ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၁၂/၁ စာ. ၁၄-၁၉
  • သင်သည် ယေဟောဝါ၏သတိပေးချက်များကို လွန်စွာနှစ်သက်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သည် ယေဟောဝါ၏သတိပေးချက်များကို လွန်စွာနှစ်သက်သလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်သတိပေးချက်များကိုမှီဝဲပါ
  • ဘုရားသခင့်သတိပေးချက်များကို ကျွန်ုပ်တို့အဘယ်ကြောင့်လိုအပ်
  • ကျွန်ုပ်တို့အစည်းအဝေးများ၏အရေးပါသောကဏ္ဍ
  • ယေဟောဝါ၏သတိပေးချက်များဖြင့် သီးခြားခွဲထား
  • ယေဟောဝါ၏သတိပေးချက်များကိုလိုက်နာခြင်းသည် အသက်ရှင်ခြင်းမည်၏!
  • ယေဟောဝါရဲ့ သတိပေးချက်တွေက ယုံကြည်စိတ်ချထိုက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ယေဟောဝါ၏သတိပေးချက်များသည် ဝိညာဉ်ရေးအရ ကျွန်ုပ်တို့ကို နှိုးဆော်ပေးနေသလော
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ကျွန်ုပ်တို့ကြားပြီးသားမဟုတ်လော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • ‘ကိုယ်တော်၏ သတိပေးနှိုးဆော်ချက်တို့သည် အကျွန်ုပ်နှစ်သက်ရာဖြစ်ပါ၏’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၁၂/၁ စာ. ၁၄-၁၉

သင်သည် ယေဟောဝါ၏သတိပေးချက်များကို လွန်စွာနှစ်သက်သလော

“သက်သေခံတော်မူချက် [“သတိပေးချက်၊” ကဘ] တို့ကို အကျွန်ုပ်ဝိညာဉ်သည်စောင့်ပါ၏။ အလွန်နှစ်သက်ပါ၏။” —ဆာလံ ၁၁၉:၁၆၇။

၁။ ယေဟောဝါ၏သတိပေးချက်များအား ထပ်ခါတလဲကိုးကားထားချက်များကို အထူးသဖြင့် အဘယ်နေရာ၌တွေ့ရသနည်း။

ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို ပျော်ရွှင်စေလိုသည်။ စစ်မှန်သောပျော်ရွှင်မှုကိုခံစားရဖို့ ကျွန်ုပ်တို့သည် ဘုရားသခင့်ပညတ်တော်အတိုင်း လျှောက်လှမ်းကာ ကိုယ်တော်၏အမိန့်တော်များကို လိုက်နာရမည်။ ထိုသို့ဖြစ်စေရန် ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် သတိပေးချက်များပေးထားသည်။ ၎င်းတို့ကို ကျမ်းစာတွင်၊ အထူးသဖြင့် ယုဒနိုင်ငံ၏မင်းသားငယ်ဟေဇကိ ရေးစပ်ခဲ့ခြင်းဖြစ်နိုင်သည့် ဆာလံ ၁၁၉ တွင် ထပ်ခါတလဲဖော်ပြထားသည်။ လှပသော၎င်းသီချင်းကို ဤစကားများဖြင့်အစပြုထားသည်– “မိမိတို့၏နည်းလမ်းတွင် ချွတ်ယွင်းချက်ကင်းသောသူ၊ ယေဟောဝါ၏ပညတ်တော်အတိုင်းလိုက်လျှောက်နေသောသူတို့သည် ပျော်ရွှင်ကြ၏။ ကိုယ်တော်၏သတိပေးချက်များကိုစောင့်ရှောက်ပြီး ကိုယ်တော်ကိုနှလုံးအကြွင်းမဲ့ဆက်၍ ရှာဖွေနေသောသူတို့သည် ပျော်ရွှင်ကြ၏။”—ဆာလံ ၁၁၉:၁၊ ၂၊ ကဘ။

၂။ ဘုရားသခင့်သတိပေးချက်များသည် ပျော်ရွှင်မှုနှင့် မည်သို့ဆက်စပ်နေသနည်း။

၂ ကျွန်ုပ်တို့သည် ကိုယ်တော်၏နှုတ်မြွက်စကားတော်ဆိုင်ရာ တိကျမှန်ကန်သောအသိပညာကိုရယူ၍ ယင်းကို ဘဝတွင်ကျင့်သုံးခြင်းဖြင့် “ယေဟောဝါ၏ပညတ်တော်အတိုင်းလိုက်လျှောက်” ကြသည်။ ကျွန်ုပ်တို့သည် မစုံလင်သူများဖြစ်ကြသောကြောင့် တစ်နည်းနည်းဖြင့် သတိပေးချက်များလိုအပ်သည်။ “သတိပေးချက်များ” ဟုပြန်ဆိုသောဟေဗြဲစကားလုံးက ဘုရားသခင်သည် ကိုယ်တော်၏ဥပဒေသ၊ အမိန့်တော်များ၊ စည်းမျဉ်းများ၊ ပညတ်တော်များနှင့် ပြဋ္ဌာန်းချက်များကို ကျွန်ုပ်တို့စိတ်တွင် ပြန်သတိရစေကြောင်းဖော်ပြသည်။ (မဿဲ ၁၀:၁၈-၂၀) ထိုသို့သောသတိပေးချက်များသည် ဘေးဆိုးနှင့် ဝမ်းနည်းဖွယ်တို့ကိုဖြစ်စေသည့် ဝိညာဉ်ရေးအန္တရာယ်ထောင်ချောက်များကိုရှောင်ရန် ကူညီပေးသောကြောင့် ၎င်းတို့ကို လိုက်နာနေမှသာလျှင် ကျွန်ုပ်တို့ဆက်၍ပျော်ရွှင်ကြမည်။

ဘုရားသခင့်သတိပေးချက်များကိုမှီဝဲပါ

၃။ ဆာလံ ၁၁၉:၆၀၊ ၆၁ အပေါ်အခြေပြုလျက် ကျွန်ုပ်တို့၌အဘယ်ယုံကြည်စိတ်ချမှုရှိသနည်း။

၃ “ပညတ်တော်တို့ကိုစောင့်ခြင်းငှာ မဖင့်မနွှဲ အလျင်အမြန်ပြုပါ၏။ မတရားသောသူအစည်းအဝေးတို့သည် အကျွန်ုပ်ကိုဝိုင်းကြသော်လည်း အကျွန်ုပ်သည် တရားတော်ကိုမမေ့မလျော့ပါ” ဟုသီဆိုခဲ့သူ ဆာလံဆရာအတွက် ဘုရားသခင့်သတိပေးချက်များသည် အလွန်အဖိုးတန်သည်။ (ဆာလံ ၁၁၉:၆၀၊ ၆၁) ယေဟောဝါ၏သတိပေးချက်များက နှိပ်စက်ညှဉ်းဆဲခြင်းကိုခံရပ်ဖို့ ထောက်ကူပေးသည်၊ အကြောင်းမှာ ကျွန်ုပ်တို့အားတုပ်နှောင်ထားသည့် ချုပ်ချယ်ရာကြိုးများကို ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော် ဖြတ်တောက်ပစ်နိုင်ကြောင်း ယုံကြည်စိတ်ချသောကြောင့်ဖြစ်၏။ အချိန်တန်သော် ကိုယ်တော်သည် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကို ကျွန်ုပ်တို့ထမ်းဆောင်နိုင်ဖို့ ယင်းသို့သောအတားအဆီးများမှ လွတ်မြောက်စေသည်။—မာကု ၁၃:၁၀။

၄။ ဘုရားသခင့်သတိပေးချက်များကို ကျွန်ုပ်တို့မည်သို့တုံ့ပြန်သင့်သနည်း။

၄ ရံဖန်ရံခါ ယေဟောဝါ၏သတိပေးချက်များအားဖြင့် ကျွန်ုပ်တို့တည့်မတ်ပေးခြင်းခံရကြသည်။ ဆာလံဆရာပြုခဲ့သကဲ့သို့ပင် ယင်းသို့သောတည့်မတ်ပေးမှုကို အစဉ်တန်ဖိုးထားလေးမြတ်ကြပါစို့။ ဘုရားသခင်ထံ သူဤသို့ဆုတောင်းလျက်ပြောဆိုခဲ့သည်– “သက်သေခံတော်မူချက် [“သတိပေးချက်၊” ကဘ] တို့သည် အကျွန်ုပ်မွေ့လျော်ရာ . . . ဖြစ်ကြပါ၏။ . . . သက်သေခံတော်မူချက် [“သတိပေးချက်၊” ကဘ] တို့ကို အကျွန်ုပ်နှစ်သက်ပါ၏။” (ဆာလံ ၁၁၉:၂၄၊ ၁၁၉) ကျွန်ုပ်တို့သည် ဆာလံဆရာထက် ဘုရားသခင့်သတိပေးချက်များကို ပို၍ရရှိထားကြသည်။ ဂရိကျမ်းစာစောင်များတွင်တွေ့ရသော ဟေဗြဲကျမ်းစာစောင်များမှ ရာချီသောကိုးကားချက်များက ပညတ်တရားအောက် မိမိ၏လူမျိုးတော်အတွက် ယေဟောဝါ၏ညွှန်ကြားချက်များကိုသာမက ခရစ်ယာန်အသင်းတော်နှင့်စပ်လျဉ်းသော ကိုယ်တော်၏ရည်ရွယ်ချက်များကိုပါ ကျွန်ုပ်တို့အားသတိရစေသည်။ ကိုယ်တော့်ဥပဒေသများဆိုင်ရာကိစ္စများနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့အားသတိပေးဖို့လျော်ကန်သည်ဟု ဘုရားသခင်ယူမှတ်သောအခါ ထိုသို့သောညွှန်ကြားချက်အတွက် ကျွန်ုပ်တို့ကျေးဇူးတင်ကြသည်။ ထို့ပြင် ‘ယေဟောဝါ၏သတိပေးချက်များကို မှီဝဲ’ ခြင်းဖြင့် ကျွန်ုပ်တို့သည် ဖန်ဆင်းရှင်၏စိတ်တော်နှင့်မတွေ့၊ ကျွန်ုပ်တို့၏ပျော်ရွှင်မှုကိုလုယူသွားသော အပြစ်သွေးဆောင်မှုများကို ရှောင်ကြဉ်ကြသည်။—ဆာလံ ၁၁၉:၃၁။

၅။ ကျွန်ုပ်တို့သည် ယေဟောဝါ၏သတိပေးချက်များကို မည်သို့အလွန်နှစ်သက်မြတ်နိုးလာနိုင်သနည်း။

၅ ယေဟောဝါ၏သတိပေးချက်များကို ကျွန်ုပ်တို့မည်မျှနှစ်သက်မြတ်နိုးသင့်သနည်း။ “သက်သေခံတော်မူချက် [“သတိပေးချက်၊” ကဘ] တို့ကို အကျွန်ုပ်ဝိညာဉ်သည်စောင့်ပါ၏။ အလွန်နှစ်သက်ပါ၏” ဟုဆာလံဆရာသီဆိုခဲ့သည်။ (ဆာလံ ၁၁၉:၁၆၇) ယေဟောဝါ၏သတိပေးချက်များကို ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်သော ဖခင်တစ်ဦး၏ဆုံးမစကားအဖြစ် ရှုမြင်လက်ခံမည်ဆိုလျှင် ယေဟောဝါ၏သတိပေးချက်များကို အလွန်နှစ်သက်မြတ်နိုးလာကြမည်။ (၁ ပေတရု ၅:၆၊ ၇) ကိုယ်တော်၏သတိပေးချက်များကို ကျွန်ုပ်တို့လိုအပ်ကြပြီး ၎င်းတို့သည် ကျွန်ုပ်တို့အား မည်သို့အကျိုးပြုကြောင်း တွေ့မြင်လာသည်နှင့် ၎င်းတို့ကိုနှစ်သက်မြတ်နိုးမှု တိုးလာပါလိမ့်မည်။

ဘုရားသခင့်သတိပေးချက်များကို ကျွန်ုပ်တို့အဘယ်ကြောင့်လိုအပ်

၆။ ယေဟောဝါ၏သတိပေးချက်များကို ကျွန်ုပ်တို့လိုအပ်ရသည့်အကြောင်းရင်းတစ်ခုကား အဘယ်နည်း၊ ၎င်းတို့ကိုပြန်အမှတ်ရဖို့ အဘယ်အရာကထောက်ကူပေးမည်နည်း။

၆ ယေဟောဝါ၏သတိပေးချက်များကို လိုအပ်ရသည့်အကြောင်းရင်းတစ်ခုမှာ ကျွန်ုပ်တို့မေ့တတ်သောကြောင့်ဖြစ်၏။ ကမ္ဘာ့စာအုပ်စွယ်စုံကျမ်ကဤသို့ဆိုသည်– “ယေဘုယျအားဖြင့် လူတို့သည် အချိန်ကုန်လွန်လာသည်နှင့်အမျှ ပို၍ပို၍မေ့တတ်လာကြသည်။ . . . သင့်ပါးစပ်ဖျားလေးတွင်ရှိသော နာမည်တစ်ခု သို့မဟုတ် အခြားသတင်းအချက်အလက်တိုလေးတစ်ခုကို စဉ်းစားမရနိုင်သည့်အဖြစ်မျိုး သင်ကြုံဖူးကောင်းကြုံဖူးနိုင်သည်။ . . . မကြာခဏဖြစ်တတ်သော ဤကဲ့သို့မှတ်ဉာဏ်ယာယီပျောက်ဆုံးမှုကို ပြန်ကောင်းလာနိုင်သည့်ချို့ယွင်းမှုဟုခေါ်သည်။ သိပ္ပံပညာရှင်များက ၎င်းကို ရှုပ်ပွနေသောအခန်းထဲတွင် အထားမှားသောပစ္စည်းတစ်ခုကို ရှာတွေ့ဖို့ကြိုးပမ်းနေခြင်းနှင့် ခိုင်းနှိုင်းကြသည်။ . . . သတင်းတစ်ခုကို အသေအချာမှတ်မိဖို့ နည်းလမ်းကောင်းတစ်ခုမှာ ၎င်းကိုသင်ပိုင်နိုင်စွာသိထားသည်ဟု သင်ယူဆပြီးနောက် ယင်းကို ထပ်၍ကြာကြာလေ့လာသုံးသပ်ခြင်းဖြစ်သည်။” လုံ့လရှိသောလေ့လာမှုနှင့် ထပ်တလဲလဲပြုခြင်းတို့က ဘုရားသခင့်သတိပေးချက်များကို ပြန်အမှတ်ရစေဖို့နှင့် ကျွန်ုပ်တို့ကောင်းကျိုးအတွက် ၎င်းတို့ကိုလိုက်နာဖို့ ထောက်ကူပေးလိမ့်မည်။

၇။ ဘုရားသခင့်သတိပေးချက်များကို တစ်ခါနှင့်မျှမတူအောင် ယနေ့အဘယ်ကြောင့်လိုအပ်လျက်ရှိသနည်း။

၇ ဆိုးသွမ်းမှုသည် လူ့သမိုင်းတွင် အကြီးမားဆုံးအတိုင်းအတာသို့ ရောက်နေပြီဖြစ်သောကြောင့် ယနေ့ ယေဟောဝါ၏သတိပေးချက်များကို တစ်ကြိမ်တစ်ခါနှင့်မျှမတူအောင် ကျွန်ုပ်တို့လိုအပ်ကြသည်။ ဘုရားသခင့်သတိပေးချက်များကို ကျွန်ုပ်တို့ဂရုပြုကြမည်ဆိုလျှင် လောက၏ဆိုးညစ်သောလမ်းစဉ်များထဲသို့ ဖြားယောင်းသွေးဆောင်ခံရခြင်းအား ရှောင်ရှားရန် လိုအပ်သောထိုးထွင်းသိမြင်ခြင်းကို ရရှိကြသည်။ “သက်သေခံတော်မူချက် [“သတိပေးချက်၊” ကဘ] တို့ကို အကျွန်ုပ်သည်ဆင်ခြင်အောက်မေ့သောကြောင့် အကျွန်ုပ်၏ဆရာအပေါင်းတို့ထက် သာ၍နားလည်ပါ၏။ ကိုယ်တော်၏ဥပဒေသများကိုစောင့်သောကြောင့် အသက်ကြီးသူတို့ထက် သာ၍ဉာဏ်ကောင်းပါ၏။ နှုတ် [မြွက်စကား] တော်ကိုစောင့်လိုသောငှာ မကောင်းသောလမ်းရှိသမျှတို့ကို လွှဲရှောင်ပါ၏” ဟုဆာလံဆရာဆိုခဲ့သည်။ (ဆာလံ ၁၁၉:၉၉-၁၀၁) ဘုရားသခင့်သတိပေးချက်များကို ကျွန်ုပ်တို့လိုက်နာခြင်းဖြင့် “မကောင်းသောလမ်းရှိသမျှတို့” မှဝေးဝေးနေကြပြီး “စိတ်နှလုံးမိုက်မဲသောအားဖြင့် . . . ဘုရားသခင်၏အသက်နှင့် ကွာရှင်းလျက်ရှိ” သောလူသားထုကဲ့သို့ဖြစ်မသွားစေရန် ရှောင်ကြမည်။—ဧဖက် ၄:၁၇-၁၉။

၈။ ယုံကြည်ခြင်းစမ်းသပ်မှုများကို အောင်မြင်စွာရင်ဆိုင်ဖို့ ကျွန်ုပ်တို့မည်သို့ပို၍ အသင့်ဖြစ်လာနိုင်သနည်း။

၈ ထို့ပြင် ဘုရားသခင့်သတိပေးချက်များသည် ဤ “အမှုကုန်ရသည်ကာလ” ၌စမ်းသပ်မှုများစွာကိုခံရပ်ဖို့ ကျွန်ုပ်တို့အားခွန်အားပေးသည့်အတွက်ကြောင့် ၎င်းတို့ကိုလိုအပ်သည်။ (ဒံယေလ ၁၂:၄) ထိုသို့သောသတိပေးချက်များမရှိပါက ကျွန်ုပ်တို့သည် ‘တရားနာ၍မေ့လျော့သူများ’ ဖြစ်သွားမည်။ (ယာကုပ် ၁:၂၅) သို့သော် “သစ္စာနှင့်သတိပညာရှိကျေးကျွန်” ထံမှ စာပေစာတမ်းများအကူအညီဖြင့် ကိုယ်ပိုင်နှင့် အသင်းတော်လိုက် ဝီရိယရှိရှိကျမ်းစာလေ့လာခြင်းသည် ယုံကြည်ခြင်းစမ်းသပ်မှုများကို အောင်မြင်စွာရင်ဆိုင်ဖို့ ကျွန်ုပ်တို့ကိုထောက်ကူပေးလိမ့်မည်။ (မဿဲ ၂၄:၄၅-၄၇၊ ကဘ) ယင်းသို့သောဝိညာဉ်ရေးပြင်ဆင်ပေးချက်များက ခက်ခဲသောအခြေအနေများကြုံတွေ့ရသောအခါ ယေဟောဝါ၏နှစ်သက်မှုရရန် ကျွန်ုပ်တို့အဘယ်အရာပြုရမည်ကို သိမြင်နိုင်စေသည်။

ကျွန်ုပ်တို့အစည်းအဝေးများ၏အရေးပါသောကဏ္ဍ

၉။ ‘လူ့အသွင်ဆုလာဘ်များ’ သည်မည်သူများဖြစ်ပြီး ယုံကြည်သူချင်းတို့ကို သူတို့မည်သို့ထောက်ကူပေးကြသနည်း။

၉ ကျွန်ုပ်တို့လိုအပ်သော ဘုရားသခင့်သတိပေးချက်များကို ခရစ်ယာန်အစည်းအဝေးများတွင် တစ်စိတ်တစ်ပိုင်းဖြည့်ဆည်းပေးကာ ထိုတွင် ခန့်အပ်ခံညီအစ်ကိုများအားဖြင့် သွန်သင်ချက်ပေးသည်။ ယေရှုသည် “မြင့်သောအရပ်သို့တက်ကြွတော်မူသဖြင့်၊ များစွာသောသူတို့ကို ဖမ်းသွားတော်မူ၍ လူတို့အား ဆုလာဘ် [“လူ့အသွင်ဆုလာဘ်၊” ကဘ] များကိုပေးသနားတော်မူ” ကြောင်း တမန်တော်ပေါလုရေးသားခဲ့သည်။ ပေါလုဤသို့ထပ်ဆင့်ခဲ့သည်– “ခရစ်တော်၏ကိုယ်တော်ကိုတည်ဆောက်၍၊ ဓမ္မဆရာ၏အမှုကိုပြုတတ်မည်အကြောင်း၊ သန့်ရှင်းသူတို့ကိုပြင်ဆင်ခြင်းအလို့ငှာ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌လည်းကောင်း၊ အချို့တို့ကို ပရောဖက်အရာ၌လည်းကောင်း၊ အချို့တို့ကိုသာသနာပြုအရာ၌လည်းကောင်း၊ အချို့တို့ကိုသင်းအုပ်အရာ၊ ဆရာအရာ၌လည်းကောင်း ခန့်ထားတော်မူ၏။” (ဧဖက် ၄:၈၊ ၁၁၊ ၁၂) ဤ ‘လူ့အသွင်ဆုလာဘ်များ’—ခန့်အပ်ခံအကြီးအကဲများ—သည် အတူတကွဝတ်ပြုဖို့ ကျွန်ုပ်တို့စုဝေးသောအခါ ယေဟောဝါ၏သတိပေးချက်များကို ဂရုပြုရန်ညွှန်ကြားပေးသည့်အတွက် တကယ်ကျေးဇူးတင်စရာပင်!

၁၀။ ဟေဗြဲ ၁၀:၂၄၊ ၂၅ ၏အဓိကအချက်ကား အဘယ်နည်း။

၁၀ ဘုရားသခင့်ပြင်ဆင်ပေးချက်များကို ကျေးဇူးတင်ခြင်းက အပတ်စဉ်အသင်းတော်အစည်းအဝေးငါးခုကို တက်ရောက်ဖို့ ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးမည်။ အတူတကွမှန်မှန်စုဝေးဖို့လိုကြောင်း ပေါလုအလေးပေးဖော်ပြခဲ့သည်။ သူဤသို့ရေးခဲ့သည်– “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍၊ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ လူအချို့တို့၏ထုံးစံရှိသည်အတိုင်း အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည်ကိုထောက်သဖြင့် သာ၍ကြိုးစားကြလော့။”—ဟေဗြဲ ၁၀:၂၄၊ ၂၅။

၁၁။ အပတ်စဉ်အစည်းအဝေးတစ်ခုစီသည် ကျွန်ုပ်တို့ကိုမည်သို့အကျိုးပြုသနည်း။

၁၁ အစည်းအဝေးများမှ ကျွန်ုပ်တို့အတွက်စီမံပေးရာကို သင်တန်ဖိုးထားလေးမြတ်ပါသလော။ အပတ်စဉ်ကင်းမျှော်စင်သင်တန်းက ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုခိုင်ခံ့စေ၍ ယေဟောဝါ၏သတိပေးချက်များကို လိုက်နာရန်ထောက်ကူပေးကာ ‘လောကစိတ်ဓာတ်’ ကို ကြံ့ကြံ့ခံတွန်းလှန်နိုင်စေသည်။ (၁ ကောရိန္သု ၂:၁၂၊ ကဘ; တမန်တော် ၁၅:၃၁) လူထုအစည်းအဝေးတွင် ဟောပြောသူများသည် ယေဟောဝါ၏သတိပေးချက်များနှင့် ယေရှု၏အံ့ဖွယ်ရာ “ထာဝရအသက်နှင့်ယှဉ်သောစကား” များအပါအဝင် ဘုရားသခင့်နှုတ်မြွက်စကားတော်မှ ညွှန်ကြားချက်များကို တင်ဆက်ကြသည်။ (ယောဟန် ၆:၆၈; ၇:၄၆; မဿဲ ၅:၁-၇:၂၉) သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ကျွန်ုပ်တို့၏သွန်သင်ခြင်းစွမ်းရည်များကို ထက်မြက်စေကြသည်။ လုပ်ငန်းတော်အစည်းအဝေးသည် တစ်အိမ်မှတစ်အိမ်၊ ပြန်လည်ပတ်မှုများ၊ အိမ်တွင်းကျမ်းစာသင်အံမှုများနှင့် အမှုဆောင်ခြင်းဆိုင်ရာ အခြားနည်းလမ်းများတွင် ကျွန်ုပ်တို့၏သတင်းကောင်းတင်ဆက်မှုကို တိုးတက်အောင်ထောက်ကူပေးရာ၌ အဖိုးဖြတ်မရပါ။ အသင်းတော်စာအုပ်ကြီးသင်တန်းအုပ်စုငယ်တွင် ဘုရားသခင့်သတိပေးချက်များပါဝင်လေ့ရှိသော စကားကိုတင်ပြပြောဆိုဖို့ အခွင့်အရေးပိုရရှိစေသည်။

၁၂၊ ၁၃။ အာရှနိုင်ငံတစ်ခုမှ ဘုရားသခင့်လူမျိုးတော်သည် ခရစ်ယာန်အစည်းအဝေးများကို တန်ဖိုးထားကြောင်း မည်သို့တင်ပြခဲ့ကြပြီနည်း။

၁၂ အသင်းတော်အစည်းအဝေးများကို မှန်မှန်တက်ရောက်ခြင်းသည် ဘုရားသခင့်ပညတ်တော်များကို ကျွန်ုပ်တို့အားပြန်သတိရစေပြီး စစ်၊ စီးပွားရေးအကျပ်အတည်းနှင့် အခြားယုံကြည်ခြင်းစမ်းသပ်မှုများကို ရင်ဆိုင်ရာ၌ ဝိညာဉ်ရေးအရသန်မာနေစေဖို့ ထောက်မပေးသည်။ မိမိတို့နေအိမ်များမှနှင်ထုတ်ခံရပြီး တောနက်ထဲတွင် မလွှဲမရှောင်သာနေရကြသော အာရှနိုင်ငံတစ်ခုရှိ ခရစ်ယာန် ၇၀ ခန့်သည် အစည်းအဝေးများ၏အရေးကြီးမှုကို အလေးအနက်ခံစားမိကြသည်။ အတူတကွမှန်မှန်ဆက်တွေ့ဆုံရန်စိတ်ပိုင်းဖြတ်လျက် သူတို့၏စစ်ဘေးခံမြို့သို့ပြန်လာကာ ဘုရားသခင့်နိုင်ငံတော်ခန်းမ၏ကျန်ရှိရာတို့ကို ဖျက်ယူပြီး တောထဲတွင်ပြန်ဆောက်ခဲ့ကြသည်။

၁၃ ၎င်းနိုင်ငံမှအခြားဒေသတစ်ခုတွင် ယေဟောဝါ၏လူမျိုးတော်သည် စစ်မှုကိုနှစ်များစွာခံရပ်ပြီးနောက် လုံ့လရှိစွာအမှုထမ်းကြဆဲဖြစ်သည်။ ထိုနယ်မြေရှိအကြီးအကဲတစ်ဦးအား “ညီအစ်ကိုများကို အတူတကွရှိနေစေအောင် အဘယ်အရာက အထောက်အကူအပြုဆုံးဖြစ်သနည်း” ဟုမေးမြန်းခဲ့ရာ သူ၏အဖြေကား မည်သို့နည်း။ “၁၉ နှစ်အတွင်းမှာ အစည်းအဝေးကို ကျွန်တော်တို့တစ်ခါမှ မဖျက်သိမ်းခဲ့ကြဘူး။ တစ်ခါတလေ ဗုံးပေါက်ကွဲတာ ဒါမှမဟုတ် တခြားအခက်အခဲတွေကြောင့် ညီအစ်ကိုတချို့ဟာ စည်းဝေးကျင်းပတဲ့နေရာကို ရောက်မလာနိုင်ကြဘူး၊ ဒါပေမဲ့ အစည်းအဝေးကို ကျွန်တော်တို့တစ်ခါမှ မဖျက်သိမ်းခဲ့ကြဘူး။” ချစ်ဖွယ်ကောင်းသည့် ဤညီအစ်ကို၊ ညီအစ်မများသည် “အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲ” ခြင်း၏အရေးပါမှုကို အမှန်ပင်နားလည်ခဲ့ကြသည်။

၁၄။ သက်ကြီးရွယ်အိုအန္န၏ထုံးစံမှ ကျွန်ုပ်တို့အဘယ်အရာသင်ယူနိုင်သနည်း။

၁၄ ၈၄ နှစ်အရွယ်မုဆိုးမအန္နသည် “ဗိမာန်တော်နှင့်မခွာဘဲနေ၏။” အကျိုးဆက်အနေနှင့် သူငယ်ယေရှုကို မွေးဖွားပြီးမကြာမီ ထိုနေရာသို့ခေါ်ဆောင်လာကြသောအခါ သူရှိနေခဲ့သည်။ (လုကာ ၂:၃၆-၃၈) အစည်းအဝေးများကိုမပျက်ဖို့ သင်စိတ်ပိုင်းဖြတ်ထားသလော။ ကျွန်ုပ်တို့၏အစည်းအဝေးများနှင့် စည်းဝေးကြီးများ၏ အစီအစဉ်ပိုင်းအားလုံးကိုတက်ရောက်ဖို့ အတတ်နိုင်ဆုံးကြိုးစားနေသလော။ ဤစုဝေးမှုများတွင်ရရှိသော ဝိညာဉ်ရေးရာအကျိုးပြုသည့်ညွှန်ကြားချက်က ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် မိမိ၏လူမျိုးတော်ကိုဂရုစိုက်ကြောင်း ထင်ရှားသောသာဓကဖြစ်သည်။ (ဟေရှာယ ၄၀:၁၁) ထို့ပြင် ၎င်းအခါသမယများသည် ပျော်ရွှင်မှုကိုဖြစ်ပေါ်စေပြီး ကျွန်ုပ်တို့တက်ရောက်ခြင်းက ယေဟောဝါ၏သတိပေးချက်များကို တန်ဖိုးထားလေးမြတ်ကြောင်းဖော်ပြသည်။—နေဟမိ ၈:၅-၈၊ ၁၂။

ယေဟောဝါ၏သတိပေးချက်များဖြင့် သီးခြားခွဲထား

၁၅၊ ၁၆။ ယေဟောဝါ၏သတိပေးချက်များကိုလိုက်နာခြင်းက ကျွန်ုပ်တို့၏အကျင့်အကြံကို မည်သို့အကျိုးသက်ရောက်သနည်း။

၁၅ ဘုရားသခင့်သတိပေးချက်များကိုလိုက်နာခြင်းက ဤဆိုးညစ်သောလောကမှ ကျွန်ုပ်တို့ကိုသီးခြားဖြစ်စေရန် ထောက်ကူသည်။ ဥပမာ၊ ဘုရားသခင့်သတိပေးချက်များကိုနာခံခြင်းက လိင်ဆိုင်ရာအကျင့်ယိုယွင်းမှုတွင်ပါဝင်ခြင်းမှ ကျွန်ုပ်တို့ကိုကာကွယ်ပေးသည်။ (တရားဟောရာ ၅:၁၈; သု. ၆:၂၉-၃၅; ဟေဗြဲ ၁၃:၄) ဘုရားသခင့်သတိပေးချက်များကို လိုက်နာကျင့်သုံးခြင်းဖြင့် လိမ်လည်ရန်၊ မရိုးမသားပြုမူရန် သို့မဟုတ် ခိုးယူရန်သွေးဆောင်မှုများကို အောင်မြင်စွာချွန်းအုပ်နိုင်သည်။ (ထွက်မြောက်ရာ ၂၀:၁၅၊ ၁၆; ဝတ်ပြုရာ ၁၉:၁၁; သု. ၃၀:၇-၉; ဧဖက် ၄:၂၅၊ ၂၈; ဟေဗြဲ ၁၃:၁၈) ယေဟောဝါ၏သတိပေးချက်များကို လိုက်နာကျင့်သုံးခြင်းသည် လက်စားချေခြင်း၊ အငြိုးထားခြင်း သို့မဟုတ် တစ်ဦးဦးကိုအသရေပျက်အောင်ပြောဆိုခြင်းတို့မှလည်း ကျွန်ုပ်တို့ကိုဟန့်တားပေးသည်။—ဝတ်ပြုရာ ၁၉:၁၆၊ ၁၈; ဆာလံ ၁၅:၁၊ ၃။

၁၆ ဘုရားသခင့်သတိပေးချက်များကိုလိုက်နာခြင်းဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏လုပ်ငန်းတော်အတွက် သန့်စင်ခံရ သို့မဟုတ် သီးခြားခွဲထားခြင်းခံရကြသည်။ ဤလောကမှသီးခြားခွဲနေဖို့ အရေးကြီးလိုက်လေခြင်း! ကိုယ်တော်၏မြေကြီးအသက်တာနောက်ဆုံးညတွင် ယေဟောဝါထံဆုတောင်းရာ၌ ယေရှုသည် မိမိ၏နောက်လိုက်များအတွက် ဤသို့အသနားခံခဲ့သည်– “ကိုယ်တော်၏နှုတ်[မြွက်]တရားကို ဤသူတို့အားအကျွန်ုပ်ပေးပါပြီ။ အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံသောကြောင့်၊ လော[က]သားတို့သည် ဤသူတို့ကိုမုန်းကြပါ၏။ ဤသူတို့ကို ဤလောကမှနုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည်မဟုတ်ပါ။ မကောင်းသောအမှုအရာနှင့်ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူမည်အကြောင်းကိုသာ တောင်းပါ၏။ အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည်မဆက်ဆံကြပါ။ ကိုယ်တော်၏ [အမှန်] တရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်[မြွက်စကား]သည် [အမှန်] တရားဖြစ်ပါ၏။” (ယောဟန် ၁၇:၁၄-၁၇) ကိုယ်တော်၏မြင့်မြတ်သောလုပ်ငန်းတော်အတွက် ကျွန်ုပ်တို့ကိုသီးခြားခွဲထားပေးသည့် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဆက်၍နှစ်သက်မြတ်နိုးကြပါစို့။

၁၇။ ဘုရားသခင့်သတိပေးချက်များကို ကျွန်ုပ်တို့လျစ်လျူရှုမည်ဆိုလျှင် မည်သို့ဖြစ်ပျက်နိုင်သနည်း၊ ထို့ကြောင့် ကျွန်ုပ်တို့အဘယ်အရာပြုလုပ်သင့်သနည်း။

၁၇ ယေဟောဝါ၏ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏လုပ်ငန်းတော်အတွက် လက်ခံစရာဆက်ဖြစ်လိုကြသည်။ သို့ရာတွင် ဘုရားသခင့်သတိပေးချက်များကို ကျွန်ုပ်တို့လျစ်လျူရှုကြမည်ဆိုလျှင် လောက၏အပြောအဆို၊ စာပေ၊ အပန်းဖြေမှုနှင့် အကျင့်အကြံအများစုတို့တွင် အားပေးအားမြှောက်ပြုနေသည့် လောကစိတ်ဓာတ်၏လွှမ်းမိုးခြင်းကို ခံရနိုင်သည်။ ထို့ပြင် ကျွန်ုပ်တို့သည် ငွေကိုတပ်မက်သူ၊ ဝါကြွားသူ၊ ထောင်လွှားသူ၊ ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ ရက်စက်ကြမ်းကြုတ်သူ၊ ခေါင်းမာသူ၊ မာန်မာနကြီးသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် အပျော်အပါးကိုသာ၍နှစ်သက်သောသူများ အမှန်ပင်မဖြစ်လိုကြပါ၊ ဘုရားသခင်ထံမှကင်းကွာလျက်ရှိသူတို့ တင်ပြကြသောစရိုက်အချို့ကိုသာ ဖော်ပြခြင်းဖြစ်သည်။ (၂ တိမောသေ ၃:၁-၅) ဤစနစ်ဆိုး၏အဆုံးပိုင်းနေ့ရက်များတွင် ကျွန်ုပ်တို့အသက်ရှင်နေကြသည်ဖြစ်၍ ယေဟောဝါ၏သတိပေးချက်များကို ဆက်လက်လိုက်နာနိုင်ရန် “နှုတ် [မြွက်စကား] တော်အတိုင်းသတိပြု” နိုင်ဖို့ ဘုရားသခင်၏အထောက်အမအတွက် ဆက်၍ဆုတောင်းကြပါစို့။—ဆာလံ ၁၁၉:၉။

၁၈။ ဘုရားသခင့်သတိပေးချက်များကိုလိုက်နာခြင်းက အဘယ်အပြုသဘောပါသောခြေလှမ်းများကို လှမ်းစေမည်နည်း။

၁၈ ယေဟောဝါ၏သတိပေးချက်များသည် ကျွန်ုပ်တို့မပြုလုပ်ရမည့်အရာများကို သတိပေးရုံထက်မက စွမ်းဆောင်ပေးသည်။ ကိုယ်တော်၏သတိပေးချက်များကိုလိုက်နာခြင်းက အပြုသဘောပါပါလုပ်ဆောင်စေကာ ယေဟောဝါကိုလုံးလုံးလျားလျားယုံကြည်ကိုးစားရန်နှင့် ကိုယ်တော်အား စိတ်နှလုံး၊ ဉာဏ်၊ ခွန်အားရှိသမျှဖြင့်ချစ်ရန် ကျွန်ုပ်တို့အားလှုံ့ဆော်ပေးမည်။ (တရားဟောရာ ၆:၅; ဆာလံ ၄:၅; သု. ၃:၅၊ ၆; မဿဲ ၂၂:၃၇; မာကု ၁၂:၃၀) ဘုရားသခင့်သတိပေးချက်များက ကျွန်ုပ်တို့၏အိမ်နီးချင်းများကိုချစ်ရန်လည်း လှုံ့ဆော်ပေးသည်။ (ဝတ်ပြုရာ ၁၉:၁၈; မဿဲ ၂၂:၃၉) အထူးသဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင့်အလိုတော်ကိုလုပ်ဆောင်ခြင်းနှင့် အသက်ပေးသည့် “ဘုရားသခင်ကိုသိသောဉာဏ်” ကို သူတစ်ပါးနှင့်ဝေမျှခြင်းဖြင့် ဘုရားသခင်နှင့် အိမ်နီးချင်းအားချစ်သည့်မေတ္တာကို တင်ပြကြပါသလော။—သု. ၂:၁-၅။

ယေဟောဝါ၏သတိပေးချက်များကိုလိုက်နာခြင်းသည် အသက်ရှင်ခြင်းမည်၏!

၁၉။ ယေဟောဝါ၏သတိပေးချက်များကိုလိုက်နာခြင်းသည် လက်တွေ့ကျ၍ အကျိုးရှိကြောင်း အခြားသူများကို ကျွန်ုပ်တို့မည်သို့ပြနိုင်သနည်း။

၁၉ ယေဟောဝါ၏သတိပေးချက်များကိုလိုက်နာ၍ အခြားသူများလည်းလိုက်နာဖို့ အကူအညီပေးမည်ဆိုလျှင် ကျွန်ုပ်တို့ကိုယ်တိုင်နှင့် ကျွန်ုပ်တို့အားနားထောင်သူတို့ကို ကယ်တင်လိမ့်မည်။ (၁ တိမောသေ ၄:၁၆) ယေဟောဝါ၏သတိပေးချက်များကိုလိုက်နာခြင်းသည် အမှန်ပင်လက်တွေ့ကျ၍ အကျိုးပြုကြောင်း အခြားသူများအား ကျွန်ုပ်တို့မည်သို့ပြနိုင်သနည်း။ ကျမ်းစာမူများကို ကျွန်ုပ်တို့အသက်တာ၌ ကျင့်သုံးခြင်းဖြင့်ဖြစ်သည်။ သို့ဖြင့် “ထာဝရအသက်ကိုတလိုတလားရှိသူ” တို့သည် ဘုရားသခင့်နှုတ်မြွက်စကားတော်၌ ချမှတ်ထားသောလမ်းစဉ်မှာ အမှန်ပင် လျှောက်လှမ်းစရာ အကောင်းဆုံးလမ်းစဉ်ဖြစ်ကြောင်း အထောက်အထားရရှိမည်ဖြစ်သည်။ (တမန်တော် ၁၃:၄၈၊ ကဘ) ထို့ပြင် ‘ဘုရားသခင်သည် ကျွန်ုပ်တို့တွင်အမှန်ရှိတော်မူ’ ကြောင်းသူတို့သိမြင်ကာ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါကို ကျွန်ုပ်တို့နှင့်အတူဝတ်ပြုကိုးကွယ်ရန် လှုံ့ဆော်ခံရပါလိမ့်မည်။—၁ ကောရိန္သု ၁၄:၂၄၊ ၂၅။

၂၀၊ ၂၁။ ဘုရားသခင့်သတိပေးချက်များနှင့် ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်တို့က ကျွန်ုပ်တို့အား အဘယ်အရာကို ပြုလုပ်နိုင်စေမည်နည်း။

၂၀ ကျမ်းစာကိုဆက်၍လေ့လာခြင်း၊ သင်ယူခဲ့ရာကို လက်တွေ့ကျင့်သုံးနေခြင်းနှင့် ယေဟောဝါ၏ဝိညာဉ်ရေးရာပြင်ဆင်ပေးချက်များမှ အပြည့်အဝအကျိုးရယူခြင်းတို့အားဖြင့် ကိုယ်တော်၏သတိပေးချက်များကို ကျွန်ုပ်တို့အလွန်နှစ်သက်မြတ်နိုးလာပေမည်။ ကျွန်ုပ်တို့လိုက်နာမည်ဆိုလျှင် ၎င်းသတိပေးချက်များသည် “မှန်သောဖြောင့်မတ်ခြင်းနှင့် သစ္စာတည်ကြည်ခြင်းဖြင့် ဘုရားသခင်၏အလိုတော်နှင့် အတူအမျှဖန်ဆင်းသောလူသစ်” ကိုယူတင်ဝတ်ဆောင်ရန် ထောက်ကူပေးလိမ့်မည်။ (ဧဖက် ၄:၂၀-၂၄၊ ကဘ) စာတန့်ဩဇာအောက်ရှိ ဤလောက၏စရိုက်များနှင့် လုံးဝမတူသောအရည်အချင်းများဖြစ်သည့်—ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းတို့ကို ကျွန်ုပ်တို့တင်ပြနိုင်စေရန် ယေဟောဝါ၏သတိပေးချက်များနှင့် ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်တို့က စွမ်းဆောင်ပေးမည်! (ဂလာတိ ၅:၂၂၊ ၂၃; ၁ ယောဟန် ၅:၁၉) ထို့ကြောင့် ကိုယ်ပိုင်ကျမ်းစာလေ့လာစဉ်အတောအတွင်း၊ ခန့်အပ်ခံအကြီးအကဲများအားဖြင့်၊ စည်းဝေးများ၊ အစည်းအဝေးများနှင့် စည်းဝေးကြီးများတွင် ယေဟောဝါ၏တောင်းဆိုချက်များကို သတိပေးခံရသောအခါ ကျွန်ုပ်တို့ကျေးဇူးတင်နိုင်ကြသည်။

၂၁ ယေဟောဝါ၏သတိပေးချက်များကို ကျွန်ုပ်တို့စောင့်ရှောက်ကြသောကြောင့် ဖြောင့်မတ်ခြင်းအတွက် ဆင်းရဲခံရသောအခါ၌ပင် ဝမ်းမြောက်ရွှင်လန်းနိုင်ကြသည်။ (လုကာ ၆:၂၂၊ ၂၃) အန္တရာယ်အများဆုံးအခြေအနေများမှ ကျွန်ုပ်တို့ကိုကယ်နုတ်ပေးရန် ဘုရားသခင်အားမျှော်ကိုးကြသည်။ ယင်းသည် အာမဂေဒုန်၌ “ . . . တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး၌ စစ်တိုက်ခြင်း” ငှာလူမျိုးအပေါင်းစုသိမ်းခံနေရသည့် ယခုအချိန်တွင် အထူးအရေးကြီးသည်။—ဗျာဒိတ် ၁၆:၁၄-၁၆။

၂၂။ ယေဟောဝါ၏သတိပေးချက်များနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏စိတ်ပိုင်းဖြတ်ချက်ကား အဘယ်သို့ဖြစ်သင့်သနည်း။

၂၂ ကျွန်ုပ်တို့သည် မခံစားထိုက်သောထာဝရအသက်ဆုကို ရရှိဖို့ဆိုလျှင် ယေဟောဝါ၏သတိပေးချက်များကို အလွန်ချစ်မြတ်နိုးပြီး ၎င်းတို့ကို စိတ်နှလုံးအကြွင်းမဲ့လိုက်နာစောင့်ရှောက်ရမည်။ ထို့ကြောင့် “သက်သေခံတော်မူချက် [“သတိပေးချက်၊” ကဘ] တို့သည် အစဉ်အမြဲဖြောင့်ကြပါ၏။ အကျွန်ုပ်သည် အသက်ရှင်ပါမည်အကြောင်း ဉာဏ်ကိုပေးသနားတော်မူပါ” ဟုသီဆိုခဲ့သူ ဆာလံဆရာ၏စိတ်ဓာတ်မျိုးထားနိုင်ကြပါစေ။ (ဆာလံ ၁၁၉:၁၄၄) ထို့ပြင် “ကိုယ်တော် [ယေဟောဝါ] ကိုအော်ဟစ်ပါ၏။ ကယ်တင်တော်မူပါ။ သက်သေခံတော်မူချက် [“သတိပေးချက်၊” ကဘ] တို့ကိုစောင့်ပါမည်” ဟူသော ဆာလံဆရာ၏စကားများ၌ ပေါ်လွင်သောစိတ်ပိုင်းဖြတ်ချက်မျိုး ကျွန်ုပ်တို့ချနိုင်ကြပါစေ။ (ဆာလံ ၁၁၉:၁၄၆) မှန်ပါသည်၊ ယေဟောဝါ၏သတိပေးချက်များကို ကျွန်ုပ်တို့တကယ်ပင် အလွန်ချစ်မြတ်နိုးကြောင်း အပြောနှင့်အလုပ်တို့ဖြင့် သက်သေပြကြစို့လေ။

သင်မည်သို့ဖြေဆိုမည်နည်း

• ယေဟောဝါ၏သတိပေးချက်များကို ဆာလံဆရာမည်သို့ရှုမြင်ခဲ့သနည်း။

• ဘုရားသခင့်သတိပေးချက်များကို အဘယ်ကြောင့်ကျွန်ုပ်တို့လိုအပ်ကြသနည်း။

• ဘုရားသခင့်သတိပေးချက်များနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏အစည်းအဝေးများသည် အဘယ်အခန်းကဏ္ဍမှပါဝင်သနည်း။

• ယေဟောဝါ၏သတိပေးချက်များသည် ကျွန်ုပ်တို့ကို ဤလောကမှ မည်သို့သီးခြားခွဲထားပေးသနည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဆာလံဆရာသည် ယေဟောဝါ၏သတိပေးချက်များကို အလွန်နှစ်သက်မြတ်နိုးခဲ့

[စာမျက်နှာ ၁၆, ၁၇ ပါ ရုပ်ပုံ]

အန္န၏ပုံသက်သေကိုလိုက်လျှောက်လျက် အစည်းအဝေးများကိုမပျက်ဖို့ သင်စိတ်ပိုင်းဖြတ်ထားသလော

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယေဟောဝါ၏သတိပေးချက်များကိုလိုက်နာခြင်းက ကိုယ်တော်၏လုပ်ငန်းတော်အတွက် သန့် ရှင်း၍ လက်ခံစရာအဖြစ် ကျွန်ုပ်တို့ကို သီးခြားခွဲထား

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ