတော်၏ ကြီးကြပ်မှုအရိပ်အာဝါသအောက်တွင် သူတို့သည် လုံလုံခြုံခြုံဖြင့် ပျော်ရွှင်စွာအသက်ရှင်ကြမည်။ ကျမ်းစာက ထိုအချိန်တွင်လွှမ်းမိုးမည့် အခြေအနေများ၏ ဝမ်းမြောက်ဖွယ် ကြိုတင်မြင်ကွင်းကို ဤသို့ပေးထားသည်– “ဘုရားသခင်သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ၊ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာဒိတ် ၂၁:၄။
မှန်ပါသည်၊ ဤကမ္ဘာမြေသည် ပရဒိသုတစ်ခုအဖြစ်သို့ ပြောင်းလဲလာမည်။ (လုကာ ၂၃:၄၃) ယင်းသည် မည်သို့အဓိပ္ပာယ်ရှိမည်ကို စဉ်းစားကြည့်ပါလေ! ဆေးရုံများ၊ ပြုစုစောင့်ရှောက်ရေးဂေဟာများ ပပျောက်ကုန်မည်။ ပရဒိသုတွင် ယခုအချိန်၌ ဇရာထောင်းနေသူများသည် ပြန်လည်သန်စွမ်း ကျန်းမာလာမည်။ (ယောဘ ၃၃:၂၅; ဟေရှာယ ၃၅:၅၊ ၆) အသုဘဇရပ်များ၊ သင်္ချိုင်းကုန်းများ၊ သင်္ချိုင်းကမ္ဗည်းကျောက်တိုင်များ ရှိတော့မည်မဟုတ်။ မိမိ၏နိုင်ငံတော်အားဖြင့် ယေဟောဝါရှင်သည် “သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။” (ဟေရှာယ ၂၅:၈) ဤကဲ့သို့သောကောင်းချီးများသည် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ဘိုးဘေးများအတွက် ဘဝသစ်တစ်ခုဟူ၍ အမှန်ပင်အဓိပ္ပာယ်ရှိနိုင်သည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ကမ္ဘာမြေပေါ်တွင် ရှင်ပြန်ထမြောက်လာသူများသည် ဘုရားသခင့်နိုင်ငံတော်၏ လက်အောက်ခံများဖြစ်ကြမည်