ဘုရားသခင်၏ နာမတော်
“ယေဟောဝါသည် အိမ်ကို မဆောက်လျှင် ဆောက်သောသူတို့သည် အချည်းနှီးဆောက်လုပ်ကြ၏” ဟူ၍ ဤလက်တင်ကမ္ဗည်းစာတမ်းက ဆိုသည်။ ထိုစကားများသည် သမ္မာကျမ်းစာပါ ဆာလံ ၁၂၇:၁ ကိုအခြေပြုသည်။ ထိုတွင် လေးနက်သော အမှန်တရားတစ်ချက် ပါဝင်သည်– ယေဟောဝါ၏ကောင်းချီးမပါသော မည်သည့်ကြိုးပမ်းမှုမဆိုသည် နောက်ဆုံး အချည်းနှီးသက်သက်သာ ဖြစ်ရလိမ့်မည်။
၁၇၈၀ ရက်စွဲပါ ထိုကမ္ဗည်းစာတမ်းကို သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ အဆောက်အဦတစ်ခုပေါ်တွင် တွေ့ရှိရ၍ ဘုရားသခင်၏နာမတော်၊ ယေဟောဝါ ပါရှိသည့်အတွက် ထူးခြားပါသည်။ (ရုပ်ပုံ ရှု။) အစောပိုင်းရာစုနှစ်များက ထိုနာမတော်ကို အနှံ့အပြား အသုံးပြုခဲ့ကြပါသည်။ လောကီအဆောက်အဦများ၊ ဘုရားရှိခိုးကျောင်းများနှင့် ဒ င်္ဂါးများပေါ်တွင်ပင် နာမတော်ကို စာတမ်းထိုးလေ့ရှိကြသည်။ ရပ်ဝေးတိုင်းနိုင်ငံများသို့ သမ္မာကျမ်းစာကို သာသနာပြုများ သယ်ဆောင်ခဲ့စဉ်က သူတို့သည် ဘုရားသခင်၏နာမတော်ကို အသုံးပြုခဲ့ကြသည်။ ယင်းကြောင့်လည်း ဤကမ္ဗည်းစာတမ်းကို သီရိလင်္ကာနိုင်ငံတွင် တွေ့ရှိနေရခြင်း ဖြစ်ပေမည်။
ယနေ့ အခြေအနေထူးခြားလှသည်တကား! အမည်ခံခရစ်ယာန် အနည်းငယ်သာ ဘုရားသခင့်နာမတော်ကို ဂရုပြုကြတော့သည်။ ယင်းကို ယေဟောဝါသက်သေများ အလေးပေးကြသည့်အတွက်ပင် ပညာရှင်အချို့က အပြစ်တင်ပြောဆိုကြပါသည်။ အဘယ်ကြောင့်နည်း။ အချို့က ယင်း၏ ဟေဗြဲအသံထွက်ကို အတိအကျမသိရှိနိုင်သောကြောင့် ဟူ၍ဆိုသည်။ သို့သော် ယေရှုနာမည်၏ မူရင်းဟေဗြဲအသံထွက်ကို သိရှိသူများကား မည်မျှရှိပါသနည်း။ သို့ဖြစ်သော်လည်း ကိုယ်တော်၏နာမတော်ကိုမူ အားလုံးအသုံးပြုကြ၍ လေးစားကြပါသည်။
ယေရှုအတွက် ဘုရားသခင်၏နာမတော်သည် အလွန်အရေးကြီးပါသည်။ ကိုယ်တော်က “နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော” ဟုဆုတောင်းရန် ကျွန်ုပ်တို့ကို သွန်သင်ထားတော်မူသည်။ (မဿဲ ၆:၉) ကိုယ်တော်မကွယ်လွန်မီ အချိန်အနီးငယ်တွင်ပင် ဘုရားသခင်အား “ဤလောကထဲမှယူ၍ အကျွန်ုပ်၌ အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏နာမကို ပြပါပြီ” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၇:၆) စစ်မှန်သောခရစ်ယာန်များသည် ယေရှု၏ခြေတော်ရာခံ တပည့်နောက်လိုက်များ ဖြစ်ကြပါသည်။ သူတို့သည်လည်း ‘ဘုရားသခင်၏နာမတော်ကိုပြ’ သင့်သည်မဟုတ်ပေလော။ ယေဟောဝါသက်သေများ ထိုသို့ပြုလုပ်နေကြ၍ ယေဟောဝါသည် သူတို့၏ “အိမ်” ကိုကြွယ်ဝစွာ ကောင်းချီးသွန်းလောင်းနေတော်မူသည်။ သူ့တို့အတွက် “ယေဟောဝါကို ဘုရားအဖြစ် ကိုးကွယ်သောလူမျိုးသည် ဝမ်းမြောက်ကြ၏” ဟူသော ဆာလံစကား မှန်ကန်ပါသည်။—ဆာလံ ၁၄၄:၁၅၊ ကဘ။