ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
© 2022 Christian Congregation of Jehovah’s Witnesses
ဇန်နဝါရီ ၂-၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ဘုရင်များ ၂၂–၂၃
“ဘာကြောင့် နှိမ့်ချရမလဲ”
နှိမ့်ချသောယောရှိ—ယေဟောဝါ၏မျက်နှာသာရရှိခဲ့
နံနက်စောစောမှစ၍ ဝတ်ပြုရာအိမ်တော် ပြင်ဆင်သူများသည် အားသွန်ခွန်စိုက် အလုပ်လုပ်လျက်ရှိသည်။ ယောရှိသည် မိမိ၏ ဆိုးညစ်သော ဘိုးဘေးအချို့ကြောင့် ဘုရားသခင့်အိမ်တော် ပျက်စီးခဲ့ရာများကို အလုပ်သမားများက ပြုပြင်ပေးနေကြပြီဖြစ်သည့်အတွက် ယေဟောဝါကို ကျေးဇူးတင်မည်မှာ သေချာသည်။ အလုပ်လုပ်နေစဉ် အစီရင်ခံစာ လျှောက်တင်ရန် ရှာဖန် ရောက်လာ၏။ သို့သော် ယင်းကားအဘယ်နည်း။ သူသည် စာလိပ်တစ်လိပ်ကို ယူလာ၏! သူက ယဇ်ပုရောဟိတ်မင်း ဟိလခိသည် “မောရှေရေးထားသော ထာဝရဘုရား၏ ပညတ္တိကျမ်းစာစောင်” ကို တွေ့ရှိခဲ့သည်ဟု ရှင်းပြသည်။ (၂ ရာဇဝင်ချုပ် ၃၄:၁၂-၁၈) ရှာဖွေတွေ့ရှိမှုကား ပညတ်တော်၏ မူရင်းစာစောင်ဖြစ်သည်မှာ သေချာပါသည်!
ယောရှိသည် ထိုကျမ်းစကားရှိသမျှကို ကြားနာရန် စိတ်စောလျက်ရှိသည်။ ရှာဖန် ဖတ်ပြသောအခါ ဘုရင်သည် ပညတ်တော် အသီးသီးကို မိမိနှင့်လည်းကောင်း၊ ပြည်သူပြည်သားတို့နှင့်လည်းကောင်း မည်သို့သက်ဆိုင်မည်ကို သိမြင်ရန် ကြိုးစားလေသည်။ အထူးသဖြင့် ထိုစာအုပ်တွင် စစ်မှန်သောဝတ်ပြုမှုကို အလေးအနက် ဖော်ပြထားပုံနှင့် လူတို့သည် မှားယွင်းမှုတွင်ပါဝင်လျှင် ကြုံတွေ့ရမည့်ဘေးများနှင့် ပြည်နှင်ဒဏ်တို့အကြောင်း ကြိုဟောထားပုံတို့က သူ့ကို စွဲမှတ်စေခဲ့သည်။ ယခု ဘုရားသခင်၏ မိန့်မှာချက်အလုံးစုံအား လုပ်ဆောင်ခြင်းမရှိသည်ကို သဘောပေါက်ကာ ယောရှိသည် သူ၏အဝတ်ကိုဆုတ်၍ ဟိလခိ၊ ရှာဖန်နှင့် အခြားသူများကို ဤသို့အမိန့်ပေးလိုက်သည်– ‘ဤကျမ်းစကားအကြောင်းကို ယေဟောဝါအား မေးလျှောက်ကြလော့။ ဤကျမ်းစကားများကို ဘိုးဘေးတို့သည် နားမထောင် မကျင့်ဘဲနေသောကြောင့် ယေဟောဝါဘုရားသည် ငါတို့၌ ပြင်းစွာအမျက်ထွက်တော်မူလိမ့်မည်။’—၄ ဓမ္မရာဇဝင် ၂၂:၁၁-၁၃; ၂ ရာဇဝင်ချုပ် ၃၄:၁၉-၂၁။
နှိမ့်ချသောယောရှိ—ယေဟောဝါ၏မျက်နှာသာရရှိခဲ့
ယောရှိ၏ စေတမန်များသည် ယေရုရှလင်မြို့ရှိ ပရောဖက် ဟုလဒထံသွားပြီး အစီရင်ခံချက်နှင့်အတူ ပြန်လာကြသည်။ ဟုလဒက တွေ့ရှိခါစကျမ်းတွင် မှတ်တမ်းတင်ထားသော ဘေးဆိုးများသည် အယူဖောက်ပြန်သော လူမျိုးများအပေါ် ကျရောက်လိမ့်မည်ဟု ဖော်ပြကာ ယေဟောဝါ၏ နှုတ်မြွက်စကားတော်ကို လက်ဆင့်ကမ်းပေးခဲ့သည်။ သို့သော် ယောရှိသည် ယေဟောဝါဘုရားသခင်ရှေ့တွင် နှိမ့်ချမှုရှိသောကြောင့် ထိုဘေးဆိုးကို တွေ့မြင်ရမည်မဟုတ်ချေ။ သူသည် ဘိုးဘေးစုဝေးရာသို့ ပို့ဆောင်ခံရကာ ငြိမ်ဝပ်စွာသင်္ချိုင်းသို့ ရောက်ရလိမ့်မည်ဖြစ်သည်။—၄ ဓမ္မရာဇဝင် ၂၂:၁၄-၂၀; ၂ ရာဇဝင်ချုပ် ၃၄:၂၂-၂၈။
ဘုရားရေးရာ ရတနာ
သင်မည်သို့ပင် ပြုစုပျိုးထောင်ခံခဲ့ရပါစေ အောင်မြင်နိုင်
ယောရှိ၏ ငယ်စဉ်တောင်ကျေးဘဝသည် မကောင်းခဲ့သော်လည်း ယေဟောဝါ၏ရှေ့မှောက်တွင် သူကောင်းမှုပြုခဲ့၏။ သူ၏နန်းသက်သည် အလွန်အောင်မြင်သောကြောင့် ကျမ်းစာက ဤသို့ဖော်ပြသည်– “မောရှေတရား၌ ပါသမျှကို ကျင့်သဖြင့် စိတ်နှလုံးအကြွင်းမဲ့ အစွမ်းသတ္တိရှိသမျှနှင့် ထာဝရဘုရားအထံတော်သို့ ပြောင်းလဲ၍ ယောရှိမင်းနှင့်တူသော ရှင်ဘုရင်တစ်ယောက်မျှ မဖြစ်စဖူး။ နောင်ကာလ၌လည်း မပေါ်မရှိ။”—၄ ဓမ္မရာဇဝင် ၂၃:၁၉-၂၅။
ကလေးဘဝတွင် ဆိုးဆိုးဝါးဝါး ခံစားခဲ့ရဖွယ်ရှိသူများအတွက် ယောရှိ၏ပုံသက်သေသည် အားရှိစရာပါတကား! သူ၏ပုံသက်သေမှ ကျွန်ုပ်တို့ အဘယ်အရာ သင်ယူနိုင်သနည်း။ ဖြောင့်မတ်သော လမ်းစဉ်ကိုရွေးချယ်၍ ဆက်လက်လျှောက်လှမ်းနေရန် ယောရှိကို အဘယ်အရာက ထောက်ကူပေးခဲ့သနည်း။
ဇန်နဝါရီ ၉-၁၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ဘုရင်များ ၂၄–၂၅
“အရေးတကြီးသဘောထားကို ဆက်ထိန်းထားပါ”
ယေဟောဝါ၏ တရားစီရင်ရာနေ့ နီးပြီ!
၂ ဇေဖနိ၏ ပရောဖက်ပြုချက်က ယုဒနိုင်ငံမှ မသန့်ရှင်းသော ဝတ်ပြုကိုးကွယ်မှုကို သုတ်သင်ရှင်းလင်းဖို့လိုကြောင်း လူငယ်ယောရှိ၏ အသိစိတ်ကို ပြင်းပြစေခဲ့သည်မှာ သေချာသည်။ သို့သော် မှားယွင်းသော ဘာသာရေးကို တိုင်းပြည်မှ ပယ်ရှင်းသည့် ဘုရင့်လုပ်ရပ်များသည် ပြည်သူပြည်သားတို့အကြားရှိ ဆိုးသွမ်းမှုအားလုံးကို မဖယ်ရှားနိုင်ခဲ့ချေ၊ ‘အပြစ်မဲ့သူတို့၏ အသွေးနှင့် ယေရုရှလင်မြို့ကို ပြည့်စေ’ ခဲ့သော သူ၏ဘိုးတော် မနာရှေမင်း၏ အပြစ်များကိုလည်း မချေဖျက်နိုင်ခဲ့ပေ။ (၄ ဓမ္မရာဇဝင် ၂၄:၃၊ ၄; ၂ ရာဇဝင်ချုပ် ၃၄:၃) ထို့ကြောင့် ယေဟောဝါ၏ တရားစီရင်ရာနေ့ အမှန်ရောက်လာလိမ့်မည်။
ယေရမိကျမ်းမှ ပေါ်လွင်ချက်များ
ဘီစီ ၆၀၇ သည် ဇေဒကိနန်းစံ ၁၁ နှစ်မြောက်ဖြစ်၏။ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့ကို ၁၈ လတိုင်တိုင် ဝိုင်းရံခဲ့သည်။ နေဗုခဒ်နေဇာနန်းစံ ၁၉ နှစ်မြောက်၊ ပဉ္စမလ ခုနစ်ရက်နေ့တွင် အမှုတော်ထမ်း ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရုရှလင်မြို့သို့လာ၏။ (၄ ဓမ္မရာဇဝင် ၂၅:၈) သူသည် မြို့ရိုးအပြင်တွင် တပ်ချခြင်းဖြစ်နိုင်ရာ မြို့အခြေအနေကို စုံစမ်း၍ လုပ်ငန်းစဉ် ရေးဆွဲခဲ့သည်။ သုံးရက်အကြာ၊ ဆယ်ရက်နေ့တွင် ယေရုရှလင်မြို့ထဲ ဝင်ရောက်ခဲ့ပြီး မြို့ကိုမီးရှို့ခဲ့ကြသည်။—ယေရမိ ၅၂:၁၂၊ ၁၃။
ဘုရားရေးရာ ရတနာ
ဓမ္မရာဇဝင်စတုတ္ထစောင်မှ ပေါ်လွင်ချက်များ
၂၄:၃၊ ၄။ မနာရှေ၏ သွေးပြစ်ကျူးလွန်မှု မှတ်တမ်းတွင် ယေဟောဝါသည် ယုဒ၏ “အပြစ်များကို လွှတ်တော်မမူ။” အပြစ်မဲ့သူတို့၏ အသွေးကို ဘုရားသခင် တန်ဖိုးထားတော်မူသည်။ အပြစ်မဲ့သူတို့၏ အသွေးကို သွန်းသူများအား ဖျက်ဆီးခြင်းဖြင့် ယေဟောဝါ လက်စားချေပေးမည်ကို စိတ်ချနိုင်ပါသည်။—ဆာလံ ၃၇:၉-၁၁; ၁၄၅:၂၀။
ဇန်နဝါရီ ၁၆-၂၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ ရာဇဝင်ချုပ် ၁–၃
“သမ္မာကျမ်းစာ—စိတ်ကူးယဉ်စာအုပ်မဟုတ်၊ အချက်အလက်မှန်တွေ ပါရှိ”
အာဒံနှင့် ဧဝ အမှန်တကယ် အသက်ရှင်ခဲ့ပါသလော
ဥပမာ၊ ရာဇဝင်ချုပ် ပထမစာစောင် အခန်းကြီး ၁ မှ ၉ နှင့် လုကာ ခရစ်ဝင်ကျမ်း အခန်းကြီး ၃ တို့တွင် မှတ်တမ်းတင်ထားသော ဂျူးဘိုးဘေးများ၏ အမည်စာရင်းကို သုံးသပ်ကြည့်ပါ။ အသေးစိတ်ကျသော ထိုဆွေစဉ်မျိုးဆက် စာရင်းများတွင် လူမျိုးဆက် ၄၈ ဆက်နှင့် ၇၅ ဆက်အကြောင်း အသီးသီးဖော်ပြထားသည်။ လုကာကျမ်းတွင် ယေရှုခရစ်၏ ဆွေစဉ်မျိုးဆက်ကို အဆင့်ဆင့် မှတ်တမ်းတင်ထားပြီး ရာဇဝင်ချုပ်ကျမ်းတွင်မူ အစ္စရေးလူမျိုး၏ ဘုရင်နှင့် ယဇ်ပုရောဟိတ် အရိုက်အရာ ဆက်ခံခဲ့သော ဘိုးဘေးအမည်များကို စာရင်းပြုစုထားသည်။ ထိုစာရင်းနှစ်ခုစလုံးတွင် ရှောလမုန်၊ ဒါဝိဒ်၊ ယောသပ်၊ ဣဇာက်၊ အာဗြဟံ၊ နောဧနှင့် နောက်ဆုံးတွင် အာဒံကဲ့သို့သော လူသိများသူတို့ ပါဝင်သည်။ ထိုစာရင်းနှစ်ခုစလုံးမှ အမည်အားလုံးသည် အမှန်တကယ် အသက်ရှင်ခဲ့သူများ၏ အမည်များဖြစ်ပြီး ထိုစာရင်းနှစ်ခုစလုံးတွင်ပါသော အာဒံသည် အမှန်တကယ် အသက်ရှင်ခဲ့သော ပထမဆုံးလူသားဖြစ်သည်။
နောဧနှင့် ရေလွှမ်းမိုးခြင်း—ဒဏ္ဍာရီမဟုတ်သော ဖြစ်ရပ်မှန်
ကျမ်းစာပါ ဆွေစဉ်မျိုးဆက်မှတ်တမ်း နှစ်ခုကလည်း နောဧသည် တကယ့်ပုဂ္ဂိုလ်ဖြစ်ကြောင်း ဖော်ပြ၏။ (၁ ရာဇဝင်ချုပ် ၁:၄; လုကာ ၃:၃၆) ထိုဆွေစဉ်မျိုးဆက် မှတ်တမ်းကို ပြုစုခဲ့သော ဧဇရနှင့် လုကာသည် စေ့စပ်သေချာစွာ ရှာဖွေလေ့လာသူများဖြစ်သည်။ လုကာဖော်ပြသော ယေရှုခရစ်၏ ဆွေစဉ်မျိုးဆက် စာရင်းတွင် နောဧ ပါဝင်၏။
အာဒံနှင့် ဧဝ အမှန်တကယ် အသက်ရှင်ခဲ့ပါသလော
ဥပမာ၊ ချာ့ချ်တက်ရောက်သူအများစု အလေးအနက်ထားသည့် ကျမ်းစာသွန်သင်ချက်တစ်ခုဖြစ်သော ရွေးနုတ်ဖိုးအကြောင်း သုံးသပ်ကြည့်ပါ။ ထိုသွန်သင်ချက်အရ ယေရှုခရစ်သည် လူသားတို့ကို အပြစ်တရားမှ ကယ်တင်ရန် မိမိ၏ စုံလင်သောအသက်ကို ရွေးနုတ်ဖိုးအဖြစ် စွန့်ခဲ့သည်။ (မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆) ရွေးနုတ်ဖိုးဟူသည် ဆုံးရှုံးသွားသည့်အရာတစ်ခုကို ပြန်ရွေးယူရန် သို့မဟုတ် ပြန်ဝယ်ယူရန် ပေးဆောင်ရသည့် ညီမျှသော အဖိုးအခ ဖြစ်သည်။ ထို့ကြောင့် ကျမ်းစာက ယေရှုကို “ညီမျှသော ရွေးနုတ်ဖိုး” ဟုဖော်ပြထားခြင်း ဖြစ်သည်။ (၁ တိမောသေ ၂:၆) သို့သော် အဘယ်အရာနှင့် ညီမျှသနည်းဟု ကျွန်ုပ်တို့ တွေးတောမိပေမည်။ “လူအပေါင်းတို့သည် အာဒံကြောင့် သေဆုံးကြရသည့်နည်းတူ လူအပေါင်းတို့သည်လည်း ခရစ်တော်ကြောင့် အသက်ရှင်ကြရလိမ့်မည်” ဟုကျမ်းစာက ဆိုသည်။ (၁ ကောရိန္သု ၁၅:၂၂) နာခံမှုရှိသော လူသားများကို ရွေးနုတ်ရန် ယေရှုပေးဆပ်ခဲ့သည့် စုံလင်သောအသက်သည် ဧဒင်တွင် ကျူးလွန်သော အပြစ်ကြောင့် အာဒံဆုံးရှုံးခဲ့ရသည့် စုံလင်သော အသက်နှင့် ညီမျှသည်။ (ရောမ ၅:၁၂) အာဒံသာ အမှန်တကယ် အသက်မရှင်ခဲ့လျှင် ခရစ်တော်၏ ရွေးနုတ်ဖိုးပူဇော်ရာယဇ်သည်လည်း လုံးဝအဓိပ္ပာယ်ရှိတော့မည် မဟုတ်သည်မှာ ရှင်းနေပါသည်။
ဘုရားရေးရာ ရတနာ
it-1 ၉၁၁ ပိုဒ်. ၃-၄
ဆွေစဉ်မျိုးဆက်စာရင်း
အမျိုးသမီးတွေရဲ့ နာမည်။ မှတ်တမ်းမှတ်ရာ ထားဖို့ လိုအပ်တဲ့အခါ ဆွေစဉ်မျိုးဆက်စာရင်းမှာ အမျိုးသမီးတွေရဲ့ နာမည်ကို ရံဖန်ရံခါ ဖော်ပြလေ့ရှိတယ်။ ကမ္ဘာဦး ၁၁:၂၉၊ ၃၀ မှာ စာရဲ (စာရာ) အကြောင်း ဖော်ပြထားတယ်။ ကတိထားရာမျိုးနွယ်ဟာ အာဗြဟံရဲ့ တခြားမိန်းမကနေ မဟုတ်ဘဲ စာရာကတစ်ဆင့် ဆင်းသက်လာမယ်ဆိုတာ ဖော်ပြချင်လို့ ဖြစ်တယ်။ ကမ္ဘာဦးကျမ်းမှာပဲ ရေဗက္ကာရဲ့ အဘွားဖြစ်သူ မိလခါ နာမည်ကို ဖော်ပြထားတယ်။ အိဇက်ကို တိုင်းတစ်ပါးသူနဲ့ မယူခိုင်းတဲ့အတွက် အိဇက်ရဲ့မိန်းမ ရေဗက္ကာဟာ အာဗြဟံရဲ့ အမျိုးဖြစ်ကြောင်း ဖော်ပြချင်လို့ ဖြစ်နိုင်တယ်။ (က ၂၂:၂၀-၂၃။ ၂၄:၂-၄) ကမ္ဘာဦး ၂၅:၁ မှာ အာဗြဟံရဲ့ နောက်မိန်းမ ကေတုရ နာမည်ကိုလည်း ဖော်ပြထားတယ်။ စာရာသေဆုံးပြီးနောက် အာဗြဟံ နောက်အိမ်ထောင်ပြုကြောင်း၊ ယေဟောဝါ အံ့ဖွယ်နည်းနဲ့ ပေးသနားတဲ့ မျိုးပွားနိုင်စွမ်းဟာ နောက် အနှစ် ၄၀ အထိ ရှိနေဆဲဖြစ်ကြောင်း သိစေတယ်။ (ရ ၄:၁၉။ က ၂၄:၆၇။ ၂၅:၂၀) အစ္စရေးတွေဟာ မိဒျန်၊ အာရပ်မျိုးနွယ်တွေနဲ့လည်း ဆွေမျိုးသားချင်းဖြစ်ကြောင်း သိစေတယ်။
လေအာ၊ ရာခေလနဲ့ ယာကုပ်ရဲ့ မယားငယ်တွေ၊ သူတို့ကနေ မွေးဖွားလာတဲ့ သားတွေရဲ့ နာမည်ကို ဖော်ပြထားတယ်။ (က ၃၅:၂၁-၂၆) ဒါကြောင့် နောက်ပိုင်း အဲဒီသားတွေနဲ့ ဘုရားသခင့် ဆက်ဆံပုံကို သဘောပေါက်စေတယ်။ အလားတူ အကြောင်းရင်းတွေကြောင့် အမျိုးသမီးတွေရဲ့ နာမည်ကို ဆွေစဉ်မျိုးဆက် စာရင်းထဲမှာ ဖော်ပြတယ်။ အမွေမြေရရှိတဲ့ အမျိုးသမီးတွေရဲ့ နာမည်ကိုလည်း တွေ့ရတယ်။ (တလ ၂၆:၃၃) တာမာ၊ ရာခပ်နဲ့ ရုသတို့ကို လူသိများတယ်။ အဲဒီအမျိုးသမီးတွေရဲ့ ထင်ရှားတဲ့ အချက်ကတော့ မေရှိယ၊ ယေရှုခရစ်ရဲ့ ဘေးမတွေ ဖြစ်ခြင်းပါပဲ။ (က ၃၈။ ရု ၁:၃-၅။ ၄:၁၃-၁၅။ မ ၁:၁-၅) ၁ ရာဇဝင်ချုပ် ၂:၃၅၊ ၄၈၊ ၄၉။ ၃:၁-၃၊ ၅ မှာပါတဲ့ ဆွေစဉ်မျိုးဆက် စာရင်းမှာ တခြားအမျိုးသမီးတွေရဲ့ နာမည်ကို ဖော်ပြထားတယ်။
ဇန်နဝါရီ ၂၃-၂၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ ရာဇဝင်ချုပ် ၄–၆
“ဆုတောင်းချက်တွေက ကိုယ့်အကြောင်း ဘာဖော်ပြသလဲ”
‘ဆုတောင်းစကားကို နားညောင်းတော်မူသောအရှင်’
ယာဗက်ဟာ လှိုက်လှိုက်လှဲလှဲ ဆုတောင်းတတ်တဲ့ အလေ့အထရှိသူ ဖြစ်တယ်။ သူ့ရဲ့ဆုတောင်းချက်ကို ဘုရားသခင့်ကောင်းချီး အသနားခံခြင်းနဲ့ အစပြုခဲ့တယ်။ အဲဒီနောက် သူ့မှာ ခိုင်ခံ့တဲ့ ယုံကြည်ခြင်းရှိကြောင်း ပြသတဲ့အနေနဲ့ အချက်သုံးချက်ကို ဆက်တောင်းခံခဲ့တယ်။
ပထမဆုံး ဘုရားသခင်ကို ယာဗက်က “အကျွန်ုပ်မြေနယ်ကို ကျယ်ဝန်းစေတော်မူပါ” လို့ တိုးလျှိုးတောင်းပန်ခဲ့တယ်။ (အခန်းငယ် ၁၀) ဂုဏ်အသရေရှိတဲ့ ဒီပုဂ္ဂိုလ်ဟာ သူတစ်ပါးပိုင်ဆိုင်ရာကို ငမ်းငမ်းတက်လိုချင်နေတဲ့ နယ်မြေလုယူသူတော့ မဟုတ်ဘူး။ ထက်ထက်သန်သန် တောင်းလျှောက်နေတဲ့ သူ့ရဲ့ဆုတောင်းချက်က နယ်မြေထက် လူတွေနဲ့ ပိုပြီးသက်ဆိုင်နေတာ ဖြစ်ရမယ်။ စစ်မှန်တဲ့ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူ ပိုများလာဖို့ သူရဲ့အရပ်ဒေသကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျယ်ဝန်းစေတော်မူပါလို့ တောင်းလျှောက်တာ ဖြစ်နိုင်တယ်။
ဒုတိယ၊ ဘုရားသခင့် “လက်တော်” သူနဲ့အတူရှိဖို့ ယာဗက် အသနားခံခဲ့တယ်။ ပုံဆောင်သဘောအရ ဘုရားသခင့် လက်တော်ဆိုတာ ကိုယ်တော်ရဲ့တန်ခိုးစွမ်းအားဖြစ်ပြီး ကိုယ်တော်အား ဝတ်ပြုကိုးကွယ်တဲ့သူတွေကို ကူညီရာမှာ အသုံးပြုလေ့ရှိတယ်။ (၁ ရာဇဝင်ချုပ် ၂၉:၁၂၊ သမ္မာ) ယာဗက်ဟာ ဇွဲနဲ့တောင်းတဲ့ သူ့ရဲ့ဆုတောင်းချက်တွေ တုံ့ပြန်ခံရဖို့ ဘုရားသခင်ကို အားကိုးတကြီး မျှော်လင့်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ဟာ မိမိအပေါ် ယုံကြည်ခြင်းရှိတဲ့သူတွေကို အစွမ်းခွန်အားပေးလို့ပါပဲ။—ဟေရှာယ ၅၉:၁။
တတိယ၊ ‘အကျွန်ုပ်သည် ဒုက္ခမခံရအောင် ဘေးဥပဒ်နှင့် ကင်းလွတ်ပါမည်အကြောင်း ကွယ်ကာစောင်မတော်မူပါ’ ဆိုပြီး ယာဗက် ဆုတောင်းခဲ့တယ်။ “ဒုက္ခမခံရအောင်” ဆိုတဲ့ အသုံးအနှုန်းက ဘေးဥပဒ်နဲ့ ကင်းလွတ်စေဖို့မဟုတ်ဘဲ မကောင်းမှုတွေကြောင့် ဝမ်းနည်းပက်လက်မဖြစ်အောင် ဒါမှမဟုတ် မျှော်လင့်ချက်ပျောက်ဆုံးပြီး ဘာမှမလုပ်ချင် မကိုင်ချင်တဲ့စိတ်မရှိအောင် ဆုတောင်းတာကို ပြောနေခြင်းဖြစ်တယ်။
ယာဗက်ဟာ စစ်မှန်တဲ့ဝတ်ပြုရေးကို စိတ်ဝင်စားတယ်၊ ဆုတောင်းစကားကို နားညောင်းတဲ့ အရှင်အပေါ် ယုံကြည်ကိုးစားတယ်ဆိုတာ သူ့ရဲ့ဆုတောင်းချက်က ဖော်ပြခဲ့တယ်။ ယေဟောဝါ ဘုရားသခင် ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ “တောင်းသောဆုကိုလည်း ဘုရားသခင် ပေးသနားတော်မူ၏” ဆိုပြီး မှတ်တမ်းအကျဉ်းကို နိဂုံးချုပ်ထားတယ်။
ဘုရားရေးရာ ရတနာ
ရာဇဝင်ချုပ် ပထမစောင်မှ ပေါ်လွင်ချက်များ
၅:၁၀၊ ၁၈-၂၂။ ရှောလုမင်းလက်ထက်တွင် ယော်ဒန်မြစ်အရှေ့ဘက်ရှိ အမျိုးအနွယ်တို့သည် မိမိတို့ထက် အင်အားနှစ်ဆကျော်များသော ဟာဂရအမျိုးသားတို့ကို တိုက်ခိုက်အနိုင်ယူခဲ့သည်။ အကြောင်းမှာ ရဲစွမ်းသတ္တိရှိသော ဤအနွယ်တို့သည် ယေဟောဝါအား ယုံကြည်ကိုးစားပြီး ကိုယ်တော်ထံမှ အကူအညီ မျှော်ကိုးခဲ့ကြသောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့ထက် အင်အားများသော ရန်သူများကို ရင်ဆိုင်ကာ ဝိညာဉ်ရေးတိုက်ပွဲ ဆင်နွှဲရာတွင် ယေဟောဝါအား အကြွင်းမဲ့ကိုးစားကြစို့။—ဧဖက် ၆:၁၀-၁၇။
ဇန်နဝါရီ ၃၀–ဖေဖော်ဝါရီ ၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ ရာဇဝင်ချုပ် ၇–၉
“ယေဟောဝါရဲ့အကူအညီနဲ့ ခက်ခဲတဲ့တာဝန်တွေကို ထမ်းဆောင်နိုင်”
ရာဇဝင်ချုပ် ပထမစောင်မှ ပေါ်လွင်ချက်များ
၉:၂၆၊ ၂၇။ လေဝိသား တံခါးစောင့်တို့သည် ကြီးလေးသည့် တာဝန်ကို ရရှိထားကြသည်။ ဝတ်ပြုရာအိမ်တော်၏ သန့်ရှင်းသော အရပ်ဒေသနှင့်ဆိုင်သော ဝင်ပေါက်သော့ကို ရရှိထားကြသည်။ သူတို့သည် နေ့စဉ် တံခါးများဖွင့်ခြင်းဖြင့် ယုံကြည်စိတ်ချရသူများဖြစ်ကြောင်း သက်သေပြကြသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ရပ်ကွက်ရှိ လူများထံ သွားရောက်ပြီး ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများ ဖြစ်လာရန် ကူညီပေးဖို့ တာဝန်ကို ရရှိထားကြသည်။ ကျွန်ုပ်တို့သည် လေဝိသား တံခါးစောင့်များကဲ့သို့ အားကိုးရသော၊ ယုံကြည်စိတ်ချရသောသူများဖြစ်ကြောင်း မတင်ပြသင့်ပေလော။
အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါ သင် ဖိနဟတ်ကို တုပနိုင်မလား
ရှေးခေတ် အစ္စရေးအချိန်မှာ ဖိနဟတ်က ရဲစွမ်းသတ္တိ၊ ထိုးထွင်းသိမြင်မှု၊ ဘုရားသခင်ကို ယုံကြည်အားကိုးမှုနဲ့ ကြီးလေးတဲ့ တာဝန်တွေကို ထမ်းဆောင်ပြီး အခက်အခဲတွေကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့တယ်။ ဘုရားသခင့်လူမျိုးကို ဖိနဟတ် ဝီရိယရှိရှိ ကြည့်ရှုစောင့်ရှောက်ခဲ့တဲ့အတွက် ဘုရားသခင့်မျက်နှာသာ ရရှိခဲ့တယ်။ နှစ်ပေါင်း ၁,၀၀၀ ခန့်ကြာပြီးတဲ့နောက် ဧဇရ ဒီလိုရေးခဲ့တယ်– ‘ရှေးကာလ၊ ဧလာဇာသား ဖိနဟတ်သည် ထိုသူတို့ကိုအုပ်ရ၍ ယေဟောဝါသည် သူနှင့်အတူ ရှိတော်မူ၏။’ (၅ ရာ. ၉:၂၀) ယနေ့ ယေဟောဝါရဲ့လူမျိုးကို ဦးဆောင်နေတဲ့ ခရစ်ယာန်တွေနဲ့ ကိုယ်တော့်ကို တည်ကြည်စွာ အမှုဆောင်နေတဲ့ ခရစ်ယာန်အားလုံး ဒီအတိုင်းဖြစ်ကြပါစေ။
ဘုရားရေးရာ ရတနာ
ယေဟောဝါအား တေးသီကျူးကြ
၆ မှန်ပါတယ်၊ ယေဟောဝါဟာ မိမိကို သီချင်းနဲ့ ချီးမွမ်းဖို့ မိမိရဲ့ပရောဖက်တွေကတစ်ဆင့် ဝတ်ပြုသူတွေကို ညွှန်ကြားခဲ့တယ်။ ယဇ်ပုရောဟိတ်အနွယ်ထဲက သီချင်းသည်တွေဟာ တခြားလေဝိသားတွေ ထမ်းဆောင်ရတဲ့ တာဝန်တွေကနေ ကင်းလွတ်ကြတယ်။ အကြောင်းကတော့ သီချင်းတွေ ရေးစပ်သီကုံးဖို့နဲ့ ဖြစ်နိုင်တာက အစမ်းလေ့ကျင့်ဖို့အတွက် အချိန် အလုံအလောက် ရစေဖို့ဖြစ်တယ်။—၅ ရာ. ၉:၃၃။
ဖေဖော်ဝါရီ ၆-၁၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ ရာဇဝင်ချုပ် ၁၀–၁၂
“ဘုရားအလိုတော် ဆောင်ချင်တဲ့စိတ်ကို တောက်လောင်နေစေပါ”
“အလိုတော်သို့ လိုက်စေမည်အကြောင်း သွန်သင်တော်မူပါ”
၁၂ ဒါဝိဒ်ရဲ့ လုပ်ဆောင်ပုံကနေ ကျွန်ုပ်တို့ နောက်ထပ် သင်ယူစရာ ရှိသေးတယ်။ ဒါဝိဒ်ဟာ မူတွေကို ဘယ်လို ကျင့်သုံးရမယ်ဆိုတာကို နားလည်ပြီး အဲဒီအတိုင်း အသက်ရှင်နေထိုင်လိုခဲ့တယ်။ မူဆိုတာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချဖို့၊ ကိစ္စရပ်တွေကို ယေဟောဝါ ဘယ်လို ရှုမြင်တယ်ဆိုတာ နားလည်စေဖို့ ကူညီပေးတဲ့ အခြေခံ အမှန်တရား ဖြစ်တယ်။ “ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲကရေ” ကို ဒါဝိဒ် သောက်ချင်တဲ့အခါ ဘာဖြစ်ပျက်ခဲ့သလဲဆိုတာ သုံးသပ်ကြည့်ပါ။ ဒါဝိဒ်ရဲ့ တပ်သားသုံးယောက်ဟာ ဖိလိတ္တိလူတွေ သိမ်းပိုက်ထားတဲ့ မြို့ထဲကိုသွားပြီး ရေခပ်လာခဲ့တယ်။ ဒါပေမဲ့ ဒါဝိဒ်က ‘မသောက်ဘဲ ယေဟောဝါရှေ့တော်၌သွန်း’ လိုက်တယ်။ ဘာဖြစ်လို့လဲ။ ဒါဝိဒ် ဒီလိုပြောခဲ့တယ်– “ဤရေကို သောက်သောအမှုသည် ငါနှင့် ဝေးပါစေသော။ ကိုယ်အသက်ကို မနှမြောဘဲ သွားသော သူတို့၏အသွေးကို ငါသောက်ရမည်လော။ သူတို့သည် ကိုယ်အသက်ကို စွန့်စား၍ ဤရေကို ဆောင်ခဲ့ကြပြီ။”—၅ ရာ. ၁၁:၁၅-၁၉။
၁၃ ပညတ်တရားအရ သွေးကိုမစားဘဲ ယေဟောဝါရှေ့မှာ သွန်ရမယ်ဆိုတာ ဒါဝိဒ် သိထားတယ်။ ဘာကြောင့် ဒီလိုလုပ်သင့်သလဲဆိုတာကိုလည်း သူနားလည်တယ်။ “ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်” တယ်ဆိုတာကို ဒါဝိဒ်သိတယ်။ ဒါပေမဲ့ ဒါက သွေးမဟုတ်ဘဲ ရေသာဖြစ်တယ်။ ဒါဝိဒ် ဘာကြောင့် မသောက်တာလဲ။ ဘာကြောင့်လဲဆိုတော့ သွေးပညတ်ရဲ့ နောက်ကွယ်မှာရှိတဲ့မူကို ဒါဝိဒ် သိထားလို့ပဲ။ ဒါဝိဒ်အတွက် အဲဒီရေက တပ်သားသုံးယောက်ရဲ့အသွေးလိုပဲ တန်ဖိုးရှိတယ်။ ဒါကြောင့် အဲဒီရေကိုသောက်ဖို့ဆိုတာ ဒါဝိဒ်အတွက် မဖြစ်နိုင်ဘူး။ ရေကိုသောက်မယ့်အစား မြေပေါ်မှာသွန်လိုက်ဖို့ ဒါဝိဒ် ဆုံးဖြတ်ခဲ့တယ်။—ဝတ်. ၁၇:၁၁; တရား. ၁၂:၂၃၊ ၂၄။
သင့်သိစိတ်ကို ဘုရားသခင့် ပညတ်နဲ့ မူတွေ လေ့ကျင့်ပေးပါစေ
၅ ဘုရားသခင့် ပညတ်တွေကနေ အကျိုးရဖို့ ဖတ်ရုံ၊ အကျွမ်းတဝင် ဖြစ်ရုံထက်မက လိုအပ်တယ်။ ပညတ်တွေကို မြတ်နိုးစိတ်၊ လေးမြတ်စိတ် တိုးပွားစေရမယ်။ “မကောင်းမှုကို မုန်းပါ။ ကောင်းမှုကို ချစ်ပါ” လို့ ကျမ်းစာ ပြောတယ်။ (အာ. ၅:၁၅) ဘယ်လို လုပ်နိုင်သလဲ။ အဓိကကတော့ ကိစ္စရပ်တွေကို ယေဟောဝါ ရှုမြင်သလို ရှုမြင်တတ်ရမယ်။ ဥပမာ၊ အိပ်မပျော်တဲ့ရောဂါရှိနေတယ် ဆိုပါစို့။ ဆရာဝန်က အစားအစာ၊ လေ့ကျင့်ခန်း၊ ဘဝပုံစံ အပြောင်းအလဲတွေပါဝင်တဲ့ ဆေးညွှန်းပေးတယ်။ ဆေးညွှန်းအတိုင်း လိုက်လို့ ရောဂါသက်သာလာတယ်ဆိုရင် ဆရာဝန်ကို ကျေးဇူးတင်မှာပဲ။
၆ ဖန်ဆင်းရှင်လည်း ကျွန်တော်တို့ကို အပြစ်ရဲ့ ဆိုးကျိုးကနေ ကာကွယ်ဖို့၊ ဘဝတိုးတက်စေဖို့ ပညတ်တွေ ပေးထားတယ်။ လိမ်ပြောတာ၊ မကောင်းကြံစည်တာ၊ ခိုးတာ၊ လိင်အကျင့်ပျက်တာ၊ အကြမ်းဖက်တာ၊ နတ်ဆိုးပညာလိုက်စားတာနဲ့ပတ်သက်တဲ့ ကျမ်းစာပညတ်တွေ လိုက်နာခြင်းရဲ့ အကျိုးကို စဉ်းစားကြည့်ပါ။ (ပညာအလိမ္မာ ၆:၁၆-၁၉ ကိုဖတ်ပါ။ ဗျာ. ၂၁:၈) ယေဟောဝါရဲ့ နည်းလမ်းအတိုင်း လိုက်တဲ့အတွက် အကျိုးခံစားရတဲ့အခါ ယေဟောဝါနဲ့ ပညတ်တွေကို မြတ်နိုးစိတ်၊ လေးမြတ်စိတ် တိုးပွားလာတယ်။
ဘုရားရေးရာ ရတနာ
it-1 ၁၀၅၈ ပိုဒ်. ၅-၆
နှလုံး
“စိတ်နှလုံးအကြွင်းမဲ့” ဝတ်ပြုခြင်း။ ပကတိနှလုံးက အပြည့်အဝ မကောင်းရင် ကောင်းကောင်း အလုပ်လုပ်နိုင်မှာ မဟုတ်ဘူး။ ပုံဆောင်နှလုံးကတော့ အပြည့်အဝ မကောင်းတဲ့အခါတွေ ရှိနိုင်တယ်။ ဒါဝိဒ်က “နာမတော်ကို ကြောက်ရွံ့တတ်ဖို့ စိတ်ကိုစုစည်းပေးပါ” လို့ ဆုတောင်းခဲ့တယ်။ အပြည့်အဝ မချစ်တာ၊ အပြည့်အဝ မကြောက်တာမျိုး ဖြစ်နိုင်တယ်ဆိုတာ သိရတယ်။ (ဆ ၈၆:၁၁) မပူမအေး နွေးရုံအခြေအနေလို ဘုရားကို “စိတ်မပါ့တပါ” ဝတ်ပြုမိနိုင်တယ်။ (ဆ ၁၁၉:၁၁၃။ ဗ ၃:၁၆) “နှစ်ခွသောစိတ်” ရှိနေနိုင်တယ်။ သခင်နှစ်ယောက်ကို အစေခံတာ၊ ရင်ထဲကမပါတဲ့ စကားတွေပြောပြီး လှည့်စားတာကို ဆိုလိုတယ်။ (၁ရ ၁၂:၃၃။ ဆ ၁၂:၂၊ ယုဒသန်ကျမ်း) အဲဒီလို စိတ်နှစ်ခွရှိပြီး ဟန်ဆောင်တဲ့သူတွေကို ယေရှု ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့တယ်။—မ ၁၅:၇၊ ၈။
ဘုရားစိတ်တော်နဲ့တွေ့ဖို့ ကြိုးစားတဲ့သူဟာ စိတ်နှလုံး တစ်ဝက်တစ်ပျက်၊ စိတ်နှစ်ခွ မရှိဘဲ စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုရမယ်။ (၁ရ ၂၈:၉) အဲဒီလိုဖြစ်ဖို့ ထင်ရာစိုင်းပြီး မကောင်းတာဘက် စိတ်ယိုင်တဲ့နှလုံးကို ကြိုးကြိုးစားစား တည့်မတ်ပေးရမယ်။ (ယေ ၁၇:၉၊ ၁၀။ က ၈:၂၁) ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုနိုင်ဖို့ ကူညီပေးတာတွေက– လှိုက်လှိုက်လှဲလှဲ ဆုတောင်းခြင်း (ဆ ၁၁၉:၁၄၅။ မတ ၃:၄၁)၊ ကျမ်းစာ ပုံမှန် လေ့လာခြင်း (ဧဇ ၇:၁၀။ ပ ၁၅:၂၈)၊ သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းမှာ ထက်ထက်သန်သန် ပါဝင်ခြင်း (ယေ ၂၀:၉ နဲ့နှိုင်းယှဉ်ပါ)၊ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ အမှုဆောင်သူတွေနဲ့ ပေါင်းသင်းခြင်း ဖြစ်တယ်။—၂ဘု ၁၀:၁၅၊ ၁၆ နဲ့နှိုင်းယှဉ်ပါ။
ဖေဖော်ဝါရီ ၁၃-၁၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ ရာဇဝင်ချုပ် ၁၃–၁၆
“လမ်းညွှန်မှုကို လိုက်လျှောက်ရင် အောင်မြင်မယ်”
‘ယေဟောဝါ အဘယ်မှာရှိသနည်း’ ဟု သင်မေးမြန်းသလော
၁၂ ပဋိညာဉ်သေတ္တာကို ဣသရေလပြည်သို့ ပြန်ယူဆောင်လာပြီး ကိရယတ်ယာရိမ်မြို့၌ နှစ်ပေါင်းများစွာထားရှိပြီးနောက် ဘုရင်ဒါဝိဒ်သည် ၎င်းကို ယေရုရှလင်မြို့သို့ ရွှေ့ပြောင်းထားလိုခဲ့သည်။ ထိုလူမျိုးမှ အကြီးအမှူးတို့နှင့် သူတိုင်ပင်ဆွေးနွေးပြီး ‘လူတို့သည် အလိုရှိ၍ ဘုရားသခင်ထာဝရဘုရား အခွင့်ပေးတော်မူလျှင်’ အဆိုပါသေတ္တာကို ရွှေ့ပြောင်းကြမည်ဟု ပြောဆိုခဲ့သည်။ သို့သော် အဆိုပါကိစ္စနှင့်ပတ်သက်၍ ယေဟောဝါအလိုတော်ကို အတိအကျ စုံစမ်းလေ့လာမှု မပြုခဲ့ချေ။ ထိုသို့သာ သူပြုခဲ့ပါမူ သေတ္တာတော်ကို လှည်းပေါ်တင် ပြောင်းရွှေ့ခဲ့လိမ့်မည်မဟုတ်။ ဘုရားသခင် အတိအလင်း ညွှန်ကြားခဲ့သည့်အတိုင်း ၎င်းကို ကောဟတ်အမျိုးဖြစ်သော လေဝိသားတို့က ပခုံးပေါ်တင် ထမ်းသွားကြပါလိမ့်မည်။ ယေဟောဝါကို ဒါဝိဒ် မကြာခဏ စုံစမ်းမေးမြန်းခဲ့သည်မှန်သော်လည်း ဤတစ်ကြိမ်တွင် နည်းမှန်လမ်းကျ မစုံစမ်းခဲ့ချေ။ ယင်း၏အကျိုးဆက်မှာ ဘေးဆိုးပင်ဖြစ်သည်။ နောက်ပိုင်းတွင် ဒါဝိဒ် ဤသို့အသိအမှတ်ပြုခဲ့သည်– “တရားလမ်းသို့မလိုက်ဘဲ ငါတို့ဘုရားသခင် ထာဝရဘုရားကို ရှာသောကြောင့် ဒဏ်ခတ်တော်မူသည်။”—၁ ရာဇဝင်ချုပ် ၁၃:၁-၃; ၁၅:၁၁-၁၃; တောလည်ရာ ၄:၄-၆၊ ၁၅; ၇:၁-၉။
‘ယေဟောဝါ အဘယ်မှာရှိသနည်း’ ဟု သင်မေးမြန်းသလော
၁၃ နောက်ဆုံး ဩဗဒေဒုံအိမ်မှ ယေရုရှလင်မြို့သို့ သေတ္တာတော်ကို လေဝိသားတို့ သယ်ဆောင်လာကြသောအခါ သီချင်းတစ်ပုဒ်ကို ဒါဝိဒ် စပ်ဆိုခဲ့၏။ ထိုတွင် ဤလှိုက်လှဲသော သတိပေးချက် ပါဝင်သည်– “ထာဝရဘုရားနှင့် တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို အစဉ်မပြတ် ရှာကြလော့။ စီရင်တော်မူသော အံ့သြဖွယ်တို့ကိုလည်းကောင်း၊ ထူးဆန်းသော အမှုတော်တို့နှင့် နှုတ်တော်ထွက် ပညတ်တို့ကိုလည်းကောင်း အောက်မေ့ကြလော့။”—၁ ရာဇဝင်ချုပ် ၁၆:၁၁၊ ၁၂။
ဘုရားရေးရာ ရတနာ
ထာဝရဘုရင် ယေဟောဝါကို ကိုးကွယ်ပါ
၁၄ ဒါဝိဒ်ဟာ ဂျေရုဆလင်ကို ပဋိညာဉ်သေတ္တာ သယ်လာတယ်။ ပျော်ရွှင်စရာကောင်းတဲ့ အဲဒီနေ့မှာ လေဝိသားတွေဟာ ယေဟောဝါကို ချီးမွမ်းသီချင်းဆိုပြီး အရေးကြီးတဲ့ အချက်တစ်ချက်ကို ဖော်ပြခဲ့တယ်။ အဲဒီအချက်ကို ၁ ရာဇဝင်ချုပ် ၁၆:၃၁ (ကဘ) မှာ “‘ယေဟောဝါ ဘုရင်ဖြစ်ပြီ’ လို့ လူမျိုးတွေအလယ်မှာ ကြေညာကြပါစေ” ဆိုပြီး မှတ်တမ်းတင်ထားတယ်။ ‘ယေဟောဝါဟာ ထာဝရဘုရင် ဖြစ်ပြီးသားပဲ၊ အဲဒီအချိန်မှာ ဘုရင်ဖြစ်ပြီလို့ ဘယ်လိုနည်းနဲ့ ပြောနိုင်သလဲ’ လို့ တစ်ယောက်ယောက်က စဉ်းစားမိနိုင်တယ်။ ယေဟောဝါက မိမိရဲ့အုပ်ချုပ်မှု အခွင့်အာဏာကို အသုံးပြုတဲ့အခါ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ အချိန်တစ်ချိန်မှာ မိမိကို ကိုယ်စားပြုဖို့ ဒါမှမဟုတ် ကိစ္စရပ်တစ်ခုကို ကိုင်တွယ်ဖို့ တစ်ယောက်ယောက်ကို တာဝန်ပေးတဲ့အခါမှာ ဘုရင်ဖြစ်ပြီလို့ ပြောနိုင်တယ်။ ယေဟောဝါ ဘယ်လိုနည်းနဲ့ ဘုရင်ဖြစ်တယ်ဆိုတာကို နားလည်ဖို့ သိပ်အရေးကြီးပါတယ်။ ဒါဝိဒ်မသေဆုံးခင်မှာ သူ့ရဲ့အုပ်ချုပ်မှုက ထာဝစဉ်တည်မယ်ဆိုပြီး ယေဟောဝါ ဒီလိုကတိပေးခဲ့တယ်– “သင်မွေးတဲ့သား၊ သင့်အမျိုးအနွယ်ကို ငါပေါ်ထွန်းစေမယ်။ သူ့နိုင်ငံကို ငါ တည်တံ့ခိုင်မြဲစေမယ်။” (၂ ရာ. ၇:၁၂၊ ၁၃၊ ကဘ) အနှစ် ၁,၀၀၀ ကျော်ကြာပြီးတဲ့နောက် ဒါဝိဒ်ရဲ့ “အမျိုးအနွယ်” ပေါ်လာတဲ့အခါ ဒီပရောဖက်ပြုချက် ပြည့်စုံလာတယ်။ သူက ဘယ်သူလဲ၊ ဘယ်အချိန်မှာ ဘုရင်ဖြစ်လာခဲ့သလဲ။
ဖေဖော်ဝါရီ ၂၀-၂၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ ရာဇဝင်ချုပ် ၁၇–၁၉
“စိတ်ပျက်စရာတွေရှိပေမဲ့ ဆက်ပျော်ရွှင်နိုင်”
ယေဟောဝါအဖွဲ့အစည်း၏ ကောင်းမြတ်မှုကို အာရုံပြုလော့
ရှေးခေတ် ဣသရေလနိုင်ငံမှ ဒါဝိဒ်သည် ဟေဗြဲကျမ်းစာစောင်များ၌ ဖော်ပြထားသော အထင်ရှားဆုံး ပုဂ္ဂိုလ်တို့တွင် တစ်ဦးပါဝင်သည်။ သိုးထိန်းလည်းဖြစ်၊ ဂီတပညာရှင်လည်းဖြစ်၊ ပရောဖက်လည်းဖြစ်သော ဤရှင်ဘုရင်သည် ယေဟောဝါဘုရားသခင်ကို အကြွင်းမဲ့ ယုံကြည်ကိုးစားခဲ့သည်။ ဒါဝိဒ်သည် ယေဟောဝါနှင့် အလွန်ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးရှိသောကြောင့် ဘုရားသခင်အတွက် အိမ်တော် ဆောက်လုပ်ပေးလိုစိတ် ပြင်းပြခဲ့သည်။ ထိုအိမ်တော်သည် ဣသရေလနိုင်ငံတွင် စစ်မှန်သော ဝတ်ပြုရေး၏ဗဟို ဖြစ်လာပါလိမ့်မည်။ ၎င်းဝတ်ပြုရာအိမ်တော်ဆိုင်ရာ အစီအစဉ်များသည် ဘုရားသခင့် လူမျိုးတော်ကို ပျော်ရွှင်မှုသာမက ကောင်းချီးများပါ ရရှိစေမည်ဖြစ်ကြောင်း ဒါဝိဒ် သိထားသည်။ ထို့ကြောင့် ဒါဝိဒ် ဤသို့သီဆိုခဲ့၏– “တံတိုင်းတော်အတွင်း၌ နေစေခြင်းငှာ ကိုယ်တော် [ယေဟောဝါ] ရွေးချယ်၍ ချဉ်းကပ်စေတော်မူသောသူသည် မင်္ဂလာရှိပါ၏။ သန့်ရှင်းသော . . . အိမ်တော်၏ ကောင်းမြတ်သော အရာများနှင့် အကျွန်ုပ်တို့သည် ရောင့်ရဲကြပါလိမ့်မည်။”—ဆာလံ ၆၅:၄၊ သမ္မာ။
ကိုယ်ရထားတဲ့ အခွင့်ထူးတွေနဲ့ ပျော်ရွှင်နေပါ
၁၁ ကျွန်တော်တို့လည်း ယေဟောဝါရဲ့ အမှုတော်မှာ ရထားတဲ့ ဘယ်တာဝန်ကိုမဆို အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်မယ်ဆိုရင် ပျော်ရွှင်မှု တိုးများလာနိုင်ပါတယ်။ ဟောပြောခြင်း လုပ်ငန်းကို “အာရုံစိုက်” ပါ။ အသင်းတော် လုပ်ဆောင်မှုတွေမှာ အပြည့်အဝ ပါဝင်ပါ။ (တ. ၁၈:၅။ ဟီ. ၁၀:၂၄၊ ၂၅) အစည်းအဝေးတွေအတွက် ကောင်းကောင်း ပြင်ဆင်ပြီး အားပေးမှု ဖြစ်စေတဲ့ မှတ်ချက်တွေ ပေးပါ။ ကြားရက် အစည်းအဝေးမှာ ရတဲ့ ဘယ်တာဝန်ကိုမဆို အလေးအနက် သဘောထားပါ။ အသင်းတော်မှာ တစ်ခုခု လုပ်ပေးဖို့ တောင်းဆိုခံရတဲ့အခါ အချိန် တိကျပါ။ ယုံကြည်စိတ်ချထိုက်သူ ဖြစ်ပါ။ ဘယ်တာဝန်ကိုမဆို ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့။ ပိုကျွမ်းကျင်အောင် ကြိုးစားနေပါ။ (ပညာ. ၂၂:၂၉) ယေဟောဝါရဲ့ လုပ်ငန်းမှာ ဘယ်တာဝန်ပဲရရ ကြိုးစားအားထုတ်မယ်ဆိုရင် ပိုတိုးတက်လာမယ်။ ပျော်ရွှင်မှု တိုးများလာမယ်။ (ဂလ. ၆:၄) ကိုယ်ရချင်တဲ့ တာဝန်ကို တခြားသူတွေ ရတဲ့အခါမှာလည်း သူတို့အတွက် ဝမ်းသာပေးနိုင်မယ်။—ရော. ၁၂:၁၅။ ဂလ. ၅:၂၆။
ဘုရားရေးရာ ရတနာ
က၂၀.၀၂ ၁၂၊ လေးထောင့်ကွက်
အဖ ယေဟောဝါကို ကျွန်တော်တို့ အလွန်ချစ်
ငါ့ကို ယေဟောဝါ သတိထားမိရဲ့လား
‘ကမ္ဘာပေါ်က လူသန်းပေါင်းများစွာထဲမှာ ငါ့ကို ယေဟောဝါ သတိထားမိရဲ့လား’ လို့ သင် တွေးဖူးသလား။ အဲဒီလို တွေးတာ သင် တစ်ယောက်တည်း မဟုတ်ပါဘူး။ “အို ယေဟောဝါ၊ လူဟာ ဘာမို့လို့ ကိုယ်တော် ဂရုစိုက်နေရတာလဲ။ သေမျိုးဖြစ်တဲ့လူဟာ ဘာမို့လို့ ကိုယ်တော် အာရုံစိုက်နေရတာလဲ” လို့ ဘုရင်ဒါဝိဒ် ရေးခဲ့တယ်။ (ဆာ. ၁၄၄:၃) မိမိကို ယေဟောဝါ ကောင်းစွာ သိကြောင်း ဒါဝိဒ် ယုံကြည်စိတ်ချတယ်။ (၁ ရာ. ၁၇:၁၆-၁၈) သင် ပြတဲ့မေတ္တာကို သိကြောင်း ကျမ်းစာနဲ့ အဖွဲ့အစည်းကတစ်ဆင့် ဘုရား စိတ်ချစေတယ်။ အဲဒီလို စိတ်ချစေတဲ့ ကျမ်းစာပါ အချက်တချို့ကို သုံးသပ်ကြည့်ပါ–
• သင် မမွေးခင်ကတည်းက သင့်ကို ယေဟောဝါ သိတယ်။—ဆာ. ၁၃၉:၁၆။
• သင့်စိတ်နှလုံးထဲ ဘာရှိတယ်၊ ဘာတွေးနေတယ်ဆိုတာ ယေဟောဝါ သိတယ်။—၁ ရာ. ၂၈:၉။
• တစ်ယောက်စီရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ကိုယ်တိုင်ကိုယ်ကျ နားထောင်ပေးတယ်။—ဆာ. ၆၅:၂။
• သင့်လုပ်ရပ်တွေက ယေဟောဝါရဲ့ ခံစားချက်အပေါ် သက်ရောက်မှုရှိတယ်။—ပညာ. ၂၇:၁၁။
• သင့်ကို ယေဟောဝါ ကိုယ်တိုင် ဆွဲဆောင်တယ်။—ယော. ၆:၄၄။
• သေဆုံးသွားရင်လည်း သင့်ကို ယေဟောဝါ ကောင်းစွာ သိတဲ့အတွက် ထမြောက်ပေးနိုင်တယ်။ သင့်ကိုယ်ခန္ဓာလိုမျိုး အသစ်တစ်ခုကို ပြန်တည်ဆောက်ပြီး သင့်ရဲ့ မှတ်ဉာဏ်တွေ၊ ကိုယ်ရည်ကိုယ်သွေးတွေ အပါအဝင် စိတ်ကို ပြန်ထည့်သွင်းပေးပါလိမ့်မယ်။ —ယော. ၁၁:၂၁-၂၆၊ ၃၉-၄၄။ တ. ၂၄:၁၅။
ဖေဖော်ဝါရီ ၂၇–မတ် ၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ ရာဇဝင်ချုပ် ၂၀–၂၂
“လူငယ်တွေ တိုးတက်အောင်မြင်လာအောင် ကူညီပေးပါ”
‘ထိုအရာများကို သစ္စာရှိအမျိုးသားများအား လွှဲအပ်လော့’
၈ ၁ ရာဇဝင်ချုပ် ၂၂:၅ ကိုဖတ်ပါ။ ဒီလောက်အရေးကြီးတဲ့ စီမံကိန်းကို ရှောလမုန် ဦးစီးနိုင်မှာ မဟုတ်ဘူးလို့ ဒါဝိဒ် တွေးမိနိုင်တယ်။ တကယ်တော့ ဗိမာန်တော်ဟာ “အလွန်ထူးဆန်းသောအိမ်” ဖြစ်ပြီး အဲဒီအချိန်မှာ ရှောလမုန်က “အသက်ငယ်၍ နုသေး” တယ်။ ဒါပေမဲ့ ရှောလမုန် လုပ်ဆောင်နိုင်ဖို့ ယေဟောဝါ ကူညီပေးမယ်ဆိုတာ ဒါဝိဒ် သိတယ်။ ဒါကြောင့် ကူညီထောက်မပေးဖို့ပဲ အာရုံစိုက်ပြီး ဆောက်လုပ်ရေးပစ္စည်းတွေကို စုဆောင်းပေးခဲ့တယ်။
‘ထိုအရာများကို သစ္စာရှိအမျိုးသားများအား လွှဲအပ်လော့’
၇ ဗိမာန်တော် ဆောက်တယ်ဆိုတဲ့ နာမည်ကောင်း မရနိုင်တော့မှာကို ဒါဝိဒ် တွေးပြီး ရှောလမုန်ကို မကူညီဘဲ မနေဘူး။ ဗိမာန်တော် ဆောက်လုပ်ပြီးတဲ့အခါ ဒါဝိဒ်ဗိမာန်တော်အဖြစ် မဟုတ်ဘဲ ရှောလမုန်ဗိမာန်တော်လို့ပဲ နာမည်တွင်သွားတယ်။ ဆန္ဒရှိတဲ့အတိုင်း မလုပ်ရလို့ ဒါဝိဒ် စိတ်ပျက်နိုင်ပေမဲ့ ဒီလုပ်ငန်းကို အပြည့်အဝ ထောက်မခဲ့တယ်။ အလုပ်သမားတွေ အားတက်သရော စီစဉ်ပေးတယ်။ သံ၊ ကြေးဝါ၊ ငွေ၊ ရွှေ၊ အာရဇ်သစ်သားတွေ စုဆောင်းတယ်။ အဲဒီအပြင် ‘ငါ့သား၊ ယေဟောဝါသည် သင့်ဘက်၌နေ၍ အကြံထမြောက်စေတော်မူသဖြင့် အမိန့်တော်ရှိသည်အတိုင်း သင်သည် သင်၏ဘုရားသခင် ယေဟောဝါ၏ အိမ်တော်ကို တည်ဆောက်ရလိမ့်မည်’ လို့ ရှောလမုန်ကို အားပေးခဲ့တယ်။—၅ ရာ. ၂၂:၁၁၊ ၁၄-၁၆။
မိဘတို့၊ သင့်ကလေး နှစ်ခြင်းခံနိုင်ဖို့ ကူညီပေးနေသလား
၁၄ အသင်းတော် အကြီးအကဲတွေဟာ ဘုရားရေးရာ ပန်းတိုင်တွေအကြောင်း အပြုသဘောပါပါ ပြောဆိုခြင်းအားဖြင့် မိဘတွေရဲ့ ကြိုးစားမှုကို အားဖြည့်ပေးနိုင်တယ်။ အနှစ် ၇၀ ကျော် ရှေ့ဆောင်လုပ်ခဲ့တဲ့ ညီအစ်မတစ်ယောက်ဟာ အသက် ၆ နှစ်တုန်းက ညီအစ်ကို စီတီရပ်စယ်နဲ့ စကားပြောဖြစ်ခဲ့တာကို မှတ်မိနေတုန်းပဲ။ “ဘုရားရေးရာ ပန်းတိုင်တွေအကြောင်း ကျွန်မနဲ့ ၁၅ မိနစ်လောက် ဆွေးနွေးခဲ့တယ်” လို့ပြောတယ်။ အပြုသဘောပါတဲ့ စကားနဲ့ အားပေးမှုတွေက ညီအစ်မအပေါ် ရေရှည် အကျိုးသက်ရောက်ခဲ့တယ်။ (ပညာ. ၂၅:၁၁) အကြီးအကဲတွေဟာ နိုင်ငံတော်ခန်းမ လုပ်ဆောင်မှုတွေမှာ ကူညီပေးဖို့လည်း မိဘတွေနဲ့ သားသမီးတွေကို ဖိတ်ခေါ်နိုင်တယ်။ သားသမီးတွေကို အသက်အရွယ်၊ စွမ်းရည်အလိုက် တာဝန်ပေးနိုင်တယ်။
၁၅ အသင်းတော်မှာရှိတဲ့ ညီအစ်ကို/မတွေလည်း လူငယ်တွေကို စိတ်ဝင်စားမှု ပြခြင်းအားဖြင့် ကူညီနိုင်တယ်။ ဘုရားရေးရာဘက် တိုးတက်မှုရှိမရှိ သတိထားနေခြင်း ပါဝင်တယ်။ ကြားရက် အစည်းအဝေးတွေမှာ မှတ်ချက်တွေ ကောင်းကောင်းပေးပြီး ပါဝင်နေသလား။ ကျောင်းမှာ စမ်းသပ်မှုတစ်ခုကို သမာဓိရှိရှိ အောင်မြင်ကျော်လွှားခဲ့သလား။ အခွင့်အရေးယူပြီး သက်သေခံသလား။ အဲဒါတွေကို သတိထားမိရင် စိတ်ရင်းမှန်နဲ့ ချက်ချင်း ချီးမွမ်းပေးပါ။ အစည်းအဝေး မစခင်နဲ့ ပြီးနောက်မှာ လူငယ်တစ်ယောက်နဲ့ စကားပြောဖို့ ပန်းတိုင်ထားပါ။ ဒီနည်းတွေ၊ တခြားနည်းတွေအားဖြင့် လူငယ်တွေဟာ “လူစုလူဝေးကြီး” အဝင်ဖြစ်ကြောင်း ခံစားလာနိုင်ပါတယ်။—ဆာ. ၃၅:၁၈။
ဘုရားရေးရာ ရတနာ
ရာဇဝင်ချုပ် ပထမစောင်မှ ပေါ်လွင်ချက်များ
၂၁:၁၃-၁၅။ ယေဟောဝါက ကောင်းကင်တမန်အား ဘေးဆိုးကျရောက်ခြင်းကို ရပ်တန့်ရန် မိန့်တော်မူခဲ့သည်၊ အကြောင်းမှာ ကိုယ်တော်၏လူမျိုး ဆင်းရဲဝေဒနာခံရလျှင် ကိုယ်တော် စိတ်ထိခိုက်သောကြောင့် ဖြစ်သည်။ မှန်ပါသည်၊ ‘ကိုယ်တော်၏ သနားကြင်နာမှုသည် ကြီးမားလှသည်။’