ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • fy အခန်း ၉ စာ. ၁၁၆-၁၂၇
  • မိသားစုဝင်တစ်ဦး ဖျားနာသည့်အခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိသားစုဝင်တစ်ဦး ဖျားနာသည့်အခါ
  • မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်သဘောထား မည်သို့ရှိသနည်း
  • ကုသပျောက်ကင်းနိုင်စွမ်းရှိသည့် စိတ်ဝိညာဉ်
  • ဦးစားပေးအစီအစဉ် သတ်မှတ်ခြင်း
  • သားသမီးများကို ကူညီခြင်း
  • ဆေးဝါးကုသမှုအပေါ် အမြင်သဘောထား
  • ကျွန်ုပ်တို့ကို စာတန်ဖျားနာစေသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ဖျားနာမှု မရှိတော့ချိန်ဝယ်!
    နိုးလော့!—၂၀၀၇
  • သင့်ကို ယေဟောဝါ ဖေးမကူညီလိမ့်မယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ယောဘ—ခံနိုင်ရည်ရှိပြီးသမာဓိစောင့်ထိန်းသူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
fy အခန်း ၉ စာ. ၁၁၆-၁၂၇

အခန်း တစ်ဆယ်

မိသားစုဝင်တစ်ဦး ဖျားနာသည့်အခါ

၁၊ ၂။ စာတန်သည် ပူဆွေးဝမ်းနည်းမှုနှင့် ဖျားနာမှုတို့ကိုအသုံးပြု၍ ယောဘ၏သမာဓိကိုချိုးဖျက်ရန် မည်သို့ကြိုးစားခဲ့သနည်း။

ယာဘသည် ပျော်ရွှင်သောမိသားစုဘဝဖြင့် နေထိုင်ခဲ့သူတို့တွင် တစ်ဦးအပါအဝင် မုချဖြစ်ရပေမည်။ သူသည် “အရှေ့ပြည်သားတို့တွင် အကြီးအမြတ်ဆုံးသောသူဖြစ်၏” ဟုကျမ်းစာကဆို၏။ သူ၌ သားခုနစ်ယောက်၊ သမီးသုံးယောက်၊ စုစုပေါင်း သားသမီးဆယ်ယောက်ရှိ၏။ မိသားစုကို ကောင်းစွာကျွေးမွေးနိုင်ရန် ဥစ္စာပစ္စည်းလည်း ကုံလုံကြွယ်ဝသည်။ အရေးအကြီးဆုံးမှာ သူသည် ​ဝိညာဉ်ရေးလုပ်ဆောင်မှုများတွင် ဦးဆောင်ပြီး ယေဟောဝါရှေ့ သားသမီးများ၏အနေအထားအတွက် အမြဲစိုးရိမ်ပူပန်ပေးခဲ့သည်။ ယင်းအတွက်ကြောင့် သူ၏မိသားစုသည် အလွန်ရင်းနှီးချစ်ခင်ပြီး ပျော်ရွှင်ချမ်းမြေ့ခဲ့သည်။—ယောဘ ၁:၁-၅၊ သမ။

၂ ယောဘ၏အခြေအနေကို ယေဟောဝါဘုရားသခင်၏ ရန်သူတော်ကြီးစာတန် ဂရုမပြုမိဘဲမရှိ။ ဘုရားသခင့်အစေခံများ၏ သမာဓိကိုချိုးဖျက်ရန် အစဉ်သဖြင့် နည်းလမ်းရှာနေသည့်စာတန်သည် ယောဘ၏ပျော်ရွှင်သောမိသားစုကို ဖျက်ဆီးခြင်းအားဖြင့် ယောဘကိုတိုက်ခိုက်ခဲ့သည်။ ထိုနောက် စာတန်သည် “ယောဘ၏ခြေဖဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ တိုးပေါက်စေ၏။” ဤနည်းဖြင့် စာတန်သည် ပူဆွေးဝမ်းနည်းမှုနှင့် ဖျားနာမှုတို့ကိုအသုံးပြု၍ ယောဘ၏သမာဓိကိုချိုးဖျက်ရန် မျှော်လင့်ခဲ့သည်။—ယောဘ ၂:၆၊ ၇။

၃။ ယောဘ၏ဖျားနာမှု ရောဂါလက္ခဏာများကား အဘယ်နည်း။

၃ သမ္မာကျမ်းက ယောဘ၏ဝေဒနာနှင့်ပတ်သက်၍ ဆေးပညာဆိုင်ရာအမည် ပေးမထားချေ။ သို့သော်၊ ရောဂါလက္ခဏာများကိုမူ ဖော်ပြထားသည်။ သူ့တစ်ကိုယ်လုံး လောက်များဖုံးလွှမ်းပြီး အသားအရေကွဲ၍ ရိလျက်ရှိ၏။ သူ၏အသက်ရှူနံ့သည်ဆိုး၍ တစ်ကိုယ်လုံးလည်းနံစော်လျက်ရှိ၏။ ကိုက်ခဲနာကျင်သည့်ဝေဒနာ ခံစားလျက်ရှိ၏။ (ယောဘ ၇:၅; ၁၉:၁၇; ၃၀:၁၇၊ ၃၀) ယောဘသည် ဝေဒနာပြင်းထန်လှသဖြင့် မီးဖိုပြာထဲမှာထိုင်လျက် မိမိကိုယ်ကို အိုးခြမ်းပဲ့ဖြင့်ခြစ်ခဲ့ရ၏။ (ယောဘ ၂:၈) မြင်ကွင်းမှာ အမှန်ပင် သနားစဖွယ်ကောင်းလှသည်!

၄။ မိသားစုတိုင်းသည် တစ်ခါတစ်ရံ မည်သို့တွေ့ကြုံတတ်သနည်း။

၄ သင်သည် ဤသို့သော ပြင်းထန်လှသည့်ရောဂါများ ဖိစီးခံရသည်ရှိသော်မည်သို့တုံ့ပြန်မည်နည်း။ ယနေ့၊ စာတန်သည် ယောဘအားပြုခဲ့သကဲ့သို့ ဘုရားသခင့်အစေခံများအား ဖျားနာခြင်းအားဖြင့် ဒုက္ခမပေးချေ။ သို့တစေ၊ လူ့မစုံလင်မှု၊ နေ့စဉ်ဘဝဖိစီးမှုများနှင့် ကျွန်ုပ်တို့နေထိုင်ရာပတ်ဝန်းကျင် ယိုယွင်းလာမှုတို့ကြောင့် တစ်ခါတစ်ရံ မိသားစုဝင်များ နေထိုင်မကောင်းဖြစ်လာမည်မှာ အဆန်းမဟုတ်ပေ။ ကာကွယ်မှု မည်သို့ပင်လုပ်ထားစေကာမူ ကျွန်ုပ်တို့အားလုံး အဖျားအနာနှင့် မကင်းနိုင်ကြချေ။ သို့သော် ယောဘခံရသလောက် ခံရသူများပြားမည်မဟုတ်။ အိမ်ထောင်တွင် တစ်ယောက်ယောက်ဖျားနာလာသည့်အခါ ကြီးမားသောစိန်ခေါ်မှု အမှန်ဖြစ်လာနိုင်သည်။ သို့ဖြစ်သောကြောင့်၊ လူသားတို့၏ ဤထာဝရရန်သူကိုအောင်နိုင်ရန် သမ္မာကျမ်းစာက မည်သို့မည်ပုံအကူအညီပေးကြောင်း ကြည့်ကြပါစို့။—ဒေ. ၉:၁၁; ၂ တိမောသေ ၃:၁၆။

သင့်သဘောထား မည်သို့ရှိသနည်း

၅။ အိမ်သားတစ်ယောက် ခေတ္တခဏဖျားနာသည့်အခါ မိသားစုဝင်များသည် အများအားဖြင့် မည်သို့တုံ့ပြန်တတ်ကြသနည်း။

၅ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်ပါစေ၊ နေ့စဉ်ဘဝ ပုံမှန်လုပ်ရိုးလုပ်စဉ် ဖရိုဖရဲဖြစ်ရခြင်းသည် အမြဲတစေ အခက်အခဲပြဿနာ ပေါ်ပေါက်စေတတ်သည်။ အထူးသဖြင့် တာရှည်ဖျားနာမှုကြောင့် ဖရိုဖရဲဖြစ်ရပါက အခြေအနေပို၍ပင်ဆိုးတတ်သည်။ ခေတ္တခဏ ဖျားနာခြင်းကြောင့်ပင် ပြုပြင်ပြောင်းလဲမှု၊ အလျှော့ပေးလိုက်လျောမှုနှင့် အနစ်နာခံမှုများပြုလုပ်ကြရသည်။ နေကောင်းသည့်အိမ်သားများသည် နေမကောင်းသူ အနားရစေရန် တိတ်တိတ်ဆိတ်ဆိတ်နေပေးရန် လိုကောင်းလိုမည်။ အချို့လုပ်ဆောင်မှုများကိုလက်လွှတ်ရန် လိုကောင်းလိုမည်။ သို့တိုင်အောင်၊ မိသားစုအများစုတွင် ငယ်ရွယ်သည့်ကလေးများပင် နေမကောင်းသည့်မွေးချင်း၊ သို့မဟုတ် မိဘတို့ကို သနားကြင်နာတတ်ကြသည်။ သို့သော် တစ်ခါတစ်ရံတွင် စာနာထောက်ထားမှုရှိရန် သတိပေးရသည့်အခါများ ရှိကောင်းရှိနိုင်သည်။ (ကောလောသဲ ၃:၁၂) ခေတ္တခဏ နေထိုင်မကောင်းသည့်အခါများ၌ တစ်အိမ်သားလုံးက လိုအပ်သမျှကူညီပေးရန် အသင့်ရှိကြသည်။ ထို့အပြင်၊ မိသားစုဝင်တစ်ဦးချင်းအနေဖြင့်လည်း မိမိနေထိုင်မကောင်းဖြစ်သည့်အခါ၌ အလားတူ ထောက်ထားစာနာမှုကို မျှော်လင့်ပေမည်။—မဿဲ ၇:၁၂။

၆။ မိသားစုဝင်တစ်ဦး ကြာရှည်စွာ အသည်းအသန်ဖျားနာသည့်အခါ မည်သို့သောတုံ့ပြန်မှုများကို တစ်ခါတစ်ရံ တွေ့ရတတ်သနည်း။

၆ သို့သော်၊ ဖျားနာမှုသည် အသည်းအသန်ဖြစ်ပြီး ဖရိုဖရဲဖြစ်မှုများမှာလည်းပြင်းထန်၍တာရှည်မည်ဆိုလျှင် မည်သို့ပြုမည်နည်း။ သာဓကအားဖြင့်၊ အိမ်သားတစ်ဦးဦး လေသင်တုန်းကြောင့် သွက်ချာပါဒဖြစ်သွားခြင်း၊ အကြိုဇရာရောဂါကြောင့် မသန်မစွမ်းဖြစ်သွားခြင်း၊ သို့မဟုတ် အခြားနာမကျန်းမှုတစ်ခုခုကြောင့် ချည့်နဲ့အားနည်းသွားခြင်းဖြစ်ခဲ့သော် မည်သို့ပြုမည်နည်း။ သို့တည်းမဟုတ် အိမ်သားတစ်ဦးဦးက စိတ်ကစဉ့်ကလျားရောဂါကဲ့သို့သော စိတ်ရောဂါတစ်မျိုးမျိုးဖြစ်ခဲ့သော် မည်သို့ပြုမည်နည်း။ သာမန်အားဖြင့် လူတို့၏ကနဦးတုံ့ပြန်မှုမှာ သနားစိတ်ဖြစ်ပေါ်ခြင်းဖြစ်သည်။ ချစ်ခင်ရသူတစ်ဦး ခံစားရသည့်ဝေဒနာကြောင့် စိတ်မကောင်းဖြစ်ကြသည်။ သို့သော်၊ ၎င်းတို့နောက်တွင် အခြားသောတုံ့ပြန်မှုများ လိုက်ပါလာနိုင်သည်။ ကျန်မိသားစုဝင်များက နာမကျန်းဖြစ်သူတစ်ဦးကြောင့် ၎င်းတို့များစွာထိခိုက်နစ်နာပြီး ၎င်းတို့၏လွတ်လပ်မှု ချုပ်ချယ်ကန့်သတ်ခံလာရသည့်အခါ မကျေမနပ်ဖြစ်လာပေမည်။ “တို့အပေါ်ကျမှ ဘာကြောင့် ဒါတွေဖြစ်ရတာလဲ” ဟူ၍ သူတို့သိလိုစိတ် ဖြစ်ပေါ်လာကြပေမည်။

၇။ ယောဘ၏ဇနီးက ယောဘ၏ဖျားနာမှုကို မည်သို့တုံ့ပြန်ခဲ့သနည်း။ သူသည် အဘယ်အရာကို မေ့လျော့သွားဟန်တူသနည်း။

၇ ယောဘဇနီး၏စိတ်ထဲတွင် အလားတူခံစားချက်မျိုး ဖြစ်ပေါ်ခဲ့ဖွယ်ရှိသည်။ သားသမီးများ ဆုံးပါးသွားသည်ကို သူတွေ့ကြုံခဲ့ရသည်ကို သတိရပါ။ ထိုကြေကွဲဖွယ်ဖြစ်ရပ်များ တစ်ခုပြီးတစ်ခု ရှေ့ဆင့်နောက်ဆင့်ဖြစ်ပျက်လာသည်နှင့်အမျှ သူ၏စိတ်အစဉ်မှာလည်း တစ်စထက်တစ်စ နောက်ကျိလာမည်မှာ ယုံမှားဖွယ်မရှိပေ။ နောက်ဆုံးတွင် တစ်ချိန်က အားမာန်အပြည့်နှင့် တက်တက်ကြွကြွရှိခဲ့သည့် ခင်ပွန်းဖြစ်သူသည် နာကျင်ကိုက်ခဲ၍ ရွံစရာကောင်းသည့်ရောဂါဆိုး စွဲကပ်လာသည့်အခါ ဤကြေကွဲဖွယ်ရာဖြစ်ရပ်အားလုံးထက် သာ၍အရေးကြီးသည့်အချက်—သူတို့လင်မယားနှင့် ဘုရားသခင်စပ်ကြားရှိ ဆက်ဆံရေး—ကို သူမျက်ခြည်ပြတ်သွားပုံရသည်။ “နောက်ဆုံးတွင် [ယောဘ၏] မယားက၊ ‘သင်သည် သင်၏သမာဓိသစ္စာကို စွဲကိုင်လျက်နေသေးသလော။ ဘုရားသခင်ကိုကျိန်ဆဲ၍သေလော့’ ဟုဆို” ကြောင်း သမ္မာကျမ်းစာကဆို၏။—ယောဘ ၂:၉၊ ကဘ။

၈။ မိသားစုဝင်တစ်ဦး အပြင်းအထန်ဖျားနာသည့်အခါ အဘယ်ကျမ်းချက်က ကျန်မိသားစုဝင်များကို မှန်ကန်သည့်အမြင်ရှိရန် အထောက်အကူပေးမည်နည်း။

၈ အများသောသူတို့သည် အိမ်သားတစ်ယောက်ယောက် နေထိုင်မကောင်းဖြစ်ခြင်းကြောင့် သူတို့၏ဘဝ လုံးဝဥဿုံပြောင်းလဲသွားရသည့်အခါ အလိုမကျဖြစ်တတ်ကြသည့်အပြင် ဒေါသပင်ထွက်တတ်ကြသည်။ သို့တစေ၊ အခြေအနေအရပ်ရပ်ကိုဆင်ခြင်တတ်သော ခရစ်ယာန်တစ်ဦးသည် ၎င်းအဖြစ်အပျက်မှာ သူ၏မေတ္တာ မည်မျှစစ်မှန်ကြောင်း ပြသနိုင်သည့်အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း နောက်ဆုံးတစ်နေ့တွင် သဘောပေါက်နားလည်သင့်သည်။ စစ်မှန်သောမေတ္တာသည် “စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ . . . ကိုယ်အကျိုးကိုမရှာတတ်။ . . . ခပ်သိမ်းသောအရာကိုဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကိုယုံတတ်၏။ ခပ်သိမ်းသောအရာကိုမျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကိုသည်းခံတတ်၏။” (၁ ကောရိန္သု ၁၃:၄-၇) သို့ဖြစ်သောကြောင့်၊ သင့်အား အပျက်သဘောဆောင်သည့်ခံစားချက်များ စိုးမိုးခြယ်လှယ်ခွင့်ပြုမည့်အစား ၎င်းတို့ကိုချွန်းအုပ်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းဖို့ အလွန်အရေးကြီးသည်။—သု. ၃:၂၁။

၉။ မိသားစုဝင်တစ်ဦး အသည်းအသန်ဖျားနာသည့်အခါ အဘယ်အာမခံချက်များက ထိုမိသားစုကို ဝိညာဉ်ရေးနှင့် စိတ်လှုပ်ရှားမှုဘက်တွင် ထောက်မပေးနိုင်သနည်း။

၉ မိသားစုဝင်တစ်ယောက်ယောက် အသည်းအသန်ဖျားနာသည့်အခါ ကျန်မိသားစုဝင်များအနေဖြင့် တစ်မိသားစုလုံး၏ ဝိညာဉ်ရေးနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ ကောင်းကျိုးချမ်းသာကို ကာကွယ်စောင့်ထိန်းရန် အဘယ်အရာများ ပြုလုပ်နိုင်သနည်း။ မည်သည့်ဖျားနာမှုမဆို ဆိုင်ရာဆိုင်ရာ အထူးပြုစုစောင့်ရှောက်မှုနှင့် ကုသမှုလိုအပ်ကြသည်ချည်းဖြစ်ရာ ဤစာအုပ်တွင် ဆေးဝါးကုသမှုတစ်မျိုးမျိုး၊ သို့မဟုတ် အိမ်တွင်းပြုစုစောင့်ရှောက်မှုတစ်မျိုးမျိုးကို အကြံပေးရန်သင့်တော်မည်မဟုတ်။ မည်သို့ပင်ဖြစ်ပါစေ၊ ယေဟောဝါသည် ဝိညာဉ်ရေးသဘောအရ “နှိမ့်ချခံရသူအပေါင်းတို့ကို ထူပင့်တော်မူ၏။” (ဆာလံ ၁၄၅:၁၄၊ သမ္မာ) ရှင်ဘုရင်ဒါဝိဒ်က ဤသို့ရေးသားခဲ့သည်– “ဆင်းရဲသောသူကိုအောက်မေ့သောသူသည် မင်္ဂလာရှိ၏။ ခဲယဉ်းသောကာလ၌ ထိုသူကို ထာဝရဘုရားကယ်နုတ်တော်မူမည်။ ထာဝရဘုရားသည် စောင့်မ၍ အသက်ချမ်းသာပေးတော်မူ . . . လိမ့်မည်။ . . . သူသည် နာဖျား၍တုံးလုံးနေသောအခါ၊ ထာဝရဘုရားသည်ထောက်ပင့်တော်မူမည်။ နာ၍နေစဉ်ကာလ ကိုယ်တော်သည် သူ၏အိပ်ရာရှိသမျှကို လှန်ပြန်တော်မူမည်။” (ဆာလံ ၄၁:၁-၃) ယေဟောဝါသည် မိမိ၏အစေခံများ စိတ်လှုပ်ရှားမှုဘက်တွင် ခံနိုင်သည့်အတိုင်းအတာထက်လွန်၍ စမ်းသပ်ခံရသည့်တိုင်အောင် ဝိညာဉ်ရေးအရရှင်သန်နေအောင် သူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ (၂ ကောရိန္သု ၄:၇) အိမ်ထောင်စုအတွင်း၌ အသည်းအသန်ဖျားနာမှုရင်ဆိုင်ကြရသည့် မိသားစုဝင်အများအပြားတို့သည် ဆာလံဆရာ၏ အောက်ပါစကားများကို သံယောင်လိုက်ခဲ့ကြသည်– “အိုထာဝရဘုရား၊ အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းကိုခံရပါ၏။ နှုတ် [မြွက်စကား] တော်အတိုင်း အသက်ရှင်စေတော်မူပါ။”—ဆာလံ ၁၁၉:၁၀၇။

ကုသပျောက်ကင်းနိုင်စွမ်းရှိသည့် စိတ်ဝိညာဉ်

၁၀၊ ၁၁။ (က) အသည်းအသန်ဖျားနာမှုကို မိသားစုတစ်ခု အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းလိုပါက အဘယ်အရာသည် အရေးကြီးသနည်း။ (ခ) အမျိုးသမီးတစ်ဦးက ခင်ပွန်းဖြစ်သူ၏ဖျားနာမှုကို မည်သို့ကိုင်တွယ်ဖြေရှင်းခဲ့သနည်း။

၁၀ “လူ၏စိတ်ဝိညာဉ်သည် မိမိနာခြင်းဝေဒနာကိုခံနိုင်၏။ ကြေကွဲသောစိတ်ကိုကား၊ အဘယ်သူသည်းခံနိုင်သနည်း” ဟူ၍ကျမ်းစာစကားပုံတစ်ခုကဆို၏။ (သု. ၁၈:၁၄) ဒဏ်ရာဒဏ်ချက်သည် “လူ [တစ်ဦး] ၏စိတ်ဝိညာဉ်” နှင့်တကွ မိသားစုတစ်ခုလုံး၏စိတ်ဓာတ်တို့ကို ထိခိုက်စေတတ်သည်။ သို့သော်၊ “ငြိမ်သက်သောနှလုံးသည် ကိုယ်ကာယအသက်ရှင်ရာအကြောင်း . . . ဖြစ်၏။” (သု. ၁၄:၃၀၊ သမ) အသည်းအသန်ဖျားနာမှုတစ်ခုခုကို မိသားစုတစ်ခု အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း ရှိမရှိဆိုသည်မှာ မိသားစုဝင်များ၏ စိတ်သဘောထား၊ သို့မဟုတ် စိတ်ဓာတ်ပေါ်တွင် များစွာမူတည်ပါသည်။—သု. ၁၇:၂၂ နှိုင်းယှဉ်။

၁၁ ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် အိမ်ထောင်ကျပြီး ခြောက်နှစ်မျှအကြာတွင် လေသင်တုန်းဖြတ်၍ မလှုပ်မရှားနိုင်ဖြစ်သွားသော ခင်ပွန်းဖြစ်သူကို ကြိုးစားကြည့်ရှုပေးနေရလေသည်။ “ကျွန်မခင်ပွန်းရဲ့ စကားပြောနိုင်စွမ်း အကြီးအကျယ်ထိခိုက်သွားတဲ့အတွက် သူနဲ့စကားပြောလို့မရနိုင်သလောက် ဖြစ်သွားတယ်။ သူ့ခမျာ အနိုင်နိုင်ကြိုးပမ်းပြီးပြောတာကို နားလည်အောင်ကြိုးစားရတဲ့အတွက် စိတ်တွေလည်း အကြီးအကျယ် ပင်ပန်းဆင်းရဲခဲ့ရပါတယ်” ဟူ၍ သူပြန်ပြောင်းပြောပြသည်။ ခင်ပွန်းဖြစ်သူ ခံစားခဲ့ရသည့် ပြင်းထန်သည့်ဝေဒနာနှင့် မချင့်မရဲဖြစ်မှုတို့ကိုလည်း တွေးကြည့်ပါ။ ထိုဇနီးမောင်နှံ ဘာလုပ်ခဲ့ကြသနည်း။ ခရစ်ယာန်အသင်းတော်နှင့်ဝေးလံသည့်နေရာတွင် နေထိုင်ကြသော်လည်း ထိုညီအစ်မသည် အဖွဲ့အစည်းဆိုင်ရာ နောက်ဆုံးအကြောင်းအရာများမှစ၍ ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများမှအဆက်မပြတ်ထောက်ပံ့သည့် ဝိညာဉ်အစာများနှင့် ရင်ပေါင်တန်း၍အမီလိုက်ခြင်းအားဖြင့် ဝိညာဉ်ရေးဘက်တွင်ခွန်အားရှိအောင် အစွမ်းကုန်ကြိုးပမ်းခဲ့သည်။ ဤနည်းအားဖြင့် သူသည် ချစ်လှစွာသောခင်ပွန်းကွယ်လွန်သည့်အချိန်အထိ လေးနှစ်တိုင်တိုင် သူ့ကိုပြုစုစောင့်ရှောက်နိုင်သည့် ဝိညာဉ်ခွန်အားကိုရရှိခဲ့သည်။

၁၂။ ယောဘ၏ကိစ္စ၌ တွေ့ရသည့်အတိုင်း ဖျားနာသူကိုယ်တိုင်က တစ်ခါတစ်ရံ မည်သည့်အထောက်အကူမျိုး ပေးနိုင်သနည်း။

၁၂ ယောဘ၏ကိစ္စ၌ ခိုင်ခိုင်မာမာရပ်တည်ခဲ့သူမှာ ဝေဒနာအပြင်းအထန်ခံရသူကိုယ်တိုင်ဖြစ်သည်။ “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကိုခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကိုမခံမယူရာသလော” ဟုဇနီးဖြစ်သူအား မေးခွန်းထုတ်ခဲ့သည်။ (ယောဘ ၂:၁၀) နောက်ပိုင်းတွင် တပည့်တော်ယာကုပ်က စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းဆိုင်ရာ ထူးခြားသည့်စံနမူနာအဖြစ် ယောဘအား ကိုးကားတင်ပြခဲ့သည်မှာ အံ့ဩစရာမဟုတ်။ ယာကုပ် ၅:၁၁ တွင် “ယောဘသည် သည်းခံကြောင်းကိုသင်တို့ကြားရပြီ။ ထာဝရဘုရားသည် မိမိအမှုကိုလက်စသတ်တော်မူရာမှာ အလွန်သနားစုံမက်တော်မူကြောင်းကိုလည်း သိမြင်ရကြပြီ” ဟူ၍ဖတ်ရသည်။ ထိုနည်းတူစွာ ယနေ့၌လည်း ကိစ္စအများအပြားတွင် ဖျားနာသူမိသားစုဝင်ကိုယ်တိုင်၏ ရဲစွမ်းသတ္တိရှိသောစိတ်သဘောထားကြောင့် အခြားအိမ်သားများအား အပြုသဘောဆောင်သော အမြင်သဘောထားကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ထောက်ကူပေးခဲ့သည်။

၁၃။ အသည်းအသန်ဖျားနာမှု ကြုံတွေ့နေရသည့်မိသားစုအနေဖြင့် အဘယ်နှိုင်းယှဉ်ချက်မျိုး မပြုသင့်သနည်း။

၁၃ မိသားစုအတွင်း ဖျားနာသူအားပြုစုစောင့်ရှောက်ခဲ့ရသူအများက အစပိုင်းတွင် အခြေအနေမှန်ကိုရင်ဆိုင်ရန် မိသားစုဝင်များအဖို့ အခက်အခဲတွေ့ကြရသည်မှာ အဆန်းမဟုတ်ကြောင်း ဝန်ခံကြသည်။ အခြေအနေပေါ် လူတစ်ဦး၏ရှုမြင်ပုံသည် အလွန့်အလွန်အရေးကြီးကြောင်းလည်း သူတို့ကထောက်ပြကြသည်။ အစပိုင်း၌ အိမ်ထောင်၏လုပ်ရိုးလုပ်စဉ်ဘက်တွင် ပြုပြင်ပြောင်းလဲမှုလုပ်ရန် လွယ်ကူလှမည်မဟုတ်။ သို့သော် တကယ်ကြိုးပမ်းအားထုတ်မည်ဆိုလျှင် အခြေအနေသစ်နှင့် လိုက်လျောညီထွေဖြစ်လာနိုင်ပါသည်။ ဤသို့ပြုရာ၌ မိသားစုတွင် ဖျားနာသူမရှိသော အခြားသူတို့နှင့်နှိုင်းယှဉ်ပြီး သူတို့ဘဝက အေးအေးဆေးဆေး သက်သက်သာသာရှိလိုက်တာ၊ ‘လုံးဝကို မမျှတဘူး’ ဟူ၍မတွေးမိရန် အရေးကြီးသည်။ စင်စစ်အားဖြင့် အခြားသူများ အဘယ်ဝန်ထုပ်ထမ်းထားရသည်ကို ကာယကံရှင်မှတစ်ပါး မည်သူမျှဧကန်မသိ။ ကိုယ့်ဝမ်းနာ ကိုယ်သာသိကြသည်။ ခရစ်ယာန်အားလုံးတို့သည် ယေရှု၏စကားများမှ နှစ်သိမ့်မှုရယူနိုင်ကြသည်– “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။”—မဿဲ ၁၁:၂၈။

ဦးစားပေးအစီအစဉ် သတ်မှတ်ခြင်း

၁၄။ တော်လျော်သော ဦးစားပေးအစီအစဉ်ကို မည်သို့သတ်မှတ်နိုင်သနည်း။

၁၄ အသည်းအသန်ဖျားနာမှုနှင့်ရင်ဆိုင်ရာ၌ မိသားစုတစ်စုအနေဖြင့် “တိုင်ပင်သောသူများလျှင်မူကား၊ အကြံတည်တတ်၏” ဟူသောမှုတ်သွင်းခံစကားကို အမှတ်ရလျှင်ကောင်းမည်။ (သု. ၁၅:၂၂) မိသားစုဝင်များသည် အတူတကွစုဝေး၍ ဖျားနာမှုကြောင့်ဖြစ်ပေါ်လာသည့် အခြေအနေအကြောင်းကို ဆွေးနွေးတိုင်ပင်နိုင်ပါသလော။ ဆုတောင်းလျက် ဆွေးနွေးတိုင်ပင်ပြီး ဘုရားသခင့်နှုတ်မြွက်စကားတော်မှ လမ်းညွှန်မှုရှာယူလျှင် အမှန်ပင် သင့်မြတ်လျော်ကန်ပေမည်။ (ဆာလံ ၂၅:၄) ထိုသို့ဆွေးနွေးတိုင်ပင်ရာ၌ အဘယ်အရာများကို စဉ်းစားသုံးသပ်သင့်သနည်း။ ဆုံးဖြတ်ရမည့်ကိစ္စများတွင် ဆေးဝါးကုသမှု၊ ငွေရေးကြေးရေးနှင့် မိသားစုရေးများပါဝင်သည်။ နေမကောင်းသူအား မည်သူက အဓိကတာဝန်ယူ ပြုစုစောင့်ရှောက်မည်နည်း။ မိသားစုတစ်စုလုံးအနေဖြင့် ပြုစုစောင့်ရှောက်မှုကို မည်သို့ထောက်မအားပေးနိုင်ကြသနည်း။ သက်ဆိုင်ရာအစီအစဉ်များသည် မိသားစုဝင်တစ်ဦးစီကို မည်သို့ထိခိုက်မည်နည်း။ အဓိကတာဝန်ယူ ပြုစုစောင့်ရှောက်သူ၏ ဝိညာဉ်ရေးနှင့် အခြားအခြားသောလိုအပ်ချက်များကို မည်သို့ဖြည့်ဆည်းပေးမည်နည်း။

၁၅။ အသည်းအသန်ဖျားနာမှုနှင့် ကြုံတွေ့နေရသည့်မိသားစုများအဖို့ အဘယ်အထောက်အမကို ယေဟောဝါ ပေးတော်မူသနည်း။

၁၅ ယေဟောဝါ၏လမ်းညွှန်မှုရရန် စိတ်ပါလက်ပါဆုတောင်းခြင်း၊ ကိုယ်တော့်နှုတ်မြွက်စကားတော်ကို လေးလေးနက်နက် ဆင်ခြင်တွေးတောခြင်းနှင့် သမ္မာကျမ်းစာဖော်ပြသည့်နည်းအတိုင်း ရဲစွမ်းသတ္တိရှိရှိ လိုက်နာခြင်းအားဖြင့် များသောအားဖြင့် မမျှော်မှန်းနိုင်သည့်ကောင်းချီးများကို ရရှိစေနိုင်သည်။ ဖျားနာနေသည့်မိသားစုဝင်၏ အနာရောဂါသည် အစဉ်သဖြင့် သက်သာလာချင်မှ သက်သာလာမည်ဖြစ်သော်လည်း ယေဟောဝါအပေါ်မှီခိုလျှင် မည်သည့်အခြေအနေ၌မဆို အစဉ်သဖြင့် အကောင်းဆုံးအကျိုးရလဒ် ထွက်ပေါ်လာတတ်သည်။ (ဆာလံ ၅၅:၂၂) “အိုထာဝရဘုရား၊ ကိုယ်တော်၏ကရုဏာသည် အကျွန်ုပ်ကိုထောက်မပါ၏။ အကျွန်ုပ်၏စိတ်ထဲမှာ စိုးရိမ်ကြောင့်ကြခြင်း များပြားသောအခါ၊ နှစ်သိမ့်တော်မူခြင်းသည် အကျွန်ုပ်ကိုရွှင်လန်းစေပါ၏” ဟူ၍ ဆာလံဆရာက ရေးသားခဲ့၏။—ဆာလံ ၉၄:၁၈၊ ၁၉၊ သမ္မာ; ဆာလံ ၆၃:၆-၈ လည်းရှု။

သားသမီးများကို ကူညီခြင်း

၁၆၊ ၁၇။ ကလေးငယ်များကို ဖျားနာသည့် ညီအစ်ကိုမောင်နှမတစ်ယောက်အကြောင်း ပြောပြသည့်အခါ အဘယ်အချက်များကို အလေးပေးပြောပြနိုင်သနည်း။

၁၆ အသည်းအသန်ဖျားနာခြင်းသည် မိသားစုအတွင်းရှိ ကလေးသူငယ်များအဖို့ ပြဿနာဖြစ်ပေါ်စေနိုင်သည်။ မိဘတို့အနေဖြင့် ပေါ်ပေါက်လာသည့်ပြဿနာများနှင့် အထောက်အကူအဖြစ် ကလေးသူငယ်များ အဘယ်အရာပြုလုပ်နိုင်ကြောင်း သူတို့နားလည်အောင်ကူညီပေးရန် အရေးကြီးသည်။ ဖျားနာသူသည် ကလေးတစ်ယောက်ဖြစ်လျှင် ထိုကလေးအား အထူးဂရုစိုက် ပြုစုစောင့်ရှောက်ရခြင်းသည် ကျန်ကလေးများကို ထိုကလေးလောက်မချစ်၍မဟုတ်ကြောင်း နားလည်သဘောပေါက်အောင် ကူညီပေးရန်လိုသည်။ မိဘတို့အနေဖြင့် ကျန်ကလေးများတွင် စိတ်မကျေနပ်မှုနှင့် ပြိုင်ဆိုင်ခြင်းသဘော ဖြစ်ပေါ်ခွင့်ပြုမည့်အစား ဖျားနာမှုကြောင့်ဖြစ်ပေါ်လာသည့်အခြေအနေကို ကိုင်တွယ်ရာ၌ တက်ညီလက်ညီလုပ်ဆောင်ကြသည်နှင့်အမျှ ညီအစ်ကိုမောင်နှမအချင်းချင်း ခင်တွယ်မှုသံယောဇဉ် ပို၍ရှိလာစေရန်၊ ချစ်ခင်ကြင်နာစိတ်အစစ်အမှန် ထားရှိလာကြစေရန် ကူညီပေးနိုင်သည်။

၁၇ မိဘတို့အနေဖြင့် ဆေးဝါးကုသမှုအခြေအနေများအကြောင်း ရှည်ရှည်ဝေးဝေး ရှုပ်ရှုပ်ထွေးထွေး ရှင်းပြမည့်အစား ကလေးသူငယ်တို့၏ ချစ်ခင်ကြင်နာတတ်သည့်စိတ်ကို နှိုးဆွပေးမည်ဆိုလျှင် သူတို့လေးတို့သည် များသောအားဖြင့် ပိုမိုတုံ့ပြန်တတ်ကြသည်။ ထို့ကြောင့် ဖျားနာနေသည့်မိသားစုဝင် မည်သို့ဝေဒနာခံစားနေရကြောင်း နားလည်သဘောပေါက်အောင် ပြောပြနိုင်သည်။ နေကောင်းသည့်ကလေးများအနေဖြင့် ဖျားနာမှုကြောင့် နေမကောင်းဖြစ်နေသူသည် မိမိတို့အတွက် ဘာမှအရေးမထားလောက်သည့်အရာများစွာကို ပြုလုပ်နိုင်စွမ်းမရှိကြောင်း တွေ့မြင်ရမည်ဆိုလျှင် သူတို့လေးတို့သည် “ညီအစ်ကိုချင်းကဲ့သို့ချစ်ခြင်း၊ သနားစုံမက်ခြင်း” ပို၍ရှိလာကြဖွယ်ရှိသည်။—၁ ပေတရု ၃:၈။

၁၈။ ဖျားနာမှုကြောင့်ဖြစ်ပေါ်သည့် ပြဿနာများအကြောင်း အသက်ပိုကြီးသည့်ကလေးများကိုနားလည်အောင် မည်သို့ကူညီပေးနိုင်သနည်း။ ဤသို့ပြုခြင်းသည် ကလေးများအတွက် မည်သို့အကျိုးပြုနိုင်ဖွယ်ရှိသနည်း။

၁၈ အသက်ပိုကြီးသည့်ကလေးများအား အိမ်တွင် အခက်အခဲဖြစ်နေကြောင်း၊ အိမ်သားတိုင်းအနေဖြင့် စွန့်လွှတ်အနစ်နာခံဖို့လိုအပ်ကြောင်း နားလည်သဘောပေါက်အောင် ကူညီပေးသင့်သည်။ ဆရာဝန်ခြေကြွခနှင့် ဆေးဖိုးဝါးခပေးဆောင်ရသဖြင့် မိဘတို့သည် ကျန်ကလေးများ၏လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ချင်မှ ပေးနိုင်တော့မည်။ သားသမီးများအနေဖြင့် ဤအတွက် စိတ်ခုပြီး မိမိတို့ကို ဂရုမစိုက်ဘဲပစ်ထားသည်ဟု ယူဆသင့်ပါသလော။ သို့တည်းမဟုတ် အခြေအနေကိုနားလည်ပြီး လိုအပ်သလို စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိကြပါသလော။ ဤကိစ္စကို မိသားစုဝင်များ ဆွေးနွေးတိုင်ပင်ပုံနှင့် မိသားစုအတွင်း ကိန်းအောင်းတည်ရှိသည့်စိတ်ဓာတ်ပေါ်တွင် များစွာမူတည်ပါသည်။ စင်စစ်တွင် မိသားစုအများအပြားတွင် မိသားစုဝင်တစ်ဦးဖျားနာမှုသည် ပေါလု၏အောက်ပါဆုံးမစကားကို သားသမီးများလိုက်နာလာစေရန် လေ့ကျင့်သွန်သင်ရာ၌ အထောက်အကူပြုခဲ့သည်– “ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်ဇော[ခြင်း]ကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှမပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ်ကြလော့။ ကိုယ်အမှုအရာကိုသာမရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။”—ဖိလိပ္ပိ ၂:၃၊ ၄။

ဆေးဝါးကုသမှုအပေါ် အမြင်သဘောထား

၁၉၊ ၂၀။ (က) မိသားစုဝင်တစ်ဦး ဖျားနာသည့်အခါ အိမ်ထောင်ဦးစီး၌ အဘယ်တာဝန်ကျရောက်သနည်း။ (ခ) သမ္မာကျမ်းစာသည် ဆေးဘက်ဆိုင်ရာဖတ်စာအုပ်မဟုတ်သော်လည်း ဖျားနာမှုကိုကိုင်တွယ်ရာ၌ မည်သည့်နည်းများဖြင့် လမ်းညွှန်မှုပေးသနည်း။

၁၉ ဆေးဝါးကုသမှုတစ်မျိုးသည် ဘုရားသခင့်ပညတ်တော်နှင့် မဆန့်ကျင်သ၍ ၎င်းကို မျှမျှတတ စဉ်းစားချင့်ချိန်တတ်သောခရစ်ယာန်များ မကန့်ကွက်ကြချေ။ မိသားစုဝင်တစ်ဦး ဖျားနာလာသည့်အခါ ကျန်မိသားစုဝင်များသည် ထိုသူ၏ဝေဒနာသက်သာရေးအတွက် အကူအညီကို စိတ်အားထက်သန်စွာ ရှာယူတတ်ကြသည်။ သို့တစေ၊ ချင့်ချိန်စဉ်းစားရမည့် ကွဲပြားသည့် ဆေးဘက်ဆိုင်ရာထင်မြင်ယူဆချက်များ ရှိကောင်းရှိနိုင်သည်။ ၎င်းပြင်၊ များမကြာမီနှစ်များအတွင်း ရောဂါအသစ်အဆန်းများ ရုတ်တရက်ပေါ်ထွက်လာခဲ့ရာ ၎င်းရောဂါအများစုအတွက် ယေဘုယျလက်ခံထားသည့်ကုသနည်းဟူ၍ မရှိသေးပေ။ တစ်ခါတစ်ရံ ရောဂါအမျိုးအမည်ကိုပင် တိတိကျကျဖော်ထုတ်ရန် အခက်အခဲတွေ့နေရသည်။ သို့ဖြစ်လျှင် ခရစ်ယာန်တစ်ဦး မည်သို့ပြုသင့်သနည်း။

၂၀ ကျမ်းစာကလောင်ရှင်တစ်ဦးသည် သမားတော်ဖြစ်ပြီး၊ တမန်တော်ပေါလုကလည်း မိတ်ဆွေတိမောသေအား အကျိုးပြုသော ဆေးဝါးဆိုင်ရာအကြံဉာဏ် ပေးခဲ့သော်လည်း သမ္မာကျမ်းစာသည် ဆေးဘက်ဆိုင်ရာ ဖတ်စာအုပ်မဟုတ်ပါ၊ ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးလမ်းညွှန်စာအုပ်သာဖြစ်သည်။ (ကောလောသဲ ၄:၁၄; ၁ တိမောသေ ၅:၂၃) ထို့ကြောင့် ဆေးဝါးကုသမှုကိစ္စနှင့်ပတ်သက်လာလျှင် ခရစ်ယာန်အိမ်ထောင်ဦးစီးများသည် မိမိတို့ကိုယ်တိုင် မျှမျှတတ ချင့်ချိန်ဆုံးဖြတ်ရန်တာဝန်ရှိသည်။ သက်ဆိုင်ရာပညာရှင်တစ်ဦး၏ ထင်မြင်ယူဆချက်ထက်မက လိုအပ်သည်ဟု သူတို့ယူဆကောင်းယူဆပေမည်။ (သု. ၁၈:၁၇ နှိုင်းယှဉ်။) ဖျားနာသောမိသားစုဝင်အတွက် ရနိုင်သမျှ အကောင်းဆုံးအကူအညီကို သူတို့မုချရလိုကြသည်ဖြစ်ရာ ယင်းအကူအညီကို များသောအားဖြင့် ဆရာဝန်များထံမှ တောင်းခံကြသည်။ အချို့သူတို့က သမားရိုးကျမဟုတ်သောဆေးကုသမှုကို ပို၍နှစ်သက်သဘောကျတတ်သည်။ ဤသည်မှာလည်း ကိုယ်ပိုင်ဆုံးဖြတ်ရမည့်ကိစ္စသာဖြစ်သည်။ သို့ပင်ငြားလည်း ကျန်းမာရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာ၌ ခရစ်ယာန်တို့သည် ‘ဘုရားသခင့်နှုတ်မြွက်စကားတော်ကို သူတို့ခြေရှေ့မှာ မီးခွက်အဖြစ်၊ သူတို့လမ်းခရီး၏အလင်းအဖြစ်’ ပစ်ပယ်ကြမည်မဟုတ်။ (ဆာလံ ၁၁၉:၁၀၅) သမ္မာကျမ်းစာ၌ဖော်ပြထားသည့် လမ်းညွှန်ချက်များအတိုင်း သူတို့ဆက်လက်လိုက်နာကြသည်။ (ဟေရှာယ ၅၅:၈၊ ၉) သို့နှင့် သူတို့သည် နတ်ဝိဇ္ဇာအတတ် အရိပ်အငွေ့ပါသည့် ရောဂါကုသနည်းများကိုရှောင်ကြဉ်မည်ဖြစ်ပြီး ကျမ်းစာအခြေခံမူများကိုဖောက်ဖျက်သည့် ကုသနည်းများကိုပါရှောင်ကြသည်။—ဆာလံ ၃၆:၉; တမန်တော် ၁၅:၂၈၊ ၂၉; ဗျာဒိတ် ၂၁:၈။

၂၁၊ ၂၂။ အာရှအမျိုးသမီးတစ်ဦးက ကျမ်းစာအခြေခံမူတစ်ခုကို မည်သို့ဆင်ခြင်သုံးသပ်ခဲ့သနည်း။ သူချခဲ့သည့်ဆုံးဖြတ်ချက်သည် မှန်ကန်ကြောင်း မည်သို့ထင်ရှားလာသနည်း။

၂၁ အာရှအမျိုးသမီးငယ်တစ်ဦး၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ ယေဟောဝါသက်သေတစ်ဦးနှင့် ကျမ်းစာလေ့လာရာမှ ကျမ်းစာအကြောင်းသိရှိလာ၍မကြာမီလေးမှာ သုံးပေါင်တစ်စိတ်မျှသာရှိသည့် သမီးမိန်းကလေးကို လမစေ့ဘဲမွေးဖွားခဲ့သည်။ ဆရာဝန်က ထိုကလေးသည် ဉာဏ်ရည်ဖွံ့ဖြိုးမှု အကြီးအကျယ်နှောင့်နှေးမည့်အပြင် ဘယ်တော့မျှလည်း လမ်းလျှောက်တတ်မည်မဟုတ်ဟု ပြောပြလိုက်သည့်အခါ ထိုအမျိုးသမီးခမျာ ကြီးစွာပူဆွေးသောကရောက်ခဲ့ရသည်။ ကလေးကို ဆွံ့အနားမကြားဂေဟာသို့ပို့ထားရန် ဆရာဝန်ကအကြံပေးသည်။ သူ့ခင်ပွန်းသည် မည်သို့ပြုရကောင်းမှန်းမသိဖြစ်ခဲ့သည်။ မည်သူ့ထံ အကူအညီတောင်းရမည်နည်း။

၂၂ “‘ဖွားမြင်သောသားသမီးတို့သည် ထာဝရဘုရားဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်’ ကြောင်း သမ္မာကျမ်းစာမှ သင်ကြားသိရှိလာသည့်အချက်ကို ကျွန်မသတိရမိတယ်” ဟုသူဆိုသည်။ (ဆာလံ ၁၂၇:၃) ၎င်း “အမွေဥစ္စာ” ကိုအိမ်သို့ခေါ်သွား၍ ပြုစုစောင့်ရှောက်ရန် သူဆုံးဖြတ်လိုက်သည်။ အစပိုင်း၌ အခက်အခဲ တော်တော်တွေ့ရသော်လည်း ယေဟောဝါသက်သေများ၏ ဒေသအသင်းတော်မှ ခရစ်ယာန်မိတ်ဆွေများ၏ အကူအညီဖြင့် ထိုအမျိုးသမီးသည် အခြေအနေကို နိုင်နိုင်နင်းနင်းထိန်းသိမ်းလာနိုင်ပြီး သူ၏ကလေး အထူးလိုအပ်သည့် အထောက်အကူကိုပေးနိုင်ခဲ့သည်။ တစ်ဆယ့်နှစ်နှစ်ကြာပြီးနောက် ထိုကလေးသည် နိုင်ငံတော်ခန်းမသို့သွား၍ စည်းဝေးများကိုတက်ရောက်ပြီး အခြားကလေးသူငယ်များနှင့်အတူ ပျော်ပျော်ရွှင်ရွှင် ပေါင်းဖော်နိုင်လေသည်။ မိခင်ဖြစ်သူက “ကျမ်းစာအခြေခံမူများက ကျွန်မကို မှန်ရာကိုလုပ်ဖို့ စေ့ဆော်ပေးခဲ့တဲ့အတွက် ကျွန်မအရမ်းကိုကျေးဇူးတင်မိတယ်။ သမ္မာကျမ်းစာက ကျွန်မကို ယေဟောဝါရှေ့တော်မှာ ကိုယ်ကိုကိုယ်သိသောစိတ် ထိန်းသိမ်းနိုင်ဖို့နဲ့ တစ်သက်လုံး ယူကျုံးမရဖြစ်ရမယ့် အဖြစ်မျိုးကိုရှောင်နိုင်ဖို့ ကူညီပေးခဲ့တယ်” ဟုထုတ်ဖော်ပြောဆိုသည်။

၂၃။ ဖျားနာသူများနှင့် ၎င်းတို့ကိုပြုစုစောင့်ရှောက်သူတို့အဖို့ သမ္မာကျမ်းစာက အဘယ်နှစ်သိမ့်မှု ပေးထားသနည်း။

၂၃ ဖျားနာမှုသည် အစဉ်ထာဝရ ရှိသွားမည်မဟုတ်ပါ။ ပရောဖက်ဟေရှာယက “ထိုမြို့သားတစ်စုံတစ်ယောက်က ‘ငါနာသည်’ ဟုမဆိုရ” သောကာလ ရောက်လာမည့်အကြောင်း တင်ကူးဖော်ပြထားသည်။ (ဟေရှာယ ၃၃:၂၄၊သမ္မာ) လျင်မြန်စွာချဉ်းကပ်လျက်ရှိသော ကမ္ဘာသစ်တွင် ဤကတိတော်ပြည့်စုံလာပါလိမ့်မည်။ သို့သော်၊ ထိုအချိန်ရောက်သည့်တိုင်အောင် ဖျားနာခြင်းနှင့်သေခြင်းတို့ကို ကျွန်ုပ်တို့ဆက်၍ ဆိုင်ပြိုင်တွန်းလှန်သွားရကြမည်။ ဝမ်းသာစရာမှာ ဘုရားသခင့်နှုတ်မြွက်စကားတော်က ကျွန်ုပ်တို့အား လမ်းညွှန်မှုနှင့်အကူအညီပေးထားသည်။ သမ္မာကျမ်းစာပေးထားသည့် အပြုအမူဆိုင်ရာ အခြေခံစည်းမျဉ်းစည်းကမ်းများသည် ထာဝရတည်မြဲပြီး မစုံလင်သောလူသားများ၏ အစဉ်ပြောင်းလဲနေသည့် ထင်မြင်ယူဆချက်များထက် သာလွန်ထူးကဲပေသည်။ ထို့ကြောင့်၊ အမြော်အမြင်ရှိသူတစ်ဦးသည် အောက်ပါအတိုင်းရေးသားခဲ့သူ ဆာလံဆရာနှင့် သဘောချင်းတိုက်ဆိုင်ပေလိမ့်မည်– “ထာဝရဘုရား၏တရားတော်သည် စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ်ကိုပြုပြင်တတ်၏။ ထာဝရဘုရား၏သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသောလူတို့ကို လိမ္မာစေတတ်၏။ . . . ထာဝရဘုရား၏စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍၊ တညီတညွတ်တည်းဖြောင့်မတ်ကြ၏။ . . . တရားစောင့်ခြင်းအကျိုးသည် ကြီးလှပါ၏။”—ဆာလံ ၁၉:၇၊ ၉၊ ၁၁။

အသည်းအသန်ဖျားနာမှုနှင့် ယင်းကြောင့်ဖြစ်ပေါ်သည့်ဖရိုဖရဲဖြစ်မှုတို့ကိုကိုင်တွယ်နိုင်ရန် မိသားစုတစ်စုအား. . . ဤကျမ်းစာမူများက မည်သို့ထောက်ကူနိုင်သနည်း

မေတ္တာသည် စိတ်ရှည်၍ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။—၁ ကောရိန္သု ၁၃:၄-၇။

ကောင်းမြတ်သောစိတ်ဝိညာဉ်ကိုမွေးမြူရန် အရေးကြီး၏။—သု. ၁၈:၁၄။

အရေးကြီးသည့်ဆုံးဖြတ်ချက်များမချမီ အကြံဉာဏ်တောင်းခံလျှင်အကျိုးရှိ၏။—သု. ၁၅:၂၂။

ဘဝခက်ခဲကျပ်တည်းလာသည့်အခါ ယေဟောဝါအထောက်အမပေးတော်မူ၏။—ဆာလံ ၅၅:၂၂။

ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် မည်သည့်အခြေအနေ၌မဆို လမ်းပြဖြစ်၏။—ဆာလံ ၁၁၉:၁၀၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ